မိန့်ခွန်းများ

မိန့်ခွန်းနှင့် မှတ်တမ်းများ

....................................................................................................................................................................................................

နိုင်ငံတော်သမ္မတ ပြောကြားသည့် ရေဒီယိုမိန့်ခွန်း

မိဘပြည်သူများခင်ဗျား
ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုကနေတစ်ဆင့် အသိပေး ပြောကြား နေကျဖြစ်တဲ့ အတိုင်း ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံရဲ့ အခြေအနေများနှင့် ပတ်သက်ပြီး အစိုးရရဲ့ လုပ်ဆောင်ချက်များကို မိဘပြည်သူ များထံ ယခုကဲ့သို့ ပုံမှန်တင်ပြရခြင်း ဖြစ်ပါတယ်။

လက်ရှိကျွန်တော်တို့ ကြိုးပမ်းအားထုတ်နေတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု ကိစ္စရပ်များမှာ အခက်အခဲများ၊ စိန်ခေါ်မှုများ၊ အကျပ်အတည်းများ ရှိနေခြင်းဟာ ပြုပြင်ပြောင်းလဲစ နိုင်ငံတိုင်း မှာ တွေ့ကြုံရတဲ့ အရှိတရားများပင် ဖြစ်ပါတယ်။ ဒီလိုအခက်အခဲတွေရဲ့ အကျိုးဆက်ကြောင့် ထင်သာမြင်သာရှိတဲ့ ရလဒ်များ ထွက်ပေါ်ခြင်း မရှိသေးတဲ့ ကိစ္စရပ်များအတွက် စနစ်တကျ အကောင်အထည်ဖော်ရန် ရည်မှန်းထားပြီး ခိုင်မာတဲ့သန္နိဌာန်နဲ့ လုပ်ဆောင်နေခြင်း ဖြစ်တယ်ဆိုတာကို အသိပေး ပြောကြားလိုပါတယ်။

သမိုင်းကြောင်းနဲ့ချီတဲ့ လိုအပ်ချက်များရှိခဲ့တဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ကို မှန်ကန်တဲ့ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်တဲ့အခါ ဖြည့်ဆည်းရမယ့် ကွက်လပ်များ၊ လိုအပ်ချက်များကို ရုတ်ခြည်းအဖြေထုတ် အပြောလွယ်သလောက် လက်တွေ့မှာ လုပ်ရတာ အလွန်ခက်ခဲပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ လူ့အဖွဲ့အစည်း ဆောင်ရွက်ရမယ့် နိုင်ငံရေး လုပ်ငန်းစဉ်များဟာ ရေဆန်ကူးရ သကဲ့သို့ ခက်ခဲတဲ့ လုပ်ငန်းများကို လုပ်ဆောင်နေရတာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေဟာ စိန်ခေါ်မှု ကြီးမားသော်လည်း ကျွန်တော်တို့အစိုးရ တာဝန်ယူချိန်မှာ အတတ်နိုင်ဆုံး ဖြေရှင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး လုပ်ငန်းစဉ်များကို ခိုင်မာတဲ့ သန္နိဋ္ဌာန်နဲ့ ဆောင်ရွက်ခဲ့တဲ့အတွက် လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း အမျိုးစုံသော အခက်အခဲ၊ အကြပ်အတည်းများနဲ့ စိန်ခေါ်မှုများကို အစိုးရ၊ လွှတ်တော်များ၊ နိုင်ငံရေးပါတီများနဲ့ နိုင်ငံရေးအင်အားစုများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ စီးပွားရေး အသင်းအဖွဲ့များ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ တိုင်းရင်းသား အင်အားစုများနဲ့ ပြည်သူလူထုတစ်ရပ်လုံး ကိုယ်စီကျရာ အခန်းကဏ္ဍက ပါဝင်ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒီလိုပူးပေါင်း ဆောင်ရွက်ခဲ့တဲ့အတွက် ဒီကနေ့မှာ အာမခံချက်ရှိတဲ့ တစ်ပြည်လုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေးသဘောတူညီချက် ရေးထိုးရေးဆိုင်ရာ လုပ်ငန်းစဉ် အဆင့်ဆင့်နဲ့ နိုင်ငံရေးဆွေးနွေးမှု နည်းလမ်းများနဲ့ ဖြေရှင်းအကောင်အထည်ဖော်နိုင်မယ့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရဲ့ အရုဏ်ဦးကို ရောက်ရှိဖို့ အဆင့်ဆင့် တစ်လှမ်းနေတာ ဖြစ်ပါတယ်။

လတ်တလော ရရှိထားတဲ့ အောင်မြင်မှုကတော့ ကရင်ပြည်နယ်၊ လောခီလာဒေသမှာ KNU က ဦးစီးကျင်းပတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများရဲ့ ဆွေးနွေးပွဲများ အောင်မြင်စွာ ကျင်းပနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ထိုဆွေးနွေးပွဲများမှ ရရှိလာတဲ့ ရလဒ်ကောင်း များကို အခြေခံပြီး လိုအပ်မယ့် အဆင့်ဆင့်ညှိနှိုင်းမှုတွေ ပြုလုပ်ပြီး မကြာမီကာလအတွင်း ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတစ်ရပ် ကျင်းပပြီး တစ်ပြည်လုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ လက်မှတ်ရေးထိုးရေးအတွက် ရက်သတ်မှတ်ခြင်းနဲ့ အသေးစိတ် အချက်အလက်များ ဆက်လက်ဆွေးနွေးနိုင်တော့မှာ ဖြစ်ပါတယ်။ ထိုမှတစ်ဆင့် ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အခြေပြုတဲ့ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး တည်ဆောက်ရေး အတွက် လိုအပ်မည့် နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ မူဘောင်သတ်မှတ်ခြင်းနဲ့ နိုင်ငံရေးဆွေးနွေးပွဲများ စတင်ခြင်းဆိုတဲ့ အဆင့်များကို တက်လှမ်း နိုင်ငံတော့မှာ ဖြစ်ပါတယ်။ ဤကိစ္စရပ်များသည်ပင်လျှင် မိမိတို့အားလုံး မဆုတ်မနစ်သော ဇွဲလုံလဖြင့် ဆောင်ရွက်ခဲ့တဲ့ နိုင်ငံရေးရလဒ်များ ဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေပြုတဲ့ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး တည်ဆောက်ရေးနဲ့အပြိုင် မြန်မာ့ လူ့အဖွဲ့အစည်းရဲ့ လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု များအတွက် အဓိကကျတဲ့ အမျိုးသားကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပညာရေးဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ ကိစ္စရပ်များကိုလည်း အခြေခံမှစ၍ ပြုပြင်ပြောင်းလဲဖို့ စတင်ဆောင်ရွက် နေပြီဖြစ်ပါတယ်။ ယခုလိုစတင်ဆောင်ရွက် လာနိုင်ခြင်းဟာ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုတွေက ရရှိလာတဲ့ ပွင့်လင်း လွတ်လပ်မှုတွေ နဲ့ နိုင်ငံတကာ ထောက်ခံမှုတွေကြောင့်ပဲ ဖြစ်ပါတယ်။ ယခုလအတွင်း ထင်သာမြင်သာရှိတဲ့ ကိစ္စကတော့ မြန်မာနိုင်ငံနဲ့ နှစ်ပေါင်းများစွာ ပြတ်တောက်ခဲ့တဲ့ ကမ္ဘာ့ဘဏ်နဲ့ ပြန်လည်ပြီး ပူးပေါင်း ဆောင်ရွက်နိုင်မှုနဲ့ အကူအညီများ ရရှိခြင်းပဲ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ နိုင်ငံတကာရဲ့ ပူးပေါင်း ပါဝင်မှုတွေကို အထိရောက်ဆုံး ဖြစ်စေဖို့ အားဖြည့်တဲ့အနေနဲ့ ဒုတိယအကြိမ် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကိုလည်း ယခုလအတွင်းမှာ ကျင်းပနိုင်ခဲ့ပါတယ်။

အမျိုးသားကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းစဉ်ကို အခြေခံကစပြီး ပြုပြင်ပြောင်းလဲနိုင်ဖို့ ဆင်းရဲ ချမ်းသာ မရွေး နိုင်ငံသားတိုင်း လက်လှမ်းမီနိုင်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ်တစ်ရပ်ကို ပညာရှင်များနဲ့ ညှိနှိုင်းဆွေးနွေးပြီး စီမံဆောင်ရွက်လျက် ရှိပါတယ်။ ဒီစီမံချက်ကို ကျန်းမာရေးဝန်ကြီးဌာနနဲ့ ကမ္ဘာ့ဘဏ် အုပ်စုရဲ့ အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ (IDA)တို့ ပူးပေါင်းဆောင်ရွက်ပြီး ရေတို ရေရှည် စီမံကိန်းများ ချမှတ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ Universal Health Coverage လို့ခေါ်ဆိုတဲ့ ဆင်းရဲ ချမ်းသာမရွေး နိုင်ငံသားတိုင်း လက်လှမ်းမီနိုင်မယ့် ကျန်းမာရေးစနစ်ကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ဖို့အတွက် အဓိကအကျဆုံး ဖြစ်တဲ့ ကိစ္စရပ်ကတော့ လက်ရှိ ကျွန်တော်တို့နိုင်ငံမှာ ဖြစ်ထွန်းနေတဲ့ နိုင်ငံရေး အပြောင်းအလဲများကဲ့သို့ပင် မိမိတို့ရဲ့ကိုယ်ပိုင်စနစ်တစ်ရပ်ဖြစ်ရန် မှန်ကန်တဲ့ ရွေးချယ်မှုများနဲ့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ယခုလို အမျိုးသားကျန်းမာရေးစောင့်ရှောက်မှု စနစ်တစ်ရပ်ကို ပိုင်ဆိုင်ရန် ကမ္ဘာ့နိုင်ငံ အသီးသီးက အခက်အခဲများ၊ အကျပ်အတည်းများနဲ့ စိန်ခေါ်မှုပေါင်းစုံနဲ့ ကျော်လွှားခဲ့ကြရတာ ကိုလည်း သင်ခန်းစာများအဖြစ် ရယူကြရမှာ ဖြစ်ပါတယ်။ ထိုသင်ခန်းစာများကို ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေခံများနဲ့ ပေါင်းစပ်ပြီး မိမိတို့နဲ့ သဟဇာတဖြစ်မယ့် စနစ်တရပ် ပေါ်ပေါက် လာရေးအတွက် အမျိုးသားရေး တာဝန်တစ်ရပ်အနေနဲ့ အားလုံးဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်သွားကြဖို့လည်း တိုက်တွန်းလိုပါတယ်။

အမျိုးသားအဆင့် ပညာရေးပြုပြင်ပြောင်းလဲမှုဟာ ကျွန်တော်တို့ နိုင်ငံရဲ့ အနာဂတ် မျိုးဆက်သစ်တွေ အတွက် အလွန်ရေးကြီးပါတယ်။ အရပ်ဘက်လူမှု အဖွဲ့အစည်းမျိုးစုံနဲ့ ပညာရေး အခြေပြုအဖွဲ့အစည်းများ၊ ပညာရှင်များဟာလည်း မြန်မာနိုင်ငံ အမျိုးသားပညာရေးနဲ့ ပတ်သက်ပြီး ကျယ်ပြန့်စွာ ဆွေးနွေးလုပ်ဆောင်နေတာ တွေကိုလည်း တွေ့မြင်ရပါတယ်။ ယခုလို ပြင်ဆင်မှုတွေနဲ့ ကျယ်ပြန့်တဲ့ ဆွေးနွေးငြင်းခုံမှုတွေ ကနေတစ်ဆင့် များမကြာမီကာလမှာ ရလဒ်ကောင်းတွေ ရရှိလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့အနေနဲ့ လက်တွေ့ကျပြီး အနာဂတ် မျိုးဆက်သစ် လူငယ်များ အတွက် ရေရှည်အကျိုးရှိစေမယ့် ပညာရေးအခွင့်အလမ်းများ ပိုမိုရရှိလာပြီး တိုင်းပြည်တည်ဆောက်ရေးအတွက် လိုအပ်တဲ့ ဘာသာရပ်တွေကို နိုင်ငံတကာ တက္ကသိုလ်များမှာ ထူးချွန်တဲ့ မြန်မာသားလူငယ်များ လေ့လာ သင်ယူနိုင်ဖို့ အတွက် နိုင်ငံတော်သမ္မတ ပညာသင်ဆုအစီအစဉ်ကို ဖွဲ့စည်းထူထောင် သွားဖို့ စီမံထားပြီး ဖြစ်ပါတယ်။

အခြားတိုးတက်မှု ဖြစ်ထွန်းမှု တစ်ခုအနေနဲ့ ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ စံနှုန်းလိုအပ်ချက်တွေ မပြည့်ဝမှုတွေကို ဆန္ဒဖော်ထုတ်ပြီး တောင်းဆိုနေကြတဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းအသီးသီး ရှိနေတာကို တွေ့မြင်ရပါတယ်။ ယခုလို ဆန္ဒဖော်ထုတ်မှုတွေက တစ်ဆင့် ခေတ်စနစ်နဲ့လျော်ညီတဲ့ ဥပဒေတွေ ပေါ်ထွက်လာရေး တောင်းဆိုမှုတွေဟာ တစ်ဖက်က မိမိတို့လူ့အဖွဲ့အစည်းရဲ့ လိုအပ်ချက်များကို ထင်ဟပ်စေပြီး အပြုသဘော ဆောင်တဲ့ တောင်းဆိုမှုတွေက နိုင်ငံရေး ယဉ်ကျေးမှုသစ်ကို အားဖြည့်ပေးရာ ရောက်တယ်လို့ ရှုမြင်ရမှာ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း မြေယာကိစ္စနဲ့ ကျူးကျော်ဝင်ရောက် အခြေချမှု ပြဿနာများနဲ့ ပတ်သက်ပြီး ဆန္ဒဖော်ထုတ်မှုတွေနဲ့ အငြင်းပွားမှုတွေ ရှိနေတာကို တွေ့ရပါတယ်။ မြေယာကိစ္စဟာ ပြုပြင်ပြောင်းလဲရေးကို ကျော်ဖြတ်ရတဲ့ နိုင်ငံတိုင်း ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စရပ်တွေနဲ့ ဆက်နွယ်နေတဲ့ အတွက် အခက်အခဲဆုံးနဲ့ အကျပ်တည်းဆုံး စီမံဆောင်ရွက်ရတဲ့ ကိစ္စတစ်ရပ် ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ စီမံချက်များချမှတ်ပြီး မှန်ကန်ဖို့နဲ့ လက်တွေ့ကျကျ ဖြစ်ဖို့အတွက် အထူးအလေးထား ဆောင်ရွက်လျက် ရှိပါတယ်။ နိုင်ငံတော်အစိုးရ အနေနဲ့ မြေယာမဲ့ အိမ်ထောင်စုများကို စာရင်းပြုစုပြီး သက်ဆိုင်ရာမြို့နယ် ဖွံ့ဖြိုးမှုစီမံကိန်းနှင့်အညီ နေရာ ချထားဖို့ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများနဲ့ ပူးပေါင်း စီမံဆောင်ရွက် နေပါတယ်။ သို့သော်လည်း ဥပဒေမဲ့ တရားမဝင်ကျူးကျော် ဝင်ရောက် အခြေချမှုများကိုတော့ အသေအချာ စိစစ် ကိုင်တွယ်သွားမှာ ဖြစ်တဲ့အကြောင်း ပြောကြားလိုပါတယ်။

ဒီလထဲမှာ အာဆီယံအားကစားပြိုင်ပွဲရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ မသန်စွမ်း အားကစား ပြိုင်ပွဲကိုလည်း ကျင်းပနိုင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ ကျွန်တော်တို့ တိုင်းပြည်အတွက် ဂုဏ်ဆောင်နိုင်ခဲ့ကြတဲ့ အားကစားသမားများ အတွက် ဂုဏ်ယူမိပါတယ်။ ကိုယ်ခန္ဓာ အစိတ်အပိုင်းတစ်ခုခု ဆုံးရှုံးချို့တဲ့သည့်တိုင်အောင် သူတို့ဟာ လူ့အဖွဲ့အစည်းအတွက် တန်ဖိုးရှိရှိ အလုပ်အကျွေးပြုနိုင်ကြောင်း သက်သေပြတဲ့ ပွဲတစ်ပွဲဖြစ်ပြီး သူတို့ရဲ့ လုပ်အားများကို နိုင်ငံတော်တည်ဆောက်ရေးအတွက် သင့်တော်တဲ့ နေရာတွေမှာ တာဝန်ယူနိုင်စွမ်း ရှိသေးတယ်ဆိုတဲ့အချက်နဲ့ သူတို့ကို လက်တွဲခေါ်ဆောင်ဖို့ အားလုံးမှာ တာဝန်ရှိတယ်ဆိုတဲ့ အသိနဲ့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ လက်ခံကျင့်သုံးလာနိုင်စေဖို့ မြှင့်တင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ယခုလအတွင်းမှာပဲ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ယဉ်ကျေးမှုမြို့တော် ဖြစ်တဲ့ ပုဂံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီနှစ်မှာ အာဆီယံဥက္ကဋ္ဌ တာဝန်ယူပြီး ဒေသတွင်းမှာ ဦးစီးဦးဆောင်ပြုရမယ့် ကျွန်တော်တို့ နိုင်ငံ အနေနဲ့ ဒေသတွင်း နိုင်ငံများနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ရင်းနှီးမြှပ်နှံမှု၊ ကူးသန်းရောင်းဝယ်မှု၊ အလုပ်အကိုင် အခွင့်အလမ်း၊ ဒေသတွင်းလုံခြုံရေးနဲ့ နည်းပညာ၊ စတဲ့ကဏ္ဍတွေမှာ အကျိုးဖြစ်ထွန်း စေမယ့် အလားအလာကောင်းများနဲ့ ပတ်သက်ပြီး ဆွေးနွေးနိုင်ခဲ့ပါတယ်။

များမကြာမီကာလများမှာ စတင်ကျင်းပနိုင်ဖို့ ပြင်ဆင်လျက်ရှိတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေပြုတဲ့ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေး လုပ်ငန်းစဉ်များအတွက် တိုင်းရင်းသားများ ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပတော့မှာ ဖြစ်တဲ့အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စကို စဉ်းစားတဲ့အခါ ၎င်းတို့ရဲ့ ညှိနှိုင်းဆွေးနွေး ရရှိချက်များကို ချန်လှန်မထားခဲ့မိဖို့ သတိပေးတိုက်တွန်း လိုပါတယ်။

တိုင်းရင်းသားများ၏ အဓိက တောင်းဆိုမှုများဖြစ်သည့် တန်းတူရည်တူရှိရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးနဲ့ တိုင်းရင်းသား အခွင့်အရေး၊ ရိုးရာယဉ်ကျေးမှုနှင့် ဘာသာစကား တို့ကို ထိန်းသိမ်းနိုင်ရေးမှအစပြုပြီး ဖယ်ဒရယ် စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စု တစ်ရပ် ပေါ်ပေါက်ရေးအထိ ကျယ်ပြန့်စွာ ဆွေးနွေးရန် ရည်မှန်းချက်ထား ဆောင်ရွက်နေတဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း အစရှိတဲ့ အခြေခံ ဥပဒေပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များကို မလွဲမသွေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ထိုပြင်ဆင်ရေး ကိစ္စရပ်များသည်လည်း အခြေခံဥပဒေ အသက်ဝင်ရှင်သန်ရေးအတွက် အဓိကကျတဲ့ ဒီမိုကရေစီတန်ဖိုးများ၊ စံနှုန်းများ ပြည့်မီရေး အစရှိတာတွေနဲ့ ချိတ်ဆက်လုပ်ဆောင်ကြရမှာလည်း ဖြစ်ပါတယ်။ ဒါကြောင့် အခြေခံ ဥပဒေပြင်ဆင်ရေး အတွက် အဓိက တာဝန်ရှိတဲ့ နိုင်ငံရေးအင်အားစုများဖြစ်တဲ့ လွှတ်တော်များ၊ နိုင်ငံရေး ပါတီများ၊ နိုင်ငံရေးအစုအဖွဲ့များ အားလုံးဟာ ယခုလုပ်ဆောင်လျက်ရှိတဲ့ အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များမှာ အထက်ပါကိစ္စ တွေကို ထည့်သွင်းပြင်ဆင်ထားကြဖို့ တိုက်တွန်း ပြောကြားအပ်ပါတယ်။

အချုပ်အားဖြင့် ယနေ့ မြန်မာလူ့အဖွဲ့အစည်း တည်ဆောက်လျက်ရှိတဲ့ နိုင်ငံရေး အခင်းအကျင်းသစ် တစ်ရပ် ပီပြင်စွာ ပေါ်ပေါက်လာရေးအတွက် ကြုံတွေ့နေရတဲ့ အခက်အခဲများ၊ အကျပ်အတည်းများနဲ့ စိန်ခေါ်မှုများကို အမြင်ကျယ်ကျယ်၊ သဘောထား ကြီးကြီးထားပြီး မိမိယုံကြည်တဲ့ နည်းလမ်းများနဲ့ ကြိုးပမ်းရင်ဆိုင် ကျော်လွှားကြဖို့ တိုက်တွန်းပြောကြား လိုပါတယ်။ ဒီနေရာမှာ အထူးပြောကြားလိုတဲ့ အချက်တစ်ချက်ကတော့ ကရင်ပြည်နယ် လောခီလာဒေသတွင် မကြာမီကာလက ကျင်းပပြုလုပ်ပြီးစီးခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများရဲ့ ညီလာခံမှာ မတူညီကွဲပြားသည့် သဘောထား ရပ်တည်ချက်များနဲ့ အစပြုခဲ့ပြီး အဆုံးမှာ ဘုံရပ်တည်ချက် တစ်ခုအနေနဲ့ တစ်ပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ချက် ချနိုင်သည်အထိ ကြိုးပမ်းအားထုတ်ခဲ့ကြတဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများရဲ့ ခေါင်းဆောင်များအားလုံးကို ချီးကျူးဂုဏ်ပြုကြောင်း ပြောကြားလိုပါတယ်။

ကျွန်တော်အနေနဲ့ အထူးသတိပြုမိခဲ့တဲ့ အချက်တစ်ခုကတော့ ထိုညီလာခံမှာ KNU ဥက္ကဋ္ဌ စောမူတူးစေဖိုး ပြောကြားခဲ့တဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ် အဆင့်ဆင့် တိုးတက်ဖြစ်ထွန်းရန် “ရဲရဲဝံ့ဝံ့လက်မှတ်ရေးထိုး သမိုင်းတင်ကြပါ” ဆိုတဲ့ တိုက်တွန်း ပြောဆိုချက်ပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ မိမိတို့ မြန်မာ့နိုင်ငံရေး သမိုင်းအတွက် အလွန်ခက်ခဲတဲ့ ကိစ္စရပ်တစ်ခုကို တိုင်းရင်းသားများအားလုံး ကျွန်တော်တို့နဲ့အတူ လက်တွဲကြိုးပမ်းကြရန် ခိုင်မာတဲ့ရပ်တည်ချက်တစ်ရပ် တက်လှမ်းနိုင်ရေးအတွက် တိုက်တွန်း ပြောကြားသွားခြင်း ဖြစ်တယ်လို့ဆိုရမှာ ဖြစ်ပါတယ်။ ဒီလိုခက်ခဲတဲ့ နိုင်ငံရေး ရွေးချယ်မှု များ ပြုလုပ်ခြင်းသည်ပင်လျှင် အခု ကျွန်တော်ပြောဆိုနေတဲ့ နိုင်ငံရေး ယဉ်ကျေးမှုသစ်နဲ့ နိုင်ငံရေး အခင်းအကျင်းသစ်များ တည်ဆောက်ခြင်း ဖြစ်တယ်လို့ ဆိုရမှာဖြစ်ပြီး ဤတည်ဆောက်မှုများကနေ ရလဒ်ကောင်းများ ရရှိမယ်လို့ အမှန်တကယ် ယုံကြည်ကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။
မိဘပြည်သူများ ကျန်းမာချမ်းသာကြပါစေ။
-----------------------------------------------------------------------------------------------------------



နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရေဒီယိုမှတစ်ဆင့် ပြည်သူများသို့ ပြောကြားသည့် မိန့်ခွန်း


နေပြည်တော် ဇန်နဝါရီ ၂

မိဘပြည်သူများ ခင်ဗျား
ယခုလ ရေဒီယိုကနေ ပြည်သူလူထုထံ ဆက်သွယ်ပြောကြားတဲ့ အစီအစဉ်မှာ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ထွန်းနေတဲ့ နိုင်ငံရေး အပြောင်းအလဲများနဲ့ ပတ်သက်တဲ့ ကျွန်တော့်ရဲ့ သဘောထားနှင့် ရပ်တည်ချက်အချို့ကို ရှင်းလင်းပြောကြားရင်း အစပြုသွားမှာ ဖြစ်ပါတယ်။


ကုန်လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာ ကျွန်တော်တို့ မြန်မာ့လူ့အဖွဲ့အည်း အဓိကရရှိခဲ့တဲ့ နိုင်ငံရေး ဖြစ်ထွန်း တိုးတက်မှုကတော့ မတူညီတဲ့ နိုင်ငံရေး အင်အားစုတွေ အချင်းချင်းကြားမှာ ထိပ်တိုက်ရင်ဆိုင်ရေး နည်းလမ်းများကို ရှောင်ရှားနိုင်ခဲ့ပြီး ကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှုတွေကို ဆွေးနွေးညှိနှိုင်းခြင်း နည်းလမ်းနဲ့ ကြိုးပမ်းဖြေရှင်း နိုင်ခဲ့ခြင်းဆိုတဲ့ နိုင်ငံရေး ယဉ်ကျေးမှုသစ် တစ်ရပ်ကို အသင်ဝင် ရှင်သန်စေခဲ့ခြင်းပင် ဖြစ်ပါတယ်။ ကိစ္စရပ်တော်တော် များများမှာ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ကြတဲ့အတွက် နိုင်ငံရေးပြုပြင် ပြောင်းလဲရေး ဖြစ်စဉ်ဟာ အားကောင်း ခိုင်မာလာခဲ့ပါတယ်။

နိုင်ငံရေးစနစ်တစ်ခုကို လပေါင်း(၃၀) ကျော်ကြာ အတူတကွ ဖြတ်သန်းပြီးချိန်မှာ ယခင်က အချင်းချင်းကြားမှာ ရှိခဲ့တဲ့ သံသယကြီးမှုတွေ၊ မယုံကြည်မှုတွေကို လျှော့ချနိုင်ခဲ့ခြင်းသည် ပင်လျှင် ကျွန်တော်တို့အားလုံး ကြိုးစားဖော်ဆောင်နေကြတဲ့ နိုင်ငံရေး ယဉ်ကျေးမှုသစ် တစ်ရပ်ရဲ့ အောင်မြင်မှု မှတ်တိုင်များအဖြစ် သက်သေထူ နေတယ်လို့ နားလည်လက်ခံ ထားကြရမှာ ဖြစ်ပါတယ်။

ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို စတင်ဆောင်ရွက်လာနိုင်ခြင်းရဲ့ အကျိုးရလဒ် တစ်ခုကတော့ ကျွန်တော်တို့ အားလုံး မျှော်လင့်စောင့်စားခဲ့ရတဲ့ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးကို ဒီဇင်ဘာလအတွင်းမှာ ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ် နိုင်ခဲ့ခြင်းပင် ဖြစ်ပါတယ်။ နှစ်ပေါင်း(၄၄) နှစ်ကြာမှ မြန်မာ့မြေပေါ်မှာ ပြန်လည်ကျင်းပခွင့်ရတဲ့ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးကို ယခုလို ပြည်သူတွေအားလုံး သိုက်သိုက်ဝန်းဝန်းနဲ့ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းကြောင့်လည်း နိုင်ငံတကာ အသိုက် အဝန်းမှာ ဂုဏ်သိက္ခာရှိသော နိုင်ငံတစ်ရပ်အဖြစ် ပြန်လည်ဝင်ဆံ့လာခဲ့ပြီ ဖြစ်ပါတယ်။ အရှေ့တောင် အာရှ အားကစားပြိုင်ပွဲကြီးနဲ့ ပတ်သက်လို့ ကျွန်တော်အဓိက ပြောကြားလိုတဲ့ အချက်နှစ်ချက် ရှိပါတယ်။ ပထမတစ်ချက်ကတော့ ယခုလို အမိမြေမှာ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခွင့်ရတဲ့ ပြိုင်ပွဲကြီးမှာ နိုင်ငံရဲ့ ဒေသအသီးသီးက တိုင်းရင်းသားပေါင်းစုံ ပါဝင်တဲ့ အားကစားသမားများဟာ ထိုက်တန်တဲ့ ဆုတံဆိပ်တွေနဲ့ အောင်ပွဲတွေ ရရှိအောင် ကြိုးစား ခဲ့ကြတဲ့အတွက် အမျိုးသားရေး တာဝန်ကျေမှုတစ်ရပ် အဖြစ် မော်ကွန်းတင် လိုပါတယ်။ မြန်မာနိုင်ငံထဲမှာရှိကြတဲ့ ပြည်သူတစ်ဦးချင်းစီ အနေနဲ့ရော ပြည်ပမှာ ရောက်ရှိနေကြတဲ့ မြန်မာပြည်သူတွေအားလုံးပါ သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှာ ပါဝင်အားဖြည့် ပံ့ပိုးပေးခဲ့ ကြတာကြောင့် ဒီလို ဆုတံဆိပ်တွေ ရရှိလာဖို့ ကြီးမားတဲ့တွန်းအားတွေ ဖြစ်စေခဲ့ခြင်း ဖြစ်တယ် လို့ ကျွန်တော့်အနေနဲ့ လေးလေး နက်နက် ယုံကြည်ပါတယ်။ ဒါ့အပြင် အားကစားပွဲတွေရဲ့ အနိုင်အရှုံး ရလဒ်တွေထက် ကျော်လွန်ပြီး ကျွန်တော်တို့ နိုင်ငံအတွက် ပိုမိုတန်ဖိုးကြီးတဲ့ အကျိုးရလာဒ်ကတော့ မြန်မာတစ်မျိုးသားလုံးရဲ့ စုစည်းမှုအားကို ပြသနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဒုတိယ အနေနဲ့ ပြောကြားလိုတဲ့ အချက်ကတော့ ဒီအားကစားပွဲတော်ကြီး အောင်မြင်စွာ ပြီးမြောက်အောင်မြင်ရေးအတွက် စိတ်ရောကိုယ်ပါ ပါဝင်တာဝန်ယူ ဆောင်ရွက်ခဲ့ကြတဲ့ စေတနာ့ဝန်ထမ်း လူငယ်တွေပဲ ဖြစ်ပါတယ်။ ဒီအားကစား ပွဲတော်ကြီးကနေ စေတနာ့ ဝန်ထမ်းလူငယ်တွေပဲ ဖြစ်ပါတယ်။ ဒီအားကစားပွဲတော်ကြီးကနေ စေတနာ့ဝန်ထမ်း လူငယ် တွေအနေနဲ့ ရရှိလိုက်တဲ့ အနစ်နာခံမှု၊ ပရဟိတစိတ်ရှိမှု၊ တာဝန်ယူလိုစိတ်ရှိမှု၊ အဖွဲ့အစည်းနှင့် ဆောင်ရွက်တတ်မှု၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်တတ်မှု စတဲ့ အတွေ့အကြုံတွေဟာ တိုင်းပြည်အနာဂတ် တည်ဆောက်ရေးမှာ များစွာအထောက်အကူပြုမှာ ဖြစ်ပါတယ်။ ဒီ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးကနေ မိမိတို့ ဆောင်ရွက်နိုင်စွမ်းတွေအတွက် ဂုဏ်ယူကြရမှာဖြစ်ပြီး လိုအပ်ချက်များကိုလည်း သင်ခန်းစာယူ ပြင်ဆင် သွားကြရမှာ ဖြစ်ပါတယ်။

တဆက်တည်းမှာပဲ မိမိတို့နိုင်ငံရဲ့ နိုင်ငံရေး အပြောင်အလဲများကို လေ့လာသုံးသပ်ကြည့်မယ် ဆိုပါက ၂၀၀၈ ဖွဲ့အစည်းပုံ အခြေခံဥပဒေ မူဘောင်များထဲက အစပြုပေါ်ပေါက်လာတဲ့ နိုင်ငံရေး လှုပ်ရှားခွင့်များကို နိုင်ငံရေး အင်အားစုအသီးသီးက အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုမျိုးနဲ့ ထိရောက်စွာ ပါဝင်လုပ်ဆောင် ခဲ့ကြတဲ့အတွက် အချိန်တိုအတွင်း အဆင့်ဆင့် တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်တယ်ဆိုတာကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ ထိုအခြေအနေသစ် တစ်ရပ်ကို ပကတိအရှိတရားအဖြစ် မှတ်ယူပြီး နိုင်ငံရေးဖြစ်စဉ် ပိုမိုအသက်ဝင်လာစေရေး အတွက် နိုင်ငံရေးအင်အားစုများ ပိုမိုပါဝင်လာစေရေး၊ ပြည်သူများ အားလုံး နိုင်ငံရေး အခွင့် အရေးများ  ပိုမို ရရှိလာစေရေးတို့ကို အတူတကွ ကြိုးပမ်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

အထက်ပါ ကြိုးပမ်းဆောင်ရွက်မှုများရဲ့ နိုင်ငံရေးအကျိုးဆက်အနေနဲ့ မိမိတို့ လူ့အဖွဲ့အစည်း အတွင်း အပြုသဘောဆောင်တဲ့ နိုင်ငံရေး ငြင်းခုံဆွေးနွေး ညှိနှိုင်းခြင်း ဓလေ့ကို အားကောင်း ရှင်သန်လာစေခဲ့ပါတယ်။ ဒီကိစ္စရပ်များကို သက်သေထူတဲ့အနေနဲ့ မိမိတို့ ကြုံတွေ့ခဲ့ရတဲ့ နိုင်ငံရေး အခက်အခဲ အကျပ်အတည်းများ၊ စိန်ခေါ်မှုများကို နားလည်မှုရှိရှိ၊ စိတ်စေတနာ မှန်မှန်ဖြင့် ခက်ခဲစွာ ကျော်ဖြတ်ခဲ့ကြတဲ့အတွက် ရရှိတဲ့ အကျိုးရလာဒ်ကတော့ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ ကဲ့သို့သော နိုင်ငံရေး စိန်ခေါ်မှုမျိုးကို ပြည်သူလူထု အကြားမှာ လွတ်လပ် ပွင့်လင်းစွာ ဆွေးနွေးငြင်းခုံ လာနိုင်သည်အထိ နိုင်ငံရေးတိုးတက်မှုတွေ ရှိလာပါတယ်။ နိုင်ငံရေး အင်အားစုအသီးသီးရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ဆောင်ချက်များ ကိုလည်း တွေ့ရှိလာရပြီ ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ပါတီစုံမှ လွှတ်တော် ကိုယ်စားလှယ်များနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သော “အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် လေ့လာသုံးသပ်ရေး ကော်မတီ” ကို ဖွဲ့စည်းပြီး လူထု လူတန်းစား အသီးသီး၊ အဖွဲ့အစည်း အသီးသီးရဲ့ သဘောဆန္ဒများ ရယူဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်သော သဘောထား ရပ်တည်ချက်အချို့ကို ကော်မတီကို ပေးပို့ထားပြီး ဖြစ်ကြောင်း သိရှိရပါတယ်။

တချိန်တည်းမှာပင် မြန်မာနိုင်ငံရဲ့ အဓိကကျတဲ့ နိုင်ငံရေးအင်အားစု တစ်ခုဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD ပါတီ အပါအဝင်နိုင်ငံရေး ပါတီများဟာလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ကိစ္စရပ်များနဲ့ ပတ်သက်ပြီး လူထုတွေ့ဆုံပွဲများ၊ ဆွေးနွေးပွဲ များကို အားသွန်ခွန်စိုက် ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ယခုလို နိုင်ငံရေး လှုပ်ရှားမှု များကို လွတ်လပ်ပွင့်လင်းစွာ လုပ်ဆောင်နိုင်ခွင့် ရှိခြင်းကပင် မိမိတို့ လူ့အဖွဲ့အစည်းရဲ့ နိုင်ငံရေး ရင့်ကျင်မှုရေချိန် မြင့်တက်လာကြောင်းကို ညွန်ပြနေတာ ဖြစ်ပါတယ်။

ပြည်သူတစ်ဦးချင်းစီနဲ့ နယ်ပယ်အသီးသီးမှ ခေါင်းဆောင်များရဲ့ သဘောဆန္ဒ ထုတ်ဖော် ဆွေးနွေးမှုများကို သတင်းမီဒီယာ မျိုးစုံကစလို့ အင်တာနက် လူမှုကွန်ရက်များ အထိပါ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ဆွေးနွေးခွင့် ရှိနေခြင်းကလည်း အပြုသဘောဆောင်သော ဖြစ်ထွန်းမှုဟု ဆိုရမှာ ဖြစ်ပါတယ်။

ခေတ်မီတဲ့ ဒီမိုကရေစီလူ့ဖွဲ့အစည်းကို တည်ဆောက်ရာမှာ အရေးအကြီးဆုံး သွင်ပြင်လက္ခဏာ ဖြစ်တဲ့ နိုင်ငံရေးကို လွတ်လပ်စွာ ဆွေးနွေး ငြင်းခုံမှုများ အားကောင်းမောင်းသန် ဖြစ်လာခြင်းကို ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ အထင်အရှား တွေ့မြင်နေရပြီ ဖြစ်ပါတယ်။

ဖွဲ့အစည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စနဲ့  ပတ်သက်ပြီးလည်း ကျွန်တော့်ရဲ့ သဘောထား ရပ်တည်ချက် အချို့ကို ပြောကြား လိုပါတယ်။ အသက်ဝင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ်ကို ပိုင်ဆိုင်ဖို့ဆိုရင် လူ့အဖွဲ့အစည်း တစ်ရပ်လုံးရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး လိုအပ်ချက်များနဲ့ သဟဇာတ ဖြစ်အောင် အခြေအနေ အချိန်အခါအလိုက် ပြင်ဆင်ရေးသားရမယ်ဆိုတဲ့ အခြေခံမူကို ကျွန်တော့်အနေနဲ့ ဆုပ်ကိုင်ထားရမှာ ဖြစ်ပါတယ်။ လက်ရှိအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးလည်း ကျွန်တော့်အနေနဲ့ အဓိက အစိတ်အပိုင်း သုံးခုရှိတယ်လို့ ရှုမြင်ပါတယ်။ ပထမပိုင်းကတော့ လက်ရှိ ကျွန်တော်တို့ ကြိုးပမ်းတည်ဆောက်နေရတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေပြုတဲ့၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် မဖြစ်မနေ ပြုလုပ်ကြရမယ့်၊ နိုင်ငံရေး ဆွေးနွေးပွဲတွေ ကနေ ပေါ်ပေါက်လာမယ့် သဘောတူညီချက်များ အတွက် လိုအပ်သလို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စွက်ရေးသားခြင်းတွေ လုပ်ဆောင်ရမယ့် အပိုင်းဖြစ်ပါတယ်။

ဒုတိယအပိုင်းကတော့ မိမိတို့ တည်ဆောက်လိုတဲ့ ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်း တစ်ရပ် ပီပြင်လာစေရေးအတွက် လိုအပ်မယ့် ဒီမိုကရေစီစံနှုန်းများ၊ တန်ဖိုးများ ပြည့်မီလာ စေဖို့ လိုအပ်သလို ပြင်ဆင်ရမည့် အပိုင်းဆိုပြီးတော့ ခွဲခြားတွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ဒီမိုကရေစီ စံနှုန်းများ၊ တန်ဖိုးများပြည့်မီအောင် ကြိုးပမ်းအားထုတ် လုပ်ဆောင်ရာမှာ နိုင်ငံရေးမှာ ပါဝင်ပတ်သက်သူ အားလုံးရဲ့ အမြော်အမြင် ကြီးမားမှု၊ ဥာဏ်ပညာ ကြွယ်ဝမှုနှင့် စိတ်ရင်း စေတနာ မှန်ကန်မှုတို့က အဆုံးအဖြတ် ပေးသွားမှာ ဖြစ်ပါတယ်။

တတိယပိုင်းကတော့ နိုင်ငံရေးဦးဆောင်မှုဆိုင်ရာ အရည်အချင်း သတ်မှတ်မှုအတွက် လိုအပ် မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စရပ်ပင် ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်တဲ့ ကျွန်တော့်ရဲ့ သဘောထားကတော့ မည်သည့် မြန်မာနိုင်ငံသား တိုင်းရင်းသား တစ်ဦးကိုမျှ မြန်မာနိုင်ငံကို နိုင်ငံရေးအရ ဦးဆောင်နိုင်ခွင့်ကို ကန့်သတ်တားမြစ်တာမျိုး မဖြစ်စေလိုတဲ့ နိုင်ငံရေး စေတနာရှိသလို တစ်ဖက်ကလည်း မိမိတို့ အမျိုးသား အကျိုးစီးပွားနှင့် မိမိတို့နိုင်ငံရဲ့ အချုပ်အချာအာဏာ တည်တံခိုင်မြဲရေးကို မထိပါးစေမည့် သင့်တင့်လျောက်ပတ်တဲ့ အကာအကွယ် ပေးနိုင်သည့် အခြေခံမှုများရှိရန်လည်း လိုလားပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံရေး ဦးဆောင်မှုနဲ့ ပတ်သက်တဲ့ ဝိရောဓိများကို ကိုင်တွယ်ဖြေရှင်းရာမှ နိုင်ငံရေး အကျပ်အတည်း တစ်ခုဆီသို့ ဦးတည် မသွားစေနိုင်ဖို့အတွက် နိုင်ငံရေးရွေးချယ်မှု မှန်ကန်စေဖို့ ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိ ပါတယ်။

ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အခြေပြုတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်မှု တည်ဆောက်ရေး အတွက်လိုအပ်တဲ့ အခြေခံဥပဒေ ပြင်ဆင်မှုများကို လုပ်ဆောင်ရာမှာ မိမိတို့အချင်းချင်း အပြန် အလှန် ယုံကြည်မှုအပေါ် အခြေခံတဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ၊ ထားရှိနိုင်မယ့် သဘောထား ကြီးမှုတွေ၊ တောင်းဆိုမှုတွေကို အပြန်အလှန် နားလည် လက်ခံပေးနိုင်တဲ့ အခြေအနေတွေ၊ ဒါတွေက အဆုံးအဖြတ်ပေးသွားမှာ ဖြစ်ပါတယ်။ တဆက်တည်းမှာပဲ တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိရေးအတွက် ကြိုးပမ်း အားထုတ်မှုနှင့် ပတ်သက်ပြီး အစိုးရ၊ လွှတ်တော်များ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်း သား အဖွဲ့အစည်းများ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်း အာလုံးတို့ စိတ်ရင်းစေတနာမှန်ဖြင့် ကြိုးပမ်းအားထုတ်နေမှုကို ကျွန်တော့် အနေဖြင့် အထူးဂုဏ်ယူ ဝမ်းမြောက်လျက် ရှိပါကြောင်း ပြောကြား လိုပါတယ်။ ဒါ့ကြောင့် ယခု လုပ်ဆောင်လျက်ရှိသော အသေးစိတ် ညှိနှိုင်းမှုများကို အောင်မြင်စွာ ပြုလုပ်ပြီး များမကြာမီ ကာလတွင် နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင်ရန်ကိုလည်း တွေ့မြင်လိုကြောင်း ပြောကြားလို ပါတယ်။

လာမည့် ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံအတွက် ကြီးမားတဲ့ တာဝန်ကြီးတစ်ခုကတော့ အာဆီယံ ဥက္ကဋ္ဌအဖြစ် ဒေသတွင်းနိုင်ငံများ  ပါဝင်တဲ့ အဖွဲ့အစည်းကြီးကို ဦးဆောင်ဦးရွက် ပြုရမှာ ဖြစ်ပါ တယ်။ ဒေသတွင်း နိုင်ငံတကာ ကိစ္စရပ်များ တစ်ခုနှင့်တစ်ခု ဆက်နွယ်မှု တိုးလာခြင်း၊ အထူး သဖြင့် ကမ္ဘာ့နိုင်ငံရေး ချိန်ခွင်လျှာ အပြောင်းအလဲနဲ့ အာရှဒေသနဲ့ အရှေ့တောင်အာရှ နိုင်ငံ များ၏ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံတွင် အရေးပါမြင့်တက် လာခြင်းတို့က မြန်မာနိုင်ငံမှ အာဆီယံ ဥက္ကဋ္ဌအဖြစ် ဦးစီးဦးဆောင်ပြုရမယ့် အချိန်မှာ မိမိတို့၏ ဦးဆောင်မှု တာဝန်ကို ပိုမိုအရေးကြီး လာစေမှာ ဖြစ်ပါတယ်။ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးမှာ ပြည်သူ တစ်ရပ်လုံး ပူးပေါင်းပါဝင်မှုကြောင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သလို အာဆီယံ ဥက္ကဋ္ဌ တာဝန် ကိုလည်း နိုင်ငံရေး အင်အားစုများအားလုံးနှင့် ပြည်သူလူထုတစ်ရပ်လုံး အတူတကွ ပူးပေါင်း ပါဝင်ပြီး အောင်မြင်စွာ ထမ်းဆောင်ကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံအနေနဲ့ အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်မှာ အရှေ့တောင် အာရှဒေသ၏ အကျိုးကို သယ်ပိုးခွင့်ရမှာ ဖြစ်ပြီး ကျွန်တော်တို့နိုင်ငံရဲ့ ပုံရိပ်ကိုလည်း နိုင်ငံတကာ အသိုင်းအဝိုင်းများကြားမှာ မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ စတင်တာဝန်ထမ်းဆောင်ခဲ့သည့် နေ့မှစပြီး ပြည်သူလူထု တစ်ရပ်လုံးရဲ့ လိုလားချက်များကို ဖြစ်သင့်ဖြစ်ထိုက်တဲ့ အခြေအနေနဲ့ လက်တွေ့ဖြစ်နိုင်တဲ့ အခြေအနေ နှစ်ရပ်အကြား သဟဇာတဖြစ်အောင် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။

သဟဇာတဖြစ်ရေး ဆိုရမှာလည်း လက်ရှိနိုင်ငံရေး အပြောင်းအလဲနဲ့ နိုင်ငံရေးဖြစ်စဉ် ရှင်သန် ခိုင်မာရေး၊ ပြည်တွင်း နိုင်ငံရေး တည်ငြိမ်မှုရှိရေးနှင့် ညင်သာသော အသွင်ကူးပြောင်းရေးကို မျိုးဆက်သစ်များသို့ လက်ဆင့်ကမ်းနိုင်ရေးအတွက် အစဉ်နှလုံးသွင်း ဆောင်ရွက်လျက် ရှိပါ တယ်။ ကျွန်တော့်အနေနဲ့ တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်တဲ့ တောင်းဆိုချက်များ အတွက် လည်း အဖွဲ့အစည်းပေါင်းစုံကို အစဉ်တံခါးဖွင့် လက်ခံတွေ့ဆုံခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်တဲ့နေရာမှာ မတူညီတဲ့ နိုင်ငံရေး အင်အားစုများရဲ့ ကွဲပြားတဲ့ လိုလားချက်များ၊ သဘောထား ရပ်တည်ချက်များကို နက်နဲသိမ်မွေ့စွာ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း၊ တည့်မတ် ပေးခြင်းများ လုပ်ဆောင်နေရတာ ဖြစ်ပါတယ်။ ဒီလိုချင့်ချိန် ဆောင်ရွက်ရတာ ကြောင့် တခါတလေမှာ နိုင်ငံရေး အင်အားစုအချို့ရဲ့ အားမလို အားမရဖြစ်မှုတွေ ရှိလာတာကို သဘာဝကျတယ်လို့ နားလည် လက်ခံထားပါတယ်။ ဒီလိုအခြေအနေတွေ အားလုံးကို နိုင်ငံရေး အရှိတရားအနေဖြင့် ခံယူပြီး တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန်နားလည်မှု စွမ်းရည် မြှင့်တင် ကြဖို့လည်း တိုက်တွန်းလိုပါတယ်။

ကျွန်တော့်အနေနဲ့ သမ္မတ တာဝန်ယူသည့်နေ့မှစပြီး တာဝန်ကို ရှောင်လွှဲလိုတဲ့ လုပ်ဆောင်မှု မျိုး မရှိခဲ့သလို လက်ရှိနိုင်ငံရေး အခြေအနေက ခွင့်ပြုတဲ့ အတိုင်းအတာအရ ဖြစ်သင့်ဖြစ်ထိုက် သည့် နိုင်ငံရေးဆန္ဒများနှင့် လက်တွေ့ဖြစ်နိုင်သည့် ကိစ္စရပ်များ အစဉ်ပေါင်းစပ်ပြီး သဟဇာတ ဖြစ်ဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ အထူးပြောကြားလိုသည့် ကိစ္စရပ်ကတော့ ဖြစ်သင့်ဖြစ်ထိုက် သည့် နိုင်ငံရေး ဆန္ဒများကို လက်ရှိနိုင်ငံရေး အခြေအနေက ဖြည့်ဆည်းပေးနိုင်သည်ထက် ပိုမိုမျှော်မှန်း ဆောင်ရွက်ပါက နိုင်ငံရေး အကျပ်အတည်းတစ်ခု ဖြစ်ပေါ်ပြီး လက်တွေ့ဖြစ်နိုင်ချေ ရှိသည့် အခွင့်အလမ်းများပင် ဆုံးရှုံးသွားနိုင်သည်ကို သတိချပ်ပြီး ဥာဏ်အမြော်အမြင်ရှိသော နိုင်ငံရေးရွေးချယ်မှုများ ပြုလုပ်ကြရန် တိုက်တွန်း ပြောကြားလိုပါတယ်။

အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးကို ရှေ့ရှု့ပြီး လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီရဲ့ ကြိုးပမ်းမှုနဲ့ ကျွန်တော် ကတိပေးထားတဲ့အတိုင်း ဒီနှစ်ကုန်မှာ နိုင်ငံရေး အကျဉ်းသား တစ်ဦးတစ်ယောက်မှ မကျန်ရှိစေဖို့ ဆောင်ရွက်ပြီး ဖြစ်ကြောင်း မိဘပြည်သူ များကို အသိပေး ပြောကြားလိုပါတယ်။

လာမည့် ၂၀၁၄ ခုနှစ် နှစ်သစ်မှာလည်း ကျွန်တော်တို့ ပြည်သူတစ်ရပ်လုံးဟာ အတွေးသစ်၊ အမြင်သစ်များဖြင့် အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများ ယခင်နှစ်ကထက် တိုးမြှင့်လုပ်ဆောင်သွားကြရန် တိုက်တွန်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။
မိဘပြည်သူများ ကျန်းမာချမ်းသာကြပါစေ။

------------------------------------------------------------------------------------------------------------------------------------------------



နိုင်ငံတော်သမ္မတ ဦးသိန်းစိန်(၁ဝ)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတက်ရောက် မိန့်ခွန်းပြောကြား

 

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မိန့်ခွန်းပြောကြားရာတွင်  ယခုနှစ်ဆိုလျှင် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီး အစည်းအဝေး ကျင်းပခြင်း (၁ဝ)နှစ်ပြည့်မြောက်သည့်နှစ် ဖြစ်ပါကြောင်း၊ ထို့အပြင် ယခုနှစ်သည် အာဆီယံ-တရုတ် မဟာဗျူဟာမြောက် ဆက်ဆံရေး ထူထောင်ခြင်း၊ (၁ဝ) နှစ် ပြည့်မြောက် အထိမ်း အမှတ်နှင့် တိုက်ဆိုင်နေသည့်အတွက် အာဆီယံ-တရုတ်ဘက်စုံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရာ၌ အလွန်အရေးပါသည့်နှစ် ဖြစ်ပါကြောင်း။

ရွေးချယ်ထားသည့် ဆောင်ပုဒ်ဖြစ်သော ''အတိတ်၏ အောင်မြင်မှုများနှင့် ဖွံ့ဖြိုးတိုးတက်မှု ဆန်းသစ်တီထွင် ဖန်တီးရေး'' သည်  ယခုလက်ရှိအခြေအနေနှင့်  အလွန်ကိုက်ညီမှု ရှိသည်ဟု ပြောကြားလိုပါကြောင်း၊  မိမိတို့ဒေသသည်  ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏  ဗဟိုချက် ဖြစ်လာသည့်အပြင် ကမ္ဘာ့စီးပွားရေး၌ အရေးပါသော ဒေသဖြစ်လာပါကြောင်း။

အာဆီယံနှင့် တရုတ်နိုင်ငံတို့၏ စီးပွားရေးတည်ငြိမ်မှုသည်  ကမ္ဘာ့စီးပွားရေးအတွက် အလွန် အရေးပါ လာပါကြောင်း၊  ဆယ်စုနှစ် နှစ်ခုအတွင်း   အာဆီယံနှင့် တရုတ် ဆက်ဆံရေးသည်    အောင်မြင်မှု များစွာရရှိခဲ့သည်ကို တွေ့မြင်ကြရပါကြောင်း၊  ချစ်ကြည်ရင်းနှီးပြီး အပြန်အလှန်   ယုံကြည်မှုရှိသည့် အိမ်နီးချင်းကောင်း မိတ်ဖက်ဆက်ဆံရေးမှ အစပြုပြီး မဟာဗျူဟာဆက်ဆံ ရေးအဆင့်ကို   တိုးမြှင့်နိုင်ခဲ့ပါ ကြောင်း၊ မိမိတို့အနေဖြင့်   နောင်အနာဂတ် မျိုးဆက်သစ်များ အတွက်  လက်ရှိ အာဆီယံ-တရုတ် ဆက်ဆံရေး အခြေအနေကို ပိုမိုခိုင်မြဲလာအောင်    ထိန်းသိမ်းစောင့်ရှောက် သွားရန် လိုအပ်ပါကြောင်း။

တရုတ်နိုင်ငံသည် ယခုအခါ အာဆီယံ၏ အကြီးဆုံးကုန်သွယ်ဖက် နိုင်ငံဖြစ်သကဲ့သို့ အာဆီယံ သည်လည်း တရုတ်နိုင်ငံ၏ တတိယအကြီးဆုံး ကုန်သွယ်ဖက်ဖြစ်နေပါကြောင်း၊ တရုတ်နိုင်ငံ က အာဆီယံ ဒေသကို  တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ပမာဏသည် သိသိသာသာတိုးတက် လာပါ ကြောင်း၊ ထိုသို့ မြင့်တက်လာခြင်းသည်  ကောင်းမွန်သည့် လက္ခဏာဖြစ်ပြီး ဆက်လက်ထိန်း သိမ်းသွားရန် လိုအပ်ပါကြောင်း၊ ၂ဝ၁ဝ ပြည့်နှစ်၌ အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်ရေး နယ်မြေကို စတင်ထူထောင်နိုင်ခဲ့ပြီး ကမ္ဘာပေါ်၌ လူဦးရေအများဆုံးနှင့် ပြည်တွင်း အသားတင် ထုတ်လုပ်မှုတန်ဖိုး တတိယအကြီးဆုံးရှိသည့် လွတ်လပ်သော     ကုန်သွယ်ရေး နယ်မြေတစ်ခု ဖြစ်လာခဲ့ပါကြောင်း။

အာဆီယံပေါင်းစည်းရေးနှင့် အာဆီယံအသိုက်အဝန်း တည်ဆောက်မှု၌ တရုတ်နိုင်ငံ၏ အားပေးထောက်ခံမှုကို များစွာကြိုဆိုပါကြောင်း၊ ၂ဝ၁၅ ခုနှစ်၌ အကောင်အထည်ပေါ် လာမည့် အာဆီယံ အသိုက်အဝန်းသည်  အာဆီယံနှင့် တရုတ်ပြည်သူများကို ပိုမိုရင်းနှီး စေမည် ဖြစ်ပါကြောင်း၊ အာဆီယံ-တရုတ် ဒေသ စီးပွားရေးဖွံ့ဖြိုးတိုးတက်ခြင်းသည် ဒေသတွင်း တည်ငြိမ်ရေးနှင့် အေးချမ်းသာယာရေးအတွက် အထောက်အကူပြုမည် ဖြစ်ပါကြောင်း။

မိမိတို့အနေဖြင့် ပြည်သူများအကြား ပိုမိုရင်းနှီးမှုရှိစေရေးအတွက် ပါလီမန်အမတ်များ၊ ပညာရှင်များ၊ ကျောင်းသားကျောင်းသူများ၊ လူငယ်များနှင့် အခြားသက်ဆိုင်သူများအကြား ပူးပေါင်း ဖလှယ်မှု တိုးမြှင့်သွားရန် လိုအပ်သည်ကိုလည်း ပြောကြားလိုပါကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံ ရေးကို ပြောရမည်ဆိုလျှင် မိမိအနေဖြင့် ရှိရင်းစွဲ ''ဆွေမျိုးပေါက်ဖော်''  ဆက်ဆံရေး တိုးတက်မှုအပေါ်  ကျေနပ်အားရသည်ကို  ပြောကြားလိုပါကြောင်း၊  တရုတ်နိုင်ငံသည်   မြန်မာနိုင်ငံ၏ အကြီးဆုံးရင်းနှီးမြှုပ်နှံသော နိုင်ငံဖြစ်ပြီး  အမေရိကန်ဒေါ်လာ  ၁၄ ဘီလီယံ တန်ဖိုး ရင်းနှီးမြှုပ်နှံထားပါကြောင်း၊၂ဝ၁၂ ခုနှစ်၌ မြန်မာ- တရုတ် နှစ်နိုင်ငံ စုစုပေါင်း ကုန်သွယ်မှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆ ဒသမ ၅  ဘီလီယံရှိသော်လည်း အာဆီယံ-တရုတ်  ကုန်သွယ်ရေး၌ မြန်မာနိုင်ငံ၏   ပါဝင်မှုအချိုးအစားသည်  တစ်ရာခိုင်နှုန်းကျော်သာ ရှိသည့်အတွက် ကုန်သွယ်ရေးမြှင့်တင်ရန် ဆက်လက်ကြိုးပမ်းကြရမည် ဖြစ်ပါကြောင်း။

၂ဝ၁၃ ခုနှစ် ဇူလိုင်လ၌ မြန်မာ- တရုတ် နှစ်နိုင်ငံ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း ဖွင့်လှစ်နိုင်ခဲ့ခြင်းသည် မြန်မာနှင့်တရုတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၏  ထူးခြား အောင်မြင်မှု တစ်ရပ်ဖြစ်ပါကြောင်း၊ အာဆီယံ- တရုတ် ကုန်စည်ပြပွဲသည် လယ်ယာ စိုက်ပျိုးရေး၊  စွမ်းအင်၊ ခရီးသွား လုပ်ငန်း၊ သိပ္ပံနှင့်  နည်းပညာ၊  လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူ့ကျန်းမာရေး ကဏ္ဍများ အစရှိသည့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ပေးနေပါကြောင်း၊  တရုတ်နိုင်ငံ သည် မိမိတို့၏ အိမ်နီးချင်းနိုင်ငံ ဖြစ်သည်နှင့်အညီ အစဉ်အလာအရ တည်ရှိသည့်      ခင်မင်ရင်းနှီးမှုကိုလည်း မိမိတို့ တန်ဖိုးထားပါကြောင်း။

လာမည့် ၂ဝ၁၄ ခုနှစ်၌ မြန်မာနိုင်ငံအနေဖြင့်  အာဆီယံဥက္ကဋ္ဌ တာဝန်ကို စတင်ထမ်းဆောင် ရမည် ဖြစ်ပါကြောင်း၊ ၂ဝ၁၅ ခုနှစ်၌ ပေါ်ထွက်လာမည့် အာဆီယံ အသိုက်အဝန်း  တည်ဆောက်ရေး အတွက် ၂ဝ၁၄ ခုနှစ်သည် ကြိုတင်ပြင်ဆင်သည့်  နောက်ဆုံးနှစ် ဖြစ်သည့် အတွက် အလွန်အရေးကြီးသော နှစ်တစ်နှစ် ဖြစ်ပါကြောင်း၊ မိမိတို့ အနေဖြင့် အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူချိန်၌ အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် တရုတ်နိုင်ငံအကြားရှိ မဟာဗျူဟာ  ဆက်ဆံ ရေးကို   ပိုမိုခိုင်မာစေရေးအတွက်  လုပ်ဆောင်သွားမည် ဖြစ်ပါကြောင်း၊  အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် တရုတ်နိုင်ငံအကြား ယဉ်ကျေးမှုဖလှယ်ရေး ပူးပေါင်းဆောင်ရွက်မှု များကိုလည်း  မိမိတို့ အာဆီယံဥက္ကဋ္ဌ တာဝန်ယူချိန်၌ ပိုမိုတိုးမြှင့်နိုင်ရန်  ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
-------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ လစဉ်ပြောကြားသည့် ရေဒီယိုမိန့်ခွန်း

 (၁-၉-၂ဝ၁၃)

မိဘပြည်သူများခင်ဗျား-
ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုမှတစ်ဆင့် အသိပေး ပြောကြားနေကျဖြစ်တဲ့အတိုင်း ယခုလည်း ဩဂုတ်လအတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုများကို ပြောကြားရခြင်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ လဆန်းပိုင်းက ကျွန်တော်ပြောကြားခဲ့သလို ကျွန်တော်တို့ အစိုးရတာဝန်ယူရမယ့် ငါးနှစ်တာကာလရဲ့ ပထမပိုင်းလို့ ဆိုရတဲ့ လပေါင်း(၃၀)မှာ ပြည်သူတွေရဲ့ အဓိကလိုအပ်ချက်နှစ်ခုဖြစ်တဲ့ တရားဥပဒေစိုးမိုးမှုရှိပြီး တည်ငြိမ်အေးချမ်းစွာ နေထိုင် လိုမှုနှင့် လူမှုစီးပွား ဘ၀ဖွံ့ဖြိုး တိုးတက်လိုမှုတွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အခြေခံ အုတ်မြစ်များကို ကြိုးစားချမှတ်ခဲ့ပါတယ်။

ဒီလို လိုအပ်တဲ့ အခြေခံအုတ်မြစ်တွေ ဖော်ဆောင်လာနိုင်တာနဲ့အမျှ ကျွန်တော်တို့ အစိုးရရဲ့ ကျန်ရှိနေသေးတဲ့ လပေါင်း (၃၀) ကာလမှာ ပြည်သူတွေရဲ့ စားဝတ်နေရေး အတွက် အခြေခံ လိုအပ်ချက်တွေကို အသားပေးပြီးသိသာထင်ရှားတဲ့ လူမှုစီးပွားရေး အကျိုးရလဒ်တွေ ခံစားလာနိုင်အောင် ထိထိရောက်ရောက် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ စားဝတ်နေရေး၊ လူမှုစီးပွားရေးအတွက် အဓိက လိုအပ်ချက်တွေဖြစ်တဲ့ သန့်ရှင်းတဲ့ သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိရေး၊ လျှပ်စစ်မီး ရရှိရေး၊ သတင်းဆက်သွယ်ရေးစနစ် တိုးတက်ကောင်းမွန်ရေး၊ အလုပ်အကိုင်ရရှိရေးနှင့် ပြည်သူအများစု မှီခိုနေရတဲ့ လယ်ယာ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးတို့ကို အထူးအလေးပေး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ လက်ရှိ အခြေအနေ အတွက်သာမက အနာဂတ်အတွက် အလွန်အရေးကြီးတဲ့ ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍတွေမှာလည်း အဓိကကျတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ယခုလ ရေဒီယိုကနေ ပြည်သူလူထုထံ ဆက်သွယ်ပြောကြားတဲ့ အစီအစဉ်မှာ ကျွန်တော့်အနေနဲ့ အထူးပြုပြောကြားလိုတဲ့ ကိစ္စကတော့ ရေရှည် တည်ဆောက်ရမယ့် အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်များပဲ ဖြစ်ပါတယ်။

အခုလက်ရှိ ကျွန်တော်တို့ အစိုးရလက်ထက်မှာ ပေါ်ပေါက်လာတဲ့ ပြုပြင်ပြောင်းလဲရေး များကို ဖြစ်ပေါ်စေတဲ့ နိုင်ငံရေးဖြစ်စဉ်ကို သုံးသပ်ကြည့်မယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ အာမခံချက်ရှိတဲ့ အရွေ့များကို တည်ဆောက်နိုင်ပြီလို့ သုံးသပ်နိုင်မှာဖြစ်ပါတယ်။ အုပ်ချုပ်ရေး မဏ္ဍိုင်နှင့် ဥပဒေပြုရေးမဏ္ဍိုင်တို့အကြား လတ်တလောဖြစ်ပွားနေတဲ့ နိုင်ငံရေး ပွတ်တိုက်မှုတွေဟာလည်း ပြုပြင်ပြောင်းလဲရေးကာလမှာ ကြုံတွေ့ရမယ့် သဘာဝကျတဲ့ ကိစ္စရပ်များပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ဘယ်သူမှန်တယ်၊ ဘယ်သူ မှားတယ်ဆိုတာ ပွတ်တိုက်မှုတွေကနေ သင်ခန်းစာများ ရယူသွားရမှာ ဖြစ်ပါတယ်။ အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ စည်းစနစ်တွေ၊ နည်းနာသစ်တွေ၊ ဆက်သွယ်ရေးပုံစံတွေနဲ့ ညှိနိုင်း အဖြေထုတ်ခြင်း ဆိုတာတွေ ဖြစ်ပေါ်လာအောင် ပုံစံချနိုင်ဖို့ဆိုတဲ့ ကိစ္စရပ်က ပိုအရေးကြီးတယ်လို့ ရှုမြင်ကြရမှာဖြစ်ပါတယ်။

ဒီလို ရှုမြင်နိုင်မှသာ ကျွန်တော်တို့တွေ ရယူပိုင်ဆိုင်လိုတဲ့ ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် ဥပဒေပြုရေး မဏ္ဍိုင်တို့ အကြား ကောင်းမွန်မှန်ကန်တဲ့ အပြန်အလှန် ထိန်းကျောင်းမှုတွေကို ခိုင်မာစေမှာပဲဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်အပါအဝင် လက်ရှိမြန်မာ့နိုင်ငံရေး ခေါင်းဆောင်များအနေနဲ့ နိုင်ငံရေး ပွတ်တိုက်မှုတွေကို နားလည် လက်ခံပေးပြီး ရေရှည်တည်ဆောက်ရေး သင်ခန်းစာများ ရယူကာ ဆွေးနွေးညှိနှိုင်းခြင်းတွေ၊ မျှတတဲ့ အပေးအယူ ပြုလုပ်ခြင်းတွေနဲ့ ခိုင်မာတဲ့ နိုင်ငံရေးဖြစ်စဉ်နဲ့ နိုင်ငံရေးယဉ်ကျေးမှုသစ် တည်ဆောက်ရေးတို့ကို ရည်သန် ထိန်းကျောင်းပေးဖို့ တိုက်တွန်းလိုပါတယ်။

ကျွန်တော်ပြောကြားခဲ့တဲ့ ဆွေးနွေးညှိနှိုင်းခြင်း၊ အပေးအယူလုပ်ခြင်းဆိုတဲ့ ကိစ္စတွေဟာ အလျှော့ပေး ညှိနှိုင်းဖို့ဆိုတာမျိုး မဟုတ်ပါဘူး။ မတူညီတဲ့သဘောထားတွေ ရှိကြပေမယ့်လည်း ခိုင်မာတဲ့ နိုင်ငံရေး အနာဂတ်တစ်ရပ် ပိုင်ဆိုင်နိုင်ဖို့၊ ရေရှည် တည်တံ့မယ့် နိုင်ငံရေးဖြစ်စဉ်တစ်ရပ် ပိုင်ဆိုင်နိုင်ဖို့အတွက် ကျယ်ပြန့်ခိုင်လုံတဲ့ စဉ်းစား တွေးခေါ်မှုတွေနဲ့ မှန်ကန်တဲ့ စိတ်စေနာတွေ၊ ဉာဏ်ပညာတွေ၊ စွမ်းအားတွေကို အသုံးပြုပြီး ပြည်သူလူထုအကျိုးကို ဖော်ဆောင်ပေးနိုင်မယ့် ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ဖို့အတွက် ပါဝင်ပတ်သက်တဲ့ ပုဂ္ဂိုလ်အသီးသီးကို တိုက်တွန်း နှိုးဆော်ခြင်းသာ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးမဏ္ဍိုင်ကို ကိုယ်စားပြုတဲ့ အစိုးရအနေနဲ့ သော်လည်းကောင်း၊ နိုင်ငံတော် တစ်ရပ်လုံးကို ဦးစီးဦးဆောင်ပြုနေရတဲ့ သမ္မတ တစ်ယောက်အနေနဲ့ သော်လည်းကောင်း၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများရဲ့ လွတ်လပ်ခွင့်နဲ့ လုပ်ဆောင်မှုများကို အသိအမှတ်ပြု ထိန်းကျောင်းသွားမှာ ဖြစ်သလို ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်များရဲ့ လွတ်လပ်ခွင့်နှင့် လုပ်ဆောင်မှု များကိုလည်း အစဉ်အလေးထား ပူးပေါင်း ဆောင်ရွက် သွားမယ်ဆိုတာ ပြောကြားလိုပါတယ်။ တရားဥပဒေစိုးမိုးရေးမှာ အရေးအကြီးဆုံးဖြစ်တဲ့ တရားစီရင်ရေးမဏ္ဍိုင်ကိုလည်း လွတ်လပ်ပြီး အားကောင်းခိုင်မာလာအောင် ကြိုးပမ်းဆောင်ရွက် သွားကြရမှာ ဖြစ်ပါတယ်။

ယခု လဆန်းပိုင်းက ကျင်းပခဲ့တဲ့ ၈၈ ခုနှစ် လူထုလှုပ်ရှားမှု နှစ်ဆယ့်ငါးနှစ်ပြည့် အခမ်းအနားဟာဆိုရင် ကျွန်တော်တို့ နိုင်ငံရေးသမိုင်းအတွက် အရေးကြီးတဲ့ သင်ခန်းစာများ ရယူနိုင်တဲ့ ကိစ္စရပ် တစ်ခုဖြစ်ပါတယ်။ ဒီလိုကျင်းပနိုင်ခြင်းဟာ မိမိတို့ နိုင်ငံရေးဖြစ်စဉ်မှာ ယခင်ကာလများက မရရှိဖူးသေးတဲ့ “သဘောထား မတူညီသူများ အတူလက်တွဲ လုပ်ဆောင်နိုင်တယ်” ဆိုတဲ့ နိုင်ငံရေး ယဉ်ကျေးမှုသစ် တစ်ရပ်ကို တက်လှမ်းနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဒီတက်လှမ်းနိုင်မှုကို ကျွန်တော့်အနေနဲ့ အသိအမှတ်ပြု  အလေးထားကြောင်းကိုလည်း တစ်ဆက်တည်း ပြောကြားလိုပါတယ်။

ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့အနေနဲ့ ခေတ်မီ လူ့အဖွဲ့အစည်းတစ်ရပ် ပိုင်ဆိုင်နိုင်ဖို့ဆိုရင် မတူညီတဲ့ သဘောထားတွေကို ငြိမ်းချမ်းတဲ့နည်းလမ်း၊ အကြမ်းမဖက်တဲ့ နည်းလမ်းများနဲ့ ဆွေးနွေးညှိနှိုင်းခြင်း၊ အပေးအယူလုပ်ခြင်း စတာတွေဟာ မဖြစ်မနေ ရှင်သန်ရမယ့် အင်္ဂါရပ်များဖြစ်တဲ့အတွက် အလေးထား လေ့ကျင့်ကြရမှာ ဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ အခိုင်အမာ ခံယူထားလို့ပဲဖြစ်ပါတယ်။ မတူညီတဲ့ ရပ်တည်ချက်ရှိတဲ့ ကျွန်တော်တို့နိုင်ငံသား အားလုံးဟာ အတူလက်တွဲ လုပ်ကိုင်နိုင်တဲ့ ယုံကြည်မှု အဆင့်အတန်းတစ်ခုကို  တည်ဆောက်နိုင်ဖို့ အမှန်တကယ် လိုအပ်သလို ယုံကြည်မှု တည်ဆောက်ခြင်းကိုလည်း လက်တွေ့ အကောင်အထည်ဖော် စမ်းသပ်ခြင်းဖြင့်သာ ရရှိနိုင်တယ်လို့ ယုံကြည်ထားပါတယ်။ ဒီပွဲကို စိုးရိမ်ပူပန်မှုတွေ ရှိခဲ့သော်လည်းပဲ မှန်ကန်တဲ့ နိုင်ငံရေး စေတနာတွေကြောင့် အေးချမ်းစွာ ကျင်းပပြီးစီး နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ လူ့အဖွဲ့အစည်း တစ်ရပ်လုံးအနေနဲ့ သမိုင်းသင်ခန်းစာတွေကို မေ့ပျောက်ပစ်ခြင်း မဟုတ်ဘဲ နာကျင်မှုတွေ၊ ဆုံးရှုံးမှုတွေ ခံစားခဲ့ရတဲ့ ခါးသီးတဲ့ အတွေ့အကြုံတွေ၊ သမိုင်းကြောင်းတွေထဲက ခွဲထွက်နိုင်မယ့် နိုင်ငံရေး ဖြစ်စဉ်သစ်တစ်ရပ် အစပြုနိုင်ခြင်းဆိုတဲ့ မျှော်လင့်ချက်ကို စတင်ပိုင်ဆိုင်လာပြီလို့ ဆိုရမှာဖြစ်ပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ ရရှိထားတဲ့ ဖြစ်ထွန်းမှုတွေ ဆက်လက်ရှင်သန်အောင် ဝိုင်းဝန်း ကြိုးစား ပေးကြပါလို့လည်း တိုက်တွန်းလိုပါတယ်။

ဩဂုတ်လ အတွင်းမှာ ရေကြီးနစ်မြှုပ်ခဲ့မှုတွေ ပေါ်ပေါက်ခဲ့တဲ့အတွက် ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေး လုပ်ငန်းတွေ၊ ပျက်စီးခဲ့ရတဲ့ လယ်ယာမြေများ ပြန်လည် စိုက်ပျိုးနိုင်ဖို့တွေကို တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများနှင့် ပူးပေါင်းပြီး ကြိုးပမ်း ဆောင်ရွက်ခဲ့ရပါတယ်။ မြန်မာနိုင်ငံရဲ့အချို့သော အပူပိုင်းဒေသတွေမှာ တွေ့ကြုံခဲ့ရတဲ့ မိုးခေါင်ရေရှားမှု ပြသနာတွေ သီးနှံ ပျက်စီးဆုံးရှုံးမှုတွေကိုလည်း ကြိုးစားဖြေရှင်းနေရပါတယ်။ ဒီလိုရေကြီးမှု၊ မိုးခေါင်ရေရှားမှု သဘာဝဘေးအန္တရာယ်တွေ ကို နောင်နှစ်တွေမှာ ဆိုးဆိုးရွားရွား မခံကြရအောင် လိုအပ်တဲ့ ကြိုတင်ကာကွယ်မှုတွေကို ပြင်ဆင်လုပ်ဆောင် သွားကြရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့အစိုးရအဖွဲ့ တာဝန်ယူမယ့် ကျန်ရှိတဲ့ လ(၃၀)မှာ ပြည်သူဗဟိုပြု ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့နဲ့ နိုင်ငံတော်သစ်ကို တည်ဆောက်တဲ့နေရာမှာ ပြည်သူတွေရဲ့ လိုအင်ဆန္ဒတွေ၊ အင်အားတွေနဲ့ အစိုးရရဲ့ လုပ်ဆောင်မှုတွေကို ဟန်ချက်ညီညီ ပေါင်းစည်းနိုင်ဖို့အတွက် မြို့မိမြို့ဖတွေ ပါဝင်ဖွဲ့စည်းထားတဲ့ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီတွေကို ပြုပြင်ပြောင်းလဲရေး ဦးဆောင် ကော်မတီအဖွဲ့ဝင် သက်ဆိုင်ရာဝန်ကြီးတွေက တိုင်းဒေသကြီး/ပြည်နယ်အသီးသီးသို့ ကွင်းဆင်းသွားရောက်ပြီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြတဲ့အပြင် ကြုံတွေ့နေရတဲ့ အခက်အခဲ ပြဿနာတွေကိုလည်း ညှိနိုင်း ဖြေရှင်းဆောင်ရွက်ပေးလျက် ရှိပါတယ်။

ကျွန်တော်တို့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ရဲ့ အဓိ ဦးစားပေး မူဝါဒတစ်ခုဖြစ်တဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကိုလည်း ပိုမို ထိရောက်စွာ  အကောင်အထည်ဖော်နိုင်ဖို့ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန ကို ပြောင်းလဲဖွဲစည်း ပေးခဲ့ပါတယ်။ ပြည်တွင်း အရပ်ဘက် လူ့အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ပူးပေါင်း အင်အားကို အကောင်းဆုံး ရယူနိုင်ဖို့ မူဘောင်တွေ၊ မဟာဗျူဟာတွေကို စတင်ချမှတ်နိုင်ပြီဖြစ်တဲ့အတွက် မကြာမီကာလမှာ လက်တွေ့ကျတဲ့ တိုးတက်မှုတွေ အသီးအပွင့်တွေကို ကျေးလက်နေ ပြည်သူများ ခံစားနိုင်တော့မှာ ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ကတော့ ကျွန်တော် တာဝန်ယူထားတဲ့ သက်တမ်းကာလ အတွင်းမှာ ပြည်တွင်းငြိမ်းချမ်းရေး ရရှိအောင်၊ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ ပိုမို တိုးတက် ကောင်းမွန်လာအောင် နောင်အနာဂတ် မျိုးဆက်သစ်တွေအတွက်ပါ ပိုမိုကောင်းမွန် ပြည့်စုံတဲ့ဘ၀တွေ ပိုင်ဆိုင် လာကြဖို့အတွက် ရေရာသေချာတဲ့ အနာဂတ်တစ်ခုကို ရှေးရှုပြီး တစိုက်မတ်မတ် ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားလိုပါတယ်။

လွှတ်တော်များ၊ အစိုးရ၊ တရားစီရင်ရေး အဖွဲ့အစည်းများ နိုင်ငံရေးပါတီများနှင့် နိုင်ငံရေး အင်အားစုများ၊ တပ်မတော်နဲ့ ပြည်သူလူထု တစ်ရပ်လုံးအနေနဲ့ လက်ရှိရရှိထားတဲ့ နိုင်ငံရေး ယဉ်ကျေးမှုသစ် စတင်နိုင်ခြင်း၊ လမ်းကြောင်းမှန်တဲ့ နိုင်ငံရေးအရွေ့၊ အာမခံချက် ရှိသည့် နိုင်ငံရေးဖြစ်စဉ်တွေကို အမှန်တကယ်ခိုင်မာတဲ့ အမျိုးသားရေး ဖြစ်စဉ်တစ်ရပ်အဖြစ် ရယူပိုင်ဆိုင်နိုင်ဖို့ဆိုရင် ကျွန်တော်တို့အနေနဲ့ ပြုပြင်ပြောင်းလဲရေးများ၊ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းစဉ်များ၊ မြန်မာ့လူ့အဖွဲ့အစည်း၏ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ခြင်းဆိုသည့် လူမှုတန်ဖိုးများ ပြန်လည် ဖော်ဆောင်ရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားကြရမှာ ဖြစ်ပါတယ်။ ဒီလိုကြိုးပမ်း ဆောင်ရွက်မှသာ မြန်မာ့ လူ့အဖွဲ့အစည်း အတွက် အရေးအကြီးဆုံးဖြစ်တဲ့ အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေးကို ရရှိမှာဖြစ်တဲ့အတွက် အားလုံး ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်သွားကြပါလို့ တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

မိဘပြည်သူများအားလုံး ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ။

 --------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နေပြည်တော်ကောင်စီနယ်မြေ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝ မြှင့်တင်ရေး အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော် သြဂုတ် ၁၉

ပဒေသာပင်ကတော့ ပေါက်လာစရာ အကြောင်းမရှိပါကြောင်း၊ ကိုယ့်အားကိုယ်ကိုးပြီး အလုပ်လုပ်ကြမှဝမ်းဝ၊ ခါးလှကြမည်ဖြစ်ပါကြောင်း၊ အလုပ်မလုပ်ဘဲ ရေသာခို အချောင်လိုက် စားနေကြလျှင် တစ်နေ့တွင် ဆင်းရဲမွဲတေမှုဖြင့်သာ ပြန်ပြီး သံသရာလည် နေကြရအုံးမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် အလုပ်လုပ်ကြရန် လိုပါကြောင်း၊ ဥပဒေနှင့် ညီညွတ်သော မည်သည့်အလုပ်မဆို ရှက်စရာ၊ ကြောက်စရာမရှိပါကြောင်း၊ ဂုဏ်ရှိပါကြောင်း” ဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ယနေ့နံနက်ပိုင်းတွင် ကျင်းပသည့် နေပြည်တော် ကောင်စီနယ်မြေ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်ရေး အခမ်းအနားတွင် ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားတွင် နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်ရေးရာ ကော်မတီဝင်များ၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများ၊ နေပြည်တော် ကောင်စီနယ်မြေ အတွင်းရှိ သမဝါယမအသင်းများမှ ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများ တက်ရောက် ကြသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတက အမှာစကားပြောကြားရာ၌ ယနေ့ကျင်းပသည့် အခမ်းအနားမှာ နေပြည်တော်ကောင်စီမြို့နယ် (၈) မြို့နယ်တို့မှ သမဝါယမအသင်းများအား မြို့နယ်အလိုက် ငွေကြေးအရင်းအနှီးများ မတည်ရင်းနှီးငွေအဖြစ် ထုတ်ချေးပေးအပ်မည့် အခမ်းအနား ဖြစ်ပါကြောင်း။

နေပြည်တော်ကောင်စီမြို့နယ် (၈) မြို့နယ်အတွက် ငွေကြေးအရင်းအနှီး ချေးငွေ ကျပ် ၇၂၀၆ ဒသမ ၇ သိန်း အပြင် လက်တွန်းထွန်စက်၊ ထွန်စက်၊ ထော်လာဂျီ၊ ထရပ်ကား၊ အင်ဂျင်၊ မီးစက်၊ ရေစုပ်စက်၊ သုံးဘီးဆိုင်ကယ်၊ ပရိုဘောက်တက္ကစီကား၊ အပ်ချုပ်စက်၊ ဆိုက္ကားနှင့် မော်တော်ဆိုင်ကယ် စသည့် ပစ္စည်းတန်ဖိုး အပါအဝင် ကျပ်သိန်းပေါင်း ၁၂၅၈၂ ဒသမ ၄၅ သိန်း ထုတ်ချေးပေးအပ်သွားမည် ဖြစ်ပါကြောင်း။

ယင်း ငွေကြေးနှင့်ပစ္စည်းများကို သမဝါယမဝန်ကြီးဌာန အစီအစဉ်ဖြင့် ထုတ်ချေးပေးအပ်ခြင်း ဖြစ်ပါကြောင်း။ ရည်ရွယ်ချက်မှာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု  လျှော့ချရေး လုပ်ငန်းစဉ် (၈)ရပ်အနက် သမဝါယမဝန်ကြီးဌာန၏ လုပ်ငန်းများကို ဆင်းရဲနွမ်းပါးသူများ အတွက် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း။

မိမိတို့နိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အခြေခံကောင်းများ ရှိနေသော်လည်း ယနေ့ ဆင်းရဲနွမ်းပါးမှုနှုန်း များနေ ပါကြောင်း။ လူဦးရေ၏ (၇၀) ရာခိုင်နှုန်းခန့်သည် ကျေးလက်တွင် နေထိုင်ကြပြီး ယင်းကျေးလက်နေပြည်သူများသည် ဆင်းရဲနွမ်းပါးမှု အများဆုံး ဖြစ်ကြပါကြောင်း၊ အဓိက အလုပ်အကိုင်မှာ လယ်ယာလုပ်ငန်းဖြစ်ပြီး လက်လုပ်လက်စားသမား အချို့သည်လည်း ယင်းလယ်ယာလုပ်ငန်းပေါ်တွင် မှီခိုအားထားနေရခြင်း ဖြစ်ပါကြောင်း။

လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှသာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မည် ဖြစ်သည့်အတွက် လက်ရှိ အခြေအနေတွင် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် အလေးထား ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် အတွက် သမားရိုးကျ အတိုင်း စိုက်ပျိုးထုတ်လုပ်ရာမှ စက်မှုလယ်ယာသို့ ပြောင်းလဲစိုက်ပျိုး ထုတ်လုပ်မှသာ တောင်သူ လယ်သမားများအတွက် ဝမ်းစာဖူလုံရုံသာမက ပိုလျှံပြီး ဝင်ငွေလည်း တိုးပွားလာမည် ဖြစ်ပါကြောင်း၊ စိုက်ပျိုးခြင်း၊ ကြိတ်ခွဲခြင်း၊ ဈေးကွက်သို့ သယ်ပို့ရောင်းချခြင်း အဆင့်အထိ Supply Chain တစ်ခုလုံး အချိတ်အဆက်မိမိ ဆောင်ရွက်နိုင်ရန် အတွက် လယ်သမား တစ်ဦးတည်းဖြင့် မရနိုင်တော့ဘဲ ယင်းလုပ်ငန်းများကို  သမဝါယမအသင်းများ ဖွဲ့စည်းပြီး တာဝန်ယူ ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

ဒါကြောင့် သမဝါယမအသင်းများသည် တောင်သူလယ်သမားများကို ငွေထုတ်ချေးပေးရုံ သက်သက်သာ မဟုတ်ဘဲ ကြိတ်ခွဲရောင်းချသည့် အဆင့်အထိ စီမံဆောင်ရွက်ပေးသွားရန် လိုအပ်ပါကြောင်း၊ သို့မှသာ တောင်သူလယ်သမားများဘဝ အဆင်ပြေမည် ဖြစ်ပြီး ဝင်ငွေလည်း တိုးပွားလာမည် ဖြစ်ပါကြောင်း။

တောင်သူလယ်သမားများ အနေဖြင့် စပါးတစ်သီး သို့မဟုတ် ပဲတစ်သီး စိုက်ပျိုး ထုတ်လုပ်ချိန်မှာ ရောင်းတန်းဝင်သည်အထိ အနည်းဆုံး (၃) လမှ (၅) လ အထိ ကြာမြင့် ပါကြောင်း၊ စပါးမရောင်းရသေးမီ ကာလအတွင်း နေ့စဉ် စားဝတ်နေရေး အတွက် နေ့စဉ် ဝင်ငွေ ရနိုင်သည့် မွေးမြူရေး လုပ်ငန်းကိုပါ တွဲဖက် လုပ်ကိုင်ကြရန် လိုပါကြောင်း၊ ကြက်၊ ဝက်၊ ဘဲ၊ နို့စားနွား စသည်အားဖြင့် မွေးမြူပါက နေ့စဉ်ဝင်ငွေ ရနိုင်သည့်အပြင် စိုက်ပျိုးရေးနှင့် မွေးမြူရေးသည် အပြန်အလှန် အကျိုးပြုသည့်အတွက် ဘက်စုံစိုက်ပျိုး မွေးမြူရေးကို မဖြစ်မနေ တွဲဖက်လုပ်ဆောင်သင့်ပါကြောင်း၊ သို့မှသာ ငွေပိုငွေလျှံ ရလာနိုင်ပြီး သားသမီးများ ပညာသင်ကြားနိုင်ရေး၊ နေထိုင်မကောင်းသည့်အခါ ဆေးဝါးကုသနိုင်ရေး စသည်တို့ကို မကြောင့်မကျဘဲ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း။

တောင်သူလယ်သမားများအတွက် ဘက်စုံ စိုက်ပျိုးမွေးမြူနိုင်ဖို့ အရင်းအနှီး လိုပါကြောင်း၊ နိုင်ငံတော်အစိုးရက ထုတ်ချေးပေးနိုင် သည့် ကျပ်ငွေ (၁) သိန်းနှင့် ဘယ်လိုမျှ မလောက်ငှ နိုင်ဘူးဆိုသည်ကို မိမိတို့ သိပါကြောင်း၊ ထို့ကြောင့် လယ်ကွင်းများကို ပြုပြင်ရန်၊ ဆည်ရေ ရသည့်အခါမျိုးတွင် (၃) သီး စိုက်နိုင်အောင် ရေထုတ်ရေသွင်းစနစ်များ လုပ်ရန်နှင့် လယ်ယာ ပေါင်နှံခွင့် ရအောင် လယ်ယာပိုင်ဆိုင်ခွင့် မှတ်ပုံတင်များ လုပ်ကြရန် မိမိတို့ တိုက်တွန်းနေခြင်း ဖြစ်ပါကြောင်း။

ယခုဆိုလျှင် နေပြည်တော် (၈) မြို့နယ်အားလုံး လယ်ယာမှတ်ပုံတင် ကိစ္စပြီးသွားပြီ ဖြစ်ပါကြောင်း၊ မှတ်ပုံတင်လုပ်ပေးခြင်းသည် အိမ်ဂရန် လုပ်ပေးသကဲ့သို့ လိုင်စင် မရှိသော ကားတစ်စီးအား လိုင်စင် ပေးသကဲ့သို့ ပိုင်ဆိုင်ခွင့် လုပ်ပေးလိုက်ခြင်း ဖြစ်ပါကြောင်း၊ ပေါင်နှံလို့ ရသွားပြီ ဖြစ်ပါကြောင်း၊ သားစဉ်မြေးဆက် အမွေလွှဲပြောင်းပေး၍ ရသွားပြီ ဖြစ်ပါကြောင်း၊ ဘဏ်တွင် ပေါင်နှံပြီး ငွေချေးလို့ ရသွားပြီ ဖြစ်ပါကြောင်း၊ ထို့ကြောင့် အမတော်ကြေး အစား ဘဏ်များမှ တစ်ဆင့် စိုက်စရိတ် /မွေးမြူစရိတ်များ လုံလောက်အောင် ချေးငှားယူသည့် စနစ်ဖြင့် ကျင့်သုံးသွားမည် ဖြစ်ပါကြောင်း။

တိုင်းပြည်မှာ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများနှင့် လေယာဉ်ကွင်းကြီးများ၊ အလုပ်ရုံ စက်ရုံများ၊ စက်မှုဇုန်များ၊ အသေးစား အလတ်စား စက်မှုလုပ်ငန်းများ ထူထောင်နိုင်ရန် အတွက် မိမိတို့ ကြိုးစားဆောင်ရွက်နေပါကြောင်း၊ ထိုစက်ရုံ အလုပ်ရုံ၊ စက်မှုဇုန်များ ပေါ်ပေါက်လာသည်နှင့်အမျှ ကျေးလက်နေ ပြည်သူအချို့သည့် အလုပ်ရုံ စက်ရုံများရှိရာ မြို့ကြီး များသို့ ပြောင်းရွှေ့နေထိုင်ပြီး အလုပ်လုပ်ကြမည်ဖြစ်သည့်အတွက် လယ်ယာ လုပ်သား ရှားပါးလာမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် လယ်ယာလုပ်သားများ နေရာတွင် စက်များဖြင့် ထွန်ယက်စိုက်ပျိုး၊ ရိတ်သိမ်း ခြွေလှေ့ကြရမည် ဖြစ်သည့်အတွက် စက်မှုလယ်ယာစနစ်ကို မလွဲမသွေ ကူးပြောင်းကြရမည် ဖြစ်ပါကြောင်း။

ဤနေရာတွင် ထွန်စက်ကြီးများ၊ ကောက်စိုက်စက်များ၊ ကောက်ရိတ်စက်၊ ကွန်ဘိုင်ဟာဗက် စသည်တို့ ခြွေလှေ့စက်၊ အခြောက်ခံစက်များ လိုအပ်လာမည် ဖြစ်ပါကြောင်း၊ ထိုစက်များသည် တန်ဖိုးကြီးမားသည့်အတွက် တောင်သူလယ်သမား တစ်ဦးချင်းဝယ်ရန် အလွန်ခက်ခဲ ပါကြောင်း၊ ထို့ကြောင့် လယ်ဧက ငါးရာ တစ်ထောင် တစ်ဆက်တစ်စပ်တည်း ရှိနေသော ကျေးရွာစုများတွင် ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင်များနှင့် ပူးပေါင်းပြီး လယ်ယာကုန်ထုတ် သမအသင်းများ ထူတောင်ရမည် ဖြစ်ပါကြောင်း၊ ယင်းအသင်းများ ဖြစ်ပေါ်လာလျှင် ပြည်တွင်း ပြည်ပမှ ချေးငွေ၊ ထောက်ပံ့ငွေ များဖြင့် လယ်ယာသုံးစက်ပစ္စည်းများကို ဝယ်ယူ ဖြည့်တင်းပြီး တောင်သူလယ်သမားများကို အငှားလိုက်စနစ်ဖြင့် ထွန်ယက်စိုက်ပျိုး၊ ရိတ်သိမ်းခြွေလှေ့ ပေးနိုင်မည် ဖြစ်ပါကြောင်း။

လက်တွေ့ စမ်းသပ်ချက်အရ စက်များဖြင့် ထွန်ယက်၊ စိုက်ပျိုး၊ ရိတ်သိမ်းရာတွင် လူဖြင့် ထွန်ယက် စိုက်ပျိုးရိတ်သိမ်းခြင်းထက် အချိန်များစွာ သက်သာပြီး ကုန်ကျစရိတ်နှင့် အလေအလွင့်များစွာ သက်သာသွားသည်ကို တွေ့ရှိရပါကြောင်း၊ အချိန် သက်သာသည်နှင့် အမျှ ပိုလျှံသည့် အချိန်များတွင် ကြက်၊ ဝက်၊ ဘဲ၊ နို့စားနွား စသည်တို့ကို အချိန်ပေးပြီး မွေးမြူနိုင်ပါကြောင်း၊ ထိုသို့ မွေးမြူနိုင်သည့်အတွက် စပါးမပေါ်မီ နေ့စဉ်စားသုံးရန်အတွက် နေ့စဉ်ဝင်ငွေ ရရှိစေပါကြောင်း၊ မပျင်းမရိဘဲ စိုက်ပျိုးမွေးမြူ လုပ်ကိုင်မည်ဆိုလျှင် မိသားစု တစ်စုလုံး အလုပ်အကိုင် ရရှိနိုင်သည့်အပြင် စားဝတ်နေရေးအတွက် ပြည့်စုံဖူလုံနိုင်ပါကြောင်း။

ကျေးလက်ဒေသများမှာ သာမက မြို့ပေါ်ရပ်ကွက်များမှာပါ အောက်ခြေဝန်ထမ်းများ အပါအဝင် ဆင်းရဲနွမ်းပါးသူ အချို့သည် ငွေကြေး အရင်းအနှီး မရှိကြသည့်အတွက် တက္ကစီ အငှားမောင်းနေရသူများ၊ ဆိုက္ကား၊ မော်တော်ဆိုင်ကယ် အငှားနင်းနေရသူများ၊ အပ်ချုပ်စက် ငှားပြီး အငှားချုပ်နေကြရသည့် စက်ချုပ်သမများ ရှိနေပါကြောင်း၊ တစ်နေ့စာ တစ်နေ့ ရှာဖွေ စားနေရပြီး မိမိတို့ ပင်ပန်းကြီးစွာ ရှာဖွေရရှိသည့် ငွေကြေး အချို့အဝက်ကို ပိုင်ရှင်အား နေ့စဉ် ပေးအပ်နေရသည့် အတွက် ငွေပိုငွေလျှံ မကျန်ရှိတော့ဘဲ သားသမီးများ ကျောင်းထားရန်၊ နေထိုင်မကောင်း ဖြစ်သည့် အခါ ဆေးဝါးကုသရန်ပင် အခက်အခဲနှင့် ကြုံတွေ့နေရခြင်းများ ရှိနေပါကြောင်း။

ထို့ကြောင့် သမဝါယမဝန်ကြီးဌာန အနေဖြင့် အောက်ခြေဝန်ထမ်းတွေ အပါအဝင် လိုအပ်နေသော ငွေကြေးအရင်းအနှီးအတွက် ထုတ်ချေးပေးပြီး အချိန်တိုအတွင်း ကားပိုင်၊ ဆိုက္ကားပိုင်၊ မော်တော်ဆိုင်ကယ်ပိုင်၊ အပ်ချုပ်စက်ပိုင်ရှင်များ ဖြစ်လာအောင် စီမံဆောင်ရွက် ပေးနေပါကြောင်း၊ နိုင်ငံတော်၏ စေတနာကို တန်ဖိုးထားပြီး ရိုးရိုးသားသား၊ ကြိုးကြိုး စားစားဖြင့် ရှာဖွေ လုပ်ကိုင်ကြပြီး မိမိတို့ ချေးငွေများကိုလည်း မှန်မှန်ကန်ကန် ပြန်လည် ပေးဆပ်ကာ ပိုင်ရှင်များဖြစ်အောင် မိမိတို့၏ဘဝကို ဖန်တီးယူကြရမည် ဖြစ်ပါကြောင်း။

မိမိတို့နိုင်ငံတွင် ကျေးရွာပေါင်း (၆၄,၀၀၀) ကျော်ရှိပါကြောင်း၊ ကျေးလက်ဒေသများတွင် လမ်းပန်း ဆက်သွယ်မှု ကောင်းမွန်ရေး၊ ရေကောင်းရေသန့်ရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေး မြင့်တက်လာအောင် ပြည်တွင်းပြည်ပ အကူအညီများ ရယူပြီး မိမိတို့ ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ ကျေးရွာများ ဖွံ့ဖြိုး တိုးတက်ရန်အတွက် လူထုက ရွေးချယ်တင်မြှောက်ထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများ တော်ရန်ကောင်းရန် အရေးကြီး ပါကြောင်း၊ ရှေးဦးစွာ ကျေးရွာများတွင် တရားဥပဒေ စိုးမိုးအောင်၊ လောင်းကစား ဝိုင်းများ၊ အရက်ပုန်းချက်လုပ်ခြင်းများ၊ ချဲထီဒိုင်များ၊ မူးယစ်ဆေးဝါးများ မရှိအောင် ထိထိ ရောက်ရောက်လုပ်ရမည် ဖြစ်ပါကြောင်း၊ သို့မှသာ ရာဇဝတ်မှု၊ မုဒိမ်းမှု၊ လုယက်မှု၊ ခိုးမှုများ ကင်းစင်ပြီး တရားဥပဒေစိုးမိုးသည့် ကျေးရွာများ ဖြစ်လာပြီး စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးများ တိုးတက်အောင်လုပ်၍ရမည် ဖြစ်ပါကြောင်း၊ တည်ငြိမ်အေးချမ်းမှု မရှိဘဲ၊ တရားဥပဒေစိုးမိုးမှု မရှိဘဲ၊ စည်းလုံးညီညွတ်မှု မရှိဘဲ ဘယ်လိုမျှ တိုးတက်လာနိုင်မည် မဟုတ်ပါကြောင်း၊ ရာထူးဆိုသည်မှာ အာဏာပြရန် မဟုတ်ပါကြောင်း၊ အဖွဲ့အစည်းတစ်ခု တိုးတက်လာအောင် ဦးဆောင်မှုပေးရန်အတွက် ပေးအပ်ထားခြင်း ဖြစ်ပါကြောင်း။

ယခုအခါ ပြည်သူကို ဗဟိုပြုသည့် အုပ်ချုပ်ရေးစနစ် ကျင့်သုံးနေပါကြောင်း၊ မြို့နယ်၊ ကျေးရွာများတွင် မြို့နယ် အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့အပြင် မြို့နယ်ကျေးရွာ ပူးပေါင်းဆောင်ရွက်ရေး အကျိုးဆောင်ကော်မတီကို မြို့မိမြို့ဖ၊ ရပ်မိရပ်ဖများဖြင့် ဖွဲ့စည်းထား သော အဖွဲ့များ၊ မြို့နယ်မှ ရွေးချယ်သည့် စည်ပင်အဖွဲ့များ ရှိနေကြပြီ ဖြစ်ပါကြောင်း၊ ထို့ပြင် မြို့နယ်များတွင် မြို့နယ်မှ ရွေးပေးထားသည့် လွှတ်တော်ကိုယ်စားလှယ်များလည်း ရှိနေ ပါကြောင်း၊ ထိုအဖွဲ့အစည်း၊ ထိုပုဂ္ဂိုလ်များသည် ကိုယ့်မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ညှိညှိနှိုင်းနှိုင်း၊ တိုင်တိုင်ပင်ပင်ဖြင့် စည်းစည်းလုံးလုံး လုပ်ကိုင်ကြမည် ဆိုလျှင် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများသည် တဟုန်ထိုး ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ မိမိတို့ ပြည်ထောင်စုအစိုးရအဖွဲ့ကရော၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ ကပါ ကူညီနိုင်သည်များ၊ ဖြည့်ဆည်းပေး နိုင်သည်များကို ကူညီဖြည့်ဆည်းပေးရန် အသင့်ရှိနေ ပါကြောင်း၊ ဥစ္စာရင်လို ဥစ္စာရင်ခဲ ဆိုသကဲ့သို့ ကိုယ့်မြို့နယ်၊ ကိုယ့်ရပ်ကွက်၊ ကိုယ့်ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ကိုယ်ကိုယ်တိုင် အရင်လုပ်ကိုင်ပြကြရမည် ဖြစ်ပါကြောင်း၊ လက်သည်ကိုချည်း အားကိုးနေ၍ မရဘဲ ကိုယ့်အားကိုယ်ကိုးပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ကြရမည် ဖြစ်ပါကြောင်း။

နိဂုံးချုပ်အနေဖြင့် ကျေးရွာများ ဖွံ့ဖြိုးတိုးတက်မှ မြို့နယ်များ ဖွံ့ဖြိုးတိုးတက်မည် မြို့နယ်များ ဖွံ့ဖြိုးတိုးတက်မှလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်များ ဖွံ့ဖြိုးတိုးတက်ပြီး တစ်တိုင်းပြည်လုံး ဖွံ့ဖြိုးတိုးတက်မည် ဖြစ်ပါကြောင်း၊ မိမိနိုင်ငံမှာ ဖွံ့ဖြိုး တိုးတက်နိုင်သည့် အလားအလာကောင်း များ ရှိနေပါကြောင်း၊ လူတစ်ဦးချင်းစီ အလုပ်ကို ကြိုးစားလုပ်ကိုင်ကြပြီး စည်းစည်း လုံးလုံး၊ ညီညီညွတ်ညွတ်ဖြင့် လုပ်ကြကိုင်ကြမည်ဆိုလျှင် အမြန်ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း ဖြင့်ပြောကြားသည်။
-------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတရုံး၊ ခန်းမဆောင်ကြီး၌ ကျင်းပသော နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ မိန့်ခွန်းနာခံခြင်းနှင့် ကတိသစ္စာပြုခြင်း အခမ်းအနားတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန် မြွက်ကြားသည့် မိန့်ခွန်း


(၁၄-၈-၂၀၁၃)

အားလုံးမင်္ဂလာအပေါင်းနဲ့ ပြည်စုံကြပါစေ
ဒီကနေ့ အခမ်းအနားဟာ အသစ်ခန့်အပ်တဲ့ ပြည်ထောင်စုအဆင့် ဒုတိယဝန်ကြီးများ ကတိသစ္စာ ခံယူတဲ့ အခမ်းအနားဖြစ်ပါတယ်။ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများဟာလည်း ပြည်ထောင်စုအဆင့် ဒုတိယဝန်ကြီးအဆင့်များ ဖြစ်တဲ့အတွက် ဒီကနေ့အခမ်းအနားမှာ ပါဝင်ကြပါတယ်။

ကတိသစ္စာပြုရာမှာ အဓိကအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့၊ တည်ဆဲဥပဒေများကို လေးစားလိုက်နာဖို့နဲ့ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ် စောင့်ရှောက်ဖို့ အတွက် ကတိကဝတ်ပြုခြင်း ဖြစ်ပါတယ်။ မင်းမှာသစ္စာ၊ လူမှာကတိ ဆိုတဲ့အတိုင်း အများရှေ့မှောက်မှာ မိမိတို့ပြုခဲ့ကြတဲ့ ကတိသစ္စာကို မကျိုး မပေါက်အောင် ထိန်းသိမ်း သွားကြဖို့လိုအပ်ပါတယ်။

ယခုလို ပြည်ထောင်စုအဆင့် ဒုတိယဝန်ကြီးတွေ ခန့်အပ်ခြင်းခံရတဲ့အတွက် မိမိအနေနဲ့ ဝမ်းသာဂုဏ်ယူပါကြောင်း ပြောကြားလိုပါတယ်။ မိမိတို့ရဲ့ အစိုးရအဖွဲ့အတွင်းမှာ လုပ်ဖော် ကိုင်ဘက်တွေ ယခုလို တိုးပွားလာတဲ့အတွက် မိမိတို့အစိုးရအဖွဲ့ရဲ့ လုပ်ငန်း တာဝန်တွေကို ပိုပြီးထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။ မိမိတို့ရဲ့ ရိုးသားမှု၊ ကြိုးစားမှုတို့ကြောင့် ယခုကဲ့သို့ ဒုတိယဝန်ကြီးများအဖြစ် ခန့်အပ်ခံရခြင်း ဖြစ်ပါတယ်။ ရာထူးတိုးမြှင့် ခန့်အပ်ခြင်း ခံရခြင်းနှင့်အတူ တာဝန်တွေ ကိုလည်း တိုးမြှင့်ယူကြရမှာ ဖြစ်ပါတယ်။ တာဝန်ဆိုရာမှာ နိုင်ငံ့တာဝန်၊ မိမိတို့ ဝန်ကြီးဌာနရဲ့ တာဝန်တွေအပြင် တစ်ဦးချင်းလိုက်နာစောင့်ထိန်းရမယ့် တာဝန်တွေ ဖြစ်ပါတယ်။

နိုင်ငံ့တာဝန်ဆိုရာမှာ ပြည်ထောင်စုကြီး ပြိုကွဲပျက်စီးမသွားအောင်၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုပြိုကွဲပြီး ပြည်ထောင်စုကြီး ဖရိုဖရဲဖြစ်မသွားရအောင်နဲ့ အချုပ်အခြာ အာဏာဆုံးရှုံးပြီး သူတစ်ပါးကျွန် ဖြစ်မသွားရအောင် ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ရမယ့် တာဝန်ဖြစ်ပါတယ်။ အမှန်တော့ ဒီတာဝန်တွေဟာ နိုင်ငံသားအားလုံး လိုက်နာစောင့်ထိန်း ကြရမယ့် အမျိုးသားရေးတာဝန်လည်း ဖြစ်ပါတယ်။

 မိမိတို့ ဝန်ကြီးဌာနရဲ့ တာဝန်ဆိုတာဟာ တကယ်တော့ နိုင်ငံတော်အစိုးရရဲ့ တာဝန် ဖြစ်ပါတယ်။ ဝန်ကြီးဌာန အသီးသီးဟာ နိုင်ငံတော်အစိုးရရဲ့ တာဝန်တွေကို ကဏ္ဍအလိုက် ခွဲဝေပြီး တာဝန်ပေးထားမှုအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေကြရခြင်း ဖြစ်ပါတယ်။

နိုင်ငံတော်အစိုးရရဲ့ တာဝန်တွေကို ခွဲဝေတာဝန်ယူပြီး အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံတော်အစိုးရရဲ့ ရည်ရွယ်ချက်တွေ၊ ရည်မှန်းချက်တွေနဲ့ မူဝါဒတွေကို ဦးစွာသိရှိထားဖို့ လိုအပ်ပါတယ်။ ဒီကနေ့ နိုင်ငံတော်ရဲ့ လူဦးရေဟာ အကြမ်းဖျင်းအားဖြင့် သန်း (၆၀) ခန့် ရှိပါတယ်။ လူတစ်ဦးချင်းစီရဲ့ ဆန္ဒတွေဟာ အမျိုးမျိုး ရှိကြမှာ ဖြစ်သော်လည်း တူညီတဲ့ဆန္ဒကို စုစည်းလိုက်ရင် အဓိကကျတဲ့ တူညီတဲ့ ဆန္ဒနှစ်ခုကို တွေ့ရှိရမှာ ဖြစ်ပါတယ်။

အဲဒီဆန္ဒနှစ်ခုအနက် တစ်ခုကတော့ ကျွန်တော်တို့ ပြည်သူတွေဟာ ကျွန်တော်တို့ တိုင်းပြည်ကို တည်ငြိမ်အေးချမ်းပြီး တရားဥပဒေ စိုးမိုးတဲ့တိုင်းပြည် ဖြစ်လိုကြပါတယ်။ ကျန်တဲ့ တစ်ခုကတော့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လိုကြပါတယ်။ ကျွန်တော်တို့ဟာ ပြည်သူရွေးချယ်တဲ့ အစိုးရ ဖြစ်တာနဲ့အညီ ပြည်သူရဲ့ ဆန္ဒဟာ ကျွန်တော်တို့ အစိုးရရဲ့ ရည်ရွယ်ချက်ဖြစ်ပြီး ဒီဆန္ဒတွေအောင်မြင်အောင် ဆောင်ရွက်ပေးရေးဟာ ကျွန်တော်တို့ရဲ့ ရည်မှန်းချက် ဖြစ်ပါတယ်။

ကျွန်တော်တို့ ဘာတွေလုပ်ကြရလဲဆိုရင် တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး တရားဥပဒေ စိုးမိုးတဲ့ နိုင်ငံဖြစ်ဖို့အတွက် နိုင်ငံရေး တည်ငြိမ်အောင် လုပ်ရပါမယ်။ နှစ်ပေါင်း (၆၀) ကျော် ရှည်ကြာခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းအောင် ကြိုးပမ်းဆောင်ရွက်ရပါမယ်။

တစ်ချိန်တည်းမှာပဲ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူတွေ စားဝတ်နေရေး တွေ အဆင်ပြေပြီး ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ဖို့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အဆင့်အတန်းတွေ မြင့်မားလာစေဖို့နဲ့ တိုင်းပြည် ကြွယ်ဝချမ်းသာအောင် စီးပွားရေး မြှင့်တင်နိုင်ဖို့ လုပ်ငန်းတွေကို လုပ်ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့အစိုးရ တက်လာလာချင်း နိုင်ငံရေးတည်ငြိမ်စေဖို့အတွက် ကျွန်တော်တို့ရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်မှာ ပြည်သူအားလုံး ပါဝင်လာအောင် ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ ပါတီတွေ ထူထောင်နိုင်ခွင့်၊ အသင်းအဖွဲ့တွေ ဖွဲ့စည်းနိုင်ခွင့်၊ လွတ်လပ်စွာ ဟောပြောဆွေးနွေး ထုတ်ဖော်ခွင့်၊ စာပေလွတ်လပ်ခွင့် စတာတွေကို ဥပဒေများ ထုတ်ပြန်ပြီး ဆောင်ရွက်ခွင့်ပေးခဲ့တဲ့အပြင် အကျဉ်းသားပေါင်းများစွာကိုလည်း ဒီအခွင့်အရေးတွေ ရရှိအောင် လွှတ်ပေးခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ နှစ်ပေါင်းရှည်ကြာစွာ နာတာရှည်ရောဂါလို အမြစ်တွယ်နေတဲ့ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းအောင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအား ငြိမ်းချမ်းရေးဆောင်ရွက်ရန် ဖိတ်ခေါ်ကမ်းလှမ်းခဲ့ပါတယ်။ ငြိမ်းချမ်းရေးဆောင်ရွက်ရာမှာ အဆင့် (၃) ဆင့်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအစိုးရအဆင့်နဲ့ လွှတ်တော်ကိုတင်ပြပြီိး လွှတ်တော်က ဖွဲ့စည်းပေးမည့်အဖွဲ့နဲ့ ဆွေးနွေးတဲ့ အဆင့်ဆိုပြီး သတ်မှတ်ဆောင်ရွက်ခဲ့ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနဲ့ ပထမ ထိတွေ့နိုင်အောင်၊ ထိတွေ့တဲ့အဆင့်ကနေပြီး စကား ပြောနိုင်အောင်၊ စကားပြောကြည့်တဲ့ အဆင့်ကနေပြီး စားပွဲမှာထိုင်ပြီး ဆွေးနွေးနိုင်အောင် အဆင့်ဆင့် ကြိုးပမ်း ဆောင်ရွက်ရ ပါတယ်။

ဒီကနေ့ စားပွဲမှာ ထိတွေ့ဆွေးနွေးရာမှ တူညီတဲ့အချက်တွေကို လက်တွဲပူးပေါင်းလုပ်မယ်၊ မတူညီတာတွေကို စားပွဲမှာပဲ တဖြည်းဖြည်း ညှိနှိုင်းဆွေးနွေးယူမယ် ဆိုတဲ့ နိုင်ငံရေး ပုံစံသစ် တစ်ရပ်ကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ ယခုအခါမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၃) ဖွဲ့နဲ့ ပြည်ထောင်စုအစိုးရအဆင့်မှာ ထိတွေ့ဆွေးနွေးနိုင်ခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်ဆိုင်း သွားခဲ့ပြီ ဖြစ်ပါတယ်။ မကြာမီမှာ တစ်နိုင်ငံလုံး ပတ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်တော့မှာ ဖြစ်ပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်ဆိုင်းရုံနဲ့ မပြီးသေးပါဘူး၊ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ရရှိဖို့အတွက် လွှတ်တော်ကိုတင်ပြပြီး လွှတ်တော်က ဖွဲ့စည်းပေးတဲ့ အဖွဲ့အစည်းနဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက်လုပ်ရဦးမှာ ဖြစ်ပါတယ်။ နှစ်နှစ်တာကာလအတွင်း ဒီအခြေအနေ အထိ ရောက်လာအောင် အခက်အခဲ အမျိုးမျိုးကြားက ကြိုးပမ်းဆောင်ရွက်ခဲ့ရတာ ဖြစ်ပါတယ်။

ဒုတိယ ရည်မှန်းချက်ဖြစ်တဲ့ ပြည်သူတွေ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗဟိုကချုပ်ကိုင်တဲ့ စီးပွားရေးစနစ်အစား ယှဉ်ပြိုင်နိုင်ခွင့်ရှိတဲ့ ဈေးကွက်စီးပွားရေး စနစ်ကို ပြောင်းလဲ ဖော်ဆောင်ပေးခဲ့ပါတယ်။ ပုံသေသတ်မှတ်ထားတဲ့ ငွေကြေးလဲလှယ်မှု စနစ်ကိုလည်း ဈေးကွက်အရ ဖြစ်ပေါ်နေတဲ့ ငွေကြေးလဲလှယ်မှုစနစ်သို့ ညင်သာစွာ ပြောင်းလဲပေးခဲ့ပါတယ်။ အတိုးနှုန်း လျော့ပေးမှုတွေ၊ လိုင်စင် လွတ်လပ်ခွင့်တွေ၊ ငွေကြေး မူဝါဒတွေ၊ ဘဏ်စနစ်တွေ စတဲ့ စီးပွားရေးရဲ့ အခြေခံလိုအပ်ချက်တွေကို ကနဦး ပြောင်းလဲပေး ခဲ့ပါတယ်။

နိုင်ငံလူဦးရေရဲ့ (၇၀) ရာနှုန်းခန့်ဟာ ကျေးလက်မှာနေထိုင်ကြပြီး ဆင်းရဲနွမ်းပါးမှုနှုန်း အများဆုံးဟာ ကျေးလက်နေပြည်သူများ ဖြစ်ကြပါတယ်။ ဒါကြောင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းကို ဦးစားပေးပြီး လုပ်ငန်းစဉ် (၈) ရပ် ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။ ပိုမိုပြီး ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ အတွက် မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန ကို မွေးမြူရေး ရေလုပ်ငန်း နဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနလို့ ပြောင်းလဲပြီး Focal Ministry တစ်ခု သတ်မှတ် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

တိုင်းပြည်ရဲ့ စီးပွားရေးကို မြှင့်တင်နိုင်ဖို့အတွက် မိမိတို့နိုင်ငံမှာ အခြေခံကောင်းတွေ ရှိပါတယ်။ သဘာဝသယံဇာတတွေ ပေါကြွယ်ဝပါတယ်။ လုပ်သားတွေ ရှိပါတယ်။ ပတ်ဝန်းကျင်မှာ လူဦးရေများပြီး ကြီးမားတဲ့ ဈေးကွက်လည်း ရှိပါတယ်။ သို့သော်လည်း ကျွန်တော်တို့ လိုအပ်နေတာ အရင်းအနှီး၊ နည်းပညာနဲ့ လူသားအရင်းအမြစ်တို့ ဖြစ်ပါတယ်။ လိုအပ်တဲ့ အရင်းအနှီးနဲ့ နည်းပညာရဖို့အတွက် ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ရပါတယ်။ ပြည်ပ အရင်းအနှီးတွေ ဝင်ရောက်လာနိုင်ဖို့အတွက် နိုင်ငံတကာနဲ့ လိုက်လျောညီထွေ ဖြစ်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ (Foreign Investment Law) ကို ရေးဆွဲ ပြဋ္ဌာန်းရပါတယ်။ တစ်ဖန် စီးပွားရေးပိတ်ဆို့ထားမှုတွေ ဖယ်ရှားပေးနိုင်အောင် ကြိုးပမ်း ဆောင်ရွက် ရပါတယ်။ ကျွန်တော်တို့ရဲ့ ကုန်လွန်ခဲ့တဲ့ လပေါင်း (၃၀) ကာလ အတွင်း အရေးကြီးတဲ့ လုပ်ငန်းတွေကို မနားတမ်းဆောင်ရွက်ခဲ့ကြရတာ ဖြစ်ပါတယ်။

ယခုအခါ အခြေခံ စီးပွားရေးရဲ့ အဓိက လိုအပ်ချက်တွေကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ပြီ ဖြစ်တဲ့အတွက် ပြည်ပက အထောက်အပံ့တွေ၊ အတိုးနှုန်း သက်သာတဲ့ ချေးငွေတွေ၊ နည်းပညာ အကူအညီတွေ တစ်ဖွဲဖွဲ ဝင်ရောက်လာနေပြီ ဖြစ်ပါတယ်။ လူ့စွမ်းအား အရင်းအမြစ်တွေကိုလည်း ကဏ္ဍစုံမှ မွေးမြူလေ့ကျင့်ပေးနေပြီ ဖြစ်ပါတယ်။ ပထမအဆင့် အနေနဲ့ ပြည်သူတွေ အလုပ်အကိုင်များများ ရနိုင်တဲ့ အခြေခံ အဆောက်အဦတွေ၊ စက်ရုံတွေ၊ စိုက်ခင်းကြီးတွေ၊ စက်မှုဇုန်တွေ ဖြစ်ပေါ်လာအောင် ကြိုးပမ်း ဆောင်ရွက်နေပါတယ်။ တစ်ချိန်တည်းမှာပဲ တန်ဖိုးမြင့်တဲ့ ကုန်ပစ္စည်းတွေ၊ အရည်အသွေး ကောင်းတဲ့ ကုန်ပစ္စည်းတွေ ထုတ်လုပ်နိုင်ဖို့အတွက် ပုဂ္ဂလိကနဲ့ သမဝါယမကဏ္ဍတွေကို တိုးမြှင့်အားပေးပြီး SME တွေ များများပေါ်ပေါက်လာဖို့ တွန်းအားပေး ဆောင်ရွက် နေပါတယ်။

မိမိတို့ အစိုးရအနေနဲ့ ကျန်ရှိတဲ့ လပေါင်း (၃၀) အတွင်း ပြည်သူတွေ တိုက်ရိုက် အကျိုးခံစားလိုတဲ့ ရေကောင်းရေသန့် ရရှိရေး၊ လျှပ်စစ်မီး ရရှိရေး၊ သွားလာမှု အဆင် ပြေစေရေး၊ အလုပ်အကိုင် ရရှိရေး လုပ်ငန်းတွေကို ဦးစားပေး  ဆောင်ရွက်ကြဖို့နဲ့ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ရမယ့် လုပ်ငန်းတွေကို အားသွန်ခွန်စိုက် တက်တက်ကြွကြွ မြန်မြန်ဆန်ဆန် ဝိုင်းလုပ်ကြဖို့ လိုအပ်ပါတယ်။

ဒီလုပ်ငန်းတွေဟာ ပြည်သူတွေရဲ့ ဆန္ဒ၊ ပြည်သူတွေရဲ့ မျှော်မှန်းချက်ဖြစ်ပြီး မိမိတို့ အစိုးရရဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက်တွေ ဖြစ်တဲ့အတွက် ဒီလုပ်ငန်းတွေ အောင်မြင်အောင် အစိုးရ တစ်ဖွဲ့လုံး တက်ညီလက်ညီနဲ့ ဝိုင်းလုပ်ကြဖို့ ဖြစ်ပါတယ်။ အလုပ်လုပ်ကြတဲ့အခါ စေတနာ အလျောက် လုပ်မှားကိုင်မှား ဖြစ်တာကို ပြုပြင် ပြင်ဆင်ပေးနိုင်သော်လည်း ပုဂ္ဂိုလ်ရေး၊ ကိုယ်ကျင့်တရား၊ အကျင့်စာရိတ္တနဲ့ အဂတိတရားတွေ ကင်းရှင်းအောင် စောင့်ထိန်း သွားကြဖို့ သတိပေးပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။
---------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များနှင့် ဒုတိယဝန်ကြီးများအား တွေ့ဆုံ အမှာစကားပြောကြား

နေပြည်တော် သြဂုတ် ၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များနှင့် ဒုတိယဝန်ကြီးများအား ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် နိုင်ငံတော်သမ္မတအိမ်တော်ရှိ ခန်းမဆောင်ကြီး၌ တွေ့ဆုံ၍ အမှာစကား ပြောကြားသည်။

တွေ့ဆုံပွဲ အခမ်းအနားသို့ ဒုတိယသမ္မတများ ဖြစ်ကြသော ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်၊ ဒုတိယစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီဝင်များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတက အမှာစကားပြောကြားရာ၌-
အားလုံးမင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါတယ်
ဒီနေ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြည်သူတို့ရဲ့ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့ အတွက် ကဏ္ဍအသီးသီးနဲ့ ဒေသအသီးသီးမှာ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက် နေကြတဲ့ အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး ပြည်နယ် ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများကို သီးသန့်ခေါ်ယူ တွေ့ဆုံရတဲ့ အဓိက အကြောင်းအရင်းကတော့-
-
ကျွန်တော်တို့အစိုးရ တာဝန်ယူရတဲ့ (၅) နှစ်တာကာလရဲ့ ပထမပိုင်း လ (၃၀) ကာလဟာ  ဒီမိုကရေစီ နိုင်ငံတော်သစ် ထူထောင်ရေး အတွက် သိသာထင်ရှားတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အခြေခံအုတ်မြစ်ချတဲ့ ကာလဖြစ်ပါတယ်။ ဒီကာလအတွင်းမှာ ပြည်တွင်းနိုင်ငံရေးနှင့် ပြည်ပနိုင်ငံရေး အခြေအနေတွေကို သိသာစွာ တိုးတက်အောင် ဆောင်ရွက် ခဲ့သလို အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေး စေ့စပ်ဆွေးနွေးညှိနှိုင်းမှု လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်ဆဲ ဖြစ်ပါတယ်။ စီးပွားရေးနဲ့ လူမှုရေး ပြုပြင် ပြောင်းလဲရေး အပိုင်းမှာလည်း အခြေခံမူ‌ဘောင် ချမှတ်ပြီး ဥပဒေ လုပ်ထုံး လုပ်နည်း ပြင်ဆင်ပြောင်းလဲ ဖြေလျော့မှု အများအပြားကို ဆောင်ရွက်နိုင်ခဲ့ပြီး နိုင်ငံတကာဈေးကွက် ဝင်ရောက်နိုင်တဲ့အဆင့်ကို စတင်နေပြီ ဖြစ်ပါတယ်။
-
ဒုတိယပိုင်းကျန်တဲ့ လ (၃၀) ကာလဟာ ပြည်သူတွေရဲ့ စားဝတ်နေရေး အခြေခံ လိုအပ်ချက်များကို ဦးစားပေးပြီး သိသာထင်ရှားတဲ့ လူမှုစီးပွားရေး အကျိုးရလဒ်များ ရရှိခံစားနိုင်အောင် ထိထိရောက်ရောက် အကောင် အထည်ဖော် ဆောင်ရွက်ရမယ့် ကာလ ဖြစ်ပါတယ်။ ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို ဦးစားပေး ဆောင်ရွက်ကြဖို့ ဖြစ်ပါတယ်။ ဒါကြောင့် ကျန်တဲ့ လ (၃၀)မှာ လက်တွေ့ အကောင်အထည်ဖော်မယ့် (Integrated Action Plan) ရေးဆွဲပြီး လက်တွေ့မြေပြင်မှာ အကောင်အထည်ဖော် ဆောင်ရွက်ဖို့နဲ့ ပြည်ထောင်စုဝန်ကြီး ဌာနကသပ်သပ်၊ တိုင်းဒေသကြီး ပြည်နယ်အစိုးရက သပ်သပ် ရေးဆွဲဆောင်ရွက်တာမျိုး မဟုတ်ဘဲ ပြည်သူများအတွက် ဦးစားပေး လိုအပ်ချက်တွေကို အတူတကွ ပူးပေါင်းစီမံဆောင်ရွက်ရန် လိုအပ်လာတဲ့အတွက် ယခုလို တွေ့ဆုံ မှာကြားရခြင်း ဖြစ်တယ်။

နိုင်ငံတော်အစိုးရအနေနဲ့ ခေတ်သစ်စနစ်သစ်တစ်ခုကို စတင်ပြုပြင် ပြောင်းလဲရတဲ့ တာဝန်ထမ်းဆောင်ရာမှာ မဟာဗျူဟာလုပ်ငန်းစဉ်အဖြစ် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှု၊ အစိုးရအုပ်ချုပ်ရေး ယန္တရား တိုးတက် ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲမှု၊ ပုဂ္ဂလိကကဏ္ဍ ပြောင်းလဲတိုးတက်ဖွံ့ဖြိုးအောင် ပြုပြင်ပြောင်းလဲမှုစတဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် (၄) ရပ်ချမှတ် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။ ဒီပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေဟာ ပြည်သူက ပြုပြင် ပြောင်းလဲစေချင်တဲ့ လုပ်ငန်းတွေဖြစ်ပါတယ်။ ပြည်သူ့ဆန္ဒဟာ အစိုးရရဲ့ ဆန္ဒ၊ ရည်ရွယ်ချက်တွေပဲ ဖြစ်ပါတယ်။ 

ဒီပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ် (၄) ရပ်ထဲမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင် ပြောင်းလဲမှုတွေကို သိသိသာသာ တိုးတက်အောင် ဆောင်ရွက်နိုင်ရန်အတွက် အစိုးရ အုပ်ချုပ်ရေး ယန္တရားရဲ့ စီမံခန့်ခွဲအုပ်ချုပ် လုပ်ကိုင်မှု စွမ်းဆောင်ရည်ကောင်းဖို့ လိုအပ်သလို နိုင်ငံစီးပွားရေး တစ်ခုလုံးရဲ့ (၉၀%) ခန့်ကို ပုဂ္ဂလိကကဏ္ဍက လုပ်ကိုင်နေတာ ဖြစ်တဲ့အတွက် ပုဂ္ဂလိက ကဏ္ဍရဲ့ လုပ်ကိုင်နိုင်စွမ်းမြင့်မားဖို့ လိုအပ်ပါတယ်။

နိုင်ငံတကာ ပြုပြင်ပြောင်းလဲမှု (Reform) အတွေ့အကြုံများအရ အစိုးရယန္တရား အတွင်းမှာရော အစိုးရယန္တရား ပြင်ပကပါ အတားအဆီး အခက်အခဲများနဲ့ စိန်ခေါ်မှုများစွာ တွေ့ကြုံရတာ ဓမ္မတာဖြစ်ပါတယ်။ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ရှိတဲ့ သန့်ရှင်းသော အစိုးရဖြစ်ရေး မူဝါဒ ချမှတ် ဆောင်ရွက်ခဲ့သော်လည်း  ပြီးခဲ့တဲ့ လ (၃၀) အတွင်းမှာ အစိုးရဌာန အချို့နဲ့ ဒေသအုပ်ချုပ်ရေး အဖွဲ့အစည်းဝင်အချို့ရဲ့  ပြုပြင်ပြောင်းလဲ အုပ်ချုပ်မှု စွမ်းဆောင်ရည် အားနည်းခြင်း၊ ပွင့်လင်းမြင်သာ မရှိခြင်း၊ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ လိုအပ်ချက်များကို တာဝန်သိမှု တာဝန်ယူမှုဖြင့် လုပ်ဆောင်ပေးမှု အားနည်းခြင်း၊ ဥပဒေ လုပ်ထုံးလုပ်နည်း စည်းမျဉ်းနှင့်အညီ လုပ်ဆောင်ရန် အားနည်းခြင်း၊ အဂတိလိုက်စားခြင်း တို့ကြောင့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ အပါအဝင် ဌာနဆိုင်ရာ အရာရှိအချို့ကို တာဝန်မှ အနားပေးခြင်း၊ ပြောင်းရွေ့ခြင်း၊ အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရပါတယ်။

ပြည်ထောင်စုဝန်ကြီးများ ဒုတိယဝန်ကြီးများဟာ အစိုးရအဖွဲ့အစည်းဝင် ပုဂ္ဂိုလ်များ ဖြစ်ကြပြီး အစိုးရအဖွဲ့ တစ်ဖွဲ့လုံးရဲ့ ရည်မှန်းချက် တာဝန်များကို အောင်မြင်အောင် ညှိနှိုင်းပူးပေါင်း ဝိုင်းဝန်း အကောင်အထည်ဖော်ကြရမယ့် ပုဂ္ဂိုလ်များဖြစ်ပါတယ်။ သို့ရာတွင် အချို့သော ဌာနဆိုင်ရာ ပုဂ္ဂိုလ်များဟာ မိမိတို့ တာဝန်ယူရတဲ့ ဝန်ကြီးဌာန လုပ်ပိုင်ခွင့်ကို ဆုပ်ကိုင်ထားပြီး အခြားဝန်ကြီးဌာနများနဲ့ ပေါင်းစပ် ညှိနှိုင်းမှု အားနည်းခြင်း၊ တိုင်းဒေသကြီး ပြည်နယ်များသို့ လုပ်ပိုင်ခွင့် ခွဲဝေပေးမှုမရှိဘဲ ဗဟိုမှ တိုက်ရိုက် အမိန့်ပေးကွပ်ကဲသည့်စနစ် ကျင့်သုံးနေခြင်း၊ လက်အောက်သို့ လုပ်ပိုင်ခွင့်အာဏာ ဖြန့်ခွဲမှု မရှိခြင်းစတဲ့ အားနည်းချက်တွေ ရှိနေဆဲ ဖြစ်တာကို တွေ့ရှိရတဲ့အတွက် မိမိတို့ရဲ့ စိတ်ဓာတ် (Mind-set) ပြင်ပြီး ဌာနက တာဝန်ယူရတဲ့ လုပ်ငန်းကဏ္ဍများ အဆင်ပြေချောမွေ့တိုးတက်အောင် ပြုပြင် ပြောင်းလဲ ဆောင်ရွက်ကြပါလို့ မှာကြားလိုပါတယ်။ ဒါမှလည်း ပြည်သူ့ဝန်ကို ဆောင်ရွက်ပေးတဲ့ ပြည်သူ့ဝန်ထမ်းကောင်းတွေ ဖြစ်လာပြီး ပြည်သူ့အကျိုး သယ်ပိုး ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။
ကျန်တဲ့ လ (၃၀) အတွင်းမှာ ပြည်သူများရဲ့ စားဝတ်နေရေး၊ လူမှုစီးပွားရေး ဦးစားပေး လိုအပ်ချက်များဖြစ်တဲ့ -
-
လျှပ်စစ်မီး ရရှိရေး
-
သောက်သုံးရေနှင့် စိုက်ပျိုးရေ လုံလောက်စွာရရှိရေး
-
အလုပ်အကိုင်များ တိုးတက်ရရှိနိုင်မည့် အသေးစား အလတ်စား စီးပွားရေး လုပ်ငန်းများ၊ စက်မှုဇုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဦးစားပေး ဆောင်ရွက်ကြရန် ဖြစ်ပါတယ်။
ဒီလုပ်ငန်းတွေကို ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး ပြည်နယ်အစိုးရများ ညှိနှိုင်းပြီး ပြည်သူလူထု သိသိသာသာ ရရှိခံစားနိုင်အောင် အကောင်အထေည်ဖော် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
နိုင်ငံဖွံ့ဖြိုးမှု အကျိုးရလဒ် (Quick Win) ရအောင်ဆောင်ရွက်နိုင်မယ့် အဓိက မောင်းနှင်အား ကဏ္ဍများဖြစ်တဲ့ -
-
လူဦးရေ ရာခိုင်နှုန်းအများဆုံး မှီခိုလုပ်ကိုင်နေကြသော စိုက်ပျိုးရေးကဏ္ဍ မြှင့်တင်ရေးနဲ့ တောင်သူလယ်သမားများရဲ့ ဝင်ငွေတိုးပွားပြီး ဆင်းရဲမှု လျော့ချနိုင်မယ့် လုပ်ငန်း။
-
အချိန်တိုအတွင်း စီးပွားရေး တိုးတက်အောင် ဆောင်ရွက်နိုင်မယ့် ခရီးသွားလုပ်ငန်း။
-
နိုင်ငံစီးပွားရေး မောင်းနှင်အားဖြစ်တဲ့ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ရည်မှန်းချက် (Target) ထားပြီး တိုးတက်အောင် ဆောင်ရွက်ကြရန် ဖြစ်ပါတယ်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေးလိုချက်နှင့် ပြည်သူတို့၏ လူမှုစီးပွားရေး ဦးစားပေး လိုအပ်ချက်တွေကို အကောင်အထည်ဖော်တဲ့နေရာမှာ ငွေကြေး အရင်းအနှီးနဲ့ နည်းပညာ ဖြည့်ဆည်း နိုင်မှသာ ထိရောက် အောင်မြင်မှာ ဖြစ်ပါတယ်။

ပြည်တွင်းပြည်ပ ငွေကြေးအရင်းအနှီးများ စီးဝင်ရင်းနှီးမြှုပ်နှံနိုင်ဖို့ ဘဏ်လုပ်ငန်းနှင့် အသေးစား ငွေချေးလုပ်ငန်း ဖွံ့ဖြိုးရေး၊ ငွေကြေး ဈေးကွက် ဖွံ့ဖြိုးရေးနှင့် တည်ငြိမ်ရေး အတွက် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုဘဏ်နှင့် သက်ဆိုင်တဲ့ အဖွဲ့အစည်း အားလုံး ပူးပေါင်းပြီး လိုအပ်တဲ့ လုပ်ငန်းကဏ္ဍနဲ့ နယ်ပယ်ဒေသအလိုက် အထူးလုပ်ငန်းအဖွဲ့တွေနဲ့ ကွင်းဆင်းပြီး အဆင်ပြေအောင် ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။

ဘဏ်လုပ်ငန်းများ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသာမက အစိုးရ၊ ပုဂ္ဂလိက ယန္တရားတစ်ခုလုံး ဆက်သွယ်ဆောင်ရွက်မှု လျှင်မြန်ချောမွေ့ရေးအတွက် ဆက်သွယ်ရေး နှင့် သတင်းအချက်အလက် နည်းပညာကဏ္ဍကို အရင်းအနှီးနဲ့ နည်းပညာများ ရင်းနှီးမြှုပ်နှံပြီး ဦးစားပေး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဦးစားပေးရမယ့် လုပ်ငန်း တစ်ခုအနေနဲ့ အာဆီယံပြူတင်းတစ်ပေါက်စနစ် (ASEAN SINGLE WINDOW) ကျင့်သုံးရေးအတွက် e-government လုပ်ငန်း အကောင်အထည်ဖော်မှုကို တစ်နှစ်အတွင်း ပြီးစီးအောင် ရည်မှန်းအကောင်အထည်ဖော်ဖို့ ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်နည်းပညာဝန်ကြီးဌာနက ဦးဆောင်ပြီး ဌာနအားလုံး ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားလိုပါတယ်။

မိမိတို့နိုင်ငံ ဖွံ့ဖြိုးမှုနိမ့်ကျရခြင်းမှာ အရင်းအနှီးနှင့်နည်းပညာ မရှိတဲ့အတွက် ဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲ၊ ဖွံ့ဖြိုးပြီး နိုင်ငံတိုင်းဟာ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ပြီး အရင်းအနှီးနှင့် နည်းပညာ စီးဝင်အောင် ကြိုးပမ်းကြသလို၊ အခြားနိုင်ငံထက် ဖွံ့ဖြိုးမှု နောက်ကျနေတဲ့ မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာအောင် ကြိုးပမ်းပြီး ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေး ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ လျှပ်စစ်မီး အပါအဝင် အခြေခံ အဆောက်အအုံများ ပြည့်စုံလုံလောက်မှ သာလျှင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်ရရှိလာမှာ ဖြစ်တဲ့အတွက် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း များကို ဒေသအလိုက် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ 

ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လျှင်မြန်ချောမွေ့ပြီး အဆင့်ဆင့် ကုန်ကျ စရိတ်များ သက်သာမှသာ အာဆီယံဒေသအတွင်း လွတ်လပ်သော ကုန်သွယ်မှု သာမက နိုင်ငံတကာ ကုန်သွယ်မှုမှာ ဈေးကွက်ယှဉ်ပြှိင် ဝင်ရောက်နိုင်စွမ်း ရှိမှာ ဖြစ်တဲ့အတွက် ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်း အခြေခံ အဆောက်အအုံများနှင့် ပို့ဆောင်ရေးကဏ္ဍကို တွက်ချက် ဆောင်ရွက်ကြရန် မှာကြားလိုပါတယ်။       

စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာမှာ လုပ်ငန်းကဏ္ဍ အသီးသီးအတွက် လူသားအရင်းအမြစ် လိုအပ်ချက်များ ရှိလာတဲ့အတွက် လက်တလော အခြေအနေအတွက် သာမက ရေရှည်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို တစ်ချိန်တည်း တစ်ပြိုင်တည်း ကဏ္ဍအလိုက်ရော၊ ဒေသအလိုက်ပါ စုစည်းလေ့ကျင့် မွေးထုတ်သွားနိုင်ရေး စီမံသွားကြရမှာ ဖြစ်ပါတယ်။ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍမှာ ဘတ်ဂျက် အသုံးစရိတ် ပိုမိုခွင့်ပြုသုံးစွဲနေတဲ့အပေါ်မှာ အကျိုးရှိ ထိရောက်အောင် ဦးစားပေး မှန်ကန်အောင် ရွေးချယ်စီမံရန် မှာကြားလိုပါတယ်။ ပညာရေးစနစ်နဲ့ ကျန်းမာရေးစနစ်ဟာ တစ်မျိုးသားလုံးရဲ့ အနာဂတ် မျိုးဆက်သစ် များကို ပြောင်းလဲနေတဲ့ ကမ္ဘာ့အခြေအနေများကို အမှီလိုက်နိုင်အောင် နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်အောင် ပြုပြင်ပြောင်းလဲ ဆောင်ရွက်ဖို့ အလေးထားပြောကြား လိုပါတယ်။

ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်(၄)ရပ်နဲ့ အထက်က ပြောကြားခဲ့တဲ့ ဦးစားပေး လုပ်ငန်း တွေကို ကျန်တဲ့ လ (၃၀)အတွင်း  ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး ပြည်နယ်အစိုးရများက သာမန်သမရိုးကျ ယခင်လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်မယ်ဆိုရင် ပြည်သူများရဲ့ လူမှုစီးပွာရေး လိုအင်ဆန္ဒ အကျိုးရလဒ်ရဖို့ ခဲယဉ်းမှာဖြစ်ပါတယ်။ နိုင်ငံအုပ်ချုပ်ရေး ယန္တရားရဲ့ ထိပ်ပိုင်းကစပြီး အောက်ခြေအထိ ဘုရင့်နောင် ဖောင်ဖျက် သလို နောင်ရိုးစိတ်ဓာတ်နဲ့ အဆင့်ဆင့်စုဖွဲ့ပြီး အားကြိုးမာန်တက် စီမံဆောင်ရွက်မှ ရည်မှန်းချက် တာဝန်တွေ ပြီးမြောက်အောင်မြင်ပြီး ပြည်သူတွေရဲ့ လူမှုစီးပွားရေး လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ယခင်က စီမံကိန်းကော်မရှင်ကသာ ဆွေးနွေးညှိနှိုင်း ဆုံးဖြတ် လမ်းညွှန်ဆောင်ရွက်ခဲ့ရာမှ ဒီနေ့ကစပြီး နိုင်ငံတော်အဆင့် ပြုပြင်ပြောင်းလဲရေး ဦးဆောင်ကော်မတီကို သီးခြားဖွဲ့စည်းပြီး ကျွန်တော်ကိုယ်တိုင် ဦးဆောင်အာရုံစိုက် လမ်းညွှန် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီးဌာနများနဲ့ တိုင်းဒေသကြီး ပြည်နယ်အစိုးရများမှာလည်း လုပ်ငန်း ကဏ္ဍအလိုက် လက်တွေ့အောင်မြင် ပြီးမြောက်သည်အထိ ဦးဆောင်ဆွေးနွေး ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးမယ့် (Delivery Unit/ Task Force) များနဲ့  အလယ်အလတ် အဆင့်မှ လုပ်ငန်း အကောင်အထည်ဖော်မယ့် လုပ်ငန်းအဖွဲ့ (Working Group) များ ဖွဲ့စည်းပြီး မြေပြင်ကွင်းဆင်း၍ အပြန်အလှန် ညှိနှိုင်းဆွေးနွေး အကောင်အထည်ဖော် သွားကြဖို့ မှာကြားလိုပါတယ်။ ဆွေးနွေးညှိနှိုင်းရာမှာလည်း အစည်းအဝေး တစ်ရက် လုပ်ရုံနဲ့၊ ညှိနှိုင်းတဲ့ ပုံစံမဟုတ်ဘဲ လုပ်ဆောင်မယ့် အစီအမံ၊ ဆုံးဖြတ်ချက် အဖြေထွက်တဲ့အထိ တစ်နေရာထဲမှာဆုံပြီး (၃/၄/၅)ရက်၊ ရက်သတ္တ တစ်ပတ်၊ နှစ်ပတ် အချိန်ယူ ပူးပေါင်းညှိနှိုင်းတဲ့ ပုံစံနဲ့ ဆောင်ရွက်သွားကြရန် ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းများဟာ ပြည်တွင်းပြည်ပ ပညာရှင်အဖွဲ့အစည်းများ၊ ပုဂ္ဂလိက အသင်း အဖွဲ့များ၊ အရပ်ဖက် လူထုအဖွဲ့အစည်းများနှင့် နီးနီးကပ်ကပ် ဆွေးနွေးညှိနှိုင်းခြင်း ပြည်သူ့အသံနှင့် ဆန္ဒသဘောထား ရယူခြင်းများ ဆောင်ရွက် ကြပြီး လက်တွေ့ကျကျ ပြည်သူ့လိုအပ်ချက် ဦးစားပေး လုပ်ငန်းများကို လ (၃၀)အတွင်း ပြည်သူများအတွက် အကျိုးရလဒ်  ရရှိခံစားနိုင်ရေးအတွက် ပြီးမြောက်အောင်မြင်အောင် ကြိုးစားလုပ်ကိုင် သွားကြဖို့ အထူးအလေးထားမှာကြားလိုပါတယ်။

ဒီလိုဆောင်ရွက်ရာမှာ ပြည်ထောင်စုဝန်ကြီးဌာနများနဲ့ တိုင်းဒေသကြီး ပြည်နယ်အစိုးရများရဲ့ အစီအမံ (Action Plan) များဟာ သီးခြားစီ ရေးဆွဲဆောင်ရွက်တာမျိုး မဟုတ်ဘဲ ပြည်သူများ အတွက် အဓိကလိုအပ်တဲ့ ဦးစားပေးလုပ်ငန်းများနဲ့ ဦးစားပေး ဖြည့်ဆည်း ပေးရမယ့် နယ်ပယ်ဒေသတွေကို ညှိနှိုင်းရွေးချယ်ပြီး ဘတ်ဂျက်၊ နိုင်ငံခြား အကူအညီ အထောက်အပံ့ချေးငွေ၊ ရင်းနှီးမြှုပ်နှံမှုတို့ကို လူအားငွေအား စုစည်း အကောင်အထည် ဖော်ရမှာ ဖြစ်တဲ့အတွက် လုပ်ငန်း ကဏ္ဍအလိုက် လက်တွေ့အောင်မြင် ပြီးမြောက်သည် အထိ ဦးဆောင်ဆွေးနွေး ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးမယ့် (Delivery Unit/ Task Force)များရဲ့ စွမ်းဆောင်ရည်ကို ကောင်းမွန်အောင် ပြည်ထောင်စုဝန်ကြီးများ တိုင်းဒေသကြီး ပြည်နယ် ဝန်ကြီးချုပ်များက အလေးထားစီမံပေးရန် ဖြစ်ပါတယ်။

ဘတ်ဂျက်ခွဲဝေ သုံးစွဲရာမှာလည်း ပြည်သူနဲ့ တိုက်ရိုက်ထိတွေ့ပြီး ပြည်သူများရဲ့ လူမှုစီးပွားရေး တိုးတက်အောင် လက်တွေ့ အကောင်အထည်ဖော် ပေးနေရတဲ့ တိုင်းဒေသကြီး ပြည်နယ်များရဲ့ ဘတ်ဂျက်အချိုးကို နယ်မြေ အခြေအနေနဲ့ လုပ်ငန်း သဘာဝပေါ်မူတည်ပြီး ပိုမို ခွဲဝေပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး ဆောင်ရွက်သွားကြဖို့ ပြောကြားလိုပါတယ်။

အလားတူ အစိုးရအုပ်ချုပ်ရေးယန္တရား တိုးတက်ကောင်းမွန်ရေးအတွက် ပြုပြင် ပြောင်းလဲမှု တစ်ရပ်ဖြစ်တဲ့ အစိုးရဌာနစီးပွားရေးလုပ်ငန်းများကို ပြန်လည် စိစစ်သုံးသပ်ပြီး ဘတ်ဂျက် အသုံးစရိတ်လိုငွေ လျော့နည်းရေးနဲ့ စီးပွားရေးလုပ်ငန်း စွမ်းဆောင်ရည် တိုးတက်ရေးတို့ အတွက် (Corporatization, Privatization) လုပ်ဆောင်ရန် အစီအစဉ်ရှိတဲ့ ဌာနများ အနေနဲ့ ဥပဒေမူဘောင် ရေးဆွဲပြဌာန်းရေးနဲ့ လုပ်ငန်းစီမံကိန်း ရေးဆွဲတင်ပြပြီး လာမယ့် ဒီဇင်ဘာ ဘဏ္ဍာရေး ကော်မရှင် အစည်းအဝေးမှာ ဘဏ္ဍာရေးအစီအမံ (Financial Plan) တင်ပြဆောင်ရွက်နိုင်အောင် စီမံကြဖို့ မှာကြားလိုပါတယ်။

နိုင်ငံတော် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရရှိအောင် ကြိုးပမ်းရာမှာ နယ်မြေလုံခြုံမှု၊ တည်ငြိမ် အေးချမ်းမှုနဲ့ တရားဥပဒေစိုးမိုးမှုရှိအောင် ဆောင်ရွက် ကြရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ကာလ ပဋိပက္ခ ဖြစ်စဉ်များကို ပြန်သုံးသပ်ကြည့်လျင် အသေးအဖွဲ့ခိုက်ရန်ဖြစ်ပွားမှု၊ လူအုပ်စုဖွဲ့ ရမ်းကားမှု တွေမှာ လက်ဦးမှု ရယူ တားဆီးထိန်းသိမ်းနိုင်မှုရှိရန် အရေးကြီးတာ တွေ့ရှိရတဲ့အတွက် ဒေသမှာ ရှိတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့နယ်လုံခြုံရေး အင်အားများကို တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ တိုက်ရိုက်ကွပ်ကဲ အမိန့်ပေးဆောင်ရွက်ကြရန် တာဝန် ပေးအပ်ပါတယ်။ ထိုသို့ကွပ်ကဲရာမှာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရက မိမိတို့ လမ်းညွှန်စီမံတဲ့ ကိစ္စရပ်များကို ပြည်ထဲရေးဝန်ကြီးဌာနသို့ အချိန်နှင့်တစ်ပြေးညီ အသိပေး ညှိနှိုင်းရမှာ ဖြစ်ပါတယ်။ ပြည်ထဲရေးဝန်ကြီး ဌာနကလည်း မြို့နယ်ရဲလုံခြုံရေးအင်အားနဲ့ ထိန်းသိမ်းဖို့ မလုံလောက်တဲ့ အချိန်မှာ ပြည်ထဲရေး ဝန်ကြီးဌာန တိုက်ရိုက်ကွပ်ကဲရတဲ့ ရဲတပ်ရင်း အင်အားများ ထပ်ဆောင်းဖြည့်တင်းပေးပြီး နိုင်နိုင်နင်းနင်း ကိုင်တွယ်ထိန်းသိမ်း နိုင်အောင် ဆောင်ရွက်ကြရန် မှာကြားလိုပါတယ်။

ပြည်ထောင်စုဝန်ကြီးဌာနများနဲ့ တိုင်းဒေသကြီးပြည်နယ် အစိုးရများအကြား အုပ်ချုပ်မှု ကိစ္စများ၊ အဆင်ပြေ ချောမွေ့စေရန်အတွက် လိုက်နာဆောင်ရွက်ရမယ့် အချက်များ ကတော့ -
-
တိုင်းဒေသကြီး ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများအား ပြည်ထောင်စု ဝန်ကြီးဌာန များက တိုက်ရိုက် ကွပ်ကဲကြီးကြပ်ခြင်း မပြုဘဲ တိုင်းဒေသကြီး ပြည်နယ်အစိုးရများက စီမံခန့်ခွဲ၊ လမ်းညွှန်၊ ကြီးကြပ်၊ စစ်ဆေး ဆောင်ရွက်သွားရန်။
-
ဌာနဆိုင်ရာ အရာထမ်း အမှုထမ်းများ၏ လုပ်ငန်း စွမ်းဆောင်ရည် မြင့်မား လာရေးအတွက် တိုင်းဒေသကြီး ပြည်နယ်အစိုးရများက စွမ်းဆောင်ရည် အကဲဖြတ်ချက် အစီအရင်ခံစာအား ပြုစု၍ ပြည်ထောင်စုအစိုးရ အဖွဲ့သို့တင်ပြပြီး ပြည်ထောင်စု ဝန်ကြီးဌာန များသို့ မိတ္တူပေးလျက် ပြည်ထောင်စု ဝန်ကြီးဌာနများက ရာထူးတိုးမြှင့်ရေးနှင့် အပြောင်းအရွှေ့ စီမံရာတွင် ယင်းအကဲဖြတ် ချက်အပေါ် မူတည်ဆောင်ရွက်ရန်။
-
ပညာရေးဝန်ကြီးဌာနအနေနဲ့ မူလတန်းအဆင့် ဆရာ၊ ဆရာမများ ခန့်ထားရာ၌ ဗဟိုမှ တိုက်ရိုက်ခန့်ထားခြင်းမပြုဘဲ တိုင်းဒေသကြီး ပြည်နယ်အစိုးရ အစီအစဉ်ဖြင့် ခန့်ထား ခွင့်ပြုရန်။
-
ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ သူနာပြု၊ သားဖွားဆရာမများ ခန့်ထားရာ၌ ဗဟိုမှ စုစည်းလေ့ကျင့်သော်လည်း ခန့်ထားရာ၌ တိုင်းဒေသကြီး ပြည်နယ် အစီအစဉ်ဖြင့် ဒေသအလိုက် ဒေသခံများ ပြောင်းရွှေ့နေရာချထားနိုင်ရေး ညှိနှိုင်းစီစဉ်ရန် နှင့် ဝေးလံ ခေါင်းပါး ဒေသများအတွက် ဆရာဝန် ခန့်အပ် ချထားခြင်းကို ဗဟိုမှ တိုက်ရိုက် စီစဉ်သော်လည်း ပျက်ကွက်မှုများ ရှိနေသဖြင့် ဝေးလံခေါင်းပါး ဒေသများအတွက် တိုင်းဒေသကြီး အစီအစဉ်ဖြင့် ဆရာဝန် လိုအပ်သော ဒေသများအတွက် သတင်းစာတွင် ကြေညာခေါ်ယူ လျှောက်ထားစေပြီး ခန့်အပ်တာဝန်ပေးသည့် စနစ် ကျင့်သုံးရန်။
-
ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် ပြည်ထောင်စု ဝန်ကြီးဌာနများမှ တိုက်ရိုက်ခွင့်ပြုရသည့် လုပ်ငန်းများအနက် တိုင်းဒေသကြီး ပြည်နယ်အစိုးရ အစီအစဉ်ဖြင့် လုပ်ကိုင်ခွင့်ပေးနိုင်သည့် လုပ်ငန်းများအား ခွဲဝေပိုင်းခြား လုပ်ကိုင်ခွင့်ပြုရန်။
တိုင်းဒေသကြီး ပြည်နယ်အစိုးရ ဝန်ကြီးချုပ်များကို အဓိကထား မှာကြားလိုတဲ့ အချက်တွေ ကတော့-
-
မြို့နယ်စီမံခန့်ခွဲမှုကော်မတီနဲ့ မြို့မိမြို့ဖတွေ ပါဝင်ဖွဲ့စည်းထားတဲ့ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြုကော်မတီ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ တွေဟာ မြို့နယ်အသီးသီး ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ပြည်သူများရဲ့ လူမှုစီးပွားရေး လိုအပ်ချက်တွေကို ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက် ပေးတဲ့ အစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်း ညှိနှိုင်း အကောင်အထည် ဖော်ရေး အဖွဲ့တွေဖြစ်တဲ့အတွက် မြို့နယ်အတွက် ဦးစားပေးလုပ်ငန်းတွေကို ညှိနှိုင်းဆွေးနွေးတတ်၊ လုပ်တတ်ကိုင်တတ် ရှိအောင် သင်ကြား လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။
-
တိုင်းဒေသကြီး ပြည်နယ်များ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာမှာ မြို့နယ်အဆင့်ဟာ အခြေခံကျပြီး ပြည်သူတွေရဲ့ တစ်ဦးကျဝင်ငွေ၊ သောက်သုံးရေ လိုအပ်ချက် လျှပ်စစ်မီး လိုအပ်ချက်၊ အလုပ်လက်မဲ့ အရေအတွက်နဲ့ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးရေး၊ မြို့ကွက်ရွာကွက် အကျယ်အဝန်းနဲ့ လူဦးရေ တိုးပွားမှု သိပ်သည်းမှုအရ မြို့ရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းရေးဆွဲပြီး လယ်မဲ့၊ ယာမဲ့၊ အိမ်မဲ့များ စာရင်းကောက်ယူ နေရာ ချထားရေး စတဲ့လုပ်ငန်းတွေကို ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်ရန်  ကိန်းဂဏန်း စာရင်းဇယားများကို မြေပြင်စာရင်း ကောက်ယူ လေ့လာ သုံးသပ်ဆွေးနွေး စီမံ ဆောင်ရွက်ကြရမှာဖြစ်တယ်။ ဒီနေရာမှာ တောင်သူလယ်သမားများအတွက် လယ်ယာမြေ လုပ်ပိုင်ခွင့် မှတ်ပုံတင်ခြင်း နှင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ထုတ်ပေးခြင်း လုပ်ငန်းတွေကို အမြန်ပြီးပြတ်အောင် ဆောင်ရွက်ပေးနိုင်တာနဲ့အမျှ ၎င်းတို့ပိုင်ဆိုင်ခွင့်၊ ရောင်းချခွင့်၊ ပေါင်နှံခွင့်များ ရလာတာနဲ့ အမျှ ချေးငွေရရှိရေး၊ ငွေကြေး အရင်းအနှီးရရှိရေး ဆောင်ရွက်လာနိုင်မှာ ဖြစ်တဲ့အတွက် တောင်သူ လယ်သမားများရဲ့ လူမှုစီးပွားရေးဘဝ တိုးတက်လာမှာ ဖြစ်တဲ့အကြောင်း ဝိုင်းဝန်း ဆောင်ရွက်ပေးကြပါလို မှာကြားလိုပါတယ်။
-
မြို့နယ်ကော်မတီ အသီးသီးအနေနဲ့ အစည်းအဝေးများကျင်းပရာမှာ ပြည်သူများက ရွေးချယ်တင်မြောက်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ် များကိုပါ ဖိတ်ကြားပြီး ပြည်သူများ၏  လူမှုစီးပွားရေး လိုအပ်ချက်များ၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းတံတား အခြေခံအဆောက်အအုံ လိုအပ်ချက်များအနက် ဦးစားပေးများကို ရွေးချယ်ပြီး မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းဒေသကြီး ပြည်နယ်အဆင့်၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများ လွှတ်တော်များသို့ အဆင့်ဆင့် တင်ပြသင့်သည်များကို ဘတ်ဂျက်၊ ငွေကြေး၊ ရင်းနှီးမြှုပ်နှံမှု အလားအလာပေါ် မူတည်ရွေးချယ်ပြီး ညှိနှိုင်းတင်ပြတဲ့ အစီအစဉ်များ ဆောင်ရွက်သွားကြရန် လိုအပ်ပါတယ်။
-
ဒီလို ပြည်သူများပူးပေါင်းပါဝင်တဲ့ ပြည်သူဗဟိုပြု ဖွံ့ဖြိုးရေးအတွက် ရည်မှန်း ဆောင်ရွက်နေတဲ့ ပြည်သူဗဟိုပြု အုပ်ချုပ်မှုစနစ်သစ် တစ်ရပ်ကို ပီပီပြင်ပြင် အကောင်အထည် ဖော်မှသာ အစိုးရ အုပ်ချုပ်ရေးယန္တရားရဲ့ ပွင့်လင်း မြင်သာရှိမှု၊ ပြည်သူ့အသံနှင့် ဆန္ဒကို သိရှိဦးစားပေး၍ ထိရောက်စွာ အကောင်အထည်ဖော်မှု ဥပဒေ လုပ်ထုံးလုပ်နည်းနှင့် အညီ လိုက်နာ ဆောင်ရွက်လျက် လာဘ်ပေးလာဘ်ယူ တားဆီး ထိန်းသိမ်းနိုင်မှု မြို့နယ် အေးချမ်းသာယာပြီး တရားဥပဒေစိုးမိုးမှု၊ ဒေသဖွံ့ဖြိုး တိုးတက်မှုများ ရရှိလာမှာ ဖြစ်တဲ့အတွက် အလေးထား ဆောင်ရွက်သွားကြဖို့ မှာကြား လိုပါတယ်။

နိဂုံးချုပ်အားဖြင့်-
ဒီမိုကရေစီနိုင်ငံသစ်အဖြစ် ပြုပြင်ပြောင်းလဲ ကြိုးပမ်းကြတဲ့ ကမ္ဘာ့နိုင်ငံအချို့ရဲ့ အတွေ့အကြုံအရ စီးပွားရေးပိတ်ဆို့မှုဒဏ် မခံရဘဲ စီးပွားရေး အခြေခံ အထိုက်အလျောက် ရှိတဲ့ နိုင်ငံတွေမှာတောင် ရည်မှန်းတဲ့ အဆင့်ရောက်ဖို့ (၁၅)နှစ်၊ အနှစ်(၂၀)ကြာ ကြိုးပမ်းခဲ့ကြရတာကို တွေ့ရှိရပါ တယ်။
ကမ္ဘာ့စီးပွားရေး ဖိုရမ်ကျင်းပစဉ်က မက်ကင်ဆေးအဖွဲ့က လေ့လာသုံးသပ် တင်ပြချက်အရ မြန်မာနိုင်ငံရဲ့ စီးပွာရေးအလားအလာဟာ ကုန်ထုတ်လုပ်မှုနှစ်ဆ တိုးတက်အောင် ကြိုပမ်းနိုင်လျှင် (၂၀၃၀) ပြည့်နှစ်မှာ စီးပွားရေး ထုတ်လုပ်မှု ဒေါ်လာ ဘီလီယံ (၂၀၀)ထိ ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ကုန်ထုတ်လုပ်မှု (၂)ဆ တိုးတက်ရေး အတွက် အခြေခံကျတဲ့ မြို့နယ်တိုင်းမှာ ကုန်ထုတ်လုပ်မှု (၂)ဆ တိုးအောင် ဆောင်ရွက်နိုင်မယ့် ဦးစားပေး လုပ်ငန်းကဏ္ဍနယ်ပယ်တွေကို ကွင်းဆင်း လေ့လာ သုံးသပ်ပြီး တိုးတက်အောင် အကောင်အထည်ဖော်နိုင်ရေး စီမံသွားကြရန် တိုက်တွန်း လိုပါတယ်။
အစီအမံများ ရေးဆွဲအကောင်အထည်ဖော်ရာမှာ လူဦးရေရဲ့ (၇၀%) ရှိတဲ့ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ လက်လုပ်လက်စားများ၊ ဆင်းရဲသော ပြည်သူများအတွက် လိုအပ်နေတဲ့ စားဝတ်နေရေး အဆင်ပြေရန်နဲ့ အလုပ်အကိုင် အခွင့်အလမ်းရရှိရန် လယ်ယာ ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး၊ အသေးစားအလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးစတဲ့ အခြေခံကျကျ လက်တွေ့ ဖြည့်ဆည်းပေးနိုင်မယ့် လုပ်ငန်းများကို ဦးစားပေးရွေးချယ်ပြီး ကျန်တဲ့လ(၃၀)အတွင်း သိသာထင်ရှားတဲ့ အကျိုးရလဒ်များ ရရှိအောင် အကောင်အထည်ဖော် ကြိုးပမ်းသွားကြပါလို့ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။
-------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ပြောကြားသည့် ရေဒီယိုမိန့်ခွန်း

(၁-၈-၂၀၁၃)

မိဘပြည်သူများခင်ဗျား 
ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုကနေတစ်ဆင့် အသိပေး ပြောကြားနေကျဖြစ်တဲ့အတိုင်း ဇူလိုင်လအတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု များကို ပြောကြားရခြင်း ဖြစ်ပါတယ်။

မိဘပြည်သူများသိကြပြီးဖြစ်တဲ့အတိုင်း ကျွန်တော်ဟာ ဗြိတိန်နိုင်ငံနဲ့ ပြင်သစ်နိုင်ငံများကို ဇူလိုင်လ ၁၄ ရက်နေ့ကနေ ၂၀ ရက်နေ့ထိ အလုပ် သဘောခရီးသွားရောက်ခဲ့ပါတယ်။ ကျွန်တော်တို့နဲ့ သမိုင်းကြောင်းရှည်ကြာ ပတ်သက်မှုတွေရှိခဲ့ကြတဲ့ ဗြိတိန်နဲ့ပြင်သစ် နိုင်ငံများကို မြန်မာနိုင်ငံရဲ့ သမိုင်းအလှည့်အပြောင်းဖြစ်တဲ့ ယခုလိုအချိန်မှာ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

အစိုးရအဖွဲ့ ခေါင်းဆောင်များ၊ လွှတ်တော်ခေါင်းဆောင်များနဲ့ တွေ့ဆုံပြီး နိုင်ငံရေးပြုပြင် ပြောင်းလဲမှု ကိစ္စတွေ၊ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်တဲ့ကိစ္စတွေ၊ နိုင်ငံရေး အကျဉ်းသားကိစ္စတွေနဲ့ မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခကိစ္စတွေနဲ့ ပတ်သက်ပြီး ထိရောက်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များထဲမှာ အဓိက လုပ်ငန်းစဉ်တစ်ရပ်ဖြစ်တဲ့ နိုင်ငံတော် လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်တွေအတွက် တပ်မတော် အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်မယ့် ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။  

ဒါ့အပြင် စီးပွားရေးအသင်းအဖွဲ့များ၊ ကုမ္ပဏီကြီးများနဲ့လည်း တွေ့ဆုံပြီး မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အလိုအပ်ဆုံးဖြစ်တဲ့ တာဝန်သိပြီး တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှုတွေ တိုးတက်စေဖို့ ဆွေးနွေးဆောင်ရွက် နိုင်ခဲ့ပါတယ်။ နှစ်နိုင်ငံ ပြည်သူများအကြား ရင်းနီးချစ်ကြည်မှု တိုးတက်စေဖို့အတွက် အရပ်ဘက် အဖွဲ့အစည်း များကိုလည်း တွေ့ဆုံခဲ့ပါတယ်။

အပြောင်းအလဲကာလမှာလိုအပ်တဲ့ နိုင်ငံတကာအကူအညီတွေ၊ ထောက်ခံမှုတွေနဲ့ နားလည်ပေးမှုတွေကို ရရှိဖို့အတွက် အရေးကြီးတဲ့ နိုင်ငံခြားခရီးစဉ်များကိုလည်း ကျွန်တော့်အနေနဲ့ အချိန်ပေးသွားရောက်နေခြင်းလည်း ဖြစ်ပါတယ်။

ဇူလိုင်လဟာဆိုရင် မြန်မာ့နိုင်ငံရေးသမိုင်းမှာ ခက်ခဲကြမ်းတမ်းတဲ့ အချိန်ကာလတစ်ရပ် ဖြစ်ခဲ့ပါတယ်။ ဝမ်းနည်းစရာတွေ၊ သံဝေဂရစရာတွေ ရှိနေသလို တိုင်းပြည်ရဲ့ အနာဂတ်အတွက် သမိုင်းသင်ခန်းစာယူစရာတွေလည်း အပြည့်ရှိနေပါတယ်။ နိုင်ငံရေးအကျပ်အတည်းတွေကို အကြမ်းဖက်တဲ့နည်းလမ်းနဲ့ ဖြေရှင်းဖို့ ကြိုးပမ်းတာတွေကို ကြုံတွေ့ခဲ့ရပြီး နောက်ဆုံးမှာ တိုင်းပြည် အတွက် ဘယ်လောက်ထိခိုက် နစ်နာစေခဲ့တယ် ဆိုတာ မိဘပြည်သူများအသိပဲ ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးသမိုင်းမှာ ဒီမိုကရေစီ အလေ့အထရဲ့ အဓိက စံတန်ဖိုးတွေဖြစ်တဲ့ မတူညီတဲ့ အယူအဆတွေကို ထုတ်ဖော် ပြောဆိုခွင့်၊ လွတ်လပ်စွာ သဘောထား ကွဲလွဲပိုင်ခွင့်၊ ဆွေးနွေးငြင်းခုံခွင့်တွေကို လက်မခံနိုင်တဲ့သူများ အစွန်းရောက်နိုင်ငံရေးသမားများရဲ့ အန္တရာယ်ဟာ တိုင်းပြည်အတွက် ဘယ်လောက်တောင် ဆိုးကျိုးကြီးမားနိုင်တယ်ဆိုတာကို အမြဲသတိပေးနေတာလည်း ဖြစ်ပါတယ်။

တိုင်းပြည် လွတ်လပ်ရေးရအောင် ဆောင်ကြည်းပေးခဲ့တဲ့ ခေါင်းဆောင်ကြီးတွေဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ကြီးတွေ ကျဆုံးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့ဟာ ဆိုရင် မြန်မာ့သမိုင်းမှာ မမေ့ထိုက်တဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။ ဗိုလ်ချုပ်နဲ့ အာဇာနည်ကြီးများ၊ ကျဆုံးလေပြီးတဲ့ ခေါင်းဆောင်များရဲ့ ကျေးဇူးတရားတွေကို အမြဲအမှတ်ရနေရမယ့် နေ့ရက်တစ်ရက်လည်း ဖြစ်ပါတယ်။ ဒီလို ဂုဏ်ပြုထိုက်တဲ့ ပုဂ္ဂိုလ်တွေကို အစိုးရအနေနဲ့လည်း နိုင်ငံတော်အဆင့်  ခမ်းခမ်းနားနား ဂါရ၀ပြုခဲ့သလို အများပြည်သူလူထုကလည်း အထူးသဖြင့် လူငယ်တွေကိုယ်တိုင် တက်တက်ကြွကြွနဲ့ တစ်ခဲနက် ဂုဏ်ပြုနိုင်ခဲ့တာဟာလည်း မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွေရဲ့ အောင်မြင်မှု တစ်ရပ်လို့ ဆိုရမှာဖြစ်ပါတယ်။

ပြည်သူအများသိရှိပြီး ဖြစ်တဲ့အတိုင်း ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ နိုင်ငံခြားခရီးစဉ် မထွက်ခွာမီမှာ တစ်ကြိမ်၊ နိုင်ငံခြား ခရီးစဉ်က ပြန်ရောက် ရောက်ချင်း ၂၂ ရက်နေ့မှာ တစ်ကြိမ်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး အဖွဲ့ခေါင်းဆောင် လူကြီးများ၊ လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌ၊ လူ့အခွင့် အရေးကော်မရှင်က တာဝန်ရှိသူများနဲ့ တွေ့ဆုံပြီး ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးနဲ့ ပဋိပက္ခကာကွယ် တားဆီးရေး ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။

အကြောင်းတိုက်ဆိုင်တဲ့အတွက် ဒီနေရာမှာ ကျွန်တော့်အနေနဲ့ ဗိုလ်ချုပ် အောင်ဆန်းရဲ့ အလယ်ပစ္စယံ ညီလာခံမိန့်ခွန်းကို ကိုးကားပြီး ပြောကြားလိုပါတယ်။ အဲ့ဒီမိန့်ခွန်းမှာ ဗိုလ်ချုပ်က လွတ်လပ်စွာ ဘာသာကိုးကွယ်နိုင်မှုဟာ နိုင်ငံသားအခွင့်အရေးတွေထဲက တစ်ခုဖြစ်တယ်ဆိုတာ မြွက်ကြားခဲ့တဲ့အပြင် ဘာသာတရားက သစ္စာ၊ မေတ္တာ နဲ့ သမ္မာ အာဇီဝ၊ သမ္မာကမ္မန္တတို့ကို ဓမ္မ အနေနဲ့ ဟောကြားပြီး လူမှုမှာလည်း ဒီဓမ္မတွေကို လေးစားကြောင်း လူမှုတိုးတက်ရေးနဲ့ ဘာသာရေးတို့ဟာ တစ်ခုနဲ့တစ်ခု ဆန့်ကျင်ဘက် သဘော မဆောင်ကြောင်း၊ ဒါပေမယ့် ဘာသာတရားရဲ့ နာမကို အလွဲသုံးစားလုပ်ပြီး၊ ဆင်ခြင်တုံတရား ကင်းမဲ့ခြင်းကို အကြောင်းပြုပြီး၊ မတရားတဲ့အမှုတွေကိုပြုရင်တော့ လူ့အဖွဲ့အစည်းက အဲဒီမတရားမှုကို လျစ်လျူရှုနိုင်မှာ မဟုတ်ဘူးလို့ အတိအလင်း ပြောကြားခဲ့ပါတယ်။

လူအများကို နစ်နာစေမယ့် တရားဓမ္မဖြစ်လေဟန် ဟောပြောမှုတွေ၊ လုပ်ဆောင်မှုတွေကိုလည်း တားမြစ်သွားရမယ်လို့ အဲဒီမိန့်ခွန်းမှာ ထင်ထင်ရှားရှားကြီး ဖော်ပြခဲ့ပါတယ်။ အဲသလိုပဲ လွတ်လပ်စွာ ဘာသာကိုးကွယ်နိုင်မှုဆိုတဲ့ အခွင့်အရေးကို ပေးတဲ့နေရာမှာတော့ နိုင်ငံရေးနဲ့ ကိုးကွယ်သည့် ဘာသာရေး နှစ်ဌာန စပ်ကြား စည်းတားရပေလိမ့်မည်လို့ ဆိုခဲ့ပါတယ်။ ဘာသာရေးနဲ့ နိုင်ငံရေးကို ရောစပ်ပါမူ ဘာသာရေး၏သဘောတရားကို ဆန့်ကျင်ရာရောက်ပေ၏လို့ ဆိုခဲ့ပါတယ်။ ဗိုလ်ချုပ်ရဲ့ အလယ်ပစ္စယံ ညီလာခံ မိန့်ခွန်းဟာ ဒီကနေ့ ကျွန်တော်တို့ နိုင်ငံအခြေအနေမှာ များစွာ စဉ်စားစရာ၊ များစွာ သင်ခန်းစာယူစရာ ဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက်လို့ တိုးတက်လာမှုအချို့ကိုလည်း  အသိပေး ပြောကြားလိုပါတယ်။ လတ်တလော အခြေအနေမှာ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များဟာ SSPP/SSA အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေး မှုတွေ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ “ဝ” အထူးဒေသ (၂) ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့လည်း တွေ့ဆုံဆွေး နွေးနိုင်ခဲ့သလို နှစ်ဖက်သဘောတူညီချက်တွေလည်း ထုတ်ပြန်ကြေညာ နိုင်ခဲ့ပါတယ်။ မြစ်ကြီးနားမြို့မှာလည်း ကေအိုင်အေ အဖွဲ့ရဲ့ နည်းပညာအဖွဲ့ အကြံပေးရုံးကိုလည်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်တဲ့ အတွက် ငြိမ်းချမ်းရေးဆွေး နွေးရာမှာ ထိထိရောက်ရောက်ရှိစေမယ့် ဆက်သွယ်ရေးလမ်းကြောင်းတွေ ပွင့်လင်းလာပြီးလို့ ဆိုရမှာဖြစ်ပါတယ်။။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအားလုံးနဲ့ လိုအပ်တဲ့ ဆွေးနွေးညှိနိုင်းမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး မကြာမီမှာ တစ်တိုင်းပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေးသဘောတူညီမှု လက်မှတ်ရေးထိုးနိုင်မယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်။ နောက်တစ်ဆင့် နိုင်ငံရေးဆွေးနွေးမှုတွေ ပြုလုပ်တဲ့အခါမှာလည်း သက်ဆိုင်တဲ့ အင်အားစုတွေ အားလုံးပူးပေါင်း ပါဝင် ဆောင်ရွက်နိုင်ဖို့အတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေကို ဆောင်ရွက်လျက်ရှိနေပါတယ်။

ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲ့ရေးလုပ်ငန်းစဉ်မှာ အဓိကကျတဲ့ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးကို ရှေးရှုပြီး လက်ကျန် နိုင်ငံရေး အကျဉ်းသားစိစစ်ရေး ကော်မတီကနေ နိုင်ငံရေး အကျဉ်းသား ၇၃ ဦးကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးခဲ့ပါတယ်။ ဆက်လက်ပြီး ကျွန်တော့်အနေနဲ့ ကျွန်တော် ကတိပေးထားတဲ့အတိုင်း ဒီနှစ်ကုန်မှာ နိုင်ငံရေးအကျဉ်းသား တစ်ဦးတစ်ယောက်မှ မကျန် ရှိစေဖို့ ဆောင်ရွက်သွားမှာ ဖြစ်တဲ့ အကြောင်း မိဘပြည်သူများကို အသိပေးပြောကြားလိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက မကွေးတိုင်းဒေသကြီး မြောက်ပိုင်း၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်းဒေသကြီး တစ်ချို့မြို့နယ်တွေမှာ မိုးခေါင်မှုတွေကြောင့် စိုက်ပျိုးထားတဲ့ သီးနှံအချို့ ပျက်စီးဆုံးရှုံးမှု ရှိကြောင်း သိရှိရပါတယ်။ တောင်သူလယ်သမားများ ဆုံးရှုံးနစ်နာမှု မရှိစေရန်နှင့် သီးနှံအသစ်များ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရအောင်၊ ဆင်းရဲနွမ်းပါးမှု လျော့ကျပြီး စီးပွားရေး ပြန်လည်ဖွံ့ဖြိုး တိုးတက်လာအောင် ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်လူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တွေ ဖန်တီးပေးနိုင်ဖို့ တစ်စိုက်မတ်မတ် ကြိုးပမ်း ဆောင်ရွက်လျက်ရှိတဲ့ အကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

မိဘပြည်သူများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
----------------------------------------------------------------------------------------------------------------------------------------------------------------------------------------

မိမိတို့ နိုင်ငံတွင် လူမျိုးရေး၊ ဘာသာရေးခွဲခြားမှုများ လုံးဝလက်မခံ

ရန်ကုန်၊ ဇူလိုင် ၂၁

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ နာယက၊ ဥက္ကဋ္ဌနှင့် အမှုဆောင် အဖွဲ့ဝင်များအား ယနေ့ညနေ ၃ နာရီတွင် ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် နယ်စပ်ဒေသရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးစိုးသိန်းနှင့် ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးဌေးဦး၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြ၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်တင့်ဆွေနှင့် အဖွဲ့ဝင်များ၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့နာယက အစ္စလာမ်ဘာသာဝင် သံအမတ်ကြီး (အငြိမ်းစား) ဦးလှမောင်၊ ဥက္ကဋ္ဌ ဗုဒ္ဓဘာသာဝင် သံအမတ်ကြီး (အငြိမ်းစား) ဦးစိန်ဝင်းအောင်၊ ဒုတိယဥက္ကဋ္ဌ အစ္စလာမ်ဘာသာဝင် ဦးညွန့်မောင်သျှိန်၊ အတွင်းရေးမှူး ခရစ်ယာန်ဘာသာဝင် ဦးသာဉာဏ်နှင့် ဟိန္ဒူဘာသာအဖွဲ့နာယက ဦးရွှေ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ် ပဋိပက္ခစုံစမ်း စစ်ဆေးရေး ကော်မရှင် အတွင်းရေးမှူး ဒေါက်တာ ကျော်ရင်လှိုင် နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်နယ်တွင် ရာဇဝတ်မှုခင်းတစ်ခုကို အကြောင်းပြုပြီး လူ့အသိုင်းအဝိုင်း နှစ်ခုကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခသည် ပြည်တွင်းအခြေအနေမှ ဒေသတွင်းအရေးကိစ္စ၊ နိုင်ငံတကာအရေးကိစ္စ အဖြစ် ရောက်ရှိ သွားနိုင်ကြောင်း၊ ထိုသို့ဖြစ်ပေါ်ခဲ့လျှင် မိမိနိုင်ငံပုံရိပ်နှင့် ဆောင်ရွက်နေသည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကိုပါ ထိခိုက်စေနိုင်သည်ဟု မိမိမိန့်ခွန်းများတွင် အကြိမ်ကြိမ်ထည့်သွင်းသတိပေးခဲ့ကြောင်း၊ ယခုအခါ မိမိစိုးရိမ်ခဲ့သည့်အတိုင်း လူအုပ်စု နှစ်ခုအကြား ဖြစ်ပွားခဲ့သည့်ပဋိပက္ခကို လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခအဖြစ် ဒေသတွင်းအရေး ကိစ္စ၊ နိုင်ငံတကာအရေး ကိစ္စအဖြစ် ပုံဖော်ပြီး ကုလသမဂ္ဂမျက်နှာစာတွင် တင်ပြရန် ကြိုးစားမှုများ စတင်တွေ့ရှိလာရပြီ ဖြစ်ကြောင်း၊

မိမိတို့နိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အစ္စလာမ်ဘာသာအပါအဝင် ဘာသာကြီးလေးခုကို အသိအမှတ်ပြု ကာကွယ် စောင့်ရှောက်ရမည့် ပြဌာန်းချက်များ ပါဝင်ပြီးဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှုများကို လုံးဝ လက်မခံကြောင်း၊ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများသည် ရာဇဝတ်မှုတစ်ခုကို အကြောင်းပြုပြီး ဒေသအလိုက် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများသာ ဖြစ်ကြောင်း၊ မိမိအနေဖြင့်လည်း ယခုခရီးစဉ်အတွင်း အထက်ပါ အခြေအနေကို အခိုင်အမာရှင်းပြခဲ့ကြောင်း။

မိမိတို့နိုင်ငံ ကမ္ဘာ့အလယ်မှာ မျက်နှာမပျက်ရအောင် မိမိတို့အသီးသီး တာဝန်ယူဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အဓိကအားဖြင့် မိမိတို့ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ် သုံးခုရှိကြောင်း၊ ပထမလုပ်ငန်းစဉ်မှာ ပဋိပက္ခဖြစ်ပွားခဲ့သည့် ဒေသများ၏ ပြန်လည် ထူထောင်ရေး၊ နေရာချထားရေး ကိစ္စများကို ဦးစားပေးဆောင်ရွက်ရန် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် ဒုက္ခသည်ပေါင်း တစ်သိန်းကျော်ကို နိုင်ငံတော်က နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းစောင့်ရှောက်ထားရကြောင်း၊ ၎င်းတို့ အတွက် နိုင်ငံတော် မှ ရန်ပုံငွေ ခြောက်ဘီလံယံကျော် သုံးစွဲခဲ့ပြီးဖြစ်ကြောင်း၊ ဆူပူအကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်သူများကို ထိထိရောက်ရောက် အရေးယူပြီးဖြစ်သကဲ့သို့ ဆက်လက်ဖော်ထုတ် အရေးယူရန်လိုကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေဖြင့်လည်း မိမိတို့၏ တာဝန်ဝတ္တရားများကို တိတိကျကျ ဆောင်ရွက်ရန် လိုကြောင်း။

ဒုတိယလုပ်ငန်းစဉ်မှာ နောက်ထပ်ပဋိပက္ခများ ထပ်မံမဖြစ်ပွားစေရေးအတွက် ကာကွယ်ရန် ဖြစ်ကြောင်း၊ ထိုလုပ်ငန်း ကို နိုင်ငံတော်အစိုးရက ဆောင်ရွက်သကဲ့သို့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့အနေဖြင့် ဗဟိုတွင်သာမက တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်များတွင်လည်း အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်စေလိုကြောင်း၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အနေဖြင့်လည်း လူ့အခွင့်အရေး၊ ဘာသာရေး လွတ်လပ်ခွင့်များနှင့် ပတ်သက်ပြီး ပြည်သူများ ကို အသိပညာပေးရန် လိုကြောင်း။

တတိယလုပ်ငန်းစဉ်မှာ ပဋိပက္ခဖြစ်ပွားစေသည့် အကြောင်းအရင်းများကို ဖြေရှင်းရမည့် ရေရှည်လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပညာရေး၊ ကျန်းမာရေး အပါအဝင် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ရန် နှင့် ရခိုင်ပြည်နယ် စုံစမ်းရေးကော်မရှင်၏ အကြံပြုချက်များကိုလည်း ဆက်လက်ဆောင်ရွက်ရန် လိုကြောင်း ရှင်းလင်း ပြောကြား သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်ကို သိရှိနိုင်စေရန် အတွက် နိုင်ငံတော်အစိုးရနှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မှုများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေတွင် ပြဌာန်းထားသည့် နိုင်ငံသားဖြစ်မှု အခွင့်အရေးများ ရခိုင်ပြည်နယ်တွင် လူဦးရေစာရင်း မှန်ကန်စေရန်အတွက် (ဆွဲ၊ တင်၊ စစ်) စနစ်ဖြင့် ဆောင်ရွက်ရာတွင် ကြုံတွေ့နေရသော အခက်အခဲများ၊ နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်မှု အခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းက ဒုက္ခသည် တစ်သိန်းနှစ်သောင်းကျော်ကို စားနပ် ရိက္ခာ ထောက်ပံ့ပေးမှု အခြေအနေ၊ နေအိမ်များ ပြန်လည်ဆောက်လုပ်ပေးမှုအခြေအနေ၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ရခိုင်ပြည်နယ်ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင် အတွင်းရေးမှူး၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးနာယက၊ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က ဖြည့်စွက်ဆွေးနွေးကြသည်။

နိဂုံးချုပ်အနေဖြင့် နိုင်ငံတော်သမ္မတက တင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ပြန်လည်ဆွေးနွေးပြော ကြားသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတသည် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်နှင့် ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေး အဖွဲ့တို့မှ အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
--------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတဦးသိန်းစိန် Chatham House စကားဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက် မိန့်ခွန်းပြောကြား


လန်ဒန် ဇူလိုင် ၁၆

ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဇူလိုင် ၁၅ ရက် ညနေ ၅ နာရီခွဲတွင် Chatham House ၌ ကျင်းပသည့် “မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု နောက်ကွယ်မှ စိန်ခေါ်မှုများနှင့် အကျိုးရလဒ်များ” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားသည်။
ထိုသို့ ပြောကြားရာတွင်-

ကျွန်တော်ရဲ့ ပထမဆုံး ဗြိတိန်နိုင်ငံနဲ့ လန်ဒန်မြို့တော်ကို ရောက်ရှိတဲ့ ခရီးစဉ်အတွင်း ချောလ်တန်ဟောက်စ်မှာ လူကြီးမင်းတို့နဲ့ ယခုလိုတွေ့ဆုံ စကားပြောခွင့်ရတဲ့အတွက် အလွန်ဝမ်းမြောက် မိပါတယ်။

ကျွန်တော်တို့ နှစ်နိုင်ငံအကြားမှာ ရာစုနှစ် နှစ်ခုကျော်ရှည်ကြာတဲ့ ပတ်သက် ဆက်နွယ်မှုတွေ ရှိခဲ့တယ်ဆိုတာ အားလုံးသိကြပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးတဲ့ နောက်ပိုင်း ကာလများမှာ နှစ်နိုင်ငံအကြား ဆက်ဆံရေး ကောင်းမွန်တဲ့ အချိန်တွေရှိခဲ့သလို ခက်ခဲတဲ့ အချိန်များကိုလည်း ကျော်ဖြတ်ခဲ့ကြ ရပါတယ်။

သို့သော်လည်း ယခုအချိန်မှာ မြန်မာနဲ့ဗြိတိန် နှစ်နိုင်ငံ ဆက်ဆံရေးသမိုင်းဟာ စာမျက်နှာသစ်တရပ် ဖွင့်လှစ်နိုင်ခဲ့ပြီလို့ ဆိုရမှာဖြစ်ပါတယ်။ ဒီဆက်ဆံရေး သမိုင်းသစ်မှာ ကျွန်တော်တို့ နှစ်နိုင်ငံရဲ့ အကျိုးစီးပွားအတွက် သာမကဘဲ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင် ဖြေရှင်းရာမှာလည်း နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုတွေ ရှိလာမှာဖြစ်ပါတယ်။

ကျွန်တော်တို့ နှစ်နိုင်ငံအကြား ရင်းနှီးနီးစပ်စေတဲ့ ဆက်စပ်မှုတွေအပေါ်မှာ အခြေခံပြီး ရေရှည်တည်မြဲမယ့် ပူးပေါင်းဆောင်ရွက်မှု ပုံစံသစ်တခုကို ဦးတည် သွားကြရမှာလည်း ဖြစ်ပါတယ်။ နယ်ချဲ့ကိုလိုနီစနစ်ဆိုး ကာလတွေ အတွင်းမှာတောင် မြန်မာပြည်သူများနဲ့ ဗြိတိန်ပြည်သူများအကြား ရင်းနှီးချစ်ကြည်မှုတွေ တည်ဆောက်နိုင်ခဲ့ပြီး ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံများကို တံတားထိုး ဆက်သွယ်ပေးနိုင်သူတွေ ရှိခဲ့ပါတယ်။

ကျွန်တော်တို့တိုင်းပြည်က ထူးချွန်ထက်မြက်တဲ့ အမျိုးသား၊ အမျိုးသမီးများဟာ အင်္ဂလန်မှာ ပညာ သင်ကြားခဲ့ပြီး နောင်တစ်ချိန်မှာ အမျိုးသားခေါင်းဆောင်တွေ၊ ဝန်ကြီးချုပ်တွေ၊ သမ္မတတွေအဖြစ် တိုင်းပြည်ကို အလုပ်အကျွေး ပြုခဲ့တဲ့ သမိုင်းကြောင်း သာဓကများလည်း ရှိခဲ့ပါတယ်။ နှစ်နိုင်ငံအကြားက အတိတ်တွေကို မေ့ပျောက်လို့ မရသလိုဘဲ နက်ရှိုင်းတဲ့ ဆက်နွယ်ပတ်သက်မှုများကိုလည်း အသိအမှတ်ပြုကြရမှာ ဖြစ်ပါတယ်။ နှစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ အမွေအနှစ်တွေ၊ အတိတ် အကြောင်းတွေနဲ့ နီးစပ်မှုတွေ ရှိကြပြီး ဒါတွေကို အားသာချက်တွေအဖြစ် အသုံးပြုရမှာ ဖြစ်ပါတယ်။

ကျွန်တော်ဟာ မြန်မာသမိုင်းရဲ့ အရေးကြီးတဲ့ အချိုးအကွေ့တစ်ခုမှာ လူကြီးမင်းတို့နဲ့ အခုလို တွေ့ဆုံ စကားပြောကြားခွင့်ရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရဟာ ၂၀၁၁ ခုနှစ် ဧပြီလမှာ စတင်တာဝန်ယူခဲ့ပြီး ယနေ့ကာလမှာ မည်သည့်နိုင်ငံမှာမှ မကြုံဘူးသေးတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကြီးကို တာဝန်ယူ လုပ်ဆောင် နေရတာ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ ကဏ္ဍပေါင်းစုံကို ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရတာ ဖြစ်တဲ့အတွက် ကဏ္ဍတိုင်း၊ နေရာတိုင်း အောင်မြင်မှသာလျှင် ဒီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တခုလုံး အောင်မြင်တယ်လို့ ဆိုနိုင်မှာလည်း ဖြစ်ပါတယ်။

အခုအချိန်မှာ မြန်မာနိုင်ငံကို လာရောက်သူတိုင်း မြင်သာနိုင်တဲ့ အချက်တခုကတော့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကနေ အကောင်အထည်ဖော်ပေးလိုက်တဲ့ ရလဒ်တခုဖြစ်တဲ့ မတူညီတဲ့ အတွေးအခေါ်တွေ၊ စဉ်းစားမှုပုံစံတွေရဲ့ အားကောင်းတဲ့ ယှဉ်ပြိုင်မှုတွေနဲ့ ဆွေးနွေး ငြင်းခုန်မှုများကနေ ပေါ်ပေါက်လာတဲ့ ခွန်အားပဲဖြစ်ပါတယ်။ မြန်မာပြည်သူတွေအနေနဲ့ ဒီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ မအောင်မြင်လို့ မဖြစ်ဘူးလို့ လက်ခံသိရှိထားကြတဲ့အတွက် ဒီလို ရလဒ်တွေ ရရှိလာတာလည်း ဖြစ်ပါတယ်။

ကျွန်တော်တို့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များရဲ့ ပထမဆုံး ကဏ္ဍကတော့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်တရပ် ပေါ်ပေါက်ပြီး ဖြစ်သလို ရွေးကောက်ပွဲများလည်း ကျင်းပနိုင်ခဲ့ပါပြီ။ သတင်းမီဒီယာနဲ့ အင်တာနက် ပိတ်ပင်ကန့်သတ်မှုတွေကိုလည်း ရပ်တန့်နိုင်ခဲ့ပြီး လွတ်လပ်စွာ ရေးသားထုတ်ဖော် ပြောဆိုခွင့်နဲ့ အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ကို ကာကွယ်တဲ့ ဥပဒေများလည်း ပြဋ္ဌာန်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ထောင်ပေါင်းများစွာသော အကျဉ်းသားများကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ တစ်ဦးတယောက်မျှ မကျန်ရှိစေရေးအတွက် ယခင်နိုင်ငံရေး အကျဉ်းသားဟောင်းများ ပါဝင်တဲ့ ကော်မတီ တစ်ရပ် ဖွဲ့စည်းပြီး စိစစ်ဆောင်ရွက်လျက်ရှိပါတယ်။ ယခုနှစ် ကုန်ချိန်မှာ မြန်မာနိုင်ငံမှာ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရတဲ့ နိုင်ငံရေးအကျဉ်းသား တစ်ဦးမျှ မကျန်အောင် ဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်းလည်း အသိပေးပြောကြား လိုပါတယ်။

ကျွန်တော်တို့ဟာ ရာစုနှစ်တဝက်လောက်ကြာတဲ့ ဗဟိုဦးစီးစနစ်နဲ့ စစ်အုပ်ချုပ်မှု ပုံစံကနေ ဒီမိုကရေစီစနစ်ကို ကူးပြောင်းနိုင်ဖို့အတွက် ယခုလို ပြုပြင်ပြောင်းလဲမှု များကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အခုကိစ္စဟာ လွယ်ကူတဲ့ ကိစ္စမဟုတ်တာကို လူကြီးမင်းတို့ အနေနဲ့ နားလည်လက်ခံ ထားကြမယ်လို့လည်း ယုံကြည်ပါတယ်။ ရုတ်ခြည်းနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ သက်ရောက်မှုတွေကို အင်စတီကျူးရှင်းများက ခံနိုင်ရည်မရှိတဲ့ ကိစ္စတွေနဲ့ ဒီမိုကရေစီဓလေ့ ရှင်သန်ခိုင်မာမှု မရှိနိုင်သေးတဲ့ အခြေအနေမှာ အကြမ်းဖက်မှုနဲ့ မင်းမဲ့စရိုက်ဆန်စွာ ပြုကျင့်တဲ့ ကိစ္စရပ်တွေကိုလည်း နေရာအနှံ့မှာ ကြုံတွေ့ရလျက်ရှိပါတယ်။ ဒါကြောင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ဆောင်ရွက်တဲ့ အခါမှာ ကျွန်တော်တို့ရဲ့ လက်တွေ့ အခြေအနေအမှန်နဲ့ ကိုက်ညီပြီး မှန်မှန်နဲ့မြန်မြန် ဆက်သွားနိုင်အောင်လည်း သတိကြီးစွာ ထားပြီး ဆောင်ရွက်နေရပါတယ်။

ဒီမိုကရေစီဆိုတဲ့နေရာမှာ ရွေးကောက်ပွဲတွေ၊ အခြေခံလွတ်လပ်ခွင့်တွေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေသာမက ဒီမိုကရေစီ ယဉ်ကျေးမှု ဓလေ့တွေ၊ ကျင့်ဝတ်တွေနဲ့ နိုင်ငံသား ဖြစ်မှုကို နားလည်တဲ့ ပုံစံတွေလည်း ပါဝင်ပါတယ်။ ကျွန်တော့်အနေနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်ဟာ အလွန်လွယ်ကူတဲ့ ကိစ္စတခုဖြစ်လိမ့်မယ်လို့ စိတ်ကူးယဉ်ထားခြင်းမျိုး မရှိသလို တဖက်မှာလည်း ဒီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် အောင်မြင်ဖို့အတွက် အပြည့်အဝ ယုံကြည်မှု ရှိပါတယ်။

ကျွန်တော်တို့ အောင်မြင်ဖို့ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ရဲ့ ဒုတိယ မျက်နှာစာ တစ်ရပ်ကတော့ ဗဟိုအစိုးရက ချုပ်ကိုင်ပြီး အထီးကျန်တဲ့ စီးပွားရေးပုံစံကနေ ကမ္ဘာ့ဈေးကွက်အတွင်း ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့် ရှိတဲ့ ဈေးကွက်စီးပွားရေး မူဝါဒများကို အခြေခံတဲ့ စီးပွားရေးပုံစံတခုကို ပြန်လည် မူဘောင်ချ တည်ဆောက်မှုပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ သဘာဝသယံဇာတတွေ အမြောက်အမြားကို ပိုင်ဆိုင်ထားပါတယ်။ အာရှတိုက်ရဲ့ လမ်းဆုံလမ်းခွ အချက်အချာကြတဲ့ တရုတ်နဲ့ အိန္ဒိယအကြားမှာ တည်ရှိပြီး အရှေ့တောင်အာရှ နိုင်ငံများနဲ့ ထိစပ်နေတဲ့အတွက် မက်မောလောက်ဖွယ်ရှိတဲ့ ပထဝီ အနေအထားကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ အလွန်ကို အလားအလာ ကောင်းတဲ့ နေရာတစ်ခုဖြစ်တယ်ဆိုတာကိုလည်း နားလည် သိရှိပါတယ်။ နိုင်ငံတကာ ကုန်သွယ်မှုတွေနဲ့ ရင်းနှီးမြှုပ်နှံမှုများအတွက် ကျွန်တော်တို့ နိုင်ငံရဲ့ ဈေးကွက်တွေကို ဖွင့်လှစ်သွားရမှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့ အခါမှာလည်း ဆင်းရဲ နွမ်းပါးမှုလျော့ချနိုင်ဖို့နဲ့ သာမန်လယ်သမား၊ အလုပ်သမား လူတန်းစားများအထိ အကျိုးကျေးဇူး ခံစားနိုင်ဖို့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ သန်းပေါင်းများစွာသော ပြည်သူများကို ဆင်းရဲတွင်းကနေ ကယ်ထုတ်နိုင်ရေးထက် အရေးကြီးတဲ့ကိစ္စ မရှိနိုင်ပါဘူး။ ကျွန်တော်တို့အနေနဲ့ အဂတိလိုက်စားမှုတွေ တိုက်ဖျက်သွားရမှာ ဖြစ်သလို သဘာဝ ပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးကိုလည်း အားထုတ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ဒီလို ကိစ္စတွေကို ဦးတည်ကြိုးပမ်းဆောင်ရွက်တဲ့နေရာမှာ အရေးကြီးတဲ့ အဆင့်များကို ဖော်ဆောင်ပြီး ဖြစ်ပါတယ်။ ငွေလဲနှုန်း ပုံစံမျိုးစုံဖြစ်နေတဲ့ ငွေကြေးလဲလှယ်မှု စနစ်ကို ပြုပြင်ခြင်း၊ နိုင်ငံတကာ ကြွေးမြီများကို စနစ်တကျ ပြန်လည် ညှိနှိုင်းခြင်း၊ နိုင်ငံတကာ စီးပွားရေးပိတ်ဆို့ အရေးယူမှုများ ရုပ်သိမ်းရေး၊ ရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့ မူဝါဒ အသစ်များ ပြဋ္ဌာန်းခြင်း တို့ကို ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အရေးကြီးတဲ့ ပြည်သူ့ရေးရာ ဝန်ဆောင်မှု လုပ်ငန်းများနဲ့ အခြေခံ အဆောက်အဦတွေ ဖြစ်တဲ့ လျှပ်စစ်ကဏ္ဍ၊ ဆက်သွယ်ရေးနဲ့ နည်းပညာ ကဏ္ဍများမှာလည်း တိုးတက်မှုတွေ ဖော်ဆောင် နိုင်ခဲ့ပါတယ်။

သဘာဝ သယံဇာတတွေကို စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့၊ ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ဖို့နဲ့ ပွင့်လင်းမြင်သာမှု ရှိစွာ ဆောင်ရွက်နိုင်ဖို့ အတွက် ကျွန်တော်တို့အနေနဲ့ EITI အဖွဲ့ဝင် တစ်နိုင်ငံဖြစ်ရေး ကြိုးပမ်းဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ သယံဇာတ ကပ်ဆိုက်မှု မကြုံတွေ့စေရေးနဲ့ သယံဇာတများကိုလည်း ဆင်းရဲနွမ်းပါးမှု လျော့ချရေး မှာ ထိရောက်စွာ အသုံးပြုနိုင်ရေးကို ဆောင်ရွက်ရမှာ ဖြစ်သလို အဂတိလိုက်စားမှုကို အားပေးတာမျိုး မဖြစ်စေဖို့လည်း စနစ်တကျ ဆောင်ရွက် လျက် ရှိပါတယ်။

မြန်မာနိုင်ငံ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုများဟာ အလွန်ပဲ ကြီးမားပါတယ်။ ဥပမာ ပြောရရင် မြေယာပိုင်ဆိုင်မှု ကိစ္စရပ်တွေဟာ တကယ်တော့ အလွန်ရှုပ်ထွေးပြီး တရားဥပဒေနဲ့အညီ ပွင့်လင်းမြင်သာစွာနဲ့ ကိုင်တွယ်ဖြေရှင်းသွားရမှာ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေရဲ့ ရေရှည်အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ဆောင်ရွက် ချက် တစ်ခုအနေနဲ့ တရားမျှတ ပွင့်လင်းမြင်သာပြီး လွယ်ကူရှင်းလင်းတဲ့ မြေယာ ပိုင်ဆိုင်ခြင်း မူဝါဒတွေကို ကျွန်တော်တို့ ချမှတ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပညာရေးနဲ့ ငွေကြေးဝန်ဆောင်မှု ကိစ္စရပ် တွေဟာလည်း အားရလောက်ဖွယ် အနေအထား မရှိသေးတာကို တွေ့ရပါတယ်။ ဖွံ့ဖြိုးတိုးတက်မှု လျင်မြန်နိုင်ဖွယ်ရှိတဲ့ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကဏ္ဍကို အခြား နိုင်ငံများမှ ခရီးသွားလုပ်ငန်းကြောင့် ကြုံတွေ့ခဲ့ရတဲ့ ဆိုးကျိုးတွေလို မဖြစ်ပေါ်စေ ရအောင် စနစ်တကျ စီမံခန့်ခွဲမှုတွေ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၃၀ ခုနှစ်လောက်ကျရင် မြို့ပြတွေမှာ ခန့်မှန်းတွက်ချက်မှုအရ လူဦးရေ ၁၀ သန်းလောက် ထပ်တိုးလာနိုင်ပြီး ဒါဟာ ကျွန်တော်တို့ အရေးတကြီး ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှု တစ်ရပ် ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ မြို့ပြ စီမံကိန်းများကိုလည်း ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေရပါတယ်။ မြန်မာနိုင်ငံရဲ့ အကြီးဆုံး မြို့ပြကြီး တစ်ခုဖြစ်တဲ့ ရန်ကုန်မြို့ကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဟန့်အတား မဖြစ်စေဘဲ တွန်းအားတခု ဖြစ်စေဖို့ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်မြို့ကို ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်မှုတွေ၊ စိမ်းလန်း စိုပြည်မှုတွေ ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ ပနံရတဲ့ မြို့ကြီးတစ်မြို့ ဖြစ်အောင် ဆောင်ရွက် လျက် ရှိနေပါတယ်။

ကျွန်တော်တို့ အနေနဲ့ ဗြိတိန်အစိုးရရဲ့ ကူညီထောက်ပံ့မှုများကို ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ သို့သော်လည်း ကျွန်တော်တို့ အနေနဲ့ အခြားနိုင်ငံတွေရဲ့ အကူအညီတွေပေါ်မှာ မှီခိုနေတဲ့ နိုင်ငံမဖြစ်လိုပါဘူး။ ကျွန်တော်တို့နိုင်ငံ အနေနဲ့ အနာဂတ်မှာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ရေးအတွက် အခုလို အသွင် ကူးပြောင်းရေး ကာလမှာ ပညာရေးနဲ့ အရည်အသွေးမြှင့်တင်မှု အကူအညီတွေ အထူးလိုအပ်ပါတယ်။ အလိုအပ်ဆုံးကတော့ မြန်မာပြည်သူများ ဆင်းရဲတွင်းကနေ လွတ်မြောက်စေဖို့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မယ့် တာဝန်သိပြီး တာဝန်ယူတဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှုတွေပဲ ဖြစ်ပါတယ်။ နည်းပညာနဲ့ အတွေ့အကြုံ လွှဲပြောင်းပေးနိုင်မယ့် ဒေသတွင်း စီးပွားရေး အောင်မြင်မှုမှာ ကျွန်တော်တို့နိုင်ငံ ပါဝင်လာနိုင်စေဖို့ ကူညီပေးနိုင်မယ့် ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်များကို အခြားအာရှနိုင်ငံများက လူငယ်များနဲ့ တန်းတူရည်တူ အခွင့်အရေး ပေးနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်ပါတယ်။

ကျွန်တော်တို့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များရဲ့ တတိယ မျက်နှာစာလည်း ဖြစ်တဲ့ အရေးကြီးဆုံးကဏ္ဍလို့လည်း ဆိုရမယ့် ကိစ္စကတော့ ပြည်တွင်းမှာ လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး တရားမျှတမှုနဲ့ ရေရှည်တည်တံ့တဲ့ အလုံးစုံ ငြိမ်းချမ်းရေး ရရှိရေးပဲ ဖြစ်ပါတယ်။

၁၉၄၈ ခုနှစ် ကျွန်တော်တို့နိုင်ငံ လွတ်လပ်ရေးရပြီး လပိုင်း အကြာမှာပဲ စတင်ခဲ့တဲ့ ဒီလက်နက်ကိုင် ပဋိပက္ခဟာ ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး လက်နက်ကိုင် ပဋိပက္ခ တခုဖြစ်နေဆဲ ဖြစ်ပါတယ်။ အာနိုးလ်တွိုင်ဘီ ချာလ်တန်ဟောက်စ်ရဲ့ ဒါရိုက်တာ အဖြစ် တာဝန်ထမ်းဆောင်စဉ်တည်းက မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် ပဋိပက္ခတွေ စတင်နေခဲ့တာလို့လည်း ဆိုရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလက်နက်ကိုင် ပဋိပက္ခ တွေကို ရပ်တန့်ပစ်ရပါမယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့လည်း ငြိမ်းချမ်းရေး ရရှိဖို့ မနားမနေ ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ လက်ရှိ ရှိနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေဟာ ကျွန်တော်တို့ တိုင်းရင်းသားတွေကြားမှာ ကာလရှည်ကြာ ခံစားနေခဲ့ရတဲ့ ခါးသီးတဲ့ ဒဏ်ရာတွေ၊ စူးနစ်တဲ့ အတွေ့အကြုံ တွေနဲ့ ပျောက်ဆုံးနေတဲ့ အိပ်မက်တွေအပေါ်မှာ အမြစ်တွယ်လျက် ရှိနေပါတယ်။ နောက်ထပ် ထူးခြားတဲ့ အချက် တစ်ချက်ကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့တည်းနဲ့ မဟုတ်ဘဲ ၁၂ ဖွဲ့ကျော်နဲ့ ငြိမ်းချမ်းရေး တည်ဆောက်နေရတာ ဖြစ်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်တစ်ရပ်ရဲ့ နက်နဲရှုပ်ထွေးမှုကို ၁၂ နဲ့ မြှောက်ပြီး ကျွန်တော်တို့နိုင်ငံ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုကို မှန်းဆကြည့်နိုင်ပါတယ်။ ဒီစိန်ခေါ်မှုတွေမှာ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ တန်းတူညီမျှမှု၊ နိုင်ငံရေးအာဏာခွဲဝေမှု၊ စီးပွားရေး အသီးအပွင့်ခွဲဝေမှုနဲ့ လုံခြုံရေး ကဏ္ဍဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ ပါဝင်ပါတယ်။

တစ်ဆက်တည်းမှာပဲ လုံခြုံရေးကဏ္ဍဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး တော့လည်း မြန်မာနိုင်ငံတော် အစိုးရအနေနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို နိုင်ငံတကာ နဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားဖို့ ဆန္ဒရှိပါတယ်။ မြန်မာနှင့် ဗြိတိန် တပ်မတော်တို့အကြား ရင်းနှီးချစ်ကြည်တဲ့ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့် ဆောင်ရွက်လိုပါတယ်။ လက်ရှိ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် မြန်မာနိုင်ငံအနေနဲ့ ပြည်တွင်း လုံခြုံရေး ကိစ္စရပ်တွေကို ပိုမိုခိုင်မာစေရုံသာမက ကမ္ဘာ့လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေ ကိုလည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ မြန်မာနိုင်ငံတော် အစိုးရ လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ အရေးကြီး လုပ်ငန်းစဉ် တွေထဲက အဓိက လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပါတယ်။ အပစ်အခတ် ရပ်စဲရေး လုပ်ငန်းစဉ် ကို ဆက်လက် အကောင်အထည်ဖော်နိုင်ဖို့အတွက် လိုအပ်တဲ့ နည်းပညာပိုင်း စွမ်းရည်တွေကို ဖြည့်ဆည်းခြင်းဖြင့် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အရှိန်အဟုန် မြှင့်နိုင်မှာ ဖြစ်ပါတယ်။

စစ်အုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေစီအစိုးရ အုပ်ချုပ်ရေး စနစ်ကို ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းနိုင်ဖို့အတွက် တပ်မတော် အပါအဝင် နိုင်ငံတော်လုံခြုံရေး အင်အားစုတွေနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင် သွားရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ စစ်ဘက်- အရပ်ဘက် ဆက်ဆံရေး မြန်မြန်ဆန်ဆန် တိုးတက်ကောင်းမွန်လာဖို့နဲ့ ရရှိလာတဲ့ တိုးတက်မှုတွေကို ဆက်လက် ခိုင်မာနေစေဖို့အတွက် နိုင်ငံတကာရဲ့ အကူအညီတွေ အကြံပြုချက်တွေကို ကြိုဆိုလျက် ရှိပါတယ်။ ဒီကိစ္စတွေဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အောင်မြင်ဖို့ အတွက် အဓိကကျတဲ့ အချက်တစ်ခုလည်း ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ ဂုဏ်ယူစွာ ပြောကြားလိုတာကတော့ ကျွန်တော်တို့ အစိုးရ တာဝန်ယူထားတဲ့ နှစ်နှစ်တာ ကာလအတွင်းမှာ အဓိက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အားလုံးနီးပါးနဲ့ အပစ်အခတ် ရပ်စဲနိုင်ခဲ့ပြီး ကျန်ရှိနေသေးတဲ့ KIO အဖွဲ့အစည်းနဲ့ လည်း ပဏာမ ငြိမ်းချမ်းရေး သဘောတူညီချက် အချို့ကို ပြီးခဲ့တဲ့ မေလ အကုန်ပိုင်းမှာ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီ ဖြစ်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

လာမယ့်ရက်များအတွင်းမှာ တစ်ပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေပြီး ကျွန်တော်တို့ နိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှာ အရေးကြီးတဲ့ အဆင့်တစ်ဆင့်ကို ကျော်ဖြတ် နိုင်တော့မှာ ဖြစ်ပါတယ်။ နှစ်ပေါင်းခြောက်ဆယ်ကျော်အတွင်း မြန်မာနိုင်ငံ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သေနတ်သံတွေ ချုပ်ငြိမ်းမယ့်နေ့ ဖြစ်လာမှာ ဖြစ်တဲ့အတွက် ဒီလက်မှတ် ရေးထိုးနိုင်မှုဟာ အလွန်အရေးကြီးတဲ့ သမိုင်းအချိုးအကွေ့ တစ်ခုဖြစ်ပြီး အားလုံးက ဝမ်းမြောက်ဂုဏ်ယူ ပျော်ရွှင်ကြရမယ့်  ကိစ္စတခုလည်း ဖြစ်ပါတယ်။ သို့သော်လည်း ဒါဟာ ကျွန်တော်တို့ မျှော်လင့်နေတဲ့ တရားမျှတပြီး ရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေးရဲ့ ကနဦး ခြေလှမ်းမျှသာဖြစ်ပြီး စေ့စပ်ညှိနှိုင်းမှုတွေကနေတစ်ဆင့် သဘောတူညီချက်တွေ ရရှိအောင် ခက်ခဲတဲ့ ဆွေးနွေးမှုတွေကို မဖြစ်မနေ ဆက်လက် လုပ်ဆောင်သွားရဦးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အောင်မြင်မှုဟာ ပြည်သူလူထုအားလုံးကို ကိုယ်စား ပြုနိုင်တဲ့ မြန်မာ့အမျိုးသားရေး လက္ခဏာသစ် ( National Identity) တရပ် တည်ဆောင်နိုင်မှုနဲ့ တိုက်ရိုက်ဆက်စပ် ပတ်သက်နေပါတယ်။ တိုင်းရင်းသား မျိုးနွယ်စုများ အားလုံး၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ဘာသာ၊ အစ္စလာမ်ဘာသာနဲ့ ဟိန္ဒူဘာသာ စတဲ့ လူမျိုးဘာသာမရွေး မြန်မာနိုင်ငံသားများ အားလုံးသဘောတူညီ လက်ခံနိုင်တဲ့ National Identity သစ်တရပ်ကို တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားပေါင်းစုံနဲ့ ယဉ်ကျေးမှု ဓလေ့စုံရှိတဲ့ မြန်မာနိုင်ငံမှာ မတူညီတဲ့ တိုင်းရင်းသား ဘာသာစကားပေါင်း အမြောက်အများကို ပြောဆိုတဲ့ လူမျိုးစုများနဲ့ ကမ္ဘာမှာ ကြီးမြတ်တဲ့ ဘာသာတရားကြီးများကို အသီးသီး ကိုးကွယ်ယုံကြည် သူများစွာ ရှိပါတယ်။ မြန်မာနိုင်ငံမှာ လတ်တလော ပေါ်ပေါက်ခဲ့တဲ့ ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် နိုင်ငံ တကာ အသိုင်းအဝိုင်း အနေနဲ့ စိုးရိမ်ပူပန်မှုတွေ ဖြစ်ခဲ့ကြရပါတယ်။ ကျွန်တော့် အနေနဲ့ အကြမ်းဖက်မှုတွေ၊ လူမျိုးရေးနဲ့ ဘာသာရေး မုန်းတီးမှုတွေ ပေါ်ပေါက်အောင် သွေးထိုး လှုံ့ဆော်သူ မည်သူကိုမဆို လုံးဝ သည်းခံခွင့်လွှတ်သွားမှာ မဟုတ်ဘူးဆိုတဲ့  မူဝါဒကို ဆက်လက် ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။

လူကြီးမင်းများ သိထားကြတဲ့အတိုင်း အသွင်ကူးပြောင်းရေးကာလတွေမှာ ပေါ်ပေါက် လာတဲ့ နိုင်ငံရေး ပွင့်လင်း လွတ်လပ်မှုတွေကို ခုတုံးလုပ်၊ အမြတ်ထုတ်ပြီး မလိုလား အပ်တဲ့ ပြဿနာတွေ ပေါ်ပေါက်လာအောင် လုပ်ဆောင်ကြသူများ ရှိတတ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ နုနယ်သေးတဲ့ ဖွံ့ဖြိုးဆဲ ဒီမိုကရေစီဆိုတဲ့ အနေအထား တစ်ရပ်ကနေ ကိုင်တွယ်ဖြေရှင်းနေရတာ ဖြစ်ပါတယ်။ လူမျိုးရေး၊ ဘာသာရေး ကွဲပြားခြားနားမှုတွေကို အာဏာရှင်စနစ်ဆီကို ပြန်ဦးတည်ဖို့ ခုတုံးလုပ် အသုံးချခံရခြင်းမျိုး မဖြစ်စေဖို့အတွက် ဘာသာပေါင်းစုံ တွေ့ဆုံဆွေးနွေး ပွဲတွေ ဖြစ်မြောက်အောင်၊ မတူညီတဲ့ လူ့အဖွဲ့အစည်း အသိုက်အဝန်းတွေကြားမှာ နားလည်ယုံကြည်မှုတွေ တိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ဒီလို ကြိုးပမ်းဆောင်ရွက်တဲ့နေရာမှာ ဒီတာဝန်ရဲ့ နက်နဲ သိမ်မွေ့မှုတွေကို အသိအမှတ်ပြု နားလည်ပေးဖို့၊ လိုအပ်တဲ့ စိတ်ရှည်သည်းခံမှုတွေ ထားရှိပေးဖို့ မေတ္တာရပ်ခံလိုပါတယ်။

လတ်တလော သတင်းခေါင်းစဉ်တွေ သက်သက်ထက် ကျော်လွန်ခဲ့တဲ့ နားလည်မှုတွေ ထားရှိပေးကြဖို့လည်း တိုက်တွန်း လိုပါတယ်။ လတ်တလောမှာ အကြမ်းဖက်မှုတွေနဲ့ ပဋိပက္ခတွေရှိခဲ့ပေမယ့် မတူညီတဲ့ ရိုးရာဓလေ့တွေနဲ့ ကိုးကွယ် ယုံကြည်မှုတွေ ရှိကြတဲ့ မြန်မာနိုင်ငံသား အားလုံးဟာ သူငယ်ချင်းတွေ၊ ကျောင်းနေဖက်တွေ၊ လုပ်ဖော်ကိုင်ဖက် တွေ အိမ်နီးချင်းတွေ အဖြစ် ရင်းနှီးချစ်ကြည်စွာနဲ့ နှစ်ပေါင်းရှည်ကြာ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်လာခဲ့ကြတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့လည်ခေါင်မှာ နှစ်ပေါင်းများစွာ အတူယှဉ်တွဲ တည်ရှိလာတဲ့ ဗုဒ္ဓဘာသာဝင်များရဲ့ ဘုရားပုထိုးစေတီများ၊ ခရစ်ယာန် ဘာသာဝင်များ၊ ဟိန္ဒူဘာသာဝင်များ၊ ဂျူးဘာသာဝင်များရဲ့ ဘုရားရှိခိုး ကျောင်းများ၊ တရုတ်ဘုံကျောင်းများနဲ့ အစ္စလာမ် ဘာသာဝင်များရဲ့ ဗလီများဟာ ကွဲပြားမှုများ အပေါ်မှာ အစဉ်အလာအရ စိတ်ရှည်သည်းခံနိုင်စွမ်းရှိတဲ့ မြန်မာ့ လူ့အဖွဲ့အစည်း ဖြစ်တယ်ဆိုတာ ပြသနေတဲ့ သက်သေ သာဓကများပဲ ဖြစ်ပါတယ်။ ဒီအစီအစဉ် အလာတွေ အပေါ်မှာ အခြေခံပြီး ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့ ကွဲပြားခြားနားတဲ့ ဝိသေသ တွေကို အားနည်းချက် မဖြစ်စေဘဲ အင်အားတွေဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များမှာ ပါဝင်နေတဲ့ ကဏ္ဍအားလုံးဟာ တစ်ခုနဲ့တစ်ခုကို အပြန်အလှန် အကျိုးပြုပြီး အားဖြည့်ကူညီပေးပါ တယ်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ငြိမ်းချမ်းရေးမရှိဘဲ ဖွံ့ဖြိုးတိုးတက်မှု မရနိုင်ပါဘူး၊ ဖွံ့ဖြိုးတိုးတက်မှု မရှိဘဲနဲ့လည်း ငြိမ်းချမ်းရေး မရနိုင်ပါဘူး၊ လူ့အခွင့်အရေးတွေ မရှိရင် တော့ နှစ်ခုစလုံး မရနိုင်ပါဘူးလို့ ဆိုထားပါတယ်။ ကျွန်တော့်အနေနဲ့ ထပ်မံဖြည့်စွက် ချင်တာကတော့ ဒီမိုကရေစီကို ဦးတည်တဲ့ လက်တွေ့ကျတဲ့ ဖြစ်ထွန်းတိုးတက်မှု တွေကလည်း မရှိမဖြစ်လိုအပ်တယ်ဆိုတာပဲဖြစ်ပါတယ်။

ကျွန်တော်ပြောခဲ့သလိုပဲ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ သမိုင်းမှာ တစ်ကြိမ်တခါမှ မကြုံဖူးသေးတဲ့ ဆောင်ရွက် မှုကြီး တစ်ရပ်ဖြစ်ပါတယ်။ ဗဟိုအုပ်ချုပ်ရေးစနစ်ကနေ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ဆီ၊ ဗဟိုချုပ်ကိုင်တဲ့ စီးပွားရေးကနေ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ်စီ ကူးပြောင်းနေတဲ့ တစ်ပြိုင်နက်တည်းမှာပဲ မတူညီတဲ့ သဘောသဘာဝရှိတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ၁၂ ခုကို တည်ဆောက်နေရသလို ဆယ်စုနှစ်ပေါင်းများစွာ နောက်ကျ ကျန်နေ ခဲ့တဲ့ နိုင်ငံတကာဆက်ဆံရေးမှာလည်း ဆက်ဆံရေးပုံစံသစ် တစ်ခုကို ပြန်လည် တည်ဆောက်နေရပါတယ်။

ကျွန်တော်တို့ အနေနဲ့ ဒီလိုခက်ခဲတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို နှစ်ပေါင်းများစွာ အထီးကျန်ဆန်နေခဲ့ရတဲ့ အခြေအနေတွေနဲ့ အရေးယူ ပိတ်ဆို့မှုတွေကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ထိတွေ့ဆက်ဆံမှု အားနည်းခဲ့ရတဲ့ ပြည်သူတွေအကြားမှာ အားနည်းမှုတွေရှိတဲ့ အင်စတီကျူးရှင်းတွေ၊ ခေတ်စနစ်နဲ့ အံဝင်ခွင်ကျ မဖြစ်တော့တဲ့ အင်စတီကျူးရှင်းတွေနဲ့ ဆောင်ရွက်နေရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကြိုးပမ်း ဆောင်ရွက်နေတာဟာ အသစ်တည်ဆောက်ရတာ မဟုတ်ဘဲ ရှိရင်းစွဲအခြေအနေများကနေ ပြုပြင်ပြောင်းလဲယူရတာဖြစ်ပြီး ဆယ်စုနှစ်များစွာ အထီးကျန်ဆန်ခဲ့ရတဲ့ အခြေအနေတွေ ကနေ ပေါ်ပေါက်လာတဲ့ စဉ်းစားတွေးခေါ်မှု ပုံစံတွေကို ပြောင်းလဲဖို့ ကြိုးပမ်းဆောင် ရွက်နေရပါတယ်။ ကျွန်တော်တို့ အနေနဲ့ အခင်းအကျင်းသစ်တွေကို ဦးတည်ချီတက် နေရသလို အရှိန်မသေသေးတဲ့ စနစ်ဟောင်းရဲ့ အမူအကျင့်များ ကိုလည်း ရပ်တန့်နိုင်ဖို့ ကြိုးပမ်းနေရပါတယ်။

ဒီလိုအခက်အခဲတွေကြားထဲမှာ ကျွန်တော်တို့အစိုးရအနေနဲ့ လွန်ခဲ့တဲ့ နှစ်နှစ်ကစပြီး ဆောင်ရွက်အကောင်အထည်ဖော်လာခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များရဲ့ ရည်ရွယ်ချက်ကတော့ တစ်ခုထဲပဲ ရှိပါတယ်။ ကျွန်တော်တို့ မျိုးဆက်သစ်လူငယ်တွေ အတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်၊ ပိုမိုကောင်းမွန်ပြည့်စုံတဲ့ ဘဝတစ်ခု ဖန်တီးပေး နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့အစိုးရဟာ ပြည်သူ့အစိုးရ ဖြစ်တယ်လို့ခံယူထားတာနဲ့အညီ ပြည်သူတွေရဲ့ဘဝကို မြှင့်တင်နိုင်ဖို့အတွက် ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို အစွမ်းကုန်ကြိုးစား အကောင်အထည်ဖော်လျက်ရှိပါတယ်။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ဒီမိုကရေစီနည်းလမ်းကျ ပေါ်ပေါက်လာမယ့် အစိုးရသစ်အတွက် အခြေခံ ကောင်းတွေ ဖန်တီးပေးနေတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၁၄ မှာ အာဆီယံ ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်တော့မှာ ဖြစ်ပြီး ဒါဟာကြီးမားတဲ့ တာဝန်တစ်ရပ် ဖြစ်ပါတယ်။ ဒီလို တာဝန်ယူမှုဟာ နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စတွေမှာ မြန်မာနိုင်ငံရဲ့ စိတ်အားထက်သန်မှုကို ပြသတာလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး သက်သက်ကိုသာမကဘဲ ကမ္ဘာလုံးချီတဲ့ ငြိမ်းချမ်းရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက် ကျရာတာဝန်ကို ထမ်းဆောင်နိုင်တဲ့ ကမ္ဘာ့မိသားစုဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်ရေးကိုပါ ကြိုးပမ်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။

အခုလို မြန်မာနိုင်ငံရဲ့ သမိုင်းစာမျက်နှာသစ်ဖွင့်ချိန်မှာ မိတ်ဆွေသစ်တွေ ရရှိသလို ဗြိတိန်နိုင်ငံလို မိတ်ရင်းဆွေဟောင်း နိုင်ငံများရဲ့ အားပေးထောက်ခံမှုတွေ၊ နားလည် ယုံကြည်မှုတွေ၊ အပြု သဘောဆောင်တဲ့ ထောက်ပြဝေဖန်မှုတွေကလည်း အရေးပါတယ်လို့ ယုံကြည်ပါတယ်။ ဗြိတိန်နိုင်ငံ နဲ့လည်း ရေရှည် တည်တံ့တဲ့ ရင်းနှီးချစ်ကြည်မှုကို တည်ဆောက်သွားနိုင်မယ်လို့ ကျွန်တော့်အနေနဲ့ မျှော်လင့်ပါတယ် ဟု ပြောကြားသည်။

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှု အထူး စိတ်ဝင်စားသူများ၊ ပညာရှင်များက မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအခြေအနေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ၊ နိုင်ငံတော်အစိုးရ၏ လူ့အခွင့်အရေးမြှင့်တင်မှု အခြေအနေများ၊ မြန်မာဗြိတိန် နှစ်နိုင်ငံ ဆက်ဆံရေး အခြေအနေများနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြသည်။

ယင်းသို့ မေးမြန်းချက်များနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ဦးမြတ်ဟိန်း၊ ဦးဝင်းရှိန်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဋ္ဌေးဦး၊ ဒုတိယဝန်ကြီးများနှင့် ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးကျော်မျိုးထွဋ်တို့ တက်ရောက်ကြပြီး Chatham House ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာအရေး စိတ်ဝင်စားသူများ တက်ရောက်ကြသည်။
---------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့နှင့် တွေ့ဆုံ

ရန်ကုန် ဇူလိုင် ၁၃

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ နာယက၊ ဥက္ကဋ္ဌနှင့် အမှုဆောင် အဖွဲ့ဝင်များအား ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ ၌ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးစိုးသိန်း၊ ဦးအောင်မင်း၊ ဦးတင်နိုင်သိန်း၊ ရန်ကုန်တိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော် နိုင်ငံသားများနှင့် မူလအခွင့်အရေး၊ ဒီမိုကရေစီ အရေးနှင့် လူ့အခွင့် အရေးဆိုင်ရာ ကော်မတီဥက္ကဌ ဦးဌေးဦး၊ ဘာသာပေါင်းစုံ ညီညွှတ်ရေး အဖွဲ့မှ နာယက၊ ဥက္ကဌနှင့် အမှုဆောင်အဖွဲ့ဝင်များ တက်ရောက် ကြသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အမှာစကားပြောကြားရာတွင် ယခုအခါ မြန်မာနိုင်ငံအနေဖြင့် State Building, Nation Buildingနှင့် Peace Building တို့ အပြီးတည်ဆောက်နေချိန်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်သည့် လူ့အဖွဲ့ အစည်းဖြစ်ရန် နိုင်ငံသားအားလုံး၊ တိုင်းရင်း သားမျိုးနွယ်စုအားလုံး၊ လူမျိုး ဘာသာ မရွေးအားလုံး လက်ခံကျင့်သုံးသည့် အမျိုးသားကြန်အင်လက္ခဏာသစ် တစ်ရပ်  New National Identity ကို တည်ဆောက်ရန် ကြိုပမ်းနေရချိန်လည်းဖြစ်ပါကြောင်း၊ သို့မှသာ လူမျိုးမရွေး၊ ဘာသာမရွေး တိုင်းရင်းသားအားလုံး၊နိုင်ငံသား အားလုံးအကြား တွင် သွေးစည်းညီညွှတ်မှု၊ ယုံကြည်မှု၊ ချစ်ခင် ရင်းနှီးမှုနှင့် နိုင်ငံချစ်စိတ်များ ရှိလာနိုင်မည် ဖြစ်ပါကြောင်း၊ အချို့သောဘာသာရေး ပဋိပက္ခနှင့် နားလည်မှု လွဲမှားခြင်းများသည် ကိုလိုနီခေတ်ကတည်းက စတင်ရှိခဲ့ခြင်း ဖြစ်ပါကြောင်း၊ သို့သော်လည်း လူမျိုးဘာသာ ဓလေ့စရိုက်မတူဘဲ ပြည်သူများအကြား နားလည်သည်းခံမှုများနှင့် သဟဇာတဖြစ်အောင် သမိုင်းနှင့် ချီပြီး နေလာခဲ့ကြခြင်းဖြစ်ပါကြောင်း။

မကြာခဏဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင် မတူညီသည့် လူအုပ်စုနှစ်ခုအကြား အစွန်းရောက်သူများ၏ အကြမ်းဖက်မှုများကို အပြန်အလှန် အကာအကွယ်ပေးမှုများ ရှိခဲ့ပါကြောင်း၊ အကြမ်းဖက်ခံရသည့် မိသားစုများကိုလည်း နားလည်စာနာပြီး အကူအညီပေး မှုများရှိပါကြောင်း၊ ပဋိပက္ခဖြစ်ပွားမှုများ၏ အခြေခံ အကြောင်းအရင်း များထဲတွင် ပညာရေးနိမ့်ပါးမှု၊ စီးပွားရေး အဆင်မပြေမှုများ ပါဝင်ပါကြောင်း၊ ထို့ကြောင့်လည်း ယင်းပြဿနာများကို ဖြေရှင်းနိုင်ရန်လူမှုရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ယနေ့ ကြိုးပမ်းဆောင်ရွက် နေခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီရှင်သန်ရန် လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်နှင့် လွတ်လပ် စွာ ပြောဆိုခွင့် များကို အကာအကွယ်ပေးရမည်ဖြစ်ပါကြောင်း။

လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ ယုံကြည်ခွင့်ရှိရန် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ယုံကြည်လေးစားမှုများနှင့် နားလည် စာနာသည်းခံမှုများ ထားကြရမည်ဖြစ်ပါကြောင်း၊ သို့မှသာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်မှာဖြစ်ပါကြောင်း၊ မိမိတို့၏ မြန်မာ လူ့အဖွဲ့အစည်းသည် ထိုမှသာ လူမျိုးဘာသာ ကိုးကွယ် ယုံကြည်မှု ဓလေ့ပေါင်းစုံနှင့် စုဖွဲ့ထားသည့် လူ့အဖွဲ့အစည်းတစ်ရပ် အဖြစ်ဂုဏ်ယူ နိုင်ကြမှာဖြစ် ပါကြောင်း၊ မိမိအနေဖြင့် နိုင်ငံသားအားလုံး မတူညီသည့် ကိုးကိုယ်ယုံကြည်မှုကို အချင်းချင်းနားလည် စာနာကြရန်နှင့် ဘာသာရေး အစွန်းရောက်သည့် ရန်လို မုန်းတီးမှုများကို ဆန့်ကျင်တိုက်ဖျက်သွားကြရန် တိုက်တွန်းလိုပါကြောင်း၊ ဘာသာရေးကို နိုင်ငံရေးလက်နက်တစ်ခုအဖြစ်အသုံးချပြီး ပဋိပက္ခများကို ပိုကြီးထွားအောင်၊ မတည်မငြိမ်ဖြစ်အောင်၊ ကိုယ်ကျိုး စီးပွားနှင့် ယှဉ်ပြီးအမြတ်ထုတ်လုပ်ဆောင်နေသူများကို အားလုံးက ဝိုင်းဝန်းဆန့်ကျင်ကြရန်နှင့် တရားဥပဒေ အရလည်း ထိရောက်စွာ အရေးယူ သွားရန် လိုအပ်နေပြီ ဖြစ်ပါကြောင်း၊ ပဋိပက္ခများအကြား အကြမ်းဖက်ခံ ရသည့် ဒုက္ခသည်များကို လူမျိုးဘာသာ မခွဲခြားဘဲ အကူအညီ ပေးမှုများနှင့် နားကြည်းနေသည့် စိတ်ဒဏ်ရာများကို ပြန်လည်ကုစားပေးမှုများ ပြုလုပ်သွားရမည်ဖြစ်ပါကြောင်း၊ မိမိတို့အစိုးရ အနေဖြင့် အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ သက်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး ကူညီဆောင် ရွက်ပေးနေသည်ကို နားလည်စာနာပြီး ဒေသခံများအနေဖြင့်ဝိုင်းဝန်းကူညီပေးကြရန် တိုက်တွန်းလိုပါကြောင်း။

ယင်း ပြဿနာများသည် မိမိတို့ပြည်တွင်းတွင်သာ ပြီးမသွားဘဲ ယနေ့ ဒေသတွင်း ပြဿနာဖြစ်အောင်၊ နိုင်ငံတကာ ပြဿနာဖြစ်အောင် ပုံဖော်ကြိုးပမ်းနေကြသည့်အတွက် ကုလသမဂ္ဂအဖွဲ့အစည်းသည်ပင်လျှင် မိမိတို့အပေါ် ပြစ်တင်ဝေဖန်မှုများ ရှိလာနေပြီ ဖြစ်ပါကြောင်း၊ လူတစ်စု၏ မဆင်မခြင် လုပ်ရပ်များကြောင့် မိမိတို့တိုင်းပြည်အတွင်း နေထိုင်ကြသည့် ပြည်သူအားလုံးအပေါ် ကျရောက်လာနိုင်သည့် ဘေးအန္တရာယ်များကို ကြိုတင်မျှော်တွေးပြီး အလားတူ ဆူပူအကြမ်းဖက်မှုများ ထပ်မံမဖြစ်ပွားစေရန်၊ တိုင်းပြည်၏ ဂုဏ်သိက္ခာ မကျဆင်းစေရန်နှင့် ပြည်သူများ အပေါ် ဘေးအန္တရာယ် မကျရောက်စေရန် အတွက် ရဟန်းရှင်လူ ပြည်သူအပေါင်းနှင့် ဖွဲ့စည်းထားပြီးဖြစ်သည့် ဘာသာပေါင်းစုံအဖွဲ့ကြီး အနေဖြင့် တက်တက်ကြွကြွ ဝိုင်းဝန်းကာကွယ် ထိန်းသိမ်းစောင့်ရှောက်ပေးကြရန် မိမိအနေဖြင့် မေတ္တာရပ်ခံ အပ်ပါကြောင်း။

ယနေ့မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အသိအမှတ်ပြုထားသည့် ဘာသာကြီး လေးဘာသာအနက် မည်သည့် ဘာသာမဆို အနှစ်သာရအားဖြင့် လူသားများကို လိမ္မာအောင်၊ ယဉ်ကျေးအောင်၊ သည်းခံခွင့် လွှတ်တက်အောင်၊ မေတ္တာတရား ထားတတ်အောင်နှင့် အမှန်အမှား ဝေဖန်ပိုင်းခြားတတ်အောင် လေ့ကျင့်သင်ကြား ပေးခြင်းဖြစ်သည့်အတွက် ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံအနေဖြင့် လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့်ကို နားလည်လက်ခံကြရ မည်ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ နာယက အစ္စလာမ် ဘာသာဝင် အငြိမ်းစား သံအမတ်ကြီး ဦးလှမောင်၊ ဥက္ကဋ္ဌ ဗုဒ္ဓဘာသာဝင် အငြိမ်းစားသံအမတ်ကြီး ဦးစိန်ဝင်းအောင်၊ ဒုတိယဥက္ကဋ္ဌ အစ္စလာမ်ဘာသာဝင် ဦးညွန့်မောင်သျှိန်၊ အတွင်းရေးမှူး ခရစ်ယာန် ဘာသာဝင် ဦးသာဉာဏ်နှင့် အလုပ်မှုဆောင်အဖွဲ့ဝင်များက ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့၏ လက်ရှိဆောင်ရွက်နေမှုများ၊ ဆက်လက် ဆောင်ရွက် သွားမည့် အစီအစဉ်များ၊ ရှေ့ဆက်လက် ဆောင်ရွက် သွားသင့်သည့် အကြံပြုချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တို့က ဖြည့်စွက် ဆွေးနွေး အကြံပြုကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတက အကြံပြုချက်များနှင့်စပ်လျဉ်း၍ ပြန်လည် ဆွေးနွေးပြောကြားပြီး ပဋိပက္ခများ ထပ်မံမပေါ်ပေါက်ရေး အတွက် နိုင်ငံတော်အစိုးရနှင့် အဖွဲ့အစည်းများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်၊ ရှေ့ကဖြစ်ခဲ့သည့် ပဋိပက္ခများကို သင်ခန်းစာယူပြီး အားလုံး တက်ညီလက်ညီ ထိန်းသိမ်းဆောင်ရွက် သွားကြရန်နှင့် ယခုအကြံပြုချက်များကိုလည်း နိုင်ငံတော်အစိုးရကဆောင်ရွက် သင့်သည်များကို ဆက်လက် ပံ့ပိုး ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။ တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတသည် ဘာသာ ပေါင်းစုံချစ်ကြည်ညီညွတ်ရေး အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။
--------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြားသည့် ရေဒီယိုမိန့်ခွန်း

နေပြည်တော် ဇူလိုင် ၂

မိဘပြည်သူများခင်ဗျား-

ကျွန်တော်တို့နိုင်ငံရဲ့  လက်ရှိအခြေအနေများကို  မိဘပြည်သူများထံ ရေဒီယိုမှတစ်ဆင့် အသိပေး ပြောကြားနေကျ ဖြစ်တဲ့အတိုင်း  ဇွန်လအတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု များကို ပြောကြားရခြင်းဖြစ်ပါတယ်။

ကျွန်တော်တို့ ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေးများအနက် ပြည်သူတွေရဲ့ အဓိက လိုအင်ဆန္ဒ တစ်ရပ်ဖြစ်တဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်နိုင်ဖို့ ခေတ်မီအမျိုးသား စီးပွားပုံစံချခြင်းဆိုတဲ့ ဖြစ်စဉ်ကို ကြိုးပမ်းအကောင်အထည် ဖော်နေတာကို မိဘပြည်သူများ သိရှိကြပြီးဖြစ်ပါတယ်။ ဒီကြိုးပမ်းမှုများရဲ့ ဆောင်ရွက်မှုတစ်ခုအဖြစ် မြန်မာနိုင်ငံကို ကမ္ဘာ့ ဈေးကွက်နဲ့ ပြန်လည် ချိတ်ဆက်နိုင်ဖို့နဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများကို မြန်မာနိုင်ငံ အကြောင်း ပိုမိုသိရှိလာစေဖို့ဆိုတဲ့  ရည်ရွယ်ချက်နဲ့  အရှေ့အာရှ ကမ္ဘာ့စီးပွားရေး ဖိုရမ်ကို နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။  ဒီဖိုရမ်ကို မြန်မာနိုင်ငံအနေနဲ့ အိမ်ရှင်အဖြစ် လက်ခံကျင်းပ တာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး နိုင်ငံတကာက ထင်ရှားတဲ့ နိုင်ငံရေး၊ စီးပွားရေး ခေါင်းဆောင်များ၊ ပညာရှင်များ စုံစုံလင်လင်နဲ့ တက်ရောက်သူအများဆုံး၊  အစည်ကားဆုံး ဖိုရမ်အဖြစ် ကျင်းပနိုင်ခဲ့တာကလည်း ကျွန်တော်တို့ နိုင်ငံအတွက် ဂုဏ်ယူစရာပဲ ဖြစ်ပါတယ်။ ဒီဖိုရမ်ကို တက်ရောက်လာကြတဲ့ ကမ္ဘာတစ်လွှားက ထင်ရှားကျော်ကြားတဲ့  နိုင်ငံရေး၊  စီးပွားရေး ခေါင်းဆောင်များနဲ့  အနာဂတ် နိုင်ငံတကာ ဆက်ဆံရေးမှာ  အရေးပါလာမယ့် လူငယ်ခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးများနဲ့ ပတ်သက်ပြီး တက်တက်  ကြွကြွပါဝင် ဆွေးနွေးခဲ့ကြတာကို  မိဘပြည်သူများ တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ ဒီအချက်ဟာ ကျွန်တော်တို့ ကမ္ဘာ့အသိုင်းအဝိုင်းကို ဝင်ရောက်ဖို့ ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကမ္ဘာကြီးကလည်း အထူးစိတ်ဝင်တစား ရှိနေတယ်ဆိုတာကို  သက်သေပြနေတာ ဖြစ်ပါတယ်။  ဖိုရမ်ရဲ့ ခေါင်းစဉ်ဖြစ်တဲ့ ပေါင်းစည်းဆောင်ရွက်ခြင်းရဲ့ အားတွေဆိုတဲ့ ရည်ရွယ်ချက်ဟာလည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွန်တော်တို့ ဆောင်ရွက်နေတဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး၊  သဘာဝ သယံဇာတများ မျှဝေသုံးစွဲရေးစတဲ့ ဖြစ်စဉ်တွေနဲ့လည်း တိုက်ဆိုင်နေတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒီဖိုရမ် ဖြစ်မြောက်ရေးအတွက် ဦးဆောင်ကြိုးပမ်းခဲ့ကြတဲ့ တာဝန်ရှိသူများ၊ ပညာရှင်များ၊  ဝန်ထမ်းများနဲ့  စေတနာ့ ဝန်ထမ်း  တက္ကသိုလ်ကျောင်းသူ ကျောင်းသားများရဲ့   ဝါယမစိုက် ဆောင်ရွက်မှုတွေကို ကျွန်တော့်အနေနဲ့ လှိုက်လှဲစွာ အသိ အမှတ်ပြု  ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။

ဇွန်လအတွင်းမှာ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် စိတ်မကောင်းစရာ ဖြစ်ခဲ့ရတဲ့ ကိစ္စကတော့ မလေးရှားနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတချို့ တိုက်ခိုက်ခံရတဲ့ ကိစ္စဖြစ်ပြီး ကျွန်တော့်အနေနဲ့ ထိခိုက်နာကျင်ခဲ့ရတဲ့  စိုးရိမ်ပူပန်မှုတွေ ဖြစ်ခဲ့ကြရတဲ့  မိသားစုများနဲ့ ထပ်တူထပ်မျှ  ဝမ်းနည်းမိပါကြောင်း   ဦးစွာပြောကြားလိုပါတယ်။  ဒီဖြစ်ရပ်ကနေ ကျွန်တော်တို့အနေနဲ့ သင်ခန်းစာအဖြစ် ရယူရမယ့်ကိစ္စကတော့ နိုင်ငံတွင်းမှာ မွန်မြတ်တဲ့ ကိုးကွယ်ယုံကြည်မှုကို ခုတုံးလုပ်ပြီး လူတစ်စုရဲ့ အစွန်းရောက် လုပ်ရပ်တွေ၊  မတူညီတဲ့ ကိုးကွယ်ယုံကြည်မှုတွေအကြား  အမုန်းတရား တိုးပွားအောင် လုပ်ဆောင် မှုတွေ၊ ကိုယ်ကျိုးစီးပွားနဲ့ယှဉ်တဲ့ နိုင်ငံရေး၊ စီးပွားရေး အမြတ်ထုတ် လုပ်ဆောင်မှုတွေကြောင့် ပေါ်ပေါက်ခဲ့တဲ့ အကြမ်းဖက် လုပ်ရပ်တွေဟာ ပြည်ပနိုင်ငံများမှာ ရောက်ရှိနေကြထိုင်ကြရတဲ့ ကျွန်တော်တို့ရဲ့  နိုင်ငံသားများကို မလုံခြုံမှုတွေနဲ့ စိုးရိမ်သောကတွေ ဖြစ်စေခဲ့တယ် ဆိုတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ နိုင်ငံတွင်းမှာ တစ်ဖက်နဲ့တစ်ဖက်ကြား အမုန်း တရားတွေ ကြီးထွားအောင် လှုံ့ဆော်ဆောင်ရွက်မှုတွေကို  ဥပဒေနဲ့အညီ ထိထိ ရောက်ရောက် အရေးယူဆောင်ရွက်ဖို့နဲ့ ထပ်မံပေါ်ပေါက်ခြင်း မရှိအောင် ကာကွယ်တားဆီးဖို့  အရှိန်အဟုန်မြှင့် ကြိုးပမ်းကြရမှာဖြစ်သလို ပြည်ပနိုင်ငံများ မှာ ရောက်ရှိနေထိုင်ကြတဲ့ ကျွန်တော်တို့  နိုင်ငံသားများ  အထူးသဖြင့် ပြည်ပမှာ ခက်ခက်ခဲခဲ ရုန်းကန်နေကြရတဲ့ မြန်မာများရဲ့  လုံခြုံရေးနဲ့ လိုအပ်တဲ့ ကာကွယ်စောင့်ရှောက်မှုတွေကို ထိရောက်စွာ ပေးနိုင်ဖို့အတွက် ပြည်ပနိုင်ငံများမှာ အခြေစိုက်တဲ့ မြန်မာသံရုံးများရဲ့ စွမ်းဆောင်ရည်တွေကို မြှင့်တင်တိုးချဲ့ ဆောင်ရွက်သွားရမယ် ဆိုတာကိုလည်း  အထူး ဂရုပြုမိပါတယ်။ ဒီဖြစ်ရပ်မှာ မြန်မာ့ရိုးရာ ဓလေ့ထုံးစံ တစ်ခုဖြစ်တဲ့ မိမိတို့အမျိုးသားချင်း စောင့်ရှောက်ကူညီမှု၊  ပုဂ္ဂိုလ် တစ်ဦးချင်းစီရဲ့ တစ်ပိုင် တစ်နိုင် ကူညီမှုကနေ ပြည်တွင်းပြည်ပမှာရှိကြတဲ့ လူမှုရေး အဖွဲ့အစည်းများ၊ စီးပွားရေး လုပ်ငန်းရှင်များရဲ့ ထက်သန်တဲ့ စေတနာနဲ့ ကူညီမှုတွေကို တွေ့မြင်ရတဲ့အတွက် ဝမ်းမြောက်ကြောင်း ပြောကြားလိုပါတယ်။

အလုပ်သမားကိစ္စရပ်များနဲ့ ဆက်စပ်ပြီး  ကျွန်တော်တို့နိုင်ငံ စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတားအဆီးလို ဖြစ်နေခဲ့တဲ့ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေ  ရုပ်သိမ်းသွားစေဖို့ ကျွန်တော်တို့ အစိုးရအနေနဲ့ အထူးကြိုးပမ်း ဆောင်ရွက်နေတယ်ဆိုတာ  မိဘပြည်သူများ  သိရှိကြပြီးဖြစ်ပါတယ်။  ယခုလအတွင်းမှာ  အပြည်ပြည်ဆိုင်ရာ    အလုပ်သမားအဖွဲ့ ILO က မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူ ကန့်သတ်မှုများအားလုံးကို  ရုပ်သိမ်းပေးလိုက်ပြီး တင်းပြည့်ကျပ်ပြည့် အဖွဲ့ဝင်နိုင်ငံအဖြစ် ပြန်လည် အသိအမှတ်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ  ဖြစ်ပေါ်နေတဲ့ အလုပ်ရှင် အလုပ်သမား  အငြင်းပွားမှုတွေကို  စားပွဲ ဝိုင်းမှာ  မျက်နှာစုံညီအဖြေရှာ    ဆွေးနွေးလာနိုင်တာတွေ၊    အလုပ်သမား အခွင့်အရေး ကို ကာကွယ်ပေးတဲ့ ဥပဒေတွေ ပြဋ္ဌာန်း ကျင့်သုံး လာနိုင်တာတွေ၊ အလုပ်သမား အဖွဲ့ အစည်းတွေ  ဖွဲ့စည်းခွင့် ရလာတာတွေနဲ့   အဓမ္မ လုပ်အားပေးစေခိုင်းမှု  တိုက်ဖျက်ရေးမှာ အောင်မြင်မှု ရရှိလာတာတွေကြောင့် အခုလို ILO   ရဲ့ ကျန်ရှိနေသေးတဲ့ အရေးယူ ပိတ်ဆို့မှုများ အားလုံးကို  ရုပ်သိမ်းလိုက်တာလည်း ဖြစ်ပါတယ်။ အခုလို ILO ရဲ့  တင်းပြည့်ကျပ်ပြည့် အဖွဲ့ဝင်နိုင်ငံ  ပြန်ဖြစ်လာတာဟာ  မြန်မာနိုင်ငံရဲ့  စီးပွားရေးဖွံ့ဖြိုးမှုအတွက် သာမကဘဲ မြန်မာအလုပ်သမားများရဲ့ အခွင့်အရေးများကို အကာအကွယ်ပေးနိုင်ဖို့ များစွာ အထောက် အကူပြုမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ လူအများစု  ကိုးကွယ်ယုံကြည်တဲ့ ဗုဒ္ဓဘာသာအပေါ်မှာ ကမ္ဘာက အထင်အမြင် လွဲမှားစေပြီး မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် အများစုရဲ့ ဘာသာရေး ယုံကြည်မှုနဲ့ အနှစ် သာရများကို ထင်ဟပ်ခြင်းမရှိတဲ့ ပုဂ္ဂိုလ်အနည်းစုရဲ့ လုပ်ဆောင်မှုတွေကို ဇောင်းပေးဖော်ပြ ထားတဲ့ ၂ဝ၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်း မျက်နှာဖုံးနဲ့  ပတ်သက်ပြီး  ပြည်သူများအကြား  အငြင်းပွားမှုတွေ၊  သဘောထားကွဲလွဲမှုတွေနဲ့  စိတ်ထိခိုက်ခဲ့ရမှုတွေ ဖြစ်ခဲ့ကြရတာတွေကို ကြားသိခဲ့ရ ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အစိုးရရဲ့ သဘောထား ရပ်တည်ချက်ကတော့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို စတင်လျှောက်လှမ်း နေတဲ့  အစိုးရတစ်ရပ်အနေနဲ့ လူ့အဖွဲ့အစည်း တစ်ရပ်လုံးမှာ ပါဝင်သူအားလုံးနဲ့ ပြည်တွင်း ပြည်ပ မီဒီယာများရဲ့ ပြောဆိုရေးသားမှုများထဲမှာ မတူညီသော သဘောထားအမြင်များကို နားလည်လက်ခံပါတယ်။ ကျွန်တော့်အနေနဲ့ မိမိတို့ လူ့အဖွဲ့အစည်းအတွင်း လွတ်လပ်စွာ ရေးသားခွင့် ပြန်လည်ရရှိဖို့နဲ့ အသက်ဝင် ရှင်သန်ရေးကို အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက် နေတယ်ဆိုတာကို သိရှိကြပြီးလည်း ဖြစ်ပါတယ်။

သို့သော်လည်း ကျွန်တော်တို့ မြန်မာ့ဓလေ့ထုံးစံ တစ်ရပ်အဖြစ် ခံယူထားကြတဲ့ ''မည်မျှ မှန်ကန်သော ကိစ္စရပ်ပင် ဖြစ်သော်လည်း အများအတွက် အကျိုးမရှိပါက ပြောကြားရန် မသင့်''ဆိုတဲ့ အဆုံးအမအတိုင်း လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်နဲ့ လွတ်လပ်စွာ ရေးသားခွင့် တို့ကို ကျင့်သုံးကြတဲ့အခါ မြန်မာ့လူ့အဖွဲ့အစည်း လက်ရှိရောက်နေတဲ့ နိုင်ငံရေး အခြေအနေနဲ့ လိုက်လျောညီထွေရှိဖို့ လိုသလို အပြုသဘောဆောင်တဲ့ ကျင့်သုံးမှုများဖြစ်ဖို့  လိုအပ်တယ် လို့လည်း အလေးအနက် ခံယူထား ပါတယ်။ ဒါကြောင့် တိုင်းမ်မဂ္ဂဇင်းမှာ ပါဝင်တဲ့ ရေးသား ပြောဆိုချက်တွေဟာ အပြုသဘောဆောင်သော ချဉ်းကပ်မှု၊ ပြည်သူလူထု အများစု နားလည် လက်ခံပေးနိုင်မယ့် တင်ပြခြင်းမျိုးနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားလျက်ရှိတဲ့ ပဋိပက္ခများကို ငြိမ်းအေးစေသော ရည်ရွယ်ချက်များဖြစ်အောင် အာရုံစိုက်သင့်တယ်လို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းလိုပါတယ်။ အထူးသဖြင့် နိုင်ငံတကာ မီဒီယာများကို ပြောကြားလိုတာကတော့ ကျွန်တော်တို့ လုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေးများရဲ့    တခြားမျက်နှာစာ တစ်ဖက် မှာ  ကြီးမားသည့် စိန်ခေါ်မှုများ၊  သမိုင်းဖြစ်ရပ်များ၏ အရိပ်မည်းများနဲ့ မိမိတို့ လူ့အဖွဲ့အစည်းရဲ့ သံသယကြီးမားမှုနဲ့ အကဲဆတ် မှုများကို အစဉ်ထည့်သွင်း စဉ်းစားစေလိုကြောင်း ပြောကြား လိုပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဖြစ်ထွန်းမှုများနဲ့ ဒီမိုကရေစီအရေး တည်ဆောက်မှုများကို တိုင်းတာတဲ့အခါမှာ ၂၆ လသာ သက်တမ်းရှိသေးတဲ့ကာလနဲ့ လိုက်လျော ညီထွေရှိမယ့် တိုင်းတာမှုမျိုး ဖြစ်သင့်ပါတယ်။

ဇွန်လအတွင်း ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနဲ့ ပတ်သက်ပြီး အနည်းငယ် ပြောကြားလိုပါတယ်။ ဇွန်လ အတွင်းမှာ RCSS/SSA ဥက္ကဋ္ဌ ဦးဆောင်တဲ့အဖွဲ့နဲ့ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်။  KNU အဖွဲ့အစည်းနဲ့ KNPP အဖွဲ့အစည်း များနဲ့လည်း လိုအပ်တဲ့ ဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်နိုင်ပြီး ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်ကို အထောက် အကူပြု ပံ့ပိုးပေးနိုင်မယ့် ယုံကြည်မှု တည်ဆောက်ခြင်းများကို တိုးမြှင့် နိုင်ခဲ့ပါတယ်။ အခုလို  ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင် မှုမှာ တိုးတက်မှုများ ရရှိလာခြင်းဟာ ကျွန်တော်တို့ ပြည်သူများ လိုလားတောင့်တနေကြတဲ့ ရေရှည်တည်တံ့တဲ့  ငြိမ်းချမ်းရေး အတွက် မျှော်လင့်ချက်များ တစ်စတစ်စ ပုံပေါ်နီးကပ်လာပြီ ဆိုတာကို ဝမ်းမြောက်ဖွယ်  တွေ့ရှိရမှာ ဖြစ်ပါတယ်။  ကျွန်တော့် အနေနဲ့ မိဘပြည်သူများရဲ့ အဓိက လိုအင်ဆန္ဒနှစ်ရပ်ဖြစ်တဲ့ ကောင်းမွန်စွာ စီးပွားရှာဖွေ လုပ်ကိုင်နိုင်ရေးနဲ့ လုံခြုံမှုရှိရှိ ဘဝ ရပ်တည် နေထိုင်နိုင်ရေးဆိုတဲ့ အချက်တွေကို ကောင်းစွာသဘောပေါက်ပြီး နောင် အနာဂတ် မျိုးဆက်တွေအတွက်ပါ ပိုမိုကောင်းမွန် ပြည့်စုံတဲ့ဘဝတွေ ပိုင်ဆိုင်လာကြဖို့အတွက် ရေရာသေချာတဲ့ အနာဂတ် တစ်ခုကိုရှေးရှုပြီး တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

မိဘပြည်သူများ ကျန်းမာကြပါစေ။
-------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတဦးသိန်းစိန် စီမံကိန်းကော်မရှင်အစည်းအဝေးသို့တက်ရောက်

နေပြည်တော် ဇွန် ၂၆

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် စီမံကိန်းကော်မရှင် အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နိုင်ငံတော်သမ္မတ အိမ်တော်ရှိ ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပသည်။

အစည်းအဝေးသို့ စီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒုတိယသမ္မတများ ဖြစ်ကြသည့် ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန် အဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး ချုပ်များ၊ ဒုတိယဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့်ဒေသများမှ ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်၊ ဦးခင်မောင်စိုးတို့က စက်မှုကဏ္ဍကြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ဝန်ဆောင်မှုကဏ္ဍကြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ပြည်ထောင်စုဝန်ကြီးများက တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့်ဒေသများမှ ဥက္ကဋ္ဌများ၏ တင်ပြချက်များနှင့် စပ်လျဉ်း၍ ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးကြသည်။

ဆက်လက်၍ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက လျှပ်စစ်ဓာတ်အား တိုးတက်ဖြန့်ဖြူးထုတ်လုပ်ရေး၊ အသေးစား အလတ်စား လုပ်ငန်းများ တိုးတက်ရေး၊ အထူးစီးပွားရေးဇုန်များ တည်ဆောက်ရေးနှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေးသည်။

ထို့နောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်းများ၏ လုပ်ငန်း အကောင်အထည်ဖော်နိုင်မှု အခြေအနေနှင့် စပ်လျဉ်း၍ အကြံပြု ဆွေးနွေးသည်။

ယင်းနောက် စီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင် မိမိတို့ အစိုးရအဖွဲ့ သည် စနစ်သစ်တစ်ခုကို ပြောင်းလဲ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပထမဆုံး အကောင်အထည်ဖော်ဆောင်ရွက်ခွင့် ရခဲ့သည့် အစိုးရအဖွဲ့ ဖြစ်ပါကြောင်း။

ဒီမိုကရေစီ အတွေ့အကြုံ၊ ဒီမိုကရေစီ အလေ့အကျင့် နည်းသော်လည်း တိုင်းပြည်အပေါ် မိမိတို့ ထားရှိသည့်စေတနာ၊ မိမိတို့၏ ကြိုးပမ်းဆောင်ရွက်မှု နားလည်စာနာမှု ရှိသည့် ပြည်သူများ၏ အားပေးကူညီမှု၊ ပြည်ပမှထောက်ခံအားပေးမှုများကြောင့် မိမိတို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများအောင်မြင် သင့်သလောက်အောင်မြင်ခဲ့ခြင်း ဖြစ်ပါကြောင်း။

ပြစ်တင်ဝေဖန်မှုများ၊ ဆန္ဒပြ တောင်းဆိုမှုများကမူ ဒီမိုကရေစီနိုင်ငံများမှာ ဖြစ်လေ့ဖြစ်ထရှိသည့် ကိစ္စများ ဖြစ်ပါကြောင်း၊ ဒီမိုကရေစီ ရင့်ကျက်နေသည့် နိုင်ငံများမှာ ပင်လျှင်တွေ့ကြုံရသည် ဖြစ်ပါကြောင်း။

အပြုသဘောဆောင်သည့် ပြည်သူများ၏ ဆန္ဒကိုမူ မိမိတို့ အလေးထားရမည် ဖြစ်ပါကြောင်း၊ အတတ်နိုင်ဆုံး ဆန္ဒများ ပြည့်ဝအောင် ကြိုးပမ်းဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း၊ သို့သော်လည်း ပြစ်တင်ဝေဖန်မှုများကြောင့် မိမိတို့ ယနေ့ ဆောင်ရွက်နေသည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ တုံ့ဆိုင်းသွားသည်မျိုး မဖြစ်ရအောင် သတိပြုရမည် ဖြစ်ပါကြောင်း။

တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးသည် စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက လိုအပ်ချက်ဖြစ်သည့်အတွက် ကိုယ့်ဒေသအတွင်း တည်ငြိမ်အေးချမ်းအောင်၊ တရားဥပဒေစိုးမိုးမှုရှိအောင် အလေးထားဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုးရေးအတွက် တရားဥပဒေ နှင့်အညီဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ လွတ်လပ်မှုနှင့်အတူ တာဝန်သိမှု၊ တာဝန်ရှိမှု၊ တရားဥပဒေလေးစား လိုက်နာမှုများကို ပြည်သူလူထုအတွင်း စိမ့်ဝင်ပျံ့နှံ့နေအောင်လည်း အုပ်ချုပ်ရေးအပိုင်း ကဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

တရားဥပဒေ စိုးမိုးရေး အတွက်ဆောင်ရွက်ရာတွင် ရဲတပ်ဖွဲ့သည် အဓိကကျသည့်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ကမ္ဘာ့အဆင့်မီ ရဲတပ်ဖွဲ့ဖြစ်အောင် အဘက်ဘက်က မြှင့်တင်ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတကာက ရဲတပ်ဖွဲ့များ၏ တရားဥပဒေနှင့် ညီညွတ်သည့် လုပ်နည်းလုပ်ဟန်များကို နမူနာရယူကြရမည် ဖြစ်ပါကြောင်း။

တရားဥပဒေ စိုးမိုးမှုရှိလာသည်နှင့်အမျှ ဖွံ့ဖြိုးတိုးတက်ရေးကို အားသွန်ခွန်စိုက်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ အချိန် ၃၁ လသာ ကျန်ရှိပါကြောင်း၊ ယင်း ၃၁ လတာကာလအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး အခြေခံကောင်းများ ချခဲ့ရမည်ဖြစ်ပါကြောင်း၊ တိုင်းပြည်အတွက်၊ ပြည်သူတွေအတွက် အကောင်းဆုံးဖြစ်အောင် မိမိတို့ အစိုးရအဖွဲ့ အနေဖြင့် ကြိုးစားပြီး လုပ်ဆောင်ပေးရမည် ဖြစ်ပါကြောင်း။

မိမိတို့အစိုးရလက်ထက် နိုင်ငံရေး တည်ငြိမ်အောင် ကြိုးပမ်းဆောင်ရွက်မှု၊ နှစ်ပေါင်းရှည်ကြာခဲ့သည့် လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းအောင် ကြိုးပမ်းဆောင်ရွက်မှု၊ အစိုးရအဆက်ဆက် တင်ရှိခဲ့သည့်ကြွေးမြီများ ထဲမှဒေါ်လာသန်းပေါင်း ၆ဝဝဝကျော် ပယ်ဖျက်ပေးအောင်ဆောင်ရွက်နိုင်ခဲ့မှု၊ နှစ်ပေါင်း ၂ဝ ခန့် တားဆီးပိတ်ဆို့ထားသည့် စီးပွားရေး ပိတ်ဆို့ထားမှုများကို ဖယ်ရှားနိုင်မှု၊ ဖွံ့ဖြိုးရေးအတွက် အတိုးနှုန်းသက်သာသော ချေးငွေများ၊ထောက်ပံ့ငွေများ ရရှိအောင်ဆောင်ရွက်နိုင်မှုနှင့် ကမ္ဘာ့မိသားစုဝင် နိုင်ငံ တစ်နိုင်ငံအဖြစ် နိုင်ငံတကာက လက်ခံလာအောင်၊ နိုင်ငံတကာ၏ အားပေးကူညီထောက်ခံမှုများ ရအောင်ဆောင်ရွက်နိုင်ခြင်း တို့သည် သိသာမြင်သာသောအောင်မြင်မှုများ ဖြစ်သည်ဆိုသည်ကို ဘယ်သူမျှ ငြင်းမရနိုင်သော ပြယုဂ်များ ဖြစ်ပါကြောင်း၊ သက်သေ အထောက်အထားများ ဖြစ်ပါကြောင်း။

ထို့ကြောင့် မိမိတို့၏ တိုင်းပြည်အတွက် ကြိုးပမ်းဆောင်ရွက်ချက်များသည် အမှန်တကယ် တိုင်းပြည်နှင့် လူမျိုးအတွက် အကျိုး ရှိစေသော လုပ်ငန်းများဖြစ်သည် ဆိုသည့် ယုံကြည်မှုအပြည့်နှင့်ရှေ့ကို ဆက်လက်ပြီး ရဲရဲတင်းတင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်းပြောကြားပြီး အစည်းအဝေးကို မွန်းလွဲပိုင်းတွင် ရုပ်သိမ်းလိုက်သည်။
---------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် စီမံကိန်းကော်မရှင် အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဇွန် ၂၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စီမံကိန်းကော်မရှင် အစည်းအဝေးကို ယနေ့ နံနက် (၉) နာရီ တွင် နိုင်ငံတော် သမ္မတ အိမ်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပရာ စီမံကိန်းကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တက်ရောက်၍ အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ဒုတိယသမ္မတများ ဖြစ်ကြသည့်  ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့်ဒေသများမှ ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာ အကြီး အကဲများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် စီမံကိန်းကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတက အဖွင့်အမှာစကား ပြောကြားရာ၌ (၂) နှစ်တာ ကာလအတွင်း မိမိတို့ကြိုးပမ်းဆောင်ရွက်ခဲ့သည့် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး၊ အုပ်ချုပ်ရေးစသည့် ပြုပြင်ပြောင်းလဲ မှုများသည် ဒီမိုကရေစီ အတွေ့အကြုံ၊ ဒီမိုကရေစီအလေ့အကျင့် နည်းပါးသေးသည့်အတွက် စမ်း တဝါးဝါးဖြင့် ဆောင်ရွက်ခဲ့ရခြင်း ဖြစ်ပြီး အောင်မြင်မှုများ ရှိခဲ့သကဲ့သို့ အကောင်အထည် မဖော်နိုင်သေး သည်များ၊ အောင်မြင်မှု နှေးကွေးနေသည်များလည်း ရှိပါကြောင်း ။

အမြန် တိုးတက်ပြောင်းလဲမှုကို လိုလားနေကြသည့် ပြည်သူများအနေဖြင့် အခြေခံ ပြောင်းလဲ တိုးတက်မှု များကို လက်ခံနိုင်စွမ်း မရှိသေးဘဲ အောက်ခြေမှာ ဒီအတိုင်းဘဲ၊ ဘာမှမထူးသေးဘူး ဟူသည့် ဝေဖန်မှုများ ရှိနေပါကြောင်း၊ ထို့ကြောင့် ပြည်သူလူထု၏ သဘောထားအမြင်များကို အလေးထားပြီး မိမိတို့ အစိုးရအနေဖြင့် ထင်သာမြင်သာသည့် ပြုပြင်ပြောင်းလဲမှုများကို အရှိန်အဟုန်ပြင်းပြင်းဖြင့် တိုးမြှင့် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ။

စနစ်တစ်ခုမှ အခြားစနစ်တစ်ခုသို့ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရသည့်အခါတွင် အခြားသောနိုင်ငံ များ၏ ဖြစ်စဉ်ဖြစ်ရပ် များကို ကြည့်လျှင် အချိန်ယူပြီး ပြောင်းလဲခဲ့ရသည်ကို တွေ့မြင်ရမည် ဖြစ်ပါကြောင်း ။

ယင်းနိုင်ငံများတွင် နိုင်ငံရေး တည်ငြိမ်မှုရှိသည့်အတွက် စီးပွားရေးနှင့် အုပ်ချုပ်ရေးတို့ကိုသာ အဓိက ပြုပြင်ပြောင်းလဲ ရခြင်း ဖြစ်ပြီး မိမိတို့ နိုင်ငံအနေဖြင့်မူ ဤ(၂)နှစ်တာ ကာလအတွင်းတွင် နိုင်ငံရေး တည်ငြိမ်အောင်၊ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းအောင်၊ စီးပွားရေးပိတ်ဆို့ တားဆီးမှု များကို ဖယ်ရှားနိုင်အောင် ဆောင်ရွက် ရသည့်အပြင် မမျှော်လင့်ဘဲဖြစ်ပေါ်လာသည့် လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင်သည့် ပဋိပက္ခများ၊ ခေတ်ဟောင်း စနစ်ဟောင်းက ပြည်သူများ မကျေနပ်ခဲ့မှု အပေါ် လှုပ်ရှားတောင်းဆိုမှုများ၊ သဘာဝဘေးဒဏ်များစသည့် အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် ရင်ဆိုင် ကြုံတွေ့ နေရပါကြောင်း။

သို့သော်လည်း နားလည်စာနာမှုရှိသည့် ပြည်သူများ၏ ထောက်ခံအားပေးမှု၊ ဝိုင်းဝန်းပံ့ပိုး ကူညီ ပေးခဲ့မှုများကြောင့် ယင်းအခက်အခဲများကို ရင်ဆိုင် ကျော်လွှားနိုင်ခဲ့သည်များ ရှိသကဲ့သို့ ရင်ဆိုင်နေရဆဲ လည်း ရှိပါကြောင်း၊ ပြည်သူများ အပေါ်ထားရှိသည့် စိတ်ရင်း စေတနာသာအဓိက ဖြစ်သည့်အတွက် ရှေ့ကိုဆက်ပြီး စိတ်စေတနာ ကောင်းကောင်း ဖြင့် ဆောင်ရွက်သွားကြရန် ဆုံးဖြတ်ထားပြီးဖြစ်ပါကြောင်း။

အဓိကမှာ တိုင်းပြည်တွင် စီးပွားရေး သိသိသာသာ တိုးတက်ရန် အရေးကြီးပါကြောင်း၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရာတွင် တိုင်းပြည် တည်ငြိမ်အေးချမ်းရေးအပေါ် များစွာ တည်မှီနေသည့် အတွက် ပြည်သူများ အပိုင်းကလည်း တိုင်းပြည်တည်ငြိမ် အေးချမ်းအောင်၊ တရားဥပဒေ စိုးမိုးမှုရှိအောင် ဝိုင်းဝန်းကူညီကြရန် အရေးကြီး ပါကြောင်း၊ ပြစ်တင် ဝေဖန်ကြမည့်အစား ကိုယ့်လူမျိုး အချင်းချင်း ဝိုင်းဝန်း ကူညီလိုသည့် မြင့်မြတ်သည့် စိတ်ထားများ ပြောင်းလဲပေးကြရန် လိုအပ်ပါကြောင်း။

တိုင်းပြည် တည်ငြိမ်အေးချမ်းရေးအတွက် နှစ်ပေါင်း (၆ဝ)ကျော် ကြာညောင်းခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုအခါ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးနီးပါးနှင့် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပြီး သဘောထား တူညီသည့် အချက် များကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း၊ ပစ်ခတ် တိုက်ခိုက်မှု အားလုံးနီးပါး ရပ်စဲသွားပြီဖြစ်၍ မကြာမီ ကာလအတွင်းတွင် လွှတ်တော်သို့တင်ပြပြီး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ် ရေးထိုး နိုင်ကြတော့မည်ဖြစ်ပါကြောင်း။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရုံဖြင့် ငြိမ်းချမ်းရေးရပြီဟု ပြော၍မရသေးပါကြောင်း၊ နိုင်ငံရေးအရ ဆက်လက် ဆွေးနွေးစရာများ များစွာ ကျန်ရှိနေဦးမည် ဖြစ်ကြောင်း၊ သို့သော်လည်း နယ်စပ်ဒေသများတွင် အထိုက်အလျောက် အေးချမ်းသွားပြီဖြစ်၍ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေသည့် ယင်းဒေသများတွင် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် အင်တိုက် အားတိုက် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းသည် မိမိတို့အစိုးရ၏ ဦးစားပေး လုပ်ငန်း ဖြစ်သော်လည်း ယနေ့အထိ ထိထိရောက်ရောက် မလုပ်နိုင်သေးသည်ကို တွေ့ရပါကြောင်း၊ ဆင်းရဲနွမ်းပါးသူများ၏ အဓိကလိုအပ်ချက်သည် ငွေကြေးအရင်းအနှီး ဖြစ်ပါကြောင်း၊ ငွေကြေး အရင်းအနှီး ကို စနစ်တကျ ထိထိရောက်ရောက် ချေးငှားပေးနိုင်မည်ဆိုလျှင်၊ အလုပ်အကိုင်များဖန်တီးပေးနိုင်မည် ဆိုလျှင် ဆင်းရဲနွမ်းပါးမှု သိသာစွာ လျော့ကျသွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ငွေကြေး အရင်းအနှီးကို မည်သည့် နည်းစနစ်ဖြင့်ချေးငှားမည်၊ ကိုယ်ပိုင်လုပ်ငန်းလေးများကို မည်သို့ မတည်ထူထောင်ပေးမည် ဆိုသည်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အပြိုင်အဆိုင် ကြိုးစားဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ။

တစ်ချိန်တည်းမှာပင် ငွေကြေးအရင်းအနှီးရှိသူအချို့ကို မိမိဒေသအတွင်းတွင် အသေးစားနှင့် အလတ်စား ကုန်ထုတ် လုပ်ငန်းများ ရင်းနှီးလုပ်ကိုင်လာအောင် အားပေးရန်လိုအပ်ပါကြောင်း၊ တစ်ဦးချင်းသော် လည်းကောင်း၊ အစုအဖွဲ့ဖြင့် သော်လည်းကောင်း၊ သမဝါယမစနစ်ဖြင့် သော်လည်းကောင်း လုပ်ကိုင်နိုင် အောင် ဖန်တီးပေးရမည်ဖြစ်ပြီး လုပ်ငန်းငယ်လေးများကို အခွန်အခ ကင်းလွတ်ခွင့်ပေးပြီး ငွေကြေး အရင်းအနှီးကိုလည်း ဝိုင်းဝန်းကူညီပေးရန် လိုအပ်ပါကြောင်း။

မိမိတို့နိုင်ငံ၏ စီးပွားရေးသည် လယ်ယာကဏ္ဍ စိုက်ပျိုးရေးကို အခြေခံသည့် စီးပွားရေးအဆင့်မှ စက်မှုကို အခြေခံသည့် အဆင့်သို့ မကူးပြောင်းနိုင်သေးသည့်အတွက် လောလောဆယ် စိုက်ပျိုးရေး ကဏ္ဍကို အခြေခိုင်မာအောင် ပြုလုပ်ရမည်ဖြစ်ပါကြောင်း၊ လယ်ယာကဏ္ဍတွင် လက်ရှိထက်ပိုမို တိုးတက် ထုတ်လုပ် နိုင်ရန်အတွက် ပြုပြင်ပြောင်းလဲမှု (၅) ရပ်ဖြစ်သည့် စိတ်ဓာတ်များပြောင်းလဲရန်၊ လယ်မြေများ တန်ဖိုးရှိ အောင် ပြောင်းလဲရန်၊ အထွက်တိုး မျိုးများပြောင်းလဲရန်၊ သိပ္ပံနည်းကျစိုက်နည်းစနစ်များ ပြောင်းလဲရန်နှင့် စက်မှုလယ်ယာ ပြောင်းလဲရန် ချမှတ်ပေးထားပြီး ဖြစ်ပါကြောင်း၊ မိမိတိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မည်မျှ ပြောင်းလဲနိုင်ပြီဆိုသည်ကို ပြန်လည်စိစစ် ရမည်ဖြစ်ပါကြောင်း ။

ယခုအခါ ပြည်ပမှ ရင်းနှီးမြုပ်နှံလိုသူများအတွက် ဥပဒေရှိပြီးဖြစ်သည့်အပြင် စီးပွားရေး ပိတ်ဆို့မှု အတားအဆီး များကိုလည်း ဖယ်ရှားနိုင်ခဲ့ပြီဖြစ်၍ ပြည်ပမှ ရင်းနှီးမြုပ်နှံလိုသူများကို ရှာဖွေပြီး တိုင်းပြည် အတွက်၊ ပြည်သူများ အတွက်အကျိုးရှိမည့် လုပ်ငန်းများ၊ အန္တရာယ်မဖြစ်နိုင်သည့် ကုန်ထုတ် လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန်၊ ဈေးကွက်ရှာဖွေကြရန်၊ အရည်အသွေးကောင်းပြီး ကုန်ကျစရိတ် သက်သာ သည့် ကုန်ပစ္စည်းများ ထုတ်လုပ်ကြရန်နှင့် တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်များ များများ ပေါ်ထွက်လာ အောင် ကူညီပံ့ပိုးဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍ မြှင့်တင်ရေးသည် မိမိတို့၏ စတုတ္ထ Reform ဖြစ်သည့်အတွက် ယင်းကို အောင်မြင်အောင် လုပ်ဆောင်သွားကြရန် ဖြစ်ကြောင်း။

ခရီးသွားလုပ်ငန်းသည် ဟိုတယ်လုပ်ငန်းရှင်များအတွက်သာမက ပို့ဆောင်ရေးလုပ်ငန်း၊ ဈေးဆိုင် လုပ်ငန်း နှင့် Tour Guide များအတွက်ပါ ဝင်ငွေရရှိနိုင်သည့် လုပ်ငန်းဖြစ်သည့်အတွက် တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ပြည်ပခရီးသွား နှစ်စဉ်(၃)သန်းခန့် ဝင်ရောက်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ပါ ကြောင်း ။

စီးပွားရေးတိုးတက်အောင် ထုတ်လုပ်မှုကို မြှင့်တင်ပေးနိုင်ရေးအတွက် ကုန်ထုန်လုပ်မှု၊ စိုက်ပျိုးရေး၊ အခြေခံ အဆောက်အဦ၊ စွမ်းအင်/သတ္တု၊ ခရီးသွားလုပ်ငန်း၊ ငွေကြေးလုပ်ငန်းများနှင့် ဆက်သွယ်ရေး စသည့် ကဏ္ဍများကို နှစ်စဉ်တိုးတက်အောင် ဆောင်ရွက်နိုင်မှသာ တိုင်းပြည်၏ GDP သိသိသာသာ တိုးတက်လာမည်ဖြစ်ကြောင်း၊ တိုင်းပြည် GDP တိုးတက်မှုနှင့်အတူ ပြည်သူတစ်ဦးချင်းစီ၏ လူမှုစီးပွား ဘဝပါ လိုက်ပါ တိုးတက်အောင် အလေးထား ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း ။

မိမိတို့ အစိုးရအနေဖြင့် ကျန်ရှိသည့် (၃၁)လတာကာလအတွင်း ပြည်သူတစ်ဦးချင်း ခံစားနိုင်သည့် ရေ၊ မီး ရရှိရေး၊ သွားလာမှု အဆင်ပြေရေး၊ ရိက္ခာဖူလုံရေး၊ အလုပ်အကိုင်ရရှိရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် လူမှုစီးပွားဘဝ သိသာစွာ ဖွံ့ဖြိုးတိုးတက်အောင် အားလုံးတာဝန်ယူပြီး  အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်ကြရန် အလေးထား တိုက်တွန်း မှာကြားအပ်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက စတုတ္ထအဆင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် ဖြစ်သည့် ပုဂ္ဂလိကကဏ္ဍ ပြောင်းလဲတိုးတက်ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ပြည်ထောင်စု ဝန်ကြီးဦးဌေးအောင်က ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို လည်းကောင်း၊  ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းက e-Government လုပ်ငန်း တိုးမြှင့်ဆောင်ရွက်မည့် အစီအစဉ်များကို လည်းကောင်း၊  ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် က ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်မှ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် အထိ ကာလတို(၅)နှစ်စီမံကိန်း (မူကြမ်း) ကို လည်းကောင်း  ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဖြည့်စွက်ရှင်းလင်း တင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသ များမှ ဥက္ကဋ္ဌ များက ဒေသန္တရစီမံကိန်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးတင်ပြကြပြီး အစည်းအဝေးကို ညနေပိုင်းတွင် ရပ်နား လိုက်သည်။

အစည်းအဝေးကို ဇွန် (၂၆) ရက် နံနက်  (၉) နာရီတွင် ဆက်လက်ကျင်းပသွားမည် ဖြစ်သည်။
------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတဦးသိန်းစိန် ကမ္ဘာ့ထိပ်တန်းကုမ္ပဏီများမှ ခေါင်းဆောင်များနှင့်တွေ့ဆုံပွဲတွင် အမှာစကားပြောကြား

နေပြည်တော် ဇွန် ၇

နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာနရှိ ဧည့်ခန်းမ၌ အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ် တက်ရောက်လာသည့် ကမ္ဘာ့ထိပ်တန်းကုမ္ပဏီများ မှ ခေါင်းဆောင်များ နှင့် တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးများနှင့် စီးပွားရေးလုပ်ငန်းရှင် (၄၀) ခန့် တက်ရောက် ကြသည်။

တွေ့ဆုံရာ၌ နိုင်ငံတော်သမ္မတက မိမိတို့ နိုင်ငံတွင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ လုပ်ဆောင်နေခြင်းသည် ပြည်သူများ၏ ဆန္ဒနှင့်အညီ ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ ထိုသို့ ပြုပြင်ပြောင်းလဲရာတွင် အပိုင်း (၂) ပိုင်းရှိပြီး နိုင်ငံရေးနှင့် စီးပွားရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတို့ ဖြစ်ပါကြောင်း၊ နိုင်ငံရေးတည်ငြိမ်မှ စီးပွားရေးဖွံ့ဖြိုး တိုးတက်မည် ဖြစ်သကဲ့သို့ စီးပွားရေး ဖွံ့ဖြိုးမှ လည်း နိုင်ငံ တည်ငြိမ် အေးချမ်းမည်ဖြစ်ရာ နိုင်ငံရေးနှင့် စီးပွားရေးသည် အပြန်အလှန် တည်မှီလျက် ရှိပါကြောင်း။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို အဆင့် (၄) ဆင့်ဖြင့် ဆောင်ရွက် နေပါကြောင်း၊ ထိုအဆင့် (၄) ဆင့်မှာ တပ်မတော် အစိုးရမှ အရပ်သား အစိုးရသို့ ပြောင်းလဲခြင်း၊ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေး ဆောင်ရွက်နေခြင်း၊ အုပ်ချုပ်ရေး ကဏ္ဍတွင် ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသော အစိုးရဖြစ်ပေါ်ရေးနှင့် ပုဂ္ဂလိကကဏ္ဍ တိုးမြင့်အောင် ဖော်ဆောင်ရေး တို့ပင် ဖြစ်ပါကြောင်း။

လက်ရှိတွင် ပြည်တွင်း၌ စီးပွားရေးကဏ္ဍကို ပုဂ္ဂလိကကဏ္ဍ၊ သမဝါယမကဏ္ဍနှင့် နိုင်ငံပိုင် ကဏ္ဍဟူ၍ ဒေါက်တိုင်သုံးခုဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပုဂ္ဂလိက ကဏ္ဍမှာ (၉၀) ရာခိုင်နှုန်းကျော် ရှိပါကြောင်း၊  မိမိတို့ နိုင်ငံသည် နှစ်ပေါင်း (၂၀) ခန့် စီးပွားရေး ပိတ်ဆို့ခံခဲ့ရသည့်အတွက် စီးပွားရေးကဏ္ဍကို ပြန်လည်မြှင့်တင်နိုင်ရန် လိုအပ်ချက်များစွာ ရှိနေပါကြောင်း၊ မိမိတို့ နိုင်ငံ တွင် ကျေးလက်နေ ပြည်သူမှာ လူဦးရေ၏ (၇၀) ရာခိုင်နှုန်းခန့် ရှိနေသည့် အတွက် ဆင်းရဲမှုလျှော့ချရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိတို့ နိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်ရာ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရန် အတွက် စိုက်ပျိုးရေး လုပ်ငန်းကို အဓိက လုပ်ကိုင်နေကြသည့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးသည် အရေးကြီး ပါကြောင်း၊ မိမိတို့ နိုင်ငံတွင် လက်ရှိလူဦးရေအတွက် စားနပ်ရိက္ခာ ဖူလုံသည့်အပြင် ပိုလျှံမှုပင် ရှိပါကြောင်း၊ ပြည်ပသို့ ပို့ကုန်တွင်(၃၀) ရာခိုင်နှုန်း ပါဝင်ပါကြောင်း၊ နောင်တိုးပွားလာ မည့် လူဦးရေအတွက်  စားနပ်ရိက္ခာ လုံလောက်မှု ရှိအောင် မျှော်မှန်းလုပ်ဆောင်လျက် ရှိပါကြောင်း။

သို့သော် စိုက်ပျိုးရေးလုပ်ငန်းဖြင့် နိုင်ငံကြွယ်ဝချမ်းသာနိုင်မည် မဟုတ်သဖြင့်စက်မှုနိုင်ငံ ထူထောင်နိုင်မှသာ ကြွယ်ဝချမ်းသာနိုင် မည်ဖြစ်၍ စက်မှုနိုင်ငံထူထောင်ရန်အတွက် ငွေကြေးအရင်းအနှီးနှင့် နည်းပညာများ လိုအပ်ပါကြောင်း၊ ယင်းလိုအပ်ချက်များကို ရရှိနိုင်ရန်အတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရခြင်း ဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြဋ္ဌာန်းထားပြီး ပြည်ပနိုင်ငံများ၏ ပိတ်ဆို့ အရေးယူမှုများကိုလည်း ဖြေလျှော့ ရုပ်သိမ်းပေးအောင် ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ထို့ပြင် ဥရောပသမဂ္ဂ၏ ကုန်သွယ်မှု အထူးအခွင့်အရေးလည်း ရရှိနေပြီ ဖြစ်ပါကြောင်း၊ အမေရိကန်နိုင်ငံ အနေဖြင့် လည်း အစိုးရက ပိတ်ဆို့မှုများကို ဖြေလျှော့ပေးခဲ့ပြီး လွှတ်တော်တွင် ဆွေးနွေး ဆုံးဖြတ်ရန်သာ ကျန်ရှိပါကြောင်း။

ထို့ကြောင့် ယနေ့ အချိန်သည် မိမိတို့နိုင်ငံသို့ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ လာရောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ရန် အကောင်းဆုံးအချိန် ဖြစ်ပါကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေတွင် ရင်းနှီးမြှုပ်နှံ သူများကို အကာအကွယ်ပေးထားသည့် ပြဋ္ဌာန်းချက်များလည်း ပါဝင် ပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိအောင် မျှတစွာ ရေးဆွဲထားပါကြောင်း၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန်အတွက် စိန်ခေါ်မှုများ၊ အခက်အခဲများ ရှိသကဲ့ သို့ အခွင့်အလမ်းများစွာလည်း ရှိနေပြီ ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် တောင်အာရှ၊ အရှေ့တောင် အာရှနှင့် အရှေ့အာရှတို့ကို ဆက်သွယ်ပေးသည့် ပေါင်းကူးသဖွယ် တည်ရှိနေပါကြောင်း၊ ထို့ပြင် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ အာဆီယံနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိ သောကြောင့် လူဦးရေသန်း (၂၀၀၀) ကျော် ရှိသည့် ကြီးမား သည့် ဈေးကွက်ကြီးလည်း ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် လူဦးရေသန်း (၆၀) ရှိပြီး နိုင်ငံအကျယ်အဝန်းနှင့် လူဦးရေသည် သင့်တင် မျှတမှု ရှိပါကြောင်း၊ ထို့ပြင် ရာသီဥတု မျှတပြီး မြေဆီ ၊ မြေနှစ် ကောင်းမွန်သော စိုက်ပျိုးမြေများ ရှိသည့်အတွက် သီးနှံမျိုးစုံကို စိုက်ပျိုးထုတ်လုပ် နိုင်ပါကြောင်း၊ မိမိတို့ နိုင်ငံတွင် သစ်တော၊ သားငါး၊ သတ္တု၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့စသည့် သဘာဝ သယံဇာတ အရင်းအမြစ်များ ကြွယ်ဝပြီး လုပ်သားအင်အား လည်း လုံလောက်မှု ရှိပါကြောင်း။

မိမိတို့နိုင်ငံတွင် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးနေသည့်အတွက် နိုင်ငံသားများ အနေဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်နေရသည်များရှိရာ မိမိတို့နိုင်ငံတွင် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာပါက အဆိုပါ လုပ်သားများ အနေဖြင့် မိမိတို့ နိုင်ငံကို ပြန်လည်လာရောက် လုပ်ကိုင်ကြမည် ဖြစ်ပါကြောင်း၊ ပြည်ပမှ အရင်းအနှီး နည်းပညာနှင့် လူ့စွမ်းအား အရင်းအမြစ်များကို မိမိတို့ နိုင်ငံရှိ သဘာဝ အရင်းအမြစ်များ၊ လုပ်သားအင်အားများဖြင့် ပေါင်းစပ်လိုက်မည် ဆိုပါက နိုင်ငံလည်း အကျိုးရှိ၊ ပြည်သူလည်း အကျိုး ရှိပြီး ကုမ္ပဏီများဘက်ကလည်း အကျိုးဖြစ်ထွန်းနိုင်မည့် (Win-Win-Win Situation) အခြေအနေ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်နေရခြင်းပင် ဖြစ်ပါကြောင်း ဖြင့် ပြောကြားခဲ့သည်။
-------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေး ဖိုရမ် (၂၀၁၃) ဖွင့်ပွဲ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြား


နေပြည်တော် ဇွန် ၆
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားရာတွင် အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် အဆွေတော် တို့နှင့်အတူ တက်ရောက်ပြီး အမှာစကား ပြောကြားခွင့်ရသည့်အတွက် များစွာ ဂုဏ်ယူ ပါကြောင်း၊ မြန်မာနိုင်ငံ နေပြည်တော်တွင် ဤဖိုရမ်ကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံ ကျင်းပနိုင်သည့် အတွက် ဂုဏ်ယူကြောင်း ဦးစွာပဏာမ ပြောကြားလိုပြီး ဆွေးနွေးပွဲများတွင် အောင်မြင်မှုများ ရရှိပါစေဟု ဆုမွန်ကောင်း တောင်းလို ပါကြောင်း။

ယနေ့ မိမိတို့သည် အာရှတိုက်၏ သမိုင်းတွင် အထူးအရေးပါသည့် အချိန်ကို ရောက်ရှိနေပြီ ဖြစ်ပါကြောင်း၊ လွန်ခဲ့သော ဆယ်စုနှစ် အနည်းငယ်က ဤဒေသ အတွင်းတွင် ကြီးကျယ်သည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများကို တွေ့ခဲ့ရပါကြောင်း၊ ဒေသတွင်းရှိ လူငယ်များသည် ငြိမ်းချမ်းခြင်း၊ သာယာဝပြောခြင်း၊ ကိုလိုနီ အုပ်ချုပ်မှုစနစ်မှ လွတ်မြောက်ခြင်းတို့အပြင် ကမ္ဘာပေါ်ရှိ အခြားနိုင်ငံများမှ လူငယ်များ နည်းတူတန်းတူ  အခွင့်အလမ်းများကိုလည်း ရရှိခံစားရင်း ကြီးပြင်း လာခဲ့ကြပါကြောင်း။  

ကြုံတွေ့ရမည့် စိန်ခေါ်မှုများကို ဤဆွေးနွေးပွဲများတွင် စုပေါင်း ဆွေးနွေးကြပြီး ထိုစိန်ခေါ်မှုများကို ကျော်လွှားနိုင်မည့် နည်းလမ်းများအား ရှာဖွေ ဖော်ထုတ် နိုင်လိမ့်မည်ဟု  မိမိယုံကြည်ပါကြောင်း၊ သာယာဝပြောပြီး ကြွယ်ဝမှုကို အညီအမျှ မျှဝေခံစားနိုင်ရေး အတွက် လက်တွေ့ကျကျ ကိုင်တွယ် လုပ်ဆောင်သွားကြရန်၊ ဆင်းရဲနွမ်းပါးသူများ၊ မိမိကိုယ် မိမိ ကာကွယ်နိုင်မှု အခွင့်အလမ်း အားနည်းသူများ အရေးကို အလေးပေးရန်၊ ပြည်သူပိုင်နှင့် ပုဂ္ဂလိကပိုင်ကဏ္ဍတို့ ပေါင်းစည်း လာနိုင်မည့် နည်းလမ်းများကို ရှာဖွေ ဖော်ထုတ်နိုင်ရန် မိမိအနေဖြင့် တိုက်တွန်းလိုပါကြောင်း။

မိမိတို့နိုင်ငံ သမိုင်း၏ ယခုလို အရေးကြီးသည့် အချိန်ကာလတွင် အဆွေတော်တို့ အနေဖြင့် မြန်မာနိုင်ငံကို ရောက်ရှိလာကြခြင်းပင် ဖြစ်ပါကြောင်း၊ မိမိတို့သည် တပ်မတော်အစိုးရ အုပ်ချုပ်သည့် စနစ်မှ ဒီမိုကရေစီစနစ် ကျင့်သုံးသည့် နိုင်ငံအဖြစ်သို့ ပြုပြင် ပြောင်းလဲရေး၊ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးကတည်းက လွတ်လပ်ရေးနှင့်အတူ နိုင်ငံအတွင်း ပေါ်ပေါက်လာခဲ့သော လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရေးနှင့် ဗဟိုကချုပ်ကိုင်သည့် စီးပွားရေးစနစ်မှ ဈေးကွက်စီးပွားရေးစနစ်သို့ ပြောင်းလဲရေး လုပ်ငန်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်လျက် ရှိပါကြောင်း။

မိမိတို့အနေဖြင့် ထိုသို့လုပ်ဆောင်နေသည့် လုပ်ငန်းများမှ သွေဖီသွားမည် မဟုတ်ကြောင်း ကို ကတိပေး ပြောကြား လိုပါကြောင်း၊ သို့သော် ဤလုပ်ငန်းများ အောင်မြင်ရန်အတွက် အကူအညီနှင့် ပံ့ပိုးမှုများ၊ အဆွေတော်တို့၏ ရင်းနှီးမြှုပ်နှံမှု များနှင့် အတွေ့အကြုံ၊ ဗဟုသုတ၊ နည်းပညာများသည် မိမိတို့အတွက် လွန်စွာမှပင် အရေးပါလှပါကြောင်း၊ ဤကဲ့သို့ ငြိမ်းချမ်းသာယာဝပြောနေသော ဒေသအတွင်းမှာ ရှိကြသည့် မြန်မာလူငယ်များ အနေဖြင့်လည်း အလားတူ သဘောထား ခံယူချက်များ ထားရှိနိုင်ကြရန် တိုက်တွန်းလိုပါကြောင်း။

အဆွေတော်တို့အားလုံး မြန်မာနိုင်ငံတွင် ရောက်ရှိနေထိုင်စဉ် ကာလအတွင်း မြန်မာနိုင်ငံတဝှမ်းကို အလည်အပတ် လှည့်လည် သွားရောက်ကြည့်ရှု နိုင်ကြ လိမ့်မည်ဟု မိမိ မျှော်လင့်ပါကြောင်း၊ ထိုသို့ လှည့်လည် ကြည့်ရှုကြသည့်အခါ မြန်မာပြည်သူများ အားလုံးသည် ၎င်းတို့၏ ဘဝ ပိုမိုတိုးတက်စေရေးနှင့် ပိုမို ကောင်းမွန်သည့် အနာဂတ်ကို ဖန်တီး တည်ဆောက်နိုင်ရန် ဆုံးဖြတ်ချက်ချထားပြီး လုပ်ကိုင်ဆောင်ရွက် နေကြကြောင်းကို လက်တွေ့ကျကျ သိရှိခွင့်ရရှိကြမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။
----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် လစဉ်ပြောကြားသည့် ရေဒီယိုမိန့်ခွန်း

နေပြည်တော် ဇွန် ၎

မိဘပြည်သူများခင်ဗျား
ကျွန်တော်တို့ နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုကနေ တဆင့် အသိပေး ပြောကြားနေကြ ဖြစ်တဲ့အတိုင်း မေလအတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှုများနှင့် ပတ်သက်ပြီး  ကျွန်တော်တို့ အစိုးရရဲ့  လုပ်ဆောင်ချက် များကို မိဘ ပြည်သူများထံ ယခုကဲ့သို့ ပုံမှန်တင်ပြရခြင်း ဖြစ်ပါတယ်။

မိဘပြည်သူများ သိကြပြီးဖြစ်တဲ့အတိုင်း ကျွန်တော်ဟာ အမေရိကန်ပြည်ထောင်စုကို မေလ (၁၉) ရက်နေ့ကနေ (၂၂) ရက်နေ့အထိ အလုပ်သဘော ခရီးစဉ်အဖြစ် သွားရောက် ခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ နှစ်ပေါင်း လေးဆယ်ကျော်အကြာမှာ နိုင်ငံ့ခေါင်းဆောင် တဦး အနေနဲ့ သွားရောက်ခဲ့တဲ့ အလုပ်သဘောခရီးစဉ် တခုဖြစ်တဲ့အပြင် နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးရေးနဲ့ ဆက်ဆံရေးပုံစံအသစ်ကို ပိုမိုပီပြင်စေခဲ့တာကြောင့် ကျွန်တော်တို့နှစ်နိုင်ငံ ဆက်ဆံရေးသမိုင်းမှာ ထူးခြားတဲ့ အလှည့်အပြောင်း တခုလည်း မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။ ဒီသမိုင်းဝင် ခရီးစဉ်ကနေ ရရှိလာတဲ့ ရလဒ်တွေကနေတစ်ဆင့် အနာဂတ်မှာ ပူးပေါင်း ဆောင်ရွက်နိုင်မယ့် အလားအလာများကြောင့် ဒီခရီးစဉ်ဟာ အစိုးရချင်း ဆက်ဆံရေး သာမက နှစ်နိုင်ငံ ပြည်သူချင်း ရင်းနှီးချစ်ကြည်ရေးအတွက်ပါ အရေးပါတယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အမေရိကန်ပြည်ထောင်စု ခရီးစဉ် အတွင်းမှာ အမေရိကန်သမ္မတ အိုဘားမား အပါအဝင် အစိုးရအဖွဲ့ဝင်များ၊ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် ခေါင်းဆောင်များနဲ့ တွေ့ဆုံပြီး ကျွန်တော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်များအတွင်း ကြုံတွေ့နိုင်ဖွယ်ရှိတဲ့ အခက်အခဲများ၊ စိန်ခေါ်မှုများ၊ အလားအလာများနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ လုပ်ဆောင်နေတဲ့ အမျိုးသားစီးပွားရေး တစ်ရပ် တည်ဆောက်ရေးမှာ အဟန့်အတား ဖြစ်နေတဲ့ ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားနိုင်ရေးအတွက် ယုံကြည်မှု တည်ဆောက်ရေး ကိစ္စတွေကိုလည်း လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ အမေရိကန် ပြည်ထောင်စုရဲ့ ပညာရေးစနစ်ကို လေ့လာနိုင်ဖို့အတွက် ဂျွန်ဟော့ကင်းစ် တက္ကသိုလ်ကို သွားရောက်ပြီး ပါမောက္ခများ၊ ကျောင်းသူ ကျောင်းသားများနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံ မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ကျွန်တော့်ရဲ့ အမေရိကန် ပြည်ထောင်စု ခရီးစဉ်အတွင်းမှာ အကြောင်းအမျိုးမျိုးကြောင့် အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေကြတဲ့ မြန်မာ မိသားစုများရဲ့ နွေးထွေးတဲ့ ကြိုဆိုမှုတွေကြောင့် ဝမ်းသာပီတိ ဖြစ်ရသလို ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲမှုများအပေါ် နားလည်စာနာမှု ရှိကြတဲ့ အမေရိကန်ရောက် ကျွန်တော်တို့ ပြည်သူများကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း အလေးအနက် ပြောကြားလိုပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ ခရီးစဉ်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအပေါ်မှာ မယုံကြည်နိုင်သေးတဲ့ သူများက သံသယနဲ့ ပြောဆိုဝေဖန် အပြစ်ရှာ ရေးသားခဲ့မှုများကိုလည်း ကြုံတွေ့ခဲ့ ရပါတယ်။ နိုင်ငံတခု ပြုပြင်ပြောင်းလဲမှုဖြစ်တိုင်းမှာ ဒီလိုသဘောထားကွဲလွဲမှုတွေ၊ မယုံကြည်မှုတွေ၊ လက်မခံနိုင်မှုတွေ၊ အငြင်းပွားမှုတွေနဲ့ ဝိဝါဒကွဲပြားမှုတွေကို ကြုံတွေ့ရတာဟာ ဖြစ်ရိုးဖြစ်စဉ် သဘာဝကျတဲ့ ကိစ္စရပ်တွေပဲ ဖြစ်ပါတယ်။ ကျွန်တော့် အတွက်ကတော့ နိုင်ငံရေးလက်တွေ့ကျမှုများက ပိုမိုအရေးကြီးတယ်လို့ အလေးအနက် ခံယူထားပါတယ်။ ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အောင်မြင်မှုများ ရရှိဖို့အတွက် မိမိတို့ မြန်မာနိုင်ငံဟာ ကမ္ဘာ့မိသားစုဝင် နိုင်ငံများနဲ့ ထဲထဲဝင်ဝင် ချိတ်ဆက်ရန်ဆိုတဲ့ ကိစ္စရပ်က အလွန်အရေးကြီးပါတယ်။ လက်ရှိ ကျွန်တော်တို့ရဲ့ ကြိုးပမ်း လုပ်ဆောင်မှုများရဲ့ အောင်မြင်မှု အသီးအပွင့်တွေကို ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအပေါ် အားပေးထောက်ခံသူများကို သာမက မယုံကြည် နိုင်သေးသူများ၊ သံသယရှိနေသူများနဲ့ ဆန့်ကျင်နေသူများပါ ခံစားရရှိမှာ ဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ ကမ္ဘာ့မိသားစုအတွင်းမှာ မြန်မာနိုင်ငံဂုဏ်ကို ဂုဏ်သိက္ခာရှိတဲ့၊ တာဝန်သိတဲ့ နိုင်ငံတနိုင်ငံ အဖြစ် ရပ်တည်နိုင်ဖို့ ယခုလို တစိုက်မတ်မတ် ကြိုးပမ်းလုပ်ဆောင် နေရခြင်း ဖြစ်တယ်ဆိုတာ အသိပေးပြောကြားလိုပါတယ်။

မေလ (၂၄) နေ့မှာလည်း မြန်မာနိုင်ငံအပေါ်မှာ အစဉ်တစိုက် အားပေးကူညီခဲ့တဲ့ ဂျပန်နိုင်ငံရဲ့ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ နှစ်နိုင်ငံ သမိုင်းမှာ ၃၆ နှစ်အတွင်း ပထမဦးဆုံးအကြိမ် ဝန်ကြီးချုပ် ခရီးစဉ်အဖြစ် လာရောက်ပြီး ကျွန်တော်တို့ နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအပေါ် ဂျပန်နိုင်ငံရဲ့ အားပေးထောက်ခံမှုကို ပြသခဲ့ပါတယ်။ ဂျပန်နိုင်ငံအနေနဲ့ ပေးအပ်လာမယ့် ကူညီထောက်ပံ့မှုတွေကိုလည်း ကြိုဆို လက်ခံသွားမှာ ဖြစ်သလို ဒီအကူအညီများ အားလုံးကို ပြည်သူလုထု ဗဟိုပြု ဖွံ့ဖြိုးရေး လုပ်ငန်းများမှာသာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ အပြန်အလှန်အားဖြင့် ဂျပန်နိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းများဟာ ပွင့်လင်းလာမယ့် မြန်မာ့ ဈေးကွက်အတွင်းမှာ ရင်းနှီးမြှုပ်နှံမှုများ၊ ကုန်သွယ်ရေးတိုးမြှင့်မှု အခွင့်အလမ်းများရရှိပြီး နှစ်ဦးနှစ်ဖက် မျှတတဲ့ အကျိုးကျေးဇူးများ ခံစားကြရမှာလည်း ဖြစ်ပါတယ်။

ယခုလို နှစ်နှစ်တာအတွင်းမှာ ဖြစ်ထွန်းခဲ့တဲ့ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာ ကူးလူးဆက်ဆံမှုများဟာ ဆိုရင် မြန်မာပြည်သူများ ကြိုးပမ်းအားထုတ်နေကြတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ထိုက်တန်တဲ့ နိုင်ငံတကာ ထောက်ခံမှု ရရှိနေခြင်းကို တနည်းအားဖြင့် ပြသနေခြင်းလည်း ဖြစ်ပါတယ်။

ယခု ကျွန်တော်တို့ ကြိုးပမ်းလုပ်ဆောင်နေတဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများနဲ့ ပတ်သက်လို့ အနည်းငယ် ရှင်းလင်းပြောကြားလိုပါတယ်။ နိုင်ငံရေးနဲ့ တိုက်ရိုက် ချိတ်ဆက်နေတဲ့ အမျိုးသားစီးပွားရေး ပြန်လည် ပုံစံချ သတ်မှတ်မှုနဲ့ ပတ်သက်လို့ လိုအပ်တဲ့ အစီအမံများ၊ မဟာဗျူဟာများ၊ စီမံချက်များ ရေးဆွဲနေသည့် နည်းတူ တတွဲတည်း လိုအပ်လာမယ့် အင်စတီကျူးရှင်းများကို ပြောင်းလဲဖွဲ့စည်းခြင်း၊ အသွင် ကူးပြောင်းခြင်း၊ အသစ်ထူထောင်ရန် ပြင်ဆင်ခြင်းများကို လုပ်ဆောင်နေရပါတယ်။ ကာလကြာရှည် ပြုလုပ်နိုင်ခြင်း မရှိခဲ့တဲ့ ကိစ္စရပ်တွေကို လုပ်ဆောင်ရတာ ဖြစ်တဲ့အတွက် ထင်ရှားမြင်သာရှိတဲ့ အပြောင်းအလဲတွေထက် ဆုပ်ကိုင်မှုပြနိုင်တဲ့ အပြောင်းအလဲ များသည်လည်း အရှိန်အဟုန် တခုဖြင့် ရွေ့လျားနေတယ် ဆိုတာကိုလည်း မီးမောင်းထိုးပြလိုပါတယ်။ ဒီအပြောင်းအလဲများ ထင်ရှားမြင်သာရှိလာချိန်မှာ ကျွန်တော်တို့ အမျိုးသားစီးပွားရေးဟာလည်း အရှိန်အဟုန် ရလာမှာ ဖြစ်ပါတယ်။

တောင်သူလယ်သမား တဦးချင်းအတွက် စိုက်ပျိုးစရိတ် အထောက်အကူ ဖြစ်စေဖို့နဲ့ အသေးစားနဲ့ အလတ်စား လုပ်ငန်းရှင်များ အရင်းအနှီး စုဆောင်းရာမှာ အထောက်အကူ ဖြစ်စေဖို့အတွက် အသေးစားနှင့် အလတ်စားချေးငွေများ ရရှိရန်ကိုလည်း ကျွန်တော့် အနေနဲ့ အာရုံစိုက် လုပ်ဆောင်လျက်ရှိပါတယ်။

ကျွန်တော်တို့ အစိုးရအနေနဲ့ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးကို ရည်သန်ပြီးယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသူများ လွတ်မြောက်ရေးအတွက် အစဉ်အမြဲအာရုံစိုက် လုပ်ဆောင်လျက်ရှိပါတယ်။ ကျွန်တော့်အနေနှင့် အမှန်တကယ် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးတစ်ယောက်မျှ အကျဉ်းထောင်ထဲမှာ ရှိနေစေလိုခြင်းမရှိပါဘူး။ သို့သော်လည်း ယခင်ခေတ် အဆက်ဆက်က ရှုပ်ထွေးခဲ့တဲ့ ရာဇဝတ်မှုနဲ့ နိုင်ငံရေး ပြစ်မှု မကွဲပြားတဲ့ ကိစ္စရပ်တွေကို စိစစ်ဆောင်ရွက်နေရတဲ့အတွက် အချိန်ယူလုပ်ဆောင်နေရတာ ဖြစ်ပါတယ်။ ယခုအခါမှာ ဒီကိစ္စရပ်တွေကို ရှင်းလင်းနိုင်ဖို့အတွက် လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီကို ကျယ်ပြန့်တဲ့ ပါဝင်မှုနဲ့ ဖွဲ့စည်းပြီးဆောင်ရွက်နေပြီ ဖြစ်တဲ့အတွက် မကြာခင်မှာအမှန်တကယ် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများ အားလုံး လွတ်မြောက်တော့မှာ ဖြစ်ပါတယ်။ သို့သော်လည်းပဲ နိုင်ငံရေး နဲ့ ရောယှက်ပြီး အကြမ်းဖက်မှုများ၊ လူသတ်မှုများ၊ မုဒိန်းမှု အစရှိတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့ သူတွေကတော့ ထိုက်တန်တဲ့ အပြစ်ဒဏ်ကိုခံယူရမှာ ဖြစ်ပါတယ်။ ဒီကိစ္စကို ကျွန်တော် အမေရိကန် ပြည်ထောင်စုကို ရောက်ရှိစဉ် ကာလမှာ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်များကို ရှင်းလင်း ပြောကြားခဲ့ရာမှာ ကျွန်တော်တို့နဲ့ သဘောထား တူညီတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။

ကျွန်တော်တို့ အစိုးရအနေနဲ့ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးကို ရှေးရှုတဲ့ စေတနာ သက်သက်နဲ့ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးကို လုပ်ဆောင်နေတာ ဖြစ်ပြီး အချိန်အတိုင်းအတာ တစ်ခုယူရတာကလွဲပြီး အခြားနိုင်ငံရေး အမြတ်ထုတ်လိုမှု မရှိကြောင်း အလေးအနက် ပြောကြားလိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အစိုးရ လက်ထက်မှာ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တဲ့ နိုင်ငံရေးနဲ့ ဆက်နွယ် အကျဉ်းကျခံခဲ့ ရသူများနဲ့ ပတ်သက်လို့ ပုဒ်မ ၄၀၁ ကို နိုင်ငံရေးလက်နက်တစ်ခု အနေနဲ့ အသုံးချပြီး အရေးယူခြင်း ပြုလုပ်ဖို့ အစီအစဉ်မရှိကြောင်း တပါတည်း ပြောကြား လိုပါတယ်။

ပဋိပက္ခများ ဖြစ်ပွားခဲ့ရာဒေသဖြစ်တဲ့ မိတ္ထိလာမြို့မှာ တည်ငြိမ်အေးချမ်းရေးကို ဆက်လက် ထိန်းသိမ်း ထားနိုင်ရေးအတွက် နိုင်ငံတော်သမ္မတရဲ့ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂၀၁၃) အရေးပေါ် အခြေအနေ ကြေညာခြင်းကို လွှတ်တော်မှ အတည်ပြုပေးရန် အဆိုအား ပထမဦးဆုံးအကြိမ် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးကို ခေါ်ယူပေးတဲ့အတွက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များ အားလုံးကို ကျေးဇူး တင်ရှိပါကြောင်း ပြောကြားလိုပါတယ်။

မေလအတွင်းမှာ ကျွန်တော်တို့ ပြည်သူများဟာ မဟာစင်မုန်တိုင်း သတင်းကြောင့် စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီနဲ့ အမျိုးသား သဘာဝကာကွယ် စောင့်ရှောက်ရေး စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီများကို အလျင်အမြန် ဖွဲ့စည်းပြီး မုန်တိုင်း ဝင်ရောက်နိုင်တဲ့ ဒေသများက ဒေသခံများကို လူမျိုးဘာသာ ခွဲခြားခြင်းမရှိဘဲ လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ် ကာကွယ်စောင့်ရှောက်မှုများ ပြုလုပ်နိုင်ဖို့ ကြိုတင် ပြင်ဆင်နိုင်ခဲ့ပါတယ်။ ကော်မတီများအနေနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တပ်မတော် အင်အားစုများနဲ့ ပူးပေါင်းညှိနှိုင်းပြီး ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့ကြပါတယ်။ ကျွန်တော်တို့ ပြည်သူများ စိုးရိမ်ပူပန်ခဲ့သလို မုန်တိုင်းဒဏ်ကို ခံခဲ့ရခြင်း မရှိပေမယ့် ဘေးအန္တရယ်တွေ ကြုံတွေ့လာတဲ့အခါမှာ ရင်ဆိုင်ကျော်လွှားနိုင်ဖို့ အတွက် အစိုးရ၊ ပြည်သူနဲ့ တပ်မတော်တို့ အကောင်းဆုံး ပူးပေါင်းလုပ်ဆောင်နိုင်တဲ့ အနေအထားရှိနေပြီဆိုတာကို ဝမ်းမြောက်ဖွယ်ရာ တွေ့ရှိရပါတယ်။

ကျွန်တော့်အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကိုလည်း တင်ပြလိုပါတယ်။ ပြီးခဲ့တဲ့ မေလ (၃၀) ရက် နေ့ဟာ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်မှုမှာ သမိုင်းဝင် အပြောင်းအလဲ တစ်ရပ်ဖြစ်ပြီး ပြည်သူများ အားလုံးအတွက် ဝမ်းမြောက်ဝမ်းသာ ရှိကြရမယ့် နေ့ပဲဖြစ်ပါတယ်။ မေလ (၃၀) ရက်နေ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် KIO တို့ဟာ ပစ်ခတ်တိုက်ခိုက်မှုတွေ လျော့ချ ရပ်ဆိုင်းနိုင်ဖို့ အတွက်နဲ့ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ဖို့အတွက် ငြိမ်းချမ်းရေး သဘောတူညီချက် (၇) ချက်ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။ ယခုလို လက်မှတ်ရေးထိုးနိုင်ဖို့ဟာ နှစ်ပေါင်း ခြောက်ဆယ်ကျော် ကြာခဲ့ပြီ ဖြစ်တဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ရပ်ဆိုင်းနိုင်ဖို့အတွက် ကြီးမားတဲ့ ခြေလှမ်း တစ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံသား အားလုံးအတွက် ဂုဏ်သိက္ခာ ကြီးမားတဲ့ အောင်မြင်မှု တစ်ရပ်ပဲ ဖြစ်ပါတယ်။ ထာဝရ ငြိမ်းချမ်းရေးအတွက် စိတ်ရင်း စေတနာ မှန်ကန်စွာနဲ့ ကြိုးပမ်းခဲ့ကြတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့ တပ်မတော်နဲ့ KIO အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ အားလုံးကို ကျေးဇူးတင်ရှိကြောင်းနဲ့ အထူးသဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်နေစဉ်အတွင်း ငြိမ်းချမ်းရေး ရချင်ပြီဆိုတာကို လှိုက်လှိုက်လှဲလှဲ ထုတ်ဖော်ပြသခဲ့ကြတဲ့ ပြည်သူများ ကိုလည်း အလေးအနက် ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။

ကျွန်တော်တို့ နိုင်ငံဟာ ဘယ်နိုင်ငံမှာမှ မကြုံဖူးခဲ့တဲ့ အသွင်ကူးပြောင်းရေး လမ်းကြောင်း တစ်ရပ်ကို လျှောက်လှမ်း ချီတက်နေရတာ ဖြစ်ပါတယ်။

လက်ရှိ အခြေအနေမှာ များပြားလှတဲ့ မရေရာ မသေချာမှုများ၊ ကြီးမားတဲ့ စိန်ခေါ်မှုများ၊ အဟန့်အတားများနဲ့ ပြည့်နှက်နေတဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ဦးစီး ပဲ့ကိုင်နေရာကနေ လုပ်ကိုင်နေရတဲ့ ကျွန်တော့် အနေနှင့် ယခုအစိုးရ သက်တမ်း ကျန်ရှိနေသေးတဲ့ ကာလများမှာလည်း အစိုးရအဖွဲ့၊ လွှတ်တော်များ၊ နိုင်ငံရေး အင်အားစုများ၊ အရပ်ဘက်အဖွဲ့ အဖွဲ့အစည်းများ၊ တပ်မတော်နှင့် ပြည်သူလူထု တစ်ရပ်လုံးရဲ့ ပူးပေါင်းပါဝင်မှုကို အခြေခံပြီး မှန်ကန်သော စေတနာဖြင့် မဆုတ်မနစ် လုပ်ဆောင်သွားဖို့ သံဓိဋ္ဌာန်ချထားကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။
မိဘပြည်သူများ ကျန်းမာကြပါစေ။
----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကမ္ဘာ့လူငယ်ခေါင်းဆောင်များအား တွေ့ဆုံမိန့်ခွန်း ပြောကြား

နေပြည်တော် ဇွန် ၅

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် (၂၂) ကြိမ်မြောက် အရှေ့အာရှ ကမ္ဘာ့စီးပွားရေး ဖိုရမ်သို့ တက်ရာက်လာကြသည့် ကမ္ဘာ့လူငယ်ခေါင်းဆောင်များ (Young Global Leaders) များအား ယနေ့နံနက် (၉) နာရီ မိနစ် (၄၀) တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သဘင်ဆောင်၌ တွေ့ဆုံ၍ မိန့်ခွန်းပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ကမ္ဘာ့ လူငယ်ခေါင်းဆောင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မိန့်ခွန်းပြောကြားရာတွင် - အခုလို ကမ္ဘာ့စီးပွားရေး အသိုက်အဝန်းကြားမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမို ခိုင်မာလာစေဖို့အတွက် ဦးတည်ဖွဲ့စည်းထားတဲ့ World Economic Forum ကို ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပထမဆုံး ကျင်းပနေတဲ့ အချိန်မှာပဲ ကမ္ဘာလုံးချီတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့အတွက် နိုင်ငံပေါင်း ၇၈ နိုင်ငံကျော်က နယ်ပယ်ဒေသ အသီးသီးမှာ ထူးချွန်ပြောင်မြောက်ပြီး အလားအလာရှိတဲ့ လူငယ်ခေါင်းဆောင် များနဲ့ ဖွဲ့စည်းထားတဲ့ Young Global Leaders ကဲ့သို့ ကွန်ရက်ကြီး တစ်ခုနဲ့ တွေ့ဆုံ ဆွေးနွေးရတဲ့အတွက် ဝမ်းမြောက် ဂုဏ်ယူမိပါတယ်။

ဒုတိယကမ္ဘာစစ်အပြီးနဲ့ စစ်အေးကာလပြီးဆုံးသွားချိန်မှာ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ တစ်ဦးတည်း တစ်နိုင်ငံတည်း အထီးကျန်စွာ ရပ်တည်လို့ မရတော့တာကို တွေ့ကြုံလာခဲ့ကြရပါတယ်။  ကမ္ဘာ့နိုင်ငံတွေ အနေနဲ့ ထိပ်တိုက်ရင်ဆိုင်တဲ့ နည်းလမ်း ထက် နိုင်ငံတကာ မိသားစု ပုံစံနဲ့အတူ ပူးပေါင်းညှိနှိုင်းပြီး အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှုတွေကနေ တစ်ဆင့် ကမ္ဘာ့သမိုင်း တလျှောက်မှာ မကြုံဘူးခဲ့တဲ့ ဖွံ့ဖြိုး တိုးတက်မှုပေါင်းစုံကို ဆောင်ကြဉ်းနိုင်ခဲ့တယ် ဆိုတာကလည်း သက်သေပါပဲ။  တဖက်မှာလည်း ကမ္ဘာ့ စီးပွားရေး အခြေအနေဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ဆိုးဝါးကြပ်တည်းတဲ့ အနေအထားနဲ့ ရင်ဆိုင်ခဲ့ရပြီး ပိုမို စိန်ခေါ်လာမယ့် အခြေအနေ တချို့ကိုလည်း ရင်ဆိုင်နေရပါတယ်။ ဒီကနေ့ ကမ္ဘာကြီးဟာ သဘာဝဘေး အန္တရာယ်တွေ၊ ကူးစက်မြန် ပြင်းထန်ရောဂါတွေ၊ ဆင်းရဲမွဲတေမှုတွေနဲ့ စားနပ်ရိက္ခာမလုံလောက်မှုတွေ၊ အကြမ်းဖက် ဝါဒ ပျံ့နှံ့လာမှုတွေ စတဲ့စိန်ခေါ်မှုတွေနဲ့ ခြိမ်းခြောက်မှုတွေကို ကြုံတွေ့နေရပြီး ဒီစိန်ခေါ်မှုနဲ့ ခြိမ်းခြောက်မှုတွေကို ကမ္ဘာ့ မိသားစုဝင်နိုင်ငံများ အားလုံးက ဝိုင်းဝန်း ပူးပေါင်းပြီး ရင်ဆိုင်ကျော်လွှားကြရမှာလည်း ဖြစ်ပါတယ်။

ဒီလို ကမ္ဘာလုံးချီ ပြဿနာတွေ၊ စိန်ခေါ်မှုတွေရဲ့ နက်နဲသိမ်မွေ့မှုတွေကို နားလည် နိုင်အောင်၊ ဖြေရှင်းနိုင်အောင် ကမ္ဘာ့နိုင်ငံ အသီးသီးက အလားအလာရှိတဲ့ လူငယ်ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ Young Global Leaders ကွန်ရက်ကြီးပေါ်ပေါက်နေပြီး တီထွင်ဆန်းသစ်တဲ့ အကြံဥာဏ်တွေ၊ ချဉ်းကပ်မှုတွေနဲ့ ဒီစိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ ကြိုးပမ်းနေတာကို တွေ့ရတဲ့အတွက်လည်း ဝမ်းမြောက်မိပါတယ်။

အထူးသဖြင့် နှစ်ပေါင်းများစွာ အထီးကျန်ဖြစ်ခဲ့ရတဲ့ မြန်မာနိုင်ငံအနေနဲ့ အထွေထွေ ပြုပြင်ပြောင်းလဲရေးများနဲ့အတူ နိုင်ငံတကာ အသိုက်အဝန်းကို ပြန်လည်ချဉ်းနင်း ဝင်ရောက်ဖို့ ကြိုးပမ်းနေတဲ့ အခုလို အချိန်ကာလမျိုးမှာ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးနိုင်ခြင်းဟာ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ အခက်အခဲတွေမှာ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့မိသားစုဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်တာနဲ့အညီ ကမ္ဘာ့အရေးအရာတွေမှာ တစ်တပ်တစ်အား ပူးပေါင်း ဆောင်ရွက်မှုကို အလေးအနက် ထင်ဟပ်စေမှာ ဖြစ်ပါတယ်။  

မြန်မာနိုင်ငံဟာ ပထဝီအနေအထားအရ အာရှဒေသရဲ့ လမ်းဆုံလမ်းခွမှာရှိပြီး လူဦးရေ သန်းနှစ်ထောင်ကျော်နေထိုင်တဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အလျင်မြန်ဆုံးဖြစ်နေတဲ့ ဈေးကွက်များကို ချိတ်ဆက်ပေးရမယ့် မဟာဗျူဟာမြောက် နေရာ တစ်နေရာလည်း ဖြစ်ပါတယ်။ ဒီလို အာရှဒေသရဲ့ ဝင်ပေါက်ဖြစ်တဲ့ မိမိတို့နိုင်ငံကို ဒီမိုကရေစီ နည်းလမ်းကျကျနဲ့ ငြိမ်းချမ်း သာယာဝပြောတဲ့ နိုင်ငံဖြစ်စေဖို့ ကြိုးစားဆောင်ရွက်မှုတွေမှာ မြန်မာပြည်သူ သန်းခြောက်ဆယ်ရဲ့ အနာဂတ်ကိုသာမက အာရှဒေသ တစ်ခုလုံးရဲ့ တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ကျယ်ပြန့်တဲ့အမြင် တွေးခေါ်မှုပုံစံတွေနဲ့ ချဉ်းကပ်မှုတွေ လိုအပ်မှာ ဖြစ်ပါတယ်။

ဒီနေရာမှာ မိမိတို့ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အနည်းငယ် ရှင်းလင်းပြောကြားလို ပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေရဲ့ အခြေခံဖြစ်တဲ့ နိုင်ငံရေး စနစ်သစ်တစ်ရပ်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်၊ အုပ်ချုပ်မှုဆိုင်ရာ အင်စတီကျူးရှင်း အသစ်တွေနဲ့ ပုံဖော်ဖန်တီး ဆောင်ရွက်နေတာဖြစ်ပါတယ်။ လက်ရှိ အင်စတီကျူးရှင်းအချို့ကို လိုအပ်တဲ့ ချိန်ညှိမှုတွေ ပြုလုပ်ခြင်း၊ အချို့ကို လုံးဝပြုပြင်ပြောင်းလဲခြင်း စတာတွေကို ဆောင်ရွက်နေတဲ့ တစ်ချိန်တည်းမှာပဲ လိုအပ်တဲ့ အင်စတီကျူးရှင်းအသစ်တွေကိုလည်း တည်ဆောက် နေပါတယ်။ အပြန်အလှန် ထိန်းကျောင်းမှုတွေ ပါဝင်တဲ့ အုပ်ချုပ်မှု၊ လွှတ်တော်များ၊ တရားရေးမဏ္ဍိုင်၊ နိုင်ငံရေးပါတီများ၊ လွတ်လပ်တဲ့ သတင်းမီဒီယာ အစရှိတဲ့ အင်စတီကျူးရှင်း အသစ်များကို အသက်ဝင်စေဖို့ ကြိုးပမ်းဆောင်ရွက်နေရချိန်လည်း ဖြစ်ပါတယ်။  ပြည်သူ့ရေးရာ ဝန်ဆောင်မှုတွေကို  ထိရောက်စွာ   ဆောင်ရွက်ပေးနိုင်ဖို့ အတွက် Public Administration Reform ကိုလည်း ဆောင်ရွက်လျက် ရှိပါတယ်။ နိုင်ငံ တည်ဆောက်ရေး မှာ နှစ်ပေါင်းခြောက်ဆယ်လုံးလုံး ကျွန်တော်တို့ကို နောက်ကျ ကျန်စေခဲ့တဲ့ မတူညီတဲ့ အင်အားစုတွေအကြား ထိပ်တိုက်ရင်ဆိုင်ပြီး အနိုင်နဲ့ အရှုံးဆိုတဲ့ သတ်မှတ်ချက်နှစ်ခုသာရှိတဲ့ အလေ့အကျင့်ဆိုးတွေကို အတိတ်မှာ ချန်ထားခဲ့ပြီး မတူညီတဲ့အားတွေကို စုစည်းပြီး အချင်းချင်း ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်တဲ့ နိုင်ငံရေး အခြေအနေတစ်ရပ်ကို ကြိုးပမ်း ဖော်ဆောင်နေတာလည်း ဖြစ်ပါတယ်။

နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးများ အောင်မြင်ဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်မှု များမှာလည်း သမိုင်းမှာ မရရှိခဲ့ဘူးတဲ့ အောင်မြင်မှုတွေကို ရရှိနေပြီဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ မကြာမီ ကာလအတွင်းမှာ တစ်ပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးဆွေးနွေးမှုများ စတင်နိုင်တော့မှာ ဖြစ်ပါတယ်။

ဒီကြိုးပမ်းမှုတွေရဲ့ အကျိုးရလဒ်ကတော့ ပိုမိုပြီး ထင်သာမြင်သာရှိတဲ့၊ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေး ဖြစ်စဉ်တစ်ခုကို တည်ဆောက်လာနိုင်ခြင်းပဲ ဖြစ်ပါတယ်။ နိုင်ငံရေးစနစ် တစ်ခု ပြောင်းလဲရုံနဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေး အောင်မြင်နိုင်မှာ မဟုတ်တဲ့အတွက် ဒီမိုကရေစီနဲ့ ကိုက်ညီမယ့် နိုင်ငံရေးယဉ်ကျေးမှု ဓလေ့တွေ၊ တန်ဖိုးတွေ အစိုးရ၊ သက်ဆိုင်ရာ Stakeholders များနဲ့ ပြည်သူများအကြားမှာ နက်ရှိုင်းသန်မာလာအောင် ပြန်လည် ပျိုးထောင်နေရတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

စီးပွားရေးပြုပြင်ပြောင်းလဲမှုမှာလည်း ဗဟိုဦးစီးစနစ်ကနေ လွတ်လပ်တဲ့ ဈေးကွက်စီးပွား ရေးစနစ်ကို ကူးပြောင်းနိုင်ဖို့အတွက် ကြိုးစားရာမှာလည်း နိုင်ငံအနည်းစုနဲ့ ကူးသန်း ရောင်းဝယ်ရာကနေ နိုင်ငံတကာ စီးပွားရေးအသိုက်အဝန်းနဲ့ ကျယ်ပြန့် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ကြိုးပမ်းပြင်ဆင်လျက်ရှိပါတယ်။  မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် World Bank၊ IMF နဲ့ ADB တို့ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများရဲ့ အကြံဥာဏ်တွေ၊ အကူအညီတွေကို ရယူပြီး မိမိနိုင်ငံနဲ့ ကိုက်ညီမယ့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အခြေခံမူဘောင်တွေကို ချမှတ် အကောင် အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ နိုင်ငံတကာ စီးပွားရေး အသိုက်အဝန်းနဲ့ ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အတွက် လိုအပ်တဲ့ စီးပွားရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နိုင်ငံတကာ ပဋိညာဉ်တွကိုလည်း လိုက်နာဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

အများစုအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်များနဲ့ပတ်သက်ရင် ဖွဲ့စည်းပုံ အခြေခံဥပဒေတွေ၊ ရွေးကောက် ပွဲတွေ၊ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍတွေကိုသာ အာရုံစိုက်ပြီး အသားပေးပြောဆိုနေတာ ကို တွေ့ရပါတယ်။

မိမိအနေနဲ့ကတော့ ၎င်းကိစ္စများထက် သာမန်ပြည်သူတစ်ဦး အခက်အခဲ အကျပ်အတည်းများကနေ လွတ်မြောက်ပြီး ပိုမိုကောင်းမွန် သာယာတဲ့ ဘဝများ တည်ဆောက် နိုင်ရေးနဲ့ လူတန်းစေ့ ဘဝရပ်တည်နိုင်ရေးကို အာရုံစိုက် ဆောင်ရွက်လျက် ရှိပါတယ်။ ပညာမတတ်သေးတဲ့ ပြည်သူတွေ ပိုမို ပညာတတ်လာစေဖို့၊ ကျန်းမာရေးချို့တဲ့နေတဲ့ ပြည်သူတွေ လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ရရှိအောင်၊ ရေကောင်း ရေသန့်နဲ့ လျှပ်စစ်မီး စတာတွေကို ရရှိအောင် ကြိုးပမ်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

အတိုချုပ်ပြောရရင် ကျွန်တော်တို့ အစိုးရအနေနဲ့ လွန်ခဲ့တဲ့ နှစ်နှစ်ကစပြီး စတင် ဆောင်ရွက်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးများရဲ့ အဓိက ရည်ရွယ်ချက်ကတော့ မျိုးဆက် သစ်လူငယ်တွေအတွက် ပိုမိုကောင်းမွန် ပြည့်စုံတဲ့ အနာဂတ် ဖန်တီးပေးနိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာ မိမိတို့ ကြိုးပမ်းဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေရဲ့ အကျိုးရလဒ်အနေနဲ့ ထင်သာမြင်သာရှိတဲ့ ပြုပြင်ပြောင်းလဲရေး အသီးအပွင့်တွေကို ခံစားသုံးဆောင်နိုင်နေကြပြီဖြစ်သလို တစ်ပြိုင်နက်တည်း မှာပဲ ရေရှည်အတွက် လိုအပ်တဲ့ အခြေခံကောင်းတွေ၊ နိုင်ငံရေးဝန်းကျင်တွေကိုပါ တပါတည်း တည်ဆောက်ပေးနေတာ ဖြစ်ပါတယ်။

အထူးထင်ရှားတဲ့အချက်ကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေဟာ ယခုအချိန်မှာ လမ်းမှန်ပေါ်ကို ရောက်ရှိနေပြီဆိုတဲ့ အချက်ပါပဲ။ နိုင်ငံတကာအနေနဲ့ ပူးပေါင်းပြီး ကျွန်တော်တို့ ပြည်သူတွေအတွက် ပိုမိုကောင်းမွန်တဲ့၊ ပြည့်စုံတဲ့၊ လွတ်လပ်တဲ့၊ အကြောက်တရားကင်းမဲ့တဲ့ ဘဝတွေ ရရှိလာအောင် ကြိုးပမ်းဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် တက်ရောက်လာကြတဲ့ ပရိသတ်တွေအနေနဲ့လည်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ကူညီလိုကြတယ် ဆိုရင် ကျွန်တော်တို့အနေနဲ့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုနေပါကြောင်း ပြောကြားလိုပါတယ်။ မြန်မာနိုင်ငံရဲ့ လက်တွေ့ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကနေ သင်ယူစရာ၊ လေ့လာစရာတွေလည်း ရရှိကြလိမ့်မယ်လို့ မျှော်လင့်ယုံကြည်ကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။ ပျော်ရွှင်ချမ်းမြေ့တဲ့ မြန်မာပြည်ခရီးစဉ် ဖြစ်ကြပါစေ ဖြင့်ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံမှ ဦးသူရကိုကိုက ကမ္ဘာ့လူငယ်ခေါင်းဆောင်များကိုယ်စား မေးခွန်းများ မေးမြန်းရာ နိုင်ငံတော်သမ္မတက ပြန်လည်ဖြေကြားသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတသည် တက်ရောက်လာကြသော ကမ္ဘာ့လူငယ် ခေါင်းဆောင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဝန်ကြီးများ၊ ကမ္ဘာ့လူငယ် ခေါင်းဆောင်များ နှင့်အတူ နိုင်ငံတော်သမ္မတ အိမ်တော် ဥပစာ၌ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတဦးသိန်းစိန် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝ မြှင့်တင်ရေး အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြား

နေပြည်တော် ဇွန် ၂

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝ မြှင့်တင်ရေး အခမ်းအနားကို ယနေ့နံနက် (၈) နာရီတွင် ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲ ရုံ (၁)  သုဝဏ္ဏ၌ ကျင်းပရာ နိုင်ငံတော်သမ္မတဦးသိန်းစိန် တက်ရောက်၍အမှာစကား ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး  ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ  တိုင်းဒေသကြီးအတွင်းရှိ သမဝါယမအသင်း များမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။  အခမ်းအနားတွင် နိုင်ငံတော်သမ္မတက အမှာစကား ပြောကြားရာ၌ ကျွန်တော်တို့ အစိုးရအနေနဲ့ (၂) နှစ်တာ သက်တမ်းကာလအတွင်း ပြည်သူများရဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းနိုင်ရန်အတွက် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ၊ စီးပွားရေး ပြုပြင် ပြောင်းလဲမှုများနဲ့ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုများကို ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာ အားလုံး အသိပဲ ဖြစ်ပါတယ်။

 တိုင်းပြည်တည်ငြိမ်အေးချမ်းရေး အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးနဲ့ တရား ဥပဒေ စိုးမိုးရေးတို့အတွက် အကောင်အထည်ဖော် ဆောင်ရွက် ရာမှာ အောင်မြင်မှုများ ရှိသကဲ့သို့ မမျှော်လင့်တဲ့ အခက်အခဲများ၊ စိန်ခေါ်မှုများနဲ့လည်း ရင်ဆိုင်တွေ့ကြုံ ခဲ့ရပါတယ်။ သို့သော်လည်း ဒီအခက်အခဲနဲ့ စိန်ခေါ်မှုများကို မိမိတို့ တာဝန်ယူစဉ်ကာလ အတွင်း ပြည်သူများရဲ့ ဆန္ဒနဲ့အညီ အတတ်နိုင်ဆုံး ဖြေရှင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

နိုင်ငံရေးနဲ့ စီးပွားရေးဟာ ခွဲခြားလို့ မရတဲ့ ကွင်းဆက်ဖြစ်ပါတယ်။ နိုင်ငံရေး တည်ငြိမ်မှသာ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မှာဖြစ်ပြီး လူမှု စီးပွားဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံရေးလည်း တည်ငြိမ်မှာ ဖြစ်ပါတယ်။ သို့မှသာ မိမိတို့ သွားလိုတဲ့ ဒီမိုကရေစီပန်းတိုင်ကို ရှေ့ဆက်ပြီး တက်လှမ်းနိုင်ကြမှာ ဖြစ်ပါတယ်။

မိမိတို့နိုင်ငံမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်နိုင်တဲ့ အခြေခံကောင်းတွေ ရှိပါတယ်။ နိုင်ငံ အကျယ်အဝန်းနဲ့ လူဦးရေ သင့်တင့်မျှတစွာရှိပြီး ရာသီဥတု ကောင်းမွန်ခြင်း စိုက်ပျိုးမြေ များ အလုံအလောက်ရှိခြင်း၊ လုပ်အားများလည်း အပြည့်အဝရှိသည့်အပြင် သစ်တော၊ သားငါး၊ သတ္ထု၊ ရေနံ၊ သဘာဝဓါတ်ငွေ့စတဲ့ သဘာဝ အရင်းအမြစ်များလည်း ပေါကြွယ်ဝတဲ့ နိုင်ငံဖြစ်ပါတယ်။

သို့သော်လည်း ကျွန်တော်တို့နိုင်ငံဟာ အဆင်းရဲဆုံး စာရင်းဝင် (LDC) နိုင်ငံ ဖြစ်နေပါတယ်။ ဒီဘဝက လွတ်မြောက်အောင် ကျွန်တော်တို့ ကြိုးစားကြရပါမယ်။ လောလောဆယ်မှာ တိုင်းပြည်ချမ်းသာရေးထက် ဆင်းရဲနွမ်းပါးမှုနှုန်း လျှော့ချနိုင်ရေးဟာ ဦးစားပေး ဆောင်ရွက်ရမည့် ကိစ္စဖြစ်တာကြောင့် ကျွန်တော်တို့ အစိုးရ တက်လာလာချင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်း စီမံချက်ကို ပညာရှင် များနဲ့ တိုင်ပင်ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ဒီလုပ်ငန်းစဉ်ထဲမှာ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အသေးစား ပုဂ္ဂလိက ငွေစုငွေချေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ လုပ်ငန်း (၂) ရပ် ပါဝင်ပါတယ်။

ကျွန်တော်တို့ နိုင်ငံမှာ ကျေးလက်နေပြည်သူများဟာ လူဦးရေးရဲ့ (၇၀) ရာခိုင်နှုန်းခန့်ရှိပြီး လယ်ယာလုပ်ငန်းနဲ့ လယ်ယာလုပ်ငန်းပေါ်တွင် အခြေပြုနေရတဲ့ လက်လုပ်လက်စားများ ဖြစ်ပါတယ်။ မြို့ပေါ်ရပ်ကွက်များမှာလည်း ရရာလုပ်ငန်းပေါ်မှာ တည်မှီပြီး တစ်နေ့လုပ်မှ တစ်နေ့ စားရတဲ့ နေ့စားလုပ်သားများ၊ ကိုယ်ပိုင်ဆိုင်တဲ့ ပစ္စည်းမရှိလို့ အငှားလုပ်ကိုင်ပြီး မိမိရှာဖွေရမျှကို ပိုင်ရှင်သို့ ခွဲဝေပေး နေရတဲ့ လုပ်သားများ၊ ငွေအရင်းအနှီးမရှိလို့ နေ့စဉ်၊ လစဉ် မတန်တဆ အတိုးကြီးပေးပြီး ငွေချေးငှား ရင်းနှီးစားနေရတဲ့ သူများဟာ အဆင်းရဲဆုံး သူများ ဖြစ်နေပါတယ်။

ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေးအတွက် သမဝါယမအသင်းအဖွဲ့ အဆင့်ဆင့် ထူထောင်ပြီး သူတို့လိုအပ်နေတဲ့ ငွေကြေးအရင်းအနှီး၊ ပစ္စည်းအရင်းအနှီး နဲ့ ဈေးကွက်တို့ကို ဖန်တီးပေးခြင်းအားဖြင့် ပုံမှန်ဝင်ငွေများ ရရှိလာပြီး နေနိုင်စားနိုင်သည့်အဆင့်မှ ပညာရေး၊ ကျန်းမာရေးအတွက်ပါ လိုက်လျောညီထွေ ယှဉ်တွဲတိုးတက် လာနိုင်မှာ ဖြစ်ပါတယ်။

ယခု သမဝါယမဝန်ကြီးဌာနအောက်မှာ အသင့်ဖွဲ့စည်းပြီး ရှိနေတဲ့ သမဝါယမအသင်း အဆင့်ဆင့်နဲ့ အသေးစားငွေကြေး (Microfinance) လုပ်ငန်းတို့ဟာ ကျွန်တော်အထက်က ပြောကြားခဲ့တဲ့ ငွေကြေးအရင်းအနှီး၊ ပစ္စည်းအရင်းအနှီးနဲ့ ဈေးကွက်တို့ကို ဖန်တီးပေးနိုင်မှာ ဖြစ်တဲ့အတွက် ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေးအတွက် ထိရောက်တဲ့ လုပ်ငန်းတစ်ရပ် ဖြစ်ပါကြောင်း ချီးကျူးပြောကြားလိုပါတယ်။

ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့လည်း ပြည်တွင်းပြည်ပမှ ရရှိတဲ့ ထောက်ပံ့ငွေ ချေးငွေ အကူအညီများဖြင့် ဖြည့်ဆည်းဆောင်ရွက် ပေးမည့်အပြင် အကြောင်းကြောင်းကြောင့် လယ်ယာဆုံးရှုံးခဲ့ကြတဲ့ တောင်သူလယ်သမားများအတွက် ဥပဒေနဲ့အညီ သက်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ ညှိနှိုင်းဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

အသေးစားငွေကြေးလုပ်ငန်းဟာ ပြည်သူတွေ လတ်တလော သက်သာချောင်ချိစေရုံ သာမက နောင်အနာဂတ်မှာ ပြည်သူတွေ မိမိခြေထောက်ပေါ် မိမိ ရပ်တည်နိုင်အောင် မျှော်မှန်း ဆောင်ရွက်ပေးတာဖြစ်တဲ့အတွက် ပြည်သူတွေအပိုင်းကလည်း မိမိတို့ရရှိတဲ့ ချေးငွေများကို မိမိတို့ရဲ့ လုပ်ငန်းများမှာ မှန်မှန်ကန်ကန် ထိထိရောက်ရောက် အသုံးပြုကြဖို့နဲ့ သတ်မှတ်ကာလစေ့တဲ့အခါ ချေးငွေများကို မှန်မှန်ကန်ကန် ပြန်လည်ပေးဆပ်ကြဖို့ လိုအပ်ပါတယ်။

တစ်ဦးချင်းတာဝန်ယူမှု၊ ဝိုင်းကြီးချုပ် အဖွဲ့စနစ်ဖြင့် တာဝန်ယူမှု၊ သမဝါယမ အသင်းများက တာဝန်ယူမှုတို့ဖြင့် ပေါင်းစပ်ပြီး ချေးငွေများဆုံးရှုံးမသွားရအောင် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒီအသေးစား ငွေချေးလုပ်ငန်းဟာ တချို့နိုင်ငံတွေမှာ အောင်မြင်နေသလို ဆုံးရှုံးမှုများလည်း ကြုံတွေ့ရတဲ့အတွက် အောင်မြင်မှု၊ ဆုံးရှုံးမှုတွေကို လေ့လာပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ လုပ်ငန်းဖြစ်အောင် သတိပြုဆောင်ရွက်ကြဖို့ တိုက်တွန်း ပြောကြား လိုပါတယ်။

သမဝါယမလုပ်ငန်းဟာ တိုင်းပြည်ရဲ့  ဒုတိယ စီးပွားရေးမဏ္ဍိုင် ဖြစ်ပါတယ်။။ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မှန်ကန်တဲ့မူဝါဒတွေ ချမှတ်ပြီး သမဝါယမ အသင်းတွေကို အဆင့်တိုးမြှင့် ဖွဲ့စည်းသွားကြရပါမယ်။ ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ စက်မှုလယ်ယာ စတဲ့ သမဝါယမ အသင်းများ ထူထောင်ပြီး တိုင်းပြည်ရဲ့စီးပွားရေးကို  ထောက်ကူပေးရမှာ ဖြစ်ပါတယ်။ အမေရိကန်၊ အိန္ဒိယ၊ ဂျပန်စတဲ့ နိုင်ငံတွေမှာ သမဝါယမ အသင်းတွေ အောင်မြင်နေတာကို နမူနာယူပြီး မိမိတို့နိုင်ငံမှာလည်း အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

အတိတ်က သမဝါယမ အသင်းများရဲ့ ကောင်းမွေ ဆိုးမွေတွေကို သင်ခန်းစာယူပြီး မိမိတို့ လက်ထက်မှာ အခြေခံလူတန်းစားများဘဝ မြင့်တက်လာအောင်၊ ဆင်းရဲနွမ်းပါးမှုနှုန်း လျော့နည်းကျဆင်းသွားအောင် တိုင်းပြည်စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ ထောက်ကူ ပေးနိုင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြပါရန် တိုက်တွန်းပြောကြား လိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် သမဝါယမ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ဝန်ကြီးဌာန အနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားရေးဘဝ မြှင့်တင်ရေးအတွက် အသေးစားချေးငွေ ထုတ်ပေးခြင်းနှင့် သမဝါယမအသင်းများ အဆင့်မြှင့်တင်ရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေက တိုင်းဒေသကြီးအတွင်း ပြည်သူများ အလုပ်အကိုင် ရရှိရေးနှင့် ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီး အတွင်းရှိ သမဝါယမ အသင်းများသို့ ပံ့ပိုးချေးငွေများကို ပေးအပ်ကြသည်။

ဆက်လက်၍ ဗဟိုသမဝါယမအသင်းနှင့် သမဝါယမဘဏ်လိမိတက် ဥက္ကဋ္ဌ ဦးခင်မောင်အေးက သမဝါယမဝန်ကြီှးဌာန၊ ဗဟိုသမဝါယမ အသင်းနှင့် သမဝါယမဘဏ် လီမိတက်တို့ ပေါင်းစပ်၍ အရစ်ကျ စနစ်ဖြင့် ပံ့ပိုးပေးသည့် လယ်ယာသုံး စက်ကိရိယာများ၊ မော်တော်ယာဉ်များ၊ အနှေးယာဉ်ဆိုက်ကားများနှင့် အပ်ချုပ်စက်များအား သမဝါယမ အသင်းများသို့ ပေးအပ်ခဲ့ပြီး ပိတောက်ကွေ့သယ်ယူပို့ဆောင်ရေး သမဝါယမအသင်းမှ အသင်းဝင် ဦးမြင့်ရွှေက ကျေးဇူးတင် စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။

အဆိုပါအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း (၄၄) မြို့နယ်၊ သမဝါယမ အသင်းပေါင်း (၅၇၇) သင်း၊ အသင်းသားဦးရေ (၃၉၆၀၉)  ဦးအတွက် ပထမအကြိမ် တာဝန်ကျေ ပြန်လည်ပေးဆပ်ပြီး ဖြစ်သဖြင့် ဒုတိယအကြိမ် ထပ်မံထုတ်ချေးငွေ အဖြစ် ထုတ်ချေးငွေ ကျပ် (၂၃၃၆၆ ဒသမ ၄) သိန်းကို ထုတ်ချေး ပေးခဲ့သည်။

ထို့အတူ မြို့နယ်ပေါင်း (၃၈) မြို့နယ်ရှိ အသင်းပေါင်း (၁၁၄) သင်းသို့ စုစုပေါင်းငွေကျပ် (၉၂၆၈ ဒသမ ၂၀၁၅) သိန်း တန်ဖိုးရှိ လယ်ယာသုံး စက်ကိရိယာ (၂၀၉) စီး၊ မော်တော်ယာဉ် (၅၃) စီး၊ အနှေးယာဉ် ဆိုက်ကားစီးရေ (၁၈၀) နှင့် အပ်ချုပ်စက် (၆၈၃) လုံးတို့အား အရစ်ကျ စနစ်ဖြင့် ပံ့ပိုးပေးခဲ့သည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတသည် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) ဝင်း အတွင်း ခင်းကျင်းပြသထားသည့် သမဝါယမ ဝန်ကြီးဌာန၏ လှုပ်ရှားမှုဓာတ်ပုံပြခန်း၊ ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ သမဝါယမအသင်းများ အဆင့်မြှင့်တင်ရာတွင် လိုအပ်သည့် စက်ကိရိယာများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ သွင်းအားစုများနှင့် နည်းပညာများဆိုင်ရာ ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးပြီး အရစ်ကျစနစ်ဖြင့် ဝယ်ယူခဲ့သည့် အငှားယာဉ်မောင်းများနှင့် အနှေးယာဉ် လုပ်သားများအား တွေ့ဆုံ၍ နိုင်ငံတော်က မတည်ရင်းနှီးပေးသဖြင့် ရရှိလာသည့် အခွင့်အရေးကို မိမိလူမှု စီးပွားဘဝ အကျိုးရှိအောင်၊ ပြည်သူများလည်း အကျိုးရှိအောင် ဆောင်ရွက်သွားကြရန်နှင့် အသင်းက မတည်ပေးသည့် အရင်းအနှီးများကိုလည်း သတ်မှတ် စည်းမျဉ်းစည်းကမ်းများ နှင့်အညီ မှန်မှန်ပေးဆပ်သွားရန် စသည်ဖြင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးမှာကြားသည်။

သမဝါယမဝန်ကြီးဌာနသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝ မြှင့်တင်ရေး အတွက် ဦးတည်ချက် (၂) ရပ်နှင့် လုပ်ငန်းစဉ် (၅) ရပ်ကို ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ လုပ်ငန်းစဉ် (၅) ရပ်တွင် တစ်ခု အပါအဝင်ဖြစ်သည့် အသေးစားချေးငွေ လုပ်ငန်းကို ဆောင်ရွက်ရာတွင် ပြည်သူများအတွက် လတ်တလော သက်သာချောင်ချိမှု ရရှိစေရုံသာမက နောင် (၄) နှစ်၊ (၅) နှစ်အတွင်းတွင် ငွေချေးရန် မလိုအပ်တော့ဘဲ မိမိဘာသာ ရပ်တည်လာနိုင်အောင် (Sustainable Development ဖြစ်အောင်) အထိပါ မျှော်မှန်းဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။

လိုအပ်ငွေများ စုဆောင်းရရှိနိုင်ရေးအတွက် Microfinance Bank ဖွင့်လှစ်ထူထောင် သွားမည်ဖြစ်ပြီး နိုင်ငံတကာမှာ အကူအညီများနှင့် ချေးငွေများ ရရှိရေးကိုလည်း ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့အတူ နိုင်ငံ့စီးပွားရေးကို ထိရောက်စွာ အထောက်အကူ ပြုနိုင်ရန်နှင့် အသင်းသားများ၏ လူမှုစီးပွားဘဝ မြှင့်တင်ပေးနိုင်ရန်အတွက် သမဝါယမ အသင်းများကိုလည်း အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် မြို့နေပြည်သူလူထု (၇၀) ရာခိုင်နှုန်းရှိသဖြင့် မြို့နေပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း ဖော်ဆောင်နိုင်ရန် အလုပ်အကိုင် အခွင့် အလမ်းများ ဖော်ဆောင်ရေးဆပ်ကော်မတီကို သီးခြားဖွဲ့စည်းထားပြီး မြို့ရော ကျေးလက်ပါ အလုပ်အကိုင်ရ ရှိအောင် စီမံဆောင်ရွက်ပေးလျက်ရှိသည်။ တိုင်းဒေသကြီးအတွင်း သမဝါယမ ဝန်ကြီးဌာန အစီအစဉ်ဖြင့် အသေးစားချေးငွေများ ထုတ်ချေးပေးသကဲ့သို့ သမဝါယမအသင်း ဖွဲ့စည်းနိုင်ခြင်း မရှိသေးသည့် ရပ်ကွက်/ ကျေးရွာများတွင် လုပ်ငန်း အမျိုးအစားအလိုက် အစုအဖွဲ့များ ဖွဲ့စည်းပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် အသေးစားချေးငွေ လုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။ ယင်းအစုအဖွဲ့များကိုလည်း သမဝါယမအသင်းများ အဖြစ် ပြောင်းလဲဖွဲ့စည်းပြီး အသေးစားချေးငွေလုပ်ငန်းကို ဆက်လက် လုပ်ကိုင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းမှ နာယကများ၊ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များအား တွေ့ဆုံအမှာစကားပြောကြား


နေပြည်တော် ဇွန် ၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ ညနေ ၃ နာရီတွင် ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်း၌ ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းမှ နာယကများ၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား တွေ့ဆုံ မှာကြားသည်။

အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး၊ ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်း နာယကများ၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတက မှာကြားရာတွင် ပြည်သူများ၏ ကျန်းမာရေး အဆင့် အတန်းကို ပိုမို၍မြှင့်တင်ပေးနိုင်ရန်အတွက် ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်း အဖွဲ့အစည်း တစ်ရပ် ပေါ်ပေါက်လာရေး မိမိတို့ အစိုးရအဖွဲ့အနေဖြင့် အားပေး ဆောင်ရွက်ခဲ့ရာ အချိန်အားဖြင့် တစ်နှစ်ကြာခဲ့ပြီးဖြစ်ပါကြောင်း။

ယခုအချိန်တွင် ဤအဖွဲ့အစည်းသည် စနစ်တကျ တရားဝင် အဖွဲ့အစည်းတစ်ခုအနေဖြင့် ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်ပါကြောင်း၊ ဤဖောင်ဒေးရှင်းမှာ နာယက၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အဖွဲ့ဝင်များ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးတို့ဖြင့်  စနစ်တကျ ဖွဲ့စည်းထားပြီး ဖြစ်ပါကြောင်း၊ ပါဝင်သော ပုဂ္ဂိုလ်အားလုံးသည် ပြည်တွင်း ပြည်ပမှာ ကျန်းမာရေး အတွေ့အကြုံ၊ လူမှုရေးအတွေ့အကြုံများ  ရင့်ကျက်သည့် ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်း ထားခြင်း ဖြစ်သည့်အတွက် မိမိအနေဖြင့် အားရဝမ်းသာ ဖြစ်မိပါကြောင်း။

ဤပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းသည် ပြည်သူများ၏ ကျန်းမာရေး အဆင့်အတန်း ပိုမိုမြင့်မားလာရေးအတွက် အစိုးရ၏ ကျန်းမာရေးဝန်ကြီးဌာန လုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ ဝင်ရောက် ကူညီပေးရန် ဖြစ်ပါကြောင်း၊ ဝင်ရောက်စွက်ဖက်ရန် ကျန်းမာရေးဝန်ကြီးဌာနနှင့် စင်ပြိုင်လုပ်ရန် မဟုတ်ဆိုသည်ကို နှစ်ဦးနှစ်ဖက် နားလည်မှု ရှိထားကြရန် အရေးကြီးပါကြောင်း။

အခြားတိုင်းပြည်များတွင်လည်း ပြည်သူများ၏ ကျန်းမာရေးနှင့် ပတ်သက်ပြီး အစိုးရက ဆောင်ရွက် နေခြင်းများရှိသကဲ့သို့ ပုဂ္ဂလိက အပိုင်းကလည်း ကဏ္ဍအလိုက် အသင်း အဖွဲ့များ ထူထောင်ပြီး ကိုယ့်တိုင်းပြည်အတွင်းမှာ သာမကဖွံ့ဖြိုးဆဲ နိုင်ငံများအထိ နယ်စည်းမခြားဘဲ ဝင်ရောက် ကူညီဆောင်ရွက်နေသည့် NGO အသင်းအဖွဲ့များ များစွာ ရှိပါကြောင်း။

ယင်း NGO အသင်းအဖွဲ့များသည် ငွေကြေးရော ပညာရပ်ပိုင်း ဆိုင်ရာမှာပါ အားသာ ချက်များ ရှိပါကြောင်း၊ မိမိတို့ နိုင်ငံကိုလည်း ဝင်ရောက်ပြီး အကူအညီပေးနေခြင်းများ ရှိကြောင်း။

သို့သော်လည်း ယင်း NGO အသင်းအဖွဲ့များသည် ပြည်သူများ၏ အလှူထည့်ဝင်ငွေ များဖြင့် အများဆုံး ရပ်တည်ဖွဲ့စည်းထားကြခြင်း ဖြစ်သည့်အတွက် နိုင်ငံရေးနှင့် မစွက်ဖက်စေရအောင် သက်ဆိုင်ရာ အစိုးရတွေထက် NGO အဖွဲ့အစည်း အချင်းချင်းသာ ဆက်ဆံလိုကြပြီး ပြည်သူများ တိုက်ရိုက်အကျိုး ခံစားရအောင် လုပ်လိုကြပါကြောင်း။

ထို့ကြောင့် ကျန်းမာရေးကဏ္ဍနှင့် ပတ်သက်ပြီး မိမိတို့နိုင်ငံတွင် ယခုကဲ့သို့ ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းတစ်ခု စနစ်တကျဖြင့် တရားဝင်ဖွဲ့စည်းထားရှိပြီ ဖြစ်သည့်အတွက် နိုင်ငံအသီးသီးက ကျန်းမာရေးဆိုင်ရာ NGO အဖွဲ့အစည်း အသီးသီးနှင့်  ချိတ်ဆက်ပြီး ကိုယ့်နိုင်ငံက ပြည်သူများ၏  ကျန်းမာရေးကို ပိုမိုတိုးမြှင့်ပြီး လုပ်ဆောင်နိုင်တော့မည် ဖြစ်ပါကြောင်း။

အသင်းအဖွဲ့ တစ်ခုဖြစ်သည့်အတွက် အသင်းအဖွဲ့၏ ရည်ရွယ်ချက်များ၊ စည်းမျဉ်း စည်းကမ်းများ၊ မူဝါဒများ၊ လုပ်ငန်းတာဝန်များရှိရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ယင်းအချက်များ ပါဝင်သော ဥပဒေတစ်ရပ်ကိုလည်း ရေးဆွဲကြရမည် ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံတွင် အဖြစ်များသော ရောဂါများရှိပါကြောင်း၊ ငှက်ဖျား၊ တီဘီ၊ HIV/ AIDS စသည့် ရောဂါကြီးသုံးမျိုးသည်လည်း သိသာစွာ လျော့ပါးသွားခြင်း မရှိသေးကြောင်း၊ ကင်ဆာရောဂါ၊ နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချိုစသော အသက်အန္တရာယ် အများဆုံး ပေးနိုင်သည့် ရောဂါများသည်လည်း ရှိနေပါကြောင်း၊ ကျန်းမာရေး စောင့်ရှောက်ရာတွင် ကုသရုံတစ်ခုတည်းဖြင့်မပြီးဘဲ ပညာပေးမှုအပိုင်း၊ ရောဂါ မဖြစ်ပွားအောင် ကာကွယ်သည့် အပိုင်းများတွင်ပါ တစ်ပြိုင်တည်း ဟန်ချက်ညီ ဆောင်ရွက်မှသာ ကျန်းမာရေး အဆင့်အ တန်းများ မြင့်မားလာမည် ဖြစ်ပါကြောင်း။

နိဂုံးချုပ်အနေဖြင့် ပြောကြားလိုသည်မှာ ကျေးလက်နှင့် မြို့ပြကျန်းမာရေး အဆင့်အတန်း ကွာဟမှု အနည်းဆုံးဖြစ်အောင် ဝိုင်းဝန်းကူညီပေးပါ။ ကျန်းမာရေးနှင့် ဆက်နွယ်နေသည့် တစ်ကိုယ်ရေ သန့်ရှင်းရေး၊ ပတ်ဝန်းကျင် သန့်ရှင်းရေး အပိုင်းများတွင် ဝင်ကူပေးပါ။ ကျန်းမာရေးမြှင့်တင်မှုနှင့် ပတ်သက်ပြီး ကျန်းမာရေးအထူး ပြုကဏ္ဍတစ်ခုခုကို ရွေးချယ်၍ ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်ပါ။ စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်း ဥပဒေနှင့်အညီ ဆောင်ရွက် ကြပါဟု မှာကြားလိုပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က ဖောင်ဒေးရှင်း ဖွဲ့စည်းထားမှု အခြေအနေများ၊ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက် အကောင်အထည်ဖော် နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ရန်ပုံငွေအခြေအနေ တို့ကို ဆွေးနွေးတင်ပြသည်။

ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်းနှင့် ဖောင်ဒေးရှင်း နာယက ဒေါက်တာကိုကိုကြီးတို့က ဖောင်ဒေးရှင်းနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။

တင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက လမ်းညွှန်မှာကြားရာတွင် မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍကို မြှင့်တင်ရာတွင် ဖောင်ဒေးရှင်းသည် အားထားရသည့် အဖွဲ့အစည်းကြီး တစ်ခုဖြစ်လာစေရန်နှင့် မိမိတို့ နိုင်ငံသားများ၏ လူနေမှုသက်တမ်း မြင့်မားလာရေး တို့အတွက် ကြိုးပမ်းဆောင်ရွက် စေလိုကြောင်း၊ ပြည်ပရောက် မြန်မာဆရာဝန်ကြီးများ၊ လူမှုရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊ ရန်ပုံငွေရရှိရေးနှင့် သုံးစွဲမှုနှင့် ပတ်သက်၍ စနစ်တကျ စီမံဆောင်ရွက် သွားကြရန်ဖြစ်ကြောင်း၊ နိုင်ငံတော် အစိုးရကလည်း လိုအပ်သည်များကို ပံ့ပိုးကူညီ ပေးမည်ဖြစ်ကြောင်း၊ ဤအဖွဲ့အနေဖြင့် ပြည်တွင်း ပြည်ပအဖွဲ့အစည်းများနှင့် ဆက်သွယ်ပြီး ပြည်သူများ၏  ကျန်းမာရေးအဆင့်အတန်း မြင့်မားရေးကို တစ်ဖက် တစ်လမ်းမှ ကျယ်ကျယ်ပြန့်ပြန့် အောင်မြင်အောင် လုပ်ဆောင်သွားကြရန် လိုကြောင်းဖြင့်  မှာကြားပြီး တွေ့ဆုံပွဲ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်တွင် လူမှုရေး အဖွဲ့အစည်းတစ်ခုအဖြစ် ဖွဲ့စည်းခဲ့သည်။ ဖောင်ဒေးရှင်းအနေဖြင့် နိုင်ငံတစ်ဝန်း နေထိုင်ကြသည့် ပြည်သူအားလုံး ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီစွာ အပြည့်အဝ ခံစားရရှိစေရန်အတွက် ကူညီပံ့ပိုးပေးရန် ဦးတည်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော် မေ ၃၀

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့အစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရတွင် နိုင်ငံတော်သမ္မတရုံးရှိ ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်၍ အမှာစကား ပြောကြားသည်။

အဆိုပါ အစည်းအဝေးသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဥာဏ်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတက အဖွင့်အမှာစကား ပြောကြားသည်။ ပြောကြားချက်အပြည့်အစုံမှာ အောက်ပါ အတိုင်းဖြစ်သည်-

ဒီကနေ့ အစည်းအဝေးကတော့ ထားဝယ်အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေး အတွက် ဆက်စပ်တဲ့ စီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ကျွန်တော်တို့ အစိုးရအဖွဲ့ဝန်ကြီးများ သိရှိရအောင် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ရှင်းလင်းပြဖို့ ဖြစ်ပါတယ်။

ကျွန်တော်တို့လက်ထက်မှာ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးနဲ့ တိုင်းပြည် စီးပွားရေး သိသာစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သီလဝါရေနက် ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်၊ ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် တို့ကို အကောင်အထည်ဖော်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေခဲ့တာ အားလုံးအသိပဲ ဖြစ်ပါတယ်။

သို့သော်လည်း ပြီးခဲ့တဲ့ (၂) နှစ်တာ ကာလအတွင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ ပေါ်ပေါက်ရေးကိစ္စနဲ့ စီးပွားရေး ပိတ်ဆို့ထားမှုများ ဖြေလျှော့ရေးကိစ္စတို့ကို ကြိုးပမ်းဆောင်ရွက် နေရတဲ့အတွက် ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ နှေးကွေးတုံ့ဆိုင်းလျက် ရှိနေခဲ့ပါတယ်။ ဒီအတားအဆီးများကို ဖယ်ရှားနိုင်မှသာ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာမှာ ဖြစ်တဲ့အတွက် (၂) နှစ်တာ ကာလကျော်သည် အထိ EU နိုင်ငံများမှ စီးပွားရေးပိတ်ဆို့မှုများ ဖယ်ရှားနိုင်အောင် ဆောင်ရွက်ခဲ့ရသည့်အပြင် အမေရိကန် အစိုးရရဲ့ ဖြေလျှော့ပေးမှုများကိုလည်း သံတမန် ဆက်ဆံရေး နည်းလမ်းများနဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့ ရပါတယ်။

ယခုအခါ ဒီအတားအဆီးတွေ အတော်များများ ဖယ်ရှားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကမ္ဘာ့ဘဏ်၊ ADB၊ ODA ချေးငွေသစ်များနဲ့ ထောက်ပံငွေများ ရရှိရေး အတွက် ကြွေးဟောင်းများ လျှော်ပစ်ခြင်း၊ ပြန်ဆပ်ခြင်းလုပ်ငန်းများကိုလည်း ပဲရစ်ကလပ်ဝင်နိုင်ငံများနဲ့ အောင်မြင်စွာ ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့တဲ့အတွက် အတိုးနှုန်း သက်သာတဲ့ နှစ်ရှည်ချေးငွေ များနဲ့ ထောက်ပံငွေ များလည်း ရရှိစပြုနေပြီ ဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ စီးပွားရေးထူထောင်ဖို့အတွက် အရင်းအနှီးနဲ့  နည်းပညာ လိုအပ်ချက်များ ရှိနေတဲ့အပြင် လူ့စွမ်းအား အရင်းအမြစ် များလည်းလိုအပ်နေဆဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံခြားအရင်းအနှီးတွေကို ဖိတ်ခေါ်ရခြင်း ဖြစ်ပါတယ်။ ပြည်ပက ဝင်ရောက် ရင်းနှီးကြတဲ့အခါ အကျိုးရှိသလို အန္တရာယ်များလည်း ရှိလာနိုင်တဲ့အတွက် အန္တရာယ်ကို ကာကွယ် တားဆီးနိုင်ဖို့ မူဝါဒ (၄) ရပ် ချမှတ်ပြီး ဆောင်ရွက်လျက်ရှိပါတယ်။

ဒါ့အပြင် ၂၀၁၅ မှာ အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသ (ASEAN Free Trade Area) ဖြစ်ပေါ်လာတဲ့အခါ ဖွံ့ဖြိုးနေတဲ့ အာဆီယံနိုင်ငံအချို့နဲ့ ဖွံ့ဖြိုးပြီးနိုင်ငံကြီးအချို့က ကုန်ပစ္စည်းတွေ ဝင်ရောက်လာတော့မှာ ဖြစ်ပါတယ်။ ဒီစီးဝင်လာမယ့် ကုန်ပစ္စည်းတွေကို တားဆီးနိုင်ဖို့အတွက် အရည်အသွေးကောင်းပြီး ဈေးနှုန်းသက်သာတဲ့ ကုန်ပစ္စည်းတွေကို ကျွန်တော်တို့နိုင်ငံမှာ အလျှံအပါယ် ထုတ်လုပ်နိုင်မှသာ ပြည်ပက ဝင်ရောက်လာမယ့် ကုန်ပစ္စည်းတွေကို ခုခံတားဆီးနိုင်မှာ ဖြစ်ပါတယ်။

အရည်အချင်းကောင်းတဲ့ ကုန်ပစ္စည်းတွေ ထုတ်လုပ်နိုင်ဖို့နဲ့ ဈေးသက်သာစွာ ထုတ်လုပ်နိုင်ဖို့ အတွက် ပြည်ပအရင်းအနှီး၊ ပြည်ပ နည်းပညာတွေနဲ့ ပူးပေါင်းပြီးလုပ်မှသာ ဖြစ်နိုင်မှာ ဖြစ်တဲ့အတွက် ဖက်စပ်လုပ်ငန်း၊ ရှယ်ယာထည့်ဝင်တဲ့လုပ်ငန်း၊ အများပိုင် လုပ်ငန်းတွေကို ကုန်ထုတ်လုပ်ငန်းတွေမှာ ကျွန်တော်တို့နိုင်ငံသားတွေ ပူးပေါင်းပြီး တွင်တွင်ကျယ်ကျယ် လုပ်ကြရမှာ ဖြစ်ပါတယ်။

သီလဝါရေနက်ဆိပ်ကမ်းနဲ့ အထူးစက်မှုဇုန် တည်ဆောက်ရေး၊ ထားဝယ် အထူးစီးပွားရေးဇုန် တည်ဆောက်ရေး စီမံကိန်းများဟာ ယခင်အစိုးရလက်ထက်ကတည်းက စတင်ခဲ့တာ ဖြစ်ပါတယ်။ သို့သော်လည်း ကျွန်တော်အထက်က ပြောခဲ့သလို အခက်အခဲ၊ အဟန့်အတားတွေကြောင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါဘူး။

ယခု ကျွန်တော်တို့ အစိုးရလက်ထက်မှာတော့ အကောင်အထည်ဖော်နိုင်တဲ့ အခွင့်အလမ်းတွေ ရှိနေပြီ ဖြစ်ပါတယ်။ သီလဝါ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ဖို့ အတွက်ကတော့ ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံလိုသူတွေ ရှိနေပြီ ဖြစ်ပါတယ်။ မကြာမီ အကောင်အထည် စတင် ဖော်နိုင်မှာပါ။

ယခုထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်ကတော့ ၂၀၀၈ ခုနှစ် ကတည်းက ထိုင်းနိုင်ငံနဲ့ MOU ထိုးခဲ့တဲ့ကိစ္စ ဖြစ်ပါတယ်။ ဒီလုပ်ငန်းကို အကောင် အထည်ဖော် ဆောင်ရွက်ဖို့အတွက် ၂၀၁၀ ပြည့်နှစ်မှာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နဲ့ ထိုင်းနိုင်ငံက အီတာလျံထိုင်းကုမ္ပဏီတို့ မူဘောင်သဘောတူစာချုပ် (Framework Agreement) ကိုထပ်မံ၍ လက်မှတ်ထိုးခဲ့ပါတယ်။ သို့သော်လည်း ဒီကုမ္ပဏီအနေနဲ့ လုပ်ကိုင်နိုင်စွမ်း နည်းပါးတဲ့အတွက် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လမှာ ထိုင်းအစိုးရပါဝင်လာပြီး မြန်မာအစိုးရနဲ့ ထိုင်းအစိုးရအဖွဲ့တို့ ဒီလုပ်ငန်းကို ပူးပေါင်းပြီးအကောင်အထည်ဖော် ဆောင်ရွက်ကြဖို့ သဘောတူခဲ့ကြပါတယ်။ ဒီလုပ်ငန်း ဖြစ်မြောက်ရေးအတွက် ကျွန်တော်နဲ့ ထိုင်းဝန်ကြီးချုပ်တို့ အကြိမ်ကြိမ် တွေ့ဆုံ ညှိနှိုင်းခဲ့ကြပါတယ်။

ယခုအချိန်မှာတော့ ထားဝယ်အထူးစီးပွားရေးဇုန် ဖော်ဆောင်နိုင်ရေးအတွက် ဆက်စပ် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံဘက်မှ ဒုတိယသမ္မတ (၂) ဦးဆောင်တဲ့ အဆင့်မြင့် ကော်မတီတစ်ရပ် ဖွဲ့စည်းပြီး ထိုင်းနိုင်ငံဘက်က ဒုတိယဝန်ကြီးချုပ် ဦးဆောင်တဲ့ အဆင့်မြင့်အဖွဲ့တို့ ပူးပေါင်းပြီး အကြိမ်ကြိမ်ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ကာ ကြိုးပမ်းဆောင်ရွက်နေကြပြီ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်သူများမှ လုပ်ငန်းလုပ်ဆောင်မှုများကို ရှင်းပြကြမှာ ဖြစ်ပါတယ်။

ဒီလုပ်ငန်းမှာ ငွေကြေးလိုအပ်ချက်များ ရှိနေတဲ့အတွက် ဂျပန်ကုမ္ပဏီများပါဝင် ရင်းနှီးမြှုပ်နှံရန် အစိုးရအချင်းချင်း ညှိနှိုင်းမှုများလည်း ပြုလုပ်နေပါတယ်။ ထိုင်းဝန်ကြီးချုပ် အနေနဲ့ ဂျပန်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံပြောကြားခဲ့ပြီး ဖြစ်သလို ကျွန်တော့်အနေနဲ့လည်း မကြာခင် ရက်ပိုင်းအတွင်းက ဂျပန်ဝန်ကြီးချုပ် ခရီးစဉ်မှာ ဂျပန်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ ဂျပန်အနေနဲ့ ဒီလုပ်ငန်းမှာ စိတ်ဝင်စားမှု ရှိလာတဲ့အတွက် မကြာမီကာလအတွင်း ဂျပန်ရဲ့ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ကျွန်တော်တို့ နိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ကတော့ ဒီထားဝယ်အထူးစီးပွားရေးဇုန် အောင်မြင်ရေး အတွက် ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။ အခုလည်း ဆက်စပ်လုပ်ငန်းတွေ အကောင်အထည် အမြန်ဆုံးဖော်နိုင်ရေးအတွက် နှစ်နိုင်ငံညှိနှိုင်းပြီး လိုအပ်တဲ့ အဖွဲ့အစည်းတွေ ထပ်မံဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်း အသိပေးပြောကြားအပ်ပါကြောင်းဖြင့်ပြောကြားသည်။

ထို့နောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက ထားဝယ်အထူး စီးပွားရေးဇုန်သည် ပစိဖိတ်သမုဒ္ဒရာနှင့် အိန္ဒိယသမုဒ္ဒရာကို ကုန်းတွင်းတံတား ထိုးပေးထားသည့် မဟာမဲခေါင်ဒေသခွဲ တောင်ပိုင်း စီးပွားရေးစင်္ကြန်များ၏ အနောက်ဘက်မုခ်ဦး ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ မိမိတို့ နိုင်ငံအတွက်ရော၊ ဒေသတွင်း နိုင်ငံများအတွက်ပါ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အလျင်အမြန် ဆောင်ကြဉ်းပေးနိုင်မည့် အလားအလာကောင်းများ ရှိသည့်အတွက် ထိုင်းနိုင်ငံအစိုးရနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိသည့်အပြင် ရင်းနှီးမြှပ်နှံမည့် အခြားနိုင်ငံများကိုပါ  ဖိတ်ခေါ်၍ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်းဖြင့် ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ထားဝယ်အထူးစီးပွားရေးဇုန် တည်ဆောက်ရေး အထူးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအဆင့်များနင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။

ယင်းနောက် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ထားဝယ်အထူး စီးပွားရေးဇုန် တည်ဆောက် အကောင်အထည်ဖော်ရေး အတွက် ချုပ်ဆိုရမည့် စာချုပ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် အစည်းအဝေး တက်ရောက်လာကြသူများက ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

ယင်းနောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတက နိဂုံးချုပ် အမှာစကားပြောကြားရာတွင် စီမံကိန်းလုပ်ငန်းများမှာ လုပ်ဆောင်ရမည့် လုပ်ငန်းပမာဏ ကြီးမားသဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် ဝန်ကြီးဌာန အသီးသီးအနေဖြင့် ဆက်စပ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် လိုအပ်ပါက ပြည်ပမှ အကြံပေးပညာရှင်များ ငှားရမ်းဆောင်ရွက်ရန်ဖြစ်ကြောင်း၊ လုပ်ငန်းဆိုင်ရာ စာချုပ်များ ချုပ်ဆိုရာတွင် နိုင်ငံတကာ ဥပဒေနှင့်အညီ ကိုက်ညီမှုရှိအောင် စိစစ်ဆောင်ရွက်ရန်ဖြစ်ကြောင်းဖြင့် မှာကြားသည်။
---------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီနှင့် အမေရိကန်ကုန်သည်ကြီးများ အသင်းတို့က ပူးပေါင်းကျင်းပသည့် စားပွဲဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်

နေပြည်တော် မေ ၂၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်  မေ (၂ဝ) ရက် ဒေသစံတော်ချိန် ညနေ (၅) နာရီ မိနစ် (၂ဝ) တွင် အမေရိကန် ပြည်ထောင်စု ဝါရှင်တန်မြို့ရှိ အမေရိကန် ကုန်သည်ကြီးများအသင်း (US Chamber of Commerce) ရုံး၌ ကျင်းပသည့် အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ (US- ASEAN Business Council) နှင့် အမေရိကန် ကုန်သည်ကြီးများ အသင်းတို့ ပူးပေါင်းကျင်းပသည့် စားပွဲဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်သည်။

အဆိုပါဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ သံအမတ်ကြီး ဦးသန်းဆွေနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ ဥက္ကဋ္ဌ Mr. Alexander C. Feldman၊ အမေရိကန် ကုန်သည်ကြီးများအသင်း ဒုတိယ ဥက္ကဌ Ms. Tami Overby၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချယ်၊ General Electric မှ Mr. James N. Suciu၊ ACE ကုမ္ပဏီမှ Mr. John Keogh၊ Ford ကုမ္ပဏီမှ Mr. Steve Biegun၊ P&G ကုမ္ပဏီမှ Mr. Carolyn Brehm၊ အမေရိကန် ကုန်သည်ကြီးများ အသင်းနှင့် အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီနှင့် အမေရိကန် ကုန်သည်ကြီးများ အသင်းတို့မှ အမှုဆောင်များနှင့် အသင်းဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

စားပွဲဝိုင်း ဆွေးနွေးပွဲအပြီးတွင် နိုင်ငံတော်သမ္မတအား အမေရိကန်-အာဆီယံ စီးပွားရေး ကောင်စီနှင့် အမေရိကန် ကုန်သည်ကြီးများ အသင်းတို့က ဂုဏ်ပြုညစာဖြင့် တည်ခင်း ဧည့်ခံကြသည်။

အခမ်းအနားတွင် အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ ဥက္ကဋ္ဌ၊ General Electric မှ Mr. James N. Suciu နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချယ်တို့က ကြိုဆိုနှုတ်ခွန်းဆက် စကားများ ပြောကြားကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတက အမှာစကား ပြောကြားရာတွင် ယခုကဲ့သို့ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံပေးပါသော အမေရိကန် ကုန်သည်ကြီးများ အသင်းနှင့် အမေရိကန်-အာဆီယံ စီးပွားရေး ကောင်စီတို့အား အထူးကျေးဇူးတင်ရှိပါကြောင်း။

မြန်မာနိုင်ငံသည် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများနှင့် တန်းတူမိတ်ဖက်အဖြစ် ဆောင်ရွက်ရန် အသင့်ရှိပါကြောင်း။

မြန်မာနိုင်ငံ၏ စီးပွားရေး အခွင့်အလမ်းများ ကောင်းမွန်ရေးသည် မြန်မာပြည်သူများ၏ မျှော်လင့်ချက် အရင်းအမြစ်တစ်ခုဖြစ်ပြီး မိမိတို့ အစိုးရ၏ တာဝန်လည်းဖြစ်ပါကြောင်း။

အမေရိကန်နှင့် ကမ္ဘာတစ်ဝန်းရှိ ကုမ္ပဏီများအတွက် ရှင်းလင်းလွယ်ကူစွာ လုပ်ကိုင်နိုင်မည့် ဈေးကွက်စီးပွားရေးစနစ် ဖွံ့ဖြိုးရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်တစ်ရပ် ဖြစ်ပေါ်လာစေရေး အတွက် ခိုင်မာသည့် အခြေခံကောင်းများ ခင်းကျင်းပေးရန် အစိုးရက ကြိုးပမ်းလုပ်ဆောင် နေပါကြောင်း။

မိမိတို့ အစိုးရအနေဖြင့် တရားမျှတပြီး ညီညွတ်မှုရှိသည့် စီးပွားရေးတစ်ရပ်ကို ဖော်ဆောင်ရမည်ဖြစ်ပြီး ယင်းစီးပွားရေးသည် မိမိတို့နိုင်ငံ၏ ကြွယ်ဝသည့် သဘာဝ အရင်းအမြစ်များကို တန်ဖိုးမြှင့် ထုတ်ယူ သုံးစွဲနိုင်ရမည်ဖြစ်ကြောင်း၊ ထိုသို့ ထုတ်ယူ သုံးစွဲရာတွင်လည်း မိမိတို့၏ သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက်စေရန် လိုအပ်သဖြင့် ၄င်းရည်ရွယ်ချက်အားလုံး ပြီးမြောက်အောင်မြင်စေရန် မိမိတို့အနေဖြင့် လေ့ကျင့်ပညာပေးရေး၊ အသိပညာ မျှဝေပေးရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရေးနှင့် သက်ဆိုင်သူများ ကိုလည်း ထိုနည်းတူ လိုက်ပါလုပ်ဆောင်လာအောင် အားပေးအားမြှောက် ပြုရေးတို့အတွက် အမေရိကန်နိုင်ငံ အပါအဝင် နိုင်ငံတကာ၏ ပံ့ပိုးကူညီမှုများကို အမြင့်ဆုံးအဆင့်အထိ ရရှိရန် လိုအပ်ပါကြောင်း။

ဤနေရာတွင် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှု တည်ဆောက်ရေးနှင့် မြန်မာနိုင်ငံအတွင်း တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ပေးနိုင်ရေးတို့အတွက် အစိုးရ၏ ဆောင်ရွက်မှု များကို ရှင်းလင်းပြောကြား လိုပါကြောင်း။

သမ္မတရုံးသည် လွှတ်တော်နှင့် ပူးပေါင်း၍ နိုင်ငံတကာစံနှုန်းနှင့် ကိုက်ညီမှုအပြင် ရင်းနှီးမြှုပ်နှံသူများနှင့် နိုင်ငံသားများအတွက် နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ ပြဋ္ဌာန်းနိုင်ရေးအတွက် ဆောင်ရွက်နေပါကြောင်း၊ လက်ရှိ အခြေအနေတွင် ပိုမိုပွင့်လင်းပြီး တာဝန်ခံမှုရှိသော၊ တရားဥပဒေနှင့် ညီညွတ်သော၊ ရှင်းလင်းလွယ်ကူသော လုပ်နည်းလုပ်ဟန်များနှင့် လုပ်ငန်းစဉ်များကို အကောင်အထည် ဖော်ရန် ဆောင်ရွက်လျက် ရှိပါကြောင်း။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ဖွဲ့စည်းထားသော မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို ဝန်ကြီးဌာနများ၊ ကျွမ်းကျင်သူများနှင့် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပါကြောင်း။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသည် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုပုံစံတစ်ခုကို ပေါ်ထွန်းလာစေမည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဥပဒေပိုင်းဆိုင်ရာ ပေါင်းစည်းမှု မူဘောင်၏ အစိတ်အပိုင်း တစ်ရပ်သာလျှင် ဖြစ်ပါကြောင်း၊ အစိုးရသည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အားကောင်းလာစေရန် ဆက်လက်ဆောင်ရွက်နေပြီး မြန်မာနိုင်ငံ၏ ခုံသမာဓိ စီရင်ဆုံးဖြတ်မှုစနစ်ကို နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီအောင် ဆောင်ရွက်နေပါကြောင်း၊ မိမိတို့ အနေဖြင့် နယူးယောက် ပဋိညာဉ် အဖွဲ့ကိုလည်း ဝင်ရောက်ရန် ဆောင်ရွက် နေပါကြောင်း။

ရင်းနှီးမြှုပ်နှံမှုများကို အားပေးမှုနှင့် တစ်ချိန်တည်းတွင် မြန်မာပြည်သူများ၏ အကျိုးစီးပွားကို မြှင့်တင်ပေးရန်နှင့် ပြည်သူများအတွက် မှီခိုအားထားရာဖြစ်သည့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများသည်လည်း အရေးကြီးပါကြောင်း၊ မကြာသေးမီကပင် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ရှိစေရေးအတွက် အကောင်အထည်ဖော် စီမံဆောင်ရွက်ပေးမည့် ဦးဆောင်အဖွဲ့အစည်းကို ဖွဲ့စည်းခဲ့ပါကြောင်း၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု ပေါ်ထွန်းလာရေးအတွက် အစိုးရသည် ပြည်သူတို့၏ ဆန္ဒနှင့်အညီ မြန်မာနိုင်ငံ၏ သဘာဝအရင်းအမြစ်များ ထိန်းသိမ်းမှုဆိုင်ရာ မူဘောင်တစ်ရပ် ချမှတ်နိုင်ရေး အလေးထား လုပ်ဆောင်နေပါကြောင်း။

ကဏ္ဍအားလုံးတွင် အမေရိကန် ကုမ္ပဏီများနှင့် အပြန်အလှန် ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုများတိုးမြှင့် နိုင်ရေးအတွက် မိမိတို့အနေဖြင့် ကုန်သွယ်မှု ရင်းနှီးမြှုပ်နှံမှု မူဘောင် သဘောတူညီချက်နှင့် အမေရိကန် အသေးစားနှင့် အလတ်စား လုပ်ငန်းများ မြန်မာနိုင်ငံ အတွင်း လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရန် လိုအပ်သည့် အာမခံချက်များ ပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှု အခွင့်အရေးဆိုင်ရာ သဘောတူညီချက်ကိုလည်း ဝင်ရောက်ပြီး ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ၏ ဒေသတွင်း မဟာဗျူဟာကျသော အနေအထားအရ နိုင်ငံတကာမှ မိတ်ဖက်များကို စီးပွားရေး အခွင့်အလမ်းများစွာ ရရှိစေမည် ဖြစ်ပါကြောင်း။

လူဦးရေ သန်း ၆ဝ ရှိသည့် မြန်မာနိုင်ငံသည် အာရှတိုက်၏ သစ်လွင်သော လမ်းဆုံဖြစ်ပြီး အရှေ့မြောက်ဘက်တွင် တရုတ်နိုင်ငံ၊ အနောက်ဘက်တွင် အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ တောင်ဘက်နှင့် အရှေ့ဘက်တို့တွင် အာဆီယံနိုင်ငံများ တည်ရှိနေခြင်းကြောင့် လူဦးရေ စုစုပေါင်း ၂ ဘီလီယံကျော်နှင့် လည်းကောင်း၊ ကမ္ဘာပေါ်တွင် အမြန်ဆုံးနှုန်းများဖြင့် တိုးတက်နေသော ဈေးကွက်များနှင့် လည်းကောင်း၊ နယ်နိမိတ်ချင်း ထိစပ်နေပါကြောင်း၊ အတိတ်က နိုင်ငံရေးဆိုင်ရာများအပြင် သဘာဝ အတားအဆီးများကြောင့် အထီးကျန် ဖြစ်ခဲ့ရသည့် မိမိတို့ နိုင်ငံသည် ယခုအခါတွင် ၄င်းအတားအဆီး များကို ကျော်လွှားရန် ကြိုးစားနေပါကြောင်း။

မဝေးတော့သည့် အနာဂတ်ဖြစ်သော ၂ဝ၁၄-၂ဝ၁၅ ခုနှစ်တွင် အာဆီယံအဖွဲ့အတွင်း စီးပွားရေး အခင်းအကျင်း အသစ်တစ်ရပ် ပေါ်ထွက်လာတော့မည်ဖြစ်ရာ မိမိတို့အနေဖြင့် နှစ်ဦးနှစ်ဖက် အကျိုးစီးပွား ဖြစ်ထွန်းမည့် ထိုအခွင့်အလမ်းကို အမိအရ လှမ်းယူနိုင်ရန် ပြောကြားလိုပါကြောင်း။

မိမိတို့အနေဖြင့် ပိုမိုကောင်းမွန်သော လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာစေရေးအတွက် အခြေခံကောင်းများ ချမှတ်ဖော်ဆောင် လိုပါကြောင်း၊ ထိုသို့ ဖြစ်ပေါ် လာစေရေးအတွက် မြန်မာနိုင်ငံအတွင်း၌ အမေရိကန်ကုမ္ပဏီများ လာရောက် ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်လိုပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် အမေရိကန် ကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
---------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဝါရှင်တန်မြို့ရှိ ဂျွန်ဟော့ကင်းတက္ကသိုလ်တွင် မိန့်ခွန်း ပြောကြား

နေပြည်တော် မေ၂၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်  မေ(၂ဝ)ရက် ဒေသစံတော်ချိန် ညနေ (၄) နာရီ (၁၅) မိနစ်တွင် အမေရိကန် ပြည်ထောင်စု ဝါရှင်တန်မြို့ရှိ ဂျွန်ဟော့ကင်း(John Hopkins) တက္ကသိုလ်သို့ သွားရောက်၍ မိန့်ခွန်း ပြောကြားသည်။

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဂျွန်ဟော့ကင်း တက္ကသိုလ် နိုင်ငံတကာ လေ့လာရေးဌာန(SAIS)မှ ကျောင်းအုပ်ကြီးနှင့် ကျောင်းသား၊ ကျောင်းသူများ၊ လေ့လာသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည် ။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတက မိန့်ခွန်းပြောကြားရာ၌ -
 ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်များခင်ဗျား

ကျွန်တော်ရဲ့ ဝါရှင်တန်ကိုရောက်ရှိလာတဲ့ ပထမဆုံး ခရီးစဉ်မှာ ကျွန်တော့်အနေနဲ့ ဂျွန်စ်ဟော့ကင်းစ် တက္ကသိုလ်ရဲ့ ဘွဲ့လွန် နိုင်ငံတကာ လေ့လာရေးဌာန SIAS မှာ လာရောက် စကားပြောခွင့်ရတဲ့အတွက် အလွန်ပဲ ဝမ်းသာပါတယ်။ ဒီလိုလာရောက် စကားပြောဖို့ ဖိတ်ကြားတဲ့ မဟာဌာနမှူး ဗယ်လီနာ့ဆ်ကိုလည်း အထူးကျေးဇူးတင် ပါတယ်။

ကျွန်တော်တို့မြန်မာနိုင်ငံနှင့် ဂျွန်စ်ဟော့ကင်းစ်တက္ကသိုလ်၊ အထူးသဖြင့် ဒီဘွဲ့လွန် နိုင်ငံတကာ လေ့လာရေးဌာန SAIS နဲ့ ရင်းနှီးချစ်ကြည်တဲ့ ဆက်ဆံမှုများ စတင်ခဲ့တာဟာ နှစ်ပေါင်း ငါးဆယ်ကျော် ကြာခဲ့ပြီ ဖြစ်ပါတယ်။ ဂျွန်စ်ဟော့ကင်းစ် စင်တာရန်ကုန်ကို ၁၉၅၄ မှာ တည်ထောင်နိုင်ခဲ့ပြီး အာရှမှာ ပညာရေးနှင့် သုတေသန ဆိုင်ရာ ဦးဆောင်နိုင်တဲ့ အဖွဲ့အစည်း တစ်ခုအဖြစ် ရပ်တည်ခဲ့ပါတယ်။ လက်ရှိတာဝန် ထမ်းဆောင်နေကြတဲ့ သံတမန်အရာရှိကြီးတွေနဲ့ ကျွန်တော့်ရဲ့ အကြံပေးအဖွဲ့ဝင် အချို့ဟာလဲ ဒီ SAIS ကျောင်းကြီးမှာ ပညာသင်ယူခဲ့ကြပါတယ်။

ကျွန်တော့်အနေနဲ့ ဒီလိုတစ်ချိန်က ရှိခဲ့တဲ့ ရင်းနှီးခိုင်မာတဲ့ ဆက်ဆံမှုတွေကို ပြန်လည် အသက်သွင်းနိုင်မယ်လို့ အထူးယုံကြည် မျှော်လင့်ပါတယ်။

ဂုဏ်သရေရှိ ဧည့်သည်တော်များခင်ဗျား

ဒီလိုအချိန် ဒီလိုနေရာမှာ ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု အကြောင်း၊ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် မျှော်မှန်းချက် (Vision)၊ မြန်မာ-အမေရိကန် နှစ်နိုင်ငံ ပြည်သူများအကြား ရင်းနှီးချစ်ကြည်တဲ့ ဆက်ဆံမှုတွေ ဖြစ်ပေါ်လာစေမဲ့ ကိစ္စရပ်တွေကို ပြောကြားခွင့်ရတဲ့အတွက်  အလွန်ပဲ ဝမ်းမြောက်မိ ပါတယ်။

ကျွန်တော်တို့အစိုးရ ဦးဆောင်ခဲ့တဲ့ လွန်ခဲ့သော နှစ်နှစ်တာကာလဟာ အပြောင်းအလဲတွေ ဖော်ဆောင်နိုင်ခဲ့တဲ့ ကာလတစ်ခုဖြစ်ပါတယ်။ စစ်အုပ်ချုပ်ရေး စနစ်ကို ရပ်တန့်နိုင်ခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြေခံတဲ့ အုပ်ချုပ်မှုပုံစံသစ် တစ်ရပ်ကို ပုံဖော်နိုင်ခဲ့ပါတယ်။ အားကောင်းတဲ့ ဒီမိုကရေစီစနစ်နဲ့ ခွန်အားရှိတဲ့ ဈေးကွက် စီးပွားရေးတစ်ခု ပေါ်ပေါက်လာဖို့ လိုအပ်တဲ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေကို ပြုလုပ်နိုင်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ၁၉၄၈ မြန်မာ့ လွတ်လပ်ရေးနဲ့အတူ အမြစ်တွယ်ခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေကိုလည်း ငြိမ်းချမ်းစွာ ဖြေရှင်းအဆုံးသတ်ဖို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ဒီအပြောင်း အလဲတွေကနေ နိုင်ငံတကာရဲ့ တားဆီးပိတ်ဆို့မှုတွေ ဖယ်ရှားနိုင်ပြီး ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အထီးကျန် ဆန်ခဲ့ရမှုကို ချုပ်ငြိမ်းအောင်၊ ဒေသတွင်းနှင့် ကမ္ဘာ့လုံခြုံရေး၊ ဖွံ့ဖြိုး တိုးတက်ရေးတွေမှာ အထောက်အကူပြုနိုင်အောင် ကြိုးပမ်း ဆောင်ရွက် နေတာလည်း ဖြစ်ပါတယ်။

ယနေ့ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ သမိုင်းမှာ တစ်ကြိမ်တခါမှ မကြုံဖူးသေးတဲ့ ဆောင်ရွက်မှုကြီး တစ်ရပ် ဖြစ်ပါတယ်။ ဗဟိုအုပ်ချုပ်ရေးစနစ်ကနေ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ဆီ၊ ဗဟိုချုပ်ကိုင်တဲ့ စီးပွားရေးကနေ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ်ဆီ ကူးပြောင်းနေတဲ့ တပြိုင်နက်တည်းမှာပဲ မတူညီတဲ့ သဘောသဘာဝရှိတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ၁၂ ခုကို တည်ဆောက်နေရသလို ဆယ်စုနှစ်ပေါင်း များစွာ နောက်ကျ ကျန်နေခဲ့တဲ့ နိုင်ငံတကာဆက်ဆံရေးမှာလဲ ဆက်ဆံရေး ပုံစံသစ်တစ်ခုကို ပြန်လည် တည်ဆောက်နေရ ပါတယ်။ အဲသလို တည်ဆောက်ရာမှာလဲ ကျန်ရှိနေသေးတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေရဲ့ ဖိအားတွေကြားမှာ တည်ဆောက်နေရတာ ဖြစ်တဲ့အတွက် ကမ္ဘာ့သမိုင်းမှာ မကြုံဖူုးသေးတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကြီးကို ကြိုးပမ်းဆောင်ရွက်နေရတာ ဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ အလွန်တရာခက်ခဲတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ကျွန်တော်တို့မှာ လက်ရှိ အင်စတီကျူးရှင်း အချို့ကို လိုအပ်တဲ့ချိန်ညှိမှုတွေ ပြုလုပ် နေရပါတယ်။ အချို့ကို လုံးဝ ပြုပြင်ပြောင်းလဲပစ်ရပါတယ်။ လိုအပ်တဲ့ အင်စတီ ကျူးရှင်း အသစ်တွေလဲ တည်ဆောက်နေရပါတယ်။ စဉ်းစားတွေးခေါ်ပုံတွေကိုလဲ ပြောင်းလဲကြရမှာ ဖြစ်ပါတယ်။ ပထမဆုံးနဲ့ အရေးကြီးဆုံး ကိစ္စကတော့ ပြည်သူတွေအပေါ် တာဝန်ကျေတဲ့ အစိုးရတစ်ရပ်ဖြစ်အောင် ကြိုးစားဆောင်ရွက်နေရတာပဲ ဖြစ်ပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာ ဗဟိုဦးစီး အုပ်ချုပ်ရေး စနစ်အောက်မှာ နေခဲ့ရတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် ဒီပြုပြင်ပြောင်းလဲရေးဟာ မလွယ်ကူပါဘူး။ ကျွန်တော်တို့ရဲ့ စီးပွားရေးစနစ်ကို ပိုမိုညီညွတ်မျှတမှု ရှိလာအောင်၊ တရားမျှတတဲ့ ယှဉ်ပြိုင်မှု ပေါ်ပေါက်လာအောင် ဆောင်ရွက်နေပါတယ်။ တစ်ဖက်မှာ ကျွန်တော်တို့ရဲ့ ပေါကြွယ်ဝလှတဲ့ သဘာဝသယံဇာတတွေကို အသုံးပြုပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်နေသလို တခြားတစ်ဖက်မှာလဲ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း နိုင်အောင် ကြိုးပမ်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီကြိုးပမ်းမှုတွေ အောင်မြင်နိုင်ဖို့ အတွက် အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံတကာရဲ့ အားပေးထောက်ခံမှုတွေ လိုအပ်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံအတွက် လိုအပ်တဲ့ အသိပညာ၊ နည်းပညာတွေ ရရှိနိုင်ဖို့ အတွေ့အကြုံ ဖလှယ်နိုင်ဖို့၊ ကုန်သွယ်မှုတွေ၊ ရင်းနှီး မြှုပ်နှံမှုတွေ ဆောင်ရွက်ပေးဖို့၊ အမေရိကန်ပြည်ထောင်စုအပြင် အခြားနိုင်ငံတွေ ကလည်း အလားတူဆောင်ရွက်လာအောင် တိုက်တွန်းပေးစေလိုပါတယ်။

အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များဟာ အန္တရာယ်အမျိုးမျိုးနဲ့ ပြည့်နှက်နေတတ်ပြီး စွန့်စားမှုတွေလည်း မလွဲမသွေ လုပ်ဆောင်ရလေ့ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော့်နိုင်ငံ ကျွန်တော့်လူမျိုးရဲ့အကြောင်းကို ကျွန်တော်ကောင်းကောင်း သိပါတယ်။ ကျွန်တော့် ပြည်သူတွေဟာ ဒီအပြောင်းအလဲအောင်မြင်ဖို့ ဘယ်လောက်ထိ မျှော်လင့် နေကြတယ်ဆိုတာလဲ ကျွန်တော် နားလည်ပါတယ်။ ဒီမိုကရေစီစနစ် အမြစ်တွယ် ရှင်သန်နိုင်ဖို့ အထီးကျန်တံခါးပိတ်နိုင်ငံအဖြစ်ကနေ ရုန်းထွက်၊ အခြားအာရှနိုင်ငံတွေကို စီးပွားရေးအရ အမီလိုက်နိုင်ပြီး အကြမ်းဖက်မှုတွေ တိုက်ခိုက်မှုတွေအားလုံူး အမြန်ဆုံး ချုပ်ငြိမ်းသွားတဲ့ ငြိမ်းချမ်း၊ သာယာ၊ ဝပြောတဲ့ မြန်မာပြည်သစ်ကို ကျွန်တော့် ပြည်သူတွေ ဘယ်လောက်မြင်တွေ့ ချင်နေကြတယ်ဆိုတာကို ကျွန်တော့်အနေနဲ့ ကောင်းကောင်းကြီး သိနားလည်ထားပါတယ်။ ဒီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် တွေဟာ ကျွန်တော်တို့အားလုံး မလွဲမသွေ လျှောက်လှမ်းရမဲ့ လမ်းကြောင်း ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ အားလုံး လက်ခံထားပါတယ်။ အလျှော့ပေး ညှိနှိုင်းမှုတွေ၊ သည်းခံနားလည်မှုတွေ ရှိမှသာ အောင်မြင်မှု ရရှိမယ်ဆိုတာ ကိုလည်း ကျွန်တော်တို့အားလုံး နားလည်လက်ခံထားပါတယ်။ ဒီလိုပြုပြင် ပြောင်းလဲမှု တွေကြောင့် မိမိကိုယ်ကျိုးစီးပွားကို ထိပါးလာနိုင်တယ်လို့ ယူဆပြီး ဒီအပြောင်းအလဲကို မလိုချင်တဲ့ အနှောင့်အယှက် အတားအဆီးတွေလဲ ရှိနေနိုင်ပါတယ်။ မကြာသေးခင် ကာလမှာတင် အလွန်ဝမ်းနည်းစရာကောင်းတဲ့၊ ဘယ်လိုမှ မျှော်လင့်မထားတဲ့ ပဋိပက္ခတွေ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ ပေါ်ပေါက်ခဲ့ရပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲ ကြမ်းတမ်းတဲ့ အခက်အခဲတွေနဲ့ ကြုံရပါစေ၊ ကျွန်တော်တို့ဟာ ဒီလမ်းကြောင်းကို ဆက်လျှောက်ဖို့ ဆုံးဖြတ်ထားပြီးသားဖြစ်ပါတယ်။ ကျွန်တော်တို့ မလွဲမသွေ အောင်မြင်မှု ရမယ်ဆိုတာလဲ ယုံကြည်ပါတယ်။

ဂုဏ်သရေရှိ ဧည့်သည်တော်များခင်ဗျား
အားလုံးသိတဲ့အတိုင်း ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေဟာ ဖန်လုံအိမ် တခုထဲမှာ ဖြစ်ပျက်နေတာ မဟုတ်ပါဘူုး။ အရင်တချိန်က ဆင်းရဲမွဲတေမှုနဲ့ စစ်မက်ဆိုတဲ့ စကားလုံးများနဲ့ တွဲဖက်ပြီး သိခဲ့ကြတဲ့ အာရှတိုက်ဟာဆိုရင် ယခုအခါမှာ လျင်လျင်မြန်မြန် ပြောင်းလဲတိုးတက်နေတဲ့အပြင် သမိုင်းမှာ မကြုံစဖူး ထူုးခြားတဲ့၊ ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ အချိန်အခါကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ကိုလိုနီ ဆိုးမွေတွေ၊ အတိတ်ကာလရဲ့ အိုင်ဒီယော်လော်ဂျီ ကွဲပြား သဘောမတူမှုတွေ မရှိတော့တဲ့ မျိုးဆက်သစ်တွေဟာ ယနေ့ အာရှရဲ့ တိုးတက်မှုတွေကို ဦးဆောင် အကောင်အထည်ဖော်နေကြတာပဲ ဖြစ်ပါတယ်။ အဓိက အရေးအကြီးဆုံးကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံ ဟာလဲ ခေတ်နောက်ကျကျန်နေလို့ မရဘဲ ဒီသမိုင်းတွင်မဲ့ ပြောင်းလဲမှုဖြစ်စဉ်ကြီးမှာ အတူပြောင်းလဲလိုက်ပါရမယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

လူဦးရေ သန်း ၆၀ နီးပါးရှိတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ အာရှရဲ့ လမ်းဆုံလမ်းခွ နေရာမှာ တည်ရှိပါတယ်။ အနောက်မြောက်ဘက်မှာ တရုတ်နိုင်ငံ၊ အနောက်ဘက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တောင်အရပ်မှာ အာဆီယံမိတ်ဆွေ နိုင်ငံများနဲ့ နယ်နိမိတ်ချင်း ထိစပ် နေတာဖြစ်တဲ့အတွက် တနည်းပြောရရင် လူဦးရေ သန်း ၂၀၀၀ လောက်ရှိပြီး လျင်လျင်မြန်မြန် ဖွံ့ဖြိုးတိုးတက်နေတဲ့ ဈေးကွက်ကြီးနဲ့ ချိတ်ဆက် တည်ရှိနေတာလဲ ဖြစ်ပါတယ်။ နိုင်ငံရေးအရသာမက၊ သဘာဝအဟန့်အတားတွေအရပါ အထီးကျန် ဖြစ်ခဲ့ရတဲ့ ကျွန်တော်တို့ နိုင်ငံဟာ ယခုဆိုရင် ဒီအဟန့် အတားတွေကို ကျော်လွှားပြီး ကမ္ဘာ့မိသားစုထဲကို ပြန်လည်ဝင်ရောက်လာဖို့ စတင်နေပြီ ဖြစ်ပါတယ်။ ဒီလိုအာရှနဲ့ ပြန်လည်ပေါင်းစည်းတာ၊ ကမ္ဘာနဲ့ ပြန်လည် ပေါင်းစည်းတဲ့ကိစ္စမှာ ပြည်သူတွေ အမြတ်ထုတ် ခံလိုက်ရတဲ့ ပေါင်းစည်းမှုမျိုး မဟုတ်ဘဲ ကျွန်တော်တို့ ပြည်သူတွေရဲ့ အကျိုးစီးပွားကို မျက်ကွယ် မပြုတဲ့၊ ပြည်သူ့အကျိုးစီးပွားကို ရှေ့ရှုတဲ့ ပြန်လည် ပေါင်းစည်းမှုမျိုးဖြစ်အောင် ကျွန်တော်တို့ အနေနဲ့ ဆောင်ရွက် အကောင်အထည် ဖော်ဖို့ အထူးအရေးကြီးပါတယ်။ ဒီလို ဆောင်ရွက်နိုင်ဖို့ စီးပွားရေးဆိုင်ရာ လိုအပ်တဲ့ အင်စတီကျူးရှင်းများကို မှန်မှန်ကန်ကန် တည်ထောင်နိုင်ဖို့ အထူးအရေးကြီးပါတယ်။

စိန်ခေါ်မှုသစ်တွေကော၊ စိန်ခေါ်မှုဟောင်းတွေကိုပါ ရင်ဆိုင်ကျော်လွှားနိုင်ပြီး အခက်အခဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ဖို့၊ လိုအပ်တဲ့ အင်စတီကျူးရှင်းများကိုလဲ ကျွန်တော်တို့ တည်ဆောက်သွားကြရမှာ ဖြစ်ပါတယ်။ သာဓက အနေနဲ့ ဖော်ပြရရင် ကျွန်တော်တို့ နိုင်ငံဟာ ရာသီဥတု ပြောင်းလဲမှုကြောင့် ပင်လယ်ရေပြင် မြင့်တက်လာမှုလို သဘာဝဘေး အန္တရာယ်တွေကို အများဆုံး ခံစားရတဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်ပါတယ်။ နာဂစ်မုန်တိုင်းကြောင့် ၂၄ နာရီ အတွင်းမှာပဲ ကျွန်တော့်ပြည်သူ တစ်သိန်းခန့် အသက်ဆုံးရှုံးခဲ့ရသလို များစွာ အိုးအိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ အပတ်ကပဲ နိုင်ငံရဲ့ အနောက်ဘက်ကမ်းခြေမှာ မဟာဆန်မုန်တိုင်းရဲ့ ခြိမ်းခြောက်ခြင်း ဒဏ်ကိုလည်း ခံစားခဲ့ရပါတယ်။ အချိန်အခါမရွေး မြေငလျင်များ ကျရောက်နိုင်ဖွယ်လဲ ရှိနေပါတယ်။ ကူးစက်ကပ်ရောဂါတွေရဲ့ အန္တရာယ်ကလဲ အာရှမှာ ရှိနေပါသေးတယ်။ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ လူမှု အသိုက်အဝန်းများကြား ပဋိပက္ခတွေ ချုပ်ငြိမ်း သွားအောင် ကြိုးပမ်းဆောင်ရွက်နေရသလို တစ်ချိန်တည်း တစ်ပြိုင်တည်းမှာပဲ မြန်မာပြည်သူလူထုတွေရဲ့ ဘဝရပ်တည်ရေး လုံခြုံမှုကို အာမခံနိုင်တဲ့ လုံခြုံရေးဆိုင်ရာ အမြင်သစ်တစ်ခု ဖြစ်ပေါ်လာအောင် ကြိုးပမ်းဆောင်ရွက်နေရတာလဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍကိုလည်း အထူးအလေးပေး ထည့်သွင်း စဉ်းစားရမှာ ဖြစ်ပါတယ်။ ယခင်စနစ်ဟောင်းမှာ မြန်မာ့ တပ်မတော်ဟာ ပြည်တွင်း တည်ငြိမ် အေးချမ်းရေးအတွက် လုံခြုံရေးရှုထောင့်မှာ တာဝန်ယူ ဆောင်ရွက်ခဲ့ပေမယ့် ယခုအခါမှာတော့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု ကိစ္စရပ်တွေမှာ လိုက်လျောညီထွေ ပါဝင်နိုင်စေဖို့ အတွက်လည်းဆောင်ရွက်နေပါတယ်။

ဂုဏ်သရေရှိ ဧည့်သည်တော်များခင်ဗျား

မြန်မာ့နိုင်ငံရေး ဖြစ်စဉ်များဟာ အလွန်ပဲ နက်နဲသိမ်မွေ့တဲ့ သဘောသဘာဝ ရှိပါတယ်။ ရှည်လျားတဲ့ သမိုင်း အစဉ်အလာရှိတဲ့ မြန်မာနိုင်ငံမှာ မတူညီတဲ့ တိုင်းရင်းသား မျိုးနွယ်စုတွေ အများကြီးရှိတဲ့အပြင် ဘာသာတရာကိုးကွယ်မှု အမျိုးမျိုးလည်းရှိပါတယ်။ သမိုင်းကြောင်းနဲ့ချီတဲ့ လက်နက်ကိုင် ပဋိပက္ခတွေလည်း ရှိပါတယ်။ ဒီလို အခြေအနေ မျိုးတွေကိုကျော်လွန်နိုင်ဖို့ မြန်မာနိုင်ငံရေးစာမျက်နှာသစ် တစ်ရပ်အနေနဲ့ ကျွန်တော်တို့ အစိုးရသစ် သက်တမ်း နှစ်နှစ် အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အတွင်း ဝင်ရောက် လာနိုင်ဖို့အတွက် လွတ်လပ်မျှတတဲ့ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွေကို ကျင်းပပေးခဲ့ပါတယ်။ ဒီနိုင်ငံရေး အခင်းအကျင်းသစ်မှာ နိုင်ငံရေးပါတီတွေ အများကြီးနဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကိုလည်းတွေ့ရမှာ ဖြစ်ပါတယ်။ ဒီနှစ်တွေ အတွင်းမှာရာနဲ့ချီတဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ၊ ထောင်နဲ့ချီတဲ့ ကျေးရွာအဆင့် အဖွဲ့အစည်းတွေ ပေါ်ထွက်လာရုံ သာမက ပြည်တွင်းမီဒီယာနဲ့ အင်တာနက် လူမှုကွန်ရက်တွေပါ အားကောင်းမောင်းသန် ဖြစ်ထွန်းလာတာ ကိုလည်းတွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ဒီမိုကရေစီနည်းလမ်းတကျ ပေါ်ပေါက်လာမယ့် အစိုးရသစ်အတွက် အခြေခံကောင်းတွေ ဖန်တီးပေးနေတာလည်း ဖြစ်ပါတယ်။

ဒီမိုကရေစီစနစ်ကို ကူးပြောင်းတဲ့အခါမှာ ပြိုင်ဆိုင်မှုတွေ အားကောင်းပြင်းထန်တဲ့ နိုင်ငံရေး ဝန်းကျင် တစ်ရပ် ပေါ်ပေါက် လာအောင် ဖန်တီးဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုပြိုင်ဆိုင်မှုတွေဟာ ဒီမိုကရေစီအသွင် ကူးပြောင်းရေး ဖြစ်စဉ်တွေကို အနှောင့်အယှက် အဟန့်အတားမဖြစ်စေဘဲ ဒီမိုကရေစီ အပြောင်းအလဲတွေကို အားပေးထောက်ပံ့တဲ့ ပြိုင်ဆိုင်မှုမျိုး ဖြစ်ပေါ်စေဖို့ဆိုတာ တကယ့်စိန်ခေါ်မှု တစ်ရပ်ပဲ ဖြစ်ပါတယ်။ အပြောင်းအလဲတွေကို ဆောင်ရွက်ရာမှာလဲ ဟန်ချက်ညီညီအချိန်ကိုက် ဆောင်ရွက် သွားရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်မှာ ယှဉ်ပြိုင်မှုတွေ ပါဝင်ရမှာ မှန်ပေမယ့် ဒီလိုပြုပြင်ပြောင်းလဲမှုတွေ စတင် ဖော်ဆောင်နေတဲ့ အချိန်မှာတော့ ကျယ်ပြန့်တဲ့ မဟာမိတ်ဖွဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေကို တတ်နိုင်သမျှ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အယူအဆထက် မူဝါဒတွေကိုအခြေခံတဲ့ နိုင်ငံရေးပါတီတွေကို ပြုစု ပျိုးထောင်ရမှာ ဖြစ်ပါတယ်။ ဒီလိုတိုင်းပြည်အတွက် အလွန်အရေးကြီးတဲ့ အလှည့်အပြောင်း တစ်ရပ်မှာ ပါတီနိုင်ငံရေး ကို ကျော်လွန်တဲ့ State Building နဲ့ National Building လုပ်ဆောင်မှု တွေမှာ  ပူးပေါင်းဆောင်ရွက်ရမဲ့ အချိန်ဖြစ်ပါတယ်။

State Building နဲ့ National Buildingကို ဆောင်ရွက်ရာမှာ အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ခုကတော့ လက်နက်ကိုင် အင်အားစုတွေ အားလုံးနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်များ ရရှိအောင် ဆောင်ရွက်ဖို့ပဲ ဖြစ်ပါတယ်။ အခုဆိုရင် မိမိတို့ အစိုးရအနေနဲ့ လက်နက်ကိုင် အင်အားစုဆယ့်တစ်စုနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ရရှိအောင် ဆောင်ရွက်ထားနိုင်ခဲ့ပြီ ဖြစ်သလိုနောက်ဆုံးအနေနဲ့ ကျန်ရှိနေတဲ့ အဓိကလက်နက်ကိုင် အင်အားစု တစ်ခုဖြစ်တဲ့ ကေအိုင်အို၊ ကေအိုင်အေ အဖွဲ့အစည်းနဲ့လဲ မကြာခင် ကာလအတွင်းမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီနိုင်တော့မှာ ဖြစ်တယ်ဆိုတာ ယုံကြည်ပါကြောင်း ကျွန်တော့်အနေနဲ့ ပြောကြားလို ပါတယ်။ ကျွန်တော်တို့ အနေနဲ့ အပစ်အခတ် ရပ်စဲရေးနဲ့တင် ရပ်တံ့နေရမှာ မဟုတ်ဘဲ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရရှိအောင်အထိ ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားရမှာ ဖြစ်တယ်လို့ အလေးအနက် သန္နိဋ္ဌာန် ချမှတ်ထား ပါတယ်။ ဒါဟာ တနည်းပြောရရင် နိုင်ငံရေးအရ စေ့စပ် ပြေငြိမ်းနိုင်မှုလဲ ဖြစ်ပါတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီးအဆင့်တွေမှာ အာဏာခွဲဝေမှု အဆင့်ဆင့် ဆက်လက် ဆောင်ရွက်သွားရမှာလဲ ဖြစ်ပါတယ်။ သယံဇာတရင်းမြစ် ခွဲဝေမှုတွေကိုလဲ ဆက်လက် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ဒီလို ကြိုးပမ်းဆောင်ရွက် မှာလဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ သဘောတူလက်ခံလာတဲ့အထိ ညှိနှိုင်း ဆောင်ရွက်သွားရမှာ ဖြစ်သလို တစ်ပြိုင်နက်ထဲမှာလဲ လာမဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ တိုင်းရင်းသား လူ့အဖွဲ့အစည်းအသီးသီးကအရပ်ဘက် လူမှု အဖွဲ့အစည်းတွေကိုလဲ ပါဝင်ခွင့်ပြုရမှာ ဖြစ်ပါတယ်။ မြန်မာပြည်သူလူထုတွေရဲ့ ထောက်ခံမှု အကျယ်ပြန့်ဆုံး ရရှိတဲ့ ရေရှည်တည်တဲ့မယ့် ငြိမ်းချမ်းရေးကို မြန်မာ့မြေမှာ တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ကျွန်တော်တို့ အနေနဲ့ ပြည်သူလူထုအားလုံးကို ကိုယ်စားပြုနိုင်တဲ့ မြန်မာ့ အမျိုးသားရေး လက္ခဏာသစ် (national identity) တစ်ရပ်ကိုတည်ဆောက်ဖို့ ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားမျိုးနွယ်စုများအားလုံး၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ဘာသာ၊ အစ္စလာမ်ဘာသာနဲ့ ဟိန္ဒူဘာသာစတဲ့ လူမျိုးဘာသာမရွေး မြန်မာနိုင်ငံ သားများ အားလုံး သဘောတူညီ လက်ခံနိုင်တဲ့ National Identity သစ်တရပ်ကို တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။ ကွဲပြားမှုတွေရှိပေမဲ့ ခွဲခြားဆက်ဆံမှုများတွေ အားလုံးပပျောက်သွားအောင် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ လူ့အသိုက်အဝန်း များကြား ပဋိပက္ခတွေ ရပ်တဲ့သွားရုံမျှမကပဲ ချုပ်ငြိမ်းသွားအောင် ဆောင်ရွက်ရမှာ ဖြစ်သလို ပြစ်မှု ကျူးလွန်သူများအားလုံးကိုလဲ တရားနဲ့အညီ စီရင်အပြစ်ပေးရမှာ ဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း တဖက်မှာလဲလုံခြုံရေးကို ထည့်သွင်းစဉ်းစား ရသလို တဖက်မှာလဲ အခြေခံလူ့အခွင့်အရေးတွေနဲ့ ဒီမိုကရေစီနည်းကျ လူ့အဖွဲ့အစည်း တစ်ခုရဲ့  ပွင့်လင်းလွတ်လပ်မှုကိုလဲ ထည့်သွင်း စဉ်းစားပြီး အကောင်းဆုံး ဘက်ညီမျှတတဲ့ အခြေအနေတရပ်ဖြစ်အောင် စဉ်းစားဆောင်ရွက်ရတာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ဖို့ မိတ်ဆွေတို့ကလဲ အကူအညီ၊ အကြံဉာဏ်များပေးကြပါလို့ ကျွန်တော့် အနေနဲ့ မေတ္တာရပ်ခံလိုပါတယ်။

ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိ ဧည့်ပရိသတ်များခင်ဗျား
အမေရိကန် ပြည်ထောင်စုကို ပထမဦးဆုံးရောက်ရှိခဲ့တဲ့ မြန်မာတစ်ဦးကတော့ ၁၈၅၈ ခုနှစ်မှာ မော်လမြိုင်ကနေ ရောက်ရှိ လာတဲ့ မောင်ရှောလူးဆိုတဲ့ မြန်မာကျောင်းသား တစ်ဦးပဲ ဖြစ်ပါတယ်။ မောင်ရှောလူးဟာ ပန်ဆယ်ဗေးနီးယား ပြည်နယ် ဘက်ကနဲတက္ကသိုလ်မှာ ပညာဆည်းပူးပြီး ကလက်ဗ်လန်ဆေးကျောင်းမှာဆက်လက် ပညာသင်ကြားခဲ့ ပါတယ်။ မြန်မာနိုင်ငံကို ပြန်လာပြီးဆေးပညာနဲ့ ပြည်သူလူထုကို အလုပ်အကျွေးမပြုခင်မှာ အိမ်ဖြူတော်ကိုသွားရောက်ပြီး သမ္မတအင်ဒရူးဂျက်ဆန် နဲ့လဲ တွေ့ဆုံခဲ့ပါတယ်။

မောင်ရှောလူး အမေရိကန်ကို မရောက်ခင် တစ်နှစ်အလိုလောက်ကပဲ မြန်မာဘုရင် မင်းတုန်းမင်းဟာ သမ္မတဖရန်ကလင် ပီးယာ့စ် ထံကို ချစ်ကြည်ရေး သဝဏ်လွှာ ပေးပို့ခဲ့တာရှိပြီး နောက်တက်လာတဲ့ သမ္မတဂျိမ်းစ် ဘွတ်ခနမ်ထံကိုလဲ မြန်မာအမေရိကန် နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ သံတမန်ဆက်ဆံရေးတွေ တိုးမြှင့်ဖို့ သဝဏ်လွှာများ ပေးပို့ခဲ့တာ ရှိပါတယ်။

သမိုင်းကြောင်း အစဉ်အလာများအရ ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ အမေရိကန် ပြည်ထောင်စုတို့ဟာ နှစ်ပေါင်း တစ်ရာ့ငါးဆယ်ကျော်ကြာ ဆက်ဆံရေးတွေ ရှိခဲ့တာကို အထင်အရှားတွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။

ဒါတွေကိုထောက်ရှုပြီး ကျွန်တော်တို့အနေနဲ့ မြန်မာ-အမေရိကန် နှစ်နိုင်ငံ အစိုးရများကြား ရင်းနှီးတဲ့ မဟာမိတ်များအဖြစ်နဲ့ လက်တွဲလုပ်ဆောင်ပြီး မြန်မာ-အမေရိကန် ဆက်ဆံရေး စာမျက်နှာသစ်ကို ဖွင့်လှစ်လိုပါတယ်။ မြန်မာပြည်သူများနဲ့ အမေရိကန် ပြည်သူများအကြားလဲ ရင်းနှီးတဲ့ မိတ်ဆွေများအဖြစ် ခင်ခင်မင်မင် ဆက်ဆံသွားကြဖို့လဲ တိုက်တွန်းလိုပါတယ်။

ကျွန်တော်တို့ရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ  အောင်မြင်အောင်  မိတ်ဆွေတို့ရဲ့ ကူညီထောက်ပံ့မှု များကိုလဲ မျှော်လင့်လျက် ရှိပါတယ်၊ အမေရိကန် ပြည်ထောင်စုမှာ ရှိတဲ့ ထိပ်တန်းတက္ကသိုလ်ကြီးတွေရဲ့ အကူအညီ၊ အမေရိကန် စီးပွားရေး လုပ်ငန်းရှင်များရဲ့ အကူအညီတွေကိုလဲ ရရှိနိုင်မယ်လို့ ယုံကြည် မျှော်လင့်လျက် ရှိပါတယ်။

ကျွန်တော်တို့ အစိုးရအနေနဲ့ လွန်ခဲ့တဲ့ နှစ်နှစ်ကစပြီး ဆောင်ရွက် အကောင်အထည်ဖော် လာခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များရဲ့ ရည်ရွယ်ချက်ကတော့ တစ်ခုထဲပဲ ရှိပါတယ်။ ကျွန်တော်တို့ မျိုးဆက်သစ် လူငယ်တွေ အတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်၊  ပိုမိုကောင်းမွန်ပြည့်စုံတဲ့ ဘဝတစ်ခု ဖန်တီး ပေးနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ အစိုးရဟာ ပြည်သူ့အစိုးရဖြစ်တယ်လို့ ခံယူထားတာနဲ့အညီ ပြည်သူတွေရဲ့ ဘဝကို မြှင့်တင်နိုင်ဖို့အတွက် ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို အစွမ်းကုန် ကြိုးစား အကောင်အထည်ဖော်လျက် ရှိပါတယ်။

လာမယ့် ၂၀၀၅ ရွေးကောက်ပွဲမှာ ဒီမို့ရေစီ နည်းလမ်းကျ ပေါ်ပေါက်လာမယ့် အစိုးရသစ် အတွက် အခြေခံကောင်းတွေ ဖန်တီးပေးနေတာလည်း ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ ဒီမိုကရေစီအရေး အောင်မြင်စေဖို့အတွက် အမေရိကန်အစိုးရ၊ လွှတ်တော်၊ အရပ်ဖက် လူ့အဖွဲ့ အစည်းများမှ လက်ရှိမြန်မာနိုင်ငံရေး အခြေအနေနဲ့ အကိုက်ညီဆုံး ဖြစ်တဲ့အကူအညီတွေကို ပွင့်လင်းမြင်သာမှု ရှိရှိ ပေးအပ်သွားဖို့လည်း မေတ္တာရပ်ခံ လိုပါတယ်။

နိုင်ငံတကာမိတ်ဆွေများ အားလုံးရဲ့ အကူအညီတွေ၊ အိမ်နီးချင်းနိုင်ငံတွေရဲ့ အကူအညီ၊ ကျွန်တော်တို့ ပြည်သူလူထုတွေရဲ့ တက်ကြွစွာ ပါဝင်ပူးပေါင်းဆောင်ရွက်မှု ခွန်အားတွေနဲ့ အတူ အမေရိကန်ပြည်သူတွေရဲ့ ကူညီထောက်ပံ့မှုတွေကြောင့် ဒီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အောင်မြင်လိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ ရိုးသားစွာ ယုံကြည် မျှော်လင့် ပါတယ်။

မိတ်ဆွေများ အားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ။
အားလုံးကို ကျေးဇူးတင်ပါတယ်။
---------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဝါရှင်တန်ရှိ မြန်မာသံရုံးတွင် မြန်မာမိသားစုများနှင့် တွေ့ဆုံကာ အမှာစကားပြောကြား


 

 နေပြည်တော် မေ ၁၉

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မေလ ၁၈ ရက်က ဝါရှင်တန်မြို့သို့ ရောက်ရှိစဉ် မြန်မာသံရုံး၌ အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်၊ မေရီလန်းပြည်နယ်နှင့် ဝါရှင်တန်မြို့တို့တွင်  ရောက်ရှိနေသည့် မြန်မာ မိသားစုများနှင့် တွေ့ဆုံ အမှာစကားပြောကြားသည်။ ပြောကြားချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

ကျွန်တော်တို့နိုင်ငံက အရှေ့တောင်အာရှ နိုင်ငံ ၁၀ နိုင်ငံထဲမှာတောင် ကြည့်လိုက်လို့ရှိရင် ကျွန်တော်တို့နိုင်ငံက နောက်ပိုင်းမှာ ရှိတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ အဆင့်အတန်းက လာအို နိုင်ငံတို့၊ ကမ္ဘောဒီးယားနိုင်ငံတို့ အဆင့်လောက် ပဲရှိတယ်။ ဗီယက်နမ်နိုင်ငံတို့တောင် ကျွန်တော်တို့ကို အများကြီး ဖြတ်ကျော်သွားပြီ။ ဟိုတုန်းကဆိုရင် အရှေ့တောင်အာရှတင်မက အာရှအဆင့် မှာတောင် ထိပ်မှာရှိနေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တယ်။ မင်္ဂလာဒုံ လေဆိပ်ကြီးဆိုရင်လည်း ဟို တုန်းက ကမ္ဘောဒီးယားကနေ ပြင်သစ်ကို သွားချင်တယ်ဆိုရင် ရန်ကုန်ကို လာပြီးတော့ လေယာဉ် စီးရတယ်။ ဘရူနိုင်း ဆိုရင်လဲ မြန်မာဆန်ကိုပဲ ဝယ်စားနေရတယ်။ နောက်ပြီးတော့ စင်ကာပူ ခွဲထွက်လာတော့ စင်ကာပူ ခွဲထွက်စမှာ ဘာမှ မရှိဘူး။ မြန်မာနိုင်ငံကို လာပြီးတော့ လေ့လာရတာတွေရှိတယ်။ အခုတော့ စင်ကာပူကို ကျွန်တော်တို့က မော့ပြီးတော့ကြည့်နေရတယ်။

တစ်ခုတော့ ဝမ်းသာစရာကောင်းတယ်။ စင်ကာပူမှာ အနည်းဆုံး လူဦးရေ ၂၀၀၀၀ ကျော် လောက်က ကျွန်တောတို့ မြန်မာတွေပဲ။ အဲဒီတော့ အခြေခံကောင်းတွေ ရှိလျက်သားနဲ့ တိုင်းပြည်က နောက်ကျနေတယ်။ နောက်တစ်ခုကလဲ တိုင်းပြည်ရဲ့ အခြေခံအနေအထားကို ကြည့်ပြန်ရင်လည်း ရာသီဥတုက နွေမိုးဆောင်းဆိုတဲ့သင့် တင်မျှတတဲ့ ရာသီဥတုမျိုး ဖြစ်တယ်။ တချို့ နေရာတွေမှာ ရေခဲရင်လည်း လေး၊ ငါး၊ ခြောက် လလောက် ခဲနေတာ။ ရေခဲရင်လည်း ရေခဲထုက ၄ ပေ၊ ၆ ပေ လောက် ရှိတယ်။ စိုက်လို့ ပျိုးလို့ ဘာမှမရဘူး။ တချို့ကျတော့လည်း သဲကန္တာရ ဖြစ်လို့ စိုက်လို့ပျိုးလို့ ဘာမှမရဘူး။ စောစောက ပြောသလို ကျွန်တော်တို့မှာ သဲကန္တာရ လိုနေရာ မျိုးလည်း မရှိပါဘူး။ မိုးနည်းရပ်ဝန်း ဒေသမျိုးပဲ ရှိတယ်။ ရေခဲတယ်ဆို တာကလည်း ကျွန်တော် ထင်တယ် ကချင်ပြည်နယ်မှာ ရေခဲတာကလွဲပြီး မြန်မာပြည်အောက်ပိုင်း ရေခဲတဲ့နေရာ မြင်ကို မမြင်ဖူးပါဘူး။ ကျွန်တော်တို့ တိုင်းပြည်က ရေခဲနေတဲ့ တိုင်းပြည်လည်း မဟုတ်ဘူး။ နွေမိုးဆောင်း သင့်တင့်မျှတတဲ့  ရာသီဥတုရှိတယ်။ နေမှုထိုင်မှု စားမှု အင်မတန်မှ အဆင်ပြေတဲ့ရာသီဥတု ဖြစ်တယ်။

နောက်ပြီးတော့ ကျွန်တော်တို့ မြေကြီးကလည်း တူးပြီးဆွပြီး မြေဩဇာထည့်ပြီး စိုက်နေ စရာမလိုဘူး။ အစေ့ကျတာနဲ့ အပင်ပေါက်တယ်။ ဥပမာ မန်ကျည်း စေ့လို ဟာမျိုး အစေ့ကျတာနဲ့ တန်းပြီး အပင်ပေါက်တယ်။ ဒီလိုရာသီဥတုနဲ့ ဒီလို မြေမျိုးကို ပိုင်ဆိုင်ထားတဲ့အတွက် စားဖို့သောက်ဖို့ကို ဘာမှ မပူရဘူး။

လူ့ဘဝမှာ အရေးကြီးဆုံး အကြောင်းတရား သုံးပါးရှိတယ်။ စားဖို့အတွက်ရယ်၊ ဝတ်ဖို့အတွက်ရယ်၊ နေဖို့အတွက်ရယ်။ စားဖို့အတွက်ကို ကျွန်တော်တို့မှာ ဘာမှမပူရဘူး။ တကယ်သန်း ၆၀ အတွက် လောက်ငနေတယ်။ လောက်ငနေရုံ မကဘူး ပိုလျှံနေတယ်။ ပိုလျှံနေတဲ့ ဆန်တို့၊ ပဲတို့ တခြား သီးနှံတွေကို ထုတ်ပြီးတော့ ရောင်းချနေရတယ်။ ရောင်းချနေရလို့ တိုင်းပြည်ချမ်းသာလားဆိုတော့ မချမ်းသာဘူး။

နောက်တစ်ခုကတော့ ကျွန်တော်တို့ ဈေးကွက်ပေါ့။ ဈေးကွက်ကလည်းပဲ ကြီးမားတဲ့ ဈေးကွက်တွေက တောင့်တင်းခိုင်မာမှု မရှိဘူး။ ဥပမာ- တရုတ်နိုင်ငံ ဆိုရင် လူဦးရေ ၁ ဒသမ၃ ဘီလီယံ ရှိတယ်။ ၁ ဒသမ ၃ ဘီလီယံဆိုတော့ ကျန်တာက သူ့ဘာသာ စိတ်ကြိုက်နေလို့ရပေမယ့် ထမင်း မစားဘဲနဲ့တော့ နေလို့မရဘူး။ အစားအသောက် အတွက် သူကတော့ အမြဲတမ်း လိုနေတယ်။ ကျွန်တော်တို့က ဘော်ဒါထရိတ်ဆိုရင် မူဆယ်ဘက်မှာ မြန်မာနိုင်ငံဘက်က စားလို့ရတဲ့ပစ္စည်း မှန်သမျှ အကုန်ဝယ်တာပဲ။ ဆန်လည်းဝယ်တယ်။ သားငါးလည်းဝယ်တယ်။ နောက်ဆုံး မြွေလည်း ဝယ်တယ်။ ငါးရှဉ့်လည်းဝယ်။ နောက်ဆုံးဆိုရင် ကင်းမြီးကောက်တောင် ဝယ်တယ်။ အဲဒီနိုင်ငံကြီးက ကြီးမားတဲ့ ဈေးကွက်ကြီးက ကျွန်တော်တို့ နိုင်ငံရဲ့အနားမှာ ရှိတယ်။

နောက်ပြီး အိန္ဒိယနိုင်ငံ။ သူဆိုရင်လည်းပဲက ကျွန်တော်တို့ နိုင်ငံကိုပဲ အားထား နေရတယ်။ အိန္ဒိယက ပဲစားတာ များတယ်။ ဒီကနေ့အထိ ကျွန်တော်တို့က ပဲရောင်းနေရတုန်းပဲ။ ဟိုတုန်းကဆိုရင် ကျွန်တော်တို့က ဆန်ပါ ရောင်းလို့ရတယ်။ ဒီကနေ့ဆိုရင် သူ့မှာလည်း ဆန်တွေပိုလျှံ တယ်ထင်တယ်။ အရန်ဆန်တွေကို ထုတ်ရောင်းလိုက်လို့ ဆန်ရောင်းတဲ့ နိုင်ငံတွေလဲ ဒုက္ခတွေ ရောက်ကုန်တယ်။ ဒါပေမဲ့ ဒီကနေ့ အထိတော့ ပဲကတော့ ရောင်းနေရတုန်းပဲ။

နောက်တစ်ခုကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူဦးရေ သန်း ၁၆၀ ရှိတယ်။ ကျွန်တော်တို့ လူဦးရေက ဒီကနေ့မှာ သန်း ၆၀ ရှိတယ်။ ဒါက ခန့်မှန်းတဲ့လူဦးရေ။ ကျွန်တော်တို့မှာ စမ်းသပ် မကောက်ခဲ့တာက နှစ်ပေါင်း ၃၀ လောက်ကြာ ခဲ့ပြီ။ အခုမှ စမ်းသပ်ပြန်ကောက်နေတယ်။ သန်း ၆၀ ပဲထားလိုက်ပါတော့။ ဟိုမှာက သန်း ၁၆၀ ရှိတယ်။ ကျွန်တော်တို့ထက် သန်း ၁၀၀ များတယ်။ နိုင်ငံလေးက သေးသေးလေးပဲ။ ကျွန်တော် တို့နိုင်ငံရဲ့ ငါးပုံတစ်ပုံပဲ ရှိတယ်။ သူ့မှာလည်း စားဖို့အတွက်၊ နေဖို့အတွက် အမြဲတမ်းပူနေရတယ်။ ခင်ဗျားတို့ပြောနေတဲ့ ရခိုင်ပြည်နယ်ဘက်မှာ ဖြစ်နေတဲ့ ပြဿနာတွေရဲ့ ဇာစ်မြစ်ကတော့ အဲဒါပဲ။ ဟိုတုန်းကတော့ ကိုလိုနီတွေ ခေတ်မှာတုန်းက အင်္ဂလိပ်က ခေါ်လာတယ်။ ဒီဘက်မှာ လယ်တွေရှိတယ်။ လယ်တွေလုပ်ဖို့ စပါးစိုက်ဖို့ဆိုပြီးတော့ ခေါ်လာတယ်။ ဟိုတုန်းက ခေါ်လာတဲ့ ဘင်္ဂလီတွေ စပါးစိုက်ပြီး ရိတ်သိမ်းပြီးတာနဲ့ ပြန်သွားကြတယ်။ နောက်ပိုင်းကျတော့ မပြန်တော့ဘူး။ အဲဒီကနေ တဖြည်းဖြည်း ပေါက်ဖွားလာလိုက်တာ အခုဆိုရင် သိန်းဂဏန်းလောက် ရှိသွားပြီ။ နောက်ထပ် ပွားလာဖို့ ရှိတယ်။ နောက်တစ်ခါ ဒီလိုပဲ ကျွန်တော်တို့ ရခိုင်တိုင်းရင်းသားတွေနဲ့ ဖြစ်တဲ့ ပြဿနာတွေကလည်း တော်တော့ကို ဖြေရှင်းဖို့ ခက်တယ်။ ဒီပြဿနာတွေက သာမန်အကြောင်းကိစ္စတစ်ရပ်ကို အဆိုပြုပြီးတော့ လူအုပ်စုချင်း ရိုက်ကြပြုကြ ခတ်ကြပေမယ့် နောက်ပိုင်းမှာ လူမျိုးရေးတို့ ဘာသာရေးတို့ ဆိုတာဖြစ်လာတယ်။ အဲဒီ ရခိုင်ပြည်နယ်မှာ ဖြစ်တဲ့ ပြဿနာကနေ ဘာမဆိုင် ညာမဆိုင် မိတ္ထီလာမှာလာဖြစ်၊ နောက်တစ်ခါ ဥက္ကံလို နေရာမျိုးမှာ လာဖြစ်၊ ပဲခူးတိုင်း အနောက်ခြမ်းမြို့တွေမှာ လာဖြစ်၊ အဲဒါတွေကို ရင်ဆိုင်နေရတယ်။ ကျွန်တော်တို့မှာ စည်ပင် ဝါးပင်အရှိတယ်။ ကျွန်တော်တို့ လူမျိုးတွေကလဲ တကယ်တမ်းဆိုရင် အိုင်ကျူက နိမ့်နေသေးတယ်။ ပညာရေး ကလည်း နိ့မ်ကျပြီးတော့ ကျန်ခဲ့တယ်။ ဟိုတုန်းကလို ယေးလ် လိုဟာမျိုး၊ အောက်စဖို့ဒ် လိုဟာမျိုး အဲဒီတွေမှာ ဘွဲ့ရတဲ့ဆရာ၊ ဆရာမကြီးတွေက တက္ကသိုလ်တွေမှာ ရှိခဲ့တယ်။ အဲဒါတွေကိုတော့ ကျွန်တော်တော့ မမီခဲ့ဘူး။ ကျွန်တော်ကတော့ စစ်တက္ကသိုလ် သွားတက်နေတယ်။ ကျွန်တော်တို့ရဲ့ ဆရာသမားတွေ၊ အစ်ကိုတွေ စသည်ဖြင့် သူတို့ တွေက ယေးလ်တို့ အောက်စဖို့ဒ် တို့က ဘွဲ့တွေရကြတယ်။ အခုကျတော့ အသက်တွေကကြီးပြီ။ ပင်စင်ယူသွားကြပြီ။ နောက်ပိုင်းမှာ ခါးဆက်က ပြတ်နေပြီတော့ ဒီကနေ့ နာမည်ကြီးတဲ့ တက္ကသိုလ်က ဆရာ၊ ဆရာမဆိုတာ တက္ကသိုလ်တွေမှာ မရှိသလောက်ကို ရှားနေတယ်။ တိုင်းပြည် ဖွံ့ဖြိုးရေးအတွက် ပညာရေးက အရေးကြီးတယ်။

လက်ရှိမြန်မာနိုင်ငံက ဒီမိုကရေစီနိုင်ငံသစ်ကို သွားနေတယ်။ ပုံစံသစ် မော်ဒယ် ဆိုတာ  တကယ်တော့လည်း ကျွန်တော်တို့ကို သူတို့ချီးမွမ်းချင်လို့ ချီးမွမ်းကြတာ။ တကယ်တော့ ကျွန်တော်တို့ လုပ်ရတဲ့ဟာက ထွေထွေထူးထူး လုပ်ရတာ မဟုတ်ဘူး။ ကြီးကြီးမားမား ထူးထူးခြားခြား မဟုတ်ပါဘူး။ အစိုးရ တက်လာတယ်။ ပြည်သူရွေးတဲ့ အစိုးရဆိုတော့ ပြည်သူလိုအပ်တာကို လုပ်ပေးရတယ်။ ပြည်သူတွေ ဘာလိုသလဲ။ လိုအပ်တာကို လုပ်ပေးရတယ်။ ကျွန်တော်တို့ သန်း ၆၀ သော လူဦးရေ။  တစ်ယောက်ချင်း ဆိုရင်တော့ လိုအပ်တာတွေက အများကြီးပဲ။ တစ်ယောက်ချင်း မေးရင်တော့ သန်း ၆၀ တောင် ကချင်မှ ကမယ်။ ကျွန်တော်တို့ စကားပုံ ရှိပါတယ်။ လူ့အလို နတ်မလိုက်နိုင် ဆိုသလို။ ကျွန်တော် မပြောနဲ့ နတ်တောင် မလိုက်နိုင်ဘူး။ ဒါပေမဲ့ တူညီတဲ့ လိုအပ်ချက်၊ တူညီတဲ့ဆန္ဒက နှစ်ခုပဲရှိ တယ်။ တစ်ခုက ဘာလဲဆိုရင် တိုင်းပြည် လုံလုံ ခြုံခြုံ အေးအေး ချမ်းချမ်းနဲ့ တရားဥပဒေ စိုးမိုးတဲ့ တိုင်းပြည်ဖြစ်ဖို့ လိုတယ်။ ဘာကြောင့်လဲဆိုတော့ လွတ်လပ်ရေး စရပြီးကတည်းက နှစ်ပေါင်း ၆၀ လောက် အထိ လက်နက်ကိုင် ပဋိပက္ခတွေက ဖြစ်ခဲ့တယ်။ ဒီရန်ကုန်လိုမြို့မျိုးကတော့ မသိနိုင်ဘူး။ နယ်စပ်ဒေသ တွေမှာကတော့ ခါးစည်းပြီးတော့ ခံနေရတုန်းပဲ။ ခါးသီးတဲ့ ပြည်တွင်းစစ် ဒဏ်ကြောင့် အဖေတွေသေတယ်၊ မောင်တွေ သေတယ်၊ ညီတွေသေတယ်၊ အစ်ကိုတွေသေတယ်၊ ခြေတွေပြတ်တယ်။ လက်တွေပြတ်တယ်။ အဲဒီလို ခါးသီးတဲ့ ပြည်တွင်းစစ်ဒဏ်ကို မခံနိုင်ကြလို့ တိုင်းပြည်ကို ပြည်သူလူထုက အေးချမ်းတဲ့ တရားဥပဒေ စိုးမိုးတဲ့နိုင်ငံဖြစ်စေချင်တယ်။ ဘယ်သူ့ မေးကြည့်ကြည့် ခင်ဗျား ဆူဆူပူပူ ကြိုက်သလား။ အေးချမ်းတာ ကြိုက်သလားဆိုတာကို။

နောက်တစ်ခုက အခြေခံကောင်းတွေရှိရဲ့ သားနဲ့ စီးပွားရေးက နောက်ကျနေတယ်။ အဲဒါကြောင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ချင်တယ်။ သန်း ၆ဝ သော ပြည်သူတွေ ရဲ့ဆန္ဒပဲ။ အဲဒီသန်း ၆၀ ထဲမှာ ခင်ဗျားတို့လည်းပါတယ်။ ခင်ဗျားတို့ရဲ့ ဆန္ဒကလည်း ဒီအတိုင်းပဲဖြစ်မှာပဲ။ အေးချမ်းပြီး တရားဥပဒေ စိုးမိုးတဲ့ တိုင်းပြည်ဖြစ်ချင်တယ်။ လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်တဲ့ တိုင်းပြည် ဖြစ်ချင်တယ်။ အဲဒါ ပြည်သူတွေရဲ့ ဆန္ဒပဲ။ အဲဒါ ကျွန်တော်တို့ကို ပြည်သူတွေက ရွေးပြီးတော့  တင်မြှောက်လိုက်တဲ့ အစိုးရဆိုတော့  ပြည်သူတွေရဲ့ဆန္ဒကို လေ့လာကြည့်လိုက်တဲ့ အခါမှာ  ဒီလိုမျိုး တူညီနေတဲ့ ဆန္ဒကို လေ့လာရတယ်။ ကျန်တာတွေကတော့ မျိုးစုံပေါ့။ အများကြီး ရှိတယ်။ လူ တစ်ဦးချင်း ချမ်းသာအောင်လည်း ကျွန်တော်တို့ လုပ်မပေးနိုင်ဘူး။ လူတစ်ဦးချင်း စိတ်ကျေနပ်အောင် ကျွန်တော်တို့ စိတ်ဆန္ဒကလည်း လုပ်ပေး ချင်ပါတယ်။ သို့ပေမယ့် တူညီတဲ့ဆန္ဒကတော့ အတတ်နိုင်ဆုံး ဖြည့်စွမ်း ပေးမယ်ဆိုပြီး ကျွန်တော်တို့ အစိုးရအနေနဲ့ ကြိုးစားပြီးတော့ လုပ်နေပါတယ်။ တိုင်းပြည် တည်ငြိမ်အောင် အေးချမ်းဖို့ဆိုတာက ကျွန်တော်တို့ နှစ်ခုရှိပါတယ်။  နိုင်ငံရေးအရ တည်ငြိမ်ဖို့လိုပါတယ်။ နိုင်ငံရေး အရ ဆူဆူပူပူဖြစ်နေရင် ကျန်တာ ဘာမှ လုပ်လို့မရဘူး။ နိုင်ငံရေးအရ တည်ငြိမ်ဖို့ ဆိုတာ ဟိုးအရင်တုန်းက ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေ ရှိတယ်။ သူတို့ကိုလည်း ကျွန်တော်တို့ရဲ့ နိုင်ငံရေး လုပ်ငန်း စဉ်တွေမှာ ပါဝင်လာဖို့ ရွေးကောက် ပွဲဝင်နိုင်အောင် ပါတီဖွဲ့နိုင်အောင် လုပ်ပေး။ တချို့ ဥပဒေတွေပြင်ပေး။ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ဝင်ရွေးပြီးတော့ အခုဆိုရင် ဟိုတုန်းက ကျွန်တော်တို့ကို ဆန့်ကျင်နေတဲ့သူတွေက အခုလွှတ်တော် ထဲကို ရောက်နေပြီ။ လွှတ်တော်ထဲမှာ တူညီတဲ့ တိုင်းပြည်အတွက် ကောင်းရာ ကောင်းကြောင်းတွေကို ဒီနေ့ပူးပေါင်းပြီးတော့ လုပ်နေတယ်။

ကချင် စစ်သားတစ်ယောက် သေတာလဲ တိုင်းပြည်ဆုံးရှုံးတာပဲ၊ ဗမာစစ်သား တစ်ယောက် သေတာလည်း တိုင်းပြည်ဆုံးရှုံးတာပဲ၊ ဘာကြောင့် ကျွန်တော်တို့က တိုက်နေကြတော့မှာလဲ။  တိုင်းပြည်မှာ အခြေခံကောင်းတွေ ရှိရဲ့သားနဲ့ ဆင်းရဲတယ်။ ဆင်းရဲတာ အခြားမကြည့်နဲ့ ဆင်းရဲနွမ်းပါးမှု နှုန်းကိုကြည့်လိုက်ရင် ၂၆ ရာခိုင်နှုန်းလောက် ရှိတယ်။ ကျွန်တော် ထင်ပါတယ် ကမ္ဘာပေါ်မှာ အများဆုံးများ ဖြစ်နေမလား မသိဘူး။

နောက်တစ်ခုက ဟိုတုန်းက အကြောင်းကြောင်းတွေကြောင့် ဖမ်းပြီး ထောင်ထဲ ထည့်ထားတဲ့ သူတွေကိုလည်း တစ်သုတ်ပြီး တစ်သုတ် လွှတ်ပေးနေတယ်။ ဒီကနေ့ အထိဆိုရင် ခြောက်ကြိမ်၊ ခုနစ်ကြိမ်လောက်ရှိပြီ။ မနေ့ကဆိုရင်လည်း တစ်သုတ် လွှတ်လိုက်တယ်။ ဒီလူတွေကို ဘာကြောင့် လွှတ်လဲဆိုရင် ကိုယ့်နိုင်ငံသားတွေ ဖြစ်တယ်။ ကျွန်တော်တို့ရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ပြီးတော့ အများကြီး လုပ်ဆောင်နိုင်အောင် ဒီလို စေတနာတွေနဲ့ လုပ်ပေးခဲ့တယ်။ အခု သူတို့တွေ ပါတီတွေ ဘာတွေထူထောင်ပြီးတော့ ၂၀၁၅ မှာ ရွေးကောက်နိုင်ဖို့အတွက် ပြင်ဆင် နေကြပြီ။ ဒါက နိုင်ငံရေးအရ တည်ငြိမ်အောင် လုပ်ပေးတာ။

နိုင်ငံရေးအရ တည်ငြိမ်လာပြီလား ဆိုတော့ အထိုက်အလျောက်တော့ တည်ငြိမ်တယ်။ သို့သော်လည်း ဆန္ဒပြနေကြတာတွေလည်း ရှိတယ်။ အလုပ် အကိုင် အခွင့်အလမ်းတွေ ကျတော့ ကျွန်တော်တို့ဆီမှာ ဆန္ဒပြတာတွေက အလုပ်တစ်ခုလိုဖြစ်နေတယ်။ အလုပ်မရှိတဲ့သူတွေက တစ်နေ့ကို တစ်ဒေါ်လာ ဝင်ဖို့ ခက်ပါတယ်။ ကျွန်တော်တို့ဆီမှာက တစ်ဒေါ်လာတောင် မလိုပါဘူး။ တစ်နေ့ ၁ဝဝဝ လောက်ဆိုရင် မနက်စာ ညစာ စားလို့ ရပါတယ်။ ၁ဝဝဝ လောက်တောင်မှ ဝင် ငွေမရှိတဲ့၊ အလုပ်အကိုင် မရှိတဲ့သူတွေရှိတယ်။ ကဲ ဆန္ဒပြကြမယ် ၃၀၀၀ ပေးမယ် ဆိုတော့ အကုန်ပါသွားတာပဲ။ အဲတော့ ဈေးစစ်ရင်းနဲ့ ၃၅၀၀ မရဘူးလား။ ကလေးကတော့ ရမှာပေါ့။ ကလေးကတော့ ၃၀၀၀၊ လူကြီးကတော့ ခုန ကလို ၅၀၀၀၊ ခင်ဗျားတော့ တစ်နာရီလောက်တော့ ဝိုင်းတော့ အော်ပေးရမှာပေါ့။ ဆန္ဒပြတာလည်း အလုပ်အကိုင် ဖြစ်နေတယ်။ သို့သော်လည်း ဒီမိုကရေစီ ခေတ်မှာတော့ ဆန္ဒပြတာတော့ ဖြစ်ရိုးဖြစ်စဉ်ကိစ္စတွေပေါ့။ သူတို့ရဲ့ လိုလားချက်တွေ၊ ဆန္ဒတွေကို ပွင့်ပွင့်လင်းလင်းနဲ့ ဒီလိုပဲ ဖိတ်ခေါ်ပြီးတော့ ပြောဆိုပြီးတော့ ရနိုင်မယ့် အခွင့် အလမ်းတွေရလာမှာပါ။

နောက်တစ်ခုကတော့ လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ နှစ်ပေါင်း ခြောက်ဆယ်ကျော်ခဲ့ပြီ။ အဲဒီတော့ ငြိမ်းချမ်းရေး လုပ်ရတာသူများ တိုင်းပြည်တွေမှာ လက်နက်ကိုင်အဖွဲ့အစည်း က တစ်ဖွဲ့နှစ်ဖွဲ့လောက်နဲ့ပဲ ညှိရနှိုင်းရတယ်။ သိရိလင်္ကာ ဆိုလို့ရှိရင်လည်း တမီလ်လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ပဲ လုပ်ရတယ်။ ဖိလစ်ပိုင် ဆိုလည်း တစ်ဖွဲ့လောက်နဲ့ ညှိရတယ်။ ကျွန်တော်တို့က သူများထက် ပိုထူးခြားတာက ကျွန်တော်တို့ အစိုးရ ဖြစ်လာတဲ့အချိန်မှာ လက်နက်ကိုင် ဆန့်ကျင်နေတဲ့အဖွဲ့ ၁၁ ဖွဲ့ ရှိတယ်။ အယူအဆတွေလဲ အမျိုးမျိုး အတွေးအခေါ် တွေလည်း အမျိုးမျိုး။ လူမျိုးစုတွေ ဆိုတော့ သူတို့ကိုယ် သူတို့ လူမျိုးခြားတွေလို့ ထင်နေပြီးတော့ အတွေးအခေါ်တွေ အယူအဆတွေက တမျိုးလေးတွေ ဖြစ်နေတယ်။ ဒါကို တူညီ အောင်ညှိကြ ပြုကြရတာ တော်တော် လေးခက်တယ်။ နောက်ဆုံး ဘာနဲ့ညှိရသလဲ ဆိုတော့ မြန်မာနိုင်ငံ မြေပုံကြီး ချပြပြီးတော့ ဒါမြန်မာနိုင်ငံ မြေပုံကြီး၊ ခင်ဗျားတို့ ကျွန်တော်တို့ အားလုံးဟာ ဟောဒီ မြေပုံကြီး အဝန်းအဝိုင်းထဲမှာ အကုန်နေနေကြတယ်။ ပြောရရင် ကျွန်တော်တို့က တူညီတဲ့ တိုင်းရင်းသားတွေပဲ၊ ကွဲပြားခြားနားမှုတွေက ရှိတာပေါ့။ အိမ်ထောင်စု တစ်စုကို ကြည့်လိုက် ဒီအဖေ ဒီအမေက မွေးတာပဲ၊ သားသမီး လေးငါးခြောက်ယောက် ပါတယ် ဆိုရင်ပဲ ခင်ဗျားတို့ သားသမီး တွေပဲကြည့်ကြည့် တစ်ချို့က အရပ်ရှည်တာ ပါတယ်။ တစ်ချို့က အရပ်ပုတာပါတယ်။ တစ်ချို့က အသားလတ်တာပါတယ်။ တချို့က အသားညိုတာပါတယ်။ တချို့က စိတ်ရှည်ပြီး သည်းညည်းခံတယ်။ စိတ်သဘော ထားကောင်းတယ်။ တချို့က စိတ်တို့တယ်၊ စိတ် ဆတ်တယ်။ အဖေ၊ အမေ မွေးလာတဲ့ ညီအစ်ကို မောင်နှမ သုံးလေးယောက်ထဲမှာပဲ ကွဲပြားခြား နားမှုတွေရှိတာပဲ။ အဲဒီတော့ တစ်နိုင်ငံလုံးမှာပဲ ကွဲပြား ခြားနား မှုတွေရှိနေတယ်။ တူညီတဲ့ဟာကတော့ ရှိတယ်။ အဲဒါက ဘာလဲဆိုတော့ ကိုယ့် တိုင်းပြည်ကို ချစ်တဲ့စိတ်ပဲ။ ကိုယ့်တိုင်းပြည်ကို ချစ်တဲ့စိတ်ရှိရင် ဘာလို့ အချင်းချင်း ပစ်ခတ်သတ် ဖြတ်နေကြမှာလဲ။ ကချင်စစ်သားတစ်ယောက် သေတာလဲ တိုင်းပြည် ဆုံးရှုံးတာပဲ။ ဗမာ စစ်သား တစ်ယောက် သေတာလဲ တိုင်းပြည်ဆုံးရှုံးတာပဲ။ အကုန်လုံးက တိုင်းပြည်အတွက် ဆုံးရှုံးမှုတွေပဲ။ ဘာကြောင့် ကျွန်တော်တို့က တိုက်နေကြတော့ မှာလဲ။ ကျွန်တော်တို့ ငြိမ်းချမ်းရေး တည်ဆောက် ကြရအောင်၊ ကျွန်တော်တို့ ကြိုးစားကြရအောင်။ မတူတာတွေ ဘေးမှာဖယ်ထား၊ တူတဲ့အလုပ်ကို ကျွန်တော်တို့ ပေါင်းပြီး လုပ်ကြရအောင်။ မတူတဲ့ဟာတွေကို လက်နက်နဲ့ ဖြေရှင်းမယ့်အစား တဖြည်းဖြည်းနဲ့ ညှိယူကြရအောင်။ လက်နက်နဲ့ ဖြေရှင်းမယ့်အစား စားပွဲပေါ်မှာ ထိုင်ပြီးတော့ ဖြေရှင်းဖို့ လုပ်ခဲ့တယ်။ နောက်ဆုံးကျန်နေတဲ့ ကချင်အဖွဲ့နဲ့ လဲ ထိတွေ့ ဆက်ဆံမှုတွေလည်း ရှိတယ်။ နားလည်မှုတွေလဲ ကျွန်တော်တို့ရတယ်။ နှစ်နှစ်လောက်ကတော့ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေက တော်တော်လေး ပြင်းထန်တယ်။ တစ်ဖက်ကလဲ အကျ အရှုံးတွေများသလို ကျွန်တော်တို့ဘက်ကလဲ ကျရှုံးတာတွေ များပါတယ်။ နောက်ထပ်လဲ မီးရထား လမ်းတွေ၊ တံတားတွေ မိုင်းခွဲ ဖျက်စီးခံရတာတွေလဲ များပါတယ်။ နှစ်နှစ်အတွင်းမှာ တော်တော်လေးကို ပြင်းပြင်း ထန်ထန်တွေ ဖြစ်ခဲ့ပါတယ်။ ဒီကနေ့မှာ ကချင်ပြည်နယ်မှာ ပစ်ခတ်တိုက်ခိုက် တာတွေ လုံးဝမရှိသလောက်ပဲ။

နောက်တစ်ခါ KNU  ဆိုတဲ့ ကရင် အင်မတန် ခက်ခဲမယ်ဆိုတဲ့ KNU နဲ့လဲ ဒီကနေ့ နားလည်မှုတွေ ရတယ်။ သဘောတူညီချက်တွေ ရတယ်။ ကရင်ပြည်နယ် ဘက်မှာလည်း ပစ်တာ ခတ်တာ တိုက်တာခိုက်တာတွေ မရှိသလောက် ပါပဲ။ အစိုးရနဲ့ တိုက်တာတော့ မရှိတော့ဘူး။ ဒါပေမယ့် ကိုယ့် အချင်းချင်း ပြန်ချ နေတာတော့ ဒီ နှစ်ဘက်လုံး ကျွန်တော်တို့ ဝင်မပါဘူး။ ရှမ်းပြည်နယ် ဘက်မှာလဲ ဒီအတိုင်းပါပဲ။ ရှမ်းပြည်က လူမျိုးစုံတယ်။ ရှမ်းလက်နက်ကိုင်အဖွဲ့ ရှိတယ်။ နောက် တစ်ခါ ကိုးကန့်ရှိတယ်။ '၀'ရှိတယ်၊ လားဟူရှိတယ်။ အများကြီးပါပဲ။ ဒီအဖွဲ့တွေနဲ့ ကျွန်တော်တို့ ငြိမ်းချမ်းရေး တည်ဆောက်တဲ့နေရာမှာ နားလည်မှုတွေ သဘော တူညီချက်တွေ ရရှိခဲ့ပါတယ်။ ပစ်ခတ်တိုက်ခိုက်တာတွေ ကတော့ ကျိုကြား ကျိုကြားတော့ ရှိနေပါတယ်။ ပြောရမယ် ဆိုရင်တော့ မြန်မာတစ်ပြည်လုံး ပစ်ခတ်တိုက်ခတ်မှုတွေကတော့ ရပ်စဲသွားသလောက်ကို ရှိနေပါတယ်။ ပစ်ခတ် တိုက်ခတ်မှု ရပ်စဲသွားလို့ ငြိမ်းချမ်းရေး ရပြီလား ဆိုတော့ ငြိမ်းချမ်း ရေးရပြီလို့ ပြောလို့ မရပါဘူး။ ထာဝရ တည်မြဲတဲ့ ငြိမ်းချမ်းရေး ရဖို့အတွက်တော့ နိုင်ငံရေးအရ ဆက်ပြီးတော့ ဆွေးနွေးဖို့ အများကြီး ရှိနေပါသေးတယ်။ ဒီအပိုင်းကတော့ ဘယ်သူတွေ ပါလာမလဲဆိုတော့ လွှတ်တော်ထဲမှာ ရွေးထားတဲ့ ပြည်သူ့ ကိုယ်စားလှယ် တွေရှိတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေ၊ လူမျိုးစု ကိုယ်စားလှယ် တွေနဲ့ နိုင်ငံရေးအရ ဆွေးနွေးတာကို ကျွန်တော်တို့ ဆက်လုပ်သွားရတာပေါ့။ နိုင်ငံရေးအရ ပြေလည်မှလဲ တိုင်းပြည်က ထာဝရ ငြိမ်းချမ်းရေးရမှာဖြစ်တယ်။ ပစ်ခတ်တိုက်ခိုက်မှုတွေ က ရပ်စဲသွားပြီ။ နိုင်ငံရေးအရ ဆွေးနွေးဖို့ လွှတ်တော်က တာဝန်ယူပြီး ဦးဆောင်ပြီး ဆွေးနွေးသွားမယ်။ ခင်ဗျားတို့အစိုးရက ဘာလုပ်နေလဲလို့ မေးခွန်းတွေ ရှိမယ်။ ဧပြီလအတွင်းမှာ စစ်ဘေး စစ်ဒဏ်ကြောင့် ရှောင်တိမ်း ပြေးလွှား နေရတဲ့ IDP  တွေရှိ တယ်။ ဒီလူတွေက ကိုယ့်ဒေသကိုပြန်လာပြီး နေဖို့ထိုင်ဖို့ ဆောက်ပေးရဦးမယ်။ အိုးအိမ်ဆောက်ပေးတာ အပြင် အလုပ်အကိုင်တွေ ဖန်တီး ပေးရဦးမယ်။ အလုပ်အကိုင်ရမှ ဝင်ငွေရမယ်။ ဝင်ငွေရမှ စားနိုင်သောက်နိုင်မယ်။ ကလေးတွေ ကျောင်းထားနိုင်မယ်။ နေထိုင်မကောင်းဖြစ်ရင် ဆေးဝါးကုသ နိုင်မယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ဒါတွေရအောင် လုပ်ပေးရမယ်။ နောက်ပြီး ဒီဒေသတွေမှာလည်း မိုင်းရှင်းလင်းရေးလုပ်ငန်းတွေလည်း လုပ်ရမယ်။ အစိုးရမှာလည်း လုပ်စရာတာဝန်တွေက အများကြီး ကျန်သေးတာရှိတယ်။ နှစ်နှစ်သာ ကုန်သွားတယ်၊ ကျွန်တော်တို့မှာ လုပ်ရမယ့်ဟာတွေက အများကြီး ကျန်သေးတယ်။

ဒီလုပ်ငန်း တာဝန်တွေကျတော့ ဒီတာဝန်တွေကို အစိုးရတစ်ခုတည်း ထမ်းဖို့မှာ ငွေကြေးက လိုလာတယ်။ တိုင်းပြည်က ချမ်းသာကြွယ်ဝတဲ့ တိုင်းပြည်မဟုတ်တော့ ကျွန်တော်တို့က ငြိမ်းချမ်းရေး တည်ဆောက်တဲ့ နေရာမှာ ပြန်လည် ထူထောင်ရေးတွေ လုပ်ဖို့ဆိုပြီးတော့ စင်တာ ထူထောင်ထားတာ။ IDP   တွေ အတွက် အလုပ်အကိုင် တွေရဖို့ စက်မှု ဇုန်တွေ ထူထောင်ပေးရမယ်။ လယ်မြေတွေ ရအောင် လုပ်ပေးရမယ်။ ကျောင်းသားတွေ အတွက် စာသင် ကျောင်းတွေ ပြန်ပြီးတော့ ထူထောင် ပေးရမယ်။ ဆေးဝါး ကုသနိုင်ဖို့အတွက် ကျန်းမာရေးတွေ ကာကွယ်ပေးရမယ်။

နောက်တစ်ခုက စီးပွားရေး တိုင်းပြည်မှာ အခြေခံကောင်းတွေ ရှိရဲ့သားနဲ့ ဆင်းရဲတယ်။ ဆင်းရဲတာ အခြားမကြည့်နဲ့။ ဆင်းရဲနွမ်းပါးမှုနှုန်း ကြည့်လိုက်ရင် ၂၆ ရာခိုင်နှုန်း လောက်ရှိတယ်။ ကျွန်တော် ထင်ပါတယ်၊ ကမ္ဘာပေါ်မှာ အများဆုံးများ ဖြစ်နေမလား မသိဘူး။ ကုလသမဂ္ဂကလည်း တာဝန်ပေးထားတယ်။ ကုလသမဂ္ဂ ထောင်စုနှစ် ရည်မှန်းချက် ဆင်းရဲနွမ်းပါးမှုနှုန်းကို ကျအောင်ချရမယ်။ ၂၀၁၅ မှာ ၂၆ ကနေ ၁၆ ကျအောင် ချရမယ်။ နောက်တစ်ခါ အလုပ်အကိုင် အခွင့်အလမ်းတွေ နည်းပါးတဲ့ အတွက်ကြောင့် တချို့သူများ နိုင်ငံတွေမှာ အလုပ်ထွက်ပြီး လုပ်တဲ့သူတွေ ရှိတယ်။ အင်ဂျင်နီယာတွေ၊ ဆရာဝန်တွေ ပညာတတ် တွေကတော့ ဂုဏ်ယူရမှာပဲ။ သို့သော်လည်း အလုပ်အကိုင်အခွင့်အလမ်း က စားဖို့လုပ်ဖို့တောင် မလုံလောက်တဲ့ အတွက်ကြောင့် သူများဆီမှာ အောက်ခြေသိမ်း လုပ်နေရတဲ့သူတွေ သုံးသန်းလောက် ကျွန်တော်တို့ရှိတယ်။ ကျွန်တော်တို့ ထင်ပါ တယ်၊ ထိုင်းမှာလည်း စုနေတယ်၊ မလေးရှားမှာလည်း စုနေတယ်။ နိုင်ငံချင်း မတူ၊ လူမျိုးချင်း မတူတော့ ခင်ဗျားတို့ ဒီမှာတော့ မသိဘူး။ ဟိုမှာတော့ အနှိမ်ခံ ရတယ်။ ဘာလို့လဲ ဆိုတော့ သူများ မလုပ်ချင်တဲ့ အလုပ်ကို လုပ်နေရတယ်။ ကျွန်တော်တို့ တိုင်းပြည်အတွက် လုပ်အားတွေ သုံးသန်းလောက် ဆုံးရှုံးတယ်။ သူများတိုင်းပြည် ဖွံ့ဖြိုး တိုးတက်ဖို့အတွက် သွားပြီး အလုပ် အကျွေးပြုနေတာနဲ့ ကျွန်တော်တို့ တူနေတယ်။ ဒီလူတွေက ဘာလို့ လုပ်နေလဲဆိုရင် ခင်ဗျားတို့မှ အလုပ်အကိုင်မပေးနိုင်တာ သွားမှာပေါ့လို့ ပြောကြမှာပဲ။ ဒီလူတွေ အလုပ်အကိုင် အခွင့်အလမ်းရဖို့ အတွက် ရှေးဦးစွာ စီးပွားရေးဖွံ့ဖြိုးမှုတွေရဖို့ အတွက် အလုပ်အကိုင် အခွင့်အလမ်းရဖို့် အလုပ်ရုံတွေ၊ စက်ရုံတွေ အများကြီး ထူထောင်ပေးရ မယ်။ နည်းပညာ ပါတဲ့ စက်ရုံ၊ အလုပ်ရုံတွေ အသာထား နည်းပညာသိပ်ပြီးမပါတဲ့ အထည်ချုပ် စက်ရုံတွေ ကျွန်တော်တို့ လုပ်ပေးရမယ်။ စက်ရုံ တစ်ရုံ ဆို ၁၀၀၀၊ ၁၅ဝဝလောက် အလုပ်ပေးနိုင်ရင် ဆယ်ရုံဆို လူ ၁ဝဝဝဝ လောက်ဖြစ်တယ်။

နောက်တစ်ခုက လူသားအရင်းအမြစ်က အခုမှ မွေးနေရတယ်။ ကျိုင်းတုံမှာ ကွန်ပျူတာ တက္ကသိုလ်ကြီးက သိပ်ခံ့ညားတာပဲ။ သုံးထပ်ရှိတဲ့ ကျောင်းဆောင်ကြီး။ ကွန်ပျူတာ တက္ကသိုလ်ဖွင့်မယ်ဆိုတော့ ကျောင်းသားတွေခေါ်လိုက်တော့ entitle  ဖြစ်တဲ့ကျောင်းသားက နှစ်ယောက်ပဲပါ လာတယ်။ ရတာစုတာပေါ့။ ပထမကတော့ အရေ အတွက်ပေါ့။ အရေအတွက်ကနေ အရည်အချင်း ကို မြှင်တာပေါ့။

အဲဒီတော့ ကျွန်တော်တို့ တိုင်းပြည် စီးပွားရေး ထူထောင်ဖို့အတွက်က အရင်းအနှီး မရှိဘူး။ အရင်းအနှီး ကျွန်တော်တို့က လိုတယ်။ နည်းပညာ မရှိဘူး၊ နည်းပညာ ရဖို့လိုတယ်။ လူသားစွမ်းရည် မရှိဘူး ကိစ္စမရှိဘူး ကိုယ့်ဘာသာမွေးမြူမယ်။ အဓိကကတော့ အရင်းအနှီးနဲ့ နည်းပညာ ရဖို့ပဲ။ အရင်းအနှီးနဲ့ နည်းပညာရ ဖို့က ဘာကို အားကိုးရ သလဲဆိုရင် ပြည်ပရင်းနှီးမြှုပ်နှံမှုကို အားကိုးရတယ်။ ပြည်ပ ရင်းနှီးမြှုပ်နှံမှုဆိုတာ ကောင်းတာတွေ အကျိုးရှိတာ တွေလည်း အများကြီးရှိပါတယ်။ အန္တရာယ်တွေလည်း ပါပါတယ်။ တိန့်ရှောင်ဖိန် ပြောသလို ပြတင်းပေါက်တွေ ဖွင့်လိုက်ရင် လေကောင်း လေသန့် တွေလည်း ဝင်လာသလို ယင်တွေ၊ ခြင်တွေလည်း ပါလာတာတွေကိုလည်း ကျွန်တော်တို့ ကြိုပြီးတော့ တွက်တယ်။ ဒီရင်းနှီးမြှုပ်နှံမှုတွေ လာတဲ့အခါမှာ တိုင်းပြည်အတွက်လည်း အကျိုးရှိမယ်။ တချို့ဟာတွေက တိုင်းပြည်ထိခိုက်စေတာ တွေလည်း ပါနိုင်တယ်။

မလာခင်ကတည်းက ကိုယ့်တိုင်းပြည်မှာ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီးတော့ မူဝါဒတွေ ချတယ်။ တစ်အချက်က ဘာလဲဆိုတော့ ကိုယ့်တိုင်းရင်းသားတွေရဲ့ အကျိုးစီးပွားကို မထိခိုက်စေရဘူး။ ကိုယ့်တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကို မထိခိုက် စေရဘူး။ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို မထိခိုက်စေရဘူး။ ဒီမိုကရေစီ နိုင်ငံတွေမှာ စီးပွားရေးသမားနဲ့ နိုင်ငံရေးသမားဆိုတာ သံကွင်းဆက်လို ချိတ်ထားရမယ်။ နိုင်ငံရေးသမားဆိုတာ မဲနိုင်ဖို့အတွက် စီးပွားရေးသမားကို မျက်နှာချိုသွေး ရတယ်။ စီးပွားရေး သမားဆီကနေ သွားပြီး အလှူခံရတယ်။ စီးပွားရေးသမားက လှူတဲ့ငွေနဲ့ မဲနိုင်အောင် လုပ်ရတယ်။ မဲနိုင်ပြီ ပြုပြီ အာဏာရပြီ ဆိုရင် စီးပွားရေးသမားကို ပစ်ထားလို့မရဘူး။ ပြန်ပြီးတော့ ကြည့်ရတယ်။ ပစ်ထားလို့ကတော့ နောက်တစ်ခါ သူနိုင်ငံရေးလုပ်တဲ့အခါ ရစရာ အကြောင်းမရှိဘူး။ စီးပွားရေးသမားနဲ့ နိုင်ငံရေး သမားမှာ စီးပွားရေးသမားက သိပ်လွှမ်းမိုးလာ လို့ရှိရင် ဟိုဟာလုပ်လိုက်ဦးကွာ၊ ဒီဟာလုပ်လိုက်ဦးကွာ ဆိုရင် ကျွန်တော်တို့ အချုပ်အခြာ အာဏာကို ထိခိုက်လာမယ်။ ဒီတော့ အချုပ်အခြာအာဏာ ကို မထိခိုက်စေရဘူး။

နောက်တစ်ခုက ကျွန်တော်တို့က သဘာဝ ပတ်ဝန်းကျင် မပျက်ဘူးဆိုတော့ သဘာဝအရင်းအမြစ် (ဥပမာ) ဂက်စ်တွေ ထွက်တယ်ဆို၊ ရှိသမျှ ဂက်စ်တွေ အကုန်လုံး ထုတ်မယ်ဆိုရင် ကျွန်တော်တို့ သားသမီး မြေးမြစ် လက်ထက်ကျ ဘာမှထုတ်စရာ မကျန်ဘူးဖြစ်မယ်။ သစ်တောတွေ ရှိတယ်ဆိုပြီး သစ်ပင်တွေ အကုန်ခုတ်ပြီး ရောင်းနေလို့ မရဘူး။ ကျွန်တော်တို့ သားစဉ်မြေးဆက်ကျ ဘာမှ မရှိဘူး ဖြစ်သွားမယ်။ သဘာဝပတ်ဝန်းကျင်၊ သဘာဝ ရင်းမြစ်ကို မထိခိုက်စေ ရဘူးဆိုပြီးတော့ မူငါးချက် လောက်ချပြီးတော့ ရင်းနှီးမြှုပ်နှံမှု ဥပဒေကို လက်ကမ်းပြီးတော့ ဖိတ်ခေါ်ရမယ်။ လက်ကမ်းပြီး ဖိတ်ခေါ်ပေမယ့် ရင်းနှီးမြှုပ်နှံမှု တွေကတော့ ကိုယ်စီ ကိုယ်စီ ပေါ့လေ။

ခုနကလို ငွေထုပ်ကြီး ပိုက်ပြီးတော့ ကျွန်တော်တို့ဆီ လာမှာပဲ။ လာမယ့်လူတွေက မြန်မာလူမျိုးတွေကို ချစ်လို့လာမှာ မဟုတ်ဘူး။ မြန်မာနိုင်ငံကို ချစ်လို့လာမှာ မဟုတ်ဘူး။ တစ်အချက် သူစဉ်းစားမှာက ငါ့အတွက် အကျိုးအမြတ် ဘယ်လောက် ရှိမလဲ။ ဒါစဉ်းစားမယ်။ ကျွန်တော်ဆိုရင်လည်း သူများ နိုင်ငံသွားပြီး ရင်းနှီးပြီဆိုရင် ဒါအရင်စဉ်း စားမှာပဲ။ နှစ်အချက်က ငါ့ကို ဘာအကာအကွယ် ပေးထားမလဲ။ နောက်တစ်ခါ ငါနဲ့ပတ်သက်ပြီးတော့ မျှော်လင့်ချက်တွေ ဘာပေးထားမလဲ။ ဒီသုံး ချက်ကို သူမလွဲမသွေ တွေးမယ်။ ကျွန်တော်တို့ရဲ့ ( Foreign investment law ) ကလည်း ထွက်လာပြီ။ ဥပဒေ ပညာရှင်တွေရော၊ စီးပွားရေး ပညာရှင်တွေရော၊ ပညာရှင်တွေ အကုန်ရှာပြီးတော့မှ တရုတ်နိုင်ငံရဲ့ (Foreign investment law )က ဘယ်လို၊ ဗီယက်နမ်နိုင်ငံက ဘယ်လို လုပ်သလဲ၊ ဂျပန်က ဘယ်လိုလုပ်သလဲ၊ ထိုင်းနိုင်ငံက ဘယ်လို လုပ်သလဲ၊ ကနေဒါက ဘယ်လို လုပ်သလဲ၊ မလေးရှားက ဘယ်လိုလုပ်သလဲ၊ အိန္ဒိယက ဘယ်လို လုပ်သလဲဆိုပြီး ဒီနိုင်ငံ လေး၊ ငါး၊ ခြောက်နိုင်ငံကိုကြည့်ပြီး ကိုယ့်နိုင်ငံနဲ့ ကိုက်ညီမယ်  Foreign investment law ကို ပြန်ပြီးတော့ ဆွဲရပါတယ်။ ဒါတောင်မှ လွှတ်တော်ထဲမှာ ကျွန်တော်တို့ စကားများခဲ့တာ တစ်နှစ်လောက်ကြာတယ်။ အခုမှပဲ အတည်ပြု ဖြစ်သွားတယ်။ တစ်နှစ်လောက်ကြာ တယ်ဆိုတာ ဒီ့ပြင်ဟာ မဟုတ်ဘူး။ သမ္မတက ပြောထားတဲ့ ကိုယ့်နိုင်ငံက အခုနလိုမျိုး ကိုယ့်လူမျိုးတွေရဲ့ အကျိုးစီးပွားကို မထိခိုက်စေရဘူး ဆိုတာ၊ သူက ရှယ်ယာကို မြန်မာလူမျိုးက ၅၁ ရာခိုင်နှုန်း ယူထားမယ်။ နိုင်ငံခြား သားကို ၄၉ ရာခိုင်နှုန်းပေးမယ်။ မလေးရှားလို နိုင်ငံမျိုးက လုပ်လို့ရတယ်။ မလေးရှားက လူလတ်တန်းစားတွေ၊ ပိုက်ဆံရှိတဲ့ သူတွေပေါတယ်။ ကျွန်တော်တို့က ခုနကလိုမျိုး ၅၁ ရာခိုင်နှုန်း ယူမယ်ဆိုပါစို့။ ဘီလီယံ ၂ဝ လောက် ကုန်ကျမယ့် လုပ်ငန်းကြီးတစ်ခုကို လာပြီးတော့ လုပ်မယ်ဆိုရင် ၅၁ ရာခိုင်နှုန်းထည့် နိုင်မယ့် လူတစ်ယောက်မှမရှိဘူး။ မြန်မာတစ်ပြည်လုံး ပေါင်းရင်တောင် ၅၁ ရာခိုင်နှုန်း မပြနိုင်ဘူး။ မပြနိုင်တော့ ဒါတွေက အငြင်းအခုံတွေ ဖြစ်ကြပြုကြနဲ့။ နောက်ပိုင်းတော့ ရာခိုင်နှုန်း ၈ဝ လောက်နဲ့ ဈေးတည့်သွားတယ်။ ရာခိုင်နှုန်း ၈ဝ နဲ့ဈေးတည့်ပြီးတော့ ကျွန်တော်တို့ မတတ်နိုင်ကြဘူး။ တတ်နိုင်တဲ့ဟာ ကျရင်တော့ ကျွန်တော်တို့ ရာခိုင်နှုန်း ၆ဝ ထည့်မယ်။ ခင်ဗျားတို့ ၄ဝ စိုက်၊ ကျွန်တော်တို့ ရာခိုင်နှုန်း ၇၀ ထည့်မယ်၊ ခင်ဗျားတို့ ၃ဝ ထည် ဒါမှ Board Of Director အဖွဲ့မှာ ကိုယ်က ဥက္ကဋ္ဌ လုပ်လို့ရမှာကိုး။ ကိုယ်မတတ်နိုင်တဲ့ ဟာမျိုးကျရင်တော့ ကျွန်တော်တို့က ၈ဝ နဲ့ ဖြတ်ထားရတယ်။ ခင်ဗျားတို့ ၈ဝ ထည့်၊ ကျန်တဲ့ ရာခိုင်နှုန်း၂ဝ ကတော့ အစိုးရက ဖြစ်နိုင်လို့ရှိရင် စုဆောင်းပြီးတော့ ၁ဝ ရာခိုင်နှုန်းထည့်မယ်။ ကျန်တာကတော့ တိုင်းသူပြည်သားတွေ အများစုကနေ ထည့်နိုင်ပြုနိုင်အောင်ဆိုပြီး Investement Law  ကို ဒီလိုလုပ်ထားတာပါ။ နောက်ဆုံးတော့ အားလုံးသဘောတူပြီး သမ္မတ လက်မှတ်ထိုးပြီး ဥပဒေဖြစ်သွားတာပါ။ Investement Law  က ကြိုက်ရုံနဲ့ မရသေးဘူး၊ Investement Law  က ထွက်လာပြီ။ တို့အတွက် အကျိုးအမြတ် ရှိလား၊ တို့အတွက် မျှော်မှန်းချက်တွေ အများကြီးပေး ထားတယ်။ တို့လာပြီးတော့ စက်ရုံတွေ၊ အလုပ်ရုံတွေ ဆောက်တော့မယ်။ ထွက်လာတဲ့ ကုန်ပစ္စည်းတွေ ရောင်းလို့ ဝယ်လို့မရဘူးဆိုရင် စီးပွားရေးက ပိတ်ဆို့ထားတော့ ကျွန်တော်တို့က ဘယ်လိုမှ လုပ်လို့မရတော့ဘူး။ ဘယ်သူမှလည်း လာမှာမဟုတ်တော့ဘူး။ အဲဒီတော့ တစ်ဖက်ကနေ ဆန်ရှင်တွေ လျော့သွားအောင် ဆိုပြီးတော့ ကျွန်တော်တို့ ကိုယ်တိုင်ထွက်ပြီး နို့မဟုတ်ရင်တော့ အပြင်က မီဒီယာတွေ ပြောတာတွေလည်း ပါလာပါတယ်။ ကိုယ့်နိုင်ငံနဲ့ပတ်သက်လို့ မမှန်တာတွေရော၊ မှန်တာတွေ ရောပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်ကျတော့ နဖူးတွေ့၊ ဒူးတွေ့ မျက်နှာချင်းဆိုင် ပြောကြတော့ ဒီတိုင်းပြည်ရဲ့ တာဝန်ရှိတဲ့သူ ပြောတာဆိုတော့ မီဒီယာထက်စာရင် မြင်ရတဲ့ လူပြောတာကို ပိုယုံ တာပေါ့။ ပြီးခဲ့တဲ့ အပတ်ကဆိုရင် ဥရောပငါးနိုင်ငံ ကို ခရီးထွက်ရတယ်။ နော်ဝေနိုင်ငံဆိုရင်လည်း ကျွန်တော်တို့ နိုင်ငံကို ထောက်ခံတဲ့ နိုင်ငံ ဖြစ်ပါတယ်။ နော်ဝေပြီးတော့ ဖင်လန်၊ ဩစတြေးလျ၊ ရုရှားမှာ အီးယူ၊ အီးယူက ကောင်စီဥက္ကဋ္ဌ နဲ့တွေ့တယ်။ ဆန်ရှင်ဥက္ကဋ္ဌနဲ့တွေ့တယ်။ ကျွန်တော်တို့ ကိုယ်တိုင် အကျိုးသင့် အကြောင်းသင့်ပြောပြတော့ သူတို့ နားလည်လာတယ်၊ လက်ခံလာတယ်။ ပြီးတော့ အီတလီ ထပ်သွားတယ်၊ အီတလီ ထပ်ပြီး ထောက်ခံတယ်။ အကျိုးအမြတ်က ဘာလဲဆိုတော့ ကျွန်တော်ပြန်လာပြီး သိပ်မကြာခင်မှာပဲ အီးယူ က ဆန်ရှင်တွေ ဖွင့်ပေးတယ်။ ကျွန်တော်တို့ လူမျိုးတွေ အတွက်တော့ ဝမ်းသာစရာပဲပေါ့။ ဒါတွေ ပိတ်ထားရင်တော့ ရင်နှီးမြှုပ်နှံမှုက ဘယ်လိုမှ လာမှာမဟုတ်ဘူး။ အမေရိကန် လာရတဲ့အကြောင်းရင်းကတော့   Government  နဲ့ ကျွန်တော်တို့ ကတော့ အဆင်ပြေပါတယ်။ အဆင်ပြေလို့ လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၆၅ နှစ်အတွင်းမှာ မြန်မာနိုင်ငံကို အမေရိကန်သမ္မတ လာတယ်ဆိုတာ တစ်ခါမှ မရှိခဲ့ဖူးဘူး။ ဘာပဲပြောပြော ကျွန်တော်တို့ လက်ထက်မှ အိုဘားမား ရောက်လာခဲ့တယ်။ သံအမတ် နှစ်ဖက်နိုင်ငံ နှစ်ပေါင်း ၂ဝ လောက်ရှိ နေပြီ။ အခုဆို သံအမတ်တွေ လာနေပြီ။ Government  အပိုင်းက ကျွန်တော်တို့ကို လုပ်သာ ကိုင်သာအောင် အများကြီး လုပ်ပေးနေပြီ။ သို့သော်လည်း ဒီဘက်မှာ ဆီးနိတ်အပိုင်း၊ ဒီအပိုင်းမှာ ကျွန်တော်တို့ နည်းနည်းလေး ကျန်နေတယ်။ ဆီးနိတ်က ပုဂ္ဂိုလ်တွေ မြန်မာနိုင်ငံကို လာတယ်။ ဆီးနိတ်ကလူတွေနဲ့ ကျွန်တော်တို့နဲ့ မျက်မှန်းတန်းမိတယ်။ သူတို့နဲ့ လက်ခံပြီးတော့ တွေ့တယ်။ ကျွန်တော်ထင်တာ ဟိုတုန်းက ခရီးသွားဟန် လွှဲပြော လိုက်တာဆိုတော့ သိပ်ပြီးတော့ သဘောမပေါက် ပေမယ့် ကျွန်တော်ကိုယ်တိုင် သူတို့နဲ့ အခုလို လာပြီးပြောရရင် သဘောပေါက်မလား ဆိုပြီးတော့ အခုလို လာခဲ့တာပါ။ ကျွန်တော် ထင်ပါတယ်၊ သဘောပေါက်မယ်လို့။ လွှတ်တော်ကျတော့ အချိန် ကန့်သတ်ချက် ရှိတယ်။ ဥပဒေနဲ့ ဆန်ရှင်ကို လုပ်ထားရတာ ဖြစ်တဲ့အတွက် ပြန်ပြီးဖြေလျှော့ပေးဖို့က ဥပဒေနဲ့ပဲ လုပ်ပေးရမယ်။ စီးပွားရေးနဲ့ နိုင်ငံရေးဆိုတာ ဒင်္ဂါးပြားလိုပဲ။ ခေါင်းနဲ့ပန်းပဲ ကွဲတယ်။ ဒင်္ဂါးပြားကတော့ ဒီဒင်္ဂါးပြားပဲ။  နိုင်ငံရေး တည်ငြိမ် အေးချမ်းဖို့၊ တရားဥပဒေ စိုးမိုးဖို့၊ လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ဆိုတာတွေက အခုနကလို စီးပွားရေးက ဖွံ့ဖြိုးတိုးတက်မှ ဖြစ်မယ်။ စားနိုင်သောက်နိုင်ပြီဆိုရင် ဘယ်သူလာခေါ်ခေါ် မလိုက်တော့ဘူး။ ကိုယ့်အလုပ် ပျက်ခံပြီး မင်းက ၃၀၀၀ ပဲပေးတာ၊ ငါ့ဝင်ငွေက တစ်နေ့ ၅ဝဝဝ လောက် ရှိတယ်ဆိုပြီး ဘယ်ကောင်မှ လိုက်ပြီးဆန္ဒမပြတော့ဘူး။ စီးပွားရေးဖွံ့ဖြိုး တိုးတက်အောင်လုပ် ဖို့လိုတယ်။ စီးပွားရေးနဲ့အတူ လူမှုရေးပါ ဖွံ့ဖြိုးတိုး တက်အောင် လုပ်ရမယ်။ လူမှုရေးဆိုတာ ပညာရေး၊ ကျန်းမာရေးတွေပါတယ်။ ပြောချင်တာ ဒီမှာ ဆရာကြီးတွေ၊ ဆရာဝန်မကြီးတွေ၊ မြန်မာနိုင်ငံက ဆရာဝန်မကြီးတွေ ရှိနေတယ်။ မြန်မာနိုင်ငံမှာ တချို့ရောဂါတွေဟာ ဒီနေ့ထိ စင်ကာပူမှာ သွားကုနေရတုန်း၊ နှလုံးရောဂါပဲဖြစ်ဖြစ်၊ ကျောက်ကပ် ကလေး မကောင်းတာပဲ ဖြစ်ဖြစ်၊ သည်းခြေအိတ်လေးထုတ်တာပဲ ဖြစ်ဖြစ် ကိုယ့်တိုင်းပြည် မှာဆိုတော့ စိတ်မချဘူးလေ။ မရှိမဲ့ရှိမဲ့စုပြီးတော့ ဆေးရုံပြေးရတာပဲ။ နောက်တစ်ခါ ဗန်ကောက်ဆေးရုံ ပြေးရတာပဲ။ ကိုယ့်နိုင်ငံမှာ ဒီလို အထူးကုဆေးရုံကြီးတွေ ဖွင့်နိုင်မယ် ဆိုလို့ရှိရင် ဒီဆေးကုသတဲ့ စရိတ်ချင်းတူရင်တော့ လေယာဉ်စရိတ် အသွားအပြန် သက်သာတယ်။ ဒီမှာဆရာဝန်တွေလည်း အများကြီး ပါလာတယ် ဆိုတော့ ဖိတ်ခေါ်တယ်။ မြန်မာနိုင်ငံက အများကြီး ပြောင်းလဲလာပြီ။ အထူးကု ဆေးရုံကြီးတွေ ဖွင့်မယ်ဆိုလည်း ကျွန်တော်တို့ ဝိုင်းပြီးတော့ ကူညီပေးဖို့ အသင့်ပါပဲ။ ဆေးရုံကို ကျွန်တော်တို့ အဆင်သင့် ဆောက်နေတာရှိပါတယ်။ နေပြည်တော်မှာ အထူးကု ဆေးရုံကြီးလေးရုံ ဆောက်နေပါတယ်။  ပိုက်ဆံမတတ်နိုင်တာနဲ့ ရပ်ထား လိုက်ရတယ်။ ခင်ဗျားတို့ လာမယ်ဆိုရင်တော့ ဆေးရုံဆောက်တော့ ဆောက်ရမယ်။ နေပြည်တော်ကို ဘာလို့ရွေးရလဲဆိုရင် သူက အလယ် ဗဟိုကျတယ်။ ရှမ်းပြည်က လာမယ်ဆိုရင် လေယာဉ်ပျံနဲ့ လာရင် နာရီဝက်ခရီးပဲ ရှိတယ်။ ရခိုင်ပြည်နယ်က လာမယ်ဆိုရင် နာရီဝက်ပဲ။ ကချင်ပြည်နယ်က လာမယ်ဆိုရင်လည်း နာရီဝက်ပဲ။ ရန်ကုန်က လာမယ်ဆိုရင်လည်း နာရီဝက်လောက်ပဲ။ ကျန်းမာရေးတွေ မြင့်ဖို့အတွက် အထူးကုဆေးရုံကြီးတွေ အများကြီး လိုပါတယ်။ နောက် တစ်ခုက ဟိုတုန်းက တပ်ထဲက ဆေးပါရဂူတစ်ယောက်ရဲ့သား ဒီမှာရှိတယ်ပြောတယ်။ ကျွန်တော်နဲ့တော့ တစ်ခါမှမတွေ့ဖူးဘူး။ အမေရိကားမှာ နှလုံး အထူးကု ဆရာဝန် (Tip Top) ၁ဝ ယောက်ထဲမှာ တစ်ယောက်။ လူချင်းမတွေ့ပေမယ့် အမြဲတမ်း ဆက်သွယ်နေရတယ်။ နှလုံး ရောဂါရှင်တွေက အမြဲတမ်း Consult  ယူနေရတယ်။ ကျွန်တော် အပါအဝင်ပေါ့လေ၊ အကုန်လုံးက မျှော်လင့်နေရတယ်။ ဆရာဝန်ကြီး တွေကလည်း ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ ကိုယ့်နိုင်ငံအတွက် ဝိုင်းပြီးတော့ ကူညီပေးကြပါ။ ဒီမှာလာပြီးတော့ တခြားလုပ်ငန်းတွေနဲ့ ပြေးလွှားနေတဲ့ သူတွေလည်း ရှိပါတယ်။ အိုဘားမားတောင်မှ ဆုတွေ ဘာတွေပေးရတဲ့ သူတွေပဲ။ ဒီပုဂ္ဂိုလ်တွေလည်း ကျွန်တော်တို့ ဖိတ်ပါတယ်။ ဆိုင်တွေလာပြီးတော့ ဖွင့်တာ၊ ဖွင့်တဲ့ ဆိုင်တွေကလည်း မြန်မာနိုင်ငံအတွက် အကျိုးရှိမှာပဲ။ ရန်ကုန်မှာလည်း ဖွင့်လို့ရသလို ဟိုဘက်က မန္တလေးတို့၊ တောင်ကြီးတို့၊ လားရှိုးတို့မှာလည်း ဖွင့်လို့ ရပါတယ်။ တခြား စီးပွားရေး လုပ်ငန်းတွေလည်း လာပြီးတော့ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ပါတယ်။

ဒီမှာအခက်အခဲရှိတာ ဘာလဲဆိုတော့ ကျွန်တော်တို့၊ ကျွန်မတို့က ဒီမှာနေနေ တာလည်းကြာပြီ၊ ဒီနိုင်ငံသားလည်း ခံယူထားတယ်။ ကျွန်တော်တို့ရဲ့ ဥပဒေက ဂျူရယ်(Duel)  စီတီဇင်ကို ကျွန်တော်တို့က လက်မခံဘူး။ သို့သော်လည်း ကျွန်တော်တို့က အခွင့်အရေးပေးထားတယ်။ ဥပဒေ ထုတ်တဲ့အထိ မစောင့်နိုင်ဘူး၊ လာချင်တယ်ဆိုရင် ယာယီစနစ် ကျွန်တော်တို့ လုပ်ပေးမယ်။ လာဖို့ကသာ အဓိကပါ။ ပြောချင်တာကတော့ ကိုယ့်နိုင်ငံဖွံ့ဖြိုး တိုးတက်ဖို့အတွက် နိုင်ငံသား အားလုံးမှာ တာဝန်ရှိပါတယ်။ ကျွန်တော်တို့ ချည်းပဲ လုပ်လို့မရပါဘူး။ ဘယ်နိုင်ငံကိုပဲ ရောက်ရောက် ကိုယ့်နိုင်ငံကို စေတနာရှိကြတဲ့ သူတွေချည်းပဲ။ ကိုယ့်နိုင်ငံကို ချစ်ကြတဲ့သူတွေ ချည်းပါပဲ။ နိုင်ငံအတွက်ကို ကိုယ်တတ်နိုင်တဲ့ ဘက်က တစ်ဖက်တစ်လမ်းက ကူညီကြပါလို့ ပြောချင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ရန်ကုန်တိုင်းမ် သတင်းစာမှ ကူးယူဖော်ပြပါသည်။
---------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မန္တလေးမြို့ အမျိုးသားဇာတ်ရုံ၌ ကျင်းပသည့် မန္တလေးတိုင်းဒေသကြီး အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝ မြှင့်တင်ရေး အခမ်းအနားတွင် အမှာစကား ပြောကြား



နေပြည်တော် မေ ၁၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ နံနက် ၈ နာရီ ၁၀ မိနစ်တွင် မန္တလေးမြို့ အမျိုးသားဇာတ်ရုံ၌ ကျင်းပသည့် မန္တလေးတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝ မြှင့်တင်ရေး အခမ်းအနားသို့ တက်ရောက်၍ အမှာစကား ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်နိုင်သိန်း၊ ဦးကျော်ဆန်း၊ ဦးမြင့်လှိုင်၊ ဦးအုန်းမြင့်၊ ဦးဥာဏ်ထွန်းအောင်၊ ဒေါက်တာမြအေး၊ ဒေါက်တာဖေသက်ခင်နှင့် ဦးဝင်းရှိန်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့်နှင့် ဦးသာအေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်သမဝါယမအသင်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အမှာစကားပြောကြားရာ၌ နိုင်ငံတော်အစိုးရသစ်သည် စတင်တာဝန်ယူ ချိန်မှစပြီး ပြည်သူများ၏ လိုအင်ဆန္ဒ ဖြစ်သည့် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေး တို့ကို အဓိကဦးတည် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်နှင့် ဒီမိုကရေစီဖော်ဆောင်ရန်မှာ တည်ငြိမ်အေးချမ်းမှုသည် အဓိက အရေးကြီးသည်ဟု နားလည်ခံယူ ထားပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းအောင် အလေးထားဆာင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ ဆောင်ရွက်သည့်နေရာတွင် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုအတွက် အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေးသည် အခြေခံကျခြင်းကြောင့် မတူသည်များ ဘေးဖယ်ထားပြီး တူသည်များကို ပူးပေါင်းဆောင်ရွက်ကြရန် ဖိတ်ခေါ်ခဲ့ပါကြောင်း၊ အယူအဆ မတူညီကြသော နိုင်ငံအတွင်းမှ ပါတီ၊ လူပုဂ္ဂိုလ်များနှင့် ပူးပေါင်း ဆောင်ရွက် ခဲ့သကဲ့သို့ အကြောင်းအမျိုးမျိုးဖြင့် ပြည်ပသို့ ရောက်ရှိနေကြသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကိုလည်း ဥပဒေနှင့် အညီ ဖိတ်ခေါ်ပြီး ပူးပေါင်းဆောင်ရွက်ခဲ့ ပါကြောင်း။

ပြည်တွင်းမှ နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေ အနေဖြင့် ပါတီနိုင်ငံရေးတွင် ပိုမိုကျယ်ပြန့်စွာ ပါဝင်ဆောင်ရွက်နိုင်ရန် အတွက် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နိုင်ငံရေး ပါတီဆိုင်ရာ ဥပဒေများကို ပြင်ဆင်ပေးခဲ့ပါကြောင်း၊ ထို့ကြောင့် ယခုအချိန်တွင် အမျိုးသားပြန်လည်စည်းလုံးရေးကို အတိုင်းအတာတစ်ခုထိ ကြိုးပမ်း လုပ်ဆောင်ခဲ့ပါကြောင်း။

နိုင်ငံတော်တည်ငြိမ်အေးချမ်းရန် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး တစ်နည်းအားဖြင့် ပြည်တွင်းငြိမ်းချမ်းရေးသည်လည်း အဓိကအခြေခံကျသော အချက်တစ်ချက် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန် ဆောင်ရွက်ခဲ့ရာ ယခုအခါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၁ ဖွဲ့အနက် ၁၀ ဖွဲ့နှင့် ငြိမ်းချမ်းရေး သဘောတူညီချက်များ ရရှိပြီးဖြစ်ပါကြောင်း၊ ကျန်သည့် KIO/ KIA နှင့်လည်း ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပြီး  မကြာမီ ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိမည်ဟု မျှော်လင့်ပါကြောင်း၊ ဆက်လက်ပြီး ထာဝရ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရန် နိုင်ငံရေးအရ ဆွေးနွေးနိုင်ရန် အတွက် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့ကြောင့် ယနေ့အချိန်အခါတွင် ယခင်က တည်ငြိမ် အေးချမ်းမှု မရှိခဲ့သော နယ်စပ်ဒေသများတွင် အပစ်အခတ်များ ရပ်စဲပြီး ငြိမ်းချမ်းရေး ကိုတည်ဆောက်ရန် အလားအလာကောင်းများ ရရှိနေပြီ ဖြစ်ပါကြောင်း၊ ထို့အတူ တစ်ဖက်မှလည်း မငြိမ်းချမ်းမှုကြောင့် ဒုက္ခရောက်ကြရသော ပြည်သူများအတွက် ပြန်လည် နေရာ ချထားရေး လုပ်ငန်းများကိုလည်း စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း။

ပြည်သူများလိုလားသည့် ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက်လည်း လွတ်လပ်စွာ ထုတ်ဖော်   ပြောဆိုခွင့်၊ ဆန္ဒ ဖော်ထုတ်ခွင့်၊ စာပေ စာနယ်ဇင်းဆိုင်ရာ လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်၊ အသင်းအဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းဆောင်ရွက်ခွင့်၊ လူ့အခွင့်အရေး စသည့် ဒီမိုကရေစီ ဖော်ဆောင်ရေးတွင် အခြေခံကျသော အချက်များကိုလည်း ပြုပြင်ပြောင်းလဲဖော်ဆောင် ပေးခဲ့ပြီး လိုအပ်သည့် ဥပဒေသစ်များ ပြဋ္ဌာန်းခြင်း၊ ခေတ်နှင့်မလျော်ညီသော ဥပဒေများကို ရုပ်သိမ်းခြင်း၊ လိုအပ်ချက်အလိုက် ပြင်ဆင်ချက်ဖြင့် ပြဋ္ဌာန်းခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း။

အလားတူ ဒီမိုကရေစီ ဖော်ဆောင်ရာတွင် လိုအပ်သော ကောင်းမွန်သော အုပ်ချုပ်မှု (Good  Governance) ၊ သန့်ရှင်းသော အစိုးရ (Clean Government) ဖြစ်စေရေး၊ ပြည်သူ့အကျိုးကို ဖော်ဆောင်ပေးနိုင်ရေးအတွက် အုပ်ချုပ်မှုဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများကိုလည်း ဆောင်ရွက်လျက် ရှိနေပါကြောင်း။

ထို့အတူ တိုင်းပြည်၏ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာအောင် ကြိုးပမ်းဖိတ်ခေါ် ဆောင်ရွက်ခဲ့ပါကြောင်း။

၂ဝ၁၁-၂ဝ၁၂ မှ ၂ဝ၁၂-၂ဝ၁၃ ခုနှစ်အထိ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုသည် (၅) ဆ တိုးတက်ခဲ့ပါကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၁၉ ဘီလီယံ၊ လုပ်ငန်းအရေအတွက် ၉၄ ခု၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ၁ ဒသမ ၁ ထရီလီယံကျပ်၊ လုပ်ငန်းအရေအတွက် ၆၅ ခု၊ အလုပ်အကိုင် အခွင့်အလမ်း ၈၂၇၉၂ ဦး ဖန်တီးပေးနိုင် ခဲ့ပါကြောင်း၊ အလုပ်များပြားသည့်ကြားမှ ယခုကဲ့သို့  တိုးတက်အောင် ဆောင်ရွက်ခဲ့ကြသော ပုဂ္ဂိုလ်များကို ကျေးဇူး တင်ပါကြောင်း၊ ယခုအခါ အရှိန်ရနေပြီ ဖြစ်သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မတီကို အရပ်ဘက်ပုဂ္ဂိုလ် ၅ဝ ရာခိုင်နှုန်း ပါဝင်ဖွဲ့စည်းပေးပြီး မျိုးဆက်သစ်များဖြင့် ဆက်လက်ဆောင် ရွက်သွားမည် ဖြစ်ပါကြောင်း။

ထို့အပြင် ထားဝယ်ရေနက်ဆိပ်ကမ်း၊ သီလဝါရေနက်ဆိပ်ကမ်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း အပါအဝင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ကုန်သွယ်မှု တိုးတက်မြင့်မားလာရန်အတွက် ကုန်သွယ်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၊ အခွန်အခ ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း။

တိုင်းပြည် စီးပွားရေး၏ အခြေခံဖြစ်သည့် စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်ယာမြေ ဥပဒေကို ရေးဆွဲ ပြဋ္ဌာန်းပြီး လယ်ယာမြေ မှတ်ပုံတင်များ ပြုလုပ်အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း၊ သို့မှသာ လယ်ယာမြေ ပိုင်ဆိုင်ခွင့်များ ရရှိကြမည် ဖြစ်ပါကြောင်း။

နိုင်ငံတော်၏ စီးပွားရေးပြုပြင်ပြောင်းလဲမှု မဟာဗျူဟာ အနေဖြင့် (၂ဝ၁၁ မှ ၂ဝ၃၁ အထိ) နှစ်(၂ဝ) ဆောင်ရွက်မည့် အမျိုးသား ဘက်စုံတိုးတက်ရေး စီမံကိန်း (National Comprehensive Development Plan- NCDP) ကို ရေးဆွဲဆောင်ရွက်လျက်ရှိပြီး စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာနှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း အတွက် အလှူရှင်နိုင်ငျာံး၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များပါဝင်သော ပထမအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် (1st Myanmar Development Cooperation Forum) ကို  နေပြည်တော်တွင် ကျင်းပခဲ့ပါကြောင်း။

ထို့ကြောင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေး အတွက် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု (Political Reform)၊ စီးပွားရေးနှင့် လူမှုရေးပြုပြင်ပြောင်းလဲမှု (Economic and  Social Reform)၊ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှု (Administrative Reform) တို့ကို ကျယ်ကျယ် ပြန့်ပြန့် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ တိုးတက်မှု အတိုင်းအတာ တစ်ခုအထိ ရှိနေပြီဖြစ်ပါကြောင်း။

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် မြို့ပြနှင့် ကျေးလက်ကွာဟမှု မရှိစေရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းစဉ် (၈) ရပ် ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

ကုလသမဂ္ဂထောင်စုနှစ် ရည်မှန်းချက်နှင့်အညီ မြန်မာနိုင်ငံ အနေဖြင့် ၂ဝ၁၅ ခုနှစ်တွင် ဆင်းရဲနွမ်းပါးမှု ၂၆ ရာခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါကြောင်း။

ယနေ့ ကျင်းပသည့် အခမ်းအနားသည် လုပ်ငန်းစဉ်(၈)ရပ်အနက် ကျေးလက်နေ ပြည်သူများနှင့် မြို့ပြနေအခြေခံပြည်သူများ လိုအပ်နေသော ငွေကြေးအရင်းအနှီး ပံ့ပိုးပေးနိုင်ရေးအတွက် အသေးစားငွေကြေး (Microfinance) လုပ်ငန်းနှင့် သမဝါယမ အသင်းများ အဆင့်မြှင့်တင်နိုင်ရေး အတွက် အကောင်အထည်ဖော်ဆောင်ရွက်သည့် အခမ်းအနားပင် ဖြစ်ပါကြောင်း၊ အသေးစားငွေကြေး (Microfinance) လုပ်ငန်းသည် ကျေးလက်နေ ပြည်သူများနှင့် မြို့ပြနေအခြေခံပြည်သူများ၏ လူမှုစီးပွားဘဝ မြှင့်တင်ရန်အတွက် အဓိကအခြေခံကျသော လုပ်ငန်းဖြစ်ပါကြောင်း၊ ပြည်သူများ အနေဖြင့် မိမိတို့၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အိမ်တွင်းစီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရန် အရင်းအနှီးမရှိ၊ မလုံလောက်သည့်အတွက် အတိုးနှုန်းကြီးမြင့်စွာဖြင့် ပြင်ပတွင် ချေးငွေရယူဆောင်ရွက်ရသဖြင့် ထိုက်သင့်သော အကျိုးအမြတ်မရရှိဘဲ မတည် င်းနှီးငွေ အခက်အခဲထဲတွင် သံသရာလည်လျက် ရှိနေကြပါကြောင်း၊ ယင်းအခက်အခဲမှ သက်သာရာရအောင် နိုင်ငံတော်အစိုးရက အသေးစား ငွေရေးကြေးရေး လုပ်ငန်းဥပဒေကို ပြဋ္ဌာန်းပြီး ယင်းလုပ်ငန်းကို နိုင်ငံတော် အစိုးရ၏ ကိုယ်စား သမဝါယမဝန်ကြီး ဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း။

အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ ပုဂ္ဂလိက ကုမ္ပဏီများ၊ လုပ်ငန်းရှင်များ၊ NGO အဖွဲ့အစည်းများကလည်း မိမိတို့ တတ်နိုင်သလောက် အသေးစား ငွေကြေးလုပ်ငန်းကို ဆောင်ရွက်ပေးလျက် ရှိကြပါကြောင်း၊ ယနေ့ သမဝါယမဝန်ကြီးဌာနက ဆောင်ရွက်နေသည့် အသေးစားငွေကြေး လုပ်ငန်းသည် ပြည်သူများ လတ်တလော သက်သာ ချောင်ချိမှုရရှိစေရုံ အတွက်သာမဟုတ်ဘဲ နောင်သင့်တင့်သော ကာလတွင် ပြည်သူများ ငွေချေးစရာ မလိုတော့ဘဲ မိမိဘာသာ ရပ်တည်သွားနိုင်သည့် အခြေအနေကို ရောက်အောင် စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက် ပေးနေခြင်း ဖြစ်ပါကြောင်း။

ထိုသို့ဆောင်ရွက်ရာတွင်လည်း တစ်ပြည်လုံးအတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော် ဆောင်ရွက်ပေးနေခြင်း ဖြစ်သည့်အတွက် ယင်းစီမံချက်ကို အောင်အောင်မြင်မြင် အကောင်အထည်ဖော် နိုင်ရန်အတွက် မတည်ရင်းနှီးငွေများ လိုအပ် ပါကြောင်း၊ ထို့ကြောင့် ယင်းလိုအပ်ငွေများ ရရှိနိုင်ရန်အတွက် Microfinance Bank ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ နိုင်ငံတကာ အကူအညီ (Aids, Grants) များ ရရှိရန်နှင့် ချေးငွေ (Loans) များ ရရှိရန် နိုင်ငံတော်အစိုးရကပါ ပံ့ပိုးကူညီခြင်းတို့ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။

အသေးစားငွေကြေး လုပ်ငန်းသည် ပြည်သူများ လတ်တလော သက်သာချောင်ချိ စေရန်အတွက် သာမက နောင်အနာဂတ်တွင် ပြည်သူများ မိမိ ခြေထောက်ပေါ် မိမိရပ်တည်နိုင်အောင် မျှော်မှန်းဆောင်ရွက်ပေးနေသည့် အတွက် ပြည်သူများအနေဖြင့် မိမိတို့ရရှိသော ချေးငွေများကို မိမိတို့၏ လုပ်ငန်းများတွင် မှန်မှန်ကန်ကန် ထိထိရောက်ရောက် အသုံးပြုရန် လိုအပ်သကဲ့သို့ သတ်မှတ်ကာလ စေ့ရောက်သည့် အခါတွင်လည်း ချေးငွေကို မှန်မှန်ကန်ကန် ပြန်လည်ပေးဆပ်ရန် အရေးကြီးပါကြောင်း၊ တစ်ဦးချင်း တာဝန်ယူမှု၊ အဖွဲ့စနစ်ဖြင့် တာဝန်ယူမှု၊ သမဝါယမအသင်းများက တာဝန်ယူမှုတို့ဖြင့် ပေါင်းစပ် ဆောင်ရွက်ရန် လိုပါကြောင်း၊ ချေးငွေရယူသော ပြည်သူများက တာဝန်ကျေရန် လိုအပ်သကဲ့သို့ ဤလုပ်ငန်းတွင် တာဝန်ယူ ဆောင်ရွက်နေကြသော သမဝါယမဝန်ကြီးဌာန ဝန်ထမ်းများ၊ သမဝါယမအသင်းများမှ အမှုဆောင်များနှင့် ဝန်ထမ်းများ ကလည်း မှန်မှန်ကန်ကန် ပူးပေါင်းကြိုးပမ်း ဆောင်ရွက်ကြရန် လိုပါကြောင်း။

ဤအသေးစား ငွေစုငွေချေးလုပ်ငန်းသည် တချို့နိုင်ငံများတွင် အောင်မြင်မှုများ ရှိသကဲ့သို့ ဆုံးရှုံးမှုများနှင့် ကြုံတွေ့ရခြင်းလည်း ရှိပါကြောင်း၊ အောင်မြင်မှု ဆုံးရှုံးမှုများကို သင်ခန်းစာယူပြီး ဆင်းရဲနွမ်းပါးသူများအတွက် အမှန်တကယ် ထိရောက် အကျိုးရှိအောင် ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ထို့အတူ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ အစိုးရဝန်ကြီးဌာန အသီးသီးမှဝန်ထမ်းများ၊ လူထုလူတန်းစား အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များ အားလုံးကလည်း ဤလုပ်ငန်းအောင်မြင်ရန် ဝိုင်းဝန်းကူညီဆောင်ရွက်ရန် လိုပါကြောင်း။ ထိုသို့ ချေးငွေ ရယူကြသည့် ပြည်သူများ၊ ငွေချေးလုပ်ငန်းကို တာဝန်ယူဆောင်ရွက်ပေးကြသော သမဝါယမဝန်ကြီးဌာနနှင့် သမဝါယမ အသင်းအဖွဲ့များ၊ ဝိုင်းဝန်းထိန်းကျောင်းပေးရန် တာဝန်ရှိကြသော အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ အစိုးရဝန်ကြီးဌာန အသီးသီးမှ ဝန်ထမ်းများ၊ လူထုလူတန်းစား အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များစသည့် အစုအဖွဲ့(၃) ခုက တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဤစီမံချက်ကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားလိုပါကြောင်း။

ယနေ့ တိုင်းပြည်စီးပွားဖွံ့ဖြိုး တိုးတက်ရေးကို ဒီမိုကရေစီစနစ်၊ ဈေးကွက်စီးပွားရေး စနစ်နှင့် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာတွင် ပုဂ္ဂလိကကဏ္ဍသည် တိုင်းပြည်စီးပွားရေး၏ ပထမမဏ္ဍိုင်ဖြစ်ပြီး သမဝါယမကဏ္ဍသည် ဒုတိယမဏ္ဍိုင်ဖြစ်ကာ နိုင်ငံတော်က တတိယကဏ္ဍတွင် ပါဝင်ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ သမဝါယမကဏ္ဍသည် တိုင်းပြည် စီးပွားရေးတွင် ဒုတိယမဏ္ဍိုင်ဖြစ်သည်နှင့်အညီ တိုင်းပြည် စီးပွားရေးကို အမှန်တကယ် ထိထိရောက်ရောက် အထောက်အကူပြု နိုင်အောင် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

တိုင်းပြည်စီးပွားရေးကို အမှန်တကယ် ထိထိရောက်ရောက် အထောက်အကူ ပြုနိုင်ရေးအတွက် သမဝါယမအသင်းများကို အဆင့်တိုးမြှင့်ရန် မလွဲမသွေ လိုအပ်ပါကြောင်း၊ ထိုသို့ အဆင့်တိုးမြှင့်သည့်အခါ ငွေအရင်းအနှီး၊ နည်းပညာ၊ ဈေးကွက်များကို ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးပြီး ကုန်ထုတ်လုပ်မှု သမဝါယမအသင်းများ အဖြစ်လည်းကောင်း၊ ကုန်သွယ်မှု သမဝါယမ အသင်းများ အဖြစ်လည်းကောင်း၊ စက်မှုလယ်ယာ သမဝါယမအသင်းများ အဖြစ်လည်းကောင်း၊ သမဝါယမအသင်းတစ်ခု ထုတ်ကုန်တစ်ခု ထုတ်လုပ်သောအသင်းများ အဖြစ်သို့ လည်းကောင်း၊ ဝန်ဆောင်မှု သမဝါယမအသင်းများ အဖြစ်လည်းကောင်း၊ တက်လှမ်းနိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

ယနေ့အခမ်းအနားတွင် သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီးနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ကလည်း သမဝါယမအသင်းများ အဆင့်မြှင့်တင်ရာတွင် လိုအပ်သော စက်ကိရိယာများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ သွင်းအားစုများ၊ နည်းပညာများကို ပြခန်းများဖြင့် ပါဝင်ပြသထားကြသည်ဟု သိရှိရပါကြောင်း၊ တက်ရောက်လာကြသော သမဝါယမ အသင်းများ၊ အသင်းသားများ အနေဖြင့် မိမိတို့၏သမဝါယမအသင်းများကို မိမိတို့၏ အခြေအနေနှင့် လိုက်လျောညီထွေစွာ အဆင့်မြှင့်တင်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီး ဌာနအသီးသီး၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ထိုပြခန်းများတွင် နည်းလမ်းများ ရရှိအောင် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း။

သမဝါယမဝန်ကြီးဌာန အနေဖြင့်လည်း သမဝါယမအသင်းများ အဆင့်မြှင့်တင်နိုင်ရေးအတွက် လိုအပ်သော အရင်းအနှီးငွေကြေး၊ နည်းပညာ၊ ဈေးကွက်၊ လူ့အရင်းအမြစ် ရရှိနိုင်ရေးအတွက် နည်းလမ်းနှင့် စီမံချက်များချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း။

နိုင်ငံတော်အစိုးရ အနေဖြင့်လည်း သမဝါယမအသင်းများ အဆင့်မြှင့် တင်နိုင်ရေး၊ နိုင်ငံတော်၏ စီးပွားရေး ဒုတိယမဏ္ဍိုင်အဖြစ် တိုင်းပြည် စီးပွားရေးကို အမှန်တကယ် အထောက်အကူပြု လာနိုင်စေရေးအတွက် အဘက်ဘက်က ပံ့ပိုးကူညီ ဆောင်ရွက်ပေး သွားမည် ဖြစ်ပါကြောင်း။

ယနေ့အခါ သမဝါယမအခြေအနေကို ကြည့်လျှင် ဖွံ့ဖြိုးနေသောနိုင်ငံ များအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများ အများအပြား၌ သမဝါယမလုပ်ငန်းများနှင့် ကြိုးပမ်း အကောင်အထည်ဖော် လျက်ရှိကြပြီး သမဝါယမလုပ်ငန်းများ အောင်မြင်နေတာ ကိုလည်း တွေ့မြင်နိုင်ပါကြောင်း။

ဥပမာ-အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာပေါ်တွင် သမဝါယမအသင်း အများဆုံးရှိသော နိုင်ငံဖြစ်ပြီး နိုင်ငံသား ၄ဝ ရာခိုင်နှုန်းက သမဝါယမ အသင်းသားများ ဖြစ်ကြပါကြောင်း၊ Farmer Cooperative of America ဆိုသည့် သမဝါယမ အသင်းသည် အမေရိကန်နိုင်ငံတွင် အောင်မြင်နေသော သမဝါယမအသင်းဖြစ်ပြီး လယ်ယာ၊ စားသောက်ကုန်၊ ကျန်းမာရေး၊ ငွေကြေး စသည့်လုပ်ငန်းများကို လုပ်ဆောင်နေ ပါကြောင်း၊ အသင်းပေါင်း ၂၉၂၁၄ သင်းဖြင့် အသင်းသား သန်း ၁၁ဝ ရှိသည်ဟု သိရပါကြောင်း။

အလားတူ ဂျပန်နိုင်ငံ၌ လယ်ယာလုပ်ငန်း အားလုံးကို သမဝါယမ လယ်ယာ အသင်းများက ရာနှုန်းပြည့် လုပ်ကိုင်ပါကြောင်း၊ ဂျာဆန်ချူ (JA-Zenchu) စိုက်ပျိုးရေးသမဝါယမ အသင်းစုချုပ်သည် အောင်မြင်နေသော သမဝါယမ အသင်းဖြစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သီးနှံရောင်းဝယ်ရေး၊ စိုက်ပျိုးရေးလုပ်ငန်းသုံး စက်ကိရိယာများ၊ သွင်းအားစုများပံ့ပိုးရေးနှင့် အသေးစားငွေချေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ အသင်းဝင် အသင်းပေါင်း ၉၉၆ သင်း ရှိပြီး အသင်းသား ကိုးသန်း ကျော်ရှိသည်ဟု သိရပါကြောင်း။

အလားတူ အိန္ဒိယနိုင်ငံ၌ India Farmers Fertilizer Cooperative- IFFCO ဓာတ်မြေသြဇာ ထုတ်လုပ်ရောင်းချရေး သမဝါယမအသင်းသည် အောင်မြင်နေသော သမဝါယမအသင်း တစ်သင်း ဖြစ်ပြီး အသင်းပေါင်း ၃၉၈၂၄ သင်း၊ အသင်းသား လယ်သမား သန်း ၆ဝ ကျော်ရှိသည်ဟု သိရပါကြောင်း။

ယင်းတို့မှာ ဥပမာအနေဖြင့် အနည်းငယ် ထုတ်နုတ်တင်ပြခြင်းဖြစ်ပြီး သမဝါယမလုပ်ငန်း အောင်မြင်နေသော နိုင်ငံအများအပြား ရှိနေသေးသည်ကို လေ့လာတွေ့ရှိ ရပါကြောင်း။

ထို့ကြောင့် မြန်မာနိုင်ငံအတွင်းရှိ သမဝါယမအသင်းများ အနေဖြင့်လည်း နိုင်ငံတကာမှ အောင်မြင်နေသော သမဝါယမ အသင်းများနည်းတူ အနာဂတ်တွင် ဖွံ့ဖြိုးတိုးတက် လာအောင် ယခုအချိန်မှစပြီး လူသစ် စိတ်သစ် စနစ်သစ်ဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်း မှာကြားလိုပါကြောင်း။

နိဂုံးချုပ်အနေဖြင့် ယနေ့အခမ်းအနားသည် မြန်မာနိုင်ငံတော်သစ်၏ သမဝါယမ တစ်ခေတ်ဆန်းမည့် အခမ်းအနားဖြစ်သကဲ့သို့ တိုင်းပြည်၏ လူအများစုဖြစ်သော ကျေးလက်နေ ပြည်သူများ၊ မြို့ပြနေအခြေခံပြည်သူများ၏ လူမှုစီးပွားဘဝ မြှင့်တင်ရေး အတွက် အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရန် အစပြုသည့်နေ့ ဟုလည်း ဆိုနိုင်ပါကြောင်း၊ ထို့ကြောင့် ယနေ့ အခမ်းအနားကို တက်ရောက် လာကြသော ကျေးလက်နှင့်မြို့ပြမှ သမဝါယမအသင်းသားများ၊ သမဝါယမအသင်း များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သမဝါယမဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာန အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ လူထုလူတန်းစား အဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များအားလုံးက အသေးစား ငွေကြေးလုပ်ငန်းနှင့် သမဝါယမ အသင်းများ အဆင့်မြှင့်တင်ရေးလုပ်ငန်းများ အောင်မြင်ရေး အတွက် ဝိုင်းဝန်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြား လိုပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် သမဝါယမဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ဝန်ကြီးဌာန အနေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝ မြှင့်တင်ရေးအတွက် ဦးတည်ချက် (၂) ရပ်နှင့် လုပ်ငန်းစဉ် (၅) ရပ် ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်နေမှုနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်က တိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီး အတွင်းရှိ သမဝါယမ အသင်းများသို့ အသေးစားချေးငွေများကို ပေးအပ်ကြသည်။

ထို့အတူ တိုင်းဒေသကြီး အစိုးရအဖွဲ့စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ဇံက သမဝါယမဝန်ကြီးဌာနနှင့် Good Brothers ကုမ္ပဏီတို့ ပေါင်းစပ်၍ အရစ်ကျစနစ်ဖြင့် ပံ့ပိုးပေးသည့် လယ်ယာသုံးစက်ကိရိယာများကို သမဝါယမအသင်းများသို့ ပေးအပ်ခဲ့ပြီး ပုသိမ်ကြီးမြို့နယ်မှ အသင်းသား တောင်သူ ဦးစိန်ထွန်းက ပံ့ပိုးပေးမှုအတွက် ကျေးဇူးတင်စကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အဆိုပါအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း ၃၁ မြို့နယ်ရှိ သမဝါယမအသင်းပေါင်း ၁၇၂ဝ မှ အသင်းသား ၁၁၉၅၅၃ ဦးအတွက် ထုတ်ချေးငွေမှာ ငွေကျပ် ၅၅၆ဝ၄ ဒသမ ၇၅ သိန်းဖြစ်သည်။

အလားတူ မြို့နယ် ၃ဝ ရှိ သမဝါယမအသင်း ၁ဝ၉ သင်းသို့ ငွေကျပ် ၃၆၄၅ ဒသမ ၃၆၃ သိန်း တန်ဖိုးရှိ လက်တွန်းထွန်စက် ၆၃ စီး၊ ထွန်စက် ငါးစီး၊ Faw ကား နှစ်စီး၊ ကောက်စိုက်စက်နှင့် ရိတ်သိမ်းစက် တစ်စီးစီ၊ ခြွေလှေ့စက် နှစ်စီး၊ ထော်လာဂျီ အစီး ၅ဝ၊ သုံးဘီးဆိုင်ကယ် ၁၆ စီး၊ ရေစုပ်စက် ၈၅ လုံး၊ မြက်ဖြတ်စက် နှစ်လုံး၊ အင်ဂျင်/ဒိုင်နမိုအမျိုးမျိုး ၂၂ လုံး စုစုပေါင်း လယ်ယာသုံး စက်ကိရိယာ ၁၁ မျိုးကို အရစ်ကျစနစ်ဖြင့် ပံ့ပိုးပေးခဲ့ သည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတသည် အမျိုးသားဇာတ်ရုံဥပစာတွင် ခင်းကျင်းပြသထားသည့် သမဝါယမဝန်ကြီးဌာန၏ လှုပ်ရှားမှုဓာတ်ပုံပြခန်း၊ ဝန်ကြီးဌာန များနှင့် ဦးစီးဌာနများ၏ ပြခန်းများနှင့် လယ်ယာသုံး စက်ကိရိယာများ ခင်းကျင်း ပြသထားမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် အမရပူရမြို့နယ်ရှိ သမဝါယမဝန်ကြီးဌာန အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ဆောင်းဒါး ရက်ကန်းကျောင်း အဆင့်မြှင့်တင်ခြင်း အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းနှင့် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ငွေတို့က ဆောင်းဒါးရက်ကန်း ကျောင်းအပါအဝင် ရက်ကန်းကျောင်းများအား အဆင့်မြှင့်တင်မည့် အစီအစဉ်၊ ပုဂ္ဂလိက ချည်ထည်လုပ်ငန်း အခြေအနေနှင့် ရက်ကန်းသင်တန်းများ ဖွင့်လှစ် သင်ကြားနေမှု တို့ကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက ဆွေးနွေးမှာကြားရာတွင် ဤသင်တန်းကျောင်းသည် အစဉ်အလာ ကြီးမားသည့် သင်တန်းကျောင်းကြီး ဖြစ်ကြောင်း၊ သို့ဖြစ်ရာ ပြည်သူများ အလုပ်အကိုင် ရရှိရေးအတွက် အသက်မွေး ဝမ်းကျောင်း ပညာရပ်များ သင်ကြားပေးသည့် ကျောင်းဖြစ်သဖြင့် တက္ကသိုလ်အဆင့်အထိ တိုးတက်ဖွင့်လှစ် သင်ကြားပေးနိုင်အောင် ကြိုးစား ဆောင်ရွက် ကြစေလိုကြောင်း။

လူတစ်ဦး၏ အခြေခံလိုအပ်ချက်ဖြစ်သည့် စားဝတ်နေရေးကို ဖြည့်ဆည်း ဆောင်ရွက်ပေးရာတွင် လက်ရှိအခြေအနေ၌ ပြည်သူတစ်ရပ်လုံး၏ စားရေးအတွက် ဖူလုံပိုလျှံလျက်ရှိပြီး နောင်တွင် တိုးတက်လာမည့် လူဦးရေသန်း ၁ဝဝအတွက် စားရေး ဖူလုံမှုရှိအောင် ရည်မှန်းဆောင်ရွက်နေကြောင်း၊ ဝတ်ရေးအတွက်မူ အဝတ်အထည်များ ဖူလုံအောင်ထုတ်လုပ်နိုင်ခြင်း မရှိသေးသဖြင့် ပြည်ပမှအဝတ်အထည်များ ဈေးကွက်တွင် ဝင်ရောက်နေရာ ယူနေကြောင်း၊ လက်ရက်ကန်းဖြင့် ထုတ်လုပ်သော Hand Made  ချည်ထည်များကို ကမ္ဘာ့နိုင်ငံတိုင်းက အမြတ်တနိုး တန်ဖိုး ထားကြကြောင်း၊ မိမိတို့ နိုင်ငံတွင်လည်း လက်ရက်ကန်းဖြင့် ချည်ထည်များ ရက်လုပ်မှုမှာ ရိုးရာအမွေအနှစ် ဖြစ်သဖြင့် မပျောက်ပျက်အောင် ဆက်လက် ထိန်းသိမ်း စောင့်ရှောက်ကြရန် လိုအပ်ကြောင်း၊ သို့သော်အဝတ်အထည် ဖူလုံရန်အတွက် အရေအတွက် များများ ထုတ်လုပ်နိုင်သည့် စက်ရက်ကန်းလုပ်ငန်း ကိုလည်း ပိုမိုဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ နေရေးအတွက်မှာလည်း လိုအပ်သည့် သစ်၊ ဝါး၊ အုတ်၊ သဲ၊ ကျောက်စသည်တို့မှာ ပြည်တွင်းမှာပင် လုံလောက်စွာ ရရှိနိုင်သည့်အတွက် စားဝတ်နေရေးဟူသည့် အရေးသုံးပါးတွင် ဝတ်ရေးကို ဖူလုံပြည့်စုံအောင် အားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်စေလိုကြောင်း၊ နယ်စပ်ဒေသနေ တိုင်းရင်းသားများမှာ လက်ရက်ကန်းကို လုပ်ကိုင်ကြသဖြင့် ရက်ကန်း သင်တန်းကျောင်းများတွင် တိုင်းရင်းသားသင်တန်းသားများကို ခေါ်ယူသင်ကြား ပေးစေ လိုကြောင်း၊ ဤသင်တန်းကျောင်းမှ ထူးချွန်ထက်မြက်သည့် သင်တန်းသားများအား သမဝါယမအသင်းများက အရင်းအနှီးများ မတည်ပေးခြင်းဖြင့် ရက်ကန်းလုပ်ငန်းရှင်များ ပေါ်ထွန်းလာမည် ဖြစ်သကဲ့သို့ အလုပ်အကိုင် အခွင့်အလမ်းများလည်း ပိုမိုရရှိလာမည် ဖြစ်ကြောင်း၊ ထို့အတူ စက်မှုလုပ်ငန်းများတွင် ကျွမ်းကျင်လုပ်သားများအဖြစ် ဝင်ရောက်လုပ်ကိုင်နိုင်မည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်သည့် ဂဟေဆက် သင်တန်း၊ လက်သမားသင်တန်း၊ သံချည်သံကွေး သင်တန်း၊ ပန်းရန်သင်တန်း စသည်တို့ကိုလည်း သင်တန်းကျောင်း များတွင် ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဖွင့်လှစ် သွားရန်ဖြစ်ကြောင်းဖြင့် မှာကြားပြီး ရက်ကန်းကျောင်းရှိ လေ့ကျင့်ရေး စက်ရက်ကန်းရုံနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ထုတ်လုပ်သည့် အဝတ်အထည်ပြခန်းများ၊ သင်တန်းကျောင်း၏ အထည်ရက်လုပ်မှု ပြခန်းများကို လှည့်လည်ကြည့်ရှုသည်။

ဆောင်းဒါးရက်ကန်းကျောင်းကို ၁၉၁၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ရာ ယခုအချိန်တွင် သက်တမ်း (၉၉)နှစ်ရှိပြီ ဖြစ်သည်။ အဆိုပါရက်ကန်းကျောင်း မဖွင့်လှစ်မီက အထည်ရက်လုပ်သည့် မြန်မာ့ရိုးရာ လက်ထိုးရက်ကန်းစင်မှာ လွန်းကိုလက်ဖြင့် တွန်းပို့၍ ရက်လုပ်ရပြီး အထည်သားအနံ ၂၄လက်မသာ ရက်လုပ်နိုင်ခဲ့သည်။ ၁၉၁ဝခုနှစ်တွင် အထက်မြန်မာပြည် တရားရေးမင်းကြီး Mr. L. H. Saunders က အင်္ဂလန်မှ လွန်းပြန်လက်ခတ်ကို ယူဆောင်ကာ မြန်မာ့ရိုးရာ လက်ရက်ကန်းစင်ပေါ် တင်၍ အမရပူရမြို့နယ်ရှိ ရက်ကန်း လုပ်ငန်းရှင်များကို ရက်ခတ်ပြသပေးခဲ့ရာ ကြိုက်နှစ်သက်ကြသဖြင့် သင်တန်းများ ဖွင့်လှစ်ပေးရာမှ ရက်ကန်းသင်တန်းကျောင်း စတင်ပေါ်ပေါက် လာခြင်းဖြစ်သည်။

လွန်းပြန်လက်ခတ်ရက်ကန်းစင်မှာ လွန်းကိုလက်ဖြင့် မထိုးရဘဲ လက်ခတ်ကို တွန်းထိုးရုံမျှဖြင့် လွန်းအလိုအလျောက် သွားခြင်းကြောင့် အချိန်ကုန်သက်သာ၍ အထည်သား ပိုမိုကောင်းမွန်သည့် အထည်အရေအတွက်များများ ထုတ်လုပ်နိုင်ခဲ့သည်။ ထို့ပြင်အထည်သားအနံ ၄၅လက်မ(အနံကြီး) ထုတ်လုပ်နိုင်ခဲ့သည်။

၁၉၅၂-၁၉၅၃ခုနှစ်တွင် စက်ရက်ကန်းစင်များ တပ်ဆင်၍ စက်ရက်ကန်းသင်တန်းများ ဖွင့်လှစ်ခဲ့သည်။ ယနေ့အချိန်တွင် အထည်အလိပ် အတတ်ပညာ သင်တန်း၊ ရိုးရာလွန်းရာကျ အချိတ်သင်တန်း၊ ရွှေချည်ငွေချည်ထိုး သင်တန်း၊ ဂျပ်ခုတ်စာစည်းကြိုး သင်တန်းနှင့် စက်ပြင်/စက်မောင်း သင်တန်းများကို ဖွင့်လှစ် သင်ကြားပေးလျက် ရှိသည်။ ထို့အပြင် ဒိုဘီ စက်ခေါင်းဖြင့် အပွင့်ဖော်ခြင်း၊ အထည်ဒီဇိုင်း၊ ချည်မျှင်နှင့် အထည်ဓာတုဆိုးဆေးနှင့် သဘာဝဆိုးဆေး၊ အထည်ပန်းပုံ ရိုက်နှင့် ဘောင်ဖြင့် ပန်းပုံရိုက် သင်တန်းတို့ကိုလည်း ဆက်လက် ဖွင့်လှစ်သွားမည် ဖြစ်သည်။ ဆောင်းဒါးရက်ကန်းကျောင်းအား သိပ္ပံအဆင့်တိုးမြှင့်ပြီး ဒီပလိုမာ လက်မှတ်ပေးအပ်ရန် တက္ကသိုလ်များ ဗဟိုကောင်စီက သဘောတူညီပြီးဖြစ်ကြောင်း သိရှိရသည်။

သမဝါယမဝန်ကြီးဌာနအောက်တွင် ဆောင်းဒါးရက်ကန်းကျောင်းအပြင် အထက်တန်း ရက်ကန်းကျောင်း ရှစ်ကျောင်းနှင့် အခြေခံ ရက်ကန်းကျောင်းငါးကျောင်းတို့ကို ဖွင့်လှစ်ထားသည်။

ရက်ကန်းကျောင်းများအား အဆင့်မြှင့်တင်ရာတွင် ရက်ကန်းပညာ (ရိုးရာလက်ရက်ကန်းနှင့် စက်ရက်ကန်း)၊ မြန်မာ့ရိုးရာ လွန်းရာကျ အချိတ်နှင့် ရွှေချည်ထိုးပညာတို့ကို သင်ကြားပေးရန် ရည်ရွယ်ထားသည်။ ရက်ကန်းကျောင်းများ၏ သင်တန်း ကာလနှင့် သင်ရိုးညွှန်းတမ်းကို လက်တွေ့လုပ်ငန်းခွင် လိုအပ်ချက်များနှင့် အညီပြောင်းလဲမည်ဖြစ်ပြီး အသက်မွေးဝမ်းကျောင်း သင်တန်းအသစ် များကိုလည်း တိုးချဲ့ဖွင့်လှစ်ပေးလျက်ရှိသည်။

နိုင်ငံတစ်ဝန်းရှိ မြို့နယ်၄၄ခုတွင် ပုဂ္ဂလိက ချည်ထည် လုပ်ငန်းရှင်စုစုပေါင်း ၂၄၃၃ဦး ရှိပြီး စက်ရက်ကန်းစင် ၁၃၅၁၆ခု နှင့် လက်ရက်ကန်းစင် ၁ဝ၂၈ဝဖြင့် ကျား/ မ ဝတ်လုံချည် အမျိုးမျိုး၊ ချည်အင်္ကျီစအမျိုးမျိုး၊ ပိုးထည်များ၊ စောင်၊ တဘက်၊ လွယ်အိတ်၊ ပဝါအမျိုးမျိုး၊ ကုလားထိုင်ခင်း၊ အိပ်ရာခင်းစသည်တို့ကို ထုတ်လုပ်လျက်ရှိသည်။

မန္တလေးတိုင်းဒေသကြီးတွင် ချည်ထည်လုပ်ငန်းရှင် ၁၉၅၉ဦး ရှိပြီး စက်ရက်ကန်းစင် ၁၂၁၃၂ ခုနှင့် လက်ရက်ကန်းစင် ၁၉၇၂ခု တို့ဖြင့် အထည်အမျိုးမျိုးကို ထုတ်လုပ်လျက် ရှိသည်။ စက်ရက်ကန်းစင်များမှ တစ်လလျှင် ကျား/ မဝတ် လုံချည်ပျမ်းမျှ ၅၂သိန်း၊ တစ်နှစ်လျှင်ပျမ်းမျှ ၆၂၄သိန်း ထုတ်လုပ်လျက်ရှိပြီး ထုတ်လုပ်မှုတန်ဖိုးမှာ တစ်လလျှင် ခန့်မှန်း ငွေကျပ် ၁၄ဒသမ ၅၅၈ဘီလီယံ၊ တစ်နှစ်လျှင် စုစုပေါင်း ငွေကျပ် ၁၇၄ ဒသမ ၇ ဘီလီယံ ရှိကြောင်း သိရသည်။

နိုင်ငံတော်သမ္မတသည် ဆောင်းဒါးရက်ကန်းကျောင်းမှ တစ်ဆင့် မန္တလေးတိုင်း ဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် Myanmar Dairy Industries Ltd. တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက် ရှိသည့် ပြည်ကြီးတံခွန်မြို့နယ်ရှိ မန္တလေးနို့ချက် စက်ရုံသို့ ရောက်ရှိပြီး စက်ရုံတွင်နို့မှုန့် ထုတ်လုပ်နေမှုနှင့် စက်ရုံကထုတ်လုပ်သည့် နို့နှင့်နို့ထွက် ပစ္စည်းများကို လှည့်လည်ကြည့်ရှုသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းနှင့် Myanmar Dairy Industries Ltd. မန်နေဂျင်း ဒါရိုက်တာ ဦးစောဘလာထူးတို့က နို့ချက် စက်ရုံပေါ်ပေါက်လာပုံ၊ စက်ရုံမှ ထုတ်လုပ်သည့် နို့ထွက်ပစ္စည်းများနှင့် စက်ရုံဆိုင်ရာ အချက်အလက်များကို ရှင်းလင်း တင်ပြကြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက လုပ်ငန်းဆောင်ရွက်ရာတွင် ပြည်သူများ အလုပ်အကိုင်များများ ရရှိရေးနှင့် ပြည်ပမှနို့နှင့်နို့ထွက် ပစ္စည်းများ တင်သွင်းနေရမှုကိုလျှော့ချနိုင်ရေးတို့အတွက် ဦးတည်ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ ထို့အတူ ၂ဝ၁၅ခုနှစ်တွင် အာဆီယံဒေသတွင်း လွတ်လပ်စွာ ကုန်သွယ်ခွင့် ရရှိတော့မည်ဖြစ်ရာ ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်ကိုပါ ထိုးဖောက်နိုင်ရေးအတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ပြီး ဖက်စပ် လုပ်ကိုင် သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ နို့နှင့်နို့ထွက် ပစ္စည်းစက်ရုံများကို နေရာ အနှံ့အပြားတွင် တည်ဆောက်လုပ်ကိုင်မနေဘဲ သမဝါယမအသင်းများ၏ စုစည်းအားဖြင့် တစ်နေရာတည်းတွင် စက်ရုံကြီးတစ်ရုံကို တည်ဆောက် လုပ်ကိုင်သွားကြရန် ဖြစ်ကြောင်း၊ ယင်းသို့ တည်ထောင်ရာတွင် နွားမွေးမြူသည်မှ နို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ်သည်အထိ Supply Chain တစ်ခုလုံးကို ခေတ်မီ နည်းပညာများဖြင့် လုပ်ကိုင်ဆောင်ရွက်သွားကြရန် ဖြစ်ကြောင်းဖြင့် မှာကြားသည်။

အဆိုပါစက်ရုံကို ၁၉၈၄ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ပြီး စက်ရုံမှနို့ဆီ၊ နို့စိမ်း၊ နို့မှုန့်၊ ထောပတ်နှင့်ရေခဲမုန့်တို့ကို ထုတ်လုပ်လျက်ရှိသည်။

နိုင်ငံတော်သမ္မတသည် အဖွဲ့ဝင်များနှင့်အတူ မွန်းလွဲ၂နာရီခွဲတွင် မန္တလေးမြို့မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာခဲ့ရာ ညနေပိုင်းတွင်နေပြည်တော်သို့ ပြန်လည် ရောက်ရှိသည်။
---------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာနှင့်ပတ်သက်၍ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ပြောကြားသည့် မိန့်ခွန်း

နေပြည်တော် မေ ၆

ဒီကနေ့ မြန်မာနိုင်ငံနဲ့ မြန်မာ့လူ့အဖွဲ့အစည်းအတွက် ကျွန်တော်တို့ အစိုးရအနေနဲ့ ကြိုးပမ်းဆောင်ရွက်နေတဲ့ အသွင်ကူးပြောင်းရေး ဖြစ်စဉ်များဟာ လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်၊ စစ်အုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေစီစနစ် အခြေပြု အုပ်ချုပ်ရေး စနစ်သို့ ကူးပြောင်းမှုဖြစ်စဉ်နဲ့ ဗဟိုချုပ်ကိုင်သော စီးပွားရေး စနစ်မှ ဈေးကွက်စီးပွားရေး ရှင်သန်တဲ့ ခေတ်မီအမျိုးသားစီးပွား ပုံစံချတည်ဆောက်မှု ဖြစ်စဉ်တွေကို ဖော်ဆောင်လျက်ရှိတဲ့ သုံးပွင့်ဆိုင် အပြိုင် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ အခုလို ကြီးမားတဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေနဲ့ ပြည့်နှက်နေတဲ့ အပြောင်းအလဲတွေကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်နိုင်ကြမယ် ဆိုရင်ဖြင့် နိုင်ငံသား တစ်ဦးချင်းစီရဲ့ မျှော်လင့်ချက်များ ရှင်သန်နိုင်တဲ့ ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်း တစ်ရပ်ကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုလှပတဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်မယ်ဆိုရင် အခွင့်အလမ်းများ ရရှိထားပေမယ့် တချိန်တည်းမှာပဲ အမှားမခံနိုင်တဲ့ အခြေအနေ၊ အချိန်အခါမျိုးလည်း ဖြစ်တဲ့အတွက် စိတ်ခံစားမှုများကို ရှေ့တန်း တင်တဲ့၊ လွဲမှားတဲ့ အယူသီး အစွန်းရောက်တဲ့ လုပ်ရပ်တွေကြောင့် ဆုံးရှုံးမှုတွေနဲ့ အန္တရာယ်တွေကို ကြုံတွေ့နိုင်ပါတယ်။ ဒါတွေကို ရှောင်လွှဲနိုင်ဖို့ ကျွန်တော်တို့ တစ်ဦးချင်းစီမှာ တာဝန်ရှိကြောင်း အလေးအနက် ပြောကြားလိုပါတယ်။

၂၀၁၂ခုနှစ်အတွင်းမှာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ပဋိပက္ခတွေရဲ့ အကြောင်းအရင်း များကို စနစ်တကျ ရှာဖွေဖော်ထုတ်ဖို့နဲ့ အလားတူ ပဋိပက္ခများ ထပ်မံမဖြစ်ပွားစေဖို့ ဆိုတဲ့ ရည်ရွယ်ချက်များနဲ့ ရခိုင်ပြည်နယ်ပဋိပက္ခများ စုံစမ်းရေးကော်မရှင်ကို ဖွဲ့စည်း တာဝန် ပေးအပ်ခဲ့ပါတယ်။ ယင်းကော်မရှင် ရဲ့ အစီရင်ခံစာကို ၂၀၁၃ခုနှစ်၊ ဧပြီလ (၂၉)ရက်နေ့မှာ တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဒီအစီရင်ခံစာကို အသေအချာ လေ့လာ ဖတ်ရှုကြည့်တဲ့အခါမှာ ဘက်ပေါင်းစုံကနေ စနစ်တကျ အသေးစိတ် လေ့လာ သုံးသပ်ပြ ထားတာကို တွေ့ရတဲ့အတွက် လက်တွေ့ကျပြီး ပြည့်စုံကောင်းမွန်တဲ့ အစီရင်ခံစာတစ်ခု ဖြစ်တယ် ဆိုတာကို တွေ့ရှိရမှာ ဖြစ်သလို နိုင်ငံတော်အတွက် စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်များရဲ့ စေတနာထား ကြိုးပမ်း ဆောင်ရွက်မှုများကိုလည်း အသိအမှတ်ပြု ကြရမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ပဋိပက္ခများနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အစိုးရရဲ့ ရပ်တည်ချက်ဟာ လက်ရှိ အခြေအနေကို လက်တွေ့ကျတဲ့ နည်းလမ်းများနဲ့ ကိုင်တွယ် ဖြေရှင်းပြီး အနာဂတ်မှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်တဲ့ လူ့အဖွဲ့အစည်း တစ်ရပ် ပေါ်ပေါက်လာရေး ကို ရှေးရှုတဲ့ ဦးတည်ချက်များနဲ့ လုပ်ဆောင်သွားမှာ ဖြစ်တဲ့အကြောင်း ပြောကြားလိုပါတယ်။ ဒီနေရာမှာ သမိုင်းသင်ခန်းစာများကို ပစ်ပယ်မှာ မဟုတ်ပေမယ့် ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ သမိုင်းကြောင်း ဆိုးမွေများထဲက ရုန်းထခွဲထွက်ဖို့ လိုအပ်မှာဖြစ်ပြီး အနာဂတ်ကို ရှေးရှုတဲ့ အဖြေ ရှာဖွေမှုတွေကို ပြုလုပ်ကြရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ သမိုင်းကြောင်းနဲ့ချီပြီး ဒီမိုကရေစီ ရေချိန် နိမ့်ပါးခဲ့ခြင်းနဲ့ ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ကို မတည်ဆောက် နိုင်ခဲ့ခြင်းဆိုတာ တွေကြောင့် လက်နက်ကိုင် ပဋိပက္ခတွေ၊ အခက်အခဲ အကျပ်အတည်းတွေ၊ အချင်းချင်း မယုံကြည်မှုတွေ၊ စီးပွားရေး နိမ့်ကျမှုတွေနဲ့ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့မှုဆိုတဲ့ ခါးသီးတဲ့ဒဏ်တွေကို ခံစားခဲ့ကြ ရပါတယ်။ ဒီဒဏ်ရာတွေကို ကုစားနိုင်ဖို့အတွက် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်နေ ရခြင်း ဖြစ်ပါတယ်။ ဒီလိုဖော်ဆောင်တဲ့ နေရာမှာ နိုင်ငံသားတိုင်း မိမိတို့ ယုံကြည်ရာ ဘာသာတရားကို လွတ်လပ်စွာ ရွေးချယ် ကိုးကွယ်ပိုင်ခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရရှိစေဖို့ဆိုတဲ့ အချက်တွေကိုလည်း မဖြစ်မနေ တစ်ပါတည်း ကြိုးပမ်းဖော်ဆောင်နေရခြင်း ဖြစ်ပါတယ်။ မတူညီတဲ့ ကိုးကွယ်ယုံကြည်မှုတွေကို လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ရှိဖို့အတွက် အခြေခံအနှစ်သာရဟာ ဘာသာတရား အချင်းချင်း အပြန်အလှန် လေးစားမှုပဲ ဖြစ်ပါတယ်။ ဒီလို အပြန်အလှန် လေးစားမှု ရှိမှသာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်မှာလည်း ဖြစ်ပြီး နိုင်ငံသား တစ်ဦးချင်းစီရဲ့ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ အစိုးရအနေနဲ့ အစဉ်လေးစား ကာကွယ် ပေးသွားမှာ ဖြစ်ပါတယ်။

ဒီမိုကရေစီရဲ့ အခြေခံအနှစ်သာရ တစ်ခုဖြစ်တဲ့ လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုပိုင်ခွင့်နဲ့ ပတ်သက်ပြီးတော့ လည်း ပြောကြားလိုပါတယ်။ ဒီအခွင့်အရေးကိုအလွဲသုံးပြီး အမုန်းတရားကို တိုးပွားစေတဲ့ ပြောဆိုမှုများ၊ လှုံ့ဆော်မှုများဟာ ပဋိပက္ခများကိုပိုမို ကြီးထွားစေခဲ့ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ သတိပြုရမယ့် အချက်တစ်ခုဟာ အခွင့်အရေးတစ်ခုကို လွဲမှားစွာ အသုံးချခြင်းဟာ အခြားအခွင့်အရေးများကို ဆုံးရှုံးစေတယ် ဆိုတာကိုသတိပြုရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်များရဲ့ဘုရား၊ ကျောင်းကန်၊ စေတီပုထိုးများ၊ ခရစ်ယာန် ဘာသာဝင်များရဲ့ ဘုရားရှိခိုးကျောင်း များ၊ အစ္စလာမ်ဘာသာဝင်များရဲ့ ဗလီတွေနဲ့ ဟိန္ဒူဘာသာဝင် များရဲ့ ဘုရားကျောင်းများအတူ ယှဉ်တွဲတည်ရှိနေပြီး နိုင်ငံသားများ အကြားမှာလည်း သမိုင်းနဲ့ချီတဲ့ လူမှုရေး သဟဇာတ ရှိပြီးဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ပေါ်ပေါက်ခဲ့တဲ့ ပဋိပက္ခများရဲ့ ဇာစ်မြစ်များဖြစ်တဲ့ လူဦးရေပေါက်ကွဲမှု မြင့်မားတဲ့ အိမ်နီးချင်းနိုင်ငံနဲ့ နယ်နိမိတ်ချင်း ဆက်စပ်နေမှု၊ ကိုလိုနီစနစ်ရဲ့ အမွေဆိုး၊ ရခိုင်တိုင်းရင်းသားများနဲ့ အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ လူ့အဖွဲ့အစည်း နှစ်ခုလုံးရဲ့ လူမှုစီးပွား အထွေထွေ နိမ့်ကျမှုများစတဲ့ အချက်တွေကို လျစ်လျူရှုပြီး ရခိုင်တိုင်းရင်းသားများနဲ့ အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ လူ့အဖွဲ့အစည်းနှစ်ခုရဲ့ ပဋိပက္ခကို ဗုဒ္ဓဘာသာများနဲ့ မွတ်စလင်များ ကြားမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခအဖြစ် ကျဉ်းမြောင်းတဲ့အမြင်နဲ့ လွဲမှားစွာပုံဖော်နေခြင်း၊ ရှုမြင်နေခြင်းဟာ ကြုံတွေ့နေရတဲ့ ပြဿနာများကို ဖြေရှင်းရန် ပိုမိုခက်ခဲစေမှာ ဖြစ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ မိတ္ထီလာနဲ့ ဥက္ကံမြို့များမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများဟာလည်း ဘာသာရေး ပြဿနာများ အဖြစ် မှားယွင်းစွာ ပုံဖော်ခဲ့ခြင်းရဲ့ အကျိုးဆက်များအဖြစ် ရှုမြင်နိုင်ပါတယ်။

ရခိုင်ပြည်နယ် ပဋိပက္ခများကို ဖြေရှင်းတဲ့နေရာမှာ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အကြံပြုချက် များအနက် အဓိကအချက်များကို ကြည့်ရင် ပထမ ဆုံးဆောင်ရွက်ရမယ့် အချက်ဟာ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနဲ့ ပဋိပက္ခများ ထပ်မံမဖြစ်ပွားရေး အတွက် တရားဥပဒေ စိုးမိုးရေး အစီအမံများ ချမှတ်ဆောင်ရွက်ရေးပဲ ဖြစ်ပါတယ်။

တာဝန်ရှိတဲ့ လုံခြုံရေးအဖွဲ့အစည်းများ အနေနဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေး ကိစ္စရပ်များမှာ အပြည့်အဝ ပူးပေါင်း အကောင်အထည်ဖော်နိုင်ရေး အတွက် ကျွန်တော့် အနေနဲ့ နိုင်ငံတော်သမ္မတရဲ့ လုပ်ပိုင်ခွင့်၊ အခွင့်အာဏာများ အသုံးပြု ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လုံခြုံရေးအဖွဲ့အစည်းများဟာ ပြည်သူ့ဝန်ထမ်း ကျင့်ဝတ်နှင့်အညီ ဘက်လိုက်မှုမရှိဘဲ ဥပဒေအရ တိတိကျကျ လိုက်နာဆောင်ရွက် စေဖို့ကိုလည်း ကျွန်တော့်အနေနဲ့ ညွှန်ကြားအမိန့်ပေးထားပြီး ဖြစ်ပါတယ်။ ပဋိပက္ခများအတွင်း ဖြစ်ပွားခဲ့တဲ့ ဥပဒေ ချိုးဖောက်မှုများကိုလည်း ဘက်လိုက်မှု မရှိစေဘဲ ထိရောက်စွာ အရေးယူသွားမှာ ဖြစ်ပါတယ်။ ပဋိပက္ခများကြောင့်အိုးအိမ်၊ စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသူများအတွက်လည်း ကယ်ဆယ်ရေး၊ ကူညီ စောင့်ရှောက်ရေးများ ကိုလည်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အထူးသဖြင့် ဒုက္ခသည်များအတွက် မိုးမကျမီ အမိုးအကာအောက် အချိန်မီရောက်ရှိရေး၊ ကလေးသူငယ်များ အာဟာရ ပြည့်ဝစေရေး၊ ပညာ သင်ကြားနိုင်ရေး၊  စိတ်ပိုင်းဆိုင်ရာ နာကျင်မှုများနှင့် မလုံခြုံမှုများကို ကုစားပေးနိုင်ရေး၊ ကူးစက်ရောဂါ များကို ဟန့်တားရေး၊ အသက်မွေးဝမ်းကျောင်းမှုနှင့် ဒေသစီးပွားရေး ပုံမှန် အခြေအနေ ပြန်လည်ရောက်ရှိရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေး တို့ကို အလျင်အမြန် အရေးယူဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ နိုင်ငံတကာ အကူအညီများကိုလည်း ရယူသွားမှာ ဖြစ်ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များမှာ ဝင်ရောက်ဆောင်ရွက် ကြမယ့် နိုင်ငံတကာ အဖွဲ့အစည်းများကိုလည်း အစိုးရအနေနဲ့ လိုအပ်တဲ့ အကူအညီများ ပေးအပ် သွားမှာ ဖြစ်ပါတယ်။ ယခင် ကာလများက ရခိုင်ပြည်နယ်အတွင်းမှာ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး ဆိုင်ရာ ခေါင်းစဉ်နဲ့ ဝင်ရောက် လုပ်ကိုင်ခဲ့တဲ့ နိုင်ငံတကာ အဖွဲ့အစည်းအချို့ရဲ့ လုပ်နည်း ကိုင်နည်း အမှားများကြောင့် ပြဿနာများ ပိုမိုရှုပ်ထွေးနက်ရှိုင်းခဲ့တာဟာလည်း ငြင်းဆို၍ မရသည့်အမှန်တရား ဖြစ်ပါတယ်။ ဒါကြောင့်လက်ရှိ အခြေအနေအရ ရခိုင်ပြည်နယ်မှာ ဝင်ရောက်ဆောင်ရွက်ကြမယ့် အဖွဲ့အစည်းများ အနေနဲ့လည်း အသိုက်အဝန်းနှစ်ခု အကြား ပိုမိုရှုပ်ထွေးစေမယ့် ကိစ္စရပ်များ မဖြစ်ပေါ်ဖို့အတွက် ဒေသတွင်းမှာ ဖြစ်ပေါ်နေတဲ့ ကန့်သတ်ချက် များကို နားလည်လိုက်နာကြဖို့နဲ့ နှစ်ဖက် လူ့အသိုက်အဝန်း နှစ်ခုလုံးရဲ့ ယုံကြည်ထောက်ခံမှုကို ရယူရန် ကြိုးစားကြဖို့လည်း တိုက်တွန်းလိုပါတယ်။

ထို့အပြင် စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အကြံပြုချက်များနဲ့အညီ ပဋိပက္ခများပိုမို ဆိုးရွား မလာရေးအတွက် တရားမဝင် ဆက်လက်ဝင်ရောက် လာသူများကို ဟန့်တားရေးနဲ့ ထိရောက်စွာ အရေးယူခြင်းတို့အတွက် လိုအပ်မယ့် လုံခြုံရေးဆိုင်ရာ အစီအမံများ ကိုလည်း ချမှတ်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံသား ဖြစ်ခွင့်ရှိသူများ နိုင်ငံသားဖြစ်ရေး ကိစ္စရပ်များကိုလည်း ရေတို၊ ရေရှည် စီမံချက်များ ချမှတ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လူမှုရေးသဟဇာတဖြစ်မှု တည်ဆောက်ရေးနဲ့ ရခိုင်ပြည်နယ် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် ရေရှည်အစီအမံ များနဲ့ ဟန်ချက်ညီညီ အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ ထိုသို့ အစီအမံများ ချမှတ်ရာမှာ ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်း စစ်ဆေးရေးကော်မရှင် ရဲ့ အကြံပြုချက်များကို အခြေခံ လုပ်ဆောင်သွားမှာ ဖြစ်သော်လည်း အခြားမတူညီသည့်အမြင်များနဲ့ အကြံပြုချက်များ ကိုလည်း အလေးထား ထည့်သွင်း စဉ်းစားသွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ပဋိပက္ခများ ချုပ်ငြိမ်းရေးနဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များကို အလျင်အမြန် အရေးယူ ဆောင်ရွက်နိုင်ဖို့ အရေးကြီးတဲ့အတွက် ၂၀၁၃ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဗဟိုကော်မတီကို ဖွဲ့စည်းပေးခဲ့ ပါတယ်။ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်မှု ဗဟိုကော်မတီရဲ့ မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ လေ့လာ အကြံပြု တင်ပြချက်များနဲ့ အခြားဆောင်ရွက်ရန် သင့်လျော်မယ့် လုပ်ငန်းစဉ်များကို ထိရောက်စွာ ပံ့ပိုးဆောင်ရွက်နိုင်ရေးအတွက် တရားဥပဒေ စိုးမိုးရေး၊ လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသား စိစစ်ရေး၊ ဒေသတွင်း ယာယီ နေရာချထားရေးနှင့် ပြန်လည် ထူထောင်ရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဘက်စုံ မဟာဗျူဟာ ရေးဆွဲရေးဆိုတဲ့ လုပ်ငန်းကော်မတီ(၇) ခုကိုလည်း မတ်လ (၂၉)ရက် နေ့မှာ ထပ်မံဖွဲ့စည်းပေးခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ရခိုင်ပြည်နယ် ပဋိပက္ခကို နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေးစတဲ့ ရှုထောင်းပေါင်းစုံကနေ အစိုးရတစ်ရပ်ရဲ့ မှန်ကန်တဲ့ ဦးဆောင်မှုပေးပြီး တိကျပြတ်သားစွာ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အသိပေး ပြောကြားလိုပါတယ်။

ရခိုင်ပြည်နယ်ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာပါ တွေ့ရှိချက် များကို ခြုံငုံသုံးသပ်ရာမှ ရရှိလာတဲ့ သင်ခန်းစာ တစ်ရပ်ကတော့ ယခင် ကျင့်သုံးခဲ့တဲ့ မူဝါဒများကြောင့် ယဉ်ကျေးသော ကျွန်ုပ်တို့ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ ကြုံတွေ့ခဲ့ရခြင်း ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပြောကြားလိုတာကတော့ လက်ရှိကြုံတွေ့နေသော ပြဿနာ များကို ဖြေရှင်းရာမှာ တစ်ဖက်နှင့် တစ်ဖက်အပြစ်တင်ခြင်းများ ရပ်တန့်ပြီး လက်ရှိအခြေအနေကို လက်တွေ့ ကျတဲ့ နည်းလမ်းများနဲ့ ကိုင်တွယ်ဖြေရှင်းပြီး အနာဂတ်မှာ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲ နေထိုင်နိုင်တဲ့ လူ့အဖွဲ့အစည်း တစ်ရပ် ပေါ်ပေါက်လာရေးကို ရှေးရှုတဲ့ ဦးတည်ချက်များနဲ့ လုပ်ဆောင်ရန် အချိန်ကျပြီ ဖြစ်ကြောင်းဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။

ရခိုင်ပြည်နယ် အရေးကိစ္စကိုကိုင်တွယ်လုပ်ဆောင်ရာမှာ ကျွန်တော်တို့အစိုးရအနေနဲ့ ရခိုင်ပြည်နယ် အတွင်းမှာ မူလကရောက်ရှိနေကြတဲ့ အစ္စလာမ်ဘာသာကိုးကွယ် သူများအား လူသားချင်းစာနာထောက်ထားသည့် အနေဖြင့်သူတို့ရဲ့ အခြေခံ ရပိုင်ခွင့်များနဲ့ အခွင့်အရေးများကို လက်တွေ့အကျဆုံး နည်းလမ်းများနဲ့ အရေးယူ ဆောင်ရွက်ပေးသွားမှာ ဖြစ်သလို ရခိုင်တိုင်းရင်းသားများရဲ့ ခံစားမှုနှင့် လိုလားချက်များ ကိုလည်း လုံးဝလျစ်လျူရှုမှာ မဟုတ်ကြောင်း အလေးအနက် ပြောကြားရင်း နိဂုံးချုပ်ပါတယ်။
---------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝန်းရှိ မိဘပြည်သူများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရေဒီယို အစီအစဉ်များမှ တစ်ဆင့် ပြောကြားသည့် မိန့်ခွန်း

နေပြည်တော်  ၂

မိဘပြည်သူများခင်ဗျား-
ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုကနေတစ်ဆင့် အသိပေး ပြောကြားနေကျ ဖြစ်တဲ့အတိုင်း ဧပြီလအတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု များကို ပြောကြားရခြင်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လအတွင်းမှာ ကျွန်တော့်အနေနဲ့ နယူးဇီလန်နိုင်ငံ၊ သြစတြေးလျနိုင်ငံနဲ့ ဥရောပနိုင်ငံများကို ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ အခုလို ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်ရခြင်းဟာ နိုင်ငံတကာနဲ့ ဆက်ဆံရေး တိုးတက်လာစေဖို့ သာမက ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင်တွေဟာ ကျွန်တော်တို့ နိုင်ငံကို နားလည်လာဖို့၊ ကျွန်တော်တို့နိုင်ငံအတွက် လိုအပ်နေတဲ့ နယ်ပယ်စုံ၊ ကဏ္ဍစုံမှာ ပူးပေါင်းပါဝင်ပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့် ကိစ္စတွေကို ဆောင်ရွက်နိုင်ဖို့ သွားရောက်ခဲ့တာပဲ ဖြစ်ပါတယ်။ အခုခရီးစဉ်မှာ နယူးဇီလန်နိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ ဥရောပနိုင်ငံတွေနဲ့ မိတ်ဆွေများအဖြစ် နည်းပညာဆိုင်ရာ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍစုံမှာ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ ဆွေးနွေးညှိနှိုင်းနိုင်ခဲ့တယ်ဆိုတဲ့အကြောင်း မိဘပြည်သူများကို ဝမ်းမြောက်စွာ အသိပေး ပြောကြားလိုပါတယ်။

နိုင်ငံတကာနဲ့ ယခုလို ခင်မင်ရင်းနှီးစွာ ကူးလူးဆက်ဆံခြင်းအားဖြင့် မြန်မာနိုင်ငံသားများ အတွက် ပိုမိုအကျိုးရှိလာစေဖို့၊ ကုန်စည် ကူးသန်းရောင်းဝယ်မှုတွေ တိုးတက်လာစေဖို့နဲ့ မြန်မာနိုင်ငံအကြောင်း ပိုမိုသိရှိနားလည်စေဖို့ ဖြစ်ပါတယ်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ မြန်မာနိုင်ငံတွင်းကို စီးဝင်လာတာနဲ့အမျှ အဆင့်မြင့်နည်းပညာတွေကို ကျွန်တော်တို့ နိုင်ငံသားတွေ ရရှိလာနိုင်ပါတယ်။ ထိပ်တန်း နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ အလုပ်လုပ်ကိုင်နိုင်တဲ့ စီးပွားရေး လုပ်ငန်းများ ဖြစ်အောင် ကျွန်တော်တို့ ကြိုးစား ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။

ဧပြီလအတွင်းမှာ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအကြား ဆက်ဆံရေးကောင်းတွေ တည်ဆောက်မှုနဲ့ ပတ်သက်ပြီး အလွန်အရေးကြီးတဲ့ အလှည့်အပြောင်းတွေ ဖြစ်ခဲ့ပါတယ်။ ဧပြီ ၂၂ ရက်နေ့မှာ ဥရောပသမဂ္ဂ အနေနဲ့ မြန်မာနိုင်ငံကို လက်နက်ရောင်းဝယ်မှုက လွဲပြီး အခြားပိတ်ဆို့အရေးယူမှုအားလုံးကို ရုပ်သိမ်းပေးခဲ့ပြီး ဖြစ်ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ပိတ်ဆို့အရေးယူမှုတွေရဲ့ အကျိုးဆက်ကြောင့် ပေါ်ပေါက်ခဲ့ရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး မပြေလည်မှု များကို ဖြေရှင်းနိုင်တော့မှာ ဖြစ်တဲ့အတွက် ပြည်သူများရဲ့ လူမှုစီးပွားဘဝ မြင့်မား တိုးတက်လာတော့မှာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဧပြီလ ၂၉ ရက်နေ့က ထိုင်းနိုင်ငံ ဗန်ကောက်မှာကျင်းပတဲ့ အာရှနှင့် ပစိဖိတ်စီးပွားရေးနဲ့ လူမှုရေး ပူးပေါင်းဆောင်ရွက်မှု ကော်မရှင် UN ESCAP က ကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲကို တက်ရောက်ပြီး ဒေသတွင်း စီးပွားရေးနဲ့ လူမှုရေးရာကိစ္စများ၊ မမျှော်လင့်တဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကိစ္စရပ်များမှာ UN ESCAP နဲ့ မြန်မာနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အလားအလာ များနဲ့ ပတ်သက်တဲ့ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပါတယ်။ ဒီအစည်းအဝေးကပဲ မြန်မာ ပြည်သူများအတွက် UN ESCAP ရဲ့ ဂုဏ်ပြုဆုကိုလည်း ရရှိခဲ့ပါတယ်။ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက် လာနိုင်တာနဲ့အမျှ ကမ္ဘာ့ဈေးကွက်နဲ့ ပိုမိုချိတ်ဆက်လာနိုင်ပြီး ကျွန်တော်တို့ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးကျေးဇူးတွေ ဖြစ်ထွန်းလာမှာ ဖြစ်သလို တစ်ဖက်မှာလည်း ကမ္ဘာ့စီးပွားရေး အကျပ်အတည်းတွေ၊ မထင်မှတ်တဲ့ ရိုက်ခတ်မှုတွေကိုလည်း ကြံ့ကြံ့ခံကျော်လွှားနိုင်ဖို့ ကျွန်တော်တို့အနေနဲ့ ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ကျွန်တော့်အနေနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်းမှာ အမှတ်တရ ဖြစ်စေခဲ့တာကတော့ ဟိုင်နန်ကျွန်းမှာ ကျင်းပတဲ့ စီးပွားရေး ဖိုရမ်ကို တက်ရောက်ခဲ့ရခြင်းပဲ ဖြစ်ပါတယ်။ ဒီခရီးဟာ သာမန်ခရီးစဉ်တစ်ခု ဆိုတာထက် ဟိုင်နန်ကျွန်းဆိုတာ ကျွန်တော်တို့နိုင်ငံရဲ့ လွတ်လပ်ရေးသမိုင်းမှာ အချိုးအကွေ့တစ်ခုမှာ ပါဝင်ခဲ့ပြီး ရဲဘော်သုံးကျိပ် စစ်ပညာသင်ကြားခဲ့တဲ့ နေရာလည်း ဖြစ်တဲ့အတွက် အခြား ခရီးစဉ်များထက် ပိုပြီး အမှတ်တရရှိတဲ့ ခရီးစဉ်တစ်ခုလို့ ဆိုရခြင်းဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အလျင်မြန်ဆုံး ဖွံ့ဖြိုးတိုးတက်နေပြီး စီးပွားရေးအင်အားကြီး နိုင်ငံတစ်နိုင်ငံလည်း ဖြစ်တဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဟာ ကျွန်တော်တို့ရဲ့ အိမ်နီးချင်း ဖြစ်တယ်ဆိုတဲ့ အခြေအနေကို အားသာချက်အဖြစ် ရှုမြင်ပြီး ကျွန်တော်တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းများကို ဖန်တီးသွားရမှာဖြစ်ပါတယ်။

ကျွန်တော်တို့ အစိုးရအနေနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ လူနေမှုအဆင့်အတန်း မြင့်မားရေး အတွက် မူဝါဒများ၊ ဦးတည်ချက်များ၊ စီမံကိန်းများ ချမှတ်ဆောင်ရွက်နေပါတယ်။ ဒီစီမံကိန်းများထဲက တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ လျှပ်စစ်မီး ပိုမိုရရှိရေးနဲ့ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကိုလည်း စတင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်တယ် ဆိုတာကို အသိပေး ပြောကြားလိုပါတယ်။

စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ကျွန်တော်တို့ အစိုးရအနေနဲ့ ဖော်ဆောင်လျက်ရှိသလို ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် နည်းပညာနဲ့ Human Capital လို့ ခေါ်တဲ့ လူသား အရင်းအမြစ်များ တည်ဆောက်နိုင်ရေးက အရေးကြီးပြီး အထူးသဖြင့် စွမ်းဆောင်ရည် ပြည့်ဝတဲ့ လူသားအရင်းအမြစ်အတွက် အနာဂတ်မျိုးဆက်သစ် လူငယ်များဟာ အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ အလျဉ်းသင့်လို့ ပြောရရင် ကျွန်တော်တို့ အစိုးရအနေနဲ့ ပညာရေး ပြုပြင်ပြောင်းလဲမှု များကို ဖော်ဆောင်လျက်ရှိတဲ့အထဲမှာ ကျောင်းပညာရေး ထူးချွန်ရုံသာမက နိုင်ငံတည်ဆောက်ရေးအတွက် ဘက်စုံထူးချွန်တဲ့ လူငယ်လူရွယ်များ ပေါ်ထွက်လာရေးကိုလည်း အထူးအာရုံစိုက် အလေးထားပါတယ။် လက်ရှိမှာ အခြေခံပညာသင်ကျောင်း များမှာ ယခင်က ရှိခဲ့ဖူးတဲ့ ကင်းထောက် လူငယ်အဖွဲ့များကို ပြန်လည် အသက်သွင်း ဖွဲ့စည်းလျက် ရှိပါတယ်။ ဒါဟာ ညှိနှိုင်း တိုင်ပင်ခြင်း၊ အသင်းအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဆိုတဲ့  ဒီမိုကရေစီ အလေ့အကျင့်ကို ငယ်စဉ်ကတည်းက အလေ့အကျင့်ရစေဖို့ ပျိုးထောင်ပေးခြင်းလည်း ဖြစ်ပါတယ်။ ဒီလိုလေ့ကျင့် ဖွဲ့စည်းပေးခြင်းအားဖြင့် မျိုးဆက်သစ် ရင်သွေးငယ်များဟာ တိုင်းပြည်အတွက် စိတ်ကောင်းစေတနာရှိပြီး တာဝန်သိတဲ့၊ တာဝန်ယူတတ်တဲ့၊ တာဝန်ကျေတဲ့ ခေါင်းဆောင်များ၊ နိုင်ငံသားများဖြစ်လာမှာလည်း ဖြစ်ပါတယ်။

ကျွန်တော်တို့ အစိုးရအနေနဲ့ အမျိုးသားစည်းလုံး ညီညွတ်မှု တည်ဆောက်ရေးကို ရှေးရှုပြီး တစ်နိုင်ငံလုံးက အကျဉ်းထောင်များမှ အကျဉ်းသား ၉၃ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပြီး မိသားစုများနဲ့ ဆုံစည်းခွင့် ရစေဖို့ ဆောင်ရွက်ခဲ့တာကိုလည်း မိဘပြည်သူများ ဝမ်းမြောက်စေဖို့ အသိပေးပြောကြားလိုပါတယ်။

ဒီ ၂၀၁၃ ဧပြီလဟာ မြန်မာနိုင်ငံအတွက် နိုင်ငံရေး၊ စီးပွားရေးနဲ့ နိုင်ငံတကာ ဆက်ဆံရေး ကဏ္ဍတွေမှာ အောင်မြင်မှုတွေ ရရှိခဲ့တဲ့အတွက် သမိုင်းဝင်တဲ့ အချိန်ကာလတစ်ခု ဖြစ်ခဲ့သလို မြန်မာတို့ရဲ့ ကျင်းပမြဲဖြစ်တဲ့ နှစ်သစ်ကူးသင်္ကြန်ကာလနဲ့လည်း တိုက်ဆိုင် နေပါတယ်။ ပြီးခဲ့တဲ့ နှစ်သစ်ကူး မဟာသင်္ကြန်အခါသမယမှာ ကျွန်တော်တို့ နိုင်ငံသား အားလုံးဟာ လူမျိုး၊ ဘာသာမခွဲခြားဘဲ၊ ပြဿနာတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ ရိုးရာ အစဉ်အလာဖြစ်တဲ့ သင်္ကြန်ပွဲတော်ရဲ့ ယဉ်ကျေးမှုဓလေ့ကို ချစ်ချစ်ခင်ခင်နဲ့ ပါဝင်ဆင်နွဲပြီးတော့ ယဉ်ကျေးတဲ့ မြန်မာလူ့အဖွဲ့အစည်းဆိုတဲ့ ပုံရိပ်ကို ဖော်ဆောင်နိုင် ခဲ့တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ပြည်သူများအားလုံးကို ကျေးဇူးတင်ရှိကြောင်း အလေးအနက် ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

မိဘပြည်သူများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ။
---------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် အမှာစကားပြောကြား

နေပြည်တော် ဧပြီ ၃ဝ

နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူတို့၏ လူမှုစီးပွားရေး ဘက်စုံ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရာ၌ စွမ်းဆောင်ရည်ရှိသော အဖွဲ့အစည်းများနှင့် လူ့စွမ်းအား အရင်းအမြစ်များ တိုးတက်ပေါ်ထွန်းရေးအတွက် ရည်ရွယ်လျက် ယနေ့ ညနေပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန ညီလာခံ ခန်းမကြီး ၌ နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည် ဆုချီးမြှင့်ပွဲကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ အဖွင့်အမှာစကား ပြောကြားသည်။

နိုင်ငံတော်သမ္မတက အဖွင့်အမှာစကား ပြောကြားရာတွင်-

ယနေ့ အခမ်းအနားကို ကြွရောက် ချီးမြှင့်ကြသူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေဟု ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါကြောင်း။

ယခု အခမ်းအနားသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝ တိုးတက်ရေးအတွက် မိမိတို့ကျရာ အခန်းကဏ္ဍမှ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များကို နိုင်ငံတော်အနေဖြင့် နိုင်ငံ့စွမ်းဆောင်ရည်ဆုများကို ချီးမြှင့်အပ်နှင်း သွားမည့် အခမ်းအနား ဖြစ်ပါကြောင်း။

နိုင်ငံ့စွမ်းဆောင်ရည်ဆုကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝ တိုးတက်အောင် စွမ်းဆောင်ကြမည့် စီးပွားရေး စွမ်းဆောင်ရှင်များ၊ လူမှုရေး စွမ်းဆောင်ရှင်များ တိုးပွား ပေါ်ထွန်းလာစေရန်နှင့် ဈေးကွက် စီးပွားရေး စနစ်နှင့်အညီ ပုဂ္ဂလိက ကဏ္ဍ ပြောင်းလဲတိုးတက်ဖွံ့ဖြိုးရေး အားပေးမြှင့်တင် ဆောင်ရွက်ရန်ရည်ရွယ်ပြီး ချီးမြှင့်ခြင်း ဖြစ်ပါကြောင်း။

အခမ်းအနားတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ထုတ်လုပ်သူ တောင်သူ လယ်သမားအဆင့်မှ လုပ်ငန်းရှင်များ အဆင့်အထိ စွမ်းဆောင်ရှင်များ၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများမှ ပို့ကုန်လုပ်ငန်းရှင်များအထိ စွမ်းဆောင်ရှင်များ၊ အခွန်ပေးဆောင်မှု တာဝန်အကျေဆုံး လုပ်ငန်းရှင်များ၊ အများပြည်သူအတွက် သက်စွန့်ကြိုးပမ်း စွမ်းဆောင် ခဲ့ကြသူများ၊ နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်အားကစားသမား စွမ်းဆောင်ရှင်များကို စိစစ်ရွေးချယ်ပြီး နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင် ရည်ဆု ချီးမြှင့်သွားမည် ဖြစ်ပါကြောင်း။

ထို့ပြင် အထူးအစီအစဉ်အနေဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြသော ဘာသာပေါင်းစုံ အဖွဲ့အစည်းအပါအဝင် ဘာသာရေးအတွက် သာမက လူမှုရေးအတွက်ပါ အားသွန်ခွန်စိုက် မနားမနေ ကြိုးစားဆောင်ရွက် နေသည့် ရဟန်းသံဃာများ၊ ဆင်းရဲနွမ်းပါးသူများနှင့် ကိုယ်လက်အင်္ဂါ ချို့တဲ့သူများကို စောင့်ရှောက် ကူညီပေးနေသည့် ရဟန်းသံဃာနှင့် လူပုဂ္ဂိုလ် အဖွဲ့အစည်းများကိုလည်း နိုင်ငံတော်က ဂုဏ်ပြုသည့်အနေဖြင့် ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ပေးအပ်သွားမည် ဖြစ်ပါကြောင်း။

မိမိတို့အစိုးရသည် ဒီမိုကရေစီ နိုင်ငံတော်သစ်အဖြစ် ပြုပြင်ပြောင်းလဲ တည်ဆောက်ရမည့် နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး တာဝန်ကြီးကို ပြည်သူများနှင့်အတူ လက်တွဲ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည့်အတွက် ကမ္ဘာ့နိုင်ငံများက မြန်မာကို အသိအမှတ်ပြု လေးစား ဆက်ဆံလာကြပြီး ကမ္ဘာ့မျက်နှာစာတွင် မြန်မာတို့၏ ဂုဏ်သိက္ခာကို မြှင့်တင် နိုင်ခဲ့ကြ ပါကြောင်း။

တစ်ချိန်တည်း၌ပင် ဒုတိယအဆင့်ဖြစ်သော စီးပွားရေးပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များကို အခြားနိုင်ငံများနည်းတူ ကာလတို၊ ကာလရှည် စီမံကိန်းများရေးဆွဲပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဤသို့ ဆောင်ရွက်ရာတွင် အစိုးရက ဆောင်ရွက် ပေးရမည့်အပိုင်း၊ ပုဂ္ဂလိကကဏ္ဍက ကြိုးပမ်းဆောင်ရွက်ရမည့်အပိုင်း၊ အစိုးရနှင့်  ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရမည့်အပိုင်း၊ နိုင်ငံတကာနှင့် ဆက်ဆံဆောင်ရွက်ရမည့် အပိုင်းများ ပါဝင်သည့်အတွက် သူ့အပိုင်းနှင့် သူ ထိထိရောက်ရောက် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။

စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အစိုးရက လိုအပ်သည့် မူဝါဒနှင့် စီမံကိန်းများ၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများ ရေးဆွဲပြီး တိုင်းရင်းသားလုပ်ငန်းရှင်များ လုပ်သာ ကိုင်သာ ရှိအောင် ဖြေလျှော့စီမံပေးရမည် ဖြစ်သကဲ့သို့ လက်တွေ့အကောင်အထည်ဖော် ရာတွင်လည်း ငွေကြေးအရင်းအနှီးနှင့် နည်းပညာ ရရှိရေး၊ စွမ်းဆောင်ရည် ပြည့်ဝသည့် လူ့အရင်းအမြစ် လေ့ကျင့်ပြုစုပျိုးထောင်ရေးနှင့် ဈေးကွက်ဝင်ရောက် ယှဉ်ပြိုင်နိုင်စွမ်း ရှိရေးတို့ကို ကြိုးပမ်းဆောင်ရွက် သွားရမည် ဖြစ်ပါကြောင်း။

လက်ရှိ မြန်မာနိုင်ငံစီးပွားရေးတွင် ပုဂ္ဂလိကပိုင် အခန်းကဏ္ဍ၊ သမဝါယမ အဖွဲ့အစည်း အခန်းကဏ္ဍနှင့် နိုင်ငံပိုင် အခန်းကဏ္ဍတို့၏ ပါဝင်မှု အချိုးအစားကိုကြည့်လျှင် အသားတင် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး စုစုပေါင်းတွင် ပုဂ္ဂလိကပိုင် ၉၁ ဒသမ ၇ ရာခိုင်နှုန်း၊ သမဝါယမ အဖွဲ့အစည်း ၁ ဒသမ ၂ ရာခိုင်နှုန်း၊ နိုင်ငံပိုင် ၇ ဒသမ ၁ ရာခိုင်နှုန်း ပါဝင်သည်ကို တွေ့ရှိရပါကြောင်း။

ပုဂ္ဂလိကကဏ္ဍသည် နိုင်ငံ့စီးပွားရေးတွင် အများဆုံးပါဝင်နေသည့် အတွက် ပုဂ္ဂလိက ကဏ္ဍစွမ်းဆောင်ရည် မြင့်မားလာအောင် အားပေးမြှင့်တင် ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယနေ့ နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ခြင်းသည် ပုဂ္ဂလိက ကဏ္ဍအတွက် အနာဂတ် စွမ်းဆောင်ရည်ပြည့်ဝသော လူ့အရင်းအမြစ်များ တိုးပွားလာအောင် အားပေး မြှင့်တင်ရန်နှင့် ပြည်သူ့စွမ်းအားဖြင့် နိုင်ငံတော်ကို တည်ဆောက်သွားနိုင်ရန်ပင် ဖြစ်ပါကြောင်း။

ကောင်းမွန်သော စီးပွားရေးဝန်းကျင် ဖန်တီးရေးနှင့် မေခရို စီးပွားရေး တိုးတက် ကောင်းမွန်ရန်၊ ကုန်ပစ္စည်း ဈေးကွက်နှင့် ငွေကြေး အရင်းအနှီး ဈေးကွက် ကောင်းမွန်စွာ လည်ပတ်ရေး လိုအပ်ခြင်းကြောင့် ဈေးကွက် ဖွံ့ဖြိုးတိုးတက်မှုကို အလေးထား စီမံဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

လက်ရှိ မြန်မာ့ကုန်ပစ္စည်း ဈေးကွက်ကို လေ့လာသုံးသပ်လျှင် ကုန်သွယ်မှုတွင် တရားဝင် တင်သွင်းခွင့် ပေးထားပြီး ဖြစ်သော ပစ္စည်းများကို မမှန်မကန် အကျိုးအမြတ်ရလိုမှုနှင့် အခွန် တိမ်းရှောင် မှောင်ခိုတင်သွင်းမှုများကြောင့် မှန်မှန်ကန်ကန် အခွန်ဆောင် တင်သွင်းသူများ အနေဖြင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း မရှိတော့ဘဲ ဈေးကွက် ပျက်ပြားနေသည့် အခြေအနေများ၊ တင်သွင်းလာသော ကုန်ပစ္စည်း အရည်အသွေး မမှန်ကန်သဖြင့် စားသုံးသူ ပြည်သူ ကျန်းမာရေးထိခိုက်စေမည့် အန္တရာယ်များ ရှိနေခြင်းကြောင့် ယှဉ်ပြိုင်မှု ဥပဒေ၊ စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေများ ရေးဆွဲပြဋ္ဌာန်းရန်နှင့် အခွန်စနစ် ခေတ်မီတိုးတက်ရေး စီစဉ်နေသကဲ့သို့ ပုဂ္ဂလိက ကဏ္ဍ၌လည်း စီးပွားရေးကျင့်ဝတ်နှင့် စည်းမျဉ်းဥပဒေ လေးစားလိုက်နာတတ်ပြီး ပူးပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓာတ်မျိုး ရှိလာအောင် စိတ်ထား (Mindset) များ ပြုပြင်ပြောင်းလဲရေးအတွက် ပုဂ္ဂလိက ကဏ္ဍ ပြောင်းလဲတိုးတက် ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်ကို စနစ်တကျ စီမံဆောင်ရွက်သွားရန် လိုအပ်လာပြီဖြစ်ပါကြောင်း။

လက်ရှိအခြေအနေတွင်မူ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ စိုက်ပျိုးမွေးမြူ ထုတ်လုပ်မှုကဏ္ဍ အရှိန်အဟုန် နှေးကွေး ရခြင်း၏ အကြောင်းတစ်ရပ်သည် ဈေးကွက် ဖွံ့ဖြိုးမှုမရှိခြင်းပင် ဖြစ်ပါကြောင်း၊ အလားတူ ထုတ်လုပ်ကုန်ကျစရိတ်နှင့် အကျိုးအမြတ် တွက်ခြေမကိုက်ရသည့် အကြောင်းတစ်ရပ်သည် ကြားအဆင့်ဆင့် ကုန်ကျမှု (Transaction Cost) များနေမှုကြောင့် ဈေးကွက် ပေါက်ဈေးအတိုင်း ငွေကြေး ရသင့်သလောက်မရသည့် အချက်ဖြစ်ပါကြောင်း၊ ယင်းကိစ္စများနှင့် ပတ်သက်၍ ထုတ်လုပ်မှု ကွင်းဆက် အချိတ်အဆက်မိအောင် ကန်ထရိုက်ထုတ်လုပ်မှု၊ ပုံမှန်ရောင်းသူ ဝယ်သူ ချိတ်ဆက်မှုများကို ဖြစ်နိုင်ခြေရှိသည့် လုပ်ငန်းနယ်ပယ်၊ ဖြစ်နိုင်ခြေရှိသည့် ဇုန်များ ထူထောင်ပြီး ပြုပြင်ပြောင်းလဲ ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

မိမိတို့ အစိုးရတာဝန်ယူခဲ့သည့် နှစ်နှစ်တာကာလတွင် နိုင်ငံစီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အတွက် နိုင်ငံတကာ ဆက်ဆံရေးတွင် သာမက စီးပွားရေးကဏ္ဍကိုပါ တံခါးဖွင့်ပေးထားခဲ့ပြီး ဖြစ်သော်လည်း မိမိတို့၏ ပုဂ္ဂလိကကဏ္ဍသည် ဤနှစ်နှစ် အတွင်းတွင် အားယူနေရဆဲ အခြေအနေ၌ပင် ရှိနေသေးသည်ကို တွေ့ရမည် ဖြစ်ပါကြောင်း။

ကမ္ဘာ့အခြေအနေနှင့် မြန်မာ့အခြေအနေ လျင်မြန်စွာ ပြောင်းလဲဖြစ်ပေါ်မှုသည် ပုဂ္ဂလိကကဏ္ဍ အသင့်ဖြစ်မှုနှင့် ကြိုးစားအားထုတ် လုပ်ကိုင်နိုင်မှု စွမ်းဆောင်ရည်ကို ပြန်လည်သုံးသပ်စီမံရန် တွန်းအားများ ဖြစ်ပေါ်လာခဲ့ပါကြောင်း၊ ထိုတွန်းအားများမှာ ယခင် တံခါးပိတ်နေခဲ့ရာမှ တံခါးဖွင့်လိုက်သည့်အချိန်တွင် နိုင်ငံတကာကို ထွက်ပြီး ကူးလူးဆက်ဆံ စီးပွားရှာနိုင်အောင် ကြိုးစား ကြရမည် ဖြစ်သကဲ့သို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သော အရင်းအနှီးနှင့် နည်းပညာ စီးဝင်လာရေးအတွက် နိုင်ငံတကာက ဝင်ရောက်လာသည့် ရင်းနှီးမြှုပ်နှံ ကုန်သွယ်မှုကို လက်ခံဆောင်ရွက်ကြရမည့် အချိန်အခါ ဖြစ်ပါကြောင်း။

ဒေသတွင်း၌လည်း အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုအတွက် တိုင်းရင်းသား လုပ်ငန်းရှင်များ ထိခိုက်မှု မရှိအောင်နှင့် ဈေးကွက် ယှဉ်ပြိုင်နိုင်စွမ်းရှိအောင် ပြင်ဆင် ကြိုးပမ်းရမည့် အချိန်ကာလသည်လည်း နီးကပ်နေပြီ ဖြစ်ပါကြောင်း၊ စီးပွားရေး ပိတ်ဆို့မှု ရှိစဉ်က ထုတ်လုပ်တင်ပို့ ရောင်းချခြင်းကို မြှင့်တင်နိုင်ခြင်း မရှိခဲ့သော်လည်း ယခုအခါ စီးပွားရေး ပိတ်ဆို့မှုများ အဆင့်လိုက် ရုပ်သိမ်းပေးနေပြီဖြစ်သဖြင့် ယင်းအခွင့်အရေးကို အကျိုးရှိစွာ အသုံးပြုပြီး ထုတ်လုပ်မှု မြှင့်တင်ရေးနှင့် ချိတ်ဆက် တင်ပို့ရောင်ချနိုင်မှု ရှိရေး အသင့်ရှိအောင် ပြင်ဆင်ဆောင်ရွက်ရန် အချိန်ရောက်နေပြီ ဖြစ်ပါကြောင်း။

ဤသို့ လျင်မြန်စွာပြောင်းလဲနေသော အခြေအနေအပေါ်တွင် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးကို အရှိန်အဟုန်ဖြင့် စနစ်တကျစီမံ အားပေးမြှင့်တင်ဆောင်ရွက်ရန် လိုအပ်လာခြင်းကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေစဉ် တစ်ပြိုင်တည်းတွင် ပုဂ္ဂလိကကဏ္ဍပြောင်းလဲ တိုးတက်ဖွံ့ဖြိုးရေး (Private Sector Development Reform) လုပ်ငန်းစဉ်ကို မိမိတို့ အစိုးရ၏ စတုတ္ထအဆင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အဖြစ် သတ်မှတ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် လုပ်ငန်းကဏ္ဍအသီးသီး ဖွံ့ဖြိုးတိုးတက်ရေး တာဝန်ယူထားသော ဝန်ကြီးဌာန အသီးသီးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေး တာဝန်ယူထားသော တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအသီးသီးက စီမံပံ့ပိုးရမည့် လုပ်ငန်းများရှိသကဲ့သို့ အစိုးရဌာနများနှင့် ပုဂ္ဂလိကပူးပေါင်း ဆောင်ရွက်ရမည့် လုပ်ငန်းများစွာ ပါဝင်သည့်အတွက် အစိုးရဌာနများက ကမကထပြုပြီး ပုဂ္ဂလိကကဏ္ဍ ပြောင်းလဲတိုးတက်ဖွံ့ဖြိုးရေးဆိုင်ရာ အစိုးရ၊ ပုဂ္ဂလိက ညှိနှိုင်း ဆွေးနွေးမှုများကို အမြန်ဆောင်ရွက်ကြရန်နှင့် အားပေးမြှင့်တင် ဆောင်ရွက်မည့် အစီအမံများ ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းအပ် ပါကြောင်း။

စီးပွားရေးနှင့်လူမှုရေး ပြုပြင်ပြောင်းလဲမှု အခြေခံမူဘောင်ကို မူဝါဒချမှတ်ရေးဆွဲထားပြီး ဖြစ်ပါကြောင်း၊ ယင်းအခြေခံ မူဘောင်ထဲတွင် ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုကို အလေးထား စီမံ ဆောင်ရွက်မည် ဖြစ်သည့်အတိုင်း ယခုဆိုလျှင် ကောင်းမွန်သော အုပ်ချုပ်မှုစနစ် ဖြစ်ပေါ်ရောက်ရှိအောင် အစိုးရ ယန္တရား ပြုပြင်ပြောင်းလဲမှု အစိတ်အပိုင်းတစ်ရပ်အဖြစ် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအဆင့်ထိ မြို့မိမြို့ဖ၊ ရပ်မိရပ်ဖများ ပူးပေါင်းပါဝင်ဆောင်ရွက်သည့် ပြည်သူလူထု ဗဟိုပြုအုပ်ချုပ်မှုစနစ်ကို စတင်အကောင်အထည်ဖော်နေပြီ ဖြစ်ပါကြောင်း၊ ထိုသို့ ပြည်သူလူထုဗဟိုပြုသည့် မူဝါဒလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရသည့် အကြောင်း အရင်းမှာ တိုင်းရင်းသား လူမျိုးပေါင်းစုံ၊ ဘာသာမျိုးစုံ မှီတင်းနေထိုင်ကြသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး၏ နိုင်ငံသားအားလုံး ပါဝင် ဆောင်ရွက်နိုင်ရန် ဖြစ်ပါကြောင်း။

အစိုးရအနေဖြင့် တရားဥပဒေ စိုးမိုးရေးကို ထိရောက်စွာ ကိုင်တွယ် ဆောင်ရွက်နေသကဲ့သို့ ပြည်သူများကလည်း ဥပဒေကို လေးစားလိုက်နာ ကြရမည်ဖြစ်ပါကြောင်း၊ လူအုပ်စုဖွဲ့ အကြမ်းဖက်မှုများနှင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် သွေးထိုးလှုံ့ဆော်မှုများကိုလည်း ပြည်သူများက ဝိုင်းဝန်းဆန့်ကျင်ကြရန်နှင့် ပြည်သူ့ဘဝ လုံခြုံမှုအတွက် ဝိုင်းဝန်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း။

မိမိတို့နိုင်ငံသည် အဘက်ဘက်တွင် များစွာနောက်ကျကျန်နေပါကြောင်း၊ သို့သော်လည်း အချိန်မနှောင်းသေးပါကြောင်း၊ မိမိတို့နိုင်ငံ တည်ငြိမ်အေးချမ်းရန်၊ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်၊ မိမိတို့ကိုယ်တိုင် စည်းစည်းလုံးလုံးဖြင့် ကြိုးစားအလုပ် လုပ်ကြမှသာ အခြားနိုင်ငံများကို ရင်ပေါင်တန်းနိုင်မည် ဖြစ်ပါကြောင်း၊ ပြင်းထန်သည့် စိတ်ဓာတ် အစွဲများကို ပဋိပက္ခဖြစ်မည့် နေရာများတွင် မသုံးဘဲ ညီညီညွတ်ညွတ်ဖြင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုအတွက် အသုံးချမည်ဆိုလျှင် မိမိတို့အမြန်တိုးတက်မည် ဖြစ်ပါကြောင်း၊ မတော် လောဘရလိုသည့် စိတ်များ၊ အချောင်ရလိုသည့် စိတ်များကို ဖျောက်ကြ ရမည် ဖြစ်ပါကြောင်း။

နိုင်ငံ့စွမ်းဆောင်ရည်ဆုနှင့် နိုင်ငံ့စွမ်းဆောင်ရည် ဂုဏ်ပြုလက်မှတ် ချီးမြှင့်ခြင်း ခံရသူများကလည်း မိမိတို့ နယ်ပယ်ဒေသ အလိုက် ဖွံ့ဖြိုးတိုးတက်မှုတွင် စံနမူနာပြ ဦးဆောင်ကြရန်၊ မိမိတို့ လုပ်ဖော်ကိုင်ဖက်များ တိုးပွားလာအောင်၊ စုပေါင်းလုပ် ဆောင်တတ်သည့် အလေ့အကျင့်များ ပွားများအောင် ကြိုးပမ်းဆောင်ရွက် ပေးကြရန်နှင့် ပြည်သူ့စွမ်းအားဖြင့် နိုင်ငံတော်ကို တည်ဆောက်ကြပါစို့ဟု ပြောကြားရင်း နိဂုံးချုပ်အပ်ပါ ကြောင်းဖြင့် ပြောကြားခဲ့သည်။
---------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် (၆၉) ကြိမ်မြောက် ကုလသမဂ္ဂ အာရှနှင့် ပစိဖိတ်စီးပွားရေးနှင့် လူမှုရေးကော်မရှင် အစည်းအဝေးသို့ တက်ရောက်မိန့်ခွန်းပြောကြား

နေပြည်တော် ဧပြီ ၂၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ထိုင်းနိုင်ငံ  ဗန်ကောက်မြို့၌ ကျင်းပမည့် (၆၉) ကြိမ်မြောက် ကုလသမဂ္ဂ အာရှနှင့် ပစိဖိတ်စီးပွားရေးင့် လူမှုရေးကော်မရှင် အစည်းအဝေးသို့ တက်ရောက် မိန့်ခွန်းပြောကြားသည်။

နိုင်ငံတော်သမ္မတက မိန့်ခွန်းပြောကြားရာတွင်-

UN ESCAP ၏ အမှုဆောင်အတွင်းရေးမှူးအဖြစ် တာဝန်ယူချိန်မှစပြီး မြန်မာနိုင်ငံ အတွက် မိတ်ဆွေကောင်း တစ်ဦးအနေဖြင့် ရပ်တည်ခဲ့သည့် ဒေါက်တာနော်လင်းဟေဇာ ၏ ဖိတ်ကြားချက်ကို လက်ခံ တက်ရောက်နိုင်သည့် အတွက် အထူးဝမ်းမြောက် ပါကြောင်း၊ ဒေါက်တာနော်လင်းဟေဇာ၏ တည်ကြည်သည့် ဦးဆောင်မှု၊ ပြတ်သားသည့် ဆုံးဖြတ်ချက်များနှင့် ESCAP အဖွဲ့ကြီးသည် ဒေသတွင်း ကိစ္စရပ်များကို အကောင်းဆုံး ဆောင်ရွက် သွားနိုင်မည်ဖြစ်သည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း၊ မြန်မာနိုင်ငံကို ပြောင်းလဲမှု လမ်းကြောင်းပေါ်ရောက်အောင် ဆောင်ရွက်နိုင်သည့် ခေါင်းဆောင်မှုနှင့် ရဲဝံ့မှုတို့အတွက် အသိအမှတ်ပြုသည့် အနေဖြင့် UN ESCAP က ဂုဏ်ပြုဆုကို ပေးအပ်သည့်အတွက် များစွာကျေးဇူးတင်ရှိပါကြောင်း၊ ဤဆုကို ရရှိခြင်း သည်လည်း မိမိတစ်ယောက်တည်း၏ ကြိုးပမ်းမှုကြောင့် မဟုတ်ဘဲ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး၏ စုပေါင်းဆောင်ရွက်မှုကြောင့် ရရှိခြင်းဖြစ်ပါကြောင်း။

အာရှနှင့် ပစိဖိတ်စီးပွားရေးနှင့် လူမှုရေးကော်မရှင်သည် အာရှပစိဖိတ်ဒေသတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်မှု များအတွက် အထူးအရေးပါသည့် အခန်းကဏ္ဍကပါဝင်ခဲ့ခြင်း လည်းဖြစ်ပါကြောင်း၊ ထိုကော်မရှင်ကို စတင်ဖွဲ့စည်းခဲ့သည့် ရှေ့ပိုင်းနှစ်များတွင် ဦးဆောင်မှုပေးခဲ့သော မိမိတို့၏ မြန်မာနိုင်ငံသားတစ်ဦး ဖြစ်သည့် ဦးညွှန့် အတွက်လည်း မိမိအနေဖြင့် များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ESCAP အဖွဲ့ကြီးနှင့် ပူးပေါင်းလုပ်ဆောင်ရန် ခိုင်ကျည်သည့် သန္နိဋ္ဌာန်ချမှတ် ထားပါကြောင်း။

မိမိတို့အစိုးရအဖွဲ့အနေဖြင့် အဓိက ရည်မှန်းချက်နှစ်ရပ်ဖြစ်သည့် နိုင်ငံရေး တည်ငြိမ်မှုနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့ကို တစ်ပြိုင်နက်တည်း အရှိန်အဟုန်မြှင့် ဖော်ဆောင်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လက်ရှိဖြစ်ပေါ်တိုးတက်နေသည့် နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲများကနေ ပေါ်ပေါက်လာသည့် အခွင့်အလမ်းများ ကို အမိအရ ဆုပ်ကိုင်အသုံးချနိုင်ရန်အတွက် အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် Stakeholders အားလုံးပါဝင်သော ပွင့်လင်းသည့် ဆွေးနွေးမှုများကို အစပြုနေပြီဖြစ် ပါကြောင်း။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကဏ္ဍအပေါ် အဓိကအမှီပြုရသည့်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် အတွက် လယ်ယာကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများကလည်း အထူးအရေးကြီးပါကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေး ကဏ္ဍတွင်လည်း အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု များနှင့်အတူ ပြုပြင်ပြောင်းလဲရေးများကို တိုးမြှင့် လုပ်ဆောင် သွားမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် အကူအညီပေးခဲ့သည့် UN ESCAP ကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း။

မိမိတို့အနေဖြင့် အင်မတန်အရေးကြီးသည့်အချိန်တွင် ယခုကဲ့သို့ တွေ့ဆုံကြခြင်းဖြစ်ပါ ကြောင်း၊ ၂၁ ရာစုအစောပိုင်းကာလများတွင် မိမိတို့အာရှနှင့် ပစိဖိတ်ဒေသ၏ စီးပွား ရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၊ ဆင်းရဲမွဲတေမှုကို အောင်မြင်စွာလျှော့ချ တိုက်ဖျက် နိုင်မှုများသည် ကမ္ဘာတွင် အဓိက အရေးပါသည့် အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့ပါကြောင်း။

တစ်ဖက်တွင်လည်း ယခုလိုအောင်မြင်မှုများ ရရှိခဲ့သော်လည်း ဆက်လက်ဆောင်ရွက်စရာများ ကျန်ရှိနေသေးသကဲ့သို့ စိန်ခေါ်မှုများလည်း ရှိနေဆဲဖြစ်ပါကြောင်း၊ ကမ္ဘာ့စီးပွားရေး အခြေအနေသည် နှစ်အနည်းငယ်ကြာ ဆိုးရွားသည့်အခြေအနေများနှင့် ရင်ဆိုင်နေရပြီး ယခုထက်ဆိုးရွားသည့် စီးပွားရေး အကျပ်အတည်း ကာလများနှင့် တွေ့ကြုံကောင်း တွေ့ကြုံရနိုင်သည့် အနေအထားများရှိနေပါကြောင်း၊ ထိုကဲ့သို့ စီးပွားရေး အကျပ်အတည်းများဖြစ်ခဲ့လျှင် အာရှဒေသထွက်ကုန်များအပေါ် ဝယ်လိုအား ကျသွားနိုင်ပြီး မိမိတို့ အာရှပစိဖိတ်ဒေသကိုလည်း ရိုက်ခတ်လာမည်ဖြစ်ပါကြောင်း။

စီးပွားရေးတိုးတက်မှု နှေးကွေးလာသည်နှင့်အမျှ စီးပွားရေးအကျပ်အတည်း ၏ဒဏ်ကို အများဆုံး ခံစားကြရသည်မှာ ဆင်းရဲသည့်နိုင်ငံများနှင့် ပြည်သူလူထု ပင်ဖြစ်ပါကြောင်း၊ စီးပွားရေးအကျပ်အတည်းမတွေ့ဘဲ မှန်မှန်တိုးတက်နေသည် ဆိုလျှင်ပင် မိမိတို့ အနေဖြင့် အထိန်းအကွပ်မဲ့သည့် ဖွံ့ဖြိုးမှုသည် အန္တရာယ်များကို ဆောင်ကြဉ်း လာသည်ဆိုသည်ကို သတိပြုကြရန် လိုပါကြောင်း၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စများ၊ လူမှုသဟဇာတဖြစ်မှုများ၊ သာမန်ပြည်သူလူထု၏ နေ့စဉ်ဘဝအပေါ် ရိုက်ခတ်မှုများကိုလည်း ထည့်သွင်း စဉ်းစားကြရန် လိုပါကြောင်း၊ အာရှပစိဖိတ် ဒေသသည် သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သည့် အခြေအနေ ပိုများသည့် ဒေသဖြစ်သည် ဆိုသည်ကိုလည်း မိမိတို့နားလည်ထားပြီး ဖြစ်ပါကြောင်း။

ထို့ကြောင့် ယခုနှစ်ဆွေးနွေးပွဲ ခေါင်းစဉ်ဖြစ်သည့် သဘာဝဘေးအန္တရာယ်များနှင့် စီးပွားရေး အကျပ်အတည်းများကို ရင်ဆိုင်ကျော်လွှားရေး ဆိုသည့် ခေါင်းစဉ်သည် အထူး ဆီလျော်ညီညွတ်သည့် ခေါင်းစဉ်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံသည် ဒေသတွင်း အဆင်းရဲဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သည်ဆိုသည်ကို မိမိအနေဖြင့် ပွင့်ပွင့် လင်းလင်း ဝန်ခံရမည်ဖြစ်ပါကြောင်း၊ မိမိတို့ အစိုးရအနေဖြင့် ဤအခြေအနေကို ပြောင်းလဲနိုင်ရန် အဝှမ်းညီစွာ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန်၊ စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက် လာသကဲ့သို့ ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းနိုင်ရန် အထူးကြိုးစား လုပ်ဆောင်နေပါကြောင်း၊ တစ်ပြိုင်နက်တည်းမှာပင် ပိုမိုထိခိုက်လွယ် သည့် လူ့အသိုက်အဝန်းကို အထူးဂရုပြု ကာကွယ်ပေးရန်၊ နိုင်ငံကို ဆင်းရဲမွဲတေ၊ သက်ဆိုးရှည်စေခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများကို အဆုံးသတ်ြပီး တရားနည်းလမ်းတကျ ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေး ဖြစ်ထွန်းပေါ်ပေါက်လာစေရန် အထီးကျန်မှုကို  အဆုံးသတ်၊ ပိတ်ဆို့မှုများကို ပယ်ဖျက်ပြီး ကမ္ဘာ့ စီးပွားရေး ဈေးကွက်ကို မျက်နှာပန်းလှလှ ပြန်လည်ဝင်ရောက်နိုင်စေရန် အထူးကြိုးစားနေသည် ဆိုသည်ကိုလည်း ထပ်လောင်းကတိပြုလိုပါကြောင်း။

ကျယ်ပြန့်သည့် ကမ္ဘာ့စီးပွားရေးဈေးကွက်ထဲကို ပါဝင်ဆောင်ရွက်လိုက်သည်နှင့်အမျှ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းများ၊ မထင်မှတ်သည့် ရိုက်ခတ်မှုများသည် မိမိတို့ အပေါ် သက်ရောက်လာနိုင်သည် ဆိုသည်ကိုလည်း သိရှိ သဘောပေါက်ထားရန် လိုပါကြောင်း၊ ၁၉၃ဝ ကမ္ဘာ့စီးပွားပျက်ကပ် ဆိုက်သည့်အချိန်တွင် ဘာမျှကြိုတင် မျှော်လင့် ပြင်ဆင်ထားခြင်း မရှိသည့်အတွက် မြန်မာပို့ကုန်များ အားလုံး ရုတ်တရက် ဈေးထိုးကျပြီး ပြိုလဲခြင်းနှင့် ရင်ဆိုင်ခဲ့ရပါကြောင်း၊ သန်းပေါင်းများစွာသော ပြည်သူများသည် ပိုင်ဆိုင်မှုဘာမျှ မကျန်တော့လောက်အောင် ဆုံးရှုံးမှုများနှင့် ကြုံတွေ့ခဲ့ရပါ ကြောင်း၊ ထို့နောက်တွင် အစွန်းရောက် အယူအဆများလည်း ပေါ်ထွက်ခဲ့ပါကြောင်း။

သဘာဝဘေးအန္တရာယ် ကပ်ဆိုးများ၏ ဆိုးရွားသည့်အန္တရာယ်ကို မိမိတို့နိုင်ငံ အနေဖြင့်လည်း အထူးသတိပြု အလေးထားပါကြောင်း၊ နာဂစ်မုန်တိုင်းဒဏ်ကြောင့် အထူးသဖြင့် မိမိ၏ မွေးရပ်ဇာတိ အိမ်ရှိသည့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် လူပေါင်း တစ်သိန်းကျော် သေဆုံးခဲ့ရပါကြောင်း၊ မုန်တိုင်းသင့်ပြည်သူများကို ဝိုင်းဝန်း ကူညီစောင့်ရှောက်ကြသည့် နိုင်ငံတကာ အသိုင်းအဝိုင်းထဲတွင် ဒေါက်တာဟေဇာနှင့် အဖွဲ့သည် ရှေ့ဆုံးမှ ပါဝင်ခဲ့ကြပါကြောင်း၊ မိမိတို့အနေဖြင့် ထိုသို့သော သဘာဝ ဘေးအန္တရာယ်များ နောက်တစ်ကြိမ် မြန်မာနိုင်ငံသို့ ဝင်ရောက်လာနိုင် သေးသည်ကိုလည်း သေချာစဉ်းစား ပြင်ဆင်ထားရမည်သာ ဖြစ်ပါကြောင်း။

နိုင်ငံတစ်နိုင်ငံစီအတွက်သာမက အာရှပစိဖိတ်ဒေသကြီး တစ်ခုလုံးအတွက် သက်ဆိုင်ပြီး အားလုံးအတူတကွ လက်တွဲပြင်ဆင်ရင်ဆိုင်ကျော်လွှား သွားကြရမည်ဆိုသည်ကို မိမိတို့နားလည်ထားပါကြောင်း၊ မိမိတို့ဒေသတွင်း အသိုင်းအဝိုင်းတွင် အတွေ့အကြုံများ ဖလှယ်သွားကြပြီး စိန်ခေါ်မှုများနှင့် ခြိမ်းခြောက်မှုများကိုလည်း အတူတကွ လက်တွဲပြီး ရင်ဆိုင်သွားကြရန်ကိုလည်း မိမိအနေဖြင့် မျှော်လင့်မိပါကြောင်း။

ဆက်လက်ဆွေးနွေးသွားမည့် ကိစ္စရပ်များအားလုံး အကောင်းဆုံးဆောင်ရွက် ဆွေးနွေးနိုင်ကြပါစေဟု ဆုမွန်ကောင်း တောင်းအပ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။
---------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် (၂၂) ကြိမ်မြောက် အာဆီယံထိပ်သီး သီးသန့် အစည်းအဝေး တက်ရောက် ဆွေးနွေး


နေပြည်တော် ဧပြီ ၂၅

(၂၂)ကြိမ်မြောက် အာဆီယံထိပ်သီး သီးသန့်အစည်းအဝေးသို့ ဧပြီ ၂၅ ရက် နံနက် ၉ နာရီတွင် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘန်ဒါဆရီဘီဂါဝန်မြို့ရှိ ဝန်ကြီးချုပ်ရုံး၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက် ဆွေးနွေးသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဆွေးနွေးပြောကြားရာတွင်-

ဘန်ဒါဆရီ ဘီဂါဝန်မြို့တော်ကို လာရောက်လည်ပတ်ခွင့် ရသည့်အတွက် ကြည်နူး ဝမ်းမြောက်မိပါကြောင်း၊ မိမိတို့ကို လိုလေသေးမရှိအောင် ပြုစုစောင့်ရှောက်ပေးကြသည့် ဘရူနိုင်းအစိုးရ တာဝန်ရှိသူများနှင့် ပြည်သူများကို အထူးကျေးဇူးဥပကာရ တင်ရှိကြောင်း ဦးစွာပြောကြား လိုပါကြောင်း။

ဤထိပ်သီးအစည်းအဝေး၌ မိမိတို့အနေဖြင့် ဘရူနိုင်းနိုင်ငံ၏ ''မိမိအနာဂတ်အတွက် အတူတကွ ပေါင်းစည်းကြမယ့် မိမိတို့၏ ပြည်သူများ'' ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အာဆီယံ အသိုက်အဝန်း ထူထောင်မှုတွင် ပြည်သူများ၏ အခန်းကဏ္ဍနှင့် ၂ဝ၁၅ ခုနှစ်အလွန် အာဆီယံ၏ အနာဂတ် မျှော်မှန်းချက်တို့ကို လေးလေးနက်နက် ဆွေးနွေးနိုင်မည် ဖြစ်ပါကြောင်း။

အဆွေတော် ဘုရင်မင်းမြတ်၏ ခေါင်းဆောင်မှုအောက်၌ အာဆီယံအသိုက်အဝန်း ထူထောင်ရာတွင် သိသာထင်ရှားသော တိုးတက်မှုများကို ရရှိမည်ဟု မိမိတို့ အပြည့်အဝ ယုံကြည်ပါကြောင်း၊ ဘရူနိုင်းနိုင်ငံ၏ ခေါင်းဆောင်မှုအောက်၌ ချမှတ်သွားမည့် အာဆီယံ ဆုံးဖြတ်ချက်များ အောင်မြင်စွာ အကောင်အထည် ဖော်ရေးကိုလည်း မိမိတို့အနေဖြင့် အာဆီယံနိုင်ငံများနှင့်အတူ ဆောင်ရွက်သွားပါမည်ဟု ကတိပြု ပြောကြားလိုပါကြောင်း။

အာဆီယံ အတွင်းရေးမှူးချုပ် မစ္စတာ လီယောင်မင်၏ သစ်လွင်ပြီးဆန်းသစ်သည့် အစီအမံများကို ကြိုဆိုပါကြောင်း၊ အာဆီယံ အတွင်းရေးမှူးချုပ်၏ အာဆီယံအသိုက်အဝန်း ထူထောင်မှုနှင့် ၂ဝ၁၅ ခုနှစ်လွန် အတွေးအမြင်များကိုလည်း ထောက်ခံပါကြောင်း။

မိမိတို့အနေဖြင့် လူ့အခွင့်အရေး ကြေညာစာတမ်းကို အကောင်အထည်ဖော်မှု၌ တိုးတက်မှုများ မြင်တွေ့လိုပါကြောင်း၊ အာဆီယံ ပဋိညာဉ်စာတမ်းကို ပြန်လည်သုံးသပ် မှုများ ပြုလုပ်သွားရန် မိမိတို့အနေဖြင့် ထောက်ခံသွားရန် အဆင်သင့်ရှိမည် ဆိုသည်ကိုလည်း ဤနေရာ၌ ပြောကြားလိုပါကြောင်း။

အာဆီယံအသိုက်အဝန်း ၂ဝ၁၅ (ASEAN Community 2015) ထူထောင်မှုနှင့် ပတ်သက်၍ မိမိတို့အမြင်အချို့ကို တင်ပြလိုပါကြောင်း၊ ပထမအချက်အနေဖြင့် အာဆီယံ၏ စီးပွားရေးသည် ကောင်းမွန်နေပြီး ကမ္ဘာ့စီးပွားရေး မတည်ငြိမ်မှုများအကြား၌ အာဆီယံ အနေဖြင့် ပုံမှန်တိုးတက်မှုများ ရရှိနေပါကြောင်း။

ဥရောပသမဂ္ဂဝင် နိုင်ငံများအနေဖြင့် ဘဏ္ဍာရေး အကျပ်အတည်းများကြားမှ လွန်မြောက်အောင် ကြိုးပမ်းနေသည့် အချိန်တွင် အာဆီယံနိုင်ငံများ၏ စီးပွားရေး တိုးတက်မှုသည် ၅ ဒသမ ၅ ရာခိုင်နှုန်း ရရှိနေပါကြောင်း၊ အာဆီယံနိုင်ငံများ အနေဖြင့် ယခုစီးပွားရေး အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်း ထားခြင်းဖြင့် အာဆီယံပြည်သူများ၏ လူနေမှုဘဝကို တိုးမြှင့်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် မိမိတို့အနေဖြင့် အာဆီယံ၏ တလုံးတစည်းတည်းသော ဈေးကွက်နှင့် ကမ္ဘာ့ထောက်ပံ့မှု စနစ်မှာ တလုံးတစည်းတည်းသော ထုတ်လုပ်မှုအခြေခံ ဖြစ်ပေါ်လာစေမည်ဖြစ်ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ဒေသတစ်ခုအဖြစ် ရပ်တည်သွားနိုင်မည် ဖြစ်ပါကြောင်း။

အာဆီယံနိုင်ငံများအနေဖြင့် ကုန်စည်စီးဆင်းမှု ချောမွေ့ခြင်း၊ အလယ်အလတ်နှင့် အသေးစား လုပ်ငန်းများ တိုးတက်ထွန်းကားခြင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကျွမ်းကျင်လုပ်သားများ အပြန်အလှန် ရွှေ့ပြောင်းနိုင်ခြင်းဖြင့် အာဆီယံနိုင်ငံများအတွင်း ထုတ်လုပ်မှုစွမ်းအားစုများ ခွဲဝေအသုံးချမှုကို စွမ်းဆောင်ရည် ပြည့်ဝအောင် ဆောင်ရွက်ပေးစေနိုင်မည်ဖြစ်ပြီး ထုတ်လုပ်မှုစွမ်းအားကို တိုးတက်စေမည်ဖြစ်ပါကြောင်း၊ အာဆီယံအနေဖြင့် အာဆီယံ စီးပွားရေး အသိုက်အဝန်း ထူထောင်မှု၌ ၇၅ ရာခိုင်နှုန်းမျှ ပြီးစီးအောင်မြင်ခဲ့ပြီ ဆိုသည်ကို သိရှိရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း။

မြန်မာနိုင်ငံ အနေဖြင့်လည်း အာဆီယံ စီးပွားရေး အသိုက်အဝန်းနှင့်ပတ်သက်၍ ရည်မှန်းချက်များ ပြည့်မီရေးကို ဦးတည်ဆောင်ရွက်နေပြီး ရည်မှန်းချက်၏ ၈၄ ရာခိုင်နှုန်းကို ဆောင်ရွက်ပြီးစီးခဲ့ပြီ ဖြစ်ပါကြောင်း၊ အာဆီယံစီးပွားရေး အသိုက်အဝန်းကို အပြည့်အဝ အကောင်အထည် ဖော်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့် အကောင်အထည် ဖော်ကြရန်ကိုလည်း တိုက်တွန်းပြောကြား လိုပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း အာဆီယံ၏ ရည်မှန်းချက်များနှင့်အညီ ပြည်တွင်းဦးစားပေး အစီအမံများ ချမှတ်ဆောင်ရွက်လျက် ရှိပါကြောင်း။

ဒုတိယအချက်အနေဖြင့် မိမိတို့ တည်ထောင်မည့် အာဆီယံအသိုက်အဝန်းသည် ခိုင်မာပြီး ရေရှည်တည်တံ့ရန် လိုအပ်ပါကြောင်း၊ အာဆီယံသည် အာရှငွေရေးကြေးရေး အကျပ်အတည်း၊ ဆားစ်ဟုခေါ်သည့် ကပ်ရောဂါနှင့် သဘာဝဘေးအန္တရာယ်များကို အောင်မြင်စွာ ကျော်လွှား နိုင်ခဲ့ပါကြောင်း၊ တစ်ဖက်၌ မိမိတို့ အနေဖြင့် သမားရိုးကျနှင့် သမားရိုးကျ မဟုတ်သည့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ရင်ဆိုင်နေရပါကြောင်း။

ထို့ကြောင့် မိမိတို့အနေဖြင့် စိန်ခေါ်မှုများကို စုပေါင်းဖြေရှင်းနိုင်ရန် ကြိုတင်ပြင်ဆင် ထားရန်လိုအပ်မည် ဖြစ်ပါကြောင်း၊ ဥပမာအားဖြင့် ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်၏ ဆိုးကျိုးများကို ရင်ဆိုင်ဖြေရှင်းရန် အစီအမံများ ချမှတ်ပြင်ဆင်ထားရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ ပြောင်းလဲလာသည့် ရာသီဥတုဖြစ်စဉ်ကို ရင်ဆိုင်ဖြေရှင်းနိုင်မည့် အကောင်းဆုံး နည်းလမ်းများမှာ Green Growth Technology နှင့် Green Economy စသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထောက်အကူပြုသည့် စီးပွားရေး လုပ်ငန်းများ ဖြစ်ကြပါကြောင်း။

ယင်းကြောင့် မိမိတို့အနေဖြင့် အမျိုးသားစီးပွားရေး စီမံချက်များ ချမှတ်ရာတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အလေးအနက်ထား ထည့်သွင်း စဉ်းစားပါကြောင်း။

တတိယ အချက်အနေဖြင့် အာဆီယံအသိုက်အဝန်း ထူထောင်ရာ၌ ကောင်းမွန်သည့် ဆက်သွယ်မှု စနစ်ရှိရန် လိုအပ်ပါကြောင်း၊ မိမိတို့အနေဖြင့် ကုန်းကြောင်း၊ ရေကြောင်းနှင့် လေကြောင်းဆိုင်ရာ ဆက်သွယ်ပေါင်းစည်းမှုကို တိုးတက်ဆောင်ရွက်နေသည့် တစ်ချိန်တည်း၌ အဖွဲ့အစည်းများ အကြား ဆက်သွယ်ရေးနှင့် အာဆီယံပြည်သူများအကြား ထိတွေ့ဆက်ဆံ ကူးလူးမှုကို တိုးမြှင့်ရေးသည်လည်း ထပ်တူထပ်မျှ အရေးကြီးပါကြောင်း၊ မိမိတို့အနေဖြင့် အာဆီယံဆက်သွယ်ပေါင်းစည်းမှု မဟာစီမံကိန်းကြီး အကောင်အထည် ဖော်နေမှုနှင့် ရည်မှန်းချက် အောင်မြင်ရေးအတွက် လုပ်ဆောင်နေမှုအားလုံးကို အပြည့်အဝ ထောက်ခံပါကြောင်း။

ဤစီမံကိန်းကြီး၌ ပါဝင်ဆောင်ရွက်ရန် ဆွေးနွေးဖက်နိုင်ငံများနှင့် နိုင်ငံတကာ ငွေရေးကြေးရေး အဖွဲ့အစည်းတို့ကို ယခုအစည်းအဝေးမှ ဖိတ်ခေါ်လိုပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာ၌ နိုင်ငံတော်နှင့် ပုဂ္ဂလိကအတူ ပူးပေါင်းဆောင်ရွက်သည့် အစီအစဉ်များကို ပူးပေါင်းဆောင်ရွက် နေပါကြောင်း၊ ယင်းစီမံချက်များသည် ဒေသဆိုင်ရာ ဆက်သွယ်ပေါင်းစည်းမှုကိုလည်း အထောက်အကူ ဖြစ်စေမည် ဖြစ်ပါကြောင်း၊ မိမိတို့ အနေဖြင့် အနာဂတ် မျိုးဆက်သစ်များအတွက် ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးကို ဖော်ဆောင်ပေးသွားရမည် ဖြစ်ပါကြောင်း။

စတုတ္ထအချက်အနေဖြင့် စစ်မှန်သည့် အာဆီယံအသိုက်အဝန်း ထူထောင်မှု၌ ကောင်းမွန်သော ပြည်သူများ တက်ကြွစွာပူးပေါင်း ပါဝင်သွားကြရေး ဖြစ်ပါကြောင်း။

အာဆီယံအနေဖြင့် စီမံခန့်ခွဲမှု ကောင်းမွန်ရေး၊ ဒီမိုကရေစီအခြေခံ သဘောထားများ၊ တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေးကို အလေးထား ဆောင်ရွက်နေချိန်တွင် သက်ဆိုင်သူ အားလုံးပါဝင် ဆောင်ရွက်ခွင့် ရရှိကြမည်ဖြစ်ပါကြောင်း၊ ယင်းသို့ သက်ဆိုင်သူ အားလုံး ပါဝင်လာခြင်းအားဖြင့် ပြည်သူလူထုကို အခြေခံသည့် အသိုက်အဝန်း ပေါ်ပေါက်ရေးကို ဦးတည်သွားမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် အာဆီယံ အသိုက်အဝန်းကို သက်ဆိုင်သူ အားလုံးအကြား စိမ့်ဝင်သဘောပေါက် နားလည်လာရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် မြန်မာနိုင်ငံအတွင်း၌ အာဆီယံ အသိုက်အဝန်းကြီးနှင့် ပတ်သက်သည့် အသိပညာပေးရေးကို တိုးမြှင့် လုပ်ဆောင်လျက် ရှိပါကြောင်း။

ပဉ္စမအချက်အနေဖြင့် အာဆီယံသည် မတူညီမှုများသည့် ဝိသေသများ၏ စည်းလုံးညီညွတ်မှုကို ဖော်ဆောင်သည့် ဒေသဆိုင်ရာအဖွဲ့ အစည်းအဖြစ် ရပ်တည် နိုင်ခဲ့ပါကြောင်း၊ အာဆီယံ၏ ထူးခြားသည့် ဝိသေသကို ဆက်လက်ထိန်းသိမ်း ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့ အနေဖြင့် အာဆီယံအဖွဲ့ဝင်များ၏ ကွဲပြားခြားနားသည့် ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ပေးသော ဓလေ့ထုံးစံနှင့် ကိုးကွယ်မှုများကို လေးစား လိုက်နာသည့် သဟဇာတရှိသည့် လူ့အဖွဲ့အစည်း ထူထောင်သွားရန် လိုအပ် ပါကြောင်း။

မိမိတို့အနေဖြင့် အစွန်းရောက်မှုကို ရှောင်ရှားပြီး စိတ်ရှည်သည်းခံမှု၊ ဘာသာရေးဆိုင်ရာ သဟဇာတဖြစ်မှုကို တိုးတက်မြှင့်တင်ဆောင်ရွက် သွားကြရန်ဖြစ်ပါကြောင်း၊ နိုင်ငံများ အကြား ဆက်ဆံရာ၌ ယင်းရပ်တည်ချက်ကို လေးစားလိုက်နာရမည် ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် အာဆီယံ၏ လူမှုရေးရည်မှန်းချက်များ အောင်မြင်ရေးအတွက် ကျန်အာဆီယံအဖွဲ့ဝင်များနှင့် လက်တွဲ အကောင်အထည်ဖော် သွားမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၌လည်း နိုင်ငံအတွင်း မှီတင်းနေထိုင်သည့် ပြည်သူလူထုအားလုံး ငြိမ်းချမ်းပြီး သဟဇာတရှိသည့် ပတ်ဝန်းကျင်ကောင်းကို ဖန်တီးရန်အတွက် အစွမ်းကုန် လုပ်ဆောင်နေပါကြောင်း။

ဆဋ္ဌမအချက်အနေဖြင့် အာဆီယံအနေဖြင့် အာဆီယံအသိုက် အဝန်း ထူထောင်ရာ၌ မိသားစု တန်ဖိုးထားမှုနှင့် မျှဝေခံစားမှုများကို အလေးထား ဆောင်ရွက်နေသည်ကို အထူးအားရပါကြောင်း ပြောကြားလိုပါကြောင်း၊ အာဆီယံနိုင်ငံများ အကြား၌ ဖွံ့ဖြိုးမှု ကွာဟချက် များကို လျော့နည်းအောင် ဆောင်ရွက်သွား ကြရမည်ဖြစ်ပါကြောင်း။

ယင်းသို့ လုပ်ဆောင်သည့်နေရာတွင် စီအယ်အမ်ဗီ (CLMV)၊ အက်ခ်မက်စ် (ACMECS) ၊ ဘင်မီ ယာဂါ(BIMP-EAGA)၊ အိုင်အမ်တီ ဂျီတီ(IMT-GT)၊ ဂျီအမ်အက်စ်(GMS) နှင့် မဲခေါင်မြစ် အောက်ခြေနိုင်ငံများ အစီအစဉ်  (LMI) စသည့် ဒေသခွဲဆိုင်ရာ အဖွဲ့အစည်း များကို ပိုမိုရှင်သန်အောင် အရှိန်အဟုန်မြှင့် ဆောင်ရွက်ပြီး အာဆီယံဒေသအတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပေါင်းစည်းရေး အစီအစဉ်များကို တိုးမြှင့်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။

တစ်ချိန်တည်းမှာပင် ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်နှင့်အတူ ပေါ်ပေါက်လာသည့် နိုင်ငံအားလုံး အလေးထားရမည့် ကိစ္စများဖြစ်သော တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ ပင်လယ်ဓားပြမှု၊ လူမှောင်ခိုကူးမှု တိုက်ဖျက်ရေးနှင့် ရွှေ့ပြောင်းလုပ်သား ဆိုင်ရာ ကိစ္စရပ်များတွင် အနီးကပ် ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ အနေဖြင့်လည်း ဆင်းရဲနွမ်းပါးမှု လျော့နည်းရေးကို အလေးထား ဆောင်ရွက်နေပြီး ယင်းလုပ်ငန်းစဉ်သည် ကုလသမဂ္ဂ၏ ထောင်စုနှစ် ရည်မှန်းချက်နှင့် တစ်ထပ်တည်းရှိပြီး အာဆီယံ ပေါင်းစည်းမှုဆိုင်ရာ ဦးဆောင်ဦးရွက်မှု အောင်မြင်ရေးကို အထောက်အကူ ပြုစေမည် ဖြစ်ပါကြောင်း။

တောင်တရုတ်ပင်လယ်ကိစ္စနှင့် ပတ်သက်၍ မိမိတို့ နိုင်ငံခြားရေးဝန်ကြီးများ အကျေအလည် ဆွေးနွေးခဲ့ကြောင်း သိရသည့်အတွက် ဝမ်းသာမိပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် တောင်တရုတ်ပင်လယ်တွင်း နယ်မြေအငြင်းပွားမှုများ၌ တိုက်ရိုက်ပါဝင်သည့် နိုင်ငံ မဟုတ်သော်လည်း အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ အနေဖြင့် ယင်းကိစ္စကို အထူးအလေးထား ပါကြောင်း ပြောကြားလိုပါကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်၍ ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မည့် နည်းလမ်းမှန်သမျှကို မိမိတို့ အစဉ်တစိုက် ထောက်ခံအားပေးခဲ့ပါကြောင်း။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ တောင်တရုတ်ပင်လယ် ဆိုင်ရာ အခြေခံမူ (၆) ချက်နှင့် တောင်တရုတ်ပင်လယ်နှင့် ပတ်သက်သည့် အာဆီယံနှင့် တရုတ်အကြား သဘောတူညီချက်များကို မိမိတို့ထောက်ခံပါကြောင်း။

တောင်တရုတ်ပင်လယ်တွင်း နိုင်ငံများ လိုက်နာစောင့်ထိန်းရမည့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ကြေညာချက် (DOC) ကို အပြည့်အဝ အကောင်အထည်ဖော်သွားရေးနှင့် တောင်တရုတ် ပင်လယ်ဆိုင်ရာ နိုင်ငံများလိုက်နာရမည့် လုပ်ထုံးလုပ်နည်းများ (COC) ပေါ်ထွက်ရေး အတွက် ရှေ့သို့ဦးတည်သည့် လုပ်ငန်းများကို အကောင်အထည် ဖော်သွားရမည် ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် တောင်တရုတ်ပင်လယ်ကိစ္စ၌ အာဆီယံ၏ တူညီသည့် ရပ်တည်ချက် ထွက်ပေါ်ရေးအတွက် ကြိုးပမ်းသည့်နေရာတွင် အာဆီယံ၏ တူညီဆန္ဒနှင့် တစ်သားတည်း ရှိနေမည် ဖြစ်ပါကြောင်း။

တရုတ်နိုင်ငံတွင် ကြက်ငှက်တုပ်ကွေး မျိုးသစ်တစ်မျိုး ပေါ်ပေါက်လာခြင်းနှင့်ပတ်သက်၍ မိမိတို့ အနေဖြင့် စိုးရိမ်မကင်း ဖြစ်မိပါ ကြောင်း၊ ယင်းတုပ်ကွေး မျိုးသစ်သည် ကပ်ရောဂါ အသွင်အဖြစ် ကူးပြောင်းမသွားစေရန်နှင့် ဒေသအတွင်း ပံျ့နှံ့ရောက်ရှိမလာစေရန် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် လိုပါကြောင်း၊ ယင်းတုပ်ကွေး မျိုးသစ်အတွက် ကာကွယ်ဆေး ပေါ်ပေါက်လာရန် ဆောင်ရွက်နေကြ သူများကိုလည်း ထောက်ခံအားပေး ပါကြောင်း၊ တစ်ချိန်တည်းတွင် မိမိတို့အနေဖြင့် ကပ်ရောဂါအတွက် ကြိုတင်ပြင်ဆင်မှုများ ကိုလည်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။

အာဆီယံသည် ကြက်ငှက်တုပ်ကွေး ရောဂါနှင့်ပတ်သက်၍ အတွေ့အကြုံ ရှိပြီးဖြစ်၍ ယင်းရောဂါကိုလည်း ထိရောက်စွာ ထိန်းချုပ်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့အနေဖြင့် သတိ ဝီရိယရှိရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ မိမိတို့ အနေဖြင့် အချိန်နှင့် တစ်ပြေးညီ သတင်း အချက်အလက်များ ဖလှယ် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မှာလည်း ဖြစ်ပါကြောင်း။

ဥရောပကောင်စီမှ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းခဲ့သည့် ဧပြီ ၂၂ ရက်က ဆုံးဖြတ်ချက်အပေါ် မြန်မာနိုင်ငံအနေဖြင့် ကြိုဆိုပါ ကြောင်း ပြောကြားလိုပါကြောင်း၊ အီးယူမှ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်မှုများနှင့် ပြုပြင်ပြောင်း လဲမှုများကို အသိအမှတ်ပြုခဲ့ခြင်း ဖြစ်ပါကြောင်း။

၎င်းအတွက် ထောက်ခံအားပေးခဲ့သည့် အာဆီယံနိုင်ငံများကို အထူး ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံ အပေါ်ကျန်ရှိသည့် ပိတ်ဆို့မှုများကိုလည်း အမြန်ဆုံးရုပ်သိမ်းနိုင် မည်ဟု မျှော်လင့်ပါကြောင်းဖြင့် ပြောကြားသည်။

နိုင်ငံတော်သမ္မတကြီး၏ ဆွေးနွေးပြောကြားချက် အနှစ်ချုပ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

နိုင်ငံတော်သမ္မတကြီး၏ ဆွေးနွေးပြောကြားချက် (အနှစ်ချုပ်)
------------------------------------------------------------------
(၁) လူ့အခွင့်အရေးကြေညာစာတမ်းကိုအကောင်အထည်ဖော်မှု၌ တိုးတက်မှုများ မြင်တွေ့လို၊ အာဆီယံပဋိညာဉ်စာတမ်းကို ပြန်လည်သုံးသပ် မှုများ ပြုလုပ်သွားရန် ထောက်ခံသွားရန် အဆင်သင့်ရှိမည်။

(၂) အာဆီယံအသိုက်အဝန်း ၂ဝ၁၅ (ASEAN Community 2015) ထူထောင်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ သဘောထားအမြင်။

ပထမအချက် ။ အာဆီယံနိုင်ငံများအနေဖြင့် ယခုစီးပွားရေး အရှိန်အဟုန်ကို ဆက်လက် ထိန်းသိမ်းထားခြင်းဖြင့် အာဆီယံပြည်သူများ၏ လူနေမှုဘဝကို တိုးမြှင့်ပေးနိုင်မည် ဖြစ်။

ဒုတိယအချက် ။ မိမိတို့တည်ထောင်မည့် အာဆီယံအသိုက်အဝန်းသည် ခိုင်မာပြီး ရေရှည် တည်တံ့ရန် လိုအပ်။

တတိယအချက် ။ အာဆီယံ အသိုက်အဝန်း ထူထောင်ရာ၌ ကောင်းမွန်သည့် ဆက်သွယ်မှု စနစ်ရှိရန် လိုအပ်။

စတုတ္ထအချက် ။ စစ်မှန်သည့် အာဆီယံ အသိုက်အဝန်း ထူထောင်မှု၌ ကောင်းမွန်သော ပြည်သူများ တက်ကြွစွာ ပူးပေါင်းပါဝင်သွားကြရေး။

ပဉ္စမအချက် ။ အာဆီယံအဖွဲ့ဝင်များ၏ ကွဲပြားခြားနားသည့် ယဉ်ကျေးမှုများကို ထိန်းသိမ်း မြှင့်တင်ပေးသော ဓလေ့ထုံးစံနှင့် ကိုးကွယ်မှုများကို လေးစားလိုက်နာသည့် သဟဇာတ ရှိသည့် လူ့အဖွဲ့အစည်း ထူထောင်သွားရန် လိုအပ်၊ အစွန်းရောက်မှုကို ရှောင်ရှားပြီး စိတ်ရှည်သည်းခံမှု၊ ဘာသာရေးဆိုင်ရာသဟဇာတဖြစ်မှုကိုတိုးတက်မြှင့်တင်ဆောင်ရွက် သွားကြရန်ဖြစ်ပါကြောင်း၊ နိုင်ငံများအကြား ဆက်ဆံရာ၌ ယင်းရပ်တည်ချက်ကို လေးစား လိုက်နာရမည်ဖြစ်။ (မိမိတို့အနေဖြင့် အာဆီယံ၏ လူမှုရေး ရည်မှန်းချက်များ အောင်မြင်ရေးအတွက် ကျန်အာဆီယံအဖွဲ့ဝင်များနှင့် လက်တွဲ အကောင်အထည်ဖော် သွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၌လည်း နိုင်ငံအတွင်း မှီတင်းနေထိုင်သည့် ပြည်သူလူထု အားလုံး ငြိမ်းချမ်းပြီး သဟဇာတရှိသည့် ပတ်ဝန်းကျင်ကောင်းကို ဖန်တီးရန် အတွက် အစွမ်းကုန် လုပ်ဆောင်နေပါကြောင်း။)

ဆဋ္ဌမအချက် ။ အာဆီယံနိုင်ငံများအကြား၌ ဖွံ့ဖြိုးမှုကွာဟချက်များကို လျော့နည်းအောင် ဆောင်ရွက်သွားကြရာ၌ စီအယ်အမ်ဗီ (CLMV)၊ အက်ခ်မက်စ် (ACMECS)၊ ဘင်မီယာဂါ (BIMP-EAGA)၊ အိုင်အမ်တီဂျီတီ (IMT-GT)၊ ဂျီအမ်အက်စ်(GMS) နှင့် မဲခေါင်မြစ် အောက်ခြေနိုင်ငံများ အစီအစဉ် (LMI) စသည့်ဒေသခွဲဆိုင်ရာ အဖွဲ့အစည်းများကို ပိုမိုရှင်သန်အောင် အရှိန်အဟုန်မြှင့် ဆောင်ရွက်ပြီး အာဆီယံ ဒေသအတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပေါင်းစည်းရေး အစီအစဉ်များကို တိုးမြှင့်ဆောင်ရွက်ရန်။

(၃) မြန်မာနိုင်ငံအနေဖြင့် တောင်တရုတ်ပင်လယ်ကိစ္စ၌ အာဆီယံ၏ တူညီသည့် ရပ်တည်ချက် ထွက်ပေါ်ရေးအတွက် ကြိုးပမ်းသည့်နေရာတွင် အာဆီယံ၏ တူညီဆန္ဒနှင့် တစ်သားတည်းရှိနေမည် ဖြစ်။

(၄) တရုတ်နိုင်ငံတွင် ကြက်ငှက်တုပ်ကွေး မျိုးသစ်တစ်မျိုး ပေါ်ပေါက်လာခြင်းနှင့် ပတ်သက်၍ ကပ်ရောဂါ အသွင်အဖြစ် ကူးပြောင်းမသွားစေရန်နှင့် ဒေသအတွင်း ပံျ့နှံ့ ရောက်ရှိ မလာစေရန် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်။

(၅) ဥရောပကောင်စီမှ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းခဲ့သည့် ဧပြီ ၂၂ ရက်ကဆုံးဖြတ်ချက်အပေါ် မြန်မာနိုင်ငံအနေဖြင့် ကြိုဆို၊ ၎င်းအတွက် ထောက်ခံအားပေးခဲ့သည့် အာဆီယံနိုင်ငံများကို အထူးကျေးဇူးတင်ရှိ၊ မြန်မာနိုင်ငံအပေါ် ကျန်ရှိသည့် ပိတ်ဆို့မှုများကိုလည်း အမြန်ဆုံး ရုပ်သိမ်းနိုင်မည်ဟု မျှော်လင့်။
---------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

International Crisis Group မှ ငြိမ်းချမ်းရေးဆုချီးမြှင့်ပွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်း


 


ရန်ကုန် ဧပြီ ၂၃

International Crisis Group မှ ငြိမ်းချမ်းရေးဆုချီးမြှင့်ပွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းကို ဗီဒီယိုဖိုင်ဖြင့် ပြသခဲ့သည်။

အဆိုပါ မိန့်ခွန်းအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်-

ကြွရောက်လာကြသော ဂုဏ်သရေရှိလူကြီးမင်းများ ခင်ဗျား-

ပထမဦးစွာ ကျွန်တော့်အနေနဲ့ ICG အဖွဲ့နဲ့အတူ Madam Louise Arbour နဲ့ ဆုရွေးချယ်ရေး ဘုတ်အဖွဲ့ဝင်များကို ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ မစ္စတာလူလာနဲ့ ဂုဏ်ပြုအမှာစကားပြောကြားပေးတဲ့ မစ္စတာ ဂျော့ဆို ရော့စ်ကိုလည်း ကျေးဇူးတင်ရှိပါတယ်။ ဒီကနေ့ ကျွန်တော်ဒီဆုကို လက်ခံရရှိတဲ့အကြောင်းရင်းဟာ ကျွန်တော်နဲ့ မြန်မာပြည်သူတွေ အတူပူးပေါင်းပြီး ပိုမိုလွတ်လပ်ပွင့်လင်းတဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးဆီကို လက်တွဲညီညီ ချီတက်ခဲ့ကြလို့ပဲဖြစ်ပါတယ်။

ဒီဆုဟာ ကျွန်တော်တစ်ယောက်တည်းအတွက် မဟုတ်ပါဘူး။ ဒီမိုကရေစီအရေး ဝိုင်းဝန်း ကြိုးပမ်းခဲ့ကြတဲ့ မြန်မာ့ လူ့အဖွဲ့အစည်း တစ်ခုလုံးရဲ့ကိုယ်စား ကျွန်တော့်အနေနဲ့ ဒီဆုကို လက်ခံရယူတာပဲ ဖြစ်ပါတယ်။ ကျွန်တော်နဲ့ ကျွန်တော့် အစိုးရအဖွဲ့ဟာ သက်တမ်းနှစ်နှစ် အတွင်း နိုင်ငံရေးအရ ဖြေလျှော့မှုများ၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှုများနဲ့ စီးပွား ရေး ဖွံ့ဖြိုးမှုတို့အတွက် ပြုပြင်ပြောင်းလဲမှုများစွာကို ဖော်ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒီလို ပြုပြင်ပြောင်းလဲမှု များစွာကို သမ္မတ တစ်ယောက်အနေနဲ့ စွမ်းအားရှိ သလောက် ဆောင်ကြဉ်းခွင့် ရတဲ့အတွက်ရော၊ ပြုပြင်ပြောင်းလဲမှုတွေကို ကိုယ်တိုင်တွေ့ကြုံ ပါဝင်ပတ်သက်ရတာတွေရော ကျွန်တော့်အတွက်တော့ ကံကောင်းမှုတစ်ရပ်လို့ ဆိုရမှာဖြစ်ပါတယ်။

ဒီဆုကို ရရှိနိုင်ဖို့အတွက် ကျွန်တော်ဟာ တစ်စိတ်တစ်ပိုင်းအနေနဲ့ပဲ ပါဝင်တယ်ဆိုတာ နားလည်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်နဲ့အတူ လက်တွဲပါဝင်ခဲ့ကြတဲ့သူတွေ၊ အခုလက်ရှိအတူတကွ မျှဝေခံစားပြီး လက်တွဲချီတက်နေကြတဲ့သူတွေ၊ ဆက်လက် ပြီးတော့လည်း ဒီမိုကရေစီခရီးအတွက် လက်တွဲချီတက်ကြဦးမယ့်သူတွေ အားလုံးဟာ ဒီဆုနဲ့ သက်ဆိုင်ကြသူများ ဖြစ်ပါတယ်ဆိုတာကိုလည်း အသိပေးလိုပါတယ်။ ကျွန်တော့် ပြည်သူပြည်သားများအပေါ်မှာ  ကျွန်တော့်အနေနဲ့ထားရှိနိုင်ခဲ့တဲ့ မြန်မာနိုင်ငံတော် သစ်ကို ဆောင်ကြဉ်း နိုင်မယ်ဆိုတဲ့ ဒီယုံကြည်ချက်အတွက် ကျွန်တော့်ရင်ထဲက ပျော်ရွှင်မှု အားလုံးကို စကားလုံးအနေနဲ့ ဘယ်လိုမှ မဖော်ပြနိုင်ပါဘူး။

ကျွန်တော်တို့ အားလုံးဟာ မှန်ကန်တဲ့လမ်းကြောင်းပေါ်ကို ရောက်ရှိနေကြပါပြီ။ ကျွန်တော်တို့ဖြစ်ချင်တဲ့ လူ့အဖွဲ့အစည်းဖြစ်လာအောင် ကျွန်တော်တို့အားလုံး အစွမ်းကုန် ဆက်လက်ကြိုးစားကြရမယ်ဆိုတဲ့ အချက်ကိုလည်း ကျွန်တော့်အနေနဲ့ အစဉ်အမြဲ အမှတ်ရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အနေအထားအရ အားလုံးပါဝင်တဲ့ နိုင်ငံရေး ဖြစ်စဉ်တစ်ခုရရှိဖို့၊ တိုင်းရင်းသားလူမျိုးအားလုံးစုံလင်ပြီး လက်ရှိကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေအားလုံးကို ရင်ဆိုင်ဖို့အတွက် အတိတ်ကကြုံတွေ့ခဲ့ရတဲ့ ခါးသီးမှုတွေကို အတူတကွ ပြန်လည်ကုစားကြရမှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးမရှိဘဲနဲ့ ဒီမိုကရေစီ ဖော်ဆောင်လို့မရနိုင်သလို ဒီမိုကရေစီမရှိဘဲနဲ့လည်း ငြိမ်းချမ်းရေးမရနိုင်ပါဘူး။

ကျွန်တော်တို့ရဲ့ ဒီမိုကရေစီမျှော်လင့်ချက်အသစ်တွေနဲ့ မြန်မာနိုင်ငံကို လာရောက်လေ့လာကြဖို့လည်း အားလုံးကို လှိုက်လှဲဝမ်းမြောက်စွာ ဖိတ်ခေါ်ပါတယ်။ ဒီမိုကရေစီ ဆိုတာ မျှော်လင့်ချက်သက်သက်၊ အတွေးအခေါ်သက်သက်မဟုတ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ဒီမိုကရေစီ အခြေခိုင်ဖို့အတွက် လိုအပ်တဲ့ အင်စတီကျူးရှင်းတွေ၊ ဒီိမိုကရေစီအလေ့အကျင့်တွေကို စတင်တည်ဆောက်နေတာပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့ နှုန်းစံတွေဖြစ်တဲ့ ညီမျှမှု၊ တရားဥပဒေစိုးမိုးမှု၊ နိုင်ငံရေးရင့်ကျက်မှု စတာတွေကို ပြုစုပျိုးထောင် နေတာဖြစ်ပါတယ်။ ဒီမိုကရေစီက ပေးအပ်ထားတဲ့ တစ်ဦးတစ်ယောက်ချင်း စီရဲ့ လွတ်လပ်မှုကို ကျင့်သုံးတဲ့နေရာမှာ တခြားသူ တစ်ယောက်ရဲ့အခွင့်အရေးကို မထိပါး မိစေဖို့၊ အနှောက်အယှက်မပြုမိစေဖို့အတွက်လည်း မိမိတို့အနေနဲ့ အမြင်ကျယ်ကျယ်ထားပြီး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

အတိတ်က စိတ်ကူးယဉ်သက်သက်သာဖြစ်ခဲ့တဲ့ ကိစ္စရပ်တွေဟာ ဒီအချိန်မှာတော့ လက်တွေ့ကျကျ အကောင်အထည်ဖော် လို့ရနေပါပြီ။ အရာအားလုံး ဖြစ်နိုင်တယ် ဆိုတဲ့အချိန်တွေကို ရောက်ရှိနေတဲ့အချိန်အခါလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအချိန်တွေမှာ ဖြစ်နိုင်ခြေအားလုံးကို အနာဂတ်အတွက် အကျိုးရှိစေမယ့် လက်တွေ့ကျတဲ့ လုပ်ဆောင်မှုတွေအဖြစ် ပြောင်းလဲနိုင်ဖို့ အလွန်ပဲ အရေးကြီးပါတယ်။

မိမိတို့မြန်မာ့လူ့အဖွဲ့အစည်းကို ပွင့်လင်းတဲ့၊ နိုင်ငံရေးရင့်ကျက်မှုရှိတဲ့၊ အပြန်အလှန် လေးစားတတ်တဲ့၊ အားလုံးပါဝင် နိုင်တဲ့ ခေတ်မီလူ့အဖွဲ့အစည်းတစ်ရပ်အဖြစ် ရောက်ရှိအောင် ကျွန်တော်တို့ အားလုံးစုပေါင်း ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဒီလိုကြိုးစားတဲ့နေရာမှာ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ အများကြီးရှိတာကိုလည်း မိမိအနေနဲ့ သဘောပေါက် ထားတဲ့နည်းတူ ပြုပြင်ပြောင်းလဲမှုတွေကို စေတနာမှန်ကန်စွာ၊ စိတ်အားထက်သန်စွာ ဆက်လက်လုပ်ဆောင်နိုင်ဖို့ အားပေးကူညီမယ့် မိတ်ဖက်နိုင်ငံတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ အများကြီးရှိတဲ့အတွက်လည်း များစွာ အားတက်မိပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ခရီးရှည်ကြီးမှာ နိုင်ငံတကာအသိုင်းအဝိုင်း အနေနဲ့ မြန်မာနိုင်ငံသားတွေနဲ့အတူ ဆက်လက် ရှိနေပေးဖို့လည်း မျှော်လင့်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။
---------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

 


 


 




 


 


 

 


 


 


 


 

 


 

 


 


 

 


 

 

No comments:

Post a Comment