နိုင်ငံခြားရေးရာ

နိုင်ငံခြားရေးရာ

............................................................................................................................................................................................... 


မတူကွဲပြားမှုများကို တန်ဖိုးထားမြှင့်တင်မည့် မျိုးဆက်သစ်အာဆီယံလူငယ်များ



မလေးရှားနိုင်ငံသို့ ရောက်ရှိခဲ့သော အမေရိကန်ပြည်ထောင်စု သမ္မတ မစ္စတာဘားရက်အိုဘားမားသည် ဧပြီလ ၂၇ ရက်နေ့တွင် ကွာလာလမ်ပူမြို့ရှိ မလေးရှားတက္ကသိုလ်၌ အရှေ့တောင်အာရှ နိုင်ငံများမှ လူငယ်ခေါင်းဆောင်များနှင့် တွေ့ဆုံပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။ ယင်းသို့ တွေ့ဆုံရာတွင် သမ္မတ အိုဘားမားက ပထမဦးစွာ အမေရိကန်-အာဆီယံပေါင်းစည်းမှုမြှင့်တင်ရေးတွင် မျိုးဆက်သစ်လူငယ် များ၏ အခန်းကဏ္ဍ၏ အရေးပါမှုကို အလေးပေး၍ ရှင်းလင်းပြောကြားခဲ့သည်။

၎င်းနောက် တက်ရောက်လာကြသည့် အာဆီယံလူငယ်များက သိလိုသည်များ မေးမြန်းပြီး သမ္မတအိုဘားမားက ပြန်လည်ဖြေကြားသည့် အစီအစဉ်ကို ဆက်လက် ဆောင်ရွက်ခဲ့သည်။ ပထမဦးစွာ ကမ္ဘောဒီးယားနိုင်ငံမှ လူငယ်တစ်ဦးက အသက်(၂၀)အရွယ်တွင် အိုဘားမား၏ အိပ်မက်၊ ယင်းအိပ်မက် ပြည့်ဝအောင်မြင်ခဲ့ခြင်း ရှိ-မရှိ မေးမြန်းခဲ့ရာ သမ္မတအိုဘားမားက လူမှုရေးနှင့် ပရဟိတလုပ်ငန်းများ အပေါ် စတင်စိတ်ဝင်စားလာခဲ့ပုံမှအစပြု၍ အစိုးရလုပ်ငန်းဆောင်တာများကို ရှင်းလင်းပြောကြားခဲ့သည်။

၎င်းနောက် မြန်မာနိုင်ငံမှ လူငယ်တစ်ဦးက မေးမြန်းခဲ့ရာ သမ္မတအိုဘားမားက ကျယ်ကျယ်ပြန့်ပြန့် ပြန်လည် ရှင်းလင်းပြောကြားခဲ့သည်။ သမ္မတအိုဘားမား၏ ရှင်းလင်းပြောကြားသည့်အချက်အပေါ် မီဒီယာအချို့မှ လိုရာ ဆွဲ၍ ဖော်ပြနေသည်များ ရှိနေရာ အိမ်ဖြူတော်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် အမေး၊ အဖြေအပြည့်အစုံအား ပြည်သူများ သိရှိနိုင်ရန် အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်-

အစီအစဉ် တင်ဆက်သူ ။ ကျေးဇူးတင်ပါတယ် သမ္မတကြီးရှင့်။ အခု လူမှုကွန်ရက်က မေးထားတဲ့ မေးခွန်းတစ်ခု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်အတွင်းမှာ ကျွန်မတို့ လက်ခံရရှိခဲ့တဲ့ မေးခွန်း ဖြစ်ပါတယ်။
သမ္မတ အိုဘားမား ။ ကောင်းပါပြီ။
မေးခွန်း ။ ဒီမေးခွန်းက မြန်မာနိုင်ငံက ကျွန်မတို့သူငယ်ချင်းတစ်ဦးက မေးမြန်းထားတာ ဖြစ်ပါတယ်။ သူ မေးထားတာက “သမ္မတကြီးခင်ဗျား။ မတူကွဲပြားတဲ့ မျိုးနွယ်စုတွေ၊ မတူကွဲပြားတဲ့ ဘာသာစကားတွေ၊ ကွဲပြားခြားနားတဲ့ ဘာသာစကားတွေ၊ ကွဲပြားခြားနားတဲ့ ကိုးကွယ်ယုံကြည်မှုတွေနဲ့ ယဉ်ကျေးမှုတွေ အစ ရှိတဲ့ မတူကွဲပြားမှု အမျိုးမျိုးအကြားမှာ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်နေကြပါတယ်။ ဒါဟာ မြန်မာ နိုင်ငံတင်မကဘဲ အာဆီယံဒေသကြီးတစ်ခုလုံးမှာ ဖြစ်ပါတယ်။ ဒီလိုပေါင်းစည်းနေတဲ့အချိန်မှာ ကျွန်တော် တို့ရဲ့ နောင်လာနောက်သား မျိုးဆက်သစ်ခေါင်းဆောင်တွေအားလုံးကို သမ္မတကြီးကိုယ်တိုင် ဘယ်လို စကား၊ ဘယ်လို တိုက်တွန်းအားပေးမှု ပေးလိုပါသလဲ ခင်ဗျာ။”
သမ္မတအိုဘားမား ။ သိပ်ကောင်းတဲ့ မေးခွန်းပါပဲ။ ကမ္ဘာကြီးတစ်ခုလုံးက ပဋိပက္ခတွေ၊ စစ်ပွဲတွေနဲ့ တင်းမာမှုတွေရဲ့ အဓိကဇစ်မြစ်ကို ကြည့်လိုက်မယ်ဆိုရင် အရေးအကြီးဆုံး မဟုတ်တောင်မှ ဖြစ်တတ်တဲ့ အကြောင်းရင်းက သူတို့နဲ့ မတူတဲ့သူတွေကို တစ်မျိုးတစ်ဖုံ ဆက်ဆံနေတာကြောင့် ဖြစ်တယ် ဆိုတာ တွေ့ရပါလိမ့်မယ်။ အခုဆိုရင် မြန်မာနိုင်ငံမှာ ဆယ်စုနှစ်နဲ့ချီပြီး ဖိနှိပ်ခဲ့တဲ့အစိုးရကနေ အသွင်ကူးပြောင်းနေပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ အရာအားလုံးကို ဖွင့်လှစ်ဖို့ ကြိုးစားနေပါတယ်။ မြန်မာနိုင်ငံကို ပို၍ပို၍ ဒီမိုကရက်တစ်နိုင်ငံဖြစ်အောင် ဆောင်ရွက်နေကြပါတယ်။ မြန်မာနိုင်ငံဟာ လွန်စွာမှပင် ရဲရင့်လှတဲ့ လုပ်ငန်းစဉ်ကို လျှောက်လှမ်းနေတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီမိုကရေစီဖော်ဆောင်ရေးရဲ့ အန္တရာယ်ဟာ အခုအခါမှာ မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ မတူညီတဲ့ လူမျိုးစုတွေ၊ မတူညီတဲ့ကိုးကွယ်မှုတွေ အတွင်းမှာပဲ ရှိနေပါတယ်။ တရားမျှတမှု၊ တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီ ဒါတွေကို စုစည်းတည်ဆောက်ထားတဲ့ စည်းမျဉ်းတွေကို ဆန့်ကျင်ပြီး ဘာသာရေးအမှတ်သရုပ်တွေကို နိုင်ငံရေးသွတ်သွင်းမယ်၊ ဒါမှမဟုတ် လူမျိုးရေးအမှတ်သရုပ် တွေကို နိုင်ငံရေးသွတ်သွင်းကြမယ် ဆိုရင် မြန်မာနိုင်ငံကို လမ်းကြောင်းအမှားပေါ် ဆွဲချသွားစေနိုင်တဲ့ ပဋိပက္ခတွေကို ကျွန်တော်တို့ စမြင်နေရပါပြီ။

ဒါဟာ မြန်မာနိုင်ငံတစ်နိုင်ငံတည်းမှာပဲ မဟုတ်ပါဘူး။ ဒီ မလေးရှားနိုင်ငံဟာဆိုရင် မူဆလင် လူများစု နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မူဆလင် မဟုတ်တဲ့သူတွေ ခွဲခြားခံနေရတာတွေ၊ မူဆလင်မဟုတ်သူတွေကို ရန်ပြုခြင်း ခံခဲ့ရတာတွေ ရှိနေပါတယ်။

ကျွန်တော်တို့ အမေရိကန်ပြည်ထောင်စုမှာဆိုရင် သမိုင်းနဲ့ချီတဲ့ လူမျိုးရေးပဋိပက္ခတွေ ရှိခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ပြည်တွင်းစစ်ပွဲကြီး ဆင်နွှဲခဲ့ရပါတယ်။ နိုင်ငံသားအခွင့်အရေး လှုပ်ရှားမှုတွေ ဆင်နွှဲခဲ့ရပါတယ်။ အာဖရိကန်နွယ်ဖွား သမ္မတ တစ်ယောက်အဖြစ် ခင်ဗျားတို့ရှေ့မှာ ရပ်လာနိုင်တဲ့ ယနေ့အထိ မျိုးဆက် အဆက်ဆက် တိုက်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဒီအလုပ်က မပြီးသေးပါဘူး။ အမေရိကန်ပြည်ထောင်စုမှာကိုပဲ ခွဲခြားဆက်ဆံမှုတွေ၊ မမျှတမှုတွေ၊ လူမျိုးရေးပဋိပက္ခတွေ ရှိနေတုန်း ပါပဲ။ ဒါတွေကို ကျွန်တော်တို့ တိုက်ဖျက်နေရတုန်းပါပဲ။

ကျွန်တော် ပြောချင်တာက ကျွန်တော်တို့နဲ့ မတူတဲ့သူတွေ၊ ကိုးကွယ်မှု ကွဲပြားတဲ့သူတွေ၊ လူမျိုးရေးနောက်ခံ မတူညီတဲ့သူတွေ၊ ဒီလူတွေ အပေါ်မှာ ကျွန်တော်တို့အားလုံး ကိုယ်စီကိုယ်စီ ဘက်လိုက်မှုတွေ၊ ခွဲခြားလိုတဲ့စိတ်ဆန္ဒတွေ ရှိနေကြပါတယ်။ ဒါပေမယ့်လည်း ဒီကနေ့ ကမ္ဘာကြီးက ကျုံ့နေပါတယ်။ ပိုပိုပြီးလည်း သေးငယ်လာနေပါတယ်။ ခင်ဗျားတို့အနေနဲ့ ကိုယ့်ရွာနဲ့ကိုယ်၊ ကိုယ့်မျိုးနွယ်စုနဲ့ကိုယ် တစ်သီးတစ်ခြား နေနေကြတာပဲ၊ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ဆက်ဆံစရာမလိုဘူး လို့ ထင်ကောင်း ထင်ကြပါလိမ့်မယ်။ ကျွန်တော်တို့ဟာ အခုဆိုရင် အင်တာနက်တွေ၊ စမတ်ဖုန်းတွေ ရှိနေပါပြီ။ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုတွေဟာ ပြိုလဲသွားပါပြီ။ ကမ္ဘာကြီးက သေးသည်ထက် သေးလာနေပါပြီ။ လူတစ်ချို့ကို ဘေးဖယ်ထားပြီး အထီးကျန်ဖယ်ကြဉ်ထားတဲ့ ဘယ်နိုင်ငံမဆို အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။

မလေးရှားနိုင်ငံမှာ မူဆလင်မဟုတ်သူတွေကို အခွင့်အရေးတွေ ပိတ်ပင်ထားမယ်ဆိုရင် မလေးရှားနိုင်ငံ အောင်မြင်မှာ မဟုတ်ပါဘူး။ မူဆလင်တွေကို ဖိနှိပ်ထားဆယ် ဆိုရင်လည်း မြန်မာနိုင်ငံဟာလည်း မအောင်မြင်နိုင်ပါဘူး။ နိုင်ငံရဲ့ ထက်ဝက်ရှိတဲ့ လူဦးရေ၊ ပြောရရင် အမျိုးသမီးတွေကို အမျိုးသားတွေ နည်းတူ ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်း အတူတူ မပေးတဲ့ ဘယ်လိုလူ့အဖွဲ့အစည်းမှ အောင် မြင်နိုင်မှာ မဟုတ်ပါဘူး။

ဒါကြောင့် ခင်ဗျားတို့အားလုံးအတွက်၊ အထူးသဖြင့် လူငယ်တွေအတွက် ကျွန်တော် ပြောချင်တဲ့ အဓိက အချက်ကတော့ ခင်ဗျားတို့ရဲ့ ယဉ်ကျေးမှုကို ခင်ဗျားတို့ မြှင့်တင်ရမယ်။ ခင်ဗျားတို့ ဘယ်သူဆိုတာ၊ ခင်ဗျားတို့ ဘယ်ကဆင်းသက် လာတယ်ဆိုတာကို ခင်ဗျားတို့ ဂုဏ်ယူရမယ်။ ဘာသာစကားတွေ၊ အစားအသောက်တွေ ကွဲပြားခြားနားနေတာတွေကို ခင်ဗျားတို့ တန်ဖိုးထားရမယ်။ ခင်ဗျားတို့ ကိုးကွယ် နေကြတဲ့ ဘုရားသခင်တွေက တူမှာ မဟုတ်ပါဘူး။ ဒီမတူညီတဲ့ ကိုးကွယ်မှုတွေကို တန်ဖိုးထားရမယ်။ ဒါပေမယ့် ဒီကွဲပြားမှုတွေဟာ တစ်စုံတစ်ဦးကို ထိခိုက်တဲ့ အသုံးချခံတွေ မဖြစ်ရဘူး။ ခွဲခြား ဆက်ဆံဖို့ အကြောင်းပြချက်တွေ မဖြစ်ရဘူး။

ဒါ့ကြောင့် ခင်ဗျားတို့ရဲ့ နေ့စဉ်ဘ၀တွေမှာ ဒီလိုခွဲခြားဆက်ဆံမှုတွေကို ဆန့်ကျင်တာတွေ ထုတ်ပြောရမယ်။ ခေါင်းဆောင်တွေ အဖြစ် ပေါ်ထွက်လာမယ့် ခင်ဗျားတို့ဟာ လူတွေကို သီးခြားခွဲထုတ် မထားဘဲ  သီးခြားဖြစ်နေတဲ့လူတွေကို တစ်စုတစ်စည်းတည်း ဖြစ်အောင်လုပ်တဲ့ နိုင်ငံရေးကို ဖော်ဆောင် ရမယ်။ လက်ရှိမျိုးဆက်အတွက် ဒါဟာ အရေးကြီးဆုံးအချက် ဖြစ်ပါတယ်။ ဒီလိုလုပ်နိုင်ဖို့အတွက် အခြား သူတွေနဲ့အတူ ရပ်တည်ရမယ်၊ သူတို့ရဲ့ မျက်ဝန်းတွေကို ကျော်လွန်ပြီး သူတို့ ရင်ထဲကို ကြည့်မြင်နိုင် ရမယ်။ ဘာသာတရားတိုင်းမှာ အခြေခံစည်းမျဉ်းကျင့်ဝတ်တွေ ရှိပါတယ်။ ခရစ်ယာန်တစ်ယောက်ဖြစ်တဲ့ ကျွန်တော်ဟာ ခရစ်တော်ရဲ့ အဆုံးအမတွေကနေ နားလည်ထားတာ ရှိပါတယ်။ “လူတွေက မိမိကို ဆက်ဆံစေချင်သလိုမျိုး မိမိက အခြားသူတွေကို ဆက်ဆံပါ” ဆိုတာရှိပါတယ်။ ခင်ဗျားတို့ ဒီလိုမျိုး မဆက်ဆံဘူးဆိုရင်၊ အခြေခံစည်းမျဉ်းကျင့်ဝတ်တွေကို မလေးစားဘူး ဆိုရင် အဲဒီလူ့အဖွဲ့အစည်းဟာ ရှေ့ကို သွားနိုင်မှာမဟုတ်ဘဲ နောက်ပြန်ဆွဲနေတာ ဖြစ်တယ်။

ဒါဟာ ကမ္ဘာတစ်ဝန်းလုံးအတွက် အမှန်တရား၊ သစ္စာတရား ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ ကျွန်တော်တို့ထဲက တစ်ချို့ သီးခြားဖြစ်နေပေမယ့်လည်း ကျွန်တော်တို့နဲ့ သူတို့ဟာ အတူတူပဲ ဖြစ်ပါတယ်။ မြောက်အိုင်ယာလန်မှာဆိုရင် လူဦးရေ တစ်ဝက်က ကက်သလစ်တွေ၊ ကျန်တဲ့တစ်ဝက်က ပရိုတက်စတင့်တွေ။ ပဋိပက္ခတွေ အမြောက်အမြား ဖြစ်ခဲ့ပေ မယ့်လည်း နောက်ဆုံးမှာတော့ ငြိမ်းချမ်းရေး ရရှိခဲ့ပါတယ်။ အပြင်ဘက်က ခင်ဗျားတို့ ကြည့်လိုက်မယ် ဆိုရင် ဘာဖြစ်လို့ ပဋိပက္ခတွေ ဖြစ်နေတာလဲ ဆိုပြီး မေးစရာဖြစ်နေမယ်။ သူတို့ နှစ်ဘက်စလုံးက အိုင်းရစ်လူမျိုးတွေပဲ။ ပြောတဲ့ ဘာသာစကားက လည်း တစ်ခုတည်းပဲ။ သူတို့ အငြင်းပွားနေစရာ မလိုဘူးလို့ ထင်ကြလိမ့်မယ်။ ဒါပေမယ့် ပြဿနာ ဖြစ်တဲ့ အခြမ်းက နောက်ကျကျန်ခဲ့တယ်။ ဆင်းရဲတယ်။ အိုင်ယာလန်ရဲ့ ပြဿနာမဖြစ်တဲ့ အခြမ်းထက် ဖွံ့ဖြိုးတိုးတက်မှုမှာ နောက်ကျကျန်ရစ်ခဲ့ရတယ်။

အာဖရိကတိုက်က နိုင်ငံတွေကို ကြည့်လိုက်ရင် ကျွန်တော့်ဖခင်ရဲ့ ကင်ညာနိုင်ငံမှာဆိုရင် လူမျိုးစု ပဋိပက္ခတွေ အများကြီး ဖြစ်နေတယ်။ အပြင်က ခင်ဗျားတို့က ဘာကြောင့်ဖြစ်နေတာလဲလို့ ထင်ကြလိမ့်မယ်။ ဒီနိုင်ငံဟာ အလားအလာ အများကြီးကောင်းတယ်။ သူတို့အနေနဲ့ တိုးတက်နေရမယ့် အချိန်မှာ လူမျိုးစုတွေ၊ မျိုးနွယ်စုတွေကို အကြောင်းပြုပြီး နိုင်ငံရေးအရ စည်းရုံးတာတွေ၊ တိုက်ခိုက် တာတွေကို တစ်ချိန်လုံး လုပ်နေကြတယ်။ တစ်ဖွဲ့က အာဏာ ရသွားပြီဆိုရင် ကျန်တဲ့တစ်ဖွဲ့ကို သံသယ ပွားပြီး နေရာလုမှာကို စိုးရိမ်တယ်။ အာဏာအလှည့်အပြောင်းဖြစ်ရင် ပြန်ခံကြရရော။ ဒီသံသရာကို လူ့ အဖွဲ့အစည်းတစ်ခုပြီး တစ်ခု ကျွန်တော်တို့ တွေ့နေရပါတယ်။ လူငယ်မျိုးဆက်သစ်တွေ လုပ်ဆောင်နိုင်တဲ့ အရေးအကြီးဆုံး အချက်ကတော့ ဒီလိုအတွေးအခေါ်တွေကို ဖောက်ထွက်နိုင်ဖို့ပဲ ဖြစ်ပါတယ်။

ကျွန်တော် တိုကျိုကို ရောက်တုန်းက အာကာသယာဉ်မှူးတစ်ယောက်ရဲ့ ပြခန်းတစ်ခုကို တွေ့ခဲ့ရပါတယ်။ အပြည်ပြည်ဆိုင်ရာ အာကာသစခန်းမှာရှိတဲ့ ဂျပန်အာကာသယာဉ်မှူးတစ်ယောက်။ သူက ကမ္ဘာကြီး တစ်ခုလုံးကို လေ့လာစောင့်ကြည့်နေတယ်။ သူတို့ဟာ ရာသီဥတုပြောင်းလဲမှုပုံသဏ္ဍာန်တွေကို ခြေရာခံ လေ့လာနေကြတာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ လေ့လာမှုက ကျွန်တော်တို့ကို သဘာဝဘေး အန္တရာယ်တွေနဲ့ ပတ်သက်လာရင် အမြန်ဆုံး တုံ့ပြန်နိုင်စေဖို့ ဖြစ်ပါတယ်။ ဂျပန်၊ အမေရိကန်၊ ရုရှားနဲ့ အခြားနိုင်ငံက အာကာသယာဉ်မှူးတွေ အတူတူ နေထိုင်လုပ်ကိုင်နေတာ မြင် ရပါလိမ့်မယ်။ အာကသထဲက သူတို့ဆီကနေ ဒီကမ္ဘာဂြိုလ်ကြီးကို လှမ်းကြည့်လိုက်ရင် ကျွန်တော်တို့ အားလုံးဟာ အာကသအလယ်က ဒီ ကျောက်တုံးသေးသေးလေးပေါ်မှာ အတူတူ နေနေကြရတာပါပဲ။ သိပ်ကို အရေးကြီးလှပါတယ်ဆိုတဲ့ ထင်မြင်ယူဆနေကြတဲ့ ကွဲပြားမှုတွေဟာ ကျွန်တော်တို့ကို အာကာသ ထဲက လှမ်းကြည့်တဲ့အခါမှာ ဘာမှမဟုတ်တော့တဲ့ အခြေအနေ ရောက်သွား ပါတယ်။

ဒါကြောင့်မို့ ကျွန်တော်တို့ဟာ ဥပဒေရဲ့ အရိပ်အာဝါသအောက်မှာ လူတိုင်းကို လေးစားရမယ်၊ လူတိုင်းကို တန်းတူရည်တူ ဆက်ဆံရမယ် ဆိုတဲ့ တူညီတဲ့ရှုမြင်ချက် ထားရှိကြရမှာ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့အားလုံး လိုက်နာကြရမယ့် ကျင့်ဝတ်စည်းမျဉ်းပဲ ဖြစ်ပါတယ်။ သိပ်ကောင်းတဲ့ မေးခွန်းပါ။ ယောင်္ကျားလေး၊ မိန်းကလေး အားလုံးဟာ အခွင့်အရေးအတူတူ ရှိဖို့လိုပါတယ်။ ဒါကို ကျွန်တော်တို့ လိုက်နာ ကျင့်သုံးကြရမှာ ဖြစ်ကြောင်း တိုက်တွန်းလိုပါတယ်။ ဒါကို ခင်ဗျားတို့အားလုံး ဆက်လက် ဖော် ဆောင်သွားကြရမှာ ဖြစ်ပါတယ်။

၎င်းနောက် မလေးရှားနိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ စသည့် အာဆီယံနိုင်ငံများမှ လူငယ်များ၏ မေးမြန်းချက်များကို ဆက်လက်ဖြေကြားသွားခဲ့သည်။

သမ္မတအိုဘားမား၏ အာဆီယံလူငယ်များနှင့် တွေ့ဆုံမှုတွင် မြန်မာနိုင်ငံ၏ လက်ရှိလျှောက်လှမ်း နေသော ပြုပြင်ပြောင်းလဲမှုများကို လွန်စွာမှပင်ရဲရင့်လှသော ခြေလှမ်းများအဖြစ် ချီးကျူးပြောဆိုသွားခဲ့ သလို မတူကွဲပြားမှုများကို တန်ဖိုးထားမြှင့်တင်ရေး၊ တန်းတူအခွင့်အရေးများ ရရှိရေး၊ ပဋိပက္ခများ ကင်းဝေးစေရေး စသည်တို့ကို ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များကို သာဓကပြု၍ ရှင်းလင်းပြောကြားသွားခဲ့ကြောင်း တွေ့ရှိရသည်။ အာဆီယံ-အမေရိကန် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရာတွင် လူငယ်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ပွင့်ပွင့်လင်းလင်း ဆွေးနွေးမေးမြန်းခွင့် ရရှိခဲ့ခြင်းကြောင့် မတူကွဲပြားမှုများ တည်ရှိနေသော အာဆီယံနိုင်ငံများမှ လူငယ်များအတွက်လည်း ကြီးမားသော အခွင့်အလမ်းတစ်ရပ်ပင် ဖြစ်ပေတော့သည်။ (ရန်ကြီးအောင်)
 (၃၀-၄-၂၀၁၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှ)  

------------------------------------------------------------------------------------------------------------

တရုတ်နိုင်ငံ ကူမင်းဘူတာရုံ၌ ရက်စက်စွာ တိုက်ခိုက်ခဲ့ခြင်းအား ပြင်းထန်စွာ ရှုတ်ချ


သတင်းထုတ်ပြန်ချက်
၂၀၁၄ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းဘူတာရုံ၌ ဓားများကိုင်ဆောင်သည့် အကြမ်းဖက်သမားများက အပြစ်မဲ့သူ အများအပြားသေဆုံး၊ ဒဏ်ရာ ရရှိစေသည့် အသိစိတ်မဲ့ရက်စက်စွာ တိုက်ခိုက်ခဲ့ခြင်းအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရက ပြင်းထန်စွာ ရှုတ်ချသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် ပြည်သူများသည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတော်အစိုးရနှင့် ပြည်သူများနှင့် အတူ ယင်းသို့ တိုက်ခိုက်ခံခဲ့ရသူများနှင့် မိသားစုများ အတွက် အထူးဝမ်းနည်း စိတ်မကောင်း ဖြစ်မိပါကြောင်းနှင့် ထိခိုက်ဒဏ်ရာ ရသူများ အမြန်ဆုံး ပြန်လည်ကျန်းမာပါစေကြောင်း ဆုမွန်ကောင်းတောင်း အပ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရသည် ကမ္ဘာတစ်ဝန်း အကြမ်းဖက်မှု တိုက်ဖျက်ရေးတွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတော် အစိုးရနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း တို့နှင့်အတူ နီးကပ်စွာ ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၁၄ ခုနှစ် မတ်လ ၅ ရက်
------------------------------------------------------------------------------------------------------------------

 သတင်းထုတ်ပြန်ချက်နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော် ၂၄ ဇန်နဝါရီ ၂၀၁၄



-----------------------------------------------------------------------------------------------

မြန်မာ့ဆင်ဖြူတော် ထိုင်းနိုင်ငံသို့ ငှားရမ်းမည့် အစီအစဉ် မရှိ၊ ချင်းမိုင်မှ ထိုင်းပြည်သူများ မြန်မာနိုင်ငံသို့ လာရောက်ကြည့်ရှုနိုင်ရန် ညှိနှိုင်းဆောင်ရွက်ပေးမည်

 
  

နေပြည်တော်၊ ဇွန် ၁၈

မြန်မာ့ဆင်ဖြူတော် ထိုင်းနိုင်ငံသို့ ငှားရမ်းမည့် အစီအစဉ် မရှိကြောင်း၊ ချင်းမိုင်ရှိ ထိုင်းပြည်သူများ မြန်မာနိုင်ငံသို့ လာရောက်ကြည့်ရှုနိုင်ရန် နှစ်ဘက် ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာနမှ သတင်း ရရှိသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် Forum for East Asia-Latin America Cooperation Meeting  သို့ တက်ရောက်ရန် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့သို့ ရောက် ရှိစဉ် (၁၃-၆-၂၀၁၃) ရက်နေ့ တွင် ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Surapong Towichchaikul နှင့် သီးခြားတွေ့ဆုံ ခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များ ဆွေးနွေး ခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံအနေဖြင့် မြန်မာ-ထိုင်း သံတမန်ဆက်သွယ်မှု (၆၅) နှစ်ပြည့် အထိမ်း အမှတ်အဖြစ် အခမ်းအနားများ ကျင်းပပြုလုပ်ရာတွင် မြန်မာနိုင်ငံမှ ဆင်ဖြူတော်ကို ထိုင်းနိုင်ငံ သို့ ခြောက်လကြာ ငှားရမ်းပေးပြီး ချင်းမိုင်မြို့ရှိ တိရိစ္ဆာန်ရုံတွင် အများပြည်သူ ကြည့်ရှုလေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်လိုကြောင်း၊ ချင်းမိုင် တိရိစ္ဆာန်ရုံ အား ရွေးချယ်ရခြင်း အကြောင်းရင်းမှာ ချင်းမိုင်သည် မြန်မာနိုင်ငံနှင့် ဆက်သွယ်ဆက်ဆံမှု သက်တမ်း နှစ်ပေါင်း (၂၀၀) ကျော်ရှိ ခဲ့သောကြောင့် ဖြစ်ကြောင်း  ကမ်းလှမ်းခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မြန်မာနိုင်ငံမှ ဆင်ဖြူတော်ကို ထိုင်းနိုင်ငံ ချင်းမိုင်အထိ သယ်ဆောင်ရေး မှာ အခက်အခဲများ ရှိသဖြင့် အဆင်မပြေကြောင်း၊ ထိုင်းပြည်သူများ မြန်မာ့ ဆင်ဖြူ တော်အား အလွယ်တကူ လာရောက် ကြည့်ရှုလေ့လာနိုင်ကြစေရန် အတွက် အထူးလေကြောင်း ခရီးစဉ်များ စီစဉ်ခြင်းများ ညှိနှိုင်းဆောင် ရွက်ပါက အဆင်ပြေမည် ဖြစ်ကြောင်း၊ ဆင်ဖြူတော် လေ့လာရေးခရီးစဉ်သည် နှစ်နိုင်ငံ ပြည်သူများအကြား ရင်းနှီး ချစ်ကြည်မှုများ ပိုမိုမြင့်မားစေနိုင်ပြီး မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကိုလည်း အထောက်အကူ ပြုစေနိုင် ကြောင်း ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

မလေးရှားနိုင်ငံတွင် ဖြစ်ပွားနေသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ၏ အခြေအနေများနှင့် စပ်လျဉ်းပြီး တွေ့ဆုံ မေးမြန်းချက်

 

နေပြည်တော် ဇွန် ၁၆

မလေးရှားနိုင်ငံသို့ သွားရောက်ခဲ့သည့် ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးဇင်ယော်နှင့် ဒေါ်ဝင်းမော်ထွန်းတို့ ဦးဆောင်သည့်အဖွဲ့သည် ဇွန်၁၄ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိခဲ့ကြသည်။
မလေးရှားနိုင်ငံမှာ ဖြစ်ပွားနေသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ၏ အခြေအနေများနှင့် စပ်လျဉ်းပြီး သတင်းအဖွဲ့က လေဆိပ်သို့ သွားရောက်တွေ့ဆုံမေးမြန်း ခဲ့ပါသည်
မေး။။ ဒုတိယဝန်ကြီး ဦးဇင်ယော်ခင်ဗျား၊ အခု မလေးရှားနိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးစဉ်ဟာ အောင်မြင်မှု ရှိပါသလား။ ဘာတွေ ဆောင်ရွက်နိုင်ခဲ့ပါသလဲ ဆိုတာကို ဖြေကြားပေးစေလိုပါတယ် ခင်ဗျာ။
ဖြေ။ ။  ကျွန်တော်တို့ အဖွဲ့ မလေးရှားနိုင်ငံသို့ သွားရောက်ခဲ့တဲ့ ခရီးစဉ်ဟာ အောင်မြင် တယ်လို့ ပြောကြား လိုပါတယ်။ ကျွန်တော်တို့အဖွဲ့အနေနဲ့ တကယ်ဒုက္ခ ရောက်နေတဲ့ အလုပ်သမားတွေနဲ့တွေ့ခဲ့ပါတယ်။ အဲဒီမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေ၊ အဲဒီ ဖြစ်စဉ်တွေရဲ့ ကျယ်ပြန့်မှုတွေ၊ အဲဒီမှာရှိနေတဲ့ အလုပ်သမားတွေရဲ့ ခံစားချက်တွေ၊ စိုးရိမ်သောက ရောက်မှုတွေကို ဖြေဖျောက်ပေးနိုင်ခဲ့ပါတယ်။ နောက်မြန်မာနဲ့ မလေးရှား နှစ်နိုင်ငံအကြား ပူးပေါင်းပြီး ဆောင်ရွက်မှုတွေ အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ နောက်ထပ် မလေးရှားမှာ ကျန်နေခဲ့ပြီး ဆက်ပြီး အလုပ်လုပ်ချင်တဲ့သူတွေ၊ နောက်ထပ်လည်း သွားရောက်ပြီး အလုပ်လုပ်မယ့်လူတွေ ဒီလူတွေအတွက် လုံလောက်တဲ့ အကာအကွယ်တွေပေးဖို့၊ အလုပ်ရှင်တွေကလည်း လုပ်ငန်းခွင်မှာ လုံခြုံရေးဂရုစိုက်ပေးဖို့ တိုက်တွန်း ပြောကြားခဲ့ပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့သူ လောလောဆယ် ၃၀၇ ဦး ရှိတယ်။ သူတို့ကို နှစ်ပတ်အတွင်းမှာ ရုံးတင်စစ်ဆေးပြီးတော့ သူတို့ဒီမှာဆက်ပြီး အလုပ်လုပ်ချင်တယ် ဆိုရင်တောင် အလုပ်လုပ်ခွင့်ပြုမယ်ဆိုတဲ့ မလေးရှားအစိုးရနဲ့ ပူးပေါင်းဆောင်ရွက် နိုင်ခဲ့ပါတယ်။
မေး။ ။ မြန်မာအလုပ်သမားတွေကို တိုက်ခိုက်ခဲ့တဲ့သူတွေနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုဆောင်ရွက်ပေးမယ်လို့ ပြောပါသလဲခင်ဗျာ။
ဖြေ။ ။ ပြစ်မှုကျူးလွန်ခဲ့တဲ့ တရားခံတွေကို ဖမ်းဆီးအရေးယူပေးမယ်။ အကုန်လုံးကို တရားဥပဒေအတိုင်း ဖြစ်စေရပါမယ်ဆိုပြီး မလေးရှားနိုင်ငံ ပြည်ထဲရေး ဒုတိယဝန်ကြီး၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိတဲ့ သူတွေက ပြောကြားခဲ့ ပါတယ်။ ဒါကြောင့် သွားရတဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ မြန်မာ အလုပ်သမားတွေကို အကာအကွယ်ပေးဖို့၊ အပြစ်ရှိတဲ့သူတွေ အရေးယူ ဖော်ထုတ်ဖို့၊ ဆက်လက်ပြီး အလုပ်လုပ်ချင်တဲ့သူတွေ အေးချမ်းစွာ အလုပ်လုပ်နိုင်ရေး စီစဉ်ပေးဖို့ဆိုပြီး ဖြေရှင်းပေးနိုင်ခဲ့ပါတယ်။
မေး။ ။ သေဆုံးတဲ့သူတွေနဲ့ပတ်သက်ပြီး မိဘဆွေမျိုးတွေက မြန်မာနိုင်ငံကို ပြန်လည် သယ်ယူပေးဖို့တောင်းဆိုတာမျိုး ရှိပါသလား။
ဖြေ။ ။ အခုလောလောဆယ်တော့ ဒီဘက်က တောင်းဆိုတာ မရှိပါဘူး။ ဟိုမှာပဲ သင်္ဂြိုဟ်ပါမယ်ဆိုပြီး စီစဉ်တာများပါတယ်။ မလေးရှားရဲတပ်ဖွဲ့ရဲ့ တရားဝင် အစီရင်ခံချက် အရ သေဆုံးသူ လေးဦးပဲ ဖြစ်ပါတယ်။ နောက်ဆေးရုံရောက်မှ တစ်ဦးသေဆုံးလို့ စုစုပေါင်း ငါးဦးသေဆုံးကြောင်း သိရပါတယ်။  ဒီလူတွေရဲ့ အမည်စာရင်းနဲ့ ကျန်တာတွေ ကိုလည်း ရရှိပြီး ဆက်လက်ပြီး သတင်းပို့ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
မေး။ ။ ပြန်မယ့်လူတွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်ပေးခဲ့တာကိုလည်း ရှင်းပြပေးပါဦးခင်ဗျာ။
ဖြေ။ သူတို့ ပြန်ချင်တယ်ဆိုရင် ပြန်ဖို့ CI ထုတ်ပေးမယ်။ ထုတ်ပေးပြီးတော့ CI ရပြီဆိုရင် မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနကို သွားရပါမယ်။ အဲဒီမှာ Check Out Memo ဖြည့်ရမယ်။ အဲဒီအတွက် မလေးရှားရင်းဂစ် ၄ဝဝ ပေးရပါမယ။် လူဝင်မှုကြီးကြပ်ရေးက စစ်ဆေးတဲ့အခါ မလေးရှားနိုင်ငံရဲ့ ဥပဒေတွေကို ချိုးဖောက်ထားခြင်း ရှိမရှိ၊ စက်ရုံ အလုပ်ရုံတွေ၊ ကန်ထရိုက်စာချုပ်တွေကို ချိုးဖောက်ပြီး ထွက်ပြေးလာတဲ့လူ ရှိမရှိ စစ်ဆေးပြီး မရှိဘူးဆိုရင် ရှောရှောရှူရှူ ပြန်ခွင့်ပေးပါတယ်။ တစ်ပတ်အတွင်း လေယာဉ်ပျံ လက်မှတ်လည်း သူတို့ကို ပြရပါတယ်။ လောလောဆယ် ပြန်ခွင့် ပြုတယ်ဆိုပြီး  ၁၆ ဦး ခွင့်ပြုထားတာ ရှိပါတယ်။ ဇွန် ၁၅ ရက်မှာ ပြန်လာဖို့ စီစဉ်ပေးခဲ့ပါတယ်။ သူတို့ရဲ့ လေယာဉ်စရိတ်နဲ့ မလေးရှားလူဝင်မှုကြီးကြပ်ရေးကို ပေးရမယ့် ရင်းဂစ် ၄၀၀ ကို လှူဒါန်းတဲ့ အဖွဲ့နဲ့ မလေးရှားမှာရှိတဲ့ ကူညီမှုအသင်းတွေက ပြန်လို့ရအောင် ဝိုင်းဝန်း စီစဉ်ပေးကြတာ ဖြစ်ပါတယ်။ နောက်ထပ် ပြန်ချင်သေးတယ်ဆိုပြီးတော့မှ ဆက်သွယ် လာတဲ့လူတွေ ရှိပါတယ်။ ရှိတော့ အဲဒီလူတွေကိုလည်း ခုနလို အိုဗာစတေးဖြစ်နေတဲ့ လူတွေကိုလည်း CI ထုတ်ပေးမယ်၊ မြန်မာနိုင်ငံသားဟုတ်မဟုတ် စိစစ်မယ်၊ မှန်ကန်တယ် ဆိုရင် ပြန်ဖို့စီစဉ်ပေးဖို့ ဆက်လက်ဆောင်ရွက်နေပါတယ်။
မေး။ ။ မလေးရှားအစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှုက ဘယ်လိုများ ရှိပါသလဲ။
ဖြေ။ ။ ပူးပေါင်းဆောင်ရွက်မှုက အလွန်ကောင်းပါတယ်။ အခုအချိန်တိုအတွင်း သွားရတယ်။ အဲဒီလိုသွားတဲ့အခါမှာ တစ်ရက်အတွင်းမှာပဲ သက်ဆိုင်ရာ ဝန်ကြီးဌာနများနဲ့ တွေ့ဆုံလို ပါတယ်လို့ ပြောတဲ့အခါ တွေ့ဆုံခွင့်ပြုခဲ့ပါတယ်။ သူတို့နဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါ ကျွန်တော်တို့ တောင်းဆိုတဲ့အချက်တွေကို ချက်ချင်းပဲ ဆောင်ရွက်ပေးပါမယ်ဆိုပြီး ပြောပါတယ်။ ဖမ်းဆီးထိန်းသိမ်းထားတဲ့ လူတွေကိုလည်း သူတို့ အလုပ်လုပ်ချင်ရင်တောင် ဆက်ပြီး အလုပ်လုပ်ခွင့်ပေးဖို့ စီစဉ်ဆောင်ရွက်မယ်ဆိုပြီး ညှိနှိုင်းနိုင်ခဲ့ပါတယ်။
နောက်တစ်ခါ လောလောဆယ် ဖမ်းဆီးထားတဲ့ လူတွေကို တွေ့ချင်ပါတယ်ဆိုပြီး တောင်းဆိုတဲ့အခါ ချက်ချင်းတွေ့ခွင့် ပေးပါတယ်။ ကျွန်တော်တို့ကိုပဲ တွေ့ခွင့်ပေးတာ မဟုတ်ပါဘူး၊ ကျွန်တော်တို့ကိုတော့နေတဲ့ အဆောင်တွေအထိ တွေ့ခွင့်ပေးခဲ့ပါတယ်။ ဒီက လာသွားတဲ့ အလုပ်သမား အေဂျင်စီကအဖွဲ့တွေ တွေ့ချင်တယ် ဆိုရင်လည်း နောက်ထပ် စခန်းနှစ်ခုတောင် ရောက်ခဲ့ပါတယ်။ ရောက်ပြီးတော့မှ အထဲကိုတော့ ဝင်တွေ့ခွင့်မရဘူးပေါ့၊ တွေ့ချင်တဲ့လူ လေးငါးခြောက်ဦးကို တွေ့ခဲ့ပါတယ်။ ကျွန်တော်တို့ကတော့ ၁၆ဝ အထိတောင် တွေ့ပြီးတော့ သူတို့ရဲ့ သဘောထားတွေ မေးမြန်းနိုင်ခဲ့ပါတယ်။ လိုအပ်တဲ့ ကိစ္စတွေကို ဆက်လက်ဆောင်ရွက်ပေးမယ်ဆိုတဲ့ ကတိဝတ် ရခဲ့ပါတယ်။ အခုလက်တွေ့ တွေ့ခဲ့တဲ့ဟာမှာ လုံခြုံရေးတွေ ချထားပေးတာ၊ အခင်းဖြစ်ပွားခဲ့တဲ့ ဆာလာရန်းဈေးမှာ ကြီးကြပ်ပေးတာ ဒီဟာတွေ ကြည့်ခြင်းအားဖြင့် မလေးရှားအစိုးရက ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတာ ပေါ်လွင်ပါတယ်။

မေး။ ။ ပြန်မယ့်လူတွေထဲမှာ အများစုက ဘယ်လိုလူမျိုးတွေ ဖြစ်ပါသလဲ။
ဖြေ။ ။ ဆာလာရန်းနယ်မြေမှာ ကိုယ်တိုင်အန္တရာယ်နဲ့ ကြုံတွေ့ပြီး ထိခိုက်ဒဏ်ရာရခဲ့သူတွေ၊ ဆေးရုံတက်ရတဲ့အထိ ဒဏ်ရာရရှိခဲ့သူတွေရှိတယ်၊ နောက် အဲဒီပတ်ဝန်းကျင်မှာ အလုပ် လုပ်ရတဲ့ သူတွေရှိတယ်၊ သူတို့ကတော့ မြန်မာနိုင်ငံကို ပြန်ဖို့ဆိုပြီး အခုချက်ချင်းပဲ ပြန်ချင်ပါတယ်လို့ ဆိုတာနဲ့ အမြန်ဆုံး ပြန်နိုင်အောင် ဆောင်ရွက်ပေးခဲ့ ပါတယ်။ နောက်ထပ်လည်း ဆောင်ရွက်ပေးဖို့ စီစဉ်ခဲ့ပါတယ်။ ပုံမှန်အားဖြင့်တော့ CI လက်မှတ် ထုတ်ပေးပြီး မလေးရှား လဝကမှာ အမှုရှိမရှိ စစ်ဆေးတဲ့အခါ တစ်ပတ်ကနေပြီး နှစ်ပတ်၊ သုံးပတ် စသည်ဖြင့် ကြာတတ်ပါတယ်။ တစ်နိုင်ငံလုံးကို ဆက်သွယ်ပြီးမှ ပြန်လည် စိစစ်တဲ့အတွက် ဒါတွေကို အမြန်ဆုံးလုပ်ပေးပါလို့ ပြောတဲ့အခါမှာ အမှုအခင်း ကင်းရှင်းတယ် ဆိုလို့ရှိရင် ချက်ချင်းလုပ်ပေးပါမယ်ဆိုပြီး ဒီနေ့လာ ဒီနေ့ရမယ်ဆိုတဲ့ နည်းနဲ့အထိ မလေးရှားက အကူအညီပေးတာကို တွေ့ရပါတယ်။
မေး။ ။ သူတို့အပြင် ထပ်ပြီးပြန်ဖို့ ဘယ်နှဦးလောက် စာရင်းပေးပါသေးသလဲ။
ဖြေ။ ။ နောက်ထပ်ပြန်မယ်ဆိုပြီး ပြောတာတော့ CI ထုတ်ပေးထားတာ ၇ဝ ရှိသွားပါပြီ။ ဒါက ပြန်ချင်တဲ့လူတွေပါ။ ပထမနေ့က မြန်မာသံရုံးကို သွားတဲ့အခါ ပတ်စ်ပို့သက်တမ်း တိုးတဲ့သူ ၁၇ဝ လောက်နဲ့ တွေ့ပါတယ်။ တွေ့တော့ ပြန်မှာလား၊ မပြန်ဘူးလား၊ ပြန်ချင်လား ဆိုပြီးမေးတော့ မပြန်ဘူး၊ သူတို့ဆက်ပြီး အလုပ်လုပ် လိုသေးတယ်ဆိုပြီး အားလုံးက ဖြေပါတယ်။ သူတို့ ဘာလိုသေးလဲ၊ ဘာဖြစ်ချင်လဲဆိုပြီး မေးတဲ့အခါမှာ သူတို့က မလေးရှား အစိုးရကိုပဲ အလုပ်ရှင်တွေကို သူတို့ကိုကာကွယ်ပေးဖို့၊ စောင့်ရှောက်ဖို့ပေါ့ အဲ့ဒါမျိုးတွေ ဆောင်ရွက်ပေးပါ။ မြန်မာအစိုးရဘက်က တောင်းဆိုပေးပါ၊ တိုက်တွန်းပေးပါဆိုပြီးတော့ ပြောကြတာပဲ ရှိပါတယ်။ သံရုံးမှာတွေ့တဲ့ ပတ်စ်ပို့သက်တမ်း တိုးတဲ့အုပ်စုပေါ့။ အဲဒီလိုပဲ ဆာလာရန်း နယ်မြေမှာတွေ့ခဲ့တဲ့ အလုပ်သမားတွေ၊ မှန်စက်ရုံမှာတွေ့ခဲ့တဲ့ အလုပ်သမား တွေက ဘယ်သူမှမပြန်လိုဘူး။ သူတို့ရဲ့ လုံခြုံရေးကို ကာကွယ်ပေးဖို့ပဲ တောင်းဆိုတယ်။ ဒီမှာအလုပ်လုပ်ရတာ အဆင်ပြေတယ်။ နည်းပညာ အရလည်း တတ်ကျွမ်းမှုရှိတယ်။ ဆက်လုပ်ချင်တယ်ပေါ့။ ဒါအများစု ဖြစ်နေပြန်ရော။ ကျန်တဲ့ဆန္ဒရှိရင်ပြောပါ၊ ဆောင်ရွက် ပေးမယ်ဆိုတော့ သူတို့မှာ မိသားစုလေးတွေ တချို့ပါလာတာရှိတယ်။ သူတို့က Overstay တွေဆိုတော့ သူတို့ပြန်နိုင်အောင် လုပ်ပေးနိုင်မလားဆိုပြီး မေးတဲ့အခါမှာ လုပ်ပေးပါမယ် ဆိုပြီးတော့ ပြောခဲ့ပါတယ်။
မေး။ ။ သူတို့ထောင်တွေထဲမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ သူတွေနဲ့ ပတ်သက်ပြီး တွေ့ခဲ့တာလေးကို ပြောပြပေးပါဦးခင်ဗျာ။
ဖြေ။ ။ ကျွန်တော်တို့နဲ့ တွေ့ခဲ့တာက ဖမ်းဆီးထိန်းသိမ်းထားတဲ့လူ ၁၆ဝ ဖြစ်ပါတယ်။ အဲ့ဒီမှာ အမျိုးသမီးခြောက်ဦး၊ အမျိုးသား ၁၅၄ ဦး ပါဝင်ပါတယ်။ မြန်မာနိုင်ငံသား အများစုပဲလို့ ဆိုပါတော့။ အဲ့ဒီမှာ ဗမာတွေ့တယ်၊ ကချင်တွေ့တယ်၊ ချင်းအများစုတွေ့တယ်၊ ကရင် တွေ့တယ်။ မြန်မာနိုင်ငံက တခြားဘာသာဝင်တွေလည်း တွေ့ပါတယ်။ အဆောင်နှစ်ဆောင် ခွဲထားတယ်။ အမျိုးသားသီးသန့်ပေါ့။ သူတို့ဘာတွေလိုလဲ၊ ဘာပြောချင်လဲ၊ ပြန်ချင်လား၊ မပြန်ချင်ဘူးလား၊ ဘယ်လိုလုပ်မလဲဆိုပြီး မေးတဲ့အခါမှာ ၁၅၄ ဦးမှာ ၂ဝ/ ၂၅ ဦးလောက်ပဲ ပြန်ချင်တယ်လို့ ပြောပါတယ်။ အဖမ်းခံထားရတာတောင် သူတို့မပြန်လိုဘူး။ နောက် အမျိုးသမီးဆောင် ရောက်ပါတယ်။ အမျိုးသမီး ခြောက်ဦးလုံးက ပြန်မယ်လို့ မပြောပါဘူး။ သူတို့ဆက်ပြီးတော့ပဲ နေမယ်လို့ ပြောပါတယ်။ အဲဒီလိုပြောတဲ့အတွက် မပြန်ချင်တဲ့လူ အများစုဆိုတာ ခန့်မှန်းလို့ရပါတယ်။
မေး။ ။ ဒုတိယဝန်ကြီးတို့ ရောက်နေတုန်းမှာ မြန်မာအလုပ်သမားတွေ အကြမ်းဖက် ခံရတာမျိုး သတင်းထပ်ကြားပါသေးသလား ခင်ဗျာ။
ဖြေ။ ။ ကျွန်တော်တို့ရောက်ပြီးမှ ဖြစ်စဉ်တွေဟာ ရပ်ဆိုင်းသွားပါတယ်။ ဘာမှ ထပ်မဖြစ် တော့ဘူး။ မလေးရှားအစိုးရကလည်း ဂိုဏ်းဂဏ အုပ်စုဖွဲ့ပြီးတော့ ဖြစ်တယ်လို့ ယူဆတယ်။ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ လူမျိုးရေး ပဋိပက္ခတွေနဲ့ မဆိုင်ဘူး မဆက်စပ်ဘူးလို့ သူတို့က ပြောပါတယ်။ ကျွန်တော်တို့ တွေ့ရှိချက်ကလည်း ဒီအတိုင်းပဲဖြစ်ပါတယ်။
မေး။ ။ အလုပ်သမားတွေအထဲမှာရော ဘာပြဿနာတွေ ရှိနေတာကို တွေ့ခဲ့ပါသလဲခင်ဗျာ။
ဖြေ။ ။ ငွေရေးကြေးရေး အရှုပ်အရှင်းရှိနေတာလေးတွေ အလုပ်သမား တွေထဲမှာ တွေ့ခဲ့ရတယ်။ အနိုင်ကျင့်တာတွေ ဂိုဏ်းဖွဲ့တာတွေရှိတယ်ဆိုတာ သိခဲ့ရတယ်။ အဲဒီလို သိခဲ့ရတဲ့အတွက် အများစုရဲ့ဆန္ဒကတော့ အဲဒီနယ်မြေလေးမှာပဲ ဘေးအန္တရာယ်ရှိတယ်ပေါ့။ မလေးရှားတစ်နိုင်ငံလုံး ဒီနေရာလေး တစ်ဝိုက်မှာပဲ ဖြစ်ပွားခဲ့တယ်။ ကျန်တဲ့နေရာတွေမှာ ငြိမ်းချမ်းတယ်၊ လုံခြုံမှုရှိတယ်။ အဲဒီ့အတွက်ကြောင့် အများထင်နေသလို တစ်နိုင်ငံလုံး အုန်းအုန်းကျွက်ကျွက်နဲ့ နေလို့မရ ထိုင်လို့မရ ဖြစ်နေတဲ့ အခြေအနေမဟုတ်ဘူး။ တစ်နေရာထဲမှာ ကွက်ပြီးတော့ ဖြစ်သွားပါတယ်။ ဖြစ်သွားတဲ့ဟာကလည်း အကြောင်း အမျိုးမျိုးကြောင့် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ တချို့လှုံ့ဆော်တဲ့ လူတွေဟာလည်း ဒီအဖွဲ့အစည်းတွေကနေပဲ အခွင့်ကောင်းယူပြီးတော့ မငြိမ်မသက်မှုတွေဖြစ်အောင် လုပ်တယ်လို့ပဲ ယူဆပါတယ်။ ဒါကြောင့် အများပြည်သူတွေ အနေနဲ့ စိုးရိမ်စရာမရှိဘူးလို့ ဒီနေရာကနေပြီးတော့ ပြောကြားလိုပါတယ်။
မေး။ ။ အခု ခရီးစဉ်နဲ့ပတ်သက်ပြီး ဒုတိယဝန်ကြီး ပြောချင်တာလေး ရှိရင်လည်း ပြောပြပေးပါဦးခင်ဗျာ။
ဖြေ။ ။ အခုသွားတဲ့ခရီးစဉ်က ကျွန်တော်တို့အတွက် ကုသိုလ်ရပါတယ်။ ကျွန်တော် သံရုံးကိုလည်း ပြောပါတယ်။ နောက်ကျွန်တော်တို့တင် မဟုတ်ဘဲနဲ့ ဒီဧရာဝတီ ဖောင်ဒေးရှင်းက ပါလာတယ်၊ နောက်အလုပ်သမားအေဂျင်စီ အဖွဲ့တွေက ပါလာတယ်။ ဒီအဖွဲ့တွေဟာ အများအကျိုးအတွက် ဆောင်ရွက်ပေးတာပေါ့။
နိုင်ငံတော်သမ္မတကြီးက သွားပါဆိုပြီးတော့မှ စိတ်ပူလို့ စေလွှတ်ခဲ့တယ်။ ကျွန်တော်တို့ သွားခဲ့တယ်။ တွေ့ခဲ့တယ်။ အင်မတန် ကုသိုလ်ရတဲ့ အလုပ်တွေပါ။ ဘာဖြစ်လို့လဲဆိုတော့ အားလုံး နှလုံးစိတ်ဝမ်း ပူပန်နေတဲ့လူတွေ အေးချမ်းအောင် ကျွန်တော်တို့ ဆောင်ရွက်နိုင် ခဲ့တယ်။ နောက်တစ်ခါ အများထင်နေတဲ့ အားလုံးဒုက္ခရောက်နေတယ်ဆိုတာ မဟုတ်ဘူးလို့ ဖော်ထုတ်နိုင်ခဲ့တယ်။ နောက်တကယ် ဒုက္ခရောက်နေတဲ့ လူတွေကိုလည်း ကူညီပေးခဲ့တယ်။ ပြန်ဖို့စီစဉ် ပေးခဲ့တယ်။ နောက်ဒီလူတန်းစား အဖွဲ့အစည်းအသီးသီးပေါ့။ သူတို့လုပ်တဲ့ နေရာ အထိ ကျွန်တော်တို့ရောက်ခဲ့ပြီး လိုအပ်တာတွေ ဆွေးနွေးညှိနှိုင်းခဲ့ ပါတယ်။
သတင်းအဖွဲ့။ ဒုတိယဝန်ကြီး ဦးဇင်ယော်ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။
မေး။ ။ ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းက ပြောပြပေးပါဦး။
ဖြေ။ ။ ဟိုရောက်တော့ မြန်မာအလုပ်သမားတွေကို တွေ့တယ်။ တွေ့တဲ့အခါမှာ ပထမဦးဆုံး ပြောရတာကတော့ ကိုယ့်ကိုယ်ကိုလုံခြုံဖို့ ပထမ၊ ကိုယ်တိုင်လုပ်ရမယ်။ ဒုတိယက ဘာဖြစ်လဲဆိုတော့ တစ်ယောက်နဲ့တစ်ယောက် အကြားမှာ စည်းလုံးရမှာတွေ၊ ညီညွတ်ရမှာတွေ သင်ခဲ့တယ်။ နောက် အလုပ်သမားတွေရဲ့ အခြေအနေကြည့်လိုက်တဲ့ အခါကျတော့ တော်တော်များများက မလေးရှားနိုင်ငံမှာ သူတို့ဝင်ငွေကောင်းတဲ့အတွက် မပြန်ချင်ဘူး။ တချို့ကလည်း ဖြစ်ရပ်တွေကို ဖေ့စ်ဘွတ်ခ်ဘာညာပေါ့နော် ဖတ်တဲ့အခါမှာ သူတို့တွေမှာ စိုးရိမ်ကြောင့်ကြမှုကြီးပြီးတော့ တချို့ကြတော့လည်း ပြန်ချင်တယ်။ အဓိက ဘာသွားတွေ့လဲဆိုတော့ မြန်မာအလုပ်သမားတွေထဲမှာ မိသားစုတွေရှိနေပြီးတော့ ဥပမာ-အမျိုးသမီးဆိုရင် ကိုယ်ဝန် ငါးလလောက် ကိုယ်ဝန် ရှစ်လလောက်တွေ သွားတွေ့တယ်။ သူတို့ကိုတော့ ပြန်ပို့လိုက်ပါ၊ ဘာလို့ဆိုတော့ ကိုယ့်ကိုယ်ကိုတောင် လုံခြုံမှုမရှိတာ ကိုယ်ဇနီးကို အာမခံချက် ပေးဖို့ခက်မယ်၊ ဒါကြောင့် ပြန်ပါဆိုပြီးတော့ တိုက်တွန်းခဲ့တယ်။
မေး။ ။ ဒုတိယဝန်ကြီး ဦးဇင်ယော်ကလည်း မလေးရှားနိုင်ငံဘက်က ပူးပေါင်း ဆောင်ရွက်မှုကို ကောင်းမွန်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒုတိယ ဝန်ကြီးရဲ့ အမြင်ကကော ဘယ်လို ရှိပါသလဲ။
ဖြေ။ ။ တကယ်ကောင်းပါတယ်။ အခုအခင်း ဖြစ်ပွားခဲ့တဲ့ ဆာလာရန်းဈေးဆိုရင် လုံခြုံမှု အပြည့်ပေးနေပါပြီ။ အဲဒီဈေးက ရန်ကုန်မြို့က သီရိမင်္ဂလာဈေးလိုပါပဲ။ ကုန်စိမ်းဈေးပါ။ သူက ၂၄ နာရီလုံး ဖွင့်တယ်။ မနက်ပိုင်းမှာ ကုန်စိမ်းရောင်းပြီး ညနေမှာ ငါးရောင်းပါတယ်။ ဒီတော့ အလုပ်သမားတစ်ဦးက သက်သောင့်သက်သာလုပ်တဲ့ အချိန်မှာ ရင်းဂစ် ၁ဝဝဝ၊ ၁၅ဝဝ၊ တချို့ဆိုရင် ၁၅ဝဝ အထက် ရရှိကြတယ်။ အဲဒီတော့ နယ်မြေရဲ့ တရားဥပဒေ စိုးမိုးရေးဟာ အားနည်းတဲ့အခါ ဒီကိစ္စလေးတွေ ဖြစ်သွားတာပါ။
မေး။ ။ အလုပ်သမားတွေ အဆင်ပြေတယ်ဆိုလို့ ဝမ်းသာမိပါတယ်။ ဒုတိယဝန်ကြီးတို့ ရောက်ခဲ့တဲ့ နေရာလေးတွေနဲ့ပတ်သက်ပြီး အကျဉ်းလောက် ထပ်ပြောပြပါဦးခင်ဗျာ။
ဖြေ။ ။ ဆာလာရန်းဈေးကို သွားကြည့်တယ်။ ဆေးရုံတွေကို သွားကြည့်တယ်။ ကပုန်း ဘုန်းတော်ကြီးကျောင်းကို သွားပါတယ်။ နာရေးကူညီမှုအသင်းတွေကိုလည်း တွေ့ခဲ့ပါတယ်။ ဘုန်းတော်ကြီးကျောင်းမှာ လာရောက်မှီခိုနေတဲ့ သူတွေကိုလည်း တွေ့ပါတယ်။ မြန်မာအလုပ်သမား ၁၅ဝ ကျော်ရှိတဲ့ မှန်စက်ရုံကိုလည်း သွားကြည့်ပါတယ်။ အဲဒီလိုကြည့်တဲ့အခါမှာ အလုပ်ရှင်က လုံခြုံမှုပေးလား၊ မပေးလားကိုလည်း သေချာ ကြည့်တယ်။ တရုတ်အလုပ်ရှင်ဖြစ်တဲ့ မှန်စက်ရုံပိုင်ရှင်က အလုပ်သမားတွေကို ကောင်းကောင်း ထားတာကို တွေ့ရပါတယ်။ အလုပ်ရှင်ဘက်က အာမခံချက်ပေးနိုင်တာကို တွေ့ခဲ့ရပါတယ်။
တချို့ ကြုံရာကျပန်း လုပ်ရတဲ့အခါကျတော့ တစ်ယောက်တည်းလည်းဖြစ်တယ်၊ တခြား နိုင်ငံမှာလည်း ရောက်နေတယ်၊ အမှန်ပြောရရင် ဟိုမှာရှိတဲ့ အလုပ်သမားတွေဟာ ဝင်ငွေကောင်းတဲ့အတွက် စားကြတာ၊ သောက်ကြတာလေးတွေ ရှိလာတဲ့အခါ အမှား နည်းနည်းကနေ ကြီးကြီးဖြစ်လာတယ်။ အခြေခံကတော့ ဒါပါပဲ။ အခုသွားတဲ့ ခရီးက အောင်မြင်တယ်လို့ ပြောလို့ရပါတယ်။ ဟိုမှာ အလုပ်သမားတွေကို တွေ့တဲ့အခါ တစ်နယ်တစ်ကျေးမှာ ကိုယ့်မိဘလာတွေ့သလို သူတို့ခံစားရတယ်။ သူတို့ကို ကျွန်မတို့ ချွေးသိပ်ပေးတယ်။ နေနည်း၊ ထိုင်နည်း၊ စားနည်း၊ သောက်နည်းတွေ သင်ပေးခဲ့ပါတယ်။
ပြီးတော့ ဒဏ်ရာရတဲ့သူတွေကိုလည်း တော်တော်ချွေးသိပ်ပေးခဲ့တယ်။ အစောင့်လည်း မရှိဘူး၊ တစ်ယောက်တည်းလည်း ဖြစ်ပြန်၊ ဒါကြောင့် ကျွန်မတို့ ထောက်ပံ့မှုတွေ လုပ်ခဲ့ ပါတယ်။ ဘုန်းတော်ကြီးကိုလည်း လှူခဲ့ပါတယ်။ နာရေးကူညီမှုအသင်းကိုလည်း ထိုက်သင့်တဲ့ ကူညီပံ့ပိုးမှု လုပ်ခဲ့ပါတယ်။
မေး။ ။ ဒုတိယဝန်ကြီးအနေနဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး နိဂုံးချုပ်လေး ပြောပြပေးပါဦးခင်ဗျာ။
ဖြေ။ ။ ခရီးစဉ်တစ်ခုလုံးအနေနဲ့ သုံးသပ်ပြောကြားရရင် မြေပြင်ကွင်းဆင်း ကြည့်ချက်များ အရ အလွန်ဆိုးရွားတဲ့ အခြေအနေ မဟုတ်ပါဘူး။ မလေးရှားလုပ်ငန်းရှင်တွေ မနေ့ည ၈ နာရီလောက်မှာ ကျွန်မတို့ကို ဟိုတယ်မှာ လာတွေ့ကြပါတယ်။ အလုပ်ရှင်တစ်ဦးမှာ လူ ၂ဝဝ /၃ဝဝ /၅ဝဝ စသည့်ဖြင့် ရှိကြပါတယ်တဲ့။ ဒီအလုပ်သမားတွေက စိုးရိမ်စိတ်ကြောင့် ပြန်ချင်တယ်လို့ပြောလို့ တကယ်ပြန်သွားမှာကို သူတို့စိုးရိမ်နေပါတယ်။ သူတို့ အလုပ်တွေ ထိခိုက်မှာ စိုးရိမ်တယ်၊ ပြန်မလွှတ်မှာလည်း စိုးရိမ်ပါတယ်လို့ ပြောပါတယ်။ ဒါကြောင့် ကျွန်မတို့က သူတို့ကို ပြောခဲ့ပါတယ်။ အလုပ်သမားတွေကို ရင်ဝယ်သားကဲ့သို့မခြား ဂရုစိုက်ပေးပါ၊ ဒါဆိုရင် ကျွန်မတို့အနေနဲ့ ပြန်လွှတ်ဖို့လွယ်ပါတယ်၊ အလုပ်သမားအပေါ်မှာ တာဝန်ယူစိတ်လည်း ရှိဖို့လိုပါတယ်လို့ ပြောခဲ့ပါတယ်။
အခု ဖြစ်စဉ်တွေ ဖြစ်ခဲ့တာက ဘာသာရေးကြောင့် မဟုတ်ပါဘူး၊ ဘာသာရေးနဲ့နွယ်ပြီးတော့ ဖြစ်ခဲ့တာမဟုတ်ပါဘူး။ အလုပ်လုပ်ကိုင်ကြရင်းနဲ့ မတော်တဆဖြစ်ခဲ့ကြတဲ့ ကိစ္စရပ်တစ်ခု ပါလို့ ပြောချင်ပါတယ်။ ဘာသာရေးနဲ့တော့ လုံးလုံးနွယ်တယ်လို့ ကျွန်မ မယူဆပါဘူး။
သတင်းအဖွဲ့။ ။ ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။
-----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

မြေပြင်ကွင်းဆင်းစုံစမ်းရန်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တွေ့ဆုံဆွေးနွေးရန် မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်နှင့် ဆက်သွယ်မေးမြန်းချက်များ

နေပြည်တော် ဇွန် ၁၃

မြေပြင်ကွင်းဆင်းစုံစမ်းရန်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တွေ့ဆုံဆွေးနွေးရန် မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်း ခေါင်းဆောင်သည့် အထူးကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၁၂ ရက်တွင် မလေးရှားနိုင်ငံ၌ မြန်မာအလုပ်သမားများနှင့်တွေ့ဆုံပြီး ဇွန် ၁၃ ရက်တွင် မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူများ နှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။
သတင်းအဖွဲ့က ဒုတိယဝန်ကြီး ဦးဇင်ယော်အား ဇွန် ၁၂ ရက်တွင် တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သည်များကို တင်ပြလိုက်ပါသည်။

မေး။ ။ ဒုတိယဝန်ကြီးတို့အနေနဲ့ မလေးရှားနိုင်ငံမှာ လက်ရှိဆောင်ရွက်နေတာလေးတွေနဲ့ ပတ်သက် ပြီး ပြောပြပေးစေချင်ပါတယ် ခင်ဗျာ။
ဖြေ။ ။ ကျွန်တော်တို့အဖွဲ့ ဇွန် ၁၁ ရက်ညနေက မလေးရှားနိုင်ငံကို ရောက်ရှိပါတယ်။ ရောက်ရှိပြီး မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစီးတဲ့အဖွဲ့နဲ့ နောက်တစ်နေ့ ဆောင်ရွက်မယ့်၊ သွားရောက်မယ့် လုပ်ငန်းစဉ်တွေ ကို တွေ့ဆုံ ညှိနှိုင်းပါတယ်။ ဇွန် ၁၂ ရက် နံနက်ပိုင်းက စတင်ပြီး ပထမ ဦးစွာ မြန်မာသံရုံးကို သွားရောက်ပါတယ်။ သံရုံးမှာ ပတ်စ်ပို့ သက်တမ်းလာတိုးတဲ့ မြန်မာအလုပ်သမားတွေနဲ့ တွေ့ဆုံပါတယ်။ မြန်မာ အလုပ်သမား ၁၅ဝ ကျော်နဲ့ တွေ့ခဲ့ပါတယ်။ ကျွန်တော်ရယ်၊ ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းရယ်၊ အလုပ်သမား အေဂျင်စီတွေက ကိုယ်စားလှယ်တွေရယ်  အုပ်စု နှစ်စုခွဲပြီး တွေ့ပါတယ်။ အဲလိုတွေ့ဆုံရာမှာ အလုပ်သမားတွေ တွေ့ကြုံနေရတဲ့ အခက်အခဲတွေ၊ ကြားသိရတဲ့ သတင်းတွေအပြင် သူတို့ မြန်မာနိုင်ငံကို ပြန်လိုတယ်၊ မပြန်လိုဘူးဆိုတာကို အသေးစိတ်မေးမြန်းခဲ့ပါတယ်။

မေး။ ။ သူတို့အနေနဲ့ အဲဒီကအဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ ရှိနေတာပေါ့နော်။ အဲဒီ လို မေးမြန်းတော့ ဘယ်လိုများ ဖြေကြားကြပါသလဲ။
ဖြေ။ ။ မေးမြန်းတဲ့အခါမှာ သူတို့လက်ရှိတွေ့ကြုံနေတဲ့ အနေအထားလေးကို သိရှိခွင့် ရခဲ့ပါတယ်။ အများစုက ပြော တာတော့ သူတို့ မြန်မာတချို့ ဆာလာရန်းဘက်မှာ တိုက်ခိုက်ခံရတဲ့ သတင်းကိုကြားသိတယ်။ တစ်ခြားကောလာဟလ သတင်းတွေလည်း  အများကြီးတွေ့ပါတယ်။ ဖေ့စ်ဘွတ်မှာလည်း တွေ့တယ်လို့ဆိုပြီး ပြောပါတယ်။ သူတို့ကို မြန်မာနိုင်ငံ ကို ပြန်မလား။ ဘယ်လိုလုပ်မလဲမေးတော့ တချို့က အခုမှ သက်တမ်း လာတိုးတာ၊ ရောက်နေတာလည်း သုံးနှစ်ရှိပြီ၊ တချို့ဆိုရင် ငါးနှစ်၊ ခြောက်နှစ်ရှိပြီ၊ တစ်ချို့ဆိုရင် ၁၀ နှစ်လောက် ရှိပြီပေါ့၊ သူတို့ တရားဝင်နေထိုင်တယ်၊ တရားဝင် လုပ်ကိုင်တယ်၊ လုပ်ငန်းအခြေအနေလည်းကောင်းတယ်၊ စိုးရိမ်စရာ သူတို့အလုပ် လုပ်တဲ့ နေရာမှာ မရှိတဲ့အတွက် သူတို့က​တော့ မပြန်လိုသေးပါဘူးလို့ အများစုက ပြောကြ ပါတယ်။ သက်တမ်းတိုးတယ် ဆိုကတည်းကလည်း ဒီမှာ ဆက်နေမယ်လို့ ရည်ရွယ်ချက်နဲ့ သက်တမ်းလာတိုးတယ်လို့ ယူဆပါတယ်။
နောက် ဘာအခက်အခဲရှိသလဲပေါ့ မေးတဲ့အခါ အပြင်ထွက်ဖို့ အခက်အခဲရှိတယ်။ အလုပ်ရှင်တွေက စိုးရိမ်လို့ အပြင်ပေး မထွက်ဘူး။ နောက်ကောလာဟလသတင်းတွေ ကြားတဲ့အတွက် မြန်မာနိုင်ငံက မိဘဆွေမျိုး အသိုင်းအဝိုင်းက စိုးရိမ်ပြီး ပြန်လာမလား ဆိုပြီး ခေါ်နေတယ်ဆိုတဲ့ အကြောင်းတွေလည်း ကြားသိရပါတယ်။

မေး။ ။ သံရုံးကနေ ဘယ်ကိုများ ဆက်သွားပါသေးသလဲ ခင်ဗျာ။
ဖြေ။ ။ သံရုံးကနေ ကျွန်တော်တို့အဖွဲ့ဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ဆာလာရန်း နယ်မြေမှာရှိတဲ့ ဆာလာရန်းဈေးကို သွားရောက်ခဲ့ပါတယ်။ ဆာလာရန်း ဈေးက ဈေးသစ်ဈေးဟောင်း နှစ်ဈေးရှိပါတယ်။ ကျွန်တော် တို့ ဈေးသစ်ကို သွားရောက်ခဲ့ ပါတယ်။ နယ်မြေခံ ရဲတပ်ဖွဲ့ အစောင့်အရှောက်တွေလည်း လိုက်ပါလာတယ်။ အဲဒီနယ်မြေ ဟာ မလေးရှားနိုင်ငံမှာ ရာဇဝတ်မှု ထူပြောတဲ့နေရာ ဖြစ်ပါတယ်။ ဂိုဏ်းဂဏ အုပ်စုတွေရှိတယ်။ မူးယစ်ဆေး ဝါးတွေ ရောင်းဝယ်ဖောက်ကားတယ်။ နောက် ဒီဈေးကြီးဟာ နေ့ခင်းပိုင်းမှာ ကုန်စိမ်းဈေးပေါ့၊ အသီးအရွက်တွေ၊ အသီးအနှံတွေ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရောက်ရှိတယ်၊ ဖြန့်ချိတယ်။ ညဘက်မှာ ညလယ်ဈေးအဖြစ် ဆက်ရှိတယ်။ ငါးတွေဖြန့်ချိတယ်၊ ရောင်းချတယ်ဆိုပြီး သိရပါတယ်။ အဲဒီလိုသွားတဲ့အခါ မြန်မာနိုင်ငံက ရောက်ရှိပြီး တရားမဝင်နေ ထိုင်နေတဲ့ မြန်မာအလုပ်သမားတွေနဲ့ တွေ့ပါတယ်။ သူတို့ဆီမှာ ပတ်စ်ပို့တွေ မရှိဘူး၊ အခွန်မဆောင်ထား ဘူး၊ နောက် နေထိုင်တာလည်း အနှစ် ၂၀ ကြာတဲ့လူရှိတယ်၊ ၁၀ နှစ် ၁၅ နှစ် ကြာတဲ့လူတွေ စသည်ဖြင့် ထမင်းဆိုင် လုပ်နေတာ၊ မော်တော်ကား တာယာဆိုင်ဖွင့်ထားတာတွေ တွေ့ခဲ့ရပါတယ်။ မြန်မာ ၄၀၀၀ လောက် အဲဒီမှာ ရှိတယ်လို့ သိရှိရပါတယ်။ အဲဒီတော့ သူတို့ လုပ်ရ ကိုင်ရတဲ့ အခြေအနေ ဘယ်လိုရှိသလဲမေးတော့ သူတို့အနေနဲ့ကတော့ ဒီမှာ ဖြစ်ပွား သွားတာမှန်ပါတယ်။ အကုန်လုံးကိုတော့ သူတို့ မသိမမြင်လိုက်ပါဘူး။ ဒါပေမယ့်လည်း ဂိုဏ်းဂဏအဖွဲ့မျိုး နဲ့သော်လည်းကောင်း၊ အခြားအုပ်စုတစ်စုစုကသော် လည်းကောင်း တိုက်ခိုက်ခဲ့ကြတယ်။ ဒါပေမယ့် သူတို့အနေနဲ့ ကတော့ မပြန်လိုပါဘူး။ ဆက်လက် နေထိုင်ကြဦးမှာပဲ ဆိုပြီးတော့ ပြောကြပါတယ်။ တချို့ အသက်ငယ်ငယ်နဲ့ မကြာခင်ကမှ တရားမဝင် ရောက်လာတယ်ဆိုတဲ့ လူငယ်တွေနဲ့ တွေ့ပါတယ်။  ဇာတိတွေကတော့ စုံပါတယ်၊ မော်လမြိုင်၊ ကျိုက်မရော၊  မုဒုံ၊ မန္တလေး၊ မြင်းခြံ၊ နတ်မောက် စသဖြင့် အကုန်လုံးကို တွေ့ပါတယ်။ သတိဝီရိယနဲ့နေဖို့၊ ကိုယ့်ကိုယ်ကို လုံခြုံရေး သတိရှိဖို့၊ အချင်းချင်း ဂရုစိုက်ကြဖို့၊ စောင့်ရှောက်ကြဖို့ မှာကြားခဲ့ပြီးတော့မှ နယ်မြေ အခြေအနေ ကြည့်ပါတယ်။

မေး။ ။ ဆာလာရန်းဆေးရုံကိုလည်း ရောက်ပါသေးသလားခင်ဗျာ။
ဖြေ။ ။ ဆာလာရန်း ဈေးကနေပြီးတော့မှ ဆာလာရန်း နယ်မြေမှာရှိတဲ့ ဆေးရုံကို သွားကြည့်ပါတယ်။ ဆေးရုံမှာ သံရုံးနဲ့ သံအမတ်ကြီး သွားတွေ့ခဲ့တုန်းက တွေ့ခဲ့တာ လေးဦးပေါ့။ နှစ်ဦးကတော့ သက်သာလို့ ဆေးရုံကဆင်းသွားပါပြီ။ တစ်ဦးကတော့ ဇွန် ၈ ရက်က ဆုံးသွားပါတယ်။ တစ်ဦးကတော့ ကျန်ပါသေးတယ။် စကားပြောနိုင်နေပြီး သက်သာတဲ့ အနေအထားတွေ့ခဲ့ရပါတယ်။ ဇာတိကတော့ မြင်းခြံဘက်ကလို့ ပြောပါတယ်။ သူ့ကိုကျွန်တော်တို့ မြန်မာကိုယ်စားလှယ် အဖွဲ့က မလေးရှားရင်းဂစ် ၁၈ဝဝ ထောက်ပံ့ခဲ့ပါတယ်။ လူနာတစ်ယောက်တည်း ဖြစ်နေတဲ့အတွက် သံရုံး က စောင့်ရှောက် ပေးဖို့လည်း စီစဉ်ပေးခဲ့ပါတယ်။

မေး။။ အဲဒီဆေးရုံတက်နေတဲ့ လူနာကို မလေးရှားအလုပ်ရှင်ကရော လာမကြည့်ဘူးလား ခင်ဗျာ။
ဖြေ။ ။ သူ့အလုပ်ရှင်ကလည်းတစ်နေ့ တစ်ခေါက်လာကြည့်တယ်၊ ဂရုစိုက်ပါတယ်လို့ ပြောပါတယ်။

မေး။ ။ တော်သေးတာပေါ့နော်။ အဲဒီလိုအလုပ်ရှင်က တာဝန်ကျေရင်နေရတာ အဆင်ပြေသေးတာပေါ့။ ပြီးတော့ရော ဘယ်တွေများ ထပ်ရောက်ပါသေးသလဲခင်ဗျာ။
ဖြေ။ ။ အဲဒီနောက် ကျွန်တော်တို့ ကပုန်းဘက်မှာရှိတဲ့ မြန်မာဘုန်းတော်ကြီးကျောင်းကို သွားရောက်ပါ တယ်။ ကျောင်းရောက်တဲ့အခါမှာ တရုတ်ဗုဒ္ဓဘာသာကျောင်းမှာ မြန်မာဆရာတော်ကို ကျောင်းထိုင်နေတာက ဆရာတော် ဒေါက်တာအရှင်အနဂ္ဂ ဖြစ်ပါတယ်။ ကျောင်းမှာ ဆရာတော်တစ်ပါးတည်း သီတင်းသုံးနေပြီးတော့ မြန်မာ အလုပ်သမား ၂၀ ခန့် လာရောက်ပြီး ခိုလှုံနေတာကို တွေ့ရှိရပါတယ်။

မေး။ ။ ဆရာတော်က မြန်မာအလုပ်သမားတွေကို စောင့်ရှောက်ထားတာပေါ့နော်။ ဆရာတော်ကရော ဘာတွေများ မိန့်ကြားပါသလဲ ခင်ဗျာ။
ဖြေ။ ။ ဆရာတော့်အနေနဲ့ကတော့ ဒုက္ခရောက်နေတဲ့ မြန်မာတွေအမြန်ဆုံး ပြန်နိုင်အောင် ဘယ်လိုစီစဉ်ပေးနိုင် မလဲ၊ နောက် ကျန်ရှိနေတဲ့ မလေးရှားနိုင်ငံမှာ အလုပ်ဆက်လုပ်မယ့် မြန်မာအလုပ်သမားတွေကို ဘယ်လို အကာအကွယ် အစောင့်အရှောက်တွေ ပေးနိုင်မလဲ၊ အလုပ်တော့ လုပ်နေပေမယ့်လည်း အခုအလုပ်က ရပ်နားထားပြီး အလုပ်ခွင်ကနေ ပြီးတော့ ပြန်ချင်နေတဲ့သူတွေလည်း ရှိတယ်၊ ဘယ်လိုဆောင်ရွက်ပေးမလဲ စသည်ဖြင့် ဒါတွေ ကို မေးပါတယ်။ ဆရာတော် စောင့်ရှောက်ထားတဲ့သူတွေနဲ့ တွေ့ပါတယ်။ သူတို့က အခုတရားဝင် လာလုပ်တာလား၊ တရားမဝင် လာလုပ်တာလား၊ ပတ်စ်ပို့ ကိုင်ထားတဲ့ လူလားခွဲခြားတဲ့ အခါကျတော့ ပြန်ချင်တာကတော့ ဆာလာရန်း နယ်မြေမှာ အလုပ်လုပ်ခဲ့တဲ့ ခုနဘေးအန္တရာယ်တွေ ကြုံတွေ့တာ၊ ကြားသိခဲ့ရတဲ့၊ မြင်ခဲ့ရတဲ့ မြန်မာအများစု ဖြစ်ပါ တယ်။ လောလော ဆယ်၁၆ ဦးက ပြန်မယ်ဆိုပြီး ပြောပါတယ်။ သူတို့ပြန်ဖို့ CI (Certificate of Identification)  ကို မြန်မာ သံရုံးက ထုတ်ပေးပါမယ်။

မေး။ ။ သူတို့ကို မြန်မာသံရုံးက CI အလွယ်တကူ ထုတ်ပေးပါသလားခင်ဗျာ။
ဖြေ။ ။ သူတို့ဟာ မြန်မာတွေဖြစ်ကြောင်း သေချာတဲ့အတွက် မြန်မာသံရုံးက အလွယ်တကူ ထုတ်ပေးပါတယ်။ လက်မှတ် ရပြီဆိုရင် သံရုံးက ထောက်ခံစာနဲ့ ဒီ ၁၆ ဦးကို မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနကို ခေါ်ဆောင်သွားရပါမယ်။ အဲဒီမှာ Check Out Memo ဖောင် ဖြည့်ရမယ်။ သူတို့ရဲ့ လက်ဗွေတွေယူပြီးတော့ ဒီမှာရာဇဝတ်မှုကျူးလွန်ခဲ့တာရှိ မရှိ၊ အလုပ်ရှင်တွေက နေပြီး အလုပ်ခွင်ကနေ တရားမဝင်ထွက်ပြေးသွားတဲ့ လျော်ကြေးပေးရန် ကျန်သေးတယ်လို့ တိုင်ကြား ထားခြင်းရှိ မရှိ စသဖြင့်စစ်လို့ ရှင်းလင်းတယ်ဆိုရင် သူတို့ပြန်မှာ ဖြစ်ပါတယ်။

မေး။ ။ သူတို့အားလုံးက ရှင်းရှင်းလင်းလင်း ရှိနိုင်ရဲ့လားခင်ဗျာ။
ဖြေ။  ။ အားလုံးကလည်း ရှင်းလင်းတယ်ဆိုပြီး ပြောကြပါတယ်။ မလေးရှား လူဝင်မှုကြီးကြပ်ရေးအဖွဲ့ကို သွားတွေ့တယ် ဆိုရင် သူတို့ အိုဗာစတေးပေါ့။ တရားမဝင် နေထိုင်ခဲ့တဲ့အတွက် ရင်းဂစ် ၄ဝဝ ပေးရမှာ ဖြစ်ပါတယ်။ ရင်းဂစ် ၄၀၀ ပေးပြီးတော့မှ တစ်ပတ်အတွင်းမှာ ပြန်မယ့်လေယာဉ်ပျံ လက်မှတ်ကိုလည်း တင်ပြရမှာဖြစ်ပါတယ်။ သတ်မှတ်တဲ့ အချက်တွေနဲ့ ကိုက်ညီတဲ့ သူဆိုရင်တော့ ချက်ချင်းပြန်ခွင့်ပေးမယ် ဆိုပြီးတော့မှ သံရုံးနဲ့ မလေးရှား လူဝင်မှုကြီးကြပ်ရေး အဖွဲ့နဲ့ ညှိနှိုင်းထားပါတယ်။

မေး။ ။ ဘယ်တော့လောက် အစောဆုံးပြန်လာနိုင်မလဲ ခင်ဗျာ။
ဖြေ။ ။ သူတို့ကိုတော့ အခုလောလောဆယ် စနေနေ့ပေါ့။ ဇွန်လ ၁၅ ရက်နေ့မှာ ပြန်နိုင်အောင် ဆိုပြီးတော့မှ သံရုံးရယ်၊ ကူညီထောက်ပံ့နေတဲ့ အဖွဲ့တွေ ဆောင်ရွက်ပေး နေပါပြီ။ သူတို့ အခမဲ့ ပြန်နိုင်ဖို့အတွက် ဆိုပြီးတော့ ရင်းဂစ် ၄၀၀ ကို အလှူရှင်တွေ ဖြစ်တဲ့ ဦးဇော်ဇော်၊ ဦးအောင်ကိုဝင်း၊ ဦးတေဇတို့ စသဖြင့် လှူဒါန်းထားတဲ့ ငွေတွေကိုသုံးစွဲပါမယ်။ ဦးဇော်ဇော်ရဲ့ ဧရာဝတီဖောင်ဒေးရှင်းအဖွဲ့က ဒီမှာရောက်ရှိပြီးတော့မှ သူတို့ကဒီငွေတွေ လှူမယ် ပြောပါ တယ်။ နောက်ပြန် မယ်ဆိုရင်လည်း အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း က ဦးအောင်ကိုဝင်းတို့ရဲ့ အလှူငွေတွေနဲ့ ပြန်လို့ရအောင် ဆိုပြီး လောလောဆယ် စီစဉ်ထားပါတယ်။

မေး။ ။ အလုပ်ဆက်လုပ်မယ့် မြန်မာတွေအတွက်ကိုရော ဘယ်လိုများ စီစဉ်ပေးပါမလဲ။
ဖြေ။ ။ အလုပ်ဆက်လုပ်မယ့် မြန်မာတွေအတွက် ဘယ်လိုလုပ်မလဲဆိုရင် ဒီအလုပ်သမားတွေ အကာအကွယ်ရဖို့ နံနက်ကပဲ သံရုံးမှာ သက်တမ်းလာတိုးတဲ့ အလုပ်သမားတွေက မေးပါတယ်။ သူတို့ကိုလည်း ဒီအတိုင်း ကျွန်တော် တို့ ဖြေခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီးတော့ မြန်မာ အလုပ်သမားတွေ အတိုက်ခိုက်မခံရအောင်၊ အကာအကွယ်ရအောင် တောင်းဆိုမယ်။ ဒီမှာအဆက်အသွယ် မပြတ်အောင် ဆောင်ရွက်လျက်ရှိနေတဲ့ ပြည်ထဲရေး ဝန်ကြီးဌာနရဲများနဲ့ ဆက်သွယ်ပြီးတော့မှ သတင်းရယူတာ၊ သတင်းပေးတာ၊ အကူအညီ တောင်းခံတာ စသဖြင့် အဆက်မပြတ်နဲ့ ကာကွယ်ပေးနိုင်ဖို့ ကျွန်တော်တို့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ နောက်အလုပ်သမားကိစ္စ ဖြစ်တဲ့အတွက် မလေးရှားနိုင်ငံ အလုပ်သမား ဝန်ကြီးဌာနနဲ့ တွေ့ပြီးတော့ အလုပ်သမားတွေကို အလုပ်ရှင်တွေက အကာအကွယ်ပေးဖို့၊ ပိုပြီးဂရုစိုက်ပေးဖို့၊ ပိုပြီးထောက်ပံ့ပေးဖို့ ဒါတွေဆောင်ရွက် ပေးသွားပါမယ်။

မေး။ ။ အခုလောလောဆယ် ပြန်မယ့်လူတွေအပြင် နောက်ထပ်ရော ရှိနေသလားခင်ဗျာ။
ဖြေ။ ။ လောလောဆယ် ပြန်ချင်တဲ့လူတွေစာရင်းကို ပါလာတဲ့ အဖွဲ့အစည်းတွေ၊ သံအမတ်ကြီးတို့နဲ့ ဆက်သွယ်ပြီးတော့မှ ၁၆ ဦး ပြန်ဖို့ဆိုပြီးတော့ စာရင်းထွက်လာပါတယ်။ သူတို့ကိုတော့ အလှူရှင်တွေလည်း အဆင်သင့်ရှိပြီး ဖြစ်တာနဲ့ ချက်ချင်းစီစဉ် ဆောင်ရွက်ပေးခဲ့ ပါတယ်။ နောက်ထပ်လည်း ပြန်မယ်ဆိုပြီးတော့မှ ဆက်သွယ် လာခဲ့တာတွေရှိပါတယ်။ ဆက်သွယ်လာတဲ့ ဦးရေကတော့ အများကြီးတော့ မရှိသေးပါဘူး။ ၁၅ ဦး ၁၆ ဦးလောက်ဖြစ်မယ်လို့ ယူဆပါတယ်။

မေး။ ။ သိပ်တော့မရှိသေးဘူးပဲ။ မလေးရှားတစ်နိုင်ငံလုံး အနေနဲ့ဆိုရင်တော့ ပြန်ချင်တဲ့သူများမလား ဒုတိယဝန်ကြီး ခင်ဗျာ။

ဖြေ။ ။ ကျွန်တော်တို့ မေးခဲ့တာရှိပါတယ်။ ဆရာတော် အနေနဲ့ ပြန်ချင်တဲ့ အရေအတွက် ဘယ်လောက်ခန့်မှန်းပါ သလဲဆိုတော့ အများဆုံးရှိရင် ထောင်ဂဏန်းကနေ သောင်းဂဏန်း လောက်ထိပဲ ဖြစ်နိုင်တယ်။ ကျန်တာကတော့ မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အလုပ်လုပ်ရတဲ့ အခြေအနေတွေ မတူလို့ ဖြစ်ပါတယ်။ လုပ်ငန်းခွင်အကြီးတွေမှာ လစာ ကောင်းကောင်းနဲ့ လာလုပ်တဲ့လူတွေ Accountant လိုမျိုး စသဖြင့်တွေ့ခဲ့ပါတယ်။ သူတို့ကတော့ မပြန်လိုပါဘူး။ ဒီမှာသက်ဆိုင်ရာ ကုမ္ပဏီများကလည်း တတ်နိုင်သမျှ ကူညီစောင့်ရှောက်တဲ့ အတွက် လုပ်မယ်ဆိုတဲ့ အဖွဲ့တွေတွေ့ ပါတယ်။
နောက်အဖွဲ့များကလည်း အခုနက မှန်စက်ရုံလိုမျိုးပေါ့၊ အလုပ်သမား ၁၅၀ လောက် ရှိတယ်။ သူတို့ကိုတတ်နိုင်သလောက် ကာကွယ်စောင့်ရှောက်တယ်၊ သူတို့ရဲ့ ကျွမ်းကျင်မှု ကိုလည်း လိုအပ်တယ်။ အဲဒီတော့ အပြန်အလှန် ကူညီတဲ့အနေနဲ့ အလုပ်သမားတွေ ဆက်ရှိဖို့လိုတယ်။ ထားတဲ့နေရာကလည်း စနစ်တကျနဲ့ လုံခြုံမှုလည်းရှိတယ်။ ဒုစရိုက်ပေါတဲ့ နယ်မြေလည်း မဟုတ်ဘူးဆိုလို့ရှိရင် ဒီလူမျိုးတွေက ဆက်လုပ်ချင်တယ်။ ဆက်နေမယ်ဆိုတဲ့ဟာမျိုးလည်း တွေ့ရပါတယ်။ တခြားအလုပ်ကြမ်း သမားလုပ်ပေမယ့် အလုပ်ကြမ်းသမားတွေက လခများများ ပိုရပါတယ်။ နောက် Over Stay တွေ ဖြစ်နေတဲ့ အတွက်လည်း ကျန်တဲ့အခွန်အခတွေ ပေးစရာငွေကုန်ကြေးကျ များစရာ သိပ်မရှိတဲ့ အတွက် သူတို့ကလည်းမပြန်ချင်တဲ့ သူတွေရှိတယ် စသည်ဖြင့် အမျိုးမျိုး တွေ့ရပါတယ်။

မေး။ ။ ပြန်လိုတဲ့သူတွေက အဓိက ဆာလာရန်းဒေသကပဲ ဖြစ်မလား ခင်ဗျာ။
ဖြေ။ ။ ဟုတ်ပါတယ်။ကျွန်တော်တို့သတင်းထဲမှာ အများစုပါတဲ့ အရပ်ဒေသအနေနဲ့ ဒီ ဆာလာရန်း ဒေသပေါ့။ ဒီဒေသက လူတွေကတော့ နေမယ့်လူကလည်း နေမယ်၊ ပြန်တဲ့လူ ကလည်း ပြန်မယ်ဆိုပြီးတော့မှ နှစ်ပိုင်းတွေ့ရတဲ့ အတွက် ပြေ လည်အောင် ဆောင်ရွက် ပေးပါမယ် ဆိုပြီးတော့ ဆရာတော်ကို လျှောက်ခဲ့ပါတယ်။ အဲဒီမှာ ပြန်ချင်တဲ့သူတွေ ကိုလည်း တွေ့ပြီးတော့ သူတို့မေးတာတွေ ဖြေကြားပါတယ်။ အဲဒီမှာပဲ ကပုန်း နာရေးကူညီမှုအသင်းက ကိုဆန်းဝင်း တို့နဲ့ တွေ့ပြီးတော့မှ အပြန်အလှန် ဆက်သွယ် ပြီးတော့ လိုအပ်တဲ့ အကူအညီတွေ ဆောင်ရွက်ပေးပါ။ နောက် သင်္ဂြိုဟ်မယ့် ကိစ္စလေးတွေ ရှိပါတယ်၊ အဲဒီမှာ ဆုံးသွားတဲ့လူတွေထဲက လေးယောက်ပေါ့။ ရဲဌာနကနေပြီးတော့ တရားဝင် အတည်ပြု တာလေးယောက်၊ နောက်ထပ်ဆေးရုံမှာ ဆုံးတာတစ်ယောက်၊ ပေါင်းငါးယောက်ကို သင်္ဂြိုဟ်ဖို့ သူတို့ဆက်ပြီးတော့ လုပ်မယ်ပေါ့။ သင်္ဂြိုဟ်ခွင့်ရတာကတော့ သုံးယောက်ရှိပါပြီ။ အဲတော့ နောက်ထပ်နှစ်ယောက်ကိုတာ့ စုံစမ်းတုန်းပါ။ သူရဲ့ Identification လုပ်နေတုန်းပါ။ မကြာခင်မှာ သင်္ဂြိုဟ်နိုင်လိမ့်မယ် ဆိုပြီးတော့မှ နာရေး ကူညီမှုအသင်းရော ရဲရော၊ သံရုံးကရော ဒီလိုပဲဆောင်ရွက်လျက် ရှိပါတယ်။

မေး။ ။ အခြားနေရာတွေကိုရော ရောက်ခဲ့ပါသေးသလား ခင်ဗျာ။
ဖြေ။ ။ အဲဒီကနေပြီးတော့မှ နောက်ဆေးရုံတစ်ရုံ သွားတဲ့အခါ အဲဒီမှာ ဆေးရုံတက်နေတဲ့ မြန်မာတစ်ဦးကို တွေ့ပါတယ်။ သူကတော့ စကားကောင်းကောင်း မပြောနိုင်သေးပါဘူး။ Intensive Care  လည်း မဟုတ်ပါဘူး။ ဒါပေမယ့် ဂရုတစိုက် စောင့်ကြည့်ပြီးတော့ ကုသပေးနေရတဲ့ အခြေအနေ ရှိတဲ့အတွက် သူ့အတွက် အလှူငွေကိုလည်း သံရုံးကနေ တစ်ဆင့် ထိန်းသိမ်းပေးဖို့ ဆိုပြီးတော့မှ အပ်နှံပြီးတော့ အဲဒီကနေ ပြန်ထွက်ပြီး စက်ရုံတစ်ရုံကို သွားပြီးလေ့လာပါတယ်။ အဲဒီမှာတော့ မြန်မာအလုပ်သမား ၁၅ဝ ရှိပါတယ်။ အများဆုံးကတော့ ယောကျာ်းလေးတွေချည်းပဲ ဖြစ်ပါတယ်။ ဒီယောကျာ်းလေးတွေဟာ Shift  နှစ်ခုနဲ့ နံနက်ပိုင်းတစ်ခု ညနေပိုင်းတစ်ခု ဆင်းပါတယ်၊ အဲတော့ ညနေပိုင်း Shift ၇၅ ဦးလောက် အုပ်စုနဲ့တွေ့ပါတယ်။ အလုပ်ရှင်ကလည်း ဒီအလုပ်သမားတွေဟာ သူ့အတွက် မရှိမဖြစ် လိုအပ်တယ်၊ သူလည်း အတတ်နိုင်ဆုံး ကြည့်ရှုစောင့်ရှောက် နေတယ်ဆိုပြီး ပြောပါတယ်။ နောက်ထပ်တောင်မှ မြန်မာပြည်က အလုပ်သမား လိုချင်တဲ့ အခါမှာ ဒီမှာဖြစ်နေတဲ့ အခြေအနေတွေကြောင့် ရပ်ဆိုင်းထားရတယ်။ ဟိုဘက်က မလာတော့ဘူး ဆိုပြီးတော့ ပြောပါတယ်။ မြန်မာအလုပ်သမားတွေနဲ့ တွေ့တဲ့အခါမှာတော့ သူတို့အနေနဲ့ သူတို့အရပ်ဒေသကတော့ စိတ်ချရတယ်။ ဒါပေမယ့် အသံမျိုးစုံတွေ ကြားနေရတော့ ထိတ်လန့်မှုရှိတယ်။ ကျွန်တော်တို့အနေနဲ့ အစိုးရဆောင်ရွက် ရမယ့် အပိုင်းပေါ့။ တရားဝင် တောင်းဆိုမှုတွေ၊ ညှိနှိုင်းမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ ဆောင်ရွက်ပါ့မယ်။ သူတို့ အပိုင်းကလည်း ကိုယ်တိုင်လုပ်ဆောင်ရမယ့်ဟာ ရှိပါတယ်။ ဒါကတော့ အပြင်မှာ လုံခြုံရေး အခြေအနေအရ ဂရုစိုက်ရမယ့်ဟာမျိုး ဆိုလို့ရှိရင် အပြင်မထွက်ဘဲနေဖို့ ထွက်တယ် ဆိုလို့ရှိရင်လည်း တစ်ဦးတည်း မသွားဘဲနဲ့ လေး၊ ငါး၊ ဆယ်ဦး အနည်းဆုံးဆယ်ဦးလောက် အုပ်စုဖွဲ့ပြီးတော့သွားဖို့ အပြန်အလှန် စောင့်ရှောက်ဖို့ အချင်းချင်း ဖုန်းဆက်ပြီး သတိပေးတာတို့ အကူအညီ တောင်းတာတို့ ရရင် လုပ်ဖို့ပေါ့။
အလုပ်ဆင်းလို့ ရှိရင်လည်း အုပ်စုဖွဲ့ပြီးတော့မှ လာဖို့ပေါ့၊ သူတို့ အနေအထားလေးကတော့ ကောင်းပါတယ်။ စက်ရုံနဲ့ မျက်နှာချင်းဆိုင်လောက်မှာ ဟော်စတယ်လိုမျိုး ထားပြီးတော့ စက်ရုံပိုင်ရှင်က စီစဉ်ပေးထားတာ ရှိပါတယ်။ အားလုံး အုပ်စုလိုက်နေတယ်၊ အုပ်စုလိုက် စားသောက်တယ်၊ သွားကြတယ်၊ လာကြတယ်ဆိုလို့ရှိရင် အန္တရာယ်ကျရောက်လာတယ် ဆိုရင်တောင်မှ ကာကွယ်နိုင်တယ်ဆိုတဲ့ အနေအထားရှိတယ်၊ သူတို့က ပြန်ချင်သလား ဆိုတော့ သူတို့ကတော့ မပြန်ချင်ပါဘူး။ ဆက်ပြီးတော့ အလုပ်လုပ်ချင်တယ်ဆိုပြီး ပြောပါတယ်။ တချို့ဇနီးခေါ်ထားတဲ့ သူတွေရှိပါတယ်။ ကိုယ်ဝန် ရှိနေတဲ့ ဇနီးတွေ ရှိပါတယ်။ အဲဒါတွေကိုတော့ ပြန်ပို့ချင်တယ် ဆိုလို့ရှိရင် သံရုံးနဲ့ပူးပေါင်းပြီးတော့မှ သံရုံးရဲ့ ဖုန်းနံပါတ်၊ အလုပ်သမား ကိုယ်စားလှယ်ရဲ့ ဖုန်းနံပါတ်၊ သံအမတ်ကြီးရဲ့ကတ် စသည်ဖြင့် အကုန်လုံး ပေးပြီးတော့ အချိန်မရွေး ကူညီပါမယ်၊ ဆောင်ရွက်ပါမယ် စသည်ဖြင့် ပြောကြားခဲ့ပါတယ်။ နောက် Over Stay ဖြစ်နေတဲ့ မြန်မာတွေ ပြန်ချင်ရင် ဘယ်လို လုပ်မလဲ၊ ပတ်စ်ပို့လည်း မရှိဘူး။ တောင်ကျော်လာတာတွေ ဆိုတဲ့အခါမှာ ဒီကိစ္စတွေ အတွက်လည်း မြန်မာသေချာတယ်ဆိုရင် သံရုံးမှာ CI ထုတ်ပေးပါမယ်။ ထုတ်ပေးပြီး တော့မှ ခုနကလှူဒါန်းမယ့် လူတွေလည်း ရှိနေတဲ့အခါမှာ လူဝင်မှု ကြီးကြပ်ရေးမှာ မှုခင်း ကင်းရှင်းကြောင်းနဲ့ ကျန်တဲ့ကိစ္စအဝဝ ကင်းရှင်းကြောင်း စစ်ဆေးခံရ မယ်။ နောက် Over Stay ဖြစ်တဲ့အတွက် ရင်းဂစ် ၄ဝဝ ကိုလည်း အလှူရှင်တွေက ပေးနိုင်မယ့် အခြေအနေ ရှိတယ်။ ပြန်မယ်ဆိုလို့ရှိရင်လည်း လေယာဉ်ပျံ လက်မှတ်ခက တစ်ဝက်နှုန်းထားပေါ့။ MAI က လျှော့ချပေးတာတွေရှိတယ်။ အလှူရှင်တွေ ရှိနေတဲ့အတွက် အခမဲ့လည်း ရနိုင်တယ်။ အဲဒီတော့ ပြန်ချင်တဲ့သူ အချိန်မရွေး ပြန်လို့ရအောင် စီစဉ်ပါမယ်ဆိုတော့ နှစ်ဦးလား မသိဘူး ထွက်လာပါတယ်။ ကျန်တဲ့ သူတွေကတော့ ပြန်ပို့စရာ ဇနီးတွေမရှိပါဘူး။ အဲတော့ သူတို့အတွက် လိုအပ်တာတွေကူညီ ဆောင်ရွက်ပေးဖို့ ဆိုပြီးတော့မှ ပြောကြားပြီးတော့မှ ကျွန်တော်တို့ စက်ရုံကနေ ကွာလာလမ်ပူကို ည ၇ နာရီခွဲလောက်မှာ ထွက်လာခဲ့ပါတယ်။ စက်ရုံက ကွာလာလမ်ပူ ဆင်ခြေဖုံးမှာ ရှိတဲ့အတွက် ကားကတော့ တစ်နာရီလောက် မောင်းရပါတယ်။

မေး။ ။ အင်တာနက်သတင်းတွေမှာ ဖော်ပြပါရှိတဲ့ အချက်အလက်တွေနဲ့ ဒုတိယဝန်ကြီးတို့ လက်တွေ့မြေပြင် မှာ တွေ့မြင်ရတဲ့အခြေအနေမှာ ကိုက်ညီမှုရှိသလား။ ဒါမှမဟုတ် ဘယ်လို ကွာခြားတယ် ဆိုတာလည်း ဖြေကြားပေးပါဦး ခင်ဗျာ။
ဖြေ။ ။ ကွာခြားမှုအနေနဲ့ကတော့ စိုးရိမ်စရာကောင်းတယ်၊ ထိတ်လန့်စရာကောင်းတယ် ဆိုတဲ့နေရာက ခုနက ဒုစရိုက်နယ်မြေဖြစ်တဲ့ အမှုအခင်းတွေ အများဆုံးဖြစ်ခဲ့တဲ့ ဆာလာရန်း နယ်မြေပဲ ဖြစ်ပါတယ်။ ကျန်တဲ့ နယ်မြေတွေ ကျွန်တော်တို့သွားကြည့်တဲ့ မှန်စက်ရုံ ရှိတဲ့နေရာမှာ ဆိုလို့ရှိရင်လည်း ဒီလိုအနေအထားမျိုးတွေ လုံးဝမတွေ့ရဘူး။ အမှုအခင်းဖြစ်ပွားတဲ့နေရာ မဟုတ်ဘူးပေါ့၊ ဒီလိုဟာမျိုးရှိတဲ့အတွက် သူတို့ အေးအေး ဆေးဆေး နေနိုင်တယ်။ ဒါပေမယ့် ကောလာဟလ သတင်းတွေကတော့ ဟိုနေရာလည်း ဖြစ်တယ်၊ ဒီနေရာလည်း ဖြစ်လာလိမ့်မယ် ဆိုပြီးတော့မှ လှုံ့ဆော်မှုတွေ ရှိတဲ့အတွက် စိုးရိမ်မှုတော့ရှိတယ်ဆိုတာ တွေ့ရပါတယ်။ နောက်သံရုံးကိုလာတဲ့ ကလေးတွေ မေး ကြည့်တော့လည်း သူတို့နေရာတွေမှာတော့ ဘာမှမဖြစ်ဘူး။ သူတို့ ကြားတော့ ကြားတယ်။ တချို့ကတော့ ဂရုမစိုက်မိ ဘူး။ ဖေ့စ်ဘွတ်လည်း မဖွင့်အားဘူး။ ကျန်တဲ့ဟာ တွေနဲ့ အဆက်အသွယ်မရှိဘူး။ သူတို့ အလုပ်တွေနဲ့ လုံးပန်းနေရ တဲ့အတွက် သတိမထားမိပါဘူးလို့ ပြောတာလည်း ရှိပါတယ်။
ဆိုလိုတာကတော့ နေရာအနှံ့အပြားမှာ ထိတ်လန့်ကြောက်ရွံ့စရာ ကောင်းလောက်အောင် ဖြစ်နေတဲ့ အခြေအနေ မဟုတ်ပါဘူး။ မလေးရှားမှာ တရားဝင်လာ အလုပ်လုပ်နေတဲ့ အလုပ်သမား တစ်သိန်းနှစ်သောင်းကျော်လောက် ရှိပါတယ်။ တရားမဝင် ဆိုလို့ရှိရင်လည်း သုံးသောင်းကျော်လောက်ရှိမယ်။ ထပ်တိုးတာနဲ့ ဆိုရင်တောင်မှ အများဆုံး နှစ်သိန်းထက် မပိုနိုင်ဘူးလို့ ခန့်မှန်းကြပါတယ်။ ဒီအလုပ်သမားတွေအားလုံး ခုချက်ချင်းပြေးဟယ် လွှားဟယ်နဲ့ ကောက်ပြန်ရမယ့် အနေအထားမျိုး ရောက်အောင်တော့ မတွေ့မမြင်မိပါဘူး။ မခံလည်းမခံစားမိပါဘူး။ ဒီလိုပြောရတာလည်း လက်တွေ့တွေ့ရတဲ့ အလုပ်သမားတွေကို မေးမြန်းတယ်၊ နောက် ဘုန်းတော်ကြီးကျောင်းမှာ မေးမြန်းတယ်။ နာရေးကူညီမှု အသင်းမှာ ပြောတယ်။ စက်ရုံကို သွားကြည့်တယ်ပေါ့။ တစ်နိုင်ငံလုံး နေရာအနှံ့ကိုတော့ ကျွန်တော်တို့ မရောက်ပါဘူး။ ကျွန်တော်တို့ ရောက်တဲ့နေရာ အနှံ့ကို တွေ့တဲ့အခါမှာတော့ သူတို့မှာ ဒီလို ခံစားချက်မျိုး မရှိဘူး။ ခုချက်ချင်း မဖြစ်မနေ ကောက်ပြီးတော့ ထပြန်ရမယ့် လူမျိုးမရှိပါဘူး။ အခု CI  လျှောက်မယ်၊ ပြန်ချင်တယ်၊ စိုးရိမ်ပူပန်မှုရှိတယ် ဆိုတာ ကလည်း မိသားစုကို ပြန်လွှတ်ချင်တာ။ နောက်ဆာလာရန်းမှာ အလုပ်လုပ်ပြီးတော့မှ ဒီနေရာဒေသမှာ ဆက်အလုပ် မလုပ်နိုင်တော့လို့ ပြန်မယ့်လူအုပ်စု ဒီဟာပဲ တွေ့ရှိရတဲ့အတွက် ကွဲပြားခြားနားမှုကတော့ ဒီအချက်အ လက်တွေ တွေ့ ရကြောင်း ပြောကြားလိုပါတယ်။

မေး။ ။ ရှေ့ဆက်ပြီးတော့ ဆောင်ရွက်သွားမယ့် အခြေအနေတွေနဲ့ မလေးရှားအစိုးရရဲ့ ရှေ့ဆက် ပြီး ​တော့ ဆောင်ရွက်ပေးမယ့် အစီအစဉ်တွေနဲ့ ပတ်သက်လို့လည်း ပြောပြပေးပါ။
ဖြေ။ ။ ကျွန်တော်တို့ မနက်ဖြန် နံနက်ပိုင်းမှာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနဲ့ တွေ့ဆုံခွင့် တောင်းခံထားတာ ရရှိပြီးဖြစ်ပါတယ်။ အဲဒီမှာ လုံခြုံရေးကိစ္စများကို အဓိကထားပြီး ဆွေးနွေးမှာ ဖြစ်ပါတယ်။ မွန်းလွဲနှစ်နာရီခွဲမှာ Social Welfare ဝန်ကြီးဌာန ဒုတိယဝန်ကြီးနဲ့ တွေ့မှာဖြစ်ပါတယ်။ အဲဒီမှာ အလုပ်သမားရေးရာ ကိစ္စတွေ အဓိကထား ဆွေးနွေးမှာ ဖြစ်ပါတယ်။ ပြန်ချင်တဲ့ အလုပ်သမားတွေလည်း ပြန်ခွင့်ရအောင်၊ ဆက်လုပ်လိုတဲ့ အလုပ်သမားတွေ လုံခြုံမှုရှိအောင် ပြည်ထဲရေးနဲ့ ပြောပြီးတဲ့အခါမှာ Social  Welfare  နဲ့လည်း အလုပ်သမား ဥပဒေအရ ဘယ်လိုကာကွယ် ပေးနိုင်  မလဲပေါ့။ နောက်ပြန်ချင်တဲ့သူတွေ ရှိတယ်ဆိုရင်လည်း Termination of Contract ပေါ့။ ဒီဟာကို အလုပ်ကနေ ရပ်နားပြီးတော့ အသက်သာဆုံး နှုန်းထားနဲ့ ပြန်လို့ရအောင်ပေါ့။ ဒီမှာတော့ အခုလက်ရှိ အလုပ်လုပ်နေတယ်၊ Contract က နှစ်နှစ်ရှိတယ်။ လုပ်တာက ရှစ်လပဲ ရှိသေးတယ်ဆိုတော့ ကျန်တဲ့လတွေအတွက် ပေးလျော်ရမယ် ဆိုပြီးတော့ ပါတဲ့ဟာတွေ ရှိတယ်လို့ သိရပါတယ်။ အဲဒီတော့ ဒီဟာတွေအတွက် ဘယ်လိုဆောင်ရွက် ပေးနိုင်မလဲပေါ့။ သူ့ရဲ့ Terms and Condition  ပိုင်း လုပ်မယ်ဆိုလည်း ဘယ်လိုအမြန်ဆုံး ဆောင်ရွက်ပေးနိုင်မလဲ စသည်ဖြင့် ဒီဟာတွေ ဆွေးနွေးထားဖို့ အတွက် သံအမတ်ကြီး၊ နောက်အလုပ်သမား ဒုတိယဝန်ကြီးတို့နဲ့ တိုင်ပင်ဆွေးနွေး ထားပြီးဖြစ်ပါတယ်။ ဆက်လက် ပြီးတော့ ကျွန်တော်တို့ နိုင်ငံခြားရေးဝန်ကြီး ဌာနမှာ သွားရောက်တွေ့ဆုံပါမယ်။ အဲဒီမှာတော့ ကျွန်တော်တို့ နှစ်နိုင်ငံ အစိုးရချင်း သဘောတူထားတဲ့ အချက်တွေရှိပါတယ်၊ အလုပ်သမားစေလွှတ်တဲ့ Terms and Conditions  တွေ၊ နောက်တစ်ခါ လုပ်ငန်းခွင် အတွက်စောင့်ရှောက် ပေးရမယ့် ကိစ္စတွေ၊ ယခင်သဘောတူညီထားတဲ့ အချက်တွေ အတိုင်းပဲ ဆောင်ရွက်ပေးနိုင်ဖို့ပေါ့။ ဒီဟာတွေ တောင်းဆိုကြမယ့် အပြင် လုံခြုံရေးကို အဓိကထားပြီးတော့ ကာကွယ်ပေးဖို့ပေါ့။
နောက် တရားဝင် လာအလုပ်လုပ်တာ မဟုတ်ဘဲနဲ့၊ အထောက်အထား မပြနိုင်ဘဲနဲ့ သူတို့ရဲ့ Detention Camp  တွေမှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ မြန်မာအလုပ်သမားများကို အမြန်ဆုံး ပြန်လည်ပြီးတော့မှ စေလွှတ်နိုင်ဖို့ စသည်ဖြင့် ဒီဟာတွေကို ဆက်လက်ပြီးတော့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ အဖြေကတော့ မနက်ဖြန်ညနေလောက်မှ ကျွန်တော်တို့ ဆွေးနွေးပြီးတော့ ရမှာဖြစ်ပါတယ်။ မလေးရှားအစိုးရ အနေနဲ့လည်း မလေးရှားပြည်ထဲရေး ဝန်ကြီးဌာန အထူးသဖြင့်ရဲပေါ့၊ ဆေးရုံဆိုလို့ရှိရင်လည်း ဒုက္ခရောက်တဲ့သူတွေကို ချက်ချင်း လက်ခံပြီးတော့မှ ကုသ ပြီးတော့ ဆေးရုံစရိတ် ကိုတော့ လူနာရှင် အပ်တဲ့ပေါ် မူတည်ပြီး နာရေးကူညီမှုအသင်း ကပဲဖြစ်ဖြစ် သံရုံးကပဲဖြစ်ဖြစ် အလှူရှင် ဘက်ကပဲဖြစ်ဖြစ် ကျခံပြီးတော့ အလွယ်တကူ လက်ခံကုသပေးနေတဲ့ ဟာမျိုးတွေ ဆောင်ရွက် တာ တွေ့ရှိရပါတယ်။ နောက် အလုပ်ရှင်တွေပေါ့။ မလေးရှား-မြန်မာ Chamber of Commerce  နဲ့လည်း ထပ်တွေ့ပြီးတော့မှ ဒီလူတွေနဲ့ ထပ်မံဆွေးနွေးပြီးတော့မှ အလုပ်သမားတွေကို ကာကွယ်စောင့်ရှောက် ပေးနိုင်မယ့် ကိစ္စမျိုးတွေ ကျွန်တော်တို့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇင်ယော်အား ယနေ့တွင် ထပ်မံ၍ ဆက်သွယ်မေးမြန်း ခဲ့ရာတွင်-
မေး။ ။ ဒုတိယဝန်ကြီး ခင်ဗျာ။ ဒီနေ့ ဇွန် ၁၃ ရက်နေ့မှာ မလေးရှား နိုင်ငံမှာ ဆက်လက် ဆောင်ရွက်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သိလိုပါတယ် ခင်ဗျာ။
ဖြေ။ ။ ကျွန်တော်တို့အဖွဲ့ဟာ ဒီနေ့နံနက် မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးနဲ့ သွားရောက်တွေ့ ဆုံခဲ့ပါတယ်။ အဲဒီလို တွေ့ဆုံခဲ့ရာမှာ ကျွန်တော်တို့ နိုင်ငံသား တွေ ဒီမှာ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ လူတွေပေါ့။ သူတို့ အတွက် ဘယ်လို ဆောင်ရွက်ဖို့ အစီအစဉ်ရှိပါသလဲ။ နောက်တစ်ချက်ကတော့ ပြန်မည့်လူတွေပေါ့။ ဒီလူတွေပြန်ဖို့ အတွက် မြန်မြန်ဆန်ဆန် ဘယ်လိုကူညီ ဆောင်ရွက်ပေးနိုင်ပါမလဲ။ နောက်ဆုံးတစ်ချက်ကတော့ အလုပ်လုပ်ချင်တဲ့ လူတွေဆက်လုပ်မည့် လူတွေအတွက် ပိုမိုပြီးတော့ ထိထိရောက်ရောက် ကာကွယ်ပေးဖို့ ဘယ်လိုဆောင်ရွက်မလဲဆိုတဲ့ အချက်တွေကို ဆွေးနွေးပါတယ်။
မေး။ ။ သူတို့ဘက်က ဘယ်လိုများ တုံ့ပြန်ဆောင်ရွက်ပေးပါသလဲ ခင်ဗျာ။
ဖြေ။ ။ အခုလက်ရှိ ထိန်းသိမ်းခြင်းခံထားရတဲ့ မြန်မာတွေပေါ့။ အခု လောလောဆယ် သတင်းစာထဲမှာရော၊ သူတို့ အတည်ပြုတဲ့ဟာရော စုစုပေါင်း ၃ဝ၇ ဦး ဆိုပြီးတော့ သိရ ပါတယ်။ ၁၉၆ ဦးကတော့ သက်ဆိုင်ရာ စာရွက်စာတမ်း မရှိဘဲနဲ့ တရားမဝင် ဝင်ရောက် လာတဲ့ လူတွေဖြစ်ပြီးတော့ ၅၇ ဦးကတော့ UNHCR က အတုများ ကိုင်ဆောင်တယ် ဆိုပြီးတော့ ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။ နောက်ထပ် ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရတဲ့ ၅၄ ဦးလည်း ရှိပါတယ်။ သူတို့ ကိုတော့ ရှေ့နေချုပ်ရုံးကို တင်ပြီးတဲ့အခါ နှစ်ပတ်အတွင်း အမှုကို စစ်ဆေးဖို့နဲ့ အဲဒီက ဆုံးဖြတ်ချက် ကျလာလို့ရှိရင် ဘယ်လိုဆက်လုပ်မယ်ဆိုတဲ့ အစီအစဉ်ရှိကြောင်း ပြောပါတယ်။ ဒီလိုပြောတဲ့ အခါမှာလည်း ပြန်ချင်တဲ့လူတွေကို ပြန်ဖို့ အတွက် မြန်မာသံရုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီးတော့ ဆက်နေချင်တဲ့ လူတွေအတွက် သီးခြားစဉ်းစားပေး သွားမယ် ဆိုပြီးတော့ ဆွေးနွေးပြောကြားပါတယ်။

မေး။ ။ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးရဲ့ ပြောကြားချက်တွေကို ဆက်ပြီးရှင်းပြပေးပါ ခင်ဗျာ။
ဖြေ။ ။ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တွေ့ဆုံရာမှာ စောစောက ကျွန်တော် ရှင်းပြတာ ပထမအချက် ဖြစ်ပါတယ်။ ဒုတိယအချက် အနေနဲ့ကတော့ ဒုတိယဝန်ကြီးက ပြန်လည်ဆွေးနွေး ပေးတာကတော့ ကျွန်တော် တို့ တောင်းဆိုတဲ့ ပြန်ချင်တဲ့ကလေးတွေ မြန်မြန်ပြန်နိုင်အောင်လို့ပေါ့။ လူဝင်မှုကြီးကြပ်ရေးဌာနကနေ ပြီးတော့မှ ဘယ်လိုများ မြန်မြန်ဆန်ဆန် ကူညီနိုင်မလဲလို့ မေးတဲ့အခါမှာ သူတို့အနေနဲ့ သံရုံးက သတ်မှတ်ထားတဲ့ ထုတ်ပေးပြီးသား လက်မှတ်ပါမယ်။ သူတို့ဆီမှာ စစ်ဆေးတဲ့ အမှုအခင်း ကင်းရှင်းတယ် ဆိုလို့ရှိရင်လည်း အမြန်ဆုံး ဖြစ်အောင် ဆောင်ရွက်ပေးပါမယ်။ သံရုံးနဲ့ အဆက်အသွယ် မပြတ်ဘဲနဲ့ ဆက်သွယ်ဖို့၊ သူတို့နဲ့ ကြိုတင်ညှိနှိုင်း ဖို့ပြောပါ တယ်။ တကယ်လို့ ပြန်မယ့် အလုပ်သမားတွေထဲမှာ မှုခင်းများ ကျူးလွန်ထားတာရှိရင် သူတို့ အနေနဲ့ တရား ဥပဒေကြောင်း အရ ဆက်လက်ပြီး ဆောင်ရွက်စရာတွေ ရှိတဲ့အတွက် မလေးရှား စီးပွားရေးလုပ်ငန်းရှင်များ အသင်းမှ မလေးရှားအလုပ်ရှင်များနဲ့ မြန်မာ အလုပ်သမားတွေကို ခန့်ထားတဲ့သူတွေနဲ့ တွေ့ပြီးတော့မှ သူတို့ရဲ့ သဘောထားတွေ၊ အမြင်တွေ သူတို့ အလုပ်သမားတွေကို ဘယ်လိုကာကွယ်နိုင်မလဲ စသဖြင့် ဆက်လက် တွေ့ဆုံဖို့ရှိပါတယ်။
သတင်းအဖွဲ့။ ။ အခုလို ပြည့်ပြည့်စုံစုံ ဖြေဆိုပေးသွားတဲ့ ဒုတိယဝန်ကြီးကို ကျေးဇူး တင်ပါတယ်။
------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

တရားမဝင်သည်ဖြစ်စေ၊ တရားဝင်သည်ဖြစ်စေ မြန်မာနိုင်ငံသားအားလုံးကို ကူညီမယ်

 




ရန်ကုန် ဇွန် ၁၁

မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်း လုပ်သားများ၏ လတ်တလော ဖြစ်ပေါ်နေသည့် အခြေအနေများနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း စုံစမ်းရန်နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် တွေ့ဆုံဆွေးနွေးရန် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်၊ အလုပ်သမား၊အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါ်ဝင်းမော်ထွန်း ခေါင်းဆောင်သည့် အထူးကိုယ်စားလှယ် အဖွဲ့သည် ယနေ့ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် မလေးရှားနိုင်ငံသို့ ထွက်ခွာသွားရာ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြ သည်။
ယင်းသို့ မထွက်ခွာမီ ဒုတိယဝန်ကြီးများအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဧည့်ခန်းမ၌ တွေ့ဆုံကာ ယင်းတို့၏ အမြင် သဘောထားများကို မြန်မာ့သတင်းစဉ် သတင်းအဖွဲ့က မေးမြန်းခဲ့သည်။
မေး ။ ။ မလေးရှားနိုင်ငံကို သွားရတဲ့ ရည်ရွယ်ချက်ကို သိပါရစေ။
ဖြေ ။ ။ မလေးရှားနိုင်ငံကိုသွားရတဲ့ ရည်ရွယ်ချက်က မလေးရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို အကြမ်းဖက် တိုက်ခိုက်မှုခံနေရတယ်။ အဲဒီကိစ္စအတွက် မလေးရှားအစိုးရနဲ့တော့ ပူးပေါင်းဆောင်ရွက်နေတယ။် ဒါပေမယ့် ကိုယ်တိုင် ကိုယ်ကျ သွားရောက်ြပီးတော့မှ တွေ့ဆုံပြီးတော့ ပိုပြီးထိရောက်တဲ့ အကာအကွယ်ပေးမှုတွေ ရရှိနိုင်ဖို့ သွားရောက်ခြင်း ဖြစ်ပါတယ်။ နောက် ဆေးရုံတက်နေရတဲ့ မြန်မာ နိုင်ငံသားတွေ ရှိတယ်။ သူတို့ကိုလည်းဝင်ပြီး အားပေးချင်တယ်။ အဲဒီမှာ ရောက်နေတဲ့ နိုင်ငံသားတွေ အနက် တရားမဝင် လာရောက်ပြီး အလုပ်လုပ် ကိုင်တယ် ဆိုလို့ရှိရင် သူတို့ဖမ်းပြီးတော့မှ စိစစ်နေတာပေါ့၊ စိစစ်နေတဲ့ အခါမှာ မြန်မာနိုင်ငံသားတွေလည်း ပါတယ။် သူတို့တွေ အတွက် ရှေ့ဆက်ပြီးတော့ ဘယ်လိုဆောင်ရွက်မလဲ၊ ဘယ်လောက်ထိ ဒုက္ခရောက်နေသလဲ။ ကူညီနိုင်မလဲ။ ဒါတွေကို မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၊ မလေးရှား ပြည်ထဲရေးဝန်ကြီးဌာန၊ မလေးရှားအလုပ်သမားဝန်ကြီးဌာန စသည်ဖြင့် သွားရောက်ပြီး တွေ့ဆုံပြီးတော့ ညှိနှိုင်းဆွေးနွေးဖို့ ဖြစ်ပါတယ်။ ညှိနှိုင်းဆွေးနွေးမှုက နေပြီးတော့ ရရှိလာမယ့် အချက် အလက်တွေ နောက် တကယ့် လက်တွေ့  တွေ့ကြုံမှုတွေကိုမြင်ပြီး အဖွဲ့ဝင်အဖြစ် အတူလိုက်ပါမယ့် မြန်မာ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးနဲ့အတူ မလေးရှားမှာရှိနေတဲ့ မြန်မာသံ အမတ်ကြီး၊ မလေးရှားမှာ ရှိနေတဲ့ မြန်မာအသိုင်းအဝိုင်း အားလုံးနဲ့ တွေ့ဆုံ ဆွေးနွေးပြီးတော့မှ အကောင်းဆုံး အခြေအနေဖြစ်အောင် ဖန်တီးပေးဖို့ပဲ ဖြစ်ပါတယ်။ အတိ ဒုက္ခရောက်နေတယ်ဆိုတာကို သိရဲ့သားနဲ့ နိုင်ငံတော် အစိုးရအနေနဲ့ ပစ်ထားခြင်း မရှိပါဘူး။
ယခင်တုန်းကလည်း ရရှိတဲ့ သတင်းတွေအပေါ် ဖြစ်ခဲ့တာတော့ အရင်လ ၂၉ ရက်နေ့ ကတည်းက စတာပေါ့၊ ပြီးတော့မှ အကြမ်းဖက်တိုက်ခိုက်မှုခံရတာတွေ ရှိတယ်။ ခဏ ရပ်ဆိုင်းသွားတယ်။ အဲဒီနောက်ပိုင်းမှ မလေးရှားနိုင်ငံကို အကူအညီပေး ဖို့ပြောတယ်။ နောက်တစ်ခါ မြန်မာနိုင်ငံသားတွေကို ကာကွယ်ပေးဖို့ ပြောလိုက်တဲ့အခါမှာ သူတို့အနေနဲ့ လည်း ခွဲခြားတာပေါ့၊ ခွဲခြားတယ်ဆိုတဲ့ အကြောင်းရင်းကတော့ တရားဝင် လာတာလား၊ တရားမဝင်လာတာလား၊ ခွဲခြားတဲ့ အခြေ အနေတွေ ဖြစ်ပေါ်လာပြီးတော့ ယနေ့ထိ  ဖြစ်နေတဲ့ အခြေအနေကတော့ ဆက်ပြီးတော့ ခွဲခြားမယ့် အခြေအနေတွေ ရှိနေသေးတယ်။ နောက်အလားတူကိစ္စမျိုးတွေ အကြမ်းဖက်တိုက်ခိုက်မှုတွေ ထပ်မဖြစ်အောင် ဒီဟာတွေကိုပဲ ဦးစားပေး ပြီးတော့ ဆောင်ရွက်သွားဖို့ပဲ ဖြစ်ပါတယ်။
မေး။ ။ အခု အဲဒီမှာ သေဆုံးသွားတဲ့ မြန်မာလူမျိုးတွေရဲ့ ရုပ်အလောင်းတွေကို ဒီဘက်အစိုးရအနေနဲ့ ဘယ်လိုစီမံ ထားမလဲ ဆိုတာ သိပါရစေ။
ဖြေ။ ။ သူတို့ မလေးရှားနိုင်ငံရဲ့ ဥပဒေအရ သေမှုသေခင်းဖြစ်တယ်ဆိုပါစို့၊ ရဲအရေးပိုင်တဲ့ အမှုတွေဖြစ်ပါတယ်၊ ရဲလုပ်ထုံး လုပ်နည်းအရ ဘယ်သူ ဘယ်ဝါဆိုတာ စိစစ်တာပေါ့၊ စိစစ်တဲ့အခါမှာ သူတို့လည်း စိစစ်လို့မရဘူး။ ဒါပေမယ့် မြန်မာ နိုင်ငံသား ဖြစ်တယ်လို့ ယူဆရတာပေါ့။ နောက်ြပီးတော့မှ ဘေးကပြောတဲ့ အရရော စိစစ်ချက်အရရော ဖြစ်တယ်လို့ ယူဆရင် သံရုံးကို လာပြီးတော့မှ မြန်မာနိုင်ငံသား ဟုတ်မဟုတ် စိစစ်ပေး ပါဆိုပြီး ညှိနှိုင်းတယ်။ နောက် စိစစ်လို့ ရလို့ရှိရင်လည်း သူတို့ သင်္ဂြိုဟ် ချင်ပါတယ်။ သင်္ဂြိုဟ်ခွင့်ရှိလို့ရှိရင် သံရုံးကနေပြီးတော့ သင်္ဂြိုဟ်ခွင့်ပေးတဲ့ အခါမှာ သင်္ဂြိုဟ်လို့ ရပါတယ်။ ခု လောလော ဆယ်တော့ သေဆုံးတယ်ဆိုတဲ့အနေနဲ့ ရဲကလာ ပြီးတော့ ပြောဆိုတာ ကတော့ လေးဦးပဲ ရှိပါတယ်။ အဲဒီအနက် တစ်ဦး ကိုတော့ သဂြီုဟ်ခွင့် တောင်းတဲ့အတွက် သင်္ဂြိုဟ်ခွင့် ပြုပြီးပါပြီ။
မေး။ ။ ဘယ်မှာ သင်္ဂြိုဟ်ဖြစ်လဲ။
ဖြေ။ ။ မလေးရှားနိုင်ငံမှာပါ။
မေး။ ။ သင်္ဂြိုဟ်တယ်ဆိုတော့ ကုမ္ပဏီ အစီအမံနဲ့လား၊ သံရုံး အစီအစဉ်နဲ့လား။
ဖြေ။ ။ သံရုံးအစီအစဉ်နဲ့ မဟုတ်ပါဘူး။ သူတို့ရဲ့ ရဲအစီအစဉ်ဖြစ်မယ်။ နာရေးကူညီမှု အစီအစဉ်ဖြစ်မယ်။ သံရုံးက လိုတဲ့ကိစ္စ ကိုပဲ ကူညီနိုင်ပါတယ်။
မေး။ ။ တကယ်လို့ မြန်မာပြည်ကိုပြန်လာမယ့် အလုပ်သမားတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမျိုး ဆက်ပြီး ကူညီပေး သွားမလဲ။
ဖြေ။ ။ မြန်မာနိုင်ငံကို ပြန်လာရမယ့် အခြေအနေ ရောက်နေတဲ့လူတွေ ရှိနေပြီဆိုတာ သိရပါတယ်။ အဲဒီတော့ မြန်မာ နိုင်ငံကိုပြန်လာဖို့ ဘယ်လိုအစီအစဉ် ရှိမလဲ၊ ဘယ်လို ဆောင်ရွက်မလဲ၊ ညှိနှိုင်းရမှာ ဖြစ်ပါတယ်။ ခုလောလောဆယ် မလေးရှား နိုင်ငံမှာ အလုပ်သမား တရားဝင် ဟုတ်မဟုတ် စိစစ်တာတွေက များပြားတဲ့အတွက် ပထမဦးဆုံး လူတစ်ထောင် ဖမ်းတယ်ဆိုပြီးတော့ သတင်းရတာပေါ့၊ ဒါပေမယ့် အကုန်လုံးကို စိစစ်ပြီးတော့ ပြန်လွှတ်လိုက်တဲ့ အခါမှာ ၁၉၆ ဦးပဲ ကျန်နေတာတို့၊ နောက်တစ်ခါ စိစစ်တဲ့ အထဲမှာ UNHCR ရဲ့ ကတ်ပေါ့။ သူရဲ့ တရားဝင်ကတ် ကိုင်ဆောင် တယ်ဆိုပေမယ့် အတုတွေ ကိုင်ဆောင်သူတွေ ရှိနေတာပေါ့၊ ရှိနေတော့ အဲဒီလူတွေအတွက် ထပ်ပြီးတော့ စိစစ်နေ တယ်။ စိစစ်ပြီးတော့ ပုံမှန်အားဖြင့်  သူတို့ ဆက်လက် ထိန်းသိမ်းထားတယ်။ တရားမဝင် ဝင်ရောက်တဲ့သူတွေ ဖြစ်တွေ အတွက် ပြန်ပို့ဖို့ဆို ပြီးတော့ စီစဉ်ပါတယ်။ ဟိုတုန်းကလည်း အဲဒီလိုအစီအစဉ်မျိုးတွေရှိခဲ့ပါတယ်။ သူတို့က ဒီတရားဝင် ဟုတ် မဟုတ် စိစစ်တာ များတဲ့အတွက် နည်းနည်းပိုပြီးတော့ လူဦးရေ ပိုပြီးတော့ များလာမယ်လို့ ယူဆပါတယ်။ အဲဒီ အတွက် နှစ်ဖက် ညှိနှိုင်းပြီးတော့ ဆောင်ရွက်ပေးဖို့တို့၊ နောက်တစ်ခါ သယ်ယူပို့ဆောင်ရေး စီစဉ်ပေးဖို့ တို့ နောက် မြန်မာနိုင်ငံသား ဖြစ်ကြောင်းပေါ့၊ ဒီ(စီရောဖိုင်) လို့ ခေါ်တဲ့လက်မှတ်ပေါ့၊ Identity ကတ်ထုတ်ပေးဖို့အတွက် ဆက်လက် ပြီးတော့ စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
မေး။ ။ နောက်အလားတူ ဒီလိုမျိုး ပြဿနာတွေ ထပ်ဖြစ်လာမယ်ဆိုရင် နောက်ထပ် ဒီလိုမျိုး အလုပ်သမားတွေကို ဘယ်လိုဆက်ပြီး ကာကွယ်ပေးသွားမလဲ သိပါရစေ။
ဖြေ။ ။ ဒီလိုပြဿနာတွေကို စဖြစ်ပြီဆိုကတည်းက ကျွန်တော်တို့ နိုင်ငံခြားရေးဝန်ကြီးဌာန အနေနဲ့ မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနကို ကွာလာလမ်ပူမှာရှိတဲ့ သံအမတ်ကြီးကို သွားပြီး တွေ့ဆုံပြီးတော့မှ အကာအကွယ်ပေးဖို့ တရားဝင် ပြောဆိုပါတယ်။ကျွန်တော်တို့လည်း ဒီကနေပြီးတော့မှ မြန်မာနိုင်ငံဆိုင်ရာမလေးရှား သံအမတ် ကြီး ခေါ်ပြီးတော့ မြန်မာနိုင်ငံသားတွေကို အကာအကွယ်ပေးဖို့ ဒီလိုတိုက်ခိုက်မှုမျိုးတွေ ထပ်မံမဖြစ်ပွား ဖို့ရာ စောင့်ရှောက် ဖို့ နောက်တစ်ခါ ကျူးလွန် တဲ့သူတွေကိုလည်း ဖော်ထုတ်ပြီးတော့ ထိထိရောက်ရောက် အရေးယူဖို့ ဆိုတဲ့ အချက်အလက်လေးတွေ တောင်းဆိုပြီးသား ဖြစ်ပါတယ်။ အဲတော့ ဒီလိုတောင်းဆိုတာဟာ သံတမန်အနေနဲ့ နှစ်နိုင်ငံချင်းအနေဲ့ အဆင့်မြင့် ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ အဲဒီအတွက်လည်း မလေးရှားနိုင်ငံအနေနဲ့ ကာကွယ်ပေးဖို့ ဆိုပြီးတော့မှ  ရဲကင်းတွေတိုးပြီးတော့ လှည့်တာ၊ တိုးမြှင့် ပြီးတော့ စောင့်ရှောက်တာ၊ သံရုံးကို ကာကွယ်စောင့်ရှောက်ပေးတာမျိုး ဆောင်ရွက်ပါတယ်။ အဲဒီတစ်ပိုင်းထဲ မှာပဲ အော်ပရာစီ လို့ ခေါ်တဲ့ အော်ပရေးရှင်း စစ်ဆင်ရေးသဖွယ် လုပ်ပြီးတော့မှ ဒုစရိုက် ရပ်ကွက်ထဲမှာ နေထိုင်နေတဲ့ နိုင်ငံခြားသား၊ ခုနပြောတဲ့ ဒီအဖွဲ့တွေကို ဖမ်းဆီးပြီး တရားဝင်လာရောက်တာ ဟုတ်၊ မဟုတ် စိစစ် ဆောင်ရွက်တဲ့ ဟာတွေ ဆောင်ရွက်ပါ တယ်။ ဒီလိုဆောင်ရွက်ခြင်းအားဖြင့် ဒီတရားမဝင် ရောက်နေတဲ့ ကြားမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေပြီး သွားအောင် ၊ လျော့နည်း သွားအောင် တစ်ဖက်တစ်လမ်းက ဆောင်ရွက်နေတာလည်း ရှိပါတယ်။ အဲတော့ သူတို့အနေအထား အရ သူတို့နိုင်ငံမှာ တရားဝင် လာရောက်နေထိုင်တဲ့ ပြည်သူတွေကို ဥပဒေအကြောင်းအရ ကာကွယ်ဖို့ရှိတယ်။ တရားမဝင် ဝင်ရောက်တဲ့သူတွေကိုလည်း သင့်တော်တဲ့နည်းနဲ့ ထိန်းသိမ်းပြီးတော့ ဘေးအန္တရာယ် မရောက်အောင် ကာကွယ်နိုင်တဲ့ နည်းလမ်းရှိတယ်။ ပြန်ပို့ခြင်းအားဖြင့် ဘေးအန္တရာယ် မရောက်အောင်  နည်းလမ်းတွေ ရှိပါတယ်။ အဲတော့ အားလုံးကို သံရုံးနဲ့ အဆက်မပြတ် မလေးရှားနိုင်ငံ ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာက နေပြီးတော့ သူတို့ ဆောင်ရွက်နေတာ သတင်းပို့နေ တယ်။ အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးနေတယ် ဆိုတာကိုလည်း လက်တွေ့လည်း ပြသတယ်။ သတင်းလည်း ပို့တယ်။ ပူးပေါင်းလည်း ဆောင်ရွက်နေတာကို တွေ့ရပါတယ်။
မေး။ ။ အခုသွားမယ့် ဒီခရီးကို ဘယ်လိုမျှော်လင့်ထားပါသလဲ။
ဖြေ။ ။ ကျွန်တော်တို့ နိုင်ငံသားတွေအတွက် အကောင်းဆုံး ဖြစ်အောင်ပေါ့၊ နိုင်ငံတော်သမ္မတကြီးရဲ့ စေတနာအရ ဘယ်နိုင်ငံမှာပဲရောက်ရောက် မြန်မာနိုင်ငံသား တွေကို ကာကွယ်စောင့်ရှောက် ပေးရမယ့် အဓိက တာဝန်ဟာ သံရုံးရဲ့တာဝန်ပဲ ဆိုပြီးတော့မှ ပြောကြားထားတာ ရှိပါတယ်။ မြန်မာသံရုံးတွေရဲ့ တာဝန်ကလည်း အဲဒါ အဓိက ဖြစ်ပါတယ်။ မြန်မာ နိုင်ငံသားများကို အတတ်နိုင်ဆုံး ကာကွယ်စောင့်ရှောက် ပေးဖို့ အတွက် ညှိနှိုင်းဆွေးနွေးမှု လက်တွေ့လုပ်ဆောင်ဖို့ ဖြစ်ပါ တယ်။ ခုဟာ နိုင်ငံရပ်ခြားဖြစ်တဲ့ အတွက် နှစ်နိုင်ငံ သဘောတူညီချက်အရသာ ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ တခြားနိုင်ငံမှာ ကိုယ်က ဧည့်သည် ဖြစ်တဲ့ အတွက် အိမ်ရှင်နိုင်ငံရဲ့ ဥပဒေဘောင် အတွင်းကသာ ပေးနိုင်မှုတွေ၊ အကူအညီပေး နိုင်မှုတွေ၊ လုပ်လို့ရပါတယ်။ ကျွန်တော်တို့ အပိုင်းက သွားပြီးတော့မှ ပြောတယ်၊ ဆိုတယ်၊ တောင်းဆို တယ်၊ ကိုယ်တိုင် ဒီအဆင့်ပဲ ရှိတယ်။ ကိုယ်တိုင် သွားစောင့်ရှောက်ဖို့အတွက် ဒီလူတွေကို တစ်နေရာမှာ ထိန်းသိမ်း ထားဖို့ ကျွေးမွေးထားဖို့ ဒီကိစ္စတွေ မြန်မာနိုင်ငံက အလှူရှင်များ အနေဖြင့် ဒုက္ခ ရောက်နေတဲ့ သူတွေ၊ ဆေးရုံတက်နေတဲ့ သူတွေ ကူညီဖို့ စနေပါပြီ။ ပြန်ခေါ်မယ် ဆိုလို့ ရှိရင်လည်း လေယာဉ်ပျံ စရိတ်ကို လျှော့ပေါ့ပြီးတော့မှ ကူညီမယ်ဆိုတဲ့ အဖွဲ့တွေလည်း ပေါ်ပေါက်နေပါပြီ။ မလေးရှား နိုင်ငံမှာ ရောက်ရှိနေလို့ ရှိရင်တော့ ဒါတွေကို ဘယ်လို စီစဉ်ဆောင်ရွက် သွားမလဲဆိုတာ သက်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ တိုင်ပင် ပြီးတော့မှ စဉ်ဆက်မပြတ် ဆောင်ရွက်သွားဖို့ အခြေအနေ ရှိပါတယ်။
မေး။ ။ ဆိုရှယ်နက်ဝပ်တွေမှာ မလေးရှား နိုင်ငံမှာရှိတဲ့ မြန်မာသံရုံးရဲ့ လုပ်ဆောင်ချက် တွေကို အားမလို အားမရ ဖြစ်နေတယ်လို့ သိရပါတယ်။ အဲဒီအပေါ်မှာ ဘယ်လို ထင်မြင်သုံးသပ် ပါသလဲ။
ဖြေ။ ။ သံရုံးရဲ့ လုပ်ဆောင်ချက်တွေမှာ သံရုံးအနေနဲ့ကတော့ တရားဝင် အဖွဲ့အစည်းလည်း ဖြစ်ပြီးတော့ တရားဝင် နိုင်ငံတော်ကို သတင်းပို့ရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံခြားရေး ဝန်ကြီးဌာနကို ပို့တယ်ဆိုလို့ရှိရင် ကျွန်တော်တို့ ကလည်း နိုင်ငံခြားရေး ဝန်ကြီးဌာနကနေ ပြီးတော့မှတစ်ဆင့် နိုင်ငံတော်သမ္မတရုံးကို တင်ပြပါတယ်။ အဲဒီလို တင်ပြတဲ့အခါမှာ သတင်းအချက်အလက်က ခိုင်မာတိကျဖို့လိုပါတယ်။ ခိုင်မာတိကျ ဖို့လိုတဲ့ အတွက် ဘာကိုစောင့်ရလဲ ဆိုလို့ရှိရင် အချိန်က Delay  ဖြစ်သွားပါတယ်။ ဖြစ်လိုက်တယ်။ အခုချက်ချင်း မပြောနိုင်ပါ ဘူး။ မောင်ဖြူဖြစ် တယ်၊ မောင်ဖြူ သေချာလား၊ မောင်ဖြူ ဆိုတာ ဘယ်တုန်းက ရောက်လဲ၊ ဒဏ်ရာရတယ်၊ ဘယ်လောက်ရတာ လဲ။ ဆေးရုံတက်တယ်၊ ဘယ်မှာတက်တာလဲ စသည် ဖြင့်ပေါ့၊ အဆင့်ဆင့်ကို ကိုယ်တိုင်သွား မကြည့်နိုင်တာလဲ ရှိတယ်။ သက်ဆိုင်ရာ ရဲပေါ့နော်၊ ရဲဌာန၊ ပြည်ထဲရေးဌာန၊ နောက် ဆေးရုံ၊ ဒီဟာတွေနဲ့ ဆက်ပြီးတော့ အတည်ပြုတာပေါ့၊ အတည်ပြုလို့ရတဲ့ တိုက်ခိုက်ခံရလို့ ဆေးရုံတက်တဲ့ သူတွေကို သံအမတ်ကြီးကိုယ်တိုင် သွားကြည့်ပြီးတော့ အလှူငွေတွေ ပေးအပ်ခဲ့တာ ရှိပါတယ်။ ခု ဒီမှာပေါ်လာတယ်၊ ဒီမှာ ဖြစ်နေပြီ၊ မသိသေးဘူး၊ ဒါဟာ ဘာမှ အကူအညီ မပေးသေးဘူးလား၊ အကာအကွယ် မပေးသေးဘူးလားလို့ ပြောတဲ့သူတွေ ကိုလည်း အပြစ် မတင်ချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ကိုယ့်နိုင်ငံသားကို ကာကွယ်ပေးချင်တဲ့ ဆန္ဒနဲ့ ပြောတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သိစေချင်တဲ့ အချက်လေးကတော့ တရားဝင် လုပ်ဆောင်ရတယ်။ အတည်ပြုချက် ယူရတယ်၊ တာဝန်အရ လုပ်ရတာ ဖြစ်တဲ့အတွက် အချိန်ကို စောင့်ပါတယ်။ စောင့်တဲ့အတွက်လည်း ဒီသတင်းပို့မှု စနစ်တွေ နှောင့်နှေး သွားပါတယ်။ သတင်းထဲမှာ ပါတဲ့ဟာတွေက Live  မဖြစ်ဘူး။ Live  မလွှင့်နိုင်ဘူး။ မပြောနိုင်ဘူး၊ မဆိုနိုင်ဘူး၊ အဲတော့ သံရုံးအနေနဲ့က ဖြစ်တဲ့ အဖြစ်အပျက် အနေအထား အားလုံးကို မေ ၂၉ ရက်က စပြီးတော့ ၃ဝ ရက် ဖြစ်တယ်၊ ၃၁ ရက်ဖြစ်တယ်။ ၁ ရက်ဖြစ်တယ်၊ ၂ ရက်ဖြစ်တယ်၊ ၃ ရက်ဖြစ်တယ် တင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့လည်း တင်ပြရတဲ့ ကြားခံ အဆင့်လည်း မဟုတ်ပါဘူး။ သံအမတ်ကြီးကို ဆေးရုံကို သွားရောက်ကြည့်ရှုဖို့၊ ဘုန်းတော်ကြီးကျောင်းမှာ ဘုန်းတော် ကြီးနဲ့ စဉ်ဆက်မပြတ် ဆက်သွယ်ပြီးတော့မှ ဆောင်ရွက်နေဖို့ စသည်ဖြင့် ညွှန်ကြားချက်တွေ ပေးပါတယ်။ သတင်း ထုတ်ပြန်ဖို့လည်း ပြန်ကြားရေး ဝန်ကြီးဌာနနဲ့ သတင်းတွေထုတ်ပြန်ဖို့ ဆိုပြီးတော့မှ အချိန်မီ ဆောင်ရွက်ပေးတာ ရှိပါတယ်။  Delay ဖြစ်တယ် ဆိုတာမှန်ပါတယ်။ ဖြစ်ရတဲ့ အကြောင်းရင်းက ခုနကလို တိကျသေချာအောင် ကျွန်တော် တို့ ဆောင်ရွက်ရခြင်း ဖြစ်ပါ တယ်။
မေး။ ။ မြန်မာပြည်တွင်းမှာ စိုးရိမ်ပူပန်နေတဲ့ မိဘတွေကို နှစ်သိမ့်အားပေးတဲ့ စကားလေး ပြောပေးပါဦး ခင်ဗျာ။
ဖြေ။ ။ ကျွန်တော်တို့ အနေနဲ့ကတော့ ဒီမိဘကလည်း မိဘတာဝန်၊ နိုင်ငံတော်အစိုးရ အနေနဲ့ တိုင်းသူပြည်သားဆိုတာ သားသမီးလိုပါပဲ။ သူတို့ကို ကာကွယ်စောင့်ရှောက်ဖို့ အတွက် တန်းတူရည်တူပေါ့၊ တာဝန်ရှိပါတယ်။ ဆောင်ရွက်ပေးရမှာ ရှိပါတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးမယ်။ သန္နိဋ္ဌာန်ချ ထားပါတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ညှိပြီးနောက် သူရဲ့ ဥပဒေတွေရှိတယ်။ ဒီဟာတွေနဲ့အညီ လိုက်လျောညီထွေအောင် လုပ်တဲ့အခါမှာ မျှော်လင့်ထားတာတွေ အတိုင်း ဖြစ်ချင်မှလည်း ဖြစ်မယ်။ ဒါပေမယ့်လည်း တရားဥပဒေဘောင် အတွင်းက နှစ်နိုင်ငံ ဆက်ဆံရေး မထိခိုက်စေဘဲနဲ့ ဆောင်ရွက်ပေးနိုင်မယ်။ တရားမဝင် နေထိုင်တဲ့ သူတွေကို ပြန်လည် ပြီးတော့ ခေါ်ဆောင်ပေးနိုင်မယ်။ ဆက်ပြီးတော့ အလုပ်လုပ်မယ့် သူတွေရှိ ပါတယ်။ ဆက်ပြီး အလုပ်လုပ်မယ့်သူတွေ တရားဝင် အလုပ်လုပ်မယ့် သူတွေကိုလည်း ဂရုတစိုက် ဆောင်ရွက်ပေးဖို့ပေါ့၊ ကျွန်တော်တို့ ဒါတွေတိုက်တွန်း တယ်။ နောက် သူတို့ကို အလုပ်ခန့်ထားတဲ့ သူတွေရှိပါတယ်။ အခု မလေးရှားနိုင်ငံမှာ ကျယ်ကျယ် ပြန့်ပြန့် ပြောနေပါ တယ်။ ပြောနေ တာကတော့ အလုပ်ရှင်နဲ့ အလုပ်သမားတွေကို ကာကွယ်ပေးဖို့ပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒီရဲ့လုပ်အား ဟာ ခုနက ဆောက်လုပ်ရေး လုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်း၊ စားသောက်ဆိုင် လုပ်ငန်းကြီးတွေမှာ မရှိမဖြစ် အရေးပါနေ တယ်ဆိုတာ လုပ်ငန်းရှင်တွေက သိရှိပြီးဖြစ်ပါတယ်။ အလုပ်ရှင် ကိုယ်တိုင်က တစ်တပ်တစ်အား ပါဝင်ပြီးတော့မှ ကာကွယ်နိုင်မယ်၊ စောင့်ရှောက်နိုင်မယ် ဆိုရင် လက်ရှိလုပ်နေတဲ့သူတွေ ကျန်ခဲ့မယ့် သူတွေအတွက် စိတ်ချရမှာ ဖြစ်ပါ တယ်။
မေး။ ။ သေဆုံးတဲ့ သူတွေကို မလေးရှားနိုင်ငံမှာ သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။ ဒီမှာ ကျန်ခဲ့တဲ့ မိသားစုတွေနဲ့ ဆက်သွယ်ပေးနိုင်ဖို့ ဘယ်လိုအစီအစဉ် ရှိပါသလဲ။
ဖြေ။ ။ မလေးရှားနိုင်ငံမှာ သေဆုံးတယ် ဆိုလို့ရှိရင် ခုနက ရဲအမှုပိုင်တဲ့ အမှုရှိပါတယ်။ နောက်တစ်ခါ အက်ဆီးဒင့် နဲ့ သေဆုံးတာမျိုးလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် အလုပ်လုပ်ရင်း သေဆုံးတယ် ဆိုတဲ့အခါ မလေးရှား ဥပဒေအရ သူတို့ ချက်ချင်း သင်္ဂြိုဟ်လို့မရပါဘူး။ မရတဲ့ အကြောင်းရင်းကတော့ အထူးသဖြင့် အလုပ်သမားပေါ့၊ အလုပ်သမားကို ဒီဘက်က မြန်မာပြည်မှာ ရှိနေတဲ့ မိဘဆွေမျိုး အသိုင်းအဝိုင်းရဲ့ ခွင့်ပြုချက် မရဘဲနဲ့ သင်္ဂြိုဟ်တယ် ဆိုလို့ရှိရင် တရားစွဲတာတို့ လုပ်နိုင်ပါတယ်။ အဲလို အလုပ်သမားတွေ ဆုံးပြီဆိုလို့ရှိရင် တစ်နည်းနည်းနဲ့ပဲ ပတ်ဝန်းကျင်က သတင်းပို့တယ်။ သူတို့ကပဲ ဆက်သွယ်တဲ့အတွက် ဒီနိုင်ငံမှာ ရှိနေတဲ့ မိသားစုက သိသွားတာပါပဲ။ သိသွားတော့ခုန အလုပ်ရှင်နဲ့ ပတ်သက် ပြီး လျော်ကြေးကိစ္စတို့ ကျန်တဲ့ကိစ္စတို့ ဆောင်ရွက်နိုင်ဖို့အတွက် ပြောဆိုညှိနှိုင်းတဲ့ ဟာတွေရှိပါတယ်။ ပြီးတော့ ဒီဟာ အတွက် ဆောင်ရွက်ပြီးတဲ့ အခါမှာ၊ ဒါမှမဟုတ်လဲ ဆောင်ရွက်နေဆဲအခါ မိဘတွေက ဆွေမျိုး အသိုင်းအဝိုင်းတွေက သင်္ဂြိုဟ် စေချင်တယ်ဆိုရင် နိုင်ငံခြားရေး ဝန်ကြီးဌာနကို အကြောင်းကြားပါတယ်။ ဒီလူကတော့ ဒီမှာ ဆုံးပါးနေပါပြီ။ တစ်ခါတလေ နိုင်ငံခြားရေးဝန်ကြီးဌာန မသိပါဘူး။ ဆုံး-မဆုံးဆိုတာ ဒီက မိသားစု မသိတော့ ဒီလူတော့ ဘယ်နေ့ ဘယ်ရက်က ဆုံးသွားတယ်၊ သူ့ကို သင်္ဂြိုဟ်ဖို့ အတွက် မြှုပ်ပေးပါ ဆိုလို့ရှိရင် ဒီမြန်မာသံရုံးကို လှမ်းအကြောင်းကြား ပြီးတော့မှ ဒါသင်္ဂြိုဟ်ခွင့် တောင်းလာတဲ့အခါမှာ သင်္ဂြိုဟ်ခွင့် ပြုလိုက်ပါတယ်။
မေး။ ။ မိသားစုတွေထံ အကြောင်းကြား ပေးနိုင်ခြင်း၊ စီစဉ်ပေးနိုင်ခြင်း ရှိ-မရှိ သိပါရစေ။
ဖြေ။ ။ ဘယ်သူ ဘယ်ဝါဆိုတာကို နဂိုကတည်းက သိတယ်ပေါ့၊ ဒီဟာ ဖြစ်တယ်ဆိုလို့ရှိရင် ကျွန်တော်တို့ အကြောင်းကြားပေးနိုင်ပါတယ်။ ဥပမာ ဒီနေရာမှာ ဆုံးသွားတယ်၊ မောင် ဘယ်သူပေါ့၊ သူ့ ဒေသက ဘယ်အရပ်၊ ဘယ်ဒေသကပါ ဆိုလို့ရှိရင် အကြောင်းကြား ပေးနိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ သိနေတဲ့သူတွေ အကြောင်း ကြား ပေးနိုင်ဖို့ ဘာမျှ ဝန်လေးစရာ မရှိပါဘူး။
မေး။ ။ မလေးရှားမှာ တိုက်ခိုက်တဲ့ တရားခံတွေကို ဖမ်းဆီးမိခြင်း ရှိ-မရှိ သိပါရစေ။
ဖြေ။ ။ လောလောဆယ် အရတော့ ဖမ်းဆီးနိုင်ခြင်း မရှိသေးပါဘူး။ တိုက်ခိုက်မှုတွေမှာ CCTV  ကင်မရာ ကနေပြီးတော့မှ ရိုက်ထားတာတွေ ရှိပါတယ်။ ဒီဟာတွေကို စုံစမ်း ဖော်ထုတ် ပြီးတော့မှ အရေးယူပေး ပါမယ်ဆိုပြီး သက်ဆိုင်ရာ အခင်းဖြစ်ပွားတဲ့ ရဲမှူးကိုယ်တိုင် သံရုံးမှာ လာပြီးတော့ ပြောလည်းပြောပါတယ်။ သတင်းလည်း ပို့သွား ပါတယ်။ အခုလောလောဆယ် ဖမ်းဆီးရမိခြင်း မရှိသေးဘူး။
ဒေါ်ဝင်းမော်ထွန်း
(ဒုတိယဝန်ကြီး၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန)
မေး။ ။ တရားမဝင် ရောက်ရှိနေတဲ့ သူတွေအတွက် စာရင်းကောက်ပြီးတော့ မြန်မာနိုင်ငံကို ပြန်လိုပါက ဆောင်ရွက်ပေး နိုင်မယ့် အစီအစဉ်ရှိ-မရှိ သိပါရစေ။
ဖြေ။ ။ ရှိပါတယ်။ သံရုံးနဲ့ညှိမယ်။ တရားမဝင်သည်ဖြစ်စေ၊ တရားဝင်သည်ဖြစ်စေ၊ ကိုယ့် နိုင်ငံသား အားလုံးကို ကူညီပါမယ်။ တရားဝင် အထောက်အထား ရှိတဲ့သူတွေရော၊ မရှိတဲ့သူတွေရော ပြန်ချင်ရင် ပြန်နိုင်အောင် အကူအညီပေးမယ်။ ပြန်ဖို့ အတွက်ကိုလည်း လုပ်ပေးမယ်။ စာရင်းကတော့ ကောက်မယ်။ မကောက်လို့လည်း မဖြစ်ဘူး။ တကယ်တမ်း ရောက်နေ တယ်ဆိုတဲ့ တရားဝင် စာရင်းထက် တရားမဝင် ရောက်နေတာတွေက အရမ်းများတယ်။ အဲဒါတွေကလေ မှန်တာပြော ရင် ရေရှည်မှာ လူမှုရေး ပြဿနာမသေးရင် ကြိုတင်ကာကွယ်တာက ပိုကောင်းတယ်။ သူ ပြန်ချင်တဲ့ ဆန္ဒရှိရင် ပြန်ဖို့လုပ်ပေး မယ်။
------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

အမေရိကန်သံရုံး၏ သတင်းကြေညာချက်နှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်

                                            ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ

                                                           နိုင်ငံခြားရေးဝန်ကြီးဌာန

                                                              သတင်းထုတ်ပြန်ချက်
၁။ ကချင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော လက်နက်ကိုင် ပဋိပက္ခများနှင့် စပ်လျဉ်း၍ ရန်ကုန်မြို့၊ အမေရိကန် သံရုံးမှ ၂၄-၁-၂၀၁၃ ရက် နေ့စွဲဖြင့် သတင်းကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါသည်။
၂။ နိုင်ငံတော်အစိုးရသည် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ဦးထိပ်ထားလျက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲပြီး၊ ငြိမ်းချမ်းရေး သဘောတူညီမှုများ ရရှိနိုင်ရေး အတွက် စေတနာမှန်ဖြင့် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ ပါသည်။ ဤသို့ ကြိုးပမ်းဆောင်ရွက် ခဲ့မှုကြောင့် ကေအိုင်အို/ ကေအိုင်အေ အဖွဲ့မှလွဲ၍ ကျန်အဖွဲ့များနှင့် ငြိမ်းချမ်းရေး သဘောတူညီမှုများ အဆင့်ဆင့် ရရှိထားပြီး ဖြစ်ပါသည်။
၃။ ကေအိုင်အို/ကေအိုင်အေအတွက် ငြိမ်းချမ်းရေးတံခါးကိုလည်း ဆက်လက် ဖွင့်လှစ်ထားပြီး၊ နှစ်ဖက် ဆွေးနွေးမှုများပြုလုပ်ရန် အကြိမ်ကြိမ် ကမ်းလှမ်းခဲ့ပြီး ဖြစ်ပါသည်။ ကချင်ပြည်နယ်အတွင်း ပြုလုပ်နေသော စစ်ရေးဆောင်ရွက်မှုများ ရပ်ဆိုင်းရန် နိုင်ငံတော် သမ္မတက ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်နေ့တွင် ညွန်ကြားထားပြီးဖြစ်ရာ၊ တပ်မတော် တပ်ဖွဲ့အသီးသီးကလည်း လိုက်နာလျက်ရှိကြပါသည်။ ကေအိုင်အို/ ကေအိုင်အေ ဘက်ကလည်း အလားတူ ရပ်ဆိုင်းပေးသွားရန် လိုအပ်ပါသည်။
၎။ မိမိတပ်မတော်တပ်ဖွဲ့များက စစ်ဆင်တိုက်ခိုက်မှုကို ရပ်ဆိုင်းခဲ့သော်လည်း ကေအိုင်အေ တပ်ဖွဲ့များက မိမိတပ်ဖွဲ့များအား တိုက်ခိုက်ပစ်ခတ်မှုများ ဆက်လက်ပြုလုပ် လာသည့် အတွက် မိမိတပ်ဖွဲ့များမှ ပြန်လည်တုံ့ပြန် တိုက်ခိုက်ရခြင်းမျှသာ ရှိပါသည်။
၅။ တပ်မတော်မှ စစ်ရေးကိစ္စဆောင်ရွက်မှုများ ရပ်ဆိုင်းရန် နိုင်ငံတော်သမ္မတမှ ညွန်ကြားထားပြီး၊ ရက်ပိုင်းအတွင်းတွင် ကေအိုင်အေတပ်ဖွဲ့များသည် လွယ်ဂျယ်မြို့နယ်၊ ဂျာမိုင်းကျေးရွာအနီး၌ တပ်မတော် စစ်ကြောင်းအား အင်အားဖြင့် လာရောက် တိုက်ခိုက်ခြင်း၊ ဖားကန့်မြို့အနီး နယ်မြေခံတပ်စခန်းအား ပစ်ခတ်ခြင်း၊ ကာမိုင်းရဲစခန်းအား စီးနင်း တိုက်ခိုက်ခြင်း၊ ဖားကန့်မြို့နယ်ရှိ ကျောက်မျက်ကုမ္ပဏီနှစ်ခုအား မီးရှို့ဖျက်ဆီးခြင်း၊ အပြစ်မဲ့အရပ်သားများအား ပြန်ပေးဆွဲခြင်း၊ မူဆယ်-လားရှိုးကားလမ်းမပေါ်ရှိ နမ့်အွန်ရွာ အနီးတွင် မိုင်းထောင်ဖောက်ခွဲခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များ ဆက်တိုက်ကျူးလွန် လာခဲ့ ကြပါသည်။
၆။ ကေအိုင်အေတပ်ဖွဲ့များက ဤသို့သော အကြမ်းဖက် တိုက်ခိုက်မှုများကို ဆက်လက် လုပ်ဆောင်နေခြင်းကြောင့် ရပ်ရွာအေးချမ်းလုံခြုံရေး၊ တရာဥပဒေစိုးမိုးရေးအတွက် တပ်မတော် အနေဖြင့် စစ်ရေးအရ ကာကွယ်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ရခြင်းသာ ဖြစ်ပါသည်။ ဤဖြစ်ရပ်ဖြစ်စဉ် အားလုံးကို ပြည်သူများ အမှန်အတိုင်း သိရှိနိုင်ရန် နိုင်ငံတော်အစိုးရက သတင်းထုတ်ပြန်မှုများကို အချိန်နှင့်တပြေးညီ ဆောင်ရွက် လျက်ရှိပါသည်။
၇။ နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဤမျှ ကြိုးပမ်းဆောင်ရွက်နေသော်လည်း ရန်ကုန်မြို့ အမေရိကန်သံရုံး၏ သတင်းကြေညာချက်တွင် မြန်မာ့ တပ်မတော်က ကေအိုင်အေ ဌာနချုပ်အနီးတစ်ဝိုက်တွင် စစ်ဆင်တိုက်ခိုက်မှုများ ( Military Offensive ) ကို ဆက်လက်လုပ်ဆောင်နေကြောင်း၊ ဤတိုက်ခိုက်မှုများကို ပြင်းထန်စွာ ဆန့်ကျင်ကြောင်း၊ ပြင်ပ မီဒီယာများနှင့် အန်ဂျီအို အချို့ထံမှ သတင်းများကို ကိုးကား၍ ဖော်ပြထားပါသည်။ အမေရိကန် သံရုံး ကြေညာချက်တွင် ကေအိုင်အေဘက်မှ အကြမ်းဖက်တိုက်ခိုက်မှုများနှင့် အပြစ်မဲ့ ပြည်သူများ အသက် အိုးအိမ်ဖျက်ဆီးမှုများ၊ ဖမ်းဆီးခေါ်ဆောင်မှုများကို ဖော်ပြခြင်းမရှိဘဲ နိုင်ငံတော်အစိုးရနှင့် မြန်မာ့တပ်မတော်ကသာ တိုက်ခိုက်မှုများ ပြုလုပ်နေသည့်သဖွယ် ဖော်ပြထားသည်ကို တွေ့ရှိရသည့်အတွက် နိုင်ငံတကာ၏ အထင်အမြင် လွဲမှားမှုများ ပေါ်ပေါက်လာစေနိုင်ပါသည်။ ဤကဲ့သို့ ရေးသားဖော်ပြမှုများကို ပြင်းထန်စွာ ကန့်ကွက် ပယ်ချလိုက်ပါသည်။
၈။ အမေရိကန်ပြည်ထောင်စုသမ္မတ မစ္စတာအိုဘားမားသည် ၁၉-၁၁-၂၀၁၂ ရက်နေ့တွင် မြန်မာနိုင်ငံ ခရီးစဉ်တွင်လည်းကောင်း၊ ၂၀-၁၁-၂၀၁၂ ရက်နေ့ ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ ကျင်းပခဲ့သည့် အာဆီယံ-အမေရိကန် ပြည်ထောင်စု ထိပ်သီး အစည်းအဝေးတွင် လည်းကောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအား “ မြန်မာ” ဟုပင် တလေးတစား ခေါ်ဝေါ် သုံးစွဲခဲ့ပါသည်။
၉။ ယခု အမေရိကန်သံရုံး ၏ ကြေညာချက်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအား ကမ္ဘာ့ကုလသမဂ္ဂနှင့် နိင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ်ပြု ခေါ်ဝေါ် သုံးစွဲသည့် အတိုင်း ခေါ်ဝေါ်ခြင်း မရှိဘဲ “Burma” “Burmese Government ” “ Burmese Military ” စသည်ဖြင့် သုံးစွဲဖော်ပြခြင်းသည် နိုင်ငံတကာ လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်နှင့် ညီညွတ်မှုမရှိသဖြင့် ယင်းသို့ ခေါ်ဝေါ်သုံးစွဲခြင်းကို ပြင်းထန်စွာ ကန့်ကွက်ပါသည်။ အမေရိကန်သံရုံးအနေဖြင့် ပြန်လည် တည်ဆောက် ထားပြီးဖြစ်သည့် နှစ်နိုင်ငံအပြန် အလှန်လေးစားမှု၊ အပြန်အလှန်နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု တို့ကို ထိပါးစေမည့် အပြုအမူမျိုးကို နောင်တွင် ပြုလုပ်လိမ့်မည်မဟုတ်ဟု မျှော်လင့်ပါသည်။
၁၀။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသည် ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို တည်ဆောက်နိုင်ရန် အတွက် ကေအိုင်အို/  ကေအိုင်အေ အပါအဝင် တိုင်းရင်းသား ပြည်သူ အားလုံးနှင့် လက်တွဲဆောင်ရွက်သွားရန် အသင့်ရှိကြောင်း ထပ်လောင်းဖော်ပြ အပ်ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်
-------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

ရခိုင်ပြည်နယ် ပဋိပက္ခကို မဟုတ်မမှန်လုပ်ကြံ၍ ပုံကြီးချဲ့ကာ သတင်းမှတ်တမ်းအဖြစ် ထုတ်လွှင့်ပြသရန် အယ်လ်ဂျာဇီးရား သတင်းဌာန၏ လုပ်ဆောင်ချက်များကို ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက် 

                                                  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

                                                           နိုင်ငံခြားရေးဝန်ကြီးဌာန

                                                             သတင်းထုတ်ပြန်ချက်

၁။ ကာတာနိုင်ငံအခြေစိုက်  အယ်လ်ဂျာဇီးရား သတင်းဌာနက မြန်မာနိုင်ငံရှိ ၎င်းတို့အခေါ် ရိုဟင်ဂျာများနှင့် ပတ်သက်သည့် သတင်းအစီအစဉ်တစ်ခုကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိ အာရပ် ဘာသာဖြင့် လည်းကောင်း၊ ဒီဇင်ဘာလ(၉)ရက်နေ့မှ (၁၃)ရက်နေ့အထိ အင်္ဂလိပ်ဘာသာဖြင့် လည်းကောင်း ထုတ်လွှင့် ပြသသွားမည် ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါအစီအစဉ်တွင် ၎င်းတို့အခေါ် ရိုဟင်ဂျာများအား လူမျိုးတုံးအောင် သတ်ဖြတ်လုပ်ဆောင်နေမှုများကို ထည့်သွင်း ဖော်ပြသွားမည် ဟုလည်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

၂။ ၂၀၁၂ ခုနှစ် မေလနှင့် ဇွန်လတွင်လည်းကောင်း၊ ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် လည်းကောင်း ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီလူမျိုးစုများနှင့် ဒေသခံရခိုင် တိုင်းရင်းသားများအကြား အကြမ်းဖက်မှုများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအစိုးရ အနေဖြင့် အဆိုပါကိစ္စ စတင်ဖြစ်ပွားခဲ့သည့် အချိန်မှစ၍ ပွင့်လင်းမြင်သာမှုရှိစွာ ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ခဲ့ပါသည်။

၃။ အဆိုပါ လူမှုအုပ်စု နှစ်ခုအကြား ဖြစ်ပွားသည့် အကြမ်းဖက်မှုများ ဖြစ်ပွားရာ နေရာများသို့ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ သံတမန်များ၊ Muslim Aid အဖွဲ့တို့အား ကိုယ်တိုင်သွားရောက် ကြည့်ရှုခွင့်ပေးခဲ့သည်။ ထို့အပြင် တူရကီ၊ အင်ဒိုနီးရှား၊ မလေးရှား စသည့်နိုင်ငံများနှင့် အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (OIC) မှ နိုင်ငံခြားရေး ဝန်ကြီး၊ အဆင့်မြင့် ကိုယ်စားလှယ်များကိုလည်း သွားရောက်ခွင့်ပြုခဲ့သည်။

၎။ထို့ပြင် ပဋိပက္ခကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်နေသူများ ဒုက္ခသည်များအား နေရာချထားပေးရေး၊ ပြန်လည်ထူထောင်ရေး၊ စားနပ်ရိက္ခာ၊ ကျန်းမာရေးနှင့် အခြားလူမှုရေး လိုအပ်ချက်များ ပံ့ပိုးပေးရေး စသည့် လူသားချင်း စာနာထောက်ထားသည့် အကူအညီများကိုလည်း ခွဲခြားမှု မရှိဘဲ ထိခိုက်နစ်နာသူ အုပ်စုနှစ်ခုလုံး အတွက် မျှတစွာ ထောက်ပံ့ကူညီပေးအပ်ခဲ့သည်။

၅။နိုင်ငံတော်အစိုးရ အနေဖြင့် အကြမ်းဖက်မှုများ ချုပ်ငြိမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်ခဲ့ပြီး ဤကိစ္စနှင့်စပ်လျဉ်း၍ အသေးစိတ် စုံစမ်းစစ်ဆေးမှု ပြုလုပ်နိုင်ရန် လွတ်လပ်သည့်  စုံစမ်းစစ်ဆေးရေးကော်မရှင် တစ်ရပ်ကိုလည်း ဖွဲ့စည်းပေးခဲ့ပြီးဖြစ်သည်။

၆။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များအပေါ်တွင် သတင်းဌာနအချို့နှင့် အဖွဲ့အစည်းအချို့က စွပ်စွဲသကဲ့သို့ အစိုးရလုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အာဏာပိုင်တို့က ပူးပေါင်းပါဝင် ပတ်သက်ခြင်း၊ လူမျိုးရေး၊ ဘာသာရေး ခွဲခြားဖိနှိပ်ခြင်းများ လုံးဝ မရှိကြောင်းကို ထပ်လောင်း အတည်ပြုဖော်ပြပါသည်။ ဤသို့ ပတ်သက်မှု မရှိကြောင်းကို နိုင်ငံတော်အကြီးအကဲနှင့် တာဝန်ရှိသူများက ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် လည်းကောင်း၊ အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဘက်မလိုက်လှုပ်ရှားမှု ထိပ်သီး အစည်းအဝေးတွင် လည်းကောင်း ကမ္ဘာသို့ အတိအလင်းထုတ်ဖော် အသိပေး ပြောကြားခဲ့ပြီး ဖြစ်သည်။

၇။သို့ဖြစ်ရာ ရခိုင်ပြည်နယ် ပဋိပက္ခကို မဟုတ်မမှန် လုပ်ကြံ၍ ပုံကြီးချဲ့ကာ သတင်းမှတ်တမ်းအဖြစ် ထုတ်လွှင့် ပြသရန် အယ်လ်ဂျာဇီးရား သတင်းဌာန၏ လုပ်ဆောင်ချက်များကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရအနေဖြင့် ပြင်းထန်စွာ ဆန့်ကျင် ကန့်ကွက်လိုက်သည်။

 နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်။

၂ဝ၁၂ခုနှစ်၊ ဒီဇင်ဘာလ ၆ရက်။ 
--------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံခြားရေး ဝန်ကြီးဌာန သတင်းထုတ်ပြန်ချက် ထုတ်ပြန်ကြေညာ

 

                            နိုင်ငံခြားရေး ဝန်ကြီးဌာန သတင်းထုတ်ပြန်ချက် ထုတ်ပြန်ကြေညာ

 

 နေပြည်တော် သြဂုတ် ၂၁

နိုင်ငံခြားရေး ဝန်​ကြီးဌာနက ယနေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက် တစ်ရပ်ကို ထုတ်ပြန်ကြေညာလိုက်သည်။ အဆိုပါ ကြေညာချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်-

                                       ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

                                                       နိုင်ငံခြားရေးဝန်ကြီးဌာန

                                                           သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် စပ်လျဉ်း၍ ပြည်ပ သတင်းဌာနများနှင့် ပြင်ပအဖွဲ့အစည်းအချို့၏ မဟုတ်မမှန် ချဲ့ထွင်၍ လုပ်ကြံ ထုတ်လွှင့်နေသည့် သတင်းအမှားများကို အခြေခံပြီး ပြည်ပမှ လူပုဂ္ဂိုလ်တစ်ဦးချင်းက လည်းကောင်း၊ အဖွဲ့အစည်း အချို့ကသော်လည်းကောင်း သဘောထား ထုတ်ပြန်မှုများ ပြုလုပ်လျက် ရှိနေပါသည်။

 အဆိုပါ အကြမ်းဖက်မှုများမှာ မတူကွဲပြားကြသည့် ဘာသာ(၂)ခုအကြား ဖြစ်ပွားသော ပဋိပက္ခ မဟုတ်သလို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာလည်း မဟုတ် ကြောင်း ထင်ရှားလျက် ရှိပါသည်။ မြန်မာနိုင်ငံ၏ ပြည်နယ်တစ်ခုအတွင်း လူ့အဖွဲ့အစည်း အစိတ်အပိုင်းနှစ်ရပ်အကြား ရာဇဝတ်မှုတစ်ခုကို အကြောင်းပြု၍ နောက်ဆက်တွဲ ဖြစ်ပွားသော အကြမ်းဖက်မှုများသာ ဖြစ်ပါသည်။ ဤအကြမ်းဖက်မှုများကြောင့် နှစ်ဖက်စလုံးမှ (၈၈) ဦး အသက်ဆုံးရှုံးကြရာတွင် ရခိုင်တိုင်းရင်းသား (၃၁)ဦးနှင့် မူစလင် ဘာသာဝင် ဘင်္ဂါလီလူမျိုး (၅၇)ဦး ပါဝင်ကြောင်း တွေ့ရှိရပါသည်။ အလားတူ အသိုင်းအဝိုင်း နှစ်ဖက်လုံးမှ ဘာသာရေး အဆောက်အအုံများ၊ လူနေအိမ်ခြေများ မီးလောင် ဖျက်ဆီးခံခဲ့ရပါသည်။

အထက်ပါ ပျက်စီးဆုံးရှုံးမှု၊ သေကျေဒဏ်ရာ ရရှိမှုများကို သုံးသပ်ကြည့်လျှင် လူမျိုးစုတစ်စုက အခြား လူမျိုးစု တစ်စုအပေါ် တစ်ဖက်သတ် ဖိနှိပ် ညှဉ်းပန်းခြင်း မဟုတ်သည်မှာ ထင်ရှားလှပေသည်။ ထိုသို့ ဖြစ်ပျက်မှုကိုလည်း တရားဥပဒေနှင့်အညီ စုံစမ်းဖော်ထုတ်အရေးယူရန် စုံစမ်းရေးကော်မတီ တစ်ရပ်ကို ချက်ချင်းဖွဲ့စည်း၍ တရားဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပါသည်။

 နိုင်ငံတော်အစိုးရ အနေဖြင့် ဆူပူအကြမ်းဖက်မှု စတင်သည့် အချိန်မှစ၍ တရားဥပဒေ စိုးမိုးရေး၊ နယ်မြေအေးချမ်းတည်ငြိမ်ရေးအတွက် အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့ရာ ယခုအခါ ဒေသတွင်း၌ တည်ငြိမ်မှုပြန်လည် ရရှိနေပြီ ဖြစ်ပါသည်။ မြန်မာအစိုးရအနေဖြင့် မူစလင်ဘာသာဝင်တို့အပေါ် အကြမ်းဖက်မှု မူဝါဒများ မည်သည့် ကာလတွင်းမှ ကျင့်သုံးခြင်း မရှိခဲ့ပါ။ အစိုးရအနေဖြင့် ဤသို့သော မူဝါဒမျိုး ကျင့်သုံးကြောင်းဖြင့် အဖွဲ့အစည်းအချို့မှ စွပ်စွဲရေးသားမှုများကို လုံးဝ ပယ်ချပါသည်။

အကြမ်းဖက်မှုများကြောင့် ဒုက္ခရောက်ကြရသည့် ပြည်သူများအတွက် ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ကူညီပံ့ပိုးမှုပေးရေးအတွက် အစိုးရက နိုင်ငံတကာ အသိုင်းအဝိုင်းနှင့်လည်း ခွဲခြားမှုမရှိဘဲ ပွင့်လင်းမြင်သာစွာ ပူးပေါင်း ဆောင်ရွက်လျက် ရှိပါသည်။

မြန်မာနိုင်ငံအခြေစိုက် သံတမန်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများအား အခြေအနေမှန်များ သိရှိနိုင်ရေးအတွက် သက်ဆိုင်သည့်ဝန်ကြီးများက ရှင်းလင်းမှုများ ပြုလုပ်ခဲ့သည့်အပြင် ရခိုင်ပြည်နယ်သို့ ပို့ဆောင်ပြီး အခြေအနေမှန်များကို လေ့လာ သိရှိနိုင်ရန် စီစဉ်ပေးခဲ့ ပါသည်။

 ထို့ပြင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယား၊ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စတာ ကွင်တားနား၊ တူရကီ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အာမက် ဒါဝူတိုဂလူ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ အင်ဒိုနီးရှားနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဋ္ဌ မစ္စတာ ယူဆွတ်ကာလာနှင့် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) ကိုယ်စားလှယ်လက်ထောက် အတွင်းရေးမှူးချုပ် မစ္စတာ အတ္တာအာမန်နမ် ဘက်ခစ် တို့အားလည်း ဖိတ်ခေါ်၍ ရခိုင်ပြည်နယ်သို့ ကိုယ်တိုင် သွားရောက်ကြည့်ရှုပြီး ဒုက္ခသည်များအတွက် အကူအညီ အထောက်အပံ့များ ပေးအပ်နိုင်ရန် စီစဉ်ပေးခဲ့ပါသည်။ အိုအိုင်စီ အတွင်းရေးမှူးချုပ် အနေဖြင့် မြန်မာနိုင်ငံသို့ ကိုယ်တိုင် လာရောက် လိုကြောင်း အဆိုပြုလာသည့်အတွက် ၎င်းအဆင်ပြေချိန် လာရောက်ရန် ဖိတ်ခေါ်ထားပြီး ဖြစ်ပါသည်။

နိုင်ငံတော်အစိုးရ အနေဖြင့် ယင်းပဋိပက္ခနှင့် စပ်လျဉ်း၍ ဖြစ်ရပ်မှန် ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးရန်နှင့် အမျိုးသား အကျိုးစီးပွားတိုးတက်ရေး အကြံပြုရန်အတွက် အဖွဲ့ဝင် ၂၇ ဦးပါ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို သြဂုတ်လ ၁၇ ရက်နေ့တွင် နိုင်ငံတော် သမ္မတရုံးမှ ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ပါသည်။ ၎င်းကော်မရှင်တွင် အစ္စလာမ် အပါအဝင် ဘာသာရေး အဖွဲ့အစည်းများမှပုဂ္ဂိုလ်များ၊ ပညာရှင်များ၊ နိုင်ငံရေးသမားများ၊ အငြိမ်းစား ဝန်ထမ်းများ ကိုလည်း ပါဝင်ဖွဲ့စည်းထားပါသည်။ ထိုသို့ ဖွဲ့စည်းခြင်းကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ကလည်း ထောက်ခံကြောင်း သတင်းထုတ်ပြန်ခဲ့ပါသည်။ ရခိုင်ပြည်နယ် အရေးကိစ္စနှင့် စပ်လျဉ်း၍ မြန်မာအစိုးရ၏ ဆောင်ရွက်မှုများအပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ သတင်းထုတ်ပြန်ချက်၊ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ သဘောထား ထုတ်ပြန်ချက်များမှာ ဖြစ်ရပ်မှန် အခြေအနေများကို ထင်ဟပ်ဖော်ပြနေခြင်း ဖြစ်၍ ကြိုဆိုပါသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များသည် အုပ်စုချင်း အပြန်အလှန် လက်တုံ့ပြန် အကြမ်းဖက်မှုများသာ ဖြစ်၍ အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေး ကိစ္စသာ ဖြစ်ပါသည်။ ယင်းဖြစ်ရပ်များသည် ဘာသာရေးအရ ဖိနှိပ်ချုပ်ချယ်မှု၊ နှိပ်စက် ညှဉ်းပန်းမှုကြောင့် ဖြစ်ပွားသည့်ကိစ္စ မဟုတ်ပါ။ သို့ဖြစ်၍ ဤကိစ္စကို ဘာသာရေး အကြောင်းပြပြီး နိုင်ငံရေးအရ ဒေသတွင်း သို့မဟုတ် အပြည်ပြည်ဆိုင်ရာ ပြဿနာတစ်ရပ်အဖြစ် ပုံဖော်ရန် ကြိုးပမ်းလုပ်ဆောင်မှုများကို မြန်မာနိုင်ငံအနေဖြင့် လက်ခံမည် မဟုတ်ပါ။ ထိုသို့သော လုပ်ရပ်များသည် ပြဿနာအတွက် အဖြေရှာရေးကို အထောက်အကူ မပြုဘဲ ပိုမို၍ ရှုပ်ထွေးခက်ခဲစေမည် ဖြစ်ပါသည်။

 ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် သမိုင်းစဉ်တစ်လျှောက် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ မူစလင်၊ ဟိန္ဒူနှင့် အခြား ကိုးကွယ်မှုများကို လွတ်လပ်စွာ ကိုးကွယ်ကြသူများအကြား စည်းလုံး ညီညွတ်စွာနှင့် သဟဇာတရှိစွာ နေထိုင်ခဲ့သော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။

 သို့ဖြစ်ရာ ပဋိပက္ခဖြစ်ပွားခဲ့သည့် ဒေသတွင်းပြန်လည်ရရှိနေပြီဖြစ်သော တည်ငြိမ် အေးချမ်းမှုများကို ထိခိုက်စေမည့် ပြင်ပမှ ဝင်ရောက်စွက်ဖက်မှုများ၊ သွေးထိုး လှုံ့ဆော်မှုများကို ရပ်တန့်သင့်ပြီဖြစ်ကြောင်းနှင့် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် သက်ဆိုင်သူများအကြား ပြန်လည်သင့်မြတ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက်သာ အားပေးဆောင်ရွက်သင့်ကြောင်း ဖော်ပြအပ်ပါသည်။

                                                      ရက်စွဲ၊ ၂၀၁၂ ခုနှစ်၊ ဩဂုတ် ၂၁ရက်

                                                                နိုင်ငံခြားရေးဝန်ကြီးဌာန

                                                                         နေပြည်တော်
------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန ရခိုင်ပြည်နယ်အရေးနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော  နိုင်ငံတော်ကို တည်ဆောက်လျက်ရှိရာ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကို  အလေးထား ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံအဝှမ်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိသည့် အချိန်တွင် အေးချမ်းမှုနှင့် လုံခြုံရေးကို ထိပါးစေမည့် အဖြစ်အပျက်နှစ်ရပ် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည်။ ယင်းအဖြစ်အပျက်များမှာ မေလ ၂၈ ရက်နေ့တွင် ရမ်းဗြဲမြို့နယ်၌ အမျိုးသမီးငယ် တစ်ဦးအား လူငယ်သုံးဦးက လုယက်၊ အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့ခြင်းနှင့် ဆက်စပ်၍ဇွန်လ ၃ ရက်နေ့တွင် တောင်ကုတ်မြို့နယ်အတွင်း ခရီးသည်တင် ဘတ်စ်ကားပေါ်မှ ခရီးသည် ၁ဝ ဦးအား သတ်ဖြတ်ခဲ့ မှုတို့ပင် ဖြစ်ပါသည်။

ဤဖြစ်ရပ်နှစ်ခုတွင် ပထမအမှု၌ သေဆုံးခဲ့ရသည်မှာ ဗုဒ္ဓဘာသာဝင် ရခိုင်အမျိုးသမီး တစ်ဦးဖြစ်ပြီး ဒုတိယအမှုတွင် သေဆုံးသူများမှာ မူဆလင်အမျိုးသားများ ဖြစ်ကြသည်။ ဤအဖြစ်အပျက်နှစ်ရပ် ဖြစ်ပွားပြီးနောက် စစ်တွေ၊ မောင်တောနှင့်ဘူးသီးတောင်မြို့များတွင် ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သူများက နေအိမ် များ၊ ဈေးဆိုင်များနှင့် တည်းခိုခန်းများကို မီးရှို့ဖျက်ဆီးခြင်း၊ သတ်ဖြတ်ခြင်း တို့ကို ကျူးလွန်ခဲ့ကြသည်။ အဆိုပါ အကြမ်းဖက်မှုများကြောင့် နှစ်ဖက်စလုံးမှ ၇၇ ဦး သေဆုံးပြီး ၁ဝ၉ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ စုစုပေါင်း လူနေအိမ် ၄၈၂၂ လုံး၊ ဗလီ ၁၇ လုံး၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၁၅ လုံးနှင့် စာသင်ကျောင်း ၃ ကျောင်း မီးလောင် ပျက်စီးခဲ့သည်။

ယင်းသို့ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများ စတင်ဖြစ်ပွားချိန်မှာပင် ဆူပူမှုဖြစ်ပွားရာ နေရာများ၌ တည်ငြိမ်မှုရရှိရေးအတွက် နိုင်ငံတော်အစိုးရ အနေဖြင့် ချက်ချင်း အရေးယူ ဆောင်ရွက်ပေးခဲ့သည်။ အလားတူ အကြမ်းဖက်မှုများ မပြန့်ပွားစေရန်နှင့် တည်ငြိမ် အေးချမ်းမှု ရရှိစေရန်အတွက်လည်း လိုအပ်သည်များကို စီမံဆောင်ရွက်ခဲ့သည်။ အခြေအနေအရပ်ရပ်ကို ပြည်သူများ သိရှိနိုင်ရေး အတွက်လည်း ပွင့်လင်းမြင်သာစွာ အသိပေးထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း အဖြစ်မှန်ဖော်ထုတ်ရေးနှင့် ဥပဒေမဲ့စွာ မင်းမဲ့စရိုက်ဖြင့် ပြစ်မှုကျူးလွန်သူများကို အရေးယူနိုင်ရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သော အဖွဲ့ဝင် ၁၆ ဦးပါ စုံစမ်းစစ်ဆေးရေးကော်မတီကို ၂ဝ၁၂ ခုနှစ်၊ဇွန်လ ၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။

ဇွန်လ ၁၁ ရက်နေ့တွင် ရခိုင်ပြည်နယ်တွင်း အရေးအခင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်သူများသို့ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့သည်။ ထိုသို့ မိန့်ခွန်း ပြောကြားရာတွင် နိုင်ငံတော် သမ္မတက ပြည်သူလူထုအနေဖြင့် နိုင်ငံတော်အစိုးရနှင့် လက်တွဲ၍ ပူးပေါင်းဆောင်ရွက်ကြရန် ပန်ကြားပြီး အခြေအနေ အရပ်ရပ်ကိုသည်းခံခြင်း တရားဖြင့် ဆောင်ရွက်သွားကြရန် မေတ္တာရပ်ခံလျက် နိုင်ငံတော် အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေးကို အထူးအလေးထားသွားမည်ဖြစ်ကြောင်း ကတိပြု ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများ အဆုံးသတ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် နိုင်ငံတော်သမ္မတရုံးက ၂ဝ၁၂ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့တွင် အရေးပေါ် အခြေအနေ ကို ထုတ်ပြန် ကြေညာခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း အဖြစ်အပျက်များကို သုံးသပ်ကြည့်မည်ဆိုပါက တစ်ဦးနှင့်တစ်ဦး ဘာသာရေး အယူအဆ ကွဲပြားခြင်းနှင့် ယုံကြည်မှုကင်းမဲ့ခြင်းမှ မုန်းတီးမှုနှင့် လက်တုံ့ပြန်မှု၊ လက်စားချေမှု များကြောင့် ဥပဒေမဲ့စရိုက်များ ပံျ့နှံ့သွားခဲ့ရခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။ ယင်းသို့ အကြမ်းဖက်မှုများကြောင့် ထိခိုက်နစ်နာရသူများမှာ ဗုဒ္ဓဘာသာနှင့် မူဆလင် အသိုင်းအဝိုင်း နှစ်ဖက်လုံး မှ ဖြစ်ကြောင်း တွေ့ရှိရရာ ဤအကြမ်းဖက်မှုများသည် ဘာသာရေး ဖိနှိပ်ညှဉ်းပန်းမှုနှင့် ဆက်စပ်မှု မရှိကြောင်း ထင်ရှား သည်။ မြန်မာနိုင်ငံသည် လူမျိုးပေါင်းစုံ၊ဘာသာပေါင်းစုံနှင့် ဖွဲ့စည်းထားသည့် နိုင်ငံတစ်နိုင်ငံဖြစ်လျက် ကွဲပြားခြားနားသော ယုံကြည်မှု အမျိုးမျိုးရှိကြသည့် ပြည်သူ အားလုံး ငြိမ်းချမ်းစွာ အတူတကွ နေထိုင်လျက် ရှိကြသည်။

ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုအသင်းအဖွဲ့အသီးသီးမှ ကိုယ်စားလှယ်များသည် အခင်းဖြစ်ပွား ရာ ဒေသများသို့ သွားရောက်ခဲ့ကြပြီး ကယ်ဆယ်ရေးစခန်းရှိ ဒုက္ခသည်များအား ကယ်ဆယ်ရေးပစ္စည်းများ ဝေငှခြင်း၊ ပြန်လည်နေရာ ချထားရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်ပေးခြင်းတို့ကို လုပ်ဆောင်လျက် ရှိကြသည်။

နိုင်ငံတော်အစိုးရက အဆိုပါမြို့နယ်များတွင် အကြမ်းဖက်မှုကြောင့် ဒုက္ခရောက်သူ ရခိုင်အမျိုးသား ၁၄၃၂၈ ဦးနှင့် မူဆလင်ဘာသာဝင် ၃ဝ၇၄ဝ ဦးတို့အတွက် ကယ်ဆယ်ရေး စခန်း ၈၉ ခု တည်ဆောက် ပေးခဲ့သည်။ ယခုအခါ ရခိုင်ပြည်နယ်အတွင်း ဥပဒေ စိုးမိုးရေးအခြေအနေ ပြန်လည် ကောင်းမွန်လာပြီ ဖြစ်သဖြင့် အဆိုပါကယ်ဆယ်ရေး စခန်းများမှ မိသားစုများသည် မိမိတို့၏နေရပ်ဒေသများသို့ ပြန်လည်ရွှေ့ပြောင်းလျက် ရှိနေကြပြီဖြစ်သည်။

မောင်တောမြို့ပေါ်နှင့် မြို့နယ်အတွင်းရှိ ကျေးရွာများမှ မီးလောင်ပျက်စီးသွားသည့် နေအိမ်များ ပြန်လည်တည်ဆောက်ရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနက နေအိမ် ၂ဝ၂ လုံးကို လည်းကောင်း၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက နေအိမ် ၂၂၂ လုံးကို လည်းကောင်း၊ အစိုးရမဟုတ်သည့် နိုင်ငံတကာ အဖွဲ့အစည်း တစ်ခုဖြစ်သော CARE Myanmar က နေအိမ် ၁၂၈ လုံးကို လည်းကောင်း အသီးသီးတည်ဆောက် ပေးသွားမည် ဖြစ်သည်။ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး က မောင်တောမြို့နယ်အတွင်း ဒုက္ခသည်များ အတွက် ယာယီတဲအလုံး ၄ဝဝ ကို ပေးအပ်ခဲ့ပြီးဖြစ်သည်။ စစ်တွေမြို့နှင့် မြို့နယ်အတွင်းရှိ ဒုက္ခသည်များ ခိုလှုံနိုင်ရန် ရခိုင်ပြည်နယ်အစိုးရက ယာယီတဲအလုံး ၁၇ဝ နှင့် ကုလသမဂ္ဂမဟာမင်းကြီးရုံးမှဦးဆောင်၍ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများက ယာယီတဲ အလုံး ၆ဝဝ ကို တည်ဆောက်ပေးရန် ကတိပြုခဲ့ကြသည်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကလည်း ဒုက္ခသည်စခန်းများအတွက် စားနပ်ရိက္ခာ ထောက်ပံ့ရန် အမေရိကန်ဒေါ်လာ ၆ သိန်းခန့်ကို အသုံးပြုခဲ့ပြီး စားနပ်ရိက္ခာ ၁၅၁၅ တန်ကို ထောက်ပံ့ပေး ခဲ့ပြီ ဖြစ်သည်။ WFP ၏ သိုလှောင်ရုံများတွင်ရိက္ခာတန် ၂၁ဝဝ ကို သိုလှောင် ထားရှိပြီးဖြစ်သည်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများက မီးဖိုချောင် အသုံးအဆောင်အမျိုးမျိုး ၆၈၁၈ စုံနှင့် မိုးရေကာဖျင်အချပ်ပေါင်း ၂၄၁၂ ကို ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်များအတွက် ပံ့ပိုးခဲ့ပြီဖြစ်သည်။ ထို့အပြင် နှစ်ဖက်စလုံးမှ ဒုက္ခသည်များ၏ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းများ အတွက် ပြည်တွင်းပြည်ပစေတနာရှင်များထံမှ ကျပ်သန်းပေါင်း သုံးသောင်းကျော် တန်ဖိုးရှိ ငွေသားနှင့် ပစ္စည်းများကိုလည်း လက်ခံရရှိပြီးဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အတွင်း အဆိုပါဒေသများတွင်  တရားဥပဒေစိုးမိုးမှု ပြန်လည်တည်ဆောက်ရေး အတွက် ဆောင်ရွက်ရာတွင် အစွမ်းကုန် ထိန်းထိန်းသိမ်း သိမ်း ဆောင်ရွက်ခဲ့သည်။ ဖြစ်ပေါ်နေသော အခြေအနေကို ဖြေရှင်းရာ၌ အာဏာပိုင်များက မလိုအပ်ဘဲ အင်အား အလွန်အကျွံ အသုံးပြုမှုများရှိကြောင်း အချို့အသိုင်းအဝိုင်းမှ စွပ်စွဲမှုများကို မြန်မာနိုင်ငံအနေဖြင့် အခိုင်အမာငြင်းဆိုသည်။

အထက်ပါအဖြစ်အပျက်များမှာ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အနည်းငယ်တွင် ပေါ်ပေါက်ခဲ့သည့် အုပ်စုချင်း အကြမ်းဖက်မှုများသာဖြစ်သည်။ သို့ဖြစ်ရာ ဖြစ်ရပ်မှန် အခြေအနေ များကို ထောက်ရှု၍ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပေါ်ခဲ့သည့်ကိစ္စရပ်အား အချို့အသိုင်းအဝိုင်းမှ ဘာသာရေး ပြဿနာ တစ်ရပ်အဖြစ် နိုင်ငံရေးအသွင်နှင့် နိုင်ငံတကာ ကိစ္စရပ် အသွင် ဖြစ်ပေါ်စေရန် ကြိုးပမ်းမှုများကို မြန်မာနိုင်ငံက လုံးဝပယ်ချသည်။

ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အတွက် မရှိမဖြစ် လိုအပ်ချက်တစ်ရပ်ဖြစ်သည်။ အမျိုးသား စည်းလုံး ညီညွတ်ရေးနှင့် တိုင်းရင်းသားလူမျိုးများအကြား သဟဇာတ ရှိမှုသည် ပြည်ထောင်စု တည်တံ့ခိုင်မြဲရေးအတွက် အရေးကြီးလှပေသည်။ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာဝင်များ၊ ခရစ်ယာန်ဘာသာဝင်များ၊ မူဆလင်နှင့် ဟိန္ဒူဘာသာဝင်များ ရာစုနှစ်ပေါင်းများစွာ ချစ်ကြည်ရင်းနှီးစွာဖြင့် အတူတကွ ယှဉ်တွဲ နေထိုင်ခဲ့ကြသည့် ဘာသာစုံနိုင်ငံတစ်နိုင်ငံဖြစ်သည်။ သို့ဖြစ်ရာ မကြာမီက ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သည့် အရေးအခင်းများသည် ဘာသာရေး ဖိနှိပ်ခွဲခြား ဆက်ဆံမှုကြောင့် ပေါ်ပေါက် လာခဲ့ခြင်း မဟုတ်ပေ။

အာဏာပိုင်များအနေဖြင့် စိတ်ရှည်သည်းခံမှုဖြင့် သတိကြီးစွာထားလျက် လိုအပ်သည်များကို အရေးယူဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်အစိုးရက ယခုကိစ္စရပ်အား ဖြေရှင်းနိုင်ရေးအတွက် ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ အခြေအနေ အရပ်ရပ်မှာ ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။
                                                                                                      
                                                                                                   နေပြည်တော်                                                                                                                         
                                                                                                   ၂ဝ၁၂ ခုနှစ်၊ ဇူလိုင်လ ၃ဝ ရက် 
------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ( ၂၀၀၈ ခုနှစ်) မှ နိုင်ငံခြား ရေးရာမူဝါဒ

ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက် ဆက်ဆံရေး ကို ရှေးရှုသည်။ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူများကို စောင့်ထိန်းသည်။

၄၁။     နိုင်ငံတော်သည် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေး ဝါဒကို ကျင့်သုံးသည်။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက် ဆက်ဆံရေး ကို ရှေးရှုသည်။ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူများကို စောင့်ထိန်းသည်။ 

--------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတဦးသိန်းစိန် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံ တို့မှ ပြန်လည် ရောက်ရှိ

 

နေပြည်တော် ဇူလိုင် ၂၀

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့သည် ဗြိတိန်နိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့သို့ တရားဝင်ခရီး သွားရောက်ရာမှ ခရီးစဉ် ပြီးဆုံးသဖြင့် ဇူလိုင် ၁၉ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ မိနစ် ၄၀ တွင် ပြင်သစ်နိုင်ငံ ပါရီမြို့မှ လေကြောင်းခရီးဖြင့် ပြန်လည် ထွက်ခွာခဲ့ရာ ပြင်သစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူများ၊ မြန်မာသံအမတ်ကြီးနှင့် သံရုံးမိသားစုများက ပါရီလေဆိပ်၌ ပို့ဆောင် နှုတ်ဆက် ကြသည်။
နိုင်ငံတော် သမ္မတနှင့်အဖွဲ့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ယနေ့ ဒေသစံတော်ချိန် နံနက် ၅ နာရီ ၅၅ မိနစ်တွင် ရောက်ရှိကြပြီး ဘန်ကောက်မြို့မှ အပြည်ပြည် ဆိုင်ရာ မြန်မာလေကြောင်း အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ရာ နံနက် ၇ နာရီ မိနစ် ၅၀ တွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိကြသည်။
နိုင်ငံတော် သမ္မတနှင့်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
နိုင်ငံတော်သမ္မတနှင့်အတူ အဖွဲ့ဝင်အဖြစ် လိုက်ပါသွားကြသော ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ဦးမြတ်ဟိန်း၊ ဦးဝင်းရှိန်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး၊ ဒုတိယဝန်ကြီး ဦးရဲထွဋ်နှင့် ဒေါက်တာ ဒေါ်သိန်းသိန်းဌေးတို့လည်း ပြည်လည်လိုက်ပါ လာကြသည်။
------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြင်သစ်မီဒီယာများ၊ တိုတယ်လ်ကုမ္ပဏီတို့အား လက်ခံတွေ့ဆုံ

ပါရီ ဇူလိုင် ၁၉

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြင်သစ်သမ္မတနိုင်ငံရှိ France 24 ရုပ်သံလိုင်းမှ  Mr.Marc Perelman အား ဇူလိုင် ၁၈ ရက် ညနေပိုင်းတွင် တွေ့ဆုံ၍ ၎င်း၏ မေးမြန်းချက်များကို ပြန်လည် ဖြေကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် Foreign Policy မှ Editorial Director Mrs. Kathleen de Lacy နှင့်အဖွဲ့အားတွေ့ဆုံပြီး သိရှိလိုသည့်မေးခွန်းများကို ပြန်လည် ဖြေကြား ခဲ့သည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် Alcatel-Lucent အမှုဆောင် အရာရှိချုပ် Mr. Michel  Combes နှင့်အဖွဲ့အားလက်ခံတွေ့ဆုံသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် Total မှ အမှုဆောင်အရာရှိချုပ် Mr. Christophe De Margerie နှင့်အဖွဲ့အား လက်ခံတွေ့ဆုံသည်။

ညနေပိုင်းတွင် နိုင်ငံတော်သမ္မတသည် မြန်မာသံအမတ်ကြီး နေအိမ်၌သံအမတ်ကြီး၊ သံရုံးဝန်ထမ်း မိသားစုများနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ် ပြောင်းလဲနေသော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် ပုဂ္ဂလိကကဏ္ဍတို့တွင် ပြုပြင်ပြောင်းလဲနေမှုများ၊ နိုင်ငံတကာ ဆက်ဆံရေးကို တိုးမြှင့်ဆောင် ရွက်နေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့သည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များအား သံအမတ်ကြီးက ဂုဏ်ပြု ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြင်သစ်နိုင်ငံရှိ ထင်ရှားသည့်နေရာများသို့ သွားရောက် ကြည့်ရှုလေ့လာ

ပါရီ ဇူလိုင် ၁၉

နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ဦးမြတ်ဟိန်းနှင့် ဦးဝင်းရှိန်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦး၊ ဒုတိယဝန်ကြီး ဦးရဲထွဋ် နှင့် ဒေါက်တာဒေါ်သိန်းသိန်းဌေး၊ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးကျော်စွာမင်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါလျက် ဇူလိုင် ၁၈ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် ပြင်သစ်သမ္မတနိုင်ငံ ပါရီမြို့ရှိ ဗာဆိုင်းနန်းတော် (Versailles Palace) သို့ သွားရောက်ကြည့်ရှုလေ့လာကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်အဖွဲ့သည် Louvre Pakace (လူဘေရ နန်းတော်ပြတိုက်)သို့ သွားရောက်ကြည့်ရှုလေ့လာကြသည်။

ယင်းကဲ့သို့ လေ့လာခဲ့ရာတွင် နိုင်ငံတော်သမ္မတသည် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များ၊ အမျိုးသားပြတိုက် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို ဆွေးနွေးခဲ့သည်။
------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြင်သစ်-မြန်မာ ချစ်ကြည်ရေးအဖွဲ့နှင့် ယူနက်စကို ညွှန်ကြားရေးမှူးချုပ် တို့အား လက်ခံတွေ့ဆုံ

ပါရီ   ဇူလိုင် ၁၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြင်သစ်-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ Mr. Francois - Michel LAMBERT အား ဇူလိုင် ၁၇ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီ ၁၅ မိနစ်တွင်  ခေတ္တတည်းခိုသည့်  Raphaen Hotel ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံတွင်လည်း မြန်မာ-ပြင်သစ် ချစ်ကြည်ရေးအသင်း ဖွဲ့စည်းနိုင်ရေး၊ ပညာရေးကဏ္ဍတွင် ပြင်သစ်နိုင်ငံမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပါဝင်ကူညီဆောင်ရွက်နိုင်ရေး၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်း ဆောင်ရွက်ရေးနှင့် အပြန်အလှန် ယဉ်ကျေးမှုဖလှယ်ရေး ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယူနက်စကို ညွှန်ကြားရေးမှူးချုပ် Mrs. Irina Bokova အား ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲတွင် အဆိုပါဟိုတယ်၌ လက်ခံတွေ့ဆုံသည်။

ယင်းသို့ တွေ့ဆုံရာတွင် ပျူမြို့ဟောင်း(၃) ခုအား ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် မြှင့်တင်နိုင်ရေး၊ မြောက်ဦးမြို့အပါအဝင် ရခိုင်ပြည်နယ်ရှိ ရှေးဟောင်းအမွေအနှစ်များ ထိန်းသိမ်းနိုင်ရေး၊ တိုင်းရင်းသားများ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများကို ကာကွယ် ထိန်းသိမ်းနိုင်ရေး၊ ရန်ကုန်မြို့တော်ရှိ ရှေးဟောင်းအဆောက်အဦများ ပြုပြင်ထိန်းသိမ်းရေး၊ ပညာရေးကဏ္ဍအဆင့် မြှင့်တင်ရေးနှင့် အာဆီယံ-ယူနက်စကို ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲများသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ဦးမြတ်ဟိန်း၊ ဦးဝင်းရှိန်၊ ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးဌေးဦး၊ ဒုတိယဝန်ကြီးများ၊ မြန်မာသံအမတ်ကြီးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။

-------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြင်သစ်သမ္မတနိုင်ငံ သမ္မတ H.E.Mr. Francois Hollande တွေ့ဆုံဆွေးနွေး

ပါရီ  ဇူလိုင် ၁၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်  ဇူလိုင် ၁၇ ရက် ဒေသစံတော်ချိန် ညနေ ၃ နာရီတွင် ပြင်သစ်သမ္မတနိုင်ငံ ပါရီမြို့ရှိ သမ္မတနန်းတော် (Elysee Palace)သို့ သွားရောက်၍ ပြင်သစ်သမ္မတနိုင်ငံ သမ္မတ  H.E.Mr. Francois Hollande နှင့် တွေ့ဆုံဆွေးနွေးသည်။

အဆိုပါတွေ့ဆုံပွဲများကို နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ဦးမြတ်ဟိန်းနှင့် မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းတို့ တက်ရောက်ကြပြီး ပြင်သစ်သမ္မတနိုင်ငံ သမ္မတနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံ သံအမတ်ကြီးလည်း တက်ရောက်သည်။

ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ၊ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့်ဆောင်ရွက်နိုင်မည့် အလားအလာများကို ရှင်းလင်း ဆွေးနွေးခဲ့သည်။

ထို့နောက် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းကူညီ ဆောင်ရွက်ရေး၊ လက်ကျန်ကြွေးမြီကိစ္စများ ဖြေရှင်းရေး၊ လူ့အခွင့်အရေး မြှင့်တင်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု တည်ဆောက်ရေး၊ မီဒီယာကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေးတို့နှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ခြင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။
 -----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြင်သစ်နိုင်ငံ ဝန်ကြီးချုပ် H.E.Mr. Jean-Marc Ayrault က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုနေ့လယ်စာ စားပွဲသို့ တက်ရောက်


ပါရီ ဇူလိုင် ၁၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့အား ပြင်သစ်နိုင်ငံဝန်ကြီးချုပ် H.E.Mr. Jean-Marc Ayrault က ၎င်း၏နေအိမ် Hotel Matignon ၌ ဇူလိုင် ၁၇ ရက် မွန်းလွဲပိုင်းက အလုပ်သဘောဂုဏ်ပြု နေ့လယ်စာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

နေ့လယ်စာစားပွဲတွင် နှစ်နိုင်ငံခေါင်းဆောင်များက မြန်မာနိုင်ငံတွင် အကောင်အထည် ဖော်ဆောင်ရွက်နေသည့် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများအပေါ် ပြင်သစ်နိုင်ငံမှ ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်မည့် အလားအလာများ၊ ပြင်သစ်ကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့၊ စွမ်းအင်၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက် နည်းပညာ၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း အပါအဝင် ကဏ္ဍပေါင်းစုံ၌ ပိုမိုရင်းနှီးမြှုပ်နှံနိုင်ရေး၊ အာဆီယံ-ဥရောပသမဂ္ဂ ဆက်ဆံရေး၊ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင် ပိုမိုပူးပေါင်း ဆောင်ရွက်ရေး၊ မြန်မာလူငယ်များအား ပညာတော်သင်ဆုများ ချီးမြှင့်ရေး၊ မြန်မာနိုင်ငံရှိ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များအတွက် သင်ကြားမှုဆိုင်ရာ အထောက်အကူပစ္စည်းများ ပံ့ပိုးပေးနိုင်ရေး ဆွေးနွေးခဲ့ကြသည်။
------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြင်သစ်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ

ပါရီ  ဇူလိုင်  ၁၈

ပြင်သစ်သမ္မတနိုင်ငံ ပါရီမြို့၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြင်သစ်နိုင်ငံ အခြေစိုက်  စီးပွားရေး လုပ်ငန်းရှင်များ အသင်းမှ လုပ်ငန်းရှင်များအား ဇူလိုင် ၁၇ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီခွဲတွင် MEDEF International ၌ တွေ့ဆုံဆွေးနွေးသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် MEDEF International သို့ ရောက်ရှိလာရာ ဥက္ကဋ္ဌ Mr.Jean BURELLE က ခရီးဦး ကြိုဆိုနှုတ်ဆက်သည်။

ထို့နောက် ဆွေးနွေးပွဲကို အစည်းအဝေးခန်းမ၌ ကျင်းပရာ MEDEF International ဥက္ကဋ္ဌက ကြိုဆို နှုတ်ခွန်းဆက် စကား ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတက ဆွေးနွေးပြောကြားရာတွင် မြန်မာနိုင်ငံ၏ စီးပွားရေး အလားအလာသည် မြန်မာပြည်သူ ပြည်သား များ၏ မျှော်လင့်ချက်ပင်ဖြစ်ပါကြောင်း၊ ပြည်သူပြည်သားများ၏ မျှော်လင့်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးရန် တာဝန်သည် မိမိတို့ အစိုးရတာဝန်ပင်ဖြစ်ပါကြောင်း၊ ရှင်သန်သည့် ဈေးကွက်စီးပွားရေး စနစ်၊ ပြင်သစ်နိုင်ငံ အပါအဝင် ကမ္ဘာတစ်လွှားမှ စီးပွားရေးလုပ်ငန်း လုပ်ကိုင်နိုင်မည့် ရင်းနှီးမြှုပ်နှံမှု အခြေအနေတစ်ရပ်ဖြစ်ပေါ်လာအောင် လိုအပ်သည့် အခြေခံအုတ်မြစ်များ ချမှတ်ပေးသွားရန် မိမိတို့ အစိုးရအနေဖြင့် စိတ်ပိုင်းဖြတ်ထား ပါကြောင်း။

မိမိတို့အနေဖြင့် တရားမျှတမှု၊ အားလုံးတန်းတူရည်တူ ပါဝင်ခွင့်ရှိသည့် သဘာဝ ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းကာကွယ်နိုင်ပြီး ကြွယ်ဝသည့် သဘာဝရင်းမြစ်များကို အသုံးပြုနိုင်မည့် စီးပွားရေးစနစ် တခုဖြစ်အောင် ကြိုးပမ်း တည်ဆောက်ကြရမည် ဖြစ်ပါကြောင်း။

မိမိတို့ အစိုးရအဖွဲ့အနေနှင့် လွှတ်တော်နှင့် ညှိနှိုင်းဆောင်ရွက်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို အတည်ပြု ပြဋ္ဌာန်းပေးနိုင် ခဲ့ပါကြောင်း၊ အဆိုပါ ဥပဒေသည် ရင်းနှီးမြှုပ်နှံသူများ အတွက်ရော မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက်ပါ အပြန်အလှန် အကျိုး ရှိစေသည့် နိုင်ငံတကာ စံချိန်မီ ဥပဒေတစ်ရပ်ဖြစ်ပါကြောင်း၊ ဆက်လက်၍ ပိုမို ပွင့်လင်းမြင်သာသည့် တာဝန်ခံမှုရှိသည့် တစ်သတ်မတ်တည်းသော လုပ်ထုံးလုပ်နည်းများ ဖြစ်ပေါ် လာအောင် ဆောင်ရွက်နေဆဲ ဖြစ်ပါကြောင်း။

ရင်းနှီးမြှုပ်နှံမှုများကို အားပေးမှုနှင့် တစ်ပြိုင်တည်းမှာပင် မြန်မာလူထု၏ လူမှုဘဝ သာယာဖူလုံရေးကိုလည်း တိုးမြှင့် လုပ်ဆောင်သွားမည်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ကိုလည်း ထိန်းသိမ်း စောင့်ရှောက်သွားရမည် ဖြစ်ပါကြောင်း၊ မိမိတို့ အနေဖြင့် မကြာသေးမီ ကာလက EITI  Leading  Authority ကို ဖွဲ့စည်းပေးထားပြီး EITI ကိစ္စများတွင် မိမိတို့ ပါဝင်ရန် ဆုံးဖြတ်ချက်အတွက် လိုအပ်သည့် ကိစ္စများ ဆောင်ရွက်ရန်ရှိနေပါကြောင်း၊ ပြည်သူလူထုများ၏ ဆန္ဒနှင့်အညီ တာဝန်သိတတ်သည့် ရင်းနှီးမြှုပ်နှံမှုများ ဖြစ်ရန် မိမိတို့ အစိုးရအနေဖြင့် မြန်မာ့သဘာဝရင်းမြစ်များ အုပ်ချုပ်စီမံမှု ဆိုင်ရာ တွေ့ဆုံဆွေးနွေးရေး မူဘောင်ကိုလည်း လေးလေးနက်နက် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိနေပါကြောင်း။

လူလတ်တန်းစားအလွှာသည် နိုင်ငံကို ခိုင်မာရှင်သန်စေပြီး တည်ငြိမ်အေးချမ်းအောင် ကူညီပေးနိုင်သည့်အတွက် ရှင်သန်ကြံ့ခိုင်သော လူလတ်တန်းစားအလွှာ တစ်ရပ်ပေါ်ပေါက် လာအောင် မိမိတို့အနေဖြင့် ကြိုးပမ်းလုပ်ဆောင်နေပါကြောင်း၊ ထိုကဲ့သို့ ရလာဒ်ကောင်းများ ပေါ်ထွန်း လာနိုင်ရန် ပြင်သစ်ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံကို လာရာက်ပြီး ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ် လိုပါကြောင်း။

မိမိတို့ အစိုးရအနေဖြင့် ရင်းနှီးမြှုပ်နှံသူများ ယုံကြည်မှုမြင့်မားအောင် ရင်းနှီးမြှုပ်နှံမှု များသည် တာဝန်သိသော ရင်းနှီးမြှုပ်နှံမှုများ ဖြစ်လာအောင် မည်ကဲ့သို့ ဆောင်ရွက် သင့်သည်နှင့် စပ်လျဉ်းသည့် အကြံဥာဏ်များကိုလည်း ကြိုဆိုပါကြောင်း၊ မြန်မာနိုင်ငံကို လာရောက် ရင်းနှီးမြှုပ်နှံပြီး မြန်မာ-ပြင်သစ် နှစ်နိုင်ငံဆက်ဆံရေးကို အသစ်တဖန် ပြည်လည် တိုးမြှင့် ဆက်ဆံနိုင်ရန် ပြင်သစ်ကုမ္ပဏီ များကိုလည်း ဖိတ်ခေါ် လိုပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် စီးပွားရေး လုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းရာ နိုင်ငံတော်သမ္မတနှင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး များက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည်  ALST0M  INTERN ATI0NAL ၊ ဥက္ကဋ္ဌ  Philippe DELLEUR၊ CCG VERITAS ဥက္ကဋ္ဌ Jean-Georges MALCOR၊ ORANGE  ဥက္ကဋ္ဌ Stephane RICHARD တို့အား သီးခြားစီတွေ့ဆုံသည်။


တွေ့ဆုံပွဲများသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးဝဏ္ဏမောင်လွင်၊ ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးဌေးဦး၊  မြန်မာသံအမတ်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့ဝင်များသည် MEDEF International မှ ပါရီမြို့တွင်း ထင်ရှားသော နေရာများဖြစ်သည့် အီဖယ်လ်တာဝါ (Eiffel Tower) သို့ လေ့လာကြည့်ရှုပြီး အောင်မြင်ခြင်းမုခ်ဦး (Arc de Triomphe) အား ယာဉ်ပေါ်မှ လှည့်လည်ကြည့်ရှုလေ့လာကြသည်။
------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြင်သစ်နိုင်ငံ ပါရီမြို့သို့ရောက်ရှိ

ပါရီ ဇူလိုင် ၁၇

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဇူလိုင် ၁၆ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီ ဝ၁ မိနစ်တွင် Eurostar အမြန်ရထားဖြင့် လန်ဒန်မြို့မှ  ပြင်သစ်နိုင်ငံ ပါရီမြို့သို့ ထွက်ခွာရာ လန်ဒန်မြို့ရှိ St. Pancras ဘူတာ၌ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး၏ အထူးကိုယ်စားလှယ် အငြိမ်းစားသံအမတ်ကြီး Mr. Bill Henderson LVO MBE၊ မြန်မာသံအမတ်ကြီးနှင့် ဗြိတိန်နိုင်ငံသံအမတ်ကြီး၊ သံရုံးမိသားစုတို့က ပို့ဆောင်နှုတ်ဆက်ကြသည်။

နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ပြင်သစ်နိုင်ငံ ပါရီမြို့သို့ ဒေသစံတော်ချိန် ည ၇ နာရီ ၁၇ မိနစ်တွင် ရောက်ရှိကြရာ မြန်မာသံအမတ်ကြီးနှင့် ပြင်သစ်သံအမတ်ကြီး၊ ပြင်သစ်သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန သံတမန်ရေးရာဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် သံရုံးဝန်ထမ်းများက  ကြိုဆို နှုတ်ဆက် ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ဘူတာမှ Les Invalides သို့ ရောက်ရှိကြပြီး ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးသည်။ ၄င်းနောက် ဂုဏ်ပြုကြိုဆိုသည့် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် အပြန်အလှန် မိတ်ဆက်ပေးသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ပါရီမြို့ရှိ ခေတ္တတည်းခိုမည့် Raphael Hotel သို့ရောက်ရှိကြရာ အာဆီယံနိုင်ငံ သံအမတ်ကြီးများက ကြိုဆိုနှုတ်ဆက်ကြသည်။

------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဘီဘီစီ သတင်းဌာန မြန်မာပိုင်းအစီအစဉ်နှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲမှု အခြေအနေများကို ရှင်းလင်းဖြေကြား

ပါရီ ဇူလိုင် ၁၇

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဇူလိုင် ၁၆ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် St. St. Pancras Renaissance Hotel ၌ ဘီဘီစီ သတင်းဌာန မြန်မာပိုင်းအစီအစဉ်နှင့် တွေ့ဆုံ၍  မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု အခြေအနေများနှင့် ပတ်သက်ပြီး မေးမြန်းသည်များကို ပြန်လည်ရှင်းလင်း ဖြေကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မွန်းလွဲပိုင်းတွင် အဆိုပါ ဟိုတယ်၌ The Prince’s Foundation For Building Community မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံရှိ ရှေးဟောင်းယဉ်ကျေးမှု အဆောက်အဦများနှင့် ရန်ကုန်မြို့ရှိ ယဉ်ကျေးမှုအမွေအနှစ် အဆောက်အဦများ ထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်။

အဆိုပါတွေ့ဆုံပွဲများကို နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ဦးမြတ်ဟိန်း၊ ဦးဝင်းရှိန်၊ ပြည်သူ့ လွှတ်တော်နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးဌေးဦး၊ ဒုတိယဝန်ကြီးများနှင့် သံအမတ်ကြီးတို့ တက်ရောက်ကြသည်။
------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဗြိတိန်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

ပါရီ ဇူလိုင် ၁၇
ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဇူလိုင် ၁၆ ရက်  နံနက် ၈ နာရီတွင် Sofitel St. James Hotel ၌ ဗြိတိန်နိုင်ငံရှိ စီးပွားရေး လုပ်ငန်းရှင်များနှင့်အတူ နံနက်စာ သုံးဆောင်စဉ် တွေ့ဆုံဆွေးနွေးသည်။

ယင်းနောက် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် လန်ဒန်မြို့အခြေစိုက် Standard Chartered ဘဏ်ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်တို့အား နံနက်(၁၁)နာရီခွဲတွင် St. Pancras Renaissance Hotel ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် ဗြိတိန်နိုင်ငံရှိ UK ASEAN Business Council က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုနေ့လယ်စာ စားပွဲသို့ တက်ရောက်သည်။

အထက်ပါ တွေ့ဆုံဆွေးနွေးမှုများတွင် မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးဆိုင်ရာ မူဝါဒများ ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာနိုင်ငံတွင် ဗြိတိသျှ ကုမ္ပဏီများမှ ပိုမိုရင်းနှီးမြှုပ်နံရေး မြန်မာလူငယ်များအား နိုင်ငံတကာဥပဒေများ လေ့လာသင်ယူခွင့်ရရှိရေး၊ အသေးစား ငွေချေး လုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မွန်းလွဲ ၂ နာရီတွင် အဆိုပါဟိုတယ်၌ ကျင်းပသည့် UK ASEAN Business Council စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့သည်။ နိုင်ငံတော်သမ္မတ ပြောကြားသည့် မိန့်ခွန်း အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်များခင်ဗျား၊
“မင်္ဂလာပါ”
ကျွန်တော့်အနေနဲ့ လန်ဒန်မြို့သို့ ရောက်ရှိစဉ် ယခုကဲ့သို့ ဗြိတိန်-အာဆီယံ စီးပွားရေး ကောင်စီမှာ ပြုလုပ်တဲ့ စကားဝိုင်းဆွေးနွေးပွဲမှာ ဆွေးနွေးပြောကြားခွင့် ရတဲ့အတွက် များစွာ ဝမ်းမြောက်မိပါတယ်။
ယနေ့ဆွေးနွေးပွဲမှာ မိမိအနေနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှု အခြေအနေနဲ့ ပတ်သက်ပြီး ဆွေးနွေးပြောကြားမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့အစိုးရအနေနဲ့ နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြတဲ့ ပြည်သူ အားလုံးရဲ့ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများနဲ့အတူ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။
စင်စစ်အားဖြင့် နိုင်ငံရေးတည်ငြိမ်မှုနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာ အပြန်အလှန် အမှီသဟဲပြုလျက် ရှိပါတယ်။ နိုင်ငံတည်ငြိမ်အေးချမ်းမှ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်သလို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှလည်း ဒီမိုကရေစီစနစ်သို့ လျင်မြန်စွာ ဆက်လက် လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။
စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးအရင်းအနှီး၊ နည်းပညာနဲ့ လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်မှုဆိုတဲ့ အဓိကအချက် (၃) ရပ် လိုအပ်ပါတယ်။
အဆိုပါ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေးအတွက် နိုင်ငံခြားမှ အကူအညီနဲ့ ရင်းနှီး မြှုပ်နှံမှုတွေကို ဖိတ်ခေါ်နေခြင်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးအခွင့်အလမ်းများ ကောင်းမွန်ရေးဟာ မြန်မာပြည်သူများ၏ မျှော်လင့်ချက်တစ်ခုဖြစ်ပြီး ကျွန်တော်တို့အစိုးရ၏ တာဝန်လည်း ဖြစ်ပါတယ်။
စီးပွားရေး ဝန်းကျင်ကောင်းတစ်ခု ရှင်သန်နိုင်စေဖို့အတွက် တရားဥပဒေ စိုးမိုးရေး (Rule of Law) က အခြေခံအကျဆုံး ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ အစိုးရ အနေနဲ့ နားလည် သဘောပေါက်ထားပြီး တရားဥပဒေ စိုးမိုးမှုရှိစေဖို့ အချိန်နဲ့ တစ်ပြေးညီ ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါတယ်။
မိမိတို့အစိုးရအနေနဲ့ ဈေးကွက်စီးပွားရေးစနစ် ရှင်သန်ခိုင်မာဖို့အတွက် အခြေခံကောင်း တွေ ချမှတ်ခဲ့သလို ဗြိတိန်အပါအဝင် ကမ္ဘာ့နိုင်ငံများမှ လာရောက် ရင်းနှီးမြှုပ်နှံသူများ အတွက် သဟဇာတဖြစ်စေမယ့် စီးပွားရေး ပတ်ဝန်းကျင်ကိုလည်း ကြိုးပမ်းဖော်ဆောင် ပေးခဲ့ပါတယ်။
ဒီ့အတွက် နိုင်ငံခြားမှ လာရောက်ရင်းနှီးမြှုပ်နှံရာမှာ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ ကော်မရှင်ကို ဖွဲ့စည်းခဲ့ပါတယ်။ အဆိုပါ ကော်မရှင်မှာ အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပညာရှင်များနှင့် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်ပါတယ်။ ဒါ့အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကိုလည်း နိုင်ငံတကာ စံနှုန်းများနဲ့ကိုက်ညှိပြီး ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။
အဆိုပါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေဟာ လာရောက်ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံနဲ့ မြန်မာ နိုင်ငံတို့အကြား နှစ်ဦးနှစ်ဖက် အကျိုးမျှတအောင် ရေးဆွဲထားခြင်း ဖြစ်ပါတယ်။ ဆက်လက်ပြီးလည်း ပွင့်လင်းမြင်သာမှု၊ တာဝန်ခံနိုင်မှုနဲ့ ကြိုတင်မှန်းဆမှု ပိုမိုပေးစွမ်း နိုင်တဲ့ နည်းစနစ်တွေ ဥပဒေတွေ ပြဋ္ဌာန်းသွားဖို့ ဆောင်ရွက်နေပါတယ်။

ဂုဏ်သရေရှိ ဧည့်သည်တော်များခင်ဗျား
ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ရေနံ၊ သဘာဝဓာတ်ငွေ့၊ သတ္တု၊ သစ်တော စသည်ဖြင့် သဘာဝအခြေခံကောင်း များစွာရှိပြီး လုံလောက်တဲ့ လုပ်သားအင်အားများလည်း ရှိရာ စီးပွားရေးလုပ်ငန်းများ ထူထောင်ရန် အခွင့်အလမ်းများစွာ ရှိပါတယ်။
တည်နေရာ အနေအထားအရလည်း တောင်အာရှနှင့် အရှေ့တောင်အာရှကို ဆက်သွယ် ပေးတဲ့ အနေအထားမှာရှိတဲ့အတွက် ကြီးမားတဲ့ ဈေးကွက်လည်း ရှိပြီး ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ သဘာဝသယံဇာတ ကြွယ်ဝတဲ့နိုင်ငံဖြစ်ပြီး ဗြိတိန်နိုင်ငံဟာ စက်မှု ဖွံ့ဖြိုးတဲ့နိုင်ငံ ဖြစ်ပါတယ်။ မြန်မာနို်င်ငံနှင့် ဗြိတိန်နိုင်ငံတို့အကြား နှစ်ဦးနှစ်ဖက် အကျိုး ဖြစ်ထွန်းမယ့် လုပ်ငန်းများကို အတူတကွ လုပ်ကိုင်ဆောင်ရွက်နိုင်မယ်လို့ ကျွန်တော် အနေဖြင့် အကြွင်းမဲ့ ယုံကြည်ပါတယ်။
ဂုဏ်သရေရှိ ဧည့်သည်တော်များခင်ဗျား
ရင်းနှီးမြှုပ်နှမံမံမှုများကို အားပေးမှုနှင့် တစ်ချိန်တည်းမှာပင် ပြည်သူများအတွက် မှီခို အားထားရာဖြစ်တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများဟာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍမှ ပါဝင်ပါတယ်။
တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှု ပေါ်ထွန်းလာရေးအတွက် မိမိတို့အနေဖြင့် ပြည်သူတို့ရဲ့ ဆန္ဒနှင့်အညီ မြန်မာနိုင်ငံ၏ သဘာဝအရင်းအမြစ်များ ထိန်းသိမ်းမှုဆိုင်ရာ မူဘောင် တစ်ရပ် ချမှတ်နိုင်ရေး အလေးထား လုပ်ဆောင်နေပါတယ်။
သဘာဝ အရင်းအမြစ်များကို အခြေခံတဲ့ ရင်းနှီးမြှုပ်နှံများနဲ့ စပ်လျဉ်းပြီး ကျွမ်းကျင်သူ ပညာရှင်များနဲ့ အရင်းအမြစ်ပြု ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြံပြု တိုက်တွန်းချက်များနဲ့အညီ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ (Extractive Industry Transparency Initiatives- EITI) အစီအစဉ်ကို မကြာမီကာလမှာ ကျင့်သုံးသွားဖို့ စီစဉ် ဆောင်ရွက်လျက်ရှိပါတယ်။ ဒီအစီအစဉ်ကို မိမိတို့နိုင်ငံမှာ အကောင်အထည်ဖော် ဆောင်ရွက်ဖို့ အတွက် EITI ဦးဆောင်ကော်မတီကိုလည်း မကြာမီက ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ၂၀၁၄ ခုနှစ်မှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ဆောင်ရွက်စဉ်ကာလအတွင်းမှာ ၂၀၁၅ ခုနှစ် အာဆီယံ အသိုက်အဝန်းထူထောင်ရေးအတွက် ဦးဆောင်ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။
မကြာမီ ရောက်ရှိလာတော့မယ့် ၂၀၁၄-၂၀၁၅ ခုနှစ် ကာလများအတွင်း အာဆီယံဒေသမှာ စီးပွားရေး အခွင့်အလမ်းသစ်တွေ ပေါ်ထွန်းလာတော့မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် နှစ်ဘက် အကျိုးစီးပွားအတွက် ဒီအခွင့်အရေးတွေကို အမိအရ အသုံးချနိုင်ဖို့ အဆွေတော်တို့အား တိုက်တွန်းလိုပါတယ်။
အဆွေတော်တို့ ဗြိတိန်-အာဆီယံ စီးပွားရေးကောင်စီတွင် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးမှုများမှတစ်ဆင့် ကျွန်တော်တို့ မြန်မာနိုင်ငံနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများ၊ ရင်းနှီးမြှုပ်နှံမှုများ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက် နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
ဗြိတိန်နိုင်ငံဟာ မြန်မာနိုင်ငံမှာ ယခုထက်ပိုမို ရင်းနှီးမြှုပ်နှံနိုင်မယ်လို့ ကျွန်တော့်အနေဖြင့် ယုံကြည်ပြီး ဗြိတိန်ကုမ္ပဏီများကိုလည်း မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံဖို့ ထပ်မံ ဖိတ်ခေါ်လိုပါတယ်။
မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံစေရန် ဆုတောင်း အပ်ပါတယ်။
ကျေးဇူးတင်ပါတယ်။
ဆွေးနွေးပွဲတွင် တက်ရောက်လာကြသည့် UK ASEAN Business Council မှ တာဝန်ရှိသူများက သိရှိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာဝန်ကြီးများက ပြန်လည်ရှင်းလင်း ဖြေကြားသည်။ 
------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဗြိတိန်နိုင်ငံဝန်ကြီးချုပ်ဟောင်း တိုနီဘလဲနှင့် အောက်လွှတ်တော် ဥက္ကဋ္ဌတို့အား လက်ခံတွေ့ဆုံ

ပါရီ ဇူလိုင် ၁၇

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဗြိတိန်နိုင်ငံဝန်ကြီးချုပ်ဟောင်း မစ္စတာတိုနီဘလဲအား ဇူလိုင် ၁၆ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် ခေတ္တတည်းခိုသည့် Sofitel St. James Hotel ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်၏ အောင်မြင်မှုများ၊ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ခြင်း ဖလှယ်ခဲ့ကြသည်။

ဒေသစံတော်ချိန် နံနက် ၁ဝ နာရီတွင် နိုင်ငံတော်သမ္မတသည် ဗြိတိသျှ ပါလီမန်သို့ သွားရောက်ပြီး အောက်လွှတ်တော်ဥက္ကဋ္ဌ The Rt Hon John Bercow နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ဗြိတိသျှ ပါလီမန် အဆောက်အအုံအတွင်း လှည့်လည် ကြည့်ရှုလေ့လာခဲ့သည်။

ထိုသို့ဆွေးနွေးရာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် လူ့အခွင့်အရေးကိစ္စ၊ မြန်မာ့လူ့အဖွဲ့အစည်း အတွင်း ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနှင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် အခြေခံဥပဒေဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။ 

ထို့နောက်နိုင်ငံတော်သမ္မတသည် အောက်လွှတ်တော်ဥက္ကဋ္ဌ အနေနှင့် မြန်မာနိုင်ငံသို့ တစ်ကြိမ်တစ်ခါမှ လာရောက်လည်ပတ်ခဲ့ခြင်း မရှိသဖြင့် မြန်မာနိုင်ငံ၏ ပကတိဖြစ်ပေါ်တိုးတက်မှုများကို ကိုယ်တိုင်ကိုယ်ကျ လာရောက်လေ့လာရန် ဖိတ်ကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲများကို နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ဦးမြတ်ဟိန်း၊ ဦးဝင်းရှိန်၊ ပြည်သူ့ လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးဌေးဦး၊ ဒုတိယဝန်ကြီးများနှင့် သံအမတ်ကြီးတို့ တက်ရောက်ကြသည်။
------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတဦးသိန်းစိန် Chatham House စကားဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက် မိန့်ခွန်းပြောကြား

လန်ဒန် ဇူလိုင် ၁၆

ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဇူလိုင် ၁၅ ရက် ညနေ ၅ နာရီခွဲတွင် Chatham House ၌ ကျင်းပသည့် “မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု နောက်ကွယ်မှ စိန်ခေါ်မှုများနှင့် အကျိုးရလဒ်များ” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားသည်။
ထိုသို့ ပြောကြားရာတွင်-

ကျွန်တော်ရဲ့ ပထမဆုံး ဗြိတိန်နိုင်ငံနဲ့ လန်ဒန်မြို့တော်ကို ရောက်ရှိတဲ့ ခရီးစဉ်အတွင်း ချောလ်တန်ဟောက်စ်မှာ လူကြီးမင်းတို့နဲ့ ယခုလိုတွေ့ဆုံ စကားပြောခွင့်ရတဲ့အတွက် အလွန်ဝမ်းမြောက် မိပါတယ်။

ကျွန်တော်တို့ နှစ်နိုင်ငံအကြားမှာ ရာစုနှစ် နှစ်ခုကျော်ရှည်ကြာတဲ့ ပတ်သက် ဆက်နွယ်မှုတွေ ရှိခဲ့တယ်ဆိုတာ အားလုံးသိကြပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးတဲ့ နောက်ပိုင်း ကာလများမှာ နှစ်နိုင်ငံအကြား ဆက်ဆံရေး ကောင်းမွန်တဲ့ အချိန်တွေရှိခဲ့သလို ခက်ခဲတဲ့ အချိန်များကိုလည်း ကျော်ဖြတ်ခဲ့ကြ ရပါတယ်။

သို့သော်လည်း ယခုအချိန်မှာ မြန်မာနဲ့ဗြိတိန် နှစ်နိုင်ငံ ဆက်ဆံရေးသမိုင်းဟာ စာမျက်နှာသစ်တရပ် ဖွင့်လှစ်နိုင်ခဲ့ပြီလို့ ဆိုရမှာဖြစ်ပါတယ်။ ဒီဆက်ဆံရေး သမိုင်းသစ်မှာ ကျွန်တော်တို့ နှစ်နိုင်ငံရဲ့ အကျိုးစီးပွားအတွက် သာမကဘဲ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင် ဖြေရှင်းရာမှာလည်း နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုတွေ ရှိလာမှာဖြစ်ပါတယ်။

ကျွန်တော်တို့ နှစ်နိုင်ငံအကြား ရင်းနှီးနီးစပ်စေတဲ့ ဆက်စပ်မှုတွေအပေါ်မှာ အခြေခံပြီး ရေရှည်တည်မြဲမယ့် ပူးပေါင်းဆောင်ရွက်မှု ပုံစံသစ်တခုကို ဦးတည် သွားကြရမှာလည်း ဖြစ်ပါတယ်။ နယ်ချဲ့ကိုလိုနီစနစ်ဆိုး ကာလတွေ အတွင်းမှာတောင် မြန်မာပြည်သူများနဲ့ ဗြိတိန်ပြည်သူများအကြား ရင်းနှီးချစ်ကြည်မှုတွေ တည်ဆောက်နိုင်ခဲ့ပြီး ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံများကို တံတားထိုး ဆက်သွယ်ပေးနိုင်သူတွေ ရှိခဲ့ပါတယ်။

ကျွန်တော်တို့တိုင်းပြည်က ထူးချွန်ထက်မြက်တဲ့ အမျိုးသား၊ အမျိုးသမီးများဟာ အင်္ဂလန်မှာ ပညာ သင်ကြားခဲ့ပြီး နောင်တစ်ချိန်မှာ အမျိုးသားခေါင်းဆောင်တွေ၊ ဝန်ကြီးချုပ်တွေ၊ သမ္မတတွေအဖြစ် တိုင်းပြည်ကို အလုပ်အကျွေး ပြုခဲ့တဲ့ သမိုင်းကြောင်း သာဓကများလည်း ရှိခဲ့ပါတယ်။ နှစ်နိုင်ငံအကြားက အတိတ်တွေကို မေ့ပျောက်လို့ မရသလိုဘဲ နက်ရှိုင်းတဲ့ ဆက်နွယ်ပတ်သက်မှုများကိုလည်း အသိအမှတ်ပြုကြရမှာ ဖြစ်ပါတယ်။ နှစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ အမွေအနှစ်တွေ၊ အတိတ် အကြောင်းတွေနဲ့ နီးစပ်မှုတွေ ရှိကြပြီး ဒါတွေကို အားသာချက်တွေအဖြစ် အသုံးပြုရမှာ ဖြစ်ပါတယ်။

ကျွန်တော်ဟာ မြန်မာသမိုင်းရဲ့ အရေးကြီးတဲ့ အချိုးအကွေ့တစ်ခုမှာ လူကြီးမင်းတို့နဲ့ အခုလို တွေ့ဆုံ စကားပြောကြားခွင့်ရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရဟာ ၂၀၁၁ ခုနှစ် ဧပြီလမှာ စတင်တာဝန်ယူခဲ့ပြီး ယနေ့ကာလမှာ မည်သည့်နိုင်ငံမှာမှ မကြုံဘူးသေးတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကြီးကို တာဝန်ယူ လုပ်ဆောင် နေရတာ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ ကဏ္ဍပေါင်းစုံကို ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရတာ ဖြစ်တဲ့အတွက် ကဏ္ဍတိုင်း၊ နေရာတိုင်း အောင်မြင်မှသာလျှင် ဒီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တခုလုံး အောင်မြင်တယ်လို့ ဆိုနိုင်မှာလည်း ဖြစ်ပါတယ်။

အခုအချိန်မှာ မြန်မာနိုင်ငံကို လာရောက်သူတိုင်း မြင်သာနိုင်တဲ့ အချက်တခုကတော့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကနေ အကောင်အထည်ဖော်ပေးလိုက်တဲ့ ရလဒ်တခုဖြစ်တဲ့ မတူညီတဲ့ အတွေးအခေါ်တွေ၊ စဉ်းစားမှုပုံစံတွေရဲ့ အားကောင်းတဲ့ ယှဉ်ပြိုင်မှုတွေနဲ့ ဆွေးနွေး ငြင်းခုန်မှုများကနေ ပေါ်ပေါက်လာတဲ့ ခွန်အားပဲဖြစ်ပါတယ်။ မြန်မာပြည်သူတွေအနေနဲ့ ဒီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ မအောင်မြင်လို့ မဖြစ်ဘူးလို့ လက်ခံသိရှိထားကြတဲ့အတွက် ဒီလို ရလဒ်တွေ ရရှိလာတာလည်း ဖြစ်ပါတယ်။

ကျွန်တော်တို့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များရဲ့ ပထမဆုံး ကဏ္ဍကတော့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်တရပ် ပေါ်ပေါက်ပြီး ဖြစ်သလို ရွေးကောက်ပွဲများလည်း ကျင်းပနိုင်ခဲ့ပါပြီ။ သတင်းမီဒီယာနဲ့ အင်တာနက် ပိတ်ပင်ကန့်သတ်မှုတွေကိုလည်း ရပ်တန့်နိုင်ခဲ့ပြီး လွတ်လပ်စွာ ရေးသားထုတ်ဖော် ပြောဆိုခွင့်နဲ့ အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ကို ကာကွယ်တဲ့ ဥပဒေများလည်း ပြဋ္ဌာန်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ထောင်ပေါင်းများစွာသော အကျဉ်းသားများကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ တစ်ဦးတယောက်မျှ မကျန်ရှိစေရေးအတွက် ယခင်နိုင်ငံရေး အကျဉ်းသားဟောင်းများ ပါဝင်တဲ့ ကော်မတီ တစ်ရပ် ဖွဲ့စည်းပြီး စိစစ်ဆောင်ရွက်လျက်ရှိပါတယ်။ ယခုနှစ် ကုန်ချိန်မှာ မြန်မာနိုင်ငံမှာ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရတဲ့ နိုင်ငံရေးအကျဉ်းသား တစ်ဦးမျှ မကျန်အောင် ဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်းလည်း အသိပေးပြောကြား လိုပါတယ်။

ကျွန်တော်တို့ဟာ ရာစုနှစ်တဝက်လောက်ကြာတဲ့ ဗဟိုဦးစီးစနစ်နဲ့ စစ်အုပ်ချုပ်မှု ပုံစံကနေ ဒီမိုကရေစီစနစ်ကို ကူးပြောင်းနိုင်ဖို့အတွက် ယခုလို ပြုပြင်ပြောင်းလဲမှု များကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အခုကိစ္စဟာ လွယ်ကူတဲ့ ကိစ္စမဟုတ်တာကို လူကြီးမင်းတို့ အနေနဲ့ နားလည်လက်ခံ ထားကြမယ်လို့လည်း ယုံကြည်ပါတယ်။ ရုတ်ခြည်းနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ သက်ရောက်မှုတွေကို အင်စတီကျူးရှင်းများက ခံနိုင်ရည်မရှိတဲ့ ကိစ္စတွေနဲ့ ဒီမိုကရေစီဓလေ့ ရှင်သန်ခိုင်မာမှု မရှိနိုင်သေးတဲ့ အခြေအနေမှာ အကြမ်းဖက်မှုနဲ့ မင်းမဲ့စရိုက်ဆန်စွာ ပြုကျင့်တဲ့ ကိစ္စရပ်တွေကိုလည်း နေရာအနှံ့မှာ ကြုံတွေ့ရလျက်ရှိပါတယ်။ ဒါကြောင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ဆောင်ရွက်တဲ့ အခါမှာ ကျွန်တော်တို့ရဲ့ လက်တွေ့ အခြေအနေအမှန်နဲ့ ကိုက်ညီပြီး မှန်မှန်နဲ့မြန်မြန် ဆက်သွားနိုင်အောင်လည်း သတိကြီးစွာ ထားပြီး ဆောင်ရွက်နေရပါတယ်။

ဒီမိုကရေစီဆိုတဲ့နေရာမှာ ရွေးကောက်ပွဲတွေ၊ အခြေခံလွတ်လပ်ခွင့်တွေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေသာမက ဒီမိုကရေစီ ယဉ်ကျေးမှု ဓလေ့တွေ၊ ကျင့်ဝတ်တွေနဲ့ နိုင်ငံသား ဖြစ်မှုကို နားလည်တဲ့ ပုံစံတွေလည်း ပါဝင်ပါတယ်။ ကျွန်တော့်အနေနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်ဟာ အလွန်လွယ်ကူတဲ့ ကိစ္စတခုဖြစ်လိမ့်မယ်လို့ စိတ်ကူးယဉ်ထားခြင်းမျိုး မရှိသလို တဖက်မှာလည်း ဒီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် အောင်မြင်ဖို့အတွက် အပြည့်အဝ ယုံကြည်မှု ရှိပါတယ်။

ကျွန်တော်တို့ အောင်မြင်ဖို့ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ရဲ့ ဒုတိယ မျက်နှာစာ တစ်ရပ်ကတော့ ဗဟိုအစိုးရက ချုပ်ကိုင်ပြီး အထီးကျန်တဲ့ စီးပွားရေးပုံစံကနေ ကမ္ဘာ့ဈေးကွက်အတွင်း ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့် ရှိတဲ့ ဈေးကွက်စီးပွားရေး မူဝါဒများကို အခြေခံတဲ့ စီးပွားရေးပုံစံတခုကို ပြန်လည် မူဘောင်ချ တည်ဆောက်မှုပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ သဘာဝသယံဇာတတွေ အမြောက်အမြားကို ပိုင်ဆိုင်ထားပါတယ်။ အာရှတိုက်ရဲ့ လမ်းဆုံလမ်းခွ အချက်အချာကြတဲ့ တရုတ်နဲ့ အိန္ဒိယအကြားမှာ တည်ရှိပြီး အရှေ့တောင်အာရှ နိုင်ငံများနဲ့ ထိစပ်နေတဲ့အတွက် မက်မောလောက်ဖွယ်ရှိတဲ့ ပထဝီ အနေအထားကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ အလွန်ကို အလားအလာ ကောင်းတဲ့ နေရာတစ်ခုဖြစ်တယ်ဆိုတာကိုလည်း နားလည် သိရှိပါတယ်။ နိုင်ငံတကာ ကုန်သွယ်မှုတွေနဲ့ ရင်းနှီးမြှုပ်နှံမှုများအတွက် ကျွန်တော်တို့ နိုင်ငံရဲ့ ဈေးကွက်တွေကို ဖွင့်လှစ်သွားရမှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့ အခါမှာလည်း ဆင်းရဲ နွမ်းပါးမှုလျော့ချနိုင်ဖို့နဲ့ သာမန်လယ်သမား၊ အလုပ်သမား လူတန်းစားများအထိ အကျိုးကျေးဇူး ခံစားနိုင်ဖို့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ သန်းပေါင်းများစွာသော ပြည်သူများကို ဆင်းရဲတွင်းကနေ ကယ်ထုတ်နိုင်ရေးထက် အရေးကြီးတဲ့ကိစ္စ မရှိနိုင်ပါဘူး။ ကျွန်တော်တို့အနေနဲ့ အဂတိလိုက်စားမှုတွေ တိုက်ဖျက်သွားရမှာ ဖြစ်သလို သဘာဝ ပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးကိုလည်း အားထုတ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ဒီလို ကိစ္စတွေကို ဦးတည်ကြိုးပမ်းဆောင်ရွက်တဲ့နေရာမှာ အရေးကြီးတဲ့ အဆင့်များကို ဖော်ဆောင်ပြီး ဖြစ်ပါတယ်။ ငွေလဲနှုန်း ပုံစံမျိုးစုံဖြစ်နေတဲ့ ငွေကြေးလဲလှယ်မှု စနစ်ကို ပြုပြင်ခြင်း၊ နိုင်ငံတကာ ကြွေးမြီများကို စနစ်တကျ ပြန်လည် ညှိနှိုင်းခြင်း၊ နိုင်ငံတကာ စီးပွားရေးပိတ်ဆို့ အရေးယူမှုများ ရုပ်သိမ်းရေး၊ ရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့ မူဝါဒ အသစ်များ ပြဋ္ဌာန်းခြင်း တို့ကို ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အရေးကြီးတဲ့ ပြည်သူ့ရေးရာ ဝန်ဆောင်မှု လုပ်ငန်းများနဲ့ အခြေခံ အဆောက်အဦတွေ ဖြစ်တဲ့ လျှပ်စစ်ကဏ္ဍ၊ ဆက်သွယ်ရေးနဲ့ နည်းပညာ ကဏ္ဍများမှာလည်း တိုးတက်မှုတွေ ဖော်ဆောင် နိုင်ခဲ့ပါတယ်။

သဘာဝ သယံဇာတတွေကို စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့၊ ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ဖို့နဲ့ ပွင့်လင်းမြင်သာမှု ရှိစွာ ဆောင်ရွက်နိုင်ဖို့ အတွက် ကျွန်တော်တို့အနေနဲ့ EITI အဖွဲ့ဝင် တစ်နိုင်ငံဖြစ်ရေး ကြိုးပမ်းဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ သယံဇာတ ကပ်ဆိုက်မှု မကြုံတွေ့စေရေးနဲ့ သယံဇာတများကိုလည်း ဆင်းရဲနွမ်းပါးမှု လျော့ချရေး မှာ ထိရောက်စွာ အသုံးပြုနိုင်ရေးကို ဆောင်ရွက်ရမှာ ဖြစ်သလို အဂတိလိုက်စားမှုကို အားပေးတာမျိုး မဖြစ်စေဖို့လည်း စနစ်တကျ ဆောင်ရွက် လျက် ရှိပါတယ်။

မြန်မာနိုင်ငံ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုများဟာ အလွန်ပဲ ကြီးမားပါတယ်။ ဥပမာ ပြောရရင် မြေယာပိုင်ဆိုင်မှု ကိစ္စရပ်တွေဟာ တကယ်တော့ အလွန်ရှုပ်ထွေးပြီး တရားဥပဒေနဲ့အညီ ပွင့်လင်းမြင်သာစွာနဲ့ ကိုင်တွယ်ဖြေရှင်းသွားရမှာ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေရဲ့ ရေရှည်အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ဆောင်ရွက် ချက် တစ်ခုအနေနဲ့ တရားမျှတ ပွင့်လင်းမြင်သာပြီး လွယ်ကူရှင်းလင်းတဲ့ မြေယာ ပိုင်ဆိုင်ခြင်း မူဝါဒတွေကို ကျွန်တော်တို့ ချမှတ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပညာရေးနဲ့ ငွေကြေးဝန်ဆောင်မှု ကိစ္စရပ် တွေဟာလည်း အားရလောက်ဖွယ် အနေအထား မရှိသေးတာကို တွေ့ရပါတယ်။ ဖွံ့ဖြိုးတိုးတက်မှု လျင်မြန်နိုင်ဖွယ်ရှိတဲ့ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကဏ္ဍကို အခြား နိုင်ငံများမှ ခရီးသွားလုပ်ငန်းကြောင့် ကြုံတွေ့ခဲ့ရတဲ့ ဆိုးကျိုးတွေလို မဖြစ်ပေါ်စေ ရအောင် စနစ်တကျ စီမံခန့်ခွဲမှုတွေ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၃၀ ခုနှစ်လောက်ကျရင် မြို့ပြတွေမှာ ခန့်မှန်းတွက်ချက်မှုအရ လူဦးရေ ၁၀ သန်းလောက် ထပ်တိုးလာနိုင်ပြီး ဒါဟာ ကျွန်တော်တို့ အရေးတကြီး ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှု တစ်ရပ် ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ မြို့ပြ စီမံကိန်းများကိုလည်း ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေရပါတယ်။ မြန်မာနိုင်ငံရဲ့ အကြီးဆုံး မြို့ပြကြီး တစ်ခုဖြစ်တဲ့ ရန်ကုန်မြို့ကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဟန့်အတား မဖြစ်စေဘဲ တွန်းအားတခု ဖြစ်စေဖို့ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်မြို့ကို ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်မှုတွေ၊ စိမ်းလန်း စိုပြည်မှုတွေ ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ ပနံရတဲ့ မြို့ကြီးတစ်မြို့ ဖြစ်အောင် ဆောင်ရွက် လျက် ရှိနေပါတယ်။

ကျွန်တော်တို့ အနေနဲ့ ဗြိတိန်အစိုးရရဲ့ ကူညီထောက်ပံ့မှုများကို ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ သို့သော်လည်း ကျွန်တော်တို့ အနေနဲ့ အခြားနိုင်ငံတွေရဲ့ အကူအညီတွေပေါ်မှာ မှီခိုနေတဲ့ နိုင်ငံမဖြစ်လိုပါဘူး။ ကျွန်တော်တို့နိုင်ငံ အနေနဲ့ အနာဂတ်မှာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ရေးအတွက် အခုလို အသွင် ကူးပြောင်းရေး ကာလမှာ ပညာရေးနဲ့ အရည်အသွေးမြှင့်တင်မှု အကူအညီတွေ အထူးလိုအပ်ပါတယ်။ အလိုအပ်ဆုံးကတော့ မြန်မာပြည်သူများ ဆင်းရဲတွင်းကနေ လွတ်မြောက်စေဖို့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မယ့် တာဝန်သိပြီး တာဝန်ယူတဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှုတွေပဲ ဖြစ်ပါတယ်။ နည်းပညာနဲ့ အတွေ့အကြုံ လွှဲပြောင်းပေးနိုင်မယ့် ဒေသတွင်း စီးပွားရေး အောင်မြင်မှုမှာ ကျွန်တော်တို့နိုင်ငံ ပါဝင်လာနိုင်စေဖို့ ကူညီပေးနိုင်မယ့် ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်များကို အခြားအာရှနိုင်ငံများက လူငယ်များနဲ့ တန်းတူရည်တူ အခွင့်အရေး ပေးနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်ပါတယ်။

ကျွန်တော်တို့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များရဲ့ တတိယ မျက်နှာစာလည်း ဖြစ်တဲ့ အရေးကြီးဆုံးကဏ္ဍလို့လည်း ဆိုရမယ့် ကိစ္စကတော့ ပြည်တွင်းမှာ လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး တရားမျှတမှုနဲ့ ရေရှည်တည်တံ့တဲ့ အလုံးစုံ ငြိမ်းချမ်းရေး ရရှိရေးပဲ ဖြစ်ပါတယ်။

၁၉၄၈ ခုနှစ် ကျွန်တော်တို့နိုင်ငံ လွတ်လပ်ရေးရပြီး လပိုင်း အကြာမှာပဲ စတင်ခဲ့တဲ့ ဒီလက်နက်ကိုင် ပဋိပက္ခဟာ ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး လက်နက်ကိုင် ပဋိပက္ခ တခုဖြစ်နေဆဲ ဖြစ်ပါတယ်။ အာနိုးလ်တွိုင်ဘီ ချာလ်တန်ဟောက်စ်ရဲ့ ဒါရိုက်တာ အဖြစ် တာဝန်ထမ်းဆောင်စဉ်တည်းက မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် ပဋိပက္ခတွေ စတင်နေခဲ့တာလို့လည်း ဆိုရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလက်နက်ကိုင် ပဋိပက္ခ တွေကို ရပ်တန့်ပစ်ရပါမယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့လည်း ငြိမ်းချမ်းရေး ရရှိဖို့ မနားမနေ ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ လက်ရှိ ရှိနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေဟာ ကျွန်တော်တို့ တိုင်းရင်းသားတွေကြားမှာ ကာလရှည်ကြာ ခံစားနေခဲ့ရတဲ့ ခါးသီးတဲ့ ဒဏ်ရာတွေ၊ စူးနစ်တဲ့ အတွေ့အကြုံ တွေနဲ့ ပျောက်ဆုံးနေတဲ့ အိပ်မက်တွေအပေါ်မှာ အမြစ်တွယ်လျက် ရှိနေပါတယ်။ နောက်ထပ် ထူးခြားတဲ့ အချက် တစ်ချက်ကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့တည်းနဲ့ မဟုတ်ဘဲ ၁၂ ဖွဲ့ကျော်နဲ့ ငြိမ်းချမ်းရေး တည်ဆောက်နေရတာ ဖြစ်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်တစ်ရပ်ရဲ့ နက်နဲရှုပ်ထွေးမှုကို ၁၂ နဲ့ မြှောက်ပြီး ကျွန်တော်တို့နိုင်ငံ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုကို မှန်းဆကြည့်နိုင်ပါတယ်။ ဒီစိန်ခေါ်မှုတွေမှာ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ တန်းတူညီမျှမှု၊ နိုင်ငံရေးအာဏာခွဲဝေမှု၊ စီးပွားရေး အသီးအပွင့်ခွဲဝေမှုနဲ့ လုံခြုံရေး ကဏ္ဍဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ ပါဝင်ပါတယ်။

တစ်ဆက်တည်းမှာပဲ လုံခြုံရေးကဏ္ဍဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး တော့လည်း မြန်မာနိုင်ငံတော် အစိုးရအနေနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို နိုင်ငံတကာ နဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားဖို့ ဆန္ဒရှိပါတယ်။ မြန်မာနှင့် ဗြိတိန် တပ်မတော်တို့အကြား ရင်းနှီးချစ်ကြည်တဲ့ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့် ဆောင်ရွက်လိုပါတယ်။ လက်ရှိ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် မြန်မာနိုင်ငံအနေနဲ့ ပြည်တွင်း လုံခြုံရေး ကိစ္စရပ်တွေကို ပိုမိုခိုင်မာစေရုံသာမက ကမ္ဘာ့လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေ ကိုလည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ မြန်မာနိုင်ငံတော် အစိုးရ လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ အရေးကြီး လုပ်ငန်းစဉ် တွေထဲက အဓိက လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပါတယ်။ အပစ်အခတ် ရပ်စဲရေး လုပ်ငန်းစဉ် ကို ဆက်လက် အကောင်အထည်ဖော်နိုင်ဖို့အတွက် လိုအပ်တဲ့ နည်းပညာပိုင်း စွမ်းရည်တွေကို ဖြည့်ဆည်းခြင်းဖြင့် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အရှိန်အဟုန် မြှင့်နိုင်မှာ ဖြစ်ပါတယ်။

စစ်အုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေစီအစိုးရ အုပ်ချုပ်ရေး စနစ်ကို ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းနိုင်ဖို့အတွက် တပ်မတော် အပါအဝင် နိုင်ငံတော်လုံခြုံရေး အင်အားစုတွေနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင် သွားရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ စစ်ဘက်- အရပ်ဘက် ဆက်ဆံရေး မြန်မြန်ဆန်ဆန် တိုးတက်ကောင်းမွန်လာဖို့နဲ့ ရရှိလာတဲ့ တိုးတက်မှုတွေကို ဆက်လက် ခိုင်မာနေစေဖို့အတွက် နိုင်ငံတကာရဲ့ အကူအညီတွေ အကြံပြုချက်တွေကို ကြိုဆိုလျက် ရှိပါတယ်။ ဒီကိစ္စတွေဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အောင်မြင်ဖို့ အတွက် အဓိကကျတဲ့ အချက်တစ်ခုလည်း ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ ဂုဏ်ယူစွာ ပြောကြားလိုတာကတော့ ကျွန်တော်တို့ အစိုးရ တာဝန်ယူထားတဲ့ နှစ်နှစ်တာ ကာလအတွင်းမှာ အဓိက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အားလုံးနီးပါးနဲ့ အပစ်အခတ် ရပ်စဲနိုင်ခဲ့ပြီး ကျန်ရှိနေသေးတဲ့ KIO အဖွဲ့အစည်းနဲ့ လည်း ပဏာမ ငြိမ်းချမ်းရေး သဘောတူညီချက် အချို့ကို ပြီးခဲ့တဲ့ မေလ အကုန်ပိုင်းမှာ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီ ဖြစ်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

လာမယ့်ရက်များအတွင်းမှာ တစ်ပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေပြီး ကျွန်တော်တို့ နိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှာ အရေးကြီးတဲ့ အဆင့်တစ်ဆင့်ကို ကျော်ဖြတ် နိုင်တော့မှာ ဖြစ်ပါတယ်။ နှစ်ပေါင်းခြောက်ဆယ်ကျော်အတွင်း မြန်မာနိုင်ငံ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သေနတ်သံတွေ ချုပ်ငြိမ်းမယ့်နေ့ ဖြစ်လာမှာ ဖြစ်တဲ့အတွက် ဒီလက်မှတ် ရေးထိုးနိုင်မှုဟာ အလွန်အရေးကြီးတဲ့ သမိုင်းအချိုးအကွေ့ တစ်ခုဖြစ်ပြီး အားလုံးက ဝမ်းမြောက်ဂုဏ်ယူ ပျော်ရွှင်ကြရမယ့်  ကိစ္စတခုလည်း ဖြစ်ပါတယ်။ သို့သော်လည်း ဒါဟာ ကျွန်တော်တို့ မျှော်လင့်နေတဲ့ တရားမျှတပြီး ရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေးရဲ့ ကနဦး ခြေလှမ်းမျှသာဖြစ်ပြီး စေ့စပ်ညှိနှိုင်းမှုတွေကနေတစ်ဆင့် သဘောတူညီချက်တွေ ရရှိအောင် ခက်ခဲတဲ့ ဆွေးနွေးမှုတွေကို မဖြစ်မနေ ဆက်လက် လုပ်ဆောင်သွားရဦးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အောင်မြင်မှုဟာ ပြည်သူလူထုအားလုံးကို ကိုယ်စား ပြုနိုင်တဲ့ မြန်မာ့အမျိုးသားရေး လက္ခဏာသစ် ( National Identity) တရပ် တည်ဆောင်နိုင်မှုနဲ့ တိုက်ရိုက်ဆက်စပ် ပတ်သက်နေပါတယ်။ တိုင်းရင်းသား မျိုးနွယ်စုများ အားလုံး၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ဘာသာ၊ အစ္စလာမ်ဘာသာနဲ့ ဟိန္ဒူဘာသာ စတဲ့ လူမျိုးဘာသာမရွေး မြန်မာနိုင်ငံသားများ အားလုံးသဘောတူညီ လက်ခံနိုင်တဲ့ National Identity သစ်တရပ်ကို တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားပေါင်းစုံနဲ့ ယဉ်ကျေးမှု ဓလေ့စုံရှိတဲ့ မြန်မာနိုင်ငံမှာ မတူညီတဲ့ တိုင်းရင်းသား ဘာသာစကားပေါင်း အမြောက်အများကို ပြောဆိုတဲ့ လူမျိုးစုများနဲ့ ကမ္ဘာမှာ ကြီးမြတ်တဲ့ ဘာသာတရားကြီးများကို အသီးသီး ကိုးကွယ်ယုံကြည် သူများစွာ ရှိပါတယ်။ မြန်မာနိုင်ငံမှာ လတ်တလော ပေါ်ပေါက်ခဲ့တဲ့ ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် နိုင်ငံ တကာ အသိုင်းအဝိုင်း အနေနဲ့ စိုးရိမ်ပူပန်မှုတွေ ဖြစ်ခဲ့ကြရပါတယ်။ ကျွန်တော့် အနေနဲ့ အကြမ်းဖက်မှုတွေ၊ လူမျိုးရေးနဲ့ ဘာသာရေး မုန်းတီးမှုတွေ ပေါ်ပေါက်အောင် သွေးထိုး လှုံ့ဆော်သူ မည်သူကိုမဆို လုံးဝ သည်းခံခွင့်လွှတ်သွားမှာ မဟုတ်ဘူးဆိုတဲ့  မူဝါဒကို ဆက်လက် ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။

လူကြီးမင်းများ သိထားကြတဲ့အတိုင်း အသွင်ကူးပြောင်းရေးကာလတွေမှာ ပေါ်ပေါက် လာတဲ့ နိုင်ငံရေး ပွင့်လင်း လွတ်လပ်မှုတွေကို ခုတုံးလုပ်၊ အမြတ်ထုတ်ပြီး မလိုလား အပ်တဲ့ ပြဿနာတွေ ပေါ်ပေါက်လာအောင် လုပ်ဆောင်ကြသူများ ရှိတတ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ နုနယ်သေးတဲ့ ဖွံ့ဖြိုးဆဲ ဒီမိုကရေစီဆိုတဲ့ အနေအထား တစ်ရပ်ကနေ ကိုင်တွယ်ဖြေရှင်းနေရတာ ဖြစ်ပါတယ်။ လူမျိုးရေး၊ ဘာသာရေး ကွဲပြားခြားနားမှုတွေကို အာဏာရှင်စနစ်ဆီကို ပြန်ဦးတည်ဖို့ ခုတုံးလုပ် အသုံးချခံရခြင်းမျိုး မဖြစ်စေဖို့အတွက် ဘာသာပေါင်းစုံ တွေ့ဆုံဆွေးနွေး ပွဲတွေ ဖြစ်မြောက်အောင်၊ မတူညီတဲ့ လူ့အဖွဲ့အစည်း အသိုက်အဝန်းတွေကြားမှာ နားလည်ယုံကြည်မှုတွေ တိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ဒီလို ကြိုးပမ်းဆောင်ရွက်တဲ့နေရာမှာ ဒီတာဝန်ရဲ့ နက်နဲ သိမ်မွေ့မှုတွေကို အသိအမှတ်ပြု နားလည်ပေးဖို့၊ လိုအပ်တဲ့ စိတ်ရှည်သည်းခံမှုတွေ ထားရှိပေးဖို့ မေတ္တာရပ်ခံလိုပါတယ်။

လတ်တလော သတင်းခေါင်းစဉ်တွေ သက်သက်ထက် ကျော်လွန်ခဲ့တဲ့ နားလည်မှုတွေ ထားရှိပေးကြဖို့လည်း တိုက်တွန်း လိုပါတယ်။ လတ်တလောမှာ အကြမ်းဖက်မှုတွေနဲ့ ပဋိပက္ခတွေရှိခဲ့ပေမယ့် မတူညီတဲ့ ရိုးရာဓလေ့တွေနဲ့ ကိုးကွယ် ယုံကြည်မှုတွေ ရှိကြတဲ့ မြန်မာနိုင်ငံသား အားလုံးဟာ သူငယ်ချင်းတွေ၊ ကျောင်းနေဖက်တွေ၊ လုပ်ဖော်ကိုင်ဖက် တွေ အိမ်နီးချင်းတွေ အဖြစ် ရင်းနှီးချစ်ကြည်စွာနဲ့ နှစ်ပေါင်းရှည်ကြာ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်လာခဲ့ကြတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့လည်ခေါင်မှာ နှစ်ပေါင်းများစွာ အတူယှဉ်တွဲ တည်ရှိလာတဲ့ ဗုဒ္ဓဘာသာဝင်များရဲ့ ဘုရားပုထိုးစေတီများ၊ ခရစ်ယာန် ဘာသာဝင်များ၊ ဟိန္ဒူဘာသာဝင်များ၊ ဂျူးဘာသာဝင်များရဲ့ ဘုရားရှိခိုး ကျောင်းများ၊ တရုတ်ဘုံကျောင်းများနဲ့ အစ္စလာမ် ဘာသာဝင်များရဲ့ ဗလီများဟာ ကွဲပြားမှုများ အပေါ်မှာ အစဉ်အလာအရ စိတ်ရှည်သည်းခံနိုင်စွမ်းရှိတဲ့ မြန်မာ့ လူ့အဖွဲ့အစည်း ဖြစ်တယ်ဆိုတာ ပြသနေတဲ့ သက်သေ သာဓကများပဲ ဖြစ်ပါတယ်။ ဒီအစီအစဉ် အလာတွေ အပေါ်မှာ အခြေခံပြီး ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့ ကွဲပြားခြားနားတဲ့ ဝိသေသ တွေကို အားနည်းချက် မဖြစ်စေဘဲ အင်အားတွေဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များမှာ ပါဝင်နေတဲ့ ကဏ္ဍအားလုံးဟာ တစ်ခုနဲ့တစ်ခုကို အပြန်အလှန် အကျိုးပြုပြီး အားဖြည့်ကူညီပေးပါ တယ်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ငြိမ်းချမ်းရေးမရှိဘဲ ဖွံ့ဖြိုးတိုးတက်မှု မရနိုင်ပါဘူး၊ ဖွံ့ဖြိုးတိုးတက်မှု မရှိဘဲနဲ့လည်း ငြိမ်းချမ်းရေး မရနိုင်ပါဘူး၊ လူ့အခွင့်အရေးတွေ မရှိရင် တော့ နှစ်ခုစလုံး မရနိုင်ပါဘူးလို့ ဆိုထားပါတယ်။ ကျွန်တော့်အနေနဲ့ ထပ်မံဖြည့်စွက် ချင်တာကတော့ ဒီမိုကရေစီကို ဦးတည်တဲ့ လက်တွေ့ကျတဲ့ ဖြစ်ထွန်းတိုးတက်မှု တွေကလည်း မရှိမဖြစ်လိုအပ်တယ်ဆိုတာပဲဖြစ်ပါတယ်။

ကျွန်တော်ပြောခဲ့သလိုပဲ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ သမိုင်းမှာ တစ်ကြိမ်တခါမှ မကြုံဖူးသေးတဲ့ ဆောင်ရွက် မှုကြီး တစ်ရပ်ဖြစ်ပါတယ်။ ဗဟိုအုပ်ချုပ်ရေးစနစ်ကနေ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ဆီ၊ ဗဟိုချုပ်ကိုင်တဲ့ စီးပွားရေးကနေ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ်စီ ကူးပြောင်းနေတဲ့ တစ်ပြိုင်နက်တည်းမှာပဲ မတူညီတဲ့ သဘောသဘာဝရှိတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ၁၂ ခုကို တည်ဆောက်နေရသလို ဆယ်စုနှစ်ပေါင်းများစွာ နောက်ကျ ကျန်နေ ခဲ့တဲ့ နိုင်ငံတကာဆက်ဆံရေးမှာလည်း ဆက်ဆံရေးပုံစံသစ် တစ်ခုကို ပြန်လည် တည်ဆောက်နေရပါတယ်။

ကျွန်တော်တို့ အနေနဲ့ ဒီလိုခက်ခဲတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို နှစ်ပေါင်းများစွာ အထီးကျန်ဆန်နေခဲ့ရတဲ့ အခြေအနေတွေနဲ့ အရေးယူ ပိတ်ဆို့မှုတွေကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ထိတွေ့ဆက်ဆံမှု အားနည်းခဲ့ရတဲ့ ပြည်သူတွေအကြားမှာ အားနည်းမှုတွေရှိတဲ့ အင်စတီကျူးရှင်းတွေ၊ ခေတ်စနစ်နဲ့ အံဝင်ခွင်ကျ မဖြစ်တော့တဲ့ အင်စတီကျူးရှင်းတွေနဲ့ ဆောင်ရွက်နေရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကြိုးပမ်း ဆောင်ရွက်နေတာဟာ အသစ်တည်ဆောက်ရတာ မဟုတ်ဘဲ ရှိရင်းစွဲအခြေအနေများကနေ ပြုပြင်ပြောင်းလဲယူရတာဖြစ်ပြီး ဆယ်စုနှစ်များစွာ အထီးကျန်ဆန်ခဲ့ရတဲ့ အခြေအနေတွေ ကနေ ပေါ်ပေါက်လာတဲ့ စဉ်းစားတွေးခေါ်မှု ပုံစံတွေကို ပြောင်းလဲဖို့ ကြိုးပမ်းဆောင် ရွက်နေရပါတယ်။ ကျွန်တော်တို့ အနေနဲ့ အခင်းအကျင်းသစ်တွေကို ဦးတည်ချီတက် နေရသလို အရှိန်မသေသေးတဲ့ စနစ်ဟောင်းရဲ့ အမူအကျင့်များ ကိုလည်း ရပ်တန့်နိုင်ဖို့ ကြိုးပမ်းနေရပါတယ်။

ဒီလိုအခက်အခဲတွေကြားထဲမှာ ကျွန်တော်တို့အစိုးရအနေနဲ့ လွန်ခဲ့တဲ့ နှစ်နှစ်ကစပြီး ဆောင်ရွက်အကောင်အထည်ဖော်လာခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များရဲ့ ရည်ရွယ်ချက်ကတော့ တစ်ခုထဲပဲ ရှိပါတယ်။ ကျွန်တော်တို့ မျိုးဆက်သစ်လူငယ်တွေ အတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်၊ ပိုမိုကောင်းမွန်ပြည့်စုံတဲ့ ဘဝတစ်ခု ဖန်တီးပေး နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့အစိုးရဟာ ပြည်သူ့အစိုးရ ဖြစ်တယ်လို့ခံယူထားတာနဲ့အညီ ပြည်သူတွေရဲ့ဘဝကို မြှင့်တင်နိုင်ဖို့အတွက် ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို အစွမ်းကုန်ကြိုးစား အကောင်အထည်ဖော်လျက်ရှိပါတယ်။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ဒီမိုကရေစီနည်းလမ်းကျ ပေါ်ပေါက်လာမယ့် အစိုးရသစ်အတွက် အခြေခံ ကောင်းတွေ ဖန်တီးပေးနေတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၁၄ မှာ အာဆီယံ ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်တော့မှာ ဖြစ်ပြီး ဒါဟာကြီးမားတဲ့ တာဝန်တစ်ရပ် ဖြစ်ပါတယ်။ ဒီလို တာဝန်ယူမှုဟာ နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စတွေမှာ မြန်မာနိုင်ငံရဲ့ စိတ်အားထက်သန်မှုကို ပြသတာလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး သက်သက်ကိုသာမကဘဲ ကမ္ဘာလုံးချီတဲ့ ငြိမ်းချမ်းရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက် ကျရာတာဝန်ကို ထမ်းဆောင်နိုင်တဲ့ ကမ္ဘာ့မိသားစုဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်ရေးကိုပါ ကြိုးပမ်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။

အခုလို မြန်မာနိုင်ငံရဲ့ သမိုင်းစာမျက်နှာသစ်ဖွင့်ချိန်မှာ မိတ်ဆွေသစ်တွေ ရရှိသလို ဗြိတိန်နိုင်ငံလို မိတ်ရင်းဆွေဟောင်း နိုင်ငံများရဲ့ အားပေးထောက်ခံမှုတွေ၊ နားလည် ယုံကြည်မှုတွေ၊ အပြု သဘောဆောင်တဲ့ ထောက်ပြဝေဖန်မှုတွေကလည်း အရေးပါတယ်လို့ ယုံကြည်ပါတယ်။ ဗြိတိန်နိုင်ငံ နဲ့လည်း ရေရှည် တည်တံ့တဲ့ ရင်းနှီးချစ်ကြည်မှုကို တည်ဆောက်သွားနိုင်မယ်လို့ ကျွန်တော့်အနေနဲ့ မျှော်လင့်ပါတယ် ဟု ပြောကြားသည်။

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှု အထူး စိတ်ဝင်စားသူများ၊ ပညာရှင်များက မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအခြေအနေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ၊ နိုင်ငံတော်အစိုးရ၏ လူ့အခွင့်အရေးမြှင့်တင်မှု အခြေအနေများ၊ မြန်မာဗြိတိန် နှစ်နိုင်ငံ ဆက်ဆံရေး အခြေအနေများနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြသည်။

ယင်းသို့ မေးမြန်းချက်များနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ဦးမြတ်ဟိန်း၊ ဦးဝင်းရှိန်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဋ္ဌေးဦး၊ ဒုတိယဝန်ကြီးများနှင့် ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးကျော်မျိုးထွဋ်တို့ တက်ရောက်ကြပြီး Chatham House ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာအရေး စိတ်ဝင်စားသူများ တက်ရောက်ကြသည်။
------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လန်ဒန်မြို့တွင်းလှည့်လည်လေ့လာ မြန်မာမိသားစု အသိုင်းအဝိုင်းအားတွေ့ဆုံ

လန်ဒန် ဇူလိုင် ၁၆

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် အဖွဲ့သည် ဇူလိုင် (၁၅) ရက် ညနေ ၃ နာရီခွဲတွင် လန်ဒန်မြို့ရှိ သိမ်းမြစ်အတွင်း GOLDEN SALAMANDER သင်္ဘောဖြင့် လှည့်လည်၍ ဆိပ်ကမ်းသာယာအောင် ဆောင်ရွက်ထားမှု၊ လန်ဒန်တစ်မြို့လုံးကို မြင်နိုင်သည့် London Eye ဟု တင်စားသည့် ချားရဟတ်၊ အထင်ကရနေရာများဖြစ်သည့် ပါလီမန် အဆောက်အအုံ၊ Big Ben နာရီစင်၊ St. Paul Cathedral စိန့်ပေါလ်ဘုရားကျောင်း၊ St. Thomas Hospital? Park Plaza? National Theatre? မြစ်ကျော် ကားလမ်းရထားလမ်း တံတားများကို ကြည့်ရှုလေ့လာကြသည်။

ဒေသစံတော်ချိန် ညနေ ၆ နာရီ ၃၅ မိနစ်တွင် ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် သီတင်းသုံးတော်မူလျက်ရှိသော သန္တိသုခကျောင်း၊ သုဝဏ္ဏသိင်္ဂီမိုးကုတ်ကျောင်း၊ တိသရဏဝိဟာရကျောင်း၊ သာသနာ့သီဝိဟာရကျောင်း၊ လန်ဒန် ဝိဟာရကျောင်းနှင့် လန်ဒန် ရွှေကျင်ကျောင်းတို့မှ ဆရာတော်၊ သံဃာတော်များနှင့် လန်ဒန်မြို့တွင် ရောက်ရှိနေကြသော မြန်မာမိသားစု အသိုင်းအဝိုင်း များအား ခေတ္တတည်းခိုသည့် ဟိုတယ်၌ တွေ့ဆုံ၍ မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ များအား ရှင်းလင်း လျှောက်ထားသည်။

ထိုသို့တွေ့ဆုံပြီးနောက် ဆရာတော်များနှင့်အတူ နိုင်ငံတော်သမ္မတသည် ဆုတောင်း မေတ္တာပို့သကြပြီး စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ၁၉၄၇ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်း မြန်မာ့လွတ်လပ်ရေး အတွက် ဆွေးနွေး ညှိနှိုင်းရန် ဗြိတိန်နိုင်ငံ သွားရောက်စဉ် နေထိုင် ခဲ့သည့် Dorchester  Hotel သို့ သွားရောက်လေ့လာပြီး ဗိုလ်ချုပ်အောင်ဆန်း ခရီးစဉ်နှင့် ပတ်သက်သည့် မှတ်တမ်းဓာတ်ပုံများကို လေ့လာခဲ့သည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် မြန်မာသံအမတ်ကြီးနေအိမ်၌ သံရုံးဝန်ထမ်းမိသားစု များနှင့်မြန်မာမိသားစုများအား တွေ့ဆုံ၍ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဆက်ဆံရေးကို တိုးမြှင့်နေမှုများ၊ ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာ၌ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ပုဂ္ဂလိကကဏ္ဍတို့တွင် ပြုပြင်ပြောင်းလဲနေမှုများကို ရှင်းလင်း ပြောကြားခဲ့ပြီး အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့သည်။
------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတဦးသိန်းစိန် ဗြိတိန်နိုင်ငံဝန်ကြီးချုပ် Rt. Hon David Cameron နှင့် တွေ့ဆုံဆွေးနွေး


လန်ဒန်  ဇူလိုင်   ၁၆

ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် Rt. Hon David Cameron အား ဇူလိုင် ၁၅ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် လန်ဒန်မြို့ အမှတ်(၁ဝ) ဒေါင်းနင်းလမ်းရှိ ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ်ရုံး အဖြူရောင် ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ဗြိတိန်နိုင်ငံဝန်ကြီးချုပ်ရုံးသို့ ရောက်ရှိလာရာ ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် Rt. Hon David Cameron ကခရီးဦးကြိုဆို နှုတ်ဆက်သည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဗြိတိန်နိုင်ငံဝန်ကြီးချုပ်တို့သည် ခင်မင်ရင်းနှီးစွာ နှုတ်ဆက်ကြပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊  ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ဦးမြတ်ဟိန်းနှင့် ဦးဝင်းရှိန် ၊ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးတို့ တက်ရောက်ကြပြီး ဗြိတိန်နိုင်ငံဝန်ကြီးချုပ်နှင့်အတူ နိုင်ငံရေး အကြံပေးနှင့် ဝန်ကြီးချုပ်ရုံး အကြီးအကဲ Mr. Ed LIeweIyn၊ အမျိုးသား လုံခြုံရေး အကြံပေး Sir Kim Darroch၊ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး H.E.Mr. Andrew Heyn နှင့်အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။

တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတက မြန်မာသမ္မတတစ်ဦး၏ ပထမဆုံးခရီးစဉ်အဖြစ် လာရောက် လည်ပတ်ခွင့်ရရန် ဖိတ်ကြားခဲ့ခြင်းနှင့် ဧည့်ဝတ်ကျေပွန်မှုများအတွက် ကျေးဇူးတင်ပါကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးသည် သမိုင်းကြောင်းရှည်လျားစွာ ရှိခဲ့သော နိုင်ငံများဖြစ်ပြီး လွတ်လပ်ရေး မရမီကပင် သံတမန်ဆက်ဆံမှုများ ရှိခဲ့သည့်အတွက် ယခုအခါ ၆၅ နှစ်ကျော်ခဲ့ပြီဖြစ်ကြောင်း၊ ပြီးခဲ့သည့်နှစ်က အဆွေတော် ဝန်ကြီးချုပ်၏ မြန်မာနိုင်ငံ ခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ကောင်းမွန်စေရန် အစပျိုးသည့် ခရီးစဉ်ဖြစ်ပါကြောင်း၊ ဥရောပသမဂ္ဂ၏ ဦးဆောင်နိုင်ငံဖြစ်သော ဗြိတိန်နိုင်ငံ အနေဖြင့် ဥရောပသမဂ္ဂမှ ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့မှုများ ဖယ်ရှားပေးရေးနှင့် ကုန်သွယ်မှု အထူးအခွင့်အရေး (GSP) များ ပြန်လည်ရရှိရေး အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ အပေါ် ထောက်ခံ အားပေးမှုများ အတွက်ကျေးဇူး တင်ပါကြောင်း၊ မိမိတို့၏ ရည်မှန်းချက်မှာ ငြိမ်းချမ်းပြီး သဟဇာတဖြစ်သော ဒီမိုကရေစီလူ့အသိုင်းအဝန်း (Peaceful, harmonious and democratic society) ကို ထူထောင်ရန်ဖြစ်ကြောင်း၊ အသွင်ကူးပြောင်းရေး ကာလတိုင်းတွင် ကြုံတွေရမြဲဖြစ်သော စိန်ခေါ်မှုများ ရှိနေလင့်ကစား ဗြိတိန်နိုင်ငံ အပါအဝင် ပြုပြင်ပြောင်းလဲရေးကို ထောက်ခံသော ပြည်ပနိုင်ငံများ၊ ပြည်တွင်းမှ ပြည်သူများ၏ ထောက်ခံ  အားပေးမှုများဖြင့် ကျော်လွှားသွားနိုင်မည်ဟု ယုံကြည် ပါကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဗြိတိန်ဝန်ကြီးချုပ် တို့သည် ဆင်းရဲမှုလျော့ချရေး၊ အသေးစား ငွေကြေးလုပ်ငန်း၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု တိုးမြှင့်ရေး၊ စွမ်းအင်၊ ဆက်သွယ်ရေး၊ အခြေခံ အဆောက်အအုံ တည်ဆောက်ရေး ကဏ္ဍများ၌ ဗြိတိန်နိုင်ငံက ပါဝင်ရင်းနှီးမြှုပ်နှံရေးနှင့် အင်္ဂလိပ်စာ သင်ကြားမှု အပါအဝင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ကိစ္စများ၊ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စများနှင့်ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြသည်။
------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဗြိတိန်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ ဗြိတိန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးနှင့် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးတို့အား လက်ခံတွေ့ဆုံ

လန်ဒန်  ဇူလိုင်   ၁၆

ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဇူလိုင် ၁၅ ရက် နံနက် ၉ နာရီတွင် Sofitel St. James Hotel ၌ ဗြိတိန်နိုင်ငံရှိ စီးပွားရေး လုပ်ငန်းရှင်များ နှင့်တွေ့ဆုံဆွေးနွေးသည်။

အဆိုပါဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ဦးမြတ်ဟိန်း၊ ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီးများနှင့် ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးကျော်မျိုးထွဋ်တို့ တက်ရောက်ကြပြီး ဗြိတိန်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်ကြသည့် Roll Royce ဥက္ကဋ္ဌ ၊ Lioyds Insurance ဥက္ကဋ္ဌ၊ Jubilan Oil and Standard Life ဒါရိုက်တာ၊ Jardine Matheson ဒါရိုက်တာ၊ Bank of England ဒုတိယဥက္ကဋ္ဌဟောင်း၊ Diethelm ကုမ္ပဏီ ဥက္ကဋ္ဌနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဒေသစံတော်ချိန် နံနက် ၁ဝ နာရီ ၁၅ မိနစ်တွင် လန်ဒန်မြို့ရှိ  Sofitel St. James Hotel ဧည့်ခန်းမ၌ ဗြိတိန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Rt. Hon. Philip Hammond နှင့် တွေ့ဆုံသည်။

အလားတူ ဒေသစံတော်ချိန် မွန်းလွဲ (၁) နာရီ (၄၅) မိနစ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝီလီယျံဟိတ်ခ်အား အဆိုပါ ဟိုတယ်၌ လက်ခံတွေ့ဆုံသည်။

ဒေသစံတော်ချိန် မွန်းလွဲ (၂) နာရီ (၄၅) မိနစ်တွင် နိုင်ငံတော်သမ္မတသည် ဗြိတိန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Rt. Hon. Justine Greening အား လက်ခံ တွေ့ ဆုံသည်။

ယင်းသို့တွေ့ဆုံခဲ့ရာ၌ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အလားအလာများ၊ ဆင်းရဲမ်းပါးမှုလျော့ချရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက် ရေး၊ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာနိုင်ငံ၏ ပညာရေး အဆင့်အတန်းမြှင့်တင်ရေး၊ လူ့အခွင့်အရေး မြှင့်တင်ရေး၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ တပ်မတော်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး၊၂ဝ၁၄ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းများတွင် အကူအညီပေးရေး၊ မြန်မာ့  လူ့အဖွဲ့အစည်းအား ပွင့်လင်းမြင်သာပြီး လူမှုသဟဇာတ အဖွဲ့အစည်းအဖြစ် တည်ဆောက်နိုင်ရေးတို့နှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲများသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ဦးမြတ်ဟိန်းနှင့် ဦးဝင်းရှိန်၊ ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးဋ္ဌေးဦး၊ ဒုတိယဝန်ကြီးများ၊ သံအမတ်ကြီးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။
------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဗြိတိန်နိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေး

လန်ဒန် ဇူလိုင် ၁၅

ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် Rt. Hon David Cameron တို့သည် ဇူလိုင် ၁၅ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် လန်ဒန်မြို့အမှတ်(၁ဝ) ဒေါင်းနင်းလမ်းရှိ ဗြိတိန်နိုင်ငံဝန်ကြီးချုပ်ရုံး အဖြူရောင် ခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဗြိတိန်နိုင်ငံဝန်ကြီးချုပ်ရုံးသို့ ရောက်ရှိလာရာ ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် Rt. Hon David Cameron က ခရီးဦးကြိုဆို နှုတ်ဆက်သည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ်တို့သည် ခင်မင်ရင်းနှီးစွာ နှုတ်ဆက်ကြပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ဦးမြတ်ဟိန်းနှင့် ဦးဝင်းရှိန်၊ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးတို့ တက်ရောက်ကြပြီး ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ်နှင့်အတူ နိုင်ငံရေးအကြံပေးနှင့် ဝန်ကြီးချုပ်ရုံး အကြီးအကဲ Mr. Ed LIewelyn၊ အမျိုးသားလုံခြုံရေး အကြံပေး Sir Kim Darroch၊ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ်ကြီး H.E. Mr. Andrew Heyn နှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။
------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဗြိတိန်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ ဗြိတိန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးတို့နှင့် တွေ့ဆုံ

လန်ဒန် ဇူလိုင် ၁၅

ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဇူလိုင် ၁၅ ရက် နံနက် ၉ နာရီတွင် Sofitel St.James Hotel ၌ ဗြိတိန်နိုင်ငံရှိ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ဗြိတိန်နိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်ကြသည့် Roll Royce  ဥက္ကဋ္ဌ၊ Lioyds Insurance ဥက္ကဋ္ဌ၊ Jubilan Oil and Standard Life  ဒါရိုက်တာ၊ Jardine Matheson ဒါရိုက်တာ၊ Bank of England  ဒုတိယဥက္ကဋ္ဌဟောင်း၊ Diethelm ကုမ္ပဏီဥက္ကဋ္ဌနှင့် စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

အလားတူ ဒေသစံတော်ချိန် နံနက် ၁ဝ နာရီ ၁၅မိနစ်တွင် ဗြိတိန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Rt.Hon. Philip Hammond နှင့် တွေ့ဆုံခဲ့သည်။
------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတဦးသိန်းစိန် ဗြိတိန်နိုင်ငံ လန်ဒန်မြို့သို့ ရောက်ရှိ

လန်ဒန် ဇူလိုင်  ၁၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အဖွဲ့သည် ဇူလိုင် ၁၄ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ အထူးလေယာဉ်ဖြင့် ထွက်ခွာရာ  ဒေသစံတော်ချိန် နံနက် ၁ဝနာရီ ၄၅ မိနစ်တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ သုဝဏ္ဏဘူမိအပြည်ပြည် ဆိုင်ရာ လေဆိပ် သို့ ရောက်ရှိကြသည်။

နိုင်ငံတော်သမ္မတနှင့်အဖွဲ့အား ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ အရှေ့အာရှဌာနအကြီးအကဲ Mr.Damrong Kraikruan နှင့် တာဝန်ရှိ သူများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်ဝင်းနှင့် သံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ထိုင်းလေကြောင်းခရီးဖြင့် ဆက်လက် ထွက်ခွာရာ ဒေသစံတော်ချိန် ညနေ ၆ နာရီ ၅၅ မိနစ် တွင် ဗြိတိန်နိုင်ငံ လန်ဒန်မြို့သို့ ရောက်ရှိကြသည်။

နိုင်ငံတော်သမ္မတနှင့်အဖွဲ့အား ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး၏ အထူးကိုယ်စားလှယ် အငြိမ်းစား သံအမတ်ကြီး Mr. Bill Hemderson LVO MBE ဗြိတိန်ဘုရင့် နန်းတော်မှ တာဝန်ရှိသူများ၊ မြန်မာ သံအမတ်ကြီးနှင့် ဝန်ထမ်းများက ဟီသရိုး အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် ခေတ္တတည်းခိုမည့် လန်ဒန်မြို့ရှိ Sofitel St.James Hotel သို့ မော်တော်ယာဉ် ဖြင့် ရောက်ရှိကြသည်။
------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတဦးသိန်းစိန် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့သို့ တရားဝင်ခရီးထွက်ခွာ

နေပြည်တော် ဇူလိုင် ၁၄

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာဒေးဗစ်ကင်မရွန်းနှင့် ပြင်သစ် သမ္မတနိုင်ငံသမ္မတ မစ္စတာဖရန်ဆွာအိုလောန်ဒ်တို့၏ ဖိတ်ကြားချက်အရ ဗြိတိန် နှင့် ပြင်သစ်နိုင်ငံတို့သို့ တရားဝင်ခရီးသွား ရောက်ရန် ယနေ့နံနက် (၉) နာရီတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွား သည်။

နိုင်ငံတော်သမ္မတအား ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဦးတင်နိုင်သိန်း၊ ဦးဥာဏ်ထွန်းအောင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ရန်ကုန်တိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဆန်းဦး၊ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Thieery MATHOU၊ ဗြိတိန်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ သံရုံးယာယီ တာဝန်ခံများ၊ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။

နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ဦးမြတ်ဟိန်း၊ ဦးဝင်းရှိန်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး၊ ဒုတိယဝန်ကြီး ဦးရဲထွဋ်၊ ဒေါက်တာဒေါ်သိန်းသိန်းဌေးနှင့် တာဝန်ရှိသူများ လိုက်ပါသွားကြသည်။

သမ္မတဦးသိန်းစိန်၏ ယခုခရီးစဉ်သည် ၎င်း၏ သမ္မတသက်တမ်းအတွင်း ဥရောပနိုင်ငံများသို့ သွားရောက်သည့် ဒုတိယမြောက်ခရီးစဉ်ဖြစ်ပြီး လွန်ခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်မှ မတ်လ ၈ ရက်အထိ အီတလီ၊ နော်ဝေ၊ သြစတြီးယား၊ ဖင်လန်နှင့် ဘယ်လ်ဂျီယံနိုင်ငံတို့သို့ ပထမဆုံးအကြိမ် ဥရောပခရီးစဉ်အဖြစ် သွားရောက်ခဲ့ပြီးဖြစ်သည်။ အဆိုပါခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်သည် ဥရောပ နိုင်ငံများ မှ နိုင်ငံခေါင်းဆောင်များ၊ ဥရောပသမဂ္ဂတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီး ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူ ပိတ်ဆို့ထားမှုများကို ရုပ်သိမ်းပေးရန် တောင်းဆိုခဲ့သည်။ သမ္မတဦးသိန်းစိန်၏ ဥရောပငါးနိုင်ငံခရီးစဉ်အပြီး ဧပြီလအတွင်းမှာပင် ဥရောပသမဂ္ဂ ကလည်း လက်နက်တင်ပို့ရောင်းချမှုမှလွဲ၍ မြန်မာ နိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူမှုအားလုံးကို ရုပ်သိမ်းပေးခဲ့သည်။

သမ္မတဦးသိန်းစိန်သည် ယခု ဗြိတိန်၊ ပြင်သစ် ချစ်ကြည်ရေးခရီးစဉ်အတွင်း ကုန်သွယ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူအခွင့်အရေးကိစ္စရပ်များ၊ စီးပွားရေးနှင့် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များကို အဓိကထား ဆွေးနွေးသွားဖွယ်ရှိသည်။

မြန်မာနိုင်ငံတွင် အရပ်သားအစိုးရသစ် တာဝန်ယူပြီးနောက်ပိုင်း ထင်သာမြင်သာရှိသော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ဖြစ်သည့် နိုင်ငံရေး အကျဉ်းသား ရာပေါင်းများစွာ လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ပါတီ လွှတ်တော်တွင်းသို့ရောက်ရှိလာရန် လိုက်လျောမှုများ ပြုလုပ်ပေးခြင်းစသည့် ပြုပြင်ပြောင်းလဲမှုများကြောင့် ဗြိတိန်နှင့် ပြင်သစ်အပါအဝင် အနောက်အုပ်စု အင်အားကြီးနိုင်ငံများ က ထောက်ခံကြိုဆို အားပေးခဲ့ကြသည်။

မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းမှုများကို ထောက်ခံအားပေးသည့် အနေဖြင့် ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး မစ္စတာဝီလျံဟိဂ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ ၂၀၁၂ ခုနှစ် ဧပြီ ၁၃ ရက် တွင် ဗြိတိန်ဝန်ကြီးချုပ် မစ္စတာ ဒေးဗစ်ကင်မရွန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ယခုနှစ် ဇွန် ၃ ရက် တွင် ဗြိတိန် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆာ ဒေးဗစ်ရစ်ချဒ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် မြန်မာနိုင်ငံသို့ အသီးသီး လာရောက်ခဲ့ကြပြီးဖြစ်သည်။

ထို့ပြင် ၂၀၁၂ ခုနှစ် ဇန်နဝါရီလအတွင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး၊ ဥရောပရေးရာ အကြီးအကဲ Alain Juppe သည်လည်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။ Alain Juppe ၏ ခရီးစဉ်မှာ ၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်သည့် ပြင်သစ်နိုင်ငံဆိုင်ရာ အဆင့်မြင့် အရာရှိတစ်ဦးဖြစ်သည်။
------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

 


 


 


 


 


 


 


 

 


 

 


 

 

 


 


 


 



No comments:

Post a Comment