နိုင်ငံတော်သမ္မတ

နိုင်ငံတော်သမ္မတသတင်းများ

........................................................................................................................................................................................................

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဂျပန်နိုင်ငံ ကာနာဂါဝါပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

  နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဂျပန်နိုင်ငံ ကာနာဂါဝါပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲနှင့် အဖွဲ့အား လက်ခံတွေ့ဆုံနိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဂျပန်နိုင်ငံ ကာနာဂါဝါပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် နိုဝင်ဘာ ၁၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးသိန်းညွန့်၊ ဦးမြင့်လှိုင်နှင့် ဦးအုန်းမြင့်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်များ ဖြစ်ကြသည့် ဦးရဲမြင့်နှင့် ဦးဘုန်မော်ရွှေ၊ ဒုတိယဝန်ကြီးဦးရဲထွဋ်နှင့် ဌာနဆိုင်ရာအကြီးအကဲများ နှင့်အတူ ယနေ့နံနက်(၃)နာရီတွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် ရွှေတောင်ကျေးရွာအနီးရှိ ရွှေတောင် သုတေသနနှင့် မျိုးပွားခြံသို့ ရောက်ရှိသည်။




--------------------------------------------------------------------------------------------------

ကျေးလက်မီးလင်းရေးနှင့် လျှပ်စစ်ကဏ္ဍတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိရေးဆွေးနွေး




 နေပြည်တော် နိုဝင်ဘာ ၁၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဗြိတိန်နိုင်ငံဝန်ကြီးချုပ်ဟောင်း မစ္စတာ တိုနီဘလဲနှင့်အဖွဲ့အား ယနေ့ နံနက် ၉ နာရီခွဲတွင် နိုင်ငံတော်သမ္မတအိမ်တော်ရှိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံရာတွင် ပြည်သူများ၏ လူမှုစီးပွားဘဝ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်ပြီး အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ ခရီးသွားလုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်မီးလင်းရေးနှင့် လျှပ်စစ်ကဏ္ဍတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိရေး တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ဦးခင်ရီ၊ ဒုတိယဝန်ကြီး ဦးရဲထွဋ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
-----------------------------------------------------------------------------------------------------------------------------------------------------------


နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မြန်မာ- အီးယူ လုပ်ငန်းအဖွဲ့ မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်၍ မိန့်ခွန်းပြောကြား







နေပြည်တော် နိုင်ဝင်ဘာ ၁၅

မြန်မာ- အီးယူ လုပ်ငန်းအဖွဲ့ မျက်နှာစုံညီ အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (MICC) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်၍ အဖွင့်မိန့်ခွန်း ပြောကြားသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်သူ့လွှတ်တော် တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်နှင့် အမှုဆောင်များ၊ ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့် လုံခြုံရေးရာ မူဝါဒအကြီးအကဲနှင့် ဥရောပကော်မရှင် ဒုတိယဥက္ကဋ္ဌ မစ္စကက်သရင်းအက်ရှ်တန်နှင့် အဆင့်မြင့် အရာရှိကြီးများ၊ ကိုယ်စားလှယ် များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မိန့်ခွန်းပြောကြားရာ၌ ယခုနှစ် အစောပိုင်းကာလ ဘရပ်ဆဲမြို့တွင် မိမိအား ဧည့်ဝတ်ကျေပွန်စွာ နွေးနွေးထွေးထွေ ကြိုဆို ဧည့်ခံခဲ့ကြသည့်နည်းတူ မြန်မာနိုင်ငံတွင်လည်း အထူးလှိုက်လှိုက်လှဲလှဲ၊ ပျူပျူငှာငှာဖြင့်  အိမ်ရှင့်တာဝန်ကျေပွန်စွာ ဧည့်ခံနိုင်မည်ဟု မျှော်လင့်ယုံကြည်ပါကြောင်း။

မိမိ၏ ဥရောပ ခရီးစဉ်သည် ဥရောပသို့ ပထမဆုံးခရီးစဉ်ဖြစ်သည့်အပြင် တကယ့်ကို ထူးခြားသောခရီးစဉ် ဖြစ်ပါကြောင်း၊ အပြောင်းအလဲ များ၏ အစဦးပိုင်းကာလများ ကတည်းက မိမိတို့ကို မယိမ်းမယိုင် ထောက်ခံအားပေးခဲ့ကြသည့် ယုံကြည်ခဲ့ကြသည့်  မိတ်ကောင်းဆွေကောင်း များကို ကျေးဇူးတင်နိုင်ရန် အဲဒီခရီးစဉ်တွင် အခွင့်အရေး ရခဲ့ပါကြောင်း၊ ဥရောပနိုင်ငံများသည် မိမိတို့ကို ယုံယုံကြည်ကြည်နှင့် ဘဏ္ဍာရေးအရ အကူအညီကော၊ ပညာရပ်ပိုင်းဆိုင်ရာ အကူအညီများပါ ထောက်ပံ့ကူညီ ပေးခဲ့ပါကြောင်း၊ ယင်းခရီးစဉ်တွင် ခါးသီးလှသည့် ပြည်တွင်းစစ်ကို ဆယ်စုနှစ်များစွာ ဖြတ်သန်းပြီးနောက် မိမိတို့သည် စစ်၏ အကြောင်းတရားများဖြစ်သည့် ကာလရှည်ကြာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေခဲ့သော အမုန်းတရားနှင့် ရန်လိုမှုများ၊ သံသယများကို ဘယ်လို ကျော်ဖြတ်ရမလဲဆိုတာ သင်ခန်းစာများ ရရှိခဲ့သကဲ့သို့ ပြည်ထောင်စုမြန်မာနိုင်ငံ၏ တိုင်းရင်းသားများ အချင်းချင်းအကြား ပေါင်းစည်းဆက်သွယ်မှု ပုံစံအသစ်၊ စိတ်ဓာတ်ခွန်အားသစ်များနှင့် ဆောင်ရွက်ရန် မျှော်လင့်ချက်များလည်း ပြည်လည် ရှင်သန်လာစေခဲ့ပါကြောင်း၊ ဥရောပ၏ လက်ရှိ အခြေအနေ ရောက်ရှိလာအောင် နိုင်ငံများ၏ အစိုးရများ၊ စီးပွားရေးကဏ္ဍများနှင့် အရပ်ဘက်လူမှု အဖွဲ့အစည်းများ အားလုံးနှင့်တကွ နိုင်ငံတကာ အသိုင်းအဝိုင်းအားလုံး ပူးပေါင်းပါဝင်ပြီး ယခုလို တိုးတက် အောင်မြင်အောင် ဆောင်ရွက် တည်ထောင်နိုင်ခဲ့ခြင်း ဖြစ်၍ အားကျအတုယူစရာလည်း ဖြစ်ပါကြောင်း။

လွန်ခဲ့သော နှစ်ပေါင်းခြောက်ဆယ်အတွင်း ဥရောပနိုင်ငံများ၏ တိုးတက် အောင်မြင်မှု များသည် မိမိတို့နိုင်ငံအတွက် ရှေ့ဆောင်လမ်းပြ သင်ခန်းစာကောင်း တစ်ခု ဖြစ်ပါကြောင်း၊ ဥရောပနိုင်ငံများမှပေးသော သင်ခန်းစာကို မိမိတို့ နိုင်ငံ၏ နိုင်ငံရေး အရှိတရားပေါ် အခြေခံပြီး ရရှိထားသော နိုင်ငံရေးဖြစ်စဉ်နှင့်အတူ လိုက်လျော ညီထွေဖြစ်အောင် ပြုလုပ်ကာ ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်သွားရမည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် သမိုင်းတွင် တစ်ခါမျှ မကြုံတွေ့ဖူးသေးသော ပြောင်းလဲမှုများစွာ၏ စမှတ်ကို စတင်ထွက်ခွာလာခဲ့ပြီ ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၌ ရှိနေကြသည့် တိုင်းရင်းသားအားလုံးနှင့် နိုင်ငံရေးအင်အားစုများ အားလုံးသည် ငြိမ်းချမ်းမှု လွှမ်းခြုံသော စည်းချက်ညီ လူ့အဖွဲ့အစည်းအဖြစ်နှင့် အတူတကွ ယှဉ်တွဲနေထိုင်ကြပြီး ပိုမိုစုစည်း ညီညွှတ်ပြီး ဖွံ့ဖြိုးသာယာသော ပြည်ထောင်စုနိုင်ငံတော်ကြီးကို ဝိုင်းဝန်းတည်ဆောက် သွားကြရန် ပြင်ဆင်ထားပါကြောင်း၊ ၂ နှစ်တာ ကာလအတွင်းမှာပင် မြန်မာနိုင်ငံ အနေဖြင့် ပြုပြင်ပြောင်းလဲမှုများစွာကို ဖော်ဆောင်နိုင်ခဲ့ပြီးဖြစ်သည်ကို အားလုံးအသိ ဖြစ်ပါကြောင်း၊ လက်ရှိတွင် မိမိတို့ နိုင်ငံ အနေဖြင့် လွတ်လပ်စွာ ပြောဆိုရေးသားခွင့် ရှိနေပြီဖြစ်ပါကြောင်း၊

ရာနှင့်ချီသော အလုပ်သမားသမဂ္ဂများကို ဖွဲ့စည်းခွင့် ပေးခဲ့ပြီး ဖြစ်သကဲ့သို့ နိုင်ငံရေး အကျဉ်းသားများစွာကိုလည်း လွှတ်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၄ ခုနှင့် အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီး နောက်ဆုံး ကျန်ရှိနေသော လက်နက်ကိုင် အဖွဲ့အစည်းနှင့် မကြာမီ အပစ်အခတ်ရပ်စဲရေး ရရှိရန် အတွက်ကိုလည်း အပြင်းအထန် ကြိုးပမ်းလျက် ရှိနေပါကြောင်း၊ လွှတ်တော်များနှင့် ပြည်သူလူထုအကြား နိုင်ငံတော်အစိုးရ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး ဆွေးနွေး ပြောဆိုမှုများ ရှိနေပြီ ဖြစ်ပါကြောင်း။

ငွေကြေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၊ ဘဏ်စနစ်ပြုပြင်ပြောင်းလဲမှုများ စသည့် စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုများ ကိုလည်း ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း လိုအပ်သော အခြေခံအဆောက်အဦ များကို ခေတ်မီပြုပြင် ပြောင်းလဲခဲ့သကဲ့သို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အတွက် လိုအပ်သည့် လုပ်ငန်းများကိုလည်း စတင်ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ကြိုးနီစနစ်ကိုလည်း တိုက်ဖျက်နေပြီ ဖြစ်သကဲ့သို့ အစိုးရ အုပ်ချုပ်မှုပိုင်းဆိုင်ရာ ခေတ်မီပြုပြင် ပြောင်းလဲရေးများ၊ တရားစီရင်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု များနှင့် လူမှုစနစ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးများ ကိုလည်း ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း။

ထိုသို့ ပြုပြင်ပြောင်းလဲရေးများကို ဆောင်ရွက်နိုင်ခြင်းသည် နိုင်ငံတကာ မိတ်ဆွေများ၏ အကူအညီ၊ ဥရောပနိုင်ငံများ၏ အကူအညီသာ မပါဘူးဆိုလျှင် ဖြစ်မြောက်အောင်မြင်ရန် အလွန်ခဲယဉ်းပါမည် ဖြစ်ပါကြောင်း၊ ဥရောပသမဂ္ဂ နိုင်ငံများ အနေဖြင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန Myanmar Peace Center အတွက် ထောက်ပံ့ကူညီပေးခဲ့ သကဲ့သို့ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အထူး ထောက်ပံ့ပေးခဲ့သည်ကို တွေ့ရမည် ဖြစ်ပါကြောင်း၊

ဥရောပသမဂ္ဂ၏ ဖွံ့ဖြိုးရေးအကူအညီများကိုလည်း တိုးမြှင့်ပေးခဲ့သကဲ့သို့ ယခုအချိန်တွင် ဥရောပသမဂ္ဂ၏ ကိုယ်စားလှယ်အဖွဲ့လည်း မြန်မာနိုင်ငံ၌ ရုံးစိုက်တည်ရှိနေပြီ ဖြစ်ပါကြောင်း၊ ယင်းကူညီမှုများ၊ တိုးတက်မှုများသည် မိမိတို့အစိုးရနှင့် အခြားသက်ဆိုင်ရာ အကျိုးရှင် များအကြား ပိုမိုတောင့်တင်းခိုင်မာသော၊ အကျိုးဖြစ်ထွန်းစေသည့် ပူးပေါင်း ဆောင်ရွက်မှုများ ဖြစ်ပေါ်လာအောင် ထောက်ပံ့ပေးနိုင်ခဲ့ခြင်း ဖြစ်သည့်အတွက် အထူးကျေးဇူးတင်ပါကြောင်း၊ ဥရောပသမဂ္ဂအနေဖြင့် ဝန်ကြီးဌာနအသီးသီးတွင် စွမ်းဆောင်ရည် မြှင့်တင်ရေး လုပ်ငန်းများကိုလည်း ကူညီဆောင်ရွက်ပေးနေ သကဲ့သို့ ရဲတပ်ဖွဲ့ကို နောင်အနာဂတ်ကာလ အခြေအနေများနှင့် လျော်ညီစွာ တာဝန်ထမ်းဆောင် နိုင်အောင် ကူညီပေးနေခြင်းများလည်း ရှိပါကြောင်း၊ ဥရောပဈေးကွက်ကို မြန်မာနိုင်ငံ အနေဖြင့် ပြန်လည် ဝင်ရောက်နိုင်အောင် ကူညီပေးခဲ့ခြင်း၊ တပြိုင်နက်ထဲမှာပင် မြန်မာ့စီးပွားရေး အခြေအနေကိုလည်း ရေရှည်တည်တံ့ ဖွံ့ဖြိုးသော စီးပွားရေးပုံစံ၊ ဈေးကွက်ပုံစံဖြစ်အောင် ကူညီခဲ့ခြင်း၊ အာဆီယံဥက္ကဋ္ဌ ရာထူးအတွက် ပြင်ဆင်ရာတွင် ကူညီပေးခဲ့ခြင်းများကိုလည်း အထူးကျေးဇူးတင်ပါကြောင်း၊ သို့သော် ရှေ့ခရီးတွင် အလုပ်များ တပုံတပင်ရှိ နေသေးသည်ကို မိမိတို့ ဝန်ခံရမှာပဲ ဖြစ်ကြောင်း။

ပထမဦးဆုံးအနေဖြင့် မိမိတို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားအဆင့် ငြိမ်းချမ်းရေးသဘော တူညီချက်ကို ၂၀၁၅ တွင် ရရှိနိုင်ရန် ကြိုးစားနေပါကြောင်း၊ လွတ်လပ်ရေးရကတည်းက ယခုအချိန်အထိ မရရှိဖူးသေးသော တစ်ပြည်လုံး ငြိမ်းချမ်းရေး၏ အရသာကို မြန်မာပြည်သူပြည်သား အားလုံး ရရှိခံစားနိုင်ရန်မှာ မိမိအတွက် အဓိက ဦးစားပေး ကိစ္စတစ်ခုပင် ဖြစ်ပါကြောင်း၊

ဒုတိယအနေဖြင့် ဆင်းရဲမွဲတေမှုလျှော့ချရေး လုပ်ငန်းစဉ်များ ဖြစ်ပါကြောင်း၊ အထူးသဖြင့် ကျေးလက်ဒေသတွင် ဆင်းရဲမွဲတေမှု လျှော့ချနိုင်အောင် စီးပွားဆိုင်ရာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်၏ အဓိကကိစ္စအဖြစ်နှင့် အာရုံစိုက် လုပ်ဆောင်နေပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာ၌် စိုက်ပျိုးရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာအောင် စိုက်ပျိုးရေးကဏ္ဍ ခေတ်မီပြောင်းလဲလာအောင် ဆောင်ရွက်လျက် ရှိသကဲ့သို့ စွမ်းအင်ကဏ္ဍတွင်လည်း စွမ်းအင်ထုတ်လုပ် ရရှိနိုင်အောင် ဆောင်ရွက်နေပါကြောင်း၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်ဖွံ့ဖြိုးလာသည်နှင့်အမျှ၊ ဒေသန္တရ စီးပွားရေး အခြေအနေ တိုးတက်ဖွံ့ဖြိုး လာသည်နှင့်အမျှ အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာအောင် ကြိုးစားဆောင်ရွက်လျက် ရှိပါကြောင်း၊ ဥရောပကုမ္ပဏီများ အနေဖြင့်လည်း မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့သော တာဝန်သိသည့် ရင်းနှီးမြှုပ်နှံမှု များကို ရင်းနှီးမြှုပ်နှံသွားကြရန်လည်း အထူးတိုက်တွန်း လိုပါကြောင်း။

တတိယအနေဖြင့် လာမည်နှစ်ကာလများတွင် အထူးအာရုံပြု လုပ်ဆောင်ရမည့် “လူငယ်များ၏ အခန်းကဏ္ဍ” ဖြစ်ပါကြောင်း၊ ထူးချွန်ထက်မြက်သော လေ့လာ သင်ယူလိုစိတ် ပြင်းထန်သော လူငယ်များအတွက် အခွင့်အလမ်းသစ်များကို မိမိတို့အနေဖြင့် ဖန်တီးပေးရမည် ဖြစ်ပါကြောင်း၊ မကြာသေးမီကာလက ကင်းထောက် လူငယ်အဖွဲ့များကို ပြန်လည် ဖွဲ့စည်းပေးခဲ့ သကဲ့သို့ လူရည်ချွန်ဆုများကိုလည်း ပြန်လည်ချီးမြှင့် ပေးအပ်ခဲ့ပါကြောင်း။

မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ အားလုံး၏ ကောင်းရာကောင်းကျိုးအတွက် နိုင်ငံတကာ ကျင့်ထုံးစံနှုန်းများကို မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ထွန်းမှု အခြေအနေ၊ လူမှုစီးပွားဘဝ အခြေအနေများနှင့် ဟန်ချက်ညီ သဟဇာတဖြစ်အောင် ကြိုးစား အကောင်အထည်ဖော်ရာ၌ ဝိုင်ဝန်းကူညီ ပေးကြပါဟု ပြောကြား လိုပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့် လုံခြုံရေးရာ မူဝါဒအကြီးအကဲနှင့် ဥရောပကော်မရှင် ဒုတိယဥက္ကဋ္ဌ မစ္စ ကက်သရင်း အက်ရှ်တန်က မိန့်ခွန်းပြောကြားရာတွင် ဖိုရမ်းများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့၏ အနာဂတ် အတွက် အကူအညီ အထောက်အပံ့များ ပေးအပ်နိုင်ရန် ရည်ရွယ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှု၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးနိုင်မှု၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု၊ လူ့အခွင့်အရေးဖွံ့ဖြိုး တိုးတက်မှုနှင့် ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု များကို အဓိကထားပြီး ကူညီပံ့ပိုးပေးသွားမည် ဖြစ်ပါကြောင်း။

စီးပွားရေးနှင့် နိုင်ငံရေးသည် ဟန်ချက်ညီညီ ဖွံ့ဖြိုးရန် လိုအပ်ပါကြောင်း၊ ထို့ပြင် ဒီမိုကရေစီကူးပြောင်းမှုနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးသည် ခွဲခြား၍မရနိုင်သေးသည့်အတွက် နှစ်ခုစလုံး ဟန်ချက်ညီညီ အကောင်အထည်ဖော်သွားရန် လိုအပ်ပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် စာချုပ်လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့် လုံခြုံရေးရာ မူဝါဒအကြီးအကဲနှင့် ဥရောပကော်မရှင် ဒုတိယဥက္ကဋ္ဌ မစ္စ ကက်သရင်း အက်ရှ်တန် တို့၏ ရှေ့မှောက်၌ မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂတို့အကြား အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ မူဝါဒဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပရေးသဘောတူစာချုပ်၊ ကုန်ကြမ်းပစ္စည်းများ မူဝါဒဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပရေးသဘောတူစာချုပ်၊ ခရီးသွား လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကူအညီပေးရေး ပူးတွဲကြေညာချက်တို့ကို ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ဒေါက်တာ မြင့်အောင်၊ ဦးဌေးအောင်၊ ဒေါက်တာ ကံဇော်တို့က သက်ဆိုင်ရာ ဥရောပသမဂ္ဂမှ တာဝန်ရှိသူတို့နှင့် အသီးသီး လက်မှတ်ရေးထိုး လဲလှယ်ကြသည်။

ထို့နောက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်နှင့် ဥရောပသမဂ္ဂမှ တာဝန်ရှိသူတို့သည် ဥရောပရင်းမြှုပ်နှံမှု ဘဏ်နှင့် မြန်မာနိုင်ငံတို့အကြား ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်ကို လဲလှယ်ကြပြီး ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ထံ ဥရောပသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးမှ လယ်ယာကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ သဘောတူစာချုပ်ကို လွှဲပြောင်းပေးအပ်ခဲ့သည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များ၊ မစ္စ ကက်သရင်း အက်ရှ်တန်နှင့် အဖွဲ့ဝင် များသည် မြေညီထပ်၌ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

---------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့် လုံခြုံရေးရာ မူဝါဒအကြီးအကဲနှင့် ဥရောပကော်မရှင် ဒုတိယဥက္ကဌ မစ္စ ကက်သရင်း အက်ရှ်တန်နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ





နေပြည်တော် နိုဝင်ဘာ ၁၄

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့် လုံခြုံရေးရာ မူဝါဒအကြီးအကဲနှင့် ဥရောပကော်မရှင် ဒုတိယဥက္ကဋ္ဌ မစ္စ ကက်သရင်း အက်ရှ်တန် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့ညနေ ၅ နာရီခွဲတွင် နိုင်ငံတော်သမ္မတ အိမ်တော်ရှိ သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဦးလှထွန်း၊ ဦးအုန်းမြင့်၊ ဦးခင်ရီ၊ ဦးမောင်မြင့်၊ ဦးဌေးအောင်၊ ဒုတိယဝန်ကြီး ဦးတင်ဦးလွင်၊ ဦးရဲထွဋ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့် လုံခြုံရေးရာ အကြီးအကဲနှင့်အတူ ဥရောပသမဂ္ဂ ဒုတိယဥက္ကဋ္ဌ Mr. Antonio TAJANI နှင့် ဌာနအကြီးအကဲများ၊ ဥရောပ ပါလီမန် ဒုတိယ ဥက္ကဋ္ဌနှင့် ဥရောပ ပါလီမန် အဖွဲ့ဝင်များ၊ ဥရောပကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ၊ ဥရောပနိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီးတို့ တက်ရောက်ကြသည်။

ယင်းသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးပြုပြင် ပြောင်းလဲမှု အခြေအနေ၊ ငြိမ်းချမ်းရေး တည်ဆောက်နေမှု အခြေအနေ၊ ဆင်းရဲနွမ်းပါးမှု လျော့ချရေးနှင့် လယ်ယာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရေး Comprehensive Framework တွင် ပါရှိသည့် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေး၊ ဖွံ့ဖြိုးမှုနှင့် ကုန်သွယ်ရေး၊ နိုင်ငံတကာဆက်ဆံရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတက အဆိုပါ ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံတော်သမ္မတ အိမ်တော်ရှိ ခန်းမဆောင်၌ ဂုဏ်ပြုညစာ စားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

-----------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတဦးသိန်းစိန် သြစတြေးလျနိုင်ငံ အေးရှားလင့်ခ်အဖွဲ့ ဥက္ကဋ္ဌ Mr. Sid Myer နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ






နေပြည်တော် နိုဝင်ဘာ ၁၄

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် သြစတြေးလျနိုင်ငံ အေးရှားလင့်ခ်အဖွဲ့ ဥက္ကဋ္ဌ Mr.Sid Myer ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော်ရှိ ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ ရင်နှီးမြှုပ်နှံမှုများ ပြုလုပ်ရန် သြစတြေးလျနိုင်ငံမှ လုပ်ငန်းရှင် အများအပြား လာရောက်ဆွေးနွေး ညှိနှိုင်းနေမှု၊ အေးရှားလင့်ခ်အဖွဲ့၏ သုံးရက်တာ ခရီးစဉ်ကာလအတွင်း ခရီးသွားလာရေး၊ စွမ်းအင်ထုတ်လုပ်ရေး၊ ဘဏ်လုပ်ငန်း၊ စိုက်ပျိုးရေး စသည့် ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်နိုင်ရေး အားရဖွယ် ဆွေးနွေးနိုင်ခဲ့မှု၊ ရန်ကုန်မြို့ရှိ ရှေးဟောင်း အဆာက်အဦများအား မွမ်းမံထိန်းသိမ်းပြုပြင်ခြင်းဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးတွင် အထောက်အကူပြုနိုင်မှု တို့ကို ဆွေးနွေးခဲ့ကြသည်။

ယင်းတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးအောင်မင်း၊ ဦးဝင်းမြင့်၊ ခေတ္တပြည်ထောင်စုဝန်ကြီး  ဒေါက်တာမျိုးမြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် အေးရှားလင့်ခ်အဖွဲ့ ဥက္ကဋ္ဌနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီး တက်ရောက်ခဲ့သည်။



နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမေရိကန် သမ္မတဟောင်း H.E. Mr. William J. Clinton နှင့်အဖွဲ့အားလက်ခံတွေ့ဆုံ






နေပြည်တော် နိုဝင်ဘာ ၁၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် အမေရိကန် သမ္မတဟောင်း H.E. Mr. William J. Clinton ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၉ နာရီခွဲတွင် နိုင်ငံတော်သမ္မတအိမ်တော်ရှိ ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

ယင်းသို့ တွေ့ဆုံရာတွင် ကလင်တန်ဖောင်ဒေရှင်းနှင့် မြန်မာနိုင်ငံအစိုးရတို့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားလိုမှု၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီ ဆောင်ရွက်လိုမှု၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးကဏ္ဍစုံ ချဲ့ထွင်နိုင်ရေး၊ HIV, AIDS, TB ရောဂါဝေဒနာရှင် များအား ဆေးဝါးများ ဖြန့်ဖြူးပေးရေးနှင့် ပဋိပက္ခဖြစ်ပွားနေသော ဒေသများ၌ လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး စသည့် လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီ ဆောင်ရွက်သွားလိုမှု၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေမှု၊ ငါးနှစ်အောက် ကလေး၊ မွေးကင်းစကလေးနှင့် မိခင်သေဆုံးမှု လျော့ကျရေးတို့အတွက် ငွေကြေးနှင့် သင်တန်းများ အထောက်အကူပြုနိုင်မှုတို့ နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးအောင်မင်း၊ ဦးခင်ရီနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

---------------------------------------------------------------------------------------------------------------------------------------------------------------------

စပါးစိုက်ပျိုးရန် ချေးယူထားသည့် စိုက်ပျိုးစရိတ်များကို ဆိုင်းငံ့ပေးနိုင်ရန်အတွက် ဆောင်ရွက်သွားမည်






ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယ ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၈ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ခပေါင်းခန်းမ၌  ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများ၊ တာဝန် ရှိသူ များနှင့်အတူ ယနေ့ နံနက် ၈ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ခပေါင်းခန်းမ၌ တောင်ငူခရိုင်အတွင်းရှိ မြို့နယ်(၅) မြို့နယ်မှ ရေဘေးသင့် ပြည်သူများအားတွေ့ဆုံ၍ အားပေး စကားပြောကြားသည်။

ထိုသို့တွေ့ဆုံရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဥာဏ်ဝင်းက တောင်ငူခရိုင်အတွင်း ရေကြီး နစ်မြုပ်ခဲ့မှု၊ ရေဘေးသင့် ဒေသ များတွင် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့မှု၊ ထောက်ပံ့ကူညီ ဆောင်ရွက်ခဲ့မှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက် မည့် ရေကြီးနစ်မြုပ်မှု ကာကွယ်ရေး လုပ်ငန်းအစီအစဉ် များကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က လယ်ယာမြေများ ပျက်စီးဆုံးရှုံးခဲ့မှုအား လယ်ယာမြေစစ်တမ်း ကောက်ယူနေမှုနှင့် ပံ့ပိုးကူညီ ဆောင်ရွက်ပေးမည့် အစီအစဉ်များ၊ တစ်နိုင်ငံလုံး၌ လယ်ယာမြေ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေမှု အခြေအနေများနှင့် ပဲခူးတိုင်း ဒေသကြီးအတွင်း မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးမည့် အစီအစဉ် များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်အတူ လိုက်ပါလာကြသည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေသက်ခင်၊ ဒေါက်တာ ဒေါ်မြတ်မြတ် အုန်းခင်၊ ဦးဝင်းမြင့်နှင့် ခေတ္တပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးမြင့်တို့က ကဏ္ဍအလိုက် ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အမှာစကားပြောကြားရာတွင်
-
ရေကြီးနစ်မြုပ်မှုဒဏ်ကို ခံစားခဲ့ရသည့် ပြည်သူများအား ပြည်ထောင်စုအစိုးရနှင့် တိုင်း ဒေသကြီးအစိုးရတို့ ပူးပေါင်း အကူအညီ ပေးနိုင်ရန်အတွက် လာရောက်ခြင်း ဖြစ်ပါကြောင်း၊
  -
ယခုနှစ်တွင် ရာသီဥတု ဖောက်ပြန်မှုများကြောင့်  မြန်မာနိုင်ငံ အလယ်ပိုင်းတွင် မိုးခေါင်မှုများ ဖြစ်ပေါ်ခဲ့သကဲ့သို့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်များတွင်လည်း မကြာမီလများ အတွင်းက ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ထိုဒေသ များတွင်ကာကွယ်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ ရပါကြောင်း၊ ယခုတောင်ငူ၊ ရေတာရှည်၊ ထန်းတပင်၊ အုတ်တွင်း မြို့နယ်များတွင်လည်း အခါမဟုတ် မိုးကြီးခဲ့သည့်အတွက် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ ရသဖြင့် လိုအပ်သည်များ ကူညီပံ့ပိုးပေးနိုင်ပါရန်  မိမိတို့လာရောက်ရခြင်း ဖြစ်ပါကြောင်း၊
-
သဘာဝဘေးဒဏ်များကို ဟန့်တားနိုင်ခြင်း မရှိသော်လည်း ထိခိုက်မှု နည်းပါးစေရန် အတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဖြစ်ပွားချိန်တွင် ကယ်ဆယ်ရေး လုပ်ငန်းများကို လျင်မြန်ထိရောက်စွာ ဆောင်ရွက်ခြင်းနှင့်  ဖြစ်ပေါ် ခဲ့သည့် ဖြစ်စဉ်များကို သင်ခန်းစာယူပြီး လိုအပ်သော ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်နိုင်ပါကြောင်း၊
-
တောင်သူလယ်သမားများ အနေဖြင့် ရေကြီးနစ်မြုပ်မှုဒဏ် ခံခဲ့ရသည့် စပါးစိုက်ခင်းများကို အမြန်ဆုံး ရိတ်သိမ်းရန်၊ လုံးဝပျက်စီးသွားသော စပါးစိုက်ခင်းများအစား ဆောင်းသီးနှံ များကို  အချိန်မီပြန်လည် စိုက်ပျိုးနိုင်ရန်အတွက် လုပ်ဆောင်စေလိုပါကြောင်း၊
  -
နိုင်ငံတော်အစိုးရ အနေဖြင့်လည်း ဆောင်းသီးနှံအတွက် မျိုးကောင်းမျိုးသန့်များ ထောက်ပံ့ရန်၊ စပါးစိုက်ပျိုးရန် အတွက် ချေးယူထားသည့် စိုက်ပျိုးစရိတ်များကို ဆိုင်းငံ့ပေး နိုင်ရန်အတွက်  ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊
-
ပဲခူးတိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြုပ်မှု ကာကွယ်နိုင်ရန်အတွက် လိုအပ်သည့် ရေတားတမံများ၊ ရေတံခါးများနှင့် မြစ်ကြောင်းထိန်းသိမ်းရေး လုပ်ငန်းများကို ၂ဝ၁၂ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့သော်လည်း ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများ ကျန်ရှိနေသေးပါကြောင်း၊ ထိုလုပ်ငန်းများကိုလည်း ဆက်လက် အကောင်အထည် ဖော်သွားမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။
-
ထို့နောက် နိုင်ငံတော်သမ္မတက နိုင်ငံတော် အစိုးရအနေဖြင့် ပြည်သူ့ဆန္ဒ နှစ်ရပ်ဖြစ်သည့် တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှု၊ နိုင်ငံနှင့်ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်မှုဟူသည့် ဆန္ဒနှစ်ရပ်ကို ဖြည့်ဆည်းနိုင်ရန် အတွက်  နိုင်ငံရေး၊  စီးပွားရေး ပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက်နေမှု အခြေအနေများ၊ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် စေရန်အတွက် လယ်ယာကဏ္ဍ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး လက်ရှိအချိန်တွင် နိုင်ငံတော်တည်ငြိမ် အေးချမ်းရန်နှင့် ဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြေအနေကောင်းများ ရရှိထားပြီ ဖြစ်သောကြောင့် အားလုံး ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် နိုင်ငံတော်သမ္မတက ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်အတွင်း ရေဘေးသင့် မြို့နယ်(၅) မြို့နယ်ရှိ တောင်သူများ အတွက် ငွေကျပ် သိန်း ၁ဝဝ နှင့် မျိုးစေ့များကို မြို့နယ်အလိုက် တောင်သူများထံ လက်ဝယ်အရောက် ပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က သဘာဝ ဘေးအန္တရာယ် ကျရောက်ချိန်တွင် အသုံးပြုသည့် အရေးပေါ်သုံး ဆေးပစ္စည်းများနှင့် ဘလီးချင်း ပေါင်ဒါ တစ်ပုံးကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ် အုန်းခင် က ရေကြီး နစ်မြုပ်သည့် (၅) မြို့နယ်တွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ငွေကျပ်သိန်း ၅ဝ ကို လည်းကောင်း၊ CB ဘဏ်နှင့်ဒေါက်တာကိုကိုကြီးတို့က ငွေကျပ်သိန်း ၁ဝဝဝ စီကိုလည်းကောင်း ပေးအပ် လှူဒါန်းကြသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတသည် ရေဘေးသင့် ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးသည်။

-------------------------------------------------------------------------------------------------------------------------------------------------------------------



နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သာဂရတိုက်နယ်အတွင်း နေထိုင်ကြသည့် ရေဘေးသင့် ဒေသခံ ပြည်သူများအား အားပေးအမှာစကား ပြောကြား




နေပြည်တော် နိုဝင်ဘာ 
နေပြည်တော် နိုဝင်ဘာ ၇

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်   ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဝန်ကြီး ဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးလှမင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဥာဏ်ဝင်း၊  တိုင်းမှူး၊ ဒုတိယ ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၁၁ နာရီတွင် ပဲခူးတိုင်းဒေသကြီး  အုတ်တွင်းမြို့နယ် သာဂရ ကျေးရွာ သာဂရကျောင်းတိုက် ဓမ္မာရုံ၌  သာဂရတိုက်နယ် အတွင်း နေထိုင် ကြသည့် ရေဘေးသင့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးသွားရောက် တွေ့ဆုံ အားပေးသည်။

အဆိုပါတွေ့ဆုံပွဲသို့ သာဂရတိုက်နယ်အတွင်းရှိ ကျေးရွာများဖြစ်ကြသော သာဂရ၊ လေးအိမ်စု၊ မြင်းစု၊ အောင်းကြီး၊ ရွာသစ်၊ ခေါင်ရမ်း၊ ကုလားရွာနှင့် ချစ်ကြည်စုကျေးရွာများမှ ဒေသခံ ကျေးလက်နေပြည်သူ  ၅ဝဝ ကျော်  တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတက ရေဘေးသင့်ခံ ပြည်သူများအား အားပေးအမှာစကား ပြောကြားရာတွင် ရေကြီးနစ်မြုပ်မှုဒဏ် ခံစားခဲ့ရသည့် ပြည်သူများအား နိုင်ငံတော်က ကူညီပံ့ပိုးပေးမည့် အစီအစဉ်များ၊ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက် စေရန်အတွက် နိုင်ငံတော်က ဆောင်ရွက်နေသည့် လယ်ယာကဏ္ဍ ပြုပြင်ပြောင်းလဲရေး     လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး တောင်သူများကို ရင်းရင်းနှီးနှီး တွေ့ဆုံအားပေး ခဲ့သည်။

ထို့နောက်  ပြည်ထောင်စုဝန်ကြီး  ဦးမြင့်လှိုင်က ရေဘေးသင့်ဒေသများမှ ပြည်သူများအနေဖြင့် ကောင်းမွန်ပြည့်စုံ အထွက် တိုးစေမည့် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေးအတွက် ဝန်ကြီး ဌာနမှ ပံ့ပိုးကူညီဆောင်ရွက်ပေးရေး၊ နည်းပညာနှင့် မျိုးကောင်း မျိုးသန့် ကူညီပေးရေးဆိုင်ရာ များအပေါ် ရှင်းလင်းတင်ပြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတက ရေဘေးသင့် ပြည်သူများအတွက် စိုက်ပျိုးရန် မျိုးစေ့များ၊ ဆန်၊ ဆီ၊ အဝတ်အထည် များကို ပေးအပ်ထောက်ပံ့ရာ တာဝန်ရှိသူများက လက်ခံရယူကြ သည်။

ထို့နောက်  ပြည်ထောင်စုဝန်ကြီး  ဦးမြင့်လှိုင်နှင့် ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်တို့က စိုက်ပျိုးရေး လုပ်ငန်း လုပ်ဆောင်နိုင်စေရန် အတွက် မျိုးစေ့များနှင့် လူ့အသုံးအဆောင် ပစ္စည်း များကို ပေးအပ်ကြသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတသည် တွေ့ဆုံပွဲသို့  တက်ရောက်လာကြသည့်  ရေဘေးသင့် ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။

ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် တောင်ငူမြို့မှ ရဟတ်ယာဉ်များဖြင့် ဆက်လက် ထွက်ခွာလာကြရာ ပဲခူးမြို့သို့ ရောက်ရှိကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် ပဲခူးမြို့ ရွှေဝါထွန်း ဟိုတယ်၌ ပဲခူးမြို့မိမြို့ဖများ၊ မြို့ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူအဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လမ်းညွှန်အမှာ စကား ပြောကြားရာတွင် နိုင်ငံတော်အစိုးရက ဆောင်ရွက်နေသည့် နိုင်ငံရေး၊ စီးပွားရေး ပြုပြင် ပြောင်းလဲမှု အခြေအနေများ၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး အုပ်ချုပ်ရေးကဏ္ဍတွင် ပြည်သူဗဟိုပြု မူဝါဒအရ မြို့နယ်များတွင် အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ပြည်သူများ ရွေးချယ်ထားသည့် မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီများနှင့် စည်ပင်သာယာရေး ကော်မတီများ ပူးပေါင်းပြီး မြို့နယ်အလိုက် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်ရန် လိုအပ်ပုံများကို ရှင်းလင်း မှာကြားခဲ့သည်။

ထို့နောက်  သနပ်ပင်၊  ဒိုက်ဦးနှင့်  ကဝမြို့နယ်များမှ  မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီဝင် များက လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ မွေးမြူရေးနှင့် သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့် ပတ်သက်ပြီး ပွင့်ပွင့် လင်းလင်း ဆွေးနွေးတင်ပြခဲ့ကြသည်။
-------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တောင်ငူခရိုင်အတွင်း ရေဘေးသင့်ပြည်သူများ၏ လူမှု စီးပွားဘဝ အခြေအနေများနှင့် စပ်လျဉ်း၍ လိုအပ်သည်များ လမ်းညွှန်မှာကြား




နေပြည်တော် နိုဝင်ဘာ ၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေ ၃ နာရီတွင် နေပြည်တော်မှ ရဟတ်ယာဉ်များဖြင့် ထွက်ခွာလာရာ ပဲခူးတိုင်းဒေသကြီး ကေတုမတီမြို့သစ်သို့ ညနေ ၃ နာရီခွဲတွင် ရောက်ရှိ ကြသည်။

နိုင်ငံတော်သမ္မတနှင့် အဖွဲ့အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဥာဏ်ဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး လှမင်း၊ တိုင်းမှူး ဗိုလ်ချုပ် အောင်ကျော်ဇော နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် ကေတုမတီမြို့သစ် တိုင်းရိပ်သာကြီး အစည်းအဝေးခန်းမ၌ နိုင်ငံတော်သမ္မတ အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဥာဏ်ဝင်းက ရေကြီးနစ်မြုပ်မှု ဖြစ်ပွားခဲ့သည့် အခြေအနေ၊ တိုင်းဒေသကြီးအစိုးရအနေဖြင့် ၂၄ နာရီအတွင်း တပ်မတော်၊ ပြည်သူတို့နှင့် ပူးပေါင်းပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေ၊ စပါးများ အချိန်မီ အမိုးအကာ အောက် ရောက်ရှိရေးအတွက် စီမံဆောင်ရွက်နေမှု၊ ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် စပါး စိုက်ဧက တစ်သောင်း ငါးထောင်ကျော်တွင် ဆောင်းသီးနှံများ ပြန်လည် စိုက်ပျိုးရန် စီမံ ဆောင်ရွက်နေမှု၊ ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက် နစ်နာခဲ့သည့် တောင်သူ လယ်သမားများ၏ စိုက်ပျိုးစရိတ်ချေးငွေ ပြန်လည်ပေးဆပ်နိုင်အောင် ကူညီဆောင်ရွက် ပေးနိုင်မည့် နည်းလမ်း များ၊ စစ်တောင်းမြစ် ရေစီးရေလာကောင်းမွန်ရေးအတွက် စီမံဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ စစ်တောင်းမြစ်နှင့် ပဲခူးမြစ်ရေကြီးမှုကို ကာကွယ်ရန်အတွက် ပဲခူး-စစ်တောင်း တူးမြောင်း ပြန်လည်ပြုပြင်ရန် လိုအပ်သည့် အခြေအနေ၊ စစ်တောင်းမြစ်ရေ တိုက်စားမှု အခြေအနေတို့ကို ရှင်းလင်း တင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ရေကြီးနစ်မြုပ်ပျက်စီးသည့် ဧက တစ်သောင်း ငါးထောင်ကျော် အတွက် ဆောင်းသီးနှံဖြစ်သည့် အစေ့ထုတ်ပြောင်း၊ မတ်ပဲနှင့် နေကြာများ ပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် မျိုးကောင်းမျိုးသန့် များ ရောင်းချပေးမည့် အစီအစဉ်၊ ဆောင်း သီးနှံများ စိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးစရိတ်များ ထုတ်ချေးပေးနိုင်မည့် အခြေအနေ၊ စက်ယန္တရားများဖြင့် ရိတ်သိမ်းနို်င်ရန်အတွက် Combine Harvester များ စုစည်းထားမှု အခြေအနေများ၊ စစ်တောင်း၊ ပဲခူးမြစ်တစ်လျှောက် ရေတားတမံများ၊ မြစ်ကြောင်းထိန်းသိမ်းမှု လုပ်ငန်းများနှင့် ရေတံခါးတည်ဆောက်မှု အခြေအနေများနှင့် ပဲခူး-စစ်တောင်း တူးမြောင်း ပြန်လည်ပြုပြင်ရေး လုပ်ငန်းကို နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာ များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဆည်မြောင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးမြင့်ထွန်းက စစ်တောင်းမြစ်နှင့် ပဲခူးမြစ် ရေကြီးနစ်မြှုပ်မှု ကာကွယ်နိုင်ရန်အတွက် မြို့နယ် ၂၃ မြို့နယ်တွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အကောင်အထည်ဖော်ရန် လျာထားသည့် စီမံကိန်း လုပ်ငန်း ၂၂၈ ခုအနက် ၂၀၁၃-၂၀၁၄ ခုနှစ်အတွင်း ဆောင်ရွက် ပြီးစီးသည့် စီမံကိန်း ၃၈ ခု၊ ဆောင်ရွက်ဆဲ လုပ်ငန်း ၂၇ ခုနှင့် ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းများကို ရှင်းလင်း တင်ပြသည်။

ထို့နောက် နိုင်ငံတော်သမ္မတက ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ လမ်းညွှန်မှာကြား ရာတွင် ပဲခူးတိုင်းဒေသကြီး ရေကြီး နစ်မြှုပ်မှု အခြေအနေ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို သိရှိနိုင်ရန်နှင့် နိုင်ငံတော်က ပံ့ပိုးဆောင်ရွက်ပေးရန် လိုအပ်သည်များကို ထပ်မံဖြည့်ဆည်းပေးနိုင်ရန်အတွက် မိမိကိုယ်တိုင် လာရောက်ခြင်း ဖြစ်ပါ ကြောင်း၊ ရေကြီးနစ်မြှုပ်မှုနှင့် ပတ်သက်ပြီး ချက်ချင်းဆောင်ရွက်ရမည့် လုပ်ငန်း၊ အချိန် အနည်းငယ်ယူ ဆောင်ရွက်ရမည့် လုပ်ငန်းနှင့် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းဟူ၍ သုံးပိုင်း ခွဲခြား ဆောင်ရွက်ရန် လိုပါကြောင်း။

ချက်ချင်းဆောင်ရွက်ရမည့် လုပ်ငန်းများအနေဖြင့် ရေနစ်မြှုပ်သွားခဲ့သည့် စပါးများကို အမြန်ဆုံး ရိတ်သိမ်းရန် လိုပါကြောင်း၊ ဒေသအခြေအနေပေါ် မူတည်ပြီး လူအင်အားဖြင့် ရိတ်သိမ်းရမည့် စိုက်ဧက၊ စက်ယန္တရားဖြင့် ရိတ်သိမ်းရမည့် စိုက်ဧကများကို ခွဲခြားထားရန် လိုပါကြောင်း၊ စပါးပျက်စီးသွားသော တောင်သူများအနေဖြင့် ဆောင်းသီးနှံများ ပြန်လည် အစားထိုး စိုက်ပျိုးနိုင်ရန်အတွက် နိုင်ငံတော်က မျိုးကောင်းမျိုးသန့်များ ကူညီ ထောက်ပံ့ ပေးသွားမည် ဖြစ်ပါကြောင်း၊ ဆောင်းသီးနှံ စိုက်ပျိုးရာတွင် သီးနှံအမျိုးအစားအလိုက် သတ်မှတ် ကာလအတွင်း စိုက်ပျိုးနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရက ကူညီဆောင်ရွက်ပေးရန် လိုပါကြောင်း၊ သီးနှံပျက်စီးဆုံးရှုံးမှုများနှင့် ကြုံတွေ့ခဲ့ရသည့် တောင်သူလယ်သမားများအား အကူအညီပေးနိုင်ရန်အတွက် မှန်ကန်တိကျသော စာရင်းဇယားများ ပြုစုပေးရန် လိုအပ်ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီး အတွင်း ရေကြီးနစ်မြှုပ်မှုများကို ကာကွယ်ရန်အတွက် မိမိတို့ အစိုးရလက်ထက်တွင် ၂၀၁၂ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့သော်လည်း ဆက်လက်ဆောင်ရွက် ရမည့် လုပ်ငန်းများစွာ ကျန်ရှိနေသေးပါကြောင်း။

ချက်ချင်းဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် နောင်ဘဏ္ဍာရေးနှစ်အထိ စောင့်ဆိုင်းမပြုဘဲ ပြည်ထောင်စုအစိုးရအဖွဲ့ သီးသန့်ရန်ပုံငွေမှ အကူအညီပေးသွားမည် ဖြစ်ပါကြောင်း၊ ပဲခူးမြစ်နှင့် စစ်တောင်းမြစ် ရေကြီးနစ်မြှုပ်မှု ကာကွယ်နိုင်ရေး နှင့် ရေအရင်းအမြစ်များကို ထိရောက်စွာ အသုံးချနိုင်ရန်အတွက် စစ်တောင်းမြစ်ကြောင်း ထိန်းသိမ်းရေးလုပ်ငန်းများ၊ မြစ်ကြောင်း တစ်လျှောက် ရေတားတမံ တည်ဆောက်ခြင်း၊ ရေတံခါးတည်ဆောက်ခြင်း လုပ်ငန်းများကို နှစ်အလိုက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း။

အလားတူပင် စစ်တောင်းမြစ်အတွင်း စီးဝင်နေသည့် ရဲနွယ်၊ ဘိုင်ဒါး၊ ကောလိယချောင်းများ ကိုလည်း ရေကြောင်းထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရန် လိုပါကြောင်း၊ ပဲခူး- မြစ်မခ စီမံကိန်းကိုလည်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုပါကြောင်း၊ ဆယ်စုနှစ် ပေါင်းများစွာ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နို်င်ခြင်း မရှိခဲ့သည့် ပဲခူး-စစ်တောင်း တူးမြောင်းကိုလည်း နိုင်ငံတကာနှင့် ပူးပေါင်းပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက် ရမည် ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းအားဖြင့် ပဲခူးမြစ်နှင့် စစ်တောင်းမြစ်ရေကြီးမှုကို ကာကွယ်နိုင်မည့်အပြင် စိုက်ပျိုးရေ ရရှိရေးအတွက်လည်း အထောက်အကူရရှိမည် ဖြစ်ပါ ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုတို့က ရေကြီးနစ်မြှုပ်မှုဘေးနှင့် စပ်လျဉ်းသည့် ဆောင်ရွက်ရန် လိုအပ်သည့် အစီအမံများ၊ ကြိုတင်ကာကွယ်ဆောင်ရွက်မှု များ ပြုလုပ်သင့် သည့် ကိစ္စရပ်များအပေါ် အကျယ်တဝင့် ဖြည့်စွက်ဆွေးနွေးတင်ပြကြရာ နိုင်ငံတော် သမ္မတက လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

-------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတဦးသိန်းစိန် တောင်ငူခရိုင်အတွင်း ရေကြီးနစ်မြုပ်မှု အခြေအနေ များနှင့်စပ်လျဉ်း၍ လိုအပ်သည်များ လမ်းညွှန်မှာကြား





 နေပြည်တော် နိုဝင်ဘာ ၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိ သူများနှင့်အတူ ယနေ့ညနေ ၃ နာရီတွင် နေပြည်တော်မှ ရဟတ်ယာဉ်များဖြင့် ထွက်ခွာလာကြရာ ပဲခူးတိုင်းဒေသကြီး ကေတုမတီမြို့သစ်သို့ ညနေ ၃ နာရီခွဲ တွင် ရောက်ရှိသည်။

နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဉာဏ်ဝင်းနှင့် အစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်းမှူး ဗိုလ်ချုပ်အောင်ကျော်ဇောနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက် ကြသည်။

ယင်းနောက် ကေတုမတီမြို့သစ် တိုင်းရိပ်သာကြီး အစည်းအဝေးခန်းမ၌ နိုင်ငံတော် သမ္မတအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဉာဏ်ဝင်းနှင့် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် တို့က တောင်ငူခရိုင်အတွင်း ရေကြီးနစ်မြုပ်မှု အခြေအနေများ၊ ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ သီးနှံများ ပြန်လည် စိုက်ပျိုးနိုင်ရန်အတွက် တိုင်းဒေသကြီးနှင့် ဝန်ကြီးဌာနမှ ပံ့ပိုးကူညီ ဆောင်ရွက်သွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြကြသည်။

နိုင်ငံတော်သမ္မတ ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို လမ်းညွှန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနှင့် ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို တို့က ရေကြီးနစ်မြုပ်မှုဘေးနှင့် စပ်လျဉ်း သည့် ဆောင်ရွက် ရန် လိုအပ်သည့် အစီအမံများ၊ ကြိုတင်ကာကွယ် ဆောင်ရွက်မှုများ ပြုလုပ်သင့်သည့် ကိစ္စရပ်များအပေါ် အကျယ်တဝင့် ဖြည့်စွက်ဆွေးနွေး တင်ပြကြရာ နိုင်ငံတော် သမ္မတက လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

-------------------------------------------------------------------------------------------------------------------------------------------------------------------


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ၏ ကထိန်သင်္ကန်းဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကျင်းပ






 နေပြည်တော် နိုဝင်ဘာ ၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ၏ ကထိန်သင်္ကန်းဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီခွဲတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်ရှိ သာသနာ့မဟာ ဗိမာန်တော်ကြီး၌ ကျင်းပရာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇမဂ္ဂမဟာ သဒ္ဓဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရဘိဝံသ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက် ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီး ဒေါ်ခင်ခင်ဝင်းတို့ တက်ရောက်ကြည်ညို၍ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်း ကြသည်။

အဆိုပါအခမ်းအနားသို့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်ဇနီး ဒေါ်နန်းရွှေမှုန်၊ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့် ဇနီး ဒေါ်ခင်အေးမြင့်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ ဦးမြသိန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယ ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းမိသားစု များလည်း တက်ရောက်ကြည်ညိုကြသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် သာသနာ့ဗိမာန်တော်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော် မြတ်အား ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်းများ ကပ်လှူကြသည်။

ထို့နောက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် ရန်ကုန်မြို့ ခြောက်ထပ်ကြီး ဘုရားကြီးတိုက် သာသနာ့နုဂ္ဂဟကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တခေမိန္ဒသာမိ ထံမှ နိုင်ငံတော်သမ္မတနှင့်ဇနီးတို့ အမှူးပြုသော ပရိသတ်များက ကိုးပါသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီးထံ လှူဖွယ်ပစ္စည်းများ လှူဒါန်းပြီး ပျဉ်းမနားမြို့ အောင်တံခွန်ကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တပဏ္ဍဝ ထံ ကထိန်လျာသင်္ကန်းကို ဆက်ကပ် လှူဒါန်း ကြသည်။

ဆက်လက်၍ ဒုတိယသမ္မတများနှင့် တက်ရောက်လာကြသူများက ဆရာတော်၊ သံဃာတော် များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက် ဆရာတော်ကြီး ထံမှ ပရိသတ်များက အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချ အမျှပေးဝေကြသည်။

အခမ်းအနားအပြီးတွင် ကြွရောက်တော်မူကြသည့် ဆရာတော်၊ သံဃာတော်များအား နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များက နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြသည်။



-------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီး သြစတြေးလျဓနသဟာယနိုင်ငံ ဘုရင်ခံချုပ်နှင့် ခင်ပွန်းတို့အား ဂုဏ်ပြုကြိုဆို






နေပြည်တော် နိုဝင်ဘာ ၅  
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နေပြည်တော်၌ ရောက်ရှိနေသော သြစတြေးလျ ဓနသဟာယနိုင်ငံ ဘုရင်ခံချုပ် မစ္စကွင်တင်းဘရိုက်စ်နှင့် ခင်ပွန်း မစ္စတာ မိုက်ကယ် ဘရိုက်စ် တို့အား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်း တို့က  ယနေ့နံနက် ၉ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် ဥပစာရှိ မြက်ခင်းပြင်၌ ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုသည်။    

ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားတွင်  နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် သြစတြေးလျ ဓနသဟာယနိုင်ငံ ဘုရင်ခံချုပ် မစ္စကွင်တင်းဘရိုက်စ်တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကြသည်။ ထိုအချိန်တွင် နိုင်ငံတော်တီးဝိုင်းက သြစတြေးလျ ဓနသဟာယနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ နိုင်ငံတော်သီချင်းများကို  ဂုဏ်ပြုတီးမှုတ်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် သြစတြေးလျဓနသဟာယနိုင်ငံ ဘုရင်ခံချုပ်တို့သည် ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးကြသည်။

ထို့နောက် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းမှ ကင်းထောက်လူငယ် မောင်မယ်များက နှစ်နိုင်ငံ အလံငယ်များ ဝှေ့ယမ်း၍ ဂုဏ်ပြုကြိုဆိုရာ သြစတြေးလျ ဓနသဟာယ နိုင်ငံ ဘုရင်ခံချုပ်က ကင်းထောက်လူငယ် မောင်မယ် များအား ပြန်လည်၍ ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ဂုဏ်ပြုကြိုဆိုပွဲအပြီးတွင် နိုင်ငံတော်သမ္မတအား သြစတြေးလျဓနသဟာယနိုင်ငံ ဘုရင်ခံချုပ်က အတူလိုက်ပါလာကြသည့် ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့် မိတ်ဆက်ပေးပြီး နိုင်ငံတော်သမ္မတကလည်း မြန်မာနိုင်ငံဘက်မှ ကြိုဆိုနှုတ်ဆက်ကြသည့် ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ဇနီး ဒေါ်လင်းလင်းတင်၊ ဦးသိန်းညွန့်၊  ဒေါက်တာမြင့်အောင်၊ ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်နှင့် ခင်ပွန်း၊ သြစတြေးလျနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမင်းသိမ်းနှင့် ဇနီးတို့နှင့် ပြန်လည် မိတ်ဆက်ပေးသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် သြစတြေးလျဓနသဟာယနိုင်ငံ ဘုရင်ခံချုပ်တို့သည် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးကြသည်။

ယင်းသို့ တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ နှင့် သြစတြေးလျနိုင်ငံ ဘုရင်ခံချုပ်တို့သည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် သြစတြေးလျနိုင်ငံက ပူးပေါင်း ကူညီဆောင်ရွက်ရေး၊ တက္ကသိုလ်နှင့် နည်းပညာ တက္ကသိုလ်များသို့ တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ဆုများ ချီးမြှင့်ပေးရေး၊ တက္ကသိုလ် ဆရာ၊ ဆရာမများ အရည်အသွေးမြင့်မားရေးအတွက် သင်တန်းများ ပို့ချပေးရေးနှင့် နည်းပညာအကူအညီများ ပေးအပ်ရေး၊ ထူးချွန်အခြေခံ ပညာကျောင်းသား၊ ကျောင်းသူများအား သြစတြေးလျနိုင်ငံတွင် ပညာသင်ကြားခွင့် ရရှိရေး၊ အခြေခံပညာ ကျောင်းများတွင် သင်ထောက်ကူ ပစ္စည်းများ ရရှိရေး၊ ဆရာ၊ ဆရာမများအား ခေတ်မီ သင်ကြားရေး စနစ်များ လေ့လာခွင့်ရရှိရေး၊ ကျေးလက်နှင့် နယ်စပ်ဒေသရှိ စာသင်ကျောင်းများအတွက် လိုအပ်သော အဆောက်အအုံများ တည်ဆောက်ပေးရေး၊ အမျိုးသမီးများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်နေမှုတွင် အမျိုးသမီးများ ပါဝင်ဆောင်ရွက်နေမှုများ၊ မိခင်နှင့် ကလေးစောင့်ရှောက်မှု လုပ်ငန်းများနှင့်  ကုလသမဂ္ဂထောင်စုနှစ် ရည်မှန်းချက်များ အကောင်အထည် ဖော်ရေးတို့အတွက် ကူညီပံ့ပိုးရေး၊ မြန်မာနိုင်ငံ၏ လယ်ယာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ သြစတြေးလျ စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံ၌ ပိုမိုလာရောက် ရင်းနှီးမြှုပ်နှံရေးတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ဒေါက်တာဖေသက်ခင်၊ ဒေါက်တာ မြင့်အောင်၊ ခေတ္တပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးမြင့်၊ ဒုတိယဝန်ကြီး ဦးရဲထွဋ်၊ ဒေါ်စန္ဒာခင်၊ သြစတြေးလျနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည့်တော် သြစတြေးလျ ဓနသဟာယနိုင်ငံ ဘုရင်ခံချုပ်နှင့်အတူ ဘုရင်ခံချုပ်၏ ခင်ပွန်း၊ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ်ကြီး နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

မွန်းတည့် ၁၂ နာရီတွင်  နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီးတို့က သြစတြေးလျ ဓနသဟာယနိုင်ငံ ဘုရင်ခံချုပ်နှင့် ခင်ပွန်းနှင့် အဖွဲ့ဝင် များအား နိုင်ငံတော်သမ္မတ အိမ်တော်ရှိ ခန်းမဆောင်၌ ဂုဏ်ပြုနေ့လယ်စာ စားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။

ဂုဏ်ပြုနေ့လယ်စာ စားပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့နှင့်အတူ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဇနီး ဒေါ်နန်းရွှေမှုန်၊ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း နှင့် ဇနီး ဒေါ်ခင်အေးမြင့်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံနှင့် သြစတြေးလျနိုင်ငံတို့မှ သံအမတ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။





--------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သြစတြေးလျဓနသဟာယနိုင်ငံ နယူးဆောက်သ်ဝေး ပြည်နယ်ဘုရင်ခံနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ








နေပြည်တော် နိုဝင်ဘာ ၅

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် သြစတြေးလျ ဓနသဟာယနိုင်ငံ နယူးဆောက်သ်ဝေးပြည်နယ် ဘုရင်ခံ မစ္စ မာရီယာဘာရှားနှင့် အဖွဲ့အား ယနေ့ညနေ ၃ နာရီတွင် နိုင်ငံတော်သမ္မတ အိမ်တော်ရှိ သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲ၌ မြန်မာနိုင်ငံနှင့် နယူးဆောက်သ်ဝေးပြည်နယ်တို့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားရေး၊ မြန်မာနိုင်ငံ ဆေးတက္ကသိုလ်များမှ ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား နယူးဆောက်သ်ဝေးပြည်နယ်ရှိ ဆေးတက္ကသိုလ် များတွင် ပညတော်သင်များအဖြစ် လက်ခံ သင်ကြားပေးရေး၊ မြန်မာနိုင်ငံ၏ ကျန်းမာရေး၊ ပညာရေးကဏ္ဍများတွင် ကူညီပံ့ပိုး ပေးရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

ယင်းတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးတင်နိုင်သိန်း၊ ဒေါက်တာ ဖေသက်ခင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတဦးသိန်းစိန် ကျေးလက်မီးလင်းရေး အထောက်အကူပြုပစ္စည်းနှင့် စက်မှု ထုတ်ကုန် ပစ္စည်းပြပွဲ (၂၀၁၃) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေး







နေပြည်တော် အောက်တိုဘာ ၃၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဒုတိယသမ္မတ ဦးဥာဏ်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့်အတူ ယနေ့ နံနက် (၈) နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC) ၌ ကျင်းပသည့် ကျေးလက် မီးလင်းရေး အထောက်အကူပြုပစ္စည်းနှင့် စက်မှုကုန်ထုတ်ပစ္စည်း ပြပွဲ ၂၀၁၃ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် အားပေးသည်။

ရှေးဦးစွာ အခမ်းအနားမှူးက ပြပွဲကျင်းပရသည့် အကြောင်းရင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်၊ ဦးစိုးသိန်း၊ ဦးအုန်းမြင့်၊ ဦးမောင်မြင့်နှင့် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများအဖွဲ့ နာယက၊ အင်ဒိုနီးရှား သံအမတ်ကြီး H.E. Mr. Sebastianus Sumarsono တို့က အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ထို့နောက် နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြပွဲအခမ်းအနား ဆိုင်းဘုတ်အား စက်ခလုတ် နှိပ်၍ ဖွင့်လှစ်ပေးသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် ပြပွဲအခမ်းအနား ကျင်းပရာ MICC အဆောက်အအုံ မျက်နှာစာအပြင်ဘက်နှင့် အတွင်းဘက် မြေညီထပ်၌ ခင်းကျင်း ပြသလျက်ရှိသည့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများနှင့် စွမ်းအင်ဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ၊ မော်တော်ယာဉ်နှင့် စက်ယန္တရားများ၊ ကျေးလက် မီးလင်းရေး အထောက်အကူပြု ပစ္စည်းပြခန်းများ၊ အထည်အလိပ်နှင့် လျှပ်စစ်ပစ္စည်း ပြခန်းများ၊ ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းပြခန်းများ၊ စက္ကူနှင့် အိမ်သုံးပစ္စည်း ပြခန်းများနှင့် ဆိုင်ခန်းများအား လှည့်လည်ကြည့်ရှု အားပေးကြသည်။

ထိုသို့ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များ လှည့်လည်ကြည့်ရှု အားပေးကြစဉ် ကျေးလက်ဒေသ မီးလင်းရေးအတွက် တစ်ထောင့် တစ်နေရာမှ အထောက်အကူပြု ပါဝင် ဆောင်ရွက်လိုသူများက ကျေးလက်ဒေသ မီးလင်းရေးအတွက် အထောက်အပံ့ဖြစ်စေမည့် ပစ္စည်းများကို လှူဒါန်းကြသည်။

နိုင်ငံတော်၏ ကျေးလက်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်နယ်/တိုင်းဒေသကြီး အသီးသီးရှိ ကျေးလက်ဒေသများတွင် လျှပ်စစ်မီး ရရှိရေးအတွက် နေရောင်ခြည် စွမ်းအင်သုံး Solar System၊ အသေးစား ရေအားလျှပ်စစ်(Mini Hydro)၊ ဇီဝဒြပ်ထု (Biomass)၊ အသုံးချနိုင်မည့် Gasifier များအား ဒေသနှင့်ကိုက်ညီသော သင့်တော်မည့် နည်းလမ်းများ အသုံးချနိုင်စေရန်နှင့် စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်သော လူသုံးကုန် ပစ္စည်းများ၊ မော်တော်ယာဉ်များ၊ အကြီးစားစက်ကိရိယာနှင့် စက်ယန္တရားများ၏ အရည်အသွေး၊ အဆင့်အတန်းကို ပြည်သူများ သိရှိနိုင်စေရန်၊ ဈေးကွက် တိုးတက် ရရှိစေရန် ရည်ရွယ်၍ ယခုပြပွဲကြီးကို ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ပြပွဲကို ယနေ့မှ နိုဝင်ဘာ (၄) ရက်အထိ ခင်းကျင်းပြသသွားမည်ဖြစ်ပြီး၊ ပြပွဲလာ ဧည့်ပရိသတ်များအား ပြပွဲကျင်းပနေစဉ် ကာလတစ်လျောက်၌ တေးသံရှင်များ၊ မော်ဒယ်များ၊ အကအဖွဲ့များ၏ ဖျော်ဖြေမှုများဖြင့် တင်ဆက်ပြသ ဖျော်ဖြေသွားမည် ဖြစ်ကြောင်း သိရှိရသည်။

အလုပ်အကိုင်ပေါများကာ လူတစ်ဦးချင်း၏ ဝင်ငွေ တိုးတက်သည့် ချမ်းသာ ကြွယ်ဝသော နိုင်ငံဖြစ်လာစေရန်အတွက် စက်မှုနိုင်ငံအဖြစ် ထူထောင်ရမည်ဖြစ်ရာ ယင်းသို့ ကူးပြောင်း နိုင်ရေးအတွက် ပြည်တွင်း၌ ရှိသော စက်မှုလုပ်ငန်းများ ထွန်းကားလာစေရန် အားပေး ဆောင်ရွက်ရမည်ဖြစ်သည်။ ပုဂ္ဂလိကကဏ္ဍမြှင့်တင်နိုင်ရန် ပုဂ္ဂလိက လုပ်ငန်းရှင်များ ဆောင်ရွက်နိုင်သော နိုင်ငံပိုင် စက်ရုံများကို ပုဂ္ဂလိကသို့ လွှဲပြောင်းပေးလျက်ရှိနေကြောင်း သိရှိရသည်။

ထို့အတူ နိုင်ငံတော်က ဆက်လက်လုပ်ကိုင်ရန် လိုအပ်သော စက်ရုံများကို အဆင့်မြှင့်တင်ပြီး ဆောင်ရွက်လျက်ရှိကာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း စက်မှုသင်တန်းကျောင်းများ ဖွင့်လှစ်ပြီး သင်ကြားပေးလျက်ရှိသည်။ ယခု ပြပွဲတွင် လက်ရှိနိုင်ငံပိုင် စက်ရုံများမှာ ထုတ်လုပ်သော စက်မှုထုတ်ကုန်များနှင့်အတူ ပုဂ္ဂလိကနှင့် ဖက်စပ်ဆောင်ရွက်လျက်ရှိသော စက်ရုံများ၊ ပုဂ္ဂလိကသို့ ငှားရမ်းထားသော စက်ရုံများမှ ထုတ်လုပ်သည့် စက်မှုထုတ်ကုန် ပစ္စည်းများကိုပါ ထည့်သွင်း ပြသ ရောင်းချသွားမည် ဖြစ်ကြောင်း သိရှိရသည်။

------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အိန္ဒိယကြည်းတပ် ဦးစီးချုပ်နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ






နေပြည်တော် အောက်တိုဘာ ၃၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အိန္ဒိယသမ္မတနိုင်ငံ အိန္ဒိယကြည်းတပ်ဦးစီးချုပ် General Bikram Singh ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော်ရှိ သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ယင်းသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံ အစိုးရအဆက်ဆက်က အိန္ဒိယနိုင်ငံနှင့် ချစ်ကြည် ရင်းနှီးမှုကို အလေးထား တည်ဆောက်ခဲ့ သကဲ့သို့ လက်ရှိအစိုးရ လက်ထက်တွင်လည်း ချစ်ကြည်ရင်းနှီးမှုကို အလေးထား ဆောင်ရွက်နေ မှု၊ နိုင်ငံတော်သမ္မတကြီး၏ အိန္ဒိယနိုင်ငံ ခရီးစဉ်နှင့် အိန္ဒိယဝန်ကြီးချုပ်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ချုပ်ဆိုထားသော စာချုပ်များ အရ ဆောင်ရွက်ရန်ရှိသည်များကို စတင် အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် ကူညီပံ့ပိုးဆောင်ရွက်နေမှု၊ တပ်မတော်နှစ်ရပ် အကြား ပူးပေါင်းဆောင်ရွက်မှု အနေဖြင့် အိန္ဒိယနိုင်ငံတွင် သင်တန်းများ တက်ရောက်နိုင်ရေး ရွေးချယ်စေလွှတ်နိုင်ရန် ပညာသင်ဆုများ အများအပြား ကမ်းလှမ်း ဆောင်ရွက် သွားရန် စီစဉ်ထားရှိမှု၊ မြန်မာ့ တပ်မတော် ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးသွားရန် စီစဉ်ထားရှိမှု၊ အိန္ဒိယနိုင်ငံ နယ်စပ်တွင် အဖျက်အမှောင့် လုပ်ငန်းများ ဆောင်ရွက်နေသည့် သောင်းကျန်းသူများအား နှိမ်နင်းရာတွင် မြန်မာနိုင်ငံဘက်မှ ကူညီပေးခဲ့မှုများ အတွက် ကျေးဇူးတင် ရှိမှု၊ နယ်စပ်ဒေသတွင် လုံခြုံရေး ကင်းလှည့်ခြင်းဖြင့် နယ်စပ်ဒေသ လုံခြုံရေးအတွက် များစွာ အကျိုးရှိမှု၊ နှစ်နိုင်ငံအကြား နယ်ခြား ပူးပေါင်းဆောင်ရွက်ရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ရန် စီစဉ်ဆောင်ရွက်နေမှု တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်၊ ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်ချုပ်သန်းစိုးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အိန္ဒိယကြည်းတပ်ဦးစီးချုပ် ဦးဆောင်သောအဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ  အိန္ဒိယသံအမတ်ကြီးနှင့် စစ်သံမှူးတို့ တက်ရောက်ကြသည်။

--------------------------------------------------------------------------------



အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူရေးနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၁) (MICC-1) ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်၍ အဖွင့်အမှာစကားပြောကြား







နေပြည်တော် အောက်တိုဘာ ၂၉
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူရေးနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နိုင်ငံတော် ဧည့်ဂေဟာဝင်း အတွင်းရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၁) (MICC-1) ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူရေးနှင့် စပ်လျဉ်းသည့် ဆပ်ကော်မတီ ဥက္ကဋ္ဌများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အဖွင့်အမှာစကားပြောကြားရာ၌ မြန်မာနိုင်ငံအနေဖြင့် ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစတင်ပြီး တစ်နှစ်တာမျှ အာဆီယံဥက္ကဋ္ဌ ရာထူးကို အလှည့်ကျ တာဝန်ထမ်းဆောင်ရတော့မည်ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် အာဆီယံ ဥက္ကဋ္ဌတာဝန်ကို စတင်တာဝန်ယူရန် (၆၃)ရက်မျှသာ လိုပါတော့ကြောင်း၊ မိမိတို့ အနေဖြင့် မကြာမီမှာ လူသန်းပေါင်း ၆ဝဝ ကျော် ပါဝင်သော အာဆီယံကို ဦးဆောင်ဦးရွက် ပြုရတော့မည် ဖြစ်ပါကြောင်း၊ အာဆီယံသည် ကမ္ဘာ့အလယ်တွင် ငြိမ်းချမ်း၍ စီးပွားရေး ခိုင်မာပြီး တည်ငြိမ် ရင့်ကျက်သည့် ဒေသဆိုင်ရာ အဖွဲ့အစည်းတစ်ခုအဖြစ် စံနမူနာပြ ပေါ်ထွန်းလာလျက် ရှိပါကြောင်း၊ အာဆီယံသည် အာဆီယံ အသိုက်အဝန်းအဖြစ် ပေါင်းစည်းနေရုံမျှမက ဒေသအတွင်း အာဆီယံကို အခြေပြုပြီး ပေါ်ထွန်းလာနေသည့် ပိုမိုကျယ်ပြန့်သော ဒေသဆိုင်ရာ အဖွဲ့အစည်းများကို ဦးစီးဦးဆောင် ထူထောင်နိုင်ခဲ့သည့်အပြင် ယင်း အဖွဲ့အစည်းမျိုးကို ဦးဆောင်ရမည့် မြန်မာနိုင်ငံအနေဖြင့် အလွန်ဂုဏ်ယူစရာ ဖြစ်သကဲ့သို့ တာဝန်မည်မျှကြီးလေး မည်ကိုလည်း မှန်းဆကြည့်နိုင် ပါကြောင်း။

မြန်မာနိုင်ငံအနေနဲ့ ၁၉၉၇ ခုနှစ် အာဆီယံကိုဝင်ရောက်ပြီးချိန်မှစ၍ ပထမဦးဆုံးအကြိမ်အဖြစ် အာဆီယံဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ခြင်းဖြစ်ပါကြောင်း၊ ၂ဝ၁၁ ခုနှစ် နိုဝင်ဘာ ၁၇ ရက်နေ့တွင် ကျင်းပခဲ့သော အာဆီယံထိပ်သီး အစည်းအဝေးတွင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံ ဥက္ကဋ္ဌရာထူးကို တာဝန်ယူရန် အာဆီယံခေါင်းဆောင်များက တစ်ညီတစ်ညွတ်တည်း သဘော တူညီခဲ့ကြပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံဥက္ကဋ္ဌ ရာထူးတာဝန် ထမ်းဆောင်ခြင်းသည် အာဆီယံ ပဋိညာဉ်စာတမ်းအရ အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ၏ တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သကဲ့သို့ မြန်မာနိုင်ငံ၏ လွတ်လပ်၊ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒနှင့်အညီ အာဆီယံရေးရာများတွင် မြန်မာနိုင်ငံက ဦးဆောင်မှု အခန်းကဏ္ဍတွင် ပါဝင်ရန် ကြိုးပမ်းခြင်း တစ်ရပ်ဖြစ်သည်ဟု ဆိုနိုင်ပါကြောင်း၊ ၂ဝ၁၅ ခုနှစ် အကုန်တွင် ပေါ်ပေါက်လာမည့် အာဆီယံ အသိုက်အဝန်းကြီးအတွက် နောက်ဆုံး ပြင်ဆင်ရမည့်နှစ်ဖြစ်သည့်အတွက် မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် ၂၀၁၄ ခုနှစ်သည် အာဆီယံအတွက် အရေးကြီးသော နှစ်ဖြစ်ပါကြောင်း။

အာဆီယံဥက္ကဋ္ဌသည် အာဆီယံ၏ မူဝါဒပိုင်းဆိုင်ရာ ဦးဆောင်ဦးရွက်ပြုခြင်း၊ ပူးပေါင်းညှိနှိုင်းခြင်း၊ တူညီဆန္ဒရယူခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် အာဆီယံ အသိုက်အဝန်းတစ်ရပ် တည်ထောင်ရေး ကြိုးပမ်းမှုများ အပါအဝင် အာဆီယံ၏ အကျိုးစီးပွားနှင့် ကောင်းကျိုးချမ်းသာကို တက်ကြွစွာ တိုးမြှင့်ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ အာဆီယံ၏ ဦးဆောင်မှုဖြင့် ဗဟိုအချက်အချာကျမှုကို ဖော်ဆောင်ပေးရမည် ဖြစ်ပါကြောင်း၊ အရေးပေါ် အခြေအနေများ သို့မဟုတ် အာဆီယံကို ထိခိုက်စေသည့် အကျပ်အတည်းများ ဖြစ်လာလျှင် ဥက္ကဋ္ဌအနေဖြင့် ကြားဝင် ဆောင်ရွက်ပေးခြင်း၊ အခြားနည်းလမ်း အစီအစဉ်များဖြင့် ဆောင်ရွက်ခြင်း စသည်ဖြင့် အချိန်မီ ထိရောက်စွာ တုံ့ပြန် ဆောင်ရွက်ပေးသွားရမည် ဖြစ်ပါကြောင်း၊ အာဆီယံ၏ ပြင်ပ မိတ်ဖက်များနှင့် ပိုမိုနီးကပ်သည့် ဆက်ဆံရေး ရရှိရန်နှင့် ခိုင်မာတိုးတက်စေရန် အတွက်လည်း အာဆီယံ ဥက္ကဋ္ဌသည် အာဆီယံကို ကိုယ်စားပြု ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ ထိုအချက်များကို ကြည့်လျှင် အာဆီယံဥက္ကဋ္ဌတာဝန်သည့် မည်မျှ ကြီးလေး သည်ကို တွေ့ရမည် ဖြစ်ပါကြောင်း။

မိမိတို့အနေဖြင့် မိမိတို့ ထမ်းဆောင်ရမည့် တာဝန်ကို အကျေအလည် သိရှိထားရှိပြီး ယင်းတာဝန်ကို ကျေပွန်အောင် တက်တက်ကြွကြွနှင့် တစိုက်မတ်မတ် ထမ်းဆောင် သွားကြရန် ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြဋ္ဌာန်းထားသော မြန်မာနိုင်ငံ၏ လွတ်လပ်၊ တက်ကြွ၍ ဘက်မလိုက်သော နိုင်ငံခြားရေး မူဝါဒနှင့် အညီ ဆောင်ရွက်ခြင်းလည်း ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး၊ စီးပွားရေးနှင့် စီမံအုပ်ချုပ်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများသည် မြန်မာနိုင်ငံကို အာဆီယံနိုင်ငံများ အတွင်း စံနမူနာပြ နိုင်ငံတစ်နိုင်ငံအဖြစ် ပေါ်ထွန်းလာစေပြီး မြန်မာနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ အနှစ်သာရ ပြည့်ဝစွာ အကောင်အထည် ဖော်လာနိုင်ခဲ့ ပါကြောင်း။

အာဆီယံ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခြင်းသည် အာဆီယံအသင်းဝင် တစ်ဦး၏ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခြင်းဖြစ်၍ နိုင်ငံတကာနှင့် ဒေသအတွင်း မြန်မာနိုင်ငံ၏ ဦးဆောင်မှု အခန်းကဏ္ဍ၊ မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာနှင့် ဇာတိမာန်ကို ပြသနိုင်ရန် အခွင့်အလမ်းများကို ရရှိစေမည် ဖြစ်ပါကြောင်း။

ထို့ကြောင့် အာဆီယံဥက္ကဋ္ဌတာဝန် ထမ်းဆောင်မှုကို စိတ်အားထက်သန်စွာဖြင့် အမျိုးသားရေး တာဝန် တစ်ရပ်အဖြစ် တက်တက် ကြွကြွ ဆောင်ရွက် အကောင်အထည်ဖော်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်၊ ဦးဝဏ္ဏမောင်လွင်၊ ဒေါက်တာကံဇော်နှင့် ဦးအေးမြင့်ကြူတို့က အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူရေးနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနအလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူရေးနှင့် စပ်လျဉ်းသည့် ဆပ်ကော်မတီ ဥက္ကဋ္ဌများက ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ရှင်းလင်းတင်ပြချက် များနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတက နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခွင့်ရခြင်းသည် မိမိတို့နိုင်ငံအတွက် အခွင့်အလမ်း တစ်ရပ် ဖြစ်ပါကြောင်း၊ နိုင်ငံကို ကိုယ်စားပြု၍ တာဝန်ထမ်းဆောင်ခွင့် ရခြင်း ဖြစ်သည့်အတွက် အစိုးရသာမက အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် နိုင်ငံသူ နိုင်ငံသားအားလုံးက အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း။

အစည်းအဝေးများကို အောင်မြင်စွာ ကျင်းပနိုင်ခြင်းဖြင့် အာဆီယံနိုင်ငံများအတွင်း သာမက ကမ္ဘာကိုပါ မိမိတို့နိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုနှင့် မိမိတို့၏ လုပ်ငန်းစွမ်းဆောင်ရည်ကို ပြသနိုင်မည့် အခွင့်အရေးဖြစ်ပါကြောင်း၊ ဒီမိုကရေစီကျင့်သုံးစ မိမိတို့နိုင်ငံ အနေဖြင့် အသွင်ကူးပြောင်းသည့် သုံးနှစ်တာ ကာလတွင်း ဒေသတွင်းနှင့် နိုင်ငံတကာ အစည်းအဝေးကြီး များကို အောင်မြင်စွာ ကျင်းပနိုင်သည်ကို ကမ္ဘာကို ပြသရမည် ဖြစ်ပါကြောင်း။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်သည် လုပ်ငန်းပမာဏ ကျယ်ပြန့်ကြီးမားပါကြောင်း၊ သို့ဖြစ်၍ လုပ်ငန်းတာဝန်များကို မိမိတို့ ဝန်ကြီးဌာနများ၊ ဆပ်ကော်မတီ များက ဆောင်ရွက်ကြရာတွင် မိမိတို့ ဌာနတစ်ခုတည်း၊ တစ်ဖွဲ့တည်း ဆောင်ရွက်ခြင်းမျိုး မလုပ်ဘဲ ဌာနတစ်ခုနှင့်တစ်ခု၊ အဖွဲ့တစ်ဖွဲ့နှင့် တစ်ဖွဲ့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ခန်းမအတွင်း ခင်းကျင်းပြသထားသည့် အာဆီယံ ထိပ်သီးနှင့် ဆက်စပ် အစည်းအဝေးများသို့ တက်ရောက် လာကြမည့် ခေါင်းဆောင်များ၊ တက်ရောက် လာကြသူများအား ပေးအပ်မည့် လက်ဆောင်ပစ္စည်း နမူနာများ၊ ရင်ထိုးတံဆိပ် နမူနာပုံစံများ၊ အခမ်းအနား ကျင်းပမည့်ခန်းမများ ပြီးစီးနေမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

မြန်မာနိုင်ငံသည် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်၍ တစ်နှစ်ကြာ တာဝန် ထမ်းဆောင်မည်ဖြစ်ပြီး ထိုသို့တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း အစည်းအဝေးပေါင်း ၂၄ဝ ကျော်ကို လက်ခံကျင်းပမည် ဖြစ်ကာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် ပုဂံ-ညောင်ဦးမြို့တို့၌ အစည်းအဝေးများ ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရသည်။


------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတဦးသိန်းစိန် ဗီယက်နမ်ပြည်သူ့လုံခြုံရေးဝန်ကြီးနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

 




နေပြည်တော် အောက်တိုဘာ ၁၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနဝန်ကြီး General Tran Dai Quang ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံစဉ် မြန်မာ-ဗီယက်နမ် ချစ်ကြည်ရင်းနှီးမှု ခိုင်မြဲသကဲ့သို့ နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် အမျိုးသားကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမို တိုးတက်လာမှု၊ မြန်မာနိုင်ငံ၏ ခရီးသွားလာရေးကဏ္ဍတွင် ဗီယက်နမ် လုပ်ငန်းရှင်များက အမေရိကန်ဒေါ်လာသန်း ၃၀၀ လာရောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေမှု၊ ကဏ္ဍပေါင်းစုံတွင် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရေးအတွက် အလေးထားဆောင်ရွက်နေမှု၊ နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်တွင် ဗီယက်နမ်နိုင်ငံက မြန်မာနိုင်ငံဘက်မှ ရပ်တည် ထောက်ခံအားပေးလျက်ရှိသည့်အတွက် ကျေးဇူးတင်ရှိမှု၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်မှုများသည် ဒေသတွင်း တည်ငြိမ် အေးချမ်းရေးအတွက် များစွာ အထောက်အကူပြုမှု၊ မကြာသေးမီက နှစ်နိုင်ငံအကြား သာမန် နိုင်ငံကူးလက်မှတ် ဗီဇာကင်းလွတ်ခွင့်ပြုရေး စာချုပ်အား လက်မှတ်ရေးထိုးနိုင်ခဲ့မှု တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်၊ ဦးဝဏ္ဏမောင်လွင်၊ ဦးအောင်မင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် ဗီယက်နမ် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ဦးဆောင်သော အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီးလည်း တက်ရောက်သည်။

-----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

  ၁၇ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် အာဆီယံအစည်းအဝေးတွေ ကျင်းပခွင့်ရတာဖြစ်

 



နေပြည်တော် အောက်တိုဘာလ ၁ဝ

အောက်တိုဘာလ ၁ဝ ရက်နေ့က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အာဆီယံ ဥက္ကဋ္ဌရာထူးကို  ဘရူနိုင်းနိုင်ငံဘုရင် ထံမှ အခမ်းအနားဖြင့် လွှဲပြောင်းလက်ခံလိုက်ပြီ ဖြစ်ပါသည်။ ၂ဝ၁၄ ခုနှစ်အတွက် အာဆီယံဥက္ကဋ္ဌ တာဝန်ကို လက်ခံပြီး ထိုနှစ်အတွင်း ကျင်းပမည့် အာဆီယံ ထိပ်သီး အစည်းအဝေးများ၊ ဆက်စပ် အစည်းအဝေးများကို  မြန်မာနိုင်ငံ၌ လက်ခံကျင်းပရန်  ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေသည်ကို ပြည်သူများ သိနေ၊  မြင်နေ၊ ကြားသိနေကြမည် ဖြစ်ပါသည်။

ထိုကဲ့သို့ အာဆီယံအစည်းအဝေးများ လက်ခံကျင်းပခြင်းအားဖြင့် နိုင်ငံနှင့် ပြည်သူများအတွက် မည်သို့သော အကျိုးကျေးဇူးများ ရရှိခံစားရမည်၊ ပြီးခဲ့သည့် ထိပ်သီးအစည်းအဝေးတွင် မည်သည့် အချက်များ ဆွေးနွေးခဲ့သည်တို့ကို သိရှိနိုင်ရန်  ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၌ အစည်း အဝေး တက်ရောက်ရန် ရောက်ရှိနေသော  နိုင်ငံတော်သမ္မတကြီးနှင့် ပြည်ထောင်စုဝန်ကြီး များအား မြန်မာနိုင်ငံသို့  ပြန်လည်မထွက်ခွာမီ အောက်တိုဘာ ၁၁ ရက်တွင် သတင်းအဖွဲ့က တွေ့ဆုံ မေးမြန်းခဲ့သည်များကို ပြန်လည်တင်ပြလိုက်ရပါသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်
မြန်မာနိုင်ငံအနေနဲ့ ၁၉၉၇ ခုနှစ်က အာဆီယံအဖွဲ့ထဲကို  စဝင်ခဲ့တာမို့ လာမယ့် နှစ်ဆိုရင် ၁၇ နှစ် ပြည့်ပြီ ဖြစ်ပါတယ်။ ၁၇ နှစ်အတွင်းမှာ ပထမဦးဆုံး အကြိမ်အဖြစ် အာဆီယံ အစည်းအဝေးတွေ ကျင်းပခွင့်ရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံနဲ့ ပြည်သူတွေအနေနဲ့  အာဆီယံ မိသားစု တာဝန်တစ်ခုကို ကျေကျေပွန်ပွန်နဲ့ ဆောင်ရွက်ရမှာ ဖြစ်လို့ ဝမ်းသာစရာ၊ ဂုဏ်ယူစရာ ဖြစ်တယ်လို့ ဦးစွာပြောကြားလိုပါတယ်။

ကျွန်တော်တို့အနေနဲ့  အာဆီယံဆိုင်ရာ အစည်းအဝေးတွေကို အောင်မြင်အောင်  ဆောင်ရွက် နိုင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက် သွားရမှာ ဖြစ်ပါတယ်။ ဒီအစည်းအဝေးတွေ အောင်အောင် မြင်မြင်နဲ့ ကြိုးပမ်း ဆောင်ရွက်ဖို့အတွက် မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး၊ ရဟန်းရှင်လူ ပြည်သူအပေါင်းက ကိုယ့်တိုင်းပြည်မှာ တည်တည်ငြိမ်ငြိမ်၊ အေးအေးချမ်းချမ်း ဖြစ်နေဖို့ ထိန်းသိမ်း ဆောင်ရွက်ကြရ ပါမယ်။           

ဦးဝဏ္ဏမောင်လွင်
ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန
ကမ္ဘာမှာ အောင်မြင်နေတဲ့၊ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံကြီးတွေနဲ့ အာဆီယံရဲ့ ဆက်ဆံရေး ကလည်း ပိုမိုကျယ်ပြန့်လာနေတယ်။ အလားတူ ဒီလိုကျယ်ပြန့်လာတာနဲ့အမျှ  မြန်မာနိုင်ငံနဲ့ နိုင်ငံတကာ ဆက်ဆံရေးကလည်း ပိုမိုတိုးတက်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်တဲ့အခါ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာ ဆက်ဆံရေးဟာ လည်း ဒီထက် ပိုမိုကျယ်ပြန့် တိုးတက်အောင်မြင်မှုတွေ အများကြီး ရလာမှာပါ။

မြန်မာနိုင်ငံကိုလည်း ကမ္ဘာ့ပြည်သူအများက ပိုမိုသိရှိလာမယ့် အနေအထားရှိပါတယ်။ တစ်ချိန် တစ်ခါက မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် ဗဟုသုတ အလွန်နည်းပါးနေကြတဲ့ နိုင်ငံတွေဟာ အခု အချိန်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ဖြစ်ပေါ်တိုးတက်မှုတွေ၊ ဒီမိုကရေစီ အသွင် ကူးပြောင်းမှုတွေ၊ နိုင်ငံသစ်တစ်ရပ် တည်ဆောက်နေမှုတွေ ပိုပြီးကျယ်ကျယ်ပြန့်ပြန့်နဲ့ အသေးစိတ် ထိတွေ့ခွင့်ရမယ့် အခွင့်အလမ်းတွေလည်း ရလာခဲ့ပါတယ်။ ဒါကြောင့်မို့ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်တဲ့ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခာပိုပြီး မြင့်မားစေပြီးတော့ ဒေသအတွင်းမှာလည်း တာဝန်ရှိတဲ့၊ တာဝန်သိတဲ့ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ အနေနဲ့ ကိုယ့်ဒေသကို တိုးတက်ဖွံ့ဖြိုးမှုဆီကို ဦးတည်ပြီးတော့ ဦးဆောင်ခေါ်ဆောင်သွား နိုင်မယ့် အခွင့်အလမ်းတွေရမှာ ဖြစ်ပါတယ်။

ဦးစိုးသိန်း
ပြည်ထောင်စုဝန်ကြီး၊ သမ္မတရုံးဝန်ကြီးဌာန
အခု ထိပ်သီးအစည်းအဝေးမှာ အဓိကအားဖြင့်တော့ အာဆီယံအဖွဲ့တွေရဲ့ ညီညီညွတ်ညွတ်နဲ့ အမြင်တွေ ဖလှယ်ကြပြီး ဆောင်ရွက်တဲ့ သဘောဖြစ်ပါတယ်။ United ASEAN ပေါ့။ Unity  ပေါ့။ နောက်တစ်ချက်ကတော့ ဆင်းရဲမှု ပပျောက်ရေးတွေ၊ နိုင်ငံချင်း ဆက်သွယ်မှုတွေ၊   Disaster Management တွေ စသည်ဖြင့် တော်တော်များများ ဆွေးနွေးကြတာ တွေ့ရပါတယ်။ ဘရူနိုင်း နိုင်ငံအနေနဲ့တော့ လူငယ်တွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ထားတာ တွေ့ရပါတယ်။

အာဆီယံ+၃ နိုင်ငံတွေကလည်း ဝိုင်းဝန်းကူညီမယ့် ကတိလေးတွေကို ပေးပါတယ်။ ဒါတွေက အလွန်တရာမှ အလေးအနက် ထားဖို့ ကောင်းပါတယ်။ ရာသီဥတုပြောင်းလဲမှု အပိုင်းကိုလည်း ပိုပြီး ဂရုစိုက် ဆောင်ရွက်ကြဖို့အတွက် နှိုးဆော်တာတွေ့ရပါတယ်။

အားလုံးအနေနဲ့ကတော့ ရှေ့လုပ်သွားရမယ့် ကျွန်တော်တို့အနေနဲ့လည်း ရှေ့ဆက်ပြီးဆွေးနွေး ကြ၊ တိုးတက်အောင် လုပ်ကြရမယ့် လုပ်ငန်းတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံအပိုင်းကတော့ ပြင်ဆင်နေတာပါပဲ။ အားလုံးပြီးစီးဖို့တော့ လိုတာလေးတွေ ရှိပါသေးတယ်။  တစ်နှစ်ခွဲ၊ နှစ်နှစ်အတွင်းမှာ ရှေ့ဆက်ပြောင်းလဲမှုတွေ အတော့်ကို လုပ်ရဦးမယ်လို့ ကျွန်တော် ယူဆပါတယ်။ ဒါလည်း နိုင်ငံတွေရဲ့  Investment  တွေ ဝင်လာတာရယ်၊ Financial Sector က ပြုပြင်ပြောင်းလဲမှုတွေကို  အချိန်ကိုက် လုပ်ဆောင်ပြီးတော့  ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်နိုင်မယ် ဆိုရင်တော့ ကောင်းသွားမယ်လို့ ကျွန်တော် ထင်ပါတယ်။

ဒေါ်နန္ဒာမွှန်း
ညွှန်ကြားရေးမှူးချုပ်၊ ယဉ်ကျေးမှုဝန်ကြီးဌာန
၂ဝ၁၃ ခုနှစ်မှာ ဘရူနိုင်းနိုင်ငံ အလှည့်မှာ Youth and Culture (လူငယ်နဲ့ ယဉ်ကျေးမှု) ကိုလည်း အဓိကထားတယ်။ ကျန်းမာရေးနဲ့ ပညာရေးကိုလည်း အဓိကထားတယ်။ ပြီးတော့ နောက်တစ်ခုက သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး၊ ရာသီဥတု ပြောင်းလဲမှုတွေကို အဓိက ထားပြီး ဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။

၂ဝဝ၉-၂ဝ၁၂ ခုနှစ်အထိ AFCC Mid Term Review Report ကို အာဆီယံ ထိပ်သီးအစည်း အဝေးမှာ အစီအစဉ်တစ်ရပ်အနေနဲ့ တင်ပြတာ တွေ့ရပါတယ်။

အဲဒါကတော့ ၂ဝ၁၅ ခုနှစ် အာဆီယံ အသိုက်အဝန်း ထူထောင်ဖို့ ဘယ်ဟာတွေက အဆင် သင့်ဖြစ်ပြီလဲ၊ ဘယ်ဟာတွေက ကျန်သေးလဲ၊ ဘယ်လုပ်ငန်းတွေ လုပ်ဖို့ကျန်သေးလဲလို့  လုပ်တဲ့အခါ ကျွန်မတို့ လူမှုဝန်းကျင် အသိုက်အဝန်းအောက်မှာ Narrow the Gap ဆင်းရဲမှုကို လျှော့ချပြီး ဒီကွာဟချက်ကို နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ အထူးသဖြင့် စီအယ်လ်အမ်ဗွီနဲ့  တခြား အာဆီယံ ခြောက်နိုင်ငံကွာဟမှု ဘယ်လောက်လျှော့ချနိုင်သလဲ  ဆောင်ရွက်တဲ့အခါမှာ နောက်ဆုံး တစ်ချက်ဖြစ်တဲ့  Narrow the Gap က  လိုသေးတယ်ဆိုတာ ဖော်ညွှန်းပါတယ်။

အခုအာဆီယံထိပ်သီး အစည်းအဝေးမှာ Mid Term Review ကို တင်ပါတယ်။ နောက်တစ်ခါ ဒီမှာလုပ်တဲ့ အချက်တွေကို အားလုံးပေါင်း Declaration ခြောက်ခုတင်ပါတယ်။ ဒါ့အပြင် စာတမ်းသုံးခုတင်ပါတယ်။ ဒါတွေက နောင် လုပ်မယ့် အာဆီယံရဲ့  Education  ပေါ်မှာ Review လုပ်တဲ့ဟာရယ်၊ ASEAN-China ပူးပေါင်းဆောင်ရွက်မယ့် ပတ်ဝန်းကျင် ထိန်းသိမ်း ရေး ဆိုင်ရာနဲ့ သစ်တောဆိုင်ရာတွေ ဖြစ်ပါတယ်။    
------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီးတို့ ဘရူနိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိ






နေပြည်တော် အောက်တိုဘာ ၁၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ ဒေသ စံတော်ချိန် နံနက် ၉ နာရီခွဲတွင် ဘရူနိုင်းဒါရုဆလမ်နိုင်ငံ ဘန်ဒါဆရီဘီဂါဝန်မြို့ရှိ ခေတ္တ တည်းခိုသည့် အစိုးရဧည့်ဂေဟာ၌ ဂျပန်နိုင်ငံ NHK ရုပ်မြင်သံကြားမှ မြန်မာနိုင်ငံ ဌာနခွဲအကြီးအကဲ Mr.Jun Kobayashi အား လက်ခံတွေ့ဆုံပြီး တွေ့ဆုံမေးမြန်းခန်း အဖြစ် မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားသည်။

ဆက်လက်၍ ဂျပန်နိုင်ငံ အဆာဟိရှင်ဘွန်းမှ အာရှဒေသအကြီးအကဲ Mr. Ono နှင့် ရန်ကုန်ဌာနခွဲမှ သတင်းထောက် Mr.Igarashi တို့၏တွေ့ဆုံမေးမြန်းမှုနှင့် ပြည်တွင်း မီဒီယာ ဖြစ်သည့် Myanmar International TV ၏ တွေ့ဆုံမေးမြန်းမှုများကိုလည်း ပြန်လည် ဖြေကြားခဲ့ သည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်ဇနီး ဒေါ်ခင်ခင်ဝင်းနှင့် အဖွဲ့သည် ဒေသစံတော်ချိန် မွန်းတည့်  ၁၂ နာရီတွင် ဘန်ဒါဆရီ ဘီဂါဝန်မြို့မှ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း အထူး လေယာဉ်ဖြင့် ပြန်လည်ထွက်ခွာလာရာ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။

နိုင်ငံတော်သမ္မတနှင့်အဖွဲ့အား ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်ဇနီး ဒေါ်နန်းရွှေမှုန်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊  ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းမှူး၊ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ သံရုံးယာယီ တာဝန်ခံ Ms. Syamim Nabilah Daud  နှင့် တာဝန်ရှိသူများက နေပြည်တော်လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။     



---------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

 နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့် တွေ့ဆုံဆွေးနွေး






နေပြည်တော် အောက်တိုဘာ ၁၁
ဘရူနိုင်းဒါရုဆလမ်နိုင်ငံ ဘန်ဒါဆရီဘီဂါဝန်မြို့၌ ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ကုလသမဂ္ဂအတွင်းရေမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့်အတူ ယနေ့နံနက် (၈)နာရီ (၁၅) မိနစ်တွင် ခေတ္တတည်းခိုသည့် အစိုးရဧည့်ဂေဟာ၌  နံနက်စာ အတူတကွ သုံးဆောင်ပြီး မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂတို့အကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး၊ အာဆီယံဥက္ကဋ္ဌ တာဝန်ကို မြန်မာနိုင်ငံက ထမ်းဆောင်စဉ်ကာလအတွင်း အာဆီယံ- ကုလသမဂ္ဂ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး၊ မြန်မာနိုင်ငံ အစိုးရ၏ ငြိမ်းချမ်းရေး တည်ဆောက်မှုနှင့် ပဋိပက္ခဖြေရှင်းရေး လုပ်ငန်းစဉ်များတွင် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ပိုမိုပါဝင်ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံတွင် သဟဇာတဖြစ်သည့် လူမှုပတ်ဝန်းကျင်တစ်ရပ်  တည်ဆောက်နိုင်ရေး၊ လူမျိုးရေး၊ ဘာသာရေး အစွန်းရောက် အယူအဆများဖြင့် အကြမ်းဖက်မှုကျူးလွန်သူများ၊ သွေးထိုး လှုံဆော်သူများအား ထိရောက်စွာ အရေးယူရေး၊ ရာသီဥတု ပြောင်းလဲမှု၏ အကျိုးဆက်များကို ဖြေရှင်းနိုင်မည့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များတွင် နှစ်ဖက်ပူးပေါင်း ဆောင်ရွက်ရေး တို့နှင့် ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတက မိမိတို့အစိုးရအဖွဲ့၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ စတင်အကောင်အထည်ဖော်ချိန်မှစပြီး ယနေ့အထိ ကုလသမဂ္ဂက ပါဝင်ကူညီ ဆောင်ရွက်ပေးမှုများ အပေါ် ကျေးဇူးတင်ရှိပါကြောင်း၊ ကုလသမဂ္ဂ၏ အကြံဉာဏ်များကိုလည်း မိမိတို့ အလေးအနက် ထားပါကြောင်းနှင့် အနာဂတ်တွင်လည်း ကုလသမဂ္ဂနှင့် ပိုမိုပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ထပ်လောင်း အတည်ပြု ပြောကြားခဲ့သည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က သမ္မတကြီး၏ ခေါင်းဆောင်မှုအောက်တွင် မြန်မာနိုင်ငံ၌ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေမှုကို နိုင်ငံတကာက အသိအမှတ်ပြု ချီးကျူးနေသကဲ့သို့ ကုလသမဂ္ဂအဖွဲ့ကြီးကလည်း အသိအမှတ်ပြု ဂုဏ်ပြုပါကြောင်း၊ ယခင်က မိမိတို့အနေဖြင့် မြန်မာနိုင်ငံ အကြောင်း ဆွေးနွေးသည့်အခါ စိုးရိမ်ပူပန်မှုများကိုသာ ပြောကြားခဲ့ရပါကြောင်း၊ သမ္မတကြီး၏ အစိုးရ သစ်လက်ထက်တွင် မြန်မာနိုင်ငံအကြောင်း ဆွေးနွေးသည့်အခါ အနာဂတ်မျှော်လင့်ချက်များနှင့် ပတ်သက်၍ တက်ကြွစွာ ဆွေးနွေးနိုင်ကြပြီ ဖြစ်ပါကြောင်း၊ အနာဂတ်တွင် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် မြန်မာနိုင်ငံနှင့် ပိုမိုပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ထပ်လောင်းအတည်ပြု ပြောကြားခဲ့ သည်။

အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ဦးစိုးသိန်း၊ ဒုတိယဝန်ကြီး ဦးတင်ဦးလွင်နှင့် ဦးရဲထွဋ်တို့ တက်ရောက်ကြပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် နှင့်အတူ ကုလသမဂ္ဂ အကြီးတန်း အကြံပေးပုဂ္ဂိုလ် Mr. Jeffrey Feldman နှင့် Ms. Noeleen Heyzer၊ ပြောရေးဆိုခွင့်ရှိသူ Mr. Martin Nesirky ၊ မလေးရှား၊ စင်ကာပူ၊ ဘရူနိုင်းနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူး Ms. Michelle Gyles- Mc Donnough တို့ တက်ရောက်ကြသည်။

--------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် (၂၃) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး ပိတ်ပွဲ အခမ်းအနားနှင့် မြန်မာနိုင်ငံသို့ အာဆီယံ ဥက္ကဋ္ဌရာထူး လွှဲပြောင်းပေးအပ်ပွဲသို့ တက်ရောက်

 






ဘန်ဒါဆရီဘီဂါဝန် အောက်တိုဘာ ၁ဝ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ဒေသ စံတော်ချိန် ညနေ ၄ နာရီခွဲတွင်  ဘရူနိုင်းဒါရူဆလမ်နိုင်ငံ  ဘန်ဒါဆရီဘီဂါဝန်မြို့ အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ၌ ကျင်းပသည့် (၂၃)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး ပိတ်ပွဲအခမ်းအနားနှင့် မြန်မာနိုင်ငံသို့ အာဆီယံဥက္ကဋ္ဌရာထူး လွှဲပြောင်း ပေးအပ်ပွဲသို့ တက်ရောက်သည်။

အဆိုပါ အခမ်းအနားသို့ အာဆီယံနိုင်ငံ ခေါင်းဆောင်များ၊ ဝန်ကြီးများ၊ ဖိတ်ကြားထားသူများနှင့် အာဆီယံ အတွင်းရေးမှူးချုပ်တို့ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဘရူနိုင်းဒါရူဆလမ်နိုင်ငံဘုရင် ဆူလ်တန်ဟာဂျီ ဟာဆာနာလ် ဘိုကီးယား မူအစ်ဇာဒင် ဝါဒိုလာက မိန့်ခွန်းပြောကြားပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ အာဆီယံ ဥက္ကဋ္ဌ ရာထူးကို လွှဲပြောင်းပေးအပ်သည်။

ထို့နောက် နိုင်ငံတော်သမ္မတက မိန့်ခွန်းပြောကြားရာတွင် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ အနေဖြင့် ၂ဝ၁၃ ခုနှစ် အတွင်း၌ အာဆီယံအဖွဲ့ကြီးကို အောင်မြင်စွာ ဦးဆောင်နိုင်သည့်အတွက်  အဆွေတော် ဘုရင်မင်းမြတ်၊ ဘရူနိုင်းနိုင်ငံ အစိုးရနှင့် ပြည်သူများကို ချီးကျူးပါကြောင်း၊ အာဆီယံ၏ ကြိုးပမ်းမှုတစ်ရပ်ဖြစ်သည့် ပြည်သူဗဟိုပြု အာဆီယံဖြစ်မြောက်ရေး (People Centred ASEAN) အတွက် ဘရူနိုင်းနိုင်ငံက သိသာထင်ရှားစွာဆောင်ရွက် ပေးနိုင်ခဲ့ ပါကြောင်း၊ နိုင်ငံတကာ ဆက်ဆံရေး မျက်နှာစာတွင်လည်း အာဆီယံဥက္ကဋ္ဌ အနေဖြင့် အာဆီယံနှင့် အခြားနိုင်ငံများနှင့် ဆက်ဆံရေးကို ပိုမိုခိုင်မြဲအောင် ဆောင်ရွက်နိုင်ခဲ့သည့်အပြင် တစ်ချိန်တည်း၌ပင် အာဆီယံ၏ ဗဟိုအချက်အချာကျမှု (ASEAN's Centrality) ကိုလည်း ထိန်းသိမ်းနိုင်ခဲ့ပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် အာဆီယံ အသိုက်အဝန်းဆီသို့ လျှောက်လှမ်းရာတွင် စံနမူနာပြ  ဆောင်ရွက်နိုင်ခဲ့သည့် ဘရူနိုင်းနိုင်ငံမှနေ၍  အာဆီယံဥက္ကဋ္ဌရာထူးကို လွှဲပြောင်း ရယူရမည် ဖြစ်သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံ အားလုံးနှင့် အတူ အာဆီယံ အသိုက်အဝန်းလမ်းပြ မြေပုံကို အကောင်အထည် ဖော်နိုင်ရန်အတွက်     ကျန်ရှိနေသေးသော အစိတ်အပိုင်းများကို ဖြည့်ဆည်းနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထို့ပြင် အာဆီယံ အသိုက်အဝန်းကို ပိုမိုခိုင်မာစေရန် နောက်ဆက်တွဲ လုပ်ငန်းစဉ် တစ်ရပ် ပေါ်ပေါက်ရေးကို ဦးတည်ဆောင်ရွက်မည် ဖြစ်ပါကြောင်း။

မိမိတို့အားလုံး၏ ရည်မှန်းချက်ဖြစ်သည့် အာဆီယံ အသိုက်အဝန်းသည် ငြိမ်းချမ်းသာယာ ဝပြောသည့် အသိုက်အဝန်းဖြစ်ပြီး ထိုအသိုက်အဝန်း ရှင်သန်ရန်အတွက် စည်းလုံးညီညွတ်မှု ရှိရန်လည်း အရေးကြီးပါကြောင်း၊ အဆိုပါအချက်များကို အခြေခံပြီး ၂ဝ၁၄ ခုနှစ် အာဆီယံ ဥက္ကဋ္ဌ၏ ဆောင်ပုဒ်ကို ရှေ့သို့ တူညီ တက်လှမ်းချီ၊ ငြိမ်းချမ်းဝေစည် အသိုက်အဝန်းဆီ (Moving For- ward in Unity, To a Peaceful and Prosperous Community) ဆိုသည့် ဆောင်ပုဒ်ကို ရွေးချယ်ခဲ့ပါကြောင်း၊ အာဆီယံအနေဖြင့် စည်းလုံးညီညွတ်ခြင်းကို အစဉ်တစိုက် ပြသခဲ့ပြီး ယင်းကောင်းမြတ်သည့် အစဉ်အလာကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက်သွား ရမည် ဖြစ်ပါကြောင်း၊ ၂ဝ၁၄ ခုနှစ်တွင် အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူခြင်းသည် မိမိတို့ အာဆီယံ အဖွဲ့ဝင်ဖြစ်လာစဉ်မှစပြီး ပထမဆုံးအကြိမ်ဖြစ် သည့်အတွက် အလေးအနက်ထားပါကြောင်း၊ ဥက္ကဋ္ဌတာဝန်ကို အောင်မြင်စွာ   ထမ်းဆောင်နိုင်ရန်လည်း သန္နိဋ္ဌာန် ချမှတ်ထားပါကြောင်း။

မိမိတို့ အာဆီယံအဖွဲ့ဝင်ဖြစ် လာချိန်ကတည်းက မြန်မာပြည်သူများကို    မိသားစုဝင်များကဲ့သို့ သဘောထားသည့်အတွက် အဆွေတော်တို့နှင့် အဆွေတော်တို့၏ ပြည်သူများကို ကျေးဇူး တင်ရှိပါကြောင်း၊ မိမိတို့နိုင်ငံ တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်မှုကို ကူညီအားပေးသည့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် မိတ်ဆွေနိုင်ငံများကို အသိအမှတ်ပြု ကျေးဇူး တင်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ကြီး၏ ခိုင်မာတိုးတက်ရေးကို တာဝန်သိ အဖွဲ့ဝင်နိုင်ငံအဖြစ် တက်ကြွစွာ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အဆွေတော် တို့၏ ထောက်ခံအားပေးမှုများဖြင့် လာမည့်နှစ်တွင် အာဆီယံဥက္ကဋ္ဌ တာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်မည်ဟု အပြည့်အဝ ယုံကြည်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။

ယင်းနောက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည့် မြန်မာနိုင်ငံ၏ အာဆီယံ ပူးပေါင်းဆောင်ရွက်ရေး ဗီဒီယိုပြကွက်များကို ပြသခဲ့သည်။

-------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် (၁၆) ကြိမ်မြောက် အာဆီယံ+၃ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်

 



ဘန်ဒါဆရီဘီဂါဝန် အောက်တိုဘာ ၁ဝ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ ဒေသ စံတော်ချိန် နံနက် ၉ နာရီခွဲတွင် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘန်ဒါဆရီဘီဂါဝန်မြို့ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ၌ ကျင်းပသည့် (၁၆) ကြိမ်မြောက် အာဆီယံ+၃ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်သည်။

အစည်းအဝေးသို့ အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများ၊ ဆွေးနွေးဖက်နိုင်ငံများ ဖြစ်သော တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် မစ္စတာ လီခကျန်း၊ ဂျပန်နိုင်ငံဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေး၊ ကိုရီးယားသမ္မတနိုင်ငံ သမ္မတ Ms. Park Geun-hye နှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ တက်ရောက်ကြသည်။

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အာဆီယံနှင့် အပေါင်းသုံးနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုသည် အရှေ့အာရှ ဒေသ လုံခြုံရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးတွင် အရေးပါကြောင်း၊ အာဆီယံနှင့် အပေါင်းသုံးနိုင်ငံများအကြားတွင် ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်အရှိန်အဟုန် တိုးမြှင့် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ မိမိတို့အနေဖြင့် ယခင်က နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းများနှင့် ကင်းကွာနေခဲ့သည့်အတွက် ငွေကြေးကိစ္စ (Financial Matters) များတွင် အာဆီယံ+ ၃ နိုင်ငံများနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း။

ယခုအခါ မိမိတို့နိုင်ငံသည် ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့နှင့် ပုံမှန်ဆက်သွယ် လုပ်ကိုင်နေပြီ ဖြစ်သည့်အတွက် ငွေကြေးနှင့် ဘဏ္ဍာရေးဆိုင်ရာကိစ္စများတွင် အာဆီယံနှင့် အပေါင်းသုံးနိုင်ငံများနှင့် တက်ကြွစွာ ပါဝင် ဆောင်ရွက်ရန် ဆန္ဒရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ အထူးစီးပွားရေးဇုန် စီမံကိန်းကြီး သုံးခုဖြစ်သည့် ကျောက်ဖြူ၊ သီလဝါနှင့် ထားဝယ် အထူးစီးပွားရေးဇုန်တို့ကို အရှေ့တောင်အာရှ နိုင်ငံများနှင့် အပေါင်းသုံးနိုင်ငံများကို ဆက်သွယ်နိုင်မည့် စီမံကိန်းများ အဖြစ် လုပ်ဆောင်ရန် အခြေအနေကောင်းများ ရှိနေပါကြောင်း၊ အပေါင်းသုံးနိုင်ငံများ အနေဖြင့် ဒေသဆိုင်ရာ လွတ်လပ်စွာ ကုန်သွယ်မှု ဧရိယာ ထူထောင်မှုအတွက် ဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership, RCEP) စေ့စပ် ဆွေးနွေးမှုများမှာလည်း တက်ကြွစွာ ပူးပေါင်းပါဝင်ရန်အတွက် တိုက်တွန်းလို ပါကြောင်း။

ကမ္ဘာ့လူဦးရေ တိုးပွားလာမှုနှင့်အတူ စားနပ်ရိက္ခာ ဖူလုံမှုပြဿနာသည် ဒေသတွင်း နိုင်ငံများအတွက် စိန်ခေါ်မှု ဖြစ်လာပါကြောင်း၊ ထို့ကြောင့် အာဆီယံ+၃ အရန် ဆန် ထားရှိမှု အစီအစဉ်  (ASEAN Plus Three Emergency Rice Reserve, APTERR) သည် ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံမှုအတွက် အရေးကြီးသည့် ပူးပေါင်း ဆောင်ရွက်မှု ဖြစ်ပါကြောင်း၊ ထို့ကြောင့် ထိရောက်စွာ အကောင် အထည်ဖော်နိုင်ရန် မျှော်လင့် ပါကြောင်း၊ အာဆီယံ+၃ နိုင်ငံတို့၏ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကိစ္စရပ်များတွင် ပံ့ပိုးကူညီမှုကို ကျေးဇူး တင်ရှိပါကြောင်း။

အာဆီယံ+၃ ပူးပေါင်း ဆောင်ရွက်မှု မူဘောင်အတွင်းမှ ဆောင်ရွက်သည့် အရှေ့အာရှ ဖိုရမ်၊ အရှေ့အာရှမျှော်မှန်းချက်အဖွဲ့နှင့် အရှေ့အာရှ ပညာရှင်များ ကွန်ရက် East Asia Forum (EAF), East Asia Vision Group (EAVG), Network of ASEAN Think-Tanks (NEAT) တို့၏ လုပ်ငန်းများကို ချီးကျူးပါကြောင်း၊ ၂ဝ၁၄ ခုနှစ် မြန်မာနိုင်ငံ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူရေး ကြိုးပမ်းဆောင်ရွက်မှုများ၌ အာဆီယံ+၃ နိုင်ငံများ၏ အကူအညီပေးမှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ချိန်တွင်လည်း ဆက်လက် ထောက်ခံ အားပေးမည်ဟု မျှော်လင့်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီ မိနစ် ၂ဝ တွင် (၈) ကြိမ်မြောက် အရှေ့အာရှထိပ်သီး အစည်းအဝေးကိုကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အရှေ့အာရှ ထိပ်သီးအစည်းအဝေးသည် မဟာဗျူဟာအရ အကျိုးသက်ရောက်မှုရှိသည့် နိုင်ငံရေး၊ လုံခြုံရေးနှင့် စီးပွားရေး ကိစ္စများကို ခေါင်းဆောင်များအကြား လွတ်လပ်စွာ ဆွေးနွေး ပူးပေါင်းဆောင်ရွက်နိုင်သည့် ဖိုရမ်တစ်ခုအဖြစ် ဆက်လက်ရှင်သန် တိုးတက် နေပါကြောင်း၊ အာရှထိပ်သီးအစည်းအဝေး ကျင်းပခဲ့မှုသည် ၁ဝ နှစ်နီးပါး ရှိလာချိန်တွင် အရှေ့အာရှ ထိပ်သီးအစည်းအဝေး လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်ရန်အတွက် ကမကထပြု၊ အဆိုပြု လာသော ဘရူနိုင်းဒါရူဆလမ်နိုင်ငံကို အထူးကျေးဇူး တင်ရှိ ပါကြောင်း၊ အာရှထိပ်သီး အစည်းအဝေးအနေဖြင့် အာဆီယံ ပေါင်းစပ် ဆက်သွယ်မှုနှင့် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) ကို တိုးချဲ့ဆောင်ရွက် လာနိုင်မှုအပေါ် အားရကျေနပ်ပါကြောင်း၊ ဒေသတွင်း ဘက်စုံ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု နယ်ပယ်သည် အာဆီယံ၏ အရေးပါသော နယ်ပယ်တစ်ခု ဖြစ်ပြီး ၂ဝ၁၅ ခုနှစ်တွင် အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ရန် လိုပါကြောင်း။

စွမ်းအင်ဖူလုံရေးကိစ္စသည် မိမိတို့၏ အမျိုးသား ဦးစားပေးကဏ္ဍဖြစ်ပြီး စွမ်းအင် တိုးချဲ့ထုတ်လုပ်မှုနှင့် နိုင်ငံအနှံ့ လျှပ်စစ်မီး ရရှိရေး လုပ်ငန်းစဉ်များကို ချမှတ်ထားပါကြောင်း၊ ထိုလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် အစည်းအဝေးသို့ တက်ရောက် လာသော မိတ်ဆွေနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိပါကြောင်း၊ ၂၁ ရာစု စိန်ခေါ်မှုများအနက် ရာသီဥတုပြောင်းလဲမှုသည် တစ်ခုအပါအဝင် ဖြစ်ပါကြောင်း၊ ထိုစိန်ခေါ်မှုကို မိမိတို့ မျက်ကွယ်ပြု၍ မရပါကြောင်း။

ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေ ဖြစ်စေရန်အတွက် သီးနှံ စိုက်ပျိုး ထုတ်လုပ်မှု ပုံစံနှင့် စိုက်ပျိုးရေးစနစ်များ ပြောင်းလဲကျင့်သုံးရန် လိုပါကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံအားလုံးနှင့် ပူးပေါင်းဆောင်ရွက် လိုပါကြောင်း၊ မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေး ကြိုးပမ်းအားထုတ်မှုများနှင့် ဒီမိုကရေစီ ပေါ်ထွန်းရေးဖြစ်စဉ်ကို အားပေး ကူညီ အသိအမှတ်ပြုသည့်အတွက် အရှေ့အာရှထိပ်သီး အစည်းအဝေး အဖွဲ့ဝင် နိုင်ငံများကို ကျေးဇူးတင်ရှိ ပါကြောင်း။

သို့သော် မိမိတို့ကြိုးစား အားထုတ်မှု ရလဒ်များကို မိမိတို့ ပြည်သူများ ခံစားနိုင်စေရန် ဆက်လက် ဆောင်ရွက်ရဦးမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူချိန်တွင်လည်း အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကဏ္ဍပေါင်းစုံတွင် ဆက်လက် ပူးပေါင်း ဆောင်ရွက် သွားမည်ဟု မျှော်လင့်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။

(၈)ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေးသို့ အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များ၊ သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ နယူးဇီလန်၊ ရုရှားနှင့် အမေရိကန်ပြည်ထောင်စုတို့မှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ယင်းနောက် ဒေသစံတော်ချိန် ညနေ ၃ နာရီတွင် (၁၁) ကြိမ်မြောက် အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်းအဝေးကို ကျင်းပရာ အာဆီယံ ခေါင်းဆောင်များနှင့် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ မန်မိုဟန်ဆင်းတို့ တက်ရောက်ကြသည်။

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတက အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပခဲ့သည့် အာဆီယံအိန္ဒိယ ဆွေးနွေးဖက် ဆက်ဆံရေး နှစ်(၂ဝ)မြောက် ထိပ်သီးအစည်းအဝေးတွင် အာဆီယံ-အိန္ဒိယ ဆက်ဆံရေးကို မဟာဗျူဟာမြောက် ဆွေးနွေးဖက် ဆက်ဆံရေး အဆင့်သို့ တိုးမြှင့်နိုင်ခြင်းအတွက် ဝမ်းမြောက်ပါကြောင်း၊ အာဆီယံ-အိန္ဒိယ ကုန်သွယ်မှု ဆိုင်ရာ ဝန်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် (ASEAN-INDIA Trade in Service and Investment Agreement) ကို ဆောလျင်စွာ လက်မှတ် ရေးထိုးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ အိန္ဒိယနိုင်ငံက ၂ဝ၁၅ ခုနှစ်တွင် အာဆီယံ- အိန္ဒိယကုန်သွယ်မှု ပမာဏကို အမေရိကန်ဒေါ်လာ ၁ဝဝ ဘီလီယံ ရောက်ရှိရန် ရည်မှန်းထားခြင်းကိုလည်း ကြိုဆိုပါကြောင်း။

အိန္ဒိယနိုင်ငံမှ အစပြုပြီး မြန်မာနိုင်ငံကို ဖြတ်သန်းကာ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့ကို ချိတ်ဆက်သွားလာနိုင်မည့် အမြန်လမ်းမ စီမံကိန်းကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်မည်ဟု မျှောင်လင့်ပါကြောင်း၊ မြန်မာနှင့်အိန္ဒိယ ပူးပေါင်း ဆောင်ရွက်နေသည့် ကုလားတန်မြစ် ဘက်စုံသုံး နယ်စပ်ဖြတ်သန်း သယ်ယူ ပို့ဆောင်ရေး စီမံကိန်းသည် ပို့ဆောင်ရေးနှင့် ကုန်သွယ်ရေးအတွက်သာမက ဒေသတွင်း နိုင်ငံများနှင့် ဆက်သွယ်ရေးကိုလည်း အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း။

အာဆီယံ-အိန္ဒိယစင်တာကို ထူထောင်နိုင်သည့်အတွက် အနာဂတ်တွင် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းတို့တွင် ပိုမို တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ အာဆီယံဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက် ကျဉ်းမြောင်းစေရန် ရည်ရွယ်ထားသည့် အာဆီယံ ကနဦး ပေါင်းစည်းရေးအစီအစဉ်  (Initiative for ASEAN Integration, IAI) ကို အိန္ဒိယနိုင်ငံက စဉ်ဆက်မပြတ် အားပေး ကူညီမှုများကို ကျေးဇူး တင်ရှိပါကြောင်း။

အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကို ထောက်ခံ အားပေးမှုအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် အာဆီယံ ဦးဆောင်သည့် အစည်းအဝေးများတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဟု မျှော်လင့် ပါကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍ (၅)ကြိမ်မြောက် အာဆီယံ-ကုလသမဂ္ဂ ထိပ်သီးအစည်းအဝေးကို ဒေသစံတော်ချိန် ညနေ ၄ နာရီ ၁၅ မိနစ်တွင် ကျင်းပရာ အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းတို့ တက်ရောက် ကြသည်။

ထိပ်သီးအစည်းအဝေးတွင် နိုင်ငံတော်သမ္မတက အာဆီယံ ကုလသမဂ္ဂ မိတ်ဖက် ဆက်ဆံရေးဆိုင်ရာ ကြေညာချက် ထုတ်ပြန်ပြီး နောက်ပိုင်း နိုင်ငံရေးနှင့် လုံခြုံရေး၊ စီးပွားရေးနှင့် လူမှုယဉ်ကျေးမှုစသည့် နယ်ပယ်များတွင် အာဆီယံနှင့် ကုလသမဂ္ဂတို့ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုး တိုးတက်မှုအပေါ် မိမိအနေဖြင့် များစွာကျေနပ်မိပါကြောင်း။

၂ဝဝ၈ခုနှစ် နာဂစ်မုန်တိုင်းနောက်ပိုင်း လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ အကူအညီပေးရေး လုပ်ငန်းအဖွဲ့တွင် ကုလသမဂ္ဂက ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့ခြင်း အပေါ် အထူးကျေးဇူးတင်ရှိပါကြောင်း၊ နာဂစ်မုန်တိုင်းလွန်ကာလ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းစဉ်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ခြင်းသည် အာဆီယံ-ကုလသမဂ္ဂ မိတ်ဖက်ဆက်ဆံရေး၏ အောင်မြင်မှုဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ အတွက် ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်က ဖွံ့ဖြိုးတိုးတက်ရေး ပုံမှန်လုပ်ငန်းစဉ် (2013-2015) (Normal Country Programme of the UNDP 2013-2015) ကို ပြန်လည် စတင်ပေးခဲ့ခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း။

ကုလသမဂ္ဂအဖွဲ့ကြီးနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် မြန်မာ့နိုင်ငံခြားရေး မူဝါဒတွင် အရေးပါသော အခြေခံအုတ်မြစ် ဖြစ်ပါကြောင်း၊ ၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရေး အစီအစဉ်သည်လည်း မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂတို့အကြား ပူးပေါင်း ဆောင်ရွက်မှု၏ အရေးပါသည့် လုပ်ငန်း ဖြစ်ပါကြောင်း၊ အစားအစာနှင့် စွမ်းအင်လုံခြုံရေး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊ ရာသီဥတုပြောင်းလဲခြင်းနှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး နယ်ပယ်တွင် အာဆီယံ၏ ကဏ္ဍအလိုက် အဖွဲ့အစည်းများနှင့် ကုလသမဂ္ဂ အထူးအေဂျင်စီများအကြား နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုနှင့် အာဆီယံ အသိုက်အဝန်းကို အောင်မြင်စွာ အကောင်အထည်ဖော်မှုတွင် အာဆီယံ-ကုလသမဂ္ဂ မိတ်ဖက် ဆက်ဆံရေးက အထောက်အကူဖြစ်စေမည်ဟု မိမိယုံကြည်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။

 

-------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ထိုင်းဝန်ကြီးချုပ်၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၊ ဘရူနိုင်းဘုရင်၊ နယူးဇီလန် ဝန်ကြီးချုပ်တို့နှင့် သီးခြားစီတွေ့ဆုံ ဆွေးနွေး

 






ဘန်ဒါဆရီဘီဂါဝန် အောက်တိုဘာ ၁ဝ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စ ရင်လပ်ရှင်နာဝပ်နှင့် ယနေ့ ဒေသစံတော်ချိန် နံနက် ၈ နာရီခွဲတွင်  ဘရူနိုင်းဒါရူ ဆလမ် နိုင်ငံ ဘန်ဒါဆရီဘီဂါဝန်မြို့ရှိ ခေတ္တတည်းခိုသည့် အစိုးရဧည့်ဂေဟာ၌ တွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံစဉ် ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်း အကောင် အထည်ဖော်ရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များ၊ အိန္ဒိယ- မြန်မာ- ထိုင်း အဝေးပြေး လမ်းမတည်ဆောက်ရေး၊ မြဝတီနှင့် တာချီလိတ်မြို့တို့တွင် နယ်စပ် ကုန်သွယ်ရေးအဆင့်မှ ပုံမှန်ကုန်သွယ်ရေးအဆင့်သို့ တိုးမြှင့်နိုင်ရေးတို့နှင့် စပ်လျဉ်း ၍ ဆွေးနွေး ခဲ့ကြသည်။

ယင်းနောက် ဒေသစံတော်ချိန် နံနက် ၁ဝ နာရီ ၄၅ မိနစ်တွင် နိုင်ငံတော်သမ္မတသည်    အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျွန်ကယ်ရီအား အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း စင်တာ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် နှစ်နိုင်ငံဆက်ဆံမှု တိုးမြှင့်ရေး၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် များ၏ တိုးတက်အောင်မြင်မှုများကို အမေရိကန်ပြည်ထောင်စုက ချီးကျူးအသိအမှတ်ပြုပြီး ကြုံတွေ့နေသည့် စိန်ခေါ်မှုများကို  ကျော်လွှားနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အမေရိကန် ပြည်ထောင်စုက ပါဝင်ကူညီဆောင်ရွက်ရေး၊ အာဆီယံ-အမေရိကန် ဆက်ဆံရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဘရူနိုင်းဒါရူဆလမ် နိုင်ငံဘုရင် ဆူလ်တန်ဟာဂျီ ဟာဆာနာလ် ဘိုကီးယား မူအစ်ဇာဒင် ဝါဒိုလာနှင့် ဒေသစံတော်ချိန် ညနေ ၄ နာရီ တွင် တွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံမှုနှင့် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေး အလားအလာများ၊ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်မှု တို့နှင့်ပတ်သက်၍ အမြင်ချင်း ဖလှယ် ဆွေးနွေး ခဲ့ကြ သည်။

ဒေသစံတော်ချိန် ညနေ ၆ နာရီ ၁ဝ မိနစ်တွင် နိုင်ငံတော်သမ္မတသည် နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဂျွန်ကီးနှင့် တွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံစဉ် အစိုးရချင်း၊ လွှတ်တော်ချင်းနှင့်  ပြည်သူချင်း ဆက်ဆံမှုများ တိုးမြှင့်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သတ္တုနှင့် စွမ်းအင်ကဏ္ဍများတွင် နယူးဇီလန်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံ နိုင်မည့် အလားအလာများ၊ မြန်မာနိုင်ငံမှ စိုက်ပျိုးရေး ပညာတော်သင်များ စေလွှတ်နိုင်ရေး၊ ဆရာဆရာမများအား အင်္ဂလိပ်စာကျွမ်းကျင်မှု သင်တန်းများ ပို့ချရေး၊ အရှေ့အာရှ ထိပ်သီး အစည်းအဝေး အဖွဲ့ဝင်နိုင်ငံများအဖြစ် ပူးပေါင်းဆောင်ရွက်ရေး တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။




----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဇနီး ဒေါ်ခင်ခင်ဝင်း ဘန်ဒါဆရီဘီဂါဝန်မြို့အတွင်း လှည့်လည် လေ့လာ

 




ဘန်ဒါဆရီဘီဂါဝန် အောက်တိုဘာ ၁ဝ

ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၌ ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ဇနီး ဒေါ်ခင်ခင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင် ဘန်ဒါဆရီဘီဂါဝန်မြို့ရှိ အထိမ်းအမှတ် အဆောက်အအုံတစ်ခုဖြစ်သည့် The Royal Regalia Building ကို သွားရောက်ပြီး အဆောက်အအုံအတွင်း ခင်းကျင်းပြသထားသည့် ၁၉၆၈ ခုနှစ်က ဘရူနိုင်းဘုရင် နန်းတက်ပွဲ ကျင်းပစဉ် အသုံးပြုခဲ့သော တော်ဝင်အသုံးအဆောင်များ ပြခန်း၊ တော်ဝင်ပြခန်း၊ နန်းတက်ငွေရတုပြခန်းနှင့် ဘရူနိုင်းနိုင်ငံ၏သမိုင်းနှင့် ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ ပြခန်းများကို လှည့်လည်ကြည့်ရှုလေ့လာသည်။

ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတ၏ဇနီးသည် ဘန်ဒါဆရီဘီဂါဝန်မြို့ရှိ စိုက်ပျိုးရေး နည်းပညာဥယျာဉ် (Agrotechnology Park) သို့ ရောက်ရှိပြီး ဥယျာဉ်အတွင်း ခေတ်မီနည်းပညာဖြင့် စိုက်ပျိုးပြသထားသည်များကိုလှည့်လည် ကြည့်ရှုသည်။

ထို့နောက် ဥယျာဉ်အတွင်း၌ သုံးရောင်စပ်အပင် (Medisca Almond) ကို အမှတ်တရအဖြစ် စိုက်ပျိုးပေးပြီး Green House အတွင်း ဟင်းသီးဟင်းရွက်၊ သစ်ခွနှင့်ပန်းအလှပင်များ စိုက်ပျိုးပြသထားမှုကို လှည့်လည်ကြည့်ရှုလေ့လာခဲ့သည်။

ညနေပိုင်းတွင် နိုင်ငံတော်သမ္မတ၏ ဇနီးဒေါ်ခင်ခင်ဝင်းသည် မလေးရှားနိုင်ငံဝန်ကြီးချုပ်၏ ဇနီးနှင့်အတူ ဘရူနိုင်းဘုရင့်နန်းတော်သို့ သွားရောက်၍ ဘုရင့်ကြင်ရာတော်အား ထပ်မံတွေ့ဆုံ နှုတ်ဆက်ခဲ့သည်။

-----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

 ဆရာဝန် (၁၀၁၀) ဦးအား Black List မှ ပယ်ဖျက်ခွင့်ပြုခြင်း


၁။ ပြည်ထောင်စုအစိုးရအဖွဲ့သည် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်လျက် ရှိပြီး နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကိုလည်း အလေးထား အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်။

၂။ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်ခြင်း အလို့ငှာ ကုမ္ပဏီများ၊ နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များအား အကြောင်းအမျိုးမျိုးကြောင့် ယခင်က Black List သတ်မှတ်ရေးသွင်းပြီး ကန့်သတ်မှုများ ဆောင်ရွက် ထား ရှိခဲ့သော်လည်း ယခုအခါ ပြောင်းလဲလာသော ခေတ်စနစ်နှင့် အညီ ဖြေလျော့ဆောင်ရွက်ပေးလျက်ရှိရာ Black List မှ ပယ်ဖျက်ပေးခဲ့မှုများကိုလည်း နိုင်ငံတော်သမ္မတရုံး Website တွင် ဖော်ပြပေးလျက်ရှိပါသည်။

၃။ ယခုအခါ ထပ်မံ၍ ကျန်းမာရေးဝန်ကြီးဌာနမှ Black List သတ်မှတ်ထားသူများအနက် ဆရာဝန် (၁၀၁၀) ဦးအား Black List မှ ပယ်ဖျက်ပေးလိုက်ကြောင်း ထုတ်ပြန်အပ်ပါသည်။

၎။ Black List မှ ပယ်ဖျက်ပေးသည့် ဆရာဝန် (၁၀၁၀) ဦး၏ အမည်စာရင်းကို ဆက်လက် ဖော်ပြပါမည်။

----------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဖီဂျီနိုင်ငံ အမျိုးသားနေ့ သဝဏ်လွှာများပေးပို့


နေပြည်တော် အောက်တိုဘာ ၁ဝ

၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၁ဝ ရက်တွင် ကျရောက်သည့် ဖီဂျီသမ္မတနိုင်ငံ အမျိုးသားနေ့၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ ဖီဂျီသမ္မတနိုင်ငံ သမ္မတ ဗိုလ်မှူးချုပ် ရာတူ ပီလီနာလ်တီးကူးရ်၊ စီအက်ဖ်၊ အယ်လ်ဗွီအို၊ အိုဘီအီး၊ အမ်အက်စ်ဒီ၊ ကေအက်စ် တီဂျေ ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။

အလားတူ ၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၁ဝ ရက်တွင် ကျရောက်သည့် ဖီဂျီသမ္မတနိုင်ငံ အမျိုးသားနေ့၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ ဖီဂျီသမ္မတနိုင်ငံ ဝန်ကြီးချုပ် ရေတပ်ဗိုလ်မှူးချုပ် ရာတူ ဂျိုဆီယာ ဗော့ခ် ဘိုင်နီမာရာမ၊ စီအက်ဖ်၊ အမ်အက်စ်ဒီ၊ အိုအက်စ်တီဂျေ ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့သည်။

------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဗီယက်နမ်ဝန်ကြီးချုပ်၊ တရုတ်ဝန်ကြီးချုပ်၊ ကိုရီးယား သမ္မတတို့နှင့် သီးခြားစီတွေ့ဆုံ







ဘန်ဒါဆရီဘီဂါဝန် အောက်တိုဘာ ၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ဒေသ စံတော်ချိန် မွန်းလွဲ ၂ နာရီတွင် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘန်ဒါဆရီ ဘီဂါဝန်မြို့ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ၌ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင်တန်ဇွန်းနှင့် တွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာ၊ ခရီးသွားလုပ်ငန်း ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်နိုင်ရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာ ဆက်ဆံရေးတွင် ပိုမိုရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးတို့နှင့် ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲတွင် နိုင်ငံတော်သမ္မတသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် မစ္စတာ လီခကျန်းနှင့် တွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲတွင် တရုတ်မြန်မာ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို အကောင် အထည်ဖော် ဆောင်ရွက်ရေး၊ အာဆီယံ-တရုတ် မဟာဗျူဟာ ဆက်ဆံရေးတို့နှင့် ပတ်သက်ပြီး ဆွေးနွေး ခဲ့ကြသည်။

ဒေသစံတော်ချိန် ည ၇ နာရီ ၁ဝ မိနစ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ကိုရီးယားသမ္မတ နိုင်ငံသမ္မတ Mrs. Park Guanhye နှင့် တွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံစဉ် မြန်မာကိုရီးယား ဆက်ဆံရေး မြှင့်တင်ရေး၊ မြန်မာနိုင်ငံ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီပေးရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ အခြေခံ အဆောက်အအုံ တည်ဆောက်ရေးကဏ္ဍ၊ စွမ်းအင် ကဏ္ဍများတွင် ကိုရီးယားနိုင်ငံမှ ပိုမိုရင်းနှီးမြှုပ်နှံရေး၊ မြန်မာနိုင်ငံ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ် များတွင် ကိုရီးယားသမ္မတနိုင်ငံ၏ အတွေ့အကြုံနှင့် နည်းပညာများ မျှဝေပေးရေးတို့နှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

----------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် (၁၆)ကြိမ်မြောက် အာဆီယံ-ဂျပန်၊ အာဆီယံ-ကိုရီးယား၊ အာဆီယံ-တရုတ်၊ အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်





ဘန်ဒါဆရီဘီဂါဝန် အောက်တိုဘာ ၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်  ယနေ့ ဒေသ စံတော်ချိန်  မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင်  ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘန်ဒါဆရီဘီဂါဝန်မြို့ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ၌ ကျင်းပသည့် (၁၆)ကြိမ်မြောက် အာဆီယံ- ဂျပန် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်သည်။

အစည်းအဝေးသို့ အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများ၊ ဂျပန် နိုင်ငံဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးနှင့် အာဆီယံ အတွင်းရေးမှူးချုပ်တို့ တက်ရောက် ကြသည်။

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အာဆီယံ-ဂျပန် ဆက်ဆံရေး စတင် တည်ထောင်ခဲ့သော ၁၉၇၃ ခုနှစ်မှစတင်ပြီး သိသာသော တိုးတက်မှုများ ရရှိခဲ့ပါကြောင်း၊ ယနေ့အချိန်တွင် နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် လူမှု-ယဉ်ကျေးမှု ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှုများ တိုးတက်ရရှိ နေပါကြောင်း။

၂ဝ၁၃ ခုနှစ်သည် အာဆီယံ-ဂျပန်ဆက်ဆံရေး နှစ် (၄ဝ) မြောက် အထိမ်းအမှတ်နှစ် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလတွင် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေး အဆိုပြုခဲ့သော အာဆီယံနှင့် ပိုမိုပူးပေါင်းရေးမူဝါဒ ငါးရပ်ကို ကြိုဆိုပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် အာဆီယံ ပေါင်းစပ်ဆက်သွယ်ရေး မဟာစီမံကိန်း (ASEAN Connectivity Master Plan) ကို အထူး အလေးထားပြီး မြန်မာနိုင်ငံက အကောင် အထည်ဖော် ဆောင်ရွက်မည့် သီလဝါ အထူးစီးပွားရေးဇုန်နှင့် ထားဝယ်အထူး စီးပွားရေး ဇုန်များမှ ဒေသ ဆက်သွယ်ရေး လမ်းကြောင်းများကို တိုးမြှင့်လိုသော ဆန္ဒရှိပါကြောင်း။
            
အာဆီယံ-ဂျပန် ကုန်သွယ်မှု မြှင့်တင်ရေးအတွက် အာဆီယံ-ဂျပန်ဗဟိုဌာန၏  ကြိုးပမ်းဆောင်ရွက်မှုများကို ကြိုဆိုပါကြောင်း၊ အနာဂတ်ကာလတွင်လည်း အာဆီယံ-ဂျပန် ပူးပေါင်းဆောင် ရွက်ရေးကို ပိုမိုမြှင့်တင်နိုင်မည်ဟု မျှော်လင့်ပါကြောင်းဖြင့် ပြောကြား ခဲ့သည်။

ယင်းနောက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ မိနစ် ၂ဝ တွင် (၁၆) ကြိမ်မြောက် အာဆီယံ-ကိုရီးယား ထိပ်သီးအစည်းအဝေးကို ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အာဆီယံ နိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများ၊ ကိုရီးယားနိုင်ငံ သမ္မတ  Mrs. Park Guan-hye တို့ တက်ရောက်ကြသည်။

အစည်းအဝေးတွင် နိုင်ငံတော် သမ္မတက အာဆီယံနှင့် ကိုရီးယား သမ္မတနိုင်ငံတို့သည် ၁၉၈၉ ခုနှစ်မှ စတင်ပြီး ဆွေးနွေးဖက် ဆက်ဆံရေးကို ထူထောင်ခဲ့ကြောင်း၊ ယနေ့တွင်  အာဆီယံ-ကိုရီးယား ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးမဟာဗျူဟာ မိတ်ဖက် ဆက်ဆံရေး  အဆင့်ကို ရောက်ရှိနေပြီဖြစ်ကြောင်း၊ အာဆီယံ အသိုက်အဝန်းတည်ထောင်မှုလမ်းပြ မြေပုံ (၂ဝဝ၉-၂ဝ၁၅) အကောင် အထည်ဖော်ရာတွင် ကိုရီးယား သမ္မတနိုင်ငံ၏ ထောက်ခံအားပေးမှုကို ကျေးဇူးတင်ရှိပါကြောင်း။

နှစ်ဖက်အကြား ကုန်သွယ်မှု တိုးမြှင့်လာခြင်းကို ကြိုဆိုပါကြောင်း၊ အာဆီယံ-ကိုရီးယား လွတ်လပ်သော ကုန်သွယ်မှုဧရိယာ ကို မျှော်မှန်းထားသည့် ကုန်သွယ်မှုပမာဏ ရောက်ရှိ မည်ဟု မျှော်လင့်ပါကြောင်း၊ အာဆီယံ ပေါင်းစပ်ဆက်သွယ်ရေး မဟာစီမံကိန်း  အကောင် အထည်ဖော်ရေးအတွက် ကိုရီးယားသမ္မတနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုကို ကျေးဇူးတင်ရှိ ပါကြောင်း၊ ကိုရီးယားနိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးသော သတင်းအချက်အလက် နည်းပညာများကို အာဆီယံနိုင်ငံများမှ မျှဝေရယူခြင်းဖြင့် နှစ်ဖက်စလုံး အကျိုးရှိမည် ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် ကိုရီးယား ကျွန်းဆွယ်ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေး အတွက် အဏုမြူကင်းမဲ့သော ကိုရီးယားကျွန်းဆွယ်ဖြစ်ရေး ကြိုးပမ်းမှုကို အပြည့် အဝ ထောက်ခံပါကြောင်းဖြင့် ပြောကြားခဲ့သည်။

ထို့နောက် ဒေသစံတော်ချိန် ညနေ ၃ နာရီ ၄၅ မိနစ်တွင် (၁၆) ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးကို ကျင်းပရာ နိုင်ငံတော်သမ္မတက ပြောကြားရာတွင် ၂ဝ၁၃ ခုနှစ်သည် အာဆီယံ- တရုတ် မဟာဗျူဟာဆက်ဆံရေး စတင်ခဲ့သည့် (၁ဝ) နှစ်ပြည့် အထိမ်းအမှတ် ဖြစ်ပါကြောင်း၊ အနာဂတ်တွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် မိမိတို့ ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ အာဆီယံ-တရုတ် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ပြုမည် ဖြစ်ပါကြောင်း။

အာဆီယံ ပေါင်းစပ်ဆက်သွယ်ရေး မဟာစီမံကိန်းအောင်မြင်ရေးတွင် တရုတ်နိုင်ငံ၏ အခန်း ကဏ္ဍသည် အရေးပါပါကြောင်း၊ မြန်မာနိုင်ငံ၏ ပထဝီအနေအထားအရ အာဆီယံနှင့် တရုတ် နိုင်ငံ အနောက်တောင်ပိုင်း ပြည်နယ်များ ဆက်သွယ်ရေးကို တိုးမြှင့်ပေး နိုင်သော အခြေအနေ တွင် ရှိပါကြောင်း။

ပြီးခဲ့သည့် စက်တင်ဘာလက နန်နင်းမြို့တွင် ကျင်းပခဲ့သည့် ဒသမအကြိမ်မြောက် အာဆီယံ-တရုတ် ကုန်စည်ပြပွဲနှင့် အာဆီယံ-တရုတ် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး က အာဆီယံ-တရုတ် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ရည်မှန်းချက် များ အောင်မြင်မှု အတွက် မိမိတို့၏ ကတိကဝတ်များကို ထပ်လောင်းအတည်ပြု နိုင်ခဲ့ပါကြောင်း၊ စက်တင်ဘာလက တရုတ်နိုင်ငံ စူကျိုးမြို့တွင် ကျင်းပခဲ့သည့် အာဆီယံ-တရုတ်အဆင့်မြင့် အရာရှိများ အစည်းအဝေးက တောင်တရုတ်ပင်လယ်တွင်း နိုင်ငံများ လိုက်နာရမည့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ကြေညာစာတမ်း အကောင်အထည်ဖော်ရေးနှင့် ပတ်သက်ပြီး တိုးတက်မှု ရရှိခြင်း အပေါ် ကျေနပ်အားရပါကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကို ထောက်ခံအားပေးမှု အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိအနေဖြင့် အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူချိန်တွင် အာဆီယံ နိုင်ငံများနှင့် တရုတ်နိုင်ငံအကြားရှိ မဟာဗျူဟာ ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန်အတွက် လုပ်ဆောင်သွားမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

အဆိုပါ အစည်းအဝေးသို့ အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များနှင့် တရုတ်ဝန်ကြီးချုပ် မစ္စတာ လီခကျန်းတို့ တက်ရောက်ကြသည်။

ယင်းနောက် ဒေသစံတော်ချိန် ညနေ ၅ နာရီ ၄၅ မိနစ်တွင် ပထမအကြိမ် အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေးကို ကျင်းပသည်။

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတက ပထမအကြိမ် အာဆီယံ-အမေရိကန် ထိပ်သီး အစည်းအဝေးကို တက်ရောက်လာသည့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျွန်ကယ်ရီနှင့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့ကို လှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ ပထမ အကြိမ် အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေး ဖြစ်သည့်အတွက် အာဆီယံ-အမေရိကန် ဆက်ဆံရေးတွင် ထူးခြားသော တိုးတက်မှု ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် အာဆီယံ-အမေရိကန် ဆွေးနွေးဖက် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု အဆင့်အားလုံးကို  အလေးထားပါကြောင်း။

အာဆီယံနှင့် အမေရိကန်နိုင်ငံတို့အကြား အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ ရေကြောင်းလုံခြုံရေး၊ လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့် လူ့အခွင့်အရေး ပူးပေါင်းဆောင်ရွက်မှုများသည်  အကျိုးရှိသော ဆောင်ရွက်မှုများ ဖြစ်ပါကြောင်း၊ အမေရိကန် ပြည်ထောင်စု၏ အစီအမံ  (Initiatives) များ ဖြစ်သည့် စီးပွားရေး အဆင့်မြှင့် ထိတွေ့ဆက်ဆံမှု အစီအမံ၊ အာရှ-ပစိဖိတ်  မဟာဗျူဟာမြောက် ထိတွေ့ဆက်ဆံမှု အစီအမံ၊ အာရှ-ပစိဖိတ် ရေရှည်တည်တံ့သော စွမ်းအင်ဆိုင်ရာ မိတ်ဖက်အစီအမံများကို ကြိုဆိုပါကြောင်း။

မိမိတို့မြန်မာနိုင်ငံအပေါ် အမေရိကန် ပြည်ထောင်စု၏ တိုးတက် ပြောင်းလဲလာသော ဆက်ဆံရေးကို အထူးအားရ ကျေနပ်ပါကြောင်း၊ မြန်မာနိုင်ငံနှင့် အမေရိကန် ပြည်ထောင်စု အကြား ခင်မင်ရင်းနှီးသော ဆက်ဆံရေးသည် ရှိပြီးသား ကောင်းမွန်သည့် အာဆီယံ-အမေရိကန် ဆက်ဆံရေးကို ထပ်မံမြှင့်တင်နိုင်မည်ဟု ယုံကြည်ပါကြောင်းဖြင့် ပြောကြား ခဲ့သည်။

ညပိုင်းတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ဘရူနိုင်းဒါရူဆလမ် နိုင်ငံဘုရင်က  (၂၃) ကြိမ် မြောက် အာဆီယံထိပ်သီး အစည်းအဝေး နှင့် ဆက်စပ် အစည်းအဝေးများသို့ တက်ရောက် လာကြသော နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများအား တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့သည်။           

----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် (၂၃) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်း အဝေးသို့ တက်ရောက်







ဘန်ဒါဆရီဘီဂါဝန် အောက်တိုဘာ ၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ ဒေသ စံတော်ချိန် နံနက် ၁ဝ နာရီတွင် ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ ဘန်ဒါဆရီ ဘီဂါဝန်မြို့ အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ၌ ကျင်းပသည့် (၂၃) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်း အဝေးသို့ တက်ရောက်သည်။

ထိပ်သီးအစည်းအဝေးသို့ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘုရင်ဆူလ်တန် ဟာဂျီ  ဟာဆာနာလ် ဘိုကီးယား မူအစ်ဇာဒင်ဝါဒိုလာ၊ ကမ္ဘောဒီးယား နိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန်၊ အင်ဒို နီးရှားသမ္မတနိုင်ငံ သမ္မတ ဒေါက်တာ ဆူစီလိုဘမ်ဘန်းယူဒို ယိုနို၊ လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာ သွန်ဆင်းသမာဗောင်၊ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတွတ်ဆရီမိုဟာ မက်နာဂျစ်တွန်း အဗ္ဗဒူလ်ရာဇတ်၊ ဖိလစ်ပိုင်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ဘီနင်နိုအကွီနို၊ စင်ကာပူ သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီရှန်လွန်း၊ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စ ရင်လပ်ရှင်နာဝပ်၊ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင်တန်ဇွန်း၊ အာဆီယံ အတွင်းရေးမှူးချုပ် မစ္စတာ လီယောင်မင်၊ အာဆီယံနိုင်ငံများမှ ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။

အစည်းအဝေး မစတင်မီ နိုင်ငံတော်သမ္မတနှင့် အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များသည် စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

ယင်းနောက် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘုရင်က အဖွင့်အမှာစကား ပြောကြားသည်။

အစည်းအဝေး၌ နိုင်ငံတော် သမ္မတက မိန့်ခွန်းပြောကြားရာတွင် မိမိအနေဖြင့်   အဆွေတော် ဘုရင်မင်းမြတ်နှင့် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ပြည်သူလူထုအား ၂ဝ၁၃ ခုနှစ်တွင် အာဆီယံ ဥက္ကဋ္ဌ တာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့ခြင်းအတွက် ဂုဏ်ပြုအပ်ပါကြောင်း၊ အဆွေတော်၏ ဦးဆောင်မှုအောက်တွင် အာဆီယံ အနေဖြင့် ကမ္ဘာ့မျက်နှာစာ၌ အရေးကြီး သည့်နေရာမှ ဆက်လက်ရပ်တည် နိုင်ခဲ့ပါကြောင်း၊ လွန်ခဲ့သည့် ငါးနှစ်က မိမိတို့သည် အချိန်သတ်မှတ်ချက်နှင့် ခိုင်မာသည့် ရည်မှန်းချက်များဖြင့် ၂ဝ၁၅ ခုနှစ်တွင် မိမိတို့ မြင်တွေ့ လိုသည့် ရလဒ်များကို အခြေခံကာ လမ်းပြမြေပုံများ ရေးဆွဲခဲ့ပါကြောင်း။

ယခုအခါတွင် အာဆီယံ ပေါင်းစည်းရေးအတွက် အရေးပါသည့် အချိန်ကို ရောက်ရှိနေပြီ ဖြစ်ပါ ကြောင်း၊ အာဆီယံအသိုက်အဝန်း တည်ထောင်မှုနှင့် ပတ်သက်၍ မိမိတို့၏ တိုးတက်မှုများကို တစ်ကမ္ဘာလုံးက နီးကပ်စွာ စောင့်ကြည့်နေပါကြောင်း၊ မိမိတို့အနေဖြင့် စီးပွားရေး အရ စွမ်းအားရှိပြီး ရှင်သန်ဖွံ့ဖြိုးသည့်ဒေသ၊ တည်ငြိမ်အေးချမ်းသည့် ဒေသအဖြစ် တစ်ကမ္ဘာလုံးကို ပြသရန် လိုအပ်ပါကြောင်း၊ ၂ဝ၁၅ ခုနှစ်အတွင်း အာဆီယံ၏ ရည်မှန်းချက် ပန်းတိုင်ကို ရောက်ရှိရန် အချိန်နီးကပ်လာသည်နှင့်အညီ ကျန်ရှိနေသေးသည့် ရည်မှန်းချက်များ ပြည့်မီ စေရန် ပွင့်လင်းစွာ သုံးသပ်ရန် လိုအပ်ပါကြောင်း၊ အာဆီယံသည် ပြင်ပသို့ရှေးရှုသည့်   ဒေသဆိုင်ရာ အဖွဲ့အစည်းတစ်ရပ် အနေဖြင့် ၂ဝ၁၅ ခုနှစ်အလွန် အာဆီယံမျှော်မှန်းချက် အသစ်ချမှတ်နိုင်ရန် မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှားနှင့် အခြားသော အာဆီယံနိုင်ငံများ၏ လုပ်ဆောင်မှုများကို ကြိုဆိုပါကြောင်း။

အာဆီယံ၏ ၂ဝ၁၅ခုနှစ်အလွန် မျှော်မှန်းချက်ကို ချမှတ်အကောင်အထည် ဖော်ရာတွင်  မိမိ တို့၏ အတွေးအမြင်များကို မျှဝေလိုပါကြောင်း၊ ကုလသမဂ္ဂမှ ချမှတ်ပေးခဲ့သည့် ထောင်စုနှစ် ရည်မှန်းချက်များ၏ ၂ဝ၁၅ခုနှစ်အလွန် အာဆီယံ အသိုက်အဝန်း မျှော်မှန်းချက်မှာ ထည့်သွင်း စဉ်းစားရမည် ဖြစ်ပါကြောင်း၊ ၂၁ ရာစု၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် အသေးစားနှင့် အလတ်စားလုပ်ငန်းများကို အဓိက တွန်းအားများအဖြစ် တိုးမြှင့်ရန် ဖြစ်ပါကြောင်း၊ အဖွဲ့ဝင် နိုင်ငံအတွင်းနှင့် နိုင်ငံများအကြား ဖွံ့ဖြိုးမှုကွာဟချက်ကို ကျဉ်းမြောင်းစေ ရန် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပြင်ပမိတ်ဖက်များနှင့်ပါ ပေါင်းစည်းဆက်နွှယ်နိုင်သည့် အာဆီယံပေါင်းစည်း ဆက်သွယ်ရေး မဟာစီမံကိန်းကို စဉ်းစားရမည်ဖြစ်ပါကြောင်း၊ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးပေး စဉ်းစားရမည် ဖြစ်ပါကြောင်း။

အသက်အရွယ် ကြီးရင့်သူ ဘိုးဘွားဦးရေ အချိုးအစား မြင့်မားလာမှုကို ဦးစားပေးစဉ်းစားရမည် ဖြစ်ပါကြောင်း၊ အကျပ်အတည်းနှင့် သဘာဝဘေးဒဏ်များနှင့် ပတ်သက်၍ ကြံ့ခိုင်မှုကို မြှင့်တင် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အာဆီယံအနေဖြင့် ဆွေးနွေးဖက်နိုင်ငံများနှင့် ဆက်ဆံရေး ချဲ့ထွင်ရာတွင် သာတူညီမျှရှိသည့် ချဉ်းကပ်မှုကို ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အောင်မြင်မှု ရှိသည့် ရလဒ်များ ရရှိနိုင်သော မျှော်မှန်းချက်များကို ချမှတ်ရမည် ဖြစ်ပါကြောင်း၊   အာဆီယံ အသိုက်အဝန်း တည်ဆောက်သည့် နေရာတွင်  ၂ဝ၁၅ ခုနှစ်၌   အာဆီယံ အသိုက်အဝန်း ပေါ်ပေါက်ရေးသည် အာဆီယံ၏ အန္တိမပန်းတိုင် မဟုတ်သေးဘဲ အာဆီယံ အသိုက်အဝန်း၏ နိဒါန်းသာ ဖြစ်ပါကြောင်း၊ ထို့အတွက် ၂ဝ၁၆-၂ဝ၂ဝ  ကာလ လုပ်ငန်းစီမံချက် တစ်ရပ် ရေးဆွဲရန် လုပ်ငန်းစဉ် စတင်သင့်ပြီ ဖြစ်ပါကြောင်း။

ပြင်ပမိတ်ဖက်များကို ဆွဲဆောင်နိုင်ရန်နှင့် အာဆီယံ၏ အချက်အချာကျမှုကို ထိန်းသိမ်းရန် အာဆီယံ အနေဖြင့် ဦးဆောင်မှု၊ ယုံကြည် အားကိုးမှု၊ လိုက်လျောညီထွေရှိမှုတို့ကို ထိန်းသိမ်း ရမည်ဖြစ်ပါကြောင်း၊ မိမိတို့နှင့် ပတ်သက်နေသည့်  ဒေသဆိုင်ရာနှင့်   နိုင်ငံတကာ ကိစ္စရပ် များတွင် အာဆီယံအနေဖြင့် ရပ်တည်ချက် တစ်ခုတည်းရရှိရန် ကြိုးပမ်းသွားရမည် ဖြစ်ပါ ကြောင်း။

အာဆီယံသည် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကတို့ ပါဝင်သည့် BRICS နှင့် G-20 တို့ကဲ့သို့ အသစ်ပေါ်ထွက်လာသည့် အဖွဲ့အစည်းများနှင့် ဆက်ဆံရေး ချဲ့ထွင်ရေးကို  ထည့်သွင်းစဉ်းစားကာ ဆက်ဆံရေးတိုးချဲ့သည့် နေရာတွင် ပိုမိုညီညွတ်မျှတသည့် နည်းလမ်း ဖြင့် ချဉ်းကပ်မှုများကို အသုံးချသင့်ပါကြောင်း။

မကြာသေးမီကာလက မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုများသည် အာဆီယံ အသိုက်အဝန်းပေါင်းစည်းရေး ကို အထောက်အကူ ပြုစေခဲ့ပါကြောင်း၊  အစိုးရ၏ ငါးနှစ်သက်တမ်း ထက်ဝက်ဖြစ်သော ပထမ လပေါင်း ၃ဝ အတွင်း၌ မိမိတို့အနေဖြင့်   ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးအတွက် အခြေခံ အုတ်မြစ်များ ချမှတ်ပေး ခဲ့ပါ ကြောင်း၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီပေါ်ထွန်းရေးနှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်သည်   သိသာထင်ရှားသော တိုးတက်မှုများ  ရှိနေသော်လည်း အားလုံး   ပြည့်စုံခြင်း မရှိသေး ဘဲ အခက်အခဲများ ရှိနေပါသေးကြောင်း၊ ထိုသို့  စိန်ခေါ်မှုများ ရှိနေသော်လည်း  မိမိတို့အနေဖြင့်  လုပ်ဖော်ကိုင်ဖက်များ၏ အားပေးထောက်ခံ မှုများဖြင့် စိန်ခေါ်မှုများကို ကျော်လွှား သွားနိုင်မည် ဟု ယုံကြည်ထားပါကြောင်း။

မြန်မာနိုင်ငံသည် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ၂ဝ၁၄  ခုနှစ်တွင် ပထမဆုံး အကြိမ် အဖြစ် တာဝန်ယူ ထမ်းဆောင်မည် ဖြစ်ပါကြောင်း၊ မိမိတို့ အာဆီယံဥက္ကဋ္ဌ တာဝန် ထမ်းဆောင်နေသည့် အချိန်တွင် အာဆီယံ၏ လက်ရှိလုပ်ငန်းများ ကို အောင်မြင် ပြီးစီးအောင် ဆောင်ရွက်ပြီး အာဆီယံ အသိုက်အဝန်း ထူထောင်ရေး လုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်ကာ အာဆီယံ၏ အနာဂတ် အတွက် အဆွေတော်တို့နှင့် အတူတကွ လုပ်ဆောင် သွားမည် ဖြစ်ပါကြောင်း၊ မိမိတို့ ဥက္ကဋ္ဌတာဝန်ယူရေးအတွက် အဆွေတော်တို့၏ အားပေး ထောက်ခံမှုများကို အထူးကျေးဇူးတင်ရှိ ပါကြောင်းဖြင့် ပြောကြားခဲ့သည်။

-----------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ဇနီး ဒေါ်ခင်ခင်ဝင်း ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘုရင့်ကြင်ယာတော်က တည့်ခင်းဧည့်ခံသည့် ဂုဏ်ပြုနေ့လယ်စာ စားပွဲသို့ တက်ရောက်ပြီး ဘရူနိုင်းမြစ်အတွင်း လှည့်လည်လေ့လာ








ဘန်ဒါဆရီဘီဂါဝန် အောက်တိုဘာ ၉

ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၌ ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ဇနီး ဒေါ်ခင်ခင်ဝင်းသည် ယနေ့ နံနက်ပိုင်းတွင် ဘန်ဒါဆရီဘီဂါဝန်မြို့ရှိ ဘုရင့်နန်းတော်၌ ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ ဘုရင့်ကြင်ယာတော်က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြု နေ့လယ်စာ စားပွဲသို့ တက်ရောက်သည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတ၏ဇနီးသည် နံနက် ၁၁ နာရီတွင် ဘရူနိုင်းဘုရင့်နန်းတော်သို့ ရောက်ရှိရာ ဘုရင့်ကြင်ယာတော်က ခင်မင်ရင်းနှီးစွာ ကြိုဆိုနှုတ်ဆက်သည်။

ထို့နောက် ဘရူနိုင်းဘုရင့်ကြင်ယာတော်၊ အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များ၏ ဇနီးများနှင့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်၏ ဇနီးတို့သည် တော်ဝင် ထမင်းစားခန်းမဆောင်သို့ သွားရောက်ကြပြီး ခန်းမအတွင်း ပြသထားသည့် ဘရူနိုင်း ရိုးရာဓလေ့ထုံးစံများ၊ ယဉ်ကျေးမှုနှင့် လက်မှုပညာ ပစ္စည်းများ၊ ရိုးရာတူရိယာများ တီးခတ်ပြသနေမှုနှင့် ရိုးရာစားသောက်ဖွယ်ရာများ ပြုလုပ်ပြသမှု၊ ရိုးရာလက်ထပ်မင်္ဂလာပွဲ ကျင်းပပုံ သရုပ်ပြသမှုတို့ကိုလှည့်လည် ကြည့်ရှုအားပေးကြသည်။

ယင်းနောက် ဘရူနိုင်းဘုရင့်ကြင်ယာတော်က အာဆီယံနိုင်ငံ ခေါင်းဆောင်များ၏ ဇနီးများ၊ ဂျပန်နိုင်ငံ ဝန်ကြီးချုပ်၏ ဇနီးနှင့် တက်ရောက် လာသူများအား ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။

ထို့နောက် နိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်ခင်ခင်ဝင်းသည် ဘရူနိုင်း ဘုရင့်ကြင်ယာတော်၊ အာဆီယံ နိုင်ငံခေါင်းဆောင်များ၏ ဇနီးများနှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ်၏ ဇနီးတို့နှင့်အတူ ဘရူနိုင်းမြစ်အတွင်း သီးသန့် သင်္ဘောဖြင့် လှည့်လည်ကြည့်ရှု လေ့လာခဲ့သည်။

 

-----------------------------------------------------------------------------------------------------------------------------------------------------------------

 နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဘရူနိုင်းဒါရူဆလမ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများအား တွေ့ဆုံမှာကြား


ဘန်ဒါဆရီဘီဂါဝန် အောက်တိုဘာ ၉

ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘန်ဒါဆရီဘီဂါဝန်မြို့၌ ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် အောက်တိုဘာ ၈ ရက် ညပိုင်းတွင် ဘန်ဒါဆရီဘီဂါဝန်မြို့ရှိ မြန်မာ သံအမတ်ကြီးနေအိမ်၌ သံအမတ်ကြီး ဒေါ်ယဉ်ယဉ်မြင့်၊ သံရုံးဝန်ထမ်းများ၊ မိသားစုများနှင့် မြန်မာပညာတော်သင်များနှင့် တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတက သံရုံးဝန်ထမ်းများအား နိုင်ငံအတွင်း ပြုပြင်ပြောင်း လဲရေး ဆောင်ရွက်နေမှု အခြေအနေများ၊ အာဆီယံ-မြန်မာ ဆက်ဆံရေး၊ မြန်မာနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒများနှင့် သံတမန်ဝန်ထမ်းများ၏ တာဝန်များကို ရှင်းလင်း ပြောကြားခဲ့ပြီး ပညာတော်သင်များ အနေဖြင့်လည်း မိမိတို့ သင်ကြားလျက်ရှိသည့် ပညာရပ်များကို ကြိုးစားဆည်းပူး လေ့လာကြရန်နှင့် သင်ကြား တတ်မြောက်လာသည့် ပညာများကို နိုင်ငံတည်ဆောက်ရေးတွင် ထိရောက်စွာ အသုံးချကြရန် မှာကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့က သံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများအား အမှတ်တရ လက်ဆောင်များနှင့် မြန်မာပညာတော်သင် များအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

------------------------------------------------------------------------------------------------------------------------------------------------------------------------------------

ပြည်ထောင်စုတရားစီရင်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေပြဋ္ဌာန်း



ပြည်ထောင်စုတရားစီရင်ရေး ဥပဒေကို ပြင်ဆင်သည့်ဥပဒေ
(၂ဝ၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၃ဝ။)
၁၃၇၅ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၄ ရက်
(၂ဝ၁၃ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။ ဤဥပဒေကို ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင် စေရမည်။
၂။ ပြည်ထောင်စုတရားစီရင်ရေး ဥပဒေ ပုဒ်မ ၂၃၊ ပုဒ်မခွဲ (ခ)၏ နောက်တွင် ပုဒ်မခွဲ(ဂ)အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-

''(ဂ)
တရားသူကြီးအဖြစ် ရွေးချယ်ခန့်ထားခြင်း ခံရသူများအား တရားသူကြီး အဖြစ် စတင်တာဝန်ပေးသည့်အချိန်တွင် ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုရန် အတွက် စီစဉ်ဆောင်ရွက်ရမည်။ ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုခြင်း မဆောင်ရွက်ရသေးသော တရားသူကြီးများ အတွက်လည်း ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုရန် စီစဉ်ဆောင်ရွက် ရမည်။''
၃။ ပြည်ထောင်စုတရားစီရင်ရေးဥပဒေ ပုဒ်မ ၆၇ ပါ ''ရဲတပ်ဖွဲ့ အချုပ်စခန်းများအား စစ်ဆေးကြည့်ရှုနိုင်သည်'' ဆိုသည့် စကားရပ်အား ''ရဲတပ်ဖွဲ့ အချုပ်စခန်းများကို အနည်းဆုံး တစ်နှစ်လျှင် တစ်ကြိမ်စစ်ဆေးကြည့်ရှုရမည်'' ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။
၎။ ပြည်ထောင်စုတရားစီရင်ရေး ဥပဒေပုဒ်မ ၆၈ ပါ ''ရဲတပ်ဖွဲ့ အချုပ်စခန်းများအား စစ်ဆေးကြည့်ရှုနိုင်သည်'' ဆိုသည့် စကားရပ်အား ''ရဲတပ်ဖွဲ့ အချုပ်စခန်းများကို အနည်းဆုံး ခြောက်လလျှင်တစ်ကြိမ် စစ်ဆေးကြည့်ရှုရမည်'' ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ် ရေးထိုးသည်။

(ပုံ) သိန်းစိန်                
နိုင်ငံတော်သမ္မတ            
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

-----------------------------------------------------------------------------------------------------------------------------------------------------------------------------------------

အကျဉ်းသား ၅၆ ဦးအား နိုင်ငံ့အကျိုးအတွက် လွတ်ငြိမ်းခွင့်ပေး



နေပြည်တော် အောက်တိုဘာ ၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီမှ တင်ပြခဲ့သည့် အကျဉ်းထောင်/ အလုပ်စခန်းများတွင် ထိုက်သင့်သော ပြစ်ဒဏ်များကို ကျခံပြီး ဖြစ်သော အကျဉ်းသား (၅၆)ဦးတို့အား နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး မိမိအကျိုး၊ ဒေသအကျိုး၊ နိုင်ငံ့အကျိုးအတွက် အများပြည်သူနှင့်အတူ တာဝန် ထမ်းဆောင် သွားနိုင်စေရန် အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၄ (က)နှင့်အညီ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ ပုဒ်မခွဲ(၁)အရ ၂၀၁၃ ခုနှစ် အောက်တိုဘာလ (၈) ရက်နေ့မှ စ၍ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့် ပေးခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။

 -------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်း ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘန်ဒါဆရီ ဘီဂါဝန်မြို့သို့ ရောက်ရှိ





ဘန်ဒါဆရီ ဘီဂါဝန် အောက်တိုဘာ ၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်း တို့သည် ဘရူနိုင်း ဒါရူဆလမ်နိုင်ငံတွင် ကျင်းပမည့် (၂၃) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန်အတွက် ယနေ့ နံနက် (၁ဝ) နာရီတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာရာ ဒေသစံတော်ချိန် ညနေ(၃) နာရီ (၅) မိနစ်တွင် ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ ဘန်ဒါဆရီ ဘီဂါဝန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီးတို့အား ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဝန်ကြီးချုပ်ရုံး အမြဲတမ်း အတွင်းဝန် Haji Abdul Mumin ၊ မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်းနိုင်ငံ သံအမတ်ကြီး၊ ဘရူနိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဒေါ်ယဉ်ယဉ်မြင့်နှင့် သံရုံးဝန်ထမ်းများ၊ မိသားစုများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် ခေတ္တတည်းခိုမည့် အစိုးရဧည့်ဂေဟာသို့ မော်တော် ယာဉ်ဖြင့် ရောက်ရှိသည်။

-------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ၂၃ ကြိမ်မြောက်၊ အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ဘရူနိုင်းဒါရူဆလမ်နိုင်ငံသို့ ထွက်ခွာ

 






နေပြည်တော် အောက်တိုဘာ ၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီး ဒေါ်ခင်ခင်ဝင်းတို့ ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ၂၃ ကြိမ်မြောက်၊ အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ၊ ဘန်ဒါဆရီဘီဂါဝန်မြို့သို့ ထွက်ခွာသွားကြသည်။

နိုင်ငံတော်သမ္မတနှင့်ဇနီး ဦးဆောင်သော အဖွဲ့အား ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့်ဇနီး ဒေါ်ခင်အေးမြင့်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ သံရုံးယာယီတာဝန်ခံ Ms. Syamim Nabilah Daud နှင့် တာဝန်ရှိသူများက လေဆိပ်၌ လိုက်လံပို့ဆောင် နှုတ်ဆက်ကြသည်။

နိုင်ငံတော်သမ္မတနှင့်ဇနီးတို့နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဦးတင်ဦးလွင်၊ ဦးရဲထွဋ်၊ ဒေါ်သိန်းသိန်းဌေး၊ ဒေါ်စန္ဒာခင်နှင့် တာဝန်ရှိသူများ လိုက်ပါသွားကြသည်။

-------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဘဏ္ဍာရေးကော်မရှင် (၂/၂၀၁၃) ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား





နေပြည်တော် အောက်တိုဘာ ၇

ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ နံနက် ၁၀ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော်ရှိ ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပသည့် ဘဏ္ဍာရေးကော်မရှင် (၂/၂၀၁၃) ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်၍ အမှာစကား ပြောကြားသည်။

ယင်းအစည်းအဝေးသို့ ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသော ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဒုတိယသမ္မတ ဦးဥာဏ်ထွန်း၊ ပြည်ထောင်စုဝန်ကြီး များ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာဘဏ္ဍာရေးကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အဖွင့်အမှာစကား ပြောကြားရာတွင် -

ယနေ့ကျင်းပသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘဏ္ဍာရေးကော်မရှင် (၂/၂၀၁၃) ကြိမ်မြောက် အစည်းအဝေးတွင် ၂၀၁၃-၂၀၁၄ ခုဘဏ္ဍာရေးနှစ် ဖြည့်စွက် ခွင့်ပြုငွေစာရင်း၊ ပြုပြင်ပြီး ရသုံးခန့်မှန်းခြေစာရင်းနှင့် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတို့ကို အတည်ပြုရမည် ဖြစ်ပါကြောင်း၊ မိမိတို့ ဘဏ္ဍာရေးကော်မရှင်က အတည်ပြု ထောက်ခံပြီးပါက ပြည်ထောင်စုအစိုးရအဖွဲ့မှ တစ်ဆင့် ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့သွားမည် ဖြစ်ပါကြောင်း၊ ၂၀၁၃ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကို ၂၉-၃-၂၀၁၃ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းခဲ့ပြီးနောက် ပြည်ထောင်စုအဆင့် ဌာနအဖွဲ့အစည်းများ အနေဖြင့် ၎င်းဥပဒေနှင့်အညီ ဘဏ္ဍာငွေ ရရှိမှု၊ သုံးစွဲမှုများကို အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ရာ ယခုအခါ ပထမ (၆) လတာ ကာလ ကျော်လွန်လာခဲ့ပြီ ဖြစ်ပါကြောင်း၊ ပထမ (၆) လပတ် အကောက်အထည်ဖော် ဆောင်ရွက်နိုင်မှုများကိုလည်း ပြည်ထောင်စု အစိုးရ အဖွဲ့က သုံးသပ်စိစစ်ပြီး ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့သွားမည် ဖြစ်ပါကြောင်း၊ ယခု အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၀ ပါ ဘဏ္ဍာရေးကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် ဘဏ္ဍာရေးဝန်ကြီးဌာနက ရေးဆွဲတင်ပြလာသော ၂၀၁၃-၂၀၁၄ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီး အရအသုံးခန့်မှန်းခြေ စာရင်းကို စိစစ်၍ အတည်ပြုရန် ဖြစ်ပါကြောင်း၊ ပြုပြင်ပြီး အရအသုံး ခန့်မှန်းခြေ စာရင်းကို ရေးဆွဲသည့်အခါ မူလခန့်မှန်းခြေပါ သုံးငွေများထက် မဖြစ်မနေ ပိုမိုသုံးစွဲရန် လိုအပ်သဖြင့် တောင်းခံလာသော ဖြည့်စွက် ခွင့်ပြုငွေများနှင့် ဘဏ္ဍာရေးနှစ်အတွင်း လျော့နည်းသုံးစွဲမည့် သုံးငွေများကို ပေါင်းစပ် တွက်ချက်ပြီးမှ ရေးဆွဲရခြင်း ဖြစ်ပါကြောင်း၊ ယခု ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများက ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှု စုစုပေါင်းကျပ် ၁၉၃၂.၉၉၇ ဘီလီယံအနက် စိစစ်မှုအရ ဖြတ်တောက် လျော့ချခဲ့သည့် ငွေကျပ် ၅၃၈.၈၈၁ ဘီလီယံ ရှိသည်ကို တွေ့ရှိရပါကြောင်း၊ မူလခန့်မှန်းခြေ စာရင်းနှင့် ပြုပြင်ပြီး ခန့်မှန်းခြေစာရင်းကို နှိုင်းယှဉ် ကြည့်လိုက်လျင် ရငွေတွင် ကျပ် ၆၅၄.၉၁၉ ဘီလီယံ တိုးတက်လာ သကဲ့သို့ သုံးငွေတွင် ကျပ် ၅၆၀.၈၉၁ ဘီလီယံ တိုးတက်လာသည်ကို တွေ့ရှိရပြီး မူလလိုငွေ ကျပ် ၂၉၂၆.၇၄၅ ဘီလီယံရှိရာမှ ပြုပြင်ပြီးလိုငွေ ကျပ် ၂၈၈၇.၄၇၉ ဘီလီယံ ဖြစ်ပါကြောင်း၊ မိမိတို့ အစိုးရအနေဖြင့် ဘဏ္ဍာရေးနှစ် (၂) နှစ်ကို ဖြတ်သန်းကျော်လွန်ပြီး ယခုအခါ တတိယမြောက် ဘဏ္ဍာရေးနှစ်၏ ထက်ဝန်ကာလကုန်လွန်ခဲ့ပြီး ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုများ တစ်နှစ်ထက် တစ်နှစ် အရှိန် အဟုန်မြှင့်၍ ဆောင်ရွက်နေရခြင်းကြောင့် နိုင်ငံတော်၏ ဘတ်ဂျက် အနေအထား သည်လည်း အချိုးညီမျှ ဘတ်ဂျက် မဖြစ်နိုင်သေးဘဲ လိုငွေပြ ဘတ်ဂျက်သာ ဖြစ်နေသေး သည်ကို တွေ့ရှိမည် ဖြစ်ပါကြောင်း၊ သို့ရာတွင် မိမိတို့အနေဖြင့် နိုင်ငံတော်၏ မက်ကရို စီးပွားရေး တည်ငြိမ်မှုကို ထိန်းသိမ်းစေရန် အတွက်လည်းကောင်း၊ နိုင်ငံတော် ၏ ကြွေးမြီ ပေးဆပ်နိုင်မှု အခြေအနေကို ထိန်းသိမ်းထားနိုင်ရန်အတွက် လည်းကောင်း၊ ဘတ်ဂျက် လိုငွေကို ဂျီဒီပီတန်ဖိုး၏ ၅% ထက် မကျော်လွန်စေရန် ဂရုပြု၍ ထိန်းသိမ်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်လာသည်နှင့် အမျှ အချိုးညီမျှ ဘတ်ဂျက် ပုံစံ၊ ပိုငွေပြ ဘတ်ဂျက်ပုံစံတို့ ဖြစ်လာအောင် ကြိုးပမ်းကြရမည် ဖြစ်ပါကြောင်း၊ ၂၀၁၃-၂၀၁၄ ခု ဘဏ္ဍာရေးနှစ်အတွက် ရငွေများကို သုံးသပ်ကြည့်သည့် အခါ အခွန်အကောက်ရငွေများ တိုးတက်လာသော်လည်း နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများ၏ ရငွေများ ကျဆင်းလာသည်ကို တွေ့ရပါကြောင်း၊ မိမိတို့ အနေ ဖြင့် နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ၏ ပကတိ အခြေအနေမှန်ကို သုံးသပ်ပြီး လိုအပ်သော ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်သွားကြရမည် ဖြစ်ပါကြောင်း၊ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ အောင်မြင်မှသာ နိုင်ငံတော်သို့ ပေးဆောင်သည့် ဝင်ငွေခွန်၊ နိုင်ငံတော်သို့ ထည့်ဝင်ငွေ များမှာလည်း တိုးတက် လာမည် ဖြစ်ပါကြောင်း၊ ယခုအခါ နိုင်ငံတော်အနေဖြင့် အခွန်စနစ်ပြုပြင် ပြောင်းလဲရေးများ ပြုလုပ်ပြီး အခွန် အကောက်မှ ရငွေကို တိုးမြှင့်လာစေရန် ကြိုးပမ်း ဆောင်ရွက်နှေဆဲ ကာလမှာ နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများ၏ ရငွေသည် နိုင်ငံတော် ဘတ်ဂျက်အတွက် အဓိက နေရာ၌ ပါဝင်နေဆဲ ဖြစ်ပါကြောင်း။

မိမိတို့ဆောင်ရွက်လိုသော ရင်းနှီးမြှုပ်နှံမှု ငွေလုံးငွေရင်း အသုံးစရိတ်များအတွက် နိုင်ငံတော် ဘတ်ဂျက်ဖြင့် လုံလောက်မှု မရှိနိုင်၍ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ခြင်း၊ နိုင်ငံခြား ချေးငွေ၊ ထောက်ပံ့ငွေများ ရယူခြင်းတို့ကိုလည်း ချင့်ချိန်၍ ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံခြား အကူအညီ အထောက်အပံ့ စီမံခန့်ခွဲမှု ဗဟို ကော်မတီနှင့် လုပ်ငန်းကော်မတီများကို ဖွဲ့စည်း ၍ ဆောင်ရွက်လျက် ရှိပါကြောင်း။

ပြည်ထောင်စုနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ၏ ဘဏ္ဍာငွေ ခွဲဝေသုံးစွဲမှု များကိုလည်း တစ်နှစ်ထက်တစ်နှစ် အချိုးအစား ပိုမိုကောင်းမွန်လာစေရန် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုကသုံးသော အသုံးစရိတ်များ အနက် ပညာရေး၊ ကျန်းမာရေးကဲ့သို့ အသုံးစရိတ်များမှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ အားလုံးတွင် ဖြန့်ကျက်အသုံးပြုသော အသုံးစရိတ်များ ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များက ဆောင်ရွက် နိုင်သော လုပ်ငန်းများအား ခွဲဝေသတ်မှတ်ပေးမှုနှင့် ဘတ်ဂျက်သုံးစွဲမှုကို ပိုမိုစနစ်ကျ ဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ တိုင်းဒေသ ကြီး/ ပြည်နယ်များ၏ လိုငွေကိုလည်း ပြည်ထောင်စုက ထောက်ပံ့ငွေ၊ ချေးငွေတို့ဖြင့် ဖြည့်ဆည်း ပေးလျက် ရှိပါကြောင်း။

မိမိတို့အစိုးရအဖွဲ့နှင့် ဘဏ္ဍာရေးကော်မရှင်တို့ အနေဖြင့် ပြည်သူကို ဗဟိုပြုသော အုပ်ချုပ်မှု ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးများကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်စေရန် ပြည်သူများ၏ လက်တွေ့လိုအပ်ချက်၊ နိုင်ငံတော်၏ လိုအပ်ချက်နှင့် ကိုက်ညီစေမည့် အသုံးစရိတ်များကို စိစစ်ခွင့်ပြုနိုင်ရန် ဆောင်ရွက်ရမည့် ဖြစ်ပါကြောင်း၊ သို့သော်လည်း ဘဏ္ဍာငွေ အရ ရှိမှသာ မိမိတို့လိုအပ်သော အသုံးစရိတ်များကို သုံးစွဲနိုင်မည်ဖြစ်သည့် အတွက် အထက်တွင် ပြောကြားခဲ့ သကဲ့သို့ မိမိတို့နိုင်ငံ၏ ရငွေ ရရှိနိုင်မှု အရင်းအမြစ် များကို စေ့စေ့စပ်စပ် ရှာဖွေဖော်ထုတ်၍ ရငွေများ တစ်နှစ်ထက်တစ်နှစ် တိုးတက် ရရှိလာစေရေးကို အထူးကြိုးပမ်း ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မိမိတို့၏ ရငွေ အရင်းအမြစ်များဖြင့် မလုံလောက်သည့်အခါ ပြည်ပ အကူအညီရငွေ၊ ချေးငွေတို့ကို စနစ်တကျ သုံးသပ်၍ လက်ခံဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ချေးငွေများ ရယူရာ တွင်လည်း မိမိနိုင်ငံ၏ စီးပွားရေး အင်အားအရ ပုံမှန်ပြန်လည်ပေးဆပ်နိုင်စွမ်း ရှိ၊ မရှိ၊ တွက်ခြေကိုက်ခြင်း ရှိ၊ မရှိ၊ ရေရှည်တွင် ဖြစ်လာမည့် ကြွေးမြီဝန်ထုပ်ဝန်ပိုး စသည့် အချက်များကို ထည့်သွင်းစဉ်းစား တွက်ချက်ပြီးမှ ရယူကြရမည် ဖြစ်ပါကြောင်း၊

အသုံးစရိတ်များကို ခွဲဝေသုံးစွဲရာတွင် စီမံခန့်ခွဲအုပ်ချုပ်မှုနှင့် လုပ်ငန်း လည်ပတ်မှုတို့နှင့် သက်ဆိုင်သော သာမန် အသုံးစရိတ်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် သက်ဆိုင်သော ငွေလုံးငွေရင်း အသုံးစရိတ်များ၊ ဘဏ္ဍာငွေဖြည့်ဆည်းမှုနှင့် သက်ဆိုင်သော ကြွေးမြီအသုံးစရိတ်များ စသည့် အသုံးစရိတ်များကို အချိုးအစားမျှတအောင် ခွဲဝေချထားရမည် ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မား လာစေရေးအတွက် သာမန်အသုံးစရိတ်ပိုင်းတွင် လက်ရှိအခြေ အနေနှင့် လျော်ညီစွာ ပြင်ဆင်သတ်မှတ်သုံးစွဲနိုင်ရန် ကြိုးပမ်း ဆောင်ရွက်ပေး လျက် ရှိပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှု အသုံစရိတ်တွင် နိုင်ငံတော်ဘတ်ဂျက်မှ သုံးစွဲနိုင်နိုင်မှုအပြင် ပြည်ပအကူအညီ၊ ချေးငွေ၊ ထောက်ပံ့ငွေဖြင့် သုံးစွဲနိုင်မှု၊ အစိုးရ ပုဂ္ဂလိက ပူးတွဲဆောင်ရွက်မှု Public Private Partnership (PPP) တို့ဖြင့် ပေါင်းစပ်၍ ဖြည့်ဆည်း ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ နှစ်စဉ်စီမံကိန်းများ၊ နှစ်လတ်နှင့် နှစ်ရှည်စီမံကိန်းများ၊ ကဏ္ဍအလိုက်နှင့် ဒေသအလိုက် စီမံကိန်း ရည်မှန်းချက် များကို ရရှိစေရန် အထောက်အကူပြုမည့် အသုံးစရိတ်များဖြစ်ရန် လိုအပ်ပါကြောင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေရန် ကုန်ထုတ် လုပ်မှုကို တိုက်ရိုက် အထောက်အကူပြုသော အသုံးစရိတ်များကို ဦးစားပေးရမည် ဖြစ်သကဲ့သို့ ဝင်ငွေ ရရှိစေမည့် ဝန်ဆောင်မှု လုပ်ငန်း အသုံးစရိတ်များ၊ ကုန်သွယ်မှု အသုံးစရိတ်များ တို့ကိုလည်း သုံးစွဲနိုင်ရန် စီစဉ်ပေးရမည် ဖြစ်ပါကြောင်း၊ ပြည်သူတို့၏ အလုပ်အကိုင် အခွင့်အလမ်းများ မြင့်မားလာစေရေး၊ လူမှုဘဝလုံခြုံရေး၊ သဘာဝ ဘေးအန္တရာယ်များ ကာကွယ်စောင့်ရှောက်ရေး၊ ပညာရေး၊ ကျန်းမာရေးအသုံး စရိတ်များကိုလည်း အလေးထား ခွဲဝေ သုံးစွဲပေးရမည် ဖြစ်ပါကြောင်း၊ ထို့အပြင် သုံးစွဲငွေများကို ခွဲဝေပေးသော အသုံးစရိတ် သတ်မှတ်ချက်ဘောင်အတွင်း လုပ်ထုံး လုပ်နည်း၊ စည်းမျဉ်းစည်းကမ်း များနှင့်အညီ အလေအလွင့် မရှိစေဘဲ ထိရောက်စွာ အသုံးပြုရန်နှင့် စာရင်းစစ်ဆေးမှုကို စနစ်တကျ ခံယူနိုင်ရေးအတွက် ပြင်ဆင်ထားရန် လိုအပ်ပါကြောင်း။

ဘဏ္ဍာရေးဝန်ကြီးဌာန အနေဖြင့်လည်း ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုနှင့် ပတ်သက်ပြီး လိုအပ်သော ပြုပြင်ပြောင်းလဲရေးများကို စနစ် တကျ ဆောင်ရွက်နိုင်စေရန် ကမ္ဘာ့ဘဏ် အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အတူတကွ ပူးပေါင်းလုပ်ဆောင်လျက် ရှိပါကြောင်း၊ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု နယ်ပယ်သည် ပြည်ထောင်စု အစိုးရသာမက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအားလုံးနှင့်လည်း သက်ဆိုင်ပြီး ပြည်ထောင်စု လွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များနှင့်လည်း သက်ဆိုင် ပါကြောင်း၊ ဗဟိုအဖွဲ့အစည်းများ ပြည်ထောင်စုဝန်ကြီးဌာနများ အားလုံးနှင့်လည်း သက်ဆိုင်ပါကြောင်း၊ နိုင်ငံတော်၏ ဘတ်ဂျက်သည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု၊ ဂျီဒီပီတိုးတက်မှုတို့အပေါ် ကြီးမားစွာ ထင်ဟပ်နေသကဲ့သို့ မိမိတို့အစိုးရ၏ ရည်မှန်းချက်များ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးသည်လည်း နိုင်ငံတော် ဘတ်ဂျက်အပေါ် တည်မှီနေသည့်အတွက် မိမိတို့အားလုံး ပါဝင် ပူးပေါင်း ဆောင်ရွက် ကြရမည့် ဖြစ်ပါကြောင်း၊

ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာနက စိစစ်တင်ပြလာသော ၂၀၁၃-၂၀၁၄ ခု၊ ဘဏ္ဍာ ရေးနှစ် ပြည်ထောင်စု၏ ပြုပြင်ပြီး အရအသုံး ခန့်မှန်းခြေ ငွေစာရင်းနှင့် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေခွဲဝေ သုံးစွဲရေးဥပဒေကြမ်းတို့ကို ဆွေးနွေးသုံးသပ်၍ အတည်ပြုပေး ကြရန် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်၏ ပြည်ထောင်စု အဆင့် ဖြည့်စွက် ရန်ပုံငွေ တောင်းခံမှုအပေါ် စိစစ်ပြီးစီးမှု အခြေအနေကို တင်ပြမည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း များနှင့် ပြည်ထောင်စုဝန်ကြီး ဌာနများ၏ ၂၀၁၃-၂၀၁၄ ဖြည့်စွက်ရန်ပုံငွေ တောင်းခံမှုကို စိစစ်ခြင်းမပြုမီ ရှေးဦးစွာ ဘဏ္ဍာရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူများနှင့် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ကြိုတင်ညှိနှိုင်း စိစစ်ကြပါကြောင်း၊

ယင်းသို့ ကြိုတင်ညှိနှိုင်း စိစစ်သော်လည်း ဌာနအသီးသီးမှ ဖြည့်စွက်ရန်ပုံငွေ တောင်းခံမှု များနေဆဲဖြစ်ပြီး ပြုပြင်ပြီး ရသုံးခန့်မှန်းခြေငွေ စာရင်းမှာ လိုအပ်သော၊ လိုငွေနှင့် ဂျီဒီပီ အချိုးကို မရရှိနိုင်သည့်အတွက် ၂၀၁၃ ခုနှစ် စက်တင်ဘာ ၂၇ ရက်မှ ၃၀ ရက်အထိ တစ်ဌာနချင်း အလိုက် ခေါ်ယူစိစစ်ခဲ့ပါကြောင်း။

စိစစ်ရာတွင် ဖြည့်စွက်ရန်ပုံငွေ တောင်းခံမှုအတွက် ချမှတ်ထားသော ဘဏ္ဍာရေး မူဘောင် အချက်များ ဖြစ်သည့် မူလခွင့်ပြုငွေလုပ်ငန်း ထဲမှ နောက်ထပ် လိုအပ်သော၊ မပြီးပြတ်သော လုပ်ငန်းရန်ပုံငွေ ဖြစ်စေရန်၊ မူလခွင့်ပြုရန်ပုံငွေ လုပ်ငန်းတွင် မပါသော်လည်း ယခု ဘဏ္ဍာရေးနှစ်အတွင်း မဖြစ်မနေသုံးစွဲရန် လိုအပ်သည့် လုပ်ငန်းဖြစ်ရန်၊ အသုံးပြုမည့် ကာလကျန် ၄၊ ၅ လ အတွင်း သုံးကုန်နိုင်ချေရှိသည့် ရန်ပုံငွေကိုသာ တောင်းခံရန်၊ သုံးငွေပိုမို တောင်းခံမှု ရှိသကဲ့သို့ ဝန်ကြီးဌာန၏ ရငွေများလည်း ပိုမိုရရှိအောင် ဆောင်ရွက်ရန် စသည့် အချက်များအပေါ် ကြိုတင်ရှင်းလင်းပြီး စိစစ်သည့်အတွက် အခက်အခဲမရှိ စိစစ်ပြီးစီးပြီး ဖြစ်ပါကြောင်း၊

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်၏ မူလခန့်မှန်းခြေငွေစာရင်းမှ ရငွေ၊ သုံးငွေ၊ လိုငွေ၊ လိုငွေနှင့် ဂျီဒီပီ အချိုးကိုလည်းကောင်း၊ ယခုဖြည့်စွက် ရန်ပုံငွေ တောင်းခံပြီး ဖြစ်ပေါ်လာသည့် ပြုပြင်ပြီး ရသုံးခန့်မှန်းခြေ ငွေစာရင်းမှ ရငွေ သုံးငွေ လိုငွေ၊ လိုငွေနှင့် ဂျီဒီပီ အချိုးသည်လည်း သတ်မှတ်ထားသော အချိုးအတွင်းဖြစ်သည့် ၄ ဒသမ ၈၇ ရာခိုင်နှုန်း အတွင်း ရောက်ရှိပါကြောင်းဖြင့် ရှင်းလင်း တင်ပြသည်။

ယင်းနောက် ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဌ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဖြည့်စွက်ခွင့် ပြုငွေ တောင်းခံမှုများကို စိစစ်သည့်အခါ အချို့ တိုင်းဒေသကြီးများ အနေဖြင့် မူလခန့်မှန်းခြေပါ အသုံးစရိတ်များနီးပါး ထပ်မံ တင်ပြ တောင်းခံထားခြင်း၊ မူလခန့်မှန်းခြေတွင် ပါဝင်ခြင်း မရှိသော လုပ်ငန်းစီမံကိန်းသစ်များ အတွက် ငွေလုံး ငွေရင်း အသုံး စရိတ် တောင်းခံမှုများ ပါဝင်ခြင်း၊ မူလခန့်မှန်းခြေလိုငွေထက် လိုငွေများ တိုးမြင့်လာခြင်း စသည်တို့ကို သုံးသပ်၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အားလုံးကို တစ်ပြေးညီလျော့ချစေခြင်းမျိုး မဟုတ်ဘဲ အချိုးအစားမျှတအောင် စိစစ်လျော့ချခဲ့ခြင်း  ဖြစ်ပါကြောင်း၊

တိုင်းဒေသကြီး သို့မဟုတ်  ပြည်နယ်များ၏ ပြုပြင်ပြီး အရအသုံးခန့်မှန်းခြေ စာရင်း လိုငွေအပေါ် ပြည်ထောင်စုမှ ထောက်ပံ့ငွေ၊ ချေးငွေ တို့ဖြင့် ဖြည့်ဆည်းသွားမည် ဖြစ်ပါကြောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စ၍ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ၏ ဘဏ္ဍာငွေအရ အသုံး ခွဲဝေမှု (Budget Sharing) အချိုးအစားများကို ယခုထက် ပိုမိုသင့်တင့်မျှတ လာစေရန် သမ္မတရုံးဝန်ကြီးများ ဦးဆောင်၍ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများအား ပေါင်းစပ်ညှိနှိုင်းမှုများ လုပ်ဆောင်ပေးလျက် ရှိပါကြောင်း၊

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ၏ လိုငွေကို ဖြည့်ဆည်းပေးမှု အပါအဝင် ပြည်ထောင်စု၏ ၂၀၁၃-၂၀၁၄ ခု ဘဏ္ဍာရေးနှစ် ပြုပြင်ပြီး အရအသုံးခန့်မှန်းခြေစာရင်း၊ ၂၀၁၃-၂၀၁၄ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတို့ကို အတည်ပြုသင့်ပါကြောင်းဖြင့် ရှင်းလင်းတင်ပြသည်။

ထို့နောက် ဘဏ္ဍာရေးကော်မရှင် အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ဖြည့်စွက်ရန်ပုံငွေ တောင်းခံမှုအပေါ် စိစစ်ခဲ့မှု အခြေ အနေ၊ ၂၀၁၃-၂၀၁၄ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းနှင့် ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်း လဲရေး ဆောင်ရွက်ချက် များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ငွေကြေးသုံးစွဲရာတွင် ဥပဒေနှင့်အညီ၊ ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းနှင့် အညီ စနစ်တကျသုံးစွဲရန်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးခံနိုင်ရေးအတွက် စနစ်တကျ စာရင်းရှင်းလင်းထားရန်၊ လစဉ်ငွေစာရင်းရှင်းတမ်းများ မှန်မှန်ကန်ကန် ဆောင်ရွက် သွားရန်၊ ငွေကြေးကိစ္စများကို အထူးအလေး ထား ဆောင်ရွက်ရန်၊ ငွေကြေးနှင့် ပတ်သက်၍ မသမာမှု၊ အလွဲသုံးမှုများ မဖြစ်စေရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန် ပြောကြား ခဲ့သည်။

 ----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည် နော်ဝေနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ






နေပြည်တော် အောက်တိုဘာ ၇
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တာဝန်ပြီးဆုံး၍ ပြန်လည် ထွက်ခွာတော့မည့် နော်ဝေနိုင်ငံသံအမတ်ကြီး Ms. Katja Christina Nordgaard အား ယနေ့ ညနေ ၄ နာရီခွဲတွင် နိုင်ငံတော်သမ္မတအိမ်တော်ရှိ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ယင်းသို့ တွေ့ဆုံစဉ် အဆွေတော်သံအမတ်ကြီးလက်ထက်တွင် မြန်မာနိုင်ငံနှင့်နော်ဝေ နိုင်ငံတို့၏ ဆက်ဆံရေး ထူးထူးခြားခြားကောင်းမွန်မှု၊ စီးပွားရေး ပိတ်ဆို့မှု များအား နော်ဝေနိုင်ငံက ရုပ်သိမ်းပေးခဲ့မှု၊ မြန်မာနိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနှင့်  ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် နော်ဝေနိုင်ငံက အားတက်သရော ကူညီဆောင်ရွက်ပေးခဲ့မှု၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းစဉ်များတွင်  ဆက်လက်ကူညီ ဆောင်ရွက် ပေးသွားမည့် အခြေအနေများ၊ လျှပ်စစ်၊ သစ်တော၊ စွမ်းအင်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတဦးသိန်းစိန် လက်တွေ့ကျသော ပညာရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက် အမှာစကား ပြောကြား






နေပြည်တော် အောက်တိုဘာ ၇

လက်တွေ့ကျသော ပညာရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့ နံနက်(၈) နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC) ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

အဆိုပါအခမ်းအနားသို့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီဝင်များ၊ ဒုတိယဝန်ကြီးများ၊ မြန်မာ့ဖွံ့ဖြိုး တိုးတက်ရေး အရင်းအမြစ်အဖွဲ့အစည်းနှင့် မြန်မာနိုင်ငံ ပညာရေးဖောင်ဒေရှင်းတို့မှ ပုဂ္ဂိုလ်များ၊ အမျိုးသား အကြံပေးပညာရှင်များ၊ မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့၊ ပညာရှင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အဖွင့်အမှာစကား ပြောကြားရာ၌ မိမိတို့ အစိုးရ စတင်တာဝန်ယူသည့် အချိန်မှစပြီး ဒီမိုကရေစီ နိုင်ငံတော်သစ် ထူထောင်ရေး အတွက် သိသာထင်ရှားသော နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲရေး အခြေခံအုတ်မြစ် များ ချနိုင်ရန် ကြိုးစားအားထုတ်ခဲ့ပါကြောင်း၊ လိုအပ်သော အခြေခံအုတ်မြစ်များ ခိုင်ခိုင်မာမာ ချမှတ်နိုင်ရန်လည်း ပြုပြင်ပြောင်းလဲမှုများကို အစွမ်းရှိသမျှ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်ရာတွင် ပညာရေးပြုပြင်ပြောင်းလဲမှုများလည်း ပါဝင်ခဲ့ပါကြောင်း၊ မည်သည့် အတွက် ပြောင်းလဲသည်ဟုဆိုလျှင် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ယင်းနိုင်ငံ၏ ပညာရေး ဖွံ့ဖြိုးတိုးတက်မှု အပေါ် လုံးဝ အမှီသဟဲပြုနေ၍ပင် ဖြစ်ပါကြောင်း၊ ထို့အတူ ပညာရေးသည် နိုင်ငံနှင့် လူမျိုး၏ အသက်ဝိဥာဉ်၊ ဖွံ့ဖြိုးမှု၏ အခြေခံအုတ်မြစ်၊ လူ့အဖွဲ့အစည်း တည်ငြိမ် အေးချမ်းမှု၏ ဗဟိုဖြစ်ကြောင်းကို မိမိတို့အစိုးရအဖွဲ့အနေဖြင့် ခံယူထား၍ ဖြစ်ပါကြောင်း။

ပညာရေးကဏ္ဍတွင် အခြေခံပညာကဏ္ဍသာမက အဆင့်မြင့်ပညာကဏ္ဍမှာပါ ပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ အခြေခံပညာရေးတွင် မသင်မနေရ မူလတန်း ပညာရေးအစီအစဉ်ကို အစပျိုးဆောင်ရွက်ခြင်း၊ ပညာသင်ဆုနှင့် ပညာသင် ထောက်ပံ့ကြေးများ ချီးမြှင့်ခြင်း၊ ကျောင်းသစ်များ တိုးချဲ့ဖွင့်လှစ်ခြင်းနှင့် ကျောင်းအဆင့်များ တိုးမြှင့်ဖွင့်လှစ်ခြင်း၊ ပညာရေးမှူးရုံး ဖွဲ့စည်းပုံအင်အား တိုးချဲ့ခြင်း၊ ဆရာ၊ ဆရာမများအား ပညာရှင် အဆင့်တိုးမြှင့်ပေးခြင်း၊ ကလေးဗဟိုပြု ချဉ်းကပ် သင်ယူမှုပုံစံဖြင့် လေ့ကျင့် သင်ကြားပေးရန် ဆောင်ရွက်ခြင်း၊ ကိုယ်ပိုင်ကျောင်းများ ဖွင့်လှစ်ခွင့်ပြုခြင်းနှင့် ပညာရေး ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ ဆွေးနွေးပွဲများ ကျင်းပပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း။

ထို့အတူ အဆင့်မြင့်ပညာကဏ္ဍတွင်လည်း နိုင်ငံတကာ အဆင့်မီစေမည့် Quality Assurance စနစ် တည်ထောင်ခြင်း၊ နိုင်ငံတကာ တက္ကသိုလ်များ၊ ပညာရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊ နိုင်ငံတကာ တက္ကသိုလ်များနှင့် ချိတ်ဆက်သော ကွန်ရက်များ မြှင့်တင် ဆောင်ရွက်ခြင်း၊ သင်ကြားရေးမဟာဌာနများ ဖွဲ့စည်းခြင်း၊ အလယ်အလတ် ကျွမ်းကျင်သူ ပညာရှင်များကို အချိန်တိုအတွင်း မွေးထုတ်ရန် အခြားဝန်ကြီးဌာနများ၊ ပြင်ပလုပ်ငန်းရှင်များနှင့် တက္ကသိုလ်များ ပူးပေါင်း၍ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးမှု သင်တန်းများ တိုးချဲ့ ဖွင့်လှစ်ခြင်း၊ ပညာသင်ဆုများ ချီးမြှင့်၍ ထူးချွန်ပညာရှင် မွေးထုတ်ခြင်း၊ တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ရေး စနစ်ပြင်ဆင်ရန် ဆောင်ရွက်နေခြင်း၊ တက္ကသိုလ်ပညာရပ် ဝန်းကျင်ကောင်း ဖန်တီးခြင်း၊ တက္ကသိုလ်ပညာရေးတွင် အကျုံးဝင်ကြသော စီမံခန့်ခွဲ သူများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသူကျောင်းသားများ၏ အရည်အသွေး မြှင့်တင်ခြင်း၊ ပညာရေး ဝန်ဆောင်မှု လုပ်ငန်းများတွင် ပုဂ္ဂလိက ကဏ္ဍမှ ပါဝင်လာနိုင်ရေးအတွက် ဥပဒေများ ပြဋ္ဌာန်းခြင်းနှင့် အင်္ဂလိပ်စာ၊ နိုင်ငံတကာ ဆက်ဆံရေးပညာ၊ ဥပဒေပညာနှင့် စီးပွားရေးပညာ ဘာသာရပ်များ သင်ကြားမှုမြှင့်တင်ခြင်း စသည်တို့ကို ဆောင်ရွက်နေပါကြောင်း။

ထို့အတူ နိုင်ငံသားများ၏ စာရိတ္တကြံ့ခိုင်ရေးအတွက် စာရိတ္တနှင့်ပြည်သူ့နီတိ ဘာသာရပ် ကိုလည်း အခြေခံပညာအတန်းအားလုံးတွင် သင်ကြားပေးနေပါကြောင်း၊ ထိုသို့ သင်ကြား ပေးရာတွင် သင်ကြားပေးသူ ဆရာ၊ ဆရာမများက ကျောင်းသူ၊ ကျောင်းသားများ အတုယူ စံထားလောက်သည့် ကိုယ်ကျင့်တရား ခိုင်မြဲရမည့်အပြင် ဝန်ထမ်းစည်းကမ်းကို လိုက်နာရာ တွင်လည်း စံနမူနာပြဖြစ်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံဝန်ထမ်းများတွင်လည်း ဆရာ၊ ဆရာမ များက အများစုဖြစ်သည့်အတွက် ကျန်ဝန်ထမ်းများအပေါ် ဆရာ၊ ဆရာမများ၏ နမူနာ ကောင်းများက ဖုံးလွှမ်းသွားလျင် ဝန်ထမ်းထုအတွင်း စည်းကမ်းဖောက်မှု၊ လာဘ်ပေး လာဘ်ယူပြုမှု စသည်တို့ ကင်းရှင်းသွားနိုင်ပါကြောင်း၊ ယနေ့ စာရိတ္တနှင့် ပြည်သူ့နီတိ သင်ကြားမှုကို ခံယူခဲ့ပြီး ဆရာ၊ ဆရာမများထံမှ ကောင်းမွန်သော အမူအကျင့်များ ရရှိမှသာ ၎င်းတို့တစ်တွေ နိုင်ငံတာဝန် ထမ်းဆောင်သည့်အခါ စည်းကမ်းပြည့်ဝပြီး လာဘ်ပေးလာဘ်ယူ ကင်းစင်သည့် နိုင်ငံဝန်ထမ်းကောင်းများ ဖြစ်လာနိုင်မည် ဖြစ်ပါကြောင်း။

ပညာရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် ပညာရေးနှင့် သက်ဆိုင်သူအားလုံး ပါဝင် နိုင်ရေး အတွက် အငြိမ်းစားပညာရှင်ကြီးများ၏ အကြံဥာဏ်ကို ဆွေးနွေးပွဲများတွင် အကြိမ်ကြိမ် ကျင်းပရယူခဲ့သည်ကို တွေ့ရမည် ဖြစ်ပါကြောင်း၊ ထို့အပြင် ဦးစီးဌာနအဆင့်၊ ဒေသန္တရအဆင့်၊ အမျိုးသားအဆင့်စသဖြင့် အဆင့်အသီးသီးတွင် ပညာရေးကဏ္ဍမြှင့်တင်ရေး ဆွေးနွေးပွဲများကို ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြင်ပပုဂ္ဂိုလ်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်များစသည့် နယ်ပယ်အသီးသီးက ပါဝင်ဆွေးနွေးခဲ့ကြသည်ကို တွေ့ရမည် ဖြစ်ပါကြောင်း၊ ထို့အတူ ပညာရေးဝန်ကြီးဌာနမှ ဦးဆောင်ပြီး Comprehensive Education Sector Review (CESR) လုပ်ငန်းတွင် ပညာရေး ကဏ္ဍ လေ့လာဆန်းစစ်မှုများ ဆောင်ရွက်ရာ၌ အဆင့် (၂) ကို ရောက်ရှိနေသည်ကို တွေ့ရမည် ဖြစ်ပါကြောင်း။

မိမိတို့အစိုးရလက်ထက်တွင် ပညာရေးပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်အတွင်း အစိုးရ၊ လွှတ်တော်၊ အရပ်ဖက် အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတ်ီများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ မိဘပြည်သူများ အားလုံး တက်ကြွစွာ ပါဝင်ပြီး ပညာရေးဥပဒေများ ရေးဆွဲမှု၊ အကြံဥာဏ်ပြုမှု၊ အကူအညီ ပေးမှုများအား ဆောင်ရွက်နေသည်ကို တွေ့ရသည့်အတွက် များစွာ နှစ်ထောင်းအားရ ဖြစ်မိပါကြောင်း။

နိုင်ငံဖွံ့ဖြိုးမှု၏ အဓိကမဏ္ဍိုင်ဖြစ်သော ပညာရေးကို မိမိတို့ ယခုအခြေအနေလောက်နှင့် ကျေနပ်နေ၍ မဖြစ်ပါကြောင်း၊ နိုင်ငံတကာ စံမီပညာရေးဖြစ်ရေး စဉ်ဆက်မပြတ် ဆောင်ရွက် နေရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရအဖွဲ့၏ တာဝန်ထမ်းဆောင်မှု သက်တမ်း တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြည်သူ့လွှတ်တော် တတိယအကြိမ် ပုံမှန်အစည်းအဝေးသို့ ပြောကြားခဲ့သည့် မိန်ခွန်းတွင် မိမိတို့အစိုးရ မျှော်မှန်းသော အမျိုးသားဖွံ့ဖြိုးတိုးတက်မှုသည် Environmentally Sustainable ဖြစ်ရမည်။ Socially Sustainable ဖြစ်ရမည်။ Economically Sustainable ဖြစ်ရမည်ဆိုသော အခြေခံမူဝါဒကြီး (၃) ရပ်ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ပါသည်ဟု ထည့်သွင်းပြောကြားခဲ့ပါကြောင်း။ ထိုအမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ မူဝါဒ (၃) ရပ်သည် နိုင်ငံတကာတွင် လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေသော ပညာရေးမူဝါဒနှင့် တစ်ထပ်တည်း ဖြစ်ပါကြောင်း၊ အမျိုးသားဖွံ့ဖြိုး တိုးတက်မှု၏ အခြေခံအုတ်မြစ်သည် ပညာရေးဖြစ်ခြင်းကြောင့် ယနေ့မှစ၍ ရှေ့ဆက် ဖော်ဆောင်ရမည့် မြန်မာ့အမျိုးသား ပညာရေးသည် မူဟန်မယွင်း ဖွံ့ဖြိုးတိုးတက်ခြင်းကို ဖော်ဆောင်နိုင်စွမ်းရှိသည့် ပညာရေး (Education for Sustainable Development) ဆိုသည့် နိုင်ငံတကာအဆင့် ခေတ်မီပညာရေး လမ်းကြောင်းပေါ် တက်ပြီး လျှောက်လှမ်းနိုင်မည့် ပညာရေး ဖြစ်ကိုဖြစ်ရမည် ဖြစ်ပါကြောင်း။

၎င်းနှင့်အတူ ထိုစဉ်က ဆက်လက်ပြောကြားခဲ့သည်မှာ Globalization နှင့် ပြတ်ကျန်ခဲ့သော မိမိတို့နိုင်ငံသည် ခေတ်သစ်စနစ်သစ်တွင် နိုင်ငံတကာနှင့် ပိုမိုပေါင်းစည်းရေး ကြိုးပမ်းရာ၌ မိမိတို့ ဘိုးဘွားဘီဘင်များ ထိန်းသိမ်းစောင့်ရှောက်ခဲ့သော တိုင်းရင်းသား အားလုံး၏ ယဉ်ကျေးမှု၊ ရိုးရာဓလေ့၊ ထုံးထမ်းအစဉ်အလာ၊ အနုပညာ၊ သဘင်၊ စာပေ၊ ဂီတ၊ သုခုမ စသော မြန်မာ့တန်ဖိုးများ ပျောက်ပျက် မသွားစေရန် မိမိတို့ တိုင်းရင်းသားအားလုံးတွင် ရှိသည့် မြန်မာ့တန်ဖိုး Soft Power ကို ပိုမိုခိုင်မာအားကောင်းလာအောင် ဆောင်ရွက်ရန် ကြိုးပမ်း သွားရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့၏ ဘိုးဘွားအမွေအနှစ် အစစ်ဖြစ်သော နိုင်ငံနှင့် လူမျိုးကိုချစ်ပြီး မြှင့်တင်လိုစိတ်ကြီးမားမှုနှင့် တန်ဖိုးကြီးမားသော ကိုယ်ပိုင်စကား၊ ကိုယ်ပိုင် စာပေနှင့် ကိုယ်ပိုင်ယဉ်ကျေးမှု အနုပညာတန်ဖိုးများကို အခြားယဉ်ကျေးမှုများက ကျူးကျော် ဝင်ရောက် ဖျက်ဆီးလာလျင် ကြံ့ကြံ့ခံ တွန်းလှန်ပြီး ထိန်းသိမ်းမြှင့်တင်နိုင်သည့် မြန်မာ့ပညာရေးဖြစ်ရန် အရေးတကြီး လိုအပ်သည်ဟု ပြောကြားလိုပါကြောင်း၊ မိမိ၏ ယင်းနှိုးဆော်ချက်သည် ကိုယ်၏ ဘိုးဘွားစဉ်ဆက် ထိန်းသိမ်းပြီး လက်ဆင့်ကမ်းခဲ့သော ဘိုးဘွားအမွေအစစ်များကို ဆက်လက်ထန်းသိမ်း ကာကွယ်မြှင့်တင်ရန်နှင့် တန်ဖိုး မြင့်မားသည့် ဘိုးဘွားအမွေအနှစ်များကို နောက်မျိုးဆက်များအား လက်ဆင့်ကမ်း ပေးရန်နှင့် လက်ဆင့်ကမ်းနိုင်စွမ်း ရှိသည့်သူများ မွေးထုတ်ရန် ဆိုသော သမိုင်းစဉ်ဆက် တည်တံ့လာသည့် ပညာရေး၏ အဓိက ရည်ရွယ်ချက် (၂) ချက်ကို ပေါက်မြောက်အောင် အကောင်အထည် ဖော်ရမည်ဟု ဆိုလိုခဲ့ခြင်း ဖြစ်ပါကြောင်း။

နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် ခွန်အားသစ်များဖြစ်သော ကျောင်းသား ကျောင်းသူများ၏ ထိုးထွင်းကြံဆမှု၊ တီထွင်ဖန်တီးမှု၊ ဆက်စပ်အသုံးချနိုင်မှု၊ ဝေဖန်သုံးသပ်ပြီး မှန်ကန်စွာ ဆုံးဖြတ်နိုင်မှု၊ စနစ်တကျ ပြဿနာဖြေရှင်းနိုင်မှု စသည့် လူ့တန်ဖိုးများ ပြည့်ဝလာပြီး နေ့စဉ်လူမှုဘဝတွင် အသုံးချနိုင်ရေး၊ စာရိတ္တမြင့်မားမှုနှင့် ဥပဒေစည်းကမ်း လေးစား လိုက်နာရေး၊ ကျန်းမာကြံ့ခိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး စသည်တို့ကိုလည်း ပညာရေးက အလေးထား အကောင်အထည် ဖော်ကြရန် လိုအပ် ပါကြောင်း။

ထို့အပြင် ခေတ်မီစီးပွားရေးလုပ်ငန်းများတွင် ဝါသနာပါရာ ကျွမ်းကျင်ရာ စက်မှုလက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆက်သွယ်ရေးတို့တွင် ပါဝင်ဆောင်ရွက်နိုင်ပြီး အနာဂတ် နိုင်ငံတော်ကို ပုံဖော်ရာတွင် ပါဝင်နိုင်သည့် စွမ်းအားစုဖြစ်သော အလယ်အလတ် စီးပွားရေး လုပ်ငန်းရှင်များ ပေါ်ထွန်းရေးကိုလည်း လေ့ကျင့်ပေးရမည် ဖြစ်ပါကြောင်း၊ ထို့အတွက် ထိရောက်သော သင်ရိုးညွှန်းတမ်းများ၊ သင်ထောက်ကူပစ္စည်းများ၊ အခြေခံ အဆောက်အအုံ များနှင့် ခေတ်မီအရည်အသွေး အကဲဖြတ်မှုများဖြင့် လေ့ကျင့်ပေးရန် လိုအပ်ပါကြောင်း၊ ထိုသို့ လေ့ကျင့်ပေးရာတွင် ဆရာ၊ ဆရာမများ၏ အရည်အသွေး မြင့်မားမှု အတွက်လည်း အဖက်ဖက်မှ ပြင်ဆင်ရန် လိုအပ်ပါကြောင်း၊ ထို့အတူ နိုင်ငံတကာ ကျွမ်းကျင်သူ ပညာရှင် များနှင့် နည်းပညာများကိုလည်း ပေါင်းစပ် အသုံးပြုသွားရန် ဖြစ်ပါကြောင်း။

မိမိတို့ ပညာရေးမှ မွေးထုတ်ပေးလိုက်သည့် မျိုးဆက်သစ်များသည် အနာဂတ် ဒီမိုကရေစီ မြန်မာ့လူ့အဖွဲ့အစည်းနှင့် အံဝင်ခွင်ကျ ဖြစ်မည့် နိုင်ငံကြီးသား ပီသသူ၊ ဗလငါးတန် ပြည့်ဝသူ များနှင့် ပညာရပ်တစ်ခုခုကို တတ်သိကျွမ်းကျင်ပြီး တီထွင်ဖန်တီးနိုင်စွမ်း ရှိသူများ ဖြစ်ရန် လိုအပ်ပါကြောင်း၊ မိမိတို့၏ ပညာရေးကဏ္ဍသည် ကောင်းမွန်သော အချက်များ ရှိသကဲ့သို့ အားနည်းချက်များ၊ ချွတ်ယွင်းချက်များ၊ ပြုပြင်ရမည့် အချက်များ များစွာရှိနေပါကြောင်း၊ မူကောင်းပြီး လူလည်းကောင်းအောင် ပြုပြင်ရပါမည်၊ ထို့ကြောင့် ပညာရေးတွင် အတွေ့အကြုံ ရှိသည့် ပညာရှင်များ၏ နိုင်ငံဖွံ့ဖြိုးရေးအတွက် ပညာရေး အခန်းကဏ္ဍကို လက်ရှိ အခြေအနေ ထက် ပိုကောင်းအောင် ဖော်ဆောင်နိုင်မည့် အကြံဉာဏ်များကို ယခု လက်တွေ့ကျသော ပညာရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲတွင် ဖိတ်ခေါ်ဆွေးနွေးရခြင်း ဖြစ်ပါကြောင်း၊ ပညာရှင်ကြီးများ အနေဖြင့် နိုင်ငံဖွံ့ဖြိုးရေးအတွက် မိမိတို့၏ အတွေ့အကြုံများအား အခြေခံသည့် အမြင်များကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးကြရန်၊ ပညာရှင်များ၏ အကြံဉာဏ်ကို စုစည်းပြီး ချက်ချင်း ဆောင်ရွက်ရမည့် လုပ်ငန်းနှင့် ရေရှည် ဆောင်ရွက်ရမည့် လုပ်ငန်းဟူ၍ Action Plan များ ရေးဆွဲရန်အတွက် မြန်မာ့ပညာရေး မြှင့်တင်ရေးအဖွဲ့အစည်း တစ်ခုကို ဖွဲ့စည်းပြီး အမြန်ဆုံး အကောင်အထည်ဖော်သွားမည် ဖြစ်ပါကြောင်း။

ပညာရေးသည် နိုင်ငံသားအားလုံး၏ လက်ရှိနှင့် အနာဂတ်အရေးဖြစ်သည့်အတွက် ယခု ဆွေးနွေးပွဲမှ ရရှိလာသော ရလာဒ်ကောင်းများကို အလေးအနက်ထားပြီး နိုင်ငံဖွံ့ဖြိုးရေး အတွက် ကြိုးပမ်းဆောင်ရွက်ကြရန် ပညာရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက် ခေတ်မီအောင် အကောင်အထည်ဖော် ဆောင်ရွက်နေကြသူ အားလုံးကို ကျေးဇူတင်ရှိပါကြောင်း ပြောကြား လိုပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် အခမ်းအနားကို အစီအစဉ်အတိုင်း ဆက်လက် ကျင်းပခဲ့ကြသည်။

ယနေ့ အခမ်းအနားတွင် စာတမ်းရှင် ဦးဇော်ဌေး (ညွှန်ကြားရေးမှူးချုပ်၊ အဆင့်မြင့်ပညာ ဦးစီးဌာန၊ အောက်မြန်မာပြည်) က ပညာရေးဆိုင်ရာ မူဝါဒစာတမ်းကို လည်းကောင်း၊ စာတမ်းရှင် ဦးသန်းဦး (ပညာရေးဖောင်ဒေးရှင်း အဖွဲ့ဝင်) က အမျိုးသားပညာရေး ဥပဒေနှင့် အခြေခံပညာရေးကဏ္ဍ စာတမ်းကို လည်းကောင်း၊ စာတမ်းရှင် ဒေါက်တာမောင်သင်း (ပါမောက္ခချုပ်၊ မိတ္ထီလာတက္ကသိုလ်) က အမျိုးသား ပညာရေး ဥပဒေနှင့် အဆင့်မြင့် ပညာရေးကဏ္ဍ စာတမ်းကို လည်းကောင်း၊ စာတမ်းရှင် ဦးညီလှငယ် (ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေး လုပ်ငန်း၊ အမျိုးသားအကြံပေး) က အမျိုးသား ပညာရေး ဥပဒေနှင့် နည်းပညာ၊ သက်မွေးပညာရေးနှင့် နိုင်ငံတကာပညာရေးကဏ္ဍ စာတမ်းကို လည်းကောင်း၊ ဒေါက်တာအောင်ထွန်းသက် (နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး ပုဂ္ဂိုလ်) က အမျိုးသား ပညာရေး ဥပဒေနှင့် ကောင်းမွန်သော ပညာရေးစနစ်နှင့် သန့်ရှင်းသော ပညာရေးစနစ်ဖြစ်ရေး စာတမ်းကို လည်းကောင်း၊ စာတမ်းရှင် ဦးတင်ညို (မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင် အဖွဲ့၊ အဖွဲ့ဝင်) က ပညာရေး အရည်အသွေး အာမခံချက် စာတမ်းကို လည်းကောင်း ဖတ်ကြားကြရာ ဒေါက်တာ တင့်ဆွေလတ်၊ ဒေါက်တာဒေါ်ခင်ဆွေမြင့်၊ ဒေါက်တာထူးထူးအောင်၊ ဒေါက်တာ မျိုးသိမ်းကြီး၊ ဒေါက်တာ ဒေါ်မြမြဦး၊ ဒေါက်တာ တင်မောင်သန်း၊ ဒေါက်တာသန်းဇော်မြင့်၊ ဦးလူနီ၊ ဒေါက်တာဒေါ်ခင်မာထွန်း၊ ဒေါက်တာသက်လွင်၊ ဦးအောင်မျိုးမင်း၊ ဒေါက်တာမောင်သိန်း တို့က သက်ဆိုင်ရာ စာတမ်းများနှင့် ပတ်သက်၍ ဆွေးနွေးအကြံပြုခဲ့ကြကြောင်း သိရှိရသည်။

----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာ သရေစည်သူ၊ အဂ္ဂမဟာ သီရိသုဓမ္မ ဦးသိန်းစိန်၏ ကိုယ်ရေးမှတ်တမ်း အကျဉ်း




နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ၁၉၄၅ ခုနှစ် ဧပြီလ ၂၀ ရက် သောကြာနေ့တွင် အဘ ဦးမောင်ဖြိုး၊ အမိ ဒေါ်ခင်ညွန့်တို့မှ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ကျုံကူးကျေးရွာတွင် မွေးဖွားခဲ့သည်။ မွေးချင်း (၃) ယောက်အနက် အငယ်ဆုံးဖြစ်ပြီး အစ်မဖြစ်သူမှာ ဒေါ်ရင်လှိုင်နှင့် အစ်ကိုဖြစ်သူမှာ ဦးထွန်းမြင့်တို့ ဖြစ်သည်။ ဆင်းရဲသော ကျေးလက် မိသားစုဘဝတွင် ရှင်သန်ကြီးပြင်းခဲ့ပြီး မိဘများ၏ အားပေး ထောက်ပံ့မှုဖြင့် ပညာရေးကို ကြိုးစားသင်ယူခဲ့သည်။

မူလတန်းပညာကို ကျုံကူးကျေးရွာရှိ ဆရာ ဦးမောင်ဦးကျောင်း၌ သင်ကြားခဲ့သည်။ အလယ်တန်းပညာရေးကို မိဘများ ဆင်ရဲနွမ်းပါးမှုကြောင့် တစ်နှစ်နောက်ကျမှ တက်ရောက်ခွင့်ရခဲ့ပြီး အလက (၁) ပုသိမ်နှင့် ပြင်ခရိုင် ချောင်းဝ အလယ်တန်းကျောင်းတို့တွင် သင်ကြားခဲ့သည်။ အထက်တန်းပညာရေးအား အထက (၁) ပုသိမ်တွင် တက်ရောက် သင်ကြားခဲ့သည်။ (၁၀)တန်း (ယခုအခေါ် တက္ကသိုလ်ဝင်တန်း)အား သင်ကြားနေစဉ် စာသင်နှစ် နှစ်ဝက်၌ DSA ဝင်ခွင့် ဖြေဆိုအောင်မြင်ခဲ့သည်။

၁၉၆၄ ခုနှစ်တွင် ပြင်ဦးလွင် စစ်တက္ကသိုလ်၊ အပတ်စဉ် (၉) တက်ရောက်ခဲ့ပြီး ၁၉၆၈ ခုနှစ်တွင် B.A (DSA) ဘွဲ့အား ရရှိခဲ့သည်။ စစ်တက္ကသိုလ်မှ သင်တန်းဆင်းပြီး ရှမ်း (၁) တွင် တာဝန်ထမ်းဆောင်နေစဉ် ၁၉၈၆ ခုနှစ်တွင် ဗိုလ်ကြီးအဆင့်သို့ တိုးမြှင့် ခန့်အပ်ခြင်း ခံခဲ့ရသည်။ ၁၉၈၂ ခုနှစ်အထိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ ခမရ (၁၀၉) နှင့် ခလရ (၈၉) တို့တွင် ဗိုလ်မှူးအဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် တပ်ရင်းမှူးအဆင့်ဖြင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့ ခြေလျင်တပ်ရင်းတွင် တာဝန် ထမ်းဆောင် ခဲ့သည်။

၁၉၇၀ ခုနှစ်တွင် ဒေါ်ခင်ခင်ဝင်းနှင့် အိမ်ထောင်ပြုပြီး သမီး (၃) ဦး ထွန်းကားခဲ့သည်။

၁၉၈၈ ခုနှစ် တပ်မတော်မှ တိုင်းပြည်အာဏာ သိမ်းပြီးနောက် ကာကွယ်ရေးဝန်ကြီးဌာန (ကြည်း) တွင် စစ်ဦးစီး ဗိုလ်မှူးကြီးနှင့် စစ်ဆင်ရေးမှူး တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ယင်းနှစ်တွင် ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်း လက်မှတ်ကို ချီးမြှင့်ခြင်းခံရသည်။ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်များ ဖွင့်လှစ်သည့်အခါ မှော်ဘီမြို့နယ်၊ ဖူးကြီး အခြေစိုက် စကခ (၄) တွင် တပ်မမှူးအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် ဗိုလ်မှူးချုပ် ဖြစ်ခဲ့သည်။

၁၉၉၇ ခုနှစ်တွင် တြိဂံဒေသတိုင်း၊ စစ်ဌာနချုပ်တိုင်းမှူးအဖြစ် တိုးမြှင့်ခန့်ထားခြင်း ခံရသည်။ ၁၉၉၇ ခုနှစ်တွင် ဗိုလ်ချုပ်ရာထူး ရရှိခဲ့သည်။

၂၀၀၁ ခုနှစ်တွင် ရန်ကုန်စစ်ရုံးချုပ်၌ စစ်ရေးချုပ် တာဝန်ယူခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး (၂) တာဝန်နှင့် ၂၀၀၄ ခုနှစ်တွင် အတွင်းရေးမှူး (၁) တာဝန်များအား ထမ်းဆောင်ခဲ့သည်။

၂၀၀၇ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးအဖြစ် တိုးမြှင့်ခန့်အပ်ခြင်း ခံရသည်။ ယင်းနှစ် ဧပြီလတွင် ယာယီဝန်ကြီးချုပ် ဖြစ်လာပြီး၊ အောက်တိုဘာလတွင် တရားဝင်ဝန်ကြီးချုပ် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်းဒဏ်ခံ ပြည်သူများထံ အစိုးရအကြီးအကဲ များထဲမှ ပထမဆုံးသွားသူဖြစ်ပြီး အမျိုးသားသဘာဝဘေး ကာကွယ် တားဆီးရေး ဗဟိုကော်မတီ၏ ဥက္ကဋ္ဌတာဝန်ကို ပူးတွဲတာဝန် ထမ်းဆောင်ခဲ့သည်။

၂၄-၄-၂၀၁၀ တွင် ရွေးကောက်ပွဲဝင်ရန်အတွက် စစ်ဘက်ရာထူး ဗိုလ်ချုပ်ကြီးအဖြစ်မှ နုတ်ထွက်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌအဖြစ် ပြောင်းလဲ တာဝန်ယူခဲ့သည်။ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် ဇမ္ဗူသီရိမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့သည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မဲအများဆုံးဖြင့် အနိုင်ရရှိပြီး သမ္မတ ဖြစ်လာခဲ့သည်။

၂၀၁၁ ခုနှစ် သြဂုတ်လ ၁၉ ရက်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့်တွေ့ဆုံ၍ နိုင်ငံတော်၏ အနာဂတ် ဆောင်ရွက်ချက်များ အတွက် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့သည်။

၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအား ပြည်သူများ၏ ဆန္ဒဖြင့် ၎င်း၏အစိုးရသက်တမ်း ကာလအတွင်း ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်သို့ သဝဏ်လွှာပေးပို့ ကတိပြုပြောကြားခဲ့ပြီး မြစ်ဆုံစီမံကိန်း ဆောင်ရွက်နေမှုများကို အမှန်တကယ် ရပ်ဆိုင်းရန် ဆောင်ရွက်ခဲ့ပါသည်။

သံတမန် ဆက်ဆံရေး အေးစက်နေခဲ့သော မြန်မာ-အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေးအား ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စစ် ဟီလာရီ ကလင်တန်၏ မြန်မာနိုင်ငံသို့ အလည်အပတ်ခရီး လာရောက်ခြင်းဖြင့် အဆုံးသတ်နိုင်ခဲ့သည်။

ထို့ပြင် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုသမ္မတ မစ္စတာ ဘားရက်အိုဘားမားသည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သကဲ့သို့ နိုင်ငံတော်သမ္မတ သည်လည်း ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် တစ်ကြိမ်၊ ၂၀၁၃ ခုနှစ် မေလတွင် တစ်ကြိမ် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ခဲ့သည်။

၂၀၁၁ ခုနှစ် မေလ ၁၆ ရက်၊ အောက်တိုဘာလ ၁၁ ရက်၊ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂ ရက်နှင့်၁၂ ရက်၊ ဇူလိုင်လ ၃ ရက်၊ ၂၀၁၃ ခုနှစ် ဧပြီလ ၂၃ ရက်၊ မေလ ၁၇ ရက်နှင့် ဇူလိုင်လ ၂၃ ရက်တို့တွင် ထင်ရှားသော နိုင်ငံရေးအကျဉ်းသားများနှင့် အကျဉ်းသား ပေါင်းများစွာ တို့အား နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ခွင့် ရရေး အတွက် အကြိမ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။

သမ္မတသက်တမ်း ရက် ၁၀၀ အတွင်း ယခင်ကုန်သွယ်မှုကောင်စီကို ဖျက်သိမ်းခြင်း၊ ပို့ကုန် အခွန်ကောက်ခံမှု ရာခိုင်နှုန်းလျော့ချခြင်းမှ လုံးဝကင်းလွတ်ခွင့် ပေးခဲ့ခြင်း အငြိမ်းစား ဝန်ထမ်းတို့၏ ပင်စင်လစာအား ခေတ်ကာလနှင့်အညီ ဖြစ်အောင် တိုးမြှင့်ပေးခြင်း တို့ကို ဆောင်ရွက်ပေးခဲ့ပြီး မှတ်ပုံတင်ကြာမြင့်ယာဉ်များအား ပယ်ဖျက်၍ မော်တော်ယာဉ်များ တင်သွင်းခွင့်ကို အဆင့်ဆင့် ဆောင်ရွက်ပေးခဲ့သည်။

၂၀၁၂ ဧပြီလ ၂၆ ရက်နေ့တွင် TIME မဂ္ဂဇင်း အွန်လိုင်းက စီစဉ်သည့် ၂၀၁၂ ခုနှစ်အတွက် ကမ္ဘာ့သြဇာအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ ရွေးချယ်ရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အမှတ်စဉ် ၆၇ တွင် ရွေးချယ်ဖော်ပြခံရသည်။ ၎င်းအပြင် TIME မဂ္ဂဇင်း၏ Special Report အဖြစ် ရေးသားဖော်ပြခြင်း ခံခဲ့ရသည်။

မြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန်အား တရုတ်နိုင်ငံ ယန်လင်းစိုက်ပျိုးရေးနှင့် သစ်တော တက္ကသိုလ်က မြန်မာနိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး ကြိုးပမ်းအားထုတ်မှုများကြောင့် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ပေးအပ်ခဲ့သည်။

အမေရိကန်နိုင်ငံထုတ် နိုင်ငံခြားရေး ပေါ်လစီ (Foreign Policy) မဂ္ဂဇင်းက ၂ဝ၁၂ ခုနှစ် အတွက် ‘ကမ္ဘာ့ ထိပ်တန်း တွေးခေါ်ရှင် ၁ဝဝ’ 100 Global Thinkers စာရင်းကို နိုဝင်ဘာ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံမှ သမ္မတ ဦးသိန်းစိန်နှင့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့သည် ပူးတွဲပထမ ရရှိခဲ့သည်။

The Inter-national Crisis Group က ၂၀၁၃ ခုနှစ်အတွက် ‘ငြိမ်းချမ်းရေး ကြိုးပမ်းမှုဆု’ In Pursuit of Peace Award ကို မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ဘရာဇီး သမ္မတဟောင်း Luiz Inácio Lula da Silva တို့အား ချီးမြှင့်ခဲ့သည်။

မြန်မာနိုင်ငံသမ္မတ ဦးသိန်း စိန်ကို The Straits Times သတင်းစာက Asian of the Year အဖြစ် ရွေးချယ်ကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

သမ္မတသက်တမ်း တစ်ဝက်ကျော်ကာလအတွင်း အမေရိကန်ပြည်ထောင်စု၏ ပိတ်ဆို့ အရေးယူမှုများ ဖြေလျှော့ပေးသည့် အခြေအနေ သို့ ရောက်ရှိခဲ့ပြီး ဥရောပသမဂ္ဂမှလည်း လက်နက်ရောင်းဝယ်မှုမှအပ ကျန်ပိတ်ဆို့မှု အလုံးစုံကို ဆိုင်းငံ့ပေးခြင်းဖြင့် ပိတ်ဆို့မှုများ ဖယ်ရှားပေးခဲ့သည်။ ထို့ပြင် ၂၀၁၃ ခုနှစ် ဇွန်လတွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) က မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူ ကန့်သတ်မှုများအားလုံးကို ရုပ်သိမ်း ပေးခဲ့ပြီး တင်းပြည့်ကျပ်ပြည့် အဖွဲ့ဝင်နိုင်ငံအဖြစ် ပြန်လည်အသိအမှတ်ပြုခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ကြိုတင်သတ်မှတ်ချက် မထားဘဲ စေ့စပ် ညှိနှိုင်းရေး မူဝါဒဖြင့် ဆောင်ရွက်ခဲ့ရာ ပြည်နယ် အဆင့်၊ ပြည်ထောင်စုအဆင့် သဘော တူညီချက်ပေါင်း ၃၇ ခု ချုပ်ဆိုနိုင်ခဲ့ပြီး မကြာခင်ကာလတွင် တစ်နိုင်ငံလုံး လွှမ်းခြုံသည့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် မျှော်မှန်းထားသည်။ အဆိုပါ လက်မှတ်ရေးထိုးပွဲတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန် စသည့် နိုင်ငံတကာမှ သြဇာရှိ ပုဂ္ဂိုလ်များ တက်ရောက်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန် ထားသည်။

ခေတ်အဆက်ဆက်က တင်ရှိနေသော နိုင်ငံခြားကြွေးမြီများအနက်မှ အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၀၀၀ ကျော် ကိုလည်း လျှော်ပစ်ပယ်ဖျက်ခွင့် ရရှိခဲ့ပြီးဖြစ်သည့်အပြင် ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ODA တို့မှ အတိုးနှုန်း သက်သာသော နှစ်ရှည်ချေးငွေများကိုလည်း ရရှိတော့မည် ဖြစ်သည်။
-------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နယူးဇီလန်နိုင်ငံလွှတ်တော် ဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ






နေပြည်တော် အောက်တိုဘာ ၎

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နယူးဇီလန်နိုင်ငံ လွှတ်တော်ဥက္ကဋ္ဌ Rt. Hon David Carter ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့ နံနက် ၉ နာရီတွင် နိုင်ငံတော်သမ္မတ အိမ်တော်ရှိ သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက သံတမန်ဆက်ဆံမှု နှစ်ပေါင်း ၅၅ နှစ် ကြာမြင့်ခဲ့ပြီဖြစ်သည့် နယူးဇီလန်နိုင်ငံနှင့် ဆက်ဆံရေး တိုးတက်ကောင်း မွန်ရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ နယူးဇီလန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို အစဉ်တစိုက် အားပေးထောက်ခံခဲ့သည့်အတွက်လည်းကောင်း၊ နိုင်ငံတကာ မျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှ ထောက်ခံ ရပ်တည်ပေးခဲ့သည့်အတွက် လည်းကောင်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

နယူးဇီလန် လွှတ်တော်ဥက္ကဋ္ဌက မိမိဦးဆောင်သော အဖွဲ့သည် မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များကို လေ့လာရန် ဦးစားပေး လာရောက်ခြင်းဖြစ်ပါကြောင်း၊ အဆွေတော် သမ္မတကြီးအနေဖြင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် မမျှော်လ့င်သော စိန်ခေါ်မှုများ ရင်ဆိုင်ကြုံတွေ့နိုင်သည်ကို မိမိတို့ မျှော်လင့်ထားပြီး ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေမှု များအပေါ် စိတ်ရင်းစေတနာမှန်ဖြင့် အကူအညီ အထောက်အပံ့များ ဆက်လက် ပေးအပ်သွားမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့ပြင် နယူးဇီလန်နိုင်ငံအနေဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အမြဲတမ်း မဟုတ်သော အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံအား နယူးဇီလန်နိုင်ငံမှ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လူသားချင်းစာနာ ထောက်ထားသော အကူအညီ များ ပေးနေမှု၊ မြန်မာနိုင်ငံ၌ နယူးဇီလန်နိုင်ငံမှ လုပ်ငန်းရှင်များ ဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် ဆောင်ရွက်နေမှု၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယူးဇီလန်နိုင်ငံတွင် ဘွဲ့လွန်ပညာသင်ဆုများ ပေးအပ်လျက်ရှိမှုတို့နှင့် စပ်လျဉ်း၍လည်း ဆွေးနွေး ခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်၊ ဦးစိုးမောင်၊ ဒုတိယဝန်ကြီး ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် နယူးဇီလန်နိုင်ငံ လွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန်နိုင်ငံ သံအမတ်ကြီး တက်ရောက်သည်။

----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတဦးသိန်းစိန် သံတွဲမြို့ရှိ မြို့မိမြို့ဖများ၊ ဟိုတယ်လုပ်ငန်းရှင်များအား တွေ့ဆုံ အမှာစကားပြောကြား







နေပြည်တော် အောက်တိုဘာ ၃
ရခိုင်ပြည်နယ် သံတွဲမြို့၌ ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ နံနက် ၈ နာရီတွင် သံတွဲမြို့ အဏ္ဏဝါရိပ်သာ၌ သံတွဲမြို့မှ ရခိုင်တိုင်းရင်းသား ရပ်မိရပ်ဖများ၊ ကမန် တိုင်းရင်းသား ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ မိမိအနေဖြင့် ရခိုင်ပြည်နယ်တွင် တည်ငြိမ် အေးချမ်းမှု ရရှိနေပြီဟု ယုံကြည်သည့်အတွက် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို လေ့လာရန်၊ ပြည်ထောင်စုအစိုးရ အနေဖြင့် လိုအပ်သည်များ အကူအညီပေးနိုင်ရန် လာရောက်ခြင်းဖြစ်ကြောင်း၊ စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မောင်တောနယ်မြေများသို့ မိမိရောက်နေချိန်တွင် သံတွဲမြို့နယ်အတွင်း သာမန်အငြင်းပွားမှုတစ်ခုမှ စတင်၍ ပဋိပက္ခအချို့ ပေါ်ပေါက်ခဲ့ကြောင်း၊ မိမိခရီးစဉ်နှင့် အချိန်ကိုက် လုပ်ဆောင်ခဲ့သည်ဟုပင် သံသယဖြစ်စရာ အကြောင်းများ ရှိကြောင်း။

မိမိတို့နိုင်ငံတွင် နှစ်ပေါင်း ၆၀ ကျော် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး တစ်ဖက်နှင့် တစ်ဖက် လက်နက်ကိုင် တိုက်ခိုက်ခြင်း အားဖြင့် မည်သူမျှ အနိုင်မရကြကြောင်း၊ တိုင်းပြည်သာ နှစ်နာဆုံရှုံးခဲ့ရကြောင်း၊ ထို့ကြောင့် ယခုအခါ စေ့စပ်ဆွေးနွေးပြီး နိုင်ငံရေး နည်းဖြင့် အဖြေရှာရန် အားလုံးကြိုးပမ်း ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ထိုအချိန်မျိုးတွင် ရခိုင်ပြည်နယ်၌ သာမန် အငြင်းပွားမှု၊ ရာဇဝတ်မှုကို အကြောင်းပြုပြီး လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ အသွင်ဖြစ်အောင် အကြမ်းဖက်မှုများ ကျူးလွန်လာခြင်းကို လက်မခံနိုင်ကြောင်း၊ အကြမ်းဖက်ခြင်းသည် ပြဿနာကို ဖြေရှင်းနိုင်သည့် နည်းလမ်း မဟုတ်ဘဲ ပဋိပက္ခကို ပိုပြီး အရှိန်မြင့်စေသဖြင့် ညှိနှိုင်းဆွေးနွေးခြင်းဖြင့်သာ အဖြေရှာသင့်ကြောင်း။

ရခိုင်တိုင်းရင်းသားများနှင့် ကမန်တိုင်းရင်းသားများသည် နှစ်ပေါင်းများစွာ အေးချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခဲ့ကြောင်း၊ ယခုအချိန်တွင် ဘေးပယောဂများကြောင့် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ရကြောင်း၊ မိမိတို့ ရရှိထားသည့် အထောက် အထားများအရ ကျေးရွာများကို လာရောက်မီးရှို့ ဖျက်ဆီးသူများမှာ ပြင်ပကျေးရွာများမှ လာရောက်သူများ ဖြစ်သည်ဟု သိရကြောင်း။

သွေးထိုးလှုံ့ဆော်သူများနှင့် ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရန်အတွက် အားလုံး ပူးပေါင်း ဆောင်ရွက်ရန် လိုကြောင်း၊ သို့မှသာ ပြဿာနာ အရင်းအမြစ်ကို ရှင်းလင်းနိုင်မည် ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်တွင် တည်ငြိမ်အေးချမ်းမှုနှင့် တရား ဥပဒေစိုးမိုးမှု ရရှိစေရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပေးအပ်ထားသည့် နည်းလမ်းများ အားလုံးကို အသုံးပြုပြီး မဖြစ်မနေ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လူမျိုး၊ ဘာသာ ခွဲခြားမှု မရှိဘဲ တရား ဥပဒေအတိုင်း တိကျစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

တည်ငြိမ်အေးချမ်းမှု မရှိဘဲ ပြည်သူများ စိုးရိမ်ကြောင့်ကျစွာ နေထိုင်နေရသည့် အခြေအနေ၊ အပြန်အလှန်စိုးရိမ်နေရသည့် အခြေအနေကို လက်မခံနိုင်ကြောင်း၊ ပဋိပက္ခများကြောင့် ရခိုင် ပြည်နယ်တွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကျဆင်းခဲ့ရသကဲ့သို့ နိုင်ငံတော် အနေဖြင့်လည်း ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် အသုံးပြုရမည့် ငွေကြေးနှင့် အခြားအရင်းအမြစ်များကို ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် သုံးစွဲခဲ့ရသောကြောင့် ဒေသအတွက် ထိရောက် နစ်နာရပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအပေါ် နိုင်ငံတကာမှ အသိအမှတ်ပြု ချီးကျူးနေချိန်တွင် ယခု ပဋိပက္ခ များကြောင့် နိုင်ငံနှင့် လူမျိုး အပေါ် မျက်နှာပျက်စရာများ ဖြစ်ခဲ့ရကြောင်း၊ တည်ငြိမ်အေးချမ်းမှု မရှိဘဲ ဖွံ့ဖြိုးတိုးတက်မှု မရနိုင်ကြောင်း၊ ဥာဏ်ပညာ၊ အတွေ့အကြုံ ရင့်ကျက်သည့် လူကြီးများက သွေးထိုး လှုံ့ဆော်မှု များ နားမယောင်စေရန်အတွက် လူငယ်များအား သွန်သင်ဆုံးမရန်၊ နောက်ထပ် ပဋိပက္ခများ ထပ်မံ မဖြစ်ပွားရေးအတွက် ဝိုင်းဝန်းထိမ်းသိမ်းရန် လိုကြောင်း။

ငပလီကမ်းခြေသည် ကမ္ဘာတွင် ထင်ရှားကျော်ကြားသည့် နေရာဖြစ်သည့်အတွက် ငပလီ အပါအဝင် သံတွဲဒေသတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်က စီမံချက် ရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ရာ ဒေသခံပြည်သူများကလည်း တည်ငြိမ်အေးချမ်းမှု နှင့် တရားဥပဒေစိုးမိုးမှု ရှိအောင် ကူညီဆောင်ရွက်ရန် လိုအပ်ကြောင်းဖြင့် ဆွေးနွေးပြောကြား သည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် သံတွဲမြို့ရှိ ဟိုတယ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။

အခမ်းအနားတွင် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် ဝင်ရောက်မှု၊ တစ်နိုင်ငံလုံးရှိ ဟိုတယ်နှင့် အခန်းများ အခြေအနေ၊ ရခိုင်ပြည်နယ်ရှိ ခရီးစဉ်ဒေသများ၊ သံတွဲဟိုတယ်ဇုန် တည်ဆောက်ရေးနှင့် ငပလီကမ်းခြေ သာယာလှပရေး ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်း တင်ပြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတက သံတွဲမြို့ရှိ ဟိုတယ်လုပ်ငန်းရှင်များအား ငပလီကမ်းခြေ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော် အစိုးရ၊ လုပ်ငန်းရှင်များနှင့် ဒေသခံများ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်း ပြောကြားပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် နံနက် (၉) နာရီ (၄၅) မိနစ်တွင် အထူးလေယာဉ်ဖြင့် သံတွဲမြို့မှ နေပြည်တော်သို့ ပြန်လည်ထွက်ခွာခဲ့သည်။
---------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် ကျောက်ဖြူမြို့တို့ကို လှည့်လည် ကြည့်ရှုစစ်ဆေး







နေပြည်တော် အောက်တိုဘာ ၃
ရခိုင်ပြည်နယ် စစ်တွေမြို့၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် အောက်တိုဘာ ၂ ရက် နံနက် (၈) နာရီတွင် စစ်တွေမြို့ ဗန္ဓုလရိပ်သာ ဧည့်ခန်းမ၌ စစ်တွေမြို့မှ ရခိုင် တိုင်းရင်းသား မြို့မိမြို့ဖများ၊ အစ္စလာမ် လူမှုရေး ခေါင်းဆောင်များအား သီးခြားစီ တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏ ဆန္ဒနှစ်ခုဖြစ်သော တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးမှု၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်မှုတို့ကို ဖော်ဆောင်ပေးနိုင်ရန် အတွက် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုလုပ်ငန်းစဉ်များကို အစိုးရ တစ်ခုတည်းဖြင့် ဆောင်ရွက်၍ မရနိုင်ကြောင်း၊ ပြည်သူများကပါ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မိမိတို့ ဆောင်ရွက်ခဲ့သည့် ပြုပြင်ပြောင်းလဲမှုများ၏ ရလဒ်အဖြစ် စီးပွားရေး အခွင့်အလမ်းကောင်းများ ပေါ်ပေါက် လာနေပြီ ဖြစ်ကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာပြီး မိမိတို့ လိုအပ်နေသော အရင်းအနှီး၊ နည်းပညာ၊ လူ့စွမ်းအား အရင်းအမြစ်များကို ဖြည့်ဆည်းပေးနိုင်မည့် အခြေအနေ ရှိကြောင်း။

ရခိုင်ပြည်နယ်တွင်လည်း ဖွံ့ဖြိုးတိုးတက်ရန် အခြေခံကောင်းများ ရှိနေပြီဖြစ်ကြောင်း၊ သို့သော် တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှု မရှိဘဲ ဖွံ့ဖြိုးတိုးတက်မှု မရနိုင်သည်ကို သတိပြုရန် လိုကြောင်း။

ထို့ကြောင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်းဝန်းဆောင်ရွက်သကဲ့သို့ တည်ငြိမ်အေးချမ်းရေး အတွက်လည်း ပူးပေါင်းဆောင်ရွက် ရန် လိုကြောင်း၊ သွေးထိုးမြှောက်ပင့်မှုများကို ဉာဏ်အမြော်အမြင်ဖြင့် စဉ်းစားဆင်ခြင် သုံးသပ်ရန်လိုကြောင်း၊ ပြဿနာများကို မှန်ကန်သော နည်းလမ်းဖြင့် ဖြေရှင်းရန် အရေးကြီးကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ခြင်း မရှိပါက အကျိုးထက် အပြစ်က ပိုများမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် စစ်တွေမြို့တွင် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်၍ ဒုက္ခသည်များအား စနစ်တကျ နေရာ ချထားပေးနေမှုနှင့် မြို့တည်ငြိမ်အေးချမ်းလာမှု အခြေအနေကို မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုသည်။

ယင်းနောက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆပ်ကော်မတီဝင် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်က ပြည်နယ်အတွင်း ပဋိပက္ခများ ဖြစ်ပွားခဲ့မှု အခြေအနေ၊ ပြန်လည် တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ခဲ့မှု၊ ဒုက္ခသည် စခန်းများ ဖွင့်လှစ်ထားမှုနှင့် အမိုးအကာအောက် ရောက်ရှိရေး အတွက် နေအိမ် တန်းလျားများ တည်ဆောက်ပြီးစီးမှု၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက် ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက ပြန်လည် ရှင်းလင်း ဆွေးနွေးရာတွင် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေ စိုးမိုးမှုရှိရေး လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေကို သိရှိနိုင်ရန်နှင့် ပြည်ထောင်စုအစိုးရက ကူညီပံ့ပိုး ဆောင်ရွက်ပေးနိုင်သည် များကို ဆောင်ရွက်နိုင်ရန်အတွက် လာရောက်ခြင်း ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်အစိုးရမှ အကောင်အထည်ဖော်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို သိရှိရန် လိုအပ်သကဲ့သို့ ပြည်သူဗဟိုပြု မူဝါဒအရ လုပ်ငန်းဆောင်ရွက်နေမှုများကို သိရှိရန် လိုအပ်ကြောင်း၊ ရခိုင်ပြည်နယ်သည် မြေသြဇာ ကောင်းမွန်သည့် စိုက်ပျိုးမြေများ ရှိမှု၊ ရှည်လျားသော ပင်လယ်ကမ်းရိုးတန်းရှိမှု၊ နယ်စပ်ကုန်သွယ်ရေး တံခါးပေါက်ကို ပိုင်ဆိုင်ထားမှု စသည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အလားအလာကောင်းများကို ပိုင်ဆိုင်ထားကြောင်း၊ ဒေသအလိုက်ကြည့်လျှင် စစ်တွေခရိုင် အနေဖြင့် စစ်တွေ-ပလက်ဝ-ကုလားတန် စီမံကိန်းဖြင့် လည်းကောင်း၊ မြောက်ဦးခရိုင်နှင့် သံတွဲခရိုင်တို့တွင် ခရီးသွားလုပ်ငန်းနှင့် လယ်ယာထွက်ကုန်အခြေခံ စက်မှုကုန်ထုတ်လုပ်ငန်းများဖြင့် လည်းကောင်း၊ ကျောက်ဖြူခရိုင် အနေဖြင့် ရေနက် ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းဖြင့် လည်းကောင်း၊ မောင်တောခရိုင် အနေဖြင့် နယ်စပ်ကုန်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများဖြင့် လည်းကောင်း ဖွံ့ဖြိုးတိုးတက်နိုင်သည့် အခြေအနေကောင်းများ ရှိကြောင်း။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းကို အကောင်အထည်ဖော်ခြင်းအားဖြင့် ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရန်အတွက် လျှပ်စစ်ဓာတ်အား ရရှိမှုသည် အရေးကြီးကြောင်း၊ မိမိတို့အနေဖြင့် ယခင်ကာလကပင် ရခိုင်ပြည်နယ် အတွင်း လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း။

ပြည်နယ်အတွင်း ဆောင်ရွက်နေသည့် ရေအားလျှပ်စစ် စီမံကိန်းနှစ်ခုအနက် စိုင်ဒင် ရေအားလျှပ်စစ်စီမံကိန်းမှာ ငလျင်ကြောပေါ်တွင် ကျရောက်နေသဖြင့် အကောင်အထည် ဖော်ရန် မဖြစ်နိုင်တော့ကြောင်း၊ သူဌေးချောင်း ရေအားလျှပ်စစ် စီမံကိန်းမှာလည်း အောက်ခံမြေသား ခိုင်မာမှု မရှိသဖြင့် တည်ဆောက်ရာတွင် နှောင့်နှေးမှုများ ရှိနေကြောင်း၊ ထို့ကြောင့် ကျောက်ဖြူတွင် ၅၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားစက်ရုံကို တည်ဆောက်ပြီး ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်တွင် မီးလင်းရေးကို ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ အစိုးရ လက်ထက်တွင် ရခိုင်ပြည်နယ် မီးလင်းရေးကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။

သို့သော် ပြီးခဲ့သည့် နှစ်က စတင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်ခဲ့ရကြောင်း၊ ယင်းထိခိုက်မှုသည် ရခိုင်ပြည်နယ်တစ်ခုတည်းသာ မဟုတ်ဘဲ နိုင်ငံတော်အတွက်ပါ ထိခိုက်မှု ဖြစ်ခဲ့ရကြောင်း၊ ထို့ပြင် ဒေသတွင်းနှင့် နိုင်ငံတကာ နယ်ပယ်တွင်ပါ နိုင်ငံ၏ ပုံရိပ်ကို ထိခိုက်စေခဲ့ကြောင်း။

ထို့ပြင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးစွဲရမည့် ငွေကြေးများကို ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အသုံးပြုနေရကြောင်း၊ လက်ရှိအချိန်တွင် ဒုက္ခသည် တစ်သိန်းကျော်အား စားဝတ်နေရေး ထောက်ပံ့ပေးထားရပြီး နေအိမ် တန်းလျား များပါ ဆောက်လုပ်ပေးထားရကြောင်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် နိုင်ငံတော် အထူးရန်ပုံငွေမှ ငွေကျပ် ၅ ဒသမ ၅ ဘီလီယံကျော် အပါအဝင် ၈ ဘီလီယံကျော် ကျခံသုံးစွဲထားရကြောင်း၊ ထို့ကြောင့် ပြည်နယ်ဖွံ့ဖြိုးရေး အတွက် နောက်ထပ် ပဋိပက္ခများ ထပ်မံမဖြစ်ပွားရန် လိုအပ်ကြောင်း၊ ပြည်သူများနှင့်ပူးပေါင်း၍ ဝိုင်းဝန်းတားဆီးသွားကြရန် လိုအပ်ကြောင်းဖြင့် မှာကြားသည်။

နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) နှင့် ဒုတိယဝန်ကြီးများနှင့်အတူ မွန်းလွဲပိုင်းတွင် အထူး လေယာဉ်ဖြင့် ကျောက်ဖြူမြို့သို့ ရောက်ရှိသည်။

ထို့နောက် လေဆိပ်ခန်းမ၌ ကျောက်ဖြူမြို့ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များ၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီဝင်များနှင့် မြို့မိမြို့ဖများအား တွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက ကျောက်ဖြူဒေသ ဖွံ့ဖြိုးတိုးတက်ရေးတွင် အထူး စီးပွားရေးဇုန် စီမံကိန်းသည် အရေးပါကြောင်း၊ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုတွင် အထူး စီးပွားရေးဇုန်များသည် အဓိက အခန်းကဏ္ဍတွင် ပါဝင် သည်ကို လေ့လာတွေ့ရှိနိုင်ကြောင်း၊ စီးပွားရေးဇုန်တွင် နိုင်ငံခြား ကုမ္ပဏီများသာမက တိုင်းရင်းသား လုပ်ငန်းရှင်များလည်း ပါဝင် ရင်းနှီးမြှုပ်နှံနိုင်ကြောင်း။

ကျောက်ဖြူကဲ့သို့ပင် ထားဝယ်နှင့် သီလဝါအထူးစီးပွားရေးဇုန်များကို ဖော်ထုတ်သွားမည် ဖြစ်ကြောင်း၊ အထူး စီးပွားရေးဇုန်ကြောင့် အလုပ်အကိုင် အခွင့်အလမ်းများစွာ ပေါ်ပေါက် လာမည်ဖြစ်ကြောင်း၊ စတင်တည်ဆောက်ချိန်တွင် သာမန် လုပ်သားများစွာ လိုအပ်သကဲ့သို့ လုပ်ငန်းစတင်ချိန်တွင် ကျွမ်းကျင်ပညာရှင် အများအပြား လိုအပ်မည် ဖြစ်ကြောင်း၊ ဒေသတွင်းမှ ဘွဲ့ရ လူငယ်များအနေဖြင့် အဆိုပါ အလုပ်အကိုင်များကို ရရှိနိုင်မည်ဖြစ်ပြီး နည်းပညာများလည်း လွှဲပြောင်းရယူနိုင်မည် ဖြစ်ကြောင်း။

အထူးစီးပွားရေးဇုန် တည်ဆောက်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု၊ လူမှု ပတ်ဝန်းကျင် ထိခိုက်မှုများ မရှိစေရန် အတွက် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျောက်ဖြူမြို့အနေဖြင့် အနာဂတ်ကာလ ဖွံ့ဖြိုး တိုးတက်မည့် အခြေအနေများကို မျှော်မှန်းပြီး မြို့ပြစီမံချက်ကို စနစ်တကျ ကြိုတင် ရေးဆွဲထားရန် လိုအပ်ကြောင်း။

ယခုအချိန်တွင် အထူးစီးပွားရေးဇုန်နှင့် ပတ်သက်ပြီး သတင်းမှားများ ထုတ်လွှင့်ဖြန့်ချိ နေသူများ ရှိသဖြင့် အမြော်အမြင် ကြီးမားစွာဖြင့် သုံးသပ်လုပ်ဆောင်ရန် အနာဂတ် မျိုးဆက်များအတွက် အခြေအနေကောင်းများ ဖန်တီးပေးရန် လိုကြောင်း၊ ကျောက်ဖြူမြို့ မီးလင်းရေးအတွက် လက်ရှိသုံးမဂ္ဂါဝပ်ကို မီးစက်ကြီးဖြင့် ဖြည့်ဆည်းပေး နေကြောင်း၊ နောင်တွင် ၅၀ မဂ္ဂါဝပ် သဘာဝဓါတ်ငွေ့သုံးစက်ရုံဖြင့် ရခိုင်ပြည်နယ် တစ်ခုလုံး မီးလင်းရေးကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။

အထက်ပါ ဖွံ့ဖြိုးတိုးတက်မှုများ ရရှိရန်အတွက် တည်ငြိမ်အေးချမ်းမှုသည် အရေးကြီးဆုံး ဖြစ်ကြောင်း၊ ဖြစ်ပွားခဲ့သည့် ကိစ္စများအတွက် အပြန်အလှန် အပြစ်တင်နေမည့်အစား သင်ခန်းစာ ဖော်ထုတ်ပြီး နောင်ထပ်မံ မဖြစ်ပွားရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန် လိုကြောင်းဖြင့် ရှင်းလင်းပြောကြားပြီး ကျောက်ဖြူမြို့အတွင်း မော်တော်ယာဉ်ဖြင့် လှည့်လည် ကြည့်ရှုသည်။

နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ကျောက်ဖြူမြို့မှတစ်ဆင့် အထူးလေယာဉ်ဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ ညနေပိုင်းတွင် သံတွဲမြို့သို့ ရောက်ရှိသည်။
-----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရခိုင်ပြည်နယ် မြောက်ဦးမြို့၊ ကျောက်တော်မြို့နှင့် မောင်တော မြို့နယ်တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေး






နေပြည်တော်  အောက်တိုဘာ ၃
နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် အဖွဲ့သည် အောက်တိုဘာ ၁ ရက် နံနက်ပိုင်းတွင် နေပြည်တော်မှ လေကြောင်းခရီးဖြင့် ထွက်ခွာပြီး ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိကာ ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်၊ တိုင်းမှူး ဗိုလ်ချုပ်ကိုကိုနိုင်တို့ လိုက်ပါလျက် ရဟတ် ယာဉ်ဖြင့် မြောက်ဦးမြို့သို့ ရောက်ရှိ၍ မြို့တည်ငြိမ်အေးချမ်းမှု အခြေအနေကို မော်တော်ယာဉ် ဖြင့် လှည့်လှည်ကြည့်ရှုကြသည်။

ထို့နောက် မြောက်ဦးမြို့ နဝရတ်ဟိုတယ် ဧည့်ခန်းမ၌ မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲဝင်းနှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှဦး တို့က မြောက်ဦးမြို့သို့ နှစ်အလိုက် ကမ္ဘာလှည့် ခရီးသွားများ လာရောက်မှု အခြေအနေနှင့် လေယာဉ်ကွင်း တည်ဆောက်နိုင်မည့် အခြေအနေ တို့ကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်သမ္မတက ခရိုင်၏ အဓိက စီးပွားရေးလုပ်ငန်းမှာ စိုက်ပျိုး ရေးနှင့် ခရီးသွားလုပ်ငန်း ဖြစ်ကြောင်း၊ ထို့ကြောင့် တစ်သီးအစား နှစ်သီးအထိ စိုက်ပျိုးနိုင်ရေး၊ လယ်ယာထွက်ကုန်များကို အခြေခံသော ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးအောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးမှုရှိမှ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်မည် ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီများနှင့် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်းဖြင့် ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတသည် မြောက်ဦးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် သျှစ်သောင်း (ခေါ်) ရန်အောင်ဇေယျ ပုထိုးတော်ကြီး အား ဖူးမြော်ကြည်ညိုပြီး အလှူငွေများ လှူဒါန်းသည်။

ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ကျောက်တော်မြို့သို့ ရောက်ရှိကြပြီး သမိုင်းဝင် မဟာမုနိ ဗုဒ္ဓရုပ်ပွားတော်ကို ဖူးမြော်ကြည်ညိုကာ ရွှေသင်္ကန်းကပ်လှူ ပူဇော်သည်။

ယင်းနောက် မြို့နယ်ရှိ နဝရတ်ခန်းမ၌ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များ၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီဝင်များ၊ မြို့မိမြို့ဖများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး အစိုးရ၏ မူဝါဒသည် ပြည်သူကို ဗဟိုပြုသော မူဝါဒဖြစ်ကြောင်း၊ ယခင်ကကဲ့သို့ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထက်မှ ချပေးသည့်အတိုင်း လုပ်ဆောင် ရမည့်စနစ် မဟုတ်တော့ကြောင်း၊ အောက်ခြေမှ စတင်ပြီး မိမိတို့ဒေသဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆောင်ရွက်လိုသည့် လုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်း တင်ပြရန် ဖြစ်ကြောင်း။

မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီများနှင့် အုပ်ချုပ်ရေး အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရန်၊ လွှတ်တော် ကိုယ်စားလှယ်များ ကိုလည်း ဖိတ်ကြားပြီး သဘောထားအမြင်များ ဖလှယ်ရန် လိုအပ်ကြောင်း၊ ဌာနဆိုင်ရာ ဝန်ထမ်းများသည် နေရာဒေသအသီးသီးသို့ ပြောင်းလဲတာဝန် ထမ်းဆောင် နေရသည်ဖြစ်ရာ ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်ချက်များကို ဒေသခံများကသာ အသိဆုံးဖြစ်ကြောင်း၊ ထို့ကြောင့် အားလုံးပါဝင် ဆောင်ရွက်ရန် လိုအပ်ကြောင်း။

နိုင်ငံတော်အစိုးရသည် ပြည်သူများ၏ ဆန္ဒသဘောထား နှစ်ရပ်ဖြစ်သည့် တည်ငြိမ် အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှု၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုများကို ဖော်ဆောင် ပေးလျက်ရှိကြောင်း၊ တည်ငြိမ်အေးချမ်းမှု မရှိဘဲ ဖွံ့ဖြိုးတိုးတက်မှု များကို ဖော်ဆောင်၍ မရကြောင်း၊ ပြီးခဲ့သည်နှစ်မှ စတင်၍ ပြည်နယ်အတွင်း ပဋိပက္ခများ ဖြစ်ပွားခဲ့မှုကြောင့် ပြည်နယ်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်ခဲ့ရကြောင်း။

ရခိုင်ပြည်နယ်အတွင် ပဋိပက္ခများသည် ပြည်နယ်အတွက် ဆုံးရှုံးမှုသာ မဟုတ်ဘဲ တစ်နိုင်ငံလုံးအတွက် ထိခိုက်နစ်နာမှု ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ဖြစ်ရပ်များအတွက် အပြန်အလှန် အပြစ်တင်နေမည့်အစား နောက်ထပ် ပဋိပက္ခများ ထပ်မံမဖြစ်အောင် သည်းခံခြင်း၊ စာနာထောက်ထားခြင်း တရားများကို လက်ကိုင်ထား ဆောင်ရွက်ရန် လိုအပ်ကြောင်းဖြင့် ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာသူများက မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေပေးစနစ် တည်ဆောက်ရေးနှင့် လျှပ်စစ်မီး အချိန်ပိုပေးနိုင်ရေးတို့နှင့် စပ်လျဉ်း၍ တင်ပြကြရာ နိုင်ငံတော်သမ္မတက ရေပေးစနစ်အတွက် တွက်ချက်တင်ပြရန် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး လျှပ်စစ်မီးပေးရေးနှင့် ပတ်သက်ပြီး ကျောက်ဖြူတွင် ၅၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံးစက်ရုံ တည်ဆောက်နေမှုနှင့် မိမိတို့ အစိုးရလက်ထက်တွင် ရခိုင်ပြည်နယ် မီးလင်းရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့ပြင် လျှပ်စစ်မီးရရှိရေးအတွက် ရေတို ဖြေရှင်း စီမံဆောင်ရွက်ပေးသည့် အနေဖြင့် ကျောက်တော် မီးစက်အတွက် ဒီဇယ်ဆီခွဲတမ်း ပိုမိုရရှိရေး စီစဉ်ပေးခဲ့သည်။

ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတသည် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် မောင်တောခရိုင်၊ မောင်တောမြို့သို့ ရောက်ရှိသည်။

ထို့နောက် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ရုံးခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး နိုင်ငံတော်သမ္မတက ပြောကြားရာတွင် ပညာရေး ဖွံ့ဖြိုးတိုးတက်မှုသည် အရေးကြီးကြောင်း၊ လူငယ်များကို ပညာသင်ကြားနိုင်သည့် အခွင့်အရေးများ ပေးအပ်ရန် လိုအပ်ကြောင်း၊ တည်ငြိမ် အေးချမ်းမှုမရှိလျှင် ဒေသဖွံ့ဖြိုးတိုးတက်မှု မရှိနိုင်ကြောင်း၊ ပြီးခဲ့သည့် ပဋိပက္ခ များကြောင့် ကုန်သွယ်ရေး၊ စီးပွားရေး အခြေအနေများ ဆုတ်ယုတ်လာခဲ့သည်ကို လက်တွေ့ ခံစားရပြီး ဖြစ်ကြောင်း။

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများသည် ပြည်နယ်အတွက် ဆုံရှုံးမှုသာ မဟုတ်ဘဲ တစ်နိုင်ငံလုံး အတွက် ထိခိုက် နစ်နာမှုဖြစ်ကြောင်း၊ နိုင်ငံတကာတွင် မြန်မာနိုင်ငံအပေါ် ရှုမြင်သည့် ပုံရိပ်ကိုလည်း ထိခိုက်စေခဲ့ကြောင်း၊ နောက်ထပ် ပဋိပက္ခများ မဖြစ်ပွားစေရေး အတွက် နှစ်ဖက်လူ့အသိုက်အဝန်းမှ ခေါင်းဆောင်များ ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း၊ စဉ်းစား တွေးခေါ်မှု ပုံစံအဟောင်းများကို ပြောင်းလဲရမည်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှု ရရှိရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရန် အထောက်အကူပြု အဖွဲ့များနှင့် စည်ပင်သာယာရေးအဖွဲ့များ ပူးပေါင်း ဆောင်ရွက်ရန်လိုကြောင်း၊ မောင်တော်မြို့နယ် အတွင်းရှိ လမ်းများ ပြုပြင်နိုင်ရေး အတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။

ယင်းနောက်နိုင်ငံတော်သမ္မတသည် ဒုက္ခသည်များအတွက် လူနေအိမ်များ ပြန်လည် ဆောက်လုပ်ပေးထားမှုကို ရဟတ်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုပြီး ညနေပိုင်းတွင် စစ်တွေမြို့သို့ ပြန်လည် ရောက်ရှိသည်။

 --------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်







သံတွဲ အောက်တိုဘာ ၂

ရခိုင်ပြည်နယ် စစ်တွေမြို့၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ နံနက် ၈ နာရီတွင် စစ်တွေမြို့ ဗန္ဓုလရိပ်သာ ဧည့်ခန်းမ၌ စစ်တွေမြို့မှ ရခိုင်တိုင်းရင်းသား မြို့မိမြို့ဖများ၊ အစ္စလာမ် လူမှုရေး ခေါင်းဆောင်များအား သီးခြားစီ တွေ့ဆုံ၍ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးကိစ္စရပ်များကို ဆွေးနွေး မှာကြား သည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် စစ်တွေမြို့တွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်၍ ဒုက္ခသည်များအား  စနစ် တကျ နေရာ ချထားပေးနေမှုနှင့်  မြို့တည်ငြိမ်အေးချမ်းလာမှု အခြေအနေကို မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှု သည်။

ယင်းနောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဆပ်ကော်မတီ ဝင်  ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်က  ပြည်နယ်အတွင်း ပဋိပက္ခများ ဖြစ်ပွားခဲ့မှု အခြေအနေ၊ ပြန်လည် တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ခဲ့မှု၊  ဒုက္ခသည် စခန်းများ ဖွင့်လှစ်ထားမှုနှင့် အမိုး အကာအောက် ရောက်ရှိရေး အတွက် နေအိမ်တန်းလျားများ တည်ဆောက်ပြီးစီးမှု၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ  ဆောင်ရွက်ပေးနေမှု အခြေ အနေများကို ရှင်းလင်းတင်ပြပြီး နိုင်ငံတော်သမ္မတက ဒေသတည်ငြိမ်အေး ချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့်ဒေသခံပြည်သူ များ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်သင့် သည်များကို လမ်းညွှန်မှာကြားသည်။

နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့် ဒုတိယ ဝန်ကြီးများနှင့်အတူ မွန်းလွဲပိုင်းတွင် အထူးလေယာဉ်ဖြင့် ကျောက်ဖြူမြို့သို့ ရောက်ရှိသည်။

ထို့နောက်  လေဆိပ်ဧည့်ခန်းမ၌   ကျောက်ဖြူမြို့  ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များ၊ မြို့နယ် စည်ပင် သာယာရေး ကော်မတီဝင်များနှင့် မြို့မိမြို့ဖများ အား တွေ့ဆုံ၍   နိုင်ငံတော်အစိုးရ၏   နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး  ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ ဆောင်ရွက်နေမှု၊ ပြည်သူဗဟိုပြုအုပ်ချုပ်ရေးစနစ် ကို ပြောင်းလဲကျင့် သုံးနေမှု နှင့် ကျောက်ဖြူဒေသ ဖွံ့ဖြိုးတိုးတက် ရေးအတွက်  စီမံကိန်းများချမှတ် ဆောင်ရွက်နေမှု တို့ကို  ရှင်းလင်းပြောကြား ပြီး ကျောက်ဖြူမြို့အတွင်း မော်တော်ယာဉ်ဖြင့် လှည့်လည် ကြည့်ရှုသည်။

နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ကျောက်ဖြူမြို့မှတစ်ဆင့် အထူးလေယာဉ်ဖြင့်   ဆက်လက်ထွက်ခွာခဲ့ရာ ညနေပိုင်းတွင် သံတွဲ မြို့သို့ ရောက်ရှိသည်။
------------------------------------------------------------------------------------------------------------------------------------------------------------------

သံတွဲမြို့ဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက် (၁၆/၂၀၁၃)
၂၀၁၃ ခုနှစ် အောက်တိုဘာလ ၂ ရက်
၁၃၇၅ ခု တော်သလင်းလပြည့်ကျော် ၁၃ ရက်
သံတွဲမြို့ဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

၁။ ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့၌ ဖြစ်ပွားခဲ့သည့် ပြည်သူချင်း အငြင်းပွားမှုဖြစ်စဉ်ကို အကြောင်းပြု၍ ပဋိပက္ခအချို့ ဖြစ်ပေါ်ခဲ့ရပါသည်။ အဆိုပါ ဖြစ်စဉ်များအတွင်း နှစ်ဘက်လုံးမှ ထိခိုက်ဒဏ်ရာရ သေဆုံးမှုအချို့ ရှိသကဲ့သို့ အိုးအိမ်အချို့ ပျက်စီးဆုံးရှုံးခဲ့ရသည်ကို တွေ့ရှိရပါသည်။ အဆိုပါ ထိခိုက်နစ်နာ ဆုံးရှုံးမှုနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတ အနေဖြင့် ထိခိုက်နစ်နာခဲ့သည့် ပြည်သူများနှင့်အတူ ဝမ်းနည်း စိတ်မကောင်း ဖြစ်ရပါသည်။

၂။ နိုင်ငံတည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှုနှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်မှုအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေချိန်တွင် ယခုကဲ့သို့ ပဋိပက္ခများ ဖြစ်ပွားရခြင်းသည် ရခိုင်ပြည်နယ်အတွက်သာမက နိုင်ငံအတွက်ပါ ထိခိုက်ဆုံးရှုံးရခြင်း ဖြစ်ပါသည်။

၃။ နိုင်ငံတော် အစိုးရအနေဖြင့် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ အမြန်ဆုံး အဆုံးသတ်နိုင်ရေး၊ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေးနှင့် မီးလောင် ပျက်စီးဆုံးရှုံးခဲ့ရသော နေအိမ်များကို ပြန်လည်တည်ဆောက်ပေးနိုင်ရေး အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများအနေဖြင့်လည်း ပဋိပက္ခများထပ်မံ မဖြစ်ပွားစေရေးအတွက် တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းကြောင်း ဖော်ပြအပ် ပါသည်။

သတင်းထုတ်ပြန်ရေးအဖွဲ့
------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကိုရီယားနှင့် ဂျာမနီနိုင်ငံတို့သို့ သဝဏ်လွှာများပေးပို့


နေပြည်တော် အောက်တိုဘာ ၃
၂၀၁၃ ခုနှစ် အောက်တိုဘာ ၃ ရက်တွင်ကျရောက်သည့် ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားနေ့၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စ ပတ်ဂွန်ဟေးထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့သည်။

အလားတူ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် ကျရောက်သည့် ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားနေ့၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ ကိုရီးယားသမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဂျောင်ဟုန်ဝန်ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့သည်။

ထို့အတူ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် ကျရောက်သော ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံ၏ ဂျာမန်ပေါင်းစည်းရေးနေ့အခါသမယ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ ပြည်ထောင်စုသမ္မတဂျာမနီနိုင်ငံ သမ္မတ မစ္စတာ ဂျိုဝါကင်း ဂေါက်ခ် ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။

အလားတူ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် ကျရောက်သော ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံ၏ ဂျာမန်ပေါင်းစည်းရေးနေ့ အခါသမယ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ ပြည်ထောင်စုသမ္မတဂျာမနီနိုင်ငံ ဝန်ကြီးချုပ် ဒေါက်တာ အင်ဂျယ်လာ မာကယ်ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။

 ----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရခိုင်ပြည်နယ် မြောက်ဦးမြို့၊ ကျောက်တော်မြို့နယ်နှင့် မောင်တောမြို့နယ်တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေး








နေပြည်တော် အောက်တိုဘာ ၁
နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ဦးဌေးအောင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး လှမင်း၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ လေကြောင်းခရီးဖြင့် ထွက်ခွာရာ နံနက် ၉ နာရီ ၁၀ မိနစ်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိသည်။

ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်၊ တိုင်းမှူး ဗိုလ်ချုပ်ကိုကိုနိုင်တို့ လိုက်ပါလျက် ရဟတ်ယာဉ် ဖြင့် မြောက်ဦးမြို့သို့ ရောက်ရှိပြီး မြို့တည်ငြိမ် အေးချမ်းမှု အခြေအနေကို မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုသည်။

ယင်းနောက် မြောက်ဦးမြို့ နဝရတ်ဟိုတယ် ဧည့်ခန်းမ၌ မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲဝင်းနှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှဦးတို့က မြောက်ဦးမြို့ သို့ နှစ်အလိုက် နိုင်ငံခြားသား လာရောက်လည်ပတ်မှုနှင့် ခရီးသွားလုပ်ငန်း အခြေအနေ၊ ခရိုင်အတွင်း စိုက်ပျိုးမြေ ဧရိယာနှင့် စိုက်ပျိုးထားမှု၊ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်သမ္မတ က ဒေသတည်ငြိမ်အေးချမ်းရေး၊ ပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးရေး အတွက် ဆောင်ရွက်ဖွယ်ရာများကို ဆွေးနွေးမှာကြားခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတသည် မြောက်ဦးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် သျှစ်သောင်း (ခေါ်) ရန်အောင်ဇေယျ ပုထိုးတော်ကြီးအား ဖူးမြော်ကြည်ညိုပြီး အလှူငွေများ လှူဒါန်းသည်။

ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ကျောက်တော်မြို့သို့ ရောက်ရှိကြပြီး သမိုင်းဝင် မဟာမုနိဗုဒ္ဓရုပ်ပွားတော်ကို ဖူးမြော် ကြည်ညိုကာ ရွှေသင်္ကန်းကပ်လှူ ပူဇော်သည်။

ယင်းနောက် မြို့နယ်ရှိ နဝရတ်ခန်းမ၌ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များ၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီဝင်များ၊ မြို့မိမြို့ဖများနှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေး ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်နေမှု၊ မိမိမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကော်မတီဝင် များက ဝိုင်းဝန်းစဉ်းစား ဆွေးနွေး၍ လိုအပ်သည်များကို အဆင့်ဆင့် တင်ပြဆောင်ရွက် သွားရန်လိုအပ်မှု၊ နယ်မြေလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ ပြန်လည် ထူထောင်ရေးနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် ဒေသခံပြည်သူများက ဝိုင်းဝန်း ဆောင်ရွက်ကြရန်တို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာသူများက မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ကို တင်ပြကြရာ နိုင်ငံတော်သမ္မတက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးသည်။

ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတသည် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် မောင်တောခရိုင်၊ မောင်တောမြို့သို့ ရောက်ရှိသည်။

ထို့နောက် ခရိုင်အထွေထွေအုပ်ချုပ်မှူးရုံး ခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး နှင့် ဒေသဖွံ့ဖြိုးရေးတို့အတွက် အတူတကွ ဝိုင်းဝန်းဆောင်ရွက်သင့်သည်များကို ဆွေးနွေးမှာကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် ဒုက္ခသည်များအတွက် လူနေအိမ်များ ပြန်လည် ဆောက်လုပ်ပေးထားမှုကို ရဟတ်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုပြီး ညနေပိုင်းတွင် စစ်တွေ မြို့သို့ ပြန်လည်ရောက်ရှိသည်။

 ------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာ သီရိသုဓမ္မ ဦးသိန်းစိန်ထံမှ ဘာသာကြီးငါးရပ်တို့၏ ဘာသာရေးခေါင်းဆောင်များ တွေ့ဆုံနှီးနှော ဖလှယ်ပွဲသို့ သဝဏ်လွှာပေးပို့


နေပြည်တော် အောက်တိုဘာ ၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာ သီရိသုဓမ္မဦးသိန်းစိန်ထံမှ ဘာသာကြီး ငါးရပ်တို့၏ ဘာသာရေးခေါင်းဆောင်များ တွေ့ဆုံနှီးနှောဖလှယ်ပွဲသို့ သဝဏ်လွှာပေးပို့သည်။ အဆိုပါသဝဏ်လွှာ အပြည့်အစုံ မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

တိုင်းရင်းသားပြည်သူအပေါင်းတို့ ခင်ဗျား-

ယနေ့ကျင်းပသော ဘာသာပေါင်းစုံ တွေ့ဆုံနှီးနှော ဖလှယ်ပွဲသို့ တက်ရောက်လာကြသည့် ဘာသာအသီးသီး မှ ခေါင်းဆောင်ကြီးများနှင့် ကိုယ်စားလှယ်များအားလုံး ကျန်းမာချမ်းသာ ကြစေရန်နှင့် မိမိတို့၏ ဘာသာသာသနာ အကျိုးကို ဆတက်ထမ်းပိုး ကြိုးပမ်းဆောင်ရွက် နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်း နှုတ်ခွန်းဆက်သအပ်ပါသည်။

လေးစားကြည်ညိုရပါသော ဘာသာရေးခေါင်းဆောင်ကြီးများခင်ဗျား-

မိမိတို့ မြန်မာနိုင်ငံသည် ရှေးအစဉ်အဆက်ကပင် ကွဲပြားခြားနားသော ဘာသာရေး ယုံကြည် ကိုးကွယ်မှုများနှင့် အတူ ယှဉ်တွဲနေ ထိုင်လာခဲ့သည့် အစဉ်လာကောင်းသော သမိုင်းကြောင်းများ ရှိခဲ့ပါသည်။ မိမိတို့အစိုးရအနေဖြင့် နိုင်ငံတော် တာဝန်များကို စတင်တာဝန် ထမ်းဆောင်ခဲ့ချိန်မှစ၍ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ ဆန္ဒနှင့်အညီ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး တို့ကို ဖော်ဆောင် ပေး နိုင်ရန်အတွက် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်လျက် ရှိပါသည်။

ထို့အတူ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် စသည့် နိုင်ငံသားများ၏ မူလအခွင့်အရေးများကို နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခံစားရရှိနိုင်ကြရန်အတွက် ဥပဒေ၊ နည်းဥပဒေ များကို ပြင်ဆင် ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ အသစ် ပြဋ္ဌာန်းခြင်းများဖြင့်  ဆောင်ရွက်ပေး လျက်ရှိပါသည်။ သို့သော်လည်း ပြီးခဲ့သည့် ကာလများတွင် သာမန်ရာဇဝတ်မှုများကို အကြောင်းပြု၍ လူ့အသိုင်းအဝိုင်း နှစ်ခုအကြား၊ ဘာသာနှစ်ခုအကြား ပဋိပက္ခများ ဖြစ်ပေါ်အောင် လှုံ့ဆော်ဖန်တီးမှုများ ရှိခဲ့သည်ကို စိတ်မကောင်းဖွယ်ရာ ကြုံတွေ့ခဲ့ရပါသည်။ ထိုသို့ ဘာသာရေး၊  လူမျိုးရေးအပေါ် အခြေခံသည့် မတည်မငြိမ်ဖြစ်မှုများသည် နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ထိခိုက်နှောင့်နှေးစေသည်သာမက နိုင်ငံတကာ အလယ်တွင်လည်း မိမိတို့ နိုင်ငံ၏ ပုံရိပ်ကို ထိခိုက်စေခဲ့ပါသည်။

လေးစားရပါသော ဘာသာရေးခေါင်းဆောင်ကြီးများခင်ဗျား-

ထိုကဲ့သို့သောလူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်စဉ်များ ထပ်မံမဖြစ်ပွားစေရေးအတွက် ဘာသာအသီးသီးမှ ဘာသာရေး ခေါင်းဆောင် ကြီးများ စုစည်းပြီး ဘာသာပေါင်းစုံ  ချစ်ကြည်ညီညွတ်ရေး ကိစ္စများကို အားကြိုးမာန် တက် ဆောင်ရွက်လျက် ရှိကြသည့်အတွက် များစွာ ကျေးဇူးတင် ဝမ်းမြောက်မိပါသည်။ နိုင်ငံတော်အစိုးရ အနေဖြင့်လည်း အဆိုပါ လုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် အပြည့် အဝ ပါဝင်ကူညီဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ဘာသာကြီး ငါးခုတို့၏ လူသားများအတွက် အဓိကရည်မှန်းချက်သည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးပင် ဖြစ်ပါသည်။ အကယ်၍ ပဋိပက္ခ သို့မဟုတ် ပြဿနာတစ်ခုခု ပေါ်ပေါက် လာလျှင်လည်း သစ္စာတရား၊ မေတ္တာတရား၊ ခန္တီတရား လက်ကိုင်ထား၍  ဖြေရှင်း ကြရန်  ဘာသာတရားတိုင်းတွင်  လမ်းညွှန်ချက် ရှိပါသည်။  ဗုဒ္ဓဘာသာ၏ အဓိကဆုံးမမှုတစ်ခုမှာ မဇ္ဈိမပဋိပဒါဆိုသည့် လူသား အားလုံး လောဘအစွန်း၊ ဒေါသအစွန်းသို့ မရောက်ကြဘဲ   အလယ်လမ်းမှလျှောက်ရန် သွန်သင်ဆုံးမမှု ဖြစ်ပါသည်။ ထို့ပြင် ငါ၊ ငါ့ဥစ္စာ အစွဲကို ပယ်ဖျောက် ကြရန်နှင့်ငါစွဲကို ရှေ့တန်းတင်၍ ပြဿနာများကို ဖြေရှင်းလျှင် မည်သည့်ပြဿနာမျှ ပြေလည် နိုင်ကြမည် မဟုတ်ကြောင်းကိုလည်း ဒေသနာတော် များတွင် ဟောကြား ဆုံးမထားပါသည်။ထို့ကြောင့် မိမိတို့အားလုံးအနေဖြင့် အစွန်းရောက်သော အယူအဆများကို ရှောင်ရှား ရန် လိုအပ်ပါသည်။

ဒီမိုကရေစီ၏ ရေသောက်မြစ်ဟု ဆိုနိုင်သော တစ်ဦးတစ်ယောက်ချင်းစီ၏ လွတ်လပ်ခွင့် ဆိုသည်မှာ သူတစ်ပါးကို ထိခိုက်မှုမရှိစေဘဲ လွတ်လပ်ခြင်း၏ အရသာကို အားလုံးခံစား နိုင်ရေးပင် ဖြစ်ပါသည်။ မိမိတို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ တွင်လည်း လွပ်လပ်စွာ ကိုးကွယ် ခွင့်ကို  နိုင်ငံသားများ၏ မူလအခွင့်အရေးအဖြစ် အာမခံချက်အပြည့်အဝဖြင့် ပြဋ္ဌာန်းပေး ထားပြီး ဖြစ်ပါ သည်။ ထို့ကြောင့်မွန်မြတ်သော လွတ်လပ်စွာ ယုံကြည်ကိုးကွယ်မှုကို ခုတုံးလုပ်၍ အစွန်းရောက် အယူအဆ များဖြင့် လုပ်ဆောင်ခြင်း၊ အမုန်းတရားကို တိုးပွားစေသည့် လုပ်ဆောင်ခြင်းများကို ဆောင်ရွက်ခြင်း မပြုကြရန် လိုအပ် ပါသည်။

လေးစားရပါသော ဘာသာရေးခေါင်ဆောင်ကြီးများခင်ဗျား-

မိမိတို့နိုင်ငံ ကဲ့သို့သော တိုင်းရင်းသားပေါင်းစုံနှင့် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊  ယဉ်ကျေးမှု ပေါင်းစုံ စုစည်းတည်ဆောက် ထားသော နိုင်ငံအနေဖြင့် နိုင်ငံသားအားလုံး ပါဝင်သော  ဒီမိုကရေစီ စနစ်သာလျှင် နိုင်ငံတော်၏ ရေရှည် တည်ငြိမ်အေးချမ်းမှုနှင့်   ဖွံ့ဖြိုး တိုးတက် မှုကို  အာမခံနိုင်မည်ဟု ယုံကြည်ပါသည်။ မိမိတို့အချင်းချင်း၏ မတူကွဲပြားမှုများကို လက်ခံအသိ အမှတ်ပြုကြရန် လိုအပ်သကဲ့သို့ အမျိုးသား အကျိုးစီးပွားအတွက် အဆိုပါ ကွဲပြားသော အင်အားများကို စုစည်းပြီး ပေါင်းစည်းအင်အားအဖြစ် အသုံးချနိုင်ရန် ကြိုး ပမ်းဆောင်ရွက် သွားကြရပါမည်။ နိုင်ငံသားများအကြားတွင် သမိုင်းနှင့်ချီ၍ရှိခဲ့သော  လူမှုရေး သဟဇာတဖြစ်မှု အစဉ် အလာကောင်းကို ထိန်းသိမ်းလျက် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် သည့် မြန်မာ့လူ့အဖွဲ့အစည်း၏ ဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက် သွားကြ ရမည် ဖြစ်ပါသည်။

မိမိတို့အနေဖြင့် ပြည်သူအားလုံးကို ကိုယ်စားပြုနိုင်သော မြန်မာ့အမျိုးသားရေး ကြန်အင် လက္ခဏာသစ် တစ်ရပ်ဖြစ်သည့် New National Identity ကို ကြိုးစားတည်ဆောက်သွားကြ ရမည် ဖြစ်ပါသည်။ ကွဲပြားခြားနားမှုများရှိသော်လည်း ခွဲခြားဆက်ဆံမှုများ ပပျောက် သွားအောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

မတူကွဲပြားသော ဘာသာ၊ သာသနာ၊ ကိုးကွယ်မှုများနှင့် တိုင်းရင်းသားလူမျိုးစုများ အနေဖြင့် ကွဲပြားမှုများအပေါ် အပြန်အလှန် နားလည်ရေး၊ သီးခြားတည်ရှိသော ရပိုင်ခွင့်များကို  လေးစားရေး၊ ပဋိပက္ခအသွင် မဆောင်ရေးနှင့်  သဟဇာတ ဖြစ်သော လူမှုအသိုင်းအဝိုင်း ဖြစ်ပေါ်လာစေရေးအတွက် အစိုးရနှင့်အတူ ရဟန်းရှင်လူ ပြည်သူလူထုတစ်ရပ် လုံးက လူမျိုးဘာသာ သာသနာ မခွဲခြားဘဲ တန်းတူရည်တူ ဝိုင်းဝန်းဆောင်ရွက် ပေးကြပါရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။

-------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ လစဉ်ပြောကြားသည့် ရေဒီယိုမိန့်ခွန်း


 (၁-၁၀-၂၀၁၃)

မိဘပြည်သူများ ခင်ဗျား ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိ အခြေအနေများကို မိဘပြည်သူ များထံ ရေဒီယိုမှတစ်ဆင့် အသိပေးပြောကြား နေကျဖြစ်တဲ့အတိုင်း  ယခုလည်း စက်တင်ဘာလအတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု များကို ပြောကြားရခြင်း ဖြစ်ပါတယ်။

ယခုလ ရေဒီယိုကနေ ပြည်သူလူထုထံ ဆက်သွယ်ပြောကြားတဲ့ အစီအစဉ်မှာ ယခင်လက အထူးပြု ပြောကြား ခဲ့တဲ့ ရေရှည်တည်ဆောက်ရမယ့် အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေးနဲ့ တိုက်ရိုက် သက်ဆိုင်တဲ့  ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်တွေကို ဦးစားပေး ပြောကြားသွားမှာ ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ရရှိ ထားတဲ့ နိုင်ငံရေး၊ စီးပွားရေး ဖြစ်ထွန်း တိုးတက်မှုများဟာလည်း  ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်များနဲ့ အခြေခံကျကျ ဆက်နွှယ်နေတဲ့အတွက်  ယခုလမှာ  ကျွန်တော့်အနေနဲ့  ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ ကျွန်တော်တို့ အစိုးရရဲ့ ရပ်တည်ချက်နဲ့ သဘောထားတွေကို ရှင်းလင်း တင်ပြသွားမှာ ဖြစ်ပါတယ်။

ခေတ်အဆက်ဆက်မှာ ငြိမ်းချမ်းရေးတည်ဆောက်မှုကို အစဉ်တစိုက် ကြိုးပမ်းခဲ့ကြ ပါတယ်။ လုပ်ဆောင်မှုပုံစံနှင့် စိတ်စေတနာမှန်ခြင်း၊ မှားခြင်းဆိုတဲ့ ကိစ္စရပ်ကတော့ သမိုင်းက အဆုံးအဖြတ်ပေးတဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ သေချာတဲ့ အရှိတရား တစ်ခုကတော့ လက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းစေပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလား တောင့်တနေတဲ့ ခိုင်မာ၍ ရေရှည်တည်တံ့တဲ့ ပြည်တွင်း ငြိမ်းချမ်းရေး မရရှိသေးတာပဲ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ခေတ်ရဲ့ နိုင်ငံရေး အရှိတရားပဲ ဖြစ်ပါတယ်။

သမိုင်းဖြစ်ရပ်တွေကို အခြေခံတဲ့ လက်တွေ့ သင်ခန်းစာတွေက ညွှန်ပြနေတဲ့ အချက် တစ်ခုကတော့ တိုင်းရင်းသား များ အားလုံးပါဝင်တဲ့  ခိုင်မာ၍ ရေရှည်တည်တံ့မည့် ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်တစ်ရပ် ပိုင်ဆိုင်နိုင်ဖို့ဆိုရင် အပစ်အခတ် ရပ်စဲရေး တစ်ခုတည်းနဲ့ မလုံလောက်ဘဲ လက်နက်ကိုင် ပဋိပက္ခများရဲ့ ဇာစ်မြစ်ဖြစ်တဲ့ ပြဿနာတွေ ကို နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့က အဓိက ဖြစ်တယ်ဆိုသည့် အချက်ပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ အစိုးရလက်ထက်မှာ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ ဖြေရှင်းပြီး ငြိမ်းချမ်းရေး တည်ဆောက်မှု အောင်မြင်ဖို့ စတင်စဉ်းစားတဲ့ ကာလကတည်းက ရှေ့မှာ ပြောကြားခဲ့တဲ့ အရှိတရားတွေကို ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်ပြီး လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်တွေကို အစပြုခဲ့ပါတယ်။

ကျွန်တော်တို့ အစိုးရသစ် စတင်ဖွဲ့စည်းပြီး များမကြာမီမှာ ကျွန်တော့်အနေနဲ့  တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးကို ငြိမ်းချမ်းရေး စားပွဲဝိုင်းကို လာရောက်ဖို့ ကြိုတင်စည်းကမ်း သတ်မှတ်ချက်များမပါဘဲ စိတ်ရင်းစေတနာ သန့်သန့်ဖြင့် ဖိတ်ခေါ်ခဲ့တာ အားလုံးအသိပဲ ဖြစ်ပါတယ်။  အဲဒီဖိတ်ခေါ်ချက်ကို  တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးက အပြုသဘော ဆောင်တဲ့ တုံ့ပြန်မှုများနဲ့ စတင်ခဲ့ပါတယ်။

လိုအပ်ချက်များစွာ၊ စိန်ခေါ်မှုများစွာကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ  ပါဝင်ခဲ့ကြတဲ့  အဖွဲ့အစည်း အသီးသီး၊ လူပုဂ္ဂိုလ် အသီးသီးရဲ့ မှန်ကန်တဲ့ စိတ်ရင်းစေတနာနဲ့ ကျော်လွှားပြီး ယနေ့ရရှိထားတဲ့ ဖြစ်ထွန်းမှုတွေကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေကို အဆင့်ဆင့် အောင်မြင်စွာ ရေးထိုးနိုင်ခဲ့သည့်တိုင် မလွှဲမရှောင်နိုင်ခဲ့တဲ့  ထိတွေ့မှုများ ဖြစ်ပွားခြင်းများ ရှိသလို  တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အချင်းချင်း အဆင့်ဆင့် ညှိနှိုင်းမှုများဖြင့် တိုက်ပွဲပေါင်းများစွာကို ရှောင်လွှဲနိုင်ခဲ့တဲ့ သာဓကများ ရှိတယ်ဆိုတာ ကိုလည်း ပြောကြားလိုပါတယ်။  တိုက်ပွဲကြီး/ ငယ် ဖြစ်ခဲ့ရတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ကိုလည်း ဆွေးနွေးညှိနှိုင်းမှု နည်းလမ်းများနဲ့ စစ်ရှိန်လျှော့ချ နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။  ဒီသာဓကတွေကို ကြည့်ရင်   ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ   တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အပါအဝင်  ပါဝင်ပတ်သက်သူ အားလုံး အနေနဲ့   ငြိမ်းချမ်းရေးရရှိဖို့ ပြင်းပြတဲ့ ဆန္ဒရှိကြတယ်ဆိုတဲ့ အချက်ရယ်၊ လက်တွေ့ အကောင်အထည် ဖော်တဲ့နေရာမှာ စိတ်ရှည်ခြင်း၊ သည်းခံခြင်းနဲ့ ခွင့်လွှတ်ခြင်းတွေကို  အခြေခံပြီး  ညှိနှိုင်းမှုများကို  ဇွဲသန်သန်ဖြင့် လုပ်ဆောင်နိုင်ခဲ့တယ်ဆိုတဲ့ အချက်နှစ်ချက်ကို တွေ့ရမှာပဲ ဖြစ်ပါတယ်။

လိုအပ်ချက် ပေါင်းများစွာနဲ့ အားနည်းချက် ပေါင်းများစွာ ရှိနေတဲ့ကြားက ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်အတွက်   ကြိုးပမ်းအားထုတ်မှုများနဲ့ အဆင့်ဆင့် တက်လှမ်း နိုင်ခဲ့တဲ့  အောင်မြင်မှုများကို  ချိန်ထိုး ကြည့်မယ်ဆိုရင် တစ်ဖက်ကရှိနေတဲ့  လိုအပ်ချက် ပေါင်းများစွာနဲ့ အားနည်းချက်တွေထက် အောင်မြင်မှုများက  များစွာ ကျော်လွန်တဲ့အတွက် ကျွန်တော်တို့နဲ့  ဆွေးနွေးဖက်များဖြစ်တဲ့ တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးရဲ့ ခေါင်းဆောင်များကို လည်းကောင်း၊ တပ်မတော်ကို လည်းကောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးကို လည်းကောင်း ချီးကျူး ဂုဏ်ပြုရမှာ ဖြစ်ပါတယ်။

လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ တိုးတက်မှုတွေအနက် ကျွန်တော့်အနေနဲ့ အားရမှုအရှိဆုံး ရလဒ်ကတော့ မိမိတို့ သဘောအလျောက် ပြည်ထောင်စုအတွင်း ပါဝင်ခြင်းဆိုတဲ့ အခြေခံမူကို ထင်ဟပ်စေတဲ့ ပြည်ထောင်စုမှ ခွဲထွက်ခြင်း မပြုဆိုတဲ့ သဘောထား ရပ်တည်ချက်များကို တိုင်းရင်းသားများ အားလုံးက အခိုင်အမာ ဆုပ်ကိုင်ထားမှုပဲ ဖြစ်ပါတယ်။

အထက်ပါ ဖြစ်ထွန်းမှုတွေကြောင့် မြန်မာနိုင်ငံရဲ့  ငြိမ်းချမ်းရေးဖြစ်စဉ် ပိုမိုခိုင်မာစေဖို့ အတွက် တစ်ပြည်လုံး အတိုင်း အတာ အကျုံးဝင်သော အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် တစ်ရပ်ကို မကြာမီ ကာလ များမှာ ရေးထိုးရန် စီစဉ် ဆောင်ရွက်လျက် ရှိပါတယ်။ ဒီလုပ်ငန်းရပ်ဟာ တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးနဲ့ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် သဘောတူညီချက်များ ရေးထိုးစဉ်က တောင်းဆိုထားတဲ့ အချက်ကို အကောင်အထည် ဖော်ဖို့ အတွက် ဖြစ်ပါတယ်။ အခုလိုရေးထိုးခြင်းဟာ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အပစ်အခတ် ရပ်စဲရေး တစ်ခုတည်းဖြင့် ရပ်တန့်ရန် ကြိုးပမ်းမှု မဟုတ်ဘဲ တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးရဲ့ လိုလားချက်ဖြစ်တဲ့ မိမိတို့နိုင်ငံ၏ လက်နက်ကိုင် ပဋိပက္ခများကို  အခြေခံ  ဇာစ်မြစ်များမှ ဖြေရှင်းနိုင်ရန် အတွက်  နိုင်ငံရေး ဆွေးနွေးပွဲများ  အစပြုနိုင်ရန် ဖြစ်ပါတယ်။

နိုင်ငံရေး ဆွေးနွေးမှုများအတွက် ပိုမိုခိုင်မာတဲ့ အာမခံချက် ရရှိစေဖို့ တစ်ပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး  လက်မှတ်ရေးထိုးပြီးတာနဲ့  တစ်ပြိုင်နက်  နိုင်ငံရေး ဆွေးနွေးပွဲများ အစပြုရန် လိုအပ်မယ့် ပြင်ဆင်မှုတွေ ဖြစ်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ဆိုင်ရာ မူဘောင် (Political  Dialogue  Framework) များ ညှိနှိုင်းခြင်း၊  ရေးဆွဲခြင်းများကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ မူဘောင်ကိစ္စဆိုင်ရာ  ညှိနှိုင်းမှုတွေကို  ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးဗဟို ကော်မတီ၊ လုပ်ငန်းကော်မတီနှင့် တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးတို့ အဆင့်ဆင့် ညှိနှိုင်းရေးဆွဲ၍ သဘောတူညီမှု ရရှိအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ မူဘောင်များ သဘောတူညီချက် ရရှိပြီးတာနဲ့ နိုင်ငံရေး ဆွေးနွေးပွဲများကို အစပြုပြီး တစ်ပြည်လုံး အတိုင်းအတာ လွှမ်းခြုံနိုင်တဲ့ အမျိုးသားအဆင့် ငြိမ်းချမ်းရေးဆိုင်ရာ ညီလာခံ တစ်ရပ် ကျင်းပရန်  ဦးတည်ချက်ထား  လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲများ၊ အမျိုးသားအဆင့် ငြိမ်းချမ်းရေးဆိုင်ရာ ညီလာခံ ကျင်းပခြင်းနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို  ဆွေးနွေးပွဲအဆင့်ဆင့်မှာ မည်သို့မည်ပုံ ကျင်းပမယ်၊  အချိန်ကာလမည်မျှ သတ်မှတ်ထားရှိမယ်၊  ကိုယ်စားလှယ်တွေ  ဘယ်လိုရွေးချယ်မယ်၊ ဘယ်လိုကိစ္စရပ် တွေကို  ဆွေးနွေးမယ်ဆိုတဲ့  လုပ်ငန်းစဉ် အဆင့်ဆင့်ကို  ဆွေးနွေးညှိနှိုင်းမှုများ အပေါ်  အခြေခံ၍ ကျွန်တော့်အနေဖြင့် ပြည်သူလူထု တစ်ရပ်လုံးကို အလျဉ်းသင့်သလို တင်ပြသွားမှာလည်း ဖြစ်ပါတယ်။

ယခုလို ပြင်ဆင်ဆဲကာလမှာ နိုင်ငံတော်သမ္မတ တစ်ဦးအနေဖြင့် ပြောကြားနိုင်တဲ့ သဘောထားနဲ့ ရပ်တည်ချက် ကတော့ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဆိုသည့်အချက်များကို အခြေခံမူများ အဖြစ်ခံယူပြီး အပြုသဘော ဆောင်သည့် နိုင်ငံ တည်ဆောက်ရေး၊ အမျိုးသား စည်းလုံး ညီညွတ်ရေးနှင့်  ငြိမ်းချမ်းရေး ခိုင်မာစေရေးဆိုင်ရာ  နိုင်ငံရေး ဆွေးနွေးမှု များ အားလုံးကို  တံခါးဖွင့်ကြိုဆိုလျက် ရှိကြောင်း ပြောကြားလိုပါတယ်။

အမျိုးသား ပြန်လည် သင့်မြတ်ရေးကို  ရှေးရှုပြီး  ကျွန်တော့် အနေနဲ့  ၈၈  မျိုးဆက် ငြိမ်းချမ်းရေးနှင့်  ပွင့်လင်း လူ့အဖွဲ့အစည်းမှ ခေါင်းဆောင်များနဲ့ စက်တင်ဘာလလယ်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အားလုံး ပါဝင်တဲ့ နိုင်ငံရေး ဖြစ်စဉ်တစ်ရပ်ဖြစ်ဖို့နဲ့ နိုင်ငံရေး ယဉ်ကျေးမှုသစ် ရှင်သန် ခိုင်မာစေဖို့ ကျွန်တော်တို့အနေနဲ့ အစဉ်ရှေးရှု လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက်လို့ ထူးခြားမှု တစ်ရပ်ကတော့ ဒီနှစ်  နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့မှာ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ မြစ်ကြီးနား အစရှိတဲ့ မြို့ကြီးတွေမှာ ငြိမ်းချမ်းရေး ပွဲတော်တွေကို ပြည်သူလူထုရဲ့ အသံ၊  ဆန္ဒတွေကို ထင်ဟပ်ပြီး  ဝိုင်းဝန်းကျင်းပ ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ ငြိမ်းချမ်းရေး လိုချင်တဲ့ဆန္ဒ၊   အထူးသဖြင့်  တိုင်းပြည်တာဝန်ကို ပခုံးပြောင်း ထမ်းဆောင်ကြရမယ့် လူငယ်တွေရဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့ ပြင်းပြတဲ့ဆန္ဒကနေ ပေါက်ဖွားလာတဲ့ တက်ကြွ လှုပ်ရှားမှုတွေ၊ အနုပညာ လှုပ်ရှားမှုတွေကို ကျွန်တော့်အနေနဲ့ အားရကျေနပ်မိပါတယ်။ ပြည်သူလူထု ပါဝင်တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ဟာ အောင်မြင်မှု ရရှိမှာ ဖြစ်တယ်လို့ ကျွန်တော့် အနေနဲ့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ကြိုးစား အကောင်အထည်ဖော် ဆောင်ရွက် လာခဲ့တာမှာ ဒီမိုကရေစီနဲ့ ခွဲခြားလို့ မရစကောင်းတဲ့ လွတ်လပ်ခွင့်ကိုလည်း ကြိုးစား အကောင် အထည်ဖော် ပေးခဲ့တာကို  မိဘပြည်သူများ အသိပင်ဖြစ်ပါတယ်။ လွတ်လပ်ခွင့်တွေထဲက  တစ်ခုဖြစ်တဲ့  မီဒီယာ လွတ်လပ်ခွင့်ကိုလည်း အရှေ့တောင်အာရှ နိုင်ငံ အတော်များများ ထက်ပင် ရှေ့ရောက်နိုင်အောင် တိုးတက်ဖော်ဆောင် ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ လွတ်လပ်ခွင့် ရှိလာတာနဲ့အမျှ တာဝန်ယူမှုလည်း   ပိုမိုတိုးတက်လာဖို့ လိုပါတယ်။ ဒါမှသာ ဘက်ညီ မျှတတဲ့ လူ့ဘောင်ကို  ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ ယခုလို ဒီမိုကရေစီအတွက်  မရှိမဖြစ် လိုအပ်တဲ့  မီဒီယာ လွတ်လပ်ခွင့်ကို မျိုးစေ့ချ ဆောင်ရွက်နေတဲ့ အချိန်မှာ  မီဒီယာ ကျင့်ဝတ်၊ မီဒီယာ စည်းကမ်း များကို လိုက်နာဖို့၊ အခြေအမြစ်မရှိတဲ့ သတင်းတွေ၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်ပုတ်ခတ်မှုတွေ ပြုလုပ်ခြင်းကို ရှောင်ရှား ကြဖို့လည်း ကျွန်တော့် အနေနဲ့  တိုက်တွန်း ပြောကြားလိုပါတယ်။ ယခုလို သမိုင်းဝင်၊ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်ကြီးကို တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက တက်ညီလက်ညီ ကြိုးပမ်း ဆောင်ရွက်ကြရမယ့်  အချိန်အခါမျိုးမှာ  မီဒီယာ လွတ်လပ်ခွင့်ကို ခုတုံးလုပ်ပြီး ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာတွေ၊ မီဒီယာစည်းကမ်းနဲ့ မညီတဲ့ အပြုအမူတွေကို မပြုလုပ်ကြဘဲ အားလုံး စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ ကြိုးပမ်း ဆောင်ရွက်ကြဖို့ လိုပါတယ်။ ကျွန်တော့်အနေနဲ့ ထပ်မံ ပြောကြားလိုတဲ့ အချက်တစ်ချက်ကတော့ ကျွန်တော်တို့ အစိုးရအနေနဲ့ ဆောင်ရွက် အကောင်အထည်ဖော်နေတဲ့ ပြည်သူလူထု ဗဟိုပြု  အုပ်ချုပ်မှုဆိုင်ရာ ပြုပြင် ပြောင်းလဲရေးများနဲ့  ပတ်သက် ပါတယ်။ ကျွန်တော်တို့ အစိုးရအဖွဲ့ တာဝန်ယူမယ့်  ကျန်ရှိတဲ့ အချိန်တွေမှာ ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်ဖို့နဲ့ နိုင်ငံတော်သစ်ကို တည်ဆောက်တဲ့နေရာမှာ ပြည်သူတွေရဲ့ လိုအင်တွေ၊ အင်အားတွေနဲ့ အစိုးရရဲ့ လုပ်ဆောင်မှုတွေကို ဟန်ချက်ညီညီ ပေါင်းစည်းနိုင်ဖို့ အတွက် မြို့မိမြို့ဖတွေ ပါဝင်ဖွဲ့စည်းထားတဲ့ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီတွေကို ပြုပြင် ပြောင်းလဲရေး ဦးဆောင် ကော်မတီအဖွဲ့ဝင် သက်ဆိုင်ရာ ဝန်ကြီးတွေက ပြည်နယ်/တိုင်းဒေသကြီး အားလုံးကို ကွင်းဆင်းသွားရောက်ခဲ့ပြီး ပွင့်ပွင့်လင်းလင်း အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ပါတယ်။ ဒါ့အပြင် ကြုံတွေ့နေရတဲ့ အခက်အခဲ ပြဿနာများကို  ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ခဲ့သလို ပြည်သူလူထု ရဲ့ နေ့စဉ်ဘ၀ဆိုင်ရာ လက်တွေ့ သတင်းအချက်အ လက်တွေကို  ရယူခဲ့ပါတယ်။ ဒီအချက်အလက်တွေ အပေါ်အခြေခံပြီး နောင်ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေ ငွေစာရင်း ရေးဆွဲတဲ့အခါမှာ  ပြည်သူတွေရဲ့  လက်တွေ့ လိုအပ်ချက်၊ နိုင်ငံရဲ့ လိုအပ်ချက်နဲ့ အမှန်တကယ် ကိုက်ညီစေမယ့်  ဘတ်ဂျက်ကို  ရေးဆွဲ အတည်ပြုနိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ပြည်သူလူထု ပါဝင်တာနဲ့အမျှ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ ပိုမိုမြန်ဆန်၊ ထိရောက်၊ အောင်မြင်လာမှာ ဖြစ်တဲ့ အတွက် ဒီဖွဲ့စည်းထားတဲ့ ကော်မတီတွေမှာလည်း စိတ်အားထက်သန်စွာ ပါဝင်အကြံပြု တိုက်တွန်းကြဖို့ ကျွန်တော့် အနေနဲ့ ပန်ကြားလိုပါတယ်။ ယခုလမှာ ကျွန်တော့်အနေနဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ဖြစ်ထွန်း တိုးတက်မှုများ၊ သဘောထား ရပ်တည်ချက်များကို ပြည့်ပြည့်စုံစုံ ရှင်းလင်းတင်ပြနိုင်တဲ့ အတွက် အားရကျေနပ်မိသလို ကျွန်တော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို စိုးရိမ် စိတ်တွေ၊ သံသယတွေ၊ မယုံကြည်မှုတွေ ရှိနေရင်လည်း လုံလောက်တဲ့ ရှင်းလင်းမှုတွေ ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ငြိမ်းချမ်းရေး တည်ဆောက်မှုနဲ့ ပတ်သက်လို့ ရှေ့မှာပြောကြားခဲ့တဲ့အတိုင်း ပါဝင်ပတ်သက်သူ အသီးသီးရဲ့  စိတ်ရင်း စေတနာကိုအခြေခံတဲ့ ယုံကြည်မှုဖြင့်သာ တည်ဆောက်ထားရတဲ့ အတွက် အစိုးရ၊ လွှတ်တော်များ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေး အင်အားစု အသီးသီး၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ စီးပွားရေး အသင်းအဖွဲ့များ၊ လူမှုရေး၊ ဘာသာရေး အသင်းအဖွဲ့များ၊ တပ်မတော်နဲ့ ပြည်သူလူထု တစ်ရပ်လုံးပါဝင်မှသာ ငြိမ်းချမ်းရေး တည်ဆောက်မှုမှာ အောင်မြင်မှု ရရှိမှာ ဖြစ်ပါတယ်။ လက်ရှိ အခြေအနေမှာ ကျွန်တော်တို့ နိုင်ငံသား တစ်ဦးချင်းစီ ပူးပေါင်းပါဝင်တဲ့ အမျိုးသားရေး အင်အားစု တစ်ရပ် တည်ဆောက်နိုင်မယ် ဆိုပါက မိမိတို့အားလုံး ရယူပိုင်ဆိုင်လိုတဲ့ ခိုင်မာ၍ ရေရှည် တည်တံ့သော ငြိမ်းချမ်းရေး ရရှိနိုင်မှာ ဖြစ်ကြောင်း အလေးထား ပြောကြားလိုပါတယ်။ ကျွန်တော့် အနေနဲ့ကတော့  ကျွန်တော်တာဝန်ယူထားတဲ့  သက်တမ်း အတွင်းမှာ ပြည်တွင်းငြိမ်းချမ်းရေး ရရှိအောင်၊ ပြည်သူတွေရဲ့ လူမှုစီးပွားဘ၀  ပိုမိုတိုးတက် ကောင်းမွန် လာအောင် နောင်အနာဂတ် မျိုးဆက်တွေ အတွက်ပါ ပိုမို ကောင်းမွန်ပြည့်စုံတဲ့ ဘ၀တွေ ပိုင်ဆိုင် လာကြဖို့ အတွက်  ရေရာသေချာတဲ့ အနာဂတ်တစ်ခုကို ရှေးရှုပြီး တစိုက် မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

မိဘပြည်သူများ ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။

--------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတဦးသိန်းစိန် တရုတ်နိုင်ငံ နှစ်ပတ်လည်နေ့ သဝဏ်လွှာများပေးပို့


နေပြည်တော် အောက်တိုဘာ ၁

၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် ကျရောက်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ  တည်ထောင်သည့် (၆၄)နှစ်မြောက် နှစ်ပတ်လည် အခါသမယ၌ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။

အလားတူ ၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် ကျရောက်သော တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်သည့် (၆၄) နှစ်မြောက် နှစ်ပတ်လည် အခါသမယ၌ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် မစ္စတာ လီခချန်း ထံသို့  ဝမ်းမြောက်ကြောင်း  သဝဏ်လွှာ ပေးပို့သည်။

--------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

 

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အပြည်ပြည်ဆိုင်ရာ ချေးငွေ/ ထောက်ပံ့ကူညီမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြမှု အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြား






နေပြည်တော် စက်တင်ဘာ ၃၀

နိုင်ငံခြားအကူအညီ အထောက်အပံ့ စီမံခန့်ခွဲရေး ဗဟိုကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံတော်သမ္မတ အိမ်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံခြားအကူအညီ အထောက်အပံ့ စီမံခန့်ခွဲရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်တက်ရောက်၍ အမှာစကား ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံခြားအကူအညီ အထောက်အပံ့စီမံခန့်ခွဲရေး ဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

ရှေးဦးစွာ နိုင်ငံခြားအကူအညီ အထောက်အပံ့ စီမံခန့်ခွဲရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အဖွင့်အမှာစကား ပြောကြားရာတွင်- မိမိတို့ နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လှုမှုရေးနှင့် အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုများကြောင့် နိုင်ငံတကာ ဆက်ဆံရေး တိုးတက်ကောင်းမွန်လာပြီး ဖွံ့ဖြိုးမှု မိတ်ဖက်နိုင်ငံများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပြည်တွင်းပြည်ပ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် နိုင်ငံခြားအကူအညီ အထောက်အပံ့များနှင့် ဖွံ့ဖြိုးမှု အကူအညီ ချေးငွေများ တိုးတက် စီးဝင်လျက် ရှိပါကြောင်း။

ပထမအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ (၁၉)ရက်နှင့် (၂၀) ရက်တို့ တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး နေပြည်တော် သဘောတူညီချက် (Nay Pyi Taw Accord ) ကို ထုတ်ပြန်နိုင်ခဲ့ ပါကြောင်း။ ပဲရစ် ကြေငြာချက် စည်းမျဉ်းစည်းကမ်းများဖြစ်သော အကူအညီရယူသည့် နိုင်ငံ၏ ဦးဆောင်မှု၊ နိုင်ငံ၏ လိုအပ်ချက်နှင့် လိုက်လျော ညီထွေဖြစ်မှု၊ သဟဇာတဖြစ်မှု၊ အကျိုးရလဒ်ကောင်း ရရှိရေးအတွက် အလေးထား ဆောင်ရွက် ကြမည် ဖြစ်ပါကြောင်း။

ပထမအကြိမ် မြန်မာနိုင်ငံဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်တွင် စီးပွားရေးနှင့်  လူမှုရေး ပြုပြင်ပြောင်းလဲမှု မူဘောင်နှင့်  ကာလတို၊ ကာလရှည် စီမံကိန်းများကို ချပြ ဆွေးနွေးခဲ့ကြပြီး ဖွံ့ဖြိုးမှု မိတ်ဖက်နိုင်ငံများနှင့် အဖွဲ့အစည်း များက မြန်မာနိုင်ငံ၏ ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြပါကြောင်း။

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု မူဝါဒဆိုင်ရာ ကိစ္စများကို ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့နှင့် ဆွေးနွေး ညှိနှိုင်းကာ နိုင်ငံခြား အကူအညီ အထောက်အပံ့များ၊ ချေးငွေများနှင့် နည်းပညာ အထောက်အပံ့များကို လိုသောနေရာတွင် နေရာမှန်၊ လူမှန် သုံးစွဲနိုင်ရန် လိုအပ် ပါကြောင်း။

နိုင်ငံတကာနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများက အကူအညီများကို ရယူရာတွင် ထိရောက်ပြီး ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်မှု အတွက် စနစ်တကျ အသုံးပြုနိုင်ရေးအတွက် (၃) ဖွဲ့ ဖွဲ့စည်းဆောင်ရွက်လျက် ရှိပါကြောင်း။ နိုင်ငံခြား အကူအညီ အထောက်အပံ့ စီမံခန့်ခွဲရေး ဗဟိုကော်မတီအောက်တွင် နိုင်ငံခြားအကူအညီ အထောက်အပံ့များ စီမံခန့်ခွဲရေး လုပ်ငန်းကော်မတီနှင့် အမျိုးသား စီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီတို့ကို ဖွဲ့စည်းထားရှိပါကြောင်း။ ဗဟိုကော်မတီအနေဖြင့် မူဝါဒများ ချမှတ် လမ်းညွှန်ပြီး ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်စေခဲ့ပါကြောင်း။ လုပ်ငန်းကော်မတီ အနေဖြင့် နိုင်ငံခြား အကူအညီ အထောက်အပံ့များကို အချိုးကျ မျှတသော ဒေသဆိုင်ရာ ဖွံ့ဖြိုးမှု၊ ကဏ္ဍဆိုင်ရာ ဖွံ့ဖြိုးမှုတို့ ရရှိရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်ဖြစ်ပြီး ပုဂ္ဂလိက ကဏ္ဍနှင့် လူမှု အဖွဲ့အစည်းတို့ ပူးပေါင်း ပါဝင်သော အမျိုးသားစီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီ ကလည်း ထိရောက် မျှတသော ခွဲဝေမှု ဖြစ်စေရန် အတိုင်ပင်ခံ ပူးပေါင်း ဆောင်ရွက်လျက် ရှိပါကြောင်း။

ထိုလုပ်ငန်းအဖွဲ့များ အနေဖြင့် နိုင်ငံခြားအကူအညီ အထောက်အပံ့များကို ချမှတ်ထားသော မူဘောင်များနှင့်အညီ ဦးစားပေးလုပ်ငန်း၊ စီမံချက်ကဏ္ဍများနှင့် ဦးစားပေး စီမံချက်များကို  ရွေးချယ်သတ်မှတ်ပြီး ပြည်သူ့လိုအပ်ချက်များကို ရှာဖွေဖော်ထုတ်ရင်း အလှူရှင် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း။ ထို့ကြောင့် နိုင်ငံခြား အကူအညီ (Grant )၊ ချေးငွေ (Loan)နှင့် နည်းပညာ အကူအညီ (Technical Assistance)  များနှင့် ဆောင်ရွက်လိုသော စီမံချက်များကို  လုပ်ငန်းအဖွဲ့များအကြား ဖွဲ့စည်းပြီး ပူးပေါင်း ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း။

ကဏ္ဍအလိုက် စီမံကိန်းများ၊ တိုင်းဒေသကြီး/ ပြည်နယ် ဒေသများ၏ ဒေသဖွံ့ဖြိုးရေး စီမံကိန်းတွေကို ပြည်သူများ၏ လူမှုစီးပွား လိုအပ်ချက်များအပေါ် အခြေခံထားတဲ့ Bottom-Up Planning နှင့် ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း။ နှစ်အလိုက် စီမံကိန်း များနှင့်(၅) နှစ် စီမံကိန်းကို စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှု မူဘောင်နှင့် စီးပွားရေး မူဝါဒ (၄) ရပ်တို့ကို အခြေခံ ပြီး ပေါင်းစပ်ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။ အမျိုးသား ဘက်စုံ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (NCDP) (၂၀၁၁-၂၀၃၁) အဖြစ် ပြည်သူများ၏ ရေရှည်အကျိုးကို မျှော်ကိုးပြီး ရေးဆွဲ ဆောင်ရွက်လျက်ရှိပါကြောင်း။ အဆိုပါ စီမံကိန်းများ အတွက် ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများသည် အပြန်အလှန် ပေါင်းစပ် ညှိနှိုင်းခြင်း၊ အပေးအယူ လုပ်ခြင်းနှင့် နှစ်ဘက်ညီညွတ်မျှတစွာ စီမံကိန်းနှင့် ဘဏ္ဍာရေးတို့ ပေါင်းစပ်ပြီး ညှိနှိုင်းရန်နှင့် အချိတ်အဆက် မိမိ ပူးပေါင်း ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း။ ထို့အပြင် မိမိတို့နိုင်ငံ၏ မူဝါဒအရ ဆင်းရဲမှု လျှော့ချရေးနှင့် (၇၀%) သော ပြည်သူများ နေထိုင်နေသည့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးကိုလည်း ဖော်ဆောင်ရန် ဖြစ်ပါကြောင်း။

ဒေသအလိုက် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများအား မြို့နယ်ဖွံ့ဖြိုးမှု စီမံကိန်း၊ မြို့ပြ ဖွံ့ဖြိုးမှု စီမံကိန်းနှင့် တိုင်းဒေသကြီး/ ပြည်နယ် များ၏ ဒေသဆိုင်ရာ ဖွံ့ဖြိုးမှု စီမံကိန်းနှင့်အညီ ခွဲဝေ သုံးစွဲသွားရန်၊ စီမံကိန်းများ ရေးဆွဲ အကောင်အထည် ဖော်ဆောင်ရာတွင် ပြည်သူများ သိရှိပါဝင် ပူးပေါင်းဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း။

အကူအညီ အထောက်အပံ့၊ ချေးငွေများကို လက်ခံရယူသည့်အခါ အိမ်ရှင်နိုင်ငံက အဓိက မောင်းနှင်သူအဖြစ် တာဝန်ခံပြီး မိမိတို့နိုင်ငံ၏ ဖွံ့ဖြိုးမှု ရည်မှန်းချက် ဖြစ်သော ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်ဆောင်သည့် ဖွံ့ဖြိုးမှု လမ်းကြောင်းပေါ်ကို အရှိန်နှင့် ဦးတည်နေအောင် ကြိုးပမ်းရမည် ဖြစ်ပါကြောင်း။ ထိုသို့ ကြိုးပမ်းရင်း တစ်ချိန်တည်းမှာပင် နိုင်ငံတကာ၌ ချမှတ်ထားသော ထောင်စုနှစ် ပန်းတိုင်များ (Millennium Development Goals- MDGs) ကဲ့သို့သော ပန်းတိုင်များ၏ ရည်မှန်းချက်များကိုလည်း ပြည့်မီစေမည် ဖြစ်ပါကြောင်း။

ဖွံ့ဖြိုးမှု အကူအညီများကို မိမိတို့နိုင်ငံတွင် အကျိုးရှိအောင် အသုံးပြုရန်လိုပါကြောင်း။ ပွင့်လင်း ထင်သာမြင်သာရှိရန် ထိရောက်သော ဖွံ့ဖြိုးမှုအကူအညီဖြစ်ရန် ပြည်သူများ အတွက် လက်တွေ့ ခံစားနိုင်သော ဖွံ့ဖြိုးမှု အသီးအပွင့်များ ဖြစ်ပေါ်စေရန် စီမံကိန်းများ စိစစ်ခြင်း၊ စောင့်ကြပ် ကြည့်ရှုခြင်းနှင့် အကဲဖြတ်ခြင်း (Monitoring and Evaluation-M&E) ကိုလည်း သေချာစွာ ဆောင်ရွက် ကြရမည် ဖြစ်ပါကြောင်း။

ရရှိသော ဘဏ္ဍာငွေ ဇစ်မြစ်များကို တန်ဖိုးထားပြီး အကျိုးကျေးဇူးနှင့် စရိတ်ကို နှိုင်းယှဉ်စဉ်းစား သုံးသပ်စေလိုပါကြောင်း။ လူမှု- စီးပွား ညွှန်းကိန်းများ တိုးတက်ပြီး ထိရောက်သော ဖွံ့ဖြိုးမှု အကူအညီ၊ ထိရောက်သော ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးများ ဖြစ်ရန် လိုအပ် ပါကြောင်း။

အစိုးရ၏ ကျန်ရှိနေသော သက်တမ်း (၂၉) လအတွင်း နိုင်ငံတော်အနေဖြင့် ပြည်သူများ၏ လူမှုစီးပွားရေး လိုအပ်ချက်များအဖြစ် စား၊ ဝတ်၊ နေရေး အခြေခံ လိုအပ်ချက်များအား ပံ့ပိုး ဖြည့်ဆည်းပေးရန် ဦးစားပေး လုပ်ငန်းများ အဖြစ် အကောင်အထည်ဖော်နိုင်ရန်၊ လျှပ်စစ်မီး၊ သောက်သုံးရေ၊ စိုက်ပျိုးရေးကဏ္ဍ တိုးတက်မှု၊ အလုပ်အကိုင် ရရှိရေး၊ ခရီးသွားလုပ်ငန်း၊ ငွေကြေးလုပ်ငန်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုစသော နယ်ပယ်များကို အစွမ်းကုန် ကြိုးပမ်း ဖြည့်ဆည်း ဆောင်ရွက်ပေးရန် မှာကြားခဲ့ပြီး ဖြစ်ပါကြောင်း။

ထိုသို့ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်ဘဏ္ဍာငွေ (State Budget) တစ်ခုတည်း အပေါ် မှီခိုအားထား လုပ်ဆောင် ခဲ့သော အစဉ်အလာမှ နိုင်ငံတကာ အကူအညီ အထောက်အပံ့ (Grant Aid)၊ ချေးငွေ (Loan) နှင့် ပြည်တွင်းနှင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှု (FDI) များကို ရယူ အသုံးပြုပြီး ကဏ္ဍအလိုက်၊ ဒေသအလိုက် လုပ်ငန်း စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက လိုအပ်ချက်များအဖြစ် သယံဇာတ အရင်းအမြစ်တွေကို အကျိုးရှိ ထိရောက်စွာ စီမံခန့်ခွဲ အသုံးပြုနိုင်ရန်၊ ပြည်သူဗဟိုပြု ဖွံ့ဖြိုး တိုးတက်မှုအတွက် ပြည်သူဗဟိုပြု ဝန်ဆောင်မှုစနစ် တိုးတက်ရေးအတွက် စီစဉ် ဆောင်ရွက် လျက် ရှိပါကြောင်း။

ထို့ကြောင့် ထိရောက်သော ဖွံ့ဖြိုးမှု အကူအညီဆိုရာတွင် အကူအညီ၊ အထောက်အပံ့များ၊ အတိုးမဲ့ ချေးငွေ၊ အတိုးနှုန်း သက် သာသော ချေးငွေ၊ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု များကို စနစ်တကျ စီမံခန့်ခွဲနိုင်ခြင်းအားဖြင့် အကူအညီများ၊ ရင်းနှီးမြှုပ်နှံမှုများ ပိုပြီး စီးဝင်စေမည် ဖြစ်ပါကြောင်း။ ထို့အတွက် ပြည်တွင်း၌ ဆောင်ရွက်နေသည့် အခြားသော စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၊ အဖွဲ့အစည်းဆိုင်ရာ လုပ်ထုံးလုပ်နည်း ပြုပြင်ပြောင်းလဲမှုများက လိုက်လျော ညီထွေနှင့် ဆက်စပ် ဆောင်ရွက်ကြရန် မှာကြားလို ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ရှင်းလင်းတင်ပြရာတွင် နိုင်ငံခြား အကူအညီအထောက်အပံ့ စီမံခန့်ခွဲရေး လုပ်ငန်းကော်မတီ အနေဖြင့်  နိုင်ငံတကာ အကူအညီများကို ရယူဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးပြုပြင်ပြောင်း လဲမှု မူဘောင်ပါ အဓိကနယ်ပယ် ၁ဝ ခုဖြစ်သည့်   ဘဏ္ဍာရေးနှင့် အခွန်စနစ် ပြုပြင်ပြောင်းလဲ မှုများ၊ ငွေကြေး နှင့် ဘဏ္ဍာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဖြေလျှော့ရေး ဆောင်ရွက် ခြင်း၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာရေးနှင့် ပညာရေး၊ စားနပ်ရိက္ခာ ဖူလုံမှုနှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု၊ အစိုးရစနစ်နှင့် ပွင့်လင်း မြင်သာမှု၊ မိုဘိုင်းဖုန်းနှင့်  အင်တာနက်၊  အခြေခံအဆောက်အအုံ၊ ထိရောက်ထက်မြက်သည့် အစိုးရ ဖြစ်ပေါ်ရေးတို့တွင် အဓိကထား၍ ရယူဆောင်ရွက်လျက် ရှိပါကြောင်း။

ယင်းနယ်ပယ် ၁ဝ ခုသည်  နိုင်ငံတကာမှ  ချေးငွေ၊ အကူအညီ အထောက်အပံ့များကို ဦးစားပေးရယူ အသုံးပြုရေးတွင် တိုင်းတာ သည့် ပေတံသဖွယ် ဖြစ်ပါကြောင်း၊ ထို့အတူ နိုင်ငံတော် သမ္မတကြီး လမ်းညွှန်ချက်ဖြစ်သည့် ဦးစားပေးလုပ်ငန်းနယ်ပယ် ၇ ရပ် ဖြစ်သော လျှပ်စစ်မီး၊ သောက်သုံးရေ၊ စိုက်ပျိုးရေး၊ အလုပ်အကိုင်ရရှိရေး၊ ခရီးသွားလုပ်ငန်း၊ ငွေကြေး လုပ်ငန်း၊ ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုနယ်ပယ်တို့သည်လည်း နိုင်ငံခြား အကူအညီ အထောက်အပံ့ စီမံခန့်ခွဲမှု ကော်မတီမှ အဓိက ဦးစားပေး၍ ရယူဆောင်ရွက် သည့် နယ်ပယ်များ ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ဒေသဖွံ့ဖြိုး တိုးတက်ရေးကို အဓိက ထား ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။

ယင်းအတွက် လိုအပ်သည့် ငွေကြေးအရင်းအမြစ်များတွင် အစိုးရ ဘတ်ဂျက်၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံတကာ အကူအညီများ လိုအပ်ပါကြောင်း၊  ပြည်ပချေးငွေများ ရယူရာတွင်  နိုင်ငံတော်အစိုးရ အနေဖြင့်သာမက တိုင်းပြည်၏စီးပွားရေးတွင် အဓိက မောင်းနှင်အားဖြစ်သည့် ပုဂ္ဂလိကကဏ္ဍမှလည်း ချေးငွေများရယူနိုင်မည့် အခွင့်အလမ်းနှင့် အစီအစဉ်များကို စဉ်းစားဆောင် ရွက်သင့်ပါကြောင်း ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက ရှင်းလင်းတင်ပြရာတွင် ယနေ့ဆွေးနွေး သောကိစ္စသည် ဘတ်ဂျက်နှင့် ဆက်စပ်နေသကဲ့သို့ ဒေသန္တရ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း  (Regional Development Plan) နှင့် ချိတ်ဆက်လျက် ရှိပါကြောင်း၊ ငွေကြေးအရင်းအမြစ်များ အနက် Budget, Investment နှင့်  Loan  တို့ပါဝင်ပြီး မိမိတို့နိုင်ငံ ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို ပုံဖော်ဆောင်ရွက်ရာတွင် သွင်းအားစုမည်မျှ အသုံးပြုသင့်သည်ဆိုသည့် အချက်ပေါ် မူတည်ကာ နိုင်ငံတော် ဘတ်ဂျက်အနေအထားကို တွက်ဆပြီး ချေးငွေ ယူသင့်၊ မယူသင့်ကို ချင့်ချိန်ဆုံးဖြတ်နိုင်ရန် အရေးကြီးကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုအပေါ် လေ့လာသုံးသပ်ချက်များအရ လက်ရှိသွင်းအားစုများ ပေးသွင်းနိုင်မှုဖြင့် ၂ဝ၁၅ ခုနှစ်တွင် ပြည့်မီ ရန် မျှော်မှန်းထားသည့် ထောင်စုနှစ် ရည်မှန်းချက်ကို ပြည့်မီဖို့ရာ လုံလောက်မှု မရှိသေးသည်ကို တွက်ချက်ခန့်မှန်းသည်များ ရှိပါကြောင်း၊ ယင်းအတွက် အစိုးရ၏ဘဏ္ဍာငွေ တစ်ခုတည်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန် မလုံလောက်သဖြင့် ပုဂ္ဂလိက ကဏ္ဍ တိုးမြှင့်ဆောင်ရွက်ခြင်းအားဖြင့် သွင်းအားစု ထည့်သွင်းမှုကို အားဖြည့်ရာ ရောက်မည် ဖြစ်ကြောင်း။

လက်ရှိကာလတွင်လည်း အချို့သော ဝန်ကြီးဌာနများသည် ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်အားပေး လုပ်ဆောင်နေပြီ ဖြစ်ပါကြောင်း၊ သို့ပါ၍ ပုဂ္ဂလိကကဏ္ဍများ ထိရောက်စွာ လုပ်ကိုင် ဆောင်ရွက်နိုင်စေမည့် အခွင့်အလမ်းများကို ဖန်တီးဆောင် ရွက် ပေးနိုင်ပါက အမှန် တကယ် ထိရောက်စေမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ အကူအညီ အထောက်အပံ့များ၊ ချေးငွေများကို ရယူဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ အလိုက် မိမိတို့၏ကဏ္ဍဖွံ့ဖြိုးမှု အတွက် ဦးစားပေး အစီအစဉ်များ  ရေးဆွဲရန် လိုအပ်ကြောင်း၊  အဆိုပါ အစီအစဉ်များအတွက် ချေးငွေအစီအစဉ်၊ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ  ရေးဆွဲထား ရန် လည်း လိုပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်ဘတ်ဂျက်ကို အသုံးပြုရာတွင် ကဏ္ဍဖွံ့ဖြိုး တိုးတက်ရန် သွင်းအားစုပေး ခြင်းဖြစ်ပြီး ဝန်ကြီးဌာနအား သွင်းအားစု ထည့်သွင်းခြင်းမျိုး မဖြစ်စေရန် အထူးဂရုပြုရန်လိုမည်ဖြစ်ကြောင်း၊ အမျိုးသားဘက်စုံ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းနှင့်အညီ ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ ပြည်ပချေးငွေများ ရယူမည့် ဝန်ကြီးဌာနများ အနေ ဖြင့် ကြွေးမြီစီမံခန့်ခွဲမှု Debt Management သည် အရေးကြီးပြီး ပြန်လည် ပေးဆပ်ရမည့် အစီအစဉ်နှင့် ပတ်သက်၍ ကြိုတင် စဉ်းစားရေးဆွဲ ထားရန် လိုအပ်ပါကြောင်း ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က မြန်မာနိုင်ငံ၏ ပြည်ပကြွေးမြီ အခြေအနေများ နှင့်စပ်လျဉ်း၍ ၁၉၈၈ ခုနှစ် မတိုင်မီ ချေးငွေများနှင့် ၁၉၈၈ ခုနှစ် နောက်ပိုင်း ချေးငွေများရရှိမှု၊ ပြန်လည်ပေးဆပ်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က မြန်မာနိုင်ငံသို့ နိုင်ငံခြားအကူအညီ အထောက်အပံ့နှင့် ချေးငွေများ ပေးအပ် လျက်ရှိသည့် ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံနှင့် အဖွဲ့အစည်းများ၊ ပေးအပ်သည့် အကူအညီ အမျိုးအစား၊ ဂျပန်နိုင်ငံ  ODA၊ ကိုရီးယားနိုင်ငံ  EXIM Bank (EDCF) ချေးငွေ၊ တရုတ်နိုင်ငံ  EXIM Bank ချေးငွေ၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘာ့ဘဏ်နှင့် အိုင်အက်ဖ်အေဒီ စသည့် အဖွဲ့အစည်းများ၏ လျှော့ပေါ့ချေးငွေနှင့် Soft Loan တို့၏ မတူညီ သည့် ချေးငွေဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များ၊ ၂ဝ၁၁-၂ဝ၁၂ မှ ၂ဝ၁၅-၂ဝ၁၆ အထိ ကဏ္ဍအလိုက် ချေးငွေယူထားသည့် ဝန်ကြီးဌာနများနှင့် ချေးငွေဖြင့် ဆောင်ရွက်သော လုပ်ငန်း စီမံချက်များ၊ ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၅ ခုနှစ် နှစ်နိုင်ငံဖွံ့ဖြိုးမှု မိတ်ဖက်များ၊ နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ နိုင်ငံခြားအကူအညီ အထောက်အပံ့၊ ချေးငွေနှင့် ကျွမ်းကျင်မှုအကူအညီများ ရရှိမှုအခြေအနေ၊ ရရှိပြီး ညှိနှိုင်းနေဆဲနှင့် မသုံးစွဲရသေးသည့် အကူအညီ အထောက်အပံ့များ၊ ချေးငွေများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။

ယင်းနောက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က CBM Net တည်ဆောက်ရေး အတွက် ဂျပန်နိုင်ငံ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ  (JICA) က အကူအညီပေးမည့် အခြေအနေနှင့် စပ်လျဉ်း၍လည်းကောင်း၊ နှစ်ဖက် Exchange of Note (EN) လက်မှတ်ရေးထိုးရန်  ဆောင်ရွက်မှုနှင့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး ကဏ္ဍ ဖြေလျှော့မှုများနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြသည်။

ထို့နောက် နိုင်ငံတော်သမ္မတက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှုအတွက် ဆောင်ရွက်ကြရာတွင် အချို့သော နိုင်ငံများသည် နှစ်ပေါင်း ၃ဝခန့် အချိန်ယူ ဆောင်ရွက်ရပါကြောင်း၊ ၄၊ ၅ နှစ်ကာလအတွင်း သိသိသာသာ ထင်သာမြင် သာ တိုးတက်မှု ဆိုသည်မှာ ခက်ခဲပါကြောင်း၊ သို့ရာတွင် မိမိတို့အစိုးရအနေဖြင့် မှန်ကန် ခိုင်မာသည့် အခြေခံအုတ်မြစ်များ ချထားပေး နိုင်ခဲ့ပါက ယင်းအခြေခံကောင်းများအပေါ် ဆက်လက် တိုးတက် တည်ဆောက်သွားနိုင်မည် ဖြစ်ပါကြောင်း၊ မိမိတို့အစိုးရ အနေဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်သည့် အခြေခံကောင်းများကို ချမှတ်ရန် တာဝန်ရှိ ပါကြောင်း၊ ယင်းအတွက် ငွေကြေးအရင်းအနှီး၊ လူသားအရင်းအမြစ်နှင့် နည်းပညာတို့ လိုအပ် ပါကြောင်း၊ ထို့ကြောင့် ယင်းလိုအပ်ချက်များကို နိုင်ငံတကာမှရရှိစေရန် ဆောင်ရွက် လျက် ရှိပါကြောင်း။

ယခုငွေကြေးအရင်းအနှီးနှင့်  နည်းပညာ အကူအညီများ  အထိုက်အလျောက်ရရှိလာပြီ ဖြစ်၍ ဤအခွင့်အရေးကို မိမိရရအသုံးချနိုင်ရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ နိုင်ငံခြားအကူအညီ အထောက်အပံ့များနှင့် ပတ်သက်၍ ရယူအသုံးပြုသည့် ဌာနများမှလည်း စေတနာ ပါပါဖြင့် အလေအလွင့် မရှိစေရန်၊ အလွဲသုံးစားမဖြစ်စေရန်နှင့် ထိထိရောက်ရောက် အသုံးပြုနိုင်စေရန် ကြပ်မတ်ဆောင်ရွက်ပေးရန် လိုပါကြောင်း၊ ဝန်ကြီးဌာနများ အနေဖြင့် အချိန်မဆွဲဘဲ လျင်မြန် သွက်လက်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန် ဖွံ့ဖြိုးမှုမိတ်ဖက်များထံမှ ကတိကဝတ် ရရှိပြီးဖြစ်သည့် အကူအညီများကို အလျင်အမြန်ရရှိစေရန် စဉ်ဆက်မပြတ် ဆက်သွယ် ညှိနှိုင်း၍ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အသုံးမပြုရသေးသည့် ငွေကြေးများ ကိုလည်း ပြည်သူများအတွက် အကျိုးရှိ ထိရောက်စေမည့် လုပ်ငန်းများတွင် အသုံးပြုသွားရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့သည်။ 
-------------------------------------------------------------------------------------------------------------------------------------------------------------------------------------

ပြု ပြင်ပြောင်းလဲရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြည်ထောင်စု အစိုးရအဖွဲ့ ဆပ်ကော်မတီ အသီးသီးမှ ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဒုတိယဝန်ကြီးများအား တွေ့ဆုံအမှာစကား ပြောကြား





နေပြည်တော် စက်တင်ဘာ ၂၇

ပြုပြင်ပြောင်းလဲရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စုအစိုးရအဖွဲ့ ဆပ်ကော်မတီ (Cabinet Sub- Committee / Delivery Unit) အသီးသီးမှ ဥက္ကဋ္ဌများဖြစ်ကြသည့်  ဒုတိယ ဝန်ကြီးများအား ယနေ့နံနက် ၁၁ နာရီတွင် နိုင်ငံတော်သမ္မတရုံး စီးပွားရေးရာကော်မတီ အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ ဒုတိယသမ္မတများ ဖြစ်ကြသော ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဥာဏ်ထွန်း၊ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဆပ်ကော်မတီများမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတက အမှာစကားပြောကြားရာ၌ ယနေ့အစည်းအဝေး သည် ရွေးချယ်ထားသည့် ဒုတိယ ဝန်ကြီး ၂၃ ဦးအား အသစ်ဖွဲ့စည်းမည့် Cabinet Sub- Committee / Delivery Unit  ၂၆ ခုတွင် အဖွဲ့ခေါင်းဆောင်များအဖြစ် တာဝန်ပေးအပ်မည့် အစည်းအဝေး ဖြစ်ပါကြောင်း။

ယင်းတာဝန်များကို မပေးအပ်မီ ယနေ့မိမိတို့အစိုးရအဖွဲ့ တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်နေသည့် အုပ်ချုပ်ရေး ယန္တရား တစ်ရပ်လုံး၏ ရည်ရွယ်ချက်များ၊ ရည်မှန်းချက် များ၊ အစိုးရ၏ မူဝါဒများနှင့် လုပ်နည်းကိုင်နည်းများကို ရှင်းရှင်း လင်းလင်း သဘောပေါက် နားလည်ထားရန် အရေးကြီးပါကြောင်း။

မိမိတို့အစိုးရ၏ ရည်ရွယ်ချက်မှာ သန်း ၆ဝ သော ပြည်သူများ၏ တူညီသော ဆန္ဒဖြစ်ပြီး ယင်းဆန္ဒများ ပြည့်ဝအောင် ဆောင် ရွက်ပေးရေးသည် မိမိတို့အစိုးရ၏ ရည်မှန်းချက်ဖြစ် ပါကြောင်း၊ ပြည်သူများ၏ တူညီသောဆန္ဒမှာ အဓိကအားဖြင့် နှစ်ခုဖြစ်ပြီး တစ်ခုမှာ ပြည်သူများ အနေဖြင့် မိမိတို့နိုင်ငံကို တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးသည့် နိုင်ငံ ဖြစ်လိုကြ ပါကြောင်း၊ နောက် တစ်ခုမှာ အဘက်ဘက်မှ နောက်ကျကျန်နေသည့် လူမှုစီးပွား ဘဝ မြင့်မားတိုးတက် လိုကြပါကြောင်း၊ ထို့ကြောင့် ပြည်သူများ၏ ယင်းလိုအင်ဆန္ဒများကို အောင်မြင်အောင် ရည်မှန်းချက်ထားပြီး မိမိတို့အစိုးရအနေဖြင့် နိုင်ငံရေးပြုပြင် ပြောင်းလဲမှု၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုများကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း။

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွင် မတည်မငြိမ်ရှိခဲ့သည့် နိုင်ငံရေးအဖွဲ့အစည်းများကို တည်တည်ငြိမ်ငြိမ်ဖြစ်အောင်၊ အစိုးရ၏ နိုင်ငံရေး လုပ်ငန်းစဉ်တွင် နိုင်ငံသားအားလုံး ပါဝင် လာနိုင်ကြအောင်၊ နှစ် ၆ဝ ကျော် ကြာညောင်းခဲ့ပြီဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းအောင် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ စီးပွားရေးပြုပြင် ပြောင်း လဲမှု အပိုင်းတွင် ဆင်းရဲနွမ်းပါးမှုနှုန်း အများဆုံးဖြစ်နေသည့် ကျေးလက်နေ ပြည်သူများ၏ လူမှုဘဝ တိုးတက်မြင့်မား လာအောင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေးအတွက် ဦးစားပေး ဆောင်ရွက်နေသကဲ့သို့ တိုင်းပြည်၏ စီးပွားရေးကို ပြန်လည်ထူထောင်နိုင်ရန်အတွက် အရင်းအနှီးနှင့် နည်းပညာ များ ရရှိအောင် ပြည်တွင်း၊ ပြည်ပမှ စီးပွားရေး လုပ်ငန်းရှင်များကို ဖိတ်ခေါ်ဆောင်ရွက် နေခြင်းဖြစ်ပါကြောင်း။

ဦးစားပေးလုပ်ငန်းအဖြစ် ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများများ ရရှိနိုင်မည့် အလုပ်ရုံ၊ စက်ရုံများနှင့် လုပ်ငန်းများ၊ ပြည်တွင်းထွက်ကုန်များကို တန်ဖိုးမြှင့်တင် ပေးနိုင်မည့် အသေးစားနှင့် အလတ်စား SMEs လုပ်ငန်းများ၊ ကျေးလက်အထိ ဆက်သွယ် ရေး လွှမ်းခြုံနိုင်မည့် လုပ်ငန်းများကို အမြန်ဆုံး အကောင်အထည် ဖော်နိုင်အောင် ဆောင်ရွက် နေပါကြောင်း။

အုပ်ချုပ်ရေးအပိုင်းတွင်လည်း ဗဟိုက ဦးစီးချုပ်ကိုင်သည့် အုပ်ချုပ်ရေးစနစ်အစား ပြည်သူကို ဗဟိုပြုသည့် ပြည်သူ့အုပ်ချုပ်ရေး စနစ်ကို အကောင်အထည် ဖော်နိုင်ရန်အတွက် ကြိုးပမ်း ဆောင်ရွက်နေပါကြောင်း။

ယင်းပြုပြင်ပြောင်းလဲမှု လုပ်ငန်းများကို ကုန်လွန်ခဲ့သည့် လပေါင်း ၃ဝ တွင် မိမိတို့ ကြိုးပမ်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ဒီမိုကရေစီ အတွေ့အကြုံ၊ ဒီမိုကရေစီ အလေ့အကျင့် နည်းပါး ကြသေးသည့်အတွက် တစ်ချို့လုပ်ငန်းများကို အောင်အောင်မြင်မြင် ဆောင် ရွက် နိုင်ခဲ့သည်များ ရှိသကဲ့သို့ အချို့လုပ်ငန်းများတွင် အားနည်းချို့ယွင်းချက်များလည်း ရှိခဲ့ပါကြောင်း၊ ပြုပြင်ပြောင်းလဲစ နိုင်ငံတိုင်းတွင် တွေ့ကြုံရစမြဲဖြစ်သည့် အခက်အခဲများ၊ စိန်ခေါ်မှုများနှင့်လည်း ရင်ဆိုင်ကြုံတွေ့နေရသည်ကို အားလုံးအသိပင် ဖြစ်ပါကြောင်း။
       
ယင်းအတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များကို သင်ခန်းစာ ရယူပြီး ကျန်ရှိ သည့် လပေါင်း ၃ဝ အတွင်း တိုင်းပြည် နှင့်လူမျိုးအတွက် စိတ်စေတနာ မှန်ကန်စွာထားပြီး မိမိတို့ အစိုးရအဖွဲ့ အနေဖြင့် မည်ကဲ့သို့ ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်ကြ မည် ဆိုသည်ကို ပြီးခဲ့သည့် သြဂုတ် ၉ ရက်က ကျင်းပခဲ့သည့် အစည်းအဝေးတွင် ပြောကြားခဲ့ပြီး ဖြစ်ပါကြောင်း။
       
ယင်းအစည်းအဝေးတွင် ကျန်သည့် လ ၃ဝ အတွင်း ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်း များနှင့် စပ်လျဉ်းပြီး လုပ်ငန်း ကဏ္ဍအလိုက် လက်တွေ့အောင်မြင် ပြီးမြောက်သည်အထိ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးမည့် Delivery Unit / Taskforce များဖြင့် မြေပြင် ကွင်းဆင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ထည့်သွင်း ပြောကြားခဲ့ပြီး ဖြစ်ပါကြောင်း။
       
ဒုတိယသမ္မတ၊ ဝန်ကြီးများ ဦးဆောင်သည့် Cabinet Committee များ၏ အောက်တွင် Cabinet  Sub- committee / Delivery Unit ၂၆ ခု ဖွဲ့စည်းပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခု တွေ့ဆုံသည့် ဒုတိယဝန်ကြီး များသည် ယင်းဆပ်ကော်မတီများ၏ အဖွဲ့ခေါင်းဆောင်၊ ဥက္ကဋ္ဌများဖြစ်သည့်အတွက် နိုင်ငံတော်သမ္မတ၏ အထူးတာဝန်ပေး Taskforce  လက်ရုံးများအဖြစ် ယုံကြည်အားကိုးစွာ တာဝန်ပေးအပ်လိုသည့်အတွက် ယခုကဲ့သို့ တွေ့ဆုံခြင်း ဖြစ်ပါကြောင်း။
         
မိမိတို့အစိုးရအနေဖြင့် နိုင်ငံတော်ကို ခေတ်သစ်၊ စနစ်သစ် ဒီမိုကရေစီနိုင်ငံအဖြစ် ပြုပြင် ပြောင်းလဲပေးရသည့် တာဝန်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အခြေခံ အုတ်မြစ်ချပေးရသည့် တာဝန်နှစ်ရပ်ကို ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံရေးပြုပြင်ပြောင်းလဲ မှုကို ကမ္ဘာက အသိ အမှတ်ပြုသည်အထိ သိသိသာသာ ပြောင်းလဲပေးနိုင်ခဲ့ပြီ ဖြစ်သော်လည်း နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူတို့၏ လူမှုစီးပွား တိုးတက်အောင် ဆောင်ရွက်သည့် အပိုင်းတွင်မူ အရင်းအနှီး၊ နည်းပညာ ကျွမ်းကျင်မှု၊ စွမ်းဆောင်ရည် များ များစွာ လိုအပ်ခြင်းကြောင့် စီးပွားရေးနှင့် လူမှုရေးပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ အခြေခံမူဘောင် (Framework for Ecomonic and Social Reforms - FESR) နှင့်အညီ ကြိုးပမ်းဆောင်ရွက်နေ သော်လည်း အချို့ကဏ္ဍများတွင် သိသိသာသာ တိုးတက်သော်ငြား အချို့ကဏ္ဍများကိုမူ ဆက်လက် ကြိုးပမ်းဆောင်ရွက်ရအုံးမည့် အနေအထား ရှိနေပါကြောင်း။
         
ဤနေရာတွင် မိမိတို့အစိုးရယန္တရား၏ စွမ်းဆောင်ရည်နှင့် ပုဂ္ဂလိကကဏ္ဍ၏ စွမ်းဆောင်ရည်သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် အဓိက ကျသည့်အတွက် ကောင်းမွန်သော အုပ်ချုပ်မှု စနစ်ရှိသည့် သန့်ရှင်းသောအစိုးရ ယန္တရားဖြစ်အောင် ပြုပြင်ပြောင်းလဲနေ သကဲ့သို့ လူမှု အဖွဲ့အစည်းများ အပါအဝင် ပုဂ္ဂလိကကဏ္ဍ အားကောင်းပြီး စွမ်းအားမြင့်မားလာအောင် အားပေး မြှင့်တင်ရေး မူဝါဒကို ချမှတ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယင်းသို့ဆောင်ရွက် ရာတွင် အစိုးရပိုင်းက ဦးဆောင်ပြီး ပုဂ္ဂလိကကဏ္ဍ လူမှု အဖွဲ့အစည်းများနှင့် နီးကပ်စွာ ညှိနှိုင်းပူးပေါင်းကာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့်  ပြည်သူတို့၏ လူမှုစီးပွား လိုအပ်ချက်များကို လက်တွေ့အကောင်အထည်ဖော် နိုင်ရေးအတွက် ယခုကဲ့သို့ ဒုတိယဝန်ကြီးများနှင့် ဌာနစုံ ပါဝင်သောအဖွဲ့က မြေပြင်တွင် အချိန်ပေးညှိနှိုင်း ဖြေရှင်းဆောင်ရွက်ရန် စီစဉ်ခြင်း ဖြစ်ပါကြောင်း။
       
ပြည်ထောင်စုဝန်ကြီးများနှင့် ဌာနအသီးသီးသည် မူလပုံမှန် တာဝန်များနှင့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း ပြင်ဆင်ပြောင်းလဲရသည့် လုပ်ငန်းတာဝန်များကြောင့် သီးခြားကွင်းဆင်းရန် အချိန်မပေးနိုင်ခြင်း၊ အချိန်ပေးပါကလည်း တစ်ရက်နှစ်ရက်အပြင် ပို၍ အောက်ခြေတွင် ထိတွေ့ဆောင်ရွက်နိုင်သည့် အခြေအနေ မပေးခြင်း၊ အစိုးရ၏ ရုံးလုပ်ငန်း စနစ် များကို ခေတ်နှင့်အညီ လျင်မြန်သွက်လက်စွာ ဆောင်ရွက်နိုင်ရန်နှင့် ပြည်သူများ၏ Mind Set နှင့် လုပ်နည်း လုပ်ဟန်များကို အချိန်ယူပြီး ပြုပြင်ပြောင်းလဲရန် လိုအပ်ခြင်းတို့ကြောင့် ဒုတိယဝန်ကြီးများကို Delivery Unit / Taskforce အဖြစ် မူလသမားရိုးကျ လုပ်နည်းလုပ်ဟန်မှ ခွဲထွက်ပြီး ပိုမို၍ အကျိုးရှိ ထိရောက်အောင် လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဦးတည်တာဝန်ပေးခြင်း ဖြစ်ပါကြောင်း။
       
ထို့ကြောင့် ဒုတိယဝန်ကြီးများ အနေဖြင့် မိမိတို့လုပ်နေကျ ရုံးလုပ်ငန်း သမားရိုးကျပုံစံအစား သွက်သွက်လက်လက်၊ ထက်ထက်မြက်မြက် တီထွင်ကြံဆ၊ တွေးခေါ်မြော်မြင်ပြီး လုပ်ငန်း ကဏ္ဍအလိုက် သိသိသာသာ တိုးတက်အောင် ပုဂ္ဂလိက အသင်းအဖွဲ့များ၊ လူမှုအဖွဲ့ အစည်းများ၊ ပြည်တွင်း ပြည်ပ ပညာရှင်များ၊ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရ Delivery Unit / Taskforce များနှင့် မြေပြင်ကွင်းဆင်းထိတွေ့ကာ ရလဒ်ကောင်း ရရှိမည့် နည်းလမ်းနှင့် အစီအမံများကို ဆောင်ရွက်ကြရန် အလေးထားတိုက်တွန်း မှာကြားလိုပါကြောင်း။
       
Delivery Unit / Taskforce များကို အစိုးရအဖွဲ့ ဆပ်ကော်မတီတာဝန်ကိုပါ ပေးအပ် ရခြင်းမှာ လွှတ်တော်ကော်မတီ အသီးသီးက ဆိုင်ရာကဏ္ဍအလိုက် ဥပဒေပြုစုခြင်းနှင့် အစိုးရဌာနများ၏ လုပ်ငန်းကဏ္ဍများ ဆွေးနွေးညှိနှိုင်းခြင်းတို့ ပြုလုပ် ရာတွင် ဌာနကိုယ်စားလှယ် အချို့သာ သွားရောက်ဆွေးနွေးခဲ့ပြီး ပြန်လည်တင်ပြ အကောင်အထည် ဖော်မှု အပိုင်းတွင် အားနည်းလျက် ရှိသည့်အတွက် လွှတ်တော်ကော်မတီများက ဆွေးနွေးရန် ဖိတ်ကြားသည့်အခါတွင် ကဏ္ဍအလိုက် ဌာနစုံ ပါဝင်သည့် အစိုးရအဖွဲ့ ဆပ်ကော်မတီများက အဖွဲ့စနစ်ဖြင့် သွားရောက်တွေ့ဆုံခြင်းအားဖြင့်  အစိုးရနှင့် လွှတ်တော် ဆက်ဆံ ဆောင်ရွက်မှု ပိုမိုအဆင်ပြေ ချောမွေ့စေရန်လည်း ရည်ရွယ်ခြင်း ဖြစ်ပါကြောင်း။
       
လွှတ်တော်ကော်မတီများနှင့် ဆွေးနွေးပြီးသည့်အခါတွင် ပြည်ထောင်စုဝန်ကြီးများ ပါဝင် ဖွဲ့စည်းထားသည့် အစိုးရ အဖွဲ့ ကော်မတီများထံသို့ ပြန်လည်တင်ပြဆွေးနွေးခြင်းအားဖြင့် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်း များ ပိုမိုပီပြင်သွက်လက် လာမည် ဖြစ်ပါကြောင်း၊ အစိုးရအဖွဲ့ ဆပ်ကော်မတီများ အနေဖြင့် အစိုးရအဖွဲ့ တာဝန် ထမ်းဆောင်ရန် ကျန်ရှိသည့် လ ၃ဝ အတွင်း လုပ်ငန်းကဏ္ဍအလိုက် သိသာထင်ရှားသည့် တိုးတက်မှု အကျိုးရလဒ် (Result-Based Performance) များရရှိအောင် ကြိုးပမ်း ဆောင်ရွက်ပေးကြရန်နှင့် ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့နေသည့် လုပ်ငန်းကဏ္ဍ များတွင် ပြည်သူများ၏ လူမှုစီးပွား တိုးတက်ရေးကို အဟန့်အတား၊ အခက်အခဲ ဖြစ်နေသည့် ပြဿနာရပ်များကို ညှိနှိုင်းဖြေရှင်းပေးရန် အလေးအနက် မှာကြားလို ပါကြောင်း။
       
ယခုဆိုလျင် ပြုပြင်ပြောင်းလဲရေး ဦးဆောင်ကော်မတီ ဖွဲ့စည်းပေးထားပြီး လုပ်ငန်းကဏ္ဍ အလိုက် ပေါင်းစပ်ညှိနှိုင်းရေး တာဝန်များကို သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး များအား တာဝန်ပေးအပ်ထားပြီး ဖြစ်သည့်အတွက် အစိုးရအဖွဲ့ ဆပ်ကော်မတီများ အနေဖြင့် အစိုးရအဖွဲ့ ကော်မတီ၊ သက်ဆိုင်ရာဝန်ကြီးဌာနများသို့ အသိပေးတင်ပြတိုင်း ပေါင်းစပ် ညှိနှိုင်းရေး တာဝန်ခံ ဝန်ကြီးများထံသို့လည်း အမြဲသတင်းပို့ တင်ပြခြင်းဖြင့် နိုင်ငံတော်သမ္မတ အနေဖြင့် ချက်ချင်းလမ်းညွှန်စရာ ရှိသည်ကို လမ်းညွှန်ဆောင်ရွက် ပေးသွားနိုင်မည် ဖြစ်ပါကြောင်း၊ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပြီး၍ အတည်ပြု ထုတ်ပြန်ရန် ရှိသည့် အချို့ကိစ္စရပ်များကိုလည်း အများပြည်သူ သိရှိအောင် ထုတ်ပြန်ကြေညာ ပေးသွားရန် မှာကြားလိုပါကြောင်း။
       
နိဂုံးချုပ်အားဖြင့် ယခုကဲ့သို့ ဒုတိယဝန်ကြီးများကို အထူးတာဝန်များ ပေးအပ်ပြီး လွှတ်တော် နှင့် အစိုးရအကြား၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရနှင့် ပြည်ထောင်စု ဝန်ကြီးဌာနများ အကြား၊ ပြည်တွင်း၊ ပြည်ပပညာရှင်များ၊ ပုဂ္ဂလိက အသင်းအဖွဲ့များ၊ လူမှုအဖွဲ့အစည်း များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ အကြားတွင် အဓိကနေရာမှ ပင်တိုင်ဦးဆောင် လှုပ်ရှား၊ ညှိနှိုင်းဆောင်ရွက်ကြရမည် ဖြစ်သည့်အတွက် မိမိကိုယ်တိုင်နှင့် မိမိအဖွဲ့ဝင် ဌာနဆိုင်ရာ ပုဂ္ဂိုလ်များအားလုံး ဘာသာရပ် ကျွမ်းကျင်မှု၊ စွမ်းဆောင်ရည် ပြည့်ဝမှုရှိအောင် လေ့လာကြိုးပမ်း ဆောင်ရွက်ကြရန်၊ ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်မှု ပြုရာတွင် ဆက်ဆံရေး ပြေပြစ်ကောင်းမွန်ပြီး မိမိတို့ကြောင့် အစိုးရတစ်ဖွဲ့လုံး ဂုဏ်သိက္ခာ မထိခိုက်စေဘဲ မိမိတို့ အစိုးရတစ်ဖွဲ့လုံးအပေါ် ပြည်သူက ယုံကြည်အားကိုးလာအောင် ဆောင်ရွက်ကြရန်၊ မိမိတို့ ဆောင်ရွက်ကြမည့် လုပ်ငန်းကဏ္ဍများအလိုက် လ ၃ဝ အတွင်း ဦးစားပေး ညှိနှိုင်းဆောင်ရွက်ရမည့် လုပ်ငန်းများသည် မိမိတို့ဝန်ကြီးဌာန များအတွက် သာမက မိမိနိုင်ငံ၊ မိမိတို့ပြည်သူအတွက် ဖြစ်သည်ဟူသော စိတ်စေတနာဖြင့် အစွမ်းကုန် ကြိုးပမ်းဆောင် ရွက်ကြရန်၊ လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်ကြရာတွင် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများသည် မြေပြင် တွင် လက်တွေ့ အကောင်အထည်ဖော်ရန် အခက်အခဲ ရှိနေပါက ပြန်လည်တင်ပြပြီး ခေတ်စနစ်နှင့် ဆီလျော်၍ မြေပြင်တွင် လက်တွေ့ ကျင့်သုံးနိုင်မည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ပြင်ဆင်ရန် လိုအပ်ပါက ပြန်လည် တင်ပြဆောင်ရွက် ကြရန်၊ မိမိတို့ ကွင်းဆင်းဆောင်ရွက်ရသည့် ကိစ္စရပ်များသည် တည်ဆဲ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ် နည်းများကြောင့် မဟုတ်ဘဲ လူပုဂ္ဂိုလ်များနှင့် အမိန့် ညွှန်ကြားချက် အဟောင်းများကြောင့် အတားအဆီး၊ အခက်အခဲ ဖြစ်နေပါက သက်ဆိုင်ရာ အစိုးရအဖွဲ့ ကော်မတီသို့ ချက်ချင်းတင်ပြပြီး လျင်မြန်စွာ ဖြေရှင်း ဆောင်ရွက်သွားကြရန်၊ မိမိတို့ ဆောင်ရွက်သမျှသည် ပြည်သူများ၏ လူမှုစီးပွားရေး လိုအပ်ချက်များကို ဖြည့်ဆည်းရန်နှင့် ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒများကို အလေး ထား ဆောင်ရွက်သည့် ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဖြစ်သည့် အားလျော်စွာ ပြည်သူများ၏ အကြံပြု ချက်များကိုလည်း အလေးထားလက်ခံပြီး ဖြေရှင်းဆောင်ရွက် ပေးကြရန်၊ ဌာနဆိုင်ရာ အချို့တွင် အမိန့်ရမှ လုပ်တတ်သည့် အခြေအနေမှ အောက်ခြေတွင် ဆောင်ရွက်သင့်၊ ဆောင်ရွက်ထိုက်သည်များကို ဥပဒေနှင့်အညီ တာဝန်သိမှု၊ တာဝန်ယူမှုဖြင့် ရဲရဲဝံ့ဝံ့ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းကို အစိုးရယန္တရား၊ ဌာနဆိုင်ရာများအကြား အစိုးရအဖွဲ့ ဆပ်ကော်မတီ များက နိုင်ငံတော် သမ္မတ၏ တိုက်ရိုက်အထူး တာဝန်ပေးအပ်သည့် အဖွဲ့များ ပီပီ စံနမူနာပြ ဆောင်ရွက်ကြရန် ဖြစ်ကြောင်းဖြင့် မှာကြားသည်။
       
ပြည်ထောင်စုအစိုးရ ဆပ်ကော်မတီများအဖြစ် နိုင်ငံခြားရေးရာ မူဝါဒဆိုင်ရာ ဆပ်ကော်မတီ၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆပ်ကော်မတီ၊ ပို့ဆောင် ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆပ်ကော်မတီ၊ လယ်ယာ၊ သားငါး၊ သစ်တောကဏ္ဍ ဆပ်ကော်မတီ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဆိုင်ရာ ဆပ်ကော်မတီ၊ ဘဏ္ဍာရေး၊ ငွေရေးကြေးရေး၊ စီးပွားရေး ပူးပေါင်းညှိနှိုင်းရေး ဆပ်ကော်မတီ၊ အခွန်အကောက်ဆိုင်ရာ ဆပ်ကော်မတီ၊ စွမ်းအင်သယံ ဇာတနှင့် ဓာတ်သတ္တုဆိုင်ရာ ဆပ်ကော်မတီ၊ စီမံကိန်း နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆပ် ကော်မတီ၊  အာဆီယံစီးပွားရေး အသိုက်အဝန်းဆိုင်ရာ ဆပ်ကော်မတီ၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ဆပ်ကော်မတီ၊ ကျေးလက် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ဆပ်ကော်မတီ၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဖွံ့ဖြိုးရေး ဆပ် ကော်မတီ၊ တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ရေး ရာ ဆပ်ကော်မတီ၊ အာဆီယံလူမှုရေးနှင့် ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ ဆပ်ကော်မတီ၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေး ဆပ်ကော်မတီ၊ ဥပဒေကြမ်းဆိုင်ရာ ဆပ်ကော်မတီ၊ နိုင်ငံသားများ မူလအခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ဆပ်ကော်မတီ၊ တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဆပ်ကော်မတီ၊ ကာကွယ်ရေးဆိုင်ရာ ဆပ်ကော်မတီ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ဆပ်ကော်မတီ၊ တိုင်းရင်းသားရေးရာ ဆပ်ကော် မတီ၊ အလုပ်သမားရေးရာ နှင့် တောင်သူလယ်သမားရေးရာ ဆပ်ကော်မတီ၊ အမျိုးသမီးနှင့် ကလေးသူငယ်ဆိုင်ရာ ဆပ်ကော်မတီ၊ မြေအသုံးချမှုဆိုင်ရာ စီမံခန့်ခွဲမှု ဆပ်ကော်မတီ၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ဆပ်ကော်မတီဟူ၍ ဆပ်ကော်မတီ ၂၆ ခုကို ဖွဲ့စည်း ထားရှိကြောင်း သိရှိရသည်။
-------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတဦးသိန်းစိန် ကမ္ဘောဒီးယားဝန်ကြီးချုပ်ထံ သဝဏ်လွှာပေးပို့


နေပြည်တော် စက်တင်ဘာ ၂၇

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်အဖြစ် ထပ်မံရွေးကောက် တင်မြှောက်ခြင်းခံရသည့် ဆမ်ဒက် အာခါ မိုဟာ ဆီနာ ပါတိုင်း တဲ့ချို ဟွန်ဆင်ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။     
-------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမေရိကန်သမ္မတဟောင်း မစ္စတာ ဂျင်မီကာတာနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

Wed, 09/25/2013 - 18:49




 

နေပြည်တော် စက်တင်ဘာ ၂၅

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အမေရိကန်နိုင်ငံ သမ္မတဟောင်း နိုဗယ်ငြိမ်းချမ်းရေးဆုရှင် Mr. Jimmy Carter  ဦးဆောင်ပြီး ဖင်လန်နိုင်ငံ သမ္မတဟောင်း နိုဗယ်ငြိမ်းချမ်းရေး ဆုရှင် Mr. Martti Ahtisaari ၊ နော်ဝေနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Dr. Gro Harlem Brundtland တို့ ပါဝင်သော ဗြိတိန်နိုင်ငံ လန်ဒန်မြို့အခြေစိုက် The Elders အဖွဲ့ဝင်များအား ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော် နိုင်ငံတော်သမ္မတအိမ်တော်ရှိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အဆွေတော်တို့ အနေဖြင့် ယခုကဲ့သို့ ကမ္ဘာ့လူသားများ၏ အကျိုးကိုရှေးရှုပြီး လိုက်လံကူညီ ဆောင်ရွက်ပေးနေသည့်အတွက် များစွာ ဝမ်းမြောက် ဂုဏ်ယူမိပါကြောင်း၊ မိမိတို့နိုင်ငံအတွင်း လက်နက်ကိုင် တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိရာတွင်  အောင်မြင်မှုများ ရှိသကဲ့သို့ အခက်အခဲများလည်း ကြုံတွေ့ရပါကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံတစ်ဝန်းနီးပါး သေနတ်သံများ ချုပ်ငြိမ်းသွားပြီး နယ်စပ်ဒေသ အများအပြားတွင် ငြိမ်းချမ်းရေး အသီးအပွင့်များကို ခံစားနေရပြီ ဖြစ်ပါကြောင်း၊ မကြာမီ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငြိမ်းချမ်းရေး သဘော တူညီချက်အား လက်မှတ်ရေးထိုးနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အပစ်အခတ်များ ရပ်စဲသော်လည်း ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိရန် နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ကျင်းပရန် ကျန်ရှိနေပါ သေးကြောင်း၊ ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် အဆွေတော်တို့၏ အတွေ့အကြုံများ၊ အကြံဥာဏ်များကို မျှဝေပေး စေလိုပါကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။

ထို့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးဆိုင်ရာများ၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခအား ကုလသမဂ္ဂ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ စေတနာရှင်များနှင့် ပူးပေါင်း၍ ပညာရေး၊ ကျန်းမာရေး၊ ကလေးသူငယ် စောင့်ရှောက်ရေး၊ နေထိုင်စားသောက်ရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊  လူမျိုးစုနှစ်စုအကြား အတူတစ်ကွ ယှဉ်တွဲနေထိုင်နိုင်ရေး၊ ထာဝရရင်ကြားစေ့ရေး တို့အတွက် ဖြေရှင်းဆောင်ရွက်နေမှုများ၊ ၂ဝ၁၃ ခုနှစ် နှစ်ကုန်တွင် နိုင်ငံရေး အကျဉ်းသား မကျန်ရှိရအောင် ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဦးအုန်းမြင့်၊ ဒုတိယဝန်ကြီး ဦးသန့်ကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
-------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတဦးသိန်းစိန်ထံ လူဇင်ဘတ်နိုင်ငံ သံအမတ်ကြီးနှင့် မွန်ဂိုလီးယားနိုင်ငံ သံအမတ်ကြီးတို့ ခန့်အပ်လွှာများ ပေးအပ်

 Wed, 09/25/2013 - 15:15



နေပြည်တော် စက်တင်ဘာ ၂၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ဗန်ကောက်မြို့အခြေစိုက် လူဇင်ဘတ်နိုင်ငံ သံအမတ်ကြီး အဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော မစ္စတာ မတ်ခ် သေးလ် သည် ယနေ့ နံနက် ၁၁ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။

ထို့အတူ နံနက် ၁၁ နာရီခွဲတွင် မွန်ဂိုလီးယားနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူပြီးဖြစ်သော မစ္စတာ ချီမီဒေါ့ခ်ျ ဘတ်ဒူးမရား သည် ၎င်း၏ သံအမတ် ခန့်အပ်လွှာကို နိုင်ငံတော် သမ္မတထံ ပေးအပ်ခဲ့သည်။

သံအမတ် ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်၊ ဒုတိယဝန်ကြီး ဦးသန့်ကျော်နှင့် ညွှန်ကြားရေးမှူးချုပ် ဦးသူရိန်သန့်ဇင်တို့ တက်ရောက် ခဲ့ကြသည်။


 -------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတဦးသိန်းစိန်ထံ ဗြိတိန်နိုင်ငံ သံအမတ်ကြီးနှင့် ဥရောပသမဂ္ဂအဖွဲ့ သံအမတ်ကြီးတို့ ခန့်အပ်လွှာများ ပေးအပ်

Tue, 09/24/2013 - 14:58

 

 

 

နေပြည်တော် စက်တင်ဘာ ၂၄

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ အင်ဒရူးပက်ထရစ်သည် ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော် ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။

အလားတူ နံနက် ၁၁ နာရီခွဲတွင် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂအဖွဲ့ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီး ဖြစ်သော သံအမတ်ကြီး မစ္စတာ ရိုလန် ကိုဘီယာသည် ၎င်း၏ သံအမတ် ခန့်အပ်လွှာကို နိုင်ငံတော် သမ္မတထံ ပေးအပ်သည်။

အဆိုပါ သံအမတ် ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်၊ ဒုတိယဝန်ကြီး ဦးသန့်ကျော်နှင့် ညွှန်ကြားရေးမှူးချုပ် ဦးသူရိန်သန့်ဇင်တို့ တက်ရောက် ခဲ့ကြသည်။


--------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဂျပန်အထက်လွှတ်တော် အမတ် Ms. Eriko Yamatain နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

Mon, 09/23/2013 - 15:55

 



နေပြည်တော် စက်တင်ဘာ ၂၃

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဂျပန်အထက်လွှတ်တော်အမတ် Ms. Eriko Yamatain ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။

ယင်းသို့တွေ့ဆုံစဉ် ဂျပန်ကိုယ်စားလှယ်အဖွဲ့ အနေဖြင့် ဂျပန်အထက်လွှတ်တော် ODA ဆိုင်ရာ လေ့လာရေးအဖွဲ့အဖြစ် လာရောက် ခြင်း ဖြစ်ပါကြောင်း၊ ယမန်နှစ်ကလည်း ဂျပန်အထက် လွှတ်တော် ODA လေ့လာရေး အဖွဲ့တစ်ဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ ပါကြောင်း၊ မြန်မာနိုင်ငံအား ကူညီထောက်ပံ့ရန် ဂျပန်အထက်လွှတ်တော်က အထူးအာရုံစိုက် အလေးထား ဆောင်ရွက်လျက် ရှိပါကြောင်း၊ အနာဂတ်တွင် မြန်မာနိုင်ငံ၌ ဖြစ်လာနိုင်သည့် အခြေ အနေများကို သုံးသပ်ရန်နှင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အထောက် အကူပြုရန် လာရောက်လေ့လာခြင်း ဖြစ်ပါကြောင်း၊ ဂျပန်နိုင်ငံက မြန်မာနိုင်ငံအတွက် တရားဝင် ဖွံ့ဖြိုးမှု အကူအညီ (ODA) ချေးငွေ ဒေါ်လာ ၅ ဘီလီယံအား အသစ်စတင် ပေးအပ်ခဲ့ပါကြောင်း ဆွေးနွေး ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံ၌ ဂျပန်နိုင်ငံအပါအဝင် နိုင်ငံများစွာမှ ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်ရန် ကြိုးပမ်းဆောင် ရွက်နေမှု၊ သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်း၊ ရန်ကုန်ရေပေးဝေရေး၊ လျှပ်စစ်မီးရရှိရေး လုပ်ငန်းများအား ဂျပန်နိုင်ငံ အကူအညီဖြင့် ဆောင်ရွက်နေမှု၊ ရန်ကုန်-နေပြည်တော်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးလုပ်ငန်း၊ တံတားဦးလေဆိပ်၊ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းတို့တွင် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့်စပ်လျဉ်း၍ ပြန်လည် ရှင်းလင်း ဆွေးနွေးခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်၊ ဒေါက်တာ ဖေသက်ခင်၊ ဒုတိယဝန်ကြီး ဦးသန့်ကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် ဂျပန်အထက်လွှတ်တော်အမတ် ဦးဆောင်သော အဖွဲ့ နှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး တက်ရောက်ခဲ့သည်။
 ----------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဆော်ဒီအာရေဗျ အမျိုးသားနေ့ သဝဏ်လွှာပေးပို့

Mon, 09/23/2013 - 08:34

နေပြည်တော် စက်တင်ဘာ ၂၃
၂ဝ၁၃ ခုနှစ် စက်တင်ဘာ ၂၃ ရက်တွင် ကျရောက်သော ဆော်ဒီအာရေဗျနိုင်ငံ၏ အမျိုးသားနေ့၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ ဆော်ဒီအာရေဗျနိုင်ငံ ဘုရင်မင်းမြတ် အဗ္ဗဒူလာဘင် အဗ္ဗဒူ(လ်)အဇစ် အယ်လ်ဆာ အု(ဒ်) ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့သည်။ 
-----------------------------------------------------------------------------------------------------------------------------------------------------------------------------------

နေပြည်တော် သံဝေဇနိယလေးဌာနရှိ ဘုရားလောင်းဖွားမြင်တော်မူရာ နေရာနှင့် ဓမ္မစကြာ တရားဦးဟောတော်မူရာ နေရာများ ရတနာ အုတ်မြစ်တော်စီ မဟာမင်္ဂလာ အခမ်းအနား ကျင်းပ

Thu, 09/19/2013 - 18:21

 


 


နေပြည်တော် စက်တင်ဘာ ၁၉

နေပြည်တော် ဥတ္တရသီရိမြို့နယ်၌ တည်ထားကိုးကွယ်မည့် သံဝေဇနိယလေးဌာနရှိ ဘုရားလောင်း ဖွားမြင်တော်မူရာ နေရာနှင့် ဓမ္မစကြာ တရားဦး ဟောတော်မူရာ နေရာများ ရတနာ အုတ်မြစ်တော်စီ မဟာမင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပသည်။

မင်္ဂလာအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော် ကျောင်းတိုက် ဆရာတော် အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက် တော်မူကြပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဇနီးဒေါ်နန်းရွှေမှုန်၊ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့်ဇနီး ဒေါ်ခင်အေးမြင့်၊ ပြည်ထောင်စု တရားသူကြီး ချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ ဖိတ်ကြားထားသူများနှင့် အလှူရှင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ဒါန၊ သီလ၊ ဘာဝနာကုသိုလ်မှု ဆည်းပူးခြင်း မင်္ဂလာအခမ်းအနားကို နံနက် ၈ နာရီတွင် သတ္တသတ္တာဟ မဟာဗောဓိစေတီတော် အနီးရှိ သာသနာ့ ဗိမာန်၌ ကျင်းပရာ အခမ်းအနားတွင် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ရန်ကုန်တိုင်း ဒေသကြီး ထန်းတပင်မြို့နယ် လှည်းဆိပ်စံပြကျေးရွာ မနောဟရီ ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဓဇ ဘဒ္ဒန္တကုသလထံမှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမှူးပြုသော ဧည့်ပရိတ်သတ်များက ကိုးပါးသီလာ ခံယူဆောက်တည်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတက ရတနာ ငွေကြုတ်တော်၊ မော်ကွန်းကမ္ပည်း ကြေးပြားတော်၊ မော်ကွန်းကျောက်စာတော်နှင့် ရတနာ ရွှေအုတ်တော်များ၊ လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆရာတော်ထံ ဆက်ကပ်သည်။

ယင်းနောက် ဒုတိသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်ဇနီး၊ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း နှင့်ဇနီးတို့က လှူဖွယ်ဝတ္တု ပစ္စည်းများကို ဆရာတော်ထံ ဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ၊ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် ဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့က ဆရာတော်၊ သံဃာတော်များထံ လှူဖွယ်ဝတ္ထု ပစ္စည်းများကို ဆက်ကပ် လှူဒါန်းကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များထံ လှူဖွယ် ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ အလှူရှင်များက အလှူငွေများ ဆက်ကပ်လှူဒါန်းကြရာ အလှူရှင် ၉၃ ဦးတို့က ငွေကျပ် သိန်းပေါင်း ၁၇၅၈ သိန်းကျော်ကို လှူဒါန်းခဲ့ကြသည်။

ထို့နောက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဌဂုရု အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသထံမှ ဧည့်ပရိသတ်တို့က အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

ယင်းနောက် ဘုရားအလောင်းတော် ဖွားမြင်တော်မူရာ နေရာတွင် ရတနာအုတ်မြစ်တော်စီ  မင်္ဂလာအခမ်းအနားကို ဆက်လက် ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ရတနာငွေကြုတ်တော်၊ မော်ကွန်းကမ္ပည်းကြေးပြားတော်၊ မော်ကွန်းကျောက် စာတော် နှင့် ပတ္တမြားရတနာ စီခြယ်ထားသော ကျောက်စိမ်းအုတ်မြစ်တော်တို့ကို စီသွင်းပူဇော်သည်။

ထို့နောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ဦးဉာဏ်ထွန်းနှင့် တာဝန်ရှိသူတို့က ရတနာကျောက်စိမ်း အုတ်မြစ်တော် တို့ကို စီသွင်းပူဇော်ကြသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ဗုဒ္ဓမြတ်စွာဓမ္မစကြာတရားဦး ဟောတော်မူရာနေရာတွင် ရတနာကျောက်စိမ်း အုတ်မြစ်တော်များ စီသွင်းပူဇော်ကြသည်။

ရာဇဌာနီမင်းနေပြည်တော်၌ သတ္တသတ္တာဟာ မဟာဗောဓိစေတီတော် မြတ်ကြီးကို အောင်မြင်စွာ တည်ဆောက်ပြီးစီးခဲ့ပြီဖြစ်ရာ မဟာဗောဓိပင်နှင့် ရွှေပလ္လင်သည် သံဝေဇနိယ လေးဌာနတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ဆက်လက်၍ သံဝေဇနိယလေးဌာနမှ ကျန်ရှိသည့် သံဝေဇနိယသုံးဌာနကို တည်ထားပူဇော်ရန် စီမံဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဘုရား အလောင်းတော် ဖွားမြင်တော်မူရာနှင့် ဓမ္မစကြာတရားဦးဟောတော်မူရာ နှစ်ဌာန တည်ဆောက်ရန် ရတနာနဝရတ် အုတ်မြစ်တော်များ စီသွင်း ပူဇော်ပြီးဖြစ်သည်။

မြတ်စွာဘုရားသည် သက်တော် ရှစ်ဆယ်အရွယ်တွင် ပရိနိဗ္ဗာန်စံတော်မူခဲ့ရာ ထိုအကြောင်းအရာကို အထိမ်းအမှတ်ပြုလျက် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူရာဌာန တည်ဆောက်ရန် ရတနာ နဝရတ် အုတ်မြစ်တော်စီသွင်း ပူဇော်ခြင်းကို ယနေ့မှ စတင်၍ ရက်ပေါင်း ၈၀ ပြည့်သည့် နေ့တွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
-----------------------------------------------------------------------------------------------------------------------------------------------------------------------------------

မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ခန့်အပ်တာဝန်ပေးခြင်း

Thu, 09/19/2013 - 17:29

 


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ်၊ ၄၃ / ၂၀၁၃)
၁၃၇၅ ခုနှစ်၊ တော်သလင်းလပြည့်နေ့
(၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်)
မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ခန့်အပ်တာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၆၊ ပုဒ်မခွဲ(က) နှင့် ပုဒ်မခွဲ(ခ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ(င) နှင့် ပြည်ထောင်စုရှေ့နေချုပ်ဥပဒေ ပုဒ်မ ၂၂ တို့ပါ ပြဋ္ဌာန်းချက်များအရ ဦးဇေယျအား မကွေးတိုင်းဒေသကြီး ဥပဒေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်။


                                                                                                                  (ပုံ)သိန်းစိန်
                                                                                                                နိုင်ငံတော်သမ္မတ
                                                                                                       ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
-----------------------------------------------------------------------------------------------------------------------------------------------------------------------------------

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ အာဏာတည်သည့်နေ့ရက် သတ်မှတ်ခြင်း

Tue, 09/17/2013 - 16:02

 

                                                                ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
                                                                              နိုင်ငံတော်သမ္မတရုံး
                                                                               အမိန့်ကြော်ငြာစာ
                                                                               အမှတ်၊ ၇၃/ ၂၀၁၃
                                                                 ၁၃၇၅ ခုနှစ်၊ တော်သလင်းလဆန်း ၁၃ ရက်
                                                                   (၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်)
                             အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ အာဏာတည်သည့်နေ့ရက် သတ်မှတ်ခြင်း
 
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေသည် ယင်းဥပဒေ ပုဒ်မ ၁၊ ပုဒ်မခွဲ (ခ) အရ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက် (၁၃၇၅ ခုနှစ်၊ တော်သလင်းလဆန်း ၁၃ ရက်) နေ့မှစတင်၍ အာဏာတည်သည်ဟု သတ်မှတ်လိုက်သည်။

(ပုံ) သိန်းစိန်                 
နိုင်ငံတော်သမ္မတ            
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
-----------------------------------------------------------------------------------------------------------------------------------------------------------------------------------

ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့သို့ ပေးပို့တင်ပြလာသည့် အကြံပြုစာများအပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ အရေးယူဆောင်ရွက်မှုများကို ပြည်သူများ သိရှိစေရန် ထုတ်ပြန်ကြေညာခြင်း (၂၁)

Tue, 09/17/2013 - 09:19

၁။ ရန်ကုန်မြို့တော်တွင် မိုးဦးရာသီ၌ သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များလာသည့်အတွက် မသန့်ရှင်းသော အစားအသောက်များအား တားမြစ်ခြင်းနှင့် ရေဆိုး မြောင်းများ ပိတ်ဆို့မှု မရှိစေရေး တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ပေးစေ လိုကြောင်း အကြံပြုချက်နှင့် စပ်လျဉ်း၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ ရှင်းလင်း ပြန်ကြားရာတွင် သွေးလွန်တုပ်ကွေးရောဂါသည် ကလေးများ၏ အသက်အန္တရာယ် စိုးရိမ်ရသော ရောဂါဖြစ်ပြီး တစ်နှစ်ပတ်လုံး ဖြစ်ပွားသော ရောဂါဖြစ်ပါကြောင်းနှင့် မိုးရာသီတွင် ခြင်ပေါက်နှုန်းပိုများသဖြင့် ရောဂါအဖြစ်များ သည်ကို တွေ့ရှိရပါ၍ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းခြင်း လုပ်ငန်းကို တစ်နှစ်ပတ်လုံး စီမံချက်ရေးဆွဲ၍ အောက်ပါ အတိုင်း ဆောင်ရွက်လျက်ရှိ ပါကြောင်း-

(က)
ခြင်အန္တရာယ် ကာကွယ်ရန်အတွက် ခြင်သက်ကြီးကောင်များကို ခြင်ဆေးမှုတ်ခြင်း၊ ခြင်သားလောင်းများ မပေါက်ဖွားစေရန် အတွက် (Abate) ခေါ် ခြင်သားလောင်း မပေါက်ဖွားသောဆေးကို အသုံးပြု၍ တစ်နှစ်ပတ်လုံး ဆောင်ရွက်ခြင်း၊ ခြင်ထောင်စိမ် ဆေးရည်ထုပ်များကို ရပ်ကွက်အတွင်း အခမဲ့ ဖြန့်ဝေပေးခြင်း၊ ခြင်ထောင်များ ဆေးစိမ်ပေးခြင်း၊ အခြေခံ လုပ်ငန်းများ ဖြစ်သော ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေး ပညာပေး ဟောပြောပွဲများ ပြုလုပ်ပေးခြင်းနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး ဆောင်ရွက်ပေးခြင်း။

(ခ)
ကျောင်းများတွင်လည်း ကျောင်းမဖွင့်မီ တစ်ပတ်အလိုတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ကျန်းမာရေး ဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ခြင်ဆေးမှုတ်ပေးခြင်း၊ (Abate) ဆေး ခပ်ပေးခြင်း၊ လိုက်ကာများ ဆေးစိမ်ပေးခြင်း၊ ကျန်းမာရေး ပညာပေး ဟောပြောပွဲများ ပြုလုပ်ပေးခြင်း။

(ဂ)
မြို့နယ်များရှိ ရပ်ကွက်များတွင်လည်း သွေးလွန်တုပ်ကွေး ကာကွယ် နှိမ်နင်းရေး ပြည်သူလူထု လှုပ်ရှားမှု ဆောင်ရွက်ချက် များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ကျန်းမာရေးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနတို့သည် NGO များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူလူထုတို့ စုပေါင်းဆောင်ရွက်ခြင်း။

(ဃ)
ယခုနှစ် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနှုန်း ပိုမိုတိုးတက်လာသည်ကို တွေ့ရှိရ၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် အပတ်စဉ် (ဗုဒ္ဓဟူး၊ စနေ) နေ့များတွင် ဆောင်ရွက်လျက် ရှိသော ခြင်နှိမ်နှင်းရေး လုပ်ငန်း ဆောင်ရွက်ချက် များကို ယခင်ထက်ပို၍ အရှိန်အဟုန် မြှင့်ပြီး ပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။

(င)
စားသောက်ကုန်များတွင် ခွင့်မပြု ဆိုးဆေးများ ပါဝင်မှု ရှိ/ မရှိကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ကျန်းမာရေးဌာန ဓာတ်ခွဲခန်း တွင် ဓာတ်ခွဲစစ်ဆေးခြင်း၊ ဆီအရည်အသွေး အမျိုးအစား ခွဲခြား စစ်ဆေးခြင်း၊ စားသုံးရန် သင့်မသင့် စစ်ဆေးခြင်းတို့ကို ခေတ်မှီ စက်ကိရိယာများဖြင့် စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး စားသောက်ကုန်များ သန့်ရှင်းမှု ရှိ/မရှိ ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ကျန်းမာရေးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန၊ ရန်ကုန်တိုင်း ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး အစားအသောက် ထုတ်လုပ်သော စက်ရုံများအား ပုံမှန်စစ်ဆေးခြင်း။

(စ)
ရန်ကုန်မြို့တော်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်များ၊ ကျောင်းတွင်း စားသောက် ဆိုင်များ၊ ဈေးများ တွင် ရောင်းချလျက်ရှိသော စားသောက်ဆိုင်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ကျန်းမာရေးဌာနမှ ကျန်းမာရေးနှင့် ညီညွတ်စွာ ရောင်းချမှု ရှိ/မရှိကို စဉ်ဆက်မပြတ် စစ်ဆေးခြင်း။

(ဆ)
ဈေးများတွင် ရောင်းချလျက်ရှိသော စားသောက်ကုန်ပစ္စည်းများ၌ ခွင့်မပြု ဆိုးဆေးများ ပါဝင်မှု ရှိ/မရှိကို အစားအသောက် နမူနာ (Food Sample) ကောက်ယူ၍ ဓာတ်ခွဲခန်းတွင် စစ်ဆေးခြင်း၊ ခွင့်မပြု ဆိုးဆေးများ ပါဝင်လျက်ရှိသော စားသောက်ကုန် များအား ဖျက်သိမ်းခြင်း၊ သတိပေးခြင်း၊ ပညာပေး ကာလကျော်လွန်ပါက ဆိုင်ပိတ်သိမ်းခြင်း စသည် တို့ကို ဆောင်ရွက်လျက် ရှိပါကြောင်း။
၂။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးအဖွဲ့၊ လမ်းတံတားဌာနမှ လမ်းလယ်တုံးများအား စနစ်တကျ ရောင်ပြန် ကပ်ခြင်း၊ ဆေးရောင်သုတ်၍ ချထားခြင်းနှင့် သတိပေး ဆိုင်းဘုတ်များ ပြုလုပ်ပေးနိုင်ပါက ယာဉ်အန္တရာယ် ကင်းရှင်းမည် ဖြစ်ပါကြောင်း အကြံပြုချက်နှင့် စပ်လျဉ်း၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မှ အောက်ပါအတိုင်း ရှင်းလင်း ပြန်ကြား ထားပါကြောင်း-

(က)
ဘုရင့်နောင်လမ်းမကြီး ရေကြောင်းသိပ္ပံကျောင်းရှေ့ လမ်းမပေါ်တွင် ကားဝင်/ ထွက်ရန်မှအပ လမ်းလယ်တုံး (၁၇၈) တုံးအား တောက်လျှောက် ချထားပေးပြီး လမ်းလယ်ကျွန်း ကွန်ကရစ်တုံးများအား ဆေးရောင် သုတ်ပေးခြင်း၊ ရောင်ပြန် စတေကာ ကပ်ခြင်းအပြင် ကွန်ကရစ်တုံး ထိပ်ပေါ်တွင် အဝါရောင် မှိတ်တုတ် မီးဝါ တပ်ဆင်ပေးထားပြီး လမ်းမီးတိုင်မှ လမ်းမီးများ ကောင်းမွန်အောင် ဆောင်ရွက်ပေးခြင်း။

(ခ)
လှိုင်သာယာဘက်မှ ဘုရင့်နောင်တံတားအထက် တပ်ဂိတ် (၂) ဂိတ်ကြား တွင် ချထားသော လမ်းလယ် ကွန်ကရစ်တုံး များအား ရောင်ပြန်ကပ်ခြင်း၊ ဆေးသုတ်ခြင်း။

(ဂ)
ဦးဝိစာရလမ်း၊ ဦးဝိစာရ မီးပွိုင့်ဘဏ်ရှေ့တွင် Free Lane အတွက် ချထားသည့် လမ်းလယ်တုံးများ အား ဆေးသုတ်ခြင်း၊ ရောင်ပြန်စတေကာ ကပ်ခြင်းများ ဆောင်ရွက်ပေးခဲ့ပါကြောင်း။
၃။ ရတနာပုံတယ်လီပို့မှ တာဝန်ယူ ဖြန့်ဖြူးရောင်းချနေသော GSM ငွေဖြည့်ကတ်များအား နယ်အရောင်း ဆိုင်များသို့ လက်ခွဲစနစ်ဖြင့် ကိုယ်စားလှယ် ရောင်းချပေးခဲ့ရာ အရောင်းဆိုင်များတွင် ရှိနေသော ငွေဖြည့်ကတ်များအနက် အချို့မှာ သက်တမ်းကုန်ဆုံး သွားပါသဖြင့် အဆိုပါ ငွေဖြည့်ကတ်များ၏ သက်တမ်းအား တိုးမြှင့်ပေးပါရန် တင်ပြချက်နှင့် စပ်လျဉ်း၍ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ အောက်ပါ အတိုင်း ရှင်းလင်း ပြန်ကြားထားပါကြောင်း-

 (က)
GSM ငွေဖြည့်ကတ်များနှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် ငွေဖြည့်ကတ်များအတွက် လိုအပ်သော Data များကို OCS System မှ Generate ပြုလုပ်၍ သက်ဆိုင်ရာ ကုမ္ပဏီသို့ လွှဲပြောင်း ပေးရာတွင် ငွေဖြည့်ကတ်သက်တမ်း (Expiry Date) ကို Data Generate ပြုလုပ်ချိန်မှ စတင်၍ (၆) လ သက်တမ်း သတ်မှတ် ပေးထားပါကြောင်း။

(ခ)
ငွေဖြည့်ကတ်များကို သက်ဆိုင်ရာ ကုမ္ပဏီမှ ထုတ်လုပ်၍ ၎င်းတို့၏ အစီအစဉ်ဖြင့် ဖြန့်ဖြူးရောင်းချပေးခြင်း ဖြစ်ပါကြောင်းနှင့် အကြောင်း အမျိုးမျိုးကြောင့် မရောင်းလိုက်ရသည့် သက်တမ်းလွန် ငွေဖြည့်ကတ်များအား မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သက်တမ်းတိုးပေးနိုင်ခြင်း မရှိသော်လည်း အောက်ပါအတိုင်း ကတ်အသစ် အစားထိုး ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း-


(၁)
သက်တမ်းလွန် ငွေဖြည့်ကတ်များကို သက်တမ်းကုန်သည့် နေ့ရက်မှ (၁)လအတွင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ မူလ ဝယ်ယူထားသည့် တရားဝင် အရောင်းကိုယ်စားလှယ်သို့ ပြန်လည်အပ်နှံ စေပြီး တရားဝင် အရောင်းကိုယ်စားလှယ်မှ အခကြေးငွေ မယူဘဲ ငွေဖြည့်ကတ် အသစ်ဖြင့် အစားထိုး ပြန်လည် ထုတ်ပေးစေခြင်း။


(၂)
တရားဝင် အရောင်းကိုယ်စားလှယ်မှ လက်ခံထားသော သက်တမ်းလွန် ငွေဖြည့်ကတ်များ ကို နောက် (၁) လအတွင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းသို့ အပ်နှံစေခြင်း။


(၃)
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သက်တမ်းလွန် ငွေဖြည့်ကတ်များ၏ နံပါတ်များကို ပယ်ဖျက်ခြင်း တို့ကို ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း သက်ဆိုင်ရာဌာနများ၏ ပြန်ကြားချက်များအား ဖော်ပြ အပ်ပါသည်။
၎။ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ အရေးယူဆောင်ရွက်မှုများ အပေါ် မကျေလည်မှုများ၊ မေးမြန်းစုံစမ်းလိုသည်များ ရှိခဲ့ပါက ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့သို့ ထပ်မံ ပေးပို့ အကြောင်းကြားနိုင်ပါကြောင်း ကြေညာအပ် ပါသည်။
                                                        ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ စွမ်းဆောင်ရည်အကဲဖြတ်အဖွဲ့ 

 ----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

ရှမ်းပြည်နယ် ဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း

 Mon, 09/16/2013 - 11:39

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
( အမိန့်အမှတ်၊ ၄၂ / ၂၀၁၃ )
၁၃၇၅ ခုနှစ်၊ တော်သလင်းလဆန်း   ၁၂    ရက်
(၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ   ၁၆    ရက်)
ရှမ်းပြည်နယ် ဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မခွဲ(င)နှင့် ပုဒ်မခွဲ(စ)၊ ပုဒ်မ ၂၆၄၊ ပုဒ်မခွဲ(ဂ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မ ၈၂၊ ပုဒ်မခွဲ(ဂ)နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(ဆ)၊ ပုဒ်မ ၅၆၊ ပုဒ်မခွဲ(က)တို့ပါ ပြဋ္ဌာန်းချက်များအရ မိုင်းပြင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလှဝင်းအား ရှမ်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ် တာဝန် ပေးလိုက်သည်။

(ပုံ) သိန်းစိန်                  
နိုင်ငံတော်သမ္မတ             
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
-----------------------------------------------------------------------------------------------------------------------------------------------------------------------------------

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ ဦးသိန်းစိန် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ (၂၀၁၃) အထိမ်းအမှတ် အခမ်းအနားသို့ သဝဏ်လွှာ တစ်စောင် ပေးပို့

 Mon, 09/16/2013 - 09:09

နေပြည်တော် စက်တင်ဘာ ၁၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ ဦးသိန်းစိန်က ယနေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ (၂၀၁၃) အထိမ်းအမှတ် အခမ်းအနားသို့ သဝဏ်လွှာ တစ်စောင် ပေးပို့ခဲ့သည်။

အဆိုပါ သဝဏ်လွှာ အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား-
၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခါသမယတွင် မြန်မာပြည်သူပြည်သားများ အနေဖြင့် ဒီမိုကရေစီစနစ် ထွန်းကားရေးနှင့် ဒီမိုကရေစီ အပြောင်းအလဲ ဖော်ဆောင်ရေးလုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်၍ ဒီမိုကရေစီ၏ အနှစ်သာရများကို အပြည့်အဝ ရရှိခံစားနိုင်ကြပါစေကြောင်း နှုတ်ခွန်းဆက်သ ဆုမွန်ကောင်း တောင်းအပ်ပါသည်။ ဒီမိုကရေစီစနစ် ကျင့်သုံး အကောင်အထည်ဖော်နိုင်ရေးအတွက် ၂၀၀၇ ခုနှစ် (၆၂) ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးတွင် ဒီမိုကရေစီ စနစ်ကို ဂုဏ်ပြုသည့် အထိမ်းအမှတ် အနေဖြင့်လည်းကောင်း၊ အစိုးရများအနေဖြင့် ဒီမိုကရေစီ ကျင့်စဉ်များကို မြှင့်တင်ပေးရန်နှင့် နိုင်ငံသူ၊ နိုင်ငံသားများအကြား ဒီမိုကရေစီ စိတ်ဓာတ် အစဉ်နိုးကြားနေစေရန်အတွက် လည်းကောင်း၊ ဒီမိုကရေစီစနစ် မြှင့်တင်ကျင့်သုံးမှုကို လက်ရှိအခြေအနေတွင် သာမက အနာဂတ် တွင်လည်း အစဉ်အမြဲ လုပ်ဆောင်ရန် လိုအပ်ကြောင်း သတိပေးသည့် ရည်ရွယ်ချက်များဖြင့် နှစ်စဉ် စက်တင်ဘာလ ၁၅ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အဖြစ် သတ်မှတ်၍ အခမ်းအနားများ ကျင်းပရန် အတည်ပြု သတ်မှတ်ခဲ့ ပါသည်။

ဒီမိုကရေစီဆိုသည်မှာ မိမိတို့ လူ့ဘောင်အဖွဲ့အစည်း၏ အုပ်ချုပ်မှုတွင် ပြည်သူများအားလုံး ပါဝင်နိုင်ပြီး မိမိတို့၏ လိုအင်ဆန္ဒကို လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြသခွင့်ပြုထားသော တစ်ကမ္ဘာလုံးက လက်ခံထားသည့် အယူအဆ တစ်ရပ် ဖြစ်ပါသည်။ နေထိုင်ရာဒေသ၊ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာ ဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာကို အကြောင်းပြု၍ ခွဲခြားမှု မရှိစေဘဲ ပြည်သူများ ပေါင်းစည်းနေထိုင်နိုင်သည့် အယူအဆ တစ်ရပ်လည်း ဖြစ်ပါသည်။ ဒီမိုကရေစီ ဆိုသည့် အယူအဆသည် လွယ်ကူစွာ ဖော်ဆောင်နိုင်သည့် အရာတစ်ခု မဟုတ်သကဲ့သို့ ပြီးပြည့်စုံသည့် အရာတစ်ခုလည်း မဟုတ်ပေ။ ဒီမိုကရေစီတွင် အပြီးသတ် ပန်းတိုင် မရှိပါ။ ထို့ကြောင့် ပြောင်းလဲနေသော အခြေအနေများနှင့်အညီ စဉ်ဆက်မပြတ် ကြိုးပမ်း အားထုတ်ရန် လိုအပ်သကဲ့သို့ တစ်ဦးကို တစ်ဦး အပြန်အလှန် ရိုသေလေးစားမှုနှင့် စေ့စပ် ကျေအေးမှုများလည်း လိုအပ်ပါသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ဆီသို့ ခိုင်မာသည့် ရည်မှန်းချက်ဖြင့် ဦးတည်ချီတက် နေသော နိုင်ငံများထဲမှ တစ်နိုင်ငံ ဖြစ်ပါသည်။ ကျွန်တော်တို့ မြန်မာပြည်သူများသည် ခေတ်မီသော ဒီမိုကရေစီ နိုင်ငံတော်တစ်ရပ် တည်ဆောက်ရန် စွန့်စွန့်စားစားဖြင့် စတင် လျှောက်လှမ်းနေကြခြင်း ဖြစ်ပါသည်။ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများမှ စတင်ကာ ငြိမ်းချမ်းရေး၊ နိုင်ငံ တည်ဆောက်ရေးနှင့် အမျိုးသားရေး ပြန်လည် စည်းလုံး ညီညွတ်ရေး ကြိုးပမ်းအားထုတ်မှုများဖြင့် မိမိတို့၏ လူ့အဖွဲ့အစည်းကို ပြန်လည် တည်ဆောက်နေပြီး ကျွန်တော်တို့၏ ဒီမိုကရေစီစံနှုန်းများ တိုးတက်မှုရှိအောင် ဖော်ဆောင်လျက် ရှိပါသည်။ သို့သော် ဒီမိုကရေစီ ဆိုသည်မှာ အစိုးရများကသာ ဆုံးဖြတ် လုပ်ကိုင်ရခြင်း မဟုတ်ဘဲ နိုင်ငံသားများကပါ ၎င်းတို့ကို အုပ်ချုပ်စေလိုသည့် စနစ်များနှင့် တန်ဖိုးများကို အတူတကွ ပါဝင်ဆုံးဖြတ်စေခြင်းပင် ဖြစ်ပါသည်။ မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းမှုသည် ဗဟိုဦးစီးစနစ်မှ ဒီမိုကရေစီ အုပ်ချုပ်ရေးသို့ အသွင်ကူးပြောင်းမှု ဖြစ်သည့်အတွက် မြန်မာ့ဒီမိုကရေစီ ယဉ်ကျေးမှုကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် တည်ဆောက် အကောင်အထည်ဖော်ရန်မှာ ကျွန်တော်တို့ အားလုံး၏ တာဝန်ပင် ဖြစ်ပါသည်။

ပြည်သူ့အသံကြားရစေရန်နှင့် ၎င်းတို့ကို မည်သို့အုပ်ချုပ်စေလိုသည်ကို မိမိတို့ ဘာသာ ဆုံးဖြတ်ရန် ရည်သန်ကာ ယခုနှစ်တွင် “ဒီမိုကရေစီထွန်းကားရေး ပြည်သူ့အသံ မြှင့်တင်ပေး” “Strengthening Voices for Democracy” ဟူသော ဦးတည်ချက် အနှစ်သာရဖြင့် ကမ္ဘာ့ဒီမိုကရေစီနေ့ အခမ်းအနားကို ကျင်းရခြင်းဖြစ်ပါသည်။ ကျွန်တော်တို့ မြန်မာပြည်သူများသည် မိမိတို့၏ အခွင့်အရေးများ တိုးတက်ရရှိစေရန်၊ မိမိတို့၏အသံ များကို ပြည်သူ့ရေးရာ၊ စီမံခန့်ခွဲမှုရေးရာများ၌ ပါဝင်စေရန်နှင့် နိုင်ငံရေး ဆုံးဖြတ်ချက် ဖြစ်စဉ်တွင် ပါဝင်ခွင့်ရရန်အတွက် ကနဦးဆောင်ရွက်ရမည့် အဆင့်များကို ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါသည်။ မိမိတို့၏ ဆန္ဒများကို ထုတ်ဖော်နိုင်ပြီဖြစ်သော်လည်း ထိုသို့ ထုတ်ဖော်ရာတွင် အခြားသူများ၏ အခွင့်အရေးကို မထိပါးစေသော နည်းလမ်းဖြင့် ထုတ်ဖော် ကြရမည် ဖြစ်သကဲ့သို့ တစ်ဦးကိုတစ်ဦး အမုန်းပွားစေမည့် ဝေဖန်ပြောဆိုမှုမျိုး ကိုလည်း ရှောင်ရှားကြရမည် ဖြစ်ပါသည်။ ဒီမိုကရေစီစနစ် ရင့်သန်ဖွံ့ဖြိုးလိုပါက လူ့ဘောင်အဖွဲ့အစည်းကို ပုံဖော်ပေးမည့် နည်းလမ်းများဖြစ်သော တာဝန်ခံမှု၊ ပွင့်လင်း မြင့်သာရှိမှု၊ ဒီမိုကရက်တစ် စနစ်တွင် ရှိရမည့် လွတ်လပ်မှုများကို ဟန်ချက်ညီကျင့်သုံး တတ်စေရန် ကျွန်တော်တို့ အားလုံး လေ့လာကြရမည် ဖြစ်ပါသည်။

ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်မှုများသည် နိုင်ငံတစ်နိုင်ငံ၏ သမိုင်းကြောင်းနောက်ခံ အခြေအနေများ၊ လူမှုပုံစံများ၊ ဓလေ့ထုံးစံ ယဉ်ကျေးမှုများနှင့် စံတန်ဖိုးများ၊ နိုင်ငံအတွင်းရှိ ပါတီများ၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာ အစုအဖွဲ့များနှင့် ပြည်သူများအားလုံး တစ်နည်းဆိုသော် သက်ဆိုင်သူများအားလုံး (Stakeholders) ၏ ဒီမိုကရေစီ ဖော်ဆောင်နိုင်မှု အပေါ်တွင် မူတည်ကာ ပုံစံအမျိုးမျိုး၊ ချဉ်းကပ်မှု အမျိုးမျိုး ကွဲပြား သော်လည်း စိတ်နေစိတ်ထား ရင့်ကျက်ပြည့်ဝမှု၊ အတွေးအခေါ် မြင့်မားမှု၊ စည်းကမ်းနှင့် ဒီမိုကရေစီတို့သည် ခွဲခြားမရသော ဖြစ်စဉ်များ ဖြစ်ပါသည်။

ယနေ့ မြန်မာနိုင်ငံတော်သည် မကြုံဖူးခဲ့သည့် အသွင်ကူးပြောင်းရေး လမ်းကြောင်း တစ်ရပ်ဖြင့် လျှောက်လှမ်းချီတက်ရာတွင် များပြားလှသည့် မရေရာမသေချာမှုများ၊ ကြီးမားသည့် စိန်ခေါ်မှုများနှင့် အဟန့်အတားများကို ကြုံတွေ့ကြရပါသည်။ ယင်းစိန်ခေါ်မှု များကို အစိုးရအဖွဲ့၊ လွှတ်တော်များ၊ နိုင်ငံရေးအင်အားစုများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ တပ်မတော်နှင့် ပြည်သူတစ်ရပ်လုံး၏ ပူးပေါင်းပါဝင်မှုကို အခြေခံ၍ မှန်ကန်သည့် စေတနာဖြင့် ရင်ဆိုင်ဖြေရှင်း ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။ ယနေ့ကြုံတွေ့နေရသည့် ပဋိပက္ခများ၊ အခက်အခဲ အကျပ်အတည်းများသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလ၌ မဖြစ်မနေ ကြုံတွေ့ရမည့် စိန်ခေါ်မှု ပြဿနာများပင်ဖြစ်ပြီး အလားတူ စိန်ခေါ်မှုများ ရှိနေသကဲ့သို့ အခွင့်အလမ်းကောင်းများလည်း ရှိနေပါသည်။ ထိုအခွင့်အလမ်း ကောင်း များကို အမိအရဆုပ်ကိုင်ပြီး စိန်ခေါ်မှုများကို ကြံ့ကြံ့ခံကျော်လွှားသွားရန်  လိုအပ် ပါသည်။
တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား-
ယနေ့ကျင်းပသည့် ကမ္ဘာ့ဒီမိုကရေစီနေ့ အခါသမယနှင့် အခွင့်အခါ ကြုံကြိုက်ချိန်တွင်  ပြည်သူများ အနေဖြင့် ဒီမိုကရေစီတွင် ပါဝင်သော မတူကွဲပြားသည့် အသံများကို လေးစားရန်၊ ပွင့်လင်းစွာ ဆွေးနွေးခြင်း၊ ဖျောင်းဖျတိုက်တွန်းခြင်းနှင့် စေ့စပ်ညှိနှိုင်း ဆွေးနွေးခြင်း လုပ်ငန်း များတွင် ပါဝင်ကြရန်နှင့် ဒီမိုကရေစီထွန်းကားရေး ပြည်သူ့အသံ မြှင့်တင်ပေးနိုင်ရေးအတွက် အားပေးတိုက်တွန်း လိုက်ရပေသည်။
-----------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတဦးသိန်းစိန် မက္ကဆီကိုနိုင်ငံ လွတ်လပ်ရေးနေ့ သဝဏ်လွှာပေးပို့

Mon, 09/16/2013 - 08:27

နေပြည်တော် စက်တင်ဘာ ၁၆

၂၀၁၃ခုနှစ် စက်တင်ဘာ (၁၆) ရက်တွင် ကျရောက်သော မက္ကဆီကို ပြည်ထောင်စုနိုင်ငံ၏ နှစ်ပတ်လည် လွတ်လပ်ရေးနေ့ အခါသမယ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ မက္ကဆီကို ပြည်ထောင်စုနိုင်ငံသမ္မတ မစ္စတာ အန်ရစ်ခ် ပီညာ နီတို ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့သည်။
-----------------------------------------------------------------------------------------------------------------------------------------------------------------------------------

အသွင်ကူးပြောင်းရေးကာလတွင် ကြုံတွေ့ရမည့် စိန်ခေါ်မှုများကို အမြော်အမြင်ရှိရှိ သဘောထားကြီးကြီး ပါဝင်ဆောင်ရွက်ရေး ဆွေးနွေး

Sun, 09/15/2013 - 10:46




 




 

နေပြည်တော် စက်တင်ဘာ ၁၄

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ဦးမင်းကိုနိုင် ဦးဆောင်သော (၈၈) မျိုးဆက် (ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) အဖွဲ့အား ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ တောင်သူ ပညာပေး ဧက ၅ဝဝ စက်မှု လယ်ယာ စံပြစိုက်ခင်း အစည်းအဝေး ခန်းမ၌ တွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော် သမ္မတ နှင့်အတူ ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်း၊ ဦးအောင်မင်း၊ ဦးတင်နိုင်သိန်း၊ ဦးအုန်းမြင့်၊ ဦးခင်ရီတို့ တက်ရောက်ကြပြီး (၈၈) မျိုးဆက် (ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) မှ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးမင်းဇေယျ၊ ဦးဌေးကြွယ်၊ ဦးဂျင်မီ၊ ဒေါ်နီလာသိန်း၊ ဦးမာကီး၊ ဦးအောင်သူ၊ ဦးသက်ဇော၊် ဦးဇော်မင်း၊ စမ်းချောင်း ဦးကိုကိုကြီးတို့ တက်ရောက် ကြသည်။

တွေ့ဆုံစဉ် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဦးတည်၍ ပြည်တွင်း ငြိမ်းချမ်းရေး၊ အားလုံး ပါဝင် နိုင်သော နိုင်ငံရေး ဖြစ်စဉ် တစ်ခု ပေါ်ပေါက်ရေး၊ တွေ့ဆုံ ဆွေးနွေး အဖြေ ရှာသည့် နိုင်ငံရေး ယဉ်ကျေးမှု သစ်အား ရှင်သန်အောင် ဆောင်ရွက်ရေး၊ ဒီမိုကရေစီ အမြစ်တွယ် ရှင်သန်ရေး၊ လူမှုစီးပွား ဘဝ မြှင့်တင် ဆောင်ရွက်ရေး၊ အသွင် ကူးပြောင်းရေး ကာလတွင် ကြုံတွေ့ရမည့် စိန်ခေါ်မှုများကို အမြော်အမြင်  ရှိရှိ သဘောထား ကြီးကြီး ပါဝင် ဆောင်ရွက်ရေး၊ လယ်ယာမြေ ကိစ္စများ၊ နိုင်ငံရေး အကျဉ်းသား ကိစ္စများ၊ သဘောထား ရပ်တည်ချက် မတူညီသူများ အတူတကွ လက်တွဲ အလုပ်လုပ်နိုင်ရေး၊  အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် အစိုးရအဖွဲ့၊ ပြည်ထောင်စု လွှတ်တော်၊ လွှတ်တော် ပြင်ပရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အပါအဝင် တိုင်းရင်းသား အင်အားစုများ၊ နိုင်ငံရေး အင်အားစုများ၊ အရပ်ဘက် လူ့ အဖွဲ့အစည်းများ ပါဝင် နိုင်စေရေး ကိစ္စရပ်များကို ပွင့်ပွင့် လင်းလင်း ညှိနှိုင်း ဆွေးနွေး ခဲ့ကြကြောင်း သိရှိရသည်။
-----------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လတ်ဗီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

Fri, 09/13/2013 - 14:32

 



နေပြည်တော် စက်တင်ဘာ ၁၃

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် လတ်ဗီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Edgars Rinkevics ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီတွင် နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ယင်းတွေ့ဆုံပွဲတွင် ၂၀၀၉ ခုနှစ်ကတည်းက လတ်ဗီးယား-မြန်မာ ချစ်ကြည်ရေးအသင်း ဖွဲ့စည်းခဲ့ပြီး နှစ်နိုင်ငံပြည်သူများအကြား ဆက်သွယ်ဆက်ဆံခဲ့မှု၊ ၂၀၁၂ ခုနှစ်တွင် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့မှု၊ နှစ်နိုင်ငံအကြား ပညာရေး၊ ကျန်းမာရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး၊ ခရီးသွားလာရေးလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်နိုင်မှု၊ သတင်း နည်းပညာ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ယဉ်ကျေးမှု၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ နိုင်ငံတကာ ဆက်ဆံရေးနှင့် နှစ်နိုင်ငံဆက်ဆံရေး စသည့် ကဏ္ဍများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်မှု တိုးမြှင့်ရေး၊ ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်ရေးအတွက် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

နိုင်ငံတော်သမ္မတက လတ်ဗီးယားနိုင်ငံ သမ္မတအား မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း၊ ဒေါက်တာကံဇော်၊ ဒေါက်တာ ကိုကိုဦး၊ ဒုတိယဝန်ကြီး ဦးသန့်ကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
-----------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီး တီမောလက်စ်တေနိုင်ငံ ဝန်ကြီးချုပ်နှင့် ဇနီးတို့အား ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ 

 Fri, 09/13/2013 - 08:59








နေပြည်တော် စက်တင်ဘာ ၁၂

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီး ဒေါ်ခင်ခင်ဝင်းတို့သည် တီမောလက်စ်တေ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ကေရာလာ ဇာနာနာ ဂူစ်မာအိုနှင့် ဇနီး မစ္စစ် ကာစ်တီ ဆဝဒ် ဂူစ်မာအိုတို့ ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ယနေ့ည ၇ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်၌ ဂုဏ်ပြု ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

ရှေးဦးစွာ နိုင်ငံတော် တီးဝိုင်းက နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများကို ဂုဏ်ပြုတီးမှုတ်သည်။ ထို့နောက် နိုင်ငံတော် သမ္မတနှင့် တီမောလက်စ်တေ နိုင်ငံဝန်ကြီးချုပ် တို့သည် နှုန်ခွန်းဆက် စကားပြောကြားကြပြီး ဆုတောင်းပတ္ထနာ ပြုကြကာ အတူတကွ ညစာသုံးဆောင်ကြသည်။

ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက တေးသံသာများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ဂုဏ်ပြုညစာစားပွဲ အပြီးတွင် အနှပညာဦးစီးဌာနမှ အနှပညာရှင်များက မြန်မာ့ရိုးရာ အက ပဒေသာများဖြင့် ဧည့်ခံဖျော်ဖြေ တင်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီး၊ ဧည့်သည်တော် တီမောလက်စ်တေနိုင်ငံ ဝန်ကြီးချုပ် နှင့်ဇနီးတို့သည် ဖျော်ဖြေ တင်ဆက်ကြသော အနှပညာရှင်များအား လက်ဆောင်ပန်းခြင်းများ ပေးအပ်ကြပြီး အနုပညာရှင်များနှင့် အတူ စုပေါင်း၍မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ဂုဏ်ပြုညစာစားပွဲနှင့် ပဒေသာကပွဲသို့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဇနီး၊ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
-----------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်ဇနီးတို့က တီမောလက်စ်တေ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ်နှင့်ဇနီး တို့အား ဂုဏ်ပြု ကြိုဆို

Thu, 09/12/2013 - 18:36








နေပြည်တော် စက်တင်ဘာ ၁၂

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီး ဒေါ်ခင်ခင်ဝင်းတို့က တီမောလက်စ်တေ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ကေရာလာ ဇာနာနာ ဂူစ်မာအိုနှင့် ဇနီး မစ္စစ် ကာစ်တီ ဆဝဒ် ဂူစ်မာအို တို့အား  ဂုဏ်ပြုကြိုဆိုသည့် အခမ်းအနားကို ယနေ့ နံနက် ၉နာရီခွဲတွင် နိုင်ငံတော်သမ္မတအိမ်တော် ဥပစာမြက်ခင်းပြင်၌ ကျင်းပသည်။

ဧည့်သည်တော် တီမောလက်စ်တေနိုင်ငံ ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ဂုဏ်ပြုကြိုဆိုပွဲ ကျင်းပသည့် နေရာသို့ ရောက်ရှိလာရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီးတို့က ရင်းနှီးခင်မင်စွာ ကြိုဆို နှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် တီမောလက်စ်တေနိုင်ငံ ဝန်ကြီးချုပ်တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကြပြီး ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးကြသည်။

ထို့နောက် နှစ်နိုင်ငံခေါင်းဆောင်တို့အား နေပြည်တော်အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်းမှ ကင်းထောက် လူငယ်မောင်မယ်များက နှစ်နိုင်ငံအလံငယ်များ ဝှေ့ယမ်း၍ ဂုဏ်ပြုကြိုဆိုရာ တီမော လက်စ်တေနိုင်ငံဝန်ကြီးချုပ်က ကင်းထောက် လူငယ် မောင်မယ်များအား ပြန်လည်၍ ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

ဂုဏ်ပြုကြိုဆိုပွဲအပြီးတွင် နိုင်ငံတော်သမ္မတအား တီမောလက်စ်တေနိုင်ငံ ဝန်ကြီးချုပ်က ၄င်းနှင့်အတူ လိုက်ပါလာသည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် မိတ်ဆက် ပေးပြီး နိုင်ငံတော်သမ္မတကလည်း ၄င်းနှင့်အတူ ကြိုဆိုနှုတ်ဆက်ကြသူ များနှင့် ပြန်လည် မိတ်ဆက်ပေးသည်။

ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်ဇနီး တို့နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့်ဇနီး၊ ဦးသိန်းညွန့်၊ ဦးခင်မောင်စိုး၊ ဒုတိယဝန်ကြီး ဦးသောင်းတင်နှင့်ဇနီးတို့ တက်ရောက်ကြပြီး ဧည့်သည်တော် တီမောလက်စ်တေနိုင်ငံ ဝန်ကြီးချုပ် နှင့် ဇနီးတို့နှင့်အတူ ဝန်ကြီးများ၊ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် တီမောလက်စ်တေနိုင်ငံ ဝန်ကြီးချုပ်တို့သည် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ ခင်မင်ရင်းနှီးစွာတွေ့ဆုံဆွေးနွေးကြသည်။

ယင်းသို့တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး ဆိုင်ရာများ၊ စွမ်းအင်၊ လယ်ယာစိုက်ပျိုးရေးနှင့် ခရီးသွားလုပ်ငန်းကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အလားအလာများနှင့် အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

ထို့ပြင် ခေါင်းဆောင်နှစ်ဦးသည် မြန်မာနိုင်ငံနှင့် တီမောလက်စ်တေ နိုင်ငံတို့၏ ပဋိပက္ခ ဖြေရှင်းရေး အတွေ့အကြုံများ၊ နိုင်ငံ တည်ဆောက်ရေး အတွေ့အကြုံများ၊ ဒီမိုကရေစီအသွင် ကူးပြောင်းရေးဆိုင်ရာ အတွေ့အကြုံများနှင့် ပတ်သက်ပြီး ရင်းနှီးပွင့်လင်း စွာ အမြင်ချင်း ဖလှယ်ခဲ့ကြသည်။




-----------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ဇနီး ဒေါ်ခင်ခင်ဝင်းနှင့် တီမောလက်စ်တေ ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် ၏ဇနီးတို့ တွေ့ဆုံဆွေးနွေး






နေပြည်တော် စက်တင်ဘာ ၁၂

နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ဇနီး ဒေါ်ခင်ခင်ဝင်းနှင့် တီမောလက်စ်တေ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ်၏ဇနီး မစ္စစ် ကာစ်တီ ဆဝဒ် ဂူစ်မာအို တို့သည် ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေး ကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတ၏ ဇနီးနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်၊ နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး၏ ဇနီး ဒေါ်လင်းလင်းတင်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ဇနီး ဒေါ်သက်သက်ဆွေ၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်မွန်မွန်အောင်၊ ဆက်သွယ် ရေး၊ သတင်းအချက် အလက်နှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ ဇနီး ဒေါ်တင်တင် အေး တို့တက်ရောက်ကြသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ပညာရေး၊ ကျန်းမာရေးကဏ္ဍ ဆောင်ရွက်ချက်များ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်၏ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့၏ ဆောင်ရွက်ချက်များ၊ တီမောလက်စ်တေနိုင်ငံတွင် လူမှုအထောက်အကူပြု အဖွဲ့များ၏ မိခင်နှင့် ကလေးကျန်းမာရေး စောင့်ရှောက်မှုနှင့် လူကုန်ကူးမှုပပျောက်ရေးဆိုင်ရာ ဆောင်ရွက်နေမှုများကို ရင်းနှီး ပွင့်လင်းခင်မင်စွာ ဆွေးနွေးခဲ့ကြသည်။
 ----------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတဦးသိန်းစိန် Myanmar Global Investment Forum သို့ တက်ရောက်လာကြသည့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအား လက်ခံ တွေ့ဆုံ







 နေပြည်တော် စက်တင်ဘာ ၁၀

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (MICC) ၌ ကျင်းပသည့် 2nd Myanmar Global Investment Forum သို့ တက်ရောက်လာကြသည့် Asian Development Bank (ADB) ဒုတိယဥက္ကဋ္ဌ Mr.Xiaoyu Zhao  ဦးဆောင်သည့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များအား ယနေ့နံနက် (၉) နာရီတွင်  MICC ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတဦးသိန်းစိန်က ယခုကဲ့သို့ မြန်မာပြည်သူ အကျိုးစီးပွားအတွက် ပြုပြင် ပြောင်းလဲမှု ဆောင်ရွက်နေချိန်တွင် ယခုဖိုရမ်ကို ကျင်းပသည့်အတွက် မြန်မာနိုင်ငံအတွက် အကျိုးရှိပါကြောင်း၊ ယခု ကျင်းပမည့် ဖိုရမ်၌ စီးပွားရေးနှင့် ပတ်သက်သည့် ခေါင်းစဉ်များကို ဆွေးနွေးမည်ဖြစ်၍ မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာ အကျိုးရှိစေမည် ဖြစ်ကြောင်း၊ ဖိုရမ်သို့ တက်ရောက် လာကြသည့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ် များအား ကျေးဇူးတင်ရှိပါကြောင်း၊ လာမည့် နှစ်တွင်လည်း ယခုကဲ့သို့ ဖိုရမ်ဖြစ်မြောက်ရန် မျှော်လင့်ပါကြောင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအား ဖိတ်ခေါ်လိုပါကြောင်းဖြင့် ပြောကြားသည်။

ယင်းသို့တွေ့ဆုံရာ၌ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်၊ ဦးဝင်းထွန်း၊ ဦးဝင်းရှိန်၊ ဒေါက်တာကံဇော်၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်၊ ဒုတိယဝန်ကြီး ဦးသန့်ကျော်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတသည် 2nd Myanmar Global Investment Forum ဖွင့်ပွဲ အခမ်းအနား ကျင်းပသည့် ခန်းမသို့ သွားရောက်၍ ဧည့်သည်တော်များအား ရင်းရင်းနှီးနှီး နှုတ်ဆက် ခဲ့သည်။
-----------------------------------------------------------------------------------------------------------------------------------------------------------------------------------

ဒုတိယ၀န်ကြီး ခန့်အပ်တာဝန်ပေးခြင်း



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ်၊  ၃၉ / ၂၀၁၃)
၁၃၇၅ ခုနှစ်၊ တော်သလင်းလဆန်း ၅  ရက်
(  ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ  ၉  ရက် )
ဒုတိယ၀န်ကြီး ခန့်အပ်တာဝန်ပေးခြင်း
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၄၊ ပုဒ်မခွဲ(က) နှင့် ပုဒ်မခွဲ(ဃ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၉) တို့ပါ ပြဌာန်းချက်များ အရ ဒေါက်တာစိုင်းကျော်အုန်း အား ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး အဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်။ 


                                                                                                                     ( ပုံ ) သိန်းစိန်                   
                                                                                                                  နိုင်ငံတော်သမ္မတ              
                                                                                                    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
-----------------------------------------------------------------------------------------------------------------------------------------------------------------------------------

ဒုတိယ၀န်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးခြင်း



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ်၊  ၄၀ / ၂၀၁၃)
၁၃၇၅ ခုနှစ်၊ တော်သလင်းလဆန်း ၅  ရက်
(  ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ  ၉  ရက် )
ဒုတိယ၀န်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးခြင်း
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၄၊ ပုဒ်မခွဲ(က) နှင့် ပုဒ်မခွဲ(ဃ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၉) တို့ပါ ပြဌာန်းချက်များ အရ နေပြည်တော်ကောင်စီ ကောင်စီဝင် ဦးတင်ငွေအား မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး အဖြစ် ပြောင်းလဲတာဝန်ပေးလိုက်သည်။  

                                                                                                                         ( ပုံ ) သိန်းစိန်

                                                                                                                       နိုင်ငံတော်သမ္မတ
                                                                                                              ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
-----------------------------------------------------------------------------------------------------------------------------------------------------------------------------------

နေပြည်တော်ကောင်စီ ကောင်စီဝင်အဖြစ် ပြောင်းလဲတာဝန်ပေးခြင်း



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ်၊ ၄၁ / ၂၀၁၃)
၁၃၇၅ ခုနှစ်၊ တော်သလင်းလဆန်း ၅ ရက်
(၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်)
နေပြည်တော်ကောင်စီ ကောင်စီဝင်အဖြစ် ပြောင်းလဲတာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၈၅ ၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၂)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၂၂ နှင့် နေပြည်တော်ကောင်စီ ဥပဒေ ပုဒ်မ ၄ တို့ပါ ပြဋ္ဌာန်းချက်များအရ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဝန်ကြီး ဦးဖုန်းဇော်ဟန်အား နေပြည်တော်ကောင်စီ ကောင်စီဝင် အဖြစ် ပြောင်းလဲတာဝန်ပေးလိုက်သည်။

                                                                                                             (ပုံ)သိန်းစိန်             
                                                                                                           နိုင်ငံတော်သမ္မတ         
                                                                                                 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
-----------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ၏ အကြံပေးအဖွဲ့ အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုအစိုးရအဖွဲ့
အမိန့်ကြော်ငြာစာ
(အမှတ်၊ ၅၈/၂၀၁၃)
၁၃၇၅ ခုနှစ်၊ တော်သလင်းလဆန်း ၅ ရက်
(၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်)
နိုင်ငံတော်သမ္မတ၏ အကြံပေးအဖွဲ့ အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း
ပြည်ထောင်စုအစိုးရအဖွဲ့၏ ၁၉-၄-၂၀၁၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၁၁) နှင့် ၇-၈-၂၀၁၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၃/၂၀၁၃) တို့ဖြင့် ဖွဲ့စည်းခန့်အပ် တာဝန်ပေးထားသော နိုင်ငံတော်သမ္မတ၏ အကြံပေး အဖွဲ့များတွင် အောက်ပါ ပုဂ္ဂိုလ်များအား ယှဉ်တွဲဖော်ပြပါ အကြံပေး အဖွဲ့ အဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်-
(၁)
ဦးသန်းဆွေ၊ သံအမတ်ကြီး(ငြိမ်း)
နိုင်ငံရေးအကြံပေးအဖွဲ့
(၂)
ဦးသောင်းညွန့်၊ ဝန်ကြီး(ငြိမ်း)
ဥပဒေအကြံပေးအဖွဲ့
                   
                                                            အမိန့်အရ                            
                                                                                          ဇော်သန်းသင်း      
                                                                                          အတွင်းရေးမှူး      
                                                                                     ပြည်ထောင်စုအစိုးရအဖွဲ့
-----------------------------------------------------------------------------------------------------------------------------------------------------------------------------------

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး (အမိန့်အမှတ်၊ ၃၈/၂၀၁၃)


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ်၊ ၃၈/၂၀၁၃)
၁၃၇၅ ခုနှစ်၊ တော်သလင်းလဆန်း ၂ ရက်
(၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်)
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီတွင် အဖွဲ့ဝင်ဖြည့်စွက်ပြင်ဆင်ဖွဲ့စည်းခြင်း
နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၅ ရက် နေ့စွဲပါ အမိန့်အမှတ် (၁၅/၂၀၁၃) ဖြင့် ဖွဲ့စည်းခဲ့သော “ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး  လုပ်ငန်းကော်မတီ” တွင် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များအား  အဖွဲ့ဝင်အဖြစ် ဖြည့်စွက်ပြင်ဆင်ဖွဲ့စည်းလိုက်သည်-
(၁) ဦးဇေယျာအောင်
       ပြည်ထောင်စုဝန်ကြီး
(၂) ဦးဝင်းမြင့်
      ပြည်ထောင်စုဝန်ကြီး
 (ပုံ) သိန်းစိန်                 
နိုင်ငံတော်သမ္မတ                 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် 
-----------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတဦးသိန်းစိန် ဘရာဇီးလွတ်လပ်ရေးနေ့ သဝဏ်လွှာပေးပို


နေပြည်တော်   စက်တင်ဘာ   ၇

၂၀၁၃ ခုနှစ် စက်တင်ဘာ (၇) ရက်တွင် ကျရောက်သော ဘရာဇီးပြည်ထောင်စု သမ္မတနိုင်ငံ၏ နှစ်ပတ်လည် လွတ်လပ်ရေးနေ့ အခါသမယ၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ ဘရာဇီးပြည်ထောင်စု သမ္မတနိုင်ငံသမ္မတ မဒမ် ဒဲလ်မားရိုးဆပ်ဖ် ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။
-----------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဂျပန်အောက်လွှတ်တော်အမတ်နှင့် ဂျပန်-မြန်မာ ပါလီမန်အမတ်များ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ The Honourable Mr. Ichiro Aisawa ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ



နေပြည်တော် စက်တင်ဘာ ၅

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဂျပန်အောက်လွှတ်တော်အမတ်နှင့် ဂျပန်-မြန်မာ ပါလီမန်အမတ်များ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ  The Honourable Mr. Ichiro Aisawa ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် (၁၁) နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာရေး၊ TB၊ HIV နှင့် ငှက်ဖျား ရောဂါကြီးသုံးမျိုး တိုက်ဖျက်ရေး အပါအဝင် ကျန်းမာရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံတွင် ကျင်းပမည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဂျပန်နိုင်ငံက ကူညီဆောင်ရွက်ရေးနှင့် သီလဝါအထူးစီးပွားရေးဇုန် စီမံကိန်း ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ခင်မင်ရင်းနှီးစွာ ဆွေးနွေးကြသည်။

တွေ့ဆုံရာ၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးမောင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ဧည့်သည်တော် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီးလည်း တက်ရောက်သည်။
-----------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နေပြည်တော်သို့ ပြန်လည်ရောက်ရှိ





နေပြည်တော် စက်တင်ဘာ ၃

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် စက်တင်ဘာ ၃ ရက် မွန်းလွဲပိုင်းတွင် နန်းနင်းမြို့ရှိ ခေတ္တတည်းခိုသည့် လိယွမ်ဧည့်ဂေဟာမှ မော်တော်ယာဉ်များဖြင့် ထွက်ခွာလာရာ နန်နင်း အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ရောက်ရှိသည်။

နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များအား တရုတ်ကွန်မြူနစ်ပါတီ ကွမ်ရှီးပြည်သူ့ ကွန်ဂရက် ဒုတိယဥက္ကဋ္ဌ Mr.Qin Ruixiang နှင့် တာဝန်ရှိသူများ၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးနှင့် နန်နင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ဝန်ထမ်းနှင့် မိသားစုများက နန်နင်း အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာပြီး ညနေပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိကြရာ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်း၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူ များက လေဆိပ်၌ကြိုဆိုနှုတ်ဆက်ကြသည်။
-----------------------------------------------------------------------------------------------------------------------------------------------------------------------------------

အာဆီယံနှင့် တရုတ်နိုင်ငံတို့၏ စီးပွားရေးတည်ငြိမ်မှုသည် ကမ္ဘာ့စီးပွားရေးအတွက် အလွန်အရေးပါ


နေပြည်တော်   စက်တင်ဘာ   ၃

(၁ဝ)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (CAEXPO) နှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး (CABIS) ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၃ ရက် နံနက် ၉နာရီခွဲတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ  နန်နင်းမြို့ရှိ   Nanning  International Convention & Exhibition Centre ၌ ကျင်းပသည်။

အဆိုပါ  ဖွင့်ပွဲအခမ်းအနားသို့  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာလီကာကျန်း၊ ကမ္ဘောဒီးယား နိုင်ငံဝန်ကြီးချုပ် မစ္စတာ ဆမ်ဒက်ဟွန်ဆန်၊ လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ သွန်ဆင်းသမာဗောင်၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စ ရင်လပ်ရှင်နာဝပ်၊  ဗီယက်နမ် နိုင်ငံဝန်ကြီးချုပ်၏ မစ္စတာ ငုယင်တန်ဇွန်း၊ စင်ကာပူနိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E.Mr.Teo Choe Hean၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံ နိုင်ငံများမှ ဝန်ကြီးများ၊  ဒုတိယဝန်ကြီးများ၊  အဆင့်မြင့် အရာရှိကြီးများ၊  အာဆီယံ အတွင်းရေးမှူးချုပ် မစ္စတာ လီယောင်မင်နှင့်  တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အပါအဝင်  တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံတကာ သတင်းဌာနများမှ သတင်းထောက်များ တက်ရောက်ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် တရုတ်ကွန်မြူနစ်ပါတီ  ကွမ်ရှီးကော်မတီ အတွင်းရေးမှူး Mr.Peng  Qing-hua၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E.Mr.Zhong Shanနှင့် တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု မြှင့်တင်ရေးကောင်စီ ဥက္ကဋ္ဌ Mr.Wan Ji Fei တို့က ကြိုဆို နှုတ်ခွန်းဆက်စကား   ပြောကြား ကြသည်။

ယင်းနောက် တရုတ်နိုင်ငံ ဝန်ကြီးချုပ်၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်၊ လာအိုဝန်ကြီးချုပ်၊ ထိုင်းနိုင်ငံဝန်ကြီးချုပ်၊  ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ်၊ စင်ကာပူ နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် အာဆီယံ အတွင်းရေးမှူးချုပ်တို့က မိန့်ခွန်း ပြောကြားကြသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မိန့်ခွန်းပြောကြားရာတွင် ယခုနှစ်ဆိုလျှင် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီး အစည်းအဝေး ကျင်းပခြင်း (၁ဝ)နှစ်ပြည့်မြောက်သည့်နှစ် ဖြစ်ပါကြောင်း၊ ထို့အပြင် ယခုနှစ်သည် အာဆီယံ-တရုတ် မဟာဗျူဟာမြောက် ဆက်ဆံရေး ထူထောင်ခြင်း၊ (၁ဝ) နှစ် ပြည့်မြောက် အထိမ်းအမှတ်နှင့် တိုက်ဆိုင်နေသည့်အတွက် အာဆီယံ-တရုတ်ဘက်စုံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရာ၌ အလွန်အရေးပါသည့်နှစ် ဖြစ်ပါကြောင်း။

ရွေးချယ်ထားသည့် ဆောင်ပုဒ်ဖြစ်သော ''အတိတ်၏ အောင်မြင်မှုများနှင့် ဖွံ့ဖြိုးတိုးတက်မှု ဆန်းသစ်တီထွင် ဖန်တီးရေး'' သည်  ယခုလက်ရှိ အခြေအနေနှင့်  အလွန်ကိုက်ညီမှု ရှိသည်ဟု ပြောကြားလိုပါကြောင်း၊  မိမိတို့ဒေသသည်  ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏  ဗဟိုချက် ဖြစ်လာသည့်အပြင် ကမ္ဘာ့စီးပွားရေး၌ အရေးပါသော ဒေသဖြစ်လာပါကြောင်း။

အာဆီယံနှင့် တရုတ်နိုင်ငံတို့၏ စီးပွားရေးတည်ငြိမ်မှုသည် ကမ္ဘာ့စီးပွားရေးအတွက် အလွန် အရေးပါ လာပါကြောင်း၊  ဆယ်စုနှစ် နှစ်ခုအတွင်း အာဆီယံနှင့် တရုတ် ဆက်ဆံရေး သည်  အောင်မြင်မှု များစွာရရှိခဲ့သည်ကို တွေ့မြင်ကြရပါကြောင်း၊  ချစ်ကြည်ရင်းနှီးပြီး အပြန်အလှန် ယုံကြည်မှုရှိသည့် အိမ်နီးချင်းကောင်း မိတ်ဖက်ဆက်ဆံရေးမှ အစပြုပြီး မဟာဗျူဟာ ဆက်ဆံ ရေးအဆင့်ကို တိုးမြှင့်နိုင်ခဲ့ပါ ကြောင်း၊ မိမိတို့အနေဖြင့်   နောင်အနာဂတ် မျိုးဆက်သစ်များ အတွက်  လက်ရှိ အာဆီယံ-တရုတ် ဆက်ဆံရေး အခြေအနေကို ပိုမိုခိုင်မြဲလာအောင်    ထိန်းသိမ်းစောင့်ရှောက် သွားရန် လိုအပ်ပါကြောင်း။

တရုတ်နိုင်ငံသည် ယခုအခါ အာဆီယံ၏ အကြီးဆုံးကုန်သွယ်ဖက် နိုင်ငံဖြစ်သကဲ့သို့ အာဆီယံ သည်လည်း တရုတ်နိုင်ငံ၏ တတိယအကြီးဆုံး ကုန်သွယ်ဖက်ဖြစ်နေပါကြောင်း၊ တရုတ်နိုင်ငံက အာဆီယံ ဒေသကို တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ပမာဏသည် သိသိသာသာတိုးတက် လာပါ ကြောင်း၊ ထိုသို့ မြင့်တက်လာခြင်းသည်  ကောင်းမွန်သည့် လက္ခဏာဖြစ်ပြီး  ဆက်လက်ထိန်း သိမ်းသွားရန် လိုအပ်ပါကြောင်း၊ ၂ဝ၁ဝ ပြည့်နှစ်၌ အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်ရေး နယ်မြေကို စတင်ထူထောင် နိုင်ခဲ့ပြီး ကမ္ဘာပေါ်၌ လူဦးရေအများဆုံးနှင့် ပြည်တွင်း အသားတင် ထုတ်လုပ်မှုတန်ဖိုး တတိယအကြီးဆုံးရှိသည့် လွတ်လပ်သော     ကုန်သွယ်ရေး နယ်မြေတစ်ခု ဖြစ်လာခဲ့ပါကြောင်း။

အာဆီယံပေါင်းစည်းရေးနှင့် အာဆီယံအသိုက်အဝန်း တည်ဆောက်မှု၌ တရုတ်နိုင်ငံ၏ အားပေးထောက်ခံမှုကို များစွာကြိုဆိုပါကြောင်း၊ ၂ဝ၁၅ ခုနှစ်၌ အကောင်အထည်ပေါ် လာမည့်   အာဆီယံ အသိုက်အဝန်းသည် အာဆီယံနှင့် တရုတ်ပြည်သူများကို ပိုမိုရင်းနှီး စေမည် ဖြစ်ပါကြောင်း၊ အာဆီယံ-တရုတ် ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်ခြင်းသည် ဒေသတွင်း တည်ငြိမ်ရေးနှင့် အေးချမ်းသာယာရေးအတွက် အထောက်အကူပြုမည် ဖြစ်ပါကြောင်း။

မိမိတို့အနေဖြင့် ပြည်သူများအကြား ပိုမိုရင်းနှီးမှုရှိစေရေးအတွက် ပါလီမန်အမတ်များ၊ ပညာ ရှင်များ၊ ကျောင်းသားကျောင်းသူများ၊ လူငယ်များနှင့် အခြားသက်ဆိုင်သူများအကြား ပူးပေါင်း ဖလှယ်မှု တိုးမြှင့်သွားရန် လိုအပ်သည်ကိုလည်း ပြောကြားလိုပါကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံ ရေးကို ပြောရမည်ဆိုလျှင် မိမိအနေဖြင့် ရှိရင်းစွဲ ''ဆွေမျိုးပေါက်ဖော်''  ဆက်ဆံရေး တိုးတက်မှု အပေါ်  ကျေနပ်အားရ သည်ကို  ပြောကြားလိုပါကြောင်း၊  တရုတ်နိုင်ငံသည်   မြန်မာနိုင်ငံ၏ အကြီးဆုံးရင်းနှီးမြှုပ်နှံသော နိုင်ငံဖြစ်ပြီး  အမေရိကန်ဒေါ်လာ  ၁၄ ဘီလီယံ တန်ဖိုး ရင်းနှီးမြှုပ်နှံထားပါကြောင်း၊၂ဝ၁၂ ခုနှစ်၌ မြန်မာ- တရုတ် နှစ်နိုင်ငံ စုစုပေါင်း ကုန်သွယ်မှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆ ဒသမ ၅  ဘီလီယံရှိသော်လည်း အာဆီယံ-တရုတ်  ကုန်သွယ်ရေး၌ မြန်မာနိုင်ငံ၏   ပါဝင်မှုအချိုးအစားသည်  တစ်ရာခိုင်နှုန်းကျော်သာ ရှိသည့်အတွက် ကုန်သွယ်ရေးမြှင့်တင်ရန် ဆက်လက်ကြိုးပမ်းကြရမည် ဖြစ်ပါကြောင်း။

၂ဝ၁၃ ခုနှစ် ဇူလိုင်လ၌ မြန်မာ- တရုတ် နှစ်နိုင်ငံ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း ဖွင့်လှစ်နိုင်ခဲ့ခြင်းသည် မြန်မာနှင့်တရုတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၏  ထူးခြား အောင်မြင်မှု တစ်ရပ်ဖြစ်ပါကြောင်း၊ အာဆီယံ- တရုတ် ကုန်စည်ပြပွဲသည် လယ်ယာ စိုက်ပျိုးရေး၊  စွမ်းအင်၊ ခရီးသွား လုပ်ငန်း၊ သိပ္ပံနှင့်  နည်းပညာ၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူ့ကျန်းမာရေး ကဏ္ဍများ အစရှိသည့် ပူးပေါင်းဆောင်ရွက်မှုများကို  တိုးမြှင့်ပေးနေပါကြောင်း၊  တရုတ်နိုင်ငံ သည် မိမိတို့၏ အိမ်နီးချင်းနိုင်ငံ ဖြစ်သည်နှင့်အညီ အစဉ်အလာအရ တည်ရှိသည့်  ခင်မင်ရင်းနှီးမှုကိုလည်း မိမိတို့ တန်ဖိုးထားပါကြောင်း။

လာမည့် ၂ဝ၁၄ ခုနှစ်၌ မြန်မာနိုင်ငံအနေဖြင့် အာဆီယံဥက္ကဋ္ဌ တာဝန်ကို စတင်ထမ်းဆောင် ရမည် ဖြစ်ပါကြောင်း၊ ၂ဝ၁၅ ခုနှစ်၌ ပေါ်ထွက်လာမည့် အာဆီယံ အသိုက်အဝန်း  တည်ဆောက်ရေး အတွက် ၂ဝ၁၄ ခုနှစ်သည် ကြိုတင်ပြင်ဆင်သည့်  နောက်ဆုံးနှစ် ဖြစ်သည့် အတွက် အလွန်အရေးကြီးသော နှစ်တစ်နှစ် ဖြစ်ပါကြောင်း၊ မိမိတို့ အနေဖြင့် အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူချိန်၌ အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် တရုတ်နိုင်ငံအကြားရှိ မဟာဗျူဟာ  ဆက်ဆံ ရေးကို   ပိုမိုခိုင်မာစေရေးအတွက်  လုပ်ဆောင်သွားမည် ဖြစ်ပါကြောင်း၊  အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် တရုတ်နိုင်ငံအကြား ယဉ်ကျေးမှုဖလှယ်ရေး ပူးပေါင်းဆောင်ရွက်မှုများကိုလည်း မိမိတို့ အာဆီယံဥက္ကဋ္ဌ တာဝန်ယူချိန်၌ ပိုမိုတိုးမြှင့်နိုင်ရန်  ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍  (၉) ကြိမ်မြောက်  တရုတ်-အာဆီယံ ကုန်စည်ပြပွဲ မှတ်တမ်းကို ဗီဒီယိုဖြင့် ပြသသည်။ 

ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံ အဖွဲ့ဝင် နိုင်ငံများမှ  အစိုးရအဖွဲ့ အကြီးအကဲများ၊ အဆင့်မြင့် အရာရှိကြီးများနှင့် အာဆီယံ အတွင်းရေးမှူးချုပ်တို့သည် စင်မြင့်ပေါ်သို့  တက်ရောက်နေရာယူကြပြီး (၁ဝ)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကို ဖွင့်လှစ်ပေးကြသည်။

အခမ်းအနားတွင် အာဆီယံ-တရုတ်လူငယ်အသင်း ချစ်ကြည်ရေးဆိုင်ရာ အောင်မြင်မှု မှတ်တမ်း၊ အာဆီယံ-တရုတ်သိပ္ပံနှင့် နည်းပညာဆိုင်ရာ အောင်မြင်မှုမှတ်တမ်း၊ အာဆီယံ-တရုတ် ဆိပ်ကမ်းမြို့များ ကွန်ရက်တည်ထောင်မှု အောင်မြင်မှု မှတ်တမ်း၊ အာဆီယံ-တရုတ် ကုန်သည်ကြီးများအသင်း ပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းတို့ကို သက်ဆိုင်ရာ တာဝန်ရှိသူ များက တင်ပြခဲ့ကြသည်။

မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် နိုင်ငံတော်သမ္မတနှင့်  အဖွဲ့ဝင်များသည်  (၁ဝ) ကြိမ်မြောက်  တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် ပါဝင်ပြသမည့်   မြန်မာကုန်စည်ပြခန်းဆောင် ဖွင့်ပွဲကို     တက်ရောက် အားပေးသည်။

မြန်မာကုန်စည်ပြခန်းဆောင်က ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်၊ဦးဝင်းမြင့်၊ သံအမတ်ကြီး ဦးတင်ဦးနှင့် မြန်မာကုန်သည်/စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် မြန်မာကုန်စည်ပြခန်းဆောင်အတွင်း ခင်းကျင်းပြသ ထားသည့် မြန်မာ့ထွက်ကုန် ပစ္စည်းပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ယခုနှစ် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၏ ကုန်စည်ဆိုင်ရာ ခန်းမဆောင်တွင် အာဆီယံ ကုန်စည် ကဏ္ဍနှင့် တရုတ်ကုန်စည် ကဏ္ဍဟူ၍ ကဏ္ဍနှစ်ခုဖြင့် ခင်းကျင်းပြသထားသည်။

အာဆီယံကုန်စည်ကဏ္ဍတွင် အာဆီယံ၏ အမှတ်တံဆိပ် ထုတ်ကုန်များ၊ စိုက်ပျိုးရေးအခြေခံ ထွက်ကုန်များနှင့် စားသောက်ကုန်များ၊ ပရိဘောဂပစ္စည်းများ၊ လက်မှုအနုပညာ ပစ္စည်းများနှင့်  ကျောက်မျက်ရတနာများ၊ စားသုံးကုန်ပစ္စည်းများ၊ ဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာများကို လည်းကောင်း၊ တရုတ်ကုန်စည်ကဏ္ဍတွင်  ရေနှင့်စက်ပစ္စည်းများ၊  လျှပ်စစ်ဓာတ်အားနှင့် စွမ်းအင်ဆိုင်ရာပစ္စည်းများ၊ စားသောက်ကုန်ထုတ် စက်ပစ္စည်းများနှင့် ထုပ်ပိုးသည့်စက်များ၊  ဆောက်လုပ်ရေးလုပ်ငန်းသုံး  ပစ္စည်းများ၊ လျှပ်စစ်နှင့် လျှပ်စစ် အသုံးပြုပစ္စည်း များကိုလည်း ကောင်း ကဏ္ဍအလိုက် ခင်းကျင်းပြသထားသည်။

မြန်မာကုန်စည်  ပြခန်းဆောင်တွင်   မြန်မာ့ပုလဲထွက်ကုန်များ၊ ကျောက်မျက်နှင့်  လက်ဝတ် ရတနာ ပစ္စည်းများ၊  ပရိဘောဂပစ္စည်းများ၊ ပဲ၊ နှမ်းနမူနာများ၊ လက်မှုအနုပညာ ပစ္စည်းများနှင့် ဟိုတယ်နှင့် ခရီးသွား လာရေးကဏ္ဍတို့ကို ကုမ္ပဏီ ၅၅ ခုမှ မြန်မာလုပ်ငန်းရှင်  ၁၅၈  ဦးတို့က အခန်းပေါင်း  ၈၄ ခန်းဖြင့်  ပါဝင် ပြသထားပြီး ပြပွဲသို့ မြန်မာလုပ်ငန်းရှင်များ အပါအဝင် စုစုပေါင်း ၂၅ဝ ကျော် တက်ရောက်ကြကြောင်း သိရသည်။

မြန်မာ အမျိုးသား ပြခန်းဆောင်တွင်  နှစ်လိုဖွယ်ရာမြို့(City  of Charm) အဖြစ် ကျောက်ဖြူ မြို့ကို ရွေးချယ်ပြသထားသည်။

ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခွင့်အလမ်းသစ်၊ တွန်းအားသစ်နှင့် အခြေအနေသစ်များဟူသော ယခုနှစ်ပြပွဲ၏ နှစ်လိုဖွယ်ရာမြို့ (Theme)နှင့် ကိုက်ညီသဖြင့် ကျောက်ဖြူမြို့ ကို ရွေးချယ်ပြသရခြင်း ဖြစ်ကြောင်း သိရသည်။
------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တရုတ်နိုင်ငံဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေး




နေပြည်တော် စက်တင်ဘာ ၃

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီကာကျန်းနှင့် စက်တင်ဘာ ၂ ရက် ညနေ ၆ နာရီတွင် နန်းနင်းမြို့ရှိ လိယွမ်အပြည်ပြည် ဆိုင်ရာ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးစဉ် ဘက်စုံမဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး၊ မိတ်ဖက်နိုင်ငံ ဆက်ဆံရေးကို မြှင့်တင်နိုင်ရန်အတွက် လုပ်ငန်းအစီအစဉ်များ ဆက်လက် အကောင်အထည်ဖော်ဆောင်နိုင်ရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းစဉ်များတွင် ပိုမိုပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍ တိုးမြှင့်ရေး၊ မြန်မာ့ လယ်ယာနှင့်သားငါးကဏ္ဍ ထုတ်ကုန်များကို ပုံမှန်ကုန်သွယ်ရေးဖြင့် ပိုမိုတိုးချဲ့ တင်ပို့နိုင်ရေး၊ ကျောက်ဖြူ ရေနက် ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်း အကောင်အထည် ဖော်နိုင်မည့် အလားအလာများ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် တရုတ်နိုင်ငံတို့ အကြား စီးပွားရေးစကြံင်္ (Economic Corridor) တည်ဆောက်နိုင်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြေခံအဆောက်အအုံ ကဏ္ဍများတွင် ပိုမိုပူးပေါင်း ဆောင်ရွက်ရေး၊ တရုတ်-အာဆီယံ ဆက်ဆံရေးတို့နှင့် ပတ်သက်၍ ရင်းနှီးခင်မင်စွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် တရုတ်နိုင်ငံဝန်ကြီးချုပ် မစ္စတာ လီကာကျန်းက မြန်မာနိုင်ငံ အနေဖြင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် နိုင်ငံတည်ငြိမ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် မိမိနိုင်ငံနှင့် သင့်လျော်သည့် နည်းလမ်း ရွေးချယ်ဆောင်ရွက်နေ မှုကို တရုတ်ပြည်သူ့သမ္မတနိုင်ငံက ထောက်ခံပါကြောင်းဖြင့် ထပ်လောင်း အတည်ပြု ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။
------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူး နှင့် ပက်ထရိုချိုင်းနား ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌတို့အား လက်ခံတွေ့ဆုံ



နေပြည်တော် စက်တင်ဘာ ၃

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူး H.E.Mr.Li Jigehen  အား စက်တင်ဘာ ၃ ရက် မွန်းတည့် ၁၂ နာရီတွင် ခေတ္တတည်းခိုသည့် လိယွမ်ဧည့်ဂေဟာ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ယင်းသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး၊ ဆန်၊ ပြောင်း၊ သစ်သီးဝလံများကို နယ်စပ်ကုန်သွယ်ရေးအဆင့်မှ ပုံမှန် ကုန်သွယ်ရေးအဆင့်သို့ တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ နယ်စပ်ဒေသ တရားဥပဒေစိုးမိုးရေးနှင့် တရားမဝင် သစ်ထုတ်လုပ်မှု၊ တရားမဝင် သတ္တုတူးဖော်မှု လုပ်ငန်းများ ကာကွယ် တားဆီးရေး၊ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်-မြန်မာ-တရုတ် စီးပွားရေး စင်္ကြံ တည်ဆောက်မှုကို အထောက်အကူ ဖြစ်စေနိုင်ရန်အတွက် မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်အကြား ဆက်သွယ်မှု လမ်းကြောင်းများ အဆင့်မြှင့်တင်ရေး၊ ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းရေးနှင့် ခရီးသွားလုပ်ငန်း တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးခင်မင်စွာ ဆွေးနွေးကြသည်။

မွန်းလွဲ ၁၂ နာရီ မိနစ် ၄ဝ တွင် နိုင်ငံတော်သမ္မတသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ PetroChina Company Limited  ဥက္ကဋ္ဌ Mr.Wang Dongjinအား လက်ခံတွေ့ဆုံပြီး မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း တိုးတက်မှု အခြေအနေနှင့် ပိုက်လိုင်းဖြတ်သန်းရာ ဒေသရှိ ပြည်သူများ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များ၊ မြန်မာနိုင်ငံတွင် ဓာတ်မြေသြဇာစက်ရုံ၊ ရေနံချက်စက်ရုံနှင့် CNG စက်ရုံများ တည်ဆောက်နိုင်မည့် အလားအလာနှင့် ကျောက်ဖြူဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးခင်မင်စွာ ဆွေးနွေးခဲ့ကြသည်။

လက်ရှိအခြေအနေတွင် Petro China Company Limited  အနေဖြင့် သဘာဝ ဓာတ်ငွေ့နှင့် ရေနံဖြတ်သန်းရာဒေသရှိ ပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အတွက် အမေရိကန် ဒေါ်လာ သန်း ၂ဝ သုံးစွဲခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိစီမံကိန်း၏ ဝန်ထမ်း ၅ဝ ရာခိုင်နှုန်းကို မြန်မာဝန်ထမ်းများဖြင့် ခန့်ထားပြီး လာမည့်နှစ်နှစ်အတွင်း ဝန်ထမ်း အင်အား ၇၅ ရာခိုင်နှုန်းကို မြန်မာလုပ်သားများဖြင့် ဆောင်ရွက်ရန် စီစဉ်ထားကြောင်း၊ တရုတ်နိုင်ငံတွင် Petro China ကုမ္ပဏီ အစီအစဉ်ဖြင့် မြန်မာဝန်ထမ်း ၆ဝ အား သင်ကြား  လေ့ကျင့်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တရုတ်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီကာကျန်းနှင့် တွေ့ဆုံဆွေးနွေး





နေပြည်တော် စက်တင်ဘာ ၂

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီကာကျန်းနှင့် စက်တင်ဘာ ၂ ရက် ညနေ ၆ နာရီတွင် နန်နင်းမြို့ရှိ လိယွမ် အပြည်ပြည်ဆိုင်ရာ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

ထိုသို့တွေ့ဆုံရာ၌ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တရုတ်နိုင်ငံ ဝန်ကြီးချုပ်နှင့်အတူ နိုင်ငံခြားရေး ဝန်ကြီးဌာနဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီး၊ ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနဝန်ကြီး၊ ဒုတိယ ဝန်ကြီးများ၊ အဆင့်မြင့် အရာရှိကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ယန်ဟို့လန်တို့ တက်ရောက်ကြသည်။

တွေ့ဆုံဆွေးနွေးစဉ် နှစ်နိုင်ငံဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် နိုင်ငံများ ဆက်ဆံရေးနှင့် ပတ်သက်၍ ရင်းနှီးခင်မင်စွာ အမြင်ချင်းဖလှယ် ဆွေးနွေး ကြသည်။

ညပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နန်နင်းမြို့ရှိ လိယွမ် ဧည့်ဂေဟာ အပြည်ပြည်ဆိုင်ရာ အစည်းအဝေးခန်းမ ဒုတိယထပ်၌ တရုတ်နိုင်ငံဝန်ကြီးချုပ် မစ္စတာ လီကာကျန်းက (၁ဝ)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာကြသော အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများအား တည်ခင်းဧည့်ခံ သည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့သည်။
-------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကွမ်ရှီး ကော်မတီအတွင်းရေးမှူးအား လက်ခံတွေ့ဆုံ






နေပြည်တော် စက်တင်ဘာ  ၂

တရုတ်နိုင်ငံ နန်နင်းမြို့၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်ကွန်မြူနစ်ပါတီ ကွမ်ရှီး ကော်မတီအတွင်းရေးမှူး  Mr. Peng Qinghua အား စက်တင်ဘာ(၂)ရက် ဒေသစံတော်ချိန် မွန်းလွဲ(၂)နာရီခွဲတွင် နန်နင်းမြို့ရှိ ခေတ္တတည်းခိုသည့်  လိယွမ်ဧည့်ဂေဟာ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်၊ ဦးမြင့်လှိုင်၊ ဦးအုန်းမြင့်၊ ဦးဝင်းမြင့်၊ ဦးဝင်းရှိန်၊  ဒုတိယဝန်ကြီး ဦးသန့်ကျော်၊  ဒေါက်တာဝင်းမြင့်၊   တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးတင်ဦးနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြပြီး အတွင်းရေးမှူး Mr. Peng Qinghua နှင့်အတူ ကွမ်ရှီးပြည်သူ့ကွန်ဂရက် ဒုတိယဥက္ကဌနှင့် ကွမ်ရှီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကွမ်ရှီးဒေသတို့အကြား လယ်ယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ လေကြောင်းလိုင်းများ အပြန်အလှန်ပြေးဆွဲရေးနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် ဖော်ဆောင်ရေး ဆိုင်ရာ  ကိစ္စရပ်များကို ရင်းနှီးခင်မင်စွာ ဆွေးနွေးကြသည်။
-------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့သို့ရောက်ရှိ







နေပြည်တော် စက်တင်ဘာ ၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်အဖွဲ့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နန်နင်းမြို့၌  ကျင်းပမည့် (၁၀) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (CAEXPO)နှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး (CABIS) တို့သို့ တက်ရောက်ရန် စက်တင်ဘာ (၂)ရက် နံနက် (၉) နာရီတွင် နေပြည်တော်မှ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း အထူးလေယာဉ်ဖြင့် ထွက်ခွာရာ ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဦးဥာဏ်ထွန်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိ သူများက နေပြည်တော် လေဆိပ်၌ ပို့ဆောင်နှုတ်ဆက် ကြသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်အတူ အဖွဲ့ဝင်များဖြစ်ကြသော ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်၊ ဦးအုန်းမြင့်နှင့် ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီး ဦးသန့်ကျော်၊ ဦးရဲထွဋ်၊ ဒေါက်တာ ဝင်းမြင့်နှင့် အဖွဲ့ဝင်များ လိုက်ပါလာသော လေယာဉ်သည် ဒေသစံတော်ချိန် မွန်းလွဲ (၁၂) နာရီ မိနစ် (၅၀) တွင် နန်နင်းမြို့ နန်နင်း အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ရောက် ရှိသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်အဖွဲ့အား တရုတ်နိုင်ငံ ကွမ်ရှီးကျွမ်းပြည်နယ် ပြည်သူ့ ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ Mr. Qin Ruixiang နှင့် တာဝန်ရှိသူများ၊ နန်နင်းမြို့၌ ကြိုတင်ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ဦးဝင်းမြင့်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်နှင့် တာဝန်ရှိသူများ၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်ဦးနှင့် နန်နင်းမြို့ ကောင်စစ်ဝန်ချုပ်ရုံးမှ ဝန်ထမ်းနှင့်မိသားစုများက နန်နင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ခေတ္တတည်းခိုမည့် နန်နင်းမြို့ရှိ လိယွမ်ဧည့်ဂေဟာ သို့ ရောက်ရှိကြသည်။
 ------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဗီယက်နမ်အမျိုးသားနေ့ သဝဏ်လွှာများပေးပို့


နေပြည်တော်   စက်တင်ဘာ    ၂   
  
၂၀၁၃ ခုနှစ် စက်တင်ဘာ (၂)ရက်တွင် ကျရောက်သော ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ၏ (၆၈) နှစ်မြောက် အမျိုးသားနေ့ အခါသမယ၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတ မစ္စတာ ကျုံးသန်စန်းထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။

အလားတူ ၂၀၁၃ ခုနှစ် စက်တင်ဘာ (၂) ရက်တွင် ကျရောက်သော ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ၏ (၆၈)နှစ်မြောက် အမျိုးသားနေ့ အခါသမယ၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင်တန်ဇွန်းထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။
 ------------------------------------------------------------------------------------------------------------------------------------------------------------------------------------


 


1 comment:

  1. ပညာရေးဝန်ကြီးဌာနနှင့်ပတ်သတ်ရ်ျတင်ပြခြင်း

    ရွေးကောက်ပွဲနီးလာတော့ဝန်ကြီးဌာနတွေဖွဲ့စည်းပုံပြောင်းမည်ဟုကြားရသည်။ပညာရေးဝန်ထမ်းဟောင်းတဦးအနေနှင့်ဘယ်လိုပြောင်းလေမလဲစောင့်ကြည့်မိတာဖြစ်ပါသည်။မဲရွေးတော့မည်ဆိုလျင်အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေနှုတ်ထွက်ကြသောအခါ၊အတွင်းဝန်တွေအစားထိုး၊ညွှန်ချုပ်တွေအစားထိုးပ်ီးကြားကာလကိုစီမံခန့်ခွဲအုပ်ချုပ်မည်ဟုသတင်းထွက်ပါသည်။
    အထူးသဖြင့်ပညာရေးကိုစောင့်ကြည့်မိသည်၊လုပ်နေတဲ့ပုံကသံသယဖြစ်စရာကောင်းသည်၊သူ့လူကိုယ့်လူအတင်းထိုးထည့်နေသည်ကိုတွေ့ရသည်၊တရားဝင်မဟုတ်သေးသော်လည်းကျယ်ကျယ်ပြန့်ပြန့်ထွက်လာသောသတင်းများဖြစ်ပါသည်၊တကယ်တော့ဒုတိယဝန်ကြီးဦးသန့်ရှင်းသည်တပ်ကပြောင်းလာသောဗိုလ်မှူးကြီးဟောင်းတဦးဖြစ်ပြီးထောက်လှမ်းရေးပြုတ်တယောက်လဲဖြစ်ပါသည်။
    သူ့ကိုယ်သူပညာရေးဝန်ကြီးဌာနကိုထိန်းကျောင်းရန်နိုင်ငံတော်သမ္မတမှလွှတ်လိုက်သည်ဟုဆိုကာပညာရေးဝန်ကြီးဒေါ်ခင်စန်းရီကိုထောက်လှမ်းရေးပညာဖြင့်ပထမဆုံးလွှမ်းမိုးခဲ့ပါသည်၊ဝန်ကြီးဌာနကိုထိန်းကျောင်းမည်ဟုဆိုသော်လည်းထူးခြားဆောင်ရွက်ချက်တခုမှမရှိဘဲပြုတ်သွားသောဦးအေးကြူတဝက်လောက်ပင်အရည်အချင်းရှိပုံမရပါ၊
    အခြေခံပညာတွင်ဦးစီးဌာန(၃)ခုရှိပါသည်အားလုံးပေါင်းပီးတပြည်လုံးတွင်ဦးစီးဌာနတခုထဲဖွဲ့၍ညွှန်ချုပ်တယောက်ထဲအုပ်ချုပ်မည်ဟုသတင်းထွက်ပါသည်၊ဦးစီးဌာန(၃)ခုရှိစဉ်ညွှန်ချုပ်(၃)ဦးနှင့်ဒုညွှန်ချုပ်(၄)ဦးခန့်ကအုပ်ချုပ်စီမံခန့်ခွဲခဲ့ပြီးတော်တော်မနိုင်မနင်းဖြစ်ခဲ့ပါသည်။
    မြန်မာတပြည်လုံးဦးစီးဌာနတခုထဲပြုလုပ်ပြီးညွှန်ချုပ်တယောက်ထဲအုပ်ချုပ်မည်ဆိုလျှင်ယင်းပုဂ္ဂိလ်သည်အဃြေံပညာကိုအထူးနားလည်ကျွမ်းကျင်ပြီးအရည်ချင်းရှိသူဖြစ်ရပါမည်၊သို့သော်သတင်းကြားရသည်မှာဒုတိယညွှန်ကြားရေးမှူးချုပ်တယောက်ကစီမံခန့်ခွဲအုပ်ချုပ်မည်ဟုအခိုင်အမာသတင်းထွက်လာပါသည်၊ထူးဆန်းသည်မှာယင်းဒုညွှန်ချုပ်မှာလဲဒုတိယဗိုလ်မှူးကြီးဟောင်းတယောက်ဖြစ်ပီးဒုဝန်ကြီးဦးသန့်ရှင်းနှင့်အတူတပ်မတော်ထောက်လှမ်းရေးတွင်အတူလက်တွဲလုပ်ဆောင်ခဲ့သူဖြစ်ပြိးအတူပြုတ်ခဲ့သူဖြစ်နေပါသည်။
    ၎င်းကိုတာဝန်ပေးမည်ဟုသတင်းထွက်လာသောအခါပညာရေးဝန်ထမ်းများအားလုံးနီးပါးအံ့အားသင့်ပြီးတချို့မကျေနပ်သူများပင်ရှိသည်ဟုကြားသိရပါသည်၊အရည်ချင်းရှိသူကိုမပေးဘဲကိုယ့်လူကိုယ်ထိုးတင်နေသည်ကိုရုပ်ဆိုးစွာတွေ့ရပါသည်၊အဃြေံပညာသည်အလွန်သိမ်မွေ့သလိုအလွန်လဲခက်ခဲကြမ်းတမ်းပါသည်ယခုချိန်ထိစေတနာမထားဘဲဖြစ်သလိုလုပ်နေကြလျှင်နောင်အနာဂ်ါတ်ပညာရေးစိတ်မအေးဘွယ်ဖြစ်ပါသည်။ကောင်းလာရန်မရှိဘဲပျက်စီးရန်သာရှိပါသည်ါ်အခြေခ့ပညာမှာလူတော်တွေမရှိတော့ဘူးလားဟုပင်မေးရမလိုဖြစ်နေပါသည်။
    တပြည်လုံးကိုဒုညွှန်ချုပ်တယောက်ကိုအုပ်ချုပ်ခိုင်းမည်ဆိုတာကတော့မဖြစ်သင့်ဟုထင်ပါသည်ပညာရေးဝန်ထမ်းများအားလုံးနီးပါးမပြောရဲ၍သာမကျေနပ်ကြဟုကြားသိရပါသည်။
    ၎င်းပြင်ဒုဝန်ကြီးဦးသန့်ရှင်း၏သားစည်သူသန့်ရှင်းဆိုသူမှ၎င်းးတို့အဆိုပြုလိုလားသောသူသာအဃြေံညွှန်ချုပ်ဖြစ်ခဲ့ပါကဂွင်ဖန်တီးရန်အတွက်ပညာရေးနှင့်ပါတ်သက်သောဆောက်လုပ်ရေးလုပ်ငန်းရှင်များစီးပွားရေရးလုပ်ငန်းရှင်များနှင့်လိုက်လံဆက်သွယ်နေသည်ဟုလည်းသတင်းများကျယ်ကျယ်ပြန့်ပြန့်ထွက်လာပါသည်။ဤသတင်းမမှန်ပါစေနှင့်ဟဟုဆုတောင်းပါသည်။
    ကျွန်တော်သည်ပညာရေးအငြိမ်းစားတဦးဖြစ်ပါသည်မည်သူ့ကိုမှမနစ်နာစေလိုပါနစ်နာစေလိုသောစိတ်လဲမရှိပါအနာဂါတ်ပညာရေးကောင်းမွန်ရန်အတွက်ကြားသမျှနားလျှံလာ၍ရေးလိုက်ရခြင်းဖြစ်ပါသည်၊နိုင်ငံအကျိုးပြည်သူအကျိုးပညာရေးအကျိုးကိုမျှော်ကိုး၍မှန်မှန်ကန်ကန်လုပ်ဆောင်နိုင်ကြပါစေ။

    ReplyDelete