Sunday, April 10, 2016

ကျောင်းသားများအပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံး လွတ်ပြီ


နေပြည်တော် ဧပြီ ၈

နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးနှင့် ဆက်နွှယ်ပြီး အမှုရင်ဆိုင်နေကြရသူများနှင့် စပ်လျဉ်းသည့် အမှုများမှ ရုပ်သိမ်းပြီးသူ ၁၃၈ ဦးကို ယနေ့လွှတ်ပေးခဲ့သည်။

အဆိုပါ နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးနှင့်ဆက်နွှယ်ပြီး အမှုရင်ဆိုင်နေကြရသော ကျောင်းသား ကျောင်းသူများ လွတ်မြောက်ရေးအတွက် နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဧပြီ ၇ ရက်တွင် ကြေညာချက်အမှတ် (၁/၂၀၁၆)ဖြင့် ထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ ချက်ချင်း အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ ပဲခူး၊ မကွေး၊ ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးများအတွင်းရှိ တရားရုံးများမှ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၄ အရ ရုပ်သိမ်းသောအမှုမှ ယနေ့ည ၈ နာရီခွဲအထိ လွှတ်ပေးခဲ့သူများမှာ အမျိုးသား ၁၁၁ ဦး၊ အမျိုးသမီး၂၅ ဦးနှင့် ကလေးနှစ်ဦး စုစုပေါင်း ၁၃၈ ဦး ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ထို့အပြင် သက်ဆိုင်ရာအကျဉ်းထောင်အသီးသီး၌ ပြစ်ဒဏ်ကျခံနေရသော နိုင်ငံရေး အကျဉ်းသားများနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ လွတ်ငြိမ်းသက်သာခွင့်ရရှိပြီး အမြန်ဆုံး ပြန်လည် လွတ်မြောက်ရေးအတွက်ကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ် ဆောင်ရွက်လျက်ရှိရာ မကြာမီရောက်ရှိတော့မည့် နှစ်သစ်ကူးအခါသမယတွင် ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အတူ အမှုရင်ဆိုင်လျက်ရှိသောသူများနှင့် သက်ဆိုင်သည့် ပြစ်မှုများကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ(၄၉၄)နှင့်အညီ အမှုရုပ်သိမ်းရေးအတွက် ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိရာ ယနေ့ ဧပြီ ၈ ရက်အထိ အမှုစစ်ဆေးရန် တရားရုံးက ချိန်းဆိုထားသူများအတွက် အပြီးဆောင်ရွက်နိုင်သော်လည်း ယင်းနေ့တွင် အမှုစစ်ဆေးရန် ချိန်းဆိုထားခြင်း မရှိသူများအတွက် အချိန်မီဆောင်ရွက်နိုင်ခြင်း မရှိသဖြင့် နှစ်သစ်ကူးရုံးပိတ်ရက် ကုန်ဆုံးပြီးနောက် တရားရုံးများဖွင့်လှစ်သည့်အချိန်တွင် အမြန်ဆုံးဆက်လက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး မှ ကြေညာချက် အမှတ် (၂/၂၀၁၆) ဖြင့် ယနေ့ ထုတ်ပြန်ထားရှိသည်။

ထို့အပြင် သင်္ကြန်နှစ်သစ်ကူးချိန်ရောက်ရှိတိုင်း ခံစားခွင့်ပြုနေကျဖြစ်သည့် အကျဉ်းဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်၏ နှစ်သစ်ကူးအထူးဆုမှတ်ရက် (ကြိုတင်လျှော့ရက်)များကို ခံစားရရှိကြ သော အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၂၁၇၈ ဦးကိုလည်း ယနေ့တွင် အကျဉ်းထောင် အသီးသီးမှ လွှတ်ပေးခဲ့ကြောင်း အကျဉ်းဦးစီးဌာနမှ သိရသည်။





No comments:

Post a Comment