Wednesday, April 6, 2016

မြန်မာအစိုးရသစ်နှင့်အတူ မိတ်ဆွေမွန်၊ မိတ်ဖက်ကောင်းအဖြစ် ရပ်တည်သွားမည်ဟု အမေရိကန်သမ္မတ အိုဘားမား ခရီးဦးကြိုဆို

မြန်မာအစိုးရသစ်နှင့်အတူ မိတ်ဆွေမွန်၊ မိတ်ဖက်ကောင်းအဖြစ် ရပ်တည်သွားမည်ဟု အမေရိကန်သမ္မတ အိုဘားမား ခရီးဦးကြိုဆို


အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာအစိုးရသစ်နှင့် မြန်မာနိုင်ငံသားများ အတွက် မိတ်ဆွေမွန်၊ မိတ်ဖက်ကောင်းအဖြစ် ရပ်တည်သွားရန် မျှော်လင့်လျက်ရှိကြောင်း မြန်မာနိုင်ငံတော်၏ သမ္မတ ဦးထင်ကျော် ရာထူးတာဝန် လွှဲပြောင်းရယူခြင်းအတွက် ချီးကျူးဂုဏ်ပြုသည့် အမေရိကန်သမ္မတ အိုဘားမား၏ ကြေညာချက်တွင်ဖော်ပြထားသည်။

အဆိုပါ အမေရိကန်သမ္မတ အိုဘားမား၏ ကြေညာချက်တွင် မြန်မာနိုင်ငံ သမ္မတအဖြစ် ရာထူးတာဝန် လွှဲပြောင်းရယူလက်ခံသော ဦးထင်ကျော်အတွက် မိမိအနေဖြင့် ချီးကျူး ဂုဏ်ပြုသည့်အပြင် သမ္မတ ဦးထင်ကျော် ဦးဆောင်သည့် အစိုးရအဖွဲ့သစ်နှင့်အတူ လက်တွဲ ဆောင်ရွက်သွားရန် မျှော်လင့်လျက်ရှိသည်ဟု ကနဦးဖော်ပြထားသည်။

ယင်းမှာ ဦးထင်ကျော်၏ သမ္မတရာထူးတာဝန် လွှဲပြောင်းရယူလက်ခံခြင်းသည် ဒီမိုကရေစီ နည်းလမ်းတကျ ရွေးကောက်တင်မြှောက်ခြင်းခံရသော အရပ်သား ဦးဆောင်သည့် အစိုးရ ထံသို့ အသွင်ကူးပြောင်းသည့် မြန်မာနိုင်ငံ၏ သမိုင်းဝင်မှတ်တိုင်တစ်ရပ်ကို ကိုယ်စားပြုခြင်း ပင်ဖြစ်သည်။

မြန်မာ့သမိုင်းတွင် အံ့သြဘနန်းဖြစ်ရသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင် ဦးရွက်ပြုသည့် အရပ်သားအစိုးရတစ်ရပ် ပေါ်ပေါက်လာခဲ့သည့် ဤအခိုက်အတန့်သည် မြန်မာပြည်သူများ၊ အင်စတီကျူးရှင်း များနှင့် ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေးအတွက် အတူတကွလုပ်ကိုင် ဆောင်ရွက်ခဲ့သော ခေါင်းဆောင်များ၏ ကြိုးပမ်းမှုသက်သေပင်ဖြစ်ပြီး ၂ဝ၁၁ ခုနှစ် ကတည်းက စတင်ခဲ့သော ပြုပြင်ပြောင်းလဲရေးများ၏ သိသာထင်ရှားမှုကို ဖော်ညွှန်းလျက်ရှိသည်ဟုလည်း အဆိုပါကြေညာချက်က ဆိုသည်။

အရပ်သားစစ်စစ် အစိုးရပေါ်ပေါက်လာခဲ့သည့် ယခု ၂ဝ၁၆ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံ၏ ရှေ့ခရီးဆက်ရာတွင်လည်း ပိုမိုကျယ်ပြန့်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးတို့ကို တိုးတက်အောင်ဖော်ဆောင်ခြင်း အပြင် မြန်မာနိုင်ငံသူ နိုင်ငံသားများ အတွက်လည်း အခွင့်အရေးနှင့် လွတ်လပ်မှုတို့အား တိုးမြှင့်ဆောင်ရွက်ခြင်း အပါအဝင် သိသာထင်ရှားသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ရမည်ဖြစ်ကြောင်းလည်း ဖော်ပြ ထားသည်။

ထို့ပြင် မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်ကာ ငြိမ်းချမ်းပြီး သာယာ ဝပြောသည့် အနာဂတ်ကို တိုးတက်ဖော်ဆောင်နိုင်ရန် ပိုမို၍ အားလုံးပါဝင် ဆောင်ရွက် သွားမည် ဖြစ်ခြင်းကြောင့် အမေရိကန်ပြည်ထောင်စု အနေဖြင့်လည်း မြန်မာ အစိုးရသစ်နှင့် မြန်မာနိုင်ငံသူ နိုင်ငံသားများအပေါ် မိတ်ဆွေမွန်၊ မိတ်ဖက်ကောင်းအဖြစ် ရပ်တည်သွားမည် ဟုလည်း အမေရိကန်သမ္မတ အိုဘားမားက ကြေညာချက်တစ်စောင်ထုတ်ပြန်ကာ အစိုးရသစ်ကို ခရီးဦးကြိုဆိုလိုက်ပြီဖြစ်သည်။



No comments:

Post a Comment