Wednesday, April 6, 2016

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေး

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေး


နေပြည်တော် ဧပြီ ၆
နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့ ညနေ ၄ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံ သည်။

ထိုသို့ တွေ့ဆုံစဉ် တရုတ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာအစိုးရသစ်အနေဖြင့် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူ့ ဘဝ တိုးတက်ရေး၊ ပြည်တွင်း ငြိမ်းချမ်းမှု တည်ဆောက်ရေး၊ နိုင်ငံတကာ ဆက်ဆံရေးကဏ္ဍတွင် ကမ္ဘာ့နိုင်ငံအားလုံးနှင့် ချစ်ကြည် ရင်းနှီးမှု တိုးမြှင့်ဆောင်ရွက်ပြီး အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှုကို အလေးထား ဆောင်ရွက်မည်ဟု သိရ၍ တရုတ်နိုင်ငံအနေဖြင့် အထူးအလေးအနက် ထောက်ခံပါကြောင်း၊ ရန်ကုန်-နေပြည်တော်-မန္တလေး မြန်နှုန်းမြင့် ရထားလမ်း တည်ဆောက်ရေး ရေရှည်စီမံကိန်းတွင် သက်ဆိုင်ရာ ကဏ္ဍများအလိုက် ပူးပေါင်း ဆောင်ရွက်သွားလိုကြောင်း၊ တရုတ်နိုင်ငံ သည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးကို အလေးထားပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးတွင် ကြားဝင် ဆောင်ရွက်ပေးရန် ဆန္ဒရှိကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံနှင့် ချစ်ကြည်ရေး ပေါ်လစီပြောင်းလဲမှုမရှိဘဲ ကဏ္ဍပေါင်းစုံ ချစ်ကြည်ရေး မြှင့်တင်ရန် ဆန္ဒရှိကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတကလည်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တို့အား တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ် ပါကြောင်း ပြောကြားသည်။

ထို့အတူ နိုင်ငံတော်သမ္မတက နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရာတွင် ပြည်သူလူထု၏ လူနေမှုဘဝ မြှင့်တင်ရေးအတွက် လုပ်ဆောင်ရန် ကဏ္ဍများစွာရှိကြောင်း၊ ပြည်သူ ပြည်သားများ အတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းစေ မည့် ကိစ္စရပ်များတွင် နှစ်နိုင်ငံ ညှိနှိုင်း၍ အကောင်အထည်ဖော်ဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း၊ တရုတ်နိုင်ငံသမ္မတ၏ ချစ်ကြည်ရင်းနှီးမှုဖြင့် ဖိတ်ကြားမှုအပေါ် အခါအခွင့် သင့်သည့်အချိန်တွင် သွားရောက် လည်ပတ်ရန် ဆန္ဒရှိ ပါကြောင်း ပြောကြားသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာဖေမြင့်၊ ဒေါက်တာအောင်သူနှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် တရုတ်ဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။





No comments:

Post a Comment