Wednesday, April 6, 2016

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ အမေရိကန်သမ္မတ အိုဘားမား တယ်လီဖုန်းဆက်၍ ချီးကျူးဂုဏ်ပြု

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ အမေရိကန်သမ္မတ အိုဘားမား တယ်လီဖုန်းဆက်၍ ချီးကျူးဂုဏ်ပြု

နေပြည်တော် ဧပြီ ၆
နိုင်ငံတော်သမ္မတကြီးဦးဆောင်သော အစိုးရအား မြန်မာပြည်သူလူထုက အားပေး ထောက်ခံနေသကဲ့သို့ အမေရိကန်ပြည်ထောင်စု ကလည်း အားပေးကူညီပံ့ပိုးပေးသွားမည် ဖြစ်ပါကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ အမေရိကန်ပြည်ထောင်စုသမ္မတ မစ္စတာ အိုဘားမားက ယနေ့ည ၉ နာရီတွင် တယ်လီဖုန်းဆက်၍ ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ မစ္စတာ အိုဘားမားက နိုင်ငံတော်သမ္မတအဖြစ် စတင်တာဝန် ထမ်းဆောင်မှုအပေါ် အထူးပင် ဂုဏ်ယူ ဝမ်းမြောက် မိပါကြောင်း၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများမှာ သမိုင်းဝင်ဆောင်ရွက်မှုများ ဖြစ်သည့်အတွက် ချီးကျူးပါကြောင်း၊ အထင်ကြီး အားကျဖွယ်လည်း ဖြစ်ပါကြောင်း၊ နိုင်ငံရေးတွင် အားလုံးပါဝင်သည့်နိုင်ငံရေး၊ သာယာဝပြောသော၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်သော၊ လူ့အခွင့်အရေး တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်နိုင်သော နိုင်ငံတစ်နိုင်ငံဖြစ်လာစေရန်အတွက် ကြိုးပမ်း သွားရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ သမ္မတကြီးအနေဖြင့် မြန်မာနိုင်ငံ၏ အနာဂတ် အား ကောင်းမွန်စွာပုံဖော်ရန်အတွက် အခွင့်အရေး ရရှိလာသည့်အတွက် ဝမ်းမြောက် ပါကြောင်း။

မြန်မာနိုင်ငံအတွက် အမေရိကန်ပြည်ထောင်စုမှ ပံ့ပိုးကူညီနိုင်မည့် အလားအလာများကို ပွင့်လင်းစွာအသိပေးနိုင်ပါကြောင်း၊ အမေရိ ကန် ပြည်ထောင်စုနှင့် မိမိအနေဖြင့်လည်း မြန်မာနိုင်ငံအား ပံ့ပိုးကူညီသွားရန် အသင့်ရှိသည်ကို အသိပေးလိုပါကြောင်း၊ မြန်မာနိုင်ငံ၏ အနာဂတ် အစီအမံများကိုလည်း ကြားသိလိုပါကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးသစ်အဖြစ် အဆိုပြုထားသူနှင့်လည်း ရင်းနှီးပွင့်လင်းစွာ အသေးစိတ် ဆွေးနွေးသွားနိုင်ပါကြောင်း၊ မိမိအနေဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့်လည်း ဆက် သွယ်ပြောကြားရန်ရှိပါကြောင်း၊ မကြာမီကျရောက်တော့မည့် မြန်မာ့ရိုးရာ နှစ်သစ်ကူး သင်္ကြန်အခါသမယအတွက် ဆုမွန်ကောင်းများ ပို့သ ပါကြောင်း ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်က မြန်မာပြည်သူလူထု၏ အားပေးထောက်ခံမှုဖြင့် ယခုကဲ့သို့ ကြီးလေးသောတာဝန်များကို ထမ်းဆောင် ရခြင်း ဖြစ်ပါကြောင်း၊ ပြည်သူလူထု၏ အားပေးထောက်ခံမှုကို များစွာတန်ဖိုးထားပါကြောင်း၊ အမေရိကန်နိုင်ငံသမ္မတကြီးနှင့် အမေရိ ကန်ပြည်ထောင်စုမှ မြန်မာနိုင်ငံအပေါ် ဆက်လက်၍ ပံ့ပိုးကူညီမှုများ ပြုလုပ်သွားလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ အမေရိကန်ပြည်ထောင် စု၏ ရင်းနှီးမြှုပ်နှံမှုများ၊ USAID အပါအဝင် အမေရိကန်ပြည်ထောင်စု၏ ကဏ္ဍအသီးသီးတွင် ပူးပေါင်း ကူညီမှုများကို လိုလားပါကြောင်း၊ အမေရိကန်ပြည်ထောင်စုအပါအဝင် မိတ်ဆွေနိုင်ငံများ၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံအနေဖြင့် မိမိတို့၏ ရည်မှန်းချက် ပန်းတိုင်ကိုများ မကြာမီ ရောက်ရှိမည်ဟု မျှော်လင့်ပါကြောင်း၊ မိမိအား ယခုကဲ့သို့ နွေးထွေးစွာဖြင့် ဂုဏ်ယူ ဝမ်းမြောက်ကြောင်းနှင့် မြန်မာနိုင်ငံ၏ ဒီမို ကရေစီပြုပြင်ပြောင်းလဲမှုများအပေါ် အားပေး ထောက်ခံကြောင်း ဆက်သွယ် ပြောကြားသည့်အတွက် ကျေးဇူး အထူးတင်ရှိ ပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်တွေ့ကြုံနေရသော်လည်း ယင်းစိန်ခေါ်မှု များကို အောင်မြင်စွာဖြေရှင်းနိုင် လိမ့်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။



No comments:

Post a Comment