ဘောဂဗေဒ

ဘောဂဗေဒ

.........................................................................................................................................................................................................

မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်၊ မြန်မာ အစိုးရ၏ ပြုပြင် ပြောင်းလဲရေး အောင်မြင်

ဒေါက်တာမောင်မောင်သိမ်း

နေပြည်တော် ဖေဖော်ဝါရီ ၆

မြန်မာနိုင်ငံအစိုးရအနေဖြင့် နှစ်အဆက်ဆက် ကြွေးကျန်များရှင်းလင်းရန် ပြုလုပ်ခဲ့ ပါတယ်။ ဒီလိုပြုလုပ်မှုမှာ အကူအညီရဖို့အတွက် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ (IMF) ရဲ့ ဝန်ထမ်းများနဲ့ အနီးကပ်ပူးပေါင်း ဆောင်ရွက်မှုအစီအစဉ် (Staff Monitored Programme-SMP) ဆိုတာကို IMF နဲ့ ပူးပေါင်း အကောင်အထည်ဖော်ခဲ့ ပါတယ်။ အဲဒီအစီအစဉ်အရ IMF က စီးပွားရေးပညာရှင်၊ စာရင်းအင်းပညာရှင် ဝန်ထမ်းများ မြန်မာနိုင်ငံကို လာရောက်ပြီး မြန်မာပြည်ရဲ့ မက်ခရိုစီးပွားရေး အခြေအနေ များကို လေ့လာ အကြံပြုပေးခဲ့ကြပါတယ်။ အဆိုပါ အစီအစဉ်ကို ၂၀၁၃ ဇန်နဝါရီလ ၁ ရက်မှ စတင်ပြီး တစ်နှစ်ပြုလုပ်ရာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှာ ပြီးဆုံးပြီ ဖြစ်ပါတယ်။

အဆိုပါ အစီအစဉ်အရ IMF မှ စီးပွားရေးနှင့် စာရင်းအင်းပညာရှင်များဟာ မြန်မာနိုင်ငံကို စုစုပေါင်း သုံးကြိမ်  လာရောက်ခဲ့ပါတယ်။ ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့ကို သာမက လွှတ်တော်အဆင့်ဆင့်နဲ့ နယ်ဘက်၊ အရပ်ဘက် အဖွဲ့အစည်းများကိုပါ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ဦးစွာ၂၀၁၂ခု ဒီဇင်ဘာလ မှာ လာရောက်ပြီး မြန်မာနိုင်ငံရဲ့ မက်ခရိုစီးပွားရေးဆိုင်ရာ ရည်မှန်းချက်များ ထားရှိခဲ့ပြီး လေ့လာ ဆန်းစစ်မှုကိုတော့ နှစ်ကြိမ်လာရောက် ပြုလုပ်ခဲ့ပါတယ်။ ပထမအကြိမ် ဆန်းစစ်မှုကို ၂၀၁၃ ခု မေလနဲ့၊ ဒုတိယနဲ့ နောက်ဆုံးအကြိမ် ဆန်းစစ်မှုကို ၂၀၁၄ ဇန်နဝါရီလတွင် လာရောက် ပြုလုပ်ခဲ့ပြီး နောက်ဆုံး အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။

ဒီအစီရင်ခံစာဟာ မြန်မာနိုင်ငံရဲ့ လက်ရှိ မက်ခရိုစီးပွားရေး အခြေအနေ၊ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လျှောက်လှမ်းမှု စတာတွေကို ဖော်ထုတ်ခဲ့ပါတယ်။ အဲဒီအစီရင်ခံစာပါ အရေးကြီးတဲ့အချက်အချို့ကို ထုတ်ပြရရင် အောက်ပါအတိုင်း တွေ့ရပါမယ်-
စီးပွားရေးတိုးတက်မှုနှုန်း
ဘဏ္ဍာရေးနှစ်
စီးပွားရေးတိုးတက်မှုနှုန်း
မှတ်ချက်
၂၀၁၂-၂၀၁၃
၇.၃ %
၆.၂%သာ မှန်းထားသဖြင့် ခန့်မှန်းထား သည်ထက် မြင့်ပါသည်။
၂၀၁၃-၂၀၁၄
၇.၅%
လက်တွေ့အခြေအနေ မသိရသေးပါ။
၂၀၁၄-၂၀၁၅
၇.၇၅%
လက်တွေ့အခြေအနေ မသိရသေးပါ။

မြန်မာနိုင်ငံရဲ့ အထက်ဖော်ပြပါ စီးပွားရေး တိုးတက်မှုနှုန်းကိုကြည့်ရင် ကမ္ဘာ့နိုင်ငံတွေ အလယ်မှာ “မဆိုးဘူး”လို့ ပြောလို့ရတဲ့ အနေအထားပါ။ ဘာကြောင့်လဲဆိုရင် ၇% ကျော် တိုးတက်တဲ့ နိုင်ငံဟာ လက်ချိုးရေတွက်လို့ ရပါတယ်။  အိမ်နီးချင်း အင်အားကြီး နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံဟာ ၂၀၁၃ မှာ ၇.၇% တိုးတက်ခဲ့ပါတယ်။ မြန်မာနိုင်ငံထက် ၀.၇% သာ ပါတယ်။ ကျန်တဲ့နိုင်ငံတွေထက်ကတော့ မြန်မာနိုင်ငံက သာပါတယ်။ ဒီ ဇယားလေး ကြည့်ကြည့်စမ်းပါ။
နိုင်ငံ
၂၀၁၃ စီးပွားရေး တိုးတက်မှုနှုန်း
ဗြိတိန်
၂.၈%
အမေရိကန်ပြည်ထောင်စု
၂%
နော်ဝေ
၂.၁%
အင်ဒိုနီးရှား
၅.၆၂%
ဂျာမနီ
၁.၁%
ဂျပန်
၂.၄%
မလေးရှား
၅%
ထိုင်း
၂.၇%
မြန်မာ
၇.၃%

ဘတ်ဂျက်လိုငွေပြမှု
ဘဏ္ဍာရေးနှစ်
IMF ၏ မှန်းဆချက်
လက်တွေ့ အခြေအနေ
၂၀၁၃-၂၀၁၄
­ဂျီဒီပီ၏ ၅ %
ဂျီဒီပီ၏ ၄.၈၇%(ပြုပြင်ပြီး ခန့်မှန်းခြေ)
၂၀၁၄-၂၀၁၅
ဂျီဒီပီ၏ ၄.၅%
မသိရသေးပါ။

ဘတ်ဂျက်လိုငွေ ပြမှုမှာလည်း ဇယားမှာတင်ပြထားတဲ့အတိုင်း မြန်မာနိုင်ငံရဲ့ဘတ်ဂျက် လိုငွေပြမှုဟာ ဂျီဒီပီရဲ့ ၄.၈၇% သာ ရှိတဲ့အတွက် ကမ္ဘာနဲ့စာရင် အကောင်းဆုံးထဲမှာ မပါသေးပေမယ့် အညံ့ထဲ မဝင်ဘူးဆိုတာ တွေ့နိုင်ပါတယ်။ OECD က ၂၀၁၃ နိုဝင်ဘာလမှာ ထုတ်ပြန်တဲ့ စာရင်းဇယားများအရ ဗြိတိန်နိုင်ငံဟာ ၂၀၁၂ မှာ ဘတ်ဂျက် လိုငွေပြမှုဟာ ဂျီဒီပီရဲ့ ၁၃.၈% ရှိပြီး ၂၀၁၃ မှာ ၁၁.၃% ရှိခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုဟာလည်း၂၀၁၂ မှာ ၉.၃%၊၂၀၁၃ မှာ ၆.၅ % တောင် ရှိခဲ့ပြီး ဂျပန် နိုင်ငံဆိုရင် ၂၀၁၂ မှာ ၉.၅% နဲ့ ၂၀၁၃ မှာ ၁၀% တောင်ရှိခဲ့ပါတယ်။ အိန္ဒိယနိုင်ငံလည်း ၂၀၁၂ မှာ ၇.၆%၊ ၂၀၁၃ မှာ ၇.၂% ရှိခဲ့ကြောင်း တွေ့ရပါတယ်။ ဒါကြောင့် ၂၀၁၃ တစ်ခုတည်းကို နှိုင်းယှဉ်ဇယား ဆွဲကြည့်ရင် အောက်ပါအတိုင်း တွေ့ရ ပါမယ်။
နိုင်ငံ
၂၀၁၃ ဘတ်ဂျက်လိုငွေပြမှုနှင့် GDP အချိုး
ဗြိတိန်
၁၁.၃%
အမေရိကန်ပြည်ထောင်စု
၆.၅%
အိန္ဒိယ
၇.၂%
ဂျပန်
၁၀%
မြန်မာ
၎.၈၇%

ဗဟုသုတ အနေနဲ့ တင်ပြရရင် ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း ၁၉၀ ကျော်ရှိတဲ့အနက် ဘတ်ဂျက်လိုငွေ မပြဘဲ ပိုငွေပြတဲ့ နိုင်ငံဆိုလို့ ရှားရှားပါးပါး လေးနိုင်ငံသာ ရှိပါတယ်။ ဂျာမနီ၊ တောင်ကိုရီးယား၊ နော်ဝေနဲ့ ­ရုရှားနိုင်ငံတို့သာ ဖြစ်ပါတယ်။ နော်ဝေနိုင်ငံ ကတော့ ဘတ်ဂျက်ပိုငွေ အများဆုံးရှိတဲ့ နိုင်ငံပါ။
ငွေကြေးဖောင်းပွမှုနှုန်း
ဘဏ္ဍာရေးနှစ်
IMF ၏ မှန်းဆချက်
လက်တွေ့အခြေအနေ
၂၀၁၃-၂၀၁၄
၆.၇၅%
မသိရသေးပါ။
၂၀၁၄-၂၀၁၅
၇ %
မသိရသေးပါ။

ငွေကြေးဖောင်းပွမှုနှုန်းနဲ့ ပတ်သက်လို့ နည်းနည်း ပြောချင်ပါတယ်။ အိုင်အမ်အက်ဖ်ရဲ့ အစီရင်ခံစာမှာ ၂၀၁၃ ဩဂုတ်လ မှာ ငွေကြေးဖောင်းပွမှုနှုန်းဟာ ၇.၃% တောင်ရှိတယ် လို့ ဖော်ပြထားပါတယ်။ ၂၀၁၃ နိုဝင်ဘာလမှာတော့ ၄ .၇% ထိ ကျသွားခဲ့ပြီး ၂၀၁၃ နှစ်ကုန် (ဒီဇင်ဘာ)မှာတော့ ၆.၇၅% ထိ တက်နိုင်တယ်လို့ မှန်းထားပါတယ်။ အဲဒီအထိ တက်မတက်ကတော့ ကိန်းဂဏန်း မထွက်သေး၊ မစုံသေးလို့ မသိရသေးပါ။ ဒါပေမယ့် ၂၀၁၃ ဩဂုတ်လမှာ ၇.၃%တောင် ရှိခဲ့တာဆိုတော့ အဲဒါနဲ့ယှဉ်ရင် ၂၀၁၃ ဒီဇင်ဘာ ငွေဖောင်းပွမှုနှုန်းဟာ ၆.၇၅%ဆိုတော့ နည်းတယ်လို့ ဆိုရမှာပါပဲ။ ထို့အတူ လာမယ့် ဘဏ္ဍာရေးနှစ်မှာ ငွေဖောင်းပွမှုနှုန်း ၇%ရှိမယ်ဆိုတဲ့ ခန့်မှန်းချက်ကလည်း သူ့ချည်းပဲ သက်သက်ကြည့်မယ်ဆိုရင် များတယ်လို့ ထင်စရာရှိပေမယ့် ၂၀၁၃ ဒီဇင်ဘာ ခန့်မှန်းချက် ၆.၇၅%ထက်ဝ.၂၅% သာ တက်သွားမယ်လို့ ခန့်မှန်းတာပါပဲ။ သိပ် စိုးရိမ်ရလောက်အောင် တက်သွားတယ်လို့ ပြောလို့ မဖြစ်နိုင်ပါဘူး။ အတက်အကျ ကတော့ ဒီလိုပဲ၊ နည်းနည်းပါးပါးရှိနေတာပါပဲ။ နိုင်ငံတိုင်းလိုလိုပဲဆိုပါစို့။ ပြီးတော့လည်း ဒီခန့်မှန်းချက် ၇%ဆိုတာကလည်း ၂၀၁၃ ဩဂုတ်လနှုန်းထား ၇.၃%ထက် ၀.၃% တောင် လျော့နည်းနေပါသေးတယ်။ အင်ဒိုနီးရှားနိုင်ငံမှာဆိုရင် ၂၀၁၃ မှာ ၈.၃၈% တောင်ရှိပါတယ်။ အိန္ဒိယနိုင်ငံမှာလည်း ၉.၂၁% ရှိပါတယ်။

ဒါကြောင့် ကွက်ကွက်လေးကြည့်ပြီး ပြောလို့မရဘဲ အားလုံးကို ခြုံကြည့်ရပါတယ်။ အဲဒီ   SMP အစီရင်ခံစာမှာပဲ ဒီ SMP အစီအစဉ် ဟာ အောင်မြင်တယ်။ ဘာကြောင့်လဲဆိုရင် အိုင်အမ်အက်ဖ်က သတ်မှတ်တဲ့ Benchmark လို့ခေါ်တဲ့ သတ်မှတ်ချက်တွေကို ပြည့်မီပြီး စီးပွားရေးပြုပြင် ပြောင်းလဲမှုတွေကိုလည်း မှန်းထားတဲ့အတိုင်း ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင်နိုင်နေ လို့ပဲလို့ ရေးထား ပါသေးတယ်။

ဒီ SMP အစီအစဉ်မှာ ပါဝင်တဲ့ ပညာရှင်တွေနဲ့ စကားပြောကြည့်တာမှာလည်း မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှု၊ ပြုပြင်ပြောင်းလဲ မှုတွေကို အားရကြောင်း အပြုသဘောပြောချက်၊ အကောင်းပြောဆိုချက်တွေ ကြားရပါတယ်။ ဒါကြောင့်ပဲ ဖြစ်မှာပါ။ ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ နှစ်ဘီလီယံ အသုံးပြုကာ မြန်မာနိုင်ငံရဲ့ နှစ်ရှည်ဖွံ့ဖြိုးရေး အစီအစဉ်များ ဆောင်ရွက်သွားမယ်လို့ ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ ဒေါက်တာကင် က ယခုလထဲ မြန်မာနိုင်ငံ လာရောက်စဉ်မှာ ပြောကြားသွားခဲ့ပါတယ်။ SMP အစီရင်ခံစာအရရော အိုင်အမ် အက်ဖ် ပညာရှင်တွေရဲ့ ပြောကြားချက်တွေအရပါ နိဂုံးဆွဲကြည့်ရင်တော့ ဒီဆောင်းပါး ခေါင်းစဉ်အတိုင်း (မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်၊ မြန်မာ အစိုးရ၏ ပြုပြင် ပြောင်းလဲရေး အောင်မြင်) လို့ပဲ ဆိုရမှာပါခင်ဗျား။
---------------------------------------------------


နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကာလတို၊ ကာလလတ်၊ ကာလရှည် စီမံကိန်းများဖြင့် ဆောင်ရွက်အကောင်အထည်ဖော်သွားရမှာဖြစ် လုပ်ငန်းများ ပြီးစီးမှုကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးသွားမည်


နေပြည်တော် ဇန်နဝါရီ ၂၈
နေပြည်တော်၌ ကျင်းပသည့် ဒုတိယအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်အပြီး သတင်းစာ ရှင်းလင်းပွဲကို မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန၌ ပြုလုပ်ခဲ့ပြီး သတင်းထောက်များ၏ မေးမြန်းချက်များကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြန်လည် ဖြေကြားခဲ့သည်။

မနန်းခင်ထွေး(မြန်မာတိုင်းမ်)
မေး။ နေပြည်တော်သဘောတူညီချက် (Nay Pyi Taw Accord Action Plan) ကို ထုတ်ပြန်ပေးမယ်လို့ သိရပါတယ်။ ဘယ်တုန်းက ရေးဆွဲခဲ့တာလဲ။ ဘယ်တော့လောက် ဖြစ်မလဲ။ ဘယ်လို အကျိုးရလဒ်တွေ ရလာမလဲဆိုတာကိုလည်း သိချင်ပါတယ်။
ဖြေ။ နေပြည်တော်သဘောတူညီချက် (Nay Pyi Taw Accord Action Plan) ကို ၂၀၁၃ ခုနှစ် ပထမအကြိမ် ဖိုရမ် ကတည်းက ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရဘက်က ဆောင်ရွက်ရမှာတွေရှိသလို သဘောတူညီမှုမှာပါတဲ့ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းတွေ ကလည်း Action Plan  တွေကို ဆောင်ရွက်နေတာရှိပါတယ်။ ကျွန်တော်တို့ အနေနဲ့ တစ်နှစ်တာ အကောင်အထည်ဖော်ပြီး ဖြစ်တဲ့ အတွက် အဲဒီမှာဆောင်ရွက်ပြီးတာ တွေကို တင်ပြတာတွေ ရှိသလို ရှေ့၂၀၁၄-၂၀၁၅ မှာ ဆောင်ရွက်သွားရမယ့် လုပ်ငန်းစဉ် တွေကိုလည်း ညှိနှိုင်းတဲ့ အစီအစဉ် ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုတာ ကာလတို၊ ကာလလတ်၊ ကာလရှည် စီမံကိန်းတွေနဲ ဆောင်ရွက်ရတာ ဖြစ်တဲ့အတွက် ဆက်လက် ဆောင်ရွက်သွားရမှာ မကြာခင်မှာလုပ်ငန်းတွေ ပြီးစီးမှုတွေကို ပွင့်လင်း မြင်သာစွာ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။

ဦးနေလင်းအောင်(ပြည်ထောင်စုနေ့စဉ်သတင်းစာ)
မေး။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဘယ်လောက်ထိ ထိခိုက်မှုရှိသလဲ။ လက်ရှိအနေအထားအရ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံထားမှု တွေကို လျှော့ချသွားဖို့ ရှိပါသလား။
ဖြေ။ မြန်မာနိုင်ငံမှာ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေဟာ အရှိန်အဟုန်နဲ့ မြန်မြန်ဆန်ဆန် တိုးမြှင့် ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် မကြာခင် တစ်နိုင်ငံလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံဖို့လာကြ တဲ့သူတွေဟာလည်း သူတို့စိတ်ဝင်စားတဲ့ ကဏ္ဍကိုသာလာပြီး ရင်းနှီးကြတာဖြစ်ပါတယ်။ သဘာဝ သယံဇာတကို စိတ်ဝင်စားတဲ့သူကလည်း အဲဒီအပိုင်းကို ရင်းနှီးမြှုပ်နှံကြမှာ ဖြစ်သလို ကုန်ပစ္စည်း ထုတ်လုပ်သူကလည်း ထုတ်လုပ်တဲ့ အပိုင်းကို ရင်းနှီးမြှုပ်နှံ ကြမှာ ဖြစ်ပါတယ်။ EITI  ကို အဖွဲ့ဝင် အဖြစ် ဆောင်ရွက်နေတာဖြစ်ပြီး သယံဇာတကို ထုတ်ယူသုံးစွဲတဲ့ လုပ်ငန်းတွေကို ပွင့်လင်း မြင်သာစွာလုပ် ဆောင်မှာဖြစ်ပါတယ်။ တစ်ပိုင်းကလည်း CSR (Complete Social Responsibility)  ကို မသေချာဘဲ လုပ်ကိုင်ခွင့်ပေးမှာ မဟုတ်ပါဘူး။ သဘာဝပတ်ဝန်းကျင်၊ လူသားအရင်းအမြစ်နဲ့ social Impact ပေါ်မှာ အခြေခံပြီး စနစ်တကျစိစစ်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ရင်းနှီးမြှုပ်နှံနိုင်တဲ့ ဒေသတွေရှိတယ်။ ရင်းနှီးမြှုပ်နှံသူတွေက ဘယ်ဒေသ ဘယ်နေရာမှာ ပိုပြီးအဆင်ပြေမယ် ဆိုတာ တွက်ချက်ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကိစ္စဟာ ဆက်စပ်သလား ဆိုတော့ ဆက်စပ်တယ်။ ဒါပေမယ့် ဒီလောက်ကြီး မလွှမ်းမိုးနိုင်ပါဘူး။ မြန်မာနိုင်ငံမှာ နံပါတ်တစ် ရင်းနှီးမြှုပ်နှံမှုအများဆုံးဟာ တရုတ်နိုင်ငံ ဖြစ်ပြီး ဒုတိယအများဆုံးကတော့ ထိုင်းနိုင်ငံ ဖြစ်ပါတယ်။ အထူးသဖြင့် ထုတ်ယူသုံးစွဲတဲ့ လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုများကြတယ်။ ဒါ့အပြင် အခုလက်ရှိမှာ CMP  လက်ခစားစနစ် အရှိန်ရလာပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံလူဦးရေရဲ့ ၆၀ ရာခိုင်နှုန်း ကျော်ဟာ အသက် ၁၅နှစ် မှ ၆၀ ကြားတွေဖြစ်တဲ့အတွက် လူဦးရေ ဆုလာဘ်ရနေတယ်လို့ ကမ္ဘာ့လူဦးရေ အဖွဲ့ဖြစ်တဲ့ ကုလသမဂ္ဂလူဦးရေ အဖွဲ့က ခန့်မှန်းကြပါတယ်။ ဒါကြောင့် နောင် ၁၉-၂၀ နှစ်အထိ ဒီအခွင့်အရေးကို ရနေမှာ ဖြစ်ပါတယ်။ လူငယ်တွေ အလုပ်ရနိုင်ဖို့ နိုင်ငံတော်အစိုးရကလည်း မူဝါဒတွေကို ချမှတ်နေပါတယ်။ သယံဇာတယှဉ်ပြိုင်နိုင် သလား။ ထုတ်လုပ်မှုစရိတ်၊ လုပ်သားခ ဈေးသက်သာ သလားဆိုတာတွေ အပေါ်မှာ အခြေခံပြီးလာကြတာဖြစ်ပါတယ်။ အဲလိုမှ မဟုတ်ရင် တခြားသက်သာတဲ့ တစ်နိုင်ငံကို ရွှေ့ပြောင်း သွားကြမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သယံဇာတ ထုတ်ယူတဲ့ရင်းနှီးမြှုပ်နှံမှုကို လက်ခံတဲ့နိုင်ငံတွေက သတိထားရပါတယ်။ ကျွန်တော်တို့မှာ တခြားနိုင်ငံထက် ဘာနှိုင်းယှဉ်အကျိုးကျေးဇူး ပိုပေးနိုင်သလဲ။ ဒီလိုနဲ့ နိုင်ငံတော်က ဖွံ့ဖြိုးမှု အဆင့်တွေ ပြောင်းသွားပြီး လုပ်ခ၊ လစာတွေပိုတက်လာမယ်၊ ဖွံ့ဖြိုးမှုရဲ့ အဆင့်တွေဖြစ်တဲ့အတွက် ဖြတ်သန်းနေတဲ့ကာလတွေမှာတော့ သက်ဆိုင် ရာနိုင်ငံသူ၊ နိုင်ငံသားတွေအနေနဲ့ ဒါကိုနားလည် သဘောပေါက်ဖို့လို ပါတယ်။

ကိုထွေး DVB သတင်းဌာန
မေး။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတဲ့အခါ လယ်ယာမြေသိမ်းဆည်းမှုပြဿနာကို ဘယ်လိုစီမံခန့်ခွဲ ဆောင်ရွက် သွားမလဲဆိုတာ သိချင်ပါတယ်။
ဖြေ။ ရင်းနှီးမြှုပ်နှံမှု တစ်ခုလာတယ် ဆိုရင် ဒီမြေကို ပေးနိုင်သလား၊ ဘယ်သူပိုင်သလဲ၊ လက်ရှိ အလုပ်လုပ်နေတဲ့ မြေလား ဆိုတာကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ မြို့နယ်အစိုးရအဖွဲ့ တွေက စိစစ်ပြီး တွဲတင်ရတာဖြစ်ပါတယ်။ လုပ်နေတဲ့မြေကို ခွင့်ပြုပေး ခဲ့တာ မရှိခဲ့ပါဘူး။ ကျွန်တော်တို့ဆီ ကို ရောက်လာတယ်။ ရင်းနှီးမြှုပ်နှံ နိုင်တဲ့မြေ၊ သူ့ရဲ့ပိုင်ဆိုင်မှု၊ အရှုပ်အရှင်း ကင်းတယ်ဆိုရင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥပဒေအရ ၂၀၁၂ အရ ခွင့်ပြုပြီဆိုရင် ပထမနှစ် ၅၀+၁၀ +၁၀ နှစ်ဖြစ်တဲ့ အတွက် စုစုပေါင်း နှစ် ၇၀ ရသွားမှာ ဖြစ်ပါ တယ်။

မကြည်ပြာလင်း (ပြည်ထောင်စုနေ့စဉ်သတင်းစာ)
မေး။ ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကို Invest အလာတယ်။ ကမ္ဘောဒီးယားလို အခြားနိုင်ငံတွေမှာ သယံဇာတထုတ်ယူ သုံးစွဲမှုများတယ်ဆိုပြီး စစ်တမ်းတွေမှာ ပေါ်လာတယ်။ အခုမြန်မာပြည်ကို လာတဲ့အခါ သယံဇာတထုတ်ယူ သုံးစွဲမှုတွေအတွက် ကြိုတင်ပြင်ဆင်မှုတွေ ရှိသလားသိချင်ပါတယ်။
ဖြေ။ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ အနေနဲ့ ၁၉၄၅ နောက်ပိုင်းမှာ မြန်မာနိုင်ငံကို ပထမဆုံးလာတာ ဖြစ်ပါတယ်။ သူတို့ အနေနဲ့က Process loan တွေပေးတာ ဖြစ်တယ်။ ဦးစားပေးကဏ္ဍ သုံးခုဖြစ်တဲ့ စွမ်းအင်၊ လျှပ်စစ်၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ စားနပ်ရိက္ခာ ဖူလုံရေးဆိုပြီး ဦးစားပေး ကဏ္ဍသုံးခုကို အမေရိကန် ဒေါ်လာ ၂ ဘီလီယံ invest လုပ်မှာ ဖြစ်ပါတယ်။ အခုလျှပ်စစ်က ၃၀-၃၆ ရာခိုင်နှုန်းလောက်ပဲ ရသေးတယ်။ နောက် ငါးနှစ်အတွင်းမှာတော့ ၅၀ ရာခိုင်နှုန်းထက်ပိုအောင် ကူညီမယ်လို့ ပြောသွားတာ ဖြစ်ပါတယ်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုဝန်ကြီးက “ဖိုရမ်မှာ ဆွေးနွေးခဲ့ကြသူ အားလုံးက မြန်မာနိုင်ငံအနေနဲ့ လမ်းကြောင်းပေါ် ရောက်နေပြီး ဖွံ့ဖြိုးမှုအရှိန်အဟုန် ဆက်လက်ကောင်းနေမယ်လို့ လုံးဝယုံကြည် ထားပါတယ်။ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်အပေါ် လုံးဝယုံကြည်မှု ရှိလာရေးဟာ အရေးကြီးပါတယ်။ ပြုပြင်ပြောင်းလဲမှုရဲ့ အခြေခံအပေါ်မှာ သံသယဖြစ်ဖို့မလိုပါဘူး။ ပြည်သူတွေရဲ့ ဆန္ဒကိုပဲ အလေးထားပါတယ်”  ဟု ပြောကြားခဲ့သည်။

ထို့ပြင် “ဒီဖိုရမ်မှာ နိုင်ငံတကာ အထောက်အပံ့တွေရဲ့ ထိရောက် အကျိုးရှိနိုင်မှုကို သုံးသပ် ဆွေးနွေးခဲ့ ကြပါတယ်။ မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးရေး အတွက် အကူအညီပေးသူတွေရဲ့ ခိုင်မာတဲ့ ထောက်ပံ့မှု လိုအပ်ပါတယ်။ အတွေ့အကြုံရှိတဲ့ အင်အားစုတွေကို ကျွမ်းကျင် ထိရောက်စွာ အသုံးပြုရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အမျိုးသားအဆင့် ဖွံ့ဖြိုးမှုစီမံကိန်းတွေကို အကောင်အထည်ဖော် ဆောင်နေမှုအပေါ် ဖွံ့ဖြိုးမှုမိတ်ဖက် နိုင်ငံများအနေနဲ့ ကျေနပ်အားရ ကြပါတယ်။ အစိုးရအနေနဲ့ ကဏ္ဍအားလုံးမှာ သိသာ ထင်ရှားတဲ့ အမျိုးသား နည်းဗျူဟာတွေကို ရေးဆွဲဖို့ အားထုတ်နေပြီဖြစ်တဲ့အတွက် ဒီဖိုရမ်ကနေ အကျိုးရလဒ်ကောင်းတွေ ရရှိမယ်လို့ သုံးသပ်ကြပါတယ်။

တတိယအကြိမ် ဖိုရမ်ကို ၂၀၁၅ ခုနှစ်မှာ ထပ်မံကျင်းပမှာ ဖြစ်ပါတယ်”  ဟု ပြည်ထောင်စု ဝန်ကြီးက ဆက်လက် ပြောကြားခဲ့သည်။
(နန္ဒာဝင်း)


----------------------------------------------------------------------------------------------------

ဒုတိယအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်တွင် မြန်မာအစိုးရနှင့် ဖွံ့ဖြိုးမှု မိတ်ဖက်များ၏ ပူးတွဲ ထုတ်ပြန်ချက်



နေပြည်တော် ဇန်နဝါရီ ၂၈
ဒုတိယအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို ယနေ့တွင် အပြီးသတ် ဆွေးနွေးနိုင်ခဲ့ပြီး  မြန်မာ အစိုးရနှင့် ဖွံ့ဖြိုးမှု မိတ်ဖက်များ၏ ပူးတွဲ ထုတ်ပြန်ချက် တစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့သည်။ ထုတ်ပြန်ချက် အပြည့်အစုံ မှာ အောက်ပါ အတိုင်းဖြစ်သည်-

ဒုတိယအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်တွင် မြန်မာအစိုးရနှင့် ဖွံ့ဖြိုးမှု မိတ်ဖက်များ၏ ပူးတွဲ ထုတ်ပြန်ချက်

မြန်မာနိုင်ငံ ဖွံ့ဖြိုးမှု မိတ်ဖက်များသည် ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၂၇ ရက်မှ ၂၈ ရက်ထိ “တိုးတက်မှု အရှိန်မြှင့်တင်ရေး- အားလုံးပါဝင် ပူးပေါင်းမြှင့် တင်ပေး” ဟူသည့် ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် ဒုတိယ အကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်သို့ တက်ရောက်ကြပါသည်။

ဖိုရမ်သို့ မြန်မာနိုင်ငံအစိုးရ၊ ပြည်ထောင်စုလွှတ်တော်၊ နိုင်ငံတကာ ဖွံ့ဖြိုးမှု မိတ်ဖက်၊ အရပ်ဖက် လူမှုအဖွဲ့အစည်း၊ ပုဂ္ဂလိက ကဏ္ဍတို့မှ ကိုယ်စားလှယ်များနှင့် ပညာရှင်များ တက်ရောက် ကြပါသည်။

မြန်မာအစိုးရနှင့် ဖွံ့ဖြိုးတိုးတက်မှု မိတ်ဖက်များသည် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ်ကို အရေးပါသည့် မူဝါဒဆိုင်ရာများကို လေးလေးနက်နက် ဆွေးနွေးနိုင်သည့် နေရာတစ်ခုအဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု တွင် အောင်မြင်မှု၊ စိန်ခေါ်မှုနှင့် အခွင့်အလမ်းများကို ဆွေးနွေးနိုင်သည့် အပြုသဘော ဆောင်သော ယန္တရား တစ်ရပ်အဖြစ် လည်းကောင်း သိရှိ ကြိုဆိုကြပါသည်။ 

ဒုတိယအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်တွင် မြန်မာနိုင်ငံ အစိုးရနှင့် ဖွံ့ဖြိုးတိုးတက်မှု မိတ်ဖက်များသည် အနာဂတ်အောင်မြင်မှု အတွက် မဟာဗျူဟာများ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်နှင့် အကူအညီများ ထိရောက်မှုရှိရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြ ပါသည်။ ဆွေးနွေးမှု အားလုံးတွင် မြန်မာနိုင်ငံသည် အားလုံးပါဝင်နိုင်၍ ငြိမ်းချမ်းပြီး တောင့်တင်းခိုင်မာစွာဖြင့် ကြွယ်ဝ ချမ်းသာသည့် နိုင်ငံ ဖြစ်လာရေးအတွက်၊ မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှုကို ပိုမိုကူညီ ပံ့ပိုးပေးနိုင်မည့် နောက်ထပ် လုပ်ငန်းများ၊ ရရှိသည့် သင်ခန်းစာများကို ပွင့်လင်းစွာ အမြင်ချင်းဖလှယ်၍ ဖော်ထုတ် သတ်မှတ်ရန် အဓိက အာရုံစိုက်၍ ဆွေးနွေးကြပါသည်။ မြန်မာနိုင်ငံအနေနှင့် အဆိုပါ လမ်းကြောင်းသို့ ဦးတည် သွားရာတွင် ကူညီပံ့ပိုးကြရန် ဖိုရမ် တက်ရောက်သူများ အားလုံးတွင် တူညီသည့် သဘောထားအမြင်နှင့် တူညီသည့် ဆန္ဒပြင်းပြစွာ ရှိကြသည်ကို ကောင်းစွာ သိရှိပါသည်။

မြန်မာနိုင်ငံ အစိုးရနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်များသည် ပထမအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေးဖိုရမ် ကျင်းပပြီးနောက် သိသာ ထင်ရှားသည့် အောင်မြင်တိုးတက်မှုများ ရရှိခဲ့သည်ကို ကောင်းစွာ အသိအမှတ်ပြု သကဲ့သို့ ဆက်လက် အောင်မြင်မှုများ ရရှိရန်အတွက် အားလုံး၏ ထပ်လောင်း ကတိက၀တ်များ ရရှိရန် လိုအပ်သည်ကိုလည်း သိရှိကြပါသည်။

မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးကို ပုံဖော်ရာတွင် အားနည်းထိခိုက်လွယ်ဆုံး လူများ အပါအ၀င် နိုင်ငံသား အားလုံးပါဝင်နိုင်ပြီး အကျိုးကျေးဇူးများ ခံစားနိုင်လျှင် မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးမှု အကူအညီများသည် အထိရောက်ဆုံး ဖြစ်မည် ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် အောက်ပါတို့ကို ကတိက၀တ်ပြုပါသည်-

(၁)
နေပြည်တော် သဘောတူညီချက် ဆက်လက် အကောင်အထည် ဖော်ရေးအတွက် လုပ်ငန်း အစီအစဉ်ကို အပြီးသတ် ရေးဆွဲမည် ဖြစ်ပါသည်။

(၂)
မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှု မူဘောင်နှင့် အမျိုးသား ဘက်စုံဖွံ့ဖြိုး ရေး စီမံကိန်းတို့ကို ဆက်လက်ကူညီ ပံ့ပိုးမည် ဖြစ်ပါသည်။

(၃)
စီမံကိန်း ရေးဆွဲ အကောင်အထည်ဖော်သည့် လုပ်ငန်းစဉ်တွင် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေး ကြိုးပမ်းမှုများကို ဦးဆောင်ရေးနှင့် အစိုးရနှင့် ပုဂ္ဂလိကတို့ ပါဝင် လုပ်ဆောင်ရေးအတွက် အစိုးရ၏ စွမ်းဆောင်ရည် ပိုမိုခိုင်မာစေရန် ဆောင်ရွက်မည် ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် ဤကတိက၀တ်များနှင့် ဖိုရမ်တွင် ရရှိသည့် အခြားသင်ခန်းစာများအား အကောင်အထည်ဖော် ဆောင်ရွက်မှုကို တည်ကြည် ဖြောင့်မတ်စွာဖြင့် စောင့်ကြပ် ကြည့်ရှုသွားမည်ဖြစ်ပြီး၊ တိုးတက်မှုကို ၂၀၁၄ ခုနှစ်အတွင်း ပြုလုပ်မည့် နှစ်လယ်သုံးသပ်မှု အစည်းအဝေးတွင် လည်းကောင်း၊ ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် တတိယအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရေး ဖိုရမ်တွင် လည်းကောင်း အစီရင်ခံ တင်ပြ သွားမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု ယခုကဲ့သို့ အဆင့်အသစ် တစ်ရပ်သို့ ရောက်ရှိလာချိန်တွင် အတူတကွ လက်တွဲလုပ်ဆောင်လိုသည့် ကျွန်ုပ်တို့၏ ဆန္ဒကို ဤပူးတွဲ ထုတ်ပြန်ချက်ဖြင့် ထပ်လောင်း အတည်ပြုပါသည်။
 --------------------------------------------------------------------------------

ဒုတိယအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ကျင်းပ



နေပြည်တော် ဇန်နဝါရီ ၂၇

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန် မြှင့်တင်ရာတွင် အသိပညာ၊ ဗဟုသုတ၊ အတွေ့အကြုံနှင့် အရင်းအမြစ်များကို တတ်နိုင်သလောက် လက်လှမ်းမီ ရယူနိုင်ရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတကာ အသိုက်အဝန်းနှင့် ပူးပေါင်းမှုများ မြှင့်တင်လျက် ရှိသည်။

ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန၌ စတင် ကျင်းပသည့် ဒုတိယအကြိမ် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်တွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ကံဇော်က သဘာပတိအဖြစ် ဆောင်ရွက်၍ ''အနာဂတ်တွင် ရှေ့ ဆက်ဆောင်ရွက်မည့် ဖွံ့ဖြိုးမှု မဟာဗျူဟာများ'' ခေါင်းစဉ်ကို ဆွေးနွေးခဲ့ကြသည်။

ယင်းဆွေးနွေးပွဲတွင် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းထွန်းနိုင်က နေပြည်တော် သဘောတူညီချက် အကောင်အထည်ဖော်ရေး စီမံချက်၊ ဒုတိယဝန်ကြီး ဒေါ်လဲ့လဲ့သိန်းက အမျိုးသား ဘက်စုံတိုးတက်မှု မြှင့်တင်ရေးစီမံချက်နှင့် နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး ပုဂ္ဂိုလ် ဒေါက်တာဇော်ဦးက စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်အပေါ် သုံးသပ်ချက်တို့ကို တင်ပြခဲ့ကြပြီး တက်ရောက်လာကြ သူများက ဝိုင်းဝန်းဆွေးနွေး ခဲ့ကြသည်။

ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးတွင် ထိရောက်မှုရှိစေမည့် နေပြည်တော် သဘောတူညီချက်ကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၂ဝ ရက်တွင် အတည်ပြုချမှတ်နိုင်ခဲ့သည်။

အဆိုပါ သဘောတူညီချက်အရ မြန်မာအစိုးရဘက်က အပြန်အလှန် ထားရှိခဲ့သည့် ကတိ ကဝတ်များမှာ ဦးစားပေး ဖွံ့ဖြိုးမှုလုပ်ငန်းများနှင့် စီမံကိန်းများ ရေးဆွဲချမှတ်ရာတွင် ပိုမိုနက်ရှိုင်းစွာ ဆက်လက်ညှိနှိုင်း ဆွေးနွေးသွားရန်၊ အမျိုးသားအဆင့် ဦးစားပေး လုပ်ငန်းများ ပေါ်ပေါက်ရေးအတွက် အလေးထား ဆောင်ရွက်ရန်၊ ထိရောက်သည့် ဆုံးဖြတ်ချက် ချမှတ်မှု ဖြစ်ပေါ်စေရန်၊ အချိတ်အဆက်မိ၍ စွမ်းဆောင်ရည်ရှိသည့် အကူအညီ အထောက်အပံ့ စီမံခန့်ခွဲရေးစနစ် ဖွံ့ဖြိုးလာစေရန်၊ အစိုးရ၏ စီမံကိန်းများအတွက် နိုင်ငံခြားအကူအညီများ ထိရောက်မှုနှင့် မြင်သာထင်သာရှိမှုကို မြှင့်တင်ရန်အတွက် ပြည်သူ့ရေးရာ အုပ်ချုပ်ရေးစနစ် ခိုင်မာစေရန် တို့ဖြစ်သည်။

အလားတူ ဖွံ့ဖြိုးမှု မိတ်ဖက်များဘက်က အပြန်အလှန် ထားရှိခဲ့သည့် ကတိကဝတ်များမှာ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအား ပံ့ပိုးကူညီပေးရန်၊ ဖွံ့ဖြိုးမှု အကူအညီ များကို နိုင်ငံ၏ ဦးစားပေး လုပ်ငန်းများနှင့်အညီ ညှိနှိုင်းဆောင်ရွက်သွားရန်၊ မြန်မာနိုင်ငံက ဦးဆောင်သော ညှိနှိုင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်တွင် ပံ့ပိုးပါဝင်ဆောင်ရွက်ရန်၊ ငြိမ်းချမ်းရေး နှင့် နိုင်ငံတည်ဆောက်ရေးကို အထောက်အကူပြု ပံ့ပိုးရန်၊ မြန်မာပြည်သူများအတွက် ဖွံ့ဖြိုး တိုးတက်မှု ရလဒ်များ အများဆုံးရရှိအောင် အလေးထားကြိုးပမ်းရန်၊ အဖွဲ့အစည်းများ ခိုင်မာရေး၊ စွမ်းဆောင်ရည် တည်ဆောက်ရေး၊ အနာဂတ် အကောင်အထည် ဖော်ဆောင်မည့် စီမံကိန်းများအား ပိုမိုထိရောက်စေရေးအတွက် အစိုးရနှင့် လက်တွဲဆောင်ရွက်ရန်တို့ ဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းထွန်းနိုင်က''မြန်မာနိုင်ငံအနေနဲ့ အပြန်အလှန် လေးစားမှုရှိတဲ့ လက်တွဲ ပူးပေါင်း ဆောင်ရွက်မှုတွေကို နွေးထွေးစွာ ကြိုဆို ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ နေပြည်တော် သဘောတူညီချက်ကို အထောက်အကူ ပေးနိုင် မယ့် ကြိုးပမ်းမှုတွေကို တိုးမြှင့်ပြီး မြန်မာပြည်သူတွေရဲ့ ဘဝတွေအတွက် ပိုမိုကောင်းမွန်တဲ့ အကျိုးကျေးဇူးများစွာ ရရှိအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

ထို့အတူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်ကလည်း ''ဒီနှစ်တွေမှာ မြန်မာနိုင်ငံအနေနဲ့ ဖွံ့ဖြိုးတိုးတက်မှု အကူအညီပေးရေး နယ်ပယ်တွေ၊ နိုင်ငံတကာ အကူအညီတွေကို ဖွံ့ဖြိုး တိုးတက်မှု အစီအစဉ်တွေ အားလုံးအပေါ် လွှမ်းခြုံအသုံးပြုနိုင်ဖို့၊ ပိုမိုဦးစားပေး ဆောင်ရွက်ဖို့ ရည်မှန်းထားပါတယ်''ဟု အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ဆက်လက်၍ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက သဘာပတိအဖြစ် ဆောင်ရွက်ရာ ''ဒီမိုကရေစီယဉ်ကျေးမှုနှင့် အမျိုးသားဟန်ချက်ညီမှုကို မြှင့်တင်ရေး'' ခေါင်းစဉ် ကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဗဟိုဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်ရင်လှိုင်က ငြိမ်းချမ်းရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အမျိုးသား စီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ တင်ထွဋ်ဦးက လူမှုအသိုက် အဝန်း ပူးပေါင်းပါဝင်မှုနှင့် ဒီမိုကရေစီ ယဉ်ကျေးမှု မြှင့်တင်ရေးတို့ကို တင်ပြခဲ့ကြပြီး တက်ရောက် လာကြသူများက ပြန်လှန် ဆွေးနွေးခဲ့ကြသည်။

''တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိဖို့နဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ဖို့အတွက် မူဘောင်ချမှတ်ခြင်း၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုနဲ့ နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကျင်းပခြင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ငြိမ်းချမ်းရေး သတောတူညီမှု လက်မှတ်ရေးထိုးခြင်း စတာတွေကို ငြိမ်းချမ်းရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းရဲ့ လမ်းပြမြေပုံအဖြစ် သတ်မှတ်ဆောင်ရွက် ပါတယ်'' ဟု ဒေါက်တာကျော်ရင်လှိုင်က ထည့်သွင်း တင်ပြခဲ့သည်။

အလားတူ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကလည်း ''ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်မှာ အဓိကကြုံတွေ့နေရတဲ့ စိန်ခေါ်မှုကတော့ နားလည်မှုနဲ့ အမြင်ကွဲလွဲမှုကို ညှိနှိုင်း စဉ်းစားဖို့ မစွမ်းဆောင်နိုင်ခြင်းဘဲ ဖြစ်ပါတယ်။ ဒီနေ့ မြင်တွေ့နေကြရတဲ့ တိုးတက်မှုတွေဟာ အပြန်အလှန် ဆွေးနွေးမှုတွေကနေ ယုံကြည်မှုနဲ့နားလည်မှုတွေကို တည်ဆောက်နိုင်လို့ပဲ ဖြစ်ပါတယ်။ နိုင်ငံရေး အခြေအနေသစ် ကို ဆောင်ရွက်ဖို့ အချိန်ကျနေပါပြီ။ ဒါမှ ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံတော် တည်ဆောက်ရေးကို အတူတကွဆောင်ရွက် နိုင်မှာဖြစ်ပါတယ်။ နိုင်ငံရေး အခြေအနေသစ်ကို ကြိုးပမ်းတည်ဆောက်ရာတွင် တည်ငြိမ်အေးချမ်းမှုနှင့် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု အရှိန်အဟုန်ကို ဆက်လက် ထိန်းထားနိုင်မှ ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ ဒီမိုကရေစီ ယဉ်ကျေးမှုကို မီးမောင်းထိုးပြနိုင်မှာ ဖြစ်ပါတယ်'' ဟု အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ယခုဖိုရမ်ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများ၏ ပြောပြချက်များကိုလည်း ကြားသိခွင့် ရရှိခဲ့သည်။

ဒေါက်တာဇော်ဦး (နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေးပုဂ္ဂိုလ်)
စီးပွားရေးနဲ့ လူမှုရေး ပြုပြင်ပြောင်းလဲရေးမှာ နိုင်ငံတကာနဲ့အတူ လက်တွဲဆောင်ရွက်ထားတာ ဖြစ်တဲ့အတွက် ဒီနေ့ ဟာ အင်မတန်အရေးပါတဲ့၊ ထူးခြားတဲ့ နေ့တစ်နေ့လို့ ပြောလို့ရပါတယ်။ ကျွန်တော်တို့ရဲ့ ဆောင်ရွက်ချက်တွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေဘက်က တုံ့ပြန်မှုတွေ ရှိလာမှာ ဖြစ်တဲ့အတွက် သင်ခန်းစာဖော်ထုတ်ပြီး ရှေ့ဆက်သွားဖို့နဲ့ ဝိုင်းဝန်းဆောင်ရွက်ကြဖို့ စဉ်းစားထား ပါတယ်။

ကျွန်တော်တို့ စီးပွားရေးနဲ့ လူမှုရေး ပြုပြင်ပြောင်းလဲမှု မူဘောင်ရဲ့အရေးပါတဲ့ လုပ်ငန်းစဉ် တချို့ကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်း တခြားနိုင်ငံတွေနဲ့မတူဘဲ တစ်မူထူးခြားတဲ့ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ ဒါပေမယ့် ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေလည်း အများကြီး ရှိနေဆဲပါပဲ။ ဒီအခက်အခဲတွေ ကျော်လွှား နိုင်ဖို့အတွက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အပါအဝင် နိုင်ငံတွင်းမှာလည်း အစိုးရတင်မကဘဲ အရပ်ဘက် အဖွဲ့အစည်းတွေ၊ နိုင်ငံရေး အင်အားစုတွေကပါ ပူးပေါင်း ဆောင်ရွက်ကြမှသာ အောင်မြင်မှာ ဖြစ်ပါတယ်။

အခုဖိုရမ်ကတော့ ပိုပြီးလက်တွေ့ကျမယ့် ဖိုရမ်ဖြစ်မယ်လို့ ယူဆပါတယ်။ ဝမ်းသာစရာ ကောင်းတဲ့ အလားအလာတစ်ခုက ဒီဖိုရမ်မှာ နိုင်ငံတကာက တက်ရောက်တဲ့ ကိုယ်စားလှယ် ဦးရေဟာ တော်တော်များတာကြောင့် နိုင်ငံတကာ ထောက်ခံမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုမှာ အတော်အသင့် အောင်မြင်မှုရှိတယ်လို့ ပြောလို့ရပါတယ်။ ဒီလိုများပြားလှတဲ့ နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ဆောင်ရွက်ရတဲ့အတွက် စီမံခန့်ခွဲမှုနဲ့ ပတ်သက်ပြီး စိန်ခေါ်မှုတွေ ကြုံရပါတယ်။

ဒါကြောင့် ကျွန်တော်တို့နိုင်ငံရဲ့ တကယ့်လိုအပ်ချက်နဲ့ ဘယ်လို ဆက်စပ် စဉ်းစားဆောင်ရွက်သွားဖို့ လိုတယ်ဆိုတာကို အရေးတကြီး စဉ်းစားဖို့ လိုပါတယ်။

ဒေါက်တာ ကျော်ရင်လှိုင် (Director of Myanmar Peace Centre)
၂ဝ၁၃ ခုနှစ်အတွင်းမှာ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး အဖွဲ့(၁၄) ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲဖို့ လက်မှတ်ထိုးပြီးပါပြီ။ ကေအိုင်အိုနဲ့ကတော့ အပစ်အခတ်ရပ်စဲတယ်လို့ တရားဝင် လက်မှတ် ထိုးထားတာ မဟုတ်ပေမယ့် လက်မှတ်ရေးထိုးထားပြီးတဲ့ သဘောတူညီချက်တွေက အပစ် အခတ်ရပ်စဲရေးလိုပဲ ပြည့်စုံပါတယ်။ ဒီမှာရှိတဲ့ အဖွဲ့အစည်းတွေအားလုံးက တစ်နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲဖို့အတွက် လုပ်နေကြပါတယ်။ မကြာခင်အချိန်မှာ လက်မှတ်ရေးထိုး ဖို့ သေချာသလောက် ဖြစ်နေပါပြီ။ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပဖို့ ဆက်လုပ်နေပါတယ်။ 

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ကြည့်ရင် တိုက်ခိုက်မှုဆိုတာ မရှိတော့သလောက် ဖြစ်ပါတယ်။ အလွန်အင်မတန် တိုးတက်ပြောင်းလဲမှု ရှိတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ် အတွက် လမ်းကြောင်းပေါ်မှာ ရောက်နေပြီလို့ ပြောလို့ရတဲ့အတွက် ၂ဝ၁၃ ခုနှစ်ရဲ့ အပြောင်း အလဲတွေ အားလုံးထဲမှာ တိုင်းပြည်တည်ငြိမ်ဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အအောင်မြင်ဆုံး အရာကို ပြောပါဆိုရင် ''အပစ်အခတ်ရပ်စဲဖို့ လမ်းကြောင်းပေါ်ကို အားလုံးရောက်လာပြီး သိုက်သိုက်ဝန်းဝန်းနဲ့ လုပ်ဆောင်သွားဖို့ သဘောတူညီတဲ့အချက်'' ဟာ အအောင်မြင်ဆုံး အချက်လို့ ပြောလို့ရပါတယ်။

ငြိမ်းချမ်းရေး လုပ်ငန်းတွေ လုပ်ဆောင်ရာမှာ အရေးကြီးဆုံး အချက်တစ်ချက်က ဘာလဲဆိုတော့ ယုံကြည်မှု တည်ဆောက်ဖို့အတွက် Stakeholder အားလုံးက လုပ်သွားဖို့ပဲ ဖြစ်ပါ တယ်။ အရင်ကထက်စာရင် ပိုကောင်းလာပါတယ်။ တကယ့်ကို သိသာထင်ရှားတဲ့ တိုးတက် မှုတွေ ရှိပါတယ်။ အခုလက်ရှိ ရှိနေတဲ့တိုးတက်မှုထက် ပိုမိုယုံကြည်မှုရှိဖို့ လိုပါတယ်။

ညနေပိုင်းတွင် အဖွဲ့ရှစ်ဖွဲ့ခွဲ ဆွေးနွေးခဲ့ကြပြီး ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က ဒုတိယအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်သို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များကို ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

ပြည်သူများ၏ လိုအပ်ချက်ကို ဖော်ဆောင်ရာတွင် အစိုးရအဖွဲ့၊ လွှတ်တော်များ၊ နိုင်ငံရေး အင်အားစုများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ ပုဂ္ဂလိက ကဏ္ဍမှ စီးပွားရေး အဖွဲ့အစည်းများ၊ တပ်မတော်နှင့် ပြည်သူတစ်ရပ်လုံး၏ ပူးပေါင်းပါဝင်မှု၊ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် အဖွဲ့ အစည်းများ၏ ပူးပေါင်းပါဝင်မှုဖြင့်သာ ထိရောက်သည့် အောင်မြင်မှုများ ရရှိနိုင်မည်ဖြစ်သည်။

သို့ဖြစ်၍ ဖွံ့ဖြိုးမှုမိတ်ဖက်များ၊ အလှူရှင်နိုင်ငံများနှင့် လက်ရှိ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမို ပေါင်းစည်း ညှိနှိုင်းမှုဖြင့် တိုးတက်မှု အရှိန်မြှင့်တင်ရေးနှင့် ထိရောက်သည့် ဖွံ့ဖြိုးမှု အကူအည များ ဖြစ်စေရေးအတွက် ရည်ရွယ်၍ ယခုဖိုရမ်ကို ကျင်းပခြင်းဖြစ်ကြောင်းနှင့် ဖိုရမ် ဒုတိယ နေ့ကို ဇန်နဝါရီ ၂၈ ရက်တွင် ဆက်လက် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ 
မြတ်သန္တာမောင်

---------------------------------------------------------------------------------------

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အမိန့်ကြော်ငြာစာအမှတ်၂/၂ဝ၁၄ ထုတ်ပြန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်
အမိန့်ကြော်ငြာစာအမှတ်၂/၂ဝ၁၄
၁၃၇၅ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက်
(၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်)
 
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုမိန့် ရရှိရေးအတွက် ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်များကို အများပြည်သူတို့ ရှင်းလင်းစွာ သိရှိနိုင်ရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ ပုဒ်မ ၅၆၊ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။

၁။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုမိန့်ရရှိရေးအတွက် အဆိုပြုချက်များ တင်ပြရာတွင် ငွေကြေးကုန်ကျမှု များပြားကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိရာ ရင်းနှီးမြှုပ်နှံသူများနှင့် ကမကထ ပြုသူများအနေဖြင့် ကော်မရှင် က ဆောင်ရွက်သည့် ခွင့်ပြုမိန့်ထုတ်ပေးခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းစဉ်များကို ပွင့်လင်းမြင်သာစွာသိရှိရန် လိုအပ်လျက် ရှိသည်။
၂။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုမိန့်ရရှိရေးအတွက် ဆောင်ရွက်ရသည့် လုပ်ငန်းစဉ် အဆင့်ဆင့် မှာ အောက်ပါ အတိုင်း ဖြစ်ပါ သည်-

(က)
သတ်မှတ်ထားသော အဆိုပြုချက်ပုံစံတွင် ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် ကမကထ ပြုသူက ရေးသား ဖြည့်သွင်းပြီး ပြည့်စုံသော အဆိုပြုချက် ပြုစုရခြင်း။

(ခ) 
အဆိုပြုချက်ကို နေပြည်တော်ရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ရုံးအဖွဲ့သို့ သော်လည်းကောင်း၊ ရန်ကုန် (ရုံးခွဲ) သို့ သော် လည်းကောင်း သွားရောက် တင်ပြရခြင်းနှင့် တင်ပြလာသော အဆိုပြုချက် ကို ကော်မရှင် ရုံးအဖွဲ့ ဝန်ထမ်းများက စာရွက် စာတမ်း ပြည့်စုံမှု ရှိ-မရှိ စိစစ်လက်ခံခြင်း။

(ဂ) 
ပြည့်စုံသော အဆိုပြုချက်ကို နေပြည်တော်၌ အပတ်စဉ် ကျင်းပသည့် အဆိုပြုချက် စိစစ်ရေးအဖွဲ့ (Proposal Assessment Team) အစည်းအဝေးသို့ တင်ပြဆွေးနွေးခြင်း။

(ဃ)
အဆိုပြုချက် စိစစ်ရေးအဖွဲ့ (Proposal Assessment Team) အစည်းအဝေးက အတည်ပြုလျှင် အဆိုပြုချက်ကို လက်ခံကြောင်း သို့မဟုတ် ငြင်းပယ်ကြောင်း အဆိုပြုချက် တင်သွင်းသူထံသို့ အကြောင်းပြန်ကြားခြင်း။

(င) 
လက်ခံပြီးသည့် အဆိုပြုချက်နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သဘောထားနှင့် သက်ဆိုင်ရာဝန်ကြီးဌာန သဘောထားများ တောင်းခံခြင်း။

(စ) 
သဘောထားမှတ်ချက်များ ပြည့်စုံပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် အစည်းအဝေးသို့ အဆိုပြုချက် ကို တင်ပြဆွေးနွေး ခြင်းနှင့် အဆိုပါ အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် မကထပြုသူကို ဖိတ်ကြား၍ တက်ရောက် ဆွေးနွေး တင်ပြခွင့် ပြုခြင်း။

(ဆ)
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေးက ခွင့်ပြုကြောင်း ဆုံးဖြတ်လျှင် ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် ကမကထ ပြုသူထံ ခွင့်ပြုမိန့် ထုတ်ပေးခြင်း။
၃။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုမိန့်ရရှိရေးအတွက် အပိုဒ် ၂ ပါအတိုင်း အဆင့်ဆင့် ဆောင်ရွက်ရာတွင် ရင်းနှီးမြှုပ်နှံသူနှင့် ကမကထပြုသူတို့သည် ဝန်ဆောင်ခနှင့် အခြား အခကြေးငွေများ ပေးဆောင်ရန် မလိုအပ်ကြောင်း ဖော်ပြ အပ်ပါသည်။
၎။
ဤအမိန့်ကြော်ငြာစာပါ ကိစ္စရပ်နှင့်စပ်လျဉ်း၍ အသေးစိတ်သိရှိလိုပါက အောက်ပါတယ်လီဖုန်းနံပါတ်များသို့ ဆက်သွယ် မေး မြန်းနိုင်ပါသည်-

ညွှန်ကြားရေးမှူးချုပ် ဝ၆၇-၄ဝ၆၁၂၁၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဝ၆၇- ၄ဝ၆၃၄၂၊ ညွှန်ကြားရေးမှူး (နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဌာန) ဝ၆၇-၄ဝ၆၃၃၄နှင့် ညွှန်ကြားရေးမှူး (မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဌာန) ဝ၆၇-၄ဝ၆၁၃၉။

(ဝင်းရှိန်)
ဥက္ကဋ္ဌ  

--------------------------------------------------------------------------------------------

ဆက်သွယ်ရေးအော်ပရေတာ ချထားရေးကိစ္စနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်တွင် ရှင်းလင်းပြောကြားချက်

 


 ဇွန်လ (၂၆) ရက်က အတည်ပြုခဲ့သည့် တနိုင်းမဲဆန္ဒနယ်မှ ဦးမျိုးဆွေ၏ ''ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနမှ ဆက်သွယ်ရေးအော်ပရေတာလုပ်ငန်းအတွက် ကုမ္ပဏီများ ရွေးချယ်တာဝန် ပေးအပ်ရာတွင် ပြည်တွင်းပြည်ပ ဖက်စပ် ကုမ္ပဏီများ အဖြစ်  သတ်မှတ်ရွေးချယ်တာဝန် ပေးအပ်ရန်နှင့် ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းအတွက် ကုမ္ပဏီများ ရွေးချယ် တာဝန်ပေးအပ်ခြင်းအား ဆက်သွယ်ရေးဥပဒေ ပြဋ္ဌာန်းပြီးမှ ဆက်လက်ဆောင်ရွက်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း'' အရေးကြီးအဆိုနှင့်ပတ်သက်၍ နိုင်ငံတော် ဆက်သွယ်ရေးကဏ္ဍ ဆောင်ရွက်နေမှုကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းက ရှင်းလင်းတင်ပြသည်။

ပြည်ထောင်စုဝန်ကြီးက တနိုင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဆွေ၏ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းအတွက် ကုမ္ပဏီများ ရွေးချယ် တာဝန်ပေးအပ်ရာတွင် ပြည်တွင်းပြည်ပ ဖက်စပ်ကုမ္ပဏီများအဖြစ် သတ်မှတ်ရွေးချယ် တာဝန် ပေးအပ်ရန်နှင့် ဆက်သွယ်ရေးအော်ပရေတာ လုပ်ငန်းအတွက် ကုမ္ပဏီများ ရွေး ချယ် တာဝန်ပေးအပ်ခြင်းအား ဆက်သွယ်ရေး ဥပဒေ ပြဋ္ဌာန်းပြီးမှ ဆက်လက်ဆောင်ရွက်ပါရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အဆိုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြလိုပါကြောင်း။

မိမိတို့နိုင်ငံတွင် မိုဘိုင်းတယ်လီဖုန်းသိပ်သည်းမှုသည် ၇ ဒသမ ဝ၈ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ အကြမ်းဖျဉ်းအားဖြင့် လူ(၁ဝဝ)တွင် (၇)ယောက် တယ်လီဖုန်း သုံးစွဲနိုင်သည်ဆိုသည့် အနေအထားပင်ဖြစ်ပါကြောင်း၊ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွင် ၅၀ ရာခိုင်နှုန်း၊ လာအို နိုင်ငံတွင် ၇၂ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံ တွင် ၁၂၃ ရာခိုင်နှုန်း၊ အိန္ဒိယနှင့် တရုတ်တို့တွင် ၇၈ ရာခိုင်နှုန်း အသီးသီးရှိကြောင်း၊ အာဆီယံနိုင်ငံ တစ်နိုင်ငံဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံတွင်လည်း ၇၈ ရာခိုင်နှုန်း ရှိသည်ဟု လေ့လာတွေ့ရှိ ရပါကြောင်း၊ ယင်းကို ကြည့်ခြင်းအားဖြင့် မိုဘိုင်းဖုန်း သိပ်သည်းမှုသည် မိမိတို့နိုင်ငံနှင့် အခြားဒေသတွင်းနိုင်ငံများနှင့် ကွာဟချက် လွန်စွာ များပြားနေကြောင်း၊ ဆက်သွယ်ရေးနှင့် နည်းပညာတိုးတက်ဖွံ့ဖြိုးမှုသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု အတွက် များစွာ အထောက်အကူ ဖြစ်သကဲ့သို့ လူတစ်ဦးချင်း၏ လူနေမှု ဘဝကိုလည်း တိုးတက်မြင့်မားစေပါကြောင်း ၊ နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံတော်၏ မိုဘိုင်းတယ်လီဖုန်း သိပ်သည်းမှု တိုးတက်မြင့်မားလာစေရေး မြို့ပေါ်၌သာမက ကျေးလက်တောရွာ၊ နယ်စပ်ဒေသ များအထိ ဆက်သွယ်မှုကွန်ရက် တည်ဆောက်နိုင်ရေးတို့ကို ရည်မှန်းချက်ချမှတ် အကောင်အထည်ဖော် ဆောင် ရွက်နေ ပါကြောင်း၊၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်တွင် တယ်လီဖုန်း သိပ်သည်းမှုကို၂၇ ရာခိုင်နှုန်း၊၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ၅ဝ ရာခိုင်နှုန်း၊ ၂ဝ၁၅-၂ဝ၁၆ တွင် ၇၅ ရာခိုင်နှုန်းမှ ၈ဝ ရာခိုင်နှုန်းသို့ တိုးမြှင့်ရန် လျာထားဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့အပြင် အရည်အသွေး ပိုမိုကောင်းမွန်ပြီး အများပြည်သူတို့အတွက် သင့်လျော်သည့် နှုန်းထားဖြင့် ဝန်ဆောင်မှု ပေးနိုင်စေရန်အတွက်ပါ ထည့်သွင်းပြီး ရည်မှန်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသည့် အော်ပရေတာများနှင့် ကုမ္ပဏီများကို  အပြည်ပြည်ဆိုင်ရာ တင်ဒါခေါ်ယူရာတွင် အပြည်ပြည်ဆိုင်ရာ တင်ဒါလုပ်ထုံးလုပ်နည်းများနှင့်အညီ ပွင့်လင်းမြင်သာမှု ရှိစေရန်အတွက် Telecommunication Tender Consultant ကုမ္ပဏီ အဖွဲ့အစည်းများကို၂ဝ၁၂ ခုနှစ် ဇူလိုင် ၉ ရက်မှ ၁၁ ရက်ထိ တင်ဒါခေါ်ယူခဲ့ပါကြောင်း၊ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းပေါင်း (၆၄)ခုတို့မှ အဆိုပြုလွှာများ တင်သွင်းခဲ့ကြပါကြောင်း၊ CommunicationConsultancy စိစစ်ရွေးချယ်ရေး ကော်မတီအနေဖြင့် ITU မှ ကျွမ်းကျင် ပညာရှင်နှစ်ဦးနှင့် ညှိနှိုင်းဆွေးနွေးကာ အဆင့်ဆင့် စိစစ်ရွေးချယ်ခဲ့ရာတွင် နောက်ဆုံး Rolant Berger Strategy Consultant အဖွဲ့ကို ရွေးချယ် အတည်ပြုခဲ့ပါကြောင်း။

Telecommunication Operator တင်ဒါစိစစ်ရွေးချယ်ရေးကော်မတီသည် Rolant Berger Strategy Consultant နှင့် ဆွေးနွေးညှိနှိုင်းပြီး ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်း လိုင်စင်နှစ်ခု တင်ဒါအတွက် စိတ်ဝင် စားသူများအား ဖိတ်ခေါ်ကြေညာ ခဲ့ပါကြောင်း၊ ပြည်တွင်း၊ ပြည်ပမှ လျှောက်လွှာပေါင်း (၉၁)စောင် လက်ခံရရှိပြီး စိစစ်မှုများပြုလုပ်ခဲ့ရာ ၂ဝ၁၃ ခုနှစ် ဧပြီ ၁၁ ရက်တွင် Pre -Qualification က အောင်မြင်သည့် ဒုတိယအဆင့် တင်ဒါ (၁၂) စောင်ကို ရွေးချယ်အတည်ပြုခဲ့ပြီး ပြည်ထောင်စုဝန်ကြီးဌာန၏ Website တွင်  ထုတ်ပြန်ကြေညာခဲ့ပြီး ၂ဝ၁၃ ခုနှစ် ဇွန်လ ၃ ရက်တွင် ကုမ္ပဏီ အနေဖြင့်နောက်ဆုံးအဆင့် တင်ဒါများကိုလက်ခံခဲ့ရာ အောင်မြင်သူ(၁၂)ဦး အနက် (၁၁)ဦးသာ တင်ဒါသွင်းခဲ့ကြပါကြောင်း၊ ၂ဝ၁၃ ခုနှစ် ဇွန် ၂၇ ရက်(ယနေ့)တွင် နိုင်ငံအတွင်း ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင် ရရှိသည့် ကုမ္ပဏီ (၂) ခု၏ အမည်စာရင်းကို ကြေညာရန်ရှိပါကြောင်း၊ Telecommunication Operator တင်ဒါ စိစစ်ရွေးချယ်ရေး ကော်မတီက အတည်ပြုပေးသော အော်ပရေတာ နှစ်ဦးကို ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်ခွင့်ပြုလျှင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ရတနာပုံ တယ်လီပို့ ကုမ္ပဏီလီမီတက်တို့ အပါအဝင် အော်ပရေတာလေးခု ဖြစ်လာမည် ဖြစ်ပါကြောင်း၊ ထိုအော်ပရေတာ လေးခု ရှိလာခဲ့ခြင်းကြောင့် ဆက်သွယ်ရေးနှင့် ICT ကဏ္ဍတွင် ယှဉ်ပြိုင်မှုများရှိလာပြီး ပြည်သူများ အနေဖြင့် အရည်အသွေးကောင်းမွန်၍ သက်သာသောနှုန်းထားများနှင့် ဝန်ဆောင်မှု များကို ရရှိလာမည် ဖြစ်ပါကြောင်း။

Telecommunication Operator တင်ဒါစိစစ်ရွေးချယ်ရေး ကော်မတီက ရွေးချယ်ပေးသည့် အော်ပရေတာ နှစ်ဦးနှင့် ပတ်သက်၍ ယခုတင်ဒါခေါ်ယူထားသည့် ကိစ္စမှာ  နိုင်ငံတကာသို့ တရားဝင် ကြေညာထားပြီး ဆောင်ရွက်သည့်ကိစ္စဖြစ်ပါကြောင်း၊ လျင်မြန်စွာ အကောင်အထည်ဖော်နိုင်ပါက နိုင်ငံတော်နှင့် နိုင်ငံသားများ အတွက်လည်း အကျိုးကျေးဇူးရရှိနိုင်မည် ဖြစ်ပါကြောင်း၊ ယခုအချိန်၌ International Telecommunication Operator တင်ဒါလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ နိုင်ငံတကာကလည်း ပွင့်လင်းမြင်သာမှု ရှိကြောင်းနှင့် Fair Competition ဖြစ်သည်ဟု အသိအမှတ်ပြုခြင်းခံရပါကြောင်း၊ အကယ်၍ ကြိုတင်သတ်မှတ်ထားသည့်အတိုင်း မဆောင်ရွက်နိုင်လျှင် ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းသာမက အခြားသော လုပ်ငန်းများအတွက်ပါ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု ပြုရန်အတွက် ယုံကြည်မှုလျော့နည်း သွားနိုင်သဖြင့် မြန်မာနိုင်ငံ၏ ပုံရိပ်ကျသွားနိုင်ပါကြောင်း။

နိုင်ငံတကာ၏ ကျင့်စဉ်များနှင့်အညီ နိုင်ငံတော်၏ ဂုဏ်သိက္ခာ၊ နိုင်ငံတော်၏ပုံရိပ်၊ ပြည်သူလူထု၏ အကျိုး မထိခိုက်စေရန်အတွက် ဤသတ်မှတ်ကြေညာထားပြီးဖြစ်သည့် ကတိကို ပယ်ဖျက်ရန် မိမိတို့အနေဖြင့် အခက်အခဲရှိပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ဒဂုံမြို့သစ်(မြောက်ပိုင်း) မဲဆန္ဒနယ်မှ ဒေါ်တင်နွယ်ဦးက ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တင်ပြခဲ့သည့် အတိုင်းဆိုလျှင် ဥပဒေ လုပ်ထုံးလုပ်နည်းအရ တည်ဆဲဥပဒေအတိုင်း ဆောင်ရွက်ခဲ့ကြောင်း၊ တင်ဒါခေါ်သည့်အခါတွင်လည်း ယမန်နှစ်ကတည်းကစခေါ်ပြီး အလုပ်လုပ်ကိုင်သည့် အခါတွင်လည်း ဇန်နဝါရီ ၁၃ ရက်မှစတင်၍ အဖွဲ့အစည်းဖြင့် လုပ်ကိုင်ကြောင်းကို တင်ပြခဲ့သည်မှာ ပွင့်လင်းမြင်သာမှုရှိပါကြောင်း၊ အိတ်ဖွင့်တင်ဒါခေါ်ပြီး ဇွန် ၂၇ ရက်တွင် တင်ဒါဖွင့်မည် ဆိုသည်ကို သိသည့်အတွက် ဇွန် ၂၆ ရက်တွင်  အရေးကြီးအဆိုတင်ခြင်းကို ပြန်စဉ်းစားကြည့်မည်ဆိုပါက မရိုးဖြောင့်သည့် သဘောဖြင့် မိမိနှင့်ပတ်သက်သော ကုမ္ပဏီအဖွဲ့အစည်းမရကြောင်း သိရှိ၍များတင်သွင်းသလားဟု မိမိယူဆမိပါကြောင်း၊ နိုင်ငံ၏ပုံရိပ်နှင့် FDIA အတွက် အဟန့်အတားမဖြစ်စေချင်ပါကြောင်း၊ ယခုလာတော့မည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတွင်လည်း ဆက်သွယ်ရေး ကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊ တိုင်းပြည်၏ ရေရှည်အကျိုးစီးပွား၊ အမျိုးသား အကျိုးစီးပွားအတွက် ဇွန် (၂၇) ရက် ကို မူလအတိုင်း တင်ဒါဖွင့်သင့်ပါကြောင်းဖြင့်  ဆွေးနွေးပြောကြားသည်။

ယင်းနောက် အမ်းမဲဆန္ဒနယ်မှ ဦးသိန်းဆွေက ယမန်နေ့က တင်ပြသည့်ကိစ္စမှာ မိမိတို့ကော်မတီအနေဖြင့် အပြန်ပြန် အလှန်လှန် စဉ်းစားပြီး ပြည်ထောင်စုအစိုးရအဖွဲ့က ဆောင်ရွက်ချက်များကို ထင်သာမြင်သာရှိအောင် ပြည်သူနှင့် နိုင်ငံသားများ အတွက်၊ အကျိုးရှိအောင် ရည်ရွယ်ပြီး တင်ပြခဲ့ခြင်း ဖြစ်ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီး၏ ရှင်းလင်းတင်ပြချက်အရ ပွင့်လင်း မြင်သာစွာ ဆောင်ရွက်ခဲ့ကြောင်း၊ အဆင့်ဆင့်နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆောင်ရွက်ခဲ့ကြောင်းကို သိရှိရ ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီး၏ တင်ပြချက်အရ ဆောင်ရွက်မည့် ကုမ္ပဏီများသည် နောင်ဖြစ်ပေါ်လာမည့် ဆက်သွယ်ရေး ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်သွားပါမည်ဟု ဖော်ပြထားသည့်အတွက် ပြည်ထောင်စုအစိုးရ အဖွဲ့၏ ဆောင်ရွက်ချက် များသည် ပြည့်စုံသည်ဟု ယူဆပါကြောင်းနှင့် ပြည်ထောင်စုဝန်ကြီး၏ အစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ပေးရန် ကိုယ်စားလှယ်များ အနေဖြင့် သဘောတူသင့်သည်ဟု လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် အလေးအနက် တင်ပြဆွေးနွေး လိုပါကြောင်း ဆွေးနွေး ပြောကြားသည်။      (သတင်းစဉ်)

 

 

 

No comments:

Post a Comment