ငြိမ်းချမ်းရေး

ငြိမ်းချမ်းရေး

......................................................................................................................................................................................................

ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ အပစ်အခတ် ရပ်စဲရေးအတွက်လည်း တော်တော်လေး ခရီးရောက်နေပါပြီ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ အပစ်အခတ် ရပ်စဲရေးကို ခြွင်းချက်မရှိ အကောင်အထည်ဖော်ဖို့ ဆွေးနွေးခဲ့

နေပြည်တော် ဇန်နဝါရီ ၁၂
နိုင်ငံတော်သမ္မတနှင့် နိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ တိုင်းရင်းသား ကိုယ်စားလှယ်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲကို ဇန်နဝါရီ ၁၂ ရက်က နိုင်ငံတော်သမ္မတအိမ်တော် ငုရွှေဝါခန်းမ၌ ကျင်းပရာ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသူအချို့အား သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါသည်။

ဦးခွန်သန်းမြင့်
(ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး-ကရင်ပြည်နယ်)
"အခုဆွေးနွေးပွဲက ပထမအကြိမ်ပါ။ အားလုံးကလည်း တိုင်းပြည်ကောင်းစားဖို့ပဲ ဘုံ ရည်မှန်းချက်ထားပြီး သဘောထား ဆွေးနွေးခဲ့ကြတယ်။ တိုင်းရင်းသားဝန်ကြီး ၂၉ ဦး ဆုံဖို့ ကလည်း မလွယ်ဘူး။ ခေါင်းဆောင်တွေ စုံစုံလင်လင်နဲ့ဆွေးနွေးတာ ဒါပထမအကြိမ်ပဲ။ နောက်ထပ် ပါသင့်ပါထိုက်တဲ့လူတွေအားလုံး ပါဝင်တဲ့နိုင်ငံရေး ဆွေးနွေးပွဲတစ်ရပ် ထပ်လုပ်ဦးမှာပါ။ အဲဒါကလည်း သမ္မတကြီးအနေနဲ့ ဒီနိုင်ငံရေးဆွေးနွေးပွဲမှာ အားလုံးပါဝင်ဖို့ ဆန္ဒရှိနေတာပါ။ အခုကတော့ ၄၈ ဦးပါ။ ပိုပြီး စုံစုံလင်လင်ဖြစ်သွားအောင် ပါသင့်ပါထိုက်တဲ့ တိုင်းဒေသကြီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသခြောက်ခုက ဥက္ကဋ္ဌတွေကိုလည်း ဖိတ်ဖို့ ရှိပါတယ်။ ဘယ်အချိန်တွေ့မလဲဆိုတော့ သင့်တော်တဲ့အချိန်ပေါ့။ အဲဒီလိုလည်း ဆွေးနွေးပွဲ မှာ ဆုံးဖြတ်ထားပါတယ်။ အခြေခံဥပဒေပြင်ဆင်ဖို့ ဆိုတာတွေလည်း လွှတ်တော်မှာ ဆွေးနွေးတယ်လေ။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကလည်း ပြောပါတယ်။ ကျွန်တော်တို့ နိုင်ငံက ဒီမိုကရေစီ သက်တမ်းနုနေသေးတော့ အဆင့်တိုင်း အဆင့်တိုင်းမှာ သတိထားပြီးတော့ ပြောင်းလဲရမှာပါ။ ကျွန်တော်တို့ နိုင်ငံနဲ့ အလားတူ အရှေ့ အလယ်ပိုင်းမှာဆို အာရပ်နွေဦးက အရင်ဆုံးပြောင်းလဲခဲ့တာပဲ။ သူတို့နိုင်ငံမှာလို ပြောင်းလဲမှုမျိုး မဟုတ်ဘဲ ကျွန်တော်တို့နိုင်ငံက ညင်ညင်သာသာနဲ့ ပြောင်းလဲတာလေ။ အဲဒါကြောင့် ကမ္ဘာကလည်း ချီးကျူးခဲ့တာပါ။ ဒါဟာလည်း ကျွန်တော်တို့နိုင်ငံရဲ့ ထူးခြားချက် တစ်ခုပါ။ ဘာကြောင့်လဲဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့်ပါ။ ဒါ့အပြင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ အပစ်အခတ် ရပ်စဲရေး အတွက်လည်း တော်တော်လေး ခရီးရောက်နေပါပြီ။ သမ္မတကြီးရဲ့ ရည်မှန်းချက်ကတော့ လာမယ့် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့မှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို သမိုင်းဝင် ဖြစ်အောင် အဲဒီနေ့မှာ လက်မှတ်ရေးထိုးနိုင်အောင် ကြိုးစားနေပါတယ်။ ဖြစ်အောင်လည်း ကြိုးစားနေတယ်။ ဖြစ်ဖို့လည်း ယုံကြည်ပါတယ်။ အဲဒီမှာ ဆွေးနွေးပွဲအောင်မြင်ဖို့အတွက် တတိယလူ ကြားလူပေါ့။ ဟိုအဖွဲ့ကိုလည်း တွေ့မယ်၊ ဒီအဖွဲ့ကိုလည်း တွေ့မယ်ဆိုတဲ့ တတိယ အဖွဲ့တစ်ခုဖွဲ့ဖို့လည်း ဆွေးနွေးခဲ့ကြပါတယ်။ ဟိုတစ်ချိန်ကလိုပဲ သမိုင်းဝင်နေ့မှာ သမိုင်းဝင် လက်မှတ်ရေးထိုးနိုင်အောင် ကြိုးစားနေတာပါ။ ဒါတွေကိုလည်း ဆွေးနွေး ခဲ့ပါတယ်။ လွတ်လပ်ပြီး တရားမျှတဖို့ ဆိုတာလည်း ၂၀၁၅ ရွေးကောက်ပွဲမှာ ဒါဟာလည်း အချက်တစ်ချက်ပေါ့။ တည်ငြိမ်အေးချမ်းဖို့နဲ့ တရားဥပဒေစိုးမိုဖို့လည်း အရေးကြီးပါတယ်။ တရားမျှတမှုရှိမှသာ သာတူညီမျှမှုရှိမှာလေ။ အဲဒါကလည်း အားလုံးမှာ တာဝန်ရှိပါတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေရော၊ ပါတီအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်တွေရော၊ ပြည်သူ တွေရော အသိရှိရှိနဲ့ ပါဝင်သွားမယ်ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲဟာ တရားမျှတပြီး အောင်မြင်စွာ ပြီးဆုံးသွားမှာပါ။ အဲဒါတွေလည်း ဆွေးနွေးခဲ့ကြပါတယ်။ အခု ဆွေးနွေး ခဲ့ကြတဲ့ ဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီးလည်း ကျေနပ်အားရမှု ရှိပါတယ်"။

ဦးနိုင်ချစ်ဦး
(မွန်တိုင်းရင်းသားရေးရာဝန်ကြီး-ကရင်ပြည်နယ်)
"ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ပေါ်ထွန်းစေရေး၊ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အခြေခံတဲ့ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးနဲ့ ဆိုင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ စတင်ကျင်းပနိုင်ဖို့ လွတ်လပ်ပြီး တရားမျှတတဲ့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ရေးနဲ့ ညင်သာတဲ့ အသွင်ကူးပြောင်းမှုနိုင်ငံရေး လုပ်ငန်းစဉ်ပေါ်ပေါက်ရေးနဲ့ ကျန်ရှိနေတဲ့ ကြားကာလနိုင်ငံရေး တည်ငြိမ်မှု စတာတွေကို ဆွေးနွေးတဲ့နေရာမှာ ငြိမ်းချမ်းရေးကိစ္စနဲ့ပတ်သက်ပြီး တိုင်းရင်းသားတွေနဲ့ လွန်ခဲ့တဲ့ နှစ်တွေကတည်းက ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာပါ။ တိုင်းရင်းသားတွေ လိုချင်တာက တန်းတူ အခွင့်အရေးရဖို့နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပါ။ တစ်နည်းအားဖြင့်ပြောရရင် အနှစ်သာရ ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုပါ။ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို အမှန်တကယ် ဖော်ဆောင်နိုင်ခဲ့မယ်ဆိုရင် ပိုကောင်းမှာပါ။ နောက်တစ်ချက်ကတော ၂၀၁၅ ရွေးကောက်ပွဲ ဟာ တရားမျှတပြီး လွတ်လပ်ဖို့လိုတယ်။ အဲဒါကြောင့် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် ဘယ်လိုဆက်ပြီး လုပ်ဆောင်သွားမယ်ဆိုတာလည်း အရေးကြီးတယ်။ အဓိက ပြောချင် တာကတော့ ဆွေးနွေးနေဖို့ပါပဲ။ ဆွေးနွေးနေရင် အဖြေထွက်မှာပါ။ များများတွေ့ပြီး များများဆွေးနွေးစေချင်တယ်"။


ဒေါက်တာ မင်းနွယ်စိုး
(မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ)
"ဒီကနေ့ဆွေးနွေးခဲ့တာက အချက်သုံးချက်ကို ဆွေးနွေးခဲ့တာပါ။ ကျွန်တော် ဘာဆွေးနွေး ခဲ့သလဲဆိုရင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ ၂၀၀၈ ဖွဲ့စည်းပုံပါ တချို့သော ပုဒ်မတွေ ပြင်ဆင်ရေးဆွဲဖို့ လိုအပ်တယ်ဆိုတာ ကျွန်တော်တို့ဆွေးနွေးခဲ့တယ်။ နောက်တစ်ချက်က တော့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ဆိုတာပါ။ ဒါနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ တိတိကျကျ အကောင်အထည်ဖော်ဖို့ လိုပါတယ်။ နိုင်ငံတော်နဲ့ တိုင်းဒေသကြီးတွေရဲ့ လုပ်ပိုင်ခွင့်တွေကို တိတိကျကျဖြစ်ဖို့ ပြောင်းလဲမှုမှာ ပြောပြောနေတဲ့ ထိပ်ပိုင်းကတော့ ပြောင်းပြီး အောက်ပိုင်းကတော့ ပြောင်းဖို့လိုသေးတယ်ဆိုတာတွေ ဆွေးနွေးခဲ့တယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ အပစ်အခတ်ရပ်စဲရေးကို ခြွင်းချက် မရှိ အကောင်အထည်ဖော်ဖို့ ဆွေးနွေးခဲ့ကြတယ်။ အပစ်အခတ်ရပ်စဲတာနဲ့တင် မပြီး သေးဘူး။ နိုင်ငံရေးဆွေးနွေးပွဲကို သွားရဦးမယ်ဆိုတော့ မူဘောင်ဆိုတာ တစ်ခုတည်း ဖြစ်ဖို့ လိုပါတယ်။ အဲဒီ မူဘောင်ပေါ်မှာ ဆွေးနွေးမှာဖြစ်ပါတယ်။ မူဘောင်ကိုလည်း ကြိုတင် စဉ်းစားထားဖို့ လိုပါမယ်။ အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့အစည်းနဲ့လည်း ဆွေးနွေးရပါမယ်။ အစိုးရနဲ့ ပြည်သူလည်း ဆွေးနွေးရပါမယ်။ အဲ့ဒီလို ဆွေးနွေးလိုက်ရင် တစ်ဖွဲ့ချင်းဆီကနေ အဖြေထွက်လာလိမ့်မယ်။ ထွက်ပြီးရင် ထပ်ပြီးဆွေးနွေးရပါမယ်။ အဲဒါကမှ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြုလုပ်ရမယ်။ ဆွေနွေးပွဲကနေ ရလာတဲ့ ရလဒ်တွေကို အခြေခံဥပဒေမှာ ဘယ်လိုထည့်မလဲ ဆိုတာနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့လည်း လိုပါဦးမယ်။ နောက်တစ်ခု လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ညင်သာတဲ့ အသွင်ကူးပြောင်းရေးလည်း ဖြစ်စေချင်တယ်။ မြို့နယ်၊ ရပ်/ကျေး မဲရုံတွေမှာ တာဝန်ကျတဲ့ ပုဂ္ဂိုလ်တွေကလည်း လက်ရှိ အုပ်ချုပ်နေတဲ့ အစိုးရ (သို့မဟုတ်) အာဏာရပါတီ၊ ပါတီကြီးတွေရဲ့ ဩဇာကင်းတဲ့ လူတွေ ဖြစ်ရမယ်။ ၂၀၁၅ ရွေးကောက်ပွဲပြီးရင်လည်း တစ်မျိုးသားလုံးကို ကိုယ်စားပြုတဲ့သူတွေကပဲ အုပ်ချုပ်သွားစေချင်တယ်။ အဲဒါကတော့ ကျွန်တော်တို့ရဲ့ ဆန္ဒပါ။ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူး ဆိုတာကတော့ အခြေအနေအရပေါ့။ အခု ဆွေးနွေးပွဲကနေ ၂၀၁၅ ရွေးကောက်ပွဲအတွက် ဘာဖြစ်လာမလဲဆိုတာ မပြောနိုင်ပါဘူး။ တစ်ခါတည်းဆွေးနွေးရုံနဲ့တော့ ရလဒ်ကောင်း ရမလာနိုင်ပါဘူး။ များများဆွေးနွေးရမယ်။ အဲဒါမှ အမြင်မတူတာတွေ ပေါင်းစပ်ကာ ကိုယ့်အမြင်က သူ့အမြင်လောက်မကောင်းရင် ကောင်းတဲ့ဟာကို လက်ခံရမှာပဲလေ။ အဲဒါတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးခဲ့မှုနဲ့ ပတ်သက်ပြီးလည်း သတင်း ထုတ်ပြန်သွားမှာပါ"။

 


==============================================
နိုင်ငံတော်သမ္မတနှင့် နိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ တိုင်းရင်းသား ကိုယ်စားလှယ်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲနှင့် စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲ ကျင်းပ


နေပြည်တော် ဇန်နဝါရီ ၁၂
ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတအိမ်တော် ငုရွှေဝါခန်းမ၌ ပြုလုပ်ခဲ့သည့် တွေ့ဆုံ ဆွေးနွေးပွဲနှင့် စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲကို ညနေ ၄ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မေးမြန်းချက်များကို ပြန်လည် ဖြေကြားခဲ့သည်။


ယနေ့သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်းပြည်ပ သတင်းထောက် ၇၀ တက်ရောက်ခဲ့ ကြသည်။

===============================================
ဇန်နဝါရီ ၁၂ ရက် နိုင်ငံရေးဆွေးနွေးပွဲ တက်ရောက်သူများ
နေပြည်တော် ဇန်နဝါရီ ၁၂

စဉ်
အမည်
အဖွဲ့အစည်း/တာဝန်
၁။
ဦးသိန်းစိန်
နိုင်ငံတော်သမ္မတ
၂။
ဒေါက်တာစိုင်းမောက်ခမ်း
ဒုတိယသမ္မတ
၃။
ဦးဉာဏ်ထွန်း
ဒုတိယသမ္မတ
၎။
သူရဦးရွှေမန်း
ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ
၅။
ဦးခင်အောင်မြင့်
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ
၆။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
၇။
ဦးတင်အေး
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ
၈။
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်
၉။
ဦးဌေးဦး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
၁၀။
ဒေါ်အောင်ဆန်းစုကြည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
၁၁။
ဦးသန်းတင်
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
၁၂။
ဦးခင်မောင်ဆွေ
ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ်အဖွဲ့ (FDA)
၁၃။
ဦးစိုင်းအိုက်ပေါင်း

ညီနောင်တိုင်းရင်းသားများပါတီဖက်ဒရေးရှင်း (NBF)
၁၄။
ဦးခွန်ထွန်းဦး
ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ (UNA)
၁၅။
ဒေါက်တာမနာမ်တူးဂျာ
ကချင်ပြည်နယ်ဒီမိုကရေစီပါတီ
၁၆။
ဦးဖိုးရယ်
လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ
၁၇။
ဦးစောထွန်းအောင်မြင့်
ကရင်ပြည်သူ့ပါတီ
၁၈။
ဦးဇိုဇမ်း
ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ
၁၉။
ဒေါက်တာမင်းနွယ်စိုး
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ
၂၀။
ဦးအေးသာအောင်
ရခိုင်အမျိုးသားပါတီ
၂၁။
ဦးခင်မောင်ဆွေ
ဗမာတိုင်းရင်းသားရေးရာဝန်ကြီး (ကချင်ပြည်နယ်)
၂၂။
ဒေါ်ခင်ပြုံးရည်

ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး (ကချင်ပြည်နယ်)
၂၃။
ဦးအားဆီ
လီဆူးတိုင်းရင်းသားရေးရာဝန်ကြီး (ကချင်ပြည်နယ်)
၂၄။
ဦးဂွမ်ရိန်ဒီး
ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီး (ကချင်ပြည်နယ်)
၂၅။
ဦးစိန်ဦး
ဗမာတိုင်းရင်းသားရေးရာဝန်ကြီး (ကယားပြည်နယ်)
၂၆။
ဦးခင်ကြူး
ဗမာတိုင်းရင်းသားရေးရာဝန်ကြီး (ကရင်ပြည်နယ်)
၂၇။
ဦးနိုင်ချစ်ဦး
မွန်တိုင်းရင်းသားရေးရာဝန်ကြီး (ကရင်ပြည်နယ်)
၂၈။
ဦးခွန်သန်းမြင့်
ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး (ကရင်ပြည်နယ်)
၂၉။
ဦးစန်းရွှေ
ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး (စစ်ကိုင်းတိုင်းဒေသကြီး)
၃၀။
ဦးနိုထန်ကပ်

ချင်းတိုင်းရင်းသားရေးရာဝန်ကြီး (စစ်ကိုင်းတိုင်းဒေသကြီး)
၃၁။
ဦးစောဟာဘီး

ကရင်တိုင်းရင်းသားရေးရာဝန်ကြီး (တနင်္သာရီတိုင်းဒေသကြီး)
၃၂။
ဦးစောဂျူဘလီစံလှ

ကရင်တိုင်းရင်းသားရေးရာဝန်ကြီး (ပဲခူးတိုင်းဒေသကြီး)
၃၃။
ဦးဆလိုင်းလှထွန်း
ချင်းတိုင်းရင်းသားရေးရာဝန်ကြီး (မကွေးတိုင်းဒေသကြီး)
၃၄။
ဦးစိုင်းမောင်လှ
ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး (မန္တလေးတိုင်းဒေသကြီး)
၃၅။
ဦးသက်ဝင်း
ဗမာတိုင်းရင်းသားရေးရာဝန်ကြီး (မွန်ပြည်နယ်)
၃၆။
ဦးခွန်ဖေမြ
ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး (မွန်ပြည်နယ်)
၃၇။
ဦးစောအောင်ကျော်သိန်း

ကရင်တိုင်းရင်းသားရေးရာဝန်ကြီး (မွန်ပြည်နယ်)
၃၈။
ဦးကိုကိုနိုင်

ချင်းတိုင်းရင်းသားရေးရာဝန်ကြီး (ရခိုင်ပြည်နယ်)
၃၉။
ဦးဇော်အေးမောင်
ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး (ရန်ကုန်တိုင်းဒေသကြီး)
၄၀။
ဦးနိုင်ဝင်း

ဗမာတိုင်းရင်းသားရေးရာဝန်ကြီး (ရှမ်းပြည်နယ်)
၄၁။
ဦးဝင်းမြင့်

အင်းတိုင်းရင်းသားရေးရာဝန်ကြီး (ရှမ်းပြည်နယ်)
၄၂။
ဦးပီတာသောင်းစိန်
ကော် (အခါ) တိုင်းရင်းသားရေးရာဝန်ကြီး (ရှမ်းပြည်နယ်)
၄၃။
ဦးရှာမွေလရှဲန်

လားဟူတိုင်းရင်းသားရေးရာဝန်ကြီး (ရှမ်းပြည်နယ်)
၄၄။
ဦးဒူဝါဇုတ်ဒေါင်

ကချင်(ဂျိန်းဖော)တိုင်းရင်းသားရေးရာဝန်ကြီး (ရှမ်းပြည်နယ်)
၄၅။
ဦးလောရင်

ကယန်း(ပဒေါင်)တိုင်းရင်းသားရေးရာဝန်ကြီး (ရှမ်းပြည်နယ်)
၄၆။
ဦးဝှန်ဆန်(ခ)ယောဝိ

လီဆူးတိုင်းရင်းသားရေးရာဝန်ကြီး (ရှမ်းပြည်နယ်)
၄၇။
ဦးဘကြူး

ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး (ဧရာဝတီတိုင်းဒေသကြီး)
၄၈။
ဦးမန်းသန်းရွှေ

ကရင်တိုင်းရင်းသားရေးရာဝန်ကြီး (ဧရာဝတီတိုင်းဒေသကြီး)

===============================================
 

 ရလဒ်ကောင်းများဖြင့် နိုင်ငံရေး ဆွေးနွေးပွဲဆီသို့ 

နေပြည်တော် ဇန်နဝါရီ ၁၂

နိုင်ငံတော်သမ္မတနှင့် နိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ တိုင်းရင်းသား ကိုယ်စားလှယ်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတအိမ်တော်၌ ပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော နိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းရင်းသားရေး ရာ ဝန်ကြီးများနှင့် တိုင်းရင်းသား ကိုယ်စားလှယ်ခေါင်းဆောင် အချို့နှင့် ဆွေးနွေးပွဲ အပြီးတွင် မြန်မာ့အလင်း က တွေ့ဆုံမေးမြန်းခဲ့သည်။ 

ဦးခွန်သန်းမြင့် ( ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး၊ ကရင်ပြည်နယ်) 
နိုင်ငံတော်သမ္မတနှင့်တွေ့ဆုံပွဲကို တိုင်းရင်းသားခေါင်းဆောင်ကိုယ်စားလှယ် ၄၈ ဦး တက်ရောက်ပါတယ်။

ဒီလို တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံတာဟာ အလွန်ကောင်းတဲ့လုပ်ရပ်ပါ။ အဆင့်တိုင်းမှာ ညင်သာစွာပြောင်းလဲဖို့ လိုပါတယ်။ အခုအချိန်မှာ မြန်မာနိုင်ငံရဲ့ ပြောင်းလဲမှုကို ကမ္ဘာက ချီးကျူးနေရပါတယ်။ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေလည်း အတော် ခရီးရောက်နေ ပါပြီ။
သမ္မတကြီးရဲ့ ရည်မှန်းချက်က ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့)မှာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုး နိုင်မယ်လို့ ယုံကြည်ပါတယ်။

ပင်လုံစာချုပ်လို သမိုင်းဝင်နေ့မှာ ဒုတိယအကြိမ် အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ် ရေး ထိုးနိုင်အောင် ဆွေးနွေးခဲ့ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာလည်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အပြင် တည် ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးဖို့လည်း အရေးကြီးပါတယ်။ တရားဥပဒေစိုးမိုးမှု/ တည်ငြိမ်မှု မရှိရင် ဘက်လိုက်မှုရှိနိုင်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားခေါင်းဆောင်တွေ၊ ပါတီတွေ၊ ပြည်သူတွေအားလုံးမှာ တာဝန်ရှိပါတယ်။

ဒီနေ့အားလုံးရဲ့ ဆွေးနွေးတင်ပြမှုတွေ အပေါ်မှာ သဘောတူညီမှုတွေ ရှိသလို မတူညီတာ တွေလည်း ရှိပါတယ်။

ဦးစောအောင်ကျော်သိန်း (ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊မွန်ပြည်နယ်)
ဒီတွေ့ဆုံပွဲမှာ အချက်သုံးချက်နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။ ဒီမိုကရေစီအသွင် ကူးပြောင်းရေးနဲ့ ပြုပြင်ပြောင်းလဲမှုများ ဆက်လက် ဖြစ်ထွန်းစေရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေခံတဲ့ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးဆိုင်ရာ ဆွေးနွေးပွဲ၊ လွတ်လပ်ပြီး တရား မျှတသော ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး၊ ညင်သာသော အသွင်ကူးပြောင်းမှု နိုင်ငံရေး လုပ်ငန်းစဉ်များ ပေါ်ပေါက်ရေးနဲ့ ကြားကာလ တည်ငြိမ်မှုရှိရေး အပါအဝင် နိုင်ငံရေးကိစ္စများ ဆွေးနွေးဖို့နဲ့ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးစတဲ့ အရေးကြီးတဲ့ကိစ္စတွေကို စနစ်တကျ ဆောင်ရွက်နိုင်ဖို့လိုတယ်။ အခြေခံဥပဒေနဲ့ မဆန့်ကျင်တဲ့ တိုင်းရင်းသားတို့၏ အခွင့်အရေးများ တောင်းဆိုမှု လမ်းကြောင်းပေါ် ရောက်ရှိအောင် ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ ငြိမ်းချမ်းရေးကို အခြေခံတဲ့ နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်နိုင်ဖို့ လိုအပ်ပါတယ်။ တိုင်းရင်းသားများ တောင်းဆိုထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုနဲ့ တရားမျှတမှုရှိ တဲ့ နိုင်ငံရေး အရ တောင်းဆိုမှုများကို ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ လုပ်နိုင်ရေးအတွက် တွေ့ဆုံ ညှိနှိုင်းခြင်းဖြင့် ကြိုးပမ်း အကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲစာရင်း ပြင်ဆင်ရာမှာ ပြည်သူအားလုံး မဲပေးနိုင်ရေးအတွက် ပြည့်စုံမှန်ကန်စွာ ကောက်ယူနိုင်ဖို့ လိုပါတယ်။ အားနည်းချက် အားသာချက် စတာတွေကို ပူးပေါင်းပါဝင်တဲ့စနစ်နဲ့ မဲစာရင်းများ ကောက်ယူရန် လိုပါတယ်။ 


ဦးမန်းသန်းရွှေ (ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီး) 
ကျွန်တော်တို့ တိုင်းပြည်ဟာ စိုက်ပျိုးရေးနိုင်ငံဖြစ်လို့ လယ်ယာ လုပ်ငန်းလုပ်ကိုင်သူအများစု ပါဝင်ပါ တယ်။ တောင်သူလယ်သမားတွေ လယ်ယာပြဿနာ ရင်ဆိုင်နေရပါတယ်။ ငွေကြေးရှင်တွေနဲ့ တာဝန်ရှိ သူတချို့ကြောင့် လယ်ယာမြေတွေ ဆုံးရှုံးရပါတယ်။ လယ်ယာ မြေဥပဒေဆွေးနွေးရာတွင် ဘာကြောင့် သိမ်းဆည်းခံရသလဲ၊ လယ်ပေါင်ယာပေါင်နဲ့ ကျန်းမာရေးကိစ္စ ဖြေရှင်းရတဲ့အတွက် တာဝန်မကျေ စပါးမသွင်းနိုင်လို့ မြေသိမ်းခံရပါတယ်။ နောက်ပြီး ချေးငွေက အတိုး အဆမတန်တက်လာပြီး မဆပ်နိုင်လို့ လယ်ဆုံး၊ ယာဆုံးနဲ့ လယ်ယာ လက်မဲ့ဖြစ်ခြင်းစတဲ့ အကြောင်းတရားကိုသိရှိမှ ဖြေရှင်းနိုင်မှာ ဖြစ်တယ်။ အုပ်ချုပ်မှုစနစ်မှာ ဗဟိုချုပ်ကိုင်မှု များနေတဲ့အတွက် ဖြေလျှော့သင့်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အဲဒီပြဿနာကိုဖြေရှင်းရာမှာ တော်တော်နဲ့ အဖြေ မထွက်နိုင်၊ စည်းလုံးညီညွတ်ရေးနဲ့ ပတ်သက်ပြီး ယုံကြည်မှုတည်ဆောက်ရာမှာ တိုင်းရင်း သားလူမျိုးများ ရသင့်တဲ့အခွင့်အရေးတွေ ရအောင် လုပ်ပေးသင့် ပါတယ်။

ယနေ့ ဘယ်ပါတီက လုပ်ဆောင်မှု ကောင်းတယ်၊ ဆိုးတယ်ဆိုတာကို မဆုံးဖြတ်နိုင်ပါဘူး။ ဒီနေ့ ဆွေးနွေးပွဲ သည် ကောင်းမွန်ပြီး အားရကျေနပ်မှု အများကြီးရှိပါတယ်။ နောင် ဆွေးနွေးပွဲ တွေမှာလည်း တိုင်းရင်းသားရေးရာဝန်ကြီးတွေကို ဖိတ်ခေါ်စေလိုပါတယ်။ အဲဒီလို ဆွေးနွေးပွဲ တက်ရောက်နိုင်မှ အမြင်ချင်းဖလှယ်၊ ဆွေးနွေးတိုင်ပင်ကာ အမှားနည်းပြီး အမှန် ကို ရောက်စေမှာ ဖြစ်ပါတယ်။

ဦးဇော်အေးမောင်(ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး)
ကျွန်တော့်အနေနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ နိုင်ငံတော်ပြုပြင်ပြောင်းလဲရေး တို့နဲ့ပတ်သက်ပြီး Reform လုပ်ဖို့ အပြုသဘောနဲ့ ဆွေးနွေးခဲ့ပါတယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက်လို့ မကြာခင်မှာ political dialogue တစ်ခု အမြန်ဆုံး စတင်နိုင်ဖို့ အကြံပြုခဲ့ပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်တစ်ပြည်နယ်လုံးမဲပေးနိုင်ဖို့ ဥပဒေပြင်ဆင်မှု ပြုလုပ်ပေးဖို့လည်း တိုက်တွန်း ပြောကြားခဲ့ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲဖြစ်ဖို့ White Card တွေ မဲပေးခွင့် ပြုထားတာနဲ့ ပတ်သက်ပြီး ဥပဒေကို ပြန်လည် ပြင်ဆင်ဖို့လိုတယ်။ ကမ္ဘာပေါ်မှာ လူ့အခွင့်အရေး ရပိုင်ခွင့်အမြင့်ဆုံး စံသတ်မှတ်ထားတဲ့ အမေရိကန်နိုင်ငံမှာတောင်မှ  White Card ထက်မြင့်တဲ့ Green Card  ရှိတယ်။ Green Card   ဆိုတာ တရားဝင် အလုပ်လုပ်နိုင်ခွင့်၊ အခွန်ဆောင်ခွင့်၊ တရားဝင်နေထိုင်ခွင့်နဲ့ မြေ၊ အိမ်ရာ ဝယ်ခွင့်ရှိတယ်။ နိုင်ငံကနေ ထွက်သွားပြီး ပြန်လာရင် ဗီဇာယူစရာမလိုဘူး။ နိုင်ငံသားအဆင့် လောက် ရှိတယ်။ အဲဒီလို အခွင့်အရေးရှိသူတွေတောင် မဲပေးခွင့်မရှိဘူး။ White Card ၁၉၈၂ နိုင်ငံသား ဥပဒေအရစိစစ်ပြီး နိုင်ငံသား ဖြစ်သင့်သူကို ပေးလိုက်ဖို့ လိုတယ်။ လူဦးရေ များပြားတဲ့ နိုင်ငံတွေကြားမှာ ကျွန်တော်တို့ နိုင်ငံရှိတယ်။ ဒါကြောင့် တခြားနိုင်ငံတွေက ဝင်ချင်သလိုဝင် ထွက်ချင်သလို ထွက်ကြမယ်၊ နိုင်ငံမှာ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေး အာဏာ၊ တရားစီရင်ရေး အာဏာ မပါဝင်ဘဲ လူတိုင်းကို မဲပေးမယ်ဆိုရင် နိုင်ငံရဲ့ identity ပျောက်မှာ စိုးရိမ်ရပါတယ်။ ဒါကြောင့် ပြန်လည် သုံးသပ်ပြင်ဆင်ဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ကို လုပ်ပိုင်ခွင့်ပေးဖို့၊ infrastructure တွေ တည်ဆောက်ပေးဖို့ တင်ပြခဲ့တယ်။ 
ပြည်ထောင်စု အစိုးရကချမှတ်တဲ့ မူဝါဒကို အမှန်တကယ်အကောင် အထည်ဖော်ရတာဟာ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး စိန်ခေါ်မှုတွေ ရှိလာတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ကျွန်တော်တို့ ရခိုင်ပြည်နယ် မကျန်ခဲ့စေချင်ပါဘူး။ ၂၀၁၄ မှာ တည်ငြိမ်နေတဲ့ လူမျိုးရေး ပဋိပက္ခကို နိုင်ငံတကာအဖွဲ့ အစည်းတွေက ပြန်ဆွနေကြတယ်။ ဘယ်အခွင့်အရေးပေးရမယ်။ ဘယ်သူ့ကို နိုင်ငံသား ပေးရမယ် စသဖြင့်ပေါ့။ ရခိုင်ပြည်နယ် မတည်မငြိမ် ဖြစ်ခဲ့ရင် ရခိုင်ပြည်နယ်သားတွေ မဲမပေးရဘဲ ကျန်ခဲ့မှာကို မလိုလားပါဘူး။ ဒါကြောင့် ဒီကိစ္စကို ရခိုင် ပြည်သူတွေနဲ့ အစိုးရတို့ ပူးပေါင်း ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။

                      ----------------------------------------------------------------

လူငယ်များအနေဖြင့် စွမ်းအင်များ အသုံးချ၍ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်များတွင် တတ်စွမ်းသည့် နေရာမှ ပူးပေါင်းပါဝင်ရန်လို


မော်လမြိုင် စက်တင်ဘာ ၁၄

စက်တင်ဘာ ၁၄ ရက် နံနက် ၉ နာရီက မွန်ပြည်နယ်ရှိ လူငယ်များ၊ အရပ်ဘက် လူမှုအဖွဲ့ အစည်းများ၊ နိုင်ငံရေးပါတီများနှင့်မော်လမြိုင်မြို့ ပြည်နယ် ခန်းမ၌ကျင်းပသည့် လူငယ်နှင့် ငြိမ်းချမ်းရေးဖိုရမ် အခမ်းအနားသို့ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း တက်ရောက်၍ လက်ရှိ ဆောင်ရွက်လျက်ရှိသော ငြိမ်းချမ်းရေးဖြစ်စဉ်များနှင့် စပ်လျဉ်းပြီး အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက မြန်မာနိုင်ငံ၏ လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ် အခြေအနေများကို ယနေ့ပြုလုပ်သည့် လူငယ်နှင့်ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ဝေငှချင် ပါကြောင်း၊ အစိုးရကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေး အင်အားစုများ၊ လက်နက်ကိုင် မဟုတ်သည့် တိုင်းရင်းသားကိုယ်စား လှယ်များအပြင် ပါဝင်သင့်၊ ပါဝင်ထိုက်သောသူများ အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲကြီးကို ၂၀၁၄ ခုနှစ်မကုန်ခင်တွင် စတင်နိုင်ရန် မိမိတို့အစိုးရအဖွဲ့အနေဖြင့် ဆန္ဒရှိပါကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ လက်တွေ့အကောင်အထည်ဖော်ရာတွင် လူထုအခြေပြု အဖွဲ့အစည်းများ၏အခန်းကဏ္ဍသည် အလွန်ပင် အရေးကြီးပါကြောင်း၊ နိုင်ငံရေး ဆွေးနွေးပွဲများ အတွက် ပြည်သူများ၏အသံကို နားထောင်နိုင်ရန် ယခုပြုလုပ်သည့် ငြိမ်းချမ်းရေးဖိုရမ်များတွင် လူထု အခြေပြုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း။

မြန်မာနိုင်ငံရှိ လူငယ်များ၏ သမိုင်းကိုကြည့်ပါက လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း၊ ပြည်ထောင်စုမပြိုကွဲရေးနှင့် ဒီမိုကရေစီအရေးကြိုးပမ်းမှုတို့တွင် လူငယ်များသည် ရှေ့တန်းမှ နေ၍ အစဉ် တာဝန်ကျေခဲ့သည်မှာ သမိုင်းသက်သေပင် ဖြစ်ပါကြောင်း၊ လူငယ်များအနေဖြင့် မိမိတို့၏ စွမ်းအားများကို အသုံးချ၍ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ် များတွင် တတ်စွမ်းနိုင်သည့် နေရာမှနေ၍ ပူးပေါင်းပါဝင်ရန် တိုက်တွန်းလိုပါကြောင်း၊ လက်ရှိမိမိတို့အားလုံး ဝိုင်းဝန်းကြိုးပမ်းအကောင် အထည်ဖော်ဆောင်ရွက်လျက် ရှိသည့် ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်သည် မိမိတို့နိုင်ငံသား တစ်ဦးချင်းစီအတွက် အလွန်အရေးပါ သော ကိစ္စရပ်ဖြစ်ပြီး တိုင်းရင်းသားလူမျိုးမရွေး၊ နိုင်ငံသားအားလုံးနှင့် သက်ဆိုင်သော ကိစ္စဖြစ်ပါကြောင်း၊ ယနေ့ပြုလုပ်သည့် ငြိမ်းချမ်းရေးဖိုရမ်သို့ တက်ရောက်ကြသော မော်လမြိုင်နှင့် မွန်ပြည်နယ် ဒေသအသီးသီးမှ လူငယ်ခေါင်းဆောင်များ အနေဖြင့်လည်း ထိရောက်သော လုပ်ငန်းစဉ်များ ချမှတ်နိုင်ရန် မျှော်လင့်ပါကြောင်း၊ မျိုးဆက်သစ်လူငယ် များ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်နိုင်ရန် လိုအပ်သည့် ပူးပေါင်း ဆောင်ရွက်မှု များကို ပြုလုပ်သွားရန် အသင့်ရှိပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်က ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်း ရာတွင် ဥပဒေကိုလေးစားလိုက်နာမှသာလျှင် ငြိမ်းချမ်းမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးရရှိမှ သာလျှင် ပညာရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အေးချမ်းစွာလုပ်ဆောင် နိုင်မည် ဖြစ်ပါကြောင်း၊ လူငယ်များသည် နိုင်ငံ၏ မီးရှူးတန်ဆောင်ပင်ဖြစ်၍ မိမိတို့နိုင်ငံတွင် လူငယ်များ၏အင်အားကို လိုအပ်လျက်ရှိပါကြောင်း၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီကဏ္ဍတွင်
သာမက ယနေ့ဖိုရမ်မှလူငယ်များ၏ တွေ့ရှိချက်များဖြစ်သော မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့် ယဉ်ကျေးမှုထိန်းသိမ်းရေး လုပ်ငန်းများတွင် ပိုမို ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဖိုရမ်တက်ရောက်လာသော လူငယ်များက ဖိုရမ်မှရလဒ်များကို ဆွေးနွေးတင်ပြ ခဲ့ပြီး သိရှိလိုသည်များကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် မွန်ပြည်နယ် ဝန်ကြီးချုပ် ထံသို့ မေးမြန်းခဲ့ကြသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတ၏ ပညာရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက်တာရင်ရင် နွယ်က မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်များကို အပိုင်းနှစ်ပိုင်းခွဲ၍ တင်ပြခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ လူငယ် ခေါင်းဆောင်များ၊ လူထုအခြေပြု အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီများနှင့် စိတ်ပါဝင်စားသူ လူငယ်များ တက်ရောက်ကြပြီး အခမ်းအနားကို ညနေ ၅ နာရီတွင် ရုပ်သိမ်းခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်၍ လူငယ်များသိရှိစေရန်အတွက် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန(MPC) ကကြီးမှူး၍ စက်တင်ဘာ ၁၀ ရက်မှ ၁၄ ရက် အထိ မော်လမြိုင်မြို့ ပြည်နယ်ခန်းမနှင့် ကုန်သည်ကြီး များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းတို့တွင် နှစ်နေရာခွဲ၍ လေးရက်ကြာ လူငယ်နှင့် ငြိမ်းချမ်းရေးဆိုင်ရာ သင်တန်းနှင့်ဖိုရမ်ကို ကျင်းပခဲ့ခြင်း ဖြစ်သည်။ 
-----------------------------------------------------------------------------------------

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး

 


မြစ်ကြီးနား မေ ၁၃
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO ကိုယ်စားလှယ် အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် (၉) နာရီတွင် မြစ်ကြီးနားမြို့ မနောကွင်း မဂျွယ်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ KIO ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်က ၎င်းနှင့်အတူ အစည်းအဝေး တက်ရောက်လာကြသည့် KIO ကိုယ်စားလှယ်အဖွဲ့အား မိတ်ဆက် ပေးသည်။

ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ၎င်းနှင့်အတူ ရောက်လာကြသည့်အဖွဲ့ဝင်များနှင့် မိတ်ဆက်ပေးသည်။


ယင်းနောက် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာ ကျေးလက်လူမှုဘ၀ မြှင့်တင်ရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်က နှုတ်ခွန်းဆက် စကား ပြောကြားရာတွင် မိမိတို့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီသည် အင်စတီကျူးရှင်း (၃) ခုကို အခြေခံပြီး အစိုးရ၊ လွှတ်တော်၊ တပ်မတော် ယင်းသုံးခုတွင် မိမိအနေဖြင့် လွှတ်တော်ကိုယ်စား တက်ရောက်လာခြင်း ဖြစ်ပါကြောင်း၊ အထူးသဖြင့် ယနေ့ ဆွေးနွေးချက်များကို အစိုးရအဖွဲ့နှင့်ကိုယ်စားလှယ် ကြီးများက ဆွေးနွေး သွားကြမည် ဖြစ်ပါကြောင်း။

ထိုဆွေးနွေးမှုများမှ သဘောတူညီမှုများကို အကောင်အထည်ဖော်မှု လုပ်ငန်းများ အစဉ်သဖြင့် လျင်မြန် သွက်လက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အရေးကြီး ပါကြောင်း၊ ဤသို့ဆောင်ရွက်နိုင်ခြင်းအားဖြင့် ငြိမ်းချမ်းရေးအတွက် ပိုမိုပြီး အထောက်အကူ ပြုစေပါကြောင်း၊ ထို့အပြင် ဆွေးနွေးမှုများကို စဉ်ဆက်မပြတ် တိုင်ပင်ဆွေးနွေးခြင်းအားဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ပိုမိုလျင်မြန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ လွှတ်တော်အနေဖြင့် ယခုတွေ့ဆုံပွဲ၏ ညှိနှိုင်းဆွေးနွေးမှုများအပေါ် ကောင်းမွန်စွာ မှတ်သားပြီး အကောင်းဆုံး တုံ့ပြန်နိုင်အောင် ပြန်လည်ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ ယင်းဆွေးနွေးမှုနှင့် ပတ်သက်သော လွှတ်တော်ဆိုင်ရာ ကိစ္စရပ်များ အားလုံးကိုလည်း အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယနေ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု အောင်မြင်ပြီး ယင်းဆွေးနွေးမှု၏ အသီးအပွင့်များကို ကချင်ပြည်နယ် အတွင်း နေထိုင်ကြသော တိုင်းရင်းသား ပြည်သူများအားလုံး ခံစားနိုင်အောင် ဝိုင်းဝန်း ကူညီဆောင်ရွက် ပေးနိုင်ပါစေကြောင်း ပြောကြားသည်။

ထို့နောက် KIO ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်က ၂၀၁၁ ခုနှစ် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားပြီးနောက်ပိုင်း KIO ဆွေးနွေးရေးအဖွဲ့နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့တို့ အကြိမ်ကြိမ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီး ၂၀၁၃ ခုနှစ် မေ လနှင့် အောက်တိုဘာလ ဆွေးနွေးပွဲများတွင် နှစ်ဖက် တိုက်ခိုက်မှုလျှော့ချရေးနှင့် တိုက်ပွဲများ ထပ်မံ မဖြစ်ပွားအောင် ထိန်းသိမ်းရေးတို့အတွက် သဘောတူ ညီချက် များရရှိခဲ့ကြပါကြောင်း၊ အဆိုပါ သဘောတူညီချက်၏ အကျိုးရလဒ် အဖြစ် နှစ်ဖက်စလုံးမှ ဝိုင်းဝန်းထိန်းသိမ်းမှုကြောင့် ကချင်ပြည်နယ်ဒေသအချို့၌ တိုက်ပွဲများ လျော့ကျသွားပြီး အချို့ဒေသများ၌ တိုက်ပွဲများ မရှိသလောက် နီးပါး တိုးတက်မှု ရရှိခဲ့သည်မှာ အားလုံးအသိပင် ဖြစ်ပါကြောင်း။


ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ ညီလာခံကိုလည်း လိုင်ဇာမြို့၌ အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ (NCCT) ကိုဖွဲ့စည်းကာ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိရေးအတွက် ညှိနှိုင်းမှုများ စတင် နိုင်ခဲ့ပါကြောင်း၊ ယခုကဲ့သို့ NCCT သည် စစ်မှန်သော နိုင်ငံရေးဆွေးနွေး ပွဲ ပေါ်ပေါက်လာစေရေးအတွက် လိုအပ်သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် (Peace Process) များအဆင့်ဆင့်ကို ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့်အတူ ကြိုးပမ်းအားထုတ် ညှိနှိုင်း ဆောင်ရွက် နေသည့် အချိန်တွင် ကချင်ပြည်နယ်အတွင်း အချို့ဒေသများနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း အချို့ဒေသများတွင် တိုက်ပွဲများ ပိုမိုဖြစ်ပွား လာသောကြောင့် ဒေသအတွင်းရှိ ပြည်သူများ စိုးရိမ်ပူပန်လျက်ရှိပြီး ဒေသတွင်း မတည်ငြိမ်မှုများ ဖြစ်ပွားလျက်ရှိ နေပါကြောင်း။


ဤကဲ့သို့တိုက်ပွဲများ အရှိန်မြှင့် ပြန်လည်ဖြစ်ပွားလာခြင်းသည် သဘောတူညီချက်များအား နှစ်ဦးနှစ်ဖက်မှ တာဝန်ယူ ထိန်းသိမ်းလိုက်နာမှု အားနည်းခြင်းကြောင့်ဖြစ်သည်ဟု သုံးသပ်ပါကြောင်း၊ ထိုနည်းတူ စွာ နှစ်ဦးနှစ်ဖက် ကြားတွင် အပြန်အလှန်နားလည်မှု၊ လေးစားမှုနှင့် အပြန်အလှန် ယုံကြည်မှု များ ဖော်ဆောင်ရေး၌လည်း အားနည်းမှု ရှိနေသေး သည်ဟု သုံးသပ်မိပါကြောင်း။


မိမိတို့ KIO အနေဖြင့် လက်ရှိဖြစ်ပွားနေသော ပြဿနာများအား အမြန်ဆုံးတွေ့ဆုံ ညှိနှိုင်း ဖြေရှင်းကြရန်နှင့် ထပ်မံမဖြစ်ပွားစေရေး ဆွေးနွေးညှိနှိုင်း အဖြေရှာကြရန် လိုအပ်သည်ဟု အလေးအနက် ယုံကြည်သည်နှင့် အညီ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီအား တွေ့ဆုံဆွေးနွေးရန် အဆိုပြုခဲ့ခြင်း ဖြစ်ပါကြောင်း၊ နှစ်ဖက် ကိုယ်စားလှယ်များ အနေဖြင့် ပြဿနာအား စိတ်ရင်းစေတနာအမှန်ဖြင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးအဖြေရှာသွားနိုင်လိမ့်မည်ဟု မျှော်လင့်မိပါကြောင်း ပြောကြားသည်။


ဆက်လက်၍ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက KIO အဖွဲ့နှင့် အစိုးရတို့ မြစ်ကြီးနားတွင် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ သည်မှာ ယခုဆိုလျှင် (၃) ကြိမ်ရှိပြီ ဖြစ်ပါကြောင်း၊ NCCT အဖွဲ့နှင့် ပထမဆုံးဆွေးနွေးခဲ့သည်မှာလည်း မြစ်ကြီးနား၌ ဖြစ်ပါကြောင်း၊ ပထမ (၂) ကြိမ် ဆွေးနွေး ခဲ့ကြသည်မှာ အစိုးရနှင့် KIO အဖွဲ့တို့ကြား သဘောတူညီချက်များ ရရှိခဲ့ကြပါကြောင်း၊ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို လက်မှတ် မရေးထိုးနိုင်သေးသော်လည်း အပစ်အခတ် တိုက်ခိုက်မှုများ လျှော့ချရန် သဘောတူညီခဲ့ပါကြောင်း၊ NCCT ဖွဲ့စည်းပြီးသည့် နောက်တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိရန် ညှိနှိုင်းခဲ့ကြပါကြောင်း၊ ယင်းဖြစ်စဉ်တွင် KIO အဖွဲ့ကလည်း တက်တက်ကြွကြွပါဝင် ခဲ့ပါကြောင်း၊ အစိုးရအနေဖြင့်လည်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လုပ်နိုင်ခဲ့လျှင် KIO အဖွဲ့အပါအဝင် အပစ်အခတ် လက်မှတ်ရေးထိုးထားခြင်းမရှိသည့် အခြားအဖွဲ့အစည်း များနှင့်လည်း ပါဝင်လာမည်ဖြစ်သည် ဆိုသည့် ရည်မှန်းချက်ရှိခဲ့ပါကြောင်း၊ ထို့ကြောင့် ယင်းဖြစ်စဉ်ကို အားစိုက်ထုတ် ခဲ့ပါကြောင်း၊ KIO အဖွဲ့ဘက်မှ Technical Team များ အနေဖြင့်လည်း NCCT တွင် ပါဝင် အားစိုက်ထုတ် ခဲ့ကြပါကြောင်း။

အစိုးရနှင့် NCCT ကြားတွင် အပြုသဘောဆောင်သည့် ဖြစ်ပေါ်တိုးတက်မှုများ ရှိခဲ့ပါကြောင်း၊ သို့သော် ယင်းဖြစ်စဉ်ကို အားစိုက်ထုတ်ရသည့်အပေါ်တွင် အစိုးရနှင့် KIO တို့အကြားတွင် ဆက်လက်လုပ်ဆောင် ရမည့်အချက်များအပေါ်တွင် ဆက်လက် လုပ်ဆောင်ရန် အားနည်းသွားခဲ့ပါကြောင်း၊ မကြာခင်က ဖြစ်ပွားခဲ့သည့် အဖြစ်အပျက် များကို ပြန်ကြည့်ပြီး သင်ခန်းစာယူရလျှင် အစိုးရနှင့် KIO အကြား ငြိမ်းချမ်းရေး ဖြစ်စဉ်ကိုလည်း တစ်ပြိုင်နက်တည်း ဆက်လက်အကောင်အထည်ဖော်ရန် လိုအပ်သည်ဟု တိုက်တွန်း ပြောကြားလိုပါကြောင်း။


လက်ရှိတွင် နှစ်ဖက်က သတ်သတ်မှတ်မှတ် အသိအမှတ်ပြုထားသည့် ထိန်းချုပ်နယ်မြေ ကျယ်ကျယ် ပြန့်ပြန့်မရှိသေးသည့်အတွက် နှစ်ဖက်တပ်လှုပ်ရှားမှုများ လုပ်သည့်အခါ ထိတွေ့မှုများ ဖြစ်ကြပါကြောင်း၊ ပြဿနာအသေးလေးကို ထိထိရောက်ရောက် မဖြေရှင်း နိုင်သည့်အခါ အမှိုက်ကအစ ပြဿာဒ်မီးလောင် ဆိုပြီး ပြဿနာတွေ ပိုကြီးလာသည့် သဘောကိုတွေ့ရပါကြောင်း၊ ယင်းအတွေ့အကြုံကို သင်ခန်းစာယူပြီး မိမိတို့ နှစ်ဖက်လုံးက ပြဿနာတွေ မကြီးထွားမီ ဖြေရှင်းနိုင်ရန် Mechanism တစ်ခုပြုလုပ် အကောင်အထည် ဖော်ရန် အဆိုပြုလိုပါကြောင်း၊ အဓိကအရေးကြီးဆုံးအချက်မှာ KIO နှင့် အစိုးရကြားတွင် သဘောတူညီချက်များ ရှိကြပါကြောင်း၊ ယင်းသဘောတူညီချက်များကို နှစ်ဖက်လုံးက လိုက်နာပြီး အကောင်အထည်ဖော်ရန် အရေးကြီးပါကြောင်း၊ အထူးသဖြင့် ပြည်သူ လူထုအား ဝန်ထုပ်ဝန်ပိုး မဖြစ်အောင် အကာအကွယ်ပေးထားသည့် သဘောတူညီချက်များ ရှိကြပါကြောင်း။

ဤသဘောတူညီချက်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ဒေသအသီးသီးတွင် ရှိသည့် လူထု၏ စိုးရိမ်မှုများကို ဆွေးနွေးရန် လိုမည်ဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးမလာခင်က မိမိ အနေဖြင့် မန္တလေးတွင် ရှမ်းနီ ခေါင်းဆောင်များနှင့်တွေ့ခဲ့ပါကြောင်း၊ ၎င်းတို့၏ စိုးရိမ်ချက်များ၊ တင်ပြချက်များကိုလည်း မိမိတို့ နားထောင် ဆွေးနွေးကြရမည်ဟု မျှော်လင့် ပါကြောင်း၊ ကချင်လူထု အဖွဲ့အစည်းများကလည်း စိုးရိမ်မှုများရှိကြကြောင်း၊ ယင်းတို့ကို နားထောင်ပြီး လူထုကို အကာအကွယ်ပေးရန် နှစ်ဖက်လုံးမှ ကြိုးစားကြရမည် ဖြစ်ပါကြောင်း၊ ပဋိပက္ခ အရှိန်အဟုန်လျှော့ချနိုင်ရန် ပူးတွဲအပစ်အခတ် စောင့်ကြည့်ရေး အဖွဲ့ကို Pilot Project အနေဖြင့် ဖွဲ့စည်းရန် သဘောတူထားတာ ရှိပါကြောင်း၊ ယင်းကို ဆက်လက် အကောင်အထည်ဖော်ရန် မိမိတို့နှစ်ဖက် စလုံးတွင် တာဝန်ရှိ ပါကြောင်း၊ ဆက်လက် လုပ်ဆောင်ရန် ကြိုးစားကြရမှာဖြစ်ပါကြောင်း၊ တစ်ချို့ IDP ရွာများကို ဆန္ဒအလျောက် ပြန်လည် အခြေချနိုင်အောင် အစပျိုး Pilot Project စရန် သဘောတူညီချက်များ ရှိပါကြောင်း၊ လူထုသွားလာ သည့်လမ်းမများကို အသုံးပြု သွားလာနိုင်အောင် ဖွင့်လှစ်ပေးရန် ဆက်လက်အကောင်အထည်ဖော်ရန် အတွက် နှစ်ဖက်စလုံးက ကြိုးစားကြရမှာဖြစ်ပါကြောင်း။

ယနေ့ဆွေးနွေးပွဲများ၏ အဓိကရည်ရွယ်ချက်မှာ အစိုးရနှင့် KIO တို့အကြား ယခင်ရှိထားသည့် သဘောတူညီ ချက်များကို ပိုမိုခိုင်ခံ့အောင် အကောင်အထည်ဖော်ရန် ရည်မှန်းပါကြောင်း၊ ယင်းသဘော တူညီချက်များကို အကောင်အထည်ဖော်ခြင်းအားဖြင့် ပဋိပက္ခအရှိန်အဟုန်များကိုလျှော့ချနိုင်မှာ ဖြစ်ပါကြောင်း၊ အရေးကြီးသည့် အချက်မှာ လက်ရှိ အခြေအနေမှ အစိုးရနှင့် KIO တို့အကြားတွင် အပစ်အခတ်ရပ်စဲရေး ရရှိအောင် ဆောင်ရွက်နိုင်ရန်က အရေးကြီးကြောင်း၊ ယုံကြည်မှုအားနည်း၍ အပစ်အခတ် ရပ်စဲရေး လုပ်ငန်း ခက်ခဲသကဲ့သို့ အပစ်အခတ်ရပ်စဲရေးမရှိ၍ ယုံကြည်မှုတည်ဆောက်ရန် ခက်သည့် စိန်ခေါ်မှုများကိုလည်း မိမိတို့ကြုံတွေ့နေရပါကြောင်း၊ ယခုအစည်းအဝေးမှ နှစ်ဖက် အကြားတွင် ဖြစ်ခဲ့သည့် ပဋိပက္ခအရှိန်အဟုန်ကို လျှော့ချနိုင်ရန် ရည်ရွယ်ထားပါကြောင်း၊ ယခင်က သဘောတူညီခဲ့သည့်အချက်များကို ထိထိရောက်ရောက် အကောင် အထည်ဖော်နိုင်ရန် ရည်မှန်းထားပါကြောင်း၊ ပြဿနာဖြေရှင်းသည့် Mechanism တစ်ခုကို တည်ဆောက်ရန် အလေးအနက် တိုက်တွန်းလိုပါကြောင်း၊ သဘောတူညီထားပြီး ဖြစ်သည့် ပူးတွဲအပစ်အခတ်စောင့်ကြည့် ကြီးကြပ်ရေးနှင့် IDPs နေရာပြန်ချရေး၊ Pilot Project များကို အကောင်အထည်ဖော်နိုင်ရန် အဆိုပြု ပါကြောင်း ပြောကြားသည်။

ယင်းနောက် ၂၀၁၃ ခုနှစ် အောက်တိုဘာလဆွေးနွေးပွဲနောက်ပိုင်း ဖြစ်ပေါ်ခဲ့သော ကိစ္စရပ်များနှင့် ပတ်သက်၍ နှစ်ဖက်အပြန်အလှန် ဆွေးနွေးကြပြီး ၂၀၁၃ ခုနှစ် မေလနှင့် အောက်တိုဘာလ ဆွေးနွေးပွဲ သဘော တူညီချက်များကို ဆက်လက် အကောင်အထည် ဖော်မည့် လုပ်ငန်းများကို ဆွေးနွေးကြသည်။

ထို့နောက် ပဋိပက္ခညှိနှိုင်းဖြေရှင်းအဖွဲ့၊ ဖွဲ့စည်းသဘောတူညီ လက်မှတ်ရေးထိုးထားသော စာချုပ်များကို ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် KIO ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ် တို့က လည်းကောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် KIO ကိုယ်စားလှယ် ဗိုလ်ချုပ်ဂွမ်မော်တို့က လည်းကောင်း စာချုပ်များကို လဲလှယ်ကြသည်။

ဆွေးနွေးပွဲအပြီးတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် KIO ကိုယ်စားလှယ် အဖွဲ့တို့သည် ပူးတွဲထုတ်ပြန်ချက် တစ်ရပ်ထုတ်ပြန်သည်။


အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီမှ ဒုတိယ ဥက္ကဋ္ဌများဖြစ်သော ဦးအောင်မင်းနှင့် ဦးသိန်းဇော်၊ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသော ဦးခင်ရီ၊ ဦးအုန်းမြင့်၊ ဦးခင်မောင်စိုး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ထွန်းထွန်းနောင်၊ ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင်၊ MPC မှ အကြံပေးပုဂ္ဂိုလ် ဦးလှမောင်ရွှေနှင့် အဖွဲ့ဝင်များ၊ KIO ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်၊ ဗိုလ်ချုပ်ဂွမ်မော်နှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက်ကြပြီး လေ့လာသူများအဖြစ် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးအကြံပေးရုံးမှ Ms. Mariann Hagen ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အာရှရေးရာ အထူးသံတမန် အဖွဲ့မှ Mr. Wang Yingfan ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်ကြသော NCCT ၊ ABSDF ၊ PNLO ၊ KNU ၊ KNPP ၊ CNF ၊ UNFC ၊ NMSP ၊ PSLF ၊ SSPP ၊ ANC ၊ DKBA ၊ LDU တို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ညပိုင်းတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီမှ ဆွေးနွေးပွဲ တက်ရောက်လာ ကြသူများအား မဂျွယ်ခန်းမ၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

=============================================================

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ရေး လုပ်ငန်းကော်မတီနှင့် KIO ကိုယ်စားလှယ် အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ပူးတွဲ ထုတ်ပြန်ချက်ကို ထုတ်ပြန်

 

မြစ်ကြီးနား မေ ၁၃
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ရေး လုပ်ငန်းကော်မတီနှင့် KIO ကိုယ်စားလှယ် အဖွဲ့တို့သည် ယနေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ပူးတွဲ ထုတ်ပြန်ချက်ကို ထုတ်ပြန်လိုက်သည်။

အဆိုပါ ထုတ်ပြန်ချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ရေး လုပ်ငန်းကော်မတီနှင့် KIO ကိုယ်စားလှယ် အဖွဲ့တို့၏ ပူးတွဲ ထုတ်ပြန်ချက်

၂၀၁၄ ခုနှစ်၊ မေလ (၁၃) ရက်
၁။ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ၏ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သောအဖွဲ့နှင့် ဆရာကြီး ဦးဆွမ်လွတ်ဂမ် ဦးဆောင်သော KIO ကိုယ်စားလှယ်အဖွဲ့တို့သည် မြစ်ကြီးနားမြို့ မဂျွယ်ခန်းမတွင် ၂၀၁၄ ခုနှစ် မေ ၁၃ ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ တွေ့ဆုံဆွေးနွေးကြပါသည်။ ထိုဆွေးနွေးပွဲသို့ လေ့လာသူ (Observer) များအဖြစ် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးရုံးမှ Ms. Mariann Hagen၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အာရှရေးရာ အထူးသံတမန် အဖွဲ့မှ Mr. Wang Yingfan ၊ NCCT ၊ UNFC နှင့် အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၃၉ ဦးနှင့် PCG အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

၂။ ဆွေးနွေးပွဲတွင် ၂၀၁၃ ခုနှစ် မေလနှင့် အောက်တိုဘာလ တွေ့ဆုံဆွေးနွေးမှု နောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ကိစ္စရပ်များကို နှစ်ဦးနှစ်ဖက်မှ ပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြပါသည်။ နှစ်ဖက် ကိုယ်စားလှယ် များသည် ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များ အောင်မြင်နိုင်ရေးကို ဦးတည်၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဟန့်တားစေနိုင်သည့် ဖြစ်စဉ် ဖြစ်ရပ်များ ထပ်မံ မဖြစ်ပွားရေးကို ဦးစားပေး ဆွေးနွေးခဲ့ကြပါသည်။

၃။ ဆွေးနွေးပွဲတွင် ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့ သဘောတူညီချက်ပါ "ပူးတွဲစောင့်ကြည့် ကြီးကြပ်ရေး ယန္တရား" ကို ပထမအဆင့် အကောင်အထည်ဖော်သော အားဖြင့် "ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး အဖွဲ့" ကို ဖွဲ့စည်းရန် သဘောတူကြပါသည်။


၎။ နှစ်ဦးနှစ်ဖက် နားလည်မှုများကို ပျက်ပြားစေသော မီဒီယာများ၏ လွဲမှားစွာ ရေးသား ဖော်ပြနေမှု များကိုလည်း ဆွေးနွေး ခဲ့ကြပါသည်။

၅။ နောက်တစ်ကြိမ် အစည်းအဝေး ကျင်းပရန်အတွက် နှစ်ဖက် ကိုယ်စားလှယ်များမှ ညှိနှိုင်း ဆောင်ရွက် ကြရန် သဘောတူ ကြပါသည်။


 =====================================================================

 လက်နက်ကိုင်ပဋိပက္ခများ၏ အကျိုးဆက်များကြောင့် အဘက်ဘက်မှ ဖွံ့ဖြိုးမှု နောက်ကျကျန်ခဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ လူမှုဘဝ အခြေအနေများကို ပြန်လည် မြှင့်တင် တည်ဆောက်ရမည်

နေပြည်တော် မတ် ၂၃
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၊ ဦးဝင်းထွန်းနှင့် ဦးခင်မောင်စိုး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မတ် ၂၁ ရက် ညနေ ၄ နာရီတွင် ရှမ်းပြည်နယ် မိုင်းလားမြို့ အထူးဒေသ(၄) ရုံးချုပ်၌ မိုင်းလားအထူးဒေသ(၄) ဥက္ကဋ္ဌ ဦးစိုင်းလင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် မိုင်းလားအထူးဒေသ(၄)ဥက္ကဋ္ဌ ဦးစိုင်းလင်းက မိမိတို့ အထူးဒေသ(၄) အနေဖြင့် နိုင်ငံတော် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် ပြည်ထောင်စု မပြိုကွဲရေးအား အလေးထား ကြိုးစားပါဝင်ဆောင်ရွက်၍ ဒေသတည်ငြိမ်အေးချမ်းရေး အတွက် ဆောင်ရွက်ခဲ့ပါကြောင်း၊ ဥပဒေနှင့်အညီ ငြိမ်းချမ်းရေး တည်ဆောက်မှုများကို ဆောင်ရွက် ရာတွင် ဒေသခံတိုင်းရင်းသား ပြည်သူများ၏ နေထိုင်မှုဘ၀ မြင့်မားရေးအတွက် ကြိုးစားဆောင်ရွက်လျက် ရှိပါကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို ရှင်းလင်းဆွေးနွေး တင်ပြသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်က အမြဲတမ်းနှစ်ဦး နှစ်ဖက်တွေ့ ဆုံ၍ နိုင်ငံတော်နှင့် နယ်မြေဒေသ အကျိုးစီးပွားအတွက် အတူလက်တွဲ အတူညှိနှိုင်း တိုင်ပင်ဆွေးနွေးပြီး ဆောင်ရွက် သွားလိုပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး ထားသည့် အဖွဲ့များကိုလည်း ယခင် သဘောတူညီချက်များ အပြင် အနာဂတ်အတွက် ပိုမိုခိုင်မာတိကျသည့် နိုင်ငံရေးဆိုင်ရာ အာမခံချက်များ ပါဝင်သည့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးရာတွင် ပါဝင်စေလိုသည့် ဆန္ဒများ ရှိပါကြောင်း။

ထို့ကြောင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်း ကော်မတီအနေဖြင့် အလေးထား ဖိတ်ကြားနိုင်ရန် ယခုလို လာရောက်ခြင်း ဖြစ်ပါကြောင်း၊ ဆွေးနွေးပွဲများကို လာမည့် ဧပြီလအတွင်း ဆောင်ရွက်သွားနိုင်မည်ဟု မျှော်လင့် ပါကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးက ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ် များတွင် နိုင်ငံတော် အစိုးရ၊ လွှတ်တော်နှင့်အတူ တပ်မတော်သည် သဘောထား တစ်ခုတည်းရှိပါကြောင်း၊ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက် ရာတွင် တပ်မတော်အနေဖြင့် ပြည်သူလူထု တစ်ရပ်လုံး၏ လိုအင်ဆန္ဒဖြစ်သည့် ထာဝရငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက် နေပါကြောင်း၊ ပြည်သူလူထု၏ လူမှုစီးပွားဘ၀ကို ငြိမ်းချမ်းရေးမရှိဘဲ မဖော်ဆောင် နိုင်ပါကြောင်း၊ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးကို တကယ်လိုလားပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပါဝင် ဆောင်ရွက် နေ ပါကြောင်း၊ တစ်ဖက်နှင့် တစ်ဖက် ထိတွေ့ဆက်ဆံမှုများ များလာသည်နှင့်အမျှ ယုံကြည်မှုတည်ဆောက် လာနိုင်မည် ဖြစ်ပါကြောင်း၊ ယုံကြည်မှု တည်ဆောက်လာနိုင်သည်နှင့်အမျှ နှစ်ဖက် နားလည်မှုများ မှတစ်ဆင့် ချစ်ခင်ရင်းနှီးမှု တိုးတက်လာမည် ဖြစ်ပါကြောင်းဖြင့် တပ်မတော်၏ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေမှုကို ရှင်းလင်း ပြောကြား သည်။

ထို့နောက် အထူးဒေသ (၄)မှ ဦးခမ်းမောင်က ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေး လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး မိုင်းလားအထူး ဒေသ(၄) ဥက္ကဋ္ဌ ဦးစိုင်းလင်းက လုပ်ငန်းပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့်စွက် ရှင်းလင်း တင်ပြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်းတို့က သက်ဆိုင်ရာ ကဏ္ဍများအလိုက် ပါဝင် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ပြန်လည် ဆွေးနွေးပြောကြားသည်။

ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌက နှစ်ဖက်ဆွေးနွေးမှု ရလဒ် များကို ပေါင်းစပ်ညှိနှိုင်းပေး၍ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်ရန် ဖိတ်ကြားချက်အား မိုင်းလားအထူးဒေသ(၄)ဥက္ကဋ္ဌ ထံသို့ ပေးအပ်ခဲ့ကြောင်းနှင့် နှစ်ဖက် သဘောတူထုတ်ပြန် ကြေညာချက် တစ်ရပ် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ကြေညာချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်-
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် မိုင်းလား အထူးဒေသ(၄) တို့၏ သဘောတူ ထုတ်ပြန်ကြေညာချက်
၁။ ယခင်ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှ သဘောတူညီချက်များအား နှစ်ဖက်လုံးမှ ဆက်လက် အလေးထား လိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်။

၂။ ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲထားစဉ် ကာလအတွင်း မိုင်းလား အထူးဒေသ (၄) ၏ နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတော်နှင့် မိုင်းလား အထူးဒေသ (၄) တို့၏ ပူးပေါင်းဆောင်ရွက်နေမှုများအား အသိအမှတ်ပြုပြီး ဆက်လက်၍ ပိုမိုမြှင့်တင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် သဘောတူသည်။

၃။ နိုင်ငံတော်မှ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီများ ဖွဲ့စည်း၍ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးနှင့် တွေ့ဆုံညှိနှိုင်း ဆွေးနွေးမှုများ၏ ရလဒ်များ ကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လျှော့ချ နိုင်ခဲ့ခြင်းအပေါ် နှစ်ဖက်လုံးမှ အသိအမှတ် ပြုသည်။

၎။ ဆက်လက်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်များရပ်စဲပြီး ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေး အတွက် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပကာ ခိုင်မာသော သဘောတူညီချက်များ ရရှိအောင် ညှိနှိုင်းဆွေးနွေး အကောင် အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်သည်ဟု ခံယူသည်။

၅။ နိုင်ငံတော်တွင် ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲခြင်းကို ဆောင်ရွက်ပြီးလျှင် နှစ်ကာလ ရှည်ကြာစွာ လက်နက်ကိုင် ပဋိပက္ခများ၏ အကျိုးဆက်များကြောင့် အဘက်ဘက်မှ ဖွံ့ဖြိုးမှု နောက်ကျကျန်ခဲ့ပြီး လူမှုရေး ဒုက္ခအမျိုးမျိုးခံစားနေရသော တိုင်းရင်းသား ညီအစ်ကို မောင်နှမများ၏ လူမှုဘ၀အခြေအနေများကို ပြန်လည်မြှင့်တင် တည်ဆောက် ရမည် ဖြစ်သည်။ ထိုသို့မြှင့်တင်နိုင်ရေး ကို နိုင်ငံတော်အစိုးရ၊ ဒေသခံတိုင်းရင်းသား ခေါင်းဆောင်များ၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ပြည်တွင်းပြည်ပမှ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း အသီးသီးတို့၏ အားပေးကူညီပံ့ပိုးမှုများဖြင့် ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်း ဆောင်ရွက်ကြရမည်ဟု ခံယူသည်။

၆။ ထိုသို့ဆောင်ရွက်နေစဉ် ကာလအတွင်း တစ်ဦးနှင့်တစ်ဦး၊ တစ်ဖက်နှင့် တစ်ဖက် နားလည်မှု၊ ယုံကြည်မှုများကို ပိုမို တည်ဆောက်ကာ ထာဝရငြိမ်းချမ်းရေး ဖော်ဆောင် နိုင်ရေး အတွက် နိုင်ငံရေးအရ ဆွေးနွေးမှုများ ဆက်လက် ပြုလုပ်ရမည်ဟု ခံယူသည်။

၇။ နိုင်ငံတော်၏ တည်ငြိမ်းအေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် အမျိုးသား ပြန်လည် စည်းလုံးမှု ရေရှည် ဖြစ်ထွန်း ပေါ်ပေါက်လာစေရန် အတွက် နိုင်ငံရေးဆွေးနွေးသည့် နည်းလမ်းဖြင့် ဆောင်ရွက်မှသာလျှင် ရရှိမည်ဟု နှစ်ဖက်လုံးမှ ယုံကြည်ခံယူသည်ဟု သိရှိရသည်။
------------------------------------------------- 

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် တိုင်းရင်းသားများ၏ ပြည်လုံးကျွတ် အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေး



ရန်ကုန် မတ် ၉
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် တိုင်းရင်းသားများ၏ ပြည်လုံးကျွတ် အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆောင် ရွက်ရေးအဖွဲ့ တွေ့ဆုံဆွေးနွေးပွဲ ကို ယနေ့တွင် ရန်ကုန်မြို့ကမာရွတ်မြို့နယ် ရွှေလီလမ်းရှိ  Myanmar Peace Center ၌ ကျင်းပသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းမှု ဖော်ဆောင်မှုကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် ကော်မတီဝင်များ၊ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ တိုင်းရင်းသားများ၏ ပြည်လုံးကျွတ် အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာ၊ ဒုတိယအဖွဲ့ခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ မူကြမ်းဆွေးနွေးပွဲတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် မူကြမ်း နှင့်ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးခြင်း၊ ကရင်ပြည်နယ် ဘားအံမြို့တွင် ကျင်းပမည့် တိုင်းရင်းသားများ၏ ပြည်လုံးကျွတ် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲနှင့် ပတ်သက်ပြီး ဆွေးနွေးခြင်းများကို ပြုလုပ်ခဲ့ကြသည်။
------------------------------------------------------------------------------------------------------------

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနှင့် ဒုတိယနေ့ တွေ့ဆုံဆွေးနွေးပွဲကျင်းပ


မစ်ကြီးနား နိုဝင်ဘာ ၅
သဘောတူညီချက်မူကြမ်းကို တင်ပြပြီးဖြစ်သည့်အတွက် ပြင်ဆင်စရာများရှိပါက ပြင်ဆင်ပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်မည် ဖြစ်ပါကြောင်း၊ လွှတ်တော်တွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာဆန်းစစ်ရေး ကော်မတီ ဖွဲ့စည်းထားပြီး ပြင်ဆင်စရာများရှိသည်များ ပြင်ဆင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုမိမိတို့ ဆောင်ရွက်ရာတွင် တပ်မတော်၊ အစိုးရနှင့်လွှတ်တော်များက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖွဲ့စည်းရေး ဆွေးနွေးလျက် ရှိသည့်အပြင် တိုင်းရင်းသား အဖွဲ့ အစည်းများကိုလည်း လွှတ်တော်ပြင်ပမှ ပါဝင်ခွင့်ရရှိအောင် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အခွင့်အလမ်းအားလုံးကို ပေးထားပြီး ဖြစ်ပါကြောင်းဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မဂျွယ်ခန်းမ၌ ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့တွင် ဆွေးနွေး ပြောကြားခဲ့သည်။

အလားတူ တိုင်းရင်းသား အဖွဲ့အစည်းများမှ အဖွဲ့ခေါင်းဆောင် မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးနိုင်ဟံသာက ယမန်နေ့ ညနေပိုင်းက ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက ပေးထားသည့်စာတမ်းကို မိမိတို့ ဆွေးနွေးသုံးသပ်ကြည့်သည့် အခါ ချက်ချင်းဆုံးဖြတ်ပေးနိုင်သည့် အနေအထား မရှိပါ ကြောင်း၊ မိမိတို့ခေါင်းဆောင်များထံ တင်ပြညှိနှိုင်းဆွေးနွေးပြီးမှသာ အဖြေပေးနိုင်မည် ဖြစ်ပါကြောင်း။

လိုင်ဇာကွန်ဖရင့်၏ သဘောတူညီချက်အရ ရေးဆွဲထားသော စာတမ်းကိုလည်း အစိုးရအဖွဲ့ သို့ ပေးထားပြီးဖြစ်ပါကြောင်း၊ အားသာချက်၊ အားနည်းချက်များကို သုံးသပ်ပြီး၊ ပြန်လည် ရှင်းလင်းပြောကြားပြီး အားလုံးနားလည်မှုဖြင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်နိုင်မည်ဟု ယုံကြည်ပါကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။

ထို့နောက် ကေအိုင်အိုအဖွဲ့မှ ဗိုလ်ချုပ်ဂွမ်မော်က လိုင်ဇာကွန်ဖရင့်တွင် စာတမ်းဖတ်ပွဲ ကျင်းပပြီး Techanical Team အဖွဲ့များက အကြံပြုစာတမ်း များရှိ ခေါင်းစဉ်များအောက်တွင် ပါရှိသော သဘောထားများမှာ နှစ်ဖက်ရေးဆွဲထားသော အချက်များ ပါဝင်ပါကြောင်း၊ အပစ်အခတ်ရပ်စဲရေး အတွက် စာချုပ်ချုပ်ဆိုနိုင်ရေးကို ခေါင်းဆောင်များ အားလုံးက Mendate ချထားပေးပြီး ဖြစ်ပါကြောင်း ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။

အစည်းအဝေးအပြီးတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲမှုများ ရပ်စဲရေးတွေ့ဆုံဆွေးနွေးပွဲ ပူးတွဲထုတ်ပြန်ကြေညာချက်ကို ထုတ်ပြန်နိုင်ခဲ့သည်။

ယနေ့ဆွေးနွေးပွဲနှင့်စပ်လျဉ်း၍ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ''ဒီနေ့ဆွေးနွေးတာ ပထမအဆင့်လို့ ပြောလို့ ရတာပေါ့။ ဒီကနေ့ ကျွန်တော်တို့ ပြောလိုက်တဲ့ အချက်တွေ ရှိပါတယ်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအဆင့် ရောက်ဖို့ အတွက် ပြုစုထားတဲ့မူကြမ်းပေါ့။ အဲဒါကို သူတို့ပြန်လည် ဆွေးနွေးသုံးသပ်ပြီးတော့ ဒုတိယအဆင့်မှာ သူတို့ဘယ်ဟာကို သဘောတူတယ်။ သဘောမတူဘူးဆိုတာ ဆွေးနွေး မယ်။

အားလုံးသဘောတူပြီးရင်တော့ လက်မှတ်ရေးထိုးတဲ့အဆင့် ရောက်သွားမှာပေါ့။ ဒီနေ့ ဆွေးနွေးပွဲကတော့ တစ်နိုင်ငံလုံး အနေအထားနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် အဓိက အဆင့်တစ်ဆင့်ကို ရောက်သွားတယ်လို့ ပြောလို့ရတာပေါ့'' ဟု ပြောပြခဲ့သည်။

ထို့ပြင် ''ဒီနေ့ဆွေးနွေးပွဲ အနေအထားရော၊ မနေ့က ဆွေးနွေးပွဲ အနေအထားကို ကြည့်ရင်တော့ အပစ်အခတ် ရပ်စဲရေးအတွက် အဖွဲ့တွေကလည်း စိတ်ဆန္ဒ အပြည့်အဝ ရှိတယ်လို့ သုံးသပ်ပါတယ်။

ကျွန်တော်တို့ တပ်မတော်ကလည်း အပစ်အခတ်ရပ်စဲချင်လို့ အထူးသဖြင့်တော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံးနဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လက်မှတ်ရေးထိုးနိုင်ဖို့ကို ထဲထဲဝင်ဝင် ဆောင်ရွက်ပြီး ငြိမ်းချမ်းရေး ရရှိအောင်လို့ ဆောင်ရွက်နေပါတယ် '' ဟု ၄င်းက ဆက်လက်ပြောပြခဲ့သည်။

''လိုင်ဇာ ဆုံးဖြတ်ချက်တွေကို အစိုးရဘက်က လေ့လာမယ်။ ပြန်ပြီးတင်ပြတဲ့ သဘော တူညီချက် မူကြမ်းကို တိုင်းရင်းသားတွေက ပြန်လေ့လာပြီးတော့ ပြန်တွေ့ကြမယ်။ ဒါကလည်း ဒီဆွေးနွေးပွဲက အင်မတန် ကောင်းပါတယ်။ လွတ်လွတ်လပ်လပ် ဆွေးနွေးလို့ ရပါတယ်။ သေနတ်နဲ့ပစ်မယ့်အစား ပါးစပ်နဲ့ဆွေးနွေးတာ ပိုကောင်းတာပေါ့။ ကျွန်တော် ပြောချင်တာကတော့ လူထုရော၊ ကမ္ဘာမှာရော အားလုံးက လောကြီးစရာ မလိုဘူး ထင်ပါတယ်။ သူတို့မျှော်လင့်တာ မြန်မြန်မလုပ်ဆောင်နိုင်လို့ စိတ်မပျက်စေချင်ပါဘူး''ဟု ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီမှ အကြံပေးဖြစ်သူ ဦးခွန်ဆိုင် ကလည်း ဆွေးနွေးပွဲနှင့် စပ်လျဉ်း၍ ပြောပြခဲ့သည်။

''၂ဝ၁၁ခုနှစ် သြဂုတ်လကစပြီး ငြိမ်းချမ်းရေး ဖိတ်ခေါ်ခဲ့တယ်။ ဖိတ်ခေါ်ပြီးနောက်ပိုင်းမှာ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတယ်။ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးတယ်၊ အဖွဲ့ (၁၄) ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲခဲ့ပြီး ကျန်တဲ့နှစ်ဖွဲ့နဲ့လည်း ဆွေးနွေးနေပါတယ်၊ ဒီဆွေးနွေးပွဲ တွေရဲ့ ရလဒ်က နေပြီးတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ စုစည်းပြီးတော့ အစည်းအဝေးပွဲ လုပ်ခွင့်ပေးခဲ့တယ်၊ အဲဒီအစည်းအဝေးပွဲ ရလဒ်ကနေပြီး တော့လည်း ဒီမှာပြန်ပြီး ဆွေးနွေးနိုင်ခဲ့တယ်၊ တင်ပြလိုတာကတော့ လွတ်လပ်ရေးရပြီး နောက်ပိုင်း ၆၅ နှစ် အတောအတွင်းမှာ ပဋိပက္ခကို လက်နက်နဲ့ဖြေရှင်းခဲ့တဲ့ တိုင်းရင်းသားတွေနဲ့ တာဝန် ရှိတဲ့သူတွေ ပထမဦးဆုံး ဆွေးနွေးနိုင်ခဲ့တဲ့အတွက် နိုင်ငံအတွက် ရလဒ်ကောင်းတွေ ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ တစ်ဖက်နဲ့တစ်ဖက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့တာ တွေလည်း Statement  တစ်ခုထုတ်ပြန်နိုင်ခဲ့ပါတယ်၊ ဆက်တော့ဆွေးနွေးဖို့ လိုလိမ့်မယ်၊ အခုလိုနှစ်ဖက်ပူးပေါင်း ဆွေးနွေးတာကိုလည်း နှစ်ဖက်လုံး အသိအမှတ် ပြုတယ်၊ ဒီဇင်ဘာလမှာလည်း ဘားအံမှာ ဆွေးနွေးပြီးတော့ သိပ်အကြာကြီးမဟုတ်ဘဲ မြန်မြန် လက်မှတ်ရေးထိုးဖို့ လုပ်ပါ့မယ်လို့ ပြောတဲ့ အတွက် အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေး ပွဲကြီး မကြာခင်ဖြစ်လာလိမ့်မယ်လို့ ယုံကြည် ပါတယ်''ဟု မြန်မာငြိမ်းချမ်းရေးစင်တာ (Myanmar Peace Center) မှ ဦးလှမောင်ရွှေက ပြောပြခဲ့သည်။

''အခုလို ပထမဦးဆုံးအကြိမ် စုံစုံညီညီ တွေ့ဆုံတာဖြစ်လို့ လက်မှတ်ထိုးတဲ့အဆင့်ကို မရောက်သေးသော်လည်း ကျွန်တော်တို့ ရှေ့ဆက် ဆောင်ရွက်ရမယ့် လုပ်ငန်းတွေအတွက် အားလုံး လမ်းပွင့်သွားတာပေါ့။ ရှေ့မှာ အားလုံးပူးပေါင်း လုပ်ဆောင်သွားမယ် ဆိုရင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးကို ညှိနှိုင်းပြီး လုပ်ဆောင်သွား နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်''ဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ ဦးခိုင်သုခက ပြောပြခဲ့သည်။
---------------------------------------------------- ------------------------------------------------

ရလဒ်ကောင်းများ ထွက်ပေါ်ပြီး ရှေ့ဆက်ငြိမ်းချမ်းရေးဖြစ်စဉ်များအားကောင်း၍ လုပ်ဆောင်နိုင်မည် မျှော်လင့်
မြစ်ကြီးနား  နိုဝင်ဘာ  ၎

ယနေ့အစိုးရ လက်ထက်ရောက်ချိန်တွင်  တိုင်းရင်းသားများ  အမြဲ တောင်းဆိုခဲ့သည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို လုပ်ဆောင်ပေးနိုင်ရန်အတွက် နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံရေး အာသီသ    ရှိပါကြောင်းဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး    ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ     ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက  နံနက် ၁၀ နာရီတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မဂျွယ်ခန်းမ၌ ကျင်းပသည့်     ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ ကိုယ်စားလှယ် များနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ထို့ပြင် ၎င်းက ယနေ့ဆွေးနွေးပွဲသည်  နှစ် ၆၀  အကြာတွင်မြန်မာနိုင်ငံ၏   လက်နက်ကိုင် ပဋိပက္ခများနှင့် စပ်လျဉ်း၍ ပထမဦးဆုံးအကြိမ်အဖြစ် အစိုးရနှင့် လက်နက်ကိုင်အဖွဲ့များ တစ်ချိန်တည်းတွင်  တွေ့ဆုံသည့် ဆွေးနွေးပွဲဖြစ်ပါကြောင်း၊ လက်နက်ကိုင် တိုင်းရင်းသားများနှင့် အစိုးရ တို့အကြား ထပ်တူကျသည့် သဘောထားမှာ ပဋိပက္ခကို နိုင်ငံရေးနည်းဖြင့်သာ ဆွေးနွေးညှိနှိုင်း အဖြေရှာ စေလိုခြင်း ဖြစ်ပါကြောင်း၊ အဖွဲ့ပေါင်း များစွာဖြင့် တစ်ပြိုင်တည်း  စကားပြောပြီး     ငြိမ်းချမ်းရေး ရအောင် ဆောင်ရွက်ရမည်မှာ အခက်အခဲ များ ရှိပါကြောင်း။
သို့သော်လည်း တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုအပေါ် အခြေခံသည့် အဖြေရှာမှုမျိုးကို လက်ခံခဲ့သည့် အတွက် နိုင်ငံရေးဆွေးနွေးပွဲသို့ မရောက် ရောက်အောင် သွားကြရန် ဆုံးဖြတ် ထားပြီးဖြစ်ပါကြောင်း၊   ယနေ့ အစည်းအဝေးပွဲမှ  ရလဒ်ကောင်းများ ထွက်ပေါ်လာပြီး ရှေ့ဆက်၍ ငြိမ်းချမ်းရေး ဖြစ်စဉ်များအားကောင်း၍   လုပ်ဆောင်နိုင် မည်ဟု မျှော်လင့်ပါကြောင်း၊ Framework for Political Dialogue  ဆိုသည့် ဆွေးနွေးပွဲ မူဘောင်ကို အစိုးရက လက်ဦးမှု ရယူပြီး ရေးဆွဲမည်မဟုတ်ဘဲ ဆွေးနွေးပွဲမူဘောင်ကို ရေးဆွဲသည့်အခါ အစိုးရအပါအဝင် တိုင်းရင်းသား   လက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊   အခြားအဓိက ကျသည့်  နိုင်ငံရေး အင်အားစုများလည်း   ပါဝင်ရမည် ဖြစ်ပါကြောင်း၊ လူထုအခြေပြုအဖွဲ့အစည်းများ၏ အသံများ ကိုလည်း နားထောင် သွားရ မည်ဖြစ်ပြိး  အဓိကအင်အားစုများ လက်ခံသည့်  မူဘောင်တစ်ခု အပေါ် အခြေခံ၍ နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပသွားရမည်ဖြစ်ပါကြောင်းဖြင့် ဆက်လက် ပြောကြား ခဲ့သည်။

အလားတူ  ဒုတိယဥက္ကဋ္ဌပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့်   ပြည်တွင်း ငြိမ်းချမ်းရေးဖော် ဆောင်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်က မိမိတို့အဖွဲ့သည် နိုင်ငံတော် သမ္မတကိုယ်တိုင် ဖွဲ့စည်း စေလွှတ် လိုက်သည့်အဖွဲ့   ဖြစ်ပါကြောင်း၊ နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာတွင် လိုင်ဇာ အစည်း အဝေး ဆွေးနွေးဆုံး ဖြတ်ချက်များနှင့်  ရှေ့ဆက်လက် ဆောင်ရွက်မည့်  လုပ်ငန်းစဉ်များ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း ငြိမ်းချမ်းရေး ပြန်လည်ဖော်ဆောင်ရေးအတွက် အထောက် အကူပြုမည်ဟု  ယုံကြည် ပါကြောင်းကို  ဖော်ပြထားပြီး ဖြစ်ပါကြောင်း၊ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌဖြစ်သည့် ဒုတိယသမ္မတ    ဒေါက်တာစိုင်းမောက်ခမ်းကလည်း  တိုင်းရင်းသား ခေါင်းဆောင်များ အားလုံးနှင့် ကိုယ်စားလှယ်များ ကျန်းမာချမ်းသာစွာဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ  ပြုလုပ် နိုင်ပါစေကြောင်းကို    ဆုတောင်း စကားပါးလိုက်ပါကြောင်း။ 
ပြည်ထောင်စုလွှတ်တော်နာယက ကလည်း    လက်ရှိကာလသည် နိုင်ငံတော်၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်အတွက် အဓိကဖြစ်သော ပြည်ထောင်စုအတွင်း စစ်မှန်သော ငြိမ်းချမ်းရေး၊ တရား ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ဦးတည်ဆောင်ရွက် လျက်ရှိသော ငြိမ်းချမ်းရေး   ဖော်ဆောင်ရေးလုပ်ငန်းများကို     မိမိတို့နိုင်ငံသားများ၊ ကမ္ဘာ့နိုင်ငံ အသီးသီး၊  ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက လည်း  လိုလား အားပေးကူညီသော အချိန်ဖြစ်ပါကြောင်း၊  လွှတ်တော်များကလည်း တိုင်းရင်းသား ရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီကို ဖွဲ့စည်းပြီး လွှတ်တော် များ ကျင်းပစဉ်ကပင်   ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်း များတွင် ပါဝင်ဆောင်ရွက်လျက်ရှိပါ ကြောင်း။
နိုင်ငံသားများ၏ မူလအခွင့် အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့် အရေးဆိုင်ရာ ကော်မတီကိုလည်း ဖွဲ့စည်းထားပြီး သက်ဆိုင်သည့်လုပ် ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ထို့ပြင်  ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အထောက် အကူပြုမည့် တိုင်းရင်းသားကာကွယ် စောင့်ရှောက်သည့် ဥပဒေကို ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေလေ့လာရေး ကော်မတီဖွဲ့စည်း၍ လေ့လာသုံးသပ် လျက်ရှိပြီး  တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး ကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း   နှုတ်ခွန်းဆက် ပြောကြားလိုက်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက်   ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီး     ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းက  နိုင်ငံတော်သမ္မတ၏  ငြိမ်းချမ်းရေးဆိုင်ရာ မိန့်ခွန်းများ၊ တပ်မတော် ကာကွယ် ရေးဦးစီးချုပ်၏   ငြိမ်းချမ်းရေးဆိုင်ရာ သဘောထားများကို  ရှင်းလင်း ဆွေးနွေးသည်။

ဆက်လက်၍   ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ   ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို စားပွဲဝိုင်း တွင် ယခုလိုတွေ့မြင်ရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ တပ်မတော် အနေဖြင့်လည်း  ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်ရန်  ဆုံးဖြတ်ချက်ချထားပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော် သမ္မတနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က လည်း ယင်းသို့ပင်  ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့်   ပေးအပ်သည့် တာဝန်များကို  တိတိ ကျကျဆောင် ရွက်ရမည် ဖြစ်သည့်အတွက်  ယင်းကို   သံသယ မရှိစေလိုပါကြောင်း၊ နိုင်ငံတော်မှ ချမှတ်ထားသည့် တစ်ပြည်လုံး   အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးအရ ဆွေးနွေးရန် အတွက် မူဘောင်တစ်ခု ချမှတ်ရေး၊ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးရေး တို့ကို ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊   တပ်မတော်သည် နိုင်ငံတော်၊ ပြည်သူ၊  အချုပ်အခြာ အာဏာနှင့် နယ်နိမိတ်တို့ကို ကိုယ်စားပြုပါကြောင်း၊ ယခုဆိုလျှင် အပစ်အခတ် ရပ်စဲရေးမှာ     အထိုက် အလျောက်  ခရီးရောက်ပြီဖြစ်ပါ ကြောင်း၊ ယခုဆွေးနွေးပွဲမှ အများ ပြည်သူတိုင်းရင်းသား  ညီအစ်ကို မောင်နှမများ မျှော်မှန်းထားသည့် အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအတွက်   တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက် နိုင်မည်ဟု   ယုံကြည် ပါကြောင်းဖြင့် ပြောကြားခဲ့သည်။
ထို့အတူ   ကရင်အမျိုးသား အစည်းအရုံးမှ  ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ယခုတိုင်းရင်း သားအဖွဲ့များနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးအဖွဲ့မှ တာဝန်ရှိသူများကို စုံစုံညီညီ တွေ့ရသည့် အတွက် ဝမ်းမြောက်မိပါ ကြောင်း၊    KNU   အနေဖြင့် အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှုကို လက်ခံခဲ့ပါကြောင်း၊ နှစ်ပေါင်း ၆၀ ကျော်ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ ကြောင့်  လူ့အသက်ပေါင်းများစွာ နှင့်အိုးအိမ်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပါကြောင်း၊  သို့ဖြစ်၍  KNU (၁၅)ကြိမ်မြောက် ညီလာခံတွင် ပဋိပက္ခများကို  စစ်မြေပြင်တွင်  မည်သို့မျှ ဖြေရှင်း၍ မရနိုင်ကြောင်းကို ဆုံးဖြတ်ခဲ့ပါကြောင်း၊ စားပွဲဝိုင်းပေါ်တွင်သာ နိုင်ငံရေး နည်းအရ   ဖြေရှင်းကြရန် KNU အနေဖြင့် ဆန္ဒရှိပါကြောင်း၊  သမ္မတကြီး၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်   တွေ့ဆုံစဉ်ကလည်း  မိမိတို့၏ သဘောထားကို ထုတ်ဖော် ပြောကြားခဲ့ ပါကြောင်း၊    KNU အနေဖြင့်  ငြိမ်းချမ်းရေး ဆောင်ရွက်ရာတွင် မရိုးသားသော စိတ်ထားများ မရှိခဲ့ပါကြောင်းကို ထပ်လောင်းပြော ကြားလိုပါကြောင်း၊  ပြည်တွင်းငြိမ်း ချမ်းရေးဖော်ဆောင်မှုအတွက် KNU အနေဖြင့်  ဆွေးနွေးမှုများ   ထပ်မံ ဆောင်ရွက် လိုပါကြောင်းဖြင့် ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများမှ ခေါင်းဆောင်များက အပစ်အခတ်ရပ်စဲရေး၊  ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ပြောကြားကြသည်။

အစည်းအဝေးတွင်   တိုင်းရင်း သား လက်နက်ကိုင်များအဖွဲ့မှ ဖွဲ့ စည်းထားသော လုပ်ငန်း အဖွဲ့ခေါင်းဆောင် မွန်ပြည်သစ်ပါတီမှ ဦးနိုင်ဟံသာ၊  ညီညွတ်သောတိုင်းရင်းသား လူမျိုးများ  ဖက်ဒရယ်ကောင်စီမှ ဦးခွန်ဥက္ကာနှင့် KIO မှ ဗိုလ်ချုပ် ဂွမ်မော်တို့က   လိုင်ဇာကွန်ဖရင့် သဘော တူညီချက်များကို တင်ပြ ဆွေးနွေးကြပြီး  ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ   ဦးအောင်မင်း၊   ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးတို့က  ဆွေးနွေးချက်အပေါ်     ပြန်လည် ရှင်းလင်း ဆွေးနွေးခဲ့ ကြသည်။
ယနေ့ဆွေးနွေးပွဲသည် ပြည်သူ လူထုတစ်ရပ်လုံး၊ နိုင်ငံတော်အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့  အစည်းများ   လိုလားတောင့်တနေ ကြသည့်   တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် အပစ်အခတ် ရပ်စဲရေး၊ ထာဝရငြိမ်းချမ်းရေး   ရရှိရေးတို့ အတွက် အရေးကြီးသည့် ခြေလှမ်း တစ်ရပ်ဖြစ်သည်ဟု နိုင်ငံရေး လေ့လာသူအချို့က သုံးသပ် ခဲ့ကြသည်။   

----------------------------------------------------------------------------------------



မြစ်ကြီးနား နိုဝင်ဘာ ၃

“ကျွန်တော် သုံးသပ်တာကတော့ မနက်ဖြန်ရဲ့ အနေအထားဟာ ကျွန်တော်တို့ နိုင်ငံသမိုင်းမှာ တစ်ခါမှ မရခဲ့ဘူးတဲ့  ငြိမ်းချမ်းရေး နေမင်းကြီး ထွန်းလင်းလာမယ်လို့ ယုံကြည်ပါတယ်” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်က နိုဝင်ဘာ ၄ ရက်တွင် မြစ်ကြီးနားမြို့ ၌ ကျင်းပမည့်  ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲနှင့် စပ်လျဉ်း၍ ပြောပြခဲ့သည်။

“မနက်ဖြန်မှာ ဆွေးနွေးမယ့် ဆွေးနွေးပွဲဟာ အင်မတန်မှ ကြီးမားတဲ့ ငြိမ်းချမ်းရေး ခြေလှမ်း တစ်ရပ်ကို အကောင်အထည်ဖော်မယ့်  အနေအထားပါ။  ဒီနေ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အရွေ့ကို အာဆီယံနဲ့ပဲကြည့်ကြည့်၊ အာရှနဲ့ပဲ ကြည့်ကြည့်  ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလမှာ အားလုံးနဲ့အတူ လက်တွဲကူးပြောင်း လာတဲ့အချိန်မှာ တိုင်းရင်းသားတွေ  ကျန်ရစ်လို့ မဖြစ်ပါဘူး။ အားလုံး အတူတကွ လက်တွဲမှ အောင်မြင်မှာဖြစ်ပါတယ်။ ဒီအခြေအနေ ဒီ အချိန်အခါကိုလည်း အားလုံးက နားလည်တယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်” ဟု ၎င်းကဆက်လက် ပြောပြသည်။

ထို့ပြင်  ဦးခက်ထိန်နန်က  “ဒီနားလည်မှုအပေါ်မှာ အခြေခံပြီးတော့ မနက်ဖြန် ဆွေးနွေးမယ်လို့ မျှော်လင့်ပါတယ်။   ဆွေးနွေးမယ့် အချက်တွေ အနေနဲ့တော့ အခု ရက်ပိုင်းအတွင်း လိုင်ဇာမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေ ဆွေးနွေးပြီးတော့ သူတို့ရဲ့ သဘော တူညီချက်ကို ငြိမ်းချမ်းရေး ကော်မတီနဲ့ မနက်ဖြန်မှာစပြီး ဆွေးနွေးမယ် ထင်ပါတယ်။ အဲဒီ အချက်ပေါ်မှာပဲ လုပ်ငန်းကော်မတီကလည်း ဆွေးနွေးမယ် ထင်ပါတယ်” ဟု ပြောကြားသည်။

“ဘယ်လိုပဲဖြစ်ဖြစ် ဒီအခွင့်အရေးဟာ အင်မတန်မှ ရတောင့်ရခဲတဲ့  အခွင့်အရေး ဖြစ်ပြီး နှစ်ပေါင်းများစွာ ကြာပြီးမှ ဒီအချိန်ကို ရောက်လာတာပါ။ အသက်ပေါင်း များစွာလည်း ပေးဆပ်ခဲ့ရပါတယ်။ အတိုင်းအတာတစ်စုံ တစ်ခုထိတော့ တိုးတက်မှ ဖြစ်မယ်။ ဘယ်အတိုင်း အတာထိ တိုးတက်မလဲဆိုတာတော့ ဆွေးနွေးတဲ့ အပေါ်မှာထွက် ပေါ်လာမှာပါ။  ဒီတစ်ခေါက် တော့  ပြည်သူတွေလိုလား တောင့်တတဲ့ ငြိမ်းချမ်းရေးကို ရအောင်ဆွေးနွေးကြပါ။ ဆောင်ရွက် ကြပါလို့ ပြောနေကြပြီ။

“လုပ်ငန်း ကော်မတီအနေနဲ့ ထာဝရ ငြိမ်းချမ်းရေးရဖို့ အဆင့်လိုက် ဆောင်ရွက်ထားတာ ရှိတယ်။ အပစ်အခတ် ရပ်စဲရေး အားလုံးပြီးရင်  နိုင်ငံရေးအရ ဆွေးနွေးမှာပါ။ အဲဒီအခါကျရင် ပြည်ထောင်စု လွှတ်တော်လည်း ပါလာမှာပါ။  ယနေ့ ဆောင်ရွက် နေတာကလည်း အားလုံးပါဝင်ရေးပဲ ဖြစ်ပါတယ်။  တိုင်းရင်းသားတွေ လိုချင်နေတဲ့ ဖက်ဒရယ်စနစ်နဲ့ ပတ်သက် ရင်လည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အကြမ်းအားဖြင့် ကြည့်ရင် ဖက်ဒရယ် ဆိုတာရှိတယ်လို့ ကျွန်တော် မြင်ပါတယ်။ ပြည်ထောင်စု အစိုးရရှိတယ်။ ပြည်နယ် အစိုးရ ရှိတယ်။ ဒါက ဖက်ဒရယ်ပုံစံကို လုပ်ထားတဲ့ သဘောရှိတယ်။ ဒီနေ့ပြောဆိုနေကြတာ ရှိပါ တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ မပြည့်စုံသေးဘူးလို့ ပြောနေတယ်။ ဒါကိုပြည့်စုံအောင်  လုပ်ရမယ်။ အကောင်အထည် ဖော်နိုင်အောင် ကော်မတီဖွဲ့ပြီးတော့ ပြင်ဖို့ဆင်ဖို့လုပ် နေတယ်။

တိုင်းရင်းသားတွေနဲ့ပတ် သက်ပြီး လုပ်ပိုင်ခွင့်ခွဲဝေမှု၊ သဘာဝ အရင်းအမြစ် ခွဲဝေမှု လေးတွေ က အစပေါ့လေ။ ပြည့်ပြည့်၀၀ရအောင် တန်းတူညီတူ ဖြစ်အောင် လုပ်ရဦးမယ်။ ဖက်ဒရယ် စစ်စစ်ဖြစ်အောင် နိုင်ငံရေးအရ ဆွေးနွေးသွားကြလိမ့် မယ်ထင်ပါတယ်”ဟု ဦးခက်ထိန်နန်က ဆက်လက်ပြောပြခဲ့သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော် ဆောင်ရေးလုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌများဖြစ်ကြသည့် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့်  ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသား ရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု  ကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်၊ ပြည်ထောင်စု ဝန်ကြီးများ၊ လုပ်ငန်း ကော်မတီဝင်များ၊  ကုလသမဂ္ဂ  အထွေထွေ အတွင်းရေးမှူး အထူးကိုယ်စားလှယ် မစ္စတာနမ်ဘီးယားနှင့် Myanmar Peace Centre မှ အဖွဲ့ဝင်များသည် ကေအိုင်အို အဖွဲ့နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ရောက်ရှိနေကြပြီဖြစ်သည်။

ကေအိုင်အိုအဖွဲ့မှ ဦးဆွမ်လွတ်ဂမ်၊ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်နှင့် ကိုယ်စားလှယ် အဖွဲ့သည် ညနေပိုင်းတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်ရောက်ရန်အတွက် လိုင်ဇာမှ မြစ်ကြီးနားမြို့သို့ ရောက်ရှိကြမည်ဖြစ်ကြောင်း သိရသည်။

မနက်ဖြန်တွင် ကျင်းပမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့မှ ဦးဆွမ်လွတ်ဂမ်၊ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်နှင့် ကိုယ်စားလှယ် အဖွဲ့များနှင့်အတူ KNU၊ KNPP၊ မွန်ပြည်သစ်ပါတီ၊  ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့၊  ရှမ်းပြည် တပ်မတော်၊  ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်၊ ချင်းအမျိုးသား တပ်ဦးတို့မှ တာဝန် ရှိသူများနှင့်  တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက် ကြမည်ဖြစ်ကြောင်း သိရသည်။

နှစ်နှစ်တာ ကာလအတွင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ကေအိုင်အိုအဖွဲ့တို့သည် (၈) ကြိမ် တွေ့ဆုံခြင်းဖြစ်ရာ ဆွေးနွေးပွဲတစ်လျှောက်  ငြိမ်းချမ်းရေးအတွက် တိုးတက်မှုများစွာ ရရှိခဲ့ပြီးဖြစ်သည်ဟု ငြိမ်းချမ်းရေး အကဲခတ် အချို့ကလည်း ဆိုကြသည်။

ယခုအကြိမ်  ဆွေးနွေးပွဲတွင် လုံးဝအပစ်အခတ် ရပ်စဲရေးအတွက် အပြီးသတ် ဆွေးနွေးနိုင် လိမ့်မည်ဟု ယုံကြည်သူအချို့က ဆိုကြသည်။

အောက်တိုဘာ ၈ရက်က တွေ့ဆုံဆွေးနွေးခဲ့သည့် ငြိမ်းချမ်းရေး ဆွေးနွေး ပွဲအပြီးတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အို ကိုယ်စားလှယ် အဖွဲ့တို့သည် ပြည်သူလူထုကို ကိုယ်စားပြုသည့် “နယ်မြေ လုံခြုံရေး အခြေအနေအရ နေရပ် စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ကြသော ပြည်သူများ မူလနေထိုင်ရာ အရပ်သို့ ပြန်နိုင်ရေးနှင့် ပြန် လည်ထူ ထောင်ရေးအတွက် အခြေခံရမည့် မူများနှင့် စီမံချက်တစ်ရပ်ရေး ဆွဲနိုင်ရန် နှစ်ဖက် အဖွဲ့များ၏ အလုပ်အဖွဲ့ (Technical Team) များနှင့် သက်ဆိုင်ရာ ဌာနများက ဆက်လက်  ညှိနှိုင်း ဆောင်ရွက်ရန်နှင့် အနည်းဆုံး ရွာလေးရွာကို ရွေးချယ်ပြီး ရှေးဦးစီမံချက် (Pilot Project) အဖြစ် အကောင် အထည်ဖော်သွားရန် သဘောတူညီသည်” ဟု အချက်ပါ ရှိသည့် အချက် (၇) ချက်ပါ သဘောတူညီချက်ကို လက်မှတ်ရေးထိုး နိုင်ခဲ့ပြီးဖြစ်သည်။

ယခု တွေ့ဆုံဆွေးနွေးပွဲသည် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့  ၁၇ ဖွဲ့ ရှိသည့် အနက် ၁၅ ဖွဲ့နှင့် နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ် တစ်ပြိုင်တည်း တွေ့ဆုံသည့် ဆွေးနွေးပွဲဖြစ်သည်။           

--------------------------------------------------------------------------------------------

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တိုင်းရင်းသား ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားတွင် အမှာစကားပြောကြား


 

နေပြည်တော် သြဂုတ် ၃၁

လက်နက်ကိုင်ပဋိပက္ခကြောင့် ဖွံ့ဖြိုးမှုရပ်နေမည်၊ နောက်ဆုတ်မည်ဆိုလျှင် တခြားသော နိုင်ငံများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး လက်အောက်ခံဘဝအဖြစ် မသိမသာ ရောက်ရှိသွားနိုင်သည်ကို သတိပြုမိစေချင်ပါကြောင်းဖြင့် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ယနေ့ နံနက်ပိုင်းတွင် ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တိုင်းရင်းသားကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းနှင့် ဦးသိန်းဇော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ်ဘီးယား၊ ကရင်အမျိုးသား အစည်းအရုံး (KNU) အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဦးဆောင်သည့် အဖွဲ့ဝင်များ၊ RCSS/SSA အဖွဲ့မှ ဗိုလ်မှူးကြီး စိုင်းလှ ဦးဆောင်သည့် အဖွဲ့ဝင်များနှင့် တိုင်းရင်းသားရေးရာ ကျွမ်းကျင်ပညာရှင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက အဖွင့်အမှာစကား ပြောကြားရာ၌ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကို စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာတွင် ယခုအစိုးရသစ် တက်လာပြီး လပိုင်းအတွင်းမှာပင် ငြိမ်းချမ်းရေး ယူကြနိုင်စေရန် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များကို နိုင်ငံတော်အစိုးရက လက်ကမ်း ကြိုဆိုခဲ့ပါကြောင်း။

အဆင့် (၃) ဆင့် ဖြစ်သည့် တိုင်းဒေသကြီး /ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်နှင့် လွှတ်တော်အဆင့် ဟူ၍ ဆွေးနွေး ညှိနှိုင်းခဲ့ကြရာ KNU အဖွဲ့နှင့် ၁၂-၁-၂ဝ၁၂ ရက်တွင် ပဏာမ သဘောတူညီချက် (၁၁) ချက်ဖြင့် လည်းကောင်း၊ RCSS/SSA အဖွဲ့နှင့် ၂-၁၂-၂ဝ၁၁ ရက်တွင် ပဏာမသဘောတူညီချက် (၈)ချက်ဖြင့်လည်းကောင်း၊ အခြားသော အဖွဲ့များနှင့်လည်း ပဏာမသဘောတူညီချက် အသီးသီးဖြင့်လည်းကောင်း အပစ်အခတ်ရပ်စဲရေး ရယူပြီး ရှေ့ဆက် ဆွေးနွေးနိုင်စေရန် သဘောတူညီခဲ့ကြပါကြောင်း။

လက်နက်ကိုင် ပဋိပက္ခမှသည် ငြိမ်းချမ်းရေးရရှိစေရန် ဆောင်ရွက်ခြင်းမှာ အပြောလွယ် သလောက် အလုပ်ခက်ခဲလှသည့် ကိစ္စပင်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေး ယူနေကြပြီ၊ ဆွေးနွေးနေကြပြီ ဆိုသော်ငြား အကြောင်းအမျိုးမျိုးကြောင့် ထိတွေ့ ပစ်ခတ်မှုများ အနည်းနှင့်အများ ရှိနေကြသည်ကိုလည်း တွေ့ရပါကြောင်း၊ သို့သော် နှစ်ဖက်အဖွဲ့များ၏ စိတ်ရှည်သည်းခံမှုကြောင့် တည်ငြိမ်အေးချမ်းမှုကို ဆက်လက်ရရှိနေပါကြောင်း၊ ထို့အတွက် ဆက်လက် ထိန်းသိမ်းပေးကြပါရန် မေတ္တာရပ်ခံလိုပါကြောင်း၊ မိမိတို့ နိုင်ငံ၏ လက်နက်ကိုင် ပဋိပက္ခသည် နှစ်ပေါင်းများစွာ ကြာခဲ့သည့် ပဋိပက္ခ၊ ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး လက်နက်ကိုင် ပဋိပက္ခဟူ၍ ပြောကြပါကြောင်း၊ ကမ္ဘာ့အဆင့် နာမည်ဆိုးဖြင့် နာမည်ကျော်သည့် နိုင်ငံဘဝမှ လွတ်မြောက်စေရန်အတွက် သက်ဆိုင်သူများ၊ နှစ်ဖက်အဖွဲ့အစည်းများအားလုံး ပါဝင်လုပ်ဆောင်မှ အောင်မြင်မည် ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။

ဆက်လက်၍ ဒုတိယသမ္မတက ယင်းသို့ လုပ်ဆောင်ကြရာတွင် အတိတ်က ဖြစ်ပျက်ခဲ့မှုများကို ရည်ညွှန်းကာ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ယိုးမယ်ဖွဲ့ တူးဆွမနေကြရန် လိုအပ်သကဲ့သို့ Forward Looking Attitude ဖြင့် ဆွေးနွေးသွားကြရန် လိုအပ်ပါကြောင်း၊ အပေးအယူ အလျှော့အတင်းမဖြစ်မနေ လုပ်နိုင်ရန် လိုအပ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် တိုင်းရင်းသားပေါင်းစုံရှိသည့် နိုင်ငံဖြစ်သည်နှင့်အညီ တိုင်းရင်းသားပေါင်းစုံ၊ လူမျိုးပေါင်းစုံ ရှိနေမှုကို စိန်ခေါ်မှုဟု သဘောမထားဘဲ အခွင့်အရေးတစ်ရပ်၊ သူမတူသည့် အင်အား တစ်ရပ်ဟု သဘောထားကာ ပူးပေါင်းလက်တွဲသွားကြမည်ဆိုပါက အိမ်နီးချင်းနိုင်ငံများကို မီရုံတင်မက တစ်နေ့နေ့တွင် ကျော်ဖြတ်သွားနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ယခင်ခေတ်၊ ယခင်အခါကာလများက ဤဒေသတွင် မိမိတို့နိုင်ငံသည် ထိပ်တန်းတွင် ရှိနေခဲ့ခြင်းသည် သက်သေတစ်ရပ်ဟု ဆိုနိုင်ပါကြောင်း။

မိမိတို့နိုင်ငံတွင် လူဦးရေ သန်း ၆ဝ ရှိနေသည်ဟု ဆိုသော်လည်း အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာအနှံ့သို့ ရေကြည်ရာမြက်နုရာ ရှာကာ အလုပ်ထွက်လုပ်နေကြသူများ ရှိနေပါကြောင်း၊ ယင်းမှာ တိုင်းပြည်ဖွံ့ဖြိုးမှု နည်းသည့်အတွက် ဖွံ့ဖြိုးမှုတိုးတက်သည့် နိုင်ငံများတွင် သွားရောက်အလုပ်လုပ်နေကြရခြင်း ဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း။

ထို့အတွက် ယင်းသို့သော ဘဝမျိုး မရောက်ရှိရလေအောင် ယင်းသို့သော နိုင်ငံဘဝမျိုးမှ လွတ်မြောက်နိုင်ကြစေရန် အားလုံးက စိတ်ရှည်၊ သည်းခံ၊ ရိုးသား၊ ကတိတည်ပြီး စစ်မှန် တည်မြဲသည့် ငြိမ်းချမ်းရေးရရှိစေရန် တည်ဆောက်သွားကြပါဟု တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ကရင်အမျိုးသား အစည်းအရုံး (KNU) အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက မိမိတို့အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးမျက်နှာစာသုံးခု ခွဲခြား ဆောင်ရွက်နေပါကြောင်း၊ မိမိတို့အနေဖြင့် ဆွေးနွေးရာတွင် မိမိတို့အနိုင်ရရမည်ဟူသော မမှန်ကန်သည့် စိတ်ထားမျိုးလုံးဝ မရှိပါကြောင်း၊ ငြိမ်းချမ်းရေးရရှိရေးအတွက် မည်သည့်ပရိယာယ်မျှ မထားဘဲ ပွင့်ပွင့်လင်းလင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယနေ့ ကမ္ဘာ့နိုင်ငံများ အပါအဝင် မိမိတို့နိုင်ငံ၏ အခြေအနေသည်လည်း များစွာ ပြောင်းလဲနေပြီ ဖြစ်ပါကြောင်း၊ ထိုပြောင်းလဲမှုများနှင့် အညီ လိုက်ပါဆောင်ရွက်နိုင်ရန် လိုပါကြောင်း၊ ငြိမ်းချမ်းရေး မဖြစ်မနေရရှိရန်အတွက် နိုင်ငံတော်အစိုးရနှင့် လက်တွဲ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

အထွေထွေ အတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းက ကရင်ပြည်နယ်အတွင်း၌သာမက တစ်ပြည်လုံး အတိုင်းအတာအထိ အပစ်အခတ် ရပ်စဲရေးဆိုင်ရာများ၊ တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေးဆိုင်ရာများ၊ နားလည်မှုရှိစွာဖြင့် ရေရှည် ငြိမ်းချမ်းရေးတည်တံ့ခိုင်မြဲစေရန် အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ပြဿနာ များကို ဖြေရှင်းရာ၌ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်ရေးနှင့် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းစေရေး ဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်နယ် တပ်မတော် RCSS/SSA အဖွဲ့မှ ဒုတိယဗိုလ်မှူးကြီး စိုင်းငင်းက နှစ်နှစ်တာ ကာလအတွင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၏ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ နိုင်ငံတော်သမ္မတကြီးက အဆိုပြု ထားသည့် နိုင်ငံရေးဆွေးနွေးပွဲများကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ဆောင်ရွက်ရာတွင် အဆင့်(၃) အဖြစ် လွှတ်တော်သို့ တင်ပြပြီး လွှတ်တော်က ဖွဲ့စည်းပေးသည့် အဖွဲ့ဖြင့် ဆွေးနွေးသည့် အဆင့်ဟု သတ်မှတ်ထားခြင်းသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို စတင်အကောင် အထည်ဖော်သည့် အစိုးရအဖွဲ့အနေဖြင့် နိုင်ငံရေးဆွေးနွေးသည့် အဆင့်ကို လွှတ်တော်သို့ လွှဲပေးပြီး လက်ရှောင်သွားသည့် သဘောဟု တိုင်းရင်းသားအဖွဲ့အစည်းများက သံသယ ဖြစ်နိုင်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတကာ ပဋိပက္ခ ဖြေရှင်းရေး စံနှုန်းများနှင့်အညီ အစိုးရက အကောင်အထည်ဖော်ပြီး လွှတ်တော်က အထောက်အကူပြုပေးသင့်ပါကြောင်း  ဆွေးနွေးပြောကြားခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) အဖွဲ့ ဥက္ကဋ္ဌ၏ နိုင်ငံရေး၊ စစ်ရေး အကြံပေးဖြစ်သူ စောတူးတူးလေးက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ အသီးအပွင့်များ ခံစားနိုင်ရေးအတွက် အဆင့်ဆင့် လုပ်ကိုင်ဆောင်ရွက် သွားသင့်သည့် လုပ်ငန်းစဉ်များ၊ နိုင်ငံတကာ ငြိမ်းချမ်းရေး ဖော်ဆောင်မှုဖြစ်စဉ်များ၏ အတွေ့အကြုံအရ နိုင်ငံရေးဆွေးနွေးပွဲများမှ တစ်ဆင့် အမျိုးသားအဆင့် သဘော တူညီချက်များ ရရှိရေးကို အုပ်ချုပ်ရေးအဖွဲ့အစည်းများက ဦးဆောင်လုပ်ကိုင်ပြီး လွှတ်တော် အဆင့်ဆင့်က လိုအပ်သည့် ဥပဒေများ ပြဋ္ဌာန်းပေးခြင်းဖြင့် အထောက်အကူပြုရန် လုပ်ဆောင်သင့်သည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူတို့က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်နှင့် တိုင်းရင်းသားများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းစဉ်များတွင် လွှတ်တော်အသီးသီးမှ ပါဝင် ဆောင်ရွက်နိုင်မှု အခြေအနေများကို ရှင်းလင်းဆွေးနွေးကြသည်။

ထို့နောက် အစည်းအဝေး တက်ရောက်လာကြသူများက ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဘက်စုံ၊ ထောင့်စုံ၊ ကဏ္ဍစုံမှ အသေးစိတ် ရှင်းလင်းဆွေးနွေး ကြသည်။

ယင်းနောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက နိဂုံးချုပ် အမှာစကား ပြောကြားရာ၌ အပြောလွယ်သလောက် အလုပ်ခက်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆောင်ရွက် ရာတွင် အတိတ်သမိုင်းက မှားယွင်းခဲ့မှုများကို ရှောင်ရှားပြီး မှန်သည့်အချက် များကို သယ်ဆောင်ကာ ရှေ့ဆက် သွားကြရမည် ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးရရှိစေရန် အားလုံးဝိုင်းဝန်း ကြိုးစားမည်ဟု ဆုံးဖြတ်ပြီးပါကလည်း အားလုံးတူညီစွာ ရိုးသား ကြိုးစားစွာဖြင့် ပြည်သူအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် ဆောင်ရွက်သင့်ပါကြောင်း၊ တစ်ပြည်လုံး အတိုင်းအတာအထိ အပစ်အခတ်ရပ်စဲရေး လုပ်ငန်းအောင်မြင်စေရန် အတွက် စိတ်ရှည်သည်းခံ ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် အစိုးရအဖွဲ့ သာမက လိုအပ်သည့် အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားသင့်ပါကြောင်း။

ယခုတင်ပြဆွေးနွေးသွားသည့် ငြိမ်းချမ်းရေးဖော်ဆောင်မှု အဆင့် (၃)ကို အုပ်ချုပ်ရေး အဖွဲ့အစည်းများက တာဝန်ခံဆောင်ရွက်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အချိန်ဇယား (Time Frame) ရေးဆွဲသတ်မှတ် လုပ်ဆောင်ရေးတို့နှင့် ပတ်သက်ပြီး နိုင်ငံတော်ဘက်က ပြန်လည်ညှိနှိုင်း ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ ယခင်ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များတွင် အလွတ်သဘော ထိတွေ့မှု Track-2 ကို ဦးစားပေး လုပ်ဆောင်ခဲ့သော်လည်း နောင်တွင် တရားဝင်ဆွေးနွေးမှု Track-1 နှင့် အလွတ်သဘော ဆွေးနွေးမှု Track-2 တို့ကို နှစ်ခုစလုံး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ နောင်လာမည့် ကာလများတွင်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာ၌ ပီပီပြင်ပြင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကြိုးစားသွားရန် လိုအပ်ပါကြောင်း၊ သို့မှသာ မိမိတို့ လိုလားတောင့်တသည့် ထာဝစဉ်တည်တံ့သော ငြိမ်းချမ်းရေးကို ရရှိနိုင်မည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

အခမ်းအနားအပြီးတွင် ဒုတိယသမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြ သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
-----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို နိုင်ငံရေးအခင်းအကျင်းအသစ်တစ်ရပ်အဖြစ် ကျင်းပနေခြင်းဖြစ်

ရန်ကုန် သြဂုတ် ၁ဝ

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌ ရဲဘော်သံခဲ၊ ဒုတိယဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းနှင့် အထွေထွေအတွင်းရေးမှူး ရဲဘော်ဆန်နီတို့ ခေါင်းဆောင်သည့် ကိုယ်စားလှယ် အဖွဲ့တို့၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ယနေ့နံနက် ၁ဝ နာရီတွင် ရန်ကုန်မြို့ကမာရွတ်မြို့နယ် အမှတ်(၁ဝ) ရွှေလီလမ်းရှိ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန (Myanmar Peace Center) ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ''ယခု ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို နိုင်ငံရေးအခင်းအကျင်း အသစ်တစ်ရပ်အဖြစ် ကျင်းပနေခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် ABSDF အဖွဲ့ကိုလည်း ပါဝင်စေလိုခြင်းဖြစ်ကြောင်း၊ နိုင်ငံရေး ပုံစံသစ်တွင် နိုင်ငံရေး အားပြိုင်မှုမှာ သဘာဝကျသော အင်္ဂါရပ်အဖြစ် မိမိတို့ လက်ခံ နားလည်ထားပါကြောင်း၊ သဘောတူသည့် အချက်များကို လက်ခံပြီး သဘောမတူလျှင်လည်း လာမယ့် ဆွေးနွေးပွဲများတွင် ဆက်လက်ဆွေးနွေး သွားမည်ဖြစ်ကြောင်း'' ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းနှင့် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်းတို့က ယခုငြိမ်းချမ်းရေး စားပွဲဝိုင်းတွင် တစ်ဦးနှင့်တစ်ဦး နားလည်မှု မှတစ်ဆင့် ယုံကြည်မှုဖြစ်ပေါ်ပြီး ဆက်လက်ဆွေးနွေး ဆောင်ရွက်ရန် စီစဉ်  ထားရှိမှု၊ လက်နက်ကိုင် တောင်းဆိုကြမည့်အစား အများပြည်သူ ရှေ့မှောက်တွင် ယခုကဲ့သို့ ဆွေးနွေးပြီး ပြည်သူဗဟိုပြု ပြည်သူ့ဆန္ဒနှင့်အညီ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ယုံကြည်မှု တည်ဆောက်နိုင်မည်ဟု မျှော်လင့် ယုံကြည်မှု တို့နှင့် စပ်လျဉ်း၍ ပြောကြားကြသည်။

ယင်းနောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌ ရဲဘော်သံခဲနှင့် ဒုတိယဥက္ကဋ္ဌ ရဲဘော် မျိုးဝင်းတို့က ''ယခု အောင်မြင်မှုကို အခြေခံ ပြီး အောင်မြင်သည်ထက် အောင်မြင်ရန် ဆောင်ရွက်သွားရန် မျှော်လင့်ယုံကြည်ထားရှိမှု၊ မတူညီ သည်များကို အလေးအနက်ထားပြီး ယခုစားပွဲဝိုင်းတွင် နောက်မဆုတ်တမ်း ဆွေးနွေး မှုကို လက်ခံထားရှိမှု တို့နှင့်စပ်လျဉ်း၍ ပြောကြားကြသည်။

ထို့နောက် နှစ်ဖက် ကိုယ်စားလှယ်တို့သည် အချက် (၁၂) ချက်ပါ သဘောတူညီချက်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ နှစ်ဖက်ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်များသည် သဘောတူညီချက်များကို လက်မှတ်ရေးထိုးပြီး အပြန်အလှန် လဲလှယ်ကြကာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ညနေပိုင်းတွင် အောင်မြင်စွာ ကျင်းပပြီးစီးသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌများ ဖြစ်ကြသော ဦးအောင်မင်းနှင့် ဦးသိန်းဇော်၊ ကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးသက်နိုင်ဝင်း၊ ဦးအုန်းမြင့်၊ ဦးခင်ရီနှင့် ဦးဇေယျာအောင်၊ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်း၊ ဒုတိယရှေ့နေချုပ်၊ ကရင်ပြည်နယ် ဥပဒေချုပ်၊ လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော် အရာရှိကြီးများ၊ Myanmar Peace Center မှ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ဥက္ကဋ္ဌ ရဲဘော်သံခဲ၊ ဒုတိယဥက္ကဋ္ဌ ရဲဘော်မျိုးဝင်း၊ အထွေထွေ အတွင်းရေးမှူး ရဲဘော် ဆန်နီနှင့် ဗဟိုကော်မတီဝင်များ၊ စစ်ရေးတာဝန်ခံနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး လေ့လာသူများအဖြစ် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့မှ ဦးအေးသာအောင်နှင့် ဦးဝင်ကမ်းလျန်၊ မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီမှ ဦးဇင်အောင်၊ မြန်မာအမျိုးသား ကွန်ဂရက်ပါတီမှ ဦးကောင်းမြတ်ထွဋ်၊ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှ ဦးမင်းကိုနိုင် ဦးကိုကိုကြီးနှင့် ဦးမြအေး၊ Center For Peace and Conflict Study (CPCS)  နှင့် နိပွန်ဖောင်ဒေးရှင်းတို့မှ ကိုယ်စားလှယ်များ တက်ရောက် ကြသည်။

ဆွေးနွေးပွဲအပြီးတွင် ဆွေးနွေးပွဲမှတစ်ဆင့် ထွက်ပေါ်လာသည့် သဘောတူညီချက် ရလဒ် တို့နှင့်စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ဆက်လက်ကျင်းပရာ နှစ်ဖက် ကိုယ်စားလှယ်များက ပြည်တွင်း ပြည်ပမီဒီယာများ၏ သိရှိလိုသည်များကို ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။

ယနေ့ ကျင်းပသည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှတစ်ဆင့် နှစ်ဖက် ကိုယ်စားလှယ်များသည် တစ်နိုင်ငံလုံး အတိုင်းအတာဆောင်သော အပစ်အခတ်ရပ်စဲရေးကို နှစ်ဖက်စလုံးမှ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရန်၊ အပစ်အခတ် ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် လွတ်လပ်သည့် လေ့ လာစောင့်ကြည့်ရေး အဖွဲ့ ဖွဲ့စည်းရန် မူအားဖြင့် သဘောတူရန်၊ နိုင်ငံရေး အင်အားစုများ၊ ပါတီအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအားတိုင်းပြည်၏ နိုင်ငံရေးဖြစ်စဉ်တွင် ဂုဏ်သိက္ခာရှိစွာ ပါဝင်နိုင်ရေးအတွက် တရားဝင် ဖိတ်ခေါ်သွားရန်၊ နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီမှ စိစစ်ဆွေးနွေးမှုများ ဆက်လက် ပြုလုပ်သွားရန်၊ မကဒတမှ အဆိုပြုသော ဒီမိုကရေစီအရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုင်ရာ ကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ဆွေးနွေးသွားရန်၊ မကဒတ၏ နိုင်ငံရေး ဆွေးနွေးပွဲရလဒ်များ၊ နိုင်ငံရေး သဘောထားများနှင့် လုပ်ငန်းစဉ်များကို ပြည်သူလူထု၊ နိုင်ငံရေး ပါတီများ၊ လူထုအခြေပြု အဖွဲ့အစည်းများဖြင့် ဥပဒေနှင့်အညီ လွတ်လပ်စွာ ဆွေးနွေးဖလှယ်ခွင့်၊ အစည်းအဝေး ကျင်းပခွင့် ရှိရန်၊ မကဒတအား မတရားအသင်းအဖြစ် သတ်မှတ်ထားရှိမှုကို ပယ်ဖျက်ပေးနိုင်ရေး အတွက် ဆက်လက်ဆွေးနွေးသွားရန်၊ အမည်မည်း (Black List) စာရင်းတွင် ထည့်သွင်း ခံထားရသည့် မကဒတတပ်ဖွဲ့ဝင်နှင့် အဖွဲ့ဝင်များကို ပယ်ဖျက်ပေးရန်နှင့် တရားစွဲဆိုခြင်း ခံထားရသော မကဒတပ်ဖွဲ့ဝင်နှင့် အဖွဲ့ဝင်များအား ဥပဒေနှင့်အညီ ပယ်ဖျက်ပေးရေး ဆက်လက် ဆွေးနွေးသွားရန်၊ ပြည်တွင်းပြည်ပ အခြေစိုက် အစိုးရ မဟုတ်သော အဖွဲ့အစည်း များ (NGOs)၊ လူမှုအထောက်အကူပြု အဖွဲ့အစည်းများ (CBOs) များနှင့် တည်ဆဲဥပဒေ နှင့်အညီ ဆက်စပ်ဆောင်ရွက်ခွင့်ရှိရန်၊ သတင်းဌာနများ၊ မီဒီယာများနှင့် လွတ်လပ်စွာ ထိတွေ့ ဆောင်ရွက်ခွင့်ရှိရန်၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အပစ်အခတ် ရပ်စဲရေး ကိစ္စရပ်များ အပါအဝင် နှစ်ဖက်ဆက်သွယ်ရေး လမ်းကြောင်းများ အဆင်ပြေချောမွေ့ စေရေးအတွက် မကဒတမှ တင်ပြထားသည့် ကလေး၊ ဘုရားသုံးဆူ၊ မူဆယ်နှင့် လွိုင်ကော်တို့တွင် ဆက်ဆံရေးရုံးများကို ဖွင့်လှစ်နိုင်ရေးအတွက် ဆက်လက်ညှိနှိုင်းသွားရန်၊ နှစ်ဖက်တပ်များ လိုက်နာရမည့် စည်းကမ်းချက်များ (Code of Conduct) ရေးဆွဲရေးကို မူအားဖြင့် သဘောတူပြီး ဆက်လက် ညှိနှိုင်းရေးဆွဲရန်၊ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲကို ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ လအတွင်း နှစ်ဖက်ညှိနှိုင်း၍ ရက်သတ်မှတ်သွားရန် ဟူသည့် သဘောတူညီချက်များကို လက်မှတ်ရေးထိုး အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အပြီးတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က ''ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဆင့်ကို ၂ဝ၁၁ ခုနှစ် သြဂုတ် ၁၈ ရက်ကစပြီး ကမ်းလှမ်းခဲ့ပါတယ်။ ကမ်းလှမ်းပြီးနောက်မှာ ABSDF အဖွဲ့နဲ့လည်း ငြိမ်းချမ်းရေးစကား ပြောခဲ့ပါတယ်။ (၅)ကြိမ်မြောက် အလွတ်သဘော ဆွေးနွေးပြီးတဲ့အခါမှာ (၆) ကြိမ်မြောက် မှာတော့ လွန်ခဲ့တဲ့ သြဂုတ် ၅ ရက်က ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ပါတယ်။ အဲဒီ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ်ထဲမှာ နောက်ဆုံး အချက်ထဲမှာ နိုင်ငံရေး ဆွေးနွေးပွဲတွေကို ဆက်လုပ်မယ်။ ၁ဝ ရက်နေ့မှာ ဆက်လုပ်မယ် ဆိုတဲ့အတိုင်း ဒီနေ့ ဒါကိုဆောင်ရွက်နိုင်ခြင်း ဖြစ်ပါတယ်။ ဒါဟာ ထူးခြားတဲ့ပွဲလည်းဖြစ်တယ်။ နောင်လည်း ဆွေးနွေးပွဲတွေကို ဆက်လုပ်သွားမယ်ဆိုတာ စာချုပ်ထဲမှာ ထည့်ထားပြီးသား ဖြစ်ပါတယ်။ ဒီနေ့စာချုပ်က (၁၂) ချက် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပါတယ်''ဟု ရှင်းလင်းပြောကြားခဲ့သည်။
-----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------
 

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းကော်မတီနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးတို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ


နေပြည်တော် သြဂုတ် ၈

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ၊ ဒီမိုကရက်တစ်တပ်ဦး (ABSDF)  ဥက္ကဋ္ဌ ရဲဘော်သံခဲ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ဝင် များသည် ရန်ကုန်မြို့သို့ ရောက်ရှိပြီး  ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီနှင့် ယမန်နေ့က ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

မင်္ဂလာရှိပေစွ။ နိုင်ငံတော်အစိုးရ၏ အမျိုးသား ပြန်လည်သင့်မြတ်ရေး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ခြေလှမ်းများ ပိုမိုစိပ်လာသည်နှင့်အမျှ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် သာယာ ဝပြောရေးအတွက် ငြိမ်းချမ်းရေးကို လိုလားချစ်မြတ်နိုးကြသော ပြည်သူများ၏  ငြိမ်းချမ်းရေး ရင်ခုန်သံများ ကလည်း ပို၍ပို၍ ကျယ်လောင်လာသည်။

ထိုနည်းတူ  မြန်မာနိုင်ငံ၏ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဒီမိုကရေစီနည်းကျကျ စားပွဲဝိုင်းပေါ်တွင် ညှိနှိုင်း အဖြေရှာလျက် ရှိသည့် ပြည်မြန်မာ၏  ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များနှင့်စပ်လျဉ်း၍ နိုင်ငံတကာကလည်း အားပေးထောက်ခံလျက် ရှိပေသည်။

သို့ဖြင့် ယမန်နေ့ဆွေးနွေးပွဲနှင့် စပ်လျဉ်းသည့် ငြိမ်းချမ်းရေးသံစဉ်များကို သတင်းအဖွဲ့မှ စုစည်းတင်ပြလိုက်ရပါသည်။

ရှေးဦးစွာ လက်ရှိ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိထားသည့်  အဖွဲ့အစည်းများ အနက် မည်သည့်အဖွဲ့နှင့် ပြီးပြည့်စုံသော ထာဝရငြိမ်းချမ်းရေးပန်းကို ရယူတည်ဆောက် နိုင်မလဲ မေးခွန်းအပေါ် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး  ဦးအောင်မင်းက ''ပြောရရင်တော့ ကျွန်တော်တို့အပေါ်    ယုံကြည်မှု အရှိဆုံးအဖွဲ့က အမြန်ဆုံး ပန်းဝင် မှာပါ'' ဟုပြောကြားသည်။

အမျိုးသားအဆင့် ငြိမ်းချမ်းရေး ညီလာခံ ကျင်းပနိုင်ရေးအတွက် အချိန်ကာလ သတ်မှတ်ချက်  မေးခွန်းနှင့် စပ်လျဉ်း၍ ''အခု ကျွန်တော်တို့ လမ်းပြမြေပုံ မူဘောင်ရေးဆွဲနေတယ်။   သူတို့ ကလည်းဆွဲတယ်၊ ကျွန်တော်တို့ ကလည်းဆွဲတယ်။ အဲဒီဆွဲနေတဲ့အပေါ် ကျွန်တော်တို့ ပြန်ညှိမှာပေါ့။ အားလုံး အတည်ရပြီဆိုရင် အဲဒီ Framework အတိုင်း ဆက်လုပ်မှာပေါ့။  အဲဒါဆိုရင် အမျိုးသားအဆင့် ငြိမ်းချမ်းရေး ညီလာခံကြီး စတင်ကျင်းပလို့ ရသွားပြီပေါ့၊  ဒါကို  ကျွန်တော်တို့ ညှိနေကြတယ်။ တော်တော်များများလည်း အားလုံးက  ရေးပြီးနေကြပြီ။  ဒါကို ပြန်ပြီးညှိဖို့ပဲ ကျန်ပါတယ်။ ဒါကို ဆက်လုပ်သွားပါမယ်'' ဟု ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍  ငြိမ်းချမ်းရေး ပြန်လည်ဖော်ဆောင်နေမှုနှင့် စပ်လျဉ်းပြီး ''ကျွန်တော် အလွန် ဝမ်းသာတယ်။ ပီတိဖြစ်ပါတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ငြိမ်းချမ်းရေးရဲ့ အရသာဟာ ခံစားတတ်တဲ့သူမှ သိတာပါ။ မငြိမ်းချမ်းတဲ့ ဒေသမှာ နေခဲ့တဲ့သူက အသိဆုံးပဲပေါ့။    ကျွန်တော်တို့ ဘဝတစ်လျှောက်လုံးက မငြိမ်းချမ်းတဲ့ ဒေသတွေမှာ နေခဲ့ရတယ်၊ အဲဒီတော့  ငြိမ်းချမ်းရေးရဲ့ အရသာကို အသိဆုံးပဲ ဖြစ်တာပေါ့၊ ငြိမ်းချမ်းသွားမယ်ဆိုရင် ကျွန်တော်တို့ အတွက် ဒီပီတိက ဘာနဲ့မျှလဲလို့ မရတဲ့  ပီတိလို့ပြောလို့ရမှာ ဖြစ်ပါတယ်'' ဟု ဆိုသည်။

ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲက ''ဒါဟာ မြန်မာနိုင်ငံထဲမှာ၂၅ နှစ်အတွင်း  ပထမဆုံးစပြီး   ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် နှစ်ဖက် ပထမဆုံး တရားဝင် ဆွေးနွေးပွဲဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ လိုအပ်နေတဲ့  အခြေခံ နိုင်ငံရေး ပြဿနာ နှစ်ရပ်ဖြစ်တဲ့ ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားရေးရာ ကိစ္စရပ်တွေကို  ကျွန်တော်တို့ အတတ်နိုင်ဆုံး တိုင်းပြည်ရဲ့ လိုအပ်ချက်တွေအတွက် ပွင့်ပွင့်လင်းလင်း  ရိုးရိုးသားသား  တင်ပြခဲ့ပါတယ်။ ဒီအခြေခံအဆင့်မှာ လက်ရှိလိုအပ်နေတဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေကို  သွားဖို့ဆိုရင် အပစ်အခတ် ရပ်စဲရေးဟာ ပဏာမအဆင့်ဆိုတာ ကျွန်တော်တို့ လက်ခံပါတယ်။   နိုင်ငံရေး ဆွေးနွေးပွဲတွေကို ဆက်လက်ကျင်းပပေးဖို့ နှစ်ဖက် ဆက်လက်ဆွေးနွေးဖို့လည်း သဘောတူခဲ့ပါတယ်။ အခုက ပဏာမ အပစ်အခတ်ရပ်စဲရေး  အဆင့် လက်မှတ်ရေးထိုးပွဲ ဖြစ်ပါ တယ်။ လာမယ့် သြဂုတ်လ ၁ဝ ရက်မှာ တစ်နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး ကိစ္စရပ်များကို  ဆက်လက်ဆွေးနွေး သွားပါမယ်။

ပဋိပက္ခတွေ  အဆုံးသတ်ချင်ရင် အကောင်းဆုံးက ဆွေးနွေးညှိနှိုင်း အဖြေရှာခြင်းပါပဲ။  သို့သော်လည်း တစ်ဖွဲ့တည်းနဲ့တော့ ပြီးမှာမဟုတ် ပါဘူး။ နှစ်ဖွဲ့တည်းနဲ့လည်းပြီးမှာ မဟုတ်ပါဘူး၊ ဒီတော့ နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ အစိုးရ၊ တပ်မတော်၊ နောက်တစ်ခုက နိုင်ငံရေးပါတီတွေ၊ လက်နက်ကိုင် တိုင်းရင်းသား အင်အားစုတွေ  စသည်ဖြင့် ဒီအင်အားစုတွေ အားလုံးပါဝင်တဲ့ ညီလာခံမျိုး လိုအပ်တယ်လို့ ကျွန်တော်မြင်ပါတယ်။

ဒီလို ညီလာခံမျိုး ပြီးမှသာလျှင် တိုင်းပြည်အနာဂတ်အတွက် နိုင်ငံရေးဆိုင်ရာ သဘော တူညီချက်တွေနဲ့အတူ ရှေ့လုပ်ငန်းစဉ်တွေ၊ အားလုံးလိုက်ပါကြမယ့် လုပ်ငန်းစဉ် တစ်ခုက ချမှတ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရေးဆွေးနွေးပွဲမှာ တင်ပြမယ့်      အချက်အလက်တွေ အားလုံးဟာ တစ်တိုင်းပြည်လုံးဆိုင်ရာ  နိုင်ငံရေး ဆွေးနွေးချက်တွေ ပါပါမယ်။ ပင်လုံဆိုင်ရာ ကိစ္စရပ်မျိုးတွေ၊ ဖွဲ့စည်းပုံ ဆိုင်ရာ ကိစ္စရပ်မျိုးတွေ၊ နောက်တစ်ခုက နိုင်ငံရေး အကျဉ်းသားဆိုင်ရာ ကိစ္စရပ်မျိုးတွေ၊ တိုင်းပြည်လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်မျိုးတွေကို လာမယ့် နိုင်ငံရေးဆွေးနွေးပွဲမှာ ကျွန်တော်တို့တရားဝင် ဆွေးနွေးကြရမှာ ဖြစ်ပါတယ်။ ဘာပဲလုပ်လုပ် အဓိကက ပြည်သူလူထု အကျိုးစီးပွားအတွက် မျက်နှာ မူရမှာပါ''ဟု ပြောကြားသည်။

ABSDF အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဝင်းက ''တိုင်းပြည်မှာရှိတဲ့  နိုင်ငံရေးသမားတွေ  တစ်ဦး ကောင်း တစ်ယောက်ကောင်းနဲ့ လုပ်လို့မရ ပါဘူး၊ အားလုံးစုပေါင်းပြီး အဖြေရှာမှ အားလုံး သဘောတူညီတဲ့ အဖြေရလာပါလိမ့်မယ်။ ကျွန်တော်တို့ မျှော်လင့်ထားတာကလည်း ဒီနှစ်ဖက်ဆွေးနွေးမှုက ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အထောက်အကူ  ဖြစ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ အဲဒီ မျှော်လင့်ထားတဲ့ အပေါ်မူတည်ပြီး တိုင်းပြည်ရဲ့ လိုအပ်ချက်အရ၊ ပြည်သူတွေ လိုအပ်ချက်အရ ဘာတွေဆောင်ရွက်ရမလဲ၊ ဘာတွေရေးဆွဲ နိုင်မလဲဆိုတာ သိရပါမယ်''ဟု ပြောကြားသည်။

ABSDF အဖွဲ့မှ အထွေထွေအတွင်းရေးမှူး ဦးဆန်နီက  '' ABSDF  အဖွဲ့အနေနဲ့    လက်ရှိ အခြေပြုထားတဲ့ တိုင်းရင်းသားဒေသ အသီးသီး မှာပဲ ဆက်လက်အခြေပြုသွားပါမယ်၊ လက်ရှိ   ABSDF ရပ်တည်နေတာ ဘယ် NGO ရဲ့  အထောက်အပံ့နဲ့မှ မဟုတ်ပါဘူး၊  နိုင်ငံတကာ မှာ ရောက်နေကြတဲ့ ထောက်ပံ့ ပံ့ပိုးပေးနေတဲ့ မြန်မာအင်အားစုတွေ၊ မိတ်ဆွေတွေအပါအဝင်  တိုင်းရင်းသားဒေသ အသီးသီးမှာ ရပ်တည်နေကြတဲ့ တိုင်းရင်းသားအင်အားစု အသီးသီးရဲ့ ထောက်ပံ့မှုနဲ့ ရပ်တည်နေတာ ဖြစ်ပါတယ်။ ဒီခရီးကို လုပ်ဖော်ကိုင်ဖက်က အဖွဲ့အစည်းတွေ၊  လုပ်ဖော်ကိုင်ဖက် နိုင်ငံရေးအင်အားစုတွေ၊ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလမှာ  လေ့လာရေးခရီးလာ တုန်းက ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေ၊ ဦးမင်းကိုနိုင်တို့ ဦးဆောင်တဲ့ ၈၈   ပွင့်လင်း လူ့အဖွဲ့အစည်း၊ နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားအဖွဲ့တွေ၊ အပစ်အခတ် ရပ်စဲရေး လုပ်ထားတဲ့အဖွဲ့တွေ၊ ဒေသဆိုင်ရာ အသီးသီးမှာရှိကြတဲ့ မိတ်ဆွေသူငယ်ချင်းတွေ၊  နိုင်ငံခြား မှာ ရောက်နေကြတဲ့ ရဲဘော်တွေရဲ့ အကြံဥာဏ်ကိုရယူပြီး ဒီခရီးကို လျှောက်လှမ်းခဲ့တာ ဖြစ်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေမှာ ဒေါ်အောင်ဆန်းစုကြည်  ပါဝင် လာမယ်ဆိုရင် ဒီ့ထက် ပိုကောင်းတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ ဖော်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်''ဟု ပြောကြားသည်။

၈၈  မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ဦးမင်းကိုနိုင်က လုပ်ငန်းစဉ်တွေက  အများကြီး ကျန်ရှိ နေပါသေးတယ်။ အခု အပစ်အခတ်ရပ်စဲဖို့ သဘောတူတာနဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေကို   ဆက်ကို လုပ်မှရမယ်။ ကြားမှာ ဟ သွားလို့ မရဘူး။ ဟသွားရင် သံသယတွေ ဝင်လာမယ်။ အတားအဆီးတွေ ဝင်လာမယ်။ အဲဒါကြောင့် လုပ်ငန်းစဉ်မှန်သမျှကို နှစ်ဖက်စလုံးက   စိတ် စေတနာ မှန်မှန်နဲ့ ငြိမ်းချမ်းရေးကို တကယ် ယုံရင် တကယ်လုပ်လို့ ရပါတယ်။

စိုးရိမ်တာက အတိတ်က ဖြစ်ခဲ့သလို အပစ်အခတ်လုပ်လိုက်၊ ရပ်စဲရေးလုပ်လိုက် အဲလို မဖြစ်အောင်လို့ နောက်က ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်တွေ အကုန်ပါဝင်အောင်ပေါ့။ တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက် နှစ်ဖက်လုံးက ယုံယုံကြည်ကြည်နဲ့  လုပ်ငန်းစဉ်ကို  အတူလုပ်သွားရင် ရပါတယ်ဟု ပြောခဲ့သည်။
 ----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

နာတာရှည်လက်နက်ကိုင် ပဋိပက္ခကို ဆေးမြီးတိုဖြင့် ကုလို့မရ ပဋိပက္ခများ ဖြေရှင်းရန်အတွက် အဓိကကျသည်မှာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုဖြစ်

ရန်ကုန်    သြဂုတ်    ၅

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌ ရဲဘော်သံခဲ၊ ဒုတိယဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းနှင့် အထွေထွေ အတွင်းရေးမှူး ရဲဘော်ဆန်နီတို့ ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့၏ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အမှတ်(၁ဝ) ရွှေလီလမ်းရှိ  မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင် ရေးဗဟိုဌာန (Myanmar    Peace Center) ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အစိုးရသစ် တာဝန်ယူပြီးနောက် နိုင်ငံတော်သမ္မတကြီး က ၂ဝ၁၁ ခုနှစ် သြဂုတ်လအတွင်း တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များအား ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့ပါကြောင်း။

ထိုသို့စတင်ခဲ့သည့် ငြိမ်းချမ်းရေး ကြိုးပမ်းမှုများကြောင့် ယနေ့ အဖွဲ့ပေါင်း ၁၃ ဖွဲ့သည် အစိုးရနှင့်  အပစ်အခတ်ရပ်စဲရေး လုပ်ထားခဲ့ပြီး ဖြစ်သကဲ့သို့ KIO အဖွဲ့နှင့် မြစ်ကြီးနားတွင်  ရေးထိုးခဲ့သော မေလ သဘောတူညီချက်ကြောင့် ကချင်ပြည်နယ်တွင် တိုက်ပွဲမရှိ သလောက်ဖြစ်သွားခဲ့ပြီ    ဖြစ်ပါကြောင်း။

လက်ရှိအစိုးရ၏ ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒသည် အပစ်အခတ်ရပ်စဲရေး သက်သက် မဟုတ်ပါကြောင်း၊  နာတာရှည် လက်နက်ကိုင် ပဋိပက္ခကို ဆေးမြီးတိုဖြင့် ကုလို့မရပါကြောင်း၊ ပဋိပက္ခများ ဖြေရှင်းရန်အတွက် အဓိကကျသည်မှာ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုဖြစ်သည်ဟု ယုံကြည်ပါကြောင်း၊ စားပွဲဝိုင်းပေါ်တွင် ဖြေရှင်းနိုင်သည့် နိုင်ငံရေး အခင်းအကျင်းတစ်ခု ပေါ်ပေါက်လာရန် အားလုံးက ဝိုင်းဝန်း ကြိုးစားရလိမ့်မည် ဖြစ်ပါကြောင်း။

မိမိတို့ အစိုးရ၏  ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အပစ်အခတ် ရပ်စဲရေးသည်   ပဏာမ လိုအပ်ချက် ဖြစ်ပါကြောင်း၊ နောက်တစ်ဆင့်မှာ အဓိက အင်အားစုများကြားတွင် Framework (လမ်းပြမြေပုံ) ကဲ့သို့ ငြိမ်းချမ်းရေးမူဘောင်တစ်ခု ထွက်ပေါ်လာရန် လိုပါကြောင်း၊ ထို Framework ကို အခြေခံပြီး နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေးဆွေးနွေးပွဲကြီးကို ကျင်းပသွားမည် ဖြစ်ပါကြောင်း၊ ယင်းဆွေးနွေးပွဲကြီးမှ အမျိုးသား သဘောတူညီချက် (National Accord) တစ်ခုရအောင် ကြိုးပမ်းသွားမည် ဖြစ်ပါကြောင်း။

ထိုသို့ ကြိုးပမ်းသွားရန် အစိုးရဘက်က မူရှိပြီးသားဖြစ်ပါကြောင်း၊ သြဂုတ် ၁ ရက်က ပြည်ထောင်စုလွှတ်တော်ကလည်း လက်ရှိ ငြိမ်းချမ်းရေး ကြိုးပမ်းမှု များကို ထောက်ခံကြိုဆိုပြီး ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ကြေညာခဲ့ပါကြောင်း၊ တပ်မတော်ကလည်း သမ္မတကြီး၏ လမ်းညွှန်ချက်အတိုင်း ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပံ့ပိုးအကောင်အထည်ဖော်သွားမည်ဆိုသည့်  သဘောထားမျိုး  ထုတ်ဖော်ထားပြီး ဖြစ်ပါကြောင်း။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကလည်း ငြိမ်းချမ်းရေး ဖြစ်စဉ်ကို  နိုင်ငံရေးဆွေးနွေး သော နည်းလမ်းဖြင့် အကောင်အထည်ဖော်ရန် ဆန္ဒရှိကြပါကြောင်း၊ နိုင်ငံတကာကလည်း ထောက်ခံအားပေး နေပါကြောင်း၊ ပြည်သူလူထုကလည်း အားပေးထောက်ခံ ကြပါကြောင်း၊ မိမိတို့ တိုင်းပြည်တွင် ငြိမ်းချမ်းရေးအတွက် ရင့်မှည့်သော နိုင်ငံရေး အခြေအနေတစ်ခုကို ရောက်ရှိလာပြီဖြစ်ပါကြောင်း။

မိမိတို့  မြန်မာနိုင်ငံ  ငြိမ်းချမ်းရေးဖြစ်စဉ်၏ ထူးခြားချက်မှာ လက်နက်ကိုင်  တိုက်ခိုက်နေသော အဖွဲ့ပေါင်းများစွာနှင့် ဆွေးနွေးရခြင်း ဖြစ်ပါကြောင်း။ 

ABSDF အဖွဲ့သည်လည်း တိုင်းပြည်၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီ အပြောင်းအလဲ အောင်မြင်နိုင်ရေး စသည့် လုပ်ငန်းများတွင် အင်အားစုတစ်ရပ် အနေဖြင့် ပါဝင်နိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ အောင်မြင်သည့် ပူးပေါင်းဆောင်ရွက်မှုမျိုး ဖြစ်နိုင်ရန် အင်အားစုအားလုံးက   လက်တွေ့ကျသော ရလဒ်ကို  အခြေခံသည့်   စဉ်းစား ဆင်ခြင်မှုမျိုး ကိုလည်း  အခြေခံနိုင်ရန် အရေးကြီးပါကြောင်း။

ယနေ့ဆွေးနွေးပွဲသည်  အစိုးရနှင့် ABSDF တို့အကြား  အပစ်အခတ်ရပ်စဲရေး ဆိုခြင်းထက် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အပြောင်းအလဲတွင် အင်အားစုများ ပူးပေါင်းဆောင်ရွက်နိုင်ရန် စတင်လိုက်သော ခြေလှမ်းတစ်ခုဟု သဘောထားပြီး ငြိမ်းချမ်းရေးခရီးကို လျှောက်လှမ်းကြပါစို့ ဟု ပြောကြား လိုပါကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍   ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ  ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်၊  ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းနှင့် ဦးခင်ရီတို့က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် အားလုံးပါဝင် ဆောင်ရွက်နိုင်ရန်  လိုအပ်မှု၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေးလိုအပ်မှု၊ နိုင်ငံတော်အစိုးရကဖော်ဆောင်နေ သည့်  ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ  အရှိန်အဟုန်ဖြင့် ခရီးရောက်ရှိနေမှု၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိနေမှု၊ ကရင်ပြည်နယ်နှင့် ကချင်ပြည်နယ် တို့တွင် သေနတ်သံများ ရပ်စဲသည်အထိ တိုးတက်ဖြစ်ထွန်းလာမှုနှင့် ယနေ့ကျင်းပသည့် ဆွေးနွေးပွဲ မှတစ်ဆင့် ကောင်းမွန်သော ရလဒ်များ ပေါ်ထွန်းလာမည့် ယုံကြည်မှု တို့နှင့်စပ်လျဉ်း၍  ပြောကြားကြသည်။

ယင်းနောက်  မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌ ရဲဘော်သံခဲ၊ ဒုတိယဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းနှင့် အထွေထွေ အတွင်းရေးမှူး ရဲဘော် ဆန်နီတို့က ပြည်သူ့အကျိုးစီးပွားအတွက် ပဋိပက္ခကို အကြမ်းဖက် ဖြေရှင်းရမည့်အစား စားပွဲဝိုင်းပေါ်တွင် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မှုအပေါ် ယုံကြည်မှု၊  တိုင်းချစ်ပြည်ချစ် ပုဂ္ဂိုလ်များနှင့် လက်တွဲဆောင်ရွက်နိုင်ရန် အသင့်ရှိနေမှု၊  ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသား  သင့်မြတ်ရေး အတွက် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်နေမှု၊ ယနေ့ တွေ့ဆုံဆွေးနွေးပွဲ မှတစ်ဆင့် ပြည်တွင်းငြိမ်းချမ်းရေး အတွက် ဖော်ဆောင်ချမှတ်နိုင်လိမ့်မည် ဟူသည့် ယုံကြည် မျှော်လင့်မှုနှင့် ငြိမ်းချမ်းရေး အတွက်လိုအပ်ချက်တို့နှင့် စပ်လျဉ်း၍ ပြောကြားကြသည်။

ထို့နောက်  နှစ်ဖက် ကိုယ်စားလှယ်တို့သည် အပစ်အခတ်ရပ်စဲရေး၊ နယ်မြေဒေသ  တည်ငြိမ် အေးချမ်းရေး၊ ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ      အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။  

ဆက်လက်၍ နှစ်ဖက် ကိုယ်စားလှယ်အဖွဲ့  ခေါင်းဆောင်များသည် သဘောတူညီချက်များကို လက်မှတ်ရေးထိုးပြီး ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မွန်းလွဲပိုင်းတွင် အောင်မြင် စွာ ကျင်းပပြီးစီးသည်။

ဆွေးနွေးပွဲအပြီးတွင် ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ငြိမ်းချမ်းရေး အထိမ်းအမှတ်  ခေါင်းလောင်းကို လည်းကောင်း၊  ဒုတိယဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် ပြည်ထောင်စုဝန်ကြီးများက လက်ဆောင်ပစ္စည်း များကို လည်းကောင်း၊  ABSDF ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များထံ အမှတ်တရ ပေးအပ်သည်။

အဆိုပါ  ဆွေးနွေးပွဲသို့  ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဒုတိယဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် တိုင်းရင်းသား ရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်၊ ကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးအုန်းမြင့်၊ ဦးခင်ရီနှင့် ဦးဇေယျာအောင်၊ ကရင်ပြည်နယ် ဥပဒေချုပ်၊  လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး  (ကြည်း) မှ တပ်မတော်အရာရှိကြီးများ၊ Myanmar Peace Center မှ အဖွဲ့ဝင်များ၊  မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ  ဒီမိုကရက်တစ် တပ်ဦး (ABSDF)  ဥက္ကဋ္ဌ ရဲဘော်သံခဲ၊ ဒုတိယဥက္ကဋ္ဌ ရဲဘော်မျိုးဝင်း၊ အထွေထွေအတွင်းရေးမှူး ရဲဘော် ဆန်နီနှင့်   ဗဟိုကော်မတီဝင်များ၊ စစ်ရေးတာဝန်ခံနှင့်   အဖွဲ့ဝင်များ တက်ရောက် ခဲ့ကြပြီး လေ့လာသူများ အဖြစ်  မြန်မာ့လူ့ဘောင်သစ်  ဒီမို ကရက်တစ်ပါတီမှ   ဦးဇင်အောင်၊ မြန်မာအမျိုးသား ကွန်ဂရက်ပါတီမှ ဦးကောင်းမြတ်ထွဋ်၊ ၈၈  မျိုးဆက် ကျောင်းသားများအဖွဲ့မှ ဦးမင်းကိုနိုင်နှင့် ဦးမြအေး၊ Center For Peace  and   Conflict   Study (CPCS)  နှင့် နီပွန်ဖောင်ဒေးရှင်းတို့မှ ကိုယ်စားလှယ်များ တက်ရောက် ကြသည်။

ဆွေးနွေးပွဲအပြီးတွင် ဆွေးနွေးပွဲမှတစ်ဆင့် ထွက်ပေါ်လာသည့် သဘောတူညီချက် ရလဒ်တို့နှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ဆက်လက်ကျင်းပရာ နှစ်ဖက်ကိုယ်စားလှယ်များက ပြည်တွင်းပြည်ပ မီဒီယာများ၏ သိရှိလိုသည်များကို  ပြန်လည် ရှင်းလင်း ဖြေကြားကြပြီး နှစ်ဖက်ကိုယ်စားလှယ်များသည် စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

ယနေ့ကျင်းပသည့် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှ တစ်ဆင့် နှစ်ဖက်ကိုယ်စား လှယ်များသည် (က)  နိုင်ငံလုံးဆိုင်ရာ  အပစ်အခတ် ရပ်စဲရေး ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံရေး ဆွေးနွေးပွဲများ ဖြစ်ပေါ်ရေးအတွက် ၂ဝ၁၃ ခုနှစ် သြဂုတ်လ ၅  ရက်နေ့မှစ၍ နှစ်ဦးနှစ်ဖက်     ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းရန်၊ (ခ) အပစ်အခတ်ရပ်စဲထားသည့် ကာလတွင်   ABSDF တပ်ဖွဲ့ဝင်များနှင့် တပ်မတော် တပ်ဖွဲ့များအကြား ပဋိပက္ခဖြစ်ပွားခြင်း၊  တိုက်ပွဲများ မဖြစ်ပေါ်စေရန်  ထိန်းသိမ်းဆောင်ရွက်သွားရန်နှင့်  သတ်မှတ်နေရာမှအပ အခြားဒေသ များသို့ ABSDF တပ်ဖွဲ့ဝင်များနှင့် အဖွဲ့ဝင်များ၊ လက်နက်မပါ ဥပဒေနှင့်အညီ သွားလာခွင့်ပြုရန်  (''သတ်မှတ်နေရာ'' ဆိုသည်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ နယ်မြေများအတွင်း ABSDF တပ်များ လက်ရှိအခြေပြု နေထိုင်သော  နေရာများကို ဆိုလိုသည်)၊ (ဂ) ဆက်ဆံရေး ရုံးကို နှစ်ဖက် သဘောတူသည့် မြဝတီမြို့၌ လက်နက်မပါထားရှိရန်နှင့် အခြား ဆက်ဆံရေးရုံး နေရာများ  ကိစ္စကို ပြည်ထောင်စုအဆင့်တွင်  ဆက်လက် ဆွေးနွေးရန်၊ (ဃ) ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဆွေးနွေးရန် အတွက် ကိုယ်စားလှယ်အဖွဲ့  တရားဝင်ဖွဲ့စည်း ပေးရန်နှင့် ၂ဝ၁၃ ခုနှစ် သြဂုတ်လ ၁ဝ ရက်နေ့ မှစတင်၍    ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲကို စတင်ကျင်းပ သွားရန် သဘောတူညီချက်များကို လက်မှတ်ရေးထိုး အတည်ပြုနိုင်ခဲ့ကြာင်း သိရသည်။

ယခုကျင်းပသည့် သဘောတူညီချက်များ   လက်မှတ်ရေးထိုး အတည်ပြုနိုင်ရန်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး ဖိတ်ခေါ် ကမ်းလှမ်းချက်ကို  မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး  (ABSDF) မှ  လက်ခံခဲ့ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ  ဦးအောင်မင်းနှင့်  အလွတ်သဘော သုံးကြိမ်၊ ကြိုတင် ပြင်ဆင်ရေး အလုပ်အဖွဲ့နှင့်  နှစ်ကြိမ်  စုစုပေါင်း ငါးကြိမ်  ညှိနှိုင်း ပြင်ဆင်ခဲ့ကြရကြောင်း သိရှိရသည်။

 ----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

ဆွေမျိုးရင်းချာ ညီနောင်သားချင်းများ သာတူညီမျှစိတ်ထားဖြင့် ငြိမ်းချမ်းရေးဆွေးနွေး

 

နေပြည်တော် ဇူလိုင် ၃၁

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တအောဝ် (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်အဖွဲ့ (TNLA) မှ အထွေထွေ အတွင်းရေးမှူး ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ တာအုန်းကျော်နှင့် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးအဆင့်ရှိ တားခူးလန်တို့ ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့၏ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ယနေ့ နံနက် ၉နာရီတွင် မူဆယ်မြို့ ရွှေလီရိပ်သာ၌ ကျင်းပသည်။

ရှေးဦးစွာ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက နိုင်ငံတော်သမ္မတကြီး အပါအဝင် မိမိတို့ အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေး ကို တန်ဖိုးထားချစ်မြတ်နိုးသည့်အတွက် ယခုလို လာရောက်ဆွေးနွေးခြင်း ဖြစ်ပါကြောင်း၊ တအောဝ် (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခြင်းမှ တစ်ဆင့် ငြိမ်းချမ်းရေး ရရှိသည်အထိ မဖြစ်မနေကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုကြီး နှင့် တိုင်းရင်းသားပြည်သူများအတွက် ငြိမ်းချမ်းရေးသည် မဖြစ်မနေလိုအပ်ပါကြောင်း၊ ငြိမ်းချမ်းရေးမရရှိပါက ဒီမိုကရေစီ၏ အနှစ်သာရလည်း ပြည့်ဝမှာ မဟုတ်ပါကြောင်း၊ မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များကို နေရာဒေသမရွေး သွားရောက်ကာ ရောက်ရှိသည့်ဒေသသည် မိမိတို့၏ ဆွေမျိုးရင်းချာညီနောင်သားချင်း များနေရပ်ကဲ့သို့ မှတ်ယူ၍ သာတူညီမျှ စိတ်ထားဖြင့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပါ ကြောင်းဖြင့် နှုတ်ခွန်းဆက်စကား ပြောကြား သည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်ဆွေ၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှ တာဝန်ရှိသူတို့က ဒေသခံတိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ တည်ငြိမ် အေးချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်း တင်ပြကြသည်။

ထို့နောက် တအောဝ် (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော်အဖွဲ့ (TNLA) မှ အထွေထွေအတွင်းရေးမှူး ဒုတိယ ဗိုလ်မှူးကြီးအဆင့်ရှိ တားအုန်းကျော်က အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက် များကို ဆွေးနွေးတင်ပြသည်။

ယင်းနောက် နှစ်ဖက်ကိုယ်စားလှယ်များသည် နယ်မြေဒေသလုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အပါအဝင် ဒေသတည်ငြိမ်အေးချမ်းရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြကာ ညနေပိုင်းတွင် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးသည်။

ဆွေးနွေးပွဲအပြီးတွင် ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက ငြိမ်းချမ်းရေး အထိမ်းအမှတ် ခေါင်းလောင်းကို လည်းကောင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေ၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လက်ဆောင်ပစ္စည်းများကိုလည်းကောင်း တအောဝ် (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော်အဖွဲ့များထံ ရင်းနှီးခင်မင်စွာ ပေးအပ်သည်။

ယနေ့ ဆွေးနွေးပွဲကို နှစ်ဖက်ကိုယ်စားလှယ်များက အောင်မြင်သော တွေ့ဆုံ ဆွေးနွေးပွဲအဖြစ် အသိအမှတ် ပြုကြပြီး နောက် တစ်ကြိမ် တွေ့ဆုံဆွေးနွေးရာ၌ အပစ် အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်အောင်  ပြင်ဆင်ရန်နှင့် အပစ်အခတ် ရပ်စဲပြီး နိုင်ငံရေးဆွေးနွေးပွဲ ဆက်လက်ကျင်းပနိုင်ရန် သဘောတူညီမှုရရှိကြသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းနှင့် ဦးအုန်းမြင့်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဆွေ၊ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် အောင်စိုးနှင့်အဖွဲ့ဝင်များ၊ တအောဝ် (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်အဖွဲ့( TNLA) မှ အထွေထွေအတွင်းရေးမှူး ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ တားအုန်းကျော်နှင့် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးအဆင့်ရှိ တားခူးလန်တို့ ခေါင်းဆောင် သော ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြပြီး KNU, SSPP/ SSA, UWSA, NMSP နှင့် KIA တို့မှ လေ့လာသူ ကိုယ်စားလှယ်များနှင့် Myanmar Peace Center  မှ အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် တအောဝ် (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် အဖွဲ့ (TNLA) တို့ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးညှိနှိုင်းနေကြစဉ် ဒေသခံပလောင်တိုင်းရင်းသား ပြည်သူများက ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အောင်မြင်ရေးအတွက် ရွှေလီ ရိပ်သာအနီးတွင် ရိုးရာအိုးစည် အက များဖြင့် တစ်ခဲနက် ဆုတောင်းအားပေး ကြသည်။

ယင်းသို့ ဆုတောင်းပေးသူများအနက် မူဆယ်မြို့ ဈေးရပ်ကွက်နေ ပလောင်တိုင်းရင်းသူ လွေးအီမိုအေး က ''တအောဝ် (ပလောင်) အဖွဲ့နှင့် အစိုးရတို့အကြား ယခုလိုတွေ့ဆုံ ဆွေးနွေးနိုင်တဲ့အတွက် အရမ်းဝမ်းသာပါတယ်။ နှစ်ဖက်အဆင်ပြေပြီး ဒေသဖွံ့ဖြိုးရေး အတွက် လက်တွဲဆောင်ရွက်နိုင်ရင်ပိုပြီးတော့ ဝမ်းသာရမှာပါ။ ကျွန်မတို့ ပြည်သူတွေ အနေနဲ့ကတော့ အေးအေးချမ်းချမ်းနဲ့ ရှာဖွေ လုပ်ကိုင်ချင်ပါတယ်။ ကျွန်မတို့ဒေသထဲမှာ မငြိမ်းချမ်းသေးတဲ့ နေရာဒေသတွေမှာ အများကြီးဒုက္ခရောက်ကြပါတယ်။ ဒါတွေကို အမြန်ဆုံး ကောင်းမွန်စေချင်ပါတယ်။ ပလောင် အမျိုးသားတွေရဲ့ ဘဝတွေကိုလည်း အခုထက်ပိုမိုတိုးတက်ကောင်း မွန်အောင် နိုင်ငံတော်အစိုးရ အပိုင်းက အလေးအနက်ထား ပံ့ပိုးပေးစေချင်ပါတယ်။ အခုဆွေးနွေးပွဲကနေတစ်ဆင့် အများရဲ့ ဆန္ဒဖြစ်တဲ့ ငြိမ်းချမ်းရေးကို မြန်မြန်ရရှိ အကောင်အထည်ဖော်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။’’  ဟု ပြောကြားသည်။

အလားတူ နှစ်ဖက်ဆွေးနွေးပွဲသို့ လေ့လာသူအဖြစ် တတ်ရောက်လာသည့် မွန်ပြည်သစ် ပါတီ ဗဟိုအလုပ် အမှုဆောင်ကော် မတီဝင် နိုင်တလညီ က ''ဆွေးနွေးတာ ကောင်းပါတယ်။ မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည် သင့်မြတ်ရေးကိုလုပ်တဲ့အချိန်ကျ ရင် ဒီနေ့ဆွေးနွေးတဲ့ အပစ်အခတ်ရပ်စဲရေးက လိုအပ်ပါတယ်။ အပစ်အခတ်ရပ်စဲရေးဆိုတာ ကျွန်တော်တို့သိရှိလိုတဲ့ ပြဿနာတွေ ရဲ့အစလို့ ဆိုရမယ်။ ဒါတွေကို အခြေခံပြီး လုပ်တာဆိုရင် နိုင်ငံတော်သမ္မတတို့၊ ဦးအောင်မင်းတို့ ပြောနေကြတဲ့ ကျွန်တော်တို့  နိုင်ငံ နှစ် (၆၀)  ကျော် ကြာရှည်သော ပြည်တွင်းပဋိပက္ခကို အရင်ဆုံးရပ်အောင် လုပ်ရမယ်။ ဒီစစ်ရပ်အောင်လုပ်တဲ့ အချိန်မှာ အဓိကကတော့ အပစ်အခတ်ရပ်စဲရေးကို ရအောင်လုပ်ရမယ်။ ဒီနေ့ဆွေးနွေးပွဲဟာ အောင်မြင်မှာပါ။ တစ်ထိုင်တည်းနဲ့ မပြီးဆုံးပါဘူး။ အကြိမ်ကြိမ်တွေ့ဆုံညှိနှိုင်းခြင်းက အောင်မြင်မှုရဲ့ အပေါင်းလက္ခဏာ ဖြစ်ပါတယ်။’’ ဟု ပြောကြားသည်။ 
-----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

Technical Advisory Team ရုံးဖွင့်ပွဲ ကချင်ပြည်နယ်တွင် ကျင်းပ

နေပြည်တော် ဇူလိုင် ၂၄

Technical Advisory Team ရုံးဆိုင်းဘုတ်ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၃ ရက် နံနက် ၉ နာရီခွဲတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ယခင် KIO ဆက်ဆံရေးရုံး အဆောက်အအုံရှေ့တွင် ကျင်းပရာ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်နှင့်အဖွဲ့ဝင်များ၊ ကေအိုင်အို ဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ် နှင့် အဖွဲ့ဝင်များ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်မြတ်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် များ၊ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်များ၊ ဌာနဆိုင်ရာများ၊ UN ကိုယ်စားလှယ်၊ ဘာသာရေး အသင်းအဖွဲ့မှ ပုဂ္ဂိုလ်များ၊ နိုင်ငံရေးပါတီမှ ပုဂ္ဂိုလ်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မြို့မိမြို့ဖများ တက်ရောက်ကြသည်။

နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းနှင့် ကေအိုင်အိုဆွေးနွေးရေး အဖွဲ့ ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ် တို့က Technical Advisory Team ရုံး ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကြသည်။

အစီအစဉ်အရ Technical Advisory Team ရုံး ဖွင့်ခြင်းအခမ်းအနားကို မြစ်ကြီးနားမြို့ စီတာပူ မနောကွင်း၊ မဂျွန်ခန်းမတွင် ဆက်လက်ကျင်းပရာ (Peace-talk Creation Group) မှ ဦးလမိုင်ဂွမ်ဂျာက နှုတ်ခွန်းဆက်စကားပြောကြားသည်။

ဆက်လက်၍ ကေအိုင်အိုဗဟိုဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်မှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ စနစ်တကျဖြစ်စေရန် ကြိုတင်ပြင်ဆင်မှုပေးနိုင်ရန် လိုအပ်သဖြင့် မေ ၂၈-၂၉-၃ဝ ရက်များတွင် ကျင်းပခဲ့သည့် ဆွေးနွေးပွဲမှသဘောတူညီမှု ရှိခဲ့သည့်အတိုင်း Technical Advisory Team ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးသည် လူတစ်ဦးတစ်ယောက်၊ လူမျိုးတစ်မျိုးတည်းနှင့်သာ သက်ဆိုင်ခြင်းမဟုတ်၊ လူတိုင်းနှင့် သက်ဆိုင်တဲ့အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို စတင်တည်ဆောက်စဉ်ကပင် စုပေါင်းလုပ်ဆောင်ကြရန် လက်ခံသဖြင့် Technical Advisory Team ဖွဲ့စည်းရကြောင်း၊ ရုံးအဖွဲ့ကို ကေအိုင်အိုမှငါးဦး လူထုအခြေပြု အဖွဲ့ဝင် ၁ဝ ဦး ပါဝင်ကြောင်း၊ ကျွမ်းကျင်သော ပညာရှင်များထံမှ အကြံဥာဏ်များ ရယူသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရနှင့် ဆွေးနွေးရေး လုပ်ငန်းစဉ်များ တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံရေးကိုအစိုးရနှင့် နိုင်ငံရေး နည်းလမ်းဖြင့် ဆွေးနွေးသွားရန် လိုအပ်ကြောင်း၊ ယခုအချိန် အစိုးရနှင့် ဆွေးနွေးပွဲကျင်းပရာမှ ပဋိပက္ခအဖြေဖြစ်သည့် နိုင်ငံရေး ဆွေးနွေးမှုပြုလုပ်ရန် အဓိကလိုအပ်ကြောင်း၊ စစ်မှန်သော Federal ပြည်ထောင်စုအဖြစ် ဖော်ဆောင်ပေးရန် ဖြစ်ကြောင်း၊ တိုင်းရင်းသားများကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် တန်းတူညီမျှရေး၊ ကိုယ့်ကြမ္မာကို ဖန်တီးရေးစသည့် နိုင်ငံရေး အခွင့်အရေးများ ပြဋ္ဌာန်းပေးရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ရုံးဖွင့်လှစ်ခြင်းသည် ကချင်ပြည်နယ်တွင် စစ်မှန်တည်တံ့သည့် ငြိမ်းချမ်းရေး ဖြစ်ပေါ်လာသော ပဏာမခြေလှမ်းဖြစ်ကြောင်း၊ ဘုံအနာဂတ်တစ်ခုအတွက် လမ်းကြောင်းသစ်တစ်ခုကို စတင်လိုက်သည်ဟု မှတ်ယူကြောင်း၊ လက်နက်ကိုင် ပဋိပက္ခများ ပြန်လည်ဖြစ်ပွားခဲ့သဖြင့် ပြည်နယ်လူထုအနေဖြင့် လက်နက်ကိုင်ပဋိပက္ခ၏ အကျိုးဆက်များ ခံစားရကြောင်း၊ ကေအိုင်အို ရဲဘော်တွေ အပါအဝင် မြန်မာ့တပ်မတော်၏ အရာရှိ၊ အရာခံ၊ တပ်မတော်သားများလည်း လက်နက်ကိုင်ပဋိပက္ခမှာ ထိခိုက်ဆုံးရှုံးခဲ့ကြကြောင်း၊ သမ္မတကြီးကိုယ်တိုင်ကလည်း ဘယ်ဘက်ကပဲဆုံးရှုံးတာဖြစ်ဖြစ် တိုင်းပြည်ရဲ့ ဆုံးရှုံးမှုပဲလို့ ပြောကြားခဲ့ပါကြောင်း။

အစိုးရအနေဖြင့် နိုင်ငံတာဝန်ထမ်းဆောင်ချိန်မှစ၍ ပြည်တွင်းငြိမ်းချမ်းရေးကို အင်တိုင်အားတိုက် ဖော်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီနေ့ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ ထူးခြား ချက်မှာ တွေ့ဆုံဆွေးနွေးရေး (Political Dialogue) ကို အခြေခံသည့် ချဉ်းကပ်မှု ဖြစ်ကြောင်း၊ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးတည်ဆောက်ရန် အဓိက အင်အားစုများကြားမှာ အများလက်ခံနိုင်သော အမျိုးသားငြိမ်းချမ်းရေး သဘောတူညီ ချက်တစ်ခုလိုမည်ဖြစ်ကြောင်း၊ နိုင်ငံရေးဆွေးနွေးရေး သဘောတူညီချက် တစ်ခုလိုမည် ဖြစ်ကြောင်း၊ နိုင်ငံရေးဆွေးနွေး ပွဲများ လုပ်ရန်လိုကြောင်း၊ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးခြင်းနှင့် အဖြေရှာဖို့ တိုင်းရင်းသား အင်အားစုများက အစဉ်တစိုက် တောင်းဆို ခဲ့ကြောင်း၊ တွေ့ဆုံဆွေးနွေးရေး နှင့် တိုင်းရင်းသား ပြဿနာဖြေရှင်းဖို့ သမ္မတကြီးက မူဝါဒချမှတ်ပြီးဖြစ်ကြောင်း။

နိုင်ငံရေးတွေ့ဆုံဆွေးနွေးရန် ပထမအဆင့်အနေဖြင့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား လက်နက်ကိုင်တိုက်ခိုက်မှုရပ်စဲဖို့လိုကြောင်း၊ နောက်တစ်ဆင့်မှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်များအပါအဝင် အဓိက အင်အားစု များကြားမှာ လက်ခံနိုင်သော မူဘောင် (Framework) တစ်ခု လိုအပ်မှာဖြစ်ကြောင်း၊ ယင်းမှာ အင်အားစုအားလုံး၏ ငြိမ်းချမ်းရေးခရီးစဉ်ကို မည်ကဲ့သို့အကောင်အထည် ဖော်မည်ဆိုသော လမ်းပြမြေပုံ သဘောမျိုး ဖြစ်ကြောင်း၊ နောက်တစ်ဆင့်မှာ အင်အားစု အားလုံးပါဝင်သော All inclusive နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေးအစည်းအဝေးတစ်ခု ကျင်းပပြီး ငြိမ်းချမ်းရေး သဘောတူညီချက် (National Peace Accord) တစ်ခု ဖြစ်လာနိုင်ရန် ဖြစ်ကြောင်း၊ သမ္မတကြီးကလည်း မူဝါဒ ချမှတ်ပေးပြီးဖြစ်ကြောင်း၊ လွှတ်တော်ကလည်း ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်လာနိုင်ရန် ဝိုင်းဝန်းပံ့ပိုးရန် ဆန္ဒပြုထားပြီးဖြစ်ကြောင်း။

တပ်မတော်အနေနှင့်လည်း အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သွားရန် ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန် အစွမ်းကုန်ပါဝင် ဆောင်ရွက်သွားရန် ဆန္ဒပြုပြီး ဖြစ်ကြောင်း။

တိုင်းပြည်မှာ ငြိမ်းချမ်းရေးအတွက် ရင့်မှည့်သင့်သော အချိန်ရောက်နေပါပြီ၊ အပစ် အခတ် ရပ်စဲထားရုံမဟုတ် နိုင်ငံရေးဆွေးနွေးမှုတွေ အခြေခံသော ဖြစ်စဉ်တစ်ခု အကောင်အထည် ဖော်ရန် အများစုက အဆင်သင့်ဖြစ်နေပါပြီဖြစ်ကြောင်း၊ လက်နက်ကိုင် ပဋိပက္ခနှင့် ပြဿနာ အဖြေရှာရန်မရနိုင်ကြောင်း၊ ကျွန်တော်တို့အားလုံး လိုချင်သည့် စစ်မှန်သော ငြိမ်းချမ်းရေးရရန် အားလုံးဝိုင်းဝန်းကြိုးပမ်း ကြမည်ဟု မျှော်လင့်ကြောင်း ၊ ကေအိုင်အိုနှင့် ရုံးဖွင့်ပြီးပါက Technical Team ချင်း ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း၊ ထို့နောက် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ ထပ်မံပြုလုပ်နိုင်မည်ဖြစ်ကြောင်း၊ ကချင်ပြည်နယ်နှင့် မြန်မာတစ်ပြည်လုံးမှာ စစ်မှန်သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ပါစေကြောင်း ပြောကြား သွားသည်။

ဆက်လက်၍ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက အစိုးရအဖွဲ့ စတင် တာဝန်ယူချိန်မှစ၍ ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှုများ ဆောင်ရွက်ရန် သန္နိဋ္ဌာန်ချမှတ်ခဲ့ ကြောင်း၊ ငြိမ်းချမ်းရေးပြိုကွဲမှုကြောင့် ဒေသတွင်း တည်ငြိမ်မှုမရှိ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်မှု မရှိခဲ့ပါကြောင်း၊ ငြိမ်းချမ်းရေးကော်မတီ အဆင့်ဆင့် ဖွဲ့စည်းပြီး ငြိမ်းချမ်းရေး ပြန်လည်ရရှိရေး အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်းခဲ့၍ Technical Advisory Team ရုံး ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ပြည်သူများ ငြိမ်းချမ်းရေးအရသာကို ပြန်လည်ခံစားနိုင်ပြီဖြစ်၍ လွတ်လပ်စွာ သွားလာနိုင်ပြီဖြစ်ကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးကို လိုလားသော ပုဂ္ဂိုလ်များက စိတ်ရင်းကောင်း စေတနာကောင်း တို့ဖြင့် ညှိနှိုင်းပေးကြသဖြင့် ကျေးဇူးတင်ကြောင်း၊ ကချင်ပြည်နယ်ကြီး ထာဝရငြိမ်းချမ်းရေး ရရှိရေးတို့အတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြပါရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြန်လည် ပြောကြားပြီး Technical Advisory Team ရုံးဖွင့်ပွဲ အခမ်းအနားကို နံနက် ၁ဝ နာရီခွဲတွင် အောင်မြင်စွာ ရုပ်သိမ်းသည်။

မွန်းလွဲ ၁၂ နာရီ မိနစ် ၅၀ တွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း၊ ပြည်နယ်ဝန်ကြီးများသည် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက် အကျဉ်းဦးစီးဌာနမြစ်ကြီးနား အကျဉ်းထောင်၌ ကျင့် ၄ဝ၁(၁)အရ နိုင်ငံတော်သမ္မတမှ လွတ်ငြိမ်းချမ်းသာခွင့်ပြုသည့် အကျဉ်းသား ဦးဘရန်ရှောင် အပါအဝင် အကျဉ်းသား ၁၃ ဦးတို့အား သွားရောက်ကြည့်ရှုအားပေး စကားပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်ကာ ဦးဘရန်ရှောင်အား ဂျာမိုင် ကောင်းနှစ်ခြင်း IDP စခန်းနှင့် ဦးဂျန်မာဂင်ဆောင်အား RCIDP စခန်းသို့ ၎င်းတို့၏ မိသားစုဝင်များထံ အရောက်ပို့ဆောင်ပြီး စခန်းရှိ မိသားစုဝင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ ထောက်ပံ့ငွေများ ပေးအပ်သည်။

အဆိုပါ ကချင်ပြည်နယ် မြစ်ကြီးနားအကျဉ်းထောင်မှ ယနေ့ လွတ်ငြိမ်းချမ်းသာခွင့် ရရှိသည့် အကျဉ်းသားများကို ကချင်ပြည်နယ် အစိုးရအဖွဲ့မှ အိမ်တိုင်ရာရောက် ပို့ဆောင် ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
-----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီးဦးအောင်မင်း မြစ်ကြီးနားမြို့ရှိ ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံ

နေပြည်တော် ဇူလိုင် ၂၄

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီးဦးအောင်မင်း၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်နှင့် အဖွဲ့ဝင်များသည် ဇူလိုင် ၂၂ ရက် ညနေ ၄ နာရီတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ရောက်ရှိပြီး ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အတူ မြစ်ကြီးနားမြို့ နန်းသီတာဟိုတယ်၌ ဘာသာရေးခေါင်းဆောင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။

ရှေးဦးစွာပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက ကချင်ပြည်နယ်အတွက် အရေးတကြီး လိုအပ်သည့် ငြိမ်းချမ်းရေးကို မေ ၃ဝ ရက်တွင် နှစ်ဖက်ကိုယ်စားလှယ်များ သဘော တူညီချက်(၇)ချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ ထိုအချက်(၇) ချက်တွင် ပါဝင်သည့် KIO Technical Advisory Team ရုံးကို ယခုဖွင့်လှစ်နိုင်တော့မည် ဖြစ်ကြောင်း၊ တိုင်းရင်းသားများ တန်းတူအခွင့်အရေးရရှိရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုင်ရာ ကိစ္စရပ်များအတွက် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုများကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံတော် သမ္မတကြီးကလည်း အစိုးရအဖွဲ့အစည်းများနှင့်အတူ တိုင်းရင်းသားအားလုံး စည်းစည်းလုံးလုံး ပူးပေါင်းပါဝင်ဆောင်ရွက်မှ တစ်နိုင်ငံလုံး အကြားအလပ်မရှိ ဟန်ချက်ညီည ဖွံ့ဖြိုးတိုးတက်မည်ကို ယြုံကည်ကြောင်း၊ ဒေသခံ ပြည်သူများ အနေဖြင့် ငြိမ်းချမ်းရေးကို လျင်မြန်စွာ အကောင်အထည်ဖော်နိုင်အောင် ယုံယုံကြည်ကြည် နားလည်မှုဖြင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် မြို့မိမြို့ဖများ၊ ဘာသာရေး ခေါင်းဆောင်များက ကချင်ပြည်နယ်ငြိမ်းချမ်းရေး ဖော်ဆောင်ရေး၊ လူမျိုးရေး၊ဘာသာရေး၊ တိုင်းရင်းသားများတန်းတူ အခွင့်အရေးရရှိရေးတို့နှင့် စပ်လျဉ်း၍ ၎င်းတို့၏အတွေ့အကြုံ များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းတို့က ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် လုပ်ငန်းများကို ရှင်းလင်း ဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။
-----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ''ဝ'' အထူးဒေသ(၂) ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေး


နေပြည်တော် ဇူလိုင် ၁၂

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်သောအဖွဲ့နှင့် ''ဝ''အထူးဒေသ (၂) ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ ဦးကျောက်ကော်အန် ဦးဆောင်သောအဖွဲ့တို့သည် ယနေ့မွန်းလွဲ ၁ နာရီတွင် ရှမ်းပြည် နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်၌ တွေ့ဆုံဆွေးနွေးကြသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း၊ ဦးခင်မောင်စိုး၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးအောင်သန်းထွဋ်၊ ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံဆမ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်နှင့် ဗိုလ်ချုပ်ဇော်ဝင်း၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်အရာရှိကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးကြသည်။

နှစ်ဖက်သော ကိုယ်စားလှယ် အဖွဲ့ဝင်များသည် ချစ်ခင်ရင်းနှီးစွာ အကျေအလည် ဆွေးနွေးခဲ့ကြပြီးနောက် သဘောတူညီချက် တစ်ရပ်ကို လက်မှတ်ရေးထိုး ထုတ်ပြန်ကြေညာနိုင်ခဲ့ သည်။

အဆိုပါ သဘောတူညီချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည် -

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် ''ဝ''အထူးဒေသ(၂)တို့၏ ၂ဝ၁၃ ခုနှစ် ဇူလိုင်လ ၁၂ရက်နေ့ ကျိုင်းတုံမြို့၌ တွေ့ဆုံဆွေးနွေးစဉ် နှစ်ဖက်သဘောတူ  ထုတ်ပြန်ကြေညာချက်

၁။ ယခင်ပြည်နယ် အဆင့်နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှ သဘော တူညီချက်များအား နှစ်ဖက်စလုံးမှ ဆက်လက်အလေးထား လိုက်နာဆောင်ရွက်သွားမည်။

၂။ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် ''ဝ'' အထူးဒေသ (၂)တို့အကြား လက်ရှိ တည်ဆောက်ပြီး ဖြစ်သော နားလည်မှု၊ ယုံကြည်မှုနှင့်  ငြိမ်းချမ်းရေး အစဉ်အလာကောင်းများကို ဆက်လက် ထိန်းသိမ်းစောင့်ရှောက်ပြီး အပြုသဘောဆောင် သော ညှိနှိုင်းဆွေးနွေးမှုများဖြင့် ထာဝရ ငြိမ်းချမ်းရေးရသည်အထိ ဆက်လက် ပူးပေါင်း ဆောင်ရွက် သွားမည်။

၃။ တပ်မတော်နှင့် UWSA တို့အကြား တပ်ပိုင်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးရန် အကြောင်းပေါ်ပေါက် လာပါက အပြုသဘောဆောင်သော နည်းလမ်းကောင်းများကို အခြေခံ၍ ပွင့်လင်းမြင်သာစွာ အမြန်ဆုံးတွေ့ဆုံ ညှိနှိုင်းဖြေရှင်း မည်။

၎။ ''ဝ'' အထူးဒေသ(၂)သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ အရေးပါသည့် အစိတ်အပိုင်းတစ်ခု ဖြစ်သည့် အားလျော်စွာ နိုင်ငံတော်အား သွေးကွဲစေခြင်း၊ နိုင်ငံတော် မှခွဲထွက်ခြင်းစသည်တို့ကို လုံးဝ ပြုမည်မဟုတ်ဘဲ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေး အတွက် ''ဝ''အထူးဒေသ(၂)၏ စွမ်းရည်များကို လှူဒါန်းပေး ဆောင်သွားမည်။

၅။ ''ဝ''အထူးဒေသ(၂)၏ နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မူးယစ်ဆေးဝါး ပပျောက် ရေး လုပ်ငန်းစဉ်များအား ပြည်ထောင်စု အစိုးရနှင့် ''ဝ'' အထူးဒေသ(၂)တို့ အပြန်အလှန် ပူးပေါင်းကူညီဆောင်ရွက်မည်။
-----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ပြင်ဆင်ဖွဲ့စည်း

                                                   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

                                                                နိုင်ငံတော် သမ္မတရုံး

                                                             (အမိန့်အမှတ်၊ ၁၅/၂၀၁၃)

                                                   ၁၃၇၅ ခုနှစ် ၊ နယုန်လပြည့်ကျော် ၁၂ ရက်

                                                            (၂၀၁၃ ခုနှစ် ၊ ဇူလိုင်လ ၅ ရက်)

                      ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ပြင်ဆင်ဖွဲ့စည်းခြင်း

နိုင်ငံတော်သမ္မတရုံး၏၂ဝ၁၂ ခုနှစ်၊ မေလ ၃ ရက် နေ့စွဲပါ အမိန့်အမှတ် (၁၂/၂ဝ၁၂) ဖြင့် ဖွဲ့စည်းခဲ့သော ''ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ'' ကို အောက်ပါအတိုင်း ပြင်ဆင် ဖွဲ့စည်းလိုက်ပါသည်-
(၁)
ဒေါက်တာစိုင်းမောက်ခမ်း
ဒုတိယသမ္မတ
ဥက္ကဋ္ဌ
(၂)
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း
ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်
ကာကွယ်ရေးဦးစီးချုပ် (ကြည်း)
ဒုတိယဥက္ကဋ္ဌ
(၃)
ဦးအောင်မင်း
ပြည်ထောင်စုဝန်ကြီး
ဒုတိယဥက္ကဋ္ဌ
(၄)
ဦးသိန်းဇော်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဒုတိယဥက္ကဋ္ဌ
(၅)
ဦးအုန်းမြင့်
ပြည်ထောင်စုဝန်ကြီး
အဖွဲ့ဝင်
(၆)
ဦးစိုးသိန်း
ပြည်ထောင်စုဝန်ကြီး
အဖွဲ့ဝင်
(၇)
ဦးသန်းဌေး
ပြည်ထောင်စုဝန်ကြီး
အဖွဲ့ဝင်
(၈)
ဦးခင်ရီ်
ပြည်ထောင်စုဝန်ကြီး
အဖွဲ့ဝင်
(၉)
ဦးဝင်းထွန်း
ပြည်ထောင်စုဝန်ကြီး
အဖွဲ့ဝင်
(၁၀)
ဦးခင်မောင်စိုး
ပြည်ထောင်စုဝန်ကြီး
အဖွဲ့ဝင်
(၁၁)
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်များ
အဖွဲ့ဝင်

(က)
ဝန်ကြီးချုပ်
ကချင်ပြည်နယ် အစိုးရအဖွဲ့


(ခ)
ဝန်ကြီးချုပ်
ကယားပြည်နယ် အစိုးရအဖွဲ့


(ဂ)
ဝန်ကြီးချုပ်
ကရင်ပြည်နယ် အစိုးရအဖွဲ့


(ဃ)
ဝန်ကြီးချုပ်
ချင်းပြည်နယ် အစိုးအရအဖွဲ့


(င)
ဝန်ကြီးချုပ်
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့


(စ)
ဝန်ကြီးချုပ်
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့


(ဆ)
ဝန်ကြီးချုပ်
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့


(ဇ)
ဝန်ကြီးချုပ်
မွန်ပြည်နယ် အစိုးရအဖွဲ့


(စ်)
ဝန်ကြီးချုပ်
ရခိုင်ပြည်နယ် အစိုးရအဖွဲ့


(ည)
ဝန်ကြီးချုပ်
ရှမ်းပြည်နယ် အစိုးရအဖွဲ့

(၁၂)
တပ်မတော်မှ တိုင်းမှူးများ
အဖွဲ့ဝင်

(က)
တိုင်းမှူး၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်


(ခ)
တိုင်းမှူး၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်


(ဂ)
တိုင်းမှူး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်


(ဃ)
တိုင်းမှူး၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်


(င)
တိုင်းမှူး၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်


(စ)
တိုင်းမှူး၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်


(ဆ)
တိုင်းမှူး၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်


(ဇ)
တိုင်းမှူး၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်


(ဈ)
တိုင်းမှူး၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်


(ည)
တိုင်းမှူး၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်

(၁၃)
ဒုတိယဝန်ကြီး
ပြည်ထဲရေးဝန်ကြီးဌာန
အဖွဲ့ဝင်

(၁၄)
ဗိုလ်ချုပ်ဇော်ဝင်း
ဒုတိယဝန်ကြီး
နယ်စပ်ရေးရာဝန်ကြီးဌာန
အဖွဲ့ဝင်

(၁၅)
ဦးထွန်းထွန်းဦး
ဒုတိယရှေ့နေချုပ်
အဖွဲ့ဝင်

(၁၆)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
တိုင်းရင်းသားများ
အဖွဲ့ဝင်


(က)
ဒေါ်ဒွဲဘူ
ကချင်တိုင်းရင်းသား၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်


(ခ)
ဦးစိုးရယ်
ကယားတိုင်းရင်းသား၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်


(ဂ)
ဦးစောသိန်းအောင်
ကရင်တိုင်းရင်းသား၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်


(ဃ)
ဦးခွန်လိန်း
ချင်းတိုင်းရင်းသား၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်


(င)
ဒေါ်မိယဉ်ချမ်း
မွန်တိုင်းရင်းသား၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်


(စ)
ဦးဘရှိန်
ရခိုင်တိုင်းရင်းသား၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်


(ဆ)
ဦးစတီဖန်
ရှမ်းတိုင်းရင်းသား၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်


(ဇ)
ဦးလှထွန်း
နာဂတိုင်းရင်းသား၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်


(ဈ)
ဦးကျင်ဝမ်း
''ဝ'' တိုင်းရင်းသား၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

(၁၇)
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
တိုင်းရင်းသားများ
အဖွဲ့ဝင်


(က)
ဦးစခုန်တိန့်ယိန်း
ကချင်တိုင်းရင်းသား၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်


(ခ)
ဦးဆန်းရယ်
ကယားတိုင်းရင်းသား၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်


(ဂ)
ဦးစောထွန်းမြအောင်
ကရင်တိုင်းရင်းသား၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်


(ဃ)
ဦးပေါ်လျှံလွင်
ချင်းတိုင်းရင်းသား၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်


( င )
ဦးစောအုန်း
မွန်တိုင်းရင်းသား၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်


( စ )
ဦးအုန်းတင်
ရခိုင်တိုင်းရင်းသား၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်


(ဆ)
ဦးစိုင်းကျော်ဇောသန်း
ရှမ်းတိုင်းရင်းသား၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်


( ဇ )
ဦးမြတ်ကို
နာဂတိုင်းရင်းသား၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်


( ဈ )
ဦးဆိုင်ပေါင်းနပ်
''ဝ''တိုင်းရင်းသား၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်

(၁၈)
ဦးဇော်သန်းသင်း
ညွှန်ကြားရေးမှူးချုပ်၊
ပြည်ထောင်စုအစိုးရအဖွဲ့ရုံး
အတွင်းရေးမှူး



                                                                                                                        (ပုံ) သိန်းစိန်     
        
                                                                                                                    နိုင်ငံတော်သမ္မတ   
       
                                                                                                  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် 

 -----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ ပြင်ဆင်ဖွဲ့စည်း

                                              ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

                                                             နိုင်ငံတော်သမ္မတရုံး

                                                        (အမိန့်အမှတ်၊ ၁၄/၂ဝ၁၃)

                                             ၁၃၇၅ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်

                                                       (၂ဝ၁၃ ခုနှစ်၊ ဇူလိုင်လ ၅ ရက်)

                    ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ ပြင်ဆင်ဖွဲ့စည်းခြင်း

နိုင်ငံတော်သမ္မတရုံး၏ ၂ဝ၁၂ ခုနှစ်၊ မေလ ၃ ရက် နေ့စွဲပါ အမိန့်အမှတ် (၁၁/၂ဝ၁၂)နှင့် ၂ဝ၁၂ ခုနှစ်၊ သြဂုတ်လ ၁၆ ရက် နေ့စွဲပါ အမိန့်အမှတ် (၁၇/၂ဝ၁၂) တို့ဖြင့် ဖွဲ့စည်းခဲ့သော ''ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ'' ကို အောက်ပါအတိုင်း ပြင်ဆင် ဖွဲ့စည်းလိုက်ပါသည်-
( ၁ )
ဦးသိန်းစိန်
နိုင်ငံတော်သမ္မတ
ဥက္ကဋ္ဌ

( ၂ )
ဒေါက်တာစိုင်းမောက်ခမ်း
ဒုတိယသမ္မတ
အဖွဲ့ဝင်

( ၃ )
ဦးဉာဏ်ထွန်း
ဒုတိယသမ္မတ
အဖွဲ့ဝင်

(၄)
သူရဦးရွှေမန်း
ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်
အဖွဲ့ဝင်

(၅)
ဦးခင်အောင်မြင့်
ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်
အဖွဲ့ဝင်

(၆)
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်
အဖွဲ့ဝင်

(၇)
ဒုတိယဗိုလ်ချုပ်ကြီး ကိုကို
ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန
အဖွဲ့ဝင်

(၈)
ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်
ပြည်ထောင်စုဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာန
အဖွဲ့ဝင်

(၉)
ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း
ပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန
အဖွဲ့ဝင်

(၁၀)
ဒေါက်တာထွန်းရှင်
ပြည်ထောင်စုရှေ့နေချုပ်
အဖွဲ့ဝင်

(၁၁)
ဦးလှထွန်း
ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတရုံး
အတွင်းရေးမှူး

                                                                                                              (ပုံ) သိန်းစိန် 
             
                                                                                                          နိုင်ငံတော်သမ္မတ   
       
                                                                                         ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
---------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့ တွေ့ဆုံ ဆွေးနွေး

နေပြည်တော် ဇွန် ၂၀

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့သည် ဇွန် ၁၉ ရက်မှ ၂၀ ရက်အထိ လွိုင်ကော်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် အဖွဲ့ဝင်များ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ဒုတိယဥက္ကဋ္ဌ ခူဦးရယ်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ယနေ့တွင် အချက် (၈) ချက်ပါ သဘောတူညီချက် တစ်ရပ်အား နှစ်ဖက် လက်မှတ် ရေးထိုးခဲ့ကြသည်။ အဆိုပါ သဘော တူညီချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က)
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး (Nationwide Ceasefire Accord) ဆက်လက် ဆောင်ရွက်နိုင်ရန်နှင့် အားလုံးပါဝင်သည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေး ပွဲကြီးသို့ ရောက်ရှိရေး ဆက်လက်ဆောင်ရွက်သွားမည်။
(ခ)
တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို နှစ်ဖက် ကိုယ်စားလှယ်များ ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးမှုများသည် အပြုသဘော ပိုမိုဆောင်၍ တိုးတက်မှုများ ရှိခဲ့ပါသည်။ နောင် အစည်းအဝေးတွင် တပ်ပိုင်းဆိုင်ရာ ကိစ္စများကို ဆက်လက်ဆွေးနွေး ရန် သဘောတူသည်။
(ဂ)
ပူးတွဲစောင့်ကြည့် ကြီးကြပ်ရေးကော်မတီ (Joint Monitoring Committee) ကို အောက်ပါအတိုင်း ဖွဲ့စည်းရန် သဘောတူသည်-

(၁)
ကယားပြည်နယ်အစိုးရမှ တာဝန်ပေးအပ်သူ(၂) ဦး၊ (KNPP) မှ တာဝန် ပေးအပ်သူ (၂) ဦး၊ သမာသမတ် ကျသော ရပ်မိရပ်ဖ (၆) ဦး၊ စုစုပေါင်း (၁၀) ဦးဖြင့် ဖွဲ့စည်းရန်။

(၂)
လူမှုအခြေပြု အဖွဲ့အစည်း (CSO) များ၊ တစ်သီးပုဂ္ဂလများ၊ ပြည်တွင်း NGOs များနှင့် အတူတကွ လက်တွဲ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်း လမ်းညွန် (TOR) ကို နှစ်ဖက်မှ တာဝန်ရှိသူများက ညှိနှိုင်းရေးဆွဲ အတည်ပြုရန်။

(၃)
စောင့်ကြည့်လေ့လာသည့် သတင်းပေးပို့သူ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတို့ကို နှစ်ဖက်လုံးက ရန်ပြုခြင်း၊ ခြိမ်းခြောက်ခြင်း၊ ဥပဒေမဲ့ အရေးယူ အပြစ်ပေးခြင်း များ မပြုလုပ်ရန်။
(ဃ)
ကယားပြည်နယ်အတွင်း ရွာသစ်စီမံကိန်း အပါအဝင် ထပ်မံအကောင်အထည် ဖော်မည့် အကြီးစား စီမံကိန်းများကို အများပြည်သူလူထု၊ လူမှုအသင်းအဖွဲ့များအား လေ့လာခွင့်ပြုရန်၊ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မှု များသည် ပွင့်လင်း မြင်သာပြီး တာဝန်ယူမှု၊ တာဝန်ခံမှုတို့ရှိရမည့်အပြင် ဒေသခံပြည်သူလူထု နစ်နာမှု မရှိစေရေး အစိုးရနှင့် တာဝန်ရှိသူတို့မှ အာမခံ ဆောင်ရွက်ပေးရန်။
(င)
ကယားပြည်နယ် အတွင်းရှိ (IDP) များ ပြန်လည် နေရာချထားမည့် နေရာတွင် မြေမြှုပ်မိုင်းများ ရှင်းလင်းရေးကိစ္စကို နှစ်ဖက် အဖွဲ့အစည်းများက ညှိနှိုင်း ဆောင်ရွက်ရန်။
(စ)
ပြည်တွင်း နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေရသူများ (IDP) ပြန်လည်နေရာချထားရေး အတွက် ရှားတော မြို့နယ် ဒေါတခဲဒေသတွင် စံပြစီမံကိန်း (Pilot Project) နမူနာတစ်ခုကို နှစ်ဖက်အဖွဲ့အစည်းက ညှိနှိုင်းဆောင်ရွက် ရန်။
(ဆ)
မူဝါဒ သဘောတူညီချက်များကို အကောင်အထည်ဖော်နိုင်ရန်အတွက် နှစ်ဖက် အဖွဲ့အစည်းများမှ အလုပ်အဖွဲ့ (Technical Team) များ ဖွဲ့စည်းဆောင်ရွက်ရန်။
(ဇ)
ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အစိုးရနှင့် (KNPP) ပူးပေါင်း ဆောင်ရွက်ရန်။

-------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------


ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အောင်မြင်စွာ ကျင်းပပြီးစီး

နေပြည်တော် ဇွန် ၂၀

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့၏ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် ကယားပြည်နယ် လွိုင်ကော်မြို့ နယ်မြေခံ တပ်နယ်ခန်းမ၌ ဆက်လက် ကျင်းပသည်။

ရှေးဦးစွာ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ဒုတိယဥက္ကဋ္ဌ ခူဦးရယ်က ဦးဆောင်၍ ဒေသဖွံ့ဖြိုးရေးနှင့် ပါတီ၏ လိုအပ်ချက်များကို တင်ပြဆွေးနွေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပဋိပက္ခကြောင့် နေရပ်ရွှေ့ပြောင်း ပြည်သူများ (IDP) ပြန်လည် ဝင်ရောက်လာမှုကို နိုင်ငံတော်သမ္မတကြီးက ကြိုဆိုပါကြောင်း၊ ပြန်လည်ဝင်ရောက်လာကြသူများ နေထိုင်စားသောက်မှု အဆင်ပြေရေးအတွက် နိုင်ငံတော် အပိုင်းက လိုအပ်သည်များကို ပံ့ပိုးပေးသွားမှာ ဖြစ်သည့်အပြင် အလှူရှင်များ ရှိပါကလည်း ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ (IDP) ပြန်လည်နေရာ ချထားပေးမည့် နေရာများတွင် မြေမြှုပ်မိုင်းအန္တရာယ် ကင်းရှင်းအောင် နှစ်ဖက်ပူးပေါင်း ဖြေရှင်းသွားမည် ဖြစ်ကြောင်း၊ လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ပြောပြသည့်အတွက် နိုင်ငံတော် အပိုင်းကလည်း ပံ့ပိုးကူညီ ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးနှင့် ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် တို့က သက်ဆိုင်ရာ ကဏ္ဍအလိုက် ပံ့ပိုးကူညီ ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ပြန်လည်ဆွေးနွေး ပြောကြားကြသည်။

ယင်းနောက် နိုင်ငံရေး ဆွေးနွေးပွဲများကို တစ်ဆင့်ပြီးတစ်ဆင့် ဆွေးနွေးသွားနိုင်ရေး၊ ပဋိပက္ခကြောင့် နေရပ်ရွှေ့ပြောင်း ပြည်သူများ (IDP) များ ပြန်လည်နေရာ ချထားပေးရေး အတွက် စံပြကျေးရွာတစ်ခု စတင်တည်ထောင်နိုင်ရေး၊ မြေမြှုပ်မိုင်းများအား ပူးပေါင်း ရှင်းလင်းရေး၊ ဆက်ဆံရေးရုံးများ တိုးချဲ့ ဖွင့်လှစ်နိုင်ရေးနှင့် လေ့လာစောင့်ကြည့် ကြီးကြပ်ရေး အဖွဲ့တည်ပြုရေးတို့ အပါအဝင် နှစ်ဖက်ဆွေးနွေးရန် ကျန်ရှိသော အစီအစဉ်များကို ဆက်လက် ဆွေးနွေးညှိနှိုင်းကြသည်။

အလားတူ နံနက် ၇ နာရီခွဲက ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ (KNPP) တို့မှ တာဝန်ရှိသူများသည် ဆွေးနွေးပွဲ မကျင်းပမီ သီးခြားဆွေးနွေးပွဲ ကျင်းပခဲ့ကြသည်။

ထို့ပြင် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့မှ တာဝန်ရှိသူများသည် တပ်ပိုင်းဆိုင်ရာ သီးခြားဆွေးနွေးပွဲ ကျင်းပခဲ့ကြသည်။

ယင်းနောက် နယ်မြေခံ တပ်နယ်ခန်းမ၌ နှစ်ဖက်သဘောတူညီချက် (၈) ချက်ပါ သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ရေး အတွက် ညှိနှိုင်းဆွေးနွေးပြီး လက်မှတ်ရေးထိုး လဲလှယ်ကြသည်။

ညပိုင်းတွင် (၁၃၈) ကြိမ်မြောက် ကရင်နီ အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) မှ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများအား ကယားပြည်နယ် ဒီးမော့ဆို မြို့နယ် ဆိုဘောသဲ ကျေးရွာ၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း၊ ဦးခင်မောင်စိုး၊ ဦးသန်းဌေးနှင့် ဦးဝင်းမြင့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး(ခ) ဦးဘူးရယ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယရှေ့နေချုပ်နှင့် Myanmar Peace Center မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ကရင်နီ အမျိုးသားတိုးတက်ရေး ပါတီ (KNPP) မှ ဒုတိယဥက္ကဋ္ဌ ခူဦးရယ် ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
---------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

ထာဝရငြိမ်းချမ်းရေး ရရှိသည်အထိ နောက်မဆုတ်ဘဲ ဆက်လက်ဆောင်ရွက်သွားမည်

နေပြည်တော် ဇွန် ၁၉

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ(KNPP)တို့၏ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေး ပွဲကို ယနေ့ နံနက် ၁ဝ နာရီတွင် ကယားပြည်နယ် လွိုင်ကော်မြို့ နယ်မြေခံတပ်နယ် ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ယခုတွေ့ဆုံမှုတွင် နှစ်ဖက် ဆက်လက် ဆောင်ရွက်သွားရမည့် ကိစ္စများ အား ဆောင်ရွက်ရန်အတွက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတ အနေဖြင့် တိုင်းရင်းသားအဖွဲ့များ ပါဝင်သည့် အပစ် အခတ် ရပ်စဲရေး ပဏာမ သဘောတူညီချက်များကို ထပ်မံအတည်ပြုရန် လာမည့်လများအတွင်း ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း အပါအဝင် ပြည်တွင်းနှင့် နိုင်ငံတကာမှ ထင်ရှားကျော်ကြား သူများကို ဖိတ်ကြားရန် ရည်ရွယ်ထားပြီး ၎င်းတို့၏ ရှေ့မှောက် တွင် တစ်နိုင်ငံလုံး၌ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်အား လက်မှတ်ရေးထိုးနိုင်ရန် အစီအစဉ် ရှိပါကြောင်း၊ ယခုကဲ့သို့ စီစဉ်ရခြင်းသည် အပစ်အခတ် ရပ်စဲရေးမှတစ်ဆင့် ထာဝရ ငြိမ်းချမ်းရေး ရရှိသည်အထိ နောက်မဆုတ်ဘဲ ဆက်လက် ဆောင်ရွက် သွားရန်ဖြစ်ကြောင်း၊ IDP များအား သက်ဆိုင်ရာ နေရာဒေသများတွင် ပြန်လည်ချထားပေးရေးအတွက် အလေးအနက် ညွှန်ကြားထားပါကြောင်းဖြင့် ပဏာမ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်က တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ ကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး က ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို လည်းကောင်း အသီးသီး ရှင်းလင်းပြောကြား ကြသည်။

ထို့နောက် ဒုတိယဥက္ကဋ္ဌ ခူဦးရယ်က ပြည်နယ် တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များနှင့် ဆက်လက် ပူးပေါင်း ဆောင်ရွက် သွားမည့် အခြေအနေများကို ရှင်းလင်း ပြောကြားသည်။

နေ့လယ်ပိုင်းတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့မှ တာဝန်ရှိသူများသည် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ သီးခြားဆွေးနွေး ခဲ့ကြကြောင်း သိရှိရသည်။

ညနေပိုင်းတွင် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ နှစ်ဖက်ပူးပေါင်း စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းရေး၊ ငြိမ်းချမ်းရေး ဖော်ဆောင် မှု လုပ်ငန်းများ စဉ်ဆက်မပြတ် တိုးတက်ရေးအတွက် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ စေလွှတ်ရေး၊ မူးယစ်ဆေးဝါး တားဆီး ကာကွယ်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ ရွှေ့ပြောင်းနေထိုင်ကြသည့် ဒေသခံ ပြည်သူများအား ပြန်လည်နေရာ ချထားပေးရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကို ပွင့်လင်းစွာ ပြောဆိုဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။

ညပိုင်းတွင် ကယားပြည်နယ် အစိုးရအဖွဲ့က ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက် လာကြ သူများအား ဂုဏ်ပြု ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း၊ ဦးခင်မောင်စိုး၊ ဦးသန်းဌေးနှင့် ဦးဝင်းမြင့်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယရှေ့နေချုပ်နှင့် Myanmar Peace Center မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) မှ ဒုတိယဥက္ကဋ္ဌ ခူဦးရယ် ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ယနေ့ ဆွေးနွေးပွဲနှင့် ပတ်သက်၍ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) မှ အတွင်းရေးမှူး(၂) ဦးရွှေမျိုးသန့်က ''တပ်ပိုင်းဆိုင်ရာ အဆင့်မြင့် အရာရှိတွေ ပါတဲ့အတွက် ကျွန်တော်တို့ဘက်ကလည်း တပ်ကိစ္စ တော်တော်များ ကို ဆွေးနွေးခွင့် ရခဲ့ပါတယ်။ တပ်ကိစ္စကို အပြင်မှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးရတဲ့အတွက် ပိုကြိုက်တယ်။ ကောင်းမွန်တဲ့ ရလဒ် တွေ ရမယ်လို့ မျှော်လင့်ရပါတယ်။ ဒီနေ့မှာ ဆွေးနွေးရတာတွေ အပေါ်မှာ ကျေနပ်အားရမှု ရှိပါတယ်''ဟု ပြောပြခဲ့သည်။

ထို့ပြင် Myanmar Peace Center မှ ဆလိုင်းမွန်တူးရယ်က ''ဒီဟာကလွန်ခဲ့တဲ့နှစ် ဇွန်လက ဆွေးနွေးတဲ့ သဘောတူညီချက်တွေအပေါ် အသေးစိတ် ပြန်လည်ဆွေးနွေးတာပါ။ အဲဒီတုန်းက မူအားဖြင့် သဘောတူညီချက်တွေကို တကယ့်လက်တွေ့ အကောင်အထည် ဖော် တဲ့နေရာမှာ ဘယ်လိုလုပ်မလဲဆိုပြီးတော့ ဆွေးနွေးတာပါ။ အခုလက်ရှိ နှစ်ဦးနှစ်ဖက် နားလည်မှုရလဒ်တွေက အတော်ကောင်းပါတယ်။ နှစ်ဦးနှစ်ဖက်ကလည်း ရင်းနှီးမှု ပိုရလာတယ်၊ ဆွေးနွေးရ ပိုကောင်းလာတယ်။ ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့ လုပ်ငန်းတွေ သွက်လက် လာတယ်ဆိုတာ ပိုကောင်းတာပေါ့။ ဘယ်သူမဆို တိုင်းပြည်မှာ ပိုအေးချမ်းတာကို လိုချင်တာပေါ့ဗျာ။ လွတ်လပ်ရေးရပြီး ကတည်းက တိုင်းပြည်မှာ ပထမဦးဆုံး သေနတ်သံတွေ ချုပ်ငြိမ်းသွားတယ် ဆိုတာအထိ လုပ်ချင်ပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းဟာ အမှန် တကယ်တော့ လွယ်ကူတဲ့ အလုပ်တော့ မဟုတ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် ပစ်ခတ်နေတာကနေ စားပွဲပေါ်မှာဆွေးနွေးတယ် ဆိုတာက မလွယ်ကူဘူးဗျ။ တစ်ခါတလေမှာ တစ်ဖက်နဲ့ တစ်ဖက်မှာ သံသယတွေ ရှိတာကိုလည်း တဖြည်းဖြည်း ပျောက်အောင် လုပ်ရတာ စဉ်းစားကြည့်ပေါ့ဗျာ။ နှစ်ဦးနှစ်ဖက် နည်းပညာဆိုင်ရာ အားနည်းချက်တွေရှိပါတယ်။ ဒါတွေကို ဖြေရှင်းရတာ အတော်ကြာ ပါတယ်။ သမ္မတရဲ့ လမ်းညွှန်ချက် (၈) ချက်ရှိတယ်။ အဲဒီ အချက်တွေ အနက် (၄) ချက်ကို အားလုံးက သဘောတူညီတယ်။ ကျန်တဲ့ အချက်တွေကို တွေ့ဆုံတဲ့ အကြိမ်တိုင်းမှာ တစ်ချက်ချင်း ညှိရပါတယ်။ ညှိလို့ရမှ နောက်တစ်ဆင့် ထပ်တက်ရတော့ အချိန်ယူရပါတယ်'' ဟု ၎င်း၏ အတွေ့အကြုံကို ပြောပြခဲ့သည်။
----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

 နိုင်ငံတော်သမ္မတဦးသိန်းစိန် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS/ SSA) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိ ဦးယွက်စစ်နှင့်အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံ

နေပြည်တော် ဇွန် ၁ဝ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/ SSA) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိ ဦးယွက်စစ်နှင့်အဖွဲ့ဝင်များအား ယနေ့ နံနက် (၁ဝ) နာရီတွင် နေပြည်တော်ရှိ တောင်သူပညာပေး ဧက(၅ဝဝ) စက်မှုလယ်ယာ စံပြစိုက်ခင်း အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲ အခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးအောင်မင်း၊ ဦးစိုးသိန်း၊ ဦးခင်မောင်စိုးနှင့် ဦးအုန်းမြင့်၊ ဒုတိယဝန်ကြီး ဦးရဲထွဋ် နှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတက ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိ ဦးယွက်စစ်နှင့် အဖွဲ့ဝင်များအား ရင်းနှီးခင်မင်စွာ လိုက်လံ နှုတ်ဆက်သည်။

ထို့နောက် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိ ဦးယွက်စစ်က နိုင်ငံတော်သမ္မတအား ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို ဂါရဝ လက်ဆောင်  အဖြစ် ပေးအပ်ပြီး ရှမ်းတိုင်းရင်းသားဝတ်စုံကို ဝတ်ဆင်ပေးသည်။

ယင်းနောက် နိုင်ငံတော်သမ္မတက ဆွေးနွေးပြောကြားရာတွင် '' ဦးယွက်စစ် ခေါင်းဆောင်သည့် အဖွဲ့ကို လှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ မိမိတို့ တစ်ယောက်အကြောင်း တစ်ယောက် ကြားဖူး၊ သိဖူးနေသည်မှာ ကြာမြင့်နေပြီ ဖြစ်သော်လည်း ယခုကဲ့သို့ တိုင်းရင်းသား ညီအစ်ကိုအချင်းချင်း စားပွဲဝိုင်းတွင် တွေ့ဆုံနိုင်ရန်အတွက် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရပါကြောင်း၊ တစ်နိုင်ငံတည်းအတွင်းမှာ အတူမွေးဖွား ကြီးပြင်းလာသူများဖြစ်၍ ဤနိုင်ငံကို မိမိတို့ ပိုင်ဆိုင်သကဲ့သို့ ဦးယွက်စစ်တို့ ရှမ်းတိုင်းရင်းသားများလည်း ပိုင်ဆိုင်ပါကြောင်း၊ တိုင်းရင်းသားအားလုံး၊ ပြည်သူအားလုံးသည် နှစ်ပေါင်း (၆ဝ) ကျော် ကြာညောင်းပြီဖြစ်သည့် တိုင်းရင်းသား အချင်းချင်း လက်နက်ကိုင် ပဋိပက္ခကို     ချုပ်ငြိမ်းစေလိုကြပါကြောင်း၊ လက်နက်ဖြင့် ဖြေရှင်း၍ မပြီးဆုံးနိုင်သည့် ဤလက်နက်ကိုင် ပဋိပက္ခကို ငြိမ်းချမ်းသောနည်းဖြင့် တွေ့ဆုံဆွေးနွေးအဖြေရှာမှသာ မှန်ကန်သည့် အဖြေကို ရရှိနိုင်မည်ဖြစ်ကြောင်း။

မတူကွဲပြားမှုများကြောင့် ပဋိပက္ခ ဖြစ်ပွားခဲ့ကြသော်လည်း တူညီသည့်အချက်များလည်း ရှိပါကြောင်း၊ ကိုယ့်တိုင်းပြည်ကို ချစ်မြတ်နိုးတဲ့စိတ် ကိုယ့်တိုင်းပြည် ပြိုကွဲပျက်စီး သွားမည်ကို မလိုလားသည့်စိတ် ကိုယ့်တိုင်းပြည်အတွင်းမှ ခွဲမထွက်ဘဲ ရာသက်ပန် ဥမကွဲသိုက်မပျက် အတူနေထိုင်လိုကြသည့်စိတ် စသည်ဖြင့် တူညီကြပါကြောင်း၊ တိုင်းပြည် အတွက် တူညီသည်များကို လက်တွဲပူးပေါင်းဆောင်ရွက်ပြီး မတူညီသည်များကို စိတ်ရှည် သည်းခံပြီး အချိန်ယူညှိနှိုင်း ဆွေးနွေးခြင်းဖြင့် အဖြေရှာသည့် နိုင်ငံရေးပုံစံသစ်ကို မိမိတို့ သွားလိုပါကြောင်း၊ အနိုင်အရှုံး အဆုံးအဖြတ် ရယူခြင်းထက် အတူတကွ လက်တွဲ ပူးပေါင်း ဆောင်ရွက်ခြင်း သည်သာ တိုင်းပြည်အတွက် အကျိုးအမြတ် ရရှိစေမည် ဖြစ်ပါကြောင်း၊ အများလက်ခံနိုင်သည့် တစ်ခုတည်းသော ဥပဒေ၏ အောက်တွင် မိမိတို့အတူတကွ လက်တွဲ ပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် တိုင်းသူပြည်သား အားလုံး မျှတစွာ အကျိုးခံစား ကြရမည် ဖြစ်ပါကြောင်း။

မိမိတို့နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများထက် အဘက်ဘက်တွင် များစွာ နောက်ကျကျန်နေ ခဲ့ကြပါကြောင်း၊ ဖွံ့ဖြိုးမှုအခြေခံကောင်းများ ရှိပါလျက်နှင့် ယခုကဲ့သို့ နောက်ကျ ကျန်ရစ်ခဲ့သည်မှာ တိုင်းပြည်တည်ငြိမ် အေးချမ်းမှုမရှိ၍ ဖြစ်ပါကြောင်း၊ နှစ်ပေါင်း ကြာရှည်ခဲ့ပြီဖြစ်သည့် တိုင်းရင်းသား အချင်းချင်း လက်နက်ကိုင်ပဋိပက္ခကို မိမိတို့ လက်ထက်တွင် အဆုံးသတ်ပြီး မိမိတို့ သားသမီးများလက်သို့ ငြိမ်းချမ်းသော အမွေကိုသာ လွှဲပြောင်းပေးခဲ့ လိုပါကြောင်း၊ ယခုအခါ တစ်ပြည်လုံးငြိမ်းချမ်းရေးသည် လက်တစ်ကမ်း အကွာသို့ ရောက်ရှိနေပြီ ဖြစ်ပါကြောင်း၊ အောက်ခြေတွင် ပစ်ခတ်တိုက်ခိုက်မှုအချို့ ရှိနေသေးသည်ကို လုံးဝရပ်စဲ သွားအောင် နားလည်မှုရှိရှိဖြင့် နှစ်ဘက်ညှိနှိုင်း ဆောင်ရွက် သွားကြမည်ဖြစ်ပါကြောင်း၊ လက်တစ်ကမ်းအကွာသို့ ရောက်ရှိနေပြီ ဖြစ်သည့် ပြည်တွင်း ငြိမ်းချမ်းရေးကို လက်လွတ်မခံဘဲ အမိအရ ဆုပ်ကိုင်ပြီး မိမိတို့လက်ထက်မှာ ငြိမ်းချမ်းရေး သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူသွားရန် ဖြစ်ပါကြောင်း။

တပ်များနေရာချထားရေး၊ အိုးအိမ်များ ပြန်လည်ထူထောင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ရှာဖွေရေး၊ စားရေရိက္ခာ အကူအညီပေးရေးလုပ်ငန်းနှင့် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို မိမိတို့ အစိုးရအဖွဲ့အနေဖြင့် အတတ်နိုင်ဆုံး ညှိနှိုင်း ပူးပေါင်း၍ ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း၊ မိမိတို့သည် မျိုးဆက်သစ်များအတွက် ငြိမ်းချမ်းသော အနာဂတ် ပို၍ကောင်းမွန် ပြည့်စုံသော အနာဂတ်ကို ဖန်တီးပေးနိုင်ရန် ကြိုးပမ်း ဆောင်ရွက် နေခြင်းသာ ဖြစ်သည်ကို နားလည်သဘောပေါက် စေလိုပါကြောင်း၊ နယ်မြေဒေသ အားလုံး တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း ရှိသွားပြီဖြစ်ပါက ငြိမ်းချမ်းရေး အဖွဲ့အားလုံး နေပြည်တော် (သို့မဟုတ်) အခြားသင့်လျော်သည့် တစ်နေရာရာတွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့နှင့် တွေ့ဆုံပြီး အားလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးလက်မှတ်ရေးထိုး သွားကြမည် ဖြစ်ပါကြောင်း။

လက်မှတ်ရေးထိုးပြီးပါက အားလုံးနှင့် သက်ဆိုင်သည့် နောက်ဆက်တွဲ ဆောင်ရွက်ဖွယ်ရာ များကို မိမိဆောင်ရွက်ရမည့် အပိုင်းမှ ဥပဒေနှင့်အညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများကို ပြည်သူ့ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် လွှတ်တော်သို့ တင်ပြ၍ လွှတ်တော်၏ အစီအစဉ်ဖြင့်သာ ဆောင်ရွက်သွားကြမည် ဖြစ်ပါကြောင်း၊ နေပြည်တော်တွင် ရောက်ရှိ နေထိုင်စဉ်အတွင်း လေ့လာကြည့်ရှုလိုသည်များကို ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ အားလုံးကျန်းကျန်းမာမာ ရှိကြစေရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးအဆင့်သို့ အမြန်ဆုံး ရောက်ရှိရန် ဆုမွန်ကောင်းတောင်းပါကြောင်း'' ဖြင့်ပြောကြားသည်။

ထို့နောက် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိ ဦးယွက်စစ်က ပြောကြားရာတွင် '' ယခုကဲ့သို့ နေပြည်တော်တွင် ငြိမ်းချမ်းရေး ဆွေးနွေး မှုများ ပြုလုပ်ရန် ဖိတ်ခေါ်ခဲ့ပြီး ရင်းနှီးစွာ ကြိုဆိုခဲ့သည့်အတွက် သမ္မတကြီးကို ကျေးဇူးတင်ရှိပါကြောင်း၊  သမ္မတကြီး၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှုများ အောင်မြင်စေရန်အတွက် မိမိတို့ တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီ ဆောင်ရွက်လိုပါကြောင်း၊ သမ္မတကြီး၏ ပြောကြားချက်များကြောင့် ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်များ ရှင်သန်လာပါကြောင်း၊ မိမိတို့အနေဖြင့် လက်နက်ကိုင် တိုက်ပွဲများ ဆင်နွှဲနေရခြင်းသည် ပြည်ထောင်စုကြီးမှ ခွဲထွက်ရန် မဟုတ်ကြောင်း၊ မိမိတို့အနေဖြင့် စစ်မှန်သော ပြည်ထောင်စု တည်ဆောက်ရန် တိုင်းရင်းသားများ အတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ ရရှိရန်၊ ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်ရန်နှင့် ပြည်သူ အားလုံး လက်တွဲပါဝင် ဆောင်ရွက်ရန်ကိုသာ မျှော်လင့် ပါကြောင်း။

ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန်အတွက် မိမိတို့အကြား သံသယများ ပပျောက်သွားရန် လိုအပ်ပါကြောင်း၊ အပြန်အလှန် ယုံကြည်မှုကို တည်ဆောက်ရမည်ဖြစ်ကြောင်း အလားတူ ပင် ပြည်သူများအတွင်း ဖြစ်ပေါ်နေသည့် ကြောက်ရွံ့မှုများ ပျောက်ကွယ် သွားအောင်လည်း ဆောင်ရွက် ပေးရမည်ဖြစ်ပါကြောင်း၊ ဗြိတိသျှကိုလိုနီစနစ်ကို ဆန့်ကျင် တိုက်ခိုက်စဉ်က မိမိတို့အားလုံး လက်တွဲတိုက်ပွဲဝင်ခဲ့ကြပါကြောင်း၊ ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှသာ သံသယများကြောင့် အချင်းချင်း တိုက်ခိုက်ခဲ့ရခြင်း ဖြစ်ပါကြောင်း၊ ယခုအခါ အစိုးရက နိုင်ငံရေးတံခါးကို ဖွင့်လှစ်လိုက်ပြီဖြစ်သောကြောင့် တွေ့ဆုံဆွေးနွေးခြင်းဖြင့် ငြိမ်းချမ်းရေးကို တည်ဆောက် နိုင်တော့မည် ဖြစ်ပါကြောင်း။

အပစ်အခတ်ရပ်စဲပြီးပါက တပ်ဖွဲ့ဝင်များ၊ ဒုက္ခသည်များ ပြန်လည်နေရာချထားရေး၊ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဆက်လက်ဆောင်ရွက်ရန် ရှိပါကြောင်း၊ နိုင်ငံရေး ဆွေးနွေး ပွဲများ ဆောင်ရွက်နေချိန်တွင် တပ်ဖွဲ့ဝင်များနှင့် မိသားစုများ၊ ဒေသခံပြည်သူများ၏ စားဝတ်နေရေး ပြည့်စုံအောင် ဆောင်ရွက်ပေးနေရမည်ဖြစ်ရာ ထိုလုပ်ငန်းများအတွက် နိုင်ငံတော် အစိုးရက ကူညီပံ့ပိုးဆောင်ရွက်ပေးစေလိုပါကြောင်း၊ ဒုက္ခသည်များအတွက် နိုင်ငံသားစိစစ်ရေး လက်မှတ်များ ရရှိရေး၊ စိုက်ပျိုးရေး လုပ်ကိုင်ရန်အတွက် မြေလွတ်မြေရိုင်း များ ဖော်ထုတ်ပေးရေးအတွက်လည်း စီစဉ်ပေးစေလိုပါကြောင်း၊ နှစ်ဘက် တပ်ဖွဲ့များအကြား နားလည်မှုလွဲမှား တိုက်ခိုက်မှုများ မဖြစ်ပေါ်စေရေးအတွက် ငြိမ်းချမ်းရေး စောင့်ကြည့် အဖွဲ့များ ဖွဲ့စည်းသင့်ပါကြောင်း၊ ပြည်သူလူထု၏ ပူးပေါင်း ပါဝင်မှုကို ရရှိစေရန်နှင့် အကြောက်တရားများ ပျောက်ကွယ်သွားရန်အတွက် နှစ်ဖက် ပူးပေါင်းပြီး တွေ့ဆုံရှင်းလင်းမှုများ ပြုလုပ်လိုပါကြောင်း'' ဖြင့် ပြောကြားသည်။

ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ပြန်လည် ရှင်းလင်းဆွေးနွေးပြီး တွေ့ဆုံပွဲ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ရှိ  ဦးယွက်စစ်နှင့် အဖွဲ့ဝင်များ နှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ရင်းရင်းနှီးနှီး ထပ်မံနှုတ်ဆက်သည်။

ထို့နောက် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိ ဦးယွက်စစ်နှင့် အဖွဲ့ဝင်များသည် တောင်သူပညာပေး ဧက(၅ဝဝ)စက်မှု လယ်ယာ စံပြစိုက်ခင်းအတွင်း လှည့်လည်ကြည့်ရှု ကြသည်။
---------------------------------------------------------------------------------------------------------------------------------------------------------------------------------------

 နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ရှိ ဦးယွက်စစ်နှင့်တွေ့ဆုံစဉ် ဦးယွက်စစ်နှင့် အဖွဲ့ဝင်များ၏ အမြင်နှင့် သဘောထားများကို တွေ့ဆုံမေးမြန်းခဲ့

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိ ဦးယွက်စစ်နှင့် အဖွဲ့ဝင်များအား နေပြည်တော်ရှိ တောင်သူပညာပေး ဧက ၅၀၀ စက်မှုလယ်ယာ စံပြစိုက်ခင်း အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ယခုလို တွေ့ဆုံခဲ့မှုနှင့် ပတ်သက်၍ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ရှိ ဦးယွက်စစ်နှင့် အဖွဲ့ဝင်များ၏ အမြင်နှင့် သဘောထား များကို တွေ့ဆုံမေးမြန်း ဖြစ်ခဲ့သည်။

ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ရှိ ဦးယွက်စစ် (ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ  RCSS/SSA ဥက္ကဋ္ဌ)
ကျွန်တော်တို့ ဒီနေ့ သမ္မတနှင့် လာရောက်တွေ့ဆုံရာမှာ ကျွန်တော်တို့ မသိထားတဲ့ ဟာတွေလည်း သိခွင့်ရတယ်။ ပြီးတော့ ကျွန်တော်တို့ နားမလည်သေးတာတွေ အမြင် မတူတာတွေ ရှိတာတွေလည်း ယခုနားလည်ခွင့် ရလာပါတယ်။ ကျွန်တော်တို့ အနေနဲ့လည်း ဝမ်းသာတယ်။ ကျွန်တော်တို့ ပြည်တွင်းမှာ ဖြစ်ခဲ့တဲ့ တောက်လောင်နေတဲ့ စစ်မီးတွေ နှစ် ၅ဝ၊ ၆ဝ ဒါတွေကို ကျွန်တော်တို့ ဒီနေ့မှာ ရင်ဖွင့်ပြီးတော့ ပြောပြနိုင်ခဲ့ပါတယ်။ ဖြေရှင်းနိုင်ခဲ့တယ်။ ဒါကြောင့်မို့ ဒီကိစ္စနှင့် ပတ်သက်လို့လည်း ကျွန်တော်တို့ ဝမ်းသာပါတယ်။

ကျွန်တော်တို့ ထာဝရငြိမ်းချမ်းရေး ပေါ်ပေါက်လာဖို့ဆိုတာ ကျွန်တော်တို့ လုပ်ဆောင်ဖို့ (၃)ချက်တော့ လိုအပ်ပါတယ်။ တစ်အချက်ကတော့ ကျွန်တော်တို့ ပြည်တွင်းစစ်ဒဏ်ကို ခံနေရတဲ့ ပြည်သူတွေရဲ့ စိတ်ကိုသဘောထားကို ပြန်လည် ကုသပေးဖို့ လိုပါတယ်။ ကြောက်နေတဲ့ အကြောက်တရားတွေ ပျောက်သွားအောင် ပြန်လည် ကုသဖို့ လိုပါတယ်။ ကျွန်တော်တို့ ပြည်ထောင်စု စစ်စစ်ပေါ့နော်၊ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ဖို့လည်း အဘက်ဘက်က ပူးပေါင်းဆောင်ရွက်ပြီးတော့ ပူးပေါင်း ဆောင်ရွက်ဖို့လည်း လိုအပ်ပါတယ်။ ကျွန်တော်တို့ ဒီမိုကရေစီနိုင်ငံ၊ ကျွန်တော်တို့ရဲ့ တိုင်းပြည်ဟာလည်း ဗုဒ္ဓဘာသာ တရား အများဆုံး ကိုင်းရှိုင်းတဲ့ တိုင်းပြည်ဖြစ်တဲ့ အတွက်ကြောင့် ဗုဒ္ဓဘာသာ တရားဆိုတာဟာလည်း ဒီမိုကရေစီနဲ့ ကိုက်ညီတဲ့အကြောင်း ဖြစ်တဲ့အတွက်ကြောင့်မို့ ဒါကလည်း ဒီမိုကရေစီ တရား ကျင့်ဖို့ လိုအပ်ပါတယ်။

ကျွန်တော်တို့ ယနေ့ သမ္မတကြီးနဲ့ တွေ့ဆုံရတဲ့အတွက်ကြောင့် အင်မတန်မှ ဝမ်းမြောက် ပါတယ်။ ကျွန်တော်တို့ တစ်တိုင်းပြည်လုံးမှာ ရှိတဲ့ ပြည်သူတွေရဲ့ကိုယ်စားလည်း ကျွန်တော်တို့ ကိုယ်စားလည်း ဒီစကား ဖွင့်ပြောခွင့်ရခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ တိုင်းပြည်မှာ တရားမျှတမှုရှိအောင် ဒီမိုကရေစီ ပေါ်ပေါက်လာအေင် ဆိုပြီးတော့ ကျွန်တော်တို့ တောင်းဆိုခွင့် ရရှိခဲ့ပါတယ်။ ဒါဟာ ပြည်သူတွေ အားလုံးအတွက် ဖြစ်ပါတယ်။ ပြည်သူတွေလည်း နိုင်ငံရေးအပေါ် နားလည်ပြီး တစ်ဖက်တစ်လမ်းကဝိုင်းဝန်း လုပ်ဆောင်ဖို့ လိုအပ်ပါတယ်လို့ ပြောကြားလိုပါတယ်။

ကျွန်တော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ ကျွန်တော်တို့ ပြည်သူလူထုတွေ အားလုံးဟာ အတူတကွ ပူးပေါင်းနေထိုင်ရမယ့်သူတွေ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ရိုင်းပင်းကူညီရမယ်၊ ကျွန်တော်တို့ စည်းလုံးညီညွတ်မှုရှိဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။

ကျွန်တော်တို့ အရင်ကတည်းက အမြင်မတူခဲ့တာတွေ၊ ကျွန်တော်တို့ သံသယရှိနေတာတွေကို ကျွန်တော်တို့ မျက်နှာစုံညီစွာ ဆွေးနွေးခြင်းနဲ့ ဖြေရှင်းသွားဖို့ လိုအပ်ပါတယ်။ ယနေ့ ဆိုလည်း သမ္မတကြီး ကိုယ်တိုင်က ငြိမ်းချမ်းရေးအတွက်တွေရော၊ ကျွန်တော်တို့ ဆွေးနွေးရေး အတွက်တွေရော တံခါးဖွင့်လှစ်ပေးကြပြီး ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဆွေးနွေးရင်းနဲ့ ပြဿနာတွေ ဖြေရှင်းဖို့ လိုအပ်ပါတယ်လို့ ပြောကြားလိုပါတယ်။

ကျွန်တော်တို့ ပြည်သူတွေ အားလုံးရော၊ တိုင်းရင်းသား ခေါင်းဆောင်တွေရော၊ ဒီနိုင်ငံရေး ပါတီတွေရော သမ္မတကြီး ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကျွန်တော်တို့ ဝိုင်းဝန်း ကူညီပံ့ပိုးဖို့ လိုအပ်ပါတယ်။ ဒါဟာလည်း ကျွန်တော်တို့ တိုင်းပြည် အေးချမ်း သာယာရေးအတွက် ဖြစ်ပါတယ်။

ကျွန်တော်တို့ သြဂုတ်လ ၁၈ ရက်ပေါ့နော်၊ ကျွန်တော်တို့ သမ္မတကြီး မိန့်ခွန်းက ထုတ်ပြန် လာတာပေါ့။ ကျွန်တော်တို့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ တိုင်းရင်းသား လက်နက်ကိုင်တွေကို လမ်းဖွင့်ပေးခဲ့တဲ့ အချိန်ကတည်းက သမ္မတကြီးနဲ့ တွေ့ဆုံဖို့ ကျွန်တော်တို့ မျှော်လင့် ထားခဲ့ပါတယ်။ ဒီလိုမျိုး တွေ့ဆုံခွင့်ရတာဟာလည်း အင်မတန်မှ ဝမ်းသာပါတယ်။

စဝ်ခွန်ဆိုင်(အတိုင်ပင်ခံ)
ကျွန်တော်တို့ လာတာကတော့ ကိုယ့်ရဲ့ပြဿနာကို လာပြီးတော့မှ တင်ပြတာက အဓိက မဟုတ်ဘူး။ ပြဿနာဆိုတာ အမြဲတမ်း ရှိနေတာပါပဲ။ သို့သော်လည်းပဲ ကျွန်တော်တို့ ဒီကို လာတာကတော့ ဒီပြဿနာတွေကို ကျွန်တော်တို့ ဖြေရှင်းမယ်ဆိုရင် အားလုံး ဝိုင်းဝန်းကူညီပြီးတော့မှ ဖြေရှင်းမှရမယ်။ ကိုယ့်ဘက်ကနေ ကျွန်တော်တို့ ပြဿနာတွေ ရှိနေပါတယ်။ ဖြေရှင်းပေးပါဆိုလို့ လုပ်လို့ မရဘူး။ ဝိုင်းဝန်းဖြေရှင်းမှ ရမယ်။ ဒါ့ကြောင့်မို့လည်း ကျွန်တော်တို့ ဝိုင်းဝန်း ဖြေရှင်းမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ အချင်းချင်း ယုံကြည်စိတ်ချမှု၊ ရင်းနှီးမှု အဲဒါတွေကို တည်ဆောက်ဖို့လိုပါတယ်။ အဲဒါကြောင့်မို့လို့ ဒီဥက္ကဋ္ဌကြီး ယွက်စစ် ကနေပြီးတော့မှ ခေါင်းဆောင်ပြီးတော့မှ ဒီကို ရောက်လာပြီးတော့မှ ဒီနေပြည်တော်မှာ ရှိနေတဲ့ သမ္မတကြီးနဲ့ ဝန်ကြီးတွေနဲ့ လာတွေ့ခြင်း ဖြစ်ပါတယ်။

ကျွန်တော်တို့ မြင်တာက ဒီလိုငြိမ်းချမ်းရေးကို ဖော်ဆောင်ပြီဆိုလို့ ရှိရင် တစ်ဖက်တည်း လုပ်လို့မရပါဘူး။ စစ်ပွဲတွေကို စချင်လို့ရှိရင် တစ်ဖက်ထဲကနေ စလို့ရတယ်။ သို့သော်လည်းပဲ ငြိမ်းချမ်းရေး ဖော်ဆောင်ပြီဆိုရင် နှစ်ဖက်အတူတူပေါင်းမှ လုပ်မှရတယ်။ အဲဒီလိုပဲ  ဒီ Myanmar Peace Center လုပ်နေတာ ကောင်းတယ်။ ဒါပေမယ့် ကျွန်တော်တို့ အားလုံး ပေါင်းပြီးလုပ်တော့မှ လုပ်နိုင်ရင် ပိုကောင်းလာမယ်။ ပိုပြီးတော့မှ အောင်မြင်မှု ရမယ်။ လူထုတွေ ပိုပြီးတော့မှ မြန်မြန် ငြိမ်းချမ်းမှု ရနိုင်မယ်လို့ ကျွန်တော်ယုံကြည်တယ်။

ဗိုလ်မှူးကြီးအဆင့်ရှိ ဦးစိုင်းလှ (ဗဟိုကော်မတီဝင်)
သမ္မတကြီးနဲ့ တွေ့ဆုံပြီးတဲ့နောက်ပိုင်း ပေါ့နော် ငြိမ်းချမ်းရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ တွေ့ဆုံ ဆွေးနွေးပြီးတော့ အဖြေရှာရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အရင်တုန်းက ဒီပြည်ထောင်စုကြီးကို အတူတကွ ပူးပေါင်းပြီးတော့ တည်ဆောက်လာခဲ့တဲ့ ကျွန်တော်တို့ တိုင်းရင်းသားတွေ ဖြစ်ကြပါတယ်။ အရင်တုန်းက နိုင်ငံရေးပြဿနာများကို နိုင်ငံရေး နည်းလမ်းနဲ့ မဖြေရှင်းနိုင်ခဲ့လို့ ကျွန်တော်တို့ လက်နက်ကိုင်စွဲ တော်လှန်ရေး တိုက်ပွဲ ဝင်ခဲ့ကြပါတယ်။ အခုကျတော့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ကနေ ဒီနိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေကို တံခါးဖွင့်ပေးတဲ့အတွက်ကြောင့် ကျွန်တော်တို့ ဒီတွေ့ဆုံဆွေးနွေးရေးနဲ့ပဲ အဖြေရှာသွားမှာ ဖြစ်ပါတယ်။ ဒီတိုင်းပြည်ကြီး ထဲမှာလည်း ကျွန်တော်တို့ အေးအတူ ပူအမျှနဲ့ အတူတကွ ပူးပေါင်းနေထိုင်ပြီး နိုင်ငံရေး နည်းလမ်းကိုရှာဖို့ ကျွန်တော်တို့ အစိုးရ ကမ်းလှမ်းထားတဲ့ ငြိမ်းချမ်းရေးကို လက်ခံခြင်းပဲ ဖြစ်ပါတယ်။

ကျွန်တော် ပထမတစ်ခေါက်က ပြည်ထောင်စုနေ့ ညစာစားပွဲကို တက်ရောက်ခဲ့ပါတယ်။ အခုဟာ ဒုတိယ တစ်ခေါက်ပေါ့။ ကျွန်တော်တို့ နိုင်ငံတော် အကြီးအကဲတွေနဲ့၊ အစိုးရ အကြီးအကဲတွေနဲ့ တွေ့ဆုံခွင့်ရတာ အများကြီး ဂုဏ်ယူဝမ်းသာရပါတယ်။

ဒေါက်တာ မင်းဇော်ဦး
(Myanmar Peace Center)
လက်ရှိ အနေအထားမှာ ကျွန်တော်တို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့ပေါင်း (၁၃) ဖွဲ့ ရှိပါပြီ။အခုနောက်ဆုံး ကေအိုင်အိုနဲ့ရတဲ့ သဘော တူညီချက်တွေကိုပါ စဉ်းစားမယ်ဆိုလို့ရှိရင် (၁၄) ဖွဲ့မြောက် ဖြစ်သွားပါပြီ။ လက်ရှိ အနေအထားမှာဆိုရင် အစိုးရသက်တမ်း နှစ်နှစ်ဝန်းကျင်လောက် အတွင်းမှာ ကျွန်တော်တို့ အပစ်အခတ် ရပ်စဲရေး (၁၃)ခု လုပ်လာနိုင်တယ်။ အခုဆို ကေအိုင်အိုနဲ့ ဆိုလို့ရှိရင်လည်း တိုက်ပွဲတွေဟာ မရှိသလောက် နည်းသွားပြီဖြစ်တယ်။ နောက်တစ်ခု ဒီလို အပစ်အခတ် ရပ်စဲရေး လုပ်ရုံမကဘူး အစိုးရအနေနဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်မယ်ဆိုလည်း မူဝါဒကို ခိုင်ခိုင်မာမာချမှတ်နိုင်ခဲ့တယ်။ နောက်ပြီးတော့ တိုင်းရင်းသား အဖွဲ့အစည်းတွေကိုလည်း ဒီမူဝါဒအောက်မှာ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်မယ်ဆိုတဲ့ မူဝါဒအောက်မှာ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ဆက်သွားမယ်ဆိုတဲ့ သတင်းစကားကို ပေးပို့နိုင်ခဲ့တယ်။ အဲတော့ဒါတွေကို         ပြန်ကြည့်မယ် ဆိုလို့ရှိရင် ကျွန်တော်တို့ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်က တော်တော် ရုပ်လုံး ပေါ်လာပြီလို့ ပြောလို့ရတယ်ပေါ့။ အောက်ခြေမှာတော့ ပြဿနာတွေရှိသေးတယ်။ တချို့ပစ်တဲ့ ခတ်တဲ့ဟာလေးတွေ ရှိသေးတယ်။ ဒါပေမယ့် ဒီလိုရှိပေမယ့်လည်း လွန်ခဲ့တဲ့ လထဲမှာပဲ ပစ်ခတ်မှုတွေရှိတယ်လို့ သတင်းတွေကြားတယ်။ ဒါပေမယ့် ဘယ်လောက်ပဲ ဘယ်လိုပြဿနာတွေရှိရှိ သူတို့ ခေါင်းဆောင်တွေ ကိုယ်တိုင် နေပြည်တော်လို နေရာမျိုးကို လာပြီးတော့ ဒီမှာရှိတဲ့ သမ္မတကြီးလို ခေါင်းဆောင်မျိုးနဲ့တွေ့တယ်၊ ဦးအောင်မင်းတို့လို ခေါင်းဆောင်တွေနဲ့ ဆွေးနွေးတယ်ဆိုတဲ့ အဓိပ္ပာယ်က ဒီငြိမ်းချမ်းရေးဖြစ်စဉ်က အောက်ခြေ မှာတော့ ပြဿနာတွေ ရှိနေပေမယ့်လည်း အပေါ်ကခေါင်းဆောင်တွေ ကြားထဲမှာ ဒီပြဿနာတွေ စားပွဲပေါ်မှာ ဖြေရှင်းနိုင်တယ်ဆိုတဲ့ နိုင်ငံရေး ယဉ်ကျေးမှုကိုစပြီးတော့ တည်ဆောက်နိုင်တယ်ဆိုတဲ့ အောင်မြင်မှု၊ ဒီငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခု အောင်မြင်ဖို့ဆိုတာ အဓိကက ငြိမ်းချမ်းရေးအတွက် ကြိုးစားနေတဲ့ဘက်နှစ်ဖက်မှာ နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာတဲ့ နိုင်ငံရေးယဉ်ကျေးမှုတစ်ခု၊ နိုင်ငံရေး ကျင့်စဉ်တစ်ခုကို သေချာစိုက်ထူနိုင် ဖို့လိုတယ်။ ဒီနေ့ ဒီအစိုးရလက်ထက်မှာ နှစ်နှစ်အတွင်းမှာ အပစ်အခတ်ရပ်စဲရေး (၁၃) ခုလုပ်နိုင်ရုံတင်မကဘူး ပြဿနာတွေ ရှိလာရင် ဒီပြဿနာကိုအောက်ခြေမှာ လက်နက်နဲ့ မဟုတ်ဘဲနဲ့ စားပွဲပေါ်မှာ ငြိမ်းချမ်းရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်တယ်ဆိုတဲ့ နိုင်ငံရေးကျင့်စဉ်၊ နိုင်ငံရေး ယဉ်ကျေးမှုတစ်ခု ကျွန်တော်တို့ အုတ်မြစ်ချနိုင်တယ်ဆိုတဲ့ အောင်မြင်မှုလို့ပဲ ကျွန်တော်ထင်ပါတယ်။

အခုသမ္မတကြီး ပြောသွားတာကတော့ ကျွန်တော်တို့အပစ်အခတ် ရပ်စဲရေးတွေအားလုံး၊ အဖွဲ့တွေ အားလုံး လက်မှတ်ရေးထိုးပြီးသွားရင် ပြည်လုံးကျွတ် အပစ်အခတ် ရပ်စဲရေးဆိုတဲ့ မှတ်တိုင်တစ်ခု ကျွန်တော်တို့ ဒီအစိုးရအနေနဲ့ စိုက်ထူမယ်ဆိုတဲ့ ဆန္ဒကို သမ္မတကြီး ပြောသွားပါတယ်။ အဲဒီတော့ ခန့်မှန်းခြေကတော့ ဇူလိုင်ဝန်းကျင် ဇူလိုင်လကုန်လောက် ဖြစ်ချင်ဖြစ်သွားမယ်။ အဲဒီအချိန်လောက်မှာ ကေအိုင်အိုနဲ့လည်း ဆွေးနွေးတဲ့ကိစ္စတွေ ပြီးပြတ်သွားပြီ ဆိုလို့ရှိရင် ငြိမ်းချမ်းရေး၊ ပြည်လုံးကျွတ်ငြိမ်းချမ်းရေး သဘောတူညီချက်ကြီး တစ်ခုကို ဝိုင်းပြီးတော့ ကြိုးပမ်းကြမယ်ဆိုတဲ့ လုပ်ဆောင်ချက်မျိုးကို သမ္မတကြီးအနေနဲ့ ရှင်းပြသွားပါတယ်။

ဤကဲ့သို့ နိုင်ငံတော်သမ္မတ၏ ကြိုးပမ်းဆောင်ရွက်နေခြင်းသည် စာရေးသူတို့၏ မျိုးဆက်သစ်များအတွက် ငြိမ်းချမ်းသော အနာဂတ်၊ ပို၍ ကောင်းမွန်ပြည့်စုံသော အနာဂတ်ကို ဖန်တီးပေးနိုင်ရန်အတွက် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။
                                                                                                                                                                                               
                                                                                                                  အမေး/အရေး
                            
                                                                                                         ညီညီထွန်း၊ ရန်ကြီးအောင်   
               
                                                                                                                 ဓာတ်ပုံ-သန်းဦး
-------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီတို့ တွေ့ဆုံ

နေပြည်တော် ဇွန် ၁ဝ

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ရှိ ဦးယွက်စစ် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ ညနေ ၃ နာရီက သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးအောင်မင်း၊ ဦးသိန်းဇော်၊ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှတာဝန်ရှိသူများ တက်ရောက်ကြပြီး ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ရှိ ဦးယွက်စစ်နှင့်အတူ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ အတိုင်ပင်ခံများ၊ ဗဟိုကော်မတီ ဝင်များ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် တက်ရောက်လာကြသူများက တပ်ဖွဲ့များ နေရာသတ်မှတ်ရေး၊ ငြိမ်းချမ်းရေး စောင့်ကြည့်လေ့လာရေး အဖွဲ့များ ဖွဲ့စည်းရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြား စီးပွားရေး လုပ်ငန်းများကို ဥပဒေနှင့်အညီ လုပ်ကိုင်ဆောင်ရွက်နိုင်ရေး၊ ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရေး၊ စစ်ရှောင် ဒုက္ခသည်များ ပြန်လည်နေရာချထားရေးနှင့် နိုင်ငံသား စိစစ်ရေး လက်မှတ်များ ပြုလုပ်ပေးနိုင်ရေး၊ ပြည်သူများအား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ရှင်းလင်းပြောကြားရေးတို့ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီဥက္ကဋ္ဌ တို့က လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး ပြည်တွင်းပြည်ပ သတင်းထောက်များ၏ မေးမြန်းချက်များအပေါ် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။
--------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO ကိုယ်စားလှယ်အဖွဲ့တို့ ငြိမ်းချမ်းရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေး


နေပြည်တော် မေ ၃ဝ

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် ဦးဆွမ်လွတ်ဂမ်၊ ဗိုလ်ချုပ်ဆွမ်လွတ်ဂွမ်မော်တို့ ဦးဆောင်သော KIO ကိုယ်စားလှယ် အဖွဲ့တို့သည် သမိုင်းအစဉ်အလာ ကြီးမားသည့် နိုင်ငံတော်နှင့် ပြည်နယ်၏ အောင်မြေဖြစ်သော မနောကွင်းအနီးရှိ မဂျွယ်ခန်းမ၌ ယနေ့ နံနက် ၉ နာရီတွင် ဒုတိယအကြိမ် တွေ့ဆုံ၍ တိုင်းရင်းသား ပြည်သူအားလုံး ရင်ထဲ၊ အသည်းထဲမှ ပြင်းပြစွာ တောင့်တနေသည့် တရားမျှတသော၊ တန်းတူညီမျှသော၊ ခိုင်မာသော ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် ရိုးသားပွင့်လင်းစွာ ဆွေးနွေးကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက နိုင်ငံတော်သမ္မတကြီး အနေဖြင့် ပြည်သူလူထု၏ ဆန္ဒသဘောထားနှင့် အသံများကို နားထောင်ပြီး ပြည်သူတို့၏ ဆန္ဒများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံ တည်ငြိမ်အေးချမ်းမှ အင်တိုက်အားတိုက်ဖြင့် မိမိတို့ ရည်မှန်းချက်များကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်သောကြောင့် ယခုဆွေးနွေးမှုအပေါ် များစွာ မျှော်လင့်ထားပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရနှင့်အတူ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် အထူးလိုအပ်ပါကြောင်းဖြင့် တိုက်တွန်းပြောကြားသည်။

ယင်းနောက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူတို့က ပြည်သူတို့၏ ဆန္ဒသဘောထားနှင့် ရင်ဆိုင်နေရသည့် အခက်အခဲများကို တင်ပြကြပြီး နှစ်ဖက်အဖွဲ့အစည်းများ အနေဖြင့် တိုင်းရင်းသားအားလုံး လိုလားတောင့်တနေသော စစ်မှန်သည့် ငြိမ်းချမ်းရေး၊ ပြည်သူတို့၏ ဆန္ဒနှင့် လိုအပ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ပေး ကြရန် ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ဆွေးနွေးပွဲကို စတင်ကျင်းပရာ ရှေ့တန်းစစ်မြေပြင်တွင် စောင့်ကြည့်ရေးရုံးများ ဖွင့်လှစ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံတော်အစိုးရနှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများ ဆက်လက် ပြုလုပ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ ကချင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော နယ်မြေလုံခြုံရေးအရ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ကြသည့် မိသားစုများအား ကယ်ဆယ်ရေး၊ ထောက်ပံ့ရေး၊ ရပ်ရွာသို့ ပြန်လည် ပို့ဆောင်ရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် အခြားလိုအပ်သည့် ကိစ္စရပ်များကို နှစ်ဖက် သဘောတူညီမှုရယူပြီး နှစ်ဖက် သဘောတူ ကြေညာချက် ထုတ်ပြန်နိုင်ရန်အတွက် ဆွေးနွေးညှိနှိုင်းကြပြီး ကိုယ်စားလှယ်အဖွဲ့ နှစ်ဖွဲ့သည် အသေးစိတ် အချက်အလက်များကို သီးခြားစီ တွေ့ဆုံဆွေးနွေးကြသည်။

မွန်းလွဲပိုင်းတွင် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO တို့၏ သဘောတူချက်ကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဦးအုန်းမြင့်၊ ဦးဝင်းထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း၊ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူ၊ ဦးခက်ထိန်နန်တို့နှင့် KIO ကိုယ်စားလှယ်အဖွဲ့မှ ဦးဆွမ်လွတ်ဂမ်၊ ဗိုလ်ချုပ် ဆွမ်လွတ်ဂွမ်မော်၊ ဗိုလ်မှူးကြီး လဖိုင်လ၊ ဗိုလ်မှူးကြီး လဖိုင်ခွန်နောင်နှင့် ဗိုလ်မှူးကြီး မရန်ဇော်တောင်တို့က ဆွေးနွေးပွဲ တက်ရောက် လာကြသူအားလုံး၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးကြသည်။

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ငြိမ်းချမ်းရေးအဖွဲ့များမှ ကိုယ်စားလှယ် များနှင့် မြို့မိမြို့ဖများကလည်း အသိသက်သေအဖြစ် လက်မှတ်ရေးထိုးကြသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် KIO ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်တို့သည် နှစ်ဖက်ကိုယ်စားလှယ်များ လက်မှတ်ရေးထိုးပြီးသည့် သဘောတူညီချက်များကို အပြန်အလှန် လဲလှယ်ကြပြီး နှစ်ဖက်ကိုယ်စားလှယ် အဖွဲ့ဝင်များ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

ယင်းနောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO ကိုယ်စားလှယ် အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲနှင့် စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲကို အဆိုပါ ခန်းမ၌ ဆက်လက်ကျင်းပပြီး တောင်းဆိုညှိနှိုင်းခဲ့မှုများ၊ တပ်ပိုင်းဆိုင်ရာများ ဆွေးနွေးခဲ့မှုများ၊ ငြိမ်းချမ်းရေးအတွက် ရှေ့ဆက် လုပ်ဆောင်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ပြည်တွင်းပြည်ပ သတင်းမီဒီယာများ၏ မေးမြန်းမှုများကို နှစ်ဖက် ကိုယ်စားလှယ် အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်း ဖြေကြားကာ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် KIO ကိုယ်စားလှယ်အဖွဲ့တို့၏ သဘောတူညီချက် ထုတ်ပြန်ကြေညာသည်။

ထို့နောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီက ရှေ့တန်း စခန်းများရှိ တပ်မတော်သားများနှင့်  KIO တို့အတွက် မွေးမြူရေးနှင့်ရေလုပ်ငန်း ဝန်ကြီးဌာနမှ ထုတ်လုပ်သော ကြက်သားစည်သွတ်ဘူး ၁ဝဝဝဝ စီကို ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO ကိုယ်စားလှယ် အဖွဲ့တို့သည် မြစ်ကြီးနားမြို့ရှိ မနောကွင်း၌ သုံးရက်ကြာ တွေ့ဆုံဆွေးနွေးမှုများ အပြီးတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့်  KIO ကိုယ်စားလှယ် အဖွဲ့တို့၏ သဘောတူညီချက် (၇) ချက်ကို အောင်မြင်စွာ လက်မှတ်ရေးထိုး အတည်ပြု ထုတ်ပြန် ကြေညာနိုင်ခဲ့သည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO ကိုယ်စားလှယ် အဖွဲ့တို့၏ သဘောတူညီချက် (၇) ချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။

(က)

နိုင်ငံတော်အစိုးရနှင့် KIO တို့ နိုင်ငံရေး ဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်ရန် သဘောတူသည်။
(ခ)

နှစ်ဖက်တပ်ဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်မှုများ လျှော့ချခြင်း၊ တိုက်ပွဲများ ထပ်မံ မဖြစ်ပွားအောင် ထိန်းသိမ်းခြင်း တို့ကို ဆောင်ရွက်သွားရန် သဘောတူသည်။
(ဂ)

နှစ်ဖက် ကိုယ်စားလှယ်များ ပါဝင်သော စောင့်ကြည့် ကြီးကြပ်ရေးအဖွဲ့ (Joint Monitoring Committee) ဖွဲ့စည်းရန် မူအားဖြင့် သဘောတူသည်။
(ဃ)

နယ်မြေလုံခြုံရေးအရ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သည့်  ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး ကိစ္စရပ်များကို ညှိနှိုင်းကာ ဆက်လက် ဆောင်ရွက်သွားရန် သဘောတူသည်။
(င)

တပ်ပိုင်းဆိုင်ရာ တပ်နေရာချထားမှုများနှင့် ပတ်သက်၍ ဆက်လက် ညှိနှိုင်း ဆောင်ရွက်ရန် သဘောတူသည်။
(စ)

လိုအပ်သော လုပ်ငန်းစဉ်များ ညှိနှိုင်းဆောင်ရွက်ရန် KIO ကိုယ်စားလှယ်နှင့် အလုပ်အဖွဲ့ (Techincal Team) ကို မြစ်ကြီးနားမြို့တွင် ထားရှိသွားရန် သဘောတူသည်။
(ဆ)

နောက်တစ်ကြိမ် ဆွေးနွေးပွဲတွင် ယခုအကြိမ် တက်ရောက်သည့် အဖွဲ့များမှ ကိုယ်စားလှယ်များ ပြန်လည်တက်ရောက်ရန် သဘောတူသည်။ အခြား ဖိတ်ကြားလိုသော အဖွဲ့များရှိပါက နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်သွားရန် သဘောတူသည်။

ဆွေးနွေးပွဲအပြီးတွင် တက်ရောက်လာသူ အချို့အား တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ဦးလဂျွန်ငန်ဆိုင်း
ကချင်ပြည်နယ်ဝန်ကြီးချုပ်

ယခုလို ဆွေးနွေးပွဲတွေကို အရင်က အခြားနိုင်ငံတွေမှာပဲ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့တာပါ။ အဲ့ဒီလို မကြာခဏ တွေ့ဆုံဆွေးနွေးမှုတွေရဲ့  ရလဒ်အနေနဲ့ တစ်ဖက်နှင့် တစ်ဖက် ပိုပြီးတော့ ယုံကြည်မှုတွေ ရရှိလာခဲ့ပါတယ်။ အဲ့ဒါကြောင့် ကိုယ့်နိုင်ငံမှာရှိတဲ့ ကချင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ မြစ်ကြီးနားမြို့ မနောကွင်း အနီးမှာရှိတဲ့ မဂျွယ် ခန်းမမှာ နှစ်ဖက်အဖွဲ့တွေဖြစ်တဲ့  ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ KIO ကိုယ်စားလှယ်အဖွဲ့တွေ တွေ့ဆုံဆွေးနွေးနိုင်ခဲ့တာဟာ အများကြီး တိုးတက်လာတဲ့ တွေ့ဆုံဆွေးနွေးမှုလို့ ယူဆပါတယ်။ ဒီဆွေးနွေးပွဲမှာ အရင်က တွေ့ဆုံဆွေးနွေးမှုတွေထက် တစ်စတစ်စ ပို၍ပို၍ တိုးတက်လာတဲ့ အနေအထားမျိုး ရှိပါတယ်။ ဒီတွေ့ဆုံဆွေးနွေးမှု မှာတော့ တစ်ဖက်နှင့်တစ်ဖက် ပိုပြီးနားလည်ယုံကြည်ပြီးတော့ နှစ်ဖက်သဘောတူညီချက် တွေကို ဆက်လက်ပြီး နှစ်ဖက် လက်မှတ်ရေးထိုးသွားဖို့ အစီအစဉ်မျိုးထိကို နှစ်ဖက်က ညှိနှိုင်းနေတဲ့ အခြေအနေမျိုး ရှိပါတယ်။ ဒီဆွေးနွေးပွဲဟာ အင်မတန်မှ အပြုသဘော ဆောင်ပြီးတော့ ရှေ့ဆက်သွားမယ့် အစီအစဉ်တွေအတွက် အများကြီး အထောက်အကူ ပြုမည်ဟု ယုံကြည်ပါတယ်။

ဦးစောမန်းထွန်း
တွဲဖက် အထွေထွေအတွင်းရေးမှူး (၁)၊ (KNU)

ကျွန်တော်တို့ရဲ့ အမြင်နဲ့ မျှော်လင့်ချက်ကတော့ KIO နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီရဲ့ ဆွေးနွေးပွဲဟာ တိုင်းရင်းသား အားလုံးရဲ့ အရေး ဖြစ်ပါတယ်။ ဒါကြောင့်ကရင်နဲ့ အခြား တိုင်းရင်းသားအားလုံးရဲ့ အရေးလည်း ဖြစ်ပါတယ်။ ဆွေးနွေးပွဲဟာ နောင်နိုင်ငံရေး တွေ့ဆုံဆွေးနွေးဖို့ အတွက် အရေးကြီးတယ်လို့ မြင်ပါတယ်။ ရှေ့ဆက်ပြီး နိုင်ငံရေး ဆွေးနွေးပွဲတွေကို တက်လှမ်းနိုင်ရေးအတွက် တိုင်းရင်းသားအားလုံး ညီညွတ်ဖို့ လိုအပ်ပါတယ်။

ညပိုင်းတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဦးဆွမ်လွတ်ဂမ်၊ ဗိုလ်ချုပ်ဆွမ်လွတ်ဂွမ်မော် ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့ တို့သည် အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် မဂျွယ်ခန်းမ၌ ညစာကို အတူတကွ သုံးဆောင်ကြရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်စား ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးနှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့က KIO  ကိုယ်စားလှယ်အဖွဲ့အား အမှတ်တရ လက်ဆောင်ပစ္စည်းများကို ပေးအပ်ကြပြီး ဦးဆွမ်လွတ်ဂမ်နှင့် ဗိုလ်ချုပ်ဆွမ်လွတ်ဂွမ်မော်တို့က လက်ခံခဲ့ကြသည်။
------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် KIO ကိုယ်စားလှယ် အဖွဲ့ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များအား သီးခြားတွေ့ဆုံ ညှိနှိုင်းဆွေးနွေး


နေပြည်တော် မေ ၂၉

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ၊ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး၊ တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်၊ ဗိုလ်မှူးချုပ်အောင်စိုးနှင့် တပ်မတော် အရာရှိကြီးများသည် KIO မှ ဗိုလ်ချုပ်ဆွမ်လွတ်ဂွမ်မော် ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ယနေ့ နံနက် ၈ နာရီတွင် မြစ်ကြီးနားမြို့ မနောကွင်းအနီးရှိ ဧည့်ခန်းမ၌ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို သီးခြားတွေ့ဆုံ ဆွေးနွေးကြသည်။

ဆွေးနွေးပွဲအပြီးတွင် ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးက နှစ်ဦးနှစ်ဖက်တပ်နေရာချထားမှုမှစပြီး တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များအားလုံးကို ဆွေးနွေး ညှိနှိုင်းပြီး ဖြစ်ပါကြောင်း၊ မေ ၃၀ ရက်တွင် တွေ့ဆုံဆွေးနွေးမည့် ဒုတိယနေ့ ဆွေးနွေးပွဲ၌ အပြီးသတ် ဆွေးနွေး ညှိနှိုင်းပြီး ထုတ်ပြန်ကြေညာ ချက်များကို ထုတ်ပြန်ကြေညာသွားမည် ဖြစ်ပါကြောင်း၊ ယနေ့အထိ နှစ်ဖက်ဆွေးနွေးမှုများ အဆင်ပြေပြီး တိုးတက်သည့် လက္ခဏာ များ တွေ့မြင်နေရပြီ ဖြစ်ပါကြောင်း၊ တပ်မတော်မှ ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် အောင်သော် အား ပြောရေးဆိုခွင့်ရှိသူ အဖြစ် ခန့်အပ်ထားပြီး သတင်းထုတ်ပြန်ရေး အဖွဲ့ကိုလည်း ဖွဲ့စည်းထားရှိပြီး ဖြစ်သောကြောင့် ဆက်သွယ် မေးမြန်းနိုင်ပါကြောင်း သတင်း မီဒီယာ များအား ပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းသည် ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့်၊ ဦးဝင်းထွန်း၊ ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း ၊ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး၊ တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်၊ ဗိုလ်မှူးချုပ်အောင်စိုး၊ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ရှမ်းစုတောင်ရပ်ကွက်ရှိ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်ရုံး အစည်းအဝေး ခန်းမ၌ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) အထွေထွေ အတွင်းရေးမှူး၊ သိက္ခာတော်ရဆရာ ဦးခလမ်ဆမ်ဆွမ်နှင့် သင်းအုပ်ဆရာများအား သွားရောက်တွေ့ဆုံသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက တိုင်းပြည်တည်ငြိမ်အေးချမ်းမှ တစ်နိုင်ငံလုံး အကြားအလပ်မရှိ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက် မည်ဖြစ်၍ တိုင်းရင်းသားများ စည်းလုံးညီညွတ်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် တိုင်းရင်းသားများ အခွင့်အရေးဆိုင်ရာ လုပ်ငန်းများ အထူးအလေးပေး ဆောင်ရွက်လျက် ရှိပါကြောင်း။

ထို့အပြင် ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထုအေးချမ်း သာယာစွာ နေထိုင်၊ လုပ်ကိုင်၊ သွားလာနိုင်ရေးနှင့်  ပြည်သူလူထုအားလုံးက ပြင်းပြစွာ လိုလားတောင့်တနေသည့် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရန် အစွမ်းကုန်ကြိုးစား ဆောင်ရွက် သွားမည်ဖြစ်၍ ငြိမ်းချမ်းရေး ရရှိမည်ဟု လည်း ယုံကြည်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ငြိမ်းချမ်းမှုမရှိလျှင် ပြည်သူလူထုပင် ထိခိုက်နစ်နာဆုံးရှုံးရသဖြင့် ဒေသတည်ငြိမ်အေးချမ်းရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးတွင် ပြည်သူအားလုံးက ယုံကြည်မှုရှိရှိ၊ နားလည်မှုရှိရှိဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သို့မှသာ ပြည်သူအားလုံး လိုလား တောင့်တနေသည့် စစ်မှန်သည့် ငြိမ်းချမ်းရေးကို အောင်မြင်စွာ ဖော်ဆောင်နိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC) အထွေထွေ အတွင်းရေးမှူးနှင့် သင်းအုပ်ဆရာများက ကချင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့ သည့် ပဋိပက္ခများကြောင့် ရပ်ရွာကို စွန့်ခွာသွားသည့် မိသားစုများ ကယ်ဆယ်ရေး၊ ရပ်ရွာသို့ပြန်လည် ပို့ဆောင်ရေး၊ ပြန်လည်ထူထောင်ရေး ဆိုင်ရာများ၊ ပြည်သူလူထု၏ ဆန္ဒနှင့် သဘောထားများကို အသီးသီး ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြည်သူအားလုံးအတွက် တစ်ရက် ငြိမ်းချမ်းလျှင် တစ်ရက် တန်ဖိုးရှိသောကြောင့် ပြည်သူအားလုံး ၏ ဆန္ဒ၊ သဘောထားများနှင့်အညီ ယာယီငြိမ်းချမ်းရေးမှ ထာဝရငြိမ်းချမ်းရေး ရရှိသည်အထိ ကြိုးစားလုပ်ဆောင် သွားမည် ဖြစ်ကြောင်း ပြောကြား သည်။
---------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြို့မိမြို့ဖများ၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ



နေပြည်တော် မေ ၂၈

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းသည် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၊ ဦးဝင်းထွန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်ဝင်း၊ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မေ ၂၆ ရက် နံနက် ၁၀ နာရီတွင် မြစ်ကြီးနားမြို့သို့ ရောက်ရှိပြီး MADIRA ဟိုတယ်၌ မြို့မိမြို့ဖများ၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း၊ တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်နှင့် ဗိုလ်ချုပ်အောင်စိုး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ ဘာသာရေး ခေါင်းဆောင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက နိုင်ငံတော်နှင့် ကချင်ပြည်နယ်အတွက် အရေးတကြီးလိုအပ်နေသည့် ငြိမ်းချမ်းရေးဖော်ဆောင်ရန်အတွက် မြစ်ကြီးနားမြို့၌ နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးပြီး အပစ်အခတ် ရပ်စဲရေးကို နှစ်ဦးနှစ်ဖက် သဘောတူ လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခင်ကလည်း နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးမှုများ အကြိမ်ကြိမ် ပြုလုပ်ပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ယုံကြည်မှုအပြည့်ဖြင့် ကြိုးစားလုပ်ကိုင်ခဲ့သောကြောင့် နှစ်ဦး သဘောတူ ကြေညာချက်များ ထုတ်ပြန်နိုင်ကာ အပစ်အခတ် ယာယီရပ်စဲသည်အထိ တိုးတက်မှုများ ရရှိခဲ့ပါကြောင်း။

ထို့ပြင် အပစ်အခတ်ရပ်စဲရေးကို နှစ်ဦးနှစ်ဖက် သဘောတူလက်မှတ်ရေးထိုးပြီး ယာယီ ငြိမ်းချမ်းရေးမှ ထာဝရ ငြိမ်းချမ်းရေး ရသည်အထိ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နောက်ပိုင်းတွင်လည်း တိုင်းရင်းသားများ တန်းတူအခွင့်အရေး ရရှိရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးတို့အတွက် တိုင်းရင်းသားများနှင့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း။

နိုင်ငံတော်သမ္မတကလည်း အစိုးရအဖွဲ့အစည်းများနှင့်အတူ တိုင်းရင်းသားအားလုံး စည်းစည်းလုံးလုံးဖြင့် ပူးပေါင်း ပါဝင် ဆောင်ရွက်မှ တစ်နိုင်ငံလုံး အကြားအလပ်မရှိ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်မည်ကို အခိုင်အမာ ယုံကြည်သောကြောင့် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များတွင် တိုင်းရင်းသားအားလုံး ပါဝင်ခွင့်ရအောင် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အပြင် တိုင်းရင်းသားများ စည်းလုံးညီညွတ်ရေး၊ တန်းတူအခွင့်အရေးရရှိရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးတို့ကို အထူး အလေးပေး ဆောင်ရွက်လျက်ရှိပါကြောင်း။

ထို့ကြောင့် ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်အောင် ဒေသခံ ပြည်သူများအားလုံးကလည်း ယုံယုံကြည်ကြည် နားလည်မှုရှိရှိဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုရှိရှိ၊ နားလည်မှုရှိရှိဖြင့် အပြန်အလှန် လေးလေးစားစား ဆက်ဆံပြီး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျှင် သဘောတူညီမှုများ ရရှိပြီးမိမိတို့လိုချင်သော ပန်းတိုင်ကို အရောက်လှမ်းနိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများကလည်း သံသယရှင်းရှင်းဖြင့် လိုအပ်သလို ပါဝင်ကူညီ ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြား သည်။

ဆက်လက်၍ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် မြို့မိမြို့ဖများ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ ဘာသာရေး ခေါင်းဆောင် များနှင့် လွှတ်တော်ကိုယ်စားလှယ်များက ကချင်ပြည်နယ် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး၊ လူမျိုးရေး၊ ဘာသာရေး၊ တိုင်းရင်းသားများ တန်းတူအခွင့်အရေး ရရှိရေးတို့နှင့် စပ်လျဉ်း၍ ၎င်းတို့၏ အတွေ့အကြုံများကို အခြေခံပြီး ဖြည့်ဆည်း ဆောင်ရွက်ပေးရမည့် လုပ်ငန်းများကို အသီးသီး ဆွေးနွေးတင်ပြကြသည်။

မေ ၂၇ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းသည် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၊ ဦးဝင်းထွန်း၊ ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်မည့် ဦးဆွမ်လွတ်ဂမ် ခေါင်းဆောင်သည့် KIO ငြိမ်ချမ်းရေး ဆွေးနွေးရေး အဖွဲ့အား မြစ်ကြီးနားခရိုင် ဝိုင်းမော်မြို့ နန်စန်ယန်ကျေးရွာသို့ သွားရောက် ကြိုဆိုပြီး မြစ်ကြီးနားမြို့ မနောကွင်းအနီးရှိမဂျွယ်ခန်းမသို့ မော်တော်ယာဉ်များဖြင့် အတူတကွ ပြန်လာကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဦးဆွမ်လွတ်ဂမ် ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြစ်ကြီးနားမြို့သို့ ပြန်လာကြရာ လမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံ ပြည်သူများနှင့် မြစ်ကြီးနားမြို့ရှိ ဒေသခံပြည်သူများက ပြည်နယ်အလံငယ်များကို ဝှေ့ယမ်း၍ လည်းကောင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအား ကြိုဆိုထောက်ခံကြောင်း၊ အောင်မြင်ပါစေကြောင်းကို ကချင် တိုင်းရင်းသား ဘာသာစကားဖြင့် အော်ဟစ်ဆုတောင်းကြ၍ လည်းကောင်း သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များသည် ဦးဆွမ်လွတ်ဂမ် ခေါင်းဆောင်သော KIO ဆွေးနွေးရေးအဖွဲ့ဝင်များနှင့်အတူ မြစ်ကြီးနားမြို့ မနောကွင်း အနီးရှိ မဂျွယ်ခန်းမ၌ နေ့လယ်စာ အတူတကွ သုံးဆောင်ကြသည်။
----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ နှင့် KIO ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး



နေပြည်တော် မေ ၂၈

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဦးဆွမ်လွတ်ဂမ် ခေါင်းဆောင်သော KIO ကိုယ်စားလှယ်အဖွဲ့တို့သည် ယနေ့နံနက် ၉ နာရီတွင်  ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်းအနီးရှိ မဂျွယ်ခန်းမ၌ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံ ဆွေးနွေး သည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက နှစ်ဖက်အဖွဲ့အစည်းများ၏ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးမှုများကြောင့် ငြိမ်းချမ်းရေးကိုအောင်မြင်စွာ ဖော်ဆောင်နိုင်မည့် အခြေအနေကောင်းများ ပေါ်ထွန်းလာခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ယနေ့ဆွေးနွေးပွဲတွင် ရရှိပြီးဖြစ်သည့် အခြေအနေကောင်းများကို အမိအရ အသုံးချကာ နိုင်ငံနှင့်နိုင်ငံသားများ အကျိုးရှေးရှုပြီး အပစ်အခတ်ရပ်စဲသည့် ယာယီငြိမ်းချမ်းရေးမှ ထာဝရငြိမ်းချမ်းရေးအထိ ဖော်ဆောင်နိုင်မည့် ကောင်းမွန်သော သဘောတူညီချက် များကို ချမှတ်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း၊ ဦးအုန်းမြင့်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန်လေးစားပြီး ယုံယုံကြည်ကြည်ဖြင့် နားလည်မှုတည်ဆောက် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရန်အတွက် ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ဆွေးနွေးညှိနှိုင်း အဖြေရှာကြရန်၊ နှစ်ဖက်တင်းမာမှုများကို လျှော့ချကာ အချင်းချင်းဆွေးနွေး ညှိနှိုင်းပြီး ငြိမ်းချမ်းရေးဖော်ဆောင်ကာ ပြည်သူများ၏ အကျိုးဖော်ဆောင်ကြရန်၊ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေသည့် ငြိမ်းချမ်းရေးနှင့်ဆန္ဒများကို အကောင်အထည်ဖော်ဆောင်ရွက်ကြရန်တို့နှင့်စပ်လျဉ်း၍ အသီးသီး ဆွေးနွေး ပြောကြားကြသည်။

ဆွေးနွေးပွဲတွင် စက်မက်ဖြစ်ပွားရာဒေသ စောင့်ကြည့်ရေးရုံးများ ဖွင့်လှစ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အပစ်အခတ်ရပ်စဲရေး၊ လေ့လာစောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းထားရှိရေးဆိုင်ရာ ကိစ္စရပ်များ၊ ကချင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် နေရပ်များကို စွန့်ခွာတိမ်းရှောင် နေသူများ မိမိရပ်ရွာသို့ ပြန်လည်ပို့ဆောင်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ ကြကြောင်း သိရှိရသည်။

အပစ်အခတ်ရပ်စဲသည့် ယာယီငြိမ်းချမ်းရေးမှ ထာဝရငြိမ်းချမ်းရေး ရသည်အထိ ဆက်လက် တွေ့ဆုံဆွေးနွေး ညှိနှိုင်းသွားမည်ဖြစ်ပြီး နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုများကိုလည်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၊ ဦးဝင်းထွန်း၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး၊ မြောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်စိုး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်ဝင်း၊ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူ၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ၊ Peace Talk Creation Group နှင့် Myanmar Peace Center တို့မှ ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
-----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) မှ နိုင်ငံရေး ဆွေးနွေးကိုယ်စားလှယ် အဖွဲ့တို့ တွေ့ဆုံဆွေးနွေး


နေပြည်တော် ဖေဖော်ဝါရီ ၂ဝ

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ နိုင်ငံရေး ဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့တို့သည် ယနေ့ ၉ နာရီမှ ညနေ ၅ နာရီအထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌဦးအောင်မင်း ဦးစီး (၁၁)ဦး၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ နိုင်ငံရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် နိုင်ဟံသာ၊ ဒုတိယအဖွဲ့ခေါင်းဆောင် ဒေါက်တာလဂျာအပါအဝင် အဖွဲ့ဝင် (၁၂) ဦးတို့ တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် အချက် (၅)ချက်ပါ ပူးတွဲကြေညာချက်အား နှစ်ဖက်သဘောတူ ထုတ်ပြန်ခဲ့ကြသည်။
အဆိုပါ ပူးတွဲကြေညာချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်
ပူးတွဲကြေညာချက်
၂ဝ၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ဝ ရက်။
၁။ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးခင်ရီ၊ ဦးအုန်းမြင့်၊ ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦး အပါအဝင် အဖွဲ့ဝင်(၁၁) ဦးသည် ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) မှ နိုင်ငံရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် နိုင်ဟံသာ၊ ဒုတိယအဖွဲ့ခေါင်းဆောင် ဒေါက်တာလဂျာ အပါအဝင် အဖွဲ့ဝင် (၁၂)ဦးနှင့် ပထမအကြိမ် နိုင်ငံရေးဆွေးနွေးပွဲများအတွက် ကြိုတင် ပြင်ဆင်သည့်  Framework Meeting ကို ၂ဝ၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ၂ဝ ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ၉ နာရီမှ ၁၇ နာရီအထိ ကျင်းပခဲ့ကြပါသည်။
၂။ နှစ်ဖက်ဆွေးနွေးဖက်အဖွဲ့အစည်းများသည် အောက်ပါခေါင်းစဉ်များကို ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြပါသည်-

(က)
နိုင်ငံရေးဦးတည်ချက်

( ခ )
နိုင်ငံရေးဆွေးနွေးပွဲအတွက် လိုအပ်သောမူဘောင်

( ဂ )
နိုင်ငံရေးဆွေးနွေးပွဲအတွက် လိုအပ်သောအချိန်ဇယား

(ဃ)
နိုင်ငံရေးဆွေးနွေးပွဲတွင် ချမှတ်ရမည့် အစီအစဉ်များ ကြိုတင်ညှိနှိုင်း ရေးဆွဲခြင်း

( င )
နိုင်ငံရေးဆွေးနွေးပွဲအတွက်နေရာ

( စ )
Mediator, Monitor, Observer နှင့်သက်သေများ ထားရှိနိုင်ရေး

(ဆ)
တိုင်းရင်းသားလူမျိုးများ၏ ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံရေး လုပ်ငန်းစဉ်(၆)ချက်

( ဇ )
အထွေထွေကိစ္စရပ်များ

 ၃။ အကြိုပြင်ဆင်ရေးကာလနှင့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်စဉ်တစ်လျှောက်တွင် UNFC အဖွဲ့  အစည်းများ၏ နယ်မြေများအတွင်း လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စများ၊ ပညာရေး၊ ကျန်းမာရေး နှင့်အခြေခံစိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများတွင် ပြည်တွင်းနှင့်နိုင်ငံတကာမှ ပံ့ပိုးကူညီမှုများကို ဆက်လက်ဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ကြပါသည်။
၎။ နှစ်ဖက်အလုပ်အဖွဲ့များ(Technical Team)သည် အခါအားလျော်စွာ တွေ့ဆုံညှိနှိုင်းရန် ဆွေးနွေးခဲ့ကြသည်။
၅။ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို နှစ်လအတွင်းထပ်မံကျင်းပရန် နှစ်ဖက်သဘော တူညီခဲ့ကြပါသည်။
---------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

(ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဒီမိုကရေစီမိတ်ဆွေများပါတီ (၁ဝ)ပါတီမှ ခေါင်းဆောင်များအား တွေ့ဆုံဆွေးနွေးပွဲမှ)

ကျွန်တော်တို့အစိုးရအနေနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် အဆင့်(၃)ဆင့်ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ပထမအဆင့်ဟာ ပြည်နယ်အဆင့်တွေ့ဆုံဆွေးနွေးဖို့ ဖြစ်ပါတယ်။ ပြည်နယ်အဆင့်မှာ နှစ်ဖက်ရန်လိုမှုတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲဖို့၊ နှစ်ဦးနှစ်ဖက် ညှိနှိုင်းသဘောတူထားတဲ့ နယ်မြေဒေသတွေမှာပဲ နေထိုင်ကြဖို့၊ ယင်းသတ်မှတ်နေရာမှအပ ကျန်နေရာဒေသများကို သွားရောက်လိုလျှင် လက်နက် ကိုင်ဆောင်ခြင်းမပြုဘဲ သွားလာဖို့၊ နှစ်ဖက်ညှိနှိုင်း သဘောတူထားသည့်နေရာများမှာ ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်ထားရှိဖို့၊ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲကျင်းပပြုလုပ်မယ့်နေရာ၊ အချိန်၊ နေ့ရက်တွေ ညှိနှိုင်းသတ်မှတ် နိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒီအဆင့်မှာ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှုတွေ မပါသေးပါဘူး။ ဒီအဆင့်ကို ပြီးမြောက် အောင်မြင်ဖို့ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားတဲ့ စိတ်ရင်းစေတနာပဲ လိုအပ်မှာဖြစ်ပါတယ်။ ပစ်ခတ် တိုက်ခိုက်မှုတွေ ရပ်စဲပြီး နိုင်ငံရေးဆွေးနွေးဖို့ နှစ်ဦးနှစ်ဖက်သဘောတူလိုက်တဲ့ အနေအထားပဲဖြစ်ပါတယ်။

ဒုတိယအဆင့် ကတော့ ပြည်ထောင်စုအဆင့်ပဲဖြစ်ပါတယ်။ ဒီအဆင့်မှာဆွေးနွေးရမယ့်အချက်တွေကတော့ ပြည်ထောင်စုကနေ ဘယ်တော့မှ ခွဲမထွက်ဖို့၊ ဒို့တာဝန်အရေးသုံးပါးကို လက်ခံဖို့၊ စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများမှာ နှစ်ဖက်ပူးပေါင်းဆောင်ရွက်ဖို့၊ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးများ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ဖို့၊ နိုင်ငံရေးပါတီများ ထူထောင်ပြီး နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက်ဖို့၊ လွှတ်တော်တွင်းရောက်ရှိလာလျှင် အခြားသော တိုင်းရင်းသားများနှင့် အကျေအလည် ဆွေးနွေး ညှိနှိုင်းပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ တစ်ခုတည်းသော လက်နက်ကိုင် တပ်မတော်အဖြစ် ရပ်တည်ရေးညှိနှိုင်းဆောင်ရွက်ဖို့ စတဲ့အချက်တွေပဲဖြစ်ပါတယ်။ ဒီအချက်တွေကို နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီး သဘော တူညီချက်ရရှိပြီဆိုရင် တတိယအဆင့်ကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

တတိယအဆင့်မှာတော့ နိုင်ငံတော်အစိုးရ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီနဲ့ နိုင်ငံရေး အင်အားစုတွေ၊ ပြည်သူ့ကိုယ်စားလှယ်တွေစတဲ့ နိုင်ငံတော်မှာရှိတဲ့ အဓိကကျတဲ့ Political Player တွေအားလုံး ပါဝင်တဲ့ ဤလွှတ်တော်ကြီးမှာ သဘောတူလက်မှတ်ရေးထိုးကြဖို့ ဖြစ်ပါတယ်။ ဤလွှတ်တော်ကြီးအတွင်းမှာပဲ ထာဝရ ငြိမ်းချမ်းရေးကို မဖြစ်မနေ ဆောင်ကြဉ်းမယ့် သန္ဒိဋ္ဌာန်ကို ကျွန်တော်တို့အားလုံးဝမ်းမြောက်ဝမ်းသာ စိုက်ထူကြရမှာ ဖြစ်ပါတယ်။ ဒီလိုထာဝရငြိမ်းချမ်းရေးပန်းတိုင်ကို တက်လှမ်းကြရာမှာ နိုင်ငံတော်လည်း ပန်းတိုင်ရောက်၊ တိုင်းရင်းသားတွေလည်း ပန်းတိုင်ရောက်၊ နိုင်ငံသားအားလုံးလည်း ပန်းတိုင်ရောက်စေဖို့ အပြန်အလှန် နားလည် ယုံကြည်မှု၊ တန်းတူရည်တူရှိမှု၊ ဖွံ့ဖြိုးတိုးတက်မှုဆိုတဲ့ ဒေါက်တိုင်ကြီး(၃)ရပ်နဲ့ တည်ဆောက် သွားကြရမှာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို အများဆန္ဒနဲ့သဘောတူပြင်ဆင်ပြီး မိမိတို့ရဲ့လိုလားချက်တွေ ရရှိအောင် ဆောင်ရွက် သွားကြရမှာဖြစ်ပါတယ်။

ဒီအဆင့်(၃)ဆင့်ဟာ ထာဝရငြိမ်းချမ်းရေးဖော်ဆောင်မယ့်  နိုင်ငံတော်ရဲ့ လမ်းပြမြေပုံပဲဖြစ်ပါတယ်။ ဒီလမ်းပြမြေပုံကို လက်တွေ့အကောင်အထည်ဖော်ရာမှာ အခြေခံအဆောက်အအုံတွေ၊ စီးပွားရေးအခွင့်အလမ်းတွေ၊ စက်မှုဇုန်တွေ၊ ပြန်လည်နေရာချထားမှုနဲ့ ပြန်လည်ထူထောင်တည်ဆောက်မှုတွေ၊ ပညာရေး၊ ကျန်းမာရေး စတဲ့ လူမှုအဆောက်အအုံတွေ စတဲ့ နည်းဗျူဟာများစွာ ပါဝင်နေမှာဖြစ်ပါတယ်။ ထာဝရငြိမ်းချမ်းရေး အရိပ်အာဝါသ အောက်ကို ရောက်ရှိလာတဲ့ ကျွန်တော်တို့တိုင်းရင်းသားတွေ သိက္ခာရှိရှိ ရပ်တည်နိုင်တဲ့အထိ ကျွန်တော်တို့ အစိုးရနဲ့အတူ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီတွေ၊ ပြည်သူ့ကိုယ်စားလှယ်တွေ၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေအားလုံး ပူးပေါင်းဆောင်ရွက်သွားကြဖို့ လိုအပ်ပါတယ်။ သေနတ်ကိုင်ခဲ့တဲ့ ကျွန်တော်တို့ တိုင်းရင်းသားလူငယ်တွေ လက်ပ်တော့ကိုင်ပြီး ထည်ထည်ဝါဝါရပ်တည်နေနိုင်ဖို့ ကျွန်တော်တို့အားလုံး ဝိုင်းဝန်း ကြိုးပမ်းသွားကြရမှာဖြစ်ပါတယ်။ ဒီလိုကြိုးပမ်းတဲ့နေရာမှာ ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ၊ ထောက်ပံ့ကူညီမှုတွေ ဖိတ်ခေါ်ကြိုဆိုပြီး ဘက်စုံထောင့်စုံ ဖြည့်ဆည်းနိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရရဲ့ ခံယူချက်ဖြစ်တဲ့ တန်းတူညီမျှရေးနဲ့အညီ တိုင်းရင်းသားလူမျိုးပေါင်း တစ်ရာကျော် မှီတင်းနေထိုင်ကြတဲ့ ကျွန်တော်တို့ပြည်ထောင်စုကြီးဟာ    ဒီ Diversity  ကြန်အင်လက္ခဏာတွေကို ဂုဏ်ယူဝင့်ကြွားစွာ မြှင့်တင်ပေးရမှာ ဖြစ်ပါတယ်။
-------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

 


 


 


 


 


 

 

 

 



 


 



No comments:

Post a Comment