အမျိုးသားလုံခြုံရေး

အမျိုသားလုံခြုံရေး

.......................................................................................................

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့က အာဆီယံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအား ဂုဏ်ပြုညစာ စားပွဲဖြင့် တည်ခင်းဧည့်ခံ


နေပြည်တော် မတ် ၆

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့သည် 11th ASEAN Chiefs of Defence Forces Informal Meeting (ACDFIM) အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များနှင့် ဇနီးများအား မတ် ၅ ရက် ည ၈ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် Banquet Hall ၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။

အဆိုပါ ဂုဏ်ပြုညစာစားပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး၊ ဘရူနိုင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ ကမ္ဘောဒီးယား ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီး၊ အင်ဒိုနီးရှား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီး၊ လာအို ဒုတိယစစ်ဦးစီးချုပ်၊ မလေးရှားတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ ဖိလစ်ပိုင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ထိုင်းတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီး၊ ဗီယက်နမ်နိုင်ငံ စစ်ဦးစီးချုပ်နှင့် ဇနီးနှင့် တပ်မတော် အရာရှိကြီးများ တက်ရောက်ကြသည်။

ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက် လာသော အာဆီယံ အဖွဲ့ဝင် နိုင်ငံများမှ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များနှင့် ဇနီးများအား ရင်းနှီးခင်မင်စွာ ကြိုဆို နှုတ်ဆက်ကြသည်။

ဂုဏ်ပြုညစာ စားပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂုဏ်ပြု နှုတ်ခွန်းဆက်စကား ပြောကြားပြီး အာဆီယံနိုင်ငံများမှ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်များနှင့် ဇနီးများ၊ အခမ်းအနား တက်ရောက်လာကြသူ များနှင့်အတူ ညစာကို အတူတကွ သုံးဆောင်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ အခမ်းအနား တက်ရောက်လာကြသည့် အာဆီယံနိုင်ငံများမှ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်များနှင့် ဇနီးတို့သည် လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။

ညစာ သုံးဆောင်အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးတို့သည် အာဆီယံနိုင်ငံများမှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များနှင့် ဇနီးများနှင့်အတူ ကပြဖျော်ဖြေခဲ့သော မြ၀တီတေးဂီတ အဖွဲ့သားများအား ဂုဏ်ပြုပန်းခြင်းများ ပေးအပ် ခဲ့ကြကြောင်း သတင်းရရှိသည်။
 ------------------------------------------------------------------------------------------

အာဆီယံ အဖွဲ့အစည်းအတွင်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေး ဆွေးနွေး



နေပြည်တော် မတ် ၆
မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် 11th ASEAN Chiefs of Defence Forces Informal Meeting (ACDFIM) အစည်းအဝေးသို့ တက်ရောက်ခဲ့သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဗီယက်နမ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များအား မတ် ၅ ရက် ညနေပိုင်းတွင် နေပြည်တော် သင်္ဂဟဟိုတယ် Bilateral Meeting Room ၌ နှစ်နိုင်ငံ သီးခြားစီ တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများသည် ဗီယက်နမ် စစ်ဦးစီးချုပ် Sr. Lt. Gen. Do Ba Ty ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် လည်းကောင်း၊ အင်ဒိုနီးရှားတပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen.Dr. Moeldoko ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် လည်းကောင်း၊ ထိုင်းတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Gen. Tanasak Patimapragorn ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် လည်းကောင်း၊ လာအို ဒုတိယစစ်ဦးစီးချုပ် Brig. Gen. Khamlieng Outhakasone ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် လည်းကောင်း၊ မလေးရှားတပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen. Tan Sri Dato'Sri (Dr.) Zulkifeli Bin Mohd Zin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်လည်းကောင်း နိုင်ငံအလိုက် သီးခြားစီ တွေ့ဆုံ၍ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးစွာဖြင့် ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များ၊ အာဆီယံအဖွဲ့အစည်းအတွင်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
--------------------------------------------------------------------------------------------------------


မြန်မာ့တပ်မတော်အနေဖြင့် ကုလသမဂ္ဂငြိမ်းချမ်းရေး တပ်ဖွဲ့တွင် ပါဝင်ပူးပေါင်း ဆောင်ရွက် သွားရန်ကြိုးစားနေ






နေပြည်တော် မတ် ၅
မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် (၁၁) ကြိမ်မြောက် အာဆီယံ ကာကွယ်ရေး ဦးစီးချုပ်များ၏ အလွတ် သဘော တွေ့ဆုံပွဲ 11th ASEAN Chiefs of Defence Forces Informal Meeting (ACDFIM) နှင့်စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲကို ယနေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ အိမ်ရှင်မြန်မာနိုင်ငံမှ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဘရူနိုင်းနိုင်ငံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် Maj.Gen. Dato Seri Pahlawan Mohd Tawih Bin Abdullah၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် Gen. Eth Sarath၊ အင်ဒိုနီးရှားနိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Gen.Dr.Moeldoko၊ လာအိုနိုင်ငံ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် Brig. Gen Khamlieng Outhakasone၊ မလေးရှားနိုင်ငံတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Gen.Tan Sri Dato'Sri (Dr.) Zulkifeli Bin Mohd Zin၊ ဖိလစ်ပိုင်နိုင်ငံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen.Emmanuel T Bautista၊ စင်ကာပူနိုင်ငံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် Lt.Gen.Ng Chee Meng၊ ထိုင်းနိုင်ငံတပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen. Tanasak Patimapragorn၊ ဗီယက်နမ်နိုင်ငံမှ Sr.Lt.Gen.Do Ba Ty နှင့် တပ်မတော် အရာရှိကြီးများ၊ ပြည်တွင်း ပြည်ပသတင်းမီဒီယာများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဆီယံ ကာကွယ်ရေး ဦးစီးချုပ်များ၏ အလွတ် သဘော တွေ့ဆုံဆွေးနွေးမှု သတင်းထုတ်ပြန်ချက်ကို ပဏာမ ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် သတင်းမီဒီယာများက သိရှိလိုသည်များကို မေးမြန်းကြရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြန်လည်ဖြေကြားခဲ့သည်။
သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းဖြေကြားမှုများမှာ အောက်ပါအတိုင်းဖြစ်သည်-
မေး ။  ။  ယခုကျင်းပခဲ့တဲ့ အစည်းအဝေးရဲ့ဆောင်ပုဒ်ကို ဘယ်လိုပုံဖော် ဆွေးနွေးခဲ့ကြတယ် ဆိုတာ သိပါရစေ။
ဖြေ ။  ။  ယခုအစည်းအဝေးရဲ့ဆောင်ပုဒ်ဖြစ်တဲ့ “Defence Cooperation towards Peaceful and Prosperous ASEAN Community” နဲ့အညီ ပင်လယ်ရေကြောင်း လုံခြုံရေး၊ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး၊ သဘာဝဘေး အန္တရာယ် ကာကွယ်ရေးဆိုင်ရာနဲ့ ယနေ့ ကမ္ဘာမှာ ကြုံတွေ့နေရတဲ့ သမားရိုးကျ မဟုတ်တဲ့ စိန်ခေါ်မှုတွေဖြစ်တဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ လူကုန်ကူးမှု၊ နယ်စပ်ဖြတ်ကျော်မှုခင်းနဲ့ အကြမ်းဖက် တိုက်ဖျက်ရေးလုပ်ငန်း၊ ဆေးဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ဒေသတွင်းမှာ ကျရောက်လာတဲ့ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေအပြင် ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းတွေကို ဆွေးနွေးခဲ့ပါတယ်။

မေး ။  ။  ကုလသမဂ္ဂ ငြိမ်းချမ်းမှုထိန်းသိမ်းရေး တပ်ဖွဲ့မှာ မြန်မာ့တပ်မတော် အနေနဲ့ ပူးပေါင်း ဆောင်ရွက်သွားဖို့ ဘယ်လိုစီစဉ်ထားတယ်ဆိုတာ သိလိုပါတယ်။
ဖြေ ။  ။ မြန်မာ့တပ်မတော် အနေနဲ့ ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့မှာ ပါဝင် ပူးပေါင်းဆောင်ရွက်သွားဖို့ ကြိုးစားနေပါတယ်။ အရင်က မြန်မာ့တပ်မတော်အနေနဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့မှာ ပါဝင်ထမ်းဆောင်ခဲ့ ပါတယ်။ နောက်ပိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့် မပါဝင်နိုင်ခဲ့တာ ယခုအချိန်အထိဖြစ်ပါတယ်။ သို့သော်လည်း ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်မှာ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့မှာ ဝင်ရောက် ဆောင်ရွက်ဖို့အတွက် ကမ်းလှမ်းမှုတွေ ရှိခဲ့ပါတယ်။ လတ်တလောအနေနဲ့ ပါဝင်ဆောင်ရွက်မှု မရှိသေးပါဘူး။ ပြီးခဲ့တဲ့နှစ်မှာ လေ့လာ စောင့်ကြည့်သူအနေနဲ့ ပါဝင်ဆောင်ရွက်ဖို့ စီစဉ်ခဲ့ပေမယ့် အကြောင်း အမျိုးမျိုးကြောင့် ပြင်ဆင်ခဲ့ရတာတွေ ရှိခဲ့ပါတယ်။ အနာဂတ်မှာ အပြည်ပြည်ဆိုင်ရာ တပ်မတော်သားတွေနဲ့ အတူလက်တွဲ ပူးပေါင်း ဆောင်ရွက်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒီလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက် ကုလသမဂ္ဂနဲ့ အာဆီယံနိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို အစွမ်းကုန် ကြိုးစားဆောင်ရွက် နေပါတယ်။

မေး ။  ။  ယခုကျင်းပတဲ့ အစည်းအဝေးအနေနဲ့ အာဆီယံ အသိုက်အဝန်းအတွက် ဘယ်လို ရလဒ်ကောင်းတွေ ဖော်ဆောင်ပေး နိုင်မလဲ ဆိုတာကို သိလိုပါတယ်။  
ဖြေ ။  ။  ၂၁ရာစုမှာ ကျွန်တော်တို့ အာဆီယံနိုင်ငံတွေ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား ဖြစ်စေတဲ့ သမားရိုးကျနဲ့ သမားရိုးကျမဟုတ်တဲ့ ခြိမ်းခြောက်မှုတွေ ကင်းဝေးစေဖို့အတွက် အာဆီယံ တပ်မတော်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုနဲ့ ပိုမိုချစ်ကြည်ရင်းနှီးလာစေမှာ ဖြစ်ပါတယ်။ ဒီလိုပူးပေါင်း ဆောင်ရွက်ဖို့အတွက် အာဆီယံ တပ်မတော်များအကြားမှာ ယုံကြည်မှုတွေ၊ ချစ်ကြည်ရင်းနှီးမှုတွေ ရဖို့အတွက် တပ်မတော်သား အချင်းချင်း အဆင့်လိုက် အပြန်အလှန် ဆက်ဆံမှုတွေ ထူထောင်ရမှာ ဖြစ်ပါတယ်။ ဒီလိုပြုလုပ်ခြင်းကြောင့် ကမ္ဘာမှာ ကြုံတွေ့နေရတဲ့ စစ်ရေးဆိုင်ရာ လုံခြုံမှုများဖြစ်တဲ့ ပင်လယ်ရေကြောင်း လုံခြုံရေး၊ စစ်ဘက် ဆိုင်ရာ ဆေးပညာရပ်များ ပေါင်းစည်းရေး၊ အကြမ်းဖက်မှုတွေကို တန်ပြန်ချေမှုန်းရေး၊ လူသားချင်း စာနာထောက်ထားမှုနဲ့ သဘာဝဘေးအန္တရာယ်များ ကယ်ဆယ်ရေး၊ ငြိမ်းချမ်းရေး တပ်ဖွဲ့များ ဖွဲ့စည်းရေး ဆိုတဲ့ ဖော်ဆောင်နေတဲ့ နေရာတွေမှာ ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတွေ ရရှိနိုင်မယ်လို့ ယုံကြည်ပါတယ်။

မေး ။  ။  အခုအခါ  လုံခြုံရေးအမြင်များနဲ့ ပတ်သက်ပြီး ပုံစံအမျိုးမျိုး ပြောင်းလဲလျက်ရှိရာမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ပြောကြားခဲ့တဲ့ Human Security နဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြား ပေးစေလိုပါတယ်။
ဖြေ ။ ။ အရင်က စစ်ရေးဆိုပြီး ပြောနေရာကနေ ဘက်စုံစစ်ပွဲအသွင်လို့ ပြောရမယ့် ကဏ္ဍ ပေါင်းစုံ ခြိမ်းခြောက်မှုတွေ ပိုပြီး သတိပြုမိတာက ယခုအချိန်မှာ သမားရိုးကျ လုံခြုံမှုအမြင်တွေ အနက် Human Security အပိုင်းကို သတိပြုမိတာ ကြာပြီ ဖြစ်ပါတယ်။ ဒါတွေက စီးပွားရေး လုံခြုံမှု၊ စားနပ်ရိက္ခာလုံခြုံမှု၊ ကျန်းမာရေးလုံခြုံမှု၊ သဘာဝပတ်ဝန်းကျင် လုံခြုံမှု၊ လူတစ်ဦးချင်း လုံခြုံမှု၊ လူ့အသိုက်အဝန်း လုံခြုံမှုနဲ့ နိုင်ငံရေး လုံခြုံမှုတွေဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေ သလို အလွန်ကျယ်ပြန့်ပါတယ်။ အာဆီယံ နိုင်ငံတိုင်းကတော့ မလုပ်နိုင်ကြသေးပါဘူး။ သက်ဆိုင်ရာ နိုင်ငံအလိုက် လုပ်နိုင်တဲ့အပိုင်းနဲ့ လုပ်နိုင်တဲ့အခွင့်အရေး ရှိပါတယ်။ ဒါကြောင့် တပ်မတော်အနေနဲ့ အဲဒီနယ်ပယ်တွေမှာ အမျိုးသား လုံခြုံရေးနဲ့ ဒေသတွင်း လုံခြုံရေးတွေ အပေါ်မှာ ပြည်သူလူထု ပါဝင်တဲ့ အခြေပြု အမြင်နဲ့ သမားရိုးကျမဟုတ်တဲ့ လုံခြုံရေး အမြင်တွေကို တတ်နိုင်တဲ့ဘက်က ပါဝင်ဆောင်ရွက် သွားဖို့ရှိပါတယ်။ နိုင်ငံတော် ကာကွယ် ရေးနဲ့ လုံခြုံရေးဆိုရာမှာ ပြည်သူလူထု ပါဝင်ဆောင်ရွက်မှုဟာ အရေးအကြီးဆုံး ဖြစ်ပါတယ်။ ပြည်သူလူထု အခြေပြုတဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေမှာ အရေးကြီးကြောင်းကိုလည်း အလေးအနက်ထား ဆွေးနွေးခဲ့ကြပါတယ်။

မေး ။  ။  ၂၀၁၂ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံ-တရုတ် ထိပ်သီးအစည်း အဝေးမှာ တောင်တရုတ် ပင်လယ်ပြင် ကိစ္စရပ်အပေါ် အခြေခံမူ ငါးချက်နဲ့ ဆောင်ရွက်သွားဖို့ ဆွေးနွေးညှိနှိုင်း ခဲ့ကြပါတယ်။ အဲဒီအခြေခံမူ ငါးချက် အပေါ် မြန်မာ့တပ်မတော်ရဲ့ သဘော ထားကို သိချင်ပါတယ်။
 ဖြေ  ။  ။  ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး အာဆီယံရဲ့ ဘုံသဘောတူညီချက်ကို ထုတ်ပြန် ခဲ့ပြီးဖြစ်ပါတယ်။ မြန်မာ့တပ်မတော် အနေနဲ့လည်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ ပြောရရင် တောင်တရုတ်ပင်လယ်အတွင်း ကိစ္စရပ်များနဲ့ ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းတွေ ချမှတ်ခြင်းဟာ အာဆီယံနဲ့ တရုတ်နှစ်ဖက်စလုံးအတွက် အလွန် အရေးပါတယ်လို့ ဆိုချင်ပါတယ်။ သက်ဆိုင်ရာနိုင်ငံတွေက ကုလသမဂ္ဂမှာ ပင်လယ်ပြင်ဥပဒေ ဆိုင်ရာ ကွန်ဗင်းရှင်းအပါအဝင် အပြည်ပြည်ဆိုင်ရာ ဥပဒေများနဲ့အညီ အငြင်းပွားမှုတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းသွားဖို့ ကတိကဝတ်ပြုတာကို ကြိုဆိုပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း သက်ဆိုင်ရာ နိုင်ငံတွေ လက်ခံနိုင်တဲ့ ချစ်ကြည်ရင်းနှီးစွာ အဖြေရှာမှုနဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု မြှင့်တင်နိုင်ရေးတွေကို အမြဲတမ်း ထောက်ခံအားပေးသွားမှာ ဖြစ်ပါတယ်။ အငြင်းပွားနေတဲ့ ဒေသတွေအတွင်းမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို မြှင့်တင်မယ့် မည်သည့် ငြိမ်းချမ်းရေး ကြိုးစားမှုကိုမဆို အားပေးသွားမှာဖြစ်ပါတယ်။ တောင်တရုတ်ပင်လယ်ပြင် အငြင်းပွားမှုဟာ နှစ်နိုင်ငံအကြား သို့မဟုတ် အငြင်းပွားမှု ဖြစ်နေတဲ့ နိုင်ငံတွေအကြားမှာသာ ဖြေရှင်းသွားရမယ့် ကိစ္စရပ်ဖြစ်ကြောင်းကို မြန်မာ့တပ်မတော်က သဘောထား ထုတ်ပြန် ထားခဲ့ပါတယ်။ အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ၏ အလွတ်သဘော တွေ့ဆုံမှုကို ၂၀၀၁ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ၌ စတင်ကျင်းပခဲ့သည်။ ယခုနှစ်တွင် မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌ တာဝန်ယူထားသည့်အတွက် မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ယခုအစည်းအဝေးကို “အာဆီယံ ကာကွယ်ရေး ပူးပေါင်းမှုမှသည် ငြိမ်းချမ်း ဝေစည် အာဆီယံ အသိုက်အဝန်းဆီသို့” ဆိုသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။ ယခု အစည်းအဝေးတွင် လူသားချင်း စာနာထောက်ထားမှု၊ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး၊ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့နှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ကိစ္စရပ်များ၊ သမားရိုးကျမဟုတ်သော ခြိမ်းခြောက်မှု ကိစ္စရပ်များကို အလေးပေးဆွေးနွေး ခဲ့ကြကြောင်း သိရှိရသည်။
---------------------------------------------------------------------------------------------

11th ASEAN Chiefs of Defence Forces Informal Meeting (ACDFIM) အစည်းအဝေး ကျင်းပ






နေပြည်တော် မတ် ၅
မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် 11th ASEAN Chiefs of Defence Forces Informal Meeting (ACDFIM) အစည်းအဝေးကို ယနေ့ နံနက် ၇ နာရီခွဲတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ် Grand Ballroom ၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် တပ်မတော်အရာရှိကြီးများ၊ ဘရူနိုင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Maj.Gen. Dato Seri Pahlawan Mohd Tawih Bin Abdullah၊ ကမ္ဘောဒီးယား ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Gen.Eth Sarath၊ အင်ဒိုနီးရှား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Gen.Dr.Moeldoko၊ လာအို ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် Brig.Gen.Khamlieng Outhakasone၊ မလေးရှား တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen.Tan Sri Dato'Sri (Dr.) Zulkifeli Bin Mohd Zin ၊ ဖိလစ်ပိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen.Emmanuel T Bautista၊ စင်ကာပူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Lt.Gen.Ng Chee Meng၊ ထိုင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်  Gen. Tanasak Patimapragorn၊ ဗီယက်နမ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Sr.Lt.Gen.Do Ba Ty နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ အစည်းအဝေးသဘာပတိ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နှုတ်ခွန်းဆက် စကား ပြောကြားရာတွင် အရှေ့တောင်အာရှ မိသားစုဝင် ဖြစ်သည့် မိမိတို့ မြန်မာနိုင်ငံတော်သည် ခေတ်သစ်သမိုင်းကြောင်း တစ်လျှောက်တွင် ဒေသတွင်း နိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ရင်းနှီးချစ်ကြည်စွာ ပူးပေါင်း ဆောင်ရွက် ခဲ့ပါကြောင်း၊ ၁၉၉၇ ခုနှစ်တွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပြီးကတည်းက အာဆီယံ၏ လုပ်ငန်းစဉ်အားလုံးတွင် ပါဝင် ပူးပေါင်းဆောင်ရွက်ခြင်း၊ တာဝန်ယူ ဖော်ဆောင်ရမည့် လုပ်ငန်း တာဝန်များကို အောင်မြင်စွာ လုပ်ဆောင်ခြင်းတို့ဖြင့် တာဝန်သိသော အဖွဲ့ဝင် နိုင်ငံကောင်း တစ်နိုင်ငံအဖြစ် တက်ကြွစွာပါဝင် ဆောင်ရွက်လျက်ရှိပါကြောင်း။

မိမိတို့ တပ်မတော်အနေဖြင့် ၂၀၁၃ ခုနှစ်တွင် အာဆီယံ တပ်မတော် (ကြည်း) များ သေနတ် ပစ်ပြိုင်ပွဲ၊ အာဆီယံ ကြည်းတပ် ဦးစီးချုပ်များ အစည်းအဝေးနှင့် လုပ်သက်ရင့် အရာခံဗိုလ်များ အစည်းအဝေးများကို အိမ်ရှင်အဖြစ် အောင်မြင်စွာ လက်ခံကျင်းပပေး ခဲ့သည့်အပြင် အာဆီယံ ဒေသတွင်း ဖိုရမ်ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲ (ARFDOD) ကိုလည်း အိမ်ရှင်အဖြစ် အောင်မြင်စွာ ကျင်းပခဲ့ပါကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့်လည်း (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးကို ခမ်းခမ်း နားနားဖြင့် အောင်မြင်စွာ လက်ခံ ကျင်းပပေးခဲ့ပါကြောင်း။

ယခု ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံသည် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို တာဝန်ယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ထူထောင်မည့် အာဆီယံအသိုက်အဝန်း အတွက် ၂၀၁၄ ခုနှစ်သည် အရေးကြီးသော ရှေ့ပြေးနှစ်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ အရေးကြီးသည့် ၂၀၁၄ ခုနှစ်တွင် ကြီးလေးသော အာဆီယံဥက္ကဋ္ဌတာဝန်ကို မိမိတို့ မြန်မာနိုင်ငံက အောင်မြင်စွာ ထမ်းဆောင်လျက် ရှိပါကြောင်း၊ ယခုကျင်းပနေသည့် အစည်းအဝေးသည် အာဆီယံဥက္ကဋ္ဌတာဝန်၏ ကာကွယ်ရေးဆိုင်ရာအပိုင်းကို မိမိတို့ တပ်မတော်က အောင်မြင်စွာ တာဝန်ယူ ဖော်ဆောင်နေခြင်းပင် ဖြစ်ပါကြောင်း။

ယခုကဲ့သို့ လုပ်ငန်းတာဝန်များကို တာဝန်ယူ လုပ်ကိုင်နိုင်ခြင်းသည် မြန်မာနိုင်ငံ၏ တိုးတက် ပြောင်းလဲလာမှုများမှ အသီးအပွင့် များလည်း ဖြစ်ပါကြောင်း၊ တပ်မတော်အစိုးရက စေတနာ မှန်ကန်စွာဖြင့် စနစ်တကျ အချိန်ယူပြင်ဆင် ဆောင်ရွက်ခဲ့ခြင်းကြောင့် ၂၀၁၁ ခုနှစ်တွင် ဒီမိုကရေစီ နိုင်ငံတစ်ရပ်အဖြစ် စတင်ပေါ်ပေါက်ခဲ့ပြီး အစိုးရသစ် လက်ထက်တွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို သိသာထင်ရှားစွာ ဖော်ဆောင်နိုင်ခဲ့ပါကြောင်း၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို ဦးစွာဆောင်ရွက်ခဲ့ရာတွင် ပြည်တွင်း နိုင်ငံရေး တိုးတက် ပြောင်းလဲမှုများသာမက နိုင်ငံတကာနှင့် ဆက်ဆံရေးများကိုလည်း တိုးတက်မှုများ များစွာ ရရှိခဲ့ပါကြောင်း၊ မြန်မာနိုင်ငံသည် တိုင်းရင်းသား လူမျိုးစုများစွာရှိသည့် နိုင်ငံဖြစ်သဖြင့် တိုင်းရင်းသား လူမျိုးစုပြဿနာများ၊ လက်နက်ကိုင်ပဋိပက္ခများနှင့် ထာဝရငြိမ်းချမ်းရေး ရရှိရေး လုပ်ငန်းများကို တိုးတက်အောင်မြင်စွာ ဆောင်ရွက်လာနိုင်ခဲ့ပါကြောင်း။

မိမိတို့ တပ်မတော်အနေဖြင့်လည်း နိုင်ငံတော်တွင် ထာဝရ ငြိမ်းချမ်းရေးရရှိရေးမှာ နိုင်ငံတော် အစိုးရနှင့် တိုင်းရင်းသားများ လက်တွဲဆောင်ရွက်နိုင် ခဲ့ပါကြောင်း၊ တိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူမှုရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ယင်းလုပ်ငန်းများသာမက မိမိတို့ တပ်မတော်အနေဖြင့်လည်း အာဆီယံ နိုင်ငံများမှ တပ်မတော်များ၊ အိမ်နီးချင်းနိုင်ငံများနှင့် အခြားကမ္ဘာ့နိုင်ငံများမှ တပ်မတော်များဖြင့် ထိတွေ့ဆက်ဆံမှုများ ပိုမိုတိုးတက် ဆောင် ရွက်နိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ၏ တိုးတက်ပြုပြင်ပြောင်းလဲမှုများ၊ အောင်မြင်မှုများသည် အာဆီယံအဖွဲ့ကြီးအတွက်လည်း ပုံရိပ်ကောင်းများ၊ အင်အားသစ်များ ဖြစ်ပေါ်စေခဲ့ပါကြောင်း။

ယခုအခါ အရှေ့တောင်အာရှအပါအဝင် အာရှဒေသကြီးတစ်ခုလုံး၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုများကြောင့် အာရှတိုက်သည် ကမ္ဘာ့ စီးပွားရေးမောင်းနှင်အား ဖြစ်လာပြီး တစ်ကမ္ဘာလုံးက ပိုပြီးအာရုံစိုက်လာကြပါကြောင်း၊ ယင်းနေရာတွင် မိမိတို့၏ အရှေ့တောင် အာရှဒေသသည် ပိုမို အရေးပါသော အနေအထားကို ရောက်ရှိနေပါကြောင်း၊ မိမိတို့ အဖွဲ့ဝင်နိုင်ငံများ ပို၍ စည်းလုံးညီညွတ်မှုရှိပါက ၂၀၁၅ ခုနှစ်တွင် ဖြစ်ပေါ်လာမည့် အာဆီယံ အသိုက်အဝန်းကြီးသည် ပိုမိုပြီး ဖွံ့ဖြိုးတိုးတက် ခိုင်မာအားကောင်းလာလေဖြစ်မည် ဖြစ်ပါကြောင်း၊ ၂၀၁၅ ခုနှစ်နောက်ပိုင်းတွင် မိမိတို့အာဆီယံ အသိုက်အဝန်းကြီး၏ ကာကွယ်ရေးနှင့် လုံခြုံရေးအပိုင်းများတွင် ပိုပြီး အရေးကြီးလာမည် ဖြစ်ပါကြောင်း၊ ပိုမို ခိုင်ခိုင်မာမာ ကာကွယ်နိုင်အောင် ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း။

မိမိတို့ တပ်မတော်များ၏ ပူးပေါင်းဆောင်ရွက်မှုများကို မည်ကဲ့သို့ စဉ်းစားကြမည်၊ အကောင် အထည်ဖော်ရန် မည်သို့လုပ်ကြမည် ဆိုသည်များကို သေသေချာချာစဉ်းစား ဆုံးဖြတ် လုပ်ဆောင်ကြရမှာ ဖြစ်ပါကြောင်း၊ မိမိတို့၏ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှု များကို တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် ငြိမ်းချမ်းဝေစည်သည့် အာဆီယံ အသိုက်အဝန်းကြီး ပေါ်ပေါက်ရေး နှင့် ယင်းအသိုက်အဝန်းကြီး ရေရှည်ခိုင်ခံ့ လုံခြုံစိတ်ချရရေးတို့အတွက် ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများကို ဝိုင်းဝန်းဆွေးနွေးကြရန် တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အစည်းအဝေးသို့ တက်ရောက်လာကြသူများသည် အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။

ဆက်လက်ပြီး 11th ASEAN Military Intelligence Informal Meeting (AMIIM) အစည်းအဝေး ခေါင်းဆောင် တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့် 4th ASEAN Military Operations Informal Meeting (AMOIM) အစည်းအဝေး ခေါင်းဆောင် စစ်ဦးစီးအရာရှိချုပ် (ကြည်း) ဗိုလ်ချုပ် မြထွန်းဦးတို့သည် အစည်းအဝေး ရလဒ်များအား တင်ပြကြသည်။

ယင်းနောက် အစည်းအဝေး သဘာပတိ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်၍ တက်ရောက် လာကြသည့် အာဆီယံနိုင်ငံများမှ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်များက သက်ဆိုင်ရာ ခေါင်းစဉ်များအား ဆွေးနွေးကြသည်။

၎င်းနောက် အာဆီယံတပ်မတော်များ၏ ၂၀၁၄-၂၀၁၆ (၂) နှစ် လုပ်ငန်းစီမံချက်အား ဆွေးနွေး ကြပြီး 11th ASEAN Chiefs of Defence Forces Informal Meeting (ACDFIM)  ပူးတွဲ ကြေညာချက်အတွက် ဆွေးနွေးကာ အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော စည်းအဝေး ပူးတွဲထုတ်ပြန်ချက် 11th ACDFIM ကို လက်မှတ်ရေးထိုး ကြသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အစည်းအဝေး နိဂုံးချုပ်နှုတ်ခွန်းဆက် စကားပြောကြားရာတွင် ဆွေးနွေးမှုများ အားလုံး၏ ဦးတည်ချက်သည် ၂၀၁၅ ခုနှစ်တွင် ပေါ်ထွန်းလာတော့မည့် အာဆီယံ အသိုက်အဝန်းကြီး ငြိမ်းချမ်းဝေစည်ရေးနှင့် ပိုမိုလုံခြုံခိုင်မာရေးကို ဦးတည်ပါကြောင်း။

နိုင်ငံတော်တစ်ခု ဒေသတစ်ခု၏ အေးချမ်းသာယာရေး၊ တိုးတက် စည်ပင်ရေးအတွက် လုံခြုံရေးနှင့် ကာကွယ်ရေးကဏ္ဍတွင် ခိုင်ခိုင်မာမာ ရှိရန် လိုအပ်ပါကြောင်း၊ လုံခြုံမှုမရှိလျှင် ဖွံ့ဖြိုး တိုးတက်မှု မရနိုင်သကဲ့သို့ ရရှိပြီးသော တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက် တိုးတက်အောင် ဆောင်ရွက်ရန်မှာလည်း လုံခြုံရေးနှင့် ကာကွယ်ရေး ခိုင်မာနေရန် အရေးကြီး ပါကြောင်း။

ယခုဆွေးနွေးမှုများမှာ အရှေ့တောင်အာရှဒေသကြီး၏ လုံခြုံရေးနှင့် ကာကွယ်ရေးကဏ္ဍတွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ လက်ရှိဆောင်ရွက်နေသော ပူးပေါင်းဆောင်ရွက်မှုများကို ပိုမို ထိရောက်အောင် ဘယ်လိုဆောင်ရွက်ကြမည်၊ ထပ်မံ ပူးပေါင်းဆောင် ရွက်နိုင်မည့် နယ်ပယ်အသစ်များကို ထုတ်ဖော်တင်ပြခြင်းနှင့် ယင်းနယ်ပယ်များမှာ ဘယ်လို ပူးပေါင်း ဆောင်ရွက် မည်များ ရှိခဲ့ပါကြောင်း။

အာဆီယံအဖွဲ့ကြီးသည် စစ်စာချုပ်အဖွဲ့မဟုတ်သည့်အတွက် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများတွင် စစ်စာချုပ် အဖွဲ့ကဲ့သို့ ဆောင်ရွက်၍ မရနိုင်ပါကြောင်း၊ သို့သော်လည်း ဒေသကြီး အတွင်းတွင်ရှိသော နိုင်ငံများတွင် ကျရောက်တတ်သည့် သမားရိုးကျ မဟုတ်သော ကာကွယ်ရေးကဏ္ဍများမှာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်ရမည် ဖြစ်သကဲ့သို့ အရည်အချင်း ပြည့်ဝစွာ ဆောင်ရွက်နိုင်ရန်လည်း သင်တန်းများနှင့် လက်တွေ့ လေ့ကျင့်မှုများကို ထိထိရောက်ရောက် လုပ်ဆောင်ခြင်း၊ စနစ်တကျ လုပ်ဆောင်နိုင်ရန် စံပြု လုပ်ငန်းစဉ်များ ချမှတ်ခြင်းများကို ဆက်လက်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များသည် ထိခိုက်မှုအတိုင်းအတာအရ ပမာဏ များနိုင်သကဲ့သို့ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ဆောင်ရန် ကဏ္ဍ များကလည်း များပြားပါကြောင်း၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ၏ ဥပဒေများ၊ ဓလေ့များ အရလည်း ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍတွင် အဆင်မပြေမှုတွေ မဖြစ်အောင် လုပ်ဆောင်ရမှုများ ရှိနိုင်သည့်အတွက် ယင်းလုပ်ငန်း များတွင် ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ သင်တန်းများနှင့် လေ့ကျင့်မှုများကို တိုးမြှင့်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

အလားတူ နိုင်ငံဖြတ်ကျော် မှုခင်းများဖြစ်သော လူမှောင်ခိုမှု၊ လက်နက်မှောင်ခိုမှု၊ မူးယစ် ဆေးဝါး၊ တရားမဝင် အလုပ်သမားပြဿနာ၊ တရားမဝင် ဝင်ရောက် အခြေချ နေထိုင်မှုများနှင့် နည်းပညာခေတ်ကြီးတွင် အရေးကြီးသည့် ဆိုက်ဘာ တိုက်ခိုက်မှုများသည် နိုင်ငံ တစ်နိုင်ငံတည်းမှ ဖြေရှင်းခြင်းထက် နိုင်ငံများ စုပေါင်းဖြေရှင်းရမည့် ပြဿနာများ ဖြစ်ပါကြောင်း၊ ယင်းပြဿနာများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် ပူးပေါင်းဆောင်ရွက်မှု များကို ပိုမို တိုးမြှင့် လုပ်ဆောင်မှသာ အာဆီယံ အသိုက်အဝန်း လုံခြုံရေးသည် ပိုပြီး တိုးတက်လာမှာ ဖြစ်သကဲ့သို့ လူမှုစီးပွားနယ်ပယ်သည်လည်း ပိုမိုတည်ငြိမ်တိုးတက်လာမည်ဖြစ်ပါကြောင်း။

ယခုလိုပြဿနာများကို ကိုင်တွယ်ဆောင်ရွက်ရာတွင် တစ်ခါတစ်ရံ၌ မိမိနိုင်ငံ၏ အကျိုးစီးပွား ကိုသာ ဦးစားပေးလွန်းပါက အာဆီယံအဖွဲ့ကြီး၏ အကျိုးကို ထိခိုက်လာနိုင်ပါကြောင်း၊ ထိုအခြေအနေမျိုးတွင် မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် အာဆီယံအဖွဲ့ကြီးနှင့် အဖွဲ့ဝင်နိုင်ငံများ၏ အကျိုးစီးပွားများအတွက် မျှတမှန်ကန်သည့် လုပ်ဆောင်မှုမျိုး လုပ်ဆောင်ကြရမည် ဖြစ်ပါကြောင်း။

မိမိတို့၏ ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်သစ်များဖြစ်သော ဘာသာစကား သင်တန်းများ အပြန်အလှန် စေလွှတ်ခြင်း၊ ယဉ်ကျေးမှု ဓလေ့များ ပိုမိုသိရှိနိုင်စေရန် တပ်မတော် ယဉ်ကျေးမှု အဖွဲ့များ အပြန်အလှန်စေလွှတ်ခြင်း၊ တပ်မတော်များ၏ ဖိတ်ခေါ် ချစ်ကြည်ရေး အားကစား ပွဲများ၊ နှစ်စဉ် အားကစားပွဲများ ကျင်းပခြင်းအားဖြင့် တပ်မတော်သားများအကြား ရင်းနှီး ချစ်ကြည်မှုများ ပိုမိုရရှိလာမည် ဖြစ်ပါကြောင်း။

တပ်မတော်များ၏ ချစ်ကြည်စည်းလုံးမှု ပိုမိုရရှိရေးသည် တပ်မတော် အသီးသီးမှ အဆင့်အတန်း အားလုံး မကြာခဏ အပြန်အလှန် ထိတွေ့ဆက်ဆံမှု၊ အပြန်အလှန် လေးစား နားလည်မှု၊ အချင်းချင်း ထိတွေ့ဆက်ဆံမှုများမှ ရင်းနှီးချစ်ခင်သည့် သံယောဇဉ်တရားများရရှိပြီး တစ်ခုတည်းသော အာဆီယံဆိုသည့် ခံယူချက်မျိုး အထိ ရောက်ရှိအောင် ဆောင်ရွက်ပေး ကြရမှာဖြစ်ပါကြောင်း။

အာဆီယံအဖွဲ့ကြီး၏ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍများဖြစ်သည့် ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေး (ADMM) ၊ အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အစည်းအဝေး (ACDFIM)၊ ကြည်း၊ ရေ၊ လေ ဦးစီးချုပ်များ၏ အစည်းအဝေးများ စသည်ဖြင့်ရှိကြရာ ကာကွယ်ရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုအတွက် သဘော တူညီချက်များ၊ ၂ နှစ်တာ၊ သုံးနှစ်တာ လုပ်ငန်း စီမံချက်များ၊ ဆောင်ရွက်မည့် လုပ်ငန်းများ အတွက် စံပြုလုပ်ငန်းစဉ် Standard Operating Procedure များ ချမှတ်နိုင်ခဲ့ကြသော်လည်း အမှန်တကယ် အကောင်အထည်ဖော်နိုင်မှုတွင် အားနည်းချက်များ ရှိနေသေးသည်ကို တွေ့ကြရပါကြောင်း၊ အလားတူ ယခုဆွေးနွေးခဲ့ကြသည့် ပူးပေါင်းဆောင်ရွက်မှုကဏ္ဍသစ်များ၊ လုပ်ငန်းသစ်များတွင်လည်း ဘယ်လိုလုပ်ဆောင်မည်ဆိုသည့် စီမံချက်များ (Plans of Action) အဆင့်မှ အမှန်တကယ် ဆောင်ရွက်မည့် အစီအမံများ (Action Plans) ချမှတ်ခြင်းအဆင့်ကို တိုးတက်အောင် ဆောင်ရွက်ခြင်းနှင့် အမှန်တကယ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ (Implementation) အပိုင်းများကို အလေးထား လုပ်ဆောင်သွားကြရမှာဖြစ်ပါကြောင်း။

ယနေ့အစည်းအဝေးများတွင် ဆွေးနွေးဆုံးဖြတ်ခဲ့သည့် လုပ်ငန်းများကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပူးပေါင်းလုပ်ဆောင်ကြရမှာ ဖြစ်သကဲ့သို့ တစ်နှစ်တာ ဆောင်ရွက်မှုများ၏ ရလဒ်များအရ ရှေ့တွင် ဆက်လက်ဆောင်ရွက်ဖွယ်ရာ များကို ချမှတ်လုပ်ဆောင်ရန် ၂၀၁၅ ခုနှစ်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် မလေးရှားနိုင်ငံ အနေဖြင့်လည်း ၂၀၁၅ ခုနှစ် အာဆီယံ အသိုက်အဝန်းကြီးအတွက် အကောင်းဆုံး ဆက်လက် ဖော်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း။

ထို့ကြောင့် ၂၀၁၅ ခုနှစ်တွင် ထွက်ပေါ်လာတော့မည့် အာဆီယံအသိုက်အဝန်းကြီး ငြိမ်းချမ်း ဝေစည်ရေးနှင့် အခိုင်အမာ အဓွန့်ရှည်ရေး အတွက် လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများကို စည်းလုံးညီညွတ်စွာဖြင့် အရှိန်အဟုန်မြှင့်တင် ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက် သွားကြပါရန် အလေးအနက် တိုက်တွန်းလို ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ၂၀၁၅ ခုနှစ်တွင် 12th ASEAN Chiefs of Defence Forces Informal Meeting (ACDFIM) အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် မလေးရှား တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen.Tan Sri Dato' Sri (Dr). Zulkifeli Bin Mohd Zin က လက်ခံ နှုတ်ခွန်းဆက်စကား ပြောကြားသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် 12th ACDFIM အစည်းအဝေးအား သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်မည့် မလေးရှား တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen.Tan Sri Dato' Sri (Dr). Zulkifeli Bin Mohd Zin အား တာဝန်လွှဲပြောင်းခြင်း အထိမ်းအမှတ် လက်ဆောင်ပေးအပ်သည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မလေးရှား တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen.Tan Sri Dato' Sri (Dr). Zulkifeli Bin Mohd Zin တို့သည် တက်ရောက်လာကြသော အာဆီယံနိုင်ငံများမှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များအား တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ပြီး အစည်းအဝေးအား အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
-------------------------------------------------------------------------------------------------------

ACDFIM အစည်းအဝေး ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များ ချမှတ်ခဲ့သည့် သဘောတူညီ ချက်များနှင့် အစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်မည်





နေပြည်တော် မတ် ၅
မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် 11th ASEAN Chiefs of Defence Forces Informal Meeting (ACDFIM) အစည်းအဝေးနှင့် စပ်လျဉ်း၍ သတင်းစာ ရှင်းလင်းပွဲကို ယနေ့ မွန်း လွဲ ၂ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ် Function Hall ၌ ကျင်းပရာ အစည်းအဝေး သဘာပတိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ လာအို ပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံများ၏ ကာကွယ်ရေး ဦးစီးချုပ်များသည် ၂၀၁၄ ခုနှစ် မတ် ၅ ရက်တွင် နေပြည်တော်၌ ကျင်းပသော (၁၁) ကြိမ်မြောက် အာဆီယံ ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (ACDFIM) သို့ တက်ရောက်ခဲ့ကြပါကြောင်း။

အရှေ့တောင် အာရှဒေသအတွင်း လုံခြုံရေး ရပ်ဝန်းသည် အတော်အသင့် တည်ငြိမ်မှု ရှိနေချိန်တွင် လက်ရှိဖြစ်ပေါ်နေသော ခက်ခဲရှုပ်ထွေးမှုများနှင့် ဖြစ်ပေါ်လာနိုင်သော လုံခြုံရေး ခြိမ်းခြောက်မှုများသည် ဒေသတွင်း အေးချမ်းမှုနှင့် တည်ငြိမ်မှုကို ဆက်လက်စိန်ခေါ်လျက် ရှိသည်ကို မိမိတို့မှ တရားဝင် အသိအမှတ် ပြုခဲ့ပါကြောင်း။

တောင်တရုတ်ပင်လယ်အရေး နှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် နည်းလမ်း (Code of Conduct) အား အချိန်ဆောလျင်စွာ အဆုံးသတ်နိုင်ခြင်းသည် ဒေသတွင်း တည်ငြိမ်ရေးနှင့် ပင်လယ်ပြင် လုံခြုံရေးအတွက် မရှိမဖြစ် လိုအပ်သည်ကို မိမိတို့မှ ထပ်လောင်းအတည်ပြု ပါကြောင်း။

အာဆီယံ တပ်မတော်များ အခန်းကဏ္ဍတွင် ပေါင်းစပ်ညှိနှိုင်းခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း သဘောတရားများကို အခြေခံ၍ ပူးပေါင်းပါဝင် ဆောင်ရွက်ရန် မရှိမဖြစ် လိုအပ်သည်ကို မိမိတို့မှ အတည်ပြုပါကြောင်း။

ဒေသတွင်း လုံခြုံရေး စိန်ခေါ်မှုများကို ပူးပေါင်းဆောင်ရွက်မှုနှင့် ပူးတွဲလုပ်ဆောင်မှု အခြေခံ သဘောတရားများဖြင့် အတူတကွ တုံ့ပြန်ဖြေရှင်းရာတွင် အာဆီယံ တပ်မတော်သားများ အခန်းကဏ္ဍသည် ပိုမိုတည်ငြိမ်သော လုံခြုံသောဒေသ တစ်ခုအဖြစ်သို့ ဆက်လက်ဦးတည် နေရန် လိုအပ်မည်ကို မိမိတို့မှ ထပ်လောင်း အတည်ပြုခဲ့ပါကြောင်း။

သဘာဝ ဘေးဒုက္ခများ၊ အကြမ်းဖက်မှုများ၊ ပင်လယ်ပြင် လုံခြုံရေးနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ၊ ကူးစက်ရောဂါများ၊ အစားအစာနှင့် စွမ်းအင်လုံခြုံရေး၊ Human Security၊ ဆိုက်ဘာရာဇဝတ်မှုများ၊ ရာသီဥတုဖောက်ပြန်မှု၊ ကမ္ဘာကြီး ပူနွေးလာမှုကဲ့သို့သော သမားရိုးကျ မဟုတ်သည့် လုံခြုံရေးခြိမ်းခြောက်မှုများသည် ဒေသတွင်း အခန်းကဏ္ဍတွင် အရေးပါသော အနေအထား၌ ဆက်လက်တည်ရှိနေပြီး အာဆီယံ တပ်မတော်များ အနေဖြင့် သတင်းဖလှယ်ခြင်း၊ စွမ်းရည်တည်ဆောက်ခြင်း၊ ပူးတွဲလေ့ကျင့်ခန်းနှင့် ပူးတွဲလေ့ကျင့်မှုများကို အတူတကွ ဆက်လက်ဆောင်ရွက်ရန် မိမိတို့မှ အတည်ပြုခဲ့ပါကြောင်း။

၂၀၁၅ ခုနှစ်တွင် မလက္ကာ ရေလက်ကြား၌ ADMM Plus Expert Working Group လေ့ကျင့်ခန်းများအား ပင်လယ်ပြင် လုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းများ ပုံစံဖြင့် ဆောင်ရွက် သွားရန် အစပျိုးမှုအား မိမိတို့မှ ကြိုဆိုခဲ့ပါကြောင်း၊ ACDFIM အစည်းအဝေး ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင်များ ချမှတ်ခဲ့သည့် သဘောတူညီချက်များနှင့် အစီအစဉ်များကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ကို မိမိတို့မှ ကြေညာခဲ့ပါကြောင်း။

၂၀၁၄ ခုနှစ် မတ် ၃ ရက်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် (၁၁) ကြိမ်မြောက် အာဆီယံ တပ်မတော် ထောက်လှမ်းရေးမှူးချုပ်များ အလွတ်သဘော အစည်းအဝေး AMIIM တွင် ချမှတ်သည့် အကြံပြုချက်များနှင့် (၄) ကြိမ် မြောက် အာဆီယံ တပ်မတော် စစ်ဆင်ရေးမှူးချုပ်များ အလွတ်သဘော အစည်းအဝေး AMOIM တွင် စစ်ဆင်ရေးမှူးချုပ်များ၏ အကြံပြု သုံးသပ်ချက်များ ဖြစ်သော (က) အာဆီယံ တပ်မတော်များ ဘက်စုံပူးပေါင်း ဆောင်ရွက်နိုင်ရန်အတွက် လမ်းညွှန်ချက်များပါ Two Year Activity Work Plan of 2014 -2016 ကိုဆက်လက်ဆောင်ရွက်ရန်။ (ခ) ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်မှုများမှသည် “ငြိမ်းချမ်းဝေစည် အာဆီယံ အသိုက်အဝန်းဆီသို့” ဟူသည့် အတိုင်း အာဆီယံ တပ်မတော်များ၏ အခိုင်အမာ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များနှင့် လက်တွေ့လုပ်ဆောင်မှုများအကြား ပိုမိုခိုင်မာစေရန်။ (ဂ) ၂၀၁၅ ခုနှစ် အာဆီယံ တပ်မတော် ထောက်လှမ်းရေးမှူးချုပ်များ အလွတ်သဘော အစည်းအဝေး AMIIM ၊ အာဆီယံ တပ်မတော် စစ်ဆင်ရေးမှူးချုပ်များ အလွတ်သဘော အစည်းအဝေး AMOIM  အစည်းအဝေးများ၏ သဘာပတိ တာဝန်များအား မလေးရှားနိုင်ငံသို့ လွှဲပြောင်းပေးရန် သဘောတူညီခဲ့ကြ ပါကြောင်း။

၂၀၁၄ ခုနှစ် မတ် ၅ ရက်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နေပြည်တော်၌ အထက်ပါ ထုတ်ပြန်ချက်မူရင်းကို အင်္ဂလိပ် ဘာသာဖြင့် ပူးတွဲ လက်မှတ်ရေးထိုးခဲ့ကြ ပါကြောင်းဖြင့် ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ သတင်းမီဒီယာများမှ သိရှိလိုသည်များ မေးမြန်းကြရာ 11th ACDFIM အစည်း အဝေး သဘာပတိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့ ပြည်တွင်းမီဒီယာနှင့်ပြည်တွင်း အခြေစိုက် ပြည်ပမီဒီယာ ၄၀ ကျော်တို့မှ သတင်းမီဒီယာသမားများ တက်ရောက် သတင်းရယူခဲ့ကြောင်း သတင်း ရရှိသည်။ 
------ -------------------------------------------------------------------------


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ 11th (ACDFIM) အစည်းအဝေး တက်ရောက်မည့် အာဆီယံနိုင်ငံများမှ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်များနှင့် ဇနီးများအား ညစာဖြင့် တည်ခင်းဧည့်ခံ





နေပြည်တော် မတ် ၅
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့သည် 11th ASEAN Chiefs of Defence Forces Informal Meeting (ACDFIM) အစည်းအဝေးသို့ တက်ရောက်မည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များအား မတ် ၄ ရက် ညပိုင်းတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ် Function Hall ရှေ့မြက်ခင်းပြင်၌ Welcome Dinner ဖြင့် တည်ခင်းဧည့်ခံသည်။

အဆိုပါ ညစာစားပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့နှင့်အတူ ဘရူနိုင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ကမ္ဘောဒီးယား ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အင်ဒိုနီးရှား တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ လာအို ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ မလေးရှား တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ဖိလစ်ပိုင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီး၊ စင်ကာပူ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ထိုင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ ဗီယက်နမ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က ညစာစားပွဲသို့ တက်ရောက် လာသော အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များနှင့် ဇနီးများအား ရင်းနှီးခင်မင်စွာ ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့သည် ညစာစားပွဲသို့ တက်ရောက်လာကြသူများနှင့် ညစာကို အတူတကွ သုံးဆောင်ကြသည်။

ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၏ မြ၀တီတေးဂီတအဖွဲ့က တေးသီချင်းများဖြင့် ကပြ ဖျော်ဖြေခဲ့ကြကြောင်း သတင်းရရှိသည်။
 -------------------------------------------------------------------------------

Unity စာစောင်ပါ လျှို့ဝှက်ဓါတု လက်နက်စက်ရုံ ဆောင်းပါးကိစ္စနှင့် ပတ်သက်၍ အရေးယူ ဆောင်ရွက်ခဲ့သည့် ပြစ်မှု ကျူးလွန်သူအား တရားစွဲဆို
နေပြည်တော် ဖေဖော်ဝါရီ ၁၅

ဇန်န၀ါရီ (၂၅) ရက်ထုတ် Unity စာစောင်၊ အတွဲ (၃)၊ အမှတ် (၄)တွင် အမှတ် (၂၄) ကာကွယ်ရေး ပစ္စည်းစက်ရုံအား လျှို့ဝှက် ဓါတုလက်နက် စက်ရုံခေါင်းစဉ်ဖြင့် ဓါတ်ပုံမှတ်တမ်းနှင့်တကွ ဖော်ပြထုတ်ဝေခဲ့သည်ကို တွေ့ရှိရပြီး ယင်းဖော်ပြ ထုတ်ဝေချက် သည် နိုင်ငံတော်၏ လျှို့ဝှက်ချက်များကို ပေါက်ကြားစေခြင်း၊ စက်ရုံ၏ တားမြစ်နယ်မြေ အတွင်း ခွင့်ပြုချက်မရှိဘဲ ချဉ်းကပ်ခြင်း၊ ကြည့်ရှုစစ်ဆေးခြင်း၊ ကျော်ဖြတ်ခြင်း၊ ၀င်ရောက်ခြင်း၊ ဓါတ်ပုံရိုက်ယူခြင်း၊ အားပေး ကူညီခြင်းတို့ကြောင့် သတင်း ရေးသား ပေးပို့သူနှင့် ဂျာနယ်တိုက် တာဝန်ရှိသူအား စုံစမ်း အရေးယူပေးရန် ဇန်န၀ါရီ ၃၀ ရက်တွင် သက်ဆိုင်ရာ ဌာနက ပေါက်မြို့မ ရဲစခန်းသို့ တရားလို ပြုလုပ်တိုင်တန်းခဲ့သဖြင့် (ပ) ၈/၂၀၁၄၊ မြန်မာနိုင်ငံ လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃(၁)(က)/၉ ဖြင့် အမှုဖွင့် ဆောင်ရွက်ခဲ့သည်။
အမှု စစ်ဆေး တွေ့ရှိချက်များအား ဥပဒေ အကြံပြုချက်နှင့် အညီ ပြစ်မှု ကျူးလွန်သည်ဟု စွပ်စွဲခံရသူများ ဖြစ်သည့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်နေ ဦးတင်ဆန်း ၅၂ နှစ်၊ ပေါက်မြို့နေ ဦးလူမော်နိုင် (ခ) လင်းကျော်ဦး (ခ) လူမော် ၂၈နှစ်၊ ဖျာပုံမြို့နေ ဦးစည်သူစိုး ၂၂နှစ်၊ လှိုင်သာယာမြို့နယ်နေ ဦးသဲရာဇာဦး (ခ) ရာဇာဦး (ခ) ကိုသဲ ၂၈ နှစ်နှင့် မြောက်ဥက္ကလာပ မြို့နယ်နေ ဦးအောင်သူရ (ခ) ပိုင်သက်ကျော် ၂၅ နှစ်တို့အား ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃/၉ အရ မကွေးတိုင်းဒေသကြီး ပခုက္ကူ ခရိုင် တရားရုံး၊ ခရိုင်တရားသူကြီးရုံးသို့ ၁၄-၂-၂၀၁၄ ရက်နေ့တွင် တရားစွဲ တင်ပို့ခဲ့ရာ ပြစ်မှုကြီး အမှတ် ၄/၂၀၁၄ ဖြင့် အမှုအား လက်ခံ စစ်ဆေးလျက် ရှိပါသည်။
ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၇၀ (၁) ဖြင့် လွှတ်ထားရှိသော ပေါက်မြို့နေ မလွင်လွင်မြင့် ၃၈နှစ်အား အမှုဖြင့် စစ်ဆေးရာတွင် တရားစွဲ တင်ပို့နိုင် လောက်သော သက်သေ အထောက်အထား တစ်စုံတစ်ရာ မတွေ့ရှိရသဖြင့် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၆၉ အရ ခံဝန်ဖြင့် လွှတ်ခဲ့ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။
------------------------------------------------------------------------------------------------------

 Unity စာစောင်ပါ လျှို့ဝှက်ဓာတုလက်နက် စက်ရုံဆောင်းပါးကိစ္စနှင့်ပတ်သက်၍ ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိ

နေပြည်တော် ဖေဖော်ဝါရီ ၅
ဇန်နဝါရီ ၂၅ ရက်ထုတ် Unity စာစောင်အတွဲ(၃)၊ အမှတ်(၄)တွင် အမှတ်(၂၄) ကာကွယ်ရေးပစ္စည်း စက်ရုံအား လျှို့ဝှက်ဓာတုလက်နက်စက်ရုံ ခေါင်းစဉ်ဖြင့် ဓာတ်ပုံ မှတ်တမ်းနှင့်တကွ ဖော်ပြထုတ်ဝေခဲ့သည်ကို တွေ့ရှိရပြီး ယင်းဖော်ပြ ထုတ်ဝေချက်သည် နိုင်ငံတော်၏ လျှို့ဝှက်ချက်များကို ပေါက်ကြားစေခြင်း၊ စက်ရုံ၏ တားမြစ်နယ်မြေအတွင်း ခွင့်ပြုချက်မရှိဘဲ ချဉ်းကပ်ခြင်း၊ ကြည့်ရှုစစ်ဆေးခြင်း၊ ကျော်ဖြတ်ခြင်း၊ ဝင်ရောက်ခြင်း၊ ဓာတ်ပုံရိုက်ယူခြင်း၊ အားပေးကူညီခြင်းတို့ကြောင့် သတင်းရေးသားပေးပို့သူနှင့် ဂျာနယ်တိုက် တာဝန်ရှိသူအား စုံစမ်းအရေးယူပေးရန် ဇန်နဝါရီ ၃ဝ ရက်တွင် သက်ဆိုင်ရာ ဌာနက ပေါက်မြို့မ ရဲစခန်းသို့ တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် (ပ) ၈/၂ဝ၁၄ မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ (၁) (က)/၉ ဖြင့် အမှုဖွင့် ဆောင်ရွက်ခဲ့သည်။

ဖေဖော်ဝါရီ ၁ ရက်တွင် ယင်းဥပေဒပုဒ်မ ၃ (၁) (က)/ ၉ ဖြင့် အရေးယူဆောင်ရွက်နိုင်ရန်  Unity ဂျာနယ်မှ ဦးတင်ဆန်းပါ ၅ ဦးအား ခေါ်ယူစစ်ဆေး မေးမြန်းခဲ့သည်။

၎င်းအမှုနှင့်ပတ်သက်၍ ပထမသတင်းပေး တိုင်ချက်ရေးဖွင့်ခြင်းသည် မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၁၂ အရ ရဲအရေးပိုင်မှုဖြစ်ကြောင်း ပြဋ္ဌာန်းထားသဖြင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၅၄ နှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၆၁ နှင့်အညီ အမှုစစ် အရာရှိက သက်သေများအား စစ်ဆေးကာ ပြစ်မှုဆိုင်ရာ ဥပဒေကျင့်ထုံး ဥပဒေ ပုဒ်မ ၅၄ အရ ပြစ်မှုတွင် စပ်ဆိုင်ပါဝင်ကြောင်း မသင်္ကာဖွယ်ရာဖြစ်သူ Unity ဂျာနယ်မှ အမှုဆောင်အရာရှိချုပ် ဦးတင်ဆန်းပါ ငါးဦးအား ဖေဖော်ဝါရီ ၁ ရက်တွင် ခေါ်ယူထိန်းသိမ်း စစ်မေးခဲ့ခြင်းဖြစ်သည်။

ထိန်းသိမ်းထားသူများမှာ ပေါက်မြို့နေ ဦးလူမော်နိုင်(ခ)လင်းကျော်ဦး (ခ)လူမော် ၂၄ နှစ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ ဦးတင့်ဆန်း ၅၂ နှစ်၊ ဖျာပုံမြို့နေ ဦးစည်သူစိုး ၂၂ နှစ်၊ လှိုင်သာယာမြို့နယ်နေ ဦးသဲရာဇာဦး(ခ) ရာဇာဦး (ခ) ကိုသဲ ၂၈ နှစ်နှင့် မြောက်ဥက္ကလာပ မြို့နယ်နေ ဦးအောင်သူရ(ခ) ပိုင်သက်ကျော် ၂၅ နှစ်တို့ ဖြစ်ကြောင်း သိရှိရသည်။

ယင်းသို့ ဖမ်းဆီးရာတွင် ၂၄ နာရီထက် ကျော်လွန်ချုပ်ထားခြင်း မရှိဘဲ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၆၇ အရ ဦးတင့်ဆန်းပါလေးဦးအား ပုဇွန်တောင်မြို့နယ် တရားရုံးသို့ တင်ပို့၍ ဖေဖော်ဝါရီ ၁ ရက်မှ ၁၄ ရက်ထိ ချုပ်ရီမန် တောင်းခံထားကြောင်း၊ ဦးလူမော်နိုင် (ခ) လင်းကျော်ဦး (ခ) လူမော်အား ပေါက်မြို့နယ်တရားရုံးတွင် ဖေဖော်ဝါရီ ၁ ရက်မှ ၁၄ ရက်အထိ ချုပ်ရီမန်တောင်းခံထားကြောင်း၊ ဖေဖော်ဝါရီ ၄ ရက်တွင် ပေါက်မြို့နေ ဦးလူမော်နိုင်၏ ဇနီးမလွင်လွင်မြင့် ၃၈ နှစ်အား အမှုဖြင့် ထပ်မံထိန်းသိမ်းမေးမြန်းပြီး ပခုက္ကူမြို့နယ် တရားသူကြီး ဒေါ်ဆွေဆွေဝင်းက ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၄၉၇ အရ အာမခံပေးခဲ့သည်။

အမှုအား စစ်ဆေးလျက်ရှိကြောင်းနှင့် ၎င်းတို့၏မိသားစုများကို ဥပဒေနှင့်အညီ တွေ့ဆုံခွင့်ပြုထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။


No comments:

Post a Comment