သဘာဝပတ်ဝန်းကျင်

သဘာဝပတ်ဝန်းကျင်

...................................................................................................................................................................................

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်သည့်စုံစမ်းစစ်ဆေးရေးအစီရင်ခံစာအပေါ်အကောင်အထည်ဖော်ဆောင်ရွက်မည့်ကော်မတီ သတင်းထုတ်ပြန်ချက်အမှတ် (၂/၂ဝ၁၃)

 

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့် သတင်းထုတ်ပြန်ချက်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့်
စုံစမ်းစစ်ဆေးရေးအစီရင်ခံစာအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မည့်ကော်မတီ
သတင်းထုတ်ပြန်ချက်အမှတ် (၂/၂ဝ၁၃)
၁၃၇၅ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက်
(၂ဝ၁၃ ခုနှစ်၊ ဇူလိုင်လ ၈ ရက်)

၁။လက်ပံတောင်းတောင်  ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့်  စုံစမ်းစစ်ဆေးရေး အစီရင်ခံစာအပေါ်  အကောင် အထည်ဖော် ဆောင်ရွက်မည့် ကော်မတီသည် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အကြံပြုချက်များအပေါ် အကောင်အထည် ဖော်နိုင်ရေးအတွက် သိမ်းဆည်းမြေယာများ စိစစ်ရေးအဖွဲ့၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့၊ လူမှုစီးပွားဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်ရေးအဖွဲ့နှင့် သာသနိက အဆောက်အအုံများ ရွှေ့ပြောင်းခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်း အဖွဲ့ဟူ၍ အဖွဲ့လေးဖွဲ့ခွဲပြီး ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် အကောင် အထည်ဖော်ရေး လုပ်ငန်းများအား  ပိုမိုထိရောက်စွာ  တိုးမြှင့်ဆောင်ရွက်နိုင်ရေး အတွက်  ဒုတိယ အဖွဲ့ခေါင်းဆောင်များ ဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီး များသည် ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေး နိုင်ရန် အတွက်လည်းကောင်း၊ စီမံကိန်းပတ်ဝန်းကျင်ကျေးရွာ ၃၃ ရွာတွင် ထဲထဲဝင်ဝင် ညှိနှိုင်းဆွေးနွေးကာ ဒေသခံများနှင့် ပူးပေါင်း၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက်လည်းကောင်း ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည့်အပြင် ကျေးရွာများမှ ယုံကြည်အားထားရသော ရပ်မိရပ်ဖများ ပါဝင်သည့် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့များကိုလည်း ၃-၅-၂ဝ၁၃ ရက်နေ့တွင် ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ပါသည်။ 


၂။ အကောင်အထည်ဖော် ဆောင်ရွက်မည့် ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတရုံး၊ သမ္မတရုံးဝန်ကြီးဌာန (၆)ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် ကော်မတီဝင်များသည်လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသသို့  နှစ်ပတ်တစ်ကြိမ်သွားရောက်၍လည်းကောင်း၊အဖွဲ့လေးဖွဲ့မှအဖွဲ့ခေါင်းဆောင်များသည်အပတ်စဉ် ကျေးရွာများသို့ ကွင်းဆင်း၍ လည်းကောင်း ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့များနှင့် တွေ့ဆုံ၍  လိုအပ်ချက်များကို  ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ အကောင် အထည်ဖော်ဆောင်ရွက် ပြီးစီးမှုများမှာ-

     (က) သိမ်းဆည်းမြေယာများ စိစစ်ရေးအဖွဲ့၏ ဆောင်ရွက်ချက်များအနေဖြင့်
            စီမံကိန်းအတွက်  သိမ်းဆည်း ထားသော မြေပမာဏသည် လိုအပ်သည်ထက်
            ပိုမို  သိမ်းဆည်းထားခြင်း ရှိ မရှိ စိစစ်ပြီး လိုအပ်သည့် ပမာဏကိုသာ
            သိမ်းဆည်း၍  ကျန်မြေတို့ကို ကျေးရွာလူထုသို့ ပြန်လည် ခွဲဝေပေးရေး ဆောင်ရွက်လျက်ရှိရာ-

        
(၁)  သိမ်းဆည်းခဲ့သော မြေဧရိယာ  ၇၈၆၇  ဒသမ  ၇၈  ဧကတွင် ထုတ်နုတ်ရမည့် ဧရိယာမှာ
  ၉ဝ၂  ဒသမ  ၂၄  ဧကဖြစ်သဖြင့် စီမံကိန်း ဧရိယာမှာ ၆၉၆၅ ဒသမ ၅၄ ဧကကျန်ရှိပါသည်။ ၉ဝ၂ ဒသမ  ၂၄  ဧကတွင်  တောင်သူများထံ  ပြန်လည်ခွဲဝေပေးမည့် ဧရိယာ ၂၉၃ ဒသမ ၂၅ ဧက၊ ပုသိမ်-မုံရွာ ကားလမ်းနှင့် မြစ်ရေတင်မြောင်း ဧရိယာ  ၆၂ ဒသမ ၉၉ ဧကနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဧရိယာ ၅၄၆ ဧကတို့ ဖြစ်ပါသည်။ စိုက်ပျိုးမြေဧရိယာ ၂၈၃ ဒသမ ၆၉ ဧကအား ကျေးရွာလူထုသို့ ပြန်လည်ခွဲဝေပေးခဲ့ရာ ယနေ့အထိ တောင်သူ ၁၃၄ ဦးအား ဧရိယာ ၂၂၃ ဒသမ ၂၃ ဧကပေးအပ်နိုင်ခဲ့သဖြင့် ၇၉ ရာခိုင်နှုန်း ပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။

  (၂)  စီမံကိန်း၏ သိမ်းဆည်းမြေယာများအား လျော်ကြေးပေးအပ်ရာတွင်
 ယခင် ၁၈၉၄ ခုနှစ် မြေသိမ်း ဥပဒေအရ ယာမြေတစ်ဧကလျှင်  မြေခွန်၏၂ဝ  ဆနှုန်းဖြင့်  နှမ်းတစ်ဧကလျှင်  ငွေကျပ် ၅၅၂ဝဝဝ၊ ပဲစင်းငုံ တစ်ဧကလျှင် ငွေကျပ် ၅၄ဝဝဝဝ နှင့် နေကြာ တစ်ဧကလျှင် ငွေကျပ်  ၅၂၅ဝဝဝ ပေးလျော် ခဲ့ပါသည်။ ယခုအခါ ဒေသပေါက်ဈေး  (Market  Value)  နှင့်အညီ ပေးလျော် နိုင်ရေးအတွက် နိုင်ငံတော်အတွင်း အခြားဒေသ စီမံကိန်းများနှင့် နှိုင်းယှဉ်၍ လည်းကောင်း၊ စီမံကိန်းဧရိယာ အနီးပတ်ဝန်းကျင် ကျေးရွာများမှ လယ်သမားများကို ကွင်းဆင်း စုံစမ်း မေးမြန်းချက်များ အရလည်းကောင်း ပေးလျော်နိုင်ရေး ဆောင်ရွက်ခဲ့ရာ ယာမြေအတွက် တစ်ဧက ၁ဝ သိန်း၊ မိုးကောင်းသောက် လယ်မြေ အတွက် တစ်ဧက ၁၂  သိန်းနှင့် တစ်နှစ်နှစ်သီးစိုက်  မြစ်ရေတင် မြေများနှင့် ဆည်ရေသောက်  မြေများအတွက်  တစ်ဧက  ၁၅  သိန်း နှုန်းဖြင့် ပေးလျော် ခဲ့ပါသည်။ ယနေ့အထိ ပေးလျော်ပြီး အခြေအနေမှာ တောင်သူ ၉၉၃ ဦးအား မြေ ၂၇၁၅ ဒသမ ၉၁ ဧကအတွက် ငွေကျပ် သိန်းပေါင်း ၂၇၉၈၇ ဒသမ ၈၂ သိန်း ပေးလျော်ခဲ့ပြီးဖြစ်၍ ၄၂ ရာခိုင်နှုန်း ပေးအပ်ခဲ့ပြီး  ဖြစ်ပါသည်။


(၃)  မြေယာလျော်ကြေးများ ပေးအပ်စဉ် မြေပိုင်ဆိုင်မှု အငြင်းပွားမှုများ၊ မြေယာလျော်ကြေးငွေ
 ပေးအပ်မှု ကန့်ကွက်ခြင်းများ ဖြစ်ပေါ်ခဲ့ပါသည်။  ၄င်းအငြင်းပွားမှုများကို  ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် တိုင်းဒေသကြီး မြေစာရင်းဦးစီးမှူး ဦးဆောင်သော မြေယာမှုခင်းများ စစ်ဆေးရေး ကော်မတီကို ဖွဲ့စည်းထားရှိပြီး ဖြေရှင်းဆောင်ရွက် ပေးလျက်ရှိရာ ယနေ့ အထိ ကန့်ကွက်လွှာ ၃၇၄ စောင် လက်ခံရရှိပြီး ဖြေရှင်းဆောင်ရွက် ပြီးစီးမှု ၃ဝ၉ စောင်နှင့် ဆောင်ရွက်ဆဲ ၆၅ စောင် ဖြစ်ပါသည်။

(၄)  နှစ်ရှည်သီးနှံပင်များအား  နစ်နာကြေးပြန်လည်တိုးမြှင့်ပေးလျက်ရှိရာ ယနေ့ထိ
 တောင်သူ ၃ဝ၁ ဦးအား နစ်နာကြေးငွေပေးချေပြီး စုစုပေါင်းမှာ  ငွေကျပ်သိန်းပေါင်း ၈၅၆ ဒသမ ဝ၂သိန်း ဖြစ်ပါသည်။ ပြင်ဆင်တိုးမြှင့် သတ်မှတ်ထုတ်ပေးခဲ့သည့် နှုန်းထားများမှာ- 

 
သီးနှံအမည် (တစ်ပင်လျှင်)
ယခင်နှုန်းထား
ယခုပြင်ဆင်နှုန်းထား
သနပ်ခါးပင်
၉၆၈ ကျပ်
၅ဝဝဝ ကျပ်
ထန်းပင်
၁ဝဝဝဝကျပ်
၁၅ဝဝဝ ကျပ်
သရက်ပင်
၁၆ဝဝဝ ကျပ်
၂ဝဝဝဝ ကျပ်
ယိုးဒယားဆီးပင်
၅ဝဝဝ ကျပ်
၁ဝဝဝဝ ကျပ်


(၅)  ကော်မရှင်၏အစီရင်ခံစာတွင်  မပါရှိသော်လည်း  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့များ၏
 တင်ပြချက်အရစီမံကိန်းဧရိယာအတွင်းတူးဖော်ထားရှိခဲ့သည့်  ရေတွင်းများအား  လျော်ကြေးပေးရေး ဆောင် ရွက် လျက်ရှိရာ  ရွှေလှေ၊  ဝက်မှေး-ကံတော၊  ဇီးတော၊  ဖောင်းကား(တ) ကျေးရွာများမှ တောင်သူ ၁ဝဝ  ဦး၏ ရေတွင်းပေါင်း  ၁၆၁  တွင်းအား  ဒေသပေါက်ဈေးဖြင့်  တန်ဖိုး  ငွေကျပ် ၂၅၂ ဒသမ ၂၁  သိန်းအား ပေးလျော်နိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

(၆)  
စီမံကိန်းပတ်ဝန်းကျင်  မြေလွတ်၊  မြေလပ်များတွင်  စိုက်ပျိုးနိုင်သော မြေဖြစ်အောင် ဖော်ထုတ် ပြုပြင်၍  လယ်ယာမြေဆုံးရှုံးမှုများအတွက်  အစားထိုး ပြန်လည်ချထားပေးနိုင်ရေး  ဆောင်ရွက် လျက်ရှိရာ မြေလွတ်၊ မြေလပ် ၁၉ဝဝ ဧကသည် စီမံကိန်းဧရိယာ၏ အနောက်ဘက်  ခြောက်မိုင်ခန့် ကွာဝေးသော ဖိုလ်ဝင်တောင် ကြိုးဝိုင်းသစ်တောမြေအတွင်း ကွက်ကြား ကျန်ရှိသည့် ကျောက်ကုန်းမြေများ ဖြစ်နေသဖြင့် ပညာရှင်များဖြင့် မြေဆီလွှာ ကွင်းဆင်းလေ့လာ စမ်းသပ်မှုအရ  စိုက်ပျိုးမြေဖော်ထုတ်ရန်  မသင့်တော်ကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်၍ စိုက်ပျိုးမြေဖော်ထုတ်ပေးနိုင်ရေး ရှာဖွေဆောင်ရွက်ခဲ့ရာ  ဆားလင်းကြီးမြို့နှင့် ၁၇ မိုင်ခန့် ကွာဝေးသည့် ဘုတ်စုကျေးရွာအနီးတွင် မြေလွတ် ၁၄၅ ဧကအား ရှာဖွေတွေ့ရှိခဲ့ပြီး  ၄င်းမြေအနက်မှ  ငါးဧကအား  မြေဖြတ်ခြင်း၊  မြေထိုးခြင်း၊ အပေါ်ယံမြေဆီလွှာ ဖြည့်ခြင်းနှင့် မြေညှိ လုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်၍ ရေရရှိရေး ဆောင်ရွက်ပြီးပါက စပျစ်နှင့် နဂါးမောက်ပင်များ    စိုက်ပျိုးသွားမည် ဖြစ်ပါသည်။    ဒေသခံ တောင်သူများမှ ဖော်ထုတ်မြေယာများပေါ်တွင်  လာရောက်စိုက်ပျိုး လိုစိတ်များ ဖြစ်လာစေရေး  စိုက်ပျိုး ပြသသွားမည် ဖြစ်ပါသည်။  ထို့အပြင် သိမ်းဆည်းမြေယာများတွင် ပါဝင်သွားသော ကျေးရွာ ၂၆ ရွာမှ တောင်သူ  ၃၅  ဦးအား    မိတ္ထီလာ၊  ရမည်းသင်း၊  တပ်ကုန်း၊ နေပြည်တော် ဒေသများရှိ  စပျစ်၊  နဂါးမောက် စိုက်ပျိုးရေးခြံများနှင့် စီးပွားဖြစ် မွေးမြူရေး လုပ်ငန်းများသို့  ၁၆-၆-၂ဝ၁၃ ရက်နေ့တွင် လေ့လာရေး ခရီးစဉ်အဖြစ် ဆောင်ရွက်ပေးခဲ့ ပါသည်။

  (၇)  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့များ၏  တင်ပြချက်အရ စိုက်ပျိုးရေရရှိရေးအတွက် ဖောင်းကတာ
  ဆည် ပြုပြင်ပေးရန် လိုအပ်သော စက်ယန္တရားများနှင့် စက်သုံးဆီ ၈၃၅ ဂါလန်အား  ကူညီထောက်ပံ့ ပေးခဲ့ပါသည်။

(ခ)  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့သည်  ကြေးနီစီမံကိန်းကို အကောင်
 အထည်ဖော် ဆောင်ရွက်ရာ တွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုများနှင့်အညီ ဆောင်ရွက်စေခြင်း၊  ထိုသို့ ဆောင်ရွက်ရာတွင် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုစီးပွားဆိုင်ရာ သက်ရောက်မှု အကဲဖြတ် ဆန်းစစ်ခြင်း အစီရင်ခံစာ၊ ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှု စီမံချက်၊ လုပ်ငန်းခွင် ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်တို့ကို  စနစ်တကျရေးဆွဲပြီး  အကောင် အထည်ဖော်  ဆောင်ရွက်မှု အနေဖြင့်-

         
(၁)  စီမံကိန်း ဆောင်ရွက်ရာတွင် နိုင်ငံတကာ စံချိန်စံညွှန်း များနှင့်အညီ သဘာဝပတ်ဝန်းကျင်
 ထိန်းသိမ်းခြင်း လုပ်ငန်းများဖြစ်သည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အကဲဖြတ်မှု (Environmental Impact Assessment-EIA) နှင့် လူမှုဘဝအကဲဖြတ်မှု (Social Impact Assessment-SIA)  လုပ်ငန်းများအား သြစတြေးလျနိုင်ငံ အခြေစိုက် Knight Piesold Pty Ltd. နှင့်ဆောင်ရွက်လျက်ရှိရာ တည်ဆောက်ရေး ကာလတွင် ကျင့်သုံးရန် ပြုစုထားသည့် Construction Environmental and Social Management System(CESMS) မူကြမ်းအား  ရေးဆွဲပြီး ဖြစ်ပါသည်။ နိုင်ငံတကာ အသိအမှတ်ပြု ISO  လက်မှတ်သုံးစောင် ရရှိရေးအတွက်  SGS  (Societe Gene-ral  de  Survillance)နှင့်  ဆက်လက် ဆောင်ရွက်မည်ဖြစ်ပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူမှုဘဝအကဲဖြတ်မှု (Environmental and Social Impact Assessment-ESIA) အစီရင်ခံစာနှင့် လိုက်လျောညီထွေဖြစ်သည့် လုပ်ငန်းများကို    စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလနှင့်  ဆက်စပ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

    
  (၂)  စီမံကိန်းနယ်မြေအတွင်း  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြည်ရေး
 လုပ်ငန်းများ အတွက်  ဇုန်  (၃) ဇုန် ခွဲခြားပြီး ဆောင်ရွက်လျက်ရှိပါသည်။  ဇုန်(၁)  နယ်မြေဖြစ်သည့် စံပယ်တောင်၊  ကြေးစင်တောင်တို့ရှိ  စွန့်ပစ်မြေပုံများပေါ်တွင်  ပျမ်းမျှ အမြင့်သုံးပေရှိ တမာ၊ မဲဇလီ၊ ကုက္ကို စုစုပေါင်း ၂၅၂၈ဝ ပင်၊ ဒုန်းတောကျေးရွာအနီး  လမ်းဘေးဝဲယာတွင်  အပင်မျိုးစုံ  ၈၆ဝ  ပင်၊ ကံကုန်းလမ်းဆုံအနီးတွင် ၅ဝဝ ပင်နှင့် စွန့်ပစ်မြေပုံများ၏ ကမ်းပါးစောင်းများပေါ်တွင် မြေဆီလွှာ ထိန်း ပဲလေးတင်းတို့အား စိုက်ပျိုးပြီး ဖြစ်ပါသည်။ ဇုန်(၂) နယ်မြေ ဖြစ်သည့် စီမံကိန်း ဧရိယာအတွင်းဘက် ပေ  ၁ဝဝ  ပတ်လည်တွင်  အပင်  ၂၂ဝဝ  ပင်  စိုက်ပျိုးထားပြီး ဝက်မှေး-ကံတော ပျိုးဥယျာဉ်၌ တစ်သျူး ယူကလစ် ၂၂ဝဝဝ ပင်နှင့် မဲဇလီစေ့ ၃ဝဝဝဝ စေ့အား လည်းကောင်း၊ ဆည်တည်း-ဇီးတော ရွာသစ် ပျိုးဥယျာဉ်တွင် တစ်သျူး ယူကလစ် ပျိုးပင် ၃ဝဝဝဝ ပင်နှင့် မဲဇလီနှင့်ကုက္ကိုပင်  ၂ဝဝဝဝ  ပင် တို့အား  ပျိုးထောင်ထားရှိကာ ယခုနှစ်မိုးရာသီတွင် စိုက်ပျိုးသွားမည် ဖြစ်ပါသည်။ ဇုန် ၃ နယ်မြေ ဖြစ်သည့် သတ္တုတူးဖော်ခြင်း မပြုသော ချန်လှပ်တောင်ကုန်းများတွင် ကွန်တိုလိုင်းစနစ်ဖြင့် သစ်ပင်စိုက်ပျိုးရန် (၃၁x၂x၂ )ပေ အရွယ် ကျင်း ၁ဝဝ တူးခြင်း၊ မြေဆွေးထည့်ခြင်းများ ဆောင်ရွက်ပြီး အပင်များ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။

   
(၃)ဘေးမဲ့တောမြေဧရိယာ ၁၆ဝ ဧကတွင် ကျင်း ၂ဝ၁ဝ တူးပြီး အပင် ၁ဝဝဝစိုက်ပျိုးထား
  ပါသည်။ ရွှေသမင်များ ကျင်လည်စားသောက်ရန် နေရာသစ်များ ဖန်တီးပေးရန်အတွက် မြေဧရိယာ ၃၂ ဒသမ ဝ၉ ဧက လျာထား ဆောင်ရွက်လျက်ရှိရာ ရွှေသမင် ဘေးမဲ့တောဧရိယာ စိမ်းလန်း စိုပြည်ရေးအတွက်  စီမံကိန်း ပတ်ဝန်းကျင်တွင်  အပင်ပေါင်း ၈၆၁ ပင် ထပ်မံ စိုက်ပျိုးပြီး ဖြစ်ပါသည်။ နတ်ချစ်တောင်တွင်  ရွှေသမင်များအား ခြံလှောင်စနစ်ဖြင့် မွေးမြူရန်အတွက် ဧရိယာ နှစ်ဧကအား  Chain  Link ခြံစည်းရိုးခတ်ခြင်းလုပ်ငန်း  ဆောင်ရွက် လျက် ရှိပါသည်။

(၄)သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့သည် ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍
 ဒေသဖွံ့ဖြိုးရေး၊ ပြည်သူဗဟိုပြု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ  အသိပညာနှင့်  ဗဟုသုတများ ဖြန့်ဝေရေး၊ တရားဥပဒေ စိုးမိုးရေး ကိစ္စရပ်များကို  ဆွေးနွေးပွဲများ ပြုလုပ်ကာ လူထု၏ သဘောထားဆန္ဒ ခံယူခြင်းလုပ်ငန်းများကို ကျေးရွာများသို့ (၁၉) ကြိမ် ကွင်းဆင်း ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။

(ဂ)  လူမှုစီးပွားဆိုင်ရာ  အကောင်အထည်ဖော် ဆောင်ရွက်ရေး အဖွဲ့သည် ကြေးနီ စီမံကိန်းကို
 အကောင်အထည် ဖော်ခြင်းကြောင့် နိုင်ငံတော်တွင် စီးပွားရေးအရ  ရရှိသည့်အကျိုးအမြတ်ကို  ယခုထက်  ပိုမိုပြည့်ဝစွာ ရရှိစေရန် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် ဝမ်ပေါင်ကုမ္ပဏီတို့က တည်ဆဲဥပဒေ များနှင့်အညီ သတ္တုတွင်း ဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိရာ-

(၁) ၂ဝ၁၃  ခုနှစ်၊  ဇွန်လ၂၄  ရက်နေ့တွင်    သတ္တုတွင်းဝန်ကြီးဌာန၊ မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်၊
 မြန်မာဝမ်ပေါင် ကုမ္ပဏီလီမိတက်၊ ဘဏ္ဍာ ရေးနှင့် အခွန်ဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့် ပညာရှင်များ ပါဝင်သည့် ညှိနှိုင်းအစည်းအဝေး ပြုလုပ်၍ အကြံပြု ဆွေးနွေးချက် များဖြင့် အပြီးသတ် ညှိနှိုင်းရေးဆွဲခဲ့ပါသည်။  စာချုပ် မူကြမ်းအား ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ ဆက်လက်တင်ပြခဲ့ရာ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏  သဘောထား မှတ်ချက်များ ရရှိပြီးဖြစ်၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ ၈-၇-၂ဝ၁၃ ရက်နေ့တွင် တင်ပြထား ပါသည်။ လုပ်ထုံးလုပ်နည်း များနှင့်အညီ  ဆောင်ရွက်ပြီးပါက စာချုပ်ပါ အချက်အလက်များအား ပွင့်လင်းမြင်သာမှု ရှိစေရေး ဆက်လက် ထုတ်ပြန်သွားမည် ဖြစ်ပါသည်။

(၂)  စီးပွားရေး လုပ်ငန်းကြီးများ၏  လူမှုရေးတာဝန်ယူမှု  
Corporate Social    Responsibility(CSR)  လုပ်ငန်းများအား  စီမံကိန်း ဒေသအတွင်း ကျေးရွာများသို့ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်အတွက် ရန်ပုံငွေကျပ် ၁၃၆၁၄ သိန်း သတ်မှတ်ဆောင်ရွက် ပေးလျက်ရှိရာ ကျန်းမာရေး ကဏ္ဍတွင်  တိုက်နယ် ဆေးရုံတစ်ရုံ  ဆောက်လုပ်ရန် လုပ်ငန်း၊ ကျန်းမာရေး ထောက်ပံ့ခြင်းလုပ်ငန်း၊ အားကစားကွင်း တည်ဆောက် ပေးခြင်း လုပ်ငန်းများနှင့် သောက်သုံးရေရရှိရေး လုပ်ငန်းများအား လည်းကောင်း၊ ပညာရေးကဏ္ဍတွင် ကျေးရွာ ၃ဝ အတွက် စာကြည့်တိုက်နှင့် စာအုပ်စာတမ်း၊ ပရိဘောဂများ ဖြည့်ဆည်းပေးခြင်း လုပ်ငန်းနှင့် မူကြိုကျောင်းများ တည်ဆောက်ပေးခြင်း လုပ်ငန်းများ အားလည်းကောင်း၊ လူမှုရေးကဏ္ဍတွင် ကျေးရွာများ လျှပ်စစ်မီးလင်းရေး လုပ်ငန်းနှင့် ကျေးလက်လမ်းများ ပြုပြင်ခြင်း လုပ်ငန်းများအား လည်းကောင်း ဆောင်ရွက်ပေးလျက်ရှိပါသည်။ ၎င်းအပြင် ကျေးရွာသစ်များတွင်  မီးသတ်ယာဉ် နှစ်စီးနှင့်  ဖွင့်လှစ်သင်ကြား ပေးလျက် ရှိသည့် သင်တန်းများအတွက် ကွန်ပျူတာ ၁၅ လုံးနှင့် အပ်ချုပ်စက်  အလုံး  ၂ဝ  တို့အား  ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ပါသည်။

(၃)  ပြောင်းရွှေ့လာသော ကျေးရွာသစ်များတွင်  ဒုတိယဝန်ကြီးများ၊တိုင်းဒေသကြီးဝန်ကြီးများနှင့်
    ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့မှ ကိုယ်စားလှယ်များ တွေ့ဆုံညှိနှိုင်း၍ မိသားစု ငါးဦးအောက်အိမ်များအား မီးဖိုချောင်တိုးချဲ့ဆောက်လုပ်ပေးခြင်း၊ မိသားစုငါးဦးနှင့် အထက် အိမ်များအား အဆင်ပြေစွာ နေထိုင်နိုင်ရန် ရှေ့၊ နောက်၊ ဝဲ၊ ယာ အိမ်အဖီချခြင်းများ ဆောင်ရွက်ရာတွင် ဆည်တည်းရွာသစ်တွင် ကိုးလုံး၊ ဇီးတောရွာသစ်တွင် ခြောက်လုံး၊ ဝက်မှေးရွာသစ်တွင် ၂၉ လုံး၊ ကံတောရွာသစ်တွင် ၄၂ လုံးစုစုပေါင်း ၈၆ လုံးအား ဆောင်ရွက်ပေးခြင်း၊ လျှပ်စစ်မီးတိုင်များအား ကွန်ကရစ်တိုင်များဖြင့် လဲလှယ်စိုက်ထူ၍ လျှပ်စစ်မီးများ  သွယ်တန်းပေးခြင်း၊  ထရန်စဖော်မာ အသစ်များ  တိုးချဲ့တပ်ဆင်ပေးခြင်း၊  ရွာတွင်းလမ်းများ ဖောက်လုပ် ပေးခြင်း၊ ကျေးရွာချင်း ဆက်လမ်းများ ဖောက်လုပ်ပေးခြင်းတို့ ဆောင်ရွက် ပေးခဲ့ပါသည်။

(၄)  အခြေခံပညာ ကျောင်းများအတွက်  ပညာရေးဝန်ကြီးဌာန  အစီအစဉ် ဖြင့်
 အမက မိုးကြိုးပြင် (မြောက်)၊ အမကဝါးတန်း၊ အမက အောင်ချမ်းစီ၊ မူလွန်ကျောက်ဖြူတိုင်၊ မူလွန်ဖောင်းကား (မြောက်) နှင့် အမက ထန်းတောကြီး ကျေးရွာများအတွက် တည်ဆောက်ပြုပြင်ခြင်း လုပ်ငန်း များ ဆောင်ရွက်ပေးပြီး ဖြစ်ပါသည်။

(၅)  ဆေးရုံ၊    ဆေးပေးခန်းများအတွက်      ကျန်းမာရေးဝန်ကြီးဌာန အစီ အစဉ်ဖြင့် 
  တိုက်နယ်ဆေးရုံ တစ်ရုံ၊  ကျန်းမာရေးဌာနခွဲများအတွက်  ဆရာဝန်၊ သူနာပြုနှင့် ဆေးဝါးများ ဖွဲ့စည်းပုံအတိုင်း ရရှိရေး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

  (၆)  ဒုံးတောကျေးရွာအုပ်စု ကံကုန်းရွာရှိသောက်သုံးရေတွင်းမှ ဓာတ်ခွဲစမ်းသပ်ရာတွင်
  သောက်သုံးရန် မသင့်သည့်အတွက် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ လေးလက်မ အဝီစိတွင်း တစ်တွင်းနှင့် ဂါလန် ၅ဝဝဝ ဆံ့ ရေကန်တစ်ကန်၊ မြန်မာ-ယန်စီမှ အမေရိကန်ဒေါ်လာ ၇ဝဝဝ တန်ဖိုးရှိ ရေသန့်စက်နှစ်လုံးတို့အား ကျေးရွာအရှေ့ပိုင်းတွင် တပ်ဆင် လှူဒါန်းခဲ့ပါသည်။  ထပ်မံ၍  ဒေသခံရွာသားများမှ  ရွာအနောက်ပိုင်းနှင့် မြောက်ပိုင်းတွင် ရေသန့်ရရှိရန် တင်ပြချက်အပေါ် အက်စစ်စက်ရုံ တာဝန်ရှိသူများမှ မြေအောက် အနက်ပေ ၆ဝ၅ ပေအထိ စက်ရေတွင်း စမ်းသပ်တူးဖော်ခဲ့ရာ ရွှံ့မြေများသာ တွေ့ရှိရသည့်အတွက် မူလ အနက်ပေ ၁၇ဝ တွင် တွေ့ရှိခဲ့သော ရေကောင်းရရှိနိုင်သည့် ရေနမူနာ အားယူပြီး ကျန်းမာရေး ဦးစီးဌာန ဓာတ်ခွဲခန်းများတွင် ဓာတ်ခွဲစမ်းသပ် စေခဲ့ရာ သောက်သုံးရန် မသင့်ကြောင်း တွေ့ရှိရသဖြင့် မဖြစ်မနေ ရေပေးဝေရန် လိုအပ်ပါက ရွာအရှေ့ပိုင်းရှိ ရေသန့်စက်ရုံမှ ပိုက်သွယ် တန်း၍ ဖြန့်ဝေပေးနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

(၇)  အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးအတွက် ကွန်ပျူတာ သင်တန်းများကို
 သင်တန်းသား ၉ဝ ဦးဖြင့် ဝက်မှေး-ကံတော ကျေးရွာတွင် လည်းကောင်း၊   အခြေခံအိမ်တွင်းမှုသင်တန်းကို သင်တန်းသား ၈ဝဦး၊ အဆင့်မြင့် စက်ချုပ်သင်တန်းကို သင်တန်းသား ၂၆ ဦးနှင့် အထည်ချုပ်သင်တန်းကို သင်တန်းသား ၁၅ဝဦးတို့ဖြင့် ဆားလင်းကြီး အထည်ချုပ် စက်ရုံတွင် လည်းကောင်း ဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါသည်။ အထည်ချုပ် သုံးလ သင်တန်းအား ၃-၆-၂ဝ၁၃ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလအတွင်း တစ်ရက်လျှင် ငွေကျပ် ၂၇ဝဝ နှုန်းဖြင့် နေ့စား ဝန်ထမ်းအဖြစ် ခန့်အပ်ပေးခဲ့ပါသည်။ စီမံကိန်းလုပ်ငန်းများ အတွက် လုပ်ငန်းခွင် အင်ဂျင်နီယာ သင်တန်းသား ၁၂၅ ဦးကိုလည်း သင်တန်း ပြီးစီး၍ အလုပ်ခန့်ထားပေးပြီး ဖြစ်ပါသည်။ စုစုပေါင်း အလုပ်ခန့်ထား ပေးပြီး အင်အားမှာ ၁၁၈ဝ ဦး ဖြစ်ပြီး စီမံကိန်းလုပ်ငန်း တိုးမြှင့်ဆောင်ရွက်ပါက ၁၃ဝဝ ဦးခန့်အား တစ်နှစ် အတွင်း ထပ်မံတိုးမြှင့် ခန့်ထားပေးသွားမည် ဖြစ်ပါသည်။


(၈)  ဆာလဖျူရစ် အက်စစ်စက်ရုံ  တည်ဆောက်မှုအားလုပ်ထုံး လုပ်နည်းနှင့်အညီစက်မှုဝန်ကြီးဌာန၏
  ခွင့်ပြုမိန့် ရယူခြင်းအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးရှိ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန တို့မှ လာရောက်စစ်ဆေးပြီး ဖြစ်သဖြင့် စက်မှုဝန်ကြီးဌာန၏ ခွင့်ပြုမိန့်ရရှိရေး ဆောင်ရွက်လျက် ရှိပါသည်။  ပတ်ဝန်းကျင်ထိန်းသိမ်းမှု ကာကွယ်ရန်  ISO လက်မှတ်ရယူ ဆောင်ရွက်ရေးအတွက် UK အခြေစိုက်စင်ကာပူ ရုံးခွဲ၏ လက်အောက်ခံဖြစ်သော GIC (Guardian  Independent  Certification) Myanmar Co.,Ltd. နှင့် ၈-၅-၂ဝ၁၃ ရက်နေ့တွင် စာချုပ် ချုပ်ဆို၍ ဆောင်ရွက်လျက်ရှိပါသည်။

(ဃ)သာသနိက အဆောက်အအုံများ ရွှေ့ပြောင်းခြင်းနှင့် ပြန်လည်တည် ဆောက်ခြင်း 
အဖွဲ့သည် ဒေသခံလူထု အရေးကြီး တန်ဖိုးထားသည့်    သာသနိက အဆောက်အအုံများကိစ္စအား    အများကြည်ညို လေးစားသော ဆရာတော် အရှင်မြတ်များ၏  သြဝါဒခံယူ၍ လည်းကောင်း၊ ဒေသခံပြည်သူ များ၏ ဆန္ဒသဘောထားကို ထည့်သွင်းစဉ်းစား၍ လည်းကောင်း၊ ရေရှည်အကျိုး ဖြစ်ထွန်းနိုင်သည့် လက်တွေ့ အကောင်အထည်ဖော် နိုင်စွမ်းရှိသော    နည်းလမ်းကို  ရှာဖွေဆောင်ရွက်ပေးရန်ဟု ပါရှိသည့်    စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အကြံပြုချက်အတိုင်း လက်ပံတောင်းတောင်ကြား တောရ စင်္ကြံကျောင်း မြေနေရာနှင့် ဗုဒ္ဓသာသနိက အဆောက်အအုံများကို လက်ရှိ အနေအထားအတိုင်း အခြားသင့်တော်မည့် နေရာတစ်ခုခုသို့ ပြောင်းရွှေ့ တည်ဆောက်ပေးရေးအတွက်  တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Stragha  Evolution  Building    Shift Engineering  Co.,Ltd. မှ ပညာရှင်များဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ပတ်ဝန်းကျင် ဒေသခံများ ကိုးကွယ်ယုံကြည်မှုကို အလေးထားသောအားဖြင့် ၄င်းတို့၏ဆန္ဒအရ ကျော်ရွာအနီး နတ်နန်းသုံးခုကို ပြောင်းရွှေ့ဆောက်လုပ်ပေးခဲ့ပြီး နတ်နန်းအပ်ပွဲနှင့် နတ်ကြီးစားတော်ဆက်ပွဲ များကိုပါ ကျင်းပပြုလုပ်ပေးခဲ့ပါသည်။

၃။ကော်မတီသည် စုံစမ်းစစ်ဆေးရေးအစီရင်ခံစာပါ အကြံပြုချက်များအတိုင်း ဒေသခံ
 ပြည်သူများ၏ အကျိုးစီးပွားကို ဆက်လက်ဖြည့်ဆည်းသွားနိုင်ရန် လုပ်ငန်းအဖွဲ့လေးဖွဲ့ ဖွဲ့စည်း၍ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်၏အနီးကပ်ကြီးကြပ်မှုဖြင့်တိုင်းဒသကြီးဝန်ကြီးများသည်  နေ့စဉ် ကျေးရွာများသို့စီမံကိန်းဝန်းကျင်ကွင်းဆင်းကာ   ကျေးရွာများမှ  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့များနှင့်အတူ  အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပြီး  တိုးတက်မှုများအား အခါအားလျော်စွာ ဆက်လက်၍ သတင်း ထုတ်ပြန်သွားမည် ဖြစ်ပါသည်။



လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့်ပတ်သက်သည့်
စုံစမ်းစစ်ဆေးရေးအစီရင်ခံစာအပေါ်
အကောင်အထည်ဖော်ဆောင်ရွက်မည့် ကော်မတီ
၂ဝ၁၃ ခုနှစ်၊ ဇူလိုင်လ  ၈ ရ က်       

----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ

 

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ ပြဋ္ဌာန်း
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ
(၂ဝ၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၉။)
၁၃၇၃ ခုနှစ်၊ တန်ခူးလဆန်း    ရက်
(၂ဝ၁၂ ခုနှစ်၊ မတ်လ ၃ဝ ရက်)


ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း(၁)
အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်


၁။ဤဥပဒေကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်  သက်ရောက် စေရမည်-

(က)ပတ်ဝန်းကျင် ဆိုသည်မှာ မြေထု၊ ရေထု၊ လေထု၊ ရာသီဥတု၊ အသံ၊ အနံ့၊ အရသာတို့ ပါဝင်သည့် လူသားတို့ဝန်းကျင်ရှိ ရုပ်ပိုင်းဆိုင်ရာ အကြောင်းအချက်များကိုလည်းကောင်း၊ တိရိစ္ဆာန်နှင့် အပင် အမျိုးမျိုးတို့၏ သက်ရှိဇီဝဆိုင်ရာ အကြောင်းအချက်များကိုလည်း ကောင်း၊ သမိုင်း၊ ယဉ်ကျေးမှု၊ လူမှုရေးနှင့် ပသာဒ အလှအပဆိုင်ရာ အကြောင်းအချက် များကို လည်းကောင်း ဆိုသည်။

(ခ) ပတ်ဝန်းကျင်အရည်အသွေး ဆိုသည်မှာ သဘာဝနှင့်လူသားများ ရေရှည်တည်တံ့ရေး အကျိုးငှာ တိရိစ္ဆာန်၊ အပင်နှင့် သဘာဝသယံဇာတ အရင်းအမြစ်များအပြင် လူတို့ဖန်တီး ပြုလုပ်ထားသော ပစ္စည်းများ ပါဝင်သည့် သဘာဝ၏ ဟန်ချက်ညီမှုကို ဆိုသည်။

(ဂ) ပတ်ဝန်းကျင် အရည်အသွေးစံချိန်စံညွှန်း ဆိုသည်မှာ ပတ်ဝန်းကျင် အရည်အသွေး တိုးတက်ရေးနှင့် ထိန်းသိမ်းရေးအလို့ငှာ ပတ်ဝန်းကျင် ဆိုင်ရာ အခြေအနေများအတွက် ယေဘုယျအရည်အသွေး သတ်မှတ်ချက်ကို ဆိုသည်။

(ဃ)ပတ်ဝန်းကျင်ဆိုင်ရာ စိစစ်မှု ဆိုသည်မှာ အောက်ပါတို့ကို သတ်မှတ်ရန် အချိန်ကာလ အပိုင်းအခြားအလိုက် စနစ်တကျ မှတ်တမ်းပြုလုပ်၍ ဓမ္မဓိဌာန်ကျကျ အကဲဖြတ်ခြင်းကို ဆိုသည်-

(၁)
ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကွပ်ကဲမှုဆိုင်ရာ လိုအပ်ချက်များနှင့် ကိုက်ညီမှု အခြေအနေ၊
 
(၂)
ပတ်ဝန်းကျင်စီမံခန့်ခွဲမှုစနစ်၊

(၃)အဆောက်အအုံ၊ မြေနေရာနှင့် ဥပစာများတွင် ဖြစ်နိုင်သော ပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်အမျိုးမျိုး။

(င )ညစ်ညမ်းမှု ဆိုသည်မှာ ပတ်ဝန်းကျင်ကို အကျိုးရှိစွာ အသုံးပြုခြင်းအား ထိခိုက်စေရန်သော် လည်းကောင်း၊ အများပြည်သူ၏ ကျန်းမာရေး၊ အန္တရာယ်ကင်းရှင်းရေး သို့မဟုတ် အကျိုးဖြစ်ထွန်းရေးကို ဖြစ်စေ၊ တိရိစ္ဆာန်နှင့်အပင်များကိုဖြစ်စေ ထိခိုက်စေရန်သော်လည်း ကောင်း၊ ဤဥပဒေအရ ထုတ်ပေးထားသော ကြိုတင်ခွင့်ပြုချက်ပါ စည်းကမ်းချက်၊ ကန့်သတ်ချက် သို့မဟုတ် တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်၍ သော်လည်းကောင်း ပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်ရှိပစ္စည်းများ၊ ညစ်ညမ်းပစ္စည်းများ သို့မဟုတ် စွန့်ပစ်ပစ္စည်းများကို စွန့်ပစ်ခြင်း၊ ထုတ်လွှတ်ခြင်း သို့မဟုတ် စုပုံခြင်းဖြင့် မြေထု၊ ရေထု၊ လေထုအပါအဝင် ပတ်ဝန်းကျင် အစိတ်အပိုင်းတစ်ရပ်ရပ်၏ ရုပ်ပိုင်းဆိုင်ရာ၊ အပူဓာတ် ဆိုင်ရာ၊ ဓာတုဆိုင်ရာ သို့မဟုတ် သက်ရှိဇီဝဆိုင်ရာ ဂုဏ်သတင်းများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ပြောင်းလဲစေမှု၊ သက်ရောက်စေမှု တစ်ရပ်ရပ်ကို ဆိုသည်။

 (စ)အသံညစ်ညမ်းမှု ဆိုသည်မှာ စိတ်အနှောင့်အယှက် ဖြစ်စေသော၊ ပင်ပန်းနွမ်းနယ်မှု ဖြစ်စေသော၊ အကြားအာရုံ ဆုံးရှုံးမှုဖြစ်ပေါ်စေသော သို့မဟုတ် အခြားအသံခံစားမှုကို အနှောင့်အယှက် ဖြစ်စေသော အသံအတိုင်းအတာ တစ်ရပ်ဖြစ်ပေါ်နေမှုကို ဆိုသည်။

(ဆ) ညစ်ညမ်းပစ္စည်း ဆိုသည်မှာ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပတ်ဝန်းကျင် အစိတ်အပိုင်း သို့မဟုတ် အခြေခံတစ်ရပ်ရပ်ကို အကျိုးရှိစွာ အသုံးပြုခြင်းအား ထိခိုက်စေရန် အရည်အသွေး ပြောင်းလဲစေသည့် သို့မဟုတ် ကျန်းမာရေးကို ဘေးအန္တရာယ်ဖြစ်သည့် သို့မဟုတ် ဖြစ်စေနိုင်သည့် သို့မဟုတ် ညစ်ညမ်းမှုကို ဖြစ်စေနိုင်သည့် အစိုင်အခဲ၊ အရည် သို့မဟုတ် အခိုးအငွေ့ကို ဆိုလိုသည်။

(ဇ) စွန့်ပစ်ပစ္စည်းဆိုရာတွင် ပတ်ဝန်းကျင်၌ ညစ်ညမ်းမှုကို ဖြစ်ပေါ်စေသော ပစ္စည်းပမာဏ၊ ဖွဲ့စည်းမှု သို့မဟုတ် နည်းလမ်းတစ်ရပ်ရပ်ဖြင့် ပတ်ဝန်းကျင်တွင် စွန့်ပစ်သည့်၊ ထုတ်လွှတ်သည့် သို့မဟုတ် စုပုံသည့် ရေဒီယိုသတ္တိကြွပစ္စည်း အပါအဝင် အစိုင်အခဲ၊ အရည်၊ အခိုးအငွေ့အပြင် ဤဥပဒေနှင့်အညီ စွန့်ပစ်ပစ္စည်းဖြစ်သည်ဟု သတ်မှတ်ထား သော အရာတစ်ခုခုလည်း ပါဝင်သည်။

(ဈ)ဘေးအန္တရာယ်ရှိပစ္စည်းဆိုသည်မှာ ဓာတုပစ္စည်း ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ လူ၊ တိရိစ္ဆာန်၊ အပင်၊ ပစ္စည်း သို့မဟုတ် ပတ်ဝန်းကျင်ကို  အန္တရာယ်ဖြစ်စေနိုင်သည့် ပေါက်ကွဲ စေတတ်သောပစ္စည်း၊ ဇီဝလက်နက် အဖြစ် ဖန်တီးအသုံးပြုနိုင်သောပစ္စည်း၊ နျူကလီးယား လက်နက်အဖြစ် အသုံးပြုနိုင်သောပစ္စည်း၊ မီးလောင်စေတတ်သော ပစ္စည်း၊ အောက်ဆီဂျင် ဖြင့် ဓာတ်ပြုစေတတ်သောပစ္စည်း၊ အဆိပ်အတောက်ဖြစ်စေ တတ်သော ပစ္စည်း၊ ရောဂါဖြစ်ပွားစေတတ်သော ပစ္စည်း၊ ရေဒီယို သတ္တိကြွပစ္စည်း၊ မျိုးရိုးဗီဇ ပြောင်းလဲစေတတ်သော ပစ္စည်း၊ စားလောင်စေတတ်သောပစ္စည်း၊ ယားယံရောင်ရမ်းစေခြင်း အပါအဝင် ကျန်းမာရေး ကို ထိခိုက်စေတတ်သောပစ္စည်း သို့မဟုတ် အရာဝတ္ထုကို ဆိုသည်။

(ည) အကျိုးရှိစွာ အသုံးပြုခြင်း ဆိုသည်မှာ အများပြည်သူ၏ ကျန်းမာရေး၊ အန္တရာယ်ကင်းရှင်းရေး သို့မဟုတ် အကျိုးဖြစ်ထွန်းရေးကို ဖြစ်ပေါ်စေနိုင်ရန် စွန့်ပစ်ပစ္စည်းများ၊ အညစ်အကြေးများ၊ ထုတ်လွှတ်ပစ္စည်းများနှင့် စုပုံပစ္စည်းများ၏ ဆိုးကျိုးသက်ရောက်မှုမှ လိုအပ်သော ကာကွယ်မှုများ ပြုလုပ်၍ ပတ်ဝန်းကျင်ကိုဖြစ်စေ၊ ပတ်ဝန်းကျင် အခြေခံတစ်ရပ်ရပ်ကို ဖြစ်စေ၊ အစိတ်အပိုင်း တစ်ရပ်ရပ်ကိုဖြစ်စေ အသုံးပြုခြင်းကိုဆိုသည်။

(ဋ)ပိုမိုသန့်ရှင်းစွာ ထုတ်လုပ်မှု ဆိုသည်မှာ သယံဇာတအရင်းအမြစ် အသုံးချမှု ပိုမိုထိရောက်စေ ရေး၊ စွန့်ပစ်ပစ္စည်း၊ ရေဆိုးနှင့် ထုတ်လွှတ်အခိုးအငွေ့များ အနည်းဆုံးဖြစ်စေရေး၊ ကောင်းမွန် သန့်ရှင်းသော သဘာဝနှင့် လူ့ပတ်ဝန်းကျင်ကို ထိန်းသိမ်းထားရှိရေး တို့အတွက် ထုတ်လုပ်မှု လုပ်ငန်းစဉ်များ၊ ထုတ်လုပ်သည့်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ပတ်ဝန်း ကျင် ထိန်းသိမ်းရေးဆိုင်ရာ ဘက်စုံမဟာဗျူဟာများဖြင့် စဉ်ဆက်မပြတ် အသုံးချ ဆောင်ရွက်ခြင်းကိုဆိုသည်။ 

(ဌ )ထိန်းချုပ်ရေးပစ္စည်းကိရိယာ ဆိုရာတွင် အောက်ပါတို့ ပါဝင်သည်-

      (၁) စွန့်ပစ်ပစ္စည်းသိမ်းဆည်းသည့် ကိရိယာတန်ဆာပလာတစ်ခုခု၊

     (၂) ပစ္စည်းကိရိယာတစ်ခုခုကို ပိုမိုထိရောက်စွာ လုပ်ကိုင်နိုင်ရေးအတွက် အသုံးပြုနိုင်
          သည့်  အလိုအလျောက် ကိရိယာတစ်ခုခု၊ 

   (၃) ညစ်ညမ်းမှုက ညွှန်ပြသည့်၊ မှတ်တမ်းတင်သည့် သို့မဟုတ် အလွန်အမင်း ညစ်ညမ်းမှုကို 
         သတိပေး အချက်ပြသည့် ကိရိယာ တစ်ခုခု၊ 

 (၄) ညစ်ညမ်းမှုကို ကန့်သတ်ရန်အလို့ငှာ အသုံးပြုသည့် အခြားကိရိယာသို့မဟုတ်
        အထောက်အကူပြုသည့် ပစ္စည်း တစ်ခုခု။

(ဍ )ဂေဟစနစ် ဆိုသည်မှာ သက်ရှိသတ္တဝါများ၊ သက်မဲ့ရုပ်ဝတ္ထုထုများနှင့် အပင်များ သဟဇာတ ဖြစ်လျက် တည်ရှိနေသည့် သဘာဝစနစ်နှင့် ယင်းစနစ်ကြောင့် ဖြစ်ပေါ်ပြောင်းလဲနေသော သဘာဝပတ်ဝန်းကျင်ကို ဆိုသည်။

(ဎ )ပိုင်ရှင် ဆိုသည်မှာ အဆောက်အအုံ၊ မြေနေရာ သို့မဟုတ် ယာဉ်တစ်မျိုးမျိုးကို ပိုင်ဆိုင်သူ၊ လုပ်ငန်းရှင်၊ တာဝန်ခံ လုပ်ကိုင်ဆောင်ရွက်သူ၊ အငှားချသူ သို့မဟုတ် ပစ္စည်းထိန်း သော်လည်းကောင်း၊ ယင်းပုဂ္ဂိုလ် တစ်ဦးဦး၏ အမွေဆက်ခံသူ၊ ယုံမှတ်အပ်နှံခံရသူ သို့မဟုတ် ကိုယ်စားလှယ်သော်လည်းကောင်း ဆိုသည်။

(ဏ) လက်ရှိဖြစ်သူ ဆိုသည်မှာ အဆောက်အအုံ၊ မြေနေရာတစ်ခုခုကို သော်လည်းကောင်း၊ ယင်း၏ အစိတ်အပိုင်း တစ်ခုခု ကိုသော်လည်းကောင်း၊ ယာဉ်တစ်မျိုးမျိုးကိုသော်လည်း ကောင်း လက်ရှိဖြစ်သူ သို့မဟုတ် ကြီးကြပ် ကွပ်ကဲသူတစ်ဦးဦးကို ဆိုသည်။

(တ)သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရေးပေါ်အခြေအနေ ဆိုသည်မှာ သဘာဝအလျောက် ဖြစ်စေ၊ လူတို့၏ ပြုလုပ်မှုကြောင့်ဖြစ်စေ ပေါ်ပေါက်လာသည့် ဘေးအန္တရာယ် သို့မဟုတ် ညစ်ညမ်းမှုကို ချက်ချင်းအရေးယူ ဆောင်ရွက်ခြင်း မပြုပါက အများပြည်သူအား ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကို သော်လည်းကောင်း၊ ပတ်ဝန်းကျင်နှင့် ဂေဟစနစ် ကိုသော်လည်းကောင်း ထိပါးစေနိုင်သည့် အခြေအနေကို ဆိုသည်။

(ထ)ကော်မတီ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီကို  ဆိုသည်။

( ဒ) ဝန်ကြီးဌာန ဆိုသည်မှာ ပတ်ဝန်းကျင်ရေးရာကိစ္စရပ်များကို ဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရအဖွဲ့က တာဝန်ပေး အပ်သည့် ပြည်ထောင်စု ဝန်ကြီးဌာနကို ဆိုသည်။

(ဓ ) ဦးစီးဌာန ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသည့် သက်ဆိုင်ရာ ဦးစီးဌာနကိုဆိုသည်။

အခန်း(၂)

ရည်ရွယ်ချက်များ

၃။ဤဥပဒေ၏ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က)
မြန်မာနိုင်ငံ အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒကို အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန်၊

(ခ)

စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာကိစ္စရပ်များ စနစ်တ ကျ ပေါင်းစပ်ဆောင်ရွက်ရန် အလို့ငှာ အခြေခံမူများ ချမှတ်နိုင်ရန်နှင့် လမ်းညွှန်မှုများပြုနိုင်ရန်၊

( ဂ)

ပစ္စုပ္ပန်နှင့် အနာဂတ်မျိုးဆက်များ၏ အကျိုးအတွက် ကောင်းမွန်ပြီး သန့်ရှင်းသည့် ပတ်ဝန်းကျင်ဖြစ်ပေါ်လာစေရန်နှင့် သဘာဝ နှင့် ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့် ရှောက်နိုင်ရန်၊

      (ဃ) ဆုတ်ယုတ် ပျောက်ကွယ်စဖြစ်နေသော ဂေဟစနစ်များကို ဖြစ်နိုင်သမျှ ပြန်လည် ဖော်ထုတ်ရန်၊

      (င) သဘာဝ သယံဇာတအရင်းအမြစ်များ လျော့နည်းဆုံးရှုံးမှုကို တားဆီးရေးနှင့် 
          စဉ်ဆက်မပြတ် အကျိုးရှိစွာ အသုံးပြုနိုင်ရေး အတွက် စီမံ ဆောင်ရွက်နိုင်ရန်၊   

    (စ)    ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိအမြင်ပြန့်ပွားရေးအတွက် ပညာပေးရေးနှင့်
         ပညာ  သင်ကြားရေး အစီအစဉ်များကို အများပြည်သူတို့ သိရှိပြီး ပူးပေါင်းပါဝင်မှု
         ပိုမိုတိုးတက်  လာစေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်၊ 

   (ဆ) ပတ်ဝန်းကျင်ရေးရာ ကိစ္စရပ်များတွင် အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာနှင့်
         နိုင်ငံအချင်းချင်း ပူးပေါင်း ဆောင်ရွက် မှုကို မြှင့်တင်နိုင်ရန်၊ 

  (ဇ) ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များကို အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်း၊ အပြည်ပြည် ဆိုင်ရာအဖွဲ့အစည်း၊ အစိုးရမဟုတ်သော အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်တို့ ပူးပေါင်း ဆောင်ရွက်နိုင်ရန်။   

အခန်း (၃)
ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီဖွဲ့စည်းခြင်း

(၄)   (က)   ပြည်ထောင်စု အစိုးရအဖွဲ့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ 
                ပတ်ဝန်းကျင်  ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရေး အတွက် 
                ပတ်ဝန်းကျင်  ထိန်းသိမ်းရေးကော်မတီကို ပြည်ထောင်စုအစိုးရအဖွဲ့က 
                တာဝန်ပေး  သည့် ပြည်ထောင်စုဝန်ကြီး ဌာန ပြည်ထောင်စု 
                ဝန်ကြီးက  ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး သင့်လျော်သောအဖွဲ့ဝင်များဖြင့် ဖွဲ့စည်းရ မည်။

      (ခ)    အဖွဲ့ကိုဖွဲ့စည်းရာတွင် အဖွဲ့ဝင်များအနက်မှ ဒုတိယဥကဋ္ဌ၊ အတွင်းရေးမှူးနှင့်
              တွဲဖက်အတွင်း ရေးမှူး တို့ကို သတ်မှတ်တာဝန်ပေးရမည်။

      (ဂ)   ပြည်ထောင်စုအစိုးရအဖွဲ့သည် ကော်မတီကို ပြင်ဆင်ဖွဲ့စည်းနိုင်သည်။

(၅) ပြည်ထောင်စုအစိုးရအဖွဲ့သည်ဤဥပဒေပါရည်ရွယ်ချက်များကိုအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ကော်မတီ၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ပြဋ္ဌာန်းပေးရမည်။

၆။ကော်မတီ၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-

       (က) ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ပညာပေးစည်းရုံးမှုများနှင့် လှုပ်ရှားမှုများ ဆောင်ရွက် ခြင်း၊

       (ခ)  ကျောင်းသင်ခန်းစာများတွင်ပါဝင်သော ပတ်ဝန်းကျင်ထိန်းသိမ်းရေး သင်ခန်းစာများကို
             သက်ဆိုင်ရာဌာန များနှင့် ပေါင်းစပ်ညှိနှိုင်းပြီးလိုအပ်သလို
              ပြင်ဆင်ဖြည့်စွက်နိုင်ရန်  အကြံပြု ခြင်း၊ 

        (ဂ)  ပြည်တွင်းပြည်ပမှ အလှူငွေ၊ ထောက်ပံ့ငွေ၊ ပစ္စည်းများနှင့် နည်းပညာဆိုင်ရာ 
              အကူ အညီများ လက်ခံရယူခြင်း၊ ယင်းငွေနှင့် ပစ္စည်းများ၊ နည်းပညာများကို 
              ပတ်ဝန်းကျင်  ထိန်းသိမ်းရေး လုပ်ငန်းများတွင် လိုအပ်သလို စီမံခန့်ခွဲအသုံးပြုခြင်း၊

         (ဃ) သက်ဆိုင်ရာအစိုးရဌာနများ၊ အဖွဲ့အစည်းများသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ
                သင့်လျော်သည့် အကြံပြုချက်များနှင့် တိုက်တွန်းချက်များ ပေးပို့ခြင်း၊

         (င)    ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် မြှင့်တင်ရေးတို့အတွက်လိုအပ်သောအဆိုပြုချက်နှင့်
                 အကြံပြုချက်များကို သက်ဆိုင်ရာ အစိုးရဌာန၊  အဖွဲ့အစည်းများထံမှ တောင်းခံခြင်း၊

         (စ)   ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်လျှင်သော်လည်းကောင်း၊ထိခိုက်ပျက်စီး
                 နိုင်သော အခြေအနေများ ဖြစ်ပေါ်လျှင်သော်လည်းကောင်း၊ သက်ဆိုင်ရာ အစိုးရဌာန၊
                 အဖွဲ့ အစည်းများအား တားမြစ်ခြင်းနှင့်  လိုအပ်ပါက ပြည်ထောင်စုအစိုးရ အဖွဲ့သို့
                 မူဝါဒတောင်းခံ ခြင်း၊ 

         (ဆ)  ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်မြှင့်တင်ရေးအတွက် မြန်မာနိုင်ငံအမျိုးသားပတ်ဝန်းကျင်
                 ရေးရာ မူဝါဒများနှင့် အခြားပတ်ဝန်း ကျင်  ဆိုင်ရာမူဝါဒများကို ပြည်ထောင်စုအစိုးရ 
                 အဖွဲ့၏ အတည်ပြုချက်ဖြင့် ချမှတ်ဆောင်ရွက်ခြင်း။ 

အခန်း(၄)
ဝန်ကြီးဌာန၏ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ တာဝန်နှင့် လုပ်ပိုင်ခွင့်များ

၇။ဝန်ကြီးဌာန၏ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာတာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်း ဖြစ်သည်-

          (က) ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာမူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊

           (ခ)  ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ နိုင်ငံတစ်ဝန်းလုံးနှင့်ဆိုင်သောလုပ်ငန်း
                  အစီအစဉ်များကို လည်းကောင်း ၊ ဒေသဆိုင်ရာ  လုပ်ငန်းအစီအစဉ်များကိုလည်းကောင်း
                  ရေးဆွဲချမှတ်ခြင်း၊

          (ဂ)  ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် မြှင့်တင်ရေးတို့ အတွက်လည်းကောင်း၊ ပတ်ဝန်းကျင်တွင်
                ညစ်ညမ်းမှု မဖြစ်စေရန် ကာကွယ်ရေး၊  ထိန်းချုပ်ရေးနှင့် လျော့နည်းပပျောက်ရေး 
                တို့အတွက် လည်းကောင်း အစီအစဉ်များကို ချမှတ်ခြင်း၊ ဆောင်ရွက်ခြင်းနှင့် 
                စစ်ဆေး ကြပ်မတ်ခြင်း၊ 

         (ဃ)  ပတ်ဝန်းကျင်အရည်အသွေး ထိန်းသိမ်းရေးနှင့် မြှင့်တင်ရေးတို့အတွက်ထုတ်လွှတ်
                  အခိုးအငွေ့များ၊ စွန့်ထုတ်အရည်များနှင့် စွန့်ထုတ်အစိုင်အခဲများ၊ ကုန်ထုတ်လုပ်မှု
                  နည်းလမ်း များ၊ လုပ်ငန်းစဉ်များနှင့် ထွက်ကုန်များ၏ စံချိန်စံညွှန်းများအပါအဝင်
                   ပတ်ဝန်းကျင် အရည်အသွေး စံချိန်စံညွှန်းများ သတ်မှတ်ခြင်း၊

        (င)    ပတ်ဝန်းကျင်နှင့်စပ်လျဉ်းသည့် ဥပဒေရေးရာကိစ္စရပ်များ၊ လမ်းညွှန်ချက်များအပြင်
                 စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပတ်ဝန်းကျင် ထိခိုက်မှုမရှိစေသော  သို့မဟုတ်
                 ပတ်ဝန်း ကျင်ထိခိုက်မှု အနည်းဆုံး ဖြစ်စေသော စီးပွားရေးဆိုင်ရာဆွဲဆောင်မှု နည်းလမ်း
                 များနှင့် စည်းကမ်းချက်များအတွက် အဆိုပြုချက်များကို ကော်မတီသို့တင်ပြခြင်း၊ 

         (စ)   ပတ်ဝန်းကျင်ဆိုင်ရာ အငြင်းပွားမှုများ ဖြေရှင်းရန် အထောက်အကူပေးခြင်းနှင့်
               လိုအပ်ပါက ယင်းအငြင်းပွားမှုများကို ညှိနှိုင်းပေး ရန် အဖွဲ့အစည်းများ ဖွဲ့စည်းခြင်း၊ 

         (ဆ)  စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ဓာတ်သတ္တုတူးဖော် ထုတ်လုပ်ရေးလုပ်ငန်း၊
                အညစ်အကြေး စွန့်ပစ်ရေး လုပ်ငန်းနှင့်  အခြားလုပ်ငန်းများ ဆောင်ရွက်ရာတွင်ဓာတုပစ္စည်း
               သို့မဟုတ် အခြားဘေးအန္တရာယ်ရှိသည့် ပစ္စည်းများထုတ်လုပ်သုံးစွဲရာမှ ထွက်ရှိလာနိုင်သော
                စွန့်ပစ်သည့် ဘေးအန္တရာယ်ရှိပစ္စည်း၏ အမျိုးအစားနှင့်အတန်းအစားများကိုသတ်မှတ်ခြင်း၊
        
         (ဇ)  ပတ်ဝန်းကျင်ကို လက်ငင်း၊ ရေတိုရေရှည်တွင် သိသာထင်ရှားစွာထိခိုက်စေနိုင်သော
                 ဘေးအန္တရာယ်ရှိ ပစ္စည်း အမျိုးအစားများ သတ်မှတ်ခြင်း၊  

        (ည) စက်မှုနယ်မြေများနှင့် အခြားလိုအပ်သောနေရာ၊ အဆောက်အအုံများတွင်
               စွန့်ပစ်ရေ သန့်စင်မှုဆိုင်ရာ စည်းကမ်းများ သတ်မှတ်ခြင်း၊ စက်၊ ယာဉ်၊ 
               ယန္တရားများက ထုတ်လွှတ်မှု ဆိုင်ရာ စည်းကမ်းများ သတ်မှတ်ခြင်း၊ 

        (ဋ)    ပတ်ဝန်းကျင်ရေးရာနှင့်သက်ဆိုင်သော အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာ၊နိုင်ငံအချင်းချင်း
                 သဘောတူညီချက်များ၊ စာချုပ်စာတမ်းများ၊ အစီအစဉ် များနှင့်စပ်လျဉ်း၍ညှိနှိုင်းဆွေး
                 နွေးခြင်း၊ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းနှင့်အကောင် အထည် ဖော်ဆောင်ရွက်ခြင်း၊ 
                    
       (ဌ)     ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင် အရည်အသွေး မြှင့်တင်ရေး တို့အတွက်
                 မြန်မာနိုင်ငံက လက်ခံထားသည့် အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာ၊ နိုင်ငံအချင်းချင်း
                  သဘောတူညီချက်များကို ပြည်ထောင်စုအစိုးရ အဖွဲ့ကဖြစ်စေ၊ ကော်မတီကဖြစ်စေ
                   ချမှတ်သည့် လမ်းညွှန်ချက် များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊

       (ဍ)    အစိုးရဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးက ပြုလုပ်မည့်စီမံချက်  သို့မဟုတ်
               လုပ်ဆောင်မှုသည် ပတ်ဝန်းကျင်ကို သိသာထင်ရှားစွာ ထိခိုက်စေနိုင်ခြင်း ရှိ၊ မရှိနှင့်
               စပ်လျဉ်း၍ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်သည့် စနစ်နှင့် လူမှုရေးအရ ထိခိုက်မှု
               ဆန်းစစ်သည့် စနစ်တစ်ရပ်ကို ချမှတ်ဆောင်ရွက်စေခြင်း၊

      (ဎ)    အိုဇုန်းလွှာကာကွယ်ရေး၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး၊ အဏ္ဏဝါ ကမ်းခြေ ပတ်ဝန်းကျင်
               ထိန်းသိမ်းရေး၊ ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတု  ပြောင်းလဲဖောက်ပြန်မှုကိုလျှော့ချရေးနှင့်
               လိုက်လျောညီထွေရှိရေး၊ သဲကန္တာရ  ဖြစ်ပေါ်မှုတိုက်ဖျက်ရေး၊ ပျက်စီးရန် မလွယ်ကူသော
               ညစ်ညမ်းပစ္စည်းများကို  စီမံခန့်ခွဲရေးနှင့် အခြား ပတ်ဝန်းကျင်ရေးရာကိစ္စများအတွက်
               ပတ်ဝန်းကျင်စီမံခန့်ခွဲရေး၊ ထိန်းသိမ်းရေးနှင့် မြှင့်တင်ရေးဆိုင်ရာ လမ်းညွှန်ချက်များ
               ချမှတ်ခြင်း၊
              
    (ဏ)    ပတ်ဝန်းကျင်ထိခိုက်မှုတွင် ပတ်ဝန်းကျင်ကို ညစ်ညမ်းစေသူက ပေးလျော်စေရန်၊
              သဘာဝ ပတ်ဝန်းကျင် ဝန်ဆောင်မှုစနစ်မှ အကျိုးအမြတ် ရရှိသည့် အဖွဲ့အစည်းများက
              ရန်ပုံငွေ ထည့်ဝင်စေရန်၊ သဘာဝသယံဇာတများ ထုတ်ယူရောင်းဝယ်သုံးစွဲသည့်လုပ်ငန်းများမှ
              အကျိုးအမြတ်၏ တစ်စိတ်တစ်ပိုင်းအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင်
              ထည့်ဝင်စေရန် စီမံခန့်ခွဲခြင်း၊


    (တ)   ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးအပ်သည့်
             အခြား လုပ်ငန်းတာဝန်များ ကို ဆောင်ရွက်ခြင်း။

၈။  ဝန်ကြီးဌာနသည် နိုင်ငံတော်ဘဏ္ဍာ ရန်ပုံငွေမှရငွေအပြင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ ထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး အတွက် နိုင်ငံတော်၏ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ နိုင်ငံတော်၏ ငွေစာရင်းတွင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ရန်ပုံငွေ တစ်ရပ်ကို တည်ထောင်ရမည်။

အခန်း(၅)
ပတ်ဝန်းကျင်ဆိုင်ရာ အရေးပေါ်အခြေအနေ

၉။        (က)  ကော်မတီသည် မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင်သော်လည်းကောင်း၊ တိုင်းဒေသကြီး
                   သို့မဟုတ် ပြည်နယ် တစ်ခုခု တွင် သော်လည်းကောင်း၊နယ်မြေတစ်ခုခုတွင်
                   သော်လည်းကောင်းပတ်ဝန်းကျင်ဆိုင်ရာ အရေးပေါ်အခြေအနေ တစ်ရပ်
                   ပေါ်ပေါက်ကြောင်း သို့မဟုတ် ထိုသို့ ပေါ်ပေါက် နိုင်ကြောင်းသိရှိလျှင်ယင်းသို့
                   အခြေအနေတစ်ရပ် ပေါ်ပေါက်ကြောင်း  ထုတ်ပြန် ကြေညာနိုင်ရန်
                   ပြည်ထောင်စုအစိုးရအဖွဲ့သို့ ချက်ချင်း တင်ပြရမည်။

            (ခ)  ကော်မတီ၊ ဝန်ကြီးဌာနနှင့် ဦးစီးဌာနတို့သည်ပတ်ဝန်းကျင်ဆိုင်ရာအရေးပေါ်
                    အခြေအနေနှင့် စပ်လျဉ်း၍ လိုအပ်သည်  များကို ဆောင်ရွက်ရမည်။ 

           
အခန်း(၆)
ပတ်ဝန်းကျင်အရည်အသွေးစံချိန်စံညွှန်းများ

၁ဝ။ ဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ကော်မတီ၏ သဘောတူညီချက်ဖြင့်
      အောက်ပါ  ပတ်ဝန်းကျင် အရည်အသွေးစံချိန်စံညွှန်းများကို သတ်မှတ်နိုင်သည်-

      (က) မြစ်၊ ချောင်း၊ တူးမြောင်း၊ စိမ့်စမ်းအင်းအိုင်၊ နွံ့တာ၊ ကန်၊ ရေလှောင်တမံနှင့် အများပြည်သူ
             ဆိုင်ရာ အခြားကုန်းတွင်းရေ ရရှိနိုင်သည့် နေရာများတွင် အသုံးချမှုအလိုက် ဆီလျော်သည့်
             မြေပေါ်ရေ အရည်အသွေး စံချိန်စံညွှန်းများ၊

       (ခ) ပင်လယ်ကမ်းရိုးတန်းနှင့် မြစ်ဝဒေသများအတွက် ရေအရည်အသွေး စံချိန်စံညွှန်းများ၊

       (ဂ)  မြေအောက် ရေအရည်အသွေး စံချိန်စံညွှန်းများ၊

       (ဃ)  လေထုအရည်အသွေး စံချိန်စံညွှန်းများ၊

       (င) အသံနှင့်တုန်ခါမှု စံချိန်စံညွှန်းများ၊

       (စ) ထုတ်လွှတ်အခိုးအငွေ့ စံချိန်စံညွှန်းများ၊

       (ဆ)  စွန့်ထုတ်အရည် စံချိန်စံညွှန်းများ၊

       (ဇ) စွန့်ထုတ်အစိုင်အခဲ စံချိန်စံညွှန်းများ၊

       (ဈ) ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်သည့် အခြားပတ်ဝန်းကျင် အရည်အသွေး 
             စံချိန်စံ ညွှန်းများ။

၁၁။ ဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ကော်မတီ၏သဘော တူညီချက်ဖြင့် သိပ္ပံနှင့်
       နည်းပညာ တိုးတက်မှုများနှင့်အညီ သော်လည်းကောင်း၊ လုပ်ငန်းလိုအပ်ချက်
       အရသော်လည်း ကောင်း ပတ်ဝန်းကျင် အရည်အသွေးစံချိန်စံညွှန်းများကို အချိန်ကာလနှင့်
       နေရာဒေသအလိုက် အများပြည်သူအကျိုးငှာ ဖြည့်စွက်ပြင်ဆင် သတ်မှတ်နိုင်သည်။

၁၂ ။ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းတစ်ခုခုက တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ 
       သတ်မှတ် သည့် ပတ်ဝန်းကျင်အရည်အသွေး စံချိန်စံညွှန်းသည် ဝန်ကြီးဌာနကသတ်မှတ်ထားသော
       စံချိန် စံညွှန်းထက် ပိုမိုပါက ဆက်လက်အတည် ဖြစ်စေရမည်ဖြစ်ပြီး ယင်းစံချိန်စံညွှန်း
       အောက်လျော့နည်း ပါက ဝန်ကြီးဌာနက သတ်မှတ်ထားသော စံချိန်စံညွှန်းကသာလျှင်
       အတည်ဖြစ်စေရမည်။ 

အခန်း(၇)
ပတ်ဝန်းကျင်ထိန်းသိမ်းရေး

၁၃။ ဝန်ကြီးဌာနသည် ကော်မတီ၏ လမ်းညွှန်ချက်အရ အောက်ပါလုပ်ငန်း ကိစ္စရပ်များတွင် မိမိဝန်ကြီးဌာန
       ကိုယ်တိုင်ဖြစ်စေ၊ သက်ဆိုင်ရာအစိုးရဌာန၊  အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိုနှိုင်း၍ ဖြစ်စေ
       ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ဘက်စုံစောင့်ကြပ် ကြည့်ရှုစစ်ဆေးရေး စနစ်ထား
       ရှိ၍ အကောင်အထည်ဖော် ဆောင်ရွက်ရမည်-

         (က) ပတ်ဝန်းကျင်ကို သိသာထင်ရှားစွာ ထိခိုက်စေမည့် စိုက်ပျိုးရေး လုပ်ငန်းသုံး ဓာတုပစ္စည်း
                များကို အသုံးပြုခြင်း၊

          (ခ)   စက်မှုလုပ်ငန်းများတွင် ညစ်ညမ်းပစ္စည်း၊ ဘေးအန္တရာယ်ရှိပစ္စည်းများ သယ်ယူ 
                 ပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ အသုံးပြုခြင်း၊ သန့်စင်ခြင်းနှင့် စွန့်ပစ်ခြင်း၊

           (ဂ)  သတ္တု၊ စက်မှုတွင်းထွက်ကုန်ကြမ်းနှင့် ကျောက်မျက်ရတနာ  တူးဖော်ထုတ်လုပ်
                  သန့်စင်ခြင်းလုပ်ငန်းများမှ ထွက်ပေါ် လာသော စွန့်ပစ်ပစ္စည်း များကို စွန့်ပစ်ခြင်း၊ 

           (ဃ) အညစ်အကြေးစွန့်ပစ်ရေးနှင့် သန့်စင်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ခြင်း၊

           (င) ဖွံ့ဖြိုးရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊

          (စ) အခြားလိုအပ်သော ပတ်ဝန်းကျင်ညစ်ညမ်းမှုဆိုင်ရာ လုပ်ငန်း ကိစ္စရပ်များ ဆောင်ရွက် ခြင်း။

၁၄။ ညစ်ညမ်းမှုကို စတင်ဖြစ်ပေါ်စေသူသည် ပတ်ဝန်းကျင်တွင်ညစ်ညမ်းမှုကို ဖြစ်စေသည့်ပစ္စည်းများကို
       သတ်မှတ်ထားသည့် ပတ်ဝန်းကျင် အရည်အသွေး စံချိန်စံညွှန်းများ နှင့်အညီသတ်မှတ်ချက်များ
       အတိုင်း သန့်စင်ခြင်း၊ ထုတ်လွှတ်ခြင်း၊ စွန့်ပစ်ခြင်းနှင့် စုပုံခြင်းများ ပြုလုပ်ရ မည်။

၁၅။ ညစ်ညမ်းမှုကို စတင်ဖြစ်ပေါ်စေသည့်လုပ်ငန်း၊ ပစ္စည်း သို့မဟုတ် နေရာ တစ်ခုခု၏ ပိုင်ရှင် သို့မဟုတ်
      လက်ရှိဖြစ်သူသည် ပတ်ဝန်းကျင် ညစ်ညမ်းမှုများကို စောင့်ကြပ်ကြည့်ရှုရန်၊ ထိန်းချုပ်ရန်၊စီမံခန့်ခွဲရန်၊
      လျှော့ချရန် သို့မဟုတ် ပပျောက်စေရန် လုပ်ငန်းခွင်  အထောက်အကူ ပြုပစ္စည်း သို့မဟုတ်
      ထိန်းချုပ်ရေးပစ္စည်း ကိရိယာကို တပ်ဆင်ခြင်း သို့မဟုတ် သုံးစွဲခြင်းပြုရမည်။ယင်းသို့
      ဆောင်ရွက်ခြင်း မပြုနိုင်ပါက စွန့်ပစ်ပစ္စည်းများအား ပတ်ဝန်းကျင်ကို မထိခိုက်စေသော
     နည်းလမ်းများနှင့်အညီ စွန့်ပစ်နိုင်ရန် စီစဉ်ဆောင်ရွက်ရမည်။

၁၆။ စက်မှုနယ်မြေရှိ လုပ်ငန်းကိုဖြစ်စေ၊ အထူးစီးပွားရေးဇုန်ရှိ လုပ်ငန်းကိုဖြစ်စေ၊ ဝန်ကြီးဌာနက
      သတ်မှတ်သည့် လုပ်ငန်းအမျိုးအစားကို ဖြစ်စေ လုပ်ကိုင်ဆောင်ရွက်သည့်ပုဂ္ဂိုလ်သို့မဟုတ်
      အဖွဲ့အစည်းသည်- 

              (က)  စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲရေး၊ ပြုပြင်သန့်စင်ရေး အပါအဝင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး
                      အတွက် သက်ဆိုင်ရာ စုပေါင်းအစီအမံတွင် သတ်မှတ်သည့်ငွေ သို့မဟုတ်ပစ္စည်း
                      ထည့်ဝင်၍ ဆောင်ရွက်ရန် တာဝန်ရှိသည်။ 
               
              (ခ)   သက်ဆိုင်ရာစက်မှုနယ်မြေ၊ အထူးစီးပွားရေးဇုန်နှင့် လုပ်ငန်းအဖွဲ့အစည်း အလိုက်
                      ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် သတ်မှတ်သည့် အသုံးပြုခ သို့မဟုတ်စီမံခန့်ခွဲမှု
                      ကုန်ကျစရိတ်ကို ထည့်ဝင်ရမည်။ 

               (ဂ)  သက်ဆိုင်ရာ စက်မှုနယ်မြေ၊ အထူးစီးပွားရေးဇုန် သို့မဟုတ် လုပ်ငန်းအလိုက်
                      ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ထုတ်ပြန်သော ညွှန်ကြားချက်များကို
                      လိုက်နာ ဆောင်ရွက်ရမည်။ 

              
အခန်း( ၈ )
မြို့ပြဒေသပတ်ဝန်းကျင်စီမံခန့်ခွဲမှု

၁၇။ ဝန်ကြီးဌာနသည် မြို့ပြဒေသ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုများအတွက် ကော်မတီကချမှတ်သော
      လမ်းညွှန်ချက်များ နှင့်အညီ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ပုဂ္ဂလိက အဖွဲ့
      အစည်းနှင့် ပုဂ္ဂိုလ်များအား အောက်ပါကိစ္စရပ်များဆောင်ရွက်ရာတွင် လိုအပ်သလို
      အကြံပေးခြင်း ပြုရမည်-

     (က) ဇုန်နယ်မြေ သတ်မှတ်ခြင်းအပါအဝင် မြေအသုံးချမှု စီမံကိန်းများ ချမှတ်ခြင်းနှင့် စီမံခန့်ခွဲခြင်း၊
  
     (ခ) အချက်အချာကျသော မြို့ပြဒေသများရှိ တည်ဆောက်ရေးလုပ်ငန်းများကို စီမံခန့်ခွဲခြင်း၊

     (ဂ) လူနေအိမ်ရာချထားမှု စီမံခန့်ခွဲခြင်း၊

     (ဃ) စွန့်ပစ်ပစ္စည်းများကို စီမံခန့်ခွဲခြင်း၊

     (င)  မြေ၊ ရေ၊ လေနှင့် အသံညစ်ညမ်းမှု အပါအဝင် ညစ်ညမ်းမှုများ ထိန်းချုပ်ခြင်း၊

    (စ) အခြားလိုအပ်သော ပတ်ဝန်းကျင်ဆိုင်ရာစီမံခန့်ခွဲခြင်း။

အခန်း(၉)
သဘာဝသယံဇာတ အရင်းအမြစ်များနှင့်ယဉ်ကျေးမှု အမွေအနှစ်များထိန်းသိမ်းခြင်း

၁၈။ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများသည် အောက်ပါ သဘာဝသယံဇာတအရင်း
       အမြစ်များကို ထိန်းသိမ်းခြင်း၊ စီမံခန့်ခွဲခြင်း၊ အကျိုးရှိစွာ အသုံးပြုခြင်း၊ စဉ်ဆက်မပြတ်အသုံးပြုခြင်း၊
       ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းတို့နှင့်စပ်လျဉ်း၍ ပြည်ထောင်စု အစိုးရအဖွဲ့နှင့်
       ကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ရမည်-

      (က)  သစ်တောသယံဇာတအရင်းအမြစ်များ၊

      (ခ)  မြေသယံဇာတအရင်းအမြစ်များ၊      

     (ဂ)   မြေအောက်ရေအပါအဝင် ရေချိုသယံဇာတအရင်းအမြစ်များ၊

     (ဃ) ဓာတ်သတ္တုသယံဇာတအရင်းအမြစ်များ၊

    (င) စိုက်ပျိုးရေးဆိုင်ရာအရင်းအမြစ်များ၊

   (စ) ရေလုပ်ငန်းဆိုင်ရာသယံဇာတအရင်းအမြစ်များ၊

   (ဆ) အဏ္ဏဝါဆိုင်ရာသယံဇာတအရင်းအမြစ်များ၊

  (ဇ)  သဘာဝအလျောက်ဖြစ်ပေါ်နေသော ဂေဟစနစ်များ၊

 (ဈ)  သဘာဝနယ်မြေများ၊ တောရိုင်းတိရိ စ္ဆာန်များ၊ သဘာဝအပင်များနှင့် ဇီဝမျိုးစုံမျိုးကွဲများ၊

 (ည) ပြည်ထောင်စုအစိုးရအဖွဲ့ကသတ်မှတ်သည့် အခြားသဘာဝသယံဇာတ အရင်းအမြစ်များ။

၁၉။ဝန်ကြီးဌာနသည် တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ သတ်မှတ်ထားသည့် ယဉ်ကျေးမှု အမွေအနှစ် ဒေသများ၊ သဘာဝအမွေအနှစ်ဒေသများ၊ ယဉ်ကျေးမှု အထိမ်းအမှတ် အဆောက်အအုံများနှင့် သဘာဝနယ်မြေများ အစဉ်တည်တံ့ခိုင်မြဲရေးအတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များတွင် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရမည်။

၂ဝ။ဝန်ကြီးဌာနသည် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများက ပုဒ်မ ၁၈ နှင့် ၁၉ တို့ပါ ကိစ္စရပ်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လိုအပ်သော နည်းပညာများကို ပံ့ပိုး ကူညီရမည်။


အခန်း(၁ဝ)
ကြိုတင်ခွင့်ပြုချက်

၂၁။ ဝန်ကြီးဌာနသည် ကြိုတင်ခွင့်ပြုချက်ရယူရန် လိုအပ်သည့် ပတ်ဝန်းကျင် အရည်အသွေးကို ထိခိုက်စေနိုင်သောလုပ်ငန်း၊ လုပ်ငန်းခွင် နေရာ သို့မဟုတ် စက်ရုံ၊ အလုပ်ရုံအမျိုးအစားများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သတ်မှတ်နိုင်သည်။

၂၂။  ဝန်ကြီးဌာနက ပုဒ်မ ၂၁ အရ သတ်မှတ်သည့် လုပ်ငန်း၊ လုပ်ငန်းခွင်နေရာ သို့မဟုတ် စက်ရုံ၊ အလုပ်ရုံအမျိုးအစား၏ ပိုင်ရှင် သို့မဟုတ် လက်ရှိဖြစ်သူသည် ကြိုတင်ခွင့်ပြုချက်ရရှိရန် သတ်မှတ်ချက်များနှင့်အညီ ဝန်ကြီးဌာနသို့ လျှောက်ထားရမည်။

၂၃။ဝန်ကြီးဌာနသည် ပုဒ်မ ၂၂ အရ လျှောက်ထားချက်ကို သတ်မှတ်ချက်များနှင့်အညီ ညီညွတ်ခြင်း ရှိ မရှိစိစစ်ပြီးနောက် စည်းကမ်းချက် များသတ်မှတ်၍ ကြိုတင်ခွင့်ပြုချက် ထုတ်ပေးရန် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုနိုင်သည်။

၂၄။ဝန်ကြီးဌာနသည် ကြိုတင်ခွင့်ပြုချက် ထုတ်ပေးသည့်အခါ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ စည်းကမ်းချက်များသတ်မှတ်နိုင်သည်။ ယင်းစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်မှု ရှိ မရှိ စစ်ဆေးခြင်း သို့မဟုတ် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းက စစ်ဆေးရန် အကြောင်းကြားခြင်း ပြုနိုင်သည်။

၂၅။ဝန်ကြီးဌာနသည် ကြိုတင်ခွင့်ပြုချက်ပါ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ စည်းကမ်းချက် တစ်ရပ်ရပ်ကို လိုက်နာခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိလျှင် ကြိုတင် ခွင့်ပြုချက်ရရှိသူအား အောက်ပါ စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်-

   (က) သတိပေးပြီး စည်းကမ်းချက်နှင့်အညီ လိုက်နာဆောင်ရွက်စေခြင်း၊ ခံဝန်ချက် ရေးထိုး စေခြင်း၊

  (ခ)  ဒဏ်ကြေးငွေ ပေးဆောင်စေပြီး စည်းကမ်းချက်နှင့်အညီ လိုက်နာ ဆောင်ရွက်စေခြင်း။

အခန်း(၁၁)
အာမခံ

၂၆။ကြိုတင်ခွင့်ပြုချက်ရရှိသူသည် ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သည့် မတော်တဆဖြစ်မှု တစ်ခုခု အတွက် ယင်းတို့၏ လုပ်ငန်း၊ လုပ်ငန်းခွင် နေရာ သို့မဟုတ် စက်ရုံ၊ အလုပ်ရုံ အမျိုးအစားအလိုက် တည်ဆဲဥပဒေနှင့်အညီ အာမခံထားရှိရမည်။

၂၇။ဝန်ကြီးဌာနသည် ပုဒ်မ ၂၆ အရ အာမခံထားရမည့် လုပ်ငန်းကို ဆောင်ရွက်သော သက်ဆိုင်ရာ လုပ်ငန်း၊ ဌာန၊ အဖွဲ့အစည်းနှင့် စပ်လျဉ်း၍ မြန်မာ့အာမခံလုပ်ငန်းက ပတ်ဝန်းကျင်ကို ထိခိုက်စေသည့် အတိုင်းအတာနှင့်အလားအလာကို သဘောထား မှတ်ချက် တောင်းခံလာလျှင် သဘောထားမှတ်ချက်ပေးရမည်။

အခန်း(၁၂)
တားမြစ်ချက်များ

၂၈။မည်သူမျှ ဤဥပဒေအရ ကြိုတင်ခွင့်ပြုချက်ရယူရန် လိုအပ်သည့် လုပ်ငန်း၊ လုပ်ငန်းခွင်နေရာ သို့မဟုတ် စက်ရုံ၊ အလုပ်ရုံကို ကြိုတင် ခွင့်ပြုချက်မရှိဘဲ လုပ်ကိုင် ဆောင်ရွက်ခြင်းမပြုရ။

၂၉။မည်သူမျှ ဤဥပဒေအရထုတ်ပြန်သော နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြား ချက်နှင့် လုပ်ထုံးလုပ်နည်းများပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ခြင်း မပြုရ။

၃ဝ။ မည်သူမျှ ဝန်ကြီးဌာနက တားမြစ်ထားသော ပတ်ဝန်းကျင်ကို ထိခိုက်စေသည့် ပစ္စည်းတစ်ခုခုအား ဝန်ကြီးဌာန၏ ခွင့်ပြုချက်မရှိဘဲ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြည်ပသို့ တင်ပို့ခြင်း၊ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူခြင်း သို့မဟုတ် ရောင်းဝယ်ခြင်းမပြုရ။

အခန်း(၁၃)
ပြစ်မှုနှင့်ပြစ်ဒဏ်များ

၃ဝ။မည်သူမျှ ဝန်ကြီးဌာနက တားမြစ်ထားသော ပတ်ဝန်းကျင်ကို ထိခိုက်စေသည့် ပစ္စည်းတစ်ခုခု အား ဝန်ကြီးဌာန၏ ခွင့်ပြုချက်မရှိဘဲ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြည်ပသို့ တင်ပို့ခြင်း၊ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူခြင်း သို့မဟုတ် ရောင်းဝယ်ခြင်းမပြုရ။

၃၂။မည်သူမဆို ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြား ချက်နှင့် လုပ်ထုံးလုပ်နည်းများပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ် ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၃၃။
မည်သူမဆို-   

(က)

ပုဒ်မ ၃၂ အရ ပြစ်ဒဏ်စီရင်ခြင်းခံရလျှင် ယင်းပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုကြောင့် ထိခိုက်နစ်နာမှုအတွက် လျော်ကြေးပေးစေရန် အမိန့် ချမှတ်ခြင်းခံရမည်။

(ခ)

ပုဒ်မခွဲ(က)အရ အမိန့်ချမှတ်ခြင်းခံရလျှင် ပေးလျော်ရမည့် လျော်ကြေးငွေ ကိုပေးရန် ပျက်ကွက်ပါက တည်ဆဲအခွန်၊ အခ ဥပဒေများနှင့်အညီ အရကောက်ခံရမည်။
၃၄။
မည်သူမဆို ပတ်ဝန်းကျင်ကို ထိခိုက်စေသည့်အတွက် ဝန်ကြီးဌာနက တားမြစ်ထားသော ပစ္စည်းတစ်ခုခုအား ဝန်ကြီးဌာန၏ ခွင့်ပြုချက်မရှိဘဲ ပြည်တွင်းသို့ တင်သွင်းကြောင်း၊ ပြည်ပသို့ တင်ပို့ကြောင်း၊ ထုတ်လုပ်ကြောင်း၊ သိုလှောင်ကြောင်း၊ သယ်ယူကြောင်း သို့မဟုတ် ရောင်းဝယ် ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ်အနည်းဆုံး သုံးနှစ်မှ အများဆုံး ငါးနှစ်အထိဖြစ်စေ၊ ငွေဒဏ် အနည်းဆုံး ကျပ်တစ်သိန်းမှ အများဆုံး ကျပ်သိန်းနှစ်ဆယ် အထိဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံး ဖြစ်စေချမှတ်ခံရမည်။ ထို့အပြင် ယင်းပစ္စည်းအား ပတ်ဝန်းကျင် ထိခိုက်မှု မရှိစေ သော အဆင့်အထိ ပြုပြ င်ပြောင်းလဲ စွန့်ပစ်ရန် အတွက် ကုန်ကျသောစရိတ်ကို ထိုသူက ကျခံစေရမည်။
အခန်း(၁၄)
အထွေထွေ
၃၅။
ဤဥပဒေအရ ပြစ်မှုကျူးလွန်သူကို တရားစွဲဆိုရာတွင် ဝန်ကြီးဌာန၏ ကြိုတင် ခွင့်ပြုမိန့် ရယူရ မည်။
၃၆။
ဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အစိုးရဌာနအဖွဲ့အစည်းနှင့် ပုဂ္ဂလိကလုပ်ငန်းတစ်ခုခုအား နိုင်ငံတော် နှင့် ပြည်သူ့အကျိုးငှာ ဤဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို လိုက်နာဆောင်ရွက်ရခြင်းမှ ကင်းလွတ်ခွင့် သို့မဟုတ် လျှော့ပေါ့ခွင့် ပြုနိုင်သည်။
၃၇။
ပတ်ဝန်းကျင်ဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာချက်အရ တစ်စုံတစ်ရာ ဆောင်ရွက်ရခြင်း ကြောင့် အစိုးရဌာန၊ အဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးသည် ကုန်ကျစရိတ်များ ကျခံခဲ့ရလျှင် ယင်းကုန်ကျစရိတ်များကို ပတ်ဝန်းကျင်စီမံခန့်ခွဲမှုရန်ပုံငွေမှ တောင်းခံခွင့်ရှိသည်။
၃၈။
ကြိုတင်ခွင့်ပြုချက် ရယူရန်လိုအပ်သည့် လုပ်ငန်း၊ လုပ်ငန်းခွင်နေရာ သို့မဟုတ် စက်ရုံ၊ အလုပ်ရုံ အမျိုးအစားကို လုပ်ကိုင်ဆောင်ရွက်နိုင်ရန် လိုင်စင်၊ ခွင့်ပြုချက် သို့မဟုတ် မှတ်ပုံတင် ထုတ်ပေးပိုင်ခွင့်ရှိသော သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းသည် ဤဥပဒေအရ ကြိုတင်ခွင့်ပြုချက်ရရှိထားသော လုပ်ငန်း၊ လုပ်ငန်းခွင်နေရာ သို့မဟုတ် စက်ရုံ၊ အလုပ်ရုံ ကိုသာ လိုင်စင်၊ ခွင့်ပြုချက် သို့မဟုတ် မှတ်ပုံတင် ထုတ်ပေးရမည်။
၃၉။

(က)
ဝန်ကြီးဌာနသည် ပုဒ်မ ၂၅ အရ စီမံခန့်ခွဲမှုဆိုင်ရာ ပြစ်ဒဏ်ချမှတ် ခြင်းခံရသည့် ကြိုတင်ခွင့်ပြုချက်ရရှိသူက စည်းကမ်းချက်နှင့်အညီ လိုက်နာဆောင်ရွက်ခြင်းမပြုလျှင် လိုအပ်သလို အရေးယူ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာလုပ်ငန်း၊ လုပ်ငန်းခွင်နေရာ သို့မဟုတ် စက်ရုံ၊ အလုပ်ရုံအတွက် လိုင်စင်၊ ခွင့်ပြုချက် သို့မဟုတ် မှတ်ပုံတင် ထုတ်ပေး ပိုင်ခွင့်ရှိသော သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းသို့ အကြောင်းကြားရမည်။

(ခ)

ပုဒ်မခွဲ(က)အရ အကြောင်းကြားချက်ကို လက်ခံရရှိသော အစိုးရဌာန၊ အစိုးရအဖွဲ့အ စည်းသည် လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး ကြိုတင် ခွင့်ပြုချက်ပါ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ စည်းကမ်းချက် တစ်ရပ်ရပ်ကို လိုက်နာ ဆောင်ရွက် ခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိရပါက ထုတ်ပေးထားသော လိုင်စင်၊ ခွင့်ပြုချက် သို့မဟုတ် မှတ်ပုံတင်ကို ပယ်ဖျက်ခြင်း သို့မဟုတ် ကာလအကန့် အသတ်ဖြင့် ရပ်ဆိုင်း ခြင်း ပြုနိုင်သည်။
၎ဝ။
ပုဒ်မ ၃၂ ပါပြစ်မှုကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုအဖြစ် သတ်မှတ်သည်။
၄၁။
ဤဥပဒေမပြဋ္ဌာန်းမီ ထုတ်ပြန်ခဲ့သော ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများတွင် ပါရှိသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ပြဋ္ဌာန်းချက် များသည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သရွေ့ အတည် ဖြစ်စေရမည်။
၄၂။
ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်-

(က)

ဝန်ကြီးဌာနသည် လိုအပ်သော နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်းများကို ပြည်ထောင် စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။

(ခ)

ကော်မတီနှင့် ဝန်ကြီးဌာနတို့သည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြား ချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ် ရေးထိုးသည်။                                                                                                    
                                                                                                                       
                                                                                        
(ပုံ) သိန်းစိန်                                                          
နိုင်ငံတော်သမ္မတ                                       
 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

















         
      
      


       
 


              











 











 

 

No comments:

Post a Comment