ပညာရေး

ပညာရေး

...................................................................................................................

ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီ၊ အထူးလုပ်ငန်းအဖွဲ့၊ အကြံပေးအဖွဲ့၊ လုပ်ငန်း အဖွဲ့ဝင်များ တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်


ရန်ကုန် နိုဝင်ဘာ ၁၂
''မြန်မာနိုင်ငံရဲ့ ပညာရေးအခြေအနေဟာ ပြည့်စုံလုံလောက်မှုမရှိဘူးလို့ ယူဆခဲ့တာကြောင့် နိုင်ငံတော်အစိုးရသစ်အနေနဲ့ နိုင်ငံ့တာဝန်ကို စတင်ထမ်းဆောင်တဲ့ အချိန်ကစပြီး ''ပညာရေးပြုပြင်ပြောင်းလဲမှု''တွေကိုပြုလုပ်ဖို့ နည်းလမ်းရှာခဲ့ပါတယ်။

နိုင်ငံတော်သမ္မတကြီးက ပညာရေးအလုပ်ရုံ ဆွေးနွေးပွဲကျင်းပပြီး ပညာရှင်များရဲ့ အကြံဥာဏ်အတိုင်း အဖြေရှာဆောင်ရွက်သွားဖို့ မိန့်ကြားခဲ့ပါတယ်'' ဟု ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ရန်ကုန်မြို့ ရန်ကုန် တက္ကသိုလ် စိန်ရတုခန်းမ၌ ယနေ့နံနက် ၉ နာရီတွင် ကျင်းပသည့် ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီ အထူးလုပ်ငန်းအဖွဲ့၊ အကြံပေးအဖွဲ့၊ လုပ်ငန်း အဖွဲ့ဝင်များ တွေ့ဆုံပွဲ အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲ အခမ်းအနားသို့ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း၊ ပညာရေးဝန်ကြီး ဌာန ခေတ္တပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးမြင့်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကိုကိုဦး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်ဆွေ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ပညာရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီဝင်များ၊ အထူးလုပ်ငန်းအဖွဲ့ဝင်များ၊ အကြံပေး အဖွဲ့ဝင်များ၊ လုပ်ငန်းအဖွဲ့ဝင်နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဆက်လက် ပြောကြားရာတွင် ပညာရေးနှင့် သက်ဆိုင်သည့် ပထမဦးဆုံး အလုပ်ရုံ ဆွေးနွေးပွဲကို (၂၀၁၁ မေလအတွင်း) ပညာရေး ဝန်ကြီးဌာန၏ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး နောက်ဆက်တွဲအနေဖြင့် အဆင့်မြင့် ပညာကဏ္ဍတွင် တက္ကသိုလ်အားလုံး၏ ပညာသင်နှစ်များကို တစ်နှစ်စီတိုးမြှင့်ခဲ့ပါကြောင်း၊ အရည်အသွေးမမီခဲ့သည့် တက္ကသိုလ်ပညာရေးကို မြှင့်တင်နိုင်အောင် အရေအတွက် အားဖြင့် တစ်နှစ်စာသင်ချိန် တိုးပေးလိုက်လျှင် သင်ကြားလေ့လာချိန် တစ်နှစ်ပိုရပြီး အရည်အသွေးပိုလာလိမ့်မည် ဆိုသည့် မျှော်လင့်ချက်ဖြင့် တိုးထားခြင်း ဖြစ်ပါကြောင်း။

အခြေခံပညာကဏ္ဍတွင် မသင်မနေရ အခမဲ့ မူလတန်းပညာလုပ်ငန်းစဉ်၊ ကျောင်းသားများ အတွက် Stipend Scholarship အစီအစဉ်၊ ယခင်ကရှိခဲ့သည့် လူရည်ချွန်ကဲ့သို့သော ဘက်စုံထူးချွန်ဆု ချီးမြှင့်ရေးအစီအစဉ်၊ ပုဂ္ဂလိကပညာသင်ကျောင်းဆိုင်ရာ ဥပဒေ စသောပြောင်းလဲမှု ပြုလုပ်နိုင်ခဲ့ပါကြောင်း၊ ထို့ထက်ပိုပြည့်စုံသည့် အခြေအနေ တစ်ခုရအောင်၊ CESR Comprehensive Education Sector Review ကို ၂ဝ၁၂ အောက်တိုဘာလတွင် နေပြည်တော် MICC ၌ ကျင်းပခဲ့ပါကြောင်း၊  ပညာရှင် ပေါင်းစုံ၊ လူထုလူတန်းစားပေါင်းစုံ၊ တိုင်းရင်းသားမျိုးနွယ်စု၊ ဘာသာရေးဘက် သက်ဆိုင်သူများ၊ ပြည်တွင်းပြည်ပ NGO၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်၊  လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့စသည်တို့ဖြင့် ကျင်းပခဲ့ခြင်းဖြစ်၍ ပြည်သူ တစ်ရပ်လုံး၏ အသံကို ထင်ဟပ်သော ဆွေးနွေးပွဲဟု ဆိုရမည်ဖြစ်ပါကြောင်း။  

ထိုသို့ တအိအိရွေ့လာခဲ့သော အစိုးရသစ်၏ သက်တမ်းတစ်ဝက် ရောက်လာသည့် အချိန်တွင် စာနယ်ဇင်းများ လွတ်လပ်မှု အရှိန်ရလာသည်နှင့်အမျှ အဖွဲ့အစည်းအသီးသီး၏ အတွင်းမှာရော အပြင်မှာပါ ပညာရေးကဏ္ဍ၏ အားနည်းချက်၊ လိုအပ်ချက် များကို ထောက်ပြဝေဖန်မှုများလည်း ပိုပြီးကျယ်ကျယ်လောင်လောင် ဖြစ်လာပါကြောင်း၊ အမှန်တကယ် ပြုပြင်စရာများ ရှိပါကြောင်း။
ပညာရေးသည် ရေရှည်စီမံဆောင်ရွက်သွားရမည့် လုပ်ငန်းလည်းဖြစ်ပါကြောင်း၊ နိုင်ငံတော် သမ္မတကြီးအနေဖြင့် ပညာရေးကို အားပေးလိုလွန်းသည့်အတွက် ပညာရေးအသုံးစရိတ်ကို အများဆုံးတိုးမြှင့်ချထားပေးပါကြောင်း၊ ဝန်ကြီးဌာန အားလုံး၏ စုစုပေါင်း သုံးစွဲငွေ၏ ၅ ဒသမ၂၄ ရာခိုင်နှုန်းကို ပညာရေးကို ခွဲဝေပေးထားပါကြောင်း၊ ပညာရေး၏ အသုံးစရိတ် သည် ဝန်ကြီးဌာန ၃ဝထဲတွင် အဆင့်နံပါတ် (၅) ချိတ်သည်ကို တွေ့ရပါကြောင်း။

အတတ်နိုင်ဆုံး ရာခိုင်နှုန်းတစ်ခုအထိ တိုးမြှင့်ပေးထားသည် ဆိုသော်ငြားလည်း နိုင်ငံ၏ ဘဏ္ဍာရေးအင်အားက နည်းနေသေးသည့် အတွက် အသုံးစရိတ်ကလည်း နည်းနေဦးမည် ဖြစ်ပါကြောင်း၊ နိုင်ငံ၏စီးပွားရေး တိုးတက်လာပါမှ တစ်နိုင်ငံလုံးအသုံးစရိတ်လည်း တိုးမြှင့် ပေးနိုင်မည်ဖြစ်သည်ကို အားလုံး သဘောပေါက်ကြမည် ဖြစ်ပါကြောင်း။

ပညာရေးကဏ္ဍ ရင်းနှီးမြှုပ်နှံခြင်းသည် ရေရှည်တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူပြုသော ရင်းနှီးမြှုပ်နှံမှုပင် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပညာရေးကဏ္ဍ အရည်အသွေး မြင့်မားသည့် တိုင်းပြည်သည် နိုင်ငံကြီးခြင်း၊ ငယ်ခြင်းကတစ်ပိုင်း၊ ယင်းနိုင်ငံ၏ လူ့စွမ်းအား အရည်အသွေး အနိမ့်အမြင့်ပေါ်မူတည်ပြီး ဖွံ့ဖြိုးနေကြသည်ကို တွေ့ရမည် ဖြစ်ပါကြောင်း၊ ပညာ အရည်အသွေး မြင့်မားသော နိုင်ငံသည် ရေရှည်တည်တံ့သည့် စီးပွားရေးဖွံ့ဖြိုးမှုရှိပြီး တစ်ဖန်ဖွံ့ဖြိုးသော နိုင်ငံသည် အရည်အသွေးမြင့်သော ပညာရေးကို ဖြည့်ဆည်းပေးနိုင်စွမ်း ရှိသည်ကို တွေ့ရပါကြောင်း။ 

ထိုစက်ဝိုင်း သံသရာထဲရောက်အောင် မိမိတို့ဦးတည်သွားရန် လိုအပ်ပါကြောင်း၊ တစ်နည်းအားဖြင့် ပညာရေးအရည်အသွေး အနိမ့်အမြင့်နှင့် စီးပွားရေးအနိမ့်အမြင့်တို့ တိုက်ရိုက်အချိုးကျနေပါကြောင်း၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများတွင် လက်တွေ့ မြင်နေရပါကြောင်း၊ ဝန်ကြီးဌာန ဝန်ထမ်းများက အရည်အသွေးကောင်းလျှင် ထိုဝန်ကြီးဌာန လုပ်ငန်း Efficiency ကောင်းမည်ဖြစ်ပြီး ထိုဝန်ထမ်းများ အရည်အသွေးညံ့လျှင် ယင်းဝန်ကြီး ဌာနသည် ညံ့မည်သာဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနများ၏ Efficiency တိုးတက် လာအောင် ရေတိုအနေဖြင့် ထိရောက်သော Training များများပေးရန်၊ ဆုပေးဒဏ်ပေး စနစ် ကျင့်သုံးရန်နှင့် ရေရှည်စီမံချက်တွင်  ပညာရေးကဏ္ဍထဲကိုသာ ရောက်သွားရမည် ဖြစ်ပါကြောင်း။

ပညာရေးဝန်ကြီးဌာနအောက် မဟုတ်သော တက္ကသိုလ်၊ ကောလိပ်များ သီးသန့်ပါဝင်သည့် ဝန်ကြီးဌာန ၁၂ ခုရှိပါကြောင်း၊ ယင်းတက္ကသိုလ်၊ ကောလိပ်များ၏ အရည်အသွေးမြင့်မား လာအောင် ဘယ်လိုလုပ်သင့်သည် ဆိုသည်ကိုလည်း ညှိနှိုင်းအစည်းအဝေး တွင် ခေါင်းစဉ် တစ်ခုအနေဖြင့် ပါမည် ဖြစ်ပါကြောင်း။
လူ့စွမ်းအား အရင်းအမြစ်တိုးတက်မှုကို အထောက်အကူပြုစေသော နိုင်ငံခြားပညာသင် စေလွှတ်မှုကိစ္စတွင် ယခင်က အတော်လေး တင်းကျပ်ခဲ့ပါကြောင်း၊ ယခုဆိုလျှင် ဖြေလျှော့မှုများ ပြုလုပ်ပေးထားပြီး ဖြစ်ပါကြောင်း၊ ယခုထက်ဖြေလျှော့နိုင်အောင်လည်း စဉ်းစားနေပါ ကြောင်း။

နိုင်ငံတော် အနေဖြင့် ဝန်ထမ်းရော၊ ဝန်ထမ်း မဟုတ်သူများရော၊ များများသွား များများသင် စေချင်ပါကြောင်း၊ များများတတ်ပြီး များများယှဉ်ပြိုင်စေချင်ပါကြောင်း၊ များများ အတွေ့အကြုံ ရစေချင်ပါကြောင်း၊ ပြီးလျှင် မိမိတို့၏ တိုင်းပြည်ကို ပြန်ပြီးများများ အလုပ်အကျွေးပြုစေချင်သည့် နိုင်ငံတော်၏ စေတနာနှင့် ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း။

နိုင်ငံခြားပညာသင်လွှတ်သည့် အရေအတွက်ကို နှိုင်းယှဉ်ပြရမည်ဆိုလျှင် ၂ဝ၁ဝ ခုနှစ်တွင် ၁၃၉၃ ဦး ၊ ၂ဝ၁၁ ခုနှစ်တွင် ၁၄၄၇ ဦး၊ ၂ဝ၁၂ခုနှစ်တွင် ၁၇၂၂ ဦးနဲ့ ဒီနှစ် ၂ဝ၁၃ ခုနှစ်တွင် ၂ဝဝဝ ကျော်သွားမည် ဖြစ်ပါကြောင်း၊ စိစစ်လုပ်ငန်းကြောင့် အချိန်လွန်ပြီး မသွားရခြင်း မဖြစ်ရအောင် ကြိုတင်ခွင့်ပြုချက်ဖြင့်လည်း စေလွှတ်ပေးနေပါကြောင်း၊ အလားတူ ပြည်ပမှ Workshop, Forum မိမိပြည်တွင်းမှာ လာရောက်လုပ်ပေးမည် ဆိုလျှင်လည်း အားလုံး ခွင့်ပြုပေးနေ ပါကြောင်း။

CESR ထဲမှ ဆွဲထုတ်လိုက်သည့် အခြေခံပညာကဏ္ဍ ရှေ့လုပ်ငန်းစဉ် (၁၂) ချက်၊ အဆင့်မြင့်ပညာကဏ္ဍ (၁၃) ချက်ထဲမှ (၂) ချက် ထောက်ပြလိုကြောင်း၊ အခြေခံမှာရော အဆင့်မြင့်ပါ ပညာရေးဝန်ထမ်းများ၏ လူမှုစီးပွားဘဝ မြှင့်တင်ရေးပင် ဖြစ်ပါကြောင်း။

ထို့အတူ ပညာသင်ယူနေသည့် ကျောင်းသားကျောင်းသူများအတွက် မိမိသင်ယူနေသော ပညာရပ်ကို စိတ်အေးချမ်းသာစွာ သင်ယူနိုင်အောင် တက္ကသိုလ်၊ ကောလိပ်ကျောင်းများလို ဣနြေ္ဒရရနေနိုင်အောင် လိုအပ်သည့် တက္ကသိုလ်၊ ကောလိပ်အဆောင်များ စီမံပေးရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်၏ လက်ရှိဘဏ္ဍာရေး အကန့်အသတ်ထဲမှနေပြီး ဘယ်နည်း ဘယ်ပုံနဲ့ အကြံပေးဘယ်လို အထောက်အပံ့ပေးနိုင်မည်ဆိုသည်ကို အလေးအနက်ထား ဆွေးနွေးကြရန် ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ အရေးတကြီး မြှင့်တင်ရန် လိုအပ်နေသည့်အချိန်၊ ရန်ကုန်မြို့ကြီးကဲ့သို့ အချက်အချာကျသည့် နေရာ၌ ပညာရှင်ပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံ၊ အလွှာပေါင်းစုံတို့နှင့် ဖွဲ့စည်းထားသည့် ဤကော်မတီအသီးသီးတို့၏ အင်အားဖြင့် မြန်မာနိုင်ငံ၏ ပညာရေးကို နိုင်ငံတကာအဆင့်မီ၊ လက်တွေ့အမှန်တကယ် တိုးတက် လာအောင် အားလုံးဝိုင်းဝန်း ဆွေးနွေး အကြံဥာဏ်ပေးကြစေလို ပါကြောင်းဖြင့် ပြောကြား သည်။

ထို့နောက် မူကြိုပညာရေးဆိုင်ရာ လုပ်ငန်းအဖွဲ့မှ ရန်ကုန်ပညာရေးတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ ခင်မျိုးမြင့်ကြူက ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပညာရေးမူဝါဒတို့နှင့် စပ်လျဉ်း၍လည်းကောင်း၊ အခြေခံပညာရေးနှင့် ဆက်စပ်လုပ်ငန်းအဖွဲ့နှင့် ကျောင်းပြင်ပနှင့် လူတိုင်းအကျုံးဝင် ပညာရေးဆိုင်ရာ လုပ်ငန်း အဖွဲ့မှ ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီဝင် ဦးတင်ညိုက စာမေးပွဲနှင့် ပညာရည်စစ်ဆေး တိုင်းတာမှု၊ အခြေခံပညာရေး တည်ဆောက်ပုံ (KG+ 5+ 4+3 )၊ ဆရာ ဆရာမများ၏ အရည်အသွေးမြင့်မားရေး၊ ပညာရေးစီမံ ခန့်ခွဲမှုလုပ်ငန်းများ၊ ကလေးဗဟိုပြု သင်ယူမှု ချဉ်းကပ်နည်း (CCA) ၊ကျောင်းပြင်ပ ပညာရေး၊ ဘုန်းတော်ကြီး သင်ပညာရေးနှင့် စပ်လျဉ်း၍လည်းကောင်း ၊ အဆငြ့်မင့် ပညာရေးနှင့် ဆက်စပ်လုပ်ငန်းပိုင်း အဖွဲ့မှ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ခင်ဆွေမြင့်က “လွှတ်တော်သို့ ကဏ္ဍ အလိုက် တင်သွင်းမည့် မူဝါဒဆိုင်ရာ အချက်အလက်များ” နှင့် စပ်လျဉ်း၍ လည်းကောင်း။

ကျန်းမာရေးဆိုင်ရာလုပ်ငန်းအဖွဲ့မှ သူနာပြုတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်(ငြိမ်း) ဒေါက်တာ ဒေါ်ခင်မေအုန်းက “တက္ကသိုလ်နှင့် သင်တန်းကျောင်းများ၊ ဆေးပညာ သင်ကြားရေး မျှော်မှန်းချက်၊ ပညာရေးမူဝါဒ၊ လက်တွေ့ကျသော လတ်တလော ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရန် ဆွေးနွေးထားရှိမှုများ” နှင့် စပ်လျဉ်း၍ လည်းကောင်း၊ နည်းပညာနှင့် အသက်မွေးဝမ်းကျောင်း ပညာရေးဆိုင်ရာ လုပ်ငန်းအဖွဲ့မှ နည်းပညာ တက္ကသိုလ် (မအူပင်) ဒုတိယပါမောက္ခချုပ် ဒေါက်တာဇော်မင်းနိုင်က နည်းပညာနှင့် သက်မွေးရေး ပညာရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများ၊ လတ်တလော ဆောင်ရွက်မည့် လုပ်ငန်းများ၊ TVET မူဝါဒများနှင့် စပ်လျဉ်း၍လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောပညာရေးဆိုင်ရာ လုပ်ငန်းအဖွဲ့မှ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ တင်ထွဋ်က ရေဆင်းတက္ကသိုလ်များ၏ မျှော်မှန်းချက်နှင့် အဓိကတာဝန်များ ချက်ချင်း လက်ငင်း ဆောင်ရွက်ရန် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ လည်းကောင်း ကဏ္ဍ အလိုက် ရှင်းလင်းတင်ပြဆွေးနွေးကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း၊ ခေတ္တပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးမြင့်နှင့် အခမ်းအနားသို့ တက်ရောက် လာကြသူများက ကဏ္ဍအလိုက် ဖြည့်စွက် ရှင်းလင်း တင်ပြကြသည်။
ဆက်လက်၍ အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်) ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆွေးနွေး တင်ြပချက်များနှင့် စပ်လျဉ်း၍ သုံးသပ် တင်ပြသည်။

ထို့နောက် ဒုတိယသမ္မတက တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြန်လည်ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပြီး ယနေ့ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီ၏ တင်ပြချက်များမှာ အားရစရာကောင်းပါကြောင်း၊ ကျေးဇူးတင်ပါကြောင်း၊ ပညာရေးကဏ္ဍ မြင့်မားစေဖို့ သင်ကြားပေးသည့် ဆရာ ဆရာမများ၏ သင်ယူသည့် အရည်အသွေး စွမ်းရည်မြင့်မားရန် ၎င်းတို့၏ လေ့လာသင်ကြားမှု အခြေအနေများ ကောင်းမွန်စေရန် လိုအပ်ပါကြောင်း၊ ဆရာဆရာမများ၏ ကောင်းမွန်သည့် လူမှုဘဝမြင့်မားရန် ဖန်တီးပေးရမည် ဖြစ်ပါကြောင်း၊ Life Long Learning ဖြစ်အောင် ဖန်တီးပေးရန် လိုအပ်ပါကြောင်း၊ သင်ယူသည့် ကျောင်းသားကျောင်းသူ များ အေးအေးချမ်းချမ်း သင်ယူနိုင်သည့် ပတ်ဝန်းကျင်ကို ဖန်တီးပေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများကို တော်လျှင်တော်သလို ဖန်တီးပေးပါမှ ပိုမိုကြိုးစားချင်စိတ်များ ရလာမည် ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ ပူးပေါင်း ဆောင်ရွက် ပါမှ ပညာရည် အရည်အသွေးများ မြင့်မားလာမည် ဖြစ်ပါကြောင်း၊ ပညာရေး သင်ထောက်ကူပစ္စည်းများ ပံ့ပိုးပေနိုင်ရန် အတွက်လည်း ကော်မတီက အကြံပြုပေးပါရန် ပြောကြားလိုပါကြောင်း။

နိုင်ငံတကာရှိ နာမည်ကျော် တက္ကသိုလ်များဖြစ်သည့် အောက်စ်ဖို့နှင့် ကိန်းဘရစ်တက္ကသိုလ် များကိုကြည့်လျှင် ခမ်းနားထည်ဝါမှုမှာ သာမန်မျှသာရှိသော်လည်း ပေါ်ထွက်လာသည့် အရည်အသွေးများမှာ မြင့်မားပါကြောင်း၊ မိမိတို့ တက္ကသိုလ်များမှာ ခမ်းနားထည်ဝါမှု သာလွန် ကောင်းမွန်သော်လည်း ပေါ်ထွက်လာသည့် အရည်အသွေးများမှာ ကောင်းမွန်မှု မရှိသေးပါကြောင်း။
တက္ကသိုလ်အဆောင်များ ထားရှိရေးအတွက် ခေတ်ကာလနှင့် လျော်ညီသော အခြေအနေများနှင့် အညီ ဆောင်ရွက်ပေးရန် လိုအပ် ပါကြောင်း၊ ဆရာဆရာမများ သတ်မှတ်ထားသည့် အချိုးအစားညီမျှဖို့ လိုအပ်ပါကြောင်း။

အစိုးရ ပြောင်းလဲသွားသော်လည်း ပညာရေးနှင့် ဆိုင်သည့် အမျိုးသား ဥပဒေတစ်ရပ် သတ်သတ်မှတ်မှတ် ရရှိမှာ ဖြစ်ပါကြောင်း၊ မည်သည့် အစိုးရပြောင်းပြောင်း ဥပဒေက တည်မြဲရန် လိုအပ်ပါကြောင်း၊ ပညာရှင်များ အနေဖြင့်လည်း ပညာရည်မြှင့်တင်မှု အကောင်အထည်ဖော်ရေးလုပ်ငန်းများ နိုင်ငံတကာ အဆင့်မီအောင် တိုင်တိုင်ပင်ပင် ဆွေးနွေး အကြံပြုပေးကြပါဟု တိုက်တွန်း လိုပါကြောင်းဖြင့် နိဂုံးချုပ်အမှာစကား ပြောကြားသည်။

အခမ်းအနားအပြီးတွင် ဒုတိယသမ္မတသည် တက်ရောက်လာကြသူများအား  ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။


ပညာရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲမှ ချမှတ်ခဲ့သော ရှေ့ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် (၁၉)ရပ်

(၁)
ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေးကော်မတီကို ဖွဲ့စည်းဆောင်ရွက်ရန်
(၂)
ပညာရှင်များ၏ အကြံဥာဏ်များကို စုစည်းပြီး ချက်ချင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအစဉ်များနှင့် ရေရှည် အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအစဉ်များကို ရေးဆွဲဆောင်ရွက်ရန်
(၃)
ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဦးစားပေးအဆင့် ရွေးချယ်သတ်မှတ်၍ ပြုပြင်ပြောင်းလဲရေးလုပ်ငန်း ဆောင်ရွက်ရန်
(၄)
ဝန်ထမ်းများကို မှန်မှန်ကန်ကန် သုံးသပ်အကဲဖြတ်နိုင်ရေးအတွက် ဝန်ထမ်းဆိုင်ရာ အချက်အလက် မှတ်တမ်းများကို စနစ်တကျ သီးသန့် ထိန်းသိမ်းထားရှိရန်
(၅)
ဝန်ထမ်းများအား ရာထူးတိုးခြင်း၊ ပြောင်းရွှေ့ခြင်း ပြုလုပ်ရာတွင် ဝန်ထမ်းများ၏ အရည်အသွေး၊ ကြိုးစားအားထုတ်မှု နှင့် ဆောင်ရွက်မှုရလဒ်ကို အခြေခံ၍ စိစစ် ဆောင်ရွက်သည့်စနစ် ပိုမိုပီပြင်စေရေး ဆောင်ရွက်ရန်
(၆)
အဂတိလိုက်စားမှု ပပျောက်ရေးအတွက် ပိုမိုထိရောက်သော ဆုပေးဒဏ်ပေး စနစ်ကို ထင်သာမြင်သာရှိအောင် ဆက်လက်ဆောင်ရွက်ရန်
(၇)
ကျောင်းသားများ၏ အသက်အရွယ်နှင့် ကိုက်ညီသော သင်ရိုးညွှန်းတမ်း၊ သင်ရိုး မာတိကာနှင့် ကျောင်းသုံး ဖတ်စာအုပ်များကို ပြန်လည်စိစစ်ပြီး ပြဋ္ဌာန်းပေးရန်
(၈)
ဆောင်ရွက်ရမည့် လုပ်ငန်းအလိုက် လုပ်ငန်းအဖွဲ့များဖွဲ့ရန်၊ ၎င်းအဖွဲ့များကို သက်ဆိုင်ရာလုပ်ငန်းကဏ္ဍမှ ပုဂ္ဂိုလ်များ ပြည့်စုံစွာ ပါဝင်သော အထူးတာဝန် ပေးအဖွဲ့ ဖွဲ့စည်း၍ ကြီးကြပ်ဆောင်ရွက်ရန်
(၉)
ပညာရေးကဏ္ဍ၊ ပညာရေးလုပ်ငန်းများတွင် ပါဝင်ဆက်စပ် ဆောင်ရွက်လျက်ရှိသော ဝန်ကြီးဌာန/ အဖွဲ့အစည်းများအချင်းချင်း အပြန်အလှန် ညှိနှိုင်း ဆောင်ရွက်ခြင်းများ ပြုလုပ်ရန်
(၁ဝ)
သက်ဆိုင်ရာ ဒေသအတွင်းရှိ တက္ကသိုလ် ပညာသင်လိုသူများ၏ လိုအပ်ချက်ကို အခြေခံ၍ တက္ကသိုလ်များ တည်ရှိမှုနှင့် ပို့ချလျက်ရှိသော သင်ကြားရေးဘာသာရပ် အမျိုးအစားများကို ပြန်လည်ဆန်းစစ် ပြုပြင်ရန်
(၁၁)
နိုင်ငံတကာတက္ကသိုလ်များနှင့် နားလည်မှု သဝဏ်လွှာ၊ သဘောတူညီမှု သဝဏ်လွှာများ ရေးထိုးခြင်းကိစ္စ၊ နိုင်ငံတကာ တက္ကသိုလ်နှင့် ပညာရေးဆိုင်ရာ အဖွဲ့အစည်းများမှ ဧည့်သည်များ လက်ခံတွေ့ဆုံခြင်း ကိစ္စအပါအဝင် လုပ်ငန်း လျင်မြန်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အစိုးရအဖွဲ့ ဆပ်ကော်မတီ (Delivery Unit) သို့ ဆက်သွယ်ဆောင်ရွက်ရန်
(၁၂)
ပညာရေးဥပဒေရေးဆွဲရာတွင် သင်ကြားမှုစနစ်၊ အဆင့်၊ အမျိုးအစားအလိုက် ခွဲခြားရေးသားရန်
(၁၃)
ဝန်ကြီးဌာန အသီးသီးရှိ ကျောင်းများ၏ ညနေကျောင်းအားချိန်များတွင် ဒေသနှင့် လိုက်လျောညီထွေသော အချိန်ပိုင်း သက်မွေး ပညာသင်တန်း/ လိုအပ်သည့် အသိပညာသင်တန်းများကို ပြည်တွင်း/ ပြည်ပဌာန၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ဥပဒေ လုပ်ထုံး လုပ်နည်းနှင့်အညီ ပူးပေါင်း၍ ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ရန်
(၁၄)
တက္ကသိုလ်များ အနေဖြင့် နိုင်ငံတော်၏ ဘဏ္ဍာငွေတစ်ခုတည်း အပေါ်တွင် မှီခိုနေမည့်အစား လွတ်လပ်စွာ ရန်ပုံငွေရှာ သုံးစွဲတာဝန်ခံ ဆောင်ရွက်ခွင့်ရှိသော အခြေအနေကို ဖြစ်နိုင်ခြေရှိသော တက္ကသိုလ်များ၌ စည်းမျဉ်းစည်းကမ်း ဥပဒေနှင့် အညီ ဆောင်ရွက်ရန်
(၁၅)
ကျောင်းသား ကျောင်းသူများ၏ စဉ်းစားတွေးခေါ်မှုနှင့် တီထွင်ဖန်တီးမှုစွမ်းရည်ကို ဖွံ့ဖြိုးစေသော သင်ကြား၊ သင်ယူမှုနှင့် စစ်ဆေးအကဲဖြတ်မှု စနစ်ကို တိုးမြှင့် ကျင့်သုံးရန်
(၁၆)
ပညာရေး ဝန်ထမ်းများ လူမှုဘဝမြှင့်တင်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ် များရှိ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ရန်
(၁၇)
လက်ရှိကျင့်သုံးနေသော စာမေးပွဲစစ်ဆေးမှုစနစ်ကို ပြုပြင်ပြောင်းလဲရန်အတွက် ဆန်းစစ်ရန်
(၁၈)
အရည်အသွေး အာမခံချက်ရှိသော ပညာရေးစနစ်ကို ဖော်ဆောင်ရန်
(၁၉)
အမျိုးသားအဆင့် အရည်အသွေး သတ်မှတ်ရေး မူဘောင် (National Qualifi- cation Framework- NQF) ကို ပီပီပြင်ပြင် ဖော်ဆောင်ရန်၊
--------------------------------------------------------------------------------------------------
ပညာရေးဝန်ကြီးဌာန
အမျိုးသားပညာရည် ဖွံ့ဖြိုးတိုးတက်မှု နှစ်ရှည်စီမံကိန်း (၂၀၁၁-၁၂ ခုနှစ်မှ ၂၀၃၀-၃၁ ခုနှစ်)
(အဆင့်မြင့် ပညာကဏ္ဍ)
ဦးစားပေးအလိုက် လုပ်ငန်းစဉ် (၁၃) ခု

စဉ်  
လုပ်ငန်းစဉ်
Quality Assurance စနစ်တည်ထောင်ရန်နှင့် နိုင်ငံတကာ တက္ကသိုလ်များ၊ ပညာရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေးလုပ်ငန်း အစီအစဉ်
တက္ကသိုလ် စီမံခန့်ခွဲရေးဆိုင်ရာ အရာထမ်းများ၊ ဆရာ ဆရာမများနှင့် ဓာတ်ခွဲခန်း ကျွမ်းကျင်ဝန်ထမ်းများ၏ အရည်အသွေး မြှင့်တင်ရေးလုပ်ငန်း အစီအစဉ်
ကျောင်းသား ကျောင်းသူများ၏ အရည်အသွေး မြှင့်တင်ရေးလုပ်ငန်း အစီအစဉ်
နိုင်ငံတကာအဆင့်မီ ပညာရည်မြင့်မားရေး ဖော်ဆောင်မည့် လုပ်ငန်းအစီအစဉ်
အင်္ဂလိပ်စာသင်ကြားမှု မြှင့်တင်ရေးလုပ်ငန်း အစီအစဉ်
နိုင်ငံတကာ ဆက်ဆံရေး ဘာသာရပ်၊ ဥပဒေဘာသာရပ်၊ စီးပွားရေးဘာသာရပ် သင်ကြားရေး မြှင့်တင်ရေး လုပ်ငန်းအစီအစဉ်
ပညာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များတွင် သင်ကြားရေး မဟာဌာန (Faculty) များ ဖွဲ့စည်းရေးလုပ်ငန်း အစီအစဉ်
နိုင်ငံတော်၏ စီးပွားရေးနှင့်စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို တိုက်ရိုက် အထောက် အကူပြုရန်နှင့် လိုအပ်သော အလယ်အလတ် ကျွမ်းကျင်ပညာရှင်များ၊ လုပ်သား များကို တက္ကသိုလ်များမှ အချိန်တိုအတွင်း မွေးထုတ်ပေးနိုင်ရန်အတွက် စက်မှု၊ သက်မွေးပညာရပ် လေ့ကျင့်သင်ကြားရေး (Technical Vocational Education Training: TVET) သင်တန်းများကို အခြားဝန်ကြီးဌာနများ၊ ပြင်ပလုပ်ငန်းရှင်များနှင့် တက္ကသိုလ်များ ပူးပေါင်း၍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုအစီအစဉ် (Human Resource Development Programme: HRD)ဖြင့် သင်တန်းများ တိုးချဲ့ ဖွင့်လှစ်ရေးလုပ်ငန်း အစီအစဉ်
တက္ကသိုလ်ပညာရပ် ဝန်းကျင်ကောင်း ဖန်တီးရေးဆိုင်ရာ လုပ်ငန်းအစီအစဉ်
၁၀
နိုင်ငံတကာ တက္ကသိုလ်များနှင့် ချိတ်ဆက်နိုင်သော ကွန်ရက်များ မြှင့်တင် ဆောင်ရွက်ရေးလုပ်ငန်း အစီအစဉ်
၁၁
တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးစနစ် ပြန်လည်ပြင်ဆင်ရေးလုပ်ငန်း အစီအစဉ်
၁၂
ပညာရေးဝန်ဆောင်မှု လုပ်ငန်းများတွင် ပုဂ္ဂလိက အခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဥပဒေများ ထုတ်ပြန်ပြဋ္ဌာန်း ဆောင်ရွက်ရေး အစီအစဉ်
၁၃
ပြည်တွင်း ပညာသင်ဆုများချီးမြှင့်၍ ဘာသာရပ်အလိုက် ထူးချွန်သော ပညာရှင်များ မွေးထုတ်မည့် လုပ်ငန်းအစီအစဉ်
------------------------------------------------------------------------------------------------------

ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေ

ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်ဥပဒေပြဋ္ဌာန်း

ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေ

(၂ဝ၁၁ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၄။)

၁၃၇၃ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက်

(၂ဝ၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်)

ပြည်ထောင်စုလွှတ်တော်သည်  အောက်ပါဥပဒေကို  ပြဋ္ဌာန်းလိုက်သည်။

အခန်း(၁)
အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤဥပဒေကို  ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေဟု  ခေါ်တွင်စေရမည်။

၂။ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည်   ဖော်ပြပါအတိုင်းအဓိပ္ပယ်သက်ရောက်စေရမည်-

(က)

ကိုယ်ပိုင်ကျောင်း ဆိုသည်မှာ ပညာရေးအရည်အသွေး မြင့်မားရေးအတွက်  ပညာရေးဝန်ကြီးဌာနက  သတ်မှတ်သော  အခြေခံပညာသင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာများပါ ဘာသာရပ်များအတိုင်းဖြစ်စေ၊ အဆိုပါ ဘာသာရပ် များအတွက် သင်ခန်းစာများ ထပ်ဆောင်း၍ဖြစ်စေ လေ့ကျင့်သင်ကြားပေးသော ပုဂ္ဂလိက တည်ထောင်ဖွင့်လှစ်သည့် အခြေခံပညာကျောင်းကို  ဆိုသည်။
(ခ)

ကိုယ်ပိုင်ကျောင်းဆရာ ဆိုသည်မှာ ကိုယ်ပိုင်ကျောင်းတွင် သင်ကြားရန်  ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်လက်မှတ် ရရှိသူကိုဆိုသည်။
(ဂ)

တည်ထောင်ဖွင့်လှစ်သူ ဆိုသည်မှာ ကိုယ်ပိုင်ကျောင်း တည်ထောင် ဖွင့်လှစ်ရန် ငွေကြေး၊ မြေနေရာ၊  စာသင်ဆောင်၊ ဘော်ဒါဆောင်၊ ပစ္စည်း၊ ပရိဘောဂ စသည့် အရင်းအနှီး စိုက်ထုတ်ထားသော ပုဂ္ဂိုလ်ကို ဆိုသည်။
         
(ဃ)ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်လက်မှတ် ဆိုသည်မှာ ကိုယ်ပိုင်ကျောင်း တည်ထောင် ဖွင့်လှစ်ခွင့် ရရှိသူအား ပညာရေးဝန်ကြီးဌာနက ကိုယ်ပိုင်ကျောင်းအဖြစ် အသိအမှတ်ပြုထုတ်ပေးသည့်  မှတ်ပုံတင်လက်မှတ်ကို ဆိုသည်။

(င)ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်လက်မှတ် ဆိုသည်မှာ ကိုယ်ပိုင် ကျောင်းဆရာအဖြစ်  သင်ကြားခွင့်ရရှိသူအား  ပညာရေးအရာရှိက  ကိုယ်ပိုင် ကျောင်းဆရာအဖြစ် အသိအမှတ်ပြု ထုတ်ပေးသည့် မှတ်ပုံတင် လက်မှတ်ကို ဆိုသည်။

(စ)ဘော်ဒါဆောင် ဆိုသည်မှာ ကိုယ်ပိုင်ကျောင်း၏  ကျောင်းသားများ နေထိုင်ရန် စီမံထားသော အဆောက်အအုံကို ဆိုသည်။

(ဆ) ထပ်ဆောင်းဘာသာရပ် ဆိုသည်မှာ သတ်မှတ်ထားသော ကျောင်းသင် ဘာသာရပ်များအပြင် ပညာရေးဝန်ကြီးဌာန၏  ခွင့်ပြုချက်ဖြင့် ထပ်ဆောင်း သင်ကြားပေးသော   ဘာသာစကား နှင့် ဘာသာရပ်များကို  ဆိုသည်။

(ဇ)ထပ်ဆောင်းသင်ခန်းစာများ ဆိုသည်မှာ ကျောင်းသင်ဘာသာရပ်ပါ သင်ခန်းစာ များအပြင် ထပ်ဆောင်း သင်ကြားသည့် သင်ခန်းစာများ၊ ထပ်ဆောင်းဘာသာရပ်တွင်  သင်ကြားသည့်  သင်ခန်းစာများကို ဆိုသည်။

(ဈ)ပညာရေးဝန်ကြီးဌာန   ဆိုသည်မှာ  ပြည်ထောင်စုအစိုးရအဖွဲ့၏ ပညာရေး ဝန်ကြီးဌာန ကို  ဆိုသည်။

(ည) ညွှန်ကြားရေးမှူးချုပ် ဆိုသည်မှာ သတ်မှတ်ထားသော တိုင်းဒေသကြီး သို့မဟုတ်   ပြည်နယ် ပညာရေး လုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲရန် တာဝန်ပေးခြင်းခံရသော   သက်ဆိုင်ရာအခြေခံပညာဦးစီးဌာန၏  ညွှန်ကြားရေးမှူးချုပ် ကို ဆိုသည်။

(ဋ) ပညာရေးအရာရှိ ဆိုသည်မှာ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ အခြေခံပညာရုံးများနှင့် ကျောင်းများကို ကြီးကြပ် ကွပ်ကဲရန် တာဝန်ပေးအပ်ထားသည့်  တိုင်းဒေသကြီး သို့မဟုတ်  ပြည်နယ် ပညာရေးမှူးကို  ဆိုသည်။

အခန်း(၂)
လုပ်ငန်းတာဝန်များ

၃။ပညာရေးဝန်ကြီးဌာန၏   လုပ်ငန်းတာဝန်များမှာ    အောက်ပါအတိုင်းဖြစ်သည်-

     (က)ကိုယ်ပိုင်ကျောင်းနှင့်   ကိုယ်ပိုင်ကျောင်းဆရာများနှင့်   ပတ်သက်၍မူဝါဒ ချမှတ်ခြင်း၊

     (ခ)ကိုယ်ပိုင်ကျောင်းနှင့်ကိုယ်ပိုင်ကျောင်းဆရာများအား ကြီးကြပ်ရေးနှင့်စပ်လျဉ်း၍
        ညွှန်ကြားရေးမှူးချုပ်များနှင့်ပညာရေးအရာရှိများအားလိုအပ်သလိုလမ်းညွှန်ခြင်းနှင့် 
         ကြီးကြပ်ကွပ်ကဲခြင်း၊

     (ဂ)ကိုယ်ပိုင်ကျောင်းတွင် သင်ကြားမည့်ထပ်ဆောင်း သင်ခန်းစာများအတွက်  စစ်ဆေးရေး 
        အဖွဲ့များ    ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း၊

    (ဃ) ကိုယ်ပိုင်ကျောင်း တည်ထောင်ဖွင့်လှစ်ခွင့်ပြုခြင်း၊ တည်ထောင်  ဖွင့်လှစ်ခွင့်ပြုရန် ငြင်းပယ်ခြင်း       သို့မဟုတ်ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်လက်မှတ်ကိုပယ်ဖျက်ခြင်း၊

 (င) ပြည်ထောင်စုအစိုးရအဖွဲ့က   အခါအားလျော်စွာပေးအပ်သော လုပ်ငန်း တာဝန်များကို  ထမ်းဆောင်ခြင်း။

(၄) ပညာရေးဝန်ကြီးဌာနသည် ကိုယ်ပိုင်ကျောင်း တည်ထောင်ဖွင့်လှစ်ခွင့်မပြုမီ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရထံမှ ကျောင်းတည်ထောင် ဖွင့်လှစ်ခွင့်နှင့်စပ်လျဉ်း၍  သဘောထားမှတ်ချက်  တောင်းခံရမည်။

(၅) ညွှန်ကြားရေးမှူးချုပ်၏    လုပ်ငန်းတာဝန်များမှာ    အောက်ပါအတိုင်းဖြစ်သည်-

(က)ကိုယ်ပိုင်ကျောင်းနှင့်    ကိုယ်ပိုင်ကျောင်းဆရာများ၏   လုပ်ငန်း ဆောင်ရွက်မှုများ စနစ်တကျရှိရေးနှင့် စည်းကမ်းတကျဖြစ်ရေးအတွက် သက်ဆိုင်ရာ ပညာရေးအရာရှိ များအား  ကြီးကြပ်ကွပ်ကဲခြင်း၊

(ခ) ကိုယ်ပိုင်ကျောင်း တည်ထောင်ဖွင့်လှစ်နိုင်ရေးအတွက် လျှောက်ထားချက် နှင့်စပ်လျဉ်း၍ လည်းကောင်း၊ စည်းကမ်းဖောက်ဖျက်သော ကိုယ်ပိုင်ကျောင်း သို့မဟုတ် သတ်မှတ်ချက်နှင့် ညီညွတ်ပြည့်စုံမှု မရှိသော ကိုယ်ပိုင်ကျောင်းနှင့် စပ်လျဉ်း၍ လည်းကောင်း ပညာရေးအရာရှိ၏ တင်ပြချက်အပေါ် သဘောထား မှတ်ချက်ဖြင့်  ပညာရေးဝန်ကြီးဌာနသို့ ဆက်လက်တင်ပြခြင်း၊

(ဂ) ထပ်ဆောင်းသင်ခန်းစာများ အတွက် စစ်ဆေးရေးအဖွဲ့များ  ဖွဲ့စည်း ဆောင်ရွက်ခြင်း၊

(ဃ)ထပ်ဆောင်းသင်ခန်းစာများကို စိစစ်၍ သဘောထားမှတ်ချက်ဖြင့် ပညာရေးဝန်ကြီးဌာနသို့ တင်ပြခြင်း၊ ပညာရေးဝန်ကြီးဌာန၏ သဘောထားမှတ်ချက်အား  ဆက်လက်အကြောင်း ကြားခြင်း၊

(င) ကိုယ်ပိုင်ကျောင်း၏  သင်ကြားမှုနှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့် ညီညွတ်မှုရှိ၊ မရှိ အခါအားလျော်စွာ စစ်ဆေးခြင်းနှင့် စစ်ဆေးစေခြင်း၊

(စ) ကိုယ်ပိုင်ကျောင်းဆရာနှင့် စပ်လျဉ်း၍ ပညာရေးအရာရှိ၏ ဆုံးဖြတ်ချက် အပေါ် အယူခံမှုကို အဆုံး အဖြတ်ပေးခြင်း၊

(ဆ) ပုဒ်မခွဲ(စ)အရချမှတ်သော ညွှန်ကြားရေးမှူးချုပ်၏ ဆုံးဖြတ်ချက်သည်  အပြီးအပြတ် ဖြစ်ခြင်း၊

(ဇ) ပညာရေးဝန်ကြီးဌာနက အခါအားလျော်စွာပေးအပ်သည့် လုပ်ငန်း တာဝန်များကို  ထမ်းဆောင်ခြင်း။

၆။ပညာရေးအရာရှိ၏  လုပ်ငန်းတာဝန်များမှာ  အောက်ပါအတိုင်းဖြစ်သည်-

      (က) ကိုယ်ပိုင်ကျောင်းတည်ထောင် ဖွင့်လှစ်နိုင်ရေးအတွက် လျှောက်ထားချက်နှင့်
            စပ်လျဉ်း၍အဖွဲ့ဖွဲ့စည်းပြီး ကွင်းဆင်း စစ်ဆေးစေခြင်းနှင့် စစ်ဆေးတွေ့ရှိချက်ကို
           သဘောထား     မှတ်ချက်ဖြင့် ညွှန်ကြားရေးမှူးချုပ်ထံ  တင်ပြခြင်း၊ 

(ခ)      စည်းကမ်းဖောက်ဖျက်သော ကိုယ်ပိုင်ကျောင်း သိုမဟုတ် သတ်မှတ်ချက်နှင့် ညီညွတ်ပြည့်စုံမှု မရှိသော ကိုယ်ပိုင်ကျောင်းနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးတွေ့ရှိချက်ကို သဘောထား မှတ်ချက်နှင့်အတူ ညွှန်ကြားရေးမှူးချုပ်ထံ  တင်ပြခြင်း၊

(ဂ)     ထပ်ဆောင်းဘာသာရပ်အတွက် ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင် လက်မှတ်ရရှိရန် လျှောက်ထားလာပါက  ညွှန်ကြားရေးမှူးချုပ်ထံတင်ပြ၍  သဘောထားမှတ်ချက်ရယူခြင်း၊

(ဃ)     ကိုယ်ပိုင်ကျောင်းဆရာ     မှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်းနှင့် ထုတ်ပေးရန်  ငြင်းပယ်ခြင်း၊

(င)      ထပ်ဆောင်းသင်ခန်းစာများအပေါ် သဘောထားမှတ်ချက်ဖြင့် ညွှန်ကြားရေးမှူချုပ်ထံ တင်ပြခြင်း၊ ညွှန်ကြားရေးမှူးချုပ်၏ သဘောထားမှတ်ချက်အရ   သင်ကြားရန်ခွင့်ပြုခြင်း  သို့မဟုတ် သင်ကြားခွင့်ပြုရန်  ငြင်းပယ်ခြင်း၊

(စ)     စည်းကမ်းဖောက်ဖျက်သော ကိုယ်ပိုင်ကျောင်းဆရာကို သတိပေးခြင်း၊ ကိုယ်ပိုင် ကျောင်းဆရာ မှတ်ပုံတင် လက်မှတ်ကို ကာလအကန့်အသတ်ဖြင့်  ရပ်ဆိုင်းခြင်း  သို့မဟုတ်  ပယ်ဖျက်ခြင်း၊

(ဆ)     ကိုယ်ပိုင်ကျောင်း၏ သင်ကြားမှုနှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့် ညီညွတ်မှုရှိ၊မရှိ အခါအားလျော်စွာ စစ်ဆေးခြင်းနှင့် စစ်ဆေးစေခြင်း၊

(ဇ)      ပညာရေးဝန်ကြီးဌာနနှင့် ညွှန်ကြားရေးမှူးချုပ်တို့က အခါအားလျော်စွာ ပေးအပ်သည့်  လုပ်ငန်းတာဝန် များကို ထမ်းဆောင်ခြင်း။

အခန်း (၃)

ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်း

၇။
(က)
ကိုယ်ပိုင်ကျောင်း  တည်ထောင်ဖွင့်လှစ်ရာတွင်-
                       
                   (၁)  ပြည်ပနိုင်ငံအကူအညီဖြင့် တည်ထောင်ဖွင့်လှစ်သောကျောင်း မဖြစ်စေရ။
                   
                  (၂)  နိုင်ငံခြားအဖွဲ့အစည်းမှ ဦးစီးတည်ထောင်ဖွင့်လှစ်သော သို့မဟုတ် ထိုအဖွဲ့ 
                        အစည်း၏   အကူအညီဖြင့်  တည်ထောင်ဖွင့်လှစ်သောကျောင်း  မဖြစ်စေရ။ 

                 (၃)  သာသနာပြုကျောင်း  မဖြစ်စေရ။
  
           (ခ)  ကိုယ်ပိုင်ကျောင်း တည်ထောင်ဖွင့်လှစ်လိုသော ပုဂ္ဂိုလ်သည် အောက်ပါ
                 အချက်များနှင့်   ကိုက်ညီရမည်-
             
           (၁)  တစ်ဦးတည်းက   တည်ထောင်ဖွင့်လှစ်လိုခြင်း ဖြစ်ပါက မြန်မာနိုင်ငံသားဖြစ်ခြင်း၊

           (၂) အဖွဲ့အစည်းက တည်ထောင်ဖွင့်လှစ်လိုခြင်း ဖြစ်ပါက ထိုအဖွဲ့အစည်း၏ 
               အုပ်ချုပ်မှုအဖွဲ့ဝင်  အားလုံးသည်  မြန်မာနိုင်ငံသား ဖြစ်ခြင်း။
           
(၈)    ကိုယ်ပိုင်ကျောင်း တည်ထောင်ဖွင့်လှစ်နိုင်ရန်   အောက်ပါလိုအပ်ချက်များနှင့် ပြည့်စုံရမည်-

         (က)  အခြေခံပညာမူလတန်းကျောင်း၊  အလယ်တန်းကျောင်း 
              သို့မဟုတ်  အထက်တန်း ကျောင်းကို  ဖွင့်လှစ်ရန်  စီမံထားရှိခြင်း၊ 

        (ခ)   ကျောင်းပတ်ဝန်းကျင်၊  ကျောင်းဝင်း၊  ကျောင်းစာသင်ခန်းများသည် 
               ကျန်းမာရေးနှင့်  ညီညွတ်၍  သန့်ရှင်း စင်ကြယ်မှုရှိခြင်း၊ 

        (ဂ)   ကျောင်းအဆောက်အအုံသည် ကျောင်းအဖြစ်အသုံးပြုနိုင်သည့်  အခြေအနေရှိခြင်း၊

        (ဃ)  ကျောင်းသားများ၏ အသက်အရွယ်နှင့်  ကျောင်းသားဦးရေအလိုက် ကျောင်းသုံး
                ပရိဘောဂ၊ သင်ကြားမှုအထောက်အကူကိရိယာပစ္စည်းများ၊ နေရာထိုင်ခင်းများ၊  
                ကျောင်းစုဝေးပွဲနှင့်  အားကစား ပြုလုပ်ရန် နေရာများ  သင့်တင့်လုံလောက်စွာ ရှိခြင်း၊ 

        (င)  ထပ်ဆောင်းသင်ခန်းစာများကို  ပြည့်စုံမှန်ကန်စွာ  ပြုစုတင်ပြခြင်း၊

        (စ)   ကိုယ်ပိုင်ကျောင်း၏  အတန်းများတွင် ဘာသာရပ်အလိုက် သင်ကြားမည့် 
                ကိုယ်ပိုင်ကျောင်း  ဆရာဦးရေ  လုံလောက်မှုရှိခြင်း၊ 
        (ဆ)  ကိုယ်ပိုင်ကျောင်းတွင် သင်ကြားမည့် ရက်သတ္တတပတ် သင်ကြားမှု 
                 အစီအစဉ်ကို  စနစ်တကျ ရေးဆွဲထားခြင်း၊ 

        (ဇ)   ဘော်ဒါဆောင်ထားရှိပါက-
                  (၁) ဘော်ဒါဆောင် အဆောက်အအုံသည် ဘော်ဒါဆောင်အဖြစ် 
                       အသုံးပြုနိုင်သည့် အခြေအနေရှိခြင်း၊ 

                  (၂)  အမျိုးသားဘော်ဒါဆောင်နှင့်   အမျိုးသမီးဘော်ဒါဆောင်များကို 
                        သီးခြားစီ  ထားရှိပြီး ဘော်ဒါဆောင်အား လုံခြုံစွာ ကာရံထားရှိခြင်း၊ 

                  (၃)  ဘော်ဒါဆောင်အလိုက်  အဆောင်မှူးထားရှိခြင်း၊

                   (၄)  အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု    အစီအမံများထားရှိခြင်း၊
                  
                   (၅)  ကျန်းမာရေးနှင့်ညီညွတ်သည့်  စားရိပ်သာ စီစဉ်ထားရှိခြင်း။

၉။     ပုဒ်မ ၇ ပါ အချက်များနှင့်ကိုက်ညီသောပုဂ္ဂိုလ်သည် ပုဒ်မ ၈ ပါ လိုအပ်ချက်များနှင့် ပြည့်စုံသော ကိုယ်ပိုင်ကျောင်း တည်ထောင်ဖွင့်လှစ်လိုပါက သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ပညာရေးမှူးရုံးသို့ လျှောက်ထားရမည်။

၁ဝ။
(က)

ပညာရေးအရာရှိသည် ပုဒ်မ ၉ အရ လျှောက်ထားချက်ကို သတ်မှတ်ချက်နှင့် အညီစိစစ်ပြီး   သဘောထား မှတ်ချက်ဖြင့် ညွှန်ကြားရေးမှူးချုပ်ထံ  တင်ပြရမည်။

          (ခ)     ညွှန်ကြားရေးမှူးချုပ်သည် ပုဒ်မခွဲ (က) အရ ပညာရေးအရာရှိ၏ 
                   တင်ပြချက်အပေါ်   သတ်မှတ်ချက်များနှင့်အညီ စိစစ်ပြီး သဘောထား မှတ်ချက်ဖြင့်  
                  ပညာရေးဝန်ကြီးဌာနသို့ တင်ပြရမည်။ 

        (ဂ)     ပညာရေးဝန်ကြီးဌာနသည် ပုဒ်မခွဲ(ခ)အရတင်ပြသော ကိုယ်ပိုင်ကျောင်း  
                  မှတ်ပုံတင် လျှောက်လွှာများကို  စိစစ်ပြီး  ကိုယ်ပိုင်ကျောင်း တည်ထောင်
                  ဖွင့်လှစ်ရန်    ခွင့်ပြုခြင်း  သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။ 

       (ဃ)     ပညာရေးဝန်ကြီးဌာနသည် ကိုယ်ပိုင်ကျောင်း တည်ထောင်ဖွင့်လှစ်ခွင့် မပြုမီ 
                  သက်ဆိုင်ရာ  တိုင်းဒေသကြီး  သို့မဟုတ်  ပြည်နယ်အစိုးရထံမှ ကျောင်းတည်ထောင် 
                  ဖွင့်လှစ်ခွင့်နှင့် စပ်လျဉ်း၍   သဘောထား မှတ်ချက် တောင်းခံရမည်။ 
   
       (င)      ပုဒ်မခွဲ(ဂ) အရ ချမှတ်သော ပညာရေးဝန်ကြီးဌာန၏ 
                 အဆုံးအဖြတ်သည်   အပြီးအပြတ် ဖြစ်သည်။ 

၁၁။     ပုဒ်မ ၁ဝ၊ ပုဒ်မခွဲ(ဂ)အရ ကိုယ်ပိုင်ကျောင်း တည်ထောင်ဖွင့်လှစ်ခွင့်ပြုပါက သတ်မှတ်ထားသည့် မှတ်ပုံတင်ကြေး ပေးသွင်းစေပြီး သက်ဆိုင်ရာ လျှောက်ထားသူအား ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် လက်မှတ်ကို စည်းကမ်းချက်များနှင့်အတူ ပညာရေးဝန်ကြီးဌာနက  ထုတ်ပေးရမည်။

၁၂။   သက်ဆိုင်ရာ ပညာရေးအရာရှိသည် မှတ်ပုံတင်ခွင့်ရရှိသည့် ကိုယ်ပိုင်ကျောင်း၏ အချက်အလက်ကို မှတ်ပုံတင်စာအုပ်တွင် ရေးသွင်းရမည်။ ထိုမှတ်ပုံတင်စာအုပ်ကို အများပြည်သူတို့အား သင့်လျော်သောအချိန်တွင် ကြည့်ရှုစစ်ဆေး ခွင့်ပြုရမည်။

၁၃။     တည်ထောင်ဖွင့်လှစ်သူသည် ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်လက်မှတ်ကို ထိုကိုယ်ပိုင်ကျောင်းတွင် အများပြည်သူတို့  မြင်သာသည့်နေရာ၌ ချိတ်ဆွဲထားရမည်။

၁၄။     တည်ထောင်ဖွင့်လှစ်သူသည် ကိုယ်ပိုင်ကျောင်းကို  ဆက်လက်တည်ထောင် ဖွင့်လှစ်လိုပါက  သတ်မှတ်ထားသည့် နှစ်စဉ်ကြေးကို  သတ်မှတ်ချက်များနှင့်အညီ ပေးသွင်းရမည်။

၁၅။     တည်ထောင်ဖွင့်လှစ်သူသည် ကိုယ်ပိုင်ကျောင်းဆရာ နုတ်ထွက်လျှင်ဖြစ်စေ၊ အသစ်ခန့်ထားလျှင် ဖြစ်စေ     သတ်မှတ်ချက်များနှင့်အညီ    ပညာရေးအရာရှိထံ အသိပေးတင်ပြရမည်။

၁၆။မည်သည့် ကိုယ်ပိုင်ကျောင်းမဆို အောက်ပါအချက်များကို လိုက်နာရမည်-

         (က)  ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် 
                 အချုပ်အခြာ  အာဏာ  တည်တံ့ခိုင်မြဲရေးတို့ကို အလေးထား ဆောင်ရွက်ခြင်း၊ 

          (ခ)   ပုဒ်မ ၈ ပါကိုယ်ပိုင်ကျောင်း တည်ထောင်ဖွင့်လှစ်ရန်
                 လိုအပ်သည့်  အချက်များကို ပြည့်စုံစွာ ဆောင်ရွက်ခြင်း၊ 

          (ဂ)   ကိုယ်ပိုင်ကျောင်းကို စနစ်တကျ စီမံခန့်ခွဲနိုင်သည့် အရည်အချင်းနှင့်
                 ပြည့်စုံသူကိုသာ ကိုယ်ပိုင်ကျောင်း ကြီးကြပ်အုပ်ချုပ်သူ
                 အဖြစ်    တာဝန်ပေး ဆောင်ရွက်စေခြင်း၊ 

         (ဃ)    သက်ဆိုင်ရာပညာသင်နှစ်အတွက် သတ်မှတ်ထားသည့် နှစ်စဉ်ကြေး
                    ပေးသွင်းပြီးသော  ကိုယ်ပိုင်ကျောင်း ဆရာ  မှတ်ပုံတင်လက်မှတ်
                    ရှိသူကိုသာ   သင်ကြားခွင့်ပြုခြင်း၊ 

        (င)   ကျောင်းသားများ၏စာရိတ္တဗလ၊ဉာဏဗလ၊ကာယဗလစွမ်းရည်များ မြင့်မားတိုးတက် 
                စေသည့်ပတ်ဝန်းကျင်အခြေအနေသို့မဟုတ်သင်ကြားရေးအခြေအနေဖြစ်ပေါ်စေရန်
                 ဆောင်ရွက်ခြင်း၊ 

        (စ)   ကိုယ်ပိုင်ကျောင်း၌ သင်ကြားပေးသည့် အကြောင်းအရာများသည်
                မြန်မာနိုင်ငံသား  ကလေးများအတွက် သင့်လျော်မှုရှိစေရန်နှင့် ကိုယ်ပိုင် ကျောင်းဆရာများ၏ 
                သင်ကြားမှု တိုးတက်စေရန်  ဆောင်ရွက်ခြင်း၊ 

        (ဆ)  ကိုယ်ပိုင်ကျောင်းတွင် ကျောင်းသားများအား နိုင်ငံတော်၏အကျိုးကို ထိခိုက်သော 
                သို့မဟုတ်  နိုင်ငံတော်၏မူဝါဒနှင့်  ဆန့်ကျင်သော အကြောင်းအရာများသင်ကြားမှု၊
                 လေ့ကျင့်ခန်းပေးမှု  သို့မဟုတ် ယင်းသို့ပြုလုပ်ရန်စီစဉ်ဆောင်ရွက်မှုများကို  မပြုရခြင်း၊ 

         (ဇ)   ကိုယ်ပိုင်ကျောင်းတွင် အတန်းအသီးသီး၏ ဘာသာရပ်များ၌ဖြစ်စေ၊ထပ်ဆောင်း
                  သင်ခန်းစာများ၌ ဖြစ်စေ သက်ဆိုင်ရာအတန်းအတွက် သတ်မှတ်သည့်
                    သင်ရိုးမာတိကာ ထက်    လျော့နည်းမှု မရှိစေရန် ဆောင်ရွက်ခြင်း၊

         (ဈ)    ထပ်ဆောင်းသင်ခန်းစာများအားတိကျစွာသင်ကြားနိုင်ရန် ကြပ်မတ် ဆောင်ရွက်ခြင်း၊

         (ည)   ပုဒ်မ ၃၇ အရ တာဝန်ဝတ္တရား ဆောင်ရွက်နေသူ တစ်ဦးဦးကို အလွယ်တကူဝင်ရောက် 
                   စစ်ဆေးဆောင်ရွက်ခွင့်ပြုခြင်း၊

          (ဋ)    ကျောင်းသားတစ်ဦးချင်းအလိုက်အရည်အချင်းမှတ်တမ်းချုပ် တစ်ခုစီနှင့် ကျောင်းဝင်၊
                  ကျောင်းထွက်၊ ကျောင်းပြောင်းစာရင်းများကို သတ်မှတ်ထားသည့်အတိုင်း
                 စနစ်တကျ   ထားရှိခြင်း၊

          (ဌ)   ကျောင်းသားတစ်ဦးချင်း၏ အသက်၊  မွေးသက္ကရာဇ်ကို ပညာရေးဝန်ကြီးဌာနက
                   သတ်မှတ်ထားသော  ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ  စိစစ်ထားရှိခြင်း၊

           (ဍ)   ကိုယ်ပိုင်ကျောင်း၏ ရသုံးငွေစာရင်းများကို ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းများနှင့်
                  အညီ  ထားရှိစေခြင်း၊ ထိုစာရင်းများကိုလည်း သက်ဆိုင်ရာ  တာဝန်ရှိသူများအား  
                 အချိန်မရွေး  ကြည့်ရှုစစ်ဆေး ခွင့်ပြုခြင်း၊

           (ဎ)  စာမေးပွဲများ မှန်မှန်ကျင်းပ၍ ကျောင်းသားများကို ပညာအရည်အချင်းအလျောက်
                 အတန်းတင်၊အတန်းခွဲပေးခြင်းနှင့် ကျောင်းပြောင်း၊ ကျောင်းထွက်လက်မှတ်များ
                  ထုတ်ပေးခြင်း၊

         (ဏ)   ဘာသာရပ်အလိုက် သင်ကြားမည့် ကိုယ်ပိုင်ကျောင်းဆရာနှင့် သင်ကြားမှု
                  အထောက်အကူ ပစ္စည်းများ လုံလောက်စွာ စီမံထားရှိသင်ကြားခြင်းနှင့်
                 ပညာရေးဝန်ကြီးဌာနကသတ်မှတ်ညွှန်ကြားသည့်လုပ်ငန်းများကိုထိရောက်အောင်မြင်စွာ
                   ဆောင်ရွက်ခြင်း၊

          (တ)   ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ရရှိမှသာ တည်ထောင်ဖွင့်လှစ်သူ
                    ပြောင်းလဲခြင်း  သို့မဟုတ်  ကိုယ်ပိုင်ကျောင်း အမည်ပြောင်းလဲခြင်း၊

          (ထ)   မိဘအုပ်ထိန်းသူ၏  သဘောတူညီချက်ရရှိမှသာ ကျောင်းသား၏အမည်ကို 
                    ပြောင်းလဲခြင်း သို့မဟုတ် ထပ်ဆောင်း အမည်ပေးခြင်း၊ 

          (ဒ)     သင့်လျော်သော ကျောင်းဝတ်စုံကို သတ်မှတ်ခြင်း၊ (ယင်းသို့ သတ်မှတ်ရာတွင် 
                  အခြား ကိုယ်ပိုင်ကျောင်းများနှင့် ကွဲပြားစေရန်အလို့ငှာ ဝတ်စုံအရောင်ကို
                   သတ်မှတ် ပေးနိုင်သည်။) 

         (ဓ)      ဘာသာရေးဆိုင်ရာ သင်ခန်းစာများကို သင်ကြားပို့ချခွင့် မပြုခြင်း၊

         (န)      ကိုယ်ပိုင်ကျောင်းနှင့် သက်ဆိုင်သည့်   စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ခြင်း။

        
အခန်း(၄)

ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း

၁၇။      (က)      အောက်ပါပုဂ္ဂိုလ် တစ်ဦးဦးသည် ကိုယ်ပိုင်ကျောင်းဆရာအဖြစ်လုပ်ကိုင်လိုပါက
                            ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်လက်မှတ်ရရှိရန် သတ်မှတ်ချက်များနှင့်အညီ
                             သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ပညာရေးမှူးရုံးသို့ 
                            လျှောက်ထားရမည်-
                 (၁)       ပြည်တွင်း  သို့မဟုတ်  ပြည်ပတက္ကသိုလ် တစ်ခုခုမှ  ပါရဂူဘွဲ့ သို့မဟုတ်
                             ပညာရေးဘွဲ့ရရှိသူ၊     
                 (၂)        ပြည်တွင်း သို့မဟုတ် ပြည်ပတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး ဆရာအတတ်ပညာ
                             ဆိုင်ရာ ဒီပလိုမာ သို့မဟုတ် လက်မှတ်ရရှိသူ၊    
                 (၃)       ပြည်တွင်း သို့မဟုတ် ပြည်ပတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး ပညာရေး ဝန်ကြီးဌာနက
                             ဖွင့်လှစ်သော   ဆရာအတတ်ပညာရက်တိုသင်တန်းဆင်းလက်မှတ် ရရှိသူ။ 

           (ခ)            ပုဒ်မခွဲ(က)ပါ ပညာရေးဘွဲ့၊ ဆရာအတတ်ပညာဆိုင်ရာ ဒီပလိုမာ၊ လက်မှတ်
                           သို့မဟုတ် ပညာရေး ဝန်ကြီးဌာနက ဖွင့်လှစ်သောဆရာအတတ်ပညာရက်တို
                           သင်တန်းဆင်း လက်မှတ် မရရှိစေကာမူ ပြည်တွင်း သို့မဟုတ် ပြည်ပ
                           တက္ကသိုလ်တစ်ခုခုမှ   ဘွဲ့ရရှိပြီး  တက္ကသိုလ်၊ ကောလိပ်  သို့မဟုတ် အခြေခံ
                           ပညာကျောင်းတွင် ဆရာအဖြစ်ဖြစ်စေ၊ နိုင်ငံတော်မှ ခွင့်ပြုထားသည့်
                           ဘာသာပြဆရာအဖြစ် ဖြစ်စေ ဆောင်ရွက်ခဲ့ပြီး ဘာသာရပ် ဆိုင်ရာသင်ကြား
                          မှုအတွေ့အကြုံအနည်းဆုံးကိုယ်ပိုင်ငါးနှစ်ရှိသူသည်  ကျောင်းဆရာအဖြစ်
                          လျှောက်ထားခွင့်ရှိသည်။    

၁၈။   ပညာရေးအရာရှိသည် ပုဒ်မ ၁၇ အရ လျှောက်ထားချက်ကို သတ်မှတ်ချက် များနှင့်အညီ  စိစစ်ပြီး ကိုယ်ပိုင်ကျောင်းဆရာ  မှတ်ပုံတင် လက်မှတ်ထုတ်ပေးရန်ခွင့်ပြုခြင်း  သို့မဟုတ်  ငြင်းပယ်ခြင်း  ပြုနိုင်သည်။

၁၉။ ပညာရေးအရာရှိသည်-

(က)ပုဒ်မ ၁၈ အရ ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်လက်မှတ် ထုတ်ပေးရန် ခွင့်ပြုပါက သတ်မှတ်ထားသည့်  မှတ်ပုံတင်ကြေးပေးသွင်းစေပြီး သက်ဆိုင်ရာလျှောက်ထားသူအား  ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်လက်မှတ်ကို  စည်းကမ်းချက်များနှင့်အတူ  ထုတ်ပေးရမည်။

 (ခ) ပုဒ်မခွဲ(က)အရ ထုတ်ပေးသော  ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင် လက်မှတ်တွင်  သင်ကြားခွင့်ပြုသည့် ဘာသာရပ်နှင့် အခြေခံပညာအဆင့် ကိုဖော်ပြရမည်။

၂ဝ။    ကိုယ်ပိုင်ကျောင်းဆရာသည် သက်ဆိုင်ရာ ပညာသင်နှစ်အတွက်   သတ်မှတ်သည့် နှစ်စဉ်ကြေးကို  သတ်မှတ်ချက်များနှင့်အညီ ပေးသွင်း၍  ကိုယ်ပိုင်ကျောင်း ဆရာအဖြစ်  ဆက်လက် လုပ်ကိုင်နိုင်သည်။

၂၁။     ကိုယ်ပိုင်ကျောင်းဆရာသည် သတ်မှတ်ထားသော  စည်းကမ်းချက်များကို လိုက်နာ ရမည်။

၂၂။     ပညာရေးအရာရှိသည်  ကိုယ်ပိုင်ကျောင်းဆရာနှင့် သက်ဆိုင်သည့် စည်းကမ်းချက် တစ်ရပ်ရပ်ကို  လိုက်နာရန် ပျက်ကွက်သော  ကိုယ်ပိုင်ကျောင်းဆရာအား သတိပေးခြင်း ဖြစ်စေ၊ ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်ကို  ကာလအကန့်အသတ်ဖြင့်  ရပ်ဆိုင်းခြင်း  သို့မဟုတ်  ပယ်ဖျက်ခြင်းဖြစ်စေ  ပြုနိုင်သည်။

အခန်း(၅)

စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းနှင့် အယူခံခြင်း

၂၃။   ပညာရေးဝန်ကြီးဌာနသည် ပုဒ်မ ၁၆ ပါအချက်တစ်ရပ်ရပ်ကို လိုက်နာရန် ပျက်ကွက်သော တည်ထောင်ဖွင့်လှစ်သူကို သတိပေးခြင်း သို့မဟုတ် ယင်း၏ ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်လက်မှတ်ကို ပယ်ဖျက်ခြင်း  ပြုနိုင်သည်။

၂၄။ပညာရေးဝန်ကြီးဌာနသည်-

      (က) ကိုယ်ပိုင်ကျောင်းတစ်ကျောင်း၏ ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်လက်မှတ်ကို ပယ်ဖျက်ခြင်းမပြုမီ မည်သည့် အကြောင်းကြောင့် ထိုကိုယ်ပိုင်ကျောင်း၏ မှတ်ပုံတင်လက်မှတ်ကို မပယ်ဖျက်သင့်ကြောင်း ရက်ပေါင်း ၃ဝ အတွင်း ချေပလွှာတင်သွင်းနိုင်ရန်  တည်ထောင် ဖွင့်လှစ်သူထံ အကြောင်းကြားစာ  ပေးပို့ရမည်။

(ခ) ကျေနပ်ဖွယ်ရာ အကြောင်းပြချက်ဖြင့် ချေပခြင်းမပြုနိုင်သော တည်ထောင် ဖွင့်လှစ်သူ၏ ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်လက်မှတ်ကို ပယ်ဖျက်ရမည်။

၂၅။     ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်  ပယ်ဖျက်ခြင်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာနက ချမှတ်သည့် အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်သည်။

၂၆။   ကိုယ်ပိုင်ကျောင်းဆရာနှင့်ပတ်သက်၍ ပညာရေးအရာရှိ၏ အမိန့် သို့မဟုတ် ဆုံးဖြတ်ချက် တစ်ရပ်ရပ်ကို မကျေနပ်သူသည် ယင်းအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၃ဝ အတွင်း သတ်မှတ်ချက်များနှင့်အညီ ညွှန်ကြားရေးမှူးချုပ်ထံ  အယူခံနိုင်သည်။

၂၇။     ညွှန်ကြားရေးမှူးချုပ်သည် ပုဒ်မ ၂၆ အရ အယူခံမှုတွင် ပညာရေးအရာရှိ၏ အမိန့်  သို့မဟုတ်  ဆုံးဖြတ်ချက်ကို  အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုနိုင်သည်။ ညွှန်ကြားရေးမှူးချုပ် ၏ အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်သည်။


အခန်း(၆)

တားမြစ်ချက်များ

၂၈။     မည်သူမျှ ကိုယ်ပိုင်ကျောင်းမှတ်ပုံတင် လက်မှတ်မရှိဘဲ ကိုယ်ပိုင်ကျောင်း တည်ထောင်ဖွင့်လှစ်ခြင်း မပြုရ။

၂၉။     မည်သူမျှ ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်လက်မှတ်မရှိဘဲ ကိုယ်ပိုင်ကျောင်း ဆရာအဖြစ်  ဆောင်ရွက်ခြင်း မပြုရ။

၃ဝ။     မည်သူမျှ သင်ကြားရမည့် ဘာသာရပ်နှင့် သက်ဆိုင်ခြင်းမရှိသည့် နိုင်ငံရေး သို့မဟုတ် ဘာသာရေးဆိုင်ရာ အကြောင်းအရာများကို ကိုယ်ပိုင်ကျောင်းများတွင် ဟောပြောခြင်း  သို့မဟုတ်  ပို့ချခြင်းမပြုရ။

၃၁။ မည်သူမျှ-

(က)

ကိုယ်ပိုင်ကျောင်းမှတ်ပုံတင် လျှောက်လွှာတွင် အချက်အလက်များကို မမှန်မကန်  ဖော်ပြခြင်း မပြုရ။


(ခ)

ကိုယ်ပိုင်ကျောင်းမှတ်ပုံတင် လက်မှတ်ပါ အချက်အလက်တစ်ခုခုကို ပြင်ဆင် ပြောင်လဲခြင်း မပြုရ။

(ဂ)
ကိုယ်ပိုင်ကျောင်းနှင့် စပ်လျဉ်း၍  မမှန်မကန်ကြော်ငြာခြင်း  မပြုရ။

(ဃ)
ကိုယ်ပိုင်ကျောင်းမှတ်ပုံတင် လက်မှတ်ကို  အခြားသူအား လွှဲပြောင်း သုံးစွဲခွင့်မပြုရ။

           (င)ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်မရရှိဘဲ ပညာသင်နှစ်အတွင်း မိမိသဘော 
              ဆန္ဒအလျောက် ကိုယ်ပိုင်ကျောင်းကို အပြီးပိတ်သိမ်းခြင်းမပြုရ။

၃၂။ မည်သူမျှ-

(က)

ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်လျှောက်လွှာတွင် အချက်အလက်များကို မမှန်မကန် ဖော်ပြခြင်း မပြုရ။

(ခ)

ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်လက်မှတ်ပါ အချက်အလက်တစ်ခုခုကို ပြင်ဆင် ပြောင်းလဲခြင်းမပြုရ။

(ဂ)
ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်လက်မှတ်ကို အခြားသူအား လွှဲပြောင်းသုံးစွဲခွင့်  မပြုရ။

အခန်း(၇)

ပြစ်မှုနှင့်ပြစ်ဒဏ်များ

၃၃။     မည်သူမဆို ပုဒ်မ ၂၈ ပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ကျခံစေရမည့် အပြင်  ကျပ်သုံးသိန်း ထက်မပိုသော  ငွေဒဏ်လည်း  ချမှတ်ရမည်။

၃၄။     မည်သူမဆို ပုဒ်မ ၃ဝ နှင့် ၃၁ တို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး တစ်နှစ်မှ အများဆုံး သုံးနှစ် အထိ  ထောင်ဒဏ်ကျခံစေရမည့် အပြင်  ကျပ်သုံးသိန်း ထက်မပိုသော  ငွေဒဏ်လည်း  ချမှတ်ရမည်။

၃၅။     မည်သူမဆို ပုဒ်မ ၂၉ နှင့် ၃၂ တို့ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ  ချမှတ်ရမည်။

အခန်း(၈)

အထွေထွေ

၃၆။     ကိုယ်ပိုင်ကျောင်းတည်ထောင် ဖွင့်လှစ်နိုင်ရန် ပုဒ်မ ၈၊ ပုဒ်မခွဲ (က)ပါ လိုအပ်ချက် နှင့်စပ်လျဉ်း၍  ဒေသဆိုင်ရာ အခြေအနေ ပေါ်မူတည်ပြီး  မူလတန်းသီးသန့်ဖြစ်စေ၊  အလယ်တန်းသီးသန့်ဖြစ်စေ၊  အထက်တန်းသီးသန့်ဖြစ်စေ ပိုင်းခြား ဖွင့်လှစ်ခြင်းကို ပြည်ထောင်စုအစိုးရ ပညာရေးဝန်ကြီးဌာနက ခွင့်ပြုနိုင်သည်။

၃၇။     ပညာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် သို့မဟုတ် ပညာရေးအရာရှိက တာဝန် ပေးအပ်သည့် မြို့နယ် ပညာရေးမှူး အဆင့်ထက် မနိမ့်သူသည် မည်သည့် ကိုယ်ပိုင်ကျောင်းကိုမဆို သွားရောက် ကြည့်ရှုခြင်းနှင့် စစ်ဆေး ခြင်း၊ ထိုကိုယ်ပိုင်ကျောင်းနှင့် သက်ဆိုင်သည့် အကြောင်းအရာတစ်ခုခုကို စုံစမ်းမေးမြန်းခြင်း သို့မဟုတ်  သက်ဆိုင်ရာ စာတမ်းအမှတ်အသားများကို တောင်းယူကြည့်ရှုခြင်း ပြုလုပ် နိုင်သည့်ပြင် ထိုသို့ ပြုလုပ်ရန်အလို့ငှာ  မည်သည့် ကိုယ်ပိုင်ကျောင်းကိုမဆို ဝင်ရောက်နိုင်သည်။

၃၈။     ဤဥပဒေပါ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်။

၃၉။     ဤဥပဒေအရတရားစွဲဆိုရာတွင် ပညာရေးဝန်ကြီးဌာန၏ ကြိုတင်ခွင့်ပြုမိန့်ရယူပြီး သက်ဆိုင်ရာ ပညာရေးအရာရှိက  ပညာရေးဝန်ကြီး ဌာနကိုယ်စား တရားစွဲဆိုရမည်။

၎ဝ။     ဤဥပဒေ အရသော်လည်းကောင်း၊ ဤဥပဒေအရပြုသည့် နည်းဥပဒေတစ်ခုခုအရ သော်လည်းကောင်း  သဘောရိုးဖြင့် ပြုသည့် သို့မဟုတ် ပြုလုပ်ရန် ကြံရွယ်သည့် ကိစ္စအတွက် မည်သူ့ကိုမျှ တရားမကြောင်းအရဖြစ်စေ၊ ပြစ်မှုကြောင်းအရဖြစ်စေ  တရားစွဲဆိုခြင်းမပြုရ။

၄၁။     တည်ထောင်ဖွင့်လှစ်သူက လည်းကောင်း၊ ကိုယ်ပိုင်ကျောင်းဆရာက လည်းကောင်း ပေးသွင်းရမည့် မှတ်ပုံတင်ကြေး၊ နှစ်စဉ်ကြေးနှင့် အခြားအခကြေးငွေတို့သည်  ပညာရေး ဝန်ကြီးဌာနက  သတ်မှတ်သည့် အတိုင်း ဖြစ်သည်။

၄၂။ ဤဥပဒေပါ   ပြဌာန်းချက်များကို   အကောင်အထည်ဖော်  ဆောင်ရွက်ရာတွင်-

(က)

ပညာရေးဝန်ကြီးဌာနသည် လိုအပ်သော နည်းဥပဒေများ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘော တူညီချက်ဖြင့်လည်းကောင်း၊ လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့်  လုပ်ထုံးလုပ်နည်းများကိုလည်းကောင်း ထုတ်ပြန် နိုင်သည်။
          (ခ) ပညာရေးဝန်ကြီးဌာနက တာဝန်ပေးအပ်သည့် ဦးစီးဌာနသည်
              လိုအပ်သော   အမိန့်နှင့်ညွှန်ကြားချက်များကို  ထုတ်ပြန်နိုင်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ် ရေးထိုးသည်။

(ပုံ) သိန်းစိန်

      နိုင်ငံတော်သမ္မတ

           ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်



           
                     
              



    






 

 

 

No comments:

Post a Comment