သီတဂူ နှစ်သစ်ကူး နှုတ်ခွန်းဆက်လွှာ
တစ်နှစ်ဟောင်း၍
တစ်နှစ်ပြောင်းခဲ့ပြန်ပါပြီ။ နှစ်တွေ၊ခေတ်တွေ ပြောင်းသလို “ရုပ်”၊
“နာမ်”ခန္ဓာတို့လည်း ဟောင်း၍ဟောင်း၍ ပြောင်းလဲခဲ့ပေါင်းများလှပါပြီ။
ဟောင်း၍ ဟောင်း၍ ထားပစ်ခဲ့ရသည့်နှစ်တွေမှာ
ငါ့အတွက်၊ မိမိအတွက် သူတစ်ပါး လူသားတို့အတွက် ငါ၏ လုပ်ဆောင်ချက်ကြောင့်
အကျိုးအမြတ် ဘယ်လောက်ဖြစ်ထွန်း ကျန်ရစ်ခဲ့သလဲဆိုတာ စိစစ်စဉ်းစားသင့်ပါသည်။
မြတ်ဗုဒ္ဓက ဇာတ်တော်မှာ ဟောထားတာ တစ်ခု ရှိပါသည်။
“အချိန်သည် အချိန်ကိုစားသောကြောင့်
အချိန်တွေ ကုန်၏။ အချိန်က လူကို စားသောကြောင့် လူတွေလည်း ကုန်နေ၏။
အချိန်ကိုနိုင်အောင် မစားနိုင်လျှင် ဘ၀မှာအရှုံးထွက်မည်။ ဘ၀အတွက် အမြတ်
ထွက်အောင် အချိန်ကို နိုင်အောင်စားရမည်” လို့ ဟောပါသည်။
ဒါကြောင့် မိမိတို့ဘ၀တစ်သက်တာမှာ
မိမိတို့လုပ်ထားသမျှ အလုပ်တို့၏ အကျိုးအမြတ်များနှင့်
ဆုံးရှုံးနစ်နာမှုများကို ပြန်လည်သုံးသပ်ကြပါလို့ တိုက်တွန်းလိုပါသည်။
မြတ်ဗုဒ္ဓ၏ အဘိဓမ္မာတွင် ဤလောကတစ်ခုလုံး၌ “ရုပ်”၊ “နာမ်” နှစ်ပါးရှိသည် ဟု ဟောတော်မူပါသည်။
ထို နှစ်ပါးတို့တွင် “နာမ်”တရားက “ရုပ်”
တရားကို ဦးဆောင်သည်ဟု ဟောတော်မူပါသည်။ “နာမ်” (စိတ်)သည် “ရုပ်”လောကကို
ဦးဆောင်နေပါသည်။ လူတို့စိတ်သည် လောကကြီး တစ်ခုလုံး၏
ရှေ့သွားခေါင်းဆောင်ဖြစ်ပါသည်။ လူ့စိတ်သည် အရာရာကို ဦးဆောင်ပါသည်။
ကောင်းမြတ်သောစိတ်သည် သာယာလှပသောကမ္ဘာကို
ဖန်တီးတတ်သည်။ ယုတ်ညံ့သော စိတ်သည် အရုပ်ဆိုးသောကမ္ဘာကို ဖန်ဆင်းပါသည်။
ဤသည်ကားနိယာမ (Natural Law)ပင် ဖြစ်ပါသည်။ လောဘ၊ဒေါသ၊ မောဟ၊ အတ္တတို့နှင့်
တွဲဖက်နေသောစိတ်သည် အစွန်းရောက်၍ အရုပ်ဆိုးသောစိတ်ဖြစ်ပါသည်။
လောဘ အစွန်းရောက်လျှင်
လုယက်သိမ်းပိုက်ခြင်းတွေ အလွန်များကာ ကမ္ဘာကြီး အရုပ်ဆိုး နေပေလိမ့်မည်။
ဒေါသ၊ မာန အစွန်းရောက်လျှင် တိုက်ခိုက် သတ်ဖြတ် နှိပ်စက်ခြင်းဖြင့် ကမ္ဘာကြီး
အရုပ်ဆိုးနေပါလိမ့်မည်။ မောဟစွန်း၊ အတ္တစွန်းရောက် လျှင်တော့ ပဋိပက္ခတွေ၊
တိုက်ခိုက်ခြင်းတွေနှင့် ကမ္ဘာကြီး အရုပ်ဆိုးနေပါလိမ့်မည်။
အထက်ဖော်ပြပါ အစွန်းရောက်စိတ်တွေကြောင့်
ယနေ့ကမ္ဘာကြီးဟာ အလွန်အရုပ်ဆိုးနေပါပြီ။ ထို့ကြောင့် ဒီနေ့
ဒီနှစ်သစ်ကူးပွဲတော်ကြီးမှာ အစွန်းရောက်စိတ်တွေကို အလယ်လမ်းသို့
ပြန်ရောက်အောင် ဝိုင်းဝန်းတောင်းဆိုပေးကြပါလို့ တိုက်တွန်းလိုက်ပါသည်။
လူ့စိတ်သည် ပန်းချီဆရာနှင့်တူသည်ဟု
မြတ်ဗုဒ္ဓဟောပါသည်။ ဒါဆိုလျှင် ဒီနေ့ ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်တွေ အားလုံးက
ကမ္ဘာကြီးရဲ့ ပန်းချီဆရာတွေပဲပေါ့။ ပန်းချီဆရာ သည် ကြောက်မက်ဖွယ် ကောင်းသော
ဘီလူး၊ သရဲ၊ လူဆိုး ကားချပ်များကို ဆွဲတတ်သလို
ချစ်ခင်ပျော်ရွှင်ဖွယ်ကောင်းသော နတ်သမီး၊ နတ်သား၊ ပန်းဥယျာဉ်
ပန်းချီကားတွေကို လည်း ရေးဆွဲတတ်ပါသည်။ ယနေ့ကမ္ဘာမှာ နိုင်ငံတော်တော်
ခပ်များများ အလှပျက်၊ အရုပ်ဆိုး နေကြပါပြီ။ ထို့ကြောင့်
နိုင်ငံရေးခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ လူမှုရေး
ခေါင်းဆောင်များ၊ စိတ်ဓာတ်ရေးခေါင်းဆောင်များအားလုံးကို
တိုက်တွန်းလိုပါသည်။ ပန်းချီဆရာသည် ကြည်လင်သော စိတ်ကိုမွေး၍ လှပသော
ကြည်နူးဖွယ်ကောင်းသော ပန်းချီကားချပ်ကို ရေးဆွဲသကဲ့သို့ သင်တို့၊ ငါတို့၊
နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေး ပန်းချီဆရာများ အားလုံး မေတ္တာ၊ကရုဏာ၊ မုဒိတာ၊
သဒ္ဓါ၊ ပညာဟူသော လှပသော စိတ်ဓာတ်များ မွေး၍ သင်တို့၊ ငါတို့နေရာ ဤကမ္ဘာကို
လှပပျော်ရွှင်ဖွယ်ကောင်းသော ကမ္ဘာကြီး တစ်ခုဖြစ်လာအောင် (လှပသော
ပန်းချီကားတစ်ချပ်ကို ရေးဆွဲသကဲ့သို့) ဝိုင်းဝန်း ၍ ရေးဆွဲပေးကြပါဟု
တောင်းပန်တိုက်တွန်းလိုက်ရပါသည်။
နိုင်ငံသားတိုင်းသည် နိုင်ငံတိုင်းကိုလှပအောင် ဖန်တီးနိုင်ကြပါစေ
“သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ”
သီတဂူဆရာတော်
နှစ်သစ်ကူးနှုတ်ခွန်းဆက်လွှာ
၈-၄-၂၀၁၆